လက်ရှိကမ္ဘာ့နိုင်ငံရေးသည်
ပြန်လည်တည်ဆောက်နေသည့် အနောက်အုပ်စုနှင့် တရုတ်၊ ရုရှားဦးဆောင်သည့် ဗဟိုချုပ်ကိုင်မှုအားကောင်းသောအုပ်စု
နှစ်ခုအကြား အားပြိုင်နေကြသည်။ သို့သော်လည်း ဒီလိုဖော်ပြချက်က ကန့်သတ်ချက်တော့ ရှိနေပါသည်။
တကယ်တော့ အနောက်အုပ်စုအတွင်းမှာလည်း စည်းလုံးညီညွတ်နေသည်ဟု ဆို၍မရနိုင်ပါ။ ထိုအချက်ကို
ပြင်သစ် သမ္မတ Emmanuel Macron ၏ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်ခရီးစဉ်က
သက်သေပြနေသည်။ ပြင်သစ်သမ္မတ တရုတ်နိုင်ငံက ပြန်လည်ထွက်ခွာသည့်နေ့က တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကိုရည်ရွယ်သည့်
စစ်ရေးလေ့ကျင့်ခန်း စတင်သည့်နေ့လည်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကြီး၏ လူဦးရေထက်ဝက်ခန့်
(၄ ဘီလီယံ)၊ နိုင်ငံပေါင်း ၁၀၀ ကျော်က က ပထဝီဝင်နိုင်ငံရေး အားပြိုင်မှုအကြားတွင် ဘက်မရွေးချယ်လိုကြပေ။
ထို့ကြောင့် အဆိုပါအင်အားကောင်းသည့် ကြားနေနိုင်ငံများက ကမ္ဘာ့အစဉ်ပျက်ယွင်းနေခြင်းတွင်
အခရာကျလာသည်။ အိန္ဒိယနှင့် ဆော်ဒီအာရေဗျ ကဲ့သို့သောနိုင်ငံများက အကွဲအပြဲအကြားညှိနှိုင်းရန်နှင့်
ကမ္ဘာ့အရေးကိစ္စများတွင် ပိုမိုပေါက်ရောက်ရန် လိုလားနေကြသည်။ ကမ္ဘာ့ကြီး၏ ထက်ဝက်ခန့်က
အုပ်စုတိုက်ပွဲတွင်မပါဝင်လိုကြသည်မှာ သဘာဝကျပါသည်။ ဘာကြောင့် ရေနံဈေး ဒေါ်လာ ၈၀ အထက်ပြန်ရောက်လာသနည်း၊
ကမ္ဘာ့ဝယ်လိုအားချိတ်ဆက်မှုကို ဘယ်လို ပြန်လည်ပြုပြင်နေသနည်း၊ ယူကရိန်းအတွက် ငြိမ်းချမ်းရေး
အခြေအနေမည်သို့နည်း စသည့်မေးခွန်းများကို နားလည်လိုလျှင် အဆိုပါ ဘက်မရွေးချယ်လိုသည့်နိုင်ငံများက
အရေးပါလာသည်။ ထိုနိုင်ငံများကို တရုတ်နှင့် အနောက်အုပ်စု မည်သည့်ဘက်က လွှမ်းမိုးနိုင်မည်နည်း
ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ရာ မေးခွန်းပင်ဖြစ်သည်။
ဘက်မရွေးချယ်ရေးဝါဒ (non-alignment) တွင် ခိုင်မာသည့်သမိုင်းကြောင်းရှိသည်။၁၉၅၀
ပြည့်နှစ်လွန်ကာလများက ဖွံ့ဖြိုးဆဲမိတ်ဘက်နိုင်ငံများအုပ်စုသည် အမေရိကန်နှင့် ဆိုဗီယက်တို့၏
အားပြိုင်မှုအကြားတွင် ၎င်းတို့၏ အချုပ်အခြာအာဏာကို တည်ဆောက်ရန်ကြိုးစားခဲ့ဖူးကြသည်။
ဆယ်စုနှစ်များစွာလွန်ပြီးနောက် ထိုအုပ်စုအနေဖြင့် လူစိတ်ဝင်စားမှုလျော့ကျသွားပြီး အမေရိကန်ဝါဒကိုဆန့်ကျင်သည့်ဘက်သို့
ရောက်သွားခဲ့သည်။ ထိုအုပ်စုတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်အဖြစ်
မပါဝင်ခြင်း၊ စစ်အင်အားမရှိခြင်း၊ ညီညွတ်မှုမရှိခြင်း၊ စီးပွားရေးအခြေမခိုင်ခြင်းနှင့်
