နိဒါန်း
အမေရိကန်-အင်ဒိုနီးရှားနိုင်ငံတို့၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများတိုးတက်လာခြင်း၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသော စစ်ရေးလေ့ကျင့်ခန်းများ၊ ထိုပူးပေါင်းဆောင်ရွက်မှုအပေါ် အင်ဒိုနီးရှားနိုင်ငံ၏ ရပ်တည်ချက်အမှန်အား သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂။ အင်ဒိုနီးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီတစ်ခုသည် တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ သီးသန့်စီးပွားရေးဇုန်အတွင်း ရေနံတူးဖော်မှု ပြုလုပ်နေစဉ် တရုတ်ရေတပ်ဖွဲ့များမှ နယ်မြေစိုးမိုးမှုများပြုလုပ်လာပါက အင်ဒိုနီးရှားအစိုးရအနေဖြင့် မည်ကဲ့သို့တုံ့ပြန်မည်ဟူသောအချက်သည် မကြာသေးမီနှစ်များက အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံတို့မှ ပညာရှင်များ စားပွဲတင်လေ့ကျင့်ခန်းများတွင် ဆွေးနွေးခဲ့သည်ဟု ဂျကာတာမြို့ရှိ အမျိုးသားသုတေသနနှင့် ဆန်းသစ်တီထွင်မှု အေဂျင်စီမှ သုတေသနပါမောက္ခ Dewi Fortuna Anwar က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံထံမှ နည်းပညာ အကူအညီများ လိုအပ်သော်လည်း အမေရိကန်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို လိုလားခြင်း မရှိဟုဆိုပါသည်။ သို့သော်လည်း အမေရိကန်-အင်ဒိုနီးရှားနိုင်ငံတို့ လုံခြုံရေး ဆိုင်ရာ ဆက်ဆံမှုသည် ပိုမိုအားကောင်းလာပြီး အထူးသဖြင့် ၂၀၀၇ ခုနှစ်မှ စတင် ကျင်းပခဲ့သည့် အမေရိကန်-အင်ဒိုနီးရှား စစ်ရေးလေ့ကျင့်ခန်း “Super Garuda Shield” သည် လွန်ခဲ့သည့် ၂ နှစ်မှစ၍ အရွယ်အစားပိုမိုကြီးမားလာခဲ့ပါသည်။အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် စစ်ဘက်ဆိုင်ရာဌာနခွဲအသီးသီးမှ အမေရိကန်နိုင်ငံတပ်ဖွဲ့ဝင် ၂,၁၀၀ ခန့်နှင့် အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၁,၉၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် ဒေသတွင်းနိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရါက်လာခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ မဟာမိတ်များဖြစ်ကြသော ဂျပန်၊ ဩစတြေးလျ၊ စင်ကာပူ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ပြီး ၎င်း၏ မိတ်ဖက် ၁၂ နိုင်ငံကလည်း လေ့လာသူကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြပါသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရာတွင် ကန့်သတ်ချက်များထားရှိကာ ဆက်ဆံလျက်ရှိပါသည်။ Natuna ကျွန်းများ အနီး မြောက်ဘက်ပင်လယ်ပြင်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်နေရာကို တရုတ်နိုင်ငံမှ ပိုင်ဆိုင်ကြောင်း ကြေညာချက်သည် အမေရိကန်-အင်ဒိုနီးရှား နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လှုံ့ဆော်ပေးခဲ့ပါသည်။ သို့သော်လည်း အင်ဒိုနီးရှား နိုင်ငံသည် ၎င်း၏သမိုင်းကြောင်းအရ မည်သည့်အင်အားကြီးနိုင်ငံ၊ သို့မဟုတ် မဟာမိတ် အဖွဲ့နှင့်မှ ညှိနှိုင်းခြင်းမပြုဘဲ နိုင်ငံတကာပဋိပက္ခများတွင် ကြားနေရပ်တည်ချက်ထားရှိမည် ဖြစ်ကာ ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးလျက်ရှိခြင်းကြောင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များတွင် အမေရိကန်နိုင်ငံအပေါ် အလွန်အမင်းအားကိုးမှုအား သတိထားလုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြထားပါသည်။
