နိဒါန်း
တရုတ်နိုင်ငံသည် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းအတွက် မဟာ ဗျူဟာမြောက်အရေးပါသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ နေမှုသည် စီးပွားရေးဩဇာလွှမ်းမိုးမှုသာမက စစ်ရေးဆိုင်ရာ အသုံးချမှုများအဖြစ် အသုံးချနိုင်ရန်အတွက်ပါ ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ပြီး၊ ယခု ထိုင်းနိုင်ငံ ကဆောက်လုပ်ရန်စီစဉ်နေသည့် Kra တူးမြောင်းနှင့်ပတ်သက်သောကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံတန်ဖိုးရှိ အထူးစီးပွားရေးဇုန် အပါအဝင် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိ ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်နှင့် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ထိုသို့တည်ဆောက်ရန် ဆုံးဖြတ်ရခြင်းမှာ မလက္ကာရေလက်ကြားတစ်လျှောက်ရှိ ပင်လယ်ဓားပြများ၏ အန္တရာယ်နှင့် ဗျူဟာမြောက်ပိတ်ဆို့နိုင်သည့် ကျဉ်းမြောင်းသော နေရာများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် ကျောက်ဖြူမြို့မှ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို အကာအကွယ်ပေးနိုင်မည့် ကုန်းလမ်း ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ထားရှိနိုင်ရန်လည်း ရည်ရွယ်ပါသည်။ ဤရေနက်ဆိပ်ကမ်း စီမံကိန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်မည့် အခွင့်အလမ်းကို ဖန်တီးနိုင်ပြီး အဆိုပါရေနက်ဆိပ်ကမ်းအား စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်နှစ်မျိုးစလုံးအတွက် အသုံးချနိုင်မည့်အခွင့်အလမ်းကို ရရှိစေမည် ဖြစ်ပါသည်။
Asia Society မှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တရုတ်ရေတပ်သင်္ဘောများ ထားရှိနိုင်မည့်အခြေအနေကို ဖော်ပြ ထားသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာကန့်သတ်ချက်များ ကြောင့် တရုတ်ရေတပ်အခြေစိုက်စခန်းထားရှိရန် မဖြစ်နိုင်ပါ။ သို့သော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့် လွဲမှားသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကြောင့် ရေရှည်စီးပွားရေးအလားအလာကို ထိခိုက် စေခဲ့ပြီး မရှိမဖြစ် လိုအပ်သည့်အခြေခံအဆောက်အုံများ တည်ဆောက်ရန် ကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဟု ဆိုသည်။ [2] ထို့ကြောင့် အဆိုပါစီမံကိန်းသည် ပြည်တွင်းရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေရသည့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ အနေဖြင့် အန္တရာယ်ရှိသော စီးပွားရေးလွှမ်းမိုးမှု ပြုလုပ်လာနိုင်ပါသည်။ တရုတ် နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို နှစ် ၅၀ အငှားစာချုပ်ချုပ်ဆို၍ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာ နိုင်ငံဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ထည့်ဝင်ရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံ GDP ၏ ၄ ရာခိုင်နှုန်းကျော်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဤအထူးစီးပွားရေးဇုန် အောင်မြင်မှုအပေါ်တွင် မူတည်နေခြင်းကြောင့် မြန်မာ အစိုးရအနေဖြင့် ဘဏ္ဍာငွေ စိုက်ထုတ်နိုင်ခြင်းမရှိပါက တရုတ်နိုင်ငံအပေါ် မှီခိုမှု ပြုလုပ်သွားရမည်ဖြစ်ပြီး တရုတ်ချေးငွေအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အလားအလာရှိနေပါသည်။[3]
တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးဩဇာလွမ်းမိုးမှုကို အသုံးချ၍ ဤဆိပ်ကမ်းအား စစ်ရေးအတွက် ပြောင်းလဲအသုံးချလာနိုင်ပါသည်။ တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပွားနေသည့်နေရာများတွင် လူလုပ်ကျွန်းများ တည်ဆောက်ကာ စစ်အခြေစိုက်စခန်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသတွင်း နိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ Koh Kong စီရင်စုတွင်လည်း ဆိပ်ကမ်းနှင့် အပန်းဖြေစခန်း စီမံကိန်းများ ဆောင်ရွက်ခဲ့ပါသည်။ Koh Kong ရေနက်ဆိပ်ကမ်းအား တရုတ်ရေတပ်မှ ဖျက်သင်္ဘောများ ဆိုက်ကပ် နိုင်ရန် ပုံစံထုတ်တည်ဆောက်ထားပြီး လူပေါင်း ၆၀၀၀ တည်းခိုနိုင်သည့် အပန်းဖြေစခန်းတစ်ခု ဆောက်လုပ်ထားခြင်းသည် မေးခွန်းထုတ်ဖွယ်ရာ အခြေအနေ ဖြစ်နေပါသည်။