နည်းပညာ၊ငွေကြေးဆိုင်ရာတို့တွင် ရှေ့မရောက်ခြင်းကြောင့် ပါဝါအားနည်းခဲ့ပါသည်။ ၁၉၅၆
ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Foster Dulles က ကြားနေဝါဒအုပ်စုကို
သဘောတရားအရအခြေမခိုင်သည့်အုပ်စုဟု ဝေဖန်ခဲ့ဘူးသည်။
ယခုခေတ် ဘက်မရွေးဝါဒလိုလားသည့် နိုင်ငံပေါင်း
၁၀၀ ကျော်သည်လည်း ၂၀ ရာစုကရှိခဲ့သည့် ဘက်မရွေးလှုပ်ရှားမှုကဲ့သို့ပင် တူညီသော ပြဿနာများနှင့်
ရင်ဆိုင်နေရသည်။ ၎င်းနိုင်ငံများသည် အနောက်အုပ်စုနှင့် တရုတ်-ရုရှားအုပ်စုလောက် ဘုံသဘော
ညီညွတ်မှုမရှိကြချေ။ ဥပမာအားဖြင့် ဘရာဇီးနှင့် အိန္ဒိယကဲ့သို့သော ဘက်မရွေးဒီမိုကရေစီနိုင်ငံကြီးများတွင်
တူညီသောအကျိုးစီးပွားများမရှိသကဲ့သို့ ကာတာကဲ့သို့ ငွေကြေးချမ်းသာသည့် ဘုရင့်နိုင်ငံသည်လည်း
သီးခြားအစီအစဉ်များဖြင့် ရပ်တည်နေကြသည်။ ၎င်းတို့အနေဖြင့် အနောက်အုပ်စုပေါ် လျှပ်ကူးပစ္စည်းများမှအစ
လက်နက်များအထိမှီခိုနေရဆဲဖြစ်ပြီး ကုန်သွယ်ရေးကိုလည်း ဒေါ်လာငွေကြေးက လွှမ်းမိုးနေဆဲဖြစ်သည်။
တရုတ်နှင့်ရုရှားကိုလည်း နည်းပညာပိုင်းအရ မှီခိုနေရဆဲဖြစ်သည်။
သို့သော်လည်း ထိုဘက်မရွေးချယ်ရေးနိုင်ငံများ၏ အခန်းကဏ္ဍကို လျော့တွက်လျှင်မှားပါလိမ့်မည်။
ပထမအချက်အနေဖြင့် ၎င်းနိုင်ငံများ၏ စီပွားရေးအင်အား ကောင်းလာနေသည်။ စီးပွားရေးအကောင်းဆုံး
ဘက်မရွေးချယ်ရေး ၂၅ နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိနေသည်။
ဘာလင်တံတိုင်းပြိုကျအပြီး ၎င်းနိုင်ငံများ၏ GDP မှာ ၁၁ ရာခိုင်းနှုန်းရှိခဲ့ရာမှ ယခုအခါ
၁၈ ရာခိုင်နှုန်းသို့ ရောက်လာပြီဖြစ်သည်။ ထိုပမာဏက EU နိုင်ငံများထက် သာလွန်နေသည်။
အမေရိကန်ဦးဆောင်သည့် ကမ္ဘာပြုမှု (globalization) ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် ၎င်းနိုင်ငံများ၏
ကုန်သွယ်ရေး ပုံသဏ္ဌာန်မှာ ဗဟုမဏ္ဍိုင်ပုံစံ (multipolar) ဆန်လာသည်။ အထူးသဖြင့် အနောက်အုပ်စု၊
တရုတ်နှင့် အခြားဘက်မရွေးနိုင်ငံများဟူ၍ ဝင်ရိုး သုံးခု ဖြစ်ပေါ်လာသည်။
ဒုတိယအချက်အနေဖြင့် ဘက်မရွေးနိုင်ငံများ၏ ကမ္ဘာကြီးကို ချဉ်းကပ်ပုံမှာ
၎င်းတို့၏ အမျိုးသားဖွံဖြိုးတိုးတက်မှုပေါ်တွင်အခြေခံနေသည်။ လက်ဖျားခါရလောက်အောင် လက်တွေ့ကျနေသည်။
ဘက်မရွေးချယ်လိုသည့် နိုင်ငံများသည် အမေရိကန်ဦးဆောင်သည့် ကမ္ဘာပြုမှုကို ကာကွယ်မည့်သူများမဟုတ်ကြတော့။
ပထဝီနိုင်ငံရေးအားပြိုင်နေသည့် ဘက်နှစ်ခုစလုံးနှင့် ကုန်သွယ်ရေးဆောင်ရွက်လိုကြသည်။
