Tuesday, October 3, 2023

တရုတ်နိုင်ငံ၏ စိန်ခေါ်မှုကို တုံ့ပြန်ရာတွင် အမေရိကန်လွှတ်တော်၏ အခန်းကဏ္ဍ၊ လက်ရှိလွှတ်တော်တွင်း အကွဲအပြဲများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အမေရိကန်လွှတ်တော်၏ အခန်းကဏ္ဍနှင့် ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သော်လည်း အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် အစိုးရအပေါ် ရီပတ်ဘလီကန် ကြီးစိုးသည့် လွှတ်တော်မှ ဝေဖန်နေမှုများက တရုတ်နိုင်ငံဆိုင်ရာမူဝါဒများအပေါ် သက်ရောက်လာနိုင်မှု ရှိ/မရှိနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
တွေ့ရှိချက်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သော ၆ နှစ်မှစ၍ ဆက်ဆံရေး တင်းမာနေခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အရေးကြီးသည့် အားနည်းချက်များကို ထုတ်ဖော်ဖြေရှင်းခဲ့သည်မှာ ၂ နှစ်ကျော်သာရှိပါသေးသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်လ်ထရန့်သည် တရုတ်နိုင်ငံအရေးနှင့် ပတ်သက်၍ ခန့်မှန်းရန် ခက်ခဲသည့် ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်း တရုတ် နိုင်ငံ၏ ခြိမ်းခြောက်မှုကို ပေါ့ပေါ့ဆဆကိုင်တွယ်လျက်ရှိပါသည်။ ထို့ကြောင့် လူထုအမြင်၊ မီဒီယာ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများသည်လည်း တရုတ်နိုင်ငံ၏ အန္တရာယ် ကြီးမားမှုကို နားလည်သဘောပေါက်မှုနည်းခဲ့ပါသည်။ သို့သော်လည်း အမေရိကန် လွှတ်တော်ရှိ ဒီမိုကရက်များနှင့် ရီပတ်ဘလီကန် ပါတီ ၂ ခုစလုံးမှ အမတ်အများစုအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအား အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည့် ထရန့်အစိုးရ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ထောက်ခံခဲ့ကြပါသည်။ ဥပဒေပြုအမတ်များသည် ထရန့်အစိုးရလက်ထက်တွင်သာမက ယခုဘိုင်ဒင်အစိုးရလက်ထက်တွင်လည်း တရုတ်နိုင်ငံမှ စိန်ခေါ်မှုများကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အဓိက ကဏ္ဍကြီး ၃ ရပ်မှာ လုံခြုံရေး၊ စီးပွားရေးနှင့် ပြည်တွင်း/ပြည်ပအုပ်ချုပ်ရေးကဏ္ဍတို့ ဖြစ်ပါသည်။ ပထမအချက်မှာ တရုတ်နိုင်ငံသည် အာရှဒေသအတွင်း အမေရိကန် နိုင်ငံ၏ ပါဝါနှင့် ဩဇာလွှမ်းမိုးမှု ကျဆင်းစေရန်နှင့် ၎င်းကိုယ်တိုင် လွှမ်းမိုးမှုပြုလုပ် နိုင်ရန် ကြိုးပမ်းနေသည့်အချက်ဖြစ်ပြီး ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် နိုင်ငံတော် လုံခြုံရေးအတွက်အရေးပါသည့် ခေတ်မီနည်းပညာနှင့် စီးပွားရေးလုပ်ငန်းများအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။ ထိုသို့တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ကာကွယ်နိုင်ရန် အမေရိကန်လွှတ်တော်အတွင်းရှိ ပါတီ ၂ ခုစလုံးသာမကဘဲ အစိုးရ အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရန်လိုအပ်ပါသည်။ ထိုသို့ ပြည်တွင်း၌ စည်းလုံး ညီညွတ်မှုသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်များဖြစ်သော ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပအင်အားကြီးနိုင်ငံများ၊ NATO အဖွဲ့၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နိုင်ငံနှင့် တောင်ပစိဖိတ်ဒေသတို့အတွက်လည်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအား ပူးပေါင်းတုံ့ပြန်ရန် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအား