နိဒါန်း
ဥရောပနိုင်ငံများအနေဖြင့် တရုတ်အားမည်သို့ ကိုင်တွယ်နိုင်ရန် စဉ်စားသုံးသပ်နေကြပါသည်။ ဆယ်စုနှစ်များစွာ တရုတ်နှင့် ကုန်သွယ်ခဲ့ကြပြီးနောက် ခွာပြဲသွားလျှင် ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုလည်း အသေအချာတွေးဆနေကြပါသည်။ ၎င်းတို့၏ အနီးကပ်ဆုံးမိတ်ဘက် အမေရိကန်နိုင်ငံသည်ပင် တရုတ်အား ထိပ်တိုက်တွေ့ရမည်လား၊ ပြေငြိမ်းရမည်လားဆိုသည်ကို မဝေခွဲနိုင်သေးပါ။ ဥရောပနိုင်ငံများအနေဖြင့်လည်း တရုတ်နှင့်ပတ်သက်၍ တူညီသောသဘောထားတစ်ခု ရရှိရန် ခက်ခဲလျက်ရှိပါသည်။ သိပ်မကြာသေးသည့် လများအတွင်းကပင် ဂျာမဏီဝန်ကြီး ချုပ် Olaf Scholz က၊ နိုင်ငံခြားရေဝန်ကြီးအပါအဝင် ထိပ်သီးလုပ်ငန်းရှင်များပါဝင်သည့်အဖွဲ့ဖြင့် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည်။ စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း ကုန်သွယ်ရေးမြှင့်တင်ရန် တရုတ်သို့သွားခဲ့သည်။ ပြင်သစ် သမ္မတ Emmanuel Macron ကလည်း တရုတ်နှင့် မိတ်ဖက်ဆောင်ရွက်ရန် ကြိုးစားနေကြသည်။ ပြင်သစ်သမ္မတနှင့်အတူ စီးပွားရေးလုပ်ငန်းရှင် ၅၃ ဦးပါသွားပြီး ဥရောပအနေဖြင့် တရုတ်-အမေရိကန်တင်းမာမှုနှင့် ထိုင်ဝမ်ပဋိပက္ခတွင် မပါဝင်ကြောင်း ပြောဆိုခဲ့သဖြင့် ဥရောပနှင့် အမေရိကတွင် ပွက်လောရိုက်သွားခဲ့ရသည်။
ရုရှား-ယူကရိန်းစစ်ပွဲက ဗဟိုချုပ်ကိုင်မှုစနစ်နှင့် ဒီမိုကရေစီအကြား အားပြိုင်မှုကဲ့သို့ဖြစ်သွားပြီး အခြေအနေများကို ပိုမိုရှုပ်ထွေးသွားစေခဲ့ပါသည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကိုလမ်းဖွင့်ထားသည့် ဥရောပအရှေ့ဘက်ခြမ်းနိုင်ငံအများစုက သဘောထားတင်းမာသည့်အခြေအနေသို့ရောက်သွားကြသည်။ ၎င်းတို့အနေဖြင့် ရုရှားနှင့် တရုတ်အကြားက အကန့်အသတ်မရှိသော မိတ်ဘက်ဆက်ဆံရေးကိုလည်း စိုးရိမ်ကြချိန်တွင် တရုတ်အနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား ကွာဟချက်များကို အမြတ်ထုတ်လိုနေသည်ကိုလည်း သိကြပါသည်။
အမေရိကန်ကိုယ်၌က ၎င်း၏သဘောထားမည်သို့ရှိသည်ကို မသိနိုင်ခြင်းကြောင့် ဘုံသဘောတူညီချက်မျိုးရရှိရန် ခက်ခဲပါသည်။ အမေရိကန်အစိုးရခေါင်းဆောင်များနှင့် အမျိုးသားလုံခြုံရေးအကြံပေးများအကြားတွင် EU ကော်မရှင် Ursula Leyen ကဲ့သို့ စွန့်စားမှုလျော့ချရေး “de-risking” သဘောထားရှိသူများလည်း ရှိနေပြီး ရှင်းလင်းသည့်အယူအဆမရှိသေးပါ။ သို့သော်လည်း တရုတ်စပိုင်လေပူပေါင်းဖြစ်စဉ်နောက်ပိုင်းတွင် တရုတ်နှင့် အမေရိကန်ဆက်ဆံရေး သိသိသာသာပျက်ယွင်းခဲ့ပြီး ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပြည့်သူ့သဘောထားကလည်း တရုတ်အပေါ် တင်းမာနေပါသည်။ ဒီလိုတင်းမာမှုက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ရေးတွင် ပိုမိုပြင်းထန်လာဖွယ်ရှိပြီး ရီပါဘလစ်ကန် (ဒေါ်နယ်ထရမ့်) ဘက်မှ အနိုင်ရကောင်းရသွားနိုင်ပါသည်။
