နိဒါန်း
NATO အဖွဲ့၊ တရုတ်နှင့် အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စများနှင့် ပတ်သက်၍ Diplomatic ၏ ပင်တိုင်ဆောင်းပါးရှင် Mercy Kuo က Institute of Statecraft in London မှ ပါမောက္ခ၊ The Alphen Group ၏ ဥက္ကဋ္ဌဖြစ်သူ Julian Lindley-French နှင့် တွေ့ဆုံမေးမြန်းမှုအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တွေ့ဆုံမေးမြန်းမှုတွင် NATO အဖွဲ့၏ တရုတ် နိုင်ငံနှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် အယူအဆများသည် ဥရောပနိုင်ငံများ (Europe)၏ တရုတ်နှင့်ပတ်သက်သည့်စိုးရိမ်ချက်များအပေါ် မည်သို့ထင်ဟပ်နေသနည်းဟူ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ပထမအချက် အနေဖြင့် လက်ရှိအချိန်တွင် ဥရောပဒေသတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများသည် ပိုမိုသိသာထင်ရှားလာပြီး အဆိုပါအချက်ကြောင့် ဥရောပဒေသ တွင်းနိုင်ငံများ အနေဖြင့် ကောင်းကျိုးအပြင် ဆိုးကျိုးများကိုလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဥရောပဒေသတွင် တရုတ်နိုင်ငံပါဝင်ပတ်သက်နေသည့် ထောက်လှမ်းရေးလုပ်ငန်းများအပါအဝင် အခြားသောရန်လိုသည့်အပြုအမူများသည် မကြာသေးမီနှစ်များအတွင်းကစ၍ အလျင် အမြန်ကြီးထွားလာကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ဥရောပအတွက် ယုံကြည် စိတ်ချရသည့် မိတ်ဖက်နိုင်ငံမဖြစ်နိုင်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အမေရိကန်နိုင်ငံကို ဆိုးရွားစွာထိခိုက်အောင်ပြုလုပ်နိုင်သည့် မည်သည့်ပါဝါ (နိုင်ငံ) မဆို NATO နှင့် ဥရောပဒေသ၏ ကာကွယ်ရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်မည်သာဖြစ်ကြောင်း၊ ထို့ကြောင့် NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥရောပဒေသလုံခြုံမှု အတွက် အာမခံပေးထားသည့် အမေရိကန်၏ စစ်ရေးကဏ္ဍကို ခိုင်မာအောင် ကူညီထိန်းသိမ်းပေးရန်လိုအပ်မည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်နိုင်ငံနှင့် အင်ဒို-ပစိဖိတ်ဒေသနှင့် ပတ်သက်သည့် NATO အဖွဲ့၏ မဟာဗျူဟာမြောက် တွက်ချက်မှုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေနိုင်သနည်းဟူသည့် မေးခွန်းနှင့် ပတ်သက်၍ ဥရောပဒေသတွင်ဖြစ်ပွားခဲ့သည့် အရေးကိစ္စများသည် တစ်ကမ္ဘာလုံးအပေါ်တွင် သက်ရောက်စေနိုင်သကဲ့သို့ ကမ္ဘာ့အရေးကိစ္စများသည်လည်း ဥရောပဒေသကိုသက်ရောက်မှုရှိနေသည် အချက်ကို ဥရောပနိုင်ငံများ ရှင်းရှင်းလင်းလင်း လက်ခံထားပြီးဖြစ်ကြောင်း၊ ဥရောပနိုင်ငံများ၏အားတစ်ခုတည်းဖြင့် ကမ္ဘာ့အရေး ကိစ္စများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ရရှား-ယူကရိန်း ပဋိပက္ခများအတွင်း တရုတ်နိုင်ငံ၏ ရုရှားကိုအကူအညီပေးနေမှုများက တရုတ်အနေဖြင့် အနောက်အုပ်စု၏ Globalization သဘောတရားကို စိတ်ပါဝင်စားလှသည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ဖြစ်တည်မှု (China-ization) ကိုသာ သွားနေခြင်းဟု မြင်နိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံနှင့် သဘောတူညီခဲ့သည့် ဟောင်ကောင်နှင့်ပတ်သက်သည့် ဥပဒေများ(one country, two systems) ကို တစ်ဖက်သတ် စွန့်ပယ်မှုများကြောင့် တရုတ်နိုင်ငံ၏ အနာဂတ် နိုင်ငံခြားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒများအပေါ် စိုးရိမ်ပူပန်မှုများဖြစ်စေကြောင်း ဖြေကြားထားပါသည်။
