Thursday, May 11, 2023

(တရုတ်) ရှီကျင့်ဖျင်က (ရုရှား) ပူတင်ဆီက ဘာတွေလိုချင်နေတာလဲ? (အပိုင်း-၁)

 



နိဒါန်း
ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့နိုင်ငံရေးက အမေရိကန်၊ တရုတ်၊ ရုရှား တို့အကြား မဟာဗျုမြောက်သုံးပွင့်ဆိုင် (Strategic Triangle) အနေအထားတွင်ရှိနေသည်။ ၁၉၅၀ ပြည့်နှစ်ကျော်များက အမေရိကန်နိုင်ငံ၏ ကွန်မြူနစ်ဝါဒတားဆီးရေး ဆုံးဖြတ်ချက်ကြောင့် မော်စီတုန်းနှင့် စတာလင်တို့၏ ဆက်ဆံရေးပိုမိုကောင်းမွန်စေခဲ့သည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ဗီယက်နမ်၊ ကိုရီးယား၊ ထိုင်ဝမ်ကို ကာကွယ်ခြင်းအပြင် အခြားသော ကြားခံပဋိပက္ခများတွင် ပါဝင်ခဲ့ရသည်။
ဆယ်စုနှစ်တစ်ခုကြာအပြီး မော်နှင့် ခရူးရှဖ် တို့ခွာပြဲကြခြင်းက အမေရိကန်နှင့် တရုတ်တို့ ပြန်ပြောင်းထုတ်ရန် အခွင့်အလမ်းဖြစ်စေခဲ့ပါသည်။ ထိုကိစ္စကြောင့်ပင် အာဖကန်မှ ဆိုဗီယက်တပ်ဖွဲ့များကို တိုက်ရန် တရုတ်ဆီမှ ပေါ်တင်အကူအညီများရရှိခဲ့ပြီး စစ်အေးကာလပြီးဆုံးရန် အထောက်အပံ့ဖြစ်ခဲ့ပါသည်။ ထိုနောက်မှာပဲ တရုတ်သည်လည်း ဆယ်စုနှစ်များစွာကြိုးစားခဲ့ရသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံ (Global Power) အဖြစ်သို့ တက်လှမ်းနိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်း
ယခုတော့ အခြားအရွှေ့အပြောင်းကာလ တစ်ခုသို့ရောက်နေခဲ့ပါပြီ။ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ သုံးရက်တာ ရုရှားခရီးစဉ်ပြီးဆုံးခဲ့သည်။ မနှစ်က ရုရှား၏ ယူကရိန်းကိုကျူးကျော်အပြီး ပထမဆုံး ခရီးစဉ်လည်းဖြစ်ပါသည်။ ICC က ပူတင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက်မှ ခရီးစဉ်ဖြစ်လာတာကြောင့် နှစ်နိုင်ငံကြားစည်းလုံးမှုကို ပြသတဲ့ ခရီးစဉ်လည်းဖြစ်ပါသည်။ ရှီကလည်း ပူတင်ကို ဒီနှစ်ကုန်ပိုင်းတွင်လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲတွင် အနိုင်ရရန် အားပေးနေကြောင်း ပြောကြားခဲ့သည်။
ပူတင်ကလည်း ရှီခရီစဉ်အတွင်း ခမ်းနားသော ကြိုဆိုဂုဏ်ပြုပွဲများ၊ စားပွဲများဖြင့် တည်ခင်းဧည့်ခံပြီး ရှီ၏ သံတမန်ရေးများနှင့် ထိုင်ဝမ်ကစ္စတွင် ထောက်ခံနေမည်ဖြစ်ကြောင်း ပြသခဲ့သည်။ ၁၅ ရာစုနှစ် ဇာဘုရင်များလက်ထက် ကတည်းတည်ဆောက်ထားသည့် ပွဲတော်တည်ခင်းဧည့်ခံရာနေရာတွင် ရှီကျင့်ဖျင်က “ရာစုနှစ်တစ်ခုကျော်ကျော် မမြင်ခဲ့ရတဲ့ အပြောင်းအလဲတွေကို ငါတို့အခု ဆောင်ရွက်နေကြပြီ၊ အတူတူရှေ့ကို တွန်းလိုက်ကြရအောင်” ဟု ပူတင်ကိုပြောခဲ့ပါသည်။