စိန်ခေါ်မှုနှင့် သဘောထားများ
ဒီလိုအခြေအနေများအားလုံးက ဥရောပအတွက် တူညီသည့်သဘောထားတစ်ခု အမြန်ချမှတ်နိုင်ရန် အရေးကြီးလာပါသည်။ ဥရောပခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံအပေါ်မှီခိုမှုလျော့ချဖို့ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အမေရိကန်နိုင်ငံ၏ gree-industry ကို ဒေါ်လာဘီလီယံရာနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားမှုကိုလည်း တုံ့ပြန်ရန်လိုအပ်နေပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ရုရှားကဲ့သို့ ပိတ်ဆို့အရေးယူရန်၊ စစ်ရေးအရကူညီပေးရန် တောင်းဆိုလာပါက မည်သို့တုံ့ပြန်ရမည်ကို ဆုံးဖြတ်ထားရန်လည်း လိုအပ်နေပါသည်။ တရုတ်နှင့် ဆက်ဆံရေးတွင် စွန့်စားမှုလျော့ချရေး “De-risking” မဟာဗျူဟာက အမေရိကန်နိုင်ငံနှင့် သဘောထားညှိယူနိုင်မည်ဟု တစ်ချို့မျှော်လင့်နေကြသော်လည်း နည်းပညာနှင့် ပထဝီနိုင်ငံရေးလက်တွေ့ အချိန်းအပြောင်းကာလတွင် ၎င်းတို့ဘက်က အားနည်းနေကြောင်း သက်သေပြသကဲ့သို့ဖြစ်မည်ကိုလည်း စိုးရိမ်နေကြပါသည်။
ဥရောပသည် အမေရိကန်ထက် စီးပွားရေးအရ တရုတ်နှင့်ပိုမိုဆက်နွယ်နေပါသည်။ ဥရောပ၏ လူသိရှင်ကြားမှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ ရရှိသောအခွန်ငွေ ၈ ရာခိုင်နှုန်းကို တရုတ်မှ ရရှိနေပြီး အမေရိကန်က ၄ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်တွင်ရှိသော ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုများမှာလည်း GDP ၏ ၂ ရာခိုင်နှုန်းရှိပြီး အမေရိကန်က ၁ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်သို့ ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်နှင့် ဥရောပ ၇ မှ ၉ ရာခိုင်နှုန်းကြားရှိပြီး သိပ်မကွာလှသော်လည်း ဥရောပအနေဖြင့် ကုန်သွယ်ရေးအပေါ်မှီခိုသည့်စီးပွားရေးကြောင့် ပိုမို၍ ထိလွယ်ရှလွယ်ဖြစ်ပါသည်။
ယခု အမေရိကန်နှင့် တရုတ်အကြား ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက် (global supply chain) ခွာပြဲနေကြခြင်းက ဥရောပ၏ အသုံးစရိတ်ကို ၂ ရာခိုင်နှုန်းကျော်ကျော်ကျဆင်းစေလိမ့်မည်ဟု အီးယူဗဟိုဘဏ်ကဆိုသည်။ ထိုပမာဏက အမေရိကန်ထက် ၂ ဆပိုများပါသည်။ IMF ၏ လေ့လာချက်များအရလည်း အနောက်အုပ်စုနှင့်တရုတ် ရင်းနှင်းမြှုပ်နှံမှုခွာပြဲကြခြင်းကြောင့် ဥရောပ GDP ၂ ရာခိုင်နှုန်းကျဆင်းစေလိမ့်မည်ဟုဆိုသည်။ ထိုဂဏန်းကလည်း အမေရိကန်ထက် ၂ ဆမကပိုများပါသည်။ ထိုအကွဲအပြဲများက ဂျာမဏီ ကားထုတ်လုပ်ရေးကုမ္ပဏီများ၊ ပြင်သစ်၏ ဇိမ်ခံပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ဗြိတိန်၏ ဘဏ်ကြီး နှစ်ခု အပါအဝင် တရုတ်အပေါ်မှီခိုနေရသည့် ဥရောပကုမ္ပဏီများ ဒုက္ခရောက်နိုင်ပါသည်။