ထို့အပြင် တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြု ကုမ္ပဏီတစ်ခုမှ ၎င်း အပန်းဖြေစခန်းအနီးရှိ Dara Sakor လေဆိပ်တွင် တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများတွင် တည်ဆောက်ထားသော ၂၆၅၀ မီတာ ရှည်လျားသည့် လေယာဉ်ပြေးလမ်းများနှင့် အရှည်တူပြီး စစ်ဘက်သုံးလေယာဉ်များ ဆင်းသက် နိုင်သည့် လေယာဉ်ပြေးလမ်းကို တည်ဆောက်ပေးထားပါသည်။ ဤစီမံကိန်း ၂ ခု သည် ကမ္ဘောဒီးယားနိုင်ငံအတွက် အကျိုးကျေးဇူးများ ရရှိထားသော်လည်း တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်း စီးပွားရေးပိုင်ဆိုင်မှုများကို စစ်ရေးအရ ပြောင်းလဲ အသုံးချလာနိုင်သည့် အန္တရာယ်ရှိပါသည်။ ယခုအခါတွင် Koh Kong စီမံကိန်းအား တရုတ်ကုမ္ပဏီတစ်ခုမှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် ၉၉ နှစ် အငှား စာချုပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အင်ဒို-ပစိဖိတ်ဒေသသည် သြစတြေးလျနိုင်ငံအတွက်လည်း ပထဝီဝင်နိုင်ငံရေး နှင့် လုံခြုံသောရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများအတွက် မဟာဗျူဟာမြောက် အချက်အခြာနေရာဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံ၏ “လုံခြုံရေးတံခါးပေါက်” (Security Gateway) ဟု ခေါ်သော ဤဒေသတွင် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးစီမံကိန်းများ ပြုလုပ်လာခြင်းသည် စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။ တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်းဆိပ်ကမ်းများကို စစ်ရေးအရ အသုံးချနိုင်ခြင်းရှိ/မရှိ မသေချာသေးသော်လည်း စီးပွားရေး သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာခြင်းနှင့် ပတ်သက်၍ လက်ငင်းစိန်ခေါ်မှုများ ရှိနေပါသည်။ သြစတြေးလျနိုင်ငံသည်လည်း တရုတ် နိုင်ငံ၏လွှမ်းမိုးမှုကို တုံ့ပြန်ရန် အရှေ့တောင်အာရှတွင် ၎င်း၏ကိုယ်ပိုင် ရေနက် ဆိပ်ကမ်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနိုင်သည့် အလားအလာရှိနေပါသည်။ သြစတြေးလျနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တစ်ခုမှာ ထိုင်းနိုင်ငံ Kra တူးမြောင်း ဖောက်လုပ်မည့်စီမံကိန်းဖြစ်ပြီး အဆိုပါ တူးမြောင်းသည် မလေးကျွန်းဆွယ်၏ အကျဉ်းမြောင်းဆုံးနေရာဖြစ်သော Kra Isthmus ကို ဖြတ်၍ ဖောက်လုပ်ရန် စီမံထားသော ကြီးမားသည့် ရေလမ်းကြောင်း တစ်ခုဖြစ်ပါသည်။ ယခင်က အဆိုပါတူးမြောင်းအား မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကြား တိုက်ရိုက်ကုန်သွယ်မှုလမ်းကြောင်းပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ယခုခေတ်တွင် မလက္ကာရေလက်ကြားရှိ ရေလမ်းကြောင်းအသုံးပြုမှုအား ရှောင်လွှဲ နိုင်မည့် လမ်းကြောင်းအဖြစ် ရှုမြင်လာကြပါသည်။
ထိုင်းနိုင်ငံ စီးပွားရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ အဆိုအရ ၎င်းတူးမြောင်း စီမံကိန်းတွင်ပါဝင်လာမည့် Chumphon-Ranong ကုန်းတံတား အပါအဝင် အခြား အကြီးစား စီမံကိန်း ၃၅ ခုအတွက် ဘတ်ဂျက် ထိုင်းဘတ် ၁.၂၂ ထရီလျံ (အမေရိကန် ဒေါ်လာ ၃၃.