နိဒါန်း
NATO အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg အနေဖြင့် NATO အဖွဲ့ဝင် အဖြစ် ယူကရိန်းနှင့် ဆွီဒင်နိုင်ငံတို့အား ဖိတ်ကြားရန်နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရန်တို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ သို့သော် အဖွဲ့ဝင်နိုင်ငံအချို့က ကျိုးကြောင်းဆီလျော်သည့် ကန့်ကွက်မှုများရှိနေကြောင်းနှင့် လက်ရှိတွင် သေချာရှင်းလင်းပြတ်သားသည့် ဆုံးဖြတ်ချက်မချနိုင်သေးသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
NATO အဖွဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ NATO အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg က “လာမည့်ထိပ်သီးဆွေးနွေးပွဲအနေဖြင့် သမိုင်းဝင်သည့် ဆွေးနွေးပွဲ တစ်ခုဖြစ်သည်” ဟု ပြောကြားထားပါသည်။ ၎င်းအနေဖြင့် ဆွီဒင်နိုင်ငံကို NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် လက်ခံမည့်ကိစ္စရပ်နှင့်ပတ်သက်၍ တူကီယဲနိုင်ငံသမ္မတ Recep Tayyip Erdogan ၏ ပိတ်ပင်မှုများကို အဆုံးသတ်နိုင်ရန် စည်းရုံးနိုင်ခဲ့သည်ဟုလည်း ဆိုသည်။ သို့သော် နှစ်ရက်ကြာ NATO အဖွဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် မျှော်မှန်းထားသည့်အတိုင်း အပြုသဘောဆောင်သည့်ရလဒ်မျိုး မရရှိခဲ့သည်ကို တွေ့ရသည်။ ဆွေးနွေးပွဲတွင် တူကီယဲနိုင်ငံသည် လွှတ်တော်လုပ်ငန်းစဉ်များကို နွေရာသီရုံးပိတ်ရက်များပြီးမှသာ ပြန်လည်စတင်မည်ဟု ပြောကြားခဲ့ရာ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်မည့် မျှော်လင့်ချက်မှာ မသေချာသည့်အခြေအနေသို့ ရောက်ရှိသွားကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် Jens Stoltenberg သည် ယူကရိန်းနိုင်ငံနှင့် NATO အဖွဲ့တို့အကြား ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ရန် အချက်သုံးချက် Three Part Package ကို အကောင်အထည်ဖော်လျက်ရှိသော်လည်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelenskyy ၏ စိတ်အားထက်သန်သည့် တုံ့ပြန်မှုကို မရရှိခဲ့ချေ။ အင်ဒို-ပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ပြီး NATO အဖွဲ့ဝင်အဖြစ် လက်ခံခြင်းသည် NATO အဖွဲ့ မိတ်ဖက်နိုင်ငံ ၃၁ နိုင်ငံနှင့် သဘောထားကွဲလွဲမှုကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားပါသည်။
တူကီယဲနိုင်ငံသမ္မတ Tayyip Erdogan၊ ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Ulf Kristersson နှင့် NATO အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg တို့သည် ဇူလိုင်လ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအတွင်းတွင် တူကီယဲနိုင်ငံသမ္မတသည် ဆွီဒင်နိုင်ငံက NATO အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တောင်းဆိုချက်များကို ၎င်း၏ လွှတ်တော်သို့ အတည်ပြုချက်ရယူသွားမည်ဟု သဘောတူညီခဲ့ကြပါသည်။ ထို့ကြောင့် ဆွီဒင်နိုင်ငံ NATO အဖွဲ့သို့ ဝင်ရောက်မည့် လုပ်ငန်းစဉ်သည် လာမည့်သီတင်းပတ်အတွင်း အပြီးသတ် နိုင်သည်ဟူသော ထင်ကြေးများရှိနေပါသည်။ သို့သော် တူကီယဲနိုင်ငံ၊ နိုင်ငံခြားရေး မူဝါဒ အကြံပေးအရာရှိချုပ် Akif Cagatay Kilic က ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင် ဖြစ်ရေးသည် လွှတ်တော်အတွင်း လွယ်ကူသည့် ဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်း၊ ဆုံးဖြတ်ချက်မချမီ လွှတ်တော်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လာမည့်သီတင်းပတ်အတွင်း အပြီးသတ်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့ပါသည်။ ထို့နောက် ဇူလိုင်လ ၁၂ ရက်တွင် တူကီယဲနိုင်ငံသမ္မတသည် လွှတ်တော်အစည်းအဝေးကို ၂ လကြာ ရပ်တန့်ထားမည်ဖြစ်ကြောင်းနှင့် ၎င်းနောက် လွှတ်တော်အစည်းအဝေး ပြန်လည် ခေါ်ယူရာတွင် လွှတ်တော်ဥက္ကဋ္ဌက ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်အဖြစ် တောင်းဆိုမှုကို နိုင်ငံတကာသဘောတူညီချက်တစ်ရပ်အဖြစ် တင်ပြသွားမည်ဖြစ်ကြောင်းနှင့် အတည်ပြုချက် ရယူရန်အတွက် လွှတ်တော်အစည်းအဝေးက အရေးပါလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ထားပါသည်။
တူကီယဲနိုင်ငံသမ္မတ၏ ပြောကြားချက်ကို ကြည့်ခြင်းအားဖြင့် ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေးသည် အာမခံချက်မရှိသေးဘဲ လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်အတွင်း ဆွီဒင်နိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် မူတည်လျက်ရှိပါသည်။ ဇူလိုင်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ဆွီဒင်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် လာမည့်ကာလများအတွင်း ဆောင်ရွက်ရန်အချက်များ ထည့်သွင်းဖော်ပြထားပါသည်။ ပထမဦးစွာ ဆွီဒင်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ် ထားသည့် အဖွဲ့အစည်းအပေါ် မည်ကဲ့သို ထိရောက်စွာ နှိမ်နင်းမည်ဆိုသည့် လုပ်ငန်း အစီအမံများနှင့် ဒုတိယအချက်အနေဖြင့် ဥရောပသမဂ္ဂ(EU)သို့ ပူးပေါင်းရန် တူကီယဲ နိုင်ငံ၏ ကြိုးပမ်းမှုများကို ဆွီဒင်နိုင်ငံမှ မည်ကဲ့သို့ တက်ကြွစွာ ထောက်ခံမှုများ ရှိသည်တို့အပေါ် မူတည်သည်ဟု ဆိုပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆွီဒင်နိုင်ငံ၏ လုပ်ဆောင်မှုများအပေါ်မူတည်ပြီး NATO အဖွဲ့ဝင်ဖြစ်ရေးကို ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
ယူကရိန်းအရေးတွင် သတင်းထောက်များ မီဒီယာစင်တာသို့ ခေါ်ဆောင်မည့် ဘတ်စ်ကားပေါ်တွင် ကြော်ငြာတစ်ခုထားရှိပြီး အဆိုပါကြော်ငြာတွင် ယူကရိန်းနိုင်ငံ အလံ၏ အပြာနှင့် အဝါရောင်များပါရှိကြောင်း၊ အဆိုပါကြော်ငြာသည် NATO အဖွဲ့ဝင်များ အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခတွင် F-16 တိုက်လေယာဉ်များနှင့် အခြား လက်နက်များပေးအပ်ကူညီရန် တိုက်တွန်းထားခြင်းဖြစ်ကြောင်း၊ ထိပ်သီးဆွေးနွေးပွဲ အတွင်းတွင် Jens Stoltenberg သည် အရေးကြီးသော ကိစ္စရပ်များတွင် တန်းတူညီမျှ ဆွေးနွေးခွင့်ရှိသည့် နေတိုး-ယူကရိန်း ကောင်စီကို ထူထောင်ခြင်း၊ ရေရှည်ကူညီ ထောက်ပံ့ခြင်းနှင့် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် လိုအပ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ရည်မှန်းချက်များကို ဖယ်ရှားပေးမည့် အဖွဲ့ဝင်ဖြစ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်အစီအစဉ် (MAP)ဖယ်ရှားခြင်းအစရှိသည့် Three-part