ယခုပြောနေကြသည် စွန့်စားမှုလျော့ချခြင်း (de-risking) ဆိုသည်မှာ တရုတ်နှင့် လုံးဝခွာပြဲကြခြင်းအစား မှီခိုဆက်နွယ်မှု လျော့ကြရန် ရည်ရွယ်ပါသည်။ ထိုသို့ တရုတ်နှင့် De-risking လုပ်သည်ကပင် ဥရောပအတွက် ကြီးမားသည့် စွန့်စားမှုဖြစ်ပါသည်။ ဥရောပစီးပွားရေးလုပ်ငန်းများက ကမ္ဘာ့နိုင်ငံရေးခွာပြဲနေကြမှုကို စိတ်မဝင်စားလှဘဲ တရုတ်နှင့် အလုပ်ဆက်လုပ်နေကြဆဲဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နှင့် EU အကြား ကုန်သွယ်မှု ၄၂၈ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်ကို တွေ့ရပါသည်။
လွန်ခဲ့သည့် ၄ နှစ်လောက်က EU ၏မဟာဗျူဟာစာစောင်တွင် တရုတ်အား စီးပွားရေးမိတ်ဖက်အဖြစ်သာမကဘဲ သတိထားရမည်ဖြစ်ပြီး စနစ်ကျသည့် ပြိုင်ဘက်အဖြစ် စတင်ရှုမြင်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်အားသတိထား ဆက်ဆံလာခဲ့ကြသည်။ အမေရိကန်၏ သဘောထားအရလည်း ဥရောပ၏ 5G ကွန်ရက်မှ တရုတ်၏ ဟွာဝေးကုမ္ပဏီများကို ဖယ်ထုတ်ခဲ့သည်။ (ဂျာမဏီတွင်တော့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ချို့ရှိနေဆဲဖြစ်သည်)။ တရုတ်ရှိ Uyghurs (ဝီးဂါတ်ဇ်) လူမျိုးများနှင့်ပတ်သက်သည့် ဝေဖန်ချက်များ အသံပိုကျယ်လာသည်။ ကိုဗစ် ကပ်ရောဂါအတွင်း ကမ္ဘာ့ကုန်သွယ်ရေးကမောက်ကမဖြစ်ခဲ့ခြင်းက ဥရောပအနေဖြင့် တရုတ်စက်ရုံများအပေါ်မှီခိုနေရမှုကို ပိုမိုထင်ရှားစေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် တွင်တရုတ်နှင့်လက်မှတ်ရေးထိုးထားသည့် “Comprehensive Agreement on Investment” ကို ဥရောပဘက်မှ လိုလိုလားလားမရှိတော့ပါ။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် တရုတ်နိုင်ငံ၏ ရုရှားနှင့် “No-limits” ဆက်ဆံရေးက ကြေညာမှုက အခြေအနေကို ပိုဆိုးသွားစေခဲ့ပါသည်။
စွန့်စားမှုလျော့ချရေးမဟာဗျူဟာ
“De-risking” အတွက် လက်တွေ့ဆောင်ရွက်နိုင်သည်များမှာ တရုတ်ကိုမှီခိုနေသည့် စီးပွားရေးလုပ်ငန်းများကို အခြားနေရာများသို့ဖြန့်ခွဲရန်၊ မိမိ၏ စီးပွားရေးလုံခြုံမှုကိုမြှင့်တင်ရန်နှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်အတွင်းမှ တရုတ်ကုမ္ပဏီများကို တင်းကြပ်စွာစောင့်ကြည့်ရန်ဖြစ်ပါသည်။ ထို့ပြင် တရုတ်အနေဖြင့် စစ်ရေးဆိုင်ရာရည်ရွယ်ချက်အတွက် အသုံးချနိုင်သည့် quantum computing ၊ နည်းပညာမြင့် Chip များထုတ်လုပ်သည့် နည်းပညာများ ရရှိမသွားနိုင်အောင်လည်း ဟန့်တားရမည်ဖြစ်ပါသည်။
