နိဒါန်း
Shangri-La ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက ဆွေးနွေးခဲ့သည့် လုံခြုံရေးဆိုင်ရာ အစီအမံများအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး Li Shangfu သည် ဇွန်လ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် Shangri-La ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး Li အတွက် ယခုဆွေးနွေးပွဲသို့ တရုတ်နိုင်ငံကိုယ်စားပြုတက်ရောက်ခြင်းသည် ၂၀၂၃ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ သတင်းမီဒီယာများအနေဖြင့် အထက်ပါ ဆွေးနွေးပွဲ၏ ဆက်စပ်အစည်းအဝေးများတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့် နှစ်နိုင်ငံချင်းဆွေးနွေးမှုများ ပြုလုပ်မည်ကို အလေးထားစောင့်ကြည့်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ Li ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် မူဝါဒရေးရာအရ အားနည်းချက်များ ရှိခဲ့သော်လည်း ၎င်း၏ပြောကြားချက်များအပေါ် စိတ်ဝင်စားစရာများပါရှိပါသည်။ ဆွေးနွေးပွဲကို “China’s New Security Initiatives” “တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အစီအမံအသစ်”ဟု အမည်ပေးထားပြီး အဆိုပါ ခေါင်းစဉ်အောက်မှ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI)ကို အသေးစိတ် ဆွေးနွေးနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ GSI ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆိုပါ အစီအမံနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များမှာ ရှင်းရှင်းလင်းလင်းမရှိသေးပါ။ စီးပွားရေးအရ BRI အား အကောင်အထည်ဖော်သည့်နည်းတူ GSI သည်လည်း လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ကြိုးပမ်းချက်တစ်ခုဖြစ်သည်ဟု ဖော်ပြထားပါသည်။
Li ပြောကြားခဲ့သည့် မိန့်ခွန်းများက ဒေသတွင်းတင်းမာမှုများတွင် အဓိက တရားခံသည် အမေရိကန်နိုင်ငံဖြစ်သည်ဆိုသည့်အချက်ကို ဆွေးနွေးပွဲသို့ တက်ရောက် လာသူများ လက်ခံလာစေရန် စည်းရုံးနေသည့် သဘောသက်ရောကလျက်ရှိပါသည်။ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အမြင်သည် အပြုသဘောဆောင်ခြင်းမရှိဘဲ ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံမလိုလားသောအချက်များ ဖြစ်သည့် အခြားတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင့်ထက်စီးနင်း ပြုခြင်း၊ လိုတစ်မျိုး၊ မလိုတစ်မျိုးနည်းလမ်းများ ကျင့်သုံးခြင်း (Double Standards) နှင့် လက်နက်အပြိုင်တပ်ဆင်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများအား တားမြစ်သည် ဆိုသည့်အချက်ကိုသာ ဆွေးနွေးခဲ့ပါသည်။
မိန့်ခွန်း၏ အဆုံးသတ်အနေဖြင့် Li သည် လွတ်လပ်ပွင့်လင်းပြီး တရား မျှတသည့် လုံခြုံရေးတည်ဆောက်မှုအတွက် နည်းလမ်း ၄ သွယ်ကို ထည့်သွင်းပြောကြား ခဲ့ပါသည်။ ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် ခိုင်မာသည့် လုံခြုံရေးဖော်ဆောင်မှုများ ပြုလုပ်လိုသည့်အပြင် ယုံကြည်မှုတည်ဆောက်ခြင်းများ ကိုလည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရုတ်နိုင်ငံနှင့် နယ်မြေ၊ သို့မဟုတ် ရေကြောင်း ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားနေသည့် နိုင်ငံများဖြင့် စေ့စပ်ဆွေးနွေးမှုများ တိုးမြှင့် ဖော်ဆောင်လိုကြောင်း၊ Code of Unplanned Encounters at Sea ကို ပိုမိုဖော်ဆောင် နိုင်ရန်၊ လေကြောင်းနှင့် ရေကြောင်းလုံခြုံရေးများကို တိုးမြှင့်ဖော်ဆောင်နိုင်ရန်အတွက် ပဋိပက္ခများကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအနေဖြင့် တရုတ်နိုင်ငံသည် ပိုမိုတရားမျှတသည့် လုံခြုံရေးစည်းမျဉ်း များကို တိုးမြှင့်ဖော်ဆောင်လိုကြောင်း၊ တချို့သောနိုင်ငံများအနေဖြင့် စည်းမျဉ်းများကို အခြေခံသည့်ဥပဒေများဖော်ဆောင်ရန် ပြောကြားမှုများရှိခဲ့သော်လည်း အဆိုပါ စည်းမျဉ်း များ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိကြောင်း၊ “ Exceptionalism ” နှင့် “Double