package အစီအစဉ်ကို ထုတ်ဖော်ခဲ့ပါသည်။ သို့သော် အမေရိကန်နိုင်ငံသည် စစ်ပွဲဖြစ်ပွားနေချိန်တွင် ယူကရိန်းနိုင်ငံကို NATO အဖွဲ့သို့ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ရန် တုံ့ဆိုင်းနေခဲ့ပါသည်။ ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဖိတ်ခေါ်မှုသည် NATO အဖွဲ့မဟာမိတ်များအားလုံး သဘောတူညီပြီးအခြေအနေအချို့ ပြည့်မီသည့်အခါမှသာ ထိပ်သီးဆွေးနွေးပွဲကျင်းပမည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။ တစ်ဖက်တွင်လည်း ဂျပန်နိုင်ငံဝန်ကြီးချုပ် Fumio Kishida အပါအဝင် G-7 ခေါင်းဆောင် ၇ ဦးတို့သည် ယူကရိန်းနိုင်ငံကို ထောက်ခံခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် ရေရှည်လုံခြုံရေး ကတိကဝတ်များ ပေးအပ်ကာ G-7 နိုင်ငံများအနေဖြင့် ၎င်းတို့နှင့်အတူ ဆက်လက် ရပ်တည်သွားမည် ဖြစ်ပြီး မယိမ်းယိုင်သော စည်းလုံးညီညွတ်မှုနှင့် ထောက်ခံမှုကို ထိန်းသိမ်းသွားမည်ဟု ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၏ NATO အဖွဲ့ ထိပ်သီးအစည်းအဝေးသဘောထားနှင့်ပတ်သက်၍ဂျပန်နိုင်ငံဝန်ကြီးချုပ် Fumio Kishida သည် NATO နှင့် ၄ နှစ်ကြာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်အသစ်ကိုရရှိရန် မျှော်လင့်ချက်ဖြင့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုကျိုမြို့ရှိ နေတိုးဆက်ဆံရေးရုံးကို ထိပ်သီးအစည်းအဝေး၏ တရားဝင် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သော်လည်း ပြင်သစ်နှင့် အခြားနိုင်ငံများ၏ ဆန့်ကျင်မှုကြောင့် အဆိုပါကိစ္စသည် ကြေညာချက်တွင် ပါဝင်လာခြင်းမရှိခဲ့သည်ကို တွေ့ရသည်။ တိုကျိုမြို့တွင် ဆက်ဆံရေးရုံး တည်ထောင်ခြင်းသည် ဂျပန်နိုင်ငံဘက်မှ တွန်းအားပေး ခဲ့သည့်အရာ မဟုတ်သော်လည်း ထိုသို့သော ရုံးထားရှိခြင်းသည် NATO အဖွဲ့၏ အင်ဒို-ပစိဖိတ်ဒေသ၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့်ပတ်သက်၍ သဘောထားအမြင်များ အပေါ်တွင် ဂျပန်နိုင်ငံ၏ လွှမ်းမိုးမှုများ သက်ရောက်နိုင်သည်ဟု ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida က NATO အဖွဲ့ ထိပ်သီးအစည်းအဝေး မတိုင်မီ တိုကျိုဆက်ဆံရေးရုံးနှင့်ပတ်သက်၍ တိကျသည့် ရလဒ်များ မျှော်လင့်လျက်ရှိမှုအား ဆွေးနွေးခဲ့ပါသည်။ သို့သော်လည်း ထိပ်သီးအစည်းအဝေးအတွင်း ဂျပန်နိုင်ငံအတွက် တစ်ခုတည်းသော ခိုင်မာသည့် အောင်မြင်မှုမှာ NATOအဖွဲ့နှင့် ဂျပန်နိုင်ငံတို့အကြား တစ်ဦးချင်း အံဝင်ခွင်ကျသော မိတ်ဖက်ဆက်ဆံရေးအစီအစဉ်(ITPP)၏ ကြေညာချက်သာ ဖြစ်ခဲ့ပါသည်။ သိုသော်လည်းNATO အဖွဲ့ အတွင်းရေးမှူးချုပ် Stoltenberg ၏ ထုတ်ပြန်ချက်တွင် တိုကျိုဆက်ဆံရေးရုံးကိစ္စရပ်များကို အနာဂတ်၌ ထည့်သွင်း စဉ်းစားသွားမည်ဟု ပြောကြားခဲ့ပြီး NATO အဖွဲ့နှင့် ဂျပန်နိုင်ငံတို့အကြား ခိုင်မာသော မိတ်ဖက်ဆက်ဆံရေး၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် အလေးထားလုပ်ဆောင်ခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အပြုသဘောဆောင်သော ဆက်ဆံရေးများ တည်ဆောက်ခြင်းအပေါ် အလေးထား ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ယူကရိန်းနိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်မှု၊ ဆွီဒင်နိုင်ငံ၏ NATO မဟာမိတ်ဖွဲ့မှုနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်မှုနှင့် ပတ်သက်၍ NATO အဖွဲ့ဝင်များ၏ ရှင်းလင်းပြတ်သားမှုမရှိသည့် ကိစ္စရပ်များကို သုံးသပ်ရေးသားထားသည်ကို တွေ့ရှိရသည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (The North Atlantic Treaty Organization-NATO)သည် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်အစရှိသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံဖြင့် ၁၉၄၉ ခုနှစ်တွင် စစ်ရေးမဟာမိတ်အဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရလျှင် အခြားအဖွဲ့ဝင်နိုင်ငံများက ကူညီပေးကြမည်ဟူ၍ သဘောတူညီ ခဲ့ကြပါသည်။ ၎င်းတို့၏ ကနဦးရည်ရွယ်ချက်မှာ စစ်ပြီးကာလများတွင် ဥရောပကို ချဲ့ထွင်လာသည့် ဆိုဗီယက်ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန်ဖြစ်ပြီး လက်ရှိတွင် NATO အဖွဲ့ဝင် ၃၁ နိုင်ငံရှိနေပြီဖြစ်ပါသည်။
NATO အဖွဲ့ ချဲ့ထွင်မှုနှင့် အမေရိကန်နိုင်ငံ၏ NATO တပ်ဖွဲ့ဝင်နိုင်ငံ လုံခြုံရေးအတွက်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့၏ စစ်သည်များကို အရှေ့ဥရောပရှိ NATO တပ်ဖွဲ့ဝင်နိုင်ငံများသို့ ရွှေ့ပြောင်းနေခြင်းသည် ပြဿနာရပ် တစ်ခုဖြစ်လာ ခဲ့ပါသည်။ ထို့ပြင် ဆွီဒင်နှင့် ယူကရိန်းနိုင်ငံတို့၏ တည်နေရာသည် ရုရှားနိုင်ငံကိုသာမက ဥရောပဒေသကိုပါ ထိန်းချုပ်ထားနိုင်ရန် အခရာကျသောနေရာများ၌ တည်ရှိနေသောကြောင့် အနောက်အုပ်စုအနေဖြင့်လည်း နိုင်ဖဲတစ်ချပ်အနေဖြင့် ကိုင်ကစားနေခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် ရုရှားနိုင်ငံက ၎င်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနောက်ဆုံးစည်း (Red Line) အဖြစ်သတ်မှတ်ထားသည့်ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းလိုက်ခြင်းနှင့် အနောက်အုပ်စုနောက်စွဲ အစိုးရကိုနန်းတင်လိုက်နိုင်ခြင်းသည် ကမ္ဘာ့နိုင်ငံရေး ပြဿနာအစတစ်ခု ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာနှင့် စစ်အေးကာလနှင့်မတူညီသော အခြေအနေများကြောင့် NATO အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ အဖွဲ့ဝင်အတွင်းသို့ ဝင်ရောက်မည့်နိုင်ငံများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြားတွင် သဘောထားကွဲလွဲမှုများ ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် ဂျပန်နိုင်ငံတွင် NATO အဖွဲ့ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍လည်း ထင်သလောက် အခြေအနေမပေးသေးဘဲ ရွှေ့ဆိုင်းထားရခြင်းဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အင်အားကြီးအုပ်စုများအချင်းချင်း အားပြိုင်မှုကြောင့် NATO အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသကို ချဲ့ထွင်ခြင်းသည် ဒေသအတွင်း အကျပ်အတည်းများနှင့် မတည်ငြိမ်မှုများကိုသာ ယူဆောင်လာမည်သာဖြစ်ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ရေးရှုသည့် နိုင်ငံခြားရေးမူဝါဒသည်သာ တည်ငြိမ်သည့် အနာဂတ်နိုင်ငံတကာဆက်ဆံရေးအတွက် အဓိကကျသည်ဟု ယူဆမိကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
66071923