Tuesday, November 21, 2023

ဂါဇာမြောက်ပိုင်းတွင် စစ်ရှိန်လျော့ကျသွားခြင်းနှင့် တောင်ပိုင်းဒေသရှိ ဒုက္ခသည်များ၏အခက်အခဲများ

 


နိဒါန်း
အစ္စရေးနှင့် ဟားမက်စ်တို့၏ စစ်ပွဲများကြောင့် အိုးပစ်အိမ်ပစ် ပြေးရသည့် ဒုက္ခသည်များ၏အခက်အခဲနှင့် ၎င်းတို့အားလူသားချင်းစာနာထောက်ကူမှု အကူအညီ များပေးအပ်ရန် ခက်ခဲလျက်ရှိပြီး အစ္စရေးတို့၏ ပိတ်ဆို့ကန့်သတ်မှုများ ကြောင့် ဒုက္ခသည်များအတွက် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဂါဇာမြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ သီတင်းပတ် ၆ ပတ်ခန့် ကြာခဲ့ပြီးနောက် ပြည်သူလူထု ၁ သန်းခန့် နေထိုင်သည့် မြို့တစ်မြို့သည် လူသူကင်းမဲ့နေပြီဖြစ်ပါသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့၌ ဒုက္ခသည် ၉၀,၀၀၀ ခန့်ရှိ ရမည့် ဂါဇာမြောက်ပိုင်း Al-shati ဒုက္ခသည်စခန်းတွင် ဒုက္ခသည် တစ်ဉီးမျှမရှိတော့ သည်ကိုတွေ့ရသည်။ ၎င်းဒုက္ခသည်စခန်းတွင် အဆောက်အအုံအများစုသည် ဆိုးရွားစွာဖျက်ဆီးခံ ထားရပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (Israel Defence Forces- IDF) ၏ သံချပ်ကာ ကားများသွားလာမှုကြောင့် လမ်းများလည်း ပျက်စီးလျက်ရှိပါသည်။ ထို့အပြင် ရေ၊ မီး၊ မိလ္လာ အခြေခံစနစ်များလည်း မရှိတော့ကြောင်းနှင့် ဂါဇာဒေသတွင်းမြို့ အများ အပြားနှင့် မြို့ပြင်များ တွင်လည်း အလားတူအခြေအနေများဖြစ်ပွားလျက်ရှိပါသည်။
သီတင်းပတ် ၆ ပတ်ကြာ စစ်ပွဲနှင့် ၃ ပတ်ကြာ မြေပြင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် အစ္စရေးနိုင်ငံသည် ဂါဇာမြောက်ပိုင်းဒေသကို ထိန်းချုပ် နိုင်ခဲ့ပြီးဖြစ်ပါသည်။ တစပြင်ကဲ့သို့သော အပျက်အစီးများက အစ္စရေး-ဟားမက်စ်စစ်ပွဲ အဆင့်တစ်ဆင့် အဆုံးသတ်ပြီဟုဆိုနိုင်သော်လည်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မေးခွန်း ၂ ခု ပေါ်ထွက်လာခဲ့ပါသည်။ ပထမမေးခွန်းမှာ ဂါဇာ တောင်ပိုင်းဒေသ အတွင်းရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု ပြဿနာများ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်မည်ဟူသော ကိစ္စရပ်ဖြစ်ပြီး ဂါဇာဒေသအတွင်းရှိ ပြည်သူ ၂.၂ သန်းခန့်သည် ဂါဇာတောင်ပိုင်းဒေသတွင် ပိတ်မိနေပါသည်။ အစ္စရေး တို့၏နယ်မြေပိတ်ဆို့မှုကြောင့် အီဂျစ်နိုင်ငံမှ လူသားချင်းကူညီထောက်ပံ့မှုလုပ်ငန်း များ လုပ်ဆောင်ရန်ခက်ခဲနေပြီး ဂါဇာပြည်သူများအတွက် အစာ၊ ရေ ပြတ်လတ် လျက်ရှိပါသည်။ စက်သုံးဆီပြတ်လတ်မှုသည်လည်း ဆေးရုံများနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ကောင်းစွာမလည်ပတ်နိုင်သကဲ့သို့ ရာသီဥတုဒဏ်ကြောင့် ဆင်းရဲ ဒုက္ခများ ကြုံတွေ့နေရပါသည်။
