နိဒါန်း
တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ခြင်းသည် အမေရိကန်နိုင်ငံအတွက် ပို၍အဓိကကျနေသောကြောင့် တရုတ်နိုင်ငံသည် အဆိုပါအချက်ကို အသုံးပြု၍ အမေရိကန်နိုင်ငံမှ တောင်းဆိုနေသော နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံရန်ကမ်းလှမ်းချက်များကို ငြင်းဆိုနေခြင်းနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
လက်ရှိအချိန်၌ တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေမှု၊ အထူးသဖြင့် နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားလာနိုင်သည့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့သော ဒေသများတွင် နှစ်နိုင်ငံအကြားနားလည်မှုလွဲမှားခြင်းနှင့် မတော်တဆဖြစ်ပွားခြင်းတို့ကို လျှော့ချနိုင်ရန် တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ခြင်းသည် တရုတ်နိုင်ငံထက် အမေရိကန်နိုင်ငံအတွက်ပို၍အဓိကကျနေသည်ဟု စစ်ရေးကျွမ်းကျင်သူအချို့က ဆိုကြပါသည်။ စင်ကာပူ နိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သော Shangri-La Dialogue တွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံရန်တောင်းဆို ခဲ့သော်လည်း တရုတ်နိုင်ငံမှ ငြင်းပယ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအပေါ် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့ထားမှုနှင့်စပ်လျဉ်း၍ မကျေနပ်သောကြောင့် ထိုသို့ ငြင်းပယ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တောင်တရုတ်ပင်လယ်၌ တရုတ်စစ်လေယာဉ်တစ်စင်းနှင့် အမေရိကန် စစ်လေယာဉ်တစ်စင်းတို့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး မကြာမီ ထိုင်ဝမ် ရေလက်ကြားသို့ ရောက်ရှိလာသည့် အမေရိကန်ဖျက်သင်္ဘော USS Chung-Hoon ၏ မီတာ ၁၄၀ အကွာအဝေးသို့ တရုတ်စစ်ရေယာဉ်များသွားရောက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသည်။ Peking တက္ကသိုလ်ရှိ The Centre for Maritime Strategy Studies ၏ ဒါရိုက်တာ Hu Bo က လက်ရှိအချိန်၌ တရုတ်-အမေရိကန် စစ်တပ် နှစ်ခုအကြား နားလည်မှုလွဲမှားနိုင်ခြေမြင့်တက်နေပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများသည်လည်း မဟာဗျူဟာဆိုင်ရာ ကိစ္စရပ် များကို ဦးစားပေးဆောင်ရွက်သောကြောင့် လတ်တလောဖြစ်ပေါ်နေသော နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံမှုကိစ္စရပ်များကို ဖြေရှင်းရာတွင် ထိရောက်မှုအားနည်းနိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း အရေးပေါ်အခြေအနေများတွင် နှစ်နိုင်ငံစစ်ရေယာဉ်များအကြား အပြန်အလှန်ဆက်သွယ်မှုပြုလုပ်နေနိုင်သေးသောကြောင့် ပြင်ပမှ ခန့်မှန်းနေသလိုမဟုတ်ဘဲ ပဋိပက္ခဖြစ်နိုင်ခြေနည်းသေးသည်ဟုလည်း ဆိုပါသည်။
Joe Biden အမေရိကန်နိုင်ငံသမ္မတ စဖြစ်လာကတည်းက အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဆောင်ရွက်ရန် တရုတ်နိုင်ငံသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း တရုတ်နိုင်ငံမှ ငြင်းပယ်ခဲ့ပါသည်။ ထိုအချိန်ကတည်းက နှစ်နိုင်ငံဆက်ဆံရေး တဖြည်းဖြည်းတင်းမာ ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း၌လည်း တရုတ်နိုင်ငံသည် နန်စီပီလိုဆီ၏ ထိုင်ဝမ် ခရီးစဉ်ကို တုံ့ပြန်သောအားဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင်ရှိသော အရေးကြီးသည့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုလမ်းကြောင်း ၃ ခုကို ဖြတ်တောက်ခဲ့ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ၌ နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေးဝန်ကြီးနှစ်ဦးသည် ကမ္ဘောဒီးယား