ဖြစ်စေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်လွှတ်တော်ရှိ ပါတီနှစ်ခုမှ ပါတီဝင်အများစုသည် ပါတီနိုင်ငံရေး၊ လူထုနှင့် မီဒီယာစိတ်ဝင်စားမှု၊ အကျိုးအမြတ်များမပါဝင်ဘဲ တရုတ်နိုင်ငံအား ဆန့်ကျင်ရန် ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်ခဲ့ကြပါသည်။ ယခင်ကလွှတ်တော်အတွင်း တက်ကြွသူများ အနေဖြင့် ပါတီနိုင်ငံရေး၊ လူထုထောက်ခံမှု၊ အကျိုးအမြတ်နှင့် အစိုးရမူဝါဒကို ဝေဖန်ရန် အတွက်သာ လုပ်ဆောင်ခဲ့ခြင်းများရှိသော်လည်း တရုတ်နိုင်ငံနှင့်ပတ်သက်၍မူ အဖွဲ့လိုက် သော်လည်းကောင်း၊ တစ်ဦးချင်းစီလိုက်သော်လည်းကောင်း​ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ သမိုင်းကြောင်းအရ လွှတ်တော်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်သည် ပြောင်းလွယ်ပြင်လွယ်ရန်ခက်ခဲခြင်းကြောင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် မူဝါဒများသည်လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပါသည်။ ၂ဝ၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေးဥပဒေ(National Defense Authorization Act -NDAA)ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် အတည်ပြု၍ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းသည် ထိုနှစ်၏ အရေးကြီးဆုံးနိုင်ငံခြားရေးမူဝါဒဖြစ်ကာ နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံမူဝါဒနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ အရေးကြီးဆုံးသော ဥပဒေလည်းဖြစ်ပြီးတရုတ်နိုင်ငံအား ပစ်မှတ်ထားသည့် အမေရိကန်အစိုးရ၏ ကျယ်ပြန့်သည့် မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထိုအချိန်က အမေရိကန်နိုင်ငံသမ္မတဟောင်း ထရန့်သည် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို နားလည်သော်လည်း တစ်ဖက်တွင် ကုန်သွယ်ရေးအကျိုးစီးပွားများ ကိုလည်း ရယူလိုနေခဲ့ပါသည်။ ယခုသမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ဒီမိုကရက်ပါတီမှ သမ္မတလောင်းများ၊ မဲဆွယ်စည်းရုံးရေးအကြံပေး Jake Sullivan တို့သည် တရုတ်နိုင်ငံ၏ အန္တရာယ်ကို လျှော့ပေါ့၍ ဖော်ပြနေကြပါသည်။ ထို့ကြောင့် အမေရိကန်လွှတ်တော် အနေဖြင့် တရုတ်နိုင်ငံ၏ ကြီးထွားလာသောခြိမ်းခြောက်မှုများကို ဖြေရှင်းရန်အတွက် တင်းကျပ်သည့် ဥပဒေများပြဋ္ဌာန်းခြင်းနှင့် ပါတီနှစ်ခုပူးပေါင်း၍ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆိုးရွားလာခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလတွင် အမေရိကန်သမ္မတဟောင်း ထရန့်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး သဘောတရားများ ပြင်းထန်လာခဲ့ပါသည်။ ဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံအပေါ် တင်းမာစွာဆန့်ကျင်တုံ့ပြန် လာခဲ့သလို အမေရိကန်လွှတ်တော်အနေဖြင့် ဥပဒေ ၄၀၀ နီးပါးရေးဆွဲ၍ တရုတ်နိုင်ငံ၏ အန္တရာယ်နှင့် စိန်ခေါ်မှုကို မီဒီယာနှင့် လူထုသဘောထားများတွင် ထင်ဟပ်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အမေရိကန်လွှတ်တော်၏ သဘောထားနှင့် ပိုမို ကိုက်ညီမှုရှိစေရန် ၎င်းတို့၏အမြင်များကို ပြောင်းလဲခဲ့ပါသည်။ ဘိုင်ဒင်အနေဖြင့် နှစ်ပါတီပူးတွဲဆောင်ရွက်မည့် အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေအတွက် ဒေါ်လာ ၁.