NATO အဖွဲ့၏ ဂျပန်နိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်ရန် စီစဉ်ညှိနှိုင်းနေခြင်းနှင့် နှစ်ဘက် ပထဝီဝင်နိုင်ငံရေး ဆက်နွယ်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် NATO နှင့် ဂျပန် နိုင်ငံအကြားရှိ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို ဂျပန်နိုင်ငံတွင် NATO ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခြင်းဆိုသည့်အချက်က အထောက်အပံ့ဖြစ်စေ နိုင်ကြောင်း၊ ထို့အပြင် ဂျပန်တွင် ဖွင့်လှစ်မည့် NATO ကိုယ်စားလှယ်ရုံးသည် G 7 အဖွဲ့ကို ဗဟိုပြုသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအသိုက်အဝန်းကို တည်ဆောက်ခြင်းဖြစ်ပြီး အာဏာရှင်နိုင်ငံအုပ်စုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဟန့်တားနိုင်ရန်ဖြစ်ကြောင်း၊ NATO အဖွဲ့ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းမျိုးမဟုတ်သော်လည်း ၂၁ ရာစုကမ္ဘာ့အရေးအခင်းကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပါသည်။
၅။ ဥရောပ-အတ္တလန္တိတ် မဟာမိတ်များ၏ တရုတ်-ရုရှား မိတ်ဘက်ဆက်ဆံ ရေးအပေါ် တုံ့ပြန်မှုများနှင့်ပတ်သက်၍ ထိရောက်မှုအတိုင်းအတာကို မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည်သာ လက်ရှိကမ္ဘာ့အခင်းအကျင်းကို စုပေါင်းကာကွယ်လိုသည့် ဆန္ဒရှိကြောင်း၊ NATO အရှေ့ဘက်ခြမ်းနိုင်ငံများတွင် ရုရှားနိုင်ငံ၏ခြိမ်းခြောက်မှု၊ မြောက် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား တောင့် တင်းမှု၊ ကြွေးမြီများဖြင့် အကျပ်ကိုင်မှု၊ အာတိတ်ဒေသရှိ တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာအကျိုးစီးပွားများကြောင့် ဥရောပနိုင်ငံများ အားလုံးအနေဖြင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) အပေါ်တွင် မှီတင်းနေရသည့် ကိစ္စရပ်အား ပြန်လည်သုံးသပ်မှု ဖြစ်စေခဲ့ကြောင်း၊ ထိုသို့ သတိထားမိမှုသည် အရေးကြီးသည့် အရင်းအမြစ်များ (နောက်ဆုံးပေါ်ချစ်ပ်များ၊ မြေရှားသတ္တုများ) တရုတ်နိုင်ငံသို့ ရောက်ရှိမသွားစေရန် ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
NATO အဖွဲ့၏ အင်ဒို-ပစိဖိတ် ဒေသနှင့် မဟာဗျူဟာမြောက် စေ့စပ်ညှိ နှိုင်းမှုများကို စိန်ခေါ်သည့် အဓိကခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ပြည်လည်ဖြေကြားရာတွင် NATO အဖွဲ့၏ အင်ဒို-ပစိဖိတ်ဒေသနှင့် မဟာဗျူဟာမြောက် စေ့စပ်ညှိနှိုင်းမှုများ ပိုမိုခိုင်မာအားကောင်းလာသည်ဟု ဆိုနိုင်ကြောင်း၊ အကြောင်းမှာ အမေရိကန်ဦးဆောင်သော AUKUS နှင့် UK-Japan Defence Treaty တို့ကဲ့သို့သောယန္တရားများကို အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများနှင့် တည်ဆောက်လာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် ခြိမ်းခြောက်မှု ၃ ရပ်ရှိနေကြောင်း၊ ပထမအချက်မှာ ထိုင်ဝမ် အပေါ် တရုတ်နိုင်ငံ၏ တိုက်ခိုက်မှုများဖြစ်ပေါ်လာခဲ့ပါက NATO မဟာမိတ်များသည်သာ အမေရိကန်ဖက်မှရှိမည်ဖြစ်ပြီး အခြားသောနိုင်ငံများက ထောက်ခံလိမ့်မည် မဟုတ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၏ အဓိကစစ်ပွဲများတွင် အမေရိကန်ပါဝင်လာခဲ့ပါက ဥရောပမှ ၎င်း၏အရင်းအမြစ်များကို အသုံးပြုရမည်ဖြစ်ခြင်းကြောင့် ထိုလစ်ဟာသွားမှုကို ဖြေရှင်းရန်လိုအပ်လာမည်ဖြစ်ကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် တရုတ်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံများအား စိမ့်ဝင်၍ အကြွေးလက်နက်ဖြင့်ခြိမ်းခြောက်ပြီး ထိရောက်သည့်စုပေါင်းဆုံးဖြတ်ချက်များ အချမှတ်နိုင်ရန်ဆောင်ရွက်လာနိုင်ကြောင်ဖြေကြားထားပါသည်။