Standards” ကျင့်သုံးမှုသည် နိုင်ငံများအပေါ် မျှတစွာဆက်ဆံခြင်းမျိုး မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအချက်များကို လုံခြုံရေးဆိုင်ရာ စည်းမျဉ်းအသစ်များ ပုံဖော်ပြီး ဖြေရှင်းပေးလိုကြောင်း၊ တရုတ်နိုင်ငံသည် UN ပဋိညာဉ် များကို အခြေခံ၍ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ဖော်ဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆိုက်ဘာ၊ အာကာသနှင့် ဇီဝလက်နက်များအတွက် ခိုင်မာသည့် ကမ္ဘာလုံးဆိုင်ရာ ဥပဒေများနှင့် စံနှုန်းများကို သတ်မှတ်ပေးလိုကြောင်း၊ တတိယအနေဖြင့် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံလုံခြုံရေးယန္တရားများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဆွေးနွေးမှုများမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်ရန်လိုကြောင်း၊ နောက်ဆုံးအနေဖြင့် တရုတ်နိုင်ငံသည် ပိုမိုထိရောက်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ပူးတွဲလေ့ကျင့်ခန်းများမှတစ်ဆင့် ဖော်ဆောင်လိုကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားရှိ ဆက်ဆံရေးအခြေအနေများကို ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ မူဝါဒများတွင် အပြောနှင့် လက်တွေ့ကွာဟမှုများ ရှိနေကြောင်းကို ထောက်ပြထားပါသည်။ ဥပမာအနေဖြင့် တရုတ်နိုင်ငံဘက်မှ စေ့စပ်ညှိနှိုင်းရေးနှင့် ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ငြင်းဆိုနေသည်ကို ထောက်ပြထားပြီး အမေရိကန်နှင့် တွေ့ဆုံမှုများတွင် တရုတ်နိုင်ငံအပေါ် အပြုသဘော ဆောင်သည့် အလေးအနက်ထား ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်သည်ဟု မှတ်ချက်ပြု ထားပါသည်။ သက်ဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရန် ဥပဒေများပြဋ္ဌာန်းထားပြီး ဖြစ်၍ အသစ်ထပ်မံပြဋ္ဌာန်းရန် မလိုအပ်ဘဲ မိမိပိုင်ဆိုင်သည့် ရေ၊ လေ ပိုင်နက်များကိုသာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နိုင်ငံသည် ပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ဆောင်ရွက်မည်ဆိုသည့်အချက်အပေါ် အလေးအနက်ထား နိုင်ဖွယ်မရှိဘဲ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်ကမ်းရိုးတန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေခြင်းသည် သွယ်ဝိုက်ခြိမ်းခြောက်မှုများ ဖြစ်လာပြီး စစ်ပွဲ ဖြစ်ပွားနိုင်မှုအလားအလာများ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားချက်များအရ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အကြံပြုချက်များသည် ၎င်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေး အတွက် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ဝေဖန်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများမှ အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကို ဖယ်ထုတ်ရန် စီပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအစီအမံများအား အသီးသီးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနက်မှ ၂၀၂၂ ခုနှစ်တွင် ပုံဖော်ဆောင်ရွက်ခဲ့သည့် GSI ဖြင့် ပိုမိုတရားမျှတပြီး သာတူညီမျှခံစားနိုင်မည့် လုံခြုံရေးရပ်ဝန်း Indivisible Security ကို ဖော်ဆောင်ရန် ကတိပြုခဲ့ခြင်းသည် အာရှဒေသကို အနောက်အုပ်စု၏ လွှမ်းမိုးမှုများမှ လွတ်ကင်းပြီး ဒေသတွင်းနိုင်ငံများအချင်းချင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောဖြင့် စည်းလုံးသည့် ရပ်ဝန်းတစ်ရပ်ဖန်တီးရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။ သို့သော်လည်း အင်အားကြီးနိုင်ငံများ၏ သဘောထားဆိုသည်မှာ ၎င်းတို့၏ ပါဝါအတက်အကျအလိုက် ပြောင်းလွယ်ပြင်လွယ်ရှိနေသည်ဟုသည့်အချက်ကို ရေရှည်ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းတွင် လိုက်ပါဆောင်ရွက်ရာ၌ မိမိတို့နိုင်ငံ၏အမျိုးသားအကျိုးစီးပွား အထိုင်မှသာ ရပ်တည်ဆောင်ရွက်ရမည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
42061523