Sunday, June 18, 2023

မြန်မာနိုင်ငံအပေါ် မဟာဗျူဟာရည်မှန်းချက် ၂ ရပ်ဖြင့် သံတမန်ရေးဆောင်ရွက်နေသော တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
မြန်မာနိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ သဘောထားသည် ၎င်း၏ အကျိုးစီးပွားအတွက်သာဖြစ်နေပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ကြုံတွေ့နေရသည့်စီးပွားရေးခက်ခဲမှုကို အသုံးချလျက်ရှိပါသည်။ မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာသို့ လမ်းပေါက်မည့် လမ်းကြောင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို လုပ်ဆောင်လျက်ရှိပြီး ၎င်း၏ တရုတ် လူမျိုးအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ရာဇဝတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုသာ လုပ်ဆောင်လျက်ရှိနေသည့် အချက်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အစိုးရအာဏာလွှဲပြောင်းထိန်းသိမ်းသည့် အချိန်မှစတင်၍ တရုတ်နိုင်ငံသည် မြန်မာအာဏာပိုင်များ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယ သမုဒ္ဒရာအတွင်း မဟာဗျူဟာမြောက်လမ်းကြောင်းများအတွက် မြန်မာနိုင်ငံအရေးတွင် ပါဝင်စွက်ဖက်လျက်ရှိသည်ဟု နိုင်ငံအများက သုံးသပ်လျက်ရှိသော်လည်း နိုင်ငံတကာ ရာဇဝတ်ဂိုဏ်း ချေမှုန်းရေးလုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်လာခဲ့ပါသည်။ မေလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့တပ်မတော်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် (Qin Gang)တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများသည် နှစ်နိုင်ငံအကြား ပြေလည်ကောင်းမွန်သည့် ဆက်ဆံရေးကို သက်သေပြနေပြီး နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် ချင်ဂန်သည် နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အလေးထားသင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများအတွက် အပြုသဘော ဆောင်သည့်အခန်းကဏ္ဍမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ပေးစွမ်းသွားမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများကို အဓိကပူးပေါင်းသွားမည်ဟု ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ ပြောကြားချက်များကို ကြည့်ခြင်း အားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံစစ်ဘက်အစိုးရကို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး နိုင်ငံတကာ၏ စိန်ခေါ်မှုများအလယ်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြသခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအပေါ် အရေးယူမှုများကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းသည် တရုတ်နိုင်ငံ၏ နောက်ထပ်ခြေလှမ်း တစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံစီမံကိန်းအား ဆွေးနွေးခဲ့ပြီး အဆိုပါစီးပွားရေး စင်္ကြံသည် တရုတ်နိုင်ငံပိုးလမ်းမစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပိုးလမ်းမ စီမံကိန်းမှ အိန္ဒိယနိုင်ငံကို ဖယ်ထုတ်ပေးနိုင်မည့် လမ်းကြောင်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားတွင် ဘင်္ဂါလီပြဿနာရပ်နှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများရှိသော်လည်း ချင်ဂန်သည် ၎င်းခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း တရုတ်ကျောထောက်နောက်ခံပြု စစ်ဘက် အဆောက်အအုံ တည်ဆောက်မှုများသည် ပိုမိုများပြားလာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ နှောင်းပိုင်းကာလများတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Great Coco Island) ပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံက ထောက်ပံ့ပေးလျက်ရှိသည်ဟုဆိုသည်။ ဗြိတိန်နိုင်ငံမှ ချာသမ်ဟောက်စ်(Chatham House) အဖွဲ့အစည်း၏ ပြောကြားချက်အရ အဆိုပါကျွန်းပေါ်တွင် လေယာဉ်ရုံအုပ်အသစ် များနှင့် လေယာဉ်ပြေးလမ်းအသစ်များ တည်ဆောက်ထားရှိပါသည်။ မြန်မာနိုင်ငံပိုင်ကိုကိုးကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း အရေးပါသည့် ကျွန်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ စစ်ဘက်အဆောက်အအုံများ၊ အဓိကစောင့်ကြည့်ရေး အခြေစိုက် စခန်းများ တည်ဆောက်ထားသည့် အက်ဒမန်နှင့် နီကိုဘားကျွန်းစုတို့၏ မြောက်ဘက်တွင်တည်ရှိကြောင်း ဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ နောက်ခံ ပြုသည့် ဖွံ့ဖြိုးတိုးတက်မှုများကို စိုးရိမ်လျက်ရှိပြီး တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုများကို လက်မခံလိုခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အာဏာထိန်းလိုက်ခြင်းသည့် နိုင်ငံ၏စီးပွားရေးကို ပိုမိုဆိုးရွားစေပြီး မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများလည်း