ခေါင်းဆောင်နှစ်ဦးက အချင်းချင်း ခင်မင်ရင်းနှီးစွာ “dear friend” ဟုခေါ်ကြသည်။ အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့အခင်းအကျင်းကို ဆန့်ကျင်သည့်အယူအဆများ၊ ကုန်သွယ်ရေးကိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများနှင့် အာကာသကိစ္စဆိုင်ရာများပါသည့် ကြေညာချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ကိုယ်ကြားဆွေးနွေးသည့် ကိစ္စများကတော့ ဒီ့ထက်များစွာ ပိုနိုင်ပါသည်။ အမေရိကန်မှ တာဝန်ရှိသူတွေကတော့ ရှီအနေဖြင့် ယူကရိန်းတွင်အသုံးပြုရန်အတွက် ရုရှားမှအဆိုပြုနေသည့် အမြှောက်ကျည်များ၊ တိုက်ခိုက်ရေးဒရုန်းများပါဝင်သည့် လက်နက်တောင်းခံမှုများကို စဉ်းစားချင့်ချိန်နေသည်ဟု ယုံကြည်နေကြသည်။ အကယ်၍ တရုတ်အနေဖြင့် ထိုတောင်းဆိုချက်ကို လက်ခံလိုက်မည်ဆိုပါက တရုတ်အနေဖြင့် NATO နှင့် ထိပ်တိုက်တွေ့မည့် ကိုယ်စားစစ်ပွဲထဲ ဝင်ရောက်သကဲ့သို့ ဖြစ်သွားပါလိမ့်မည်။
တရုတ်နိုင်ငံဘက်ကတော့ ရှီအနေဖြင့် လက်နက်နှင့်ပတ်သက်သည့် ဆွေးနွေးချက်မရှိဘဲ ငြိမ်းချမ်းရေးဗိသုကာအနေဖြင့်သာ ရပ်တည်ခဲ့သည်ဟုဆိုသည်။ အပစ်ရပ်ရေးအတွက် တိုက်တွန်းခဲ့ပြီး ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် တရုတ်၏ ငြိမ်းချမ်းရေးမူ ၁၂ ချက်ကို အလေးပေးပြောဆိုခဲ့သည်ဟုဆိုသည်။ ပူတင်အနေဖြင့်လည်း တရုတ်၏ ငြိမ်းချမ်းရေးမူကို နွေးထွေးစွာ လက်ခံခဲ့ပြီး ယူကရိန်းနှင့် ဖြစ်နိုင်သမျှ ဆောလျှင်စွာ ငြိမ်းချမ်းရေးစကားပြောမည်ဟု ဂတိပြုခဲ့ကြောင်း ဆိုသည်။ ထုတ်ပြန်ချက်တွင်လည်း တရုတ်အနေဖြင့် UN ပဋိညာဉ်ကို ရပ်ခံထားပြီး နူလက်နက်များအသုံးမပြုရန် အချက်များကို ထပ်လောင်းထည့်သွင်းထားသည်။ သို့သော်လည်း ယခင်က နူကလီးယားလက်နက်အသုံးပြုမှုကို ဆန့်ကျင်သည့် ရှီ၏ထုတ်ပြန်ချက်များကိုတော့ ထပ်မံထည့်သွင်း ကိုးကားခဲ့ခြင်းမရှိပေ။
ရှီအနေဖြင့် သူ၏ မော်စကိုခရီးစဉ်အား အနောက်အုပ်စုမှ ဝေဖန်မှုကို ခုခံရန်အတွက် မော်စကိုခရီးစဉ်အပြီးတွင် ယူကရိန်းသမ္မတ ဇလန်စကီးနှင့်တွေ့ဆုံ စကားပြောမည်ဟု မျှော်လင့်ထားခဲ့သည်။ ဒီလုပ်ဆောင်ချက်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ခံမှုကိုရစေနိုင်ပြီး အနောက်အုပ်စုနိုင်ငံများအား တရုတ်နှင့်တင်းမာမှုကို ဖြေလျော့နိုင်လိမ့်မည်ဟု တွေးထားသည်။ တရုတ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ရှီ၏ ငြိမ်းချမ်းရေးဗိသုကာပြယုဂ်အနေဖြင့် မတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သော ဆော်ဒီအာရေဘီးယားနိုင်ငံနှင့် အီရီနိုင်ငံတို့အကြား သံတမန်ရေးပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးခဲ့သည့် သဘောတူညီချက်ကိုထောက်ပြခဲ့ကြသည်။
ရည်ရွယ်ချက်အစစ်အမှန်
