နိဒါန်း
ထိုင်းနိုင်ငံတွင်
မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ စစ်ဘက်က
ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးပါတီများကိုကျော်လွန်ပြီး အတိုက်အခံ
နိုင်ငံရေးပါတီများအနိုင်ရခဲ့ပါသည်။ လက်ရှိအချိန်သည်
အတိုက်အခံပါတီများအနေဖြင့် ရွေးကောက်ပွဲရလဒ်များဖြင့်
အစိုးရအသစ်ဖွဲ့နိုင်ခြင်း ရှိ/မရှိဆိုသည့် ကိစ္စရပ်ဖြစ်ပြီး
တွေ့ရှိချက်များကို သုံးသပ်ဖော်ပြပေးသွားပါမည်။
ဖော်ပြချက်
ရွေးကောက်ပွဲကျင်းပသည့်နေ့နံနက်ပိုင်းတွင်
ဆန္ဒမဲအရေအတွက် တွက်ချက်မှုများအရ အတိုက်အခံ Move Forward Party (MFP)သည်
Pheu Thai Party (PTP)ထက် မဲအရေအတွက် အနည်းငယ်သာလွန်နေခဲ့ပါသည်။
ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ MFP သည် မဲဆန္ဒနယ် ၄၀၀
တွင် လူထုဆန္ဒမဲ ၂၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး
အချိုးကျခွဲဝေပေးသည့်အမတ်နေရာ ၁၀၀ တွင်လည်း ၃၆ ရာခိုင်နှုန်းကျော်ကို
သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra
နှင့် ဆက်နွှယ် နေသည့် PTP သည် လူထုဆန္ဒမဲ ၂၃ ရာခိုင်နှုန်းရရှိခဲ့ပြီး
အချိုးကျခွဲဝေပေးသည့် အမတ်နေရာအတွက် မဲအရေအတွက် ၂၇ ရာခိုင်နှုန်းကို
ရရှိခဲ့ပါသည်။ Reuters သတင်း ဌာန၏ တွက်ချက်မှုများအရ MFP သည်
အောက်လွှတ်တော်အမတ်နေရာ ၁၅၁ နေရာနှင့် PTP သည် ၁၄၁ နေရာကို
သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
MFP
သည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းနှင့် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ဘုရင်
စနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရန်
ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် လူငယ်များနှင့် ဆက်နွှယ်နေပါသည်။ MFP က
ထိုင်းနိုင်ငံတွင် လက်ဝါးကြီးအုပ် အုပ်ချုပ်နေမှု၊ နိုင်ငံရေးတွင်
ထိုင်းစစ်တပ်၏ ဝင်ရောက်စွက်ဖက်မှု အားနည်းချက်နှင့်
အငြင်းပွားမှုအများဆုံးဖြစ်ပွားလျက်ရှိသည့် ဘုရင်စနစ်နှင့်
ထိုင်းတော်ဝင်မိသားစုကို ဝေဖန်မှုပြုလုပ်လျှင် ပြစ်ဒဏ်ချမှတ်သည့်
ဥပဒေ(Lese-Majeste Law)ကို ပြင်ဆင် သွားရန် ကတိပြုခဲ့ပါသည်။ MFP ၏
မူဝါဒများကို ထိုင်းလူငယ်များက အခိုင်အမာ ထောက်ခံအားပေးမှုများရှိခဲ့ပြီး
အကျိုးကျေးဇူးအနေဖြင့် ယခုနှစ်တွင် မဲဆန္ဒရှင် ၃.၃ သန်း ပထမအကြိမ်
မဲထည့်ဝင်ခြင်းကို ရရှိခဲ့ခြင်းဖြစ်ပါသည်။အောက်လွှတ်တော်အမတ်နေရာ ၃၁၀ ခန့်
ရရှိရန် ရည်ရွယ်ထားသည့် PTP အတွက် အဆိုပါရလဒ်သည် စိတ်ပျက်ဖွယ် ဖြစ်သော်လည်း
PTP ခေါင်းဆောင်က အစိုးရအသစ်ဖွဲ့စည်းနိုင်ရန်အတွက် ၎င်းတို့ အနေဖြင့် MFP
ဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တရားဝင်
ရလဒ်များကို စောင့်နေခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ဆက်လက်၍
၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲရလဒ်များသည် နိုင်ငံရေး
အခန်းကဏ္ဍမှ ထိုင်းစစ်တပ်ကိုဖယ်ထုတ်ရန် လှုံ့ဆော်နေသော်လည်း
ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီအနေဖြင့်
အစိုးရအသစ်ဖွဲ့စည်းနိုင်ခြင်း ရှိ/ မရှိကို
အခိုင်အမာပြောကြားနိုင်ခြင်းမရှိသေးပါ။ထိုင်းစစ်ဘက်က ရေးဆွဲခဲ့သည့် ၂၀၁၇
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းမခံရသည့်
အထက်လွှတ်တော်အဖွဲ့ဝင် ၂၅၀ က ဝန်ကြီးချုပ်အသစ် ရွေးချယ်နိုင်ရန်အတွက်
အောက်လွှတ်တော်အဖွဲ့ဝင် ၅၀၀ နှင့် ပူးပေါင်းရမည်ဖြစ်ပါသည်။
အထက်လွှတ်တော်အနေဖြင့် စစ်ဘက်နှင့် ပလဲပနံသင့် ဆက်ဆံရေးရှိနေသည့်
နိုင်ငံရေးပါတီများကို ရွေးချယ်ရန် လုပ်ဆောင်နေပြီး
မည်သည့်နိုင်ငံရေးပါတီနှင့် ညွန့်ပေါင်းအဖွဲ့မဆို ၎င်းတို့နှစ်သက်သည့်
ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်ရန်အတွက် အောက်လွှတ်တော်တွင် အမတ် နေရာ
၃၇၆ နေရာကို သိမ်းပိုက်ထားနိုင်ရန် လိုအပ်ပါသည်။
MFP
နှင့် PTP တို့အနေဖြင့် အနိမ့်ဆုံးအမတ်နေရာ ၃၇၆ နေရာကိုတစ်ပြိုင်နက်တည်း
သိမ်းပိုက်နိုင်ခြင်းမရှိသောကြောင့် ပါတီနှစ်ခု၏ လုပ်ဆောင်ချက် များသည်
စိတ်ဝင်စားဖွယ်ကောင်းသည့် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှု ကာလအပိုင်းအခြား
ဖြစ်လာနိုင်ပါသည်။ ပါတီနှစ်ခုအနေဖြင့် အစိုးရအသစ်ဖွဲ့စည်းနိုင်ရန်အတွက်
အခြားသော ပါတီများမှ ထောက်ခံမှုရရှိရန် စည်းရုံးမှုများ
ပြုလုပ်လာနိုင်ဖွယ်ရှိ/ မရှိကိုလည်း မေးခွန်း ထုတ်ထားနေကြပါသည်။
အချုပ်အားဖြင့်
ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များ
ထွက်ပေါ်မလာခင်အချိန်အထိ ရလဒ်များပြောင်းလဲနိုင်ဖွယ်ရှိနေပါသည်။ ယခင်က
Future Forward ပါတီကို သာမန်နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တချို့ဖြင့်
တရားရုံးမှ စီရင်ချက်ချမှတ်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင်
ဖျက်သိမ်း ခဲ့ရဖူးပါသည်။ ထို့ကြောင့် MFP ပါတီအနေဖြင့်လည်း
အဆိုပါနည်းလမ်းအတိုင်း ရင်ဆိုင်ရနိုင်ဖွယ်ရှပြီး ပြီးခဲ့သည့်
သီတင်းပတ်အတွင်းက MFP ပါတီခေါင်းဆောင်၏ ပိုင်ဆိုင်မှုစာရင်းကြေညာခြင်းတွင်
စတော့ရှယ်ယာများ မပါဝင်ခဲ့ခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သို့
တိုင်ကြားမှုများရှိခဲ့ပါသည်။ ထိုကဲ့သို့ နိုင်ငံရေးတည်ဆောက်မှု များကို