ပိုမိုဖြစ်ပေါ်လာခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ရာတွင် စစ်ရေးနှင့် စီးပွားရေးကဏ္ဍ ၂ ရပ်ကို တွက်ချက်၍ မဟာဗျူဟာနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ တင်ပို့မည့် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းပိုက်လိုင်းသွယ်တန်းမှုစီမံကိန်း၏ အဓိက နိုင်ငံဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်မှုဂိုဏ်းများ နှိမ်နင်းရေး အတွက်လည်း ဖိအားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အင်တာနက်မှ ရာဇဝတ်မှုများကို စိစစ်သင့်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နယ်စပ် ဒေသသည် ဆက်သွယ်ရေးနှင့် အင်တာနက် လိမ်လည်မှုများအတွက် နေရာတစ်ခုဖြစ်နေပြီး တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေပါသည်။ တရုတ်နိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များကို အလေးထား လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်-မြန်မာ-ထိုင်း ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများကို တိုးချဲ့၍ အဆိုပါပြဿနာရပ်များကို ညှိနှိုင်းပေါင်းစပ် လုပ်ဆောင်သင့်သည်ဟု ဖော်ပြထားပါသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာတောင်ပေါ်ဒေသတွင် တိုင်းရင်းသားလူမျိုးစုများနေထိုင်ပြီး သောင်းကျန်းသူအဖွဲ့များ ကျင်လည်ရာဒေသတစ်ခု ဖြစ်ပါသည်။ ထို့ပြင် တရုတ်မြန်မာနယ်စပ်၌ တရုတ်နိုင်ငံမှ ရာဇဝတ်မှုကျူးလွန်သူများနှင့် အစိုးရဆန့်ကျင်သူများ နေထိုင်ရာ ဒုက္ခသည်စခန်းများလည်း တည်ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် စစ်ဘက် အစိုးရများနှင့်သာမက မြန်မာနိုင်ငံအတွင်း လူမျိုးစုများနှင့် အစိုးရဆန့်ကျင်တော်လှန်ရေး တပ်ဖွဲ့များနှင့်လည်း ဆက်နွှယ်မှုများ ရှိနေပါသည်။ ထို့ပြင် ချင်ဂန်သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးမလာရောက်မီ နယ်စပ်အရေးကိစ္စများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နယ်စပ်မှ ရာဇဝတ်မှုများနှိမ်နင်းမှုကိစ္စရပ်သည် ခရီးစဉ်လာရခြင်း၏ အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဝက်ဆိုက်ဘ်စာမျက်နှာတွင် ဦးဝင်းမြင့်ကို မြန်မာနိုင်ငံသမ္မတအဖြစ်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း ဖော်ပြ ထားဆဲရှိနေပြီး၊ ယာယီသမ္မတ ဦးမြင့်ဆွေကို ဒုတိယသမ္မတနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ ဖော်ပြထားသည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။
နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် ၏ ဆွေးနွေးပွဲများနှင့် တရုတ်သတင်းမီဒီယာ များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် သုံးနှုန်း ထားသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် ဟူ၍ ခေါ်ဝေါ်သုံးနှုန်းခြင်းမရှိသည်ကို တွေ့ရသည်။ အဆိုပါအချက်များကို ကြည့်ခြင်းအားဖြင့် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အစိုးရအပြောင်းအလဲများကို လက်ခံထားခြင်းမရှိ သေးဘဲ၊ တရုတ်နိုင်ငံအနေဖြင့် အင်တာနက်မှလိမ်လည်မှုများနှင့် ရာဇဝတ်မှုများကိုတိုက်ဖျက်ရန်၊ ၎င်း၏ ရေနံပိုက်လိုင်းများနှင့် ပြည်သူလူထုလုံခြုံရေးအတွက် ဒီမိုကရေစီလိုလားသည့် တပ်ဖွဲ့များနှင့် စစ်တပ်ကို ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်နိုင်ရန် အခြေအနေတစ်ခု ဖန်တီးထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သံတမန်ရေးမူဝါဒသည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိသည်ဖြစ်စေ၊ စစ်ဘက်အစိုးရအုပ်ချုပ်သည်ဖြစ်စေ စိတ်ဝင်စားမှုမရှိလှပါ။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုများ၊ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင်ဖော်ပြထားချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား မည်သည့်အစိုးရအုပ်ချုပ်နေသည်ဖြစ်စေ တွက်ချက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပြီး ၎င်း၏ မဟာဗျူဟာရည်မှန်းချက်အတွက် အသုံးချနေခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် များစွာအရေးပါလျက်ရှိသည်ကိုလည်း တွေ့ရပါသည်။ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရေးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးတို့အတွက် မြန်မာနိုင်ငံကို အဓိကထားဆက်ဆံနေခြင်းဖြစ်ပြီးတရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေးမှုများနှင့် မြန်မာနိုင်ငံအစိုးရအပေါ် ရပ်တည်ချက်ခိုင်မာမှုကို ပိုမိုပြသလာကြောင်း တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံကြီးများနှင့် ဆက်ဆံရမှုသည် အသွားနှစ်ဖက်ပါသော ဓားဖြစ်ခြင်းကြောင့် ကြက်ဥအားအားလုံး ခြင်းတစ်လုံးထဲတွင် မထည့်မိစေရန် အရေးကြီးသည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
44061923