၂ ထရီလီယံ ထောက်ပံ့ပေးခဲ့ပြီး စတုတ္ထမြောက်စက်မှုတော်လှန်ရေးကို လွှမ်းမိုးရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို အနိုင်ပေးမည်မဟုတ်ဟု ပြောကြား ခဲ့ပါသည်။ အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းနှင့် တရုတ်နိုင်ငံ၊ Xinjiang မြို့မှ အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းမှုကို တားမြစ်သည့် ဥပဒေကြမ်းတို့ တင်သွင်းရာတွင် လွှတ်တော်အတွင်း ပါတီနှစ်ခုစလုံး၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုအား အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ဝေဖန်ခြင်း၊ ရှုတ်ချခြင်းများက တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တင်းမာမှုကို ခိုင်မာစေ ခဲ့ပါသည်။ ထို့ကြောင့် ဥရောပနှင့် အာရှမဟာမိတ်များအား တရုတ်နှင့် ရုရှားနိုင်ငံ တို့၏ အန္တရာယ်များကို ဆန့်ကျင်ရန် အမေရိကန်နိုင်ငံအစိုးရနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်စေခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီသည် ထိုင်ဝမ်သို့ သွားရောက်ခြင်းတွင်လည်း လွှတ်တော်အနေဖြင့် တရုတ်နိုင်ငံအား ဆန့်ကျင်သည့်မူဝါဒအပေါ် ပြတ်သားစွာရပ်တည်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်လွှတ်တော်နှင့် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများသည် သိသိသာသာ တိုးမြင့်လာခဲ့ပြီး အဆင့်မြင့်နည်းပညာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် အမေရိကန်ဒေါ်လာထရီလီယံတစ်ဝက်ကျော် သုံးစွဲခဲ့ပြီး Chips and Science Act နှင့် The Inflation Reduction Act of 2022 ကို ရေးဆွဲနိုင် ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာ Chip နည်းပညာများ တင်ပို့မှုအား ပိတ်ပင်ခဲ့ပြီး ဩဂုတ်လတွင် လွှတ်တော်၏ သဘောထားနှင့်ကိုက်ညီသည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ရန် အဆိုပြုခဲ့ကြပါသည်။ အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့သည် လွှတ်တော်၏ထောက်ခံမှုဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ဆန့်ကျင်ရန်အတွက် NATO အဖွဲ့အား အင်အားတောင့်တင်းမှု ရှိစေရန် ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းတို့သည် NATO အဖွဲ့အား ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများသာမက အခြားအာရှ-ပစိဖိတ် အင်အားကြီးနိုင်ငံများ နှင့်လည်း ချိတ်ဆက်ပေးထားပါသည်။ တောင်တရုတ်ပင်လယ်ဆိုင်ရာအငြင်းပွားမှုနှင့် ထိုင်ဝမ်ကျွန်းအရေးတို့သာမက အာရှဒေသလုံခြုံရေး၊ အဆင့်မြင့်နည်းပညာနှင့် Supply Chain အကျိုးစီးပွားများအပေါ် တရုတ်နိုင်ငံ၏ သက်ရောက်လာမှုကို ဥရောပအင်အားကြီး နိုင်ငံများအနေဖြင့် စိုးရိမ်နေကြပြီး G-7 အဖွဲ့တွင် အိန္ဒိယနိုင်ငံ ပါဝင်လာခြင်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ပျက်ပြားစေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင် လက်ထက်တွင် တရုတ်နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်၍ ဥရောပ-အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းမှုများကြီးထွားလာပြီး ဖိလစ်ပိုင်၊တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန်ကြိုးပမ်းလာကြပါသည်။ ထိုဒေသနှင့် သမားရိုးကျ ကုန်သွယ်မှု သဘောတူညီချက်များမရှိခဲ့ခြင်းက တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံစျေးကွက်များသို့ ပိုမိုဝင်ရောက်ခွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှလွဲ၍ အာရှ၏ အရေးကြီးဆုံးသော စီးပွားရေးနိုင်ငံများပါဝင်သော အင်ဒို-ပစိဖိတ် စီးပွားရေး မူဝါဒမူဘောင်အောက်တွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အဆင့်မြင့်နည်းပညာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသုံးစရိတ်များနှင့် အခြားအစီအမံများကို ရေးဆွဲ၍ မဟာမိတ်များနှင့် မိတ်ဖက်များကို နေရာချပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
အထက်လွှတ်တော်ခေါင်းဆောင် Charles Schumer ၏ ကြေညာချက်တွင် တရုတ်နိုင်ငံမှ မိုးပျံပူပေါင်းများဖြင့် အမေရိကန်နိုင်ငံအခြေစိုက်စခန်းများကို လျှို့ဝှက် စောင့်ကြည့်ခြင်း၊ TikTok မှတစ်ဆင့် အမေရိကန်နိုင်ငံသားတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း၊ Microsoft ၏ ကာကွယ်ထားသော စနစ်များနှင့် US Cabinet အဖွဲ့ဝင်များ၏ အီးမေးလ်များကို တရုတ်ဟက်ကာများက ထိုးဖောက် ဝင်ရောက်ခြင်းနှင့် Meta ကုမ္ပဏီ၏ အကြီးမားဆုံးသြဇာလွှမ်းမိုးမှုလုပ်ငန်း၏ လျှို့ဝှက်ချက် များအား ထုတ်ဖော်ခြင်းတို့ကို တရုတ်နိုင်ငံက လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်လွှတ်တော်သည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး အထက်ပါကိစ္စရပ်များအပေါ် အထူးအာရုံစိုက်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။
သို့သော်လည်း ရီပတ်ဘလီကန်များ ထိန်းချုပ်ထားသော အောက်လွှတ်တော် အနေဖြင့် ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်၏ မူဝါဒများကို ဝေဖန်ရာတွင် ပါတီစွဲဖြင့်ဆောင်ရွက်လာနိုင်သောကြောင့် လွှတ်တော်အတွင်း ယခင်ကကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုရရှိရန်မှာ မသေချာတော့ဟု ဆိုသည်။ ဘိုင်ဒင်အစိုးရ၏ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ၊ တရုတ်နိုင်ငံခေါင်းဆောင်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိနေခြင်းများကို လွှတ်တော်ရှိ ရီပတ်ဘလီကန်အချို့နှင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် သမ္မတလောင်းများက ဝေဖန်ခဲ့ကြပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တင်းမာမှု ကြီးထွားလာသော်လည်း ၎င်းတို့သည် တင်းမာမှုများ လျှော့ချရန်အတွက် နှစ်ဖက်ဆွေးနွေးရန် စိတ်ဝင်စားခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးမှုများက ကြီးမားသော စစ်ရေးပဋိပက္ခများကို ရှောင်ရှားနိုင်လျှင်သော်မှ နှစ်နိုင်ငံအကြားပြိုင်ဆိုင်မှုများ ဆက်လက် ဖြစ်ပွားနေမည်သာဖြစ်ပါသည်။ ထို့ကြောင့် ဤအခြေအနေသည် အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်တို့အကြားဖြစ်ပွားခဲ့သည့် စစ်အေးကာလပုံစံနှင့် အလားသဏ္ဌာန်တူကြောင်း ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးသည် အမေရိကန်နိုင်ငံလွှတ်တော်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး ဆောင်ရွက်ချက်များအား ဂုဏ်တင်၍ ရေးသားထားခြင်းဖြစ်ပြီး ယခုအခါ ရွေးကောက်ပွဲ နီးကပ်လာခြင်း၊ ရီပတ်ဘလီကန်အမတ်များနှင့် သမ္မတလောင်းများက ဂျိုးဘိုင်ဒန် အစိုးရ၏ တရုတ်နိုင်ငံမူဝါဒများနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်လာခြင်းကြောင့်ယခင်ကရှိခဲ့သော ပူးပေါင်းဆောင်ရွက်မှုများ၊ စည်းလုံးညီညွတ်မှုများကို