မလိုအပ်တာကိုလျော့ လိုအပ်တာကိုဖြည့်
ရေရှည်အတွက်ရည်ရွယ်ပြီး လူတော်များဖြင့်ဖွဲ့စည်းထားသည့် Open-source Agency တစ်ခု တည်ဆောက်ရန်မှာ အမေရိကန်ထောက်လှမ်းရေကဏ္ဍကို တိုးတက်စေရန် အလွန်အရေးပါနေပါသည်။ ဒါတစ်ခုနဲ့ လုံလောက်ပြီလားဟုမေးလျှင် မလုံလောက်သေးပါ။ လျှို့ဝှက်ချက်မဟုတ်သည့် သတင်းအချက်အလက်များများ စုဆောင်းမည်ဖြစ်ခြင်းကြောင့် ထိုအဖွဲ့ကြီးအနေဖြင့် အခြားအဖွဲ့များထက် အချက်အလက်တွေ အများကြီး ကိုင်တွယ်ရပါလိမ့်မည်။ ၂၀၁၇ ခုနှစ်က National Geospatial Intelligence Agency ၏ ဒါရိုက်တာကက နောင်လာမည် နှစ် ၂၀ ကျော် အတွင်း အမေရိကန် အခကြေးငွေဖြင့် အသုံးပြုနိုင်သည့် ဂြိုဟ်တုများမှ ဖမ်းယူရရှိသည့် အချက်အလက်များကို လူအင်အားဖြင့် စိစစ်ရန် ဓာတ်ပုံဆန်းစစ်ပညာရှင်ပေါင်း ၈ မီလီယံလောက် လိုမည်ဟု ပြောကြားခဲ့ဖူးသည်။ ယခုတွင်ပင် အာရုံခံကိရိယာတစ်ခုပါသည့် ဓာတ်ခွဲခန်းတစ်ခုတွင် ဘောလုံးပွဲ ၃ ရာသီစာလောက်ရှိသည့် သတင်းအချက်အလက်များကို နေ့စဉ်နေ့တိုင်း မနိုင်မနင်း စိစစ်နေရသည်ဟု ဆိုပါသည်။
ထိုလုပ်ငန်းများအောင်မြင်ရန်အတွက် အမေရိကန်၏ National Security Commission on Artificial Intelligence နှင့် Special Competitive Studies Project တို့က ထောက်လှမ်းရေကဏ္ဍတွင် အသိဉာဏ်တုပေါင်းစပ်ထားသည့် နည်းပညာမြင့်ပစ္စည်းများ တပ်ဆင်ရမည်ဟု အဆိုပြုခဲ့ပါသည်။ ထို့မှသာ မြောက်မြားစွာသော သတင်းအချက်အလက်များကို စိစစ်နိုင်မည်ဖြစ်သည်။ Director of National Intelligence ရုံးအပါအဝင် မြောက်မြားစွာသော ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ထိုသို့ဆောင်ရွက်ရန် မဟာဗျူဟာနှင့် အစီအမံများရှိသော်လည်း ဝါရှင်တန်အစိုးရ၏ အားစိုက်ထုတ်မှုက လုံလောက်မှုမရှိသေးပါ။ ထောက်လှမ်းရေးအဖွဲ့များ၏ အစီအမံများ အထမမြောက်သေးသကဲ့သို့ အချင်းချင်းသည်လည်း သတင်းအချက်အလက် မျှဝေမှု မလုပ်နိုင်သေးဘဲ သင့်လျော်သည့် တွက်ချက်ရေးကွန်ပျူတာများ ရရှိရန် ကန့်သတ်ချက်များရှိနေပါသည်။ လက်တွေ့ဆောင်ရွက်နေသူများအနေဖြင့်လည်း နည်းပညာမြင့်ကိရိယာများပြောင်းလဲအသုံးပြုလျှင် ဖြစ်ပေါ်လာနိုင်သည့် အမှားများကို ကြောက်ရွံ့ပြီး ပြောင်းလဲရန် တုံ့ဆိုင်းနေကြပါသေးသည်။
ဘိုင်ဒန်အစိုးရအနေဖြင့် အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းကို အထက်ပါ တုံ့ဆိုင်းနေမှုများမှ ကျော်လွှားနိုင်ရန် ကူညီပေးခဲ့ပါသည်။ သို့သော်လည်း ထိရောက်ရန်အတွက် အိမ်ဖြူတော်နှင့် လွှတ်တော်မှ ထောက်လှမ်းရေးကဏ္ဍနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် ထောက်လှမ်းရေးကဏ္ဍပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်ရန်လိုအပ်ပါသည်။ မူဝါဒချမှတ်သူများ၏ ခိုင်မာသည့်လိုလားချက်မရှိလျင် အမေရိကန်ထောက်လှမ်းရေးကဏ္ဍအနေဖြင့် အမေရိကန်-တရုတ်အားပြိုင်နေမှုအား မည်သို့ကိုင်တွယ်ရမည်ကို ပြင်ဆင်နေရမည့်အစား ယနေ့ရှိဆဲ လုပ်ငန်းဆောင်တာများအပေါ်တွင်သာ အာရုံစိုက်နေရပေမည်။ ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်များအနေဖြင့် ၎င်း၏ လက်ရှိ ထောက်လှမ်းရေးဝန်ထမ်းများအား နည်းပညာအသစ်များကို အသုံးပြုနိုင်ရန် သင်ကြားလေ့ကျင့်ပေးရပါမည်။ သို့မှသာ ၎င်းတို့တစ်ဆင့်မြင့်တာဝန်များထမ်းဆောင်သည့်အခါ AI အသုံးပြုနည်းပညာများဖြင့် သဟဇာတဖြစ်နေပါလိမ့်မည်။
ဒီအပြောင်းအလဲကို ဖော်ဆောင်နိုင်ရန်နှင့် အခက်အခဲကိုဖြတ်ကျော်နိုင်ရန်အတွက် ထောက်လှမ်းရေးအသိုက်အဝန်းအနေဖြင့်လည်း AI နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချနိုင်သည့် တပ်ဖွဲ့များ ဖွဲ့စည်းထားသင့်ပါသည်။ ၎င်းအစီအစဉ်က ထောက်လှမ်းရေးအသိုက်အဝန်းတစ်ခုလုံးကို မျှဝေသုံးစွဲနိုင်သည့် ဒစ်ဂျစ်တယ်အဆောက်အအုံတစ်ခု တည်ထောင်ရန် ရည်မှန်းချက်ထားသင့်သည်။ သို့မှသာ ထောက်လှမ်းရေးအဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ပြီး အဆုံးအဖြတ်ပေးသူများထံသို့ မှန်ကန်သောသတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပေးပို့နိုင်မည်ဖြစ်သည်။ လိုအပ်လျင် မိတ်ဘက်နိုင်ငံများသို့ သတင်းအချက်အလက် မျှဝေနိုင်အောင်လည်း စီစဉ်ထားရမည်။ တကယ်တော့ အမေရိကန်အနေဖြင့် ၎င်း၏မိတ်ဘက်နိုင်ငံများနှင့် ပေါင်းစပ်၍ ဒစ်ဂျစ်တယ်နည်းပညာမြင့် ပစ္စည်းများတိုးတက်ရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ ကမ္ဘာ့လုံးဆိုင်ရာ အမေရိကန်-တရုတ် အားပြိုင်မှုတွင် အနိုင်ရလိုပါက ပေါင်းစပ်ဆောင်ရွက်ရပါလိမ့်မည်။
လူသားပညာရှင်များ၏ အရေးပါမှု
မည်သို့ပင် အကောင်းဆုံး သတင်းအချက်အလက်များနှင့် နည်းပညာများကို ရရှိနိုင်သည်ထားဦး၊ မဟာဗျူဟာဦးနှောက်များနှင့် တရုတ်အရေးအထူးပြုလေ့လာသည့် ကျောင်းသားများမရှိလျင် ထောက်လှမ်းရေးအဝန်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ဆန်းစစ်သုံးသပ်ရန် မဖြစ်နိုင်ပါ။ ယခု အမေရိကန်တွင် လုံလောက်သော ပညာရှင်များမရှိသေးပါ။ ၂၀၁၃ ခုနှစ်မှစ၍ အမေရိကန်တွင် တရုတ်နိုင်ငံနှင့် ဘာသာစကားကို အထူးပြုလေ့လာသည့် အမေရိကန်နိုင်ငံသားများ ကျဆင်းသွားခဲ့သလို တရုတ်တွင်နေထိုင်သည့် အမေရိကန်ဦးရေမှာလည်း ကျဆင်းခဲ့ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အပြီးကစ၍ ဘေကျင်း၏ နိုင်ငံခြားသားများအပေါ် ပိုမိုရန်လိုလာမှုနှင့် တရုတ်တွင် အမေရိကန်များအတွက် အလုပ်အကိုင်နှင့် လည်ပတ်ရန်အခွင့်အလမ်းများ နည်းပါးသွားခြင်းကြောင့်ဖြစ်ပါသည်။