၇။ အချုပ်အားဖြင့် တရုတ်နှင့် အနောက်အုပ်စုအကြားရှိ ကုန်သွယ်မှုဆက် ဆံရေးသည် ၁၉၈၉ ခုနှစ်ကတည်းက ကောင်းမွန်သည့် ဆက်ဆံရေးမျိုးဖြစ်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများနှင့် သဘောထား များမှတစ်ဆင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ယခုအခါ ထိုကမ္ဘာလုံးဆိုင်ရာစည်မျဉ်းများကို စွန့်ပယ်ခဲ့ခြင်းကြောင့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ်မှ ပြိုင်ဘက်နိုင်ငံ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် အနောက် အုပ်စုဝင်နိုင်ငံများနှင့် အားပြိုင်မှုများတွင် ရှုံးနိမ့်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ရေးသား ထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
တွေ့ဆုံမေးမြန်းမှု၏ ဖြေကြားချက်များကိုထောက်ရှုခြင်းဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အာရှပစိဖိတ်ဒေသအတွင်း ၎င်း၏စစ်အုပ်စု NATO အဖွဲ့ကို ပိုမိုချဲ့ထွင်ရန် တစ်စိုက်မတ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်း မိတ်ဘက်နိုင်ငံများရရှိရန်အတွက် စည်းရုံးရေး/ဖိအားပေးရေးတို့ကို အသုံးပြု၍ ဆောင်ရွက်လာမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ထို့အပြင် အာရှဒေသတွင်းနိုင်ငံများကိုဦးဆောင်၍ ကမ္ဘာ့နံပါတ်တစ်နေရာသို့ တက်လှမ်းရန်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များ နှောင့်နှေးစေရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ပိတ်ဆို့ခြင်းများ ဆောင်ရွက်လာမည်သာဖြစ်ပါသည်။ ထို့ကြောင့် ယခု အနောက်အုပ်စု၏ အာဘော်နှင့် အတွေးအခေါ်များကို ဖြေကြားသွားသည့် Institute of Statecraft in London မှ ပါမောက္ခ၊ The Alphen Group ၏ ဥက္ကဋ္ဌဖြစ်သူ Julian Lindley-French ၏ ဖြေကြားချက်များအရ ကမ္ဘာ့နိုင်ငံရေးသည် ဒုတိယစစ်အေးကာလသို့ ရောက်ရှိလာပြီဟု အတိအလင်းဆိုနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။
NATO အဖွဲ့သည် စစ်အေးခေတ်အလွန်တွင် ပေါ်ပေါက်လာသည့် စစ် မဟာမိတ်စာချုပ်အဖွဲ့ဖြစ်ပြီး ယခုအခါ ဥရောပ-အတ္တလန္တိတ်ဒေသမှ အင်ဒို-ပစိဖိတ်ဒေသို့ ချဲ့ထွင်လာသည့် ခြေလှမ်းများကြောင့် တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမှုများ မလွဲမသွေဖြစ်ပေါ်လာမည်ဖြစ်ပြီး ရုရှား-တရုတ်အုပ်စုမှလည်း တန်ပြန် စစ်အုပ်စုတည်ဆောက်မှုများ ဆောင်ရွက်လာနိုင်ချေရှိသည်ဟု ယူဆရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံအတွက်သာမက တရုတ်နိုင်ငံကို ဝိုင်းပတ်ထိန်းချုပ်မည့် အနောက်အုပ်စုအတွက်ပါ အရေးပါသောပထဝီဝင်အနေအထားတွင်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ၊ တရုတ်နှင့် အနောက်အုပ်စုတို့၏ အားပြိုင်မှုများအကြားတွင် ပိတ်မိသည့်အဖြစ်မျိုး ရောက်လာနိုင်သည်ကို ကြိုတင်တွေးဆထားသင့်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
47062223