တရုတ်နိုင်ငံကို အလွန်အမင်း မှီခိုနေရသည့် ဝယ်လိုအားကွင်းဆက်ကိုပြောင်းလဲနေမှုတွင်လည်း
၎င်းတို့၏ အကျိုးအမြတ်နှင့် အခွင့်အလမ်းများကို အရယူနေကြသည်။ ၎င်းတို့၏ လက်တွေ့ဝါဒ
(pragmatism) က ၁၉၄၅ ခုနှစ်အလွန် အမေရိကန်ဦးဆောင်သည့် UN ၊ IMF ကဲ့သို့သော ကမ္ဘာ့အစဉ်ပေါ်တွင်
ယုံကြည်မှုနည်းပါးခြင်းကို အခြေခံနေသည်။ ထိုကမ္ဘာ့အစဉ်မှာ ပျက်ယွင်းနေပြီဟုပင် မြင်နေကြသည်။
အမေရိကန်၏ လစ်ဘရယ်ကမ္ဘာ့အစဉ်၊ လူ့အခွင့်အရေး ဆိုသည်များကို ကိုယ်ကျိုးရှာနေမှု၊ ကြောင်သူတော်လုပ်မှုနှင့်
မသေချာမရေရာမှုများအဖြစ် မြင်နေကြပြီဖြစ်သည်။
ကမ္ဘာ့ကြီးကို ၎င်းတို့အတွက် အကျိုးကျေးဇူးရနိုင်မည့် ပြောင်းလွယ်ပြင်လွယ်
နည်းများဖြင့် ချဉ်းကပ်နေကြသည်။ တစ်ခါတစ်ရံတွင် တစ်နိုင်ငံတည်းဆောင်ရွက်ပြီး၊ တစ်ခါတစ်ရံတွင်
အစုအဖွဲ့နှင့်ဆောင်ရွက်သည်။ OPEC အဖွဲ့က ယခုလအတွင်းမှာပင် အနောက်အုပ်စု ကန့်ကွက်နေသည့်ကြားမှ
ရေနံထုတ်လုပ်မှု ၄ ရာခိုင်နှုန်းလျှော့ချလိုက်သည်။ ဘရာဇီးသမ္မတက ယူကရိန်းစစ်ပွဲရပ်ရန်
ငြိမ်းချမ်းရေးလိုလားသည့်အုပ်စုကို မြှင့်တင်နေသည်။ အိန္ဒိယကလည်း ယခုနှစ် G20 ဥက္ကဋ္ဌအဖြစ်
ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ (Global South) အတွက် လော်ဘီလုပ်ပေးရန် လိုလားနေသည်။
ထိုကဲ့သို့ ပါဝါချဲ့ထွင်လာခြင်းများက အဖျားရှူးသွားနိုင်ပြီး
ထိရောက်မှုရှိမည်မဟုတ်ဟု ထင်ကောင်းထင်ကြလိမ့်မည်ဖြစ်သော်လည်း တိကျသည့် ရည်ရွယ်ချက်ရှိနေပါသည်။
အိန္ဒိယနိုင်ငံက နည်းပညာပိုင်းဆိုင်ရာတွင် ၎င်း၏ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို
ထုတ်ကုန်အဖြစ် မြှင့်တင်နေသည်။ ကာကွယ်ရေးတွင် တူရကီနိုင်ငံက ဒရုန်းများအပါအဝင် လက်နက်များ
ပိုမိုရောင်းချနေပြီး အိန္ဒိယကလည်း ၎င်း၏ ရေတပ်အင်အားကို တိုးချဲ့နေသည်။ ငွေကြေးကဏ္ဍတွင်
ထရီလီရံနှင့်ချီသည့် ရေနံဒေါ်လာများရင်းနှီးမြှုပ်နှံမှုတွင် အနောက်အုပ်စုကို ဗဟိုပြုမှု
လျော့ကျလာနေသည်။ ဘက်မရွေးချယ်ရေးနိုင်ငံများ ကာလရှည်ကြာအာရုံစိုက်မှု အားနည်းခဲ့သည့်
ရာသီဥတုထိန်းသိမ်းရေးမူဝါဒများတွင်လည်း ၎င်းတို့၏ သဘောထားများကို ကြားလာရပြီဖြစ်သည်။
ထို့ကဲ့သို့ နိုင်ငံအများစုအနေဖြင့် ပထဝီနိုင်ငံရေးအားပြိုင်မှုအကြား
အင်အားသုံး၍ ဘက်ရွေးချယ်စေခြင်းကို မလိုလားကြသော်လည်း စူပါပါဝါများအနေဖြင့် ထိုနိုင်ငံများကို
ထိန်းချုပ်လွှမ်းမိုးနိုင်ရန် အပြိုင်ကြဲနေကြသည်။ တရုတ်နိုင်ငံကလည်း ဆိုဗီယက်ခေတ်တုန်းကကဲ့သို့ပင်
ထိုနိုင်ငံများက ၎င်းတို့အလိုကျ လိုက်ပါလိမ့်မည်ဟု ယူဆနေသည်။ ဗဟိုချုပ်ကိုင်မှုနှင့်