နိုင်ငံတွင် တွေ့ဆုံခဲ့ကြသော်လည်း လက်ရှိအချိန်အထိ နှစ်နိုင်ငံအကြားတွင် ဆက်သွယ်မှုနှင့် တွေ့ဆုံမှုများ မရှိသေးဟု ဖော်ပြထားပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံက ၎င်း၏ နယ်နိမိတ် အတွင်းရောက်ရှိနေသည့် မိုးပျံပူပေါင်းများအား တရုတ်ထောက်လှမ်းရေးလေဘောလုံးများဟု ဆိုကာ ပစ်ချခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်မှုအပေါ် မကျေနပ်၍ တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးသည် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး၏ ဖုန်းခေါ်ဆိုမှုကို ငြင်းပယ် ခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့် မေလ၌ အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်၏ Admiral John Aquilino မှ တရုတ်ရေတပ်အား ဖုန်းခေါ်ခဲ့သော်လည်း ဖြေကြားမှု မရှိဟု ၎င်းကပြောကြားထားပါသည်။ သို့သော်လည်း သုတေသီအချို့က တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ထိုကဲ့သို့ ဆက်သွယ်မှုဖြတ်တောက်နေခြင်းသည် နှစ်နိုင်ငံ ပဋိပက္ခဖြစ်ပွားမှုကို ပိုမိုဦးတည်စေသော်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် အဆိုပါ အခြေအနေအား ဖြေရှင်းနိုင်မည့် ကိုယ်ပိုင်နည်းလမ်းများ ရှိကြလိမ့်မည်ဟု ယူဆ ထားကြကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဟောင်း Paul Haenle က လက်ရှိအချိန်၌ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား မတော်တဆဖြစ်ပွားမှု ပိုမိုမြင့်တက်နေပြီး ထိရောက်သည့် ဆက်သွယ်မှု ယန္တရားများသာမရှိပါက အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် Paul Haenle က အမေရိကန်နိုင်ငံမှ တောင်းဆိုနေသော နှစ်နိုင်ငံစစ်ဘက် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများကျင်းပမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ငြင်းဆိုနေခြင်းသည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုနှင့်အပြုအမူများကို ဖိအားပေးနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၎င်းကပင် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေမှုများအား လျှော့ချနိုင်ရန် နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်ထားမှုသည် အလွန်အရေးပါကြောင်း၊ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံမှ ဆိုင်းငံ့ထားသည့် တရုတ်-အမေရိကန် ဆက်သွယ်ရေး ယန္တရားတစ်ခုဖြစ်သော Maritime Military Consultative Agreement များကို ပြန်လည် အသုံးပြုရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း Peking တက္ကသိုလ်ရှိ The Centre for Maritime Strategy Studies ၏ ဒါရိုက်တာ Hu Bo က အဆိုပါ Maritime Military Consultative Agreement နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးတွင် မတူကွဲပြားသည့် ရည်ရွယ်ချက်နှင့် သဘောထားအမြင်များ ရှိနေသောကြောင့် အသုံးမဝင်ဟု ဆိုပါသည်။ ထို့ပြင် Hu Bo က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု များကို ဖယ်ရှားပေးခြင်းသည် တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပနိုင်မည့် အလားအလာတစ်ခုဖြစ်ပြီးအမေရိကန်နိုင်ငံကသာ ၎င်း၏ရိုးသားမှုကိုမပြသပါက နှစ်နိုင်ငံဆက်ဆံရေးတင်းမာ နေမှုကို လျှော့ချနိုင်မည်မဟုတ်ဟု ပြောကြားထားပါသည်။ အခြားသုတေသီတစ်ဦးကလည်း တရုတ်-အမေရိကန်အကြား အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများ မပြုလုပ်နိုင်ခြင်းသည် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုများအပြင် အခြားသော