Thursday, November 23, 2023

အရှေ့တောင်အာရှမှ အကြမ်းဖက်အုပ်စုများအနေဖြင့် အစ္စရေး-ဟားမက်စ်စစ်ပွဲကို အသုံးချလာနိုင်သည့် အခြေအနေ

 


နိဒါန်း
အရှေ့တောင်အာရှနိုင်ငံအချို့မှ အကြမ်းဖက်အုပ်စုများသည် ၎င်းတို့၏ အကျိုး စီးပွားအတွက် အစ္စရေး-ဟားမက်စ်စစ်ပွဲကို အသုံးချလာနိုင်သည့် အလားအလာများနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ကြုံတွေ့လာနိုင်သည့် အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်နိုင်မှု အလားအလာများကိုသုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ကာလကြာရှည်စွာဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမက်စ်စစ်ပွဲအတွင်း အကြမ်းဖက် လူသစ်စုဆောင်းမှု၊ အစွန်းရောက်ဝါဒဖြန့်ဝေမှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများသည် အရှေ့တောင်အာရှနိုင်ငံအချို့တွင် အပြုသဘောမဆောင်သည့် အကျိုးဆက်များရှိလာ နိုင်ပါသည်။ အောက်တိုဘာလ ၇ ရက် နေ့မှစတင်ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေး-ဟားမက်စ် လက်နက် ကိုင်ပဋိပက္ခသည် ယခုအချိန်တွင် ၂ လခန့် ကြာမြင့်လာပြီဖြစ်ပါသည်။ အမေရိကန် အခြေစိုက် အကြမ်းဖက်ဝါဒဆိုင်ရာ လေ့လာသုတေသနပြုစုမှုအဖွဲ့ (Terrorism Research and Analysis Consortium -TRAC) ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Veryan Khan ၏ ပြောကြားချက်အရ ဂျီဟတ်ဝါဒီအုပ်စုများသည် အစ္စရေး-ဟားမက်စ်စစ်ပွဲကို ပိုမိုအရှိန်မြင့် လာစေရန် ကြေညာချက်များထုတ်ပြန်ခြင်း၊ ပိုစတာများနှင့် ဗီဒီယိုများအသုံးပြု၍ ဝါဒဖြန့်ချိရေးလုပ်ငန်းများကို ပြုလုပ်ခဲ့ကြသည်။ Veryan Khan ၏ အဆိုအရ Islamic State (IS) အဖွဲ့အနေဖြင့် ၎င်းတို့နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ တူညီမှုမရှိသည့် ဟားမက်စ်အဖွဲ့ကို ထောက်ခံမှုမရှိဟု ယူဆရပါသည်။ သို့ရာတွင် Al-Qaida အဖွဲ့ခွဲများသည် ဟားမက်စ်အဖွဲ့ကို ထောက်ခံခဲ့ကြပြီး IS အဖွဲ့ကမူ ပါလက်စတိုင်း ပြည်သူများကို ထောက်ခံ၍ အနောက်အုပ်စု၏ အကျိုးစီးပွားကိုပစ်မှတ်ထားတိုက်ခိုက်ရန် တစ်ကိုယ်တော်အကြမ်းဖက်သမားများ (Lone-Wolf Supporters) ကို တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။
အစ္စရေး-ဟားမက်စ်ပဋိပက္ခ ကာလရှည်ကြာ ဆက်လက်ဖြစ်ပွားနေပါက အကြမ်းဖက်အဖွဲ့များသည် ဤအခြေအနေကို အခွင့်ကောင်း ယူလာနိုင်ပါသည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့်အတိုင်း အရပ်သားများနှင့် ကလေးငယ်များ သေဆုံးမှုကိုအသုံးချကာ ဂျီဟတ်ဝါဒီများ ဆူပူအုံကြွမှု ဖြစ်ပေါ်လာနိုင်ပါသည်။ International Crisis Group မှ ဖိလစ်ပိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ Georgi Engelbrecht ၏ ပြောကြားချက်အရ ပဋိပက္ခများ အချိန်ကြာလာသည်နှင့်အမျှ လူထုအပေါ် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ ရှိလာနိုင်ပါသည်။ ထို့အပြင် ပဋိပက္ခများ အကြား လမ်းပျောက်နေသော လူငယ်များအနေဖြင့် မကောင်းသည့်ဘက်သို့ ထွက်ပေါက် ရှာလာနိုင်သည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံမှ အကြမ်းဖက်ဝါဒရေးရာကျွမ်းကျင်သူ ဒေါက်တာ Noor Huda Ismail က အစ္စရေး-ဟားမက်စ်စစ်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ၏ လုံခြုံရေး အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ပြောကြားခဲ့ပြီး အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံသားများအား အစွန်းရောက်ဆူပူအုံကြွမှုများဖြစ်အောင် လှုံ့ဆော်ပြီး အင်ဒိုနီးရှား ပြည်တွင်းလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည်ဟု ဆိုပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားအာဏာပိုင်များ အနေဖြင့် အစွန်းရောက်ဆန့်ကျင်ရေး ကြိုးပမ်းမှုများ၊ ရပ်ရွာလူထု ပူးပေါင်းဆောင်ရွက်မှု များနှင့် ထောက်လှမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအပြင် နယ်စပ်ထိန်းချုပ်မှုများပြုလုပ်ပြီး နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
Chasseur Group တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ Munira က ဟားမက်စ်အဖွဲ့အားထောက်ခံသည့် အကြမ်းဖက်အဖွဲ့များသည် မလေးရှားနိုင်ငံရှိ အနောက်အုပ်စုများ၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေပါသည်။ မကြာမီအချိန်အတွင်းမလေးရှားနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးကို ကျူးကျော်ဝင်ရောက်ဖွယ်ရှိပြီး ကြိုတင်အစီအမံများ ပြုလုပ်ထားရန် ဘဏ္ဍာရေးအဖွဲ့အစည်းများကို အကြံပြုထားပါသည်။ အရှေ့တောင်အာရှနိုင်ငံများရှိ အကြမ်းဖက်အုပ်စုများအား ကြီးစိုးလျက်ရှိသည့် Al-Qaida နှင့် IS ကဲ့သို့ နိုင်ငံတကာအကြမ်းဖက်အုပ်စုများတွင် ကွဲပြားသော အယူဝါဒ များရှိပါသည်။ ဖိလစ်ပိုင်တောင်ပိုင်းတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့များ သည် Al-Qaida၊ သို့မဟုတ် IS အဖွဲ့အား သစ္စာခံသည့် အဖွဲ့များဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မူဝါဒရေးရာ ကျွမ်းကျင်သူများက ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ထောက်ခံသူများသည် ဟားမက်စ်အဖွဲ့ဘက်သို့ ပြောင်းလဲနိုင်သည်ဟု သုံးသပ်ကြသည်။ သို့ရာတွင် အစွန်းရောက်အုပ်စုများကြား ဆက်ဆံရေးမည်သို့ပြောင်းလဲနိုင်သည်ကို ခန့်မှန်းရန်ခက်ခဲပါသည်။ ဂျီဟတ်ဝါဒီအဖွဲ့များ၏ ဆက်ဆံရေးသည် ရှုပ်ထွေးပြီး ၎င်းတို့၏အတွေးအခေါ် ကွဲပြားမှု၊ ဒေသဆိုင်ရာ အခြေအနေများနှင့် ခေါင်းဆောင် အပြောင်းအလဲများအပေါ် မူတည်လျက်ရှိပါသည်။
Engelbrecht က ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုစစ်သွေးကြွ အုပ်စုများအား ထောက်ခံအားပေးသူများသည် အယူဝါဒကွဲပြားမှုများအပေါ် အာရုံစိုက်မှုနည်းပါးပြီး ယေဘုယျအခြေအနေများနှင့် သတင်းအချက်အလက်များအပေါ် ပိုမိုအာရုံစိုက်ကြပါသည်။ ၎င်းတို့သည် ဟားမက်စ်အဖွဲ့ကို လူမျိုးစု-အမျိုးသားရေး လှုပ်ရှားမှုတစ်ခု အဖြစ်ယူဆကြပါသည်။ သို့ရာတွင် သတင်းအများစုသည် ပြည်ပသတင်းအရင်း အမြစ်များမှ ဖြစ်သောကြောင့် လူအနည်းငယ်သာ အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံရေး အခြေအနေ အသေးစိတ်ကို ကောင်းစွာသိရှိကြပါသည်။ ထို့ကြောင့် ဖိလစ်ပိုင်တောင်ပိုင်း Bangsamoro ဒေသတွင် ပြဿနာဖြစ်နေသော အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များက ပိုမိုအရေးကြီးနေပါသည်။ ၂၀၁၇ ခုနှစ် မတိုင်မီကာလက IS အဖွဲ့အား ထောက်ခံအားပေးခဲ့သူ အများအပြားရှိခဲ့သော်လည်း ယခုအချိန်တွင် အခြေအနေများ ပြောင်းလဲလျက်ရှိပါသည်။ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ IS အဖွဲ့ဝင်များသည် Caliphate မြို့ တည်ဆောက်ရေးကိုသာ အလေးထား ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ဟားမက်စ်၏အယူဝါဒသည် အမျိုးသားရေးဝါဒနှင့် အီဂျစ်နိုင်ငံရှိ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့၏ နိုင်ငံရေး-အစ္စလမ်ဘာသာ ပေါင်းစပ်မှုဖြစ်ပါသည်။ ထို့ကြောင့် ပြည်ပ ထောက်ခံသူများအနေဖြင့် ၎င်းတို့ IS အဖွဲ့အား ပူးပေါင်းခဲ့သည့် နည်းလမ်းအတိုင်း ဟားမက်စ်အဖွဲ့နှင့် ပူးပေါင်းရန်မဖြစ်နိုင်ဟု ယူဆနိုင်ပါသည်။
