Wednesday, July 26, 2023

ကမ္ဘောဒီးယားနိုင်ငံ၏ ပြီးခဲ့သောရွေးကောက်ပွဲကျင်းပမှု အခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
ကမ္ဘောဒီးယားနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲအခြေအနေများနှင့် ဝန်ကြီးချုပ် ဟွန်ဆန်၏ နိုင်ငံရေးလောက ကြီးစိုးမှုအခြေအနေများနှင့်ပတ်သက်ပြီး သိသင့်သည့် အချက် ၅ ချက်အား သုံးသပ်ဖော်ပြသွားပါမည်။

ဖော်ပြချက်
ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် အောက်လွှတ်တော် ကိုယ်စားလှယ် ၁၂၅ နေရာအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဖြစ် ကုလသမဂ္ဂနှင့်ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည့် ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲပြီးနောက် (၇)ကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်ပါသည်။ အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရားမျှတမှု မရှိကြောင်းနှင့် ကာလကြာဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဟွန်ဆန်(Hun Sen) ဦးဆောင်သည့် ကမ္ဘောဒီးယားပြည်သူ့ပါတီ(Cambodia People’s Party-CPP)က ဆက်လက်ကြီးစိုးနိုင်မည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လျက်ရှိပါသည်။ တစ်ဖက်သတ်ဆန်သည့် ကမ္ဘောဒီးယားရွေးကောက်ပွဲနှင့်ပတ်သက်၍ အောက်ပါအချက် ၅ ချက်ကို သိရှိရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ပထမအချက်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့်ရက်နှင့် လုပ်ထုံးလုပ်နည်းများ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်သည့်နေ့တွင် မဲဆန္ဒရှင် ၉.၇ သန်းခန့်သည် နိုင်ငံ တစ်ဝန်းမှ မဲရုံ ၂၃,၇၈၉ ရုံတွင် ဆန္ဒမဲထည့်ရမည်ဖြစ်ပါသည်။ ဆန္ဒမဲကို မဖြစ်မနေ လာရောက်ထည့်ရန် မလိုအပ်သော်လည်း လက်ရှိတွင် အတိုက်အခံပါတီ Candlelight party ကို ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ ထုတ်ပယ်ခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လျက်ရှိရာ ပါတီသည် ရွေးကောက်ပွဲတရားဝင်ဖြစ်မှုကို ပြသနိုင်ရန်အတွက် ပြည်သူများ လာရောက်မဲပေးရန် တိုက်တွန်းလျက်ရှိပါသည်။ CPP ပါတီသည် ပါတီငယ် ၁၇ ပါတီကို ယှဉ်ပြိုင်ခွင့်ပြုပြီး တက်ကြွသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက် ရှိသည်ဟု ပြောကြားထားပါသည်။ အဆိုပါ ပါတီငယ်များသည် CPP ပါတီကို ယှဉ်ပြိုင် နိုင်သည့် စွမ်းရည်နှင့် အဆက်အသွယ်များမရှိကြောင်းနှင့် မဲဆန္ဒနယ်အဆင့် မဲလက်မှတ် ရေတွက်ခြင်းကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် စတင်ရေတွက်မည်ဖြစ်ပြီး မဲစာရင်း အတိအကျအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်တွင် မဲဆွယ်စည်းရုံးခြင်း၌ CPP ၏ တစ်ဖက်သတ်ကြီးစိုးမှုနှင့် အခြားပါတီများ၏ လုပ်ပိုင်ခွင့်အခြေအနေဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မဲဆွယ် စည်းရုံးခြင်းကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ရာ CPP ပါတီအနေဖြင့် မြို့နယ်များနှင့် ပြည်နယ်များတွင် မဲဆွယ်စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ သို့သော် မှတ်ပုံတင်ထားသည့် ပါတီများအနက် ပါတီ ၆ ခုသာလျှင် ချီတက်လမ်းလျှောက်လှုံ့ဆော်မှုနှင့် လူထု လှုပ်ရှားမှုများ လုပ်ပိုင်ခွင့်ရှိနေပါသည်။ ထို့နောက် CPP ပါတီသည် ၎င်းတို့၏ အတိုက်အခံ ပါတီဖြစ်သည့် Candlelight party မှ ကိုယ်စားလှယ် ၄ ဦးအား မဲဆွယ်စည်းရုံးစဉ် အတွင်း ပြည်သူများအား မဲမသမာမှုပြုလုပ်ရန် တိုက်တွန်းလျက်ရှိသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီများနှင့် ပတ်သက်သော ကိစ္စရပ်ဖြစ်ပါသည်။ CPP ပါတီသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးလောကတွင် နှစ်ပေါင်း ၄၀ ခန့်ကြာ အသာစီးရခဲ့သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ပါတီဥက္ကဋ္ဌ ဟွန်ဆန်သည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ ပါတီငယ်များအနက် Funcinpec ပါတီသည် ၁၉၉၀ ပြည့်နှစ်များတွင် ကမ္ဘောဒီးယားနိုင်ငံအစိုးရတွင် ပူးတွဲပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာဖြန့်ခွဲခွင့်ကို ပြန်လည်ရုပ်သိမ်းခံခဲ့ရပါသည်။ ထို့နောက် လူငယ်များ၊ တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများ၊ လယ်သမားများနှင့် ဆင်းရဲမွဲတေမှုများကို ဦးတည်ဖြေရှင်းမည့် အခြားပါတီများလည်းရှိကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်မှာ ကမ္ဘောဒီးယားနိုင်ငံရေးနယ်ပယ်အတွင်း ဆွေမျိုးကောင်းစားရေး ဝါဒကို တွင်ကျယ်စွာအသုံးပြုလာခြင်းဖြစ်ပါသည်။ CPP ပါတီ၏ အထက်လူကြီးပိုင်းတွင် ရွေးချယ်တင်မြောက်ခြင်းကဏ္ဍရပ်နှင့်ပတ်သက်၍ မျိုးဆက်အလိုက် လက်ဆင့်ကမ်း ပေးအပ်ခြင်းများ လုပ်ဆောင်လာခဲ့ပါသည်။ ဥပမာအားဖြင့် လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဟွန်မနက် (Hun Manet) အား ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ရန် ထောက်ခံခဲ့ကြပါသည်။ထို့ပြင် ဟွန်ဆန်သည် သားဖြစ်သူ ဟွန်မန်နီ(Hun Many)နှင့် သားမက် နင်မ်ချန်ဒရာ (Nim Chandara)ကိုလည်း လွှတ်တော်အတွင်းနေရာများ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် CPP ပါတီအတွင်း ကိုယ်စားလှယ် ၁၂ ဦးခန့်သည် သက်ဆိုင်ရာ၏ ဆွေမျိုးတော်စပ်သူများသာဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ပဉ္စမအချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ၏ အမြင်နှင့် သုံးသပ်ချက်များဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခင် ကုလသမဂ္ဂက ချမှတ်ပေးသည့် ရွေးကောက်ပွဲ လမ်းကြောင်းများမှ လွဲချော်၍ အာဏာရှင်ဆန်သည့် လမ်းကြောင်းများသို့ ပြောင်းလဲ လာမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက ဝေဖန်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံ ဥပဒေပြဋ္ဌာန်းသူများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်း ဒီမိုကရေစီစနစ်ကျဆင်းလာမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်များအား အရေးယူမှုများ ပြုလုပ်သွားမည့် ဥပဒေကြမ်းတစ်ခုကို အဆိုတင်သွင်းရန် ပြင်ဆင်လျက်ရှိပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အကြီးအကဲ Volker Turk ကမူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးကို အလေးထားရန် တိုက်တွန်းပြောကြားခဲ့ပြီး တစ်ဖက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် တရုတ်နိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင် ဝေဖန်မှုများမှ ကာကွယ်ပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအား စီးပွားရေးနှင့် သံတမန်ရေး ဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှု အန္တရာယ်မှ ကာကွယ်ပေးသွားမည်ဟု ကတိပြုပြောကြားထားကြောင်း ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲတွင် တစ်ပါတီတည်းသာကြီးစိုးနေသည့်အခြေအနေများ၊ ဟွန်ဆန်၏ ဆွေးစဉ်မျိုးဆက် အာဏာဆက်လက်ထိန်းချုပ်ရေး လုပ်ဆောင်ချက်များနှင့် အနောက်အုပ်စု၏ သဘောထားများကို ရေးသားထားခြင်းဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်သည် အောက်လွှတ်တော်(အမျိုးသား လွှတ်တော်)၊ အထက်လွှတ်တော်ရွေးကောက်ပွဲနှင့် ကွန်မြူနီ/ဆန်းကတ်(Commune/ Sangkat) ကောင်စီရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ်(Proportional Representative System- Closed List)ကို ကျင့်သုံး၍ ဆောင်ရွက်သောစနစ်ဖြစ်ပါသည်။ အဆိုပါစနစ်အရ မဲဆန္ဒရှင်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဆန္ဒပြု ရခြင်းမျိုးမဟုတ်ဘဲ ပါတီကိုသာ ဆန္ဒပြုရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသော ကမ္ဘောဒီးယားနိုင်ငံသား ကျား/မ မရွေး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် ၅ နှစ်သက်တမ်း ရှိသည့် အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်များတွင် အသီးသီးကျင်းပပေးခဲ့ပြီး ၆ နှစ်သက်တမ်း အထက်လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ၂၀၀၆ ၊ ၂၀၁၂ နှင့် ၂၀၁၈ ခုနှစ်များတွင် ကျင်းပပေးခဲ့သည်ကို တွေ့ရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အထက်ပါအတိုင်း ရွေးကောက်ပွဲများ ပုံမှန်ပြုလုပ်လျက် ရှိသော်လည်း နိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီအစိုးရပုံစံမျိုး မဟုတ်ဟု အနောက်အုပ်စုမှဝေဖန်လျက်ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စာရင်းတင်သွင်းသည့် ပါတီများဖြင့် ပါတီစုံ ဒီမိုကရေစီကို ကျင့်သုံးလျက်ရှိသည်ဟု ပုံဖော်ထားရှိသော်လည်း အားကောင်းသည့် အတိုက်အခံပါတီများကို နည်းမျိုးစုံဖြင့် ကန့်သတ်ထားရှိပါသည်။ ရွေးကောက်ပွဲများ ပြုလုပ်လျက်ရှိသော်လည်း ဝန်ကြီးချုပ် ဟွန်ဆန် သည် ဝန်ကြီးချုပ် နေရာကို ၎င်း၏သားဖြစ်သူအား လက်ဆင့်ကမ်းမည့် အရိပ်အယောင်များလည်း ရှိနေ ပါသည်။ သို့သော်လည်း နိုင်ငံတစ်ခု၏ ပကတိပြည်တွင်းရေး အဖြစ်မှန်နှင့် အခြေအနေများမှာ ပညာရှင်များသည်ပင် မှန်ကန်စွာ သုံးသပ်နိုင်ရန် ကန့်သတ်ချက်ရှိနေပြီး လက်တွေ့တွင် ပြည်တွင်းရေးတည်ငြိမ်မှုနှင့် နိုင်ငံစဉ်ဆက်မပြတ် တိုးတက်လာရေးသည်သာ ပဓာနဖြစ်သည်ကိုလည်း တွေ့ရပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတို့၌ ရွေးကောက်ပွဲအတွင်းနှင့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးလှုပ်ခတ်မှုများနှင့် ပြည်ပမှ ဝေဖန်ပြစ်တင်မှုများလည်း ပေါ်ထွက်နေသည်ကို တွေ့ရပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံငယ်များ၏ ပြည်တွင်းရေးကို အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများ ဝင်ရောက်စွက်ဖက်မှုများမှာ ကလင်ဒါကျဖြစ်ပေါ်လာမည့် သဘောတရားများသာ ဖြစ်သောကြောင့် သက်ဆိုင်ရာနိုင်ငံများအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံကြီးများအကြား Hedging ပြုလုပ်နိုင်သည့် အဆင့်သို့ရောက်ရှိရေးသည်သာ လက်တွေ့ကျသည့် နိုင်ငံရေးသဘောတရားဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
72072723