အကြောင်းအရာများလည်း ရှိနေသည်ဟု သုံးသပ် ထားပါသည်။ သို့သော်လည်း Hu Bo က မည်သို့ပင်အန္တရာယ်များပါစေ တရုတ်ပြည်သူ့ တပ်မတော်အနေဖြင့် နိုင်ငံ၏ နယ်နိမိတ်နှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာနေသည့် လက်ရှိအခြေအနေ၌ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ရန် ကြိုးပမ်းနေသော်လည်း တရုတ်နိုင်ငံမှ ငြင်းဆိုနေသောကြောင့် ထိုက်သင့်သည့် တိုးတက်မှုမရှိသေးကြောင်းတွေ့ရှိရပါသည်။ ထိုသို့ တရုတ်နိုင်ငံမှ ငြင်းဆိုနေမှုများသည် အမေရိကန်နိုင်ငံကတရုတ်နိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအပေါ်မူတည်နေပြီး ထိုကိစ္စများကို ဖယ်ရှားပေးပါက နှစ်နိုင်ငံအကြားအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည် စတင်လာနိုင်သည်ဟု သုံးသပ်ရပါသည်။ အကယ်၍ တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံအကြားတွင် အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်စတင်မှုမရှိခြင်း၊ အမေရိကန်နိုင်ငံ၏ ပွင့်လင်း၍လွတ်လပ်စွာသွားလာနိုင်ရေး မူဝါဒကိုအသုံးပြုပြီး တောင်တရုတ်ပင်လယ်အတွင်း စစ်ရေယာဉ်များ၊ စစ်လေယာဉ်များ စေလွှတ်နေခြင်း၊ မဟာမိတ်၊ မိတ်ဖက်နိုင်ငံများနှင့် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ မကြာခဏပြုလုပ်နေခြင်းသည် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုကို ပိုမိုမြင့်တက်စေသည့် အကြောင်းအရင်းများဖြစ်ပါသည်။
ပထဝီဝင်နိုင်ငံရေးအရ တရုတ်နိုင်ငံ၏ပိုင်နက်ဟု ထုတ်ပြန်ကြေညာထားသော တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အရေးကိစ္စတွင် နန်စီပီလိုဆီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် နှစ်နိုင်ငံအကြား နည်းပညာနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်း အားပြိုင်မှုတို့ကြောင့် တင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ Shangri-La Dialogue တွင် ကာကွယ်ရေး ဝန်ကြီးများ သီးသန့်တွေ့ဆုံရန်ကိစ္စနှင့် တောင်တရုတ်ပင်လယ်အတွင်း နှစ်နိုင်ငံစစ်ရေယာဉ်နှင့် စစ်လေယာဉ်ချင်း ထိပ်တိုက်ရင်ဆိုင်မှုများ၌ တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသားတုံ့ပြန် ခဲ့သည်ကို တွေ့ရပါသည်။ သို့သော် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုနိုင်ငံခြားရေးရာညွှန်ကြားရေးမှူး ဝမ်ယီတို့ တွေ့ဆုံခဲ့ခြင်း၊ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်နှင့် တရုတ်နိုင်ငံကုန်သွယ်ရေး ဝန်ကြီး ဝမ်ဝန်တောင်တို့ တွေ့ဆုံခဲ့ခြင်း၊ အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဝီလီယံဘန်းစ်နှင့် တရုတ်နိုင်ငံထောက်လှမ်းရေး တာဝန်ရှိသူများ မကြာမီက တွေ့ဆုံ ခဲ့ခြင်းများကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအပေါ် “De-risking” မဟာဗျူဟာကို သံတမန်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော်နေကြောင်းနှင့် ထိုသို့ မဟာဗျူဟာတစ်ဆင့်လျော့ချလာခြင်းသည်ပင် တရုတ်နိုင်ငံအား သံတမန်ရေးအရ အားသာချက်ဖြစ်စေခဲ့ခြင်းဟု ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
45062023
(Subscribed ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့် အကြောင်းအရာများဖြစ်သောကြောင့် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။)
(Subscribed ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့် အကြောင်းအရာများဖြစ်သောကြောင့် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။)