Sunday, September 17, 2023

၂၀၂၃ ခုနှစ် G-20 ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ် G-20 ထိပ်သီးအစည်းအဝေးတွင် အရေးတကြီးဆွေးနွေးရန်ရှိသည့် အကြောင်းအရာများနှင့် တရုတ်နိုင်ငံသမ္မတ Xi Jinping တက်ရောက်မှုမရှိသည့်အချိန်တွင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi အနေဖြင့် ၎င်း၏ ရည်မှန်းချက်အား အကောင်အထည် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနိုင်သည့် အလားအလာရှိသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကမ္ဘာ့စီးပွားရေး၊ လုံခြုံရေးနှင့် ရာသီဥတုဆိုင်ရာကိစ္စများ ဆွေးနွေးရန် အိန္ဒိယ နိုင်ငံ၌ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ခေါင်းဆောင်များ၊ အထူးသဖြင့် ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယားနိုင်ငံတို့မှ ထင်ရှားသည့် ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် G-20 ထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပခြင်းဖြစ်ပြီး ဝန်ကြီးချုပ် Narendra Modi သည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းအကြား ပေါင်းကူး တံတားအဖြစ် ဆောင်ရွက်ရာတွင် G-20 ထိပ်သီးအစည်းအဝေးမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ချပြရန်ကြိုးပမ်းဆောင်ရွက်နိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် လူထု ထောက်ခံမှုများရရှိထားသော ဝန်ကြီးချုပ် Modi သည် ယခုအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံကြီးများမှ ထိပ်တန်းခေါင်းဆောင်များအား ဖိတ်ကြားရာတွင် စိန်ခေါ်မှု ၅ ချက်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားပါသည်။
၃။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသမ္မတ Xi Jinping သည် G-20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဘဲ ၎င်းအစား တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang က တက်ရောက်မည်ဖြစ်ပါသည်။ သမ္မတ Xi Jinping အနေဖြင့် ဤကဲ့သို့ မတက်ရောက် ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရုတ်နိုင်ငံမှလည်း ဖြေရှင်းချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။ ဤသို့လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ စင်မြင့်ပေါ်ရှိ ၎င်း၏ သံတမန်ရေးနှင့် ပထဝီဝင်နိုင်ငံရေးလွှမ်းမိုးမှုကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လျော့ပါးစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ပါသည်။ ဆွီဒင်နိုင်ငံရှိ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ အင်စတီကျူမှ တောင်အာရှနှင့်အင်ဒို-ပစိဖိတ်ရေးရာဌာန အကြီးအကဲ Jagannath Panda က တရုတ်နိုင်ငံသမ္မတ Xi Jinping အစည်းအဝေးပွဲသို့ မတက်ရောက်မှုသည် ၎င်း၏ အိန္ဒိယနိုင်ငံနှင့်ပတ်သက်သည့် “သဘောထားကွဲလွဲမှု”အား ပြသခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ တရုတ်-အိန္ဒိယသည် နယ်နိမိတ် ဆိုင်ရာ အငြင်းပွားမှုများနှင့်တင်းမာမှုများ အခါအားလျော်စွာ ဖြစ်ပွားလေ့ရှိပြီး တောင်အာရှနှင့် ပြည်ပတွင်လည်း သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပါသည်။ ဒေသအတွင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများကြောင့် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အစည်းအဝေးကျင်းပရန် ကြိုးပမ်းမှုအား နှောင့်ယှက်ခြင်းဖြစ်နိုင်ပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Modi ၏ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့သည် အိန္ဒိယနိုင်ငံအား ကမ္ဘာ့ တောင်ဘက်ခြမ်းနှင့် အင်ဒို-ပစိဖိတ်ဒေသတို့တွင် ထိပ်တန်းသို့ရောက်ရှိစေခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုသည် G-20 ပူးတွဲကြေညာချက်ကို သဘောတူရန်အတားအဆီးဖြစ်စေနိုင်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံသည် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံက ကျူးကျော်မှုကို ဝေဖန်ခြင်းမရှိသည့်အပြင် ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့် လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံအား ထောက်ခံခြင်းမရှိသည့် အမေရိကန်နိုင်ငံ ဦးဆောင်သည့်နိုင်ငံများနှင့် ထိပ်သီးအစည်းအဝေးကျင်းပရန် ကြိုးပမ်းရာတွင် သဘောထားကွဲလွဲချက်များရှိနေပါသည်။ ၂၀၂၂ ခုနှစ် G-20 ထိပ်သီးအစည်းအဝေး၌ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်နစ်နာမှုဆိုင်ရာ ကြေညာချက်များကို အဖွဲ့ဝင်များက သဘောတူခဲ့ကြပြီး အဖွဲ့ဝင်များအချင်းချင်း မတူညီသောအမြင်များကိုအသိအမှတ် ပြုခဲ့ကြသည်။ အိန္ဒိယနိုင်ငံသည် ထိပ်သီးအစည်းအဝေးတွင် ၎င်း၏ သံတမန်ရေးနှင့် ပထဝီဝင်နိုင်ငံရေးအဆင့်အတန်း ကြီးထွားလာမှုကို ပြသရန် မျှော်မှန်း ထားသော်လည်း ကြားဝင်စေ့စပ်မှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ Georgetown University မှ အာရှလေ့လာရေးပါမောက္ခ Dennis Wilder က အဖွဲ့ဝင် နိုင်ငံများသည် ယူကရိန်းနိုင်ငံအရေးနှင့်ပတ်သက်၍ ပူးတွဲသဘောတူညီချက်ထုတ်ပြန်ရန်မဖြစ်နိုင်သည့် အခြေအနေတွင်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၈၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိသည့် G-20 အဖွဲ့ဝင်နိုင်ငံများသည် အပူလှိုင်းများ၊ ရေကြီးခြင်းနှင့် တောမီးလောင်ခြင်းများကဲ့သို့ ပြင်းထန်သော ရာသီဥတုများနှင့်ပတ်သက်၍ ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ဖိအားများနှင့်ရင်ဆိုင်နေရပါသည်။ ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဝန်ကြီးများအစည်းအဝေးတွင် ရာသီဥတုဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသောသဘောတူညီမှု မရရှိခဲ့ခြင်းကြောင့် ယခု G-20 ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံးသဘောတူညီချက်အား ပြုလုပ်ရမည် ဖြစ်ပါသည်။ အဖွဲ့ဝင်များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းရည်ကို သုံးဆတိုးရန်၊ ရုပ်ကြွင်းလောင်စာများကို ဖြတ်တောက်ရန်နှင့် ချမ်းသာသော နိုင်ငံများမှ ဆင်းရဲသောနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာ ရန်ပုံငွေများ ပိုမိုရရှိအောင် ကြိုးပမ်းရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုသည် G-20 အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ အမြဲရှိနေပြီး အိန္ဒိယနိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တောင်းဆိုချက်များအား လိုက်လျောပေးရန်နှင့် ချမ်းသာသော နိုင်ငံများထံမှ ငွေကြေးထောက်ပံ့မှု ပိုမိုရရှိရန် တောင်းဆိုနေခြင်းကြောင့် ယခုနှစ်တွင် ပိုမိုစိန်ခေါ်မှု ဖြစ်နိုင်ပါသည်။ ယခုအခါ နိုင်ငံများသည် ရာသီဥတု ဖောက်ပြန်မှုကို ကိုင်တွယ်ဖြေရှင်းရန်ဆွေနွေးမှုမှ လက်တွေ့လုပ်ဆောင်ရန် တိုက်တွန်းလာခြင်းကြောင့် စိန်ခေါ်မှုများ ပိုမိုရှိလာနိုင်ပါသည်။ G-20 ၏ ထုတ်ပြန်ကြေညာချက်သည် UAE တွင် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ရလဒ်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က G-20 ၏ ရာသီဥတုဆိုင်ရာ စည်းလုံးညီညွတ်ရေးစာချုပ်တွင် အတူတကွ ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အရ အိန္ဒိယနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံထံမှ G-20 ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူပြီးနောက် နိုင်ငံပေါင်း ၁၂၅ နိုင်ငံနှင့် Voice of Global South ထိပ်သီးအစည်းအဝေးကို အွန်လိုင်းဖြင့် ဇန်နဝါရီတွင် ပြုလုပ်ခဲ့ပါသည်။အဆိုပါ အစည်းအဝေးသည် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများကြီးစိုးသည့် နိုင်ငံတကာ စနစ်တွင် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများအတွက် ကိုယ်စားပြုကျင်းပပေးခြင်းဖြစ်ပါသည်။ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံအများစုသည် တရားမျှတသော ကိုယ်စားပြုမှုရရှိရန်အတွက်ကမ္ဘာ့အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲလိုကြောင်း ဆွေးနွေးကြပါသည်။ G-20 ဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယ နိုင်ငံကလည်း ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများ၏ အကျိုးစီးပွားကို မြှင့်တင်ကာ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကွာဟချက်ကို ပေါင်းကူးပေးရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြထားပါသည်။ နယူးဒေလီမြို့ရှိ Vivekananda နိုင်ငံတကာဖောင်ဒေးရှင်းမှ အကြံပေးပညာရှင်ပရာနာဂန္ဒီက G-20 ၏ ဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပြီး ရာသီဥတုဆိုင်ရာ ရန်ပုံငွေ၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးတို့ကဲ့သို့သော ကိစ္စရပ်များအပေါ် ဆွေးနွေး ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ အဓိကအချက်အနေဖြင့် ဆင်းရဲသော နိုင်ငံများ၏ အစားအစာ၊ လောင်စာဆီနှင့် ဓာတ်မြေဩဇာများ ပြတ်လပ်မှုကို ဖြေရှင်းခြင်းဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံနှင့် အခြားနိုင်ငံများသည် ကြွေးမြီ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသောကြောင့် ကြွေးမြီကိစ္စပြန်လည်ဖွဲ့စည်းခြင်းနှင့် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကျင့်ထုံးများ ပြုပြင်ပြောင်းလဲခြင်းကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် အစောပိုင်း အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းကြောင့် G-20 ထိပ်သီးအစည်းအဝေးသည် ဝန်ကြီးချုပ် Modi အား အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့စင်မြင့်ပေါ်တွင် တိုးတက်လာနေသော သံတမန်ရေးနှင့် စီးပွားရေးအင်အားကို တင်ပြရန် အခွင့်အရေးပေးနေပါသည်။ Modi သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်နိုင်ရန် ရည်မှန်းထားရှိပုံရပြီး G-20 ဥက္ကဋ္ဌအဖြစ်ကို ရရှိရန် Modi အစိုးရသည် သိသာထင်ရှားသော ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ခဲ့ရပါသည်။ Global India Insights ၏ ဒါရိုက်တာ Manish Chand က ပြောကြားချက်အရ ဝန်ကြီးချုပ် Modi အတွက် ယခုအချိန်သည် အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရမှု ရရှိနိုင်သည့်အချိန် ဖြစ်နိုင်ပါသည်။ Modi သည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ပြီး ယခုအခါ တတိယအကြိမ်ထမ်းဆောင်ရန် ကြိုးပမ်းနေခြင်းဖြစပြီး လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း G-20 စင်မြင့်ပေါ်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါသည်။ အောင်မြင်သော G-20 ထိပ်သီးအစည်းအဝေးသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို မြှင့်တင်ပေးရုံသာမက ၎င်း၏နိုင်ငံတကာ ရပ်တည်မှု ကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး မကြာမီတွင် တတိယမြောက်အကြီးဆုံးဖြစ်လာမည်ဟု ဝန်ကြီးချုပ် Modi က ယုံကြည်နေပါသည်။ အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် G-20 ပွဲများသည် အိန္ဒိယ နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် ဒေသထွက်ကုန်များရောင်းချမှုများကိုလည်း တိုးမြင့်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