ပြန်လည် ဖော်ထုတ်၍ ရေးသားထားခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအရ အစိုးရ၏ အခွင့်အာဏာနှင့် လွှတ်တော်၏ အခွင့် အာဏာတို့ကို စနစ်တကျသတ်မှတ်ထားပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခု Check and Balance လုပ်ထားနိုင်မှု ထိရောက်ကြောင်းကို တွေ့ရှိရပါသည်။ အမေရိကန်လွှတ်တော်အနေဖြင့် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်လာပါက ရီပတ်ဘလီကန်၊ ဒီမိုကရက် မခွဲခြားဘဲ ပူးပေါင်း၍ အလုပ် လုပ်နိုင်ခဲ့ပြီး အစိုးရ၏ လွဲချော်နေသော မူဝါဒများကို တည့်မတ်ပေးခြင်း၊ မှန်ကန်သောမူဝါဒများကို အားဖြည့်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် Bipartisan Politics ဟူသော အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် သုံးနှုန်းသည့် အမျိုးသားနိုင်ငံရေး(National Politics)ဟူသော အသုံးအနှုန်းနှင့် အနှစ်သာရ၊ အဓိပ္ပာယ်ဆင်တူနေသည်ကို တွေ့ရှိရပါသည်။
ဆိုလိုရင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဘက်မခွဲသောနိုင်ငံရေး(Bipartisan Politics)ပေါ်တွင် ရပ်တည်၍ လွှတ်တော်အတွင်းပါတီများသာမက အစိုးရများနှင့်ပါ ပူးပေါင်းအလုပ် လုပ်နိုင်ခဲ့သော်လည်း ယခုအခါ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲ ပြန်လည်နီးကပ်လာသဖြင့် ပါတီနိုင်ငံရေးအားပြိုင်မှုများ၊ အစိုးရအပေါ်ဝေဖန်မှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ဆောင်းပါးထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင်လည်း လွှတ်တော်အတွင်းသဘောထားကွဲလွဲမှုများကြောင့် အစိုးရဘတ်ဂျက်အတည်မပြုနိုင်သေးဘဲ အစိုးရဌာနများ ရပ်ဆိုင်းရမည့်အခြေအနေနှင့်ကြုံတွေ့နေရပြီး ရီပါဘလစ်ကန်အမတ် Kevin McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ မဲပေးထုတ်ပယ်ခဲ့ကြပါသည်။ ထိုထုတ်ပယ်မှုကို အစွန်းရောက်ရှေးရိုးစွဲ Matt Gaetz အုပ်စုမှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရဘတ်ဂျက်ကိုအတည်ပြုနိုင်ရန် ဒီမိုကရက်များနှင့် ညှိနှိုင်းခဲ့ခြင်းကြောင့်ဟု ဆိုပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ရီပါဘလစ်ကန်နှင့် ဒီမိုကရက်တို့၏ အကွဲအပြဲမှသည် ရီပါဘလစ်ကန်များအကြား အကွဲအပြဲအထိရောက်လာပြီး ဖြစ်လာနိုင်ချေများကို ခန့်မှန်းမရသည့်အနေအထားတွင်ရှိနေပါသည်။
လတ်တလော အမေရိကန်နိုင်ငံတွင် ချို့ယွင်းချက်များ ရှိနေသည့်တိုင် တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့သည့် မူဝါဒတွင် အဖွဲ့အစည်းအားလုံးမှ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရှိခဲ့သည်ဟု ဆိုရပါမည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အားပြိုင်မှုသည် ဒုတိယစစ်အေးကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကြားခံစစ်ပွဲများ၊အုပ်စုဖွဲ့မှုများ၊ စစ်လက်နက်၊ စီးပွားရေး၊ နည်းပညာအားပြိုင်မှုများ ကဏ္ဍပေါင်းစုံ၌ မြင့်တက်လာမည်သာဖြစ်ခြင်းကြောင့် နိုင်ငံငယ်များအနေဖြင့် ၎င်းတို့အကြား ဓားစာခံမဖြစ်ရေးသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
121041023

[1]။ Robert Sutter,“US Congress’ Role in Countering the China Challenge”. The Diplomat. 23 September 2023, [ /https:// thediplomat.com/ 2023/09/ us-congress-role-in-countering-the-china-challenge/]