အမေရိကန်-အင်ဒိုနီးရှား နှစ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးသည် သမိုင်းကြောင်းအရ ခိုင်မာသည့်ဆက်ဆံရေးမျိုးရှိခဲ့သော်လည်း စစ်အေးတိုက်ပွဲအပြီး အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တီမောနိုင်ငံအား ထိန်းချုပ်လာမှုများနှင့် အာဏာရှင် ခေါင်းဆောင်များ အုပ်ချုပ်လာမှုများကြောင့် အမေရိကန်နိုင်ငံက ပံ့ပိုးမှုများ လျှော့ချ ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံအား နိုင်ငံတကာ စစ်ပညာနှင့် လေ့ကျင့်ရေးကို ရပ်ဆိုင်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားလက်ရွေးစင် အထူးတပ်ဖွဲ့ Kopassus ကို လေ့ကျင့်မှုရပ်ဆိုင်းခဲ့ကာ ၁၉၉၉ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံအား လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့ပါသည်။ သို့သော်လည်း ၂၀၀၅ ခုနှစ်မှစ၍ အမေရိကန်-အင်ဒိုနီးရှား နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီး အမေရိကန် နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ လက်နက်ရောင်းချမှု တားမြစ်ချက်အား ပြန်လည် ရုပ်သိမ်းပေးခဲ့ကာ နိုင်ငံတကာစစ်ပညာနှင့် လေ့ကျင့်ရေးအစီအစဉ်(IMET)တွင် ပြန်လည် ထည့်သွင်းပေးခဲ့ပါသည်။ ထို့နောက် Garuda Shieldစစ်ရေးလေ့ကျင့်မှုအစီအစဉ်အား ၂၀၀၇ ခုနှစ်တွင် စတင်ပြုလုပ်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ၏ လက်ရွေးစင်အထူးတပ်ဖွဲ့ Kopassus နှင့် ၎င်း၏လေ့ကျင့်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် Susilo Bambang Yudhoyono သမ္မတဖြစ်ချိန်မှစ၍ ၎င်းသည် အင်ဒိုနီးရှားတပ်မတော်ကို ခေတ်မီအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ၎င်း၏ကြိုးပမ်းမှုတွင် အင်ဒိုနီးရှားအမျိုးသားတပ်မတော် “Indonesian National Armed Forces” (TNI)အား ပြည်တွင်းခြိမ်းခြောက်မှုများမှ ပြည်ပအန္တရာယ်များအထိ ကာကွယ်မှု ပြုလုပ်နိုင်ရန် TNI ကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပါသည်။ မကြာသေးမီက အမေရိကန် နိုင်ငံသည် F-15 တိုက်လေယာဉ်များနှင့် Black Hawk ရဟတ်ယာဉ်များ အပါအဝင် အခြားစစ်လက်နက်ပစ္စည်းများ အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းချပေးနိုင်ရန် ကူညီလုပ်ဆောင် ပေးလျက်ရှိပါသည်။ အမေရိကန်နိုင်ငံသည် Bakamala အင်ဒိုနီးရှားနိုင်ငံ ရေကြောင်း လုံခြုံရေးအေဂျင်စီနှင့် အခြားတပ်ဖွဲ့များကို အကူအညီပေးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် Bakamala အတွက် ရေကြောင်းလေ့ကျင့်ရေးစင်တာကို Batam ကျွန်းပေါ်တွင် တည်ဆောက် ပေးခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံသည် Super Garuda Shield စစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း၊ ဒုတိယနှစ်လေ့ကျင့်မှုတွင် Combined Arms Live Fire Exercise (CALFEX) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါသည်။