ခြိမ်းခြောက်နေခြင်းက နောက်ထပ်စစ်အာဏာသိမ်းမှုကို ဖြစ်ပွားစေနိုင်ပါသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောက်ဆုံးရလဒ်များကို ထုတ်ပြန်ရန်နှင့်
ဝန်ကြီးချုပ် အသစ် ရွေးကောက်တင်မြှောက်ရန် ရက်သတ္တပတ်များစွာ
စောင့်ဆိုင်းရဦးမည် ဖြစ်ပြီး ထိုင်းနိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်များက
နောက်ထပ်နိုင်ငံရေး အကျပ်အတည်းများကို ရင်ဆိုင်ရစေနိုင်ကြောင်း
ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
လက်ရှိအချိန်တွင်
MFP ၏ ကတိကဝတ်များနှင့် စည်းရုံးရေးလုပ်ဆောင်ချက် များကြောင့် ၎င်းပါတီကို
လူငယ်အများစုက အားပေးထောက်ခံခဲ့ကြပြီး ဆန္ဒမဲ အရေအတွက်
အသာစီးရရှိခဲ့သဖြင့် ရွေးကောက်ပွဲတွင် လူငယ်များ၏ ကဏ္ဍသည် အရေးပါခဲ့သည်ကို
တွေ့ရှိရပါသည်။ တရားဝင်ထုတ်ပြန်ချက်များမတိုင်မီ နိုင်ငံရေး
ပါတီများနှင့်ပတ်သက်၍ တရားဥပဒေလမ်းကြောင်းမှဆုံးဖြတ်မှုများ
ပြုလုပ်လာနိုင်ပြီး အနိုင်/အရှုံးရလဒ်များ ပြောင်းလဲလာနိုင်ခြေရှိပါသည်။
ထိုသို့ဖြစ်ပွားလာပါကလည်း ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးနှင့်ပတ်သက်သည့်
အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ် လာနိုင်ပြီး ထိုင်းနိုင်ငံပြည်တွင်းရေးတွင်
သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ် လာနိုင်သည်ဟု ယူဆရပါသည်။
ရွေးကောက်ပွဲတွင်
ထောက်ခံမဲအများဆုံးရရှိခဲ့သော MFP ပါတီခေါင်းဆောင် ပီတာလင်ဂျန်ရိုအန်ရတ်က
မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်ပြီး အာဆီယံမူ ၅ ချက်နှင့်အညီ
ဆောင်ရွက်သွားရန် တိုက်တွန်းမည်ဖြစ်ကြောင်းနှင့် Burma Act ခေါ်
အမေရိကန်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ(National
Defense Authorization Act – NDAA)ကို ထောက်ခံကာ နိုင်ငံတကာနှင့်ပူးပေါင်း၍
မြန်မာနိုင်ငံအား သင့်လျော်သည့် ဖိအားနှင့်မက်လုံးပေးကာ
ဆောင်ရွက်သွားမည့်အကြောင်း ရွေးကောက်ပွဲ အနိုင်ရပြီးနောက်
ပထမဆုံးနိုင်ငံခြားရေးမူဝါဒအဖြစ် ထုတ်ဖော်ပြောကြားထားပါသည်။ ထို့ကြောင့်
ထိုင်းနိုင်ငံ၏ အစိုးရအပြောင်းအလဲနှင့် ဝန်ကြီးချုပ်အသစ်၏သဘောထားများမှာ
မြန်မာ့နိုင်ငံရေးကို အနည်းနှင့်အများ သက်ရောက်မှုရှိလာမည်ဖြစ်ပါသည်။
သို့ရာတွင် ဒုတိယမဲအရေအတွက် အများဆုံးရရှိသော Pheu Thai Party (PTP) မှ
Move Forward Party (MFP)နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟုလည်း
သတင်းများထွက်ပေါ်နေပြီး ထိုင်အစိုးရသစ်၏ အစိုးရသစ်နှင့်
ဝန်ကြီးချုပ်အသစ်ထွက်ပေါ်လာမည့် အခြေအနေကို
ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
Myanmar Aspect
23052223