သို့သော်လည်း ဥရောပသည် အခြားအရေးကြီးပစ္စည်းများအတွက် တရုတ်အပေါ်မှီခိုနေရမှုတွင်လည်း အမေရိကန်ထက်ပိုပြီး မဟာဗျူဟာမြောက် အားနည်းချက်ရှိနေပါသည်။ ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှားသတ္တု ၅ ပုံ ၃ ပုံကို တရုတ်မှ တူးဖော်ခဲ့ပါသည်။ လျှပ်စစ်ကား စွမ်းအားမြင့် ဘက်ထရီများတွင်လိုအပ်သည့် အဓိကပစ္စည်းနှစ်ခုဖြစ်သော Lithium ၆၀ ရာခိုင်နှုန်း၊ cobalt ၈၀ ရာခိုင်နှုန်းကိုလည်း တရုတ်ကပင် သန့်စင်ခဲ့ပါသည်။ ဥရောပအနေဖြင့် မြေရှားသတ္ထု ၉၈ ရာခိုင်နှုန်းကို တရုတ်မှတင်သွင်းနေရပြီး အမေရိကန်က မြေရှားသတ္တု ၈၀ ရာခိုင်နှုန်းကို အာရှမှတင်သွင်းနေပါသည်။ ထို့ပြင် EU အနေဖြင့် ပဋိဇီဝကာကွယ်ဆေးထုတ်လုပ်ရာတွင်လိုအပ်သည့် chloramphenicol ၉၇ ရာခိုင်နှုန်းကို တရုတ်အပေါ်မှီခိုနေရပြီး အမေရိကန်က ၉၃ ရာခိုင်နှုန်း မှီခိုနေရပါသည်။
ထိုမှီခိုနေရမှုများကို လျော့ချနိုင်ရန်အတွက် ဥရောပနိုင်ငံများဆောင်ရွက်ခဲ့သည်များလည်းရှိပါသည်။ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်ကို ရိုက်ခတ်ခဲ့ကတည်းက ၎င်းတို့နှင့် ချိတ်ဆက်ရမည့် ထုတ်ကုန်များကို မိတ်ဘက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ဖြန့်ခွဲခဲ့ကြပါသည်။ EU အနေဖြင့်လည်း ၎င်းတို့တင်သွင်းသည် မြေရှားသတ္တုများကို မည်သည့်နိုင်ငံမှတင်သွင်းသည်ဖြစ်စေ ၆၅ ရာခိုင်နှုန်းထက်ပို၍ မှီခိုမှုမပြုလုပ်ရန် Critical Raw Matierials Act ကိုပြဋ္ဌာန်းခဲ့ပါသည်။ ဒတ်ချ်ကုမ္ပဏီများကလည်း အမေရိကန်၏သွင်းကုန်ထိန်းချုပ်မှုကို လိုက်နာ၍ တရုတ်အား နောက်ဆုံးပေါ် ချစ်ပ်ပြားထုတ်လုပ်သည့် နည်းပညာများကို ကန့်သတ်ခဲ့ပါသည်။ တရုတ်ရှိ ဥရောပကုမ္ပဏီများသည်လည်း ထောက်ပံ့ငွေကြေးများထည့်သွင်းရာတွင် တရုတ်ပြည်တွင်းမှရရှိနေသည့် အကျိုးအမြတ်ဖြင့်ပင် ထည့်သွင်းသည့် အစီအစဉ်ပြုလုပ်ခဲ့ကြပါသည်။ (ဥရောပနိုင်ငံများမှ ငွေကြေးနှင့် အရင်းမထွက်သွားရန်ဖြစ်ပါသည်။)
အားနည်းချက်များ
သို့ပေမယ့် ထိုအစီအစဉ်က ဥရောပရှိမိခင်ကုမ္ပဏီကြီးများနှင့် တရုတ်ရှိကုမ္ပဏီခွဲများ၏ ဓနပိုင်ဆိုင်မှု ကွဲပြားခြင်းများဖြစ်ပေါ်လာပါသည်။ ဥပမာ ဥရောပရှိ VW ကုမ္ပဏီနှင့် တရုတ်ရှိ VW ကုမ္ပဏီကို ပိုင်ဆိုင်သည့် ရှယ်ယာအစုရှင်များအကြား ကြီးမားသည့်ဓနပိုင်ဆိုင်မှုခွဲဝေခြင်း၊ မတူညီခြင်းများဖြစ်ပေါ်လာပါသည်။ ထိုရှယ်ရာရှင်အများစုသည်လည်း ဥရောပသားများ မဟုတ်ကြပါ။ ထို့ကြောင့် လက်တွေ့တွင် ကုမ္ပဏီများက “one company, two systems” ပုံစံဖြစ်လာပြီး ကြီးမားသည့် ဆုံးရှုံးပျက်စီးမှုများ ဖြစ်လာနိုင်ပါသည်။ “De-risking” တွင်နောက်ဆုံးအချက်ဖြစ်သည့် ဥရောပသို့ဝင်လာသည့် တရုတ်ကုမ္ပဏီများကို တင်းကြပ်ခြင်း စောင့်ကြည့်ခြင်းများဆောင်ရွက်ခြင်းကြောင့် တရုတ်၏ရင်းနှီးမြှုပ်နှံ့မှုများမှာ ၂၀၁၃ မှစတွက်လျင် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိသွားပါသည်။