၈ ဘီလီယံ) သာသတ်မှတ်ပေးသောကြောင့် ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံထက်များစွာ လျော့နည်းနေပါသည်။ သြစတြေးလျ နိုင်ငံသည် ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံပါက ကုန်သွယ်ရေးချိတ်ဆက်မှုများကို အားကောင်းစေနိုင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ထူထောင်နိုင်မည် ဖြစ်ကာ မလက္ကာရေလက်ကြားရှိ ၎င်း၏ရေကြောင်းဆိုင်ရာ တင်းမာမှုပြဿနာများကို လျှော့ချနိုင်မည့်အပြင် အဆိုပါရေနက်ဆိပ်ကမ်းများသို့ အလွယ်တကူဝင်ထွက်ခွင့် ရမည်ဖြစ်ပါသည်။ Quad မိတ်ဖက်နိုင်ငံများဖြစ်သော ဂျပန်၊ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့သည် ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလာနိုင်သည့် အလားအလာရှိသော ကြောင့် ထိုင်းနိုင်ငံ၏ ရေနက်ဆိပ်ကမ်းများအပေါ် တရုတ်နိုင်ငံ၏ အလွန်အကျွံ သြဇာလွှမ်းမိုးလာနိုင်မှု လျှော့ချနိုင်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်အဖြစ် ပါဝင်လာပါကလည်း စီမံကိန်းတွင် နိုင်ငံအများအပြား ပါဝင်နေခြင်းကြောင့် တရုတ်နိုင်ငံ၏ တစ်ဖက်သတ် အလွန်အကျွံ ထိန်းချုပ်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အနေဖြင့်လည်း အရှေ့တောင် အာရှတွင် ပိုမိုပါဝင်ပတ်သက်နိုင်ရန် ရေနက်ဆိပ်ကမ်းများကို အသုံးပြုလာနိုင်ပြီး အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ရေကြောင်းကုန်သွယ်ရေးလုံခြုံမှုကို မြှင့်တင်နိုင်ရန် ကပ္ပလီပင်လယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုကို ဖန်တီးလာနိုင်ကြောင်း ဖော်ပြ ထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါပြီး စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း (၃) ခု အနက်မှ တစ်ခုဖြစ်ကာ ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းလည်း ဖြစ်ပါသည်။ ဤစီမံကိန်းသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပြီး ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်နယ်ကို ပင်လယ် ထွက်ပေါက်ရရှိစေနိုင်မည့် အရေးပါသည့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို တရုတ်နိုင်ငံ Belt and Road Initiative (BRI) စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြလေ့ရှိသည်ကိုလည်း တွေ့ရှိ ရပါသည်။
ဆောင်းပါးတွင်ဖော်ပြထားသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် ၎င်းတည်ဆောက် သည့် ရေနက်ဆိပ်ကမ်းများကို စစ်ရေးအရပါ ရည်ရွယ်ပြင်ဆင်နေမည်မှာ အမှန်ပင် ဖြစ်သော်လည်း ရှောင်လွှဲမရနိုင်သည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်မည့် အခြေအနေဖြင့် ထိန်းသိမ်းထားနိုင်ရန် လိုအပ်ပါသည်။ တရုတ် နိုင်ငံသည်လည်း အခြားအင်အားကြီးနိုင်ငံများနည်းတူ ၎င်း၏အကျိုးစီးပွားနှင့် ယှဉ်လာပါက (သို့မဟုတ်) ထိခိုက်သည်ဟု ယူဆလာပါက အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးတွင် နည်းလမ်းတစ်မျိုးမျိုးကို ဝင်ရောက်စွက်ဖက်မည်သာဖြစ်ပါသည်။
ယခုထိုင်းနိုင်ငံတွင် တည်ဆောက်မည့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဒေသတွင်းကုန်သွယ်ရေးအတွက် အချက်အခြာကျသည့် Kra တူးမြောင်းစီမံကိန်းကို စတင်ရန် ဘတ်ဂျက်လျာထားပြီး ဖြစ်ကာ နိုင်ငံကြီးများအနေဖြင့် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပါသည်။ ထိုစီမံကိန်းကြောင့် ကျောက်ဖြူနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့သော မြန်မာနိုင်ငံ၏ ရေနက် ဆိပ်ကမ်းများပေါ်သို့ စီးပွားရေးနှင့် အခွင့်အလမ်းအရ သက်ရောက်လာနိုင်သည့် အကျိုး/အပြစ်များကို သုံးသပ်ဖော်ထုတ်၍ ထိုက်သင့်သည့် မူဝါဒနှင့် ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
159112823
[1]။ Shaun Cameron,“Why is Myanmar’s new deep-sea port such hot property”. The Interpreter. 22 November 2023, [/https://www.lowyinstitute.org/.../why-myanmar-s-new-deep.../]
[2]။ David Scott Mathieson,“Myanmar: a new abnormal”. The Interpreter. 7 November 2023, [/https://www.lowyinstitute.org/the.../myanmar-new-abnormal/]
[3]။ Gregory B. Poling,“ Kyaukpyu: Connecting China to the Indian Ocean”. CSIS. 2 April 2018, [/https://www.csis.org/.../kyaukpyu-connecting-china.../]