သို့သော်လည်း ရှီ၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန်များကိုတော့ ဖုံးကွယ်ထားပါသည်။ ဘက်မလိုက်ရေးမူကို ကိုင်စွဲထားသော်လည်း ရှီအနေဖြင့် ရုရှား၏ကျူးကျော်မှုနှင့် ရုရှားစစ်သည်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ရန် ငြင်းဆန်ခဲ့ပါသည်။ တရုတ်တာဝန်ရှိသူများနှင့် မီဒီယာများက နေတိုးအဖွဲ့ချဲ့ထွင်လာခြင်းကြောင့် စစ်ဖြစ်ရသည်ဟူသော ရုရှား၏အာဘော်အတိုင်းလိုက်ကြသလို ပူးတွဲထုတ်ပြန်ချက်များတွင်လည်း ထိုအချက်ကို ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။ ထို့ပြင် နေတိုးအဖွဲ့၏ အာရှဒေသတွင်ပါဝင်လာမှုနှင့် ထိုင်ဝမ်ကိစ္စနှင့်ပတ်သက်ပြီး တရုတ်၏တိုက်ခိုက်ရန်ပြင်ဆင်နေမှုကို တန်ပြန်ရန် မိတ်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုကို ကန့်ကွက်ခဲ့ကြသည်။
ရှီ၏ရုရှားခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်နှင့် ကြေညာချက်များတွင်တော့ လက်နက်ထောက်ပံ့မှုနှင့် ပတ်သက်သည့် ကိစ္စမပါဝင်ပါ။ တရုတ်နိုင်ငံအနေဖြင့် ရုရှားအား လက်နက်မထောက်ပံ့လျှင်တောင်မှ၊ စစ်ရေးမဟုတ်သည့် အကူအညီများပေး၍ ရုရှားအား စစ်ကြာကြာတိုက်နိုင်ရန် ကူညီပေးနေလိမ့်မည်။ တရုတ်အနေဖြင့် အနောက်အုပ်စု၏ ရုရှားအား ပိတ်ဆို့နေမှုကို အတိုက်အခံလုပ်မနေသော်လည်း ရုရှားဆီမှ ရေနံနှင့်သဘာဝဓာတ်ငွေဝယ်ယူခြင်း၊ အီလက်ထရောနစ်ပစ္စည်းအပါအဝင် အခြားကုန်ပစ္စည်းများရောင်းချပေးခြင်းဖြင့် ရုရှားနိုင်ငံအား ကူညီပေးနေပါသည်။
တရုတ်၏ ငြိမ်းချမ်းရေးလိုလားမှုက အမှန်တကယ်လား?
တရုတ်၏ငြိမ်းချမ်းရေးအစီအစဉ်က ယူကရိန်းနှင့် အနောက်အုပ်စုအတွက်မဟုတ်ပါ။ ရုရှား၏စစ်တပ်များရုပ်သိမ်းရန်မပါဝင်ဘဲ အနောက်အုပ်စု၏ ပိတ်ဆို့မှုများရပ်တန့်ရန် ရှေ့နေလိုက်ပေးနေသည်။ အခြားနိုင်ငံတစ်ခု၏လုံခြုံရေးကို ပျက်ပြားစေပြီး မိမိ၏လုံခြုံရေးကိုမတည်ဆောက်ရန်၊ စစ်အုပ်စုချဲ့ထွင်ရေးမလုပ်ရန်ဟူသော ရုရှား၏အာဘော်ကို ထောက်ကန်ပေးထားသည်။ အမေရိကန်ဦးဆောင်သည့် “rules-based international order” ကို အစားထိုးမည့် တရုတ်၏ “Global Security Inititative” တွင်လည်း ထိုသဘောတရားများ ပါဝင်ပါသည်။
ရှီ၏ မူဝါဒများက တရုတ်ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင်လည်း မကျေလည်မှုများရှိပါသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်က ဆိုခဲ့သော အခြားနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကိုလေးစားရမည်ဟူသည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲလွဲနေသည်ဟု ဆိုကြသည်။ ရုရှားက ထိုမူဝါဒကို နူကလီးယားတိုက်ခိုက်မှုများဖြင့်ပင် ခြိမ်းခြောက်လျက်ရှိပါသည်။ ထိုအချက်က EU အား အမေရိကန်နှင့်အဆက်ဖြတ်ရန် လိုလားနေသည့် တရုတ်၏ ကြိုးပမ်းနေမှုများကို ပိုမိုခက်ခဲစေပါသည်။ တရုတ်မဟာဗျူဟာသမားများက ရုရှား၏ ခန့်မှန်းမရသော နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍအားနည်းမှုကိုလည်း ကောင်းကောင်းကြီး သတိထားမိပါသည်။ ရုရှားနိုင်ငံကို လက်နက်ထောက်ပံ့ခြင်းက ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်များဖြစ်သည့် အမေရိကန်နှင့် အီးယူတို့၏ ပိတ်ဆို့မှုများ ပိုဆိုးလာနိုင်ပြီး တရုတ်၏ စီးပွားရေးပြန်လည်ကုစားနေမှုကို ထိခိုက်စေနိုင်သည်။ တကယ့်စစ်အေးပုံစံသစ်ဖြစ်လာပါက ဒီ့ထက်ပိုပြီး ခက်ခဲပါလိမ့်မည်။
သို့သော်လည်း ရှီ၏ယုံကြည်ချက်က အမေရိန်ကန်နှင့် ရေရှည်ထိပ်တိုက်တွေ့နေခြင်းက ထိုင်ဝမ်စစ်ပွဲဖြစ်လာနိုင်သည်ဟူသော ယူဆချက်ပေါ်တွင် အခြေခံထားပါသည်။ ထိုသို့ဖြစ်လာလျှင် ရုရှားသည် တရုတ်အတွက် ပစ်ပယ်၍မရနိုင်သော စွမ်းအင်အရင်းအမြစ်၊ စစ်ဘက်နည်းပညာနှင့် သံတမန်ရေးပံ့ပိုးမှုတစ်ခု အနေဖြင့်ရှိနေပါမည်။ ရုရှား၏ ယူကရိန်းပဋိပက္ခတွင် ရှုံးနိမ့်ခြင်းက အမေရိကန်နှင့် မိတ်ဖက်အုပ်စုကို ဩဇာမြှင့်တင်ပေးသလိုဖြစ်မည်။ ပူတင်အာဏာလျော့ကျလျှင်လည်း တရုတ်နှင့် မြောက်ဘက်နယ်စပ်ပြဿနာက ပိုဆိုးလာနိုင်ပါသည်။ အဆိုးဆုံးကတော့ ပူတင်နေရာတွင် အနောက်လိုလားသည့် ခေါင်းဆောင်တစ်ဦးတက်လာမည့်ကိစ္စဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ရုရှားအနေဖြင့် တရုတ်အား ဝိုင်းပတ်ပိတ်ဆို့ရာတွင် ပါဝင်လာနိုင်ပါသည်။ ၁၉၇၀ ပြည့်နှစ်လွန်နှစ်များက တရုတ်၏မဟာဗျူဟာပြောင်းလဲခဲ့သလို ရုရှားလည်း ပြောင်းလဲ လာနိုင်ပါသည်။
ထိုသို့ဖြစ်လာလျှင် တရုတ်အတွက် အိမ်မက်ဆိုးတစ်ခုပင်ဖြစ်သည်ဟု Nanyan Technological University က တရုတ်ကျွမ်းကျင်သူ Li Mingjiang ကဆိုသည်။ ရှီ၏ အမြင်တွင် အမေရိကန်သည် တရုတ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေပြီး တရုတ်နိုင်ငံဘက်မှ အခြားသော အင်အားကြီးနိုင်ငံ မရှိဟု မြင်သည်။ “ရုရှားက သူ့ရဲ့ထွက်ပေါက်ပဲလေ။ စစ်အေးကာလတုန်းကလည်း မော်က ဆိုဗီယက်ကို တရုတ်ရဲ့ ရန်သူနံပါတ် ၁ လို့မြင်ခဲ့ပြီး အမေရိကန်နဲ့ ပြန်ပြောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ” ဟု သူက ဆိုသည်။
ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ၏ ပုဂ္ဂိုလ်ရေးဆက်နွယ်မှုများ
ရှီ၏ မဟာဗျူဟာဆုံးဖြတ်ချက်များကို ရုရှားနှင့် ပုဂ္ဂိုလ်ရေးဆက်နွယ်မှုများကလည်း ပိုမိုခိုင်မာစေသည်။ ရှီ၏အဖေ Xi Zhongxun က ၁၉၅၀ ပြည့်နှစ်လွန်ကာလများက တရုတ်စက်ရုံများတည်ဆောက်ရန် ကူညီပေးသည့် ဆိုဗီယက် ကျွမ်းကျင်သူများကို ကြီးကြပ်ခဲ့ရသည်။ ၁၉၅၉ ခုနှစ်တွင် Xi Zhongxun က မော်စကိုသို့ အလည်သွားခဲ့ပြီး သူ၏ ၆ နှစ်သာရှိသေးသည့် သားဖြစ်သူ ရှီပျော်ရွှင်စေဖို့အတွက် ဆိုဗီယက်လုပ် ကစားစရာများဝယ်၍ ပြန်လာခဲ့သည်။