အလယ်အလတ်လမ်းစဉ်ဖြစ်သည့် “De-risking” တွင်လည်း ယိုပေါက်များရှိနေပါသည်။ ဥရောပရှိ ကုမ္ပဏီကြီးများက တရုတ်နှင့် ဆက်လက်၍ စီးပွားရေးလုပ်ဆောင်လိုနေကြဆဲဖြစ်သည်။ နည်းပညာကဏ္ဍတွင် ထိန်းသိမ်းရသည်များရှိသော်လည်း တရုတ်နှင့်စီးပွားရေးလုပ်ဆောင်မှုလျော့ချလာခြင်းမရှိဘဲ ပုံမှန်သာဆောင်ရွက်နေကြပါသည်။ ဥပမာအားဖြင့် ပြင်သစ်သမ္မတခရီးစဉ်အတွင်း ဥရောပ၏ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က တရုတ်နိုင်ငံ Tianjin တွင် လေယာဉ်လိုင်းအသစ်ပြေးဆွဲရန်နှင့် လေယာဉ် ၁၆၀ စီးရောင်းချရန် သဘောတူညီခဲ့ပါသည်။
“De-risking” အနေဖြင့် အသစ်ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာဆက်နွယ်မှုများနှင့် နည်းပညာအပြောင်းအလဲကိုလည်း တားဆီးနိုင်ရန်ခက်ခဲပါသည်။ ကားလောကမှ အကောင်းဆုံးဥပမာဖြစ်သည်။ ဥရောပအနေဖြင့် တရုတ်သို့ EV ကားတင်သွင်းမှုမရှိသော်လည်း တရုတ်၏ EV ကားများအားလုံးလိုလိုသည် EU သို့တင်သွင်းနေပါသည်။ ထိုကားများကလည်း ဥရောပဘရန်းများဖြစ်သည်။ ဥရောပအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်သည့် သယ်ယူပို့ဆောင်ရေးကိုအားပေးနေသကဲ့သို့ တရုတ်ကလည်း ဥရောပသို့ ဈေးသက်သာသည့် EV ကားများတင်သွင်းရန် စနစ်တကျဆောင်ရွက်ပြီးဖြစ်နေပါသည်။ (ဝယ်လိုအားနှင့် ရောင်းလိုအား သူ့အရပ်နှင့် သူ့ဇတ် ကိုက်နေသည်ဟု ဆိုလိုပါသည်။)
“De-risking” မဟာဗျူဟာ၏ အားအနည်းဆုံးအပိုင်းမှာ တရုတ်က ထိုင်ဝမ်အား ကျူးကျော်မည်ဆိုပါက မည်သို့ ဆောင်ရွက်မည်ကို ပြင်ဆင်မထားရသေးခြင်းဖြစ်ပါသည်။ EU ၏ စစ်တပ်များနှင့် စစ်ဖက်ထုတ်လုပ်ရေးလုပ်ငန်းများမှာ ပြန့်ကျဲနေပြီး ခေါင်းဆောင်များကလည်း နောက်ထပ် စစ်ပွဲတစ်ခုတွင် ဝင်မပါလိုတော့ပါ။ သို့သော်လည်း အမေရိကန်က ရုရှားအားပိတ်ဆို့သကဲ့သို့ တရုတ်အားပိတ်ဆို့ရန် ဥရောပကိုဖိအားပေးမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည်ပင် Apple ကုမ္ပဏီအတွက်လိုအပ်သည့် ထုတ်ကုန်များကို အိန္ဒိယနိုင်ငံသို့ ဖြန့်ခွဲထားသည့်တိုင်အောင် နည်းပညာကုမ္ပဏီကြီးများက တရုတ်နိုင်ငံအား မှီခိုနေရဆဲဖြစ်ပါသည်။ ထိုသို့သောအခြေအနေတွင် EU အနေဖြင့် တရုတ်အားစီးပွားရေးပိတ်ဆို့ပါက အမေရိကန်ထက်ပို၍ စီးပွားရေးအရအထိနာနိုင်ပြီး ကုမ္ပဏီများကို ပိုမိုဂယက်ရိုက်လာပါလိမ့်မည်။