ဒုတိယမေးခွန်းမှာ နောက်ထပ်စစ်ပွဲများထပ်ဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်ပါသည်။ ဂါဇာတောင်ပိုင်းဒေသသို့ ထွက်ပြေးတိမ်းရှောင်နေသူများတွင် ဒေသခံ ပြည်သူများသာမက ဟားမက်စ်အဖွဲ့သည်လည်း သေချာပေါက် ထွက်ပြေးလာမည် သာဖြစ်ပါသည်။ အစ္စရေးစစ်တပ်သည် ဟားမက်စ်အဖွဲ့ခေါင်းဆောင် Yahya Sinwar နှင့် စစ်ဘက်အကြီးအကဲ Muhammad Deif ကို ရှာဖွေဖမ်းဆီးနိုင်ရန်ကြိုးပမ်းနေပြီး ၎င်းတို့အား ဥမင်များတွင်ပုန်းခိုနေနိုင်သည်ဟု ယူဆထားပါသည်။ ထို့ကြောင့် အဆောက်အအုံများကို ဝင်ရောက်ရှင်းလင်းခြင်း၊ ဥမင်များရှာဖွေခြင်းနှင့် လိုအပ်သည့် နေရာများအား အမြောက်၊ လေကြောင်း၊ တင့်ကားများဖြင့် ဖောက်ခွဲဖျက်ဆီးပြီး ဆက်လက်တိုက်ခိုက်သွားနိုင်ဖွယ်ရှိပြီး တောင်ပိုင်းဒေသသည် နောက်ထပ် စစ်ရေး ပစ်မှတ် ဖြစ်လာနိုင်ပါသည်။ အစ္စရေးတပ်ဖွဲ့များအနေဖြင့် ပြည်တွင်းနိုင်ငံရေးနှင့် သံတမန်ရေးဖိအားပေးမှုများအကြားတွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ကို စောင်ကြည့်ရမည်ဖြစ်ပါသည်။
Al-shifa ဆေးရုံသည် အစ္စရေးတပ်ဖွဲ့များ၏ ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြီး အဆိုပါဆေးရုံအောက်တွင် ဟားမက်စ်အဖွဲ့၏ မြေအောက်ဌာနချုပ်နှင့် ဓားစာခံ ၂၃၉ ဦး ရှိနိုင်သည်ဟု ဆိုပါသည်။ သို့သော် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဆေးရုံဝန်း အတွင်း စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဆေးဝန်ထမ်းများ၊ လူနာ များနှင့် ဒုက္ခသည် အချို့ကိုသာ တွေ့ရှိခဲ့ရပါသည်။ ဆေးရုံအတွင်း စခန်းချနေထိုင်နေသည့် ဒုက္ခသည် ၆၀,၀၀၀ ခန့်တို့သည်လည်း တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့သွားနိုင်ပြီး ဂါဇာ မြောက်ပိုင်းဒေသသည် စွန့်ပစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ အီဂျစ် နိုင်ငံမှတစ်ဆင့် ကူညီထောက်ပံ့မှုများကို လက်ခံခဲ့ပြီး အစာ၊ ဆေးနှင့် အခြား အခြေခံ လိုအပ်ချက်များအတွက် ကား ၁,၂၀၀ စီးခန့်ကို Rafah နယ်စပ်ဂိတ်မှ ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။
အစ္စရေးနိုင်ငံ၏ လောင်စာဆီတင်ပို့မှု ကန့်သတ်မှုကြောင့် ချက်ပြုတ်ရန်အတွက် ထင်းအဖြစ် ပရိဘောဂများကို လောင်စာအဖြစ်အသုံးပြုနေရပါသည်။ လောင်စာဆီ ပြတ်လတ်မှုသည် အခြေခံလိုအပ်ချက်များကို ထိခိုက်စေနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လည်ပတ်မှု သုံးပုံနှစ်ပုံခန့်ကို ရပ်တန့်ခဲ့ပါသည်။ မိလ္လာပိုက် လိုင်းများ ပိတ်ဆို့နေခဲ့ပြီး ကာလ၀မ်းရောဂါ(Cholera) နှင့် အူရောင်ငန်းဖျား ရောဂါ (Typhoid) ကဲ့သိုသော ရေကြောင့်ဖြစ်သော ရောဂါများ မလွဲမသွေ ပျံ့နှံ့လာလိမ့်မည် ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီက ပြောကြားထားပါသည်။ ကုလသမဂ္ဂ၏ ကုန်ပစ္စည်းသယ်ယာဉ် (Fork lift) များ လောင်စာဆီမလုံလောက်မှုကြောင့် အကူအညီ များပေးပို့မှုများ မကြာမီ ရပ်ဆိုင်းသွားနိုင်သည်ဟု ဆိုပါသည်။ ထို့နောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒီဇယ်လီတာ ၂၃,၀၀၀ ခန့်တင်လာသည့် ရေနံတင် သင်္ဘောသည် အီဂျစ်နိုင်ငံမှ ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။ သို့သော် အစ္စရေး နိုင်ငံသည် အဆိုပါလောင်စာဆီများကို ကုလသမဂ္ဂ၏ လုပ်ငန်း လိုအပ်ချက်များတွင်သာအသုံးပြုရန် ကန့်သတ်ထားပြီး တစ်နေ့တာလုပ်ငန်းလိုအပ်ချက် ၉ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ပါသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုအနေဖြင့် ဂါဇာဒေသတွင် ဒီဇင်ဘာနှင့် ဇန်နဝါရီလ များသည် အေးပြီး စိုစွတ်ကြောင်း၊ ညအချိန်တွင် အပူချိန် ၈ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းလေ့ရှိပါသည်။ ဆောင်းတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများလည်း ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က မိုးရွာသွန်းမှုများကြောင့် ဒုက္ခသည်အချို့၏ တဲများ ပြိုကျကာ ရွှံ့အိုင်များထဲတွင် အိပ်နေရပါသည်။ အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ် စစ်ပွဲများနှင့်ပတ်သက်၍ မည်ကဲ့သို့ဆက်လက်လုပ်ဆောင်မည်ကို မေးခွန်းထုတ်စရာ ဖြစ်လာလာပါသည်။ ယခုအခါ အစ္စရေးတပ်ဖွဲ့များသည် တင့်ကားများ၊ အနံ့ခံခွေးများနှင့် တိုက်ခိုက်ရေး တပ်ဖွဲ့များဖြင့် ဟားမက်စ်အဖွဲ့များကို တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေနေသည် မှာ သီတင်းပတ် ၂ ပတ်ခန့် ရှိနေပြီဖြစ်ပါသည်။ သံသယရှိအဆောက်အအုံများကို တင့်ကားများ သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်မှတ်မှတ်ပုံတင်ထားသည်ဟု ဆိုပါသည်။သို့သော် ဂါဇာတောင်ပိုင်းတွင် မြောက်ပိုင်းကဲ့သို့ ပြင်းထန်သည့် စစ်ဆင်ရေးများ လုပ်ဆောင်ရန် ခက်ခဲခြင်းကြောင့် အစ္စရေးအရာရှိကြီးများသည် ရွေ့လျား ထိုးစစ်ဆင်မှုလုပ်ငန်း (More Mobile Offensive) လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိ ပါသည်။
သို့သော် မည်သည့်စစ်ဆင်ရေးလုပ်ငန်းမဆို ကယ်ဆယ်ရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ပြီး နိုင်ငံတကာမှ ကန့်ကွက်မှုများလည်း ရှိနိုင်ပါသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သည့် ဆော်ဒီအာရေးဗျနိုင်ငံ ထိပ်သီးအစည်းအဝေးတွင် အာရပ်နှင့် မွတ်ဆလင်နိုင်ငံများသည် တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုခဲ့ကြပါသည်။ အနောက်နိုင်ငံအချို့ကလည်း ယင်းတောင်းဆိုမှုကို သံယောင်လိုက်လာကြပြီး နိုဝင်ဘာလ ၁၀ ရက်က BBC သတင်းဌာနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြင်သစ်သမ္မတ Emmanuel Macron က အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုပြုလုပ်ရန် ထောက်ခံပြောကြားခဲ့ခြင်းမရှိသော်လည်း ဒီမိုကရက်တစ်ပါတီ၏ ဖိအားပေးခံနေရပါသည်။