အမှတ်(၂၅)ခြေလျင်တပ်မမှ ဗိုလ်မှူး Jeff Tolbert က Garuda Shield စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်သည့် တိုက်ရိုက်ပစ်ခတ်မှုလေ့ကျင့်ခန်းသည် တိုးတက်လာခဲ့ပြီး လွန်ခဲ့သော ၂ နှစ်ခန့်က လုပ်ဆောင်သည်ထက် ပိုမိုကြီးမားလာခဲ့သည်ဟု ဆိုပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုကို ခိုင်မာအောင် လုပ်ဆောင် နေခြင်းသည် ၎င်း၏အကျိုးစီးပွားအတွက်၊ သို့မဟုတ် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ် နိုင်ငံအား ထိန်းချုပ်ရန် ပိုမိုကြီးမားသော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ပါသည်။ သို့သော်လည်း အဆိုပါလေ့ကျင့်ခန်းနှင့် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအား ထိန်းချုပ်ရေးမူဝါဒတို့သည် ဆက်စပ်မှုမရှိဟု အမှတ်(၂၅) ခြေလျင်တပ်မမှ ဗိုလ်မှူးကြီး David Zinn က အခိုင်အမာငြင်းဆိုခဲ့ပါသည်။ Super Garuda Shield လေ့ကျင့်ခန်းသည် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ၎င်း၏ စွမ်းအားကို ပြသခြင်းဖြစ်သကဲ့သို့ မဟာမိတ်နိုင်ငံများနှင့် အပြန်အလှန်ပူးပေါင်း၍ ဒေသတွင်းတွင် မည်မျှအထိ လျင်မြန်စွာဖြန့်ကြက်နိုင်မည်ကိုပါ စမ်းသပ်ခြင်းဖြစ်သည်ဟု International Institute of Strategic Studies မှ လာရောက်လေ့လာသူ Fitri Bintang Timur က ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နိုင်ငံနှင့် လုံခြုံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့်ဖြစ်ပွားနေသည့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ အတွက် အထောက်အကူဖြစ်ပါသည်။ အာဆီယံအနေဖြင့် ပြဿနာများကို ဖြေရှင်း ရာတွင် ထိရောက်မှုမရှိခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ထိရောက်မှုရှိသည့်နိုင်ငံ၊ အုပ်စုငယ်များ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်ဟု သုတေသနပါမောက္ခ Dewi Fortuna Anwar က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံနိုင်ငံများနှင့်ပူးပေါင်း၍ ရေတပ်လေ့ကျင့်မှုပြုလုပ်ရန် အကြံပြုထားသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့သည် ဒေသအတွင်း၌ အင်ဒိုနီးရှားနိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြီးမား လာမည်ကို စိုးရိမ်နေကာ အစီအစဉ်ကို ကန့်ကွက်လျက်ရှိကြပါသည်။ ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၀ ပြည့်နှစ်များအတွင်း အမေရိကန်နိုင်ငံ၏ အင်ဒိုနီးရှားနိုင်ငံတပ်မတော်အား ပိတ်ဆို့ကန့်သတ်ခဲ့သည်များကို သင်ခန်းစာယူ၍ အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန် နိုင်ငံအပေါ် အလွန်အမင်းမှီခိုမှုအား သတိထားလျက်ရှိပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံမှ သာမက ပြင်သစ်၊ ဂျပန်၊ အီတလီ၊ ကာတာနှင့် တူရကီနိုင်ငံတို့မှလည်း စစ်လက်နက် ပစ္စည်းများကို အများအပြားဝယ်ယူခဲ့သည်ဟု Dewi က ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံအား ဆန့်ကျင်မှုထက် အမေရိကန်နိုင်ငံ၏ လိုအပ်သည်ထက်ပို၍ ဝင်ရောက်စွက်ဖက်လာမည့်အခြေအနေကို ပို၍ပင် မလိုလားဟု ဆိုပါသည်။ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့ကဲ့သို့ပင် တရုတ်နိုင်ငံ၏ ဒေသတွင်းဩဇာလွှမ်းမိုးမှုနှင့်အနိုင်ကျင့်ဗိုလ်ကျလွှမ်းမိုးမှုအား တားဆီးနိုင်ရန် အမေရိကန်နိုင်ငံနှင့် လုံခြုံရေးအရ ဆက်ဆံမှုများပြုလုပ်နေခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်း၏ဘက်မလိုက်သည့် မူဝါဒအား ကျင့်သုံး၍ တရုတ်နိုင်ငံအပေါ် ဆန့်ကျင်နေသော်လည်း စီးပွားရေးနယ်ပယ် တွင်မူ ၎င်း၏ လွတ်လပ်ပြီးတက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေရပါသည်။ စင်စစ်အားဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှုမှန်သမျှတွင် ထိပ်တိုက်ရင်ဆိုင်လေ့ရှိပါသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံသမ္မတဟောင်း Trump က ၎င်း၏လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ထုတ်ဖော်ပြသသည့် အခါ အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါမူဝါဒကို ဆန့်ကျင်ခဲ့ပြီး ၎င်းအား တုံ့ပြန်သည့်အနေဖြင့် အာဆီယံနိုင်ငံများအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်မှုကို အားပေးသော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ASEAN Outlook ကို ဖန်တီးရန် ဦးဆောင်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးဟောင်း Scot Marciel က ၎င်း၏ စာအုပ်တွင် ရေးသားထားပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် AUKUS မဟာမိတ်အဖွဲ့ကိုလည်း လိုလားမှုမရှိခြင်းကြောင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီအား ဒုံးခွင်းဒုံးပစ္စည်းများ လွှဲပြောင်း ရာတွင် တင်းကျပ်သော ထိန်းချုပ်မှုများကို အကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi သည် ထိုင်ဝမ်ကျွန်းသို့ သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာသည့်အခါတွင် အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါတင်းမာမှုများကို လျှော့ချရန် အဖွဲ့အားလုံးကို တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ၎င်း၏ဆက်ဆံရေးကို ချိန်ညှိရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို လွန်ခဲ့သည့်လက အင်ဒိုနီးရှားနိုင်ငံကာကွယ်ရေးဝန်ကြီး Prabowo သည် ဝါရှင်တန်ဒီစီမြို့သို့ သွားရောက်လည်ပတ်စဉ်တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏ ထုတ်ပြန်ချက်အရ ၎င်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ စစ်ဘက်ခေတ်မီတိုးတက်ရေးကို ထောက်ခံအားပေးရုံသာမက တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ တောင်းဆိုမှုကိုလည်း နိုင်ငံတကာဥပဒေနှင့် မကိုက်ညီကြောင်း ရှုတ်ချသည့် ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံဘက်မှ အဆိုပါထုတ်ပြန်ချက်တွင် ၎င်းတို့ သဘောတူညီ ခဲ့သည့်အချက်များနှင့် ကွဲလွဲနေသည်ဟု ပြောကြားခဲ့ပါသည်။ အနာဂတ်တွင် အမေရိကန်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာနိုင်သည့် အလားအလာရှိသော်လည်း ထိုပူးပေါင်း ဆောင်ရွက်မှုခိုင်မြဲရန်မှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုအခြေအနေ ပေါ်တွင်မူတည်မည်ဖြစ်ကြောင်း (တင်းမာမှုများ လုံးဝမြင့်တက်လာပြီး ထပ်တိုက်တွေ့သည့် အခြေအနေ ဖြစ်လာပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို မလွန်ဆန်နိုင်ဟု ဆိုလိုကြောင်း) ဖော်ပြထားပါသည်။