G20 အစည်းအဝေးတွင် နိုင်ငံအများအပြားမှ ခေါင်းဆောင် များသည် အိန္ဒိယနိုင်ငံတွင် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးရန် တွေ့ဆုံကြခဲ့သော်လည်း တရုတ်နိုင်ငံသမ္မတ၏ ပျက်ကွက်မှု၊ ယူကရိန်းနိုင်ငံအရေးနှင့် ရာသီဥတုပြောင်းလဲမှု ကဲ့သို့သော အကြောင်းအရာများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် စိန်ခေါ်မှုများရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အနေဖြင့်လည်း ဤအစည်းအဝေးမှတစ်ဆင့် အိန္ဒိယနိုင်ငံစီးပွားရေးနှင့် ၎င်း၏ပုံရိပ်ကို အထောက်အကူဖြစ်စေရန် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍စိန်ခေါ်မှုများရှိနေသော်လည်း ထုတ်ပြန်ပြီးသော သဘောတူညီချက်တွင် နိုင်ငံများအားလုံးသည် ယူကရိန်းနှင့် ရုရှားတို့အား တိုက်ရိုက်ရည်ညွှန်းသည့် စကားလုံးများကို ရှောင်ရှားပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများနှင့်အညီ လုပ်ဆောင်ရမည်ဟူသည့် သဘောတူညီချက်ထုတ်ပြန်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ စပါး၊ စားသောက်ကုန်များနှင့် ဓာတ်မြေသြဇာများ အတားအဆီးမရှိ ပို့ဆောင်နိုင်စေရန် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အား တောင်းဆိုထားသည့် အပြင် သာတူညီမျှသော တိုးတက်မှုကို မြှင့်တင်ရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်း များနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် ကတိပြုနိုင်ခဲ့ကြပါသည်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုများတွင် ကျောက်မီးသွေးစွမ်းအင်ကို လျှော့ချခြင်း၊ ကာဗွန် နည်းသော အသွင်ကူးပြောင်းမှုများကို ပံ့ပိုးပေးခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံးဆတိုးမြှင့်ခြင်းနှင့် ရေရှည်တည်တံ့သောဘဏ္ဍာရေးကို တိုးချဲ့ခြင်း တို့နှင့်ပတ်သက်၍ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာဗွန်ထုတ်လုပ်မှုနှုန်း၊ ရာသီဥတုဆိုင်ရာ ငွေကြေးရန်ပုံငွေနှင့် ကြွေးမြီအားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်ကို တွေ့ရှိရပါသည်။[2]
ယခုကျင်းပသည့် G-20 ထိပ်သီးအစည်းအဝေးတွင် အောင်မြင်မှုရလဒ်များ ထွက်ပေါ်လာခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့ဩဇာ အာဏာလွှမ်းမိုးမှုပိုမိုကြီးမားလာနိုင်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်းကို Modi အနေဖြင့် ပြန်လည်ရရှိလာနိုင်မည့် အထောက်အကူဖြစ်ခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုများတွင် မည်သည့် နိုင်ငံဘက်မှ မလိုက်သည့် ဘက်မလိုက်မူဝါဒကိုစွဲကိုင်၍ ၎င်း၏ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကိုသာ လိမ္မာပါးနပ်စွာ ရှေးရှုဆောင်ရွက်နေသည့် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်ခြင်းကြောင့် ၎င်း၏ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအပေါ် ဦးဆောင်မှုအခန်းကဏ္ဍမှာ ထိုက်သင့်သလောက် အောင်မြင်မှုရှိလာနိုင်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
109091823
[1]။ teven Borowiec, Kiran Sharma, Sayumi Take, “India G20 Summit Faces Ukraine, Climate Tests: 5 Things To Know”. Nikkei Asia. 8 September 2023 [ https://asia.nikkei.com/.../India-G20-summit-faces... /]-accessed on 10 September 2023.

[2]။ “G20 New Delhi Leaders' Declaration Highlights”. Nikkei Asia. 9 September 2023 [ https://asia.nikkei.com/.../G20-New-Delhi.../]-accessed on 10 September 2023.