Sunday, September 10, 2023

တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ဆင်းရဲသည့်နိုင်ငံများအပေါ် ပိုမိုသက်ရောက်မှုရှိနေခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယခင်က တရုတ်နိုင်ငံ၏ အကျပ်ကိုင်ဖိအားပေးသော နည်းဗျူဟာများသည် အောင်မြင်မှုမရှိဟုဆိုခဲ့ကြသော်လည်း ယခုအခါ ၎င်း၏ အကျပ်ကိုင်မှုနည်းလမ်းများသည် ချမ်းသာသည့်နိုင်ငံများထက် ဆင်းရဲသည့်နိုင်ငံများအပေါ်တွင် သက်ရောက်မှုဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သုတေသနပြုတွေ့ရှိချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ အခြားနိုင်ငံများအပေါ် အကျပ်ကိုင်မှု ပြုလုပ်ခဲ့ခြင်းများအား လေ့လာသုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအရ အကျပ်ကိုင်မှုများကိုသာ လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းနှင့် သဘောထား ကိုက်ညီမှုမရှိသည့်နိုင်ငံများအား စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ အထူးသဖြင့် သြစတြေးလျမှ တင်သွင်းသည့် ဝိုင်များ၊ နော်ဝေနိုင်ငံမှ ဆော်လမွန်ငါးတင်သွင်းမှုများနှင့် တောင်ကိုရီးယားခရီးသွားလုပ်ငန်းတို့အား ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤကန့်သတ်ချက်များသည် အဆိုပါနိုင်ငံများ၏ ကုမ္ပဏီများနှင့် စီးပွားရေးကဏ္ဍများအား အချိန်ကာလတစ်ခုအထိသာ ထိခိုက်မှုရှိစေသော်လည်း ယင်းနိုင်ငံများ၏ မူဝါဒများ၊ သို့မဟုတ် ရပ်တည်ချက်များကို ထိရောက်စွာ ပြောင်းလဲ နိုင်ခဲ့ခြင်းမရှိဟု ကောက်ချက်ချခဲ့ကြကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံပေါင်း ၈၂ နိုင်ငံအား လေ့လာ သုံးသပ်မှုများ ပြုလုပ်ထားသော Doublethink Lab ၏ ၂၀၂၂ ခုနှစ် China Index စစ်တမ်းသစ်အရ တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုထိရောက်မှုရှိလာသည်ကို တွေ့ရပါသည်။ အခြားနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးနိုင်မှု အဆင့် သတ်မှတ်ချက်အား တရုတ်နိုင်ငံ၏ နိုင်ငံခြားဩဇာလွှမ်းမိုးမှု မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်သူများကော်မတီမှ တီထွင်ထားသည့် အညွှန်းကိန်း ၉၉ ခုဖြင့် အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး တွက်ချက်ရာတွင် “ထိတွေ့မှု၊ ဖိအားနှင့် အကျိုးသက်ရောက်မှု” ဟူသော အုပ်စု ၃ ခုခွဲ၍ လေ့လာထားခြင်းဖြစ်ပါသည်။ “ထိတွေ့မှု” သည် ကုန်သွယ်ရေး မှီခိုမှုမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးနိုင်မှုအား ဆန်းစစ်ခြင်းဖြစ်ပြီး၊ “ဖိအား”သည် သံတမန်ရေးအရ တရုတ်နိုင်ငံ၏ အကျပ်ကိုင်နိုင်မှုအား ဆန်းစစ်ခြင်းဖြစ်ကာ၊ “အကျိုး သက်ရောက်မှု”သည် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် မည်မျှ အရေးပါမှုအား ဆန်းစစ်ခြင်းဖြစ်ပါသည်။ အမျိုးအစားတစ်ခုစီမှ စုစုပေါင်းရမှတ်များဖြင့် အဆင့်သတ်မှတ်ချက်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ခုစီအလိုက် တွက်ချက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဖိအားနှင့် အကျိုးသက်ရောက်မှုအကြား ဆက်နွှယ်မှု၏ အဓိကသော့ချက်မှာ နိုင်ငံတစ်ခု၏ ကြွယ်ဝမှုအတိုင်းအတာ(တစ်ဦးချင်း GDP)ကို ထိန်းချုပ်ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ တစ်ဦးချင်း GDP ကို ထိန်းချုပ်နိုင်သည့်အခါ တရုတ်နိုင်ငံ၏ ဖိအားသည် ပိုမိုသက်ရောက်မှုရှိနေပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံများအပေါ်တွင် ဖိအားလျော့နည်း သည်ကို တွေ့ရပါသည်။ ချမ်းသာသောနိုင်ငံများသည် တရုတ်နိုင်ငံ၏ ဖိအားပေး ခံရနိုင်ခြေအများဆုံးဖြစ်သော်လည်း တရုတ်နိုင်ငံမှ လိုလားသည့်မူဝါဒ၊ ရလဒ်များ ထွက်ပေါ်လာအောင် ပြုလုပ်နိုင်ခြေအနည်းဆုံးဖြစ်နေသည်ကို တွေ့ရကြောင်း ဖော်ပြ ထားပါသည်။
ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသည် ဆင်းရဲသည့်နိုင်ငံများအား မကြာခဏဖိအားပေးမှုမပြုလုပ်ရခြင်းမှာ ထိုသို့ဖိအားပေးရန် မလိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ တစ်နည်းဆိုသော် ထိုနိုင်ငံများသည်ဖိအားပေးရန်မလိုအပ်ဘဲ တရုတ်နိုင်ငံ၏ အလိုကိုလိုက်နေရပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံး အချုပ်အခြာအာဏာပိုင် ငွေချေးသူဖြစ်နေခြင်းကြောင့်ဖြစ်ပြီး အဆိုပါနိုင်ငံ အများစုသည် မကြာမီတွင် တရုတ်နိုင်ငံ၏ အကြွေးပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် တရုတ်နိုင်ငံ၏ Belt and Road Initiative ၊ သို့မဟုတ် Global Development Initiative မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိခဲ့ခြင်းကြောင့် ၎င်းတို့အား အထောက်အကူပေးလျက်ရှိသည့် တရုတ်နိုင်ငံ၏မူဝါဒကို လိုက်နာရမည့် အခြေအနေဖြစ်ပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါလူမျိုးများအရေးအား ဆွေးနွေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဆိုပြုသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အဆိုပါအဆိုပြုချက်အား ထောက်ခံမှုမပြုလုပ်ခဲ့ကြပါ။ သို့သော်လည်း CSIS ၏ သုသေတနပြုချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှ မွန်ဂိုလီးယားနှင့် ဖိလစ်ပိုင် နိုင်ငံတို့သာ တရုတ်နိုင်ငံနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေကို တည်ဆောက် နိုင်ပြီး အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တရုတ်နိုင်ငံက အပြတ်အသတ် အနိုင်ရ နေကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံတစ်ခု၏ တစ်ဦးချင်း GDP မြင့်မားခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားကို အဓိကနည်းလမ်းနှစ်ခုဖြင့် သက်သာအောင် လုပ်ဆောင် နိုင်သည်ဟု ဆိုသည်။ ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် ၎င်းအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ မှာယူသည့် နိုင်ငံများအပေါ်တွင် ယေဘုယျအားဖြင့် ဖိအားသုံးစွဲမှု နည်းပါးပါသည်။ သို့သော်လည်း တရုတ်နိုင်ငံသည် အစားထိုးနိုင်သော ကုန်ကြမ်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများတင်သွင်းသည့် မွန်ဂိုလီးယားနိုင်ငံကို အရေးပါသော နည်းပညာများပံ့ပိုးပေးသည့် အမေရိကန်နိုင်ငံထက် ပိုမိုလွှမ်းမိုးနိုင်ပါသည်။ ဒုတိယနည်းလမ်းမှာ တစ်ဦးချင်း GDP သည် ဒီမိုကရေစီနှင့် အကျင့်ပျက်ခြစားမှု နည်းပါးခြင်းတို့နှင့် ဆက်စပ်နေခြင်းကြောင့် လစ်ဘရယ်ဒီမိုကရေစီ လမ်းကြောင်းတွင် ရပ်တည်၍ အမှီအခိုကင်းသော မီဒီယာပိုင်ဆိုင်သည့် နိုင်ငံများတွင် ပြည်သူများက တရုတ်နိုင်ငံ၏ ဖိအားများကို ပွင့်လင်းစွာ ဝေဖန်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရေရှည်ရည်မှန်းချက်များကို ထိခိုက်စေပါသည်။ ထိုကိစ္စမျိုးကို တောင်ကိုရီးယား နိုင်ငံ၏ THAAD မစ်ဇိုင်းများနေရာချထားမှုတွင် တွေ့မြင်နိုင်ပါသည်။ အာဏာရှင် နိုင်ငံများတွင်မူ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး မပြေလည်မည်စိုးသောကြောင့် နိုင်ငံပိုင် မီဒီယာကို ထိန်းချုပ်အကျပ်ကိုင်မှုပြုလုပ်၍ သတင်းဖော်ပြမှု ဆောင်ရွက်ကြခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် လွတ်လွတ်လပ်လပ် ဖိအားပေးပိုင်ခွင့် ရှိသကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် လွတ်လပ်သည့် မီဒီယာများထားရှိခြင်းသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုများအား ဆန့်ကျင်သည့် အတားအဆီးတစ်ခုဖြစ်နေပါသည်။ Australian Strategic Policy Institute (ASPI)မှ စုဆောင်းရရှိထားသော အချက်အလက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုမ္ပဏီများ၏ ၈၂.၇ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုကိုရင်ဆိုင်ရာတွင် တောင်းပန်ခြင်း၊ လမ်းညွှန်ချက်များကို လိုက်နာခြင်း၊ သို့မဟုတ် ယင်းနှစ်ခုလုံးကို လိုက်နာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