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ထောင်ပေါင်းများစွာသော နိုင်ငံသားများသည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ IS အကြမ်းဖက်အဖွဲ့အတွက် တိုက်ခိုက်ပေးရန် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက် ခဲ့ကြပါသည်။ ယခုအချိန်တွင်မူ ဖိလစ်ပိုင်နိုင်ငံသားများသည် ဟားမက်စ်အဖွဲ့အတွက် အစ္စရေးကိုတိုက်ခိုက်ရန် ပါလက်စတိုင်းသို့ သွားရောက်နိုင်မည် မဟုတ်ပါ။ ဖိလစ်ပိုင်နိုင်ငံသားများသည် ၎င်းပဋိပက္ခတွင် တိုက်ရိုက်ပါဝင်တိုက်ခိုက်ခြင်းထက် NGO လုပ်ငန်းများနှင့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များတွင်သာ ပါဝင်လိုကြပါသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်နှင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ပါလက်စတိုင်းများ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရပြီး ပါလက်စတိုင်းဒုက္ခသည်များကို ခေါ်ယူရန် နိုင်ငံတကာမှ တောင်းဆိုခဲ့ကြပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင်းသို့ ဒုက္ခသည်များ ရွှေ့ပြောင်းနေထိုင်မှု ဖြစ်ပေါ်လာ နိုင်ပါသည်။ ဤသို့ ဒုက္ခသည်များ ရွှေ့ပြောင်းလာမှုသည် လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများတွင် သက်ရောက်မှုရှိနိုင်ပြီး အဆိုပါပြဿနာများကို ဖြေရှင်းရန် အတွက် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုများတွင် ပဋိပက္ခများ၏မူလဇာစ်မြစ်ကို ဖြေရှင်းခြင်း၊ လူသားချင်း စာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးခြင်းနှင့် နိုင်ငံအတွင်း ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးများကို ထိရောက်စွာ စီမံခန့်ခွဲရန် အစီအမံများ ပါဝင်ပါသည်။
Moro Islamic Liberation Front (MILF)မှ ခေါင်းဆောင်များသည် ဤအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာပြီး ဆွေးနွေးပွဲများတွင် BARMM အား ကူညီကြပါသည်။ ယခုအချိန်တွင် အစ္စရေးသံရုံးဝန်းအပြင်ဘက်တွင် ပါလက်စတိုင်းအား ထောက်ခံသည့် ဆန္ဒပြပွဲများကိုတွေ့ရှိရပြီး ဤဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား အကြမ်းဖက်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲမှုများ မြင့်တက်လျက်ပါသည်။ သို့ရာတွင် ဖိလစ်ပိုင်တောင်ပိုင်း Bangsamoro ဒေသရှိ ဤဆန္ဒပြမှုများ သည် အကြမ်းဖက်မှုအဖြစ်သို့ ယခုအချိန်ထိပြောင်းလဲသွားခြင်း မရှိသေးသည်ကိုတွေ့ရသည်။ ၎င်းတို့သည် ဖိလစ်ပိုင်နှင့် ဂါဇာ/ဟားမက်စ်တို့ကြား တစ်ခုတည်းသော ဆက်သွယ်မှု သာဖြစ်ပြီး မိုရိုစစ်သွေးကြွများအနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးနှင့် လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများတွင် ဂါဇာကမ်းမြောင်ဒေသ အခြေအနေအပေါ် အသုံးချခြင်း ရှိ/ မရှိကိုမသိရှိရသေးပါ။