ရှီ၏ ရုရှားအပေါ်စိတ်ဝင်စားမှုက ၎င်းအသက် ၁၅ နှစ် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း အစွန်အဖျားဒေသများတွင် တာဝန်ပေးအပ်ခံခဲ့ရသည့်အချိန်ကစ၍ နက်ရှိုင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်စစ်ပွဲများကို အခြေတည်ထားသည့် လီနင်၏ လက်ရာကောင်းတစ်ပုဒ်ဖြစ်သော “စစ်နှင့်ငြိမ်းချမ်းရေး” (War and Peace) စာအုပ်နှင့် ဂျာမန်တွေကိုတိုက်ခိုက်ပြီး ဗော်ရှီဗစ် ဆိုဗီယက်နိုင်ငံသားတစ်ဦးဖြစ်လာသည့် လူတစ်ဦးအကြောင်းကို ရေးသားထားသော “How the Steel was Tempered” ဟူသည့်စာအုပ်များက ထင်ရှားနေဆဲဖြစ်သည်။
ရုရှားအပေါ်အကောင်းမြင်စိတ်ရှိသူများက ရှီတစ်ဦးတည်းမဟုတ်ပါ။ ၁၉၈၉ ခုနှစ် တန်အန်မန်အရေးအခင်းတွင် ဒီမိုကရေစီအရေးဆန္ဒပြခဲ့သူများကို နှိမ်နင်းမှုအပြီး အမေရိကန်မှ လက်နက်ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် ရုရှားနှင့် ပိုမိုရင်းနှီးခဲ့ကြသော စီနီယာစစ်ဘက်အရာရှိများလည်း ပါဝင်ပါသည်။ ထို့နောက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်ဆယ်မီလီယံတန်ဖိုးရှိသည့် ရုရှားလုပ်လက်နက်များကို တယ်ယူခဲ့ကြပါသည်။
ရှီအာဏာရလာသည့် ၂၀၁၂ ခုနှစ်မတိုင်မီ (၂၀၀၇ ဘဏ္ဍရေးပျက်ကပ်ပြီးနောက်) တွင်လည်း အနောက်နှင့်အဆင်မပြေဘဲ လက်ဝဲဆန်သည့် ပညာရှင်များနှင့် ကွန်မြူနစ်ပါတီအကြီးအကဲများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ ရုရုားတွင် ပူတင်ဩဇာမြင့်တက်လာပြီးနောက်တွင်လည်း တရုတ်ခေါင်းဆောင်များက ရုရှားအား အလားအလာရှိသော မိတ်ဘက်အဖြစ်ရှုမြင်ခဲ့ပြီး စတာလင်လက်ထက်က ပြဿနာရပ်များကြောင့် ဆိုဗီယက်ပြိုကွဲခဲ့ရသည်ဟု ကောက်ချက်ဆွဲကြသည့် သမိုင်းဆရာများကို မေးခွန်းထုတ်ခဲ့ကြသည်။ သူတို့က ဂိုဘာချောဖ့်နှင့် သူ၏ ဖြေလျော့ရေးအစီအစဉ်များကို အပြစ်တင်ခဲ့ကြသည်။
ရှီကျင့်ဖျင် သမ္မတဖြစ်လာသည့်အချိန်တွင် သူနှင့် သူ၏အတိုင်ပင်ခံများက ရုရှားနိုင်ငံအား ပိုမို ရင်းနှီးသောမိတ်ဖက်အဖြစ် ရှုမြင်ပြီးဖြစ်နေပါသည်။ ရှီက ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ရုရှားနိုင်ငံကိုရွေးချယ်ခဲ့ပြီး နှစ်နိုင်ငံပေါင်း၍ အနောက်ကို ဆန့်ကျင်ရမည်ဟူ၍ စောင်းပါးရိပ်ခြည်ပြောထားခဲ့ဖူးသည်။ “ငါတို့နှစ်နိုင်ငံက စရိုက်လက္ခဏာချင်း တူညီကြတယ်” ဟု ရှီကဆိုသည်။ ထိုအချိန်ကစပြီး ရှီအနေဖြင့် ပူတင်နှင့် အကြိမ် ၄၀ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီမကောင်းကြောင်းနှင့် အမေရိကန်၏ ဝိုင်းပတ်ပိတ်ဆို့မှုကို စိုးရိမ်ကြောင်းများပါဝင်သည့် ဆွေးနွေးမှုများ ပြုခဲ့ကြဟန်တူသည်။ (ဆက်ရန်)

Myanmar Aspect
17051223