ဒီမိုကရက် အခြေခံအဆောက်အုံများ၊ နည်းပညာနှင့် လက်နက်များကို နှောင်ကြိုးအနည်းငယ်ဖြင့်
တည်ဆောက်ဖြန့်ဝေပေးနေသည်။ သို့သော်လည်း အင်အားနည်းနေသေးသည့် ဘက်မရွေးချယ်ရေးနိုင်ငံများက
အင်အားသည်သာ အမှန်တရားဖြစ်သည့် ကမ္ဘာကြီးအကြောင်းကို နောကြေလာပြီဖြစ်သည်။ အားနည်းလျှင်
အနိုင်ကျင့်ခံရမည်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်သည့် တရုတ်နိုင်ငံ၏ ပါဝါအပျော့
(soft power) မှာ ကန့်သတ်ချက်များ ရှိနေပါသေးသည်။ တရုတ်နိုင်ငံမှ ငွေချေးယူထားသည့်
နိုင်ငံများမှ ပြည်သူများက တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းအချေခြရန်ပင် လွယ်ကူလှသေးသည်မဟုတ်ပါ။
မည်သို့ပင်ဆိုစေကာမူ အနောက်အုပ်စုအနေဖြင့် ဩဇာလွှမ်းမိုးရေးပြိုင်ပွဲကို
အရှိန်မြှင့်တင်ရန်လိုအပ်သည်။ ဘက်မရွေးချယ်လိုသည့်နိုင်ငံများ တရုတ်-ရုရှား တို့နောက်သို့
ပါသွားမည့် ဗျူဟာများကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးက ဆွဲဆောင်စည်းရုံးမှုများနှင့်
မလုံလောက်တော့ကြောင်း သဘောပေါက်သင့်သည်။ အနောက်အုပ်စုအနေဖြင့် ဘက်မရွေးချယ်လိုသည့်နိုင်ငံများကို
၎င်းတို့၏ သဘောတရားနှင့်လိုလားချက်ပေါ်မူတည်၍ အပျော့အမာရောယှက်၍ ချဉ်းကပ်သင့်သည်။
အနောက်အုပ်စု၏ ဈေးကွက်ရရှိနိုင်မှု၊ နည်းပညာနှင့် သတင်းအချက်အလက်
လွတ်လပ်စွာစီးဆင်းမှုများက အားသာချက်တစ်ချို့အဖြစ် ရှိနေဆဲဖြစ်သည်။ ထိုအားသာချက်များကို
တိုးတက်လာစေရန် ပြောင်းလွယ်ပြင်လွယ်ရှိသည့် လုံခြုံရေး ကွန်ရက်စနစ်တည်ဆောက်သင့်သည်။
အကြွေးများလျော်ပေးခြင်းမှသည် ရာသီဥတုဆိုင်ရာ ထောက်ပံ့ကြေးများကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။
ယခု ကမ္ဘာ့အစဉ်သည် ၁၉၉၀ ပြည့်နှစ်လွန်များက အမေရိကန်ဦးဆောင်သည့် ဧကမဏ္ဍိုင် (unipolar)
အခြေအနေမှ သွေဖည်နေပြီဖြစ်သည်။ သို့သော် အနောက်အုပ်စုအနေဖြင့် ဩဇာလွှမ်းမိုးရေးအတွက်
ယှဉ်ပြိုင်နိုင်ဆဲဖြစ်သည်။ ကမ္ဘာ့လူဦးရေ ၄ ဘီလီယံသည် ၎င်းတို့အတွက် ရရှိနိုင်မည့် အခွင့်အလမ်းများနှင့်
အားသာချက်များကို အလေးထားကြပါသည်။
(The Economist မှ "Can the West win over the rest?"ဆောင်းပါးသည် အမေရိကန်နှင့် အနောက်အုပ်စု၏ မူဝါဒလိုအပ်ချက်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ရန်လိုအပ်ကြောင်း
အကြံပြုရေးသားထားခြင်းဖြစ်သည်။ အခြေအနေမှန်ကို မျှတစွာသုံးသပ်ရန်မှာ စာဖတ်သူ၏ တာဝန်သာဖြစ်ပါသည်။)
Myanmar Aspect
1042023