ထို အသိပညာရှားပါးမှု ပဋိပက္ခ “Knowledge Crisis” ကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း ရေတပ်ထောက်လှမ်းရေးအကြီးအကဲ Mike Studeman က ထောက်ပြခဲ့သည်။ ဟောင်ကောင်တွင် အမေရိကန်၏ University Services Centre ရှိပြီး ထိုမှတစ်ဆင့် အမေရိကန် ဘွဲ့ရကျောင်းသားများ၊ ပါမောက္ခများနှင့် အစိုးရဝန်ထန်းများ၊ ဂျာနယ်လစ်များအနေဖြင့် တရုတ်နိုင်ငံမှ အဆင့်တူများနှင့် ထိတွေ့ဆက်ဆံနိုင်ပါသည်။ ယခုအခါ တရုတ်တွင် အမေရိကန်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှားပါးမှုအပြင် ရေရှည်ရပ်တည်နိုင်သည့် အရပ်ဘက်အဖွဲ့အစည်းများပင်မရှိတော့ပါ။ သို့သော်လည်း အမေရိကန်ထောက်လှမ်းရေး အဝန်းအဝိုင်းအနေဖြင့် ၎င်း၏ပညာရှင်ဆုံးရှုံးမှုကို အစားထိုးရန် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေထိုင်ခဲ့သည့် ကျွမ်းကျင်သူပညာရှင်များကို ငှားရမ်းနိုင်ပါသည်။ အမေရိကန်အနေဖြင့် ထိုသို့ဆောင်ရွက်ရန် တွန့်ဆုတ်နေသောကြောင့် CIA ရှာဖွေနေသည့် ပညာရှင်များကို တရုတ်မှ လက်ဦးသွားခဲ့ပါသည်။ ထိုကဲ့သို့ ပညာရှိပြီး အတွေ့အကြုံရင့်ကျက်သည့် လက်တစ်ဆုပ်စာ ပညာရှင်များကို ရရှိရန်ဆောင်ရွက်ခြင်းက ဤမျှအရေးပါနေလျှင် ခေါင်းဆောင်များက အသေအချာစိစစ်ရွေးချယ်သည့် လုပ်ငန်းများကို မြှင့်တင်ရပါလိမ့်ဦးမည်။
ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းကျွမ်းကျင်သူများမွေးထုတ်ရန်အတွက် ပစ်မှတ်နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အသိုင်းအဝန်းအကြောင်း ကျွမ်းကျင်ပြီး ဘာသာစကားလည်းကျွမ်းကျင်သည့် စစ်ဘက်အရာရှိများကို လေ့ကျင့်ပျိုးထောင်သည့် Foreign Area Officer အစီအစဉ်ကိုလည်း စတင်သင့်ပါသည်။ ထိုအစီအစဉ်က ထောက်လှမ်းရေးအဖွဲ့အစည်းတွင် လုပ်ကိုင်လိုသူများအားအနေဖြင့် လွယ်ကူစွာဝင်ရောက်ရန်နှင့် ထိုမှတစ်ဆင့် တရုတ်ဘာသာစကားသင်ယူနိုင်ရန် တရုတ်/ထိုင်ဝမ် သံတမန်တာဝန်များကို ထမ်းဆောင်စေနိုင်ပါသည်။ ထိုမှတစ်ဆင့် တရုတ်ရေးရာကျွမ်းကျင်သူများဖြစ်လာအောင် လေ့ကျင့်မွေးထုတ်နိုင်မည်ဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းတွင် တရုတ်ရေးရာကျွမ်းကျင်သူများ ပေါင်းစပ်လိုက်ခြင်းအားဖြင့် အမေရိကန်အစိုးရ၏ CCP ရည်ရွယ်ချက်များကို နားလည်နိုင်သည့်စွမ်းရည်မြှင့်တင်ရန်၊ ထောက်လှမ်းရေးသတင်းအချက်အလက် စုဆောင်းရာတွင် ပိုမိုလွယ်ကူကောင်းမွန်ရန်နှင့် ထိရောက်သည့် မူဝါဒများချမှတ် ဆောင်ရွက်နိုင်မှုများတွင် ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အမေရိကန်အနေဖြင့် တရုတ်၏အန္တိမရည်မှန်းချက်များကို