မလေးရှားနိုင်ငံတွင် အစိုးရသည် ပါလက်စတိုင်းကို ထောက်ခံကြောင်း ဖော်ပြပြီး အမေရိကန်နှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ဟားမက်စ်အဖွဲ့အား ရှုတ်ချရန် ငြင်းဆိုခဲ့ပါသည်။ အမေရိကန်အနေဖြင့် မလေးရှား နိုင်ငံအား ပိတ်ဆို့အရေးယူမှုများပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော အခြေအနေကို ခန့်မှန်းရန် ခက်ခဲပါသည်။ မလေးရှားနိုင်ငံသည် ပါလက်စတိုင်းအား အကူအညီများ ပေးအပ်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိပါသည်။ မလေးရှားနိုင်ငံသည် ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ နှစ်ခုစလုံးတွင် အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာမိတ်ဖက်ဖြစ်နေသောကြောင့် အမေရိကန်နိုင်ငံအနေဖြင့် ရှောင်ရှားနိုင်ဖွယ်ရှိပါသည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဟားမက်စ်အဖွဲ့အား ကူညီပံ့ပိုး မည်ဆိုပါက အမေရိကန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြပါသည်။
တွေ့ရှိသုံးသပ်ချက်
အစ္စရေး-ဟားမက်စ်စစ်ပွဲအတွင်း အကြမ်းဖက်လူသစ်စုဆောင်းမှု၊ အစွန်းရောက် ဝါဒဖြန့်မှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများသည် အရှေ့တောင်အာရှနိုင်ငံအချို့တွင် အပြုသဘောမဆောင်သည့် အကျိုးဆက်များ ရှိလာနိုင်သည်ကို ကျွမ်းကျင်သူအချို့က သတိပေး ပြောကြားနေကြပါသည်။ သို့သော်လည်း IS အဖွဲ့နှင့် Al Quida အဖွဲ့မှ ဂျီဟတ်ဝါဒီများ၏ အတွေးအခေါ်အယူအဆမှာ ယခုဟားမတ်စ်များ၏ အတွေး အခေါ်နှင့်မတူညီသောကြောင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာ နိုင်ရန် ခက်ခဲလိမ့်မည်ဟု သုံးသပ်ကြပါသည်။ သို့သော်လည်း စစ်ပွဲနှင့် ပဋိပက္ခများ ရှည်ကြာမည်ဆိုပါက အရှေ့တောင်အာရှမှ အကြမ်းဖက်အဖွဲ့များအနေဖြင့် ဒေသ တွင်းရှိ အမေရိကန်နှင့် အနောက်အုပ်စု၏ အကျိုးစီးပွားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများရှိလာနိုင်ပြီး ၎င်းတို့၏ လူသစ်စုဆောင်းမှုတွင်လည်း အတိုင်းအတာ တစ်ခုအထိ အခွင့်အလမ်း ဖြစ်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
လူ့အဖွဲ့ အစည်းတစ်ခုတွင် စစ်ပွဲနှင့် ပဋိပက္ခများဖြစ်ပွားသည့် အချိန်ကာလ ကြာမြင့်လာသည် နှင့်အမျှ လူငယ်ထု၏ အတွေးအခေါ်ကို အဓိကရိုက်ခတ်မှုရှိသည်ကို တွေ့ရှိရပါသည်။ လူငယ်များအနေဖြင့် ၎င်းတို့၏ တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေကြိုးစားနေသူများ ဖြစ်သည့်အလျောက် ၎င်းတို့အတွက် မျှော်လင့်ချက်ကင်းမဲ့လာပြီး ဘေးကျပ်နံကျပ် ဖြစ်သည့် အခြေအနေကြာရှည်လာပြီး၊ ရုန်းထွက်နိုင်မည်မဟုတ်ဟု ယူဆလာပါက အစွန်းရောက်စိတ်ဓာတ်များ အလွယ်တကူဝင်လာကြပြီး အကြမ်းဖက်အဖွဲ့များ၏ ကုန်ကြမ်းများ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ထိုလူ့အဖွဲ့အစည်းတွင် ပဋိပက္ခများနှင့် အသားကျသည့် နောက်ထပ်မျိုးဆက်သစ်တစ်ခု မွေးဖွားပေးသကဲ့သို့ ဖြစ်လာပြီး စစ်ပွဲများနှင့် ပဋိပက္ခများ ပိုမိုကြာရှည်လာနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ ကြာရှည်နေသည့် နိုင်ငံတိုင်းသည် တိုးတက်မှုနှေးကွေးပြီး အဆိုးကျော့သံသရာလည်နေသည်ကို တွေ့ရှိနိုင်သဖြင့် ဤအခြေအနေမှရုန်းထွက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းသာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
158112423

[1]။ Zam Yusa,“How Will Southeast Asian Terror Groups Capitalize on the Israel-Hamas War?”. The Diplomat. 16 November 2023, [/https://thediplomat.com/.../how-will-southeast-asian.../]