သို့သော်လည်း အမေရိကန်နိုင်ငံသည် ၎င်း၏ ချို့ယွင်းချက်၊ သို့မဟုတ် ကန့်သတ်ချက်များကြောင့် အင်ဒို-ပစိဖိတ် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကြီးကြီးမားမား မှီခိုနေရပါသည်။ ဒေသတွင်း နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံထက် သာလွန်မှုရှိပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း အမေရိကန် နိုင်ငံသည် အင်ဒိုနီးရှားအရာရှိ ထောင်ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ၁၀၀ နီးပါး ပြုလုပ်ခဲ့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သည့် နယ်မြေဆိုင်ရာ အငြင်းပွားမှုကြောင့် အင်ဒိုနီးရှားအရာရှိ အနည်းငယ်ကိုသာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်နိုင်ခဲ့ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။ သို့သော်လည်း တရုတ် နိုင်ငံသည် ၎င်း၏ စီးပွားရေးအရ အရေးပါမှုများကြောင့် အင်ဒိုနီးရှားနိုင်ငံနှင့် အရေးကြီးသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် အင်ဒိုနီးရှား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ ပြန်လည်တင်ပို့လျက်ရှိပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် ကဏ္ဍ ပေါင်းစုံဆက်ဆံရေးကို ချဲ့ထွင်တိုးမြှင့်ခြင်းမပြုလုပ်ဘဲ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုကိုသာမှီခိုနေမည်ဆိုပါက ၎င်း၏ရည်ရွယ်ချက်များ မအောင်မြင်နိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ဩဇာလွှမ်းမိုးချုပ်ကိုင် နိုင်ရန် ကြိုးပမ်းလာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ ၎င်း၏အမျိုးသားလုံခြုံရေးကဏ္ဍကို အဆင့် မြှင့်တင်ရန် ကြိုးပမ်းလာပါသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရာတွင် တရုတ်နိုင်ငံအား ထိန်းညှိရန်အတွက်သာ ရည်ရွယ်ပြီး အလုံးစုံပူးပေါင်းဆောင်ရွက်ရန် မူဝါဒမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် သမိုင်းကြောင်းဆိုင်ရာ အရ အမေရိကန်နိုင်ငံ၏ လိုတစ်မျိုး၊ မလိုတစ်မျိုး ဆက်ဆံမှုများကို သင်ခန်းစာယူပြီး လက်နက်များဝယ်ယူရာတွင် အမေရိကန်နိုင်ငံကိုသာ အလုံးစုံမှီခိုခြင်းမပြုဘဲ အခြားသော နိုင်ငံများမှ လက်နက်များကိုလည်း ဖြန့်ကြက်ဝယ်ယူနေပါသည်။ အမေရိကန်နိုင်ငံနှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံ၏ အဓိကအားသာချက်မှာ အင်ဒို-ပစိဖိတ် ဒေသတွင်တည်ရှိသည့် ပထဝီဝင်နိုင်ငံရေး၊ တည်နေရာနှင့် စီးပွားရေးဆိုင်ရာ အခြေအနေ များသည် အားသာချက်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ထိန်းညှိရန် နိုင်ငံကြီးများအကြား Hedging and Balancing ပြုလုပ်နေခြင်းဖြစ်သော်လည်း တင်းမာမှုများ အဆုံးစွန်အထိ မြင့်တက်လာပါက ပထဝီဝင်တည်နေရာနှင့် ပထဝီဝင်နိုင်ငံရေးအပြင် စီးပွားရေးအရ တရုတ်နိုင်ငံကိုသာ ရွေးချယ်ရမည့် အခြေအနေဖြစ်ပါသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ထိုသို့ နိုင်ငံကြီးများအကြား ထိန်းညှိကစားနိုင်မှုသည် နိုင်ငံတစ်ခု၏ ရှိရင်းစွဲ အမျိုးသားရေးစွမ်းပကား (National Power) ပေါ်တွင် အဓိကမူတည်နေခြင်းသာဖြစ်သောကြောင့် မိမိတို့၏ ရှိရင်းစွဲအမျိုးသားရေးစွမ်းပကားများ တိုးတက်မြင့်မားလာရေးသည်သာ နိုင်ငံငယ်များအတွက် မူလပဓာနဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
113092223
[1]။ Joseph Rachman,“US-Indonesia Security Relations Flourish in a Changing IndoPacific”. The Diplomat. 14 September 2023 [/https://thediplomat.com/.../us-indonesia.../]-accessed on 17 September 2023.