ကာလအတော်ကြာအောင် လျော့တွက်ခဲ့ကြပါသည်။ တရုတ်အနေဖြင့် ၎င်း၏ ဒေသတွင်းအကျိုးစီးပွားကို ချဲ့ထွင်ခြင်းထက်ပိုသည့် ကမ္ဘာအဆင့်သို့ တက်လှမ်းရန် ရည်ရွယ်ချက်ရှိနေသည်ကို ပင်တဂွန်မှ ၂၀၁၉ ခုနှစ်ရောက်မှ စတင်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း National Intelligence University မှ CCP ၏ ထုတ်ပြန်ချက်များကို နက်နက်ရှိုင်းရှိုင်း လေ့လာနေသည့် Daniel Tobin ကဲ့သို့သော ပညာရှင်များက ထိုအချက်ကို ထောက်ပြနေသည်မှာ ကြာပြီဖြစ်ပါသည်။
ထိုကဲ့သို့သောပညာရှင်များရှိခြင်းက အမေရိကန်နှင့် မိတ်ဘက်နိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် တရုတ်၏ခြေလှမ်းများကို မှန်းဆတွက်ချက်ရန် ဆောင်ရွက်ပေးနိုင်ပါသည်။ နိုင်ငံတကာရှိ တရုတ်ဩဇာချဲ့ထွင်ရေး ကွန်ရက်များကိုလည်း ထုတ်ဖော်ပေးနိုင်သည်။ တရုတ်စပိုင်လေဘောလုံးများနောက်ကွယ်က ကိစ္စရပ်များကို ဖော်ထုတ်ထောက်လှမ်းခြင်းကတော့ ထိုကိစ္စနှင့်ပတ်သက်သည့် အထူးကျွမ်းကျင်သူများလိုပါလိမ့်မည်။ ခေတ်မီနည်းပညာအကူအညီများရှိနေသည့် ကျွမ်းကျင်ပညာရှင်များသည် အမေရိကန်ထောက်လှမ်းရေး၏ အထူးကိစ္စရပ်များကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်သည်။ ဥပမာအားဖြင့် တရုတ်၏ Uyghur Forced Labor Prevention Act က ကုန်ပစ္စည်းများတင်သွင်းခြင်းကို အားပေးသည့် ကိစ္စရပ်များကို တားမြစ်ပိတ်ပင်ထားသည်။ သို့သော်လည်း ထိုကိစ္စရပ်များတွင် ပါဝင်နေသည့် တရုတ်ကုမ္ပဏီများကို တရုတ်ရေးရာကျွမ်းကျင်သူများ၊ ဒေသဆိုင်ရာအသုံးအနှုန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီများ၏အချက်အလက်များကို သိရှိသူများက ဖော်ထုတ်ပေးနိုင်ပေသည်။
ဒါတင်လုံလောက်ပြီလား
အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝန်း၏ တရုတ်နှင့်ပတ်သက်သည့် စိန်ခေါ်မှုများမှာ အလွန်ကြီးမားပါသည်။ သို့ပေမယ့် ရှေ့တွင် အတုယူစရာ အတွေ့အကြုံများရှိနေပါသည်။ စစ်အေးကာလအတွင်းက အမေရိကန်အနေဖြင့် အလွန်လျှို့ဝှက်သည့်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသော ကြီးမားသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဆိုဗီယက်နှင့် ယနေ့ တရုတ်နိုင်ငံအကြားတွင် ကွာခြားမှုပေါင်းများစွာရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယနေ့ ဝါရှင်တန်ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုမှာ ကမ္ဘာ့အနှံ့မှ ထောက်လှမ်းရေးသတင်းအချက်အလက်များရယူနိုင်ရန် ကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုလိုအပ်နေခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ် နှစ်ဖက်စလုံးကလည်း သူတို့၏ ထောက်လှမ်းရေးများဖြန့်ကျက်နိုင်ရန်နှင့် အားနည်းချက်များကို ကုစားရန် ပြင်းထန်စွာကြိုးစားနေကြပါသည်။