လက်ရှိအချိန်တွင် ဂါဇာဒေသခံများ၏ သဘောထားကိုမှန်းဆရန် ခက်ခဲ ကြောင်း၊ ဒေသခံတစ်ချို့က ယခုကဲ့သို့ အဖြစ်ဆိုးများကို သယ်ဆောင်လာသည့် ဟားမက်စ်အဖွဲ့ကိုလည်း အပြစ်တင်လျက်ရှိကြပါသည်။ သို့သော်လည်း ဟားမက်စ် အဖွဲ့သည် ဂါဇာမြို့မှ ပေါက်ဖွားလာခဲ့ပြီး သြဇာအရှိဆုံးခေါင်းဆောင်များဖြစ်သည့် Yahya Sinwar နှင့် စစ်ဘက်အကြီးအကဲ Muhammad Deif တို့သည် Khan Younis အနီးရှိ ဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့ကြသူများဖြစ်ပါသည်။ ယခုအချိန်တွင် ဟားမက်စ် အဖွဲ့အပေါ် ပြင်းထန်သည့် ထိုးနှက်ချက်များဖြစ်စေသော်လည်း ကာလကြာလာသည်နှင့်အမျှ အစားထိုး အင်အားသစ် သို့မဟုတ် အဖွဲ့သစ်များ ပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့က စစ်ပွဲစတင်လာသည့် အစ္စရေး-ဟားမက်စ်စစ်ပွဲ တွင် အစ္စရေး ၁,၄၀၀ နှင့် ပါလက်စတိုင်း ၁၁,၀၀၀ ကျော်သေဆုံးခဲ့သည်ဟု အနောက် အုပ်စုမီဒီယာများတွင် ဖော်ပြနေကြသော်လည်း မြေပြင်အခြေအနေတွင် ပါလက်စတိုင်းများဘက်မှ ကလေးသူငယ်များအပါအဝင် ယခုထက်ပိုများသော အရေအတွက် ရှိနိုင်ပါသည်။ ယခုအချိန်တွင် အစ္စရေးအနေဖြင့် အပျက်အစီးများဖြင့်သာပြည့်နှက်နေသည့် ဂါဇာမြောက်ပိုင်းအား ထိန်းချုပ်ထားပြီး ပြည်သူများအနေဖြင့် ဂါဇာတောင်ပိုင်းဒေသတွင် စုပြုံရောက်ရှိနေပြီဖြစ်ပါသည်။ အစ္စရေးအနေဖြင့် ဒုတိယ အဆင့် စစ်ဆင်ရေးအရှိန်မြှင့်ရန် အကန့်အသတ်ရှိနေပြီး ပစ်မှတ်ထားရှာဖွေဖျက်ဆီး သည့် ရွေ့လျားထိုးစစ်ဆင်မှုလုပ်ငန်း (More Mobile Offensive) လုပ်ဆောင်ရန် စီစဉ်လျက်ရှိပါသည်။ ထိုစစ်ဆင်ရေးသည် နေရာတိုင်းသို့ ဝင်ရောက် ရှာဖွေရန်မဖြစ်နိုင်ဘဲ ထောက်လှမ်းရေးသတင်းအချက်များအပေါ်တွင် မှီခိုရမည် ဖြစ်ပါသည်။
ထိုသို့ပြုလုပ်နိုင်ရန် အစ္စရေးနိုင်ငံအနေဖြင့် စစ်ဆင်ရေးမစတင်မီတွင် ပြည်သူများအား တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ရန် ရှင်းလင်းစွာ ကြိုတင်အသိပေး ခြင်းများလုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် သာမန်ပြည်သူလူထု အသေအပျောက်များလှသည့် ၎င်းတို့၏ ထိုးစစ်အားနိုင်ငံတကာမှ ကန့်ကွက်မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ရန်ဖြစ်သကဲ့သို့ မြောက်ပိုင်းသို့ စွန့်ခွာသည့် ပြည်သူများအကြားတွင် တစ်ပါတည်း စိမ့်ဝင်၍ ဟားမက်စ်များ၏ သတင်းများကို စုဆောင်းရန်ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။
နိုင်ငံများအားလုံးသည် စစ်ပွဲများမဖြစ်ပွားစေရန် အတတ်နိုင်ဆုံး တားဆီးကြပြီး၊ စစ်ပွဲများဖြစ်ပွားပြီဆိုပါကလည်း နိုင်ငံရေး နှင့် စစ်ရေးကို ပါးနပ်စွာ တွဲဖက်အသုံးပြု၍ မိမိတို့အတွက် အားသာချက်ရှိမည့် အခြေအနေများကို ဖန်တီးကြသည်သာဖြစ်ပါသည်။ ထိုသို့ ပါးနပ်စွာ တွဲဖက်အသုံးပြုနိုင်စွမ်းအားနည်းသည့် နိုင်ငံတိုင်းသည် စစ်ပွဲပဋိပက္ခများ သံသရာရှည်တတ်ပြီး နိုင်ငံအား အဘက်အဘက်မှ ယိုယွင်းပျက်စီးခြင်းသို့ ရောက်ရှိစေပါသည်။ ထိုအခြေအနေကို ရှောင်ရှားနိုင်ရန်မှာ လက်နက်ကိုင်ပဋိပက္ခများ စစ်ပွဲများဖြစ်ပွားနေသည့် နိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
156112223

[1]။ “ The battle of northern Gaza is almost over”. The Economist. November 15, 2023 [https://www.economist.com/.../the-battle-of-northern-gaza...]