ထို့ကြောင့်ပင် ပြင်သစ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးတွင် ပိုနေမြဲကျားနေမြဲအခြေအနေ “status quo” ကိုထိန်းထားမည်ဟုဆိုသော်လည်း သမ္မတ Macron က ဥရောပအနေဖြင့် ထိုင်ဝမ်ကိစ္စတွင် အမေရိကန်ဦးဆောင်သည့်နောက်သို့ လိုက်မည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လစ်သူနီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အနေဖြင့် ယူကရိန်းကို ကူညီနေမှုတွင် ဥရောပနိုင်ငံများအနေဖြင့် ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကိုသာ ရှေးရှုထားသင့်ပြီး အာဏာရှင်များကို မပံ့ပိုးသင့်ကြောင်း (ပြင်သစ်ကိုအပြစ်တင်လိုဟန်) ပြောကြားခဲ့သည်ကို တွေ့ရသည်။ ဥရောပနိုင်ငံများ၏ သဘောထားများမှာ အမျိုးမျိုးအထွေထွေကွဲပြားနေကြပါသည်။ ထို့ကြောင့် မေလ ၁၂ ရက်နေ့တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက လာမည့် ဇွန်လတွင်ကျင်းပမည့် ဥရောပညီလာခံတွင် တရုတ်အရေးကိစ္စအတွက် အခြေခံမူများချမှတ်နိုင်ရန် ဆောင်ရွက်မည်ဟု သဘောတူညီခဲ့ထားပါသည်။
ပြဿနာတွေအဆုံးသတ်နိုင်မလား
ဥရောပအနေဖြင့် တရုတ်အရေးကိစ္စကိုဖြေရှင်းရန် ထိရောက်သည့် ဆွေးနွေးငြင်းခုန်မှုများလိုအပ်နေဆဲဖြစ်ပါသည်။ ဥရောပ၏အဓိက နိုင်ငံများဖြစ်သည့် ပြင်သစ်နှင့် ဂျာမဏီတို့က “De-risking” ဗျူဟာကိုမငြင်းဆန်ကြသော်လည်း ၎င်းတို့ဘက်မှ သဘောထားများလည်းရှိနေပါဦးမည်။ ဥရောပမှ တရုတ်သို့ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးဆဲဖြစ်ပြီး လက်တွေ့ဆောင်ရွက်ရန်ခက်ခဲပါသည်။ တရုတ်မှ ဥရောပသို့ရင်းနှီးမြှုပ်နှံမှုများကို စိစစ်နေသော်လည်း ဥရောပသားများက တင်းကြပ်သည့်ဥပဒေများကို သဘောမတူကြပါ။ ယခု အချိန်တွင် “De-risking” မှလွဲ၍ အခြား ပိုကောင်းသောမူဝါဒတစ်ခုချမှတ်ရန်လည်း မဖြစ်နိုင်ပါ။ ထိုအရာက အမေရိကန်နှင့် တရုတ်အကွဲအပြဲအတွက် အဖြေတစ်ခုကိုလည်းမပေးနိုင်ပါသည်။ ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုကိုဆန့်ကျင်ရာတွင် အတ္တလန်တစ်မိတ်ဘက်နိုင်ငံများကို တစ်သံတည်းထွက်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း တရုတ်နှင့် ထိုင်ဝမ်အရေးကိစ္စကတော့ ပိုမိုအန္တရာယ်များသလို ကိုင်တွယ်ရန် ပိုမိုခက်ခဲ့သည့် ကိစ္စရပ်လည်းဖြစ်ပါသည်။
Myanmar Aspect
29053023
(မှတ်ချက်။ ဤဆောင်းပါးတွင် G-7 ၌ဆွေးနွေးခဲ့ကြသည့် De-risking ဗျူဟာ၏ အားနည်းချက်/အားသာချက်များကို အသေးစိတ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။)
(မှတ်ချက်။ ဤဆောင်းပါးတွင် G-7 ၌ဆွေးနွေးခဲ့ကြသည့် De-risking ဗျူဟာ၏ အားနည်းချက်/အားသာချက်များကို အသေးစိတ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။)