၂၀ ရာစုထဲတွင် အမေရိကန်အနေဖြင့် သူ၏ပြိုင်ဘက်ကို နားလည် ခန့်မှန်းနိုင်ပါသည်။ ဆိုဗီယက်၏ သတင်းအချက်အလက်များရရှိနိုင်ရန် ဂြိုလ်တုနည်းပညာကို အသုံးချနိုင်ခဲ့သည်။ ယနေ့တွင် မြောက်မြားစွာသော Open-source Data များကို ကိုင်တွယ်နိုင်ရန် AI ကို အသုံးချနိုင်သည်။ ၂၀ ရာစုက အမေရိကန်အနေဖြင့် ဆိုဗီယက်၏ သံကွန်ချာနောက်ကွယ်မှ၊ ပတ်ဝန်းကျင်နေရာများမှ ၎င်း၏ ထောက်လှမ်းရေး ကျွမ်းကျင်ပညာရှင်များကို တရားဝင်နည်းလမ်းများဖြင့် နေရာချထားခြင်း၊ စုဆောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုလည်း တရုတ်နှင့် ရင်ဆိုင်ရာတွင် ထိုနည်းလမ်းကို ပြန်လည်ကျင့်သုံးရန် လိုအပ်ပါသည်။
ဒီအကြံပြုချက်များအားလုံးဆောင်ရွက်နိုင်မည်ဆိုလျှင် ဝါရှင်တန်အနေဖြင့် တရုတ်ကို ကိုင်တွယ်ရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှန်တကယ်တော့ ဒီလိုစမ်းသစ်မှုများ၏ အကျိုးရလာဒ်က အထင်အရှားရှိနေပါသည်။ Open-source Researchers များအနေဖြင့် CCP ၏လျှို့ဝှက်စစ်ဆင်ရေများနှင့် ပြင်ပတွင်ခြေရှုပ်မှုများစသည့် တရုတ်၏ အရေးကြီး သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ အမြင်များကို ထုတ်ဖော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ သူတို့က အမေရိကန်အတွက် တရုတ်၏ဆောင်ရွက်နေမှုကို နားလည်ရန်နှင့် ထိုင်ဝမ်ကျွန်းအနီးရှိ တရုတ်၏စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရယူပေးခဲ့ပြီးဖြစ်သည်။ အကယ်၍ အမေရိကန်ထောက်လှမ်းရေး ကွန်ရက်အနေဖြင့် Open-source Information များကို ပိုမိုစုဆောင်းနိုင်ပြီး နည်းပညာမြင့် AI အထောက်အကူကိုသာရရှိမည်ဆိုပါက ၎င်းကျွမ်းကျင်သူများအနေဖြင့် ယခုထက်ပို၍ သင်ယူခြင်း၊ မျှဝေခြင်းများကို ဆောင်ရွက်နိုင်လာပါလိမ့်မည်။ အကယ်၍ တရုတ်ရေးရာကျွမ်းကျင်ပညာရှင်များကို စုဆောင်းနိုင်ပြီး ဘေကျင်း၏ လှုပ်ရှားမှုများကိုမည်ဆိုပါက တရုတ်ဘက်မှ ပညာရှင်များ၏ လှုပ်ရှားမှုနှင့် အရင်းအမြစ်များကိုလည်း အာရုံစိုက်ကြည့်နိုင်မည်ဖြစ်ပါသည်။ ဘေကျင်း၏ အဆုံးအဖြတ်ချမှတ်သည့် ထိပ်ပိုင်းအလွှာမှာ ပွင့်လင်းမြင်သာမှုမရှိသော်လည်း အမေရိကန်အနေဖြင့် အထက်ပါနည်းလမ်းများကို အသုံးပြု၍ တရုတ်၏အပြုအမူများကို နားလည်နိုင်ရန်ဆောင်ရွက်နိုင်ပါလိမ့်မည်။
(ရေးသားသူ Peter Mattis သည် Special Competitive Studies Project တွင် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဖြစ်သည်)
Myanmar Aspect
12050523
12050523