နိဒါန်း
ကမ္ဘာတစ်ဝှမ်း၌ နိုင်ငံရေးပြဿနာများနှင့် ရှုပ်ထွေးနေချိန်တွင် BRICS (Brazil ၊ Russia ၊ India ၊ China ၊ South Africa)အရေးကိစ္စသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ BRICS ကို ပိုမိုအားကောင်းစေရေး လုပ်ဆောင်ရမည့်နည်းလမ်းများ၊ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို တိုးချဲ့နိုင်မည့်အခွင့်အရေး၊ အနောက် အုပ်စုနိုင်ငံများနှင့် ၎င်း၏မိတ်ဖက်ဆက်ဆံရေးအကြား မလိုအပ်သည့် သဘောထားကွဲလွဲမှု များကို ကာကွယ်နိုင်ခြင်းရှိ/မရှိနှင့် အိန္ဒိယနိုင်ငံသည် BRICS ပြဿနာရပ်များကို ဖြေရှင်းရန် အရေးပါမှုကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
BRICS အဖွဲ့၏ အလားအလာကို ကြည့်မည်ဆိုပါက Quad ပုံစံမျိုး ဖြစ်လာမည် မဟုတ်ဘဲ တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(South Asian Association for Regional Cooperation-SAARC) ပုံစံမျိုးဖြစ်လာရန် အလားအလာများရှိနေပါသည်။ SAARC အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများကြောင့် ၂၀၁၄ ခုနှစ်ကတည်းက လုပ်ဆောင်မှုများ ရပ်တန့် ခဲ့ရပါသည်။ ထို့အတူ BRICS အဖွဲ့အတွင်းတွင်လည်း မညီမညွတ်မှုများ ရှိနေသည်။ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြေလည်သည့်ဆက်ဆံရေးရှိနေသော်လည်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံတို့အကြားတွင် သဘောထား ကွဲလွဲမှုများရှိနေပါသည်။
ထိုသို့သောအခြေအနေတွင် BRICS သည် အဖွဲ့ဝင်အသစ်များ တိုးချဲ့ခေါ်ဆောင်ရန် လုပ်ဆောင်လျက်ရှိနေပါသည်။ အဖွဲ့အတွင်း စီးပွားရေးနှင့် အကျိုးစီးပွားများ ပိုမိုကောင်းမွန် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးသဘောတူ စာချုပ်များ တိုးချဲ့ချုပ်ဆိုနိုင်ရန်ဖြစ်နိုင်ချေရှိပါသည်။ BRICS အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ)နှင့် ချိတ်ဆက်နိုင်ရမည့် အခွင့်အရေးကောင်းများကိုလည်း လက်လွတ်မခံလိုခြင်းကြောင့် တိုးချဲ့နေရခြင်းဖြစ်ပြီး အဖွဲ့ဝင်သစ်များဖြင့် အားသစ်လောင်း၍ လုပ်ဆောင်ရန် ရည်ရွယ်နေပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို တိုးချဲ့နိုင်မည့် အခွင့်အရေးနှင့် အနောက်အုပ်စုနိုင်ငံများနှင့် ၎င်း၏မိတ်ဖက်ဆက်ဆံရေးအကြား မလိုအပ်သည့် သဘောထား ကွဲလွဲမှုများကို ကာကွယ်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး မည်မျှအနေအထားအထိ ကင်းကွာထားနိုင်သည်ကို ရှင်းလင်းသေချာစွာ စဉ်းစားဆုံးဖြတ်သင့်ကြောင်းနှင့် တရုတ်နိုင်ငံသည် BRICS ကုန်သွယ်ရေး အတွက် ဘုံငွေကြေးတစ်ရပ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းအဖွဲ့အတွင်းရုရှားနှင့် တရုတ်နိုင်ငံတို့ ပါဝင်နေခြင်းသည် အမေရိကန်နိုင်ငံအတွက် စီးပွားရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး BRICS အဖွဲ့အတွင်း အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချခြင်း(De-Dollarization)အား တရုတ်နှင့် ရုရှားနိုင်ငံတို့က ပူးပေါင်း၍ ဦးဆောင် လုပ်ဆောင်နေသည်ဟု ယူဆနိုင်ပါသည်။
BRICS အဖွဲ့အတွင်း အိန္ဒိယနိုင်ငံ၏ စိန်ခေါ်မှုမှာ အဖွဲ့ကို တိုးချဲ့၍ ၎င်း၏ မဟာဗျူဟာမြောက် လွှမ်းမိုးမှုများကို ချဲ့ထွင်ရန် ကြိုပမ်းနေသည့် တရုတ်နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ခြင်းပင်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် BRICS အဖွဲ့ကို ချဲ့ထွင်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏အဖွဲ့အတွင်း ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့မပါဝင်သည့် IBSA (India-Brazil-South Africa)ကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်း၍ ၎င်းတို့၏ မဟာဗျူဟာကို ထိန်းသိမ်းနိုင်ရန် ပြင်ဆင်လျက်ရှိပြီး ဘရာဇီးနိုင်ငံကလည်း အိန္ဒိယ နိုင်ငံ၏ သဘောထားကို လက်ခံထားပါသည်။ တစ်ဖက်တွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ရန်သူအဖြစ် မသတ်မှတ်ဘဲ အနောက်အုပ်စုနိုင်ငံများအပြင် မိမိ အကျိုးအတွက် အရေးပါသည့် မိတ်ဖက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများ တည်ဆောက်နိုင်ပါသည်။ ထို့ပြင် ပြီးခဲ့သည့် G-7 ထိပ်သီးဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဖြတ်တောက်ခြင်းမရှိသော်လည်း စီးပွားရေး လျှော့ချမှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံကပင် တရုတ်နိုင်ငံအရေး ဖြည့်တွေးစဉ်းစားနေချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံအတွက် စဉ်းစားသုံးသပ်သင့်သည်ဟု ဆိုပါသည်။
BRICS အဖွဲ့ကို ပြန်လည်အသက်သွင်းခြင်းသည် အမေရိကန်နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် BRICS အဖွဲ့အတွင်း တရုတ် နိုင်ငံကို ထိန်းကျောင်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော်လည်း BRICS အဖွဲ့ တိုးချဲ့မှုများနှင့် အနောက်အုပ်စုဆန့်ကျင်သည့်အဖွဲ့ဖြစ်စေရန် လုပ်ဆောင်ခြင်းသည်လည်း အိန္ဒိယနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနေပါသည်။ သို့သော်လည်း BRICS အဖွဲ့ဝင်တိုးချဲ့ခြင်းကို အကြောင်း ပြု၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ပဋိပက္ခဖြစ်ပွားစေမည်ဆိုပါက အဓိပ္ပာယ် ရှိသည့် လုပ်ရပ်တစ်ခုမဟုတ်ပါ။ တစ်ဖက်တွင်လည်း BRICS အဖွဲ့အနေဖြင့် တရုတ်-ရုရှား သဘော တူညီမှုချမှတ်သည့် အဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေပါသည်။ တောင်အာဖရိက၊ ဘရာဇီးနိုင်ငံ တို့နှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အိန္ဒိယနိုင်ငံသည် BRICS ၏ အနာဂတ် အတွက် အလားအလာကောင်းမွန်လျက်ရှိနေပြီး လက်ရှိတွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများကို ဦးဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် BRICS အဖွဲ့အတွင်း အိန္ဒိယနိုင်ငံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အတွင်း အရေးပါသည့် ကိစ္စရပ်များကို သုံးသပ်ရေးသားဖော်ပြထားရှိပါသည်။ BRICS အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့ ဦးဆောင် ပါဝင်လျက်ရှိပါသည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားရှိပြီး တောင်အာဖရိကနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။ လာမည့်ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်ဒေါ်လာ၊ ယူရိုသုံးစွဲမှုများကို လျှော့ချ၍ ကိုယ်ပိုင်ငွေကြေးတည်ထောင်ခြင်းများ လုပ်ဆောင်ရန် ဆွေးနွေးလာနိုင်ပါသည်။ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး အင်အားအသင့်အတင့်ကောင်းမွန်၍ ဖွံ့ဖြိုးတိုးတက်မှုလျင်မြန်သော နိုင်ငံများဖြစ်သည့် အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ ဘာရိန်း၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ ဆော်ဒီအာရေဗျ နိုင်ငံတို့အား BRICS အဖွဲ့တွင် ပါဝင်နိုင်ရေးအတွက်လည်း အစည်းအဝေးအတွင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုသိရသည်။ အဖွဲ့ဝင်များအတွင်း မည်သို့ပင် သဘောကွဲလွဲ စေကာမူ Balance of Power သဘောတရားအရ အနောက်အုပ်စုအားထိန်းညှိသည့် အဖွဲ့တစ်ခုအနေဖြင့် ရှိနေမည်ဖြစ်ပြီး အင်အားကောင်းသောအဖွဲ့ဝင်များ တိုးချဲ့ပါဝင်လာခဲ့ပါက BRICS အဖွဲ့သည် World Order အပြောင်းအလဲတွင် အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
Myanmar Aspect
40061323