နိဂုံးချုပ်အနေဖြင့် CSIS၊ သို့မဟုတ် European Parliamentary Research Service ကဲ့သို့သော အဖွဲ့များသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုကို တန်ပြန်ဆောင်ရွက် နိုင်ရန် အလားအလာရှိသော မဟာဗျူဟာများကို ဖော်ထုတ်ထားပါသည်။ သို့သော်လည်းတရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ထိရောက်မှုမရှိဟု ယူဆခဲ့ခြင်းကြောင့် အသုံးချမှု နည်းခဲ့ကြပါသည်။ ယခုအခါ တရုတ်နိုင်ငံ၏ ဖိအားများက ဆင်းရဲသည့် နိုင်ငံငယ်များ အပေါ် ပိုမိုသက်ရောက်မှုရှိလာသည်ကို တွေ့ရှိရသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ပျမ်းမျှ ဝင်ငွေနည်းပါးသောနိုင်ငံများကို ကိုယ်စားပြုသည့် မူဝါဒချမှတ်သူများသည် တရုတ် နိုင်ငံ၏ ဖိအားပေးမှုကို လျှော့ချနိုင်ရန် မဟာဗျူဟာများ ရေးဆွဲရာတွင် တက်ကြွစွာ ဆောင်ရွက်သင့်ပြီး ထိရောက်သော မူဘောင်တစ်ခုအား ဥပဒေပြုအမတ်များက အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် ၎င်း၏ဩဇာလွှမ်းမှုကို အခံရဆုံးနိုင်ငံများသည့် ဆင်းရဲသည့် နိုင်ငံများဖြစ်နေပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အလိုသို့ လိုက်စေရန် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ၊ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုနည်းလမ်းများအား အသုံးချ ဆောင်ရွက်လျက်ရှိသည်ကို သုတေသနစစ်တမ်းပြု၍ ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အနိုင်ကျင့်မှုကို မခံရစေရန် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် တန်ပြန်မှုပြုလုပ်နိုင်မည့် အစီအစဉ်များ၊ ဥပဒေပြဋ္ဌာန်းချက်များ ဆောင်ရွက်ရန် တိုက်တွန်းရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးမှာ အနောက်အုပ်စု၏ သဘောထားဖြစ်သော်လည်း အချက်အလက်အခြေပြု သုတေသန စစ်တမ်းများဖြင့် ကိုးကားရေးသားထားခြင်းဖြစ်ပါသည်။
ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ပင် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ မူဝါဒ များကို အကောင်အထည်ဖော်ရန် ဒေသတွင်းနိုင်ငံများအား အကျပ်ကိုင်ခြိမ်းခြောက်သည့် နည်းလမ်းများဖြင့် ဖိအားပေးမှုများမြင့်တက်လာခြင်းကို မကြာသေးမီက ဖိလစ်ပိုင် နိုင်ငံ၏ ထောက်ပံ့ရေးရေယာဉ်များအား ရေအမြောက်ဖြင့် ထိုးခဲ့သည့် ကိစ္စမျိုးတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စရပ်များသည် အားကြီးသည့် နိုင်ငံများက အားနည်းသည့်နိုင်ငံများအား ကျင့်သုံးလေ့ရှိသည့် အလေ့အထဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့်မူ အမေရိကန်နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် Peaceful Development ဟု ကြွေးကြော်ထားခြင်းဖြစ်သောကြောင့် ၎င်း၏ကြွေးကြော်ထားသည့် မူဝါဒများမှ သွေဖည် လာသည်ကိုလည်း တွေ့ရှိနေရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် လွှမ်းမိုးမှုရှိနေသည့် နိုင်ငံငယ်များအနေဖြင့် တရုတ်နိုင်ငံ၏ အပျော့/အမာ နည်းလမ်း များကို စောင့်ကြည့်ကာ အခြားသောအင်အားကြီး၊ အင်အားအလယ်အလတ်နိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်၍ အင်အားချိန်ခွင်လျှာညှိခြင်း (Balance of Power) တည်ဆောက်ထားနိုင်မည့် နည်းလမ်းများကိုအသုံးပြုခြင်းဖြင့် နိုင်ငံကြီးများ၏ တစ်ဖက်သတ်အကျပ်ကိုင်မှု မခံရ စေရေးဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
104091123

[1]။ Caleb Harding,“China’s Coercion Is Most Effective Against Poorer Countries”. The Diplomat. 2 September 2023 [https:// thediplomat.com/ 2023/ 09/ chinas-coercion-is-most-effective-against-poorer-countries/]-accessed on 4 September 2023.