Tuesday, July 4, 2023

လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်မည့်ကိစ္စနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့၌ ထိုင်းလွှတ်တော်ဥက္ကဋ္ ဌရွေးချယ်တင်မြောက်ခြင်းတွင် ရှေ့ဆောင်ပါတီနှင့် ဖြူထိုင်းပါတီတို့ညှိနှိုင်း၍ ပရာချာချတ်ပါတီမှ Wan Muhamad Noor Matha ကို ရွေးချယ် တင်မြှောက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ရှေ့ဆောင်ပါတီ (Moving Forward Party-MFP) အနေဖြင့် Pita ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်နိုင်ရန် လိုအပ်နေသေးသည့် အကြောင်းအရင်းများအား သုံးသပ်ဖော်ပြပေးပါမည်။ (ထိုဆောင်းပါးသည် လွှတ်တော်ဥက္ကဋ္ဌမတင်မြှောက်မီ ၁ ရက်အလိုက ရေးသားထားခြင်းဖြစ်ပါသည်။)
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ၌ ရှေ့ဆောင်ပါတီ (Moving Forward Party-MFP) အနိုင်ရရှိပြီးနောက် ဇူလိုင်လ ၃ ရက်နေ့တွင် ၎င်းတို့၏ ပထမဆုံးအကြိမ် လွှတ်တော်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ရှေ့ဆောင်ပါတီ(Moving Forward Party-MFP)သည် ၎င်းကဲ့သို့ပင် ဒီမိုကရေစီလိုလားသည့် ပါတီတစ်ခုဖြစ်သော Pheu Thai ပါတီကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုအင်အားကြီးအနိုင်ရပါတီများအနေဖြင့် ပါတီငယ် ၆ ခုတို့နှင့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းထားရှိပြီး အဆိုပါညွန့်ပေါင်းအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများရှိနေပါသည်။ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီများကလည်း MFP ပါတီ၏ မူဝါဒများနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်နေမှုများရှိနေပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ရွေးချယ်တင်မြောက်ခြင်းကိုလာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ MFP ပါတီအစိုးရ ဖွဲ့စည်းခြင်းသည် လက်ရှိအချိန်ထိ သေချာရေရာမှု မရှိကြောင်းနှင့် ထိုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲ မတင်မကျဖြစ်နေသည့် အခြေအနေက ပြည်တွင်းစီးပွားရေးဈေးကွက် မသေချာမရေရာမှုနှင့် ရင်းနှီးမြှုပ်နှံမှုများတုံ့ဆိုင်းခြင်းများ ဖြစ်လာနိုင်သည်ဟု ဖော်ပြထားပါသည်။
ထိုင်းဘုရင် Maha Vajiralongkorn သည် ဇူလိုင်လ ၃ ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်ဖွင့်ပွဲကို ကမကထပြု၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အထက် လွှတ်တော်နှင့် အောက်လွှတ်တော်များတို့တွင် အဖွင့်မိန့်ခွန်းပြောကြားသွားမည် ဖြစ်သည်။ ထိုင်းအောက်လွှတ်တော်တွင် ရွေးကောက်ခံနယ်မြေများမှ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၀၀ နှင့် ပါတီမှအဆိုပြုသည့် ကိုယ်စားလှယ်နေရာ ၁၀၀ တို့ပါရှိကြောင်းနှင့် ၎င်းတို့အနက် MFP ပါတီသည် ထိုင်ခုံနေရာ ၁၅၁ နေရာနှင့် Pheu Thai ပါတီက ၁၄၁ နေရာ ရရှိထားပါသည်။ ထို့ကြောင့် ဇူလိုင်လ ၄ ရက်နေ့၌ လွှတ်တော်ဥက္ကဋ္ဌ နေရာအား မဲပေးရွေးချယ်ရာတွင် Pheu Thai ပါတီကMFP ပါတီနှင့် အာဏာဖြန့်ခွဲ ယူရန် လိုလားနေသည်။ MFP ပါတီမှ ဝန်ကြီးချုပ်ရာထူး တာဝန်ယူချိန်တွင် Pheu Thai ပါတီက လွှတ်တော်ဥက္ကဋ္ဌရာထူးနေရာကို တာဝန်ယူလိုသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံရေးတွင် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှုသည် အရေးပါသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနှစ်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည့် ဥပဒေမူကြမ်းများ ဆွေးနွေးမှု ဦးစားပေးအစီအစဉ် သတ်မှတ်ခြင်းနှင့် လွှတ်တော်အတွင်း ဆုံးဖြတ်ချက် အမိန့်များကို ထိန်းသိမ်းထားနိုင်သည့် အခွင့်အာဏာရှိပါသည်။ အရေးအကြီးဆုံးအချက်မှာလွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ဝန်ကြီးချုပ်ရွေးချယ်ရန် မဲပေးရာတွင် မပြတ်သားမှုများ ဖြစ်လာပါက ပြန်လည်မဲပေးရွေးချယ်စေနိုင်သည့် အကြိမ်အရေအတွက်ကို ဆုံးဖြတ် နိုင်ပြီး ထိုကိစ္စက MFP မှ Pita ဝန်ကြီးချုပ် ဖြစ်လာရန်အတွက် အလွန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
ထို့နောက် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူး မဲပေးခန့်အပ် သွားမည်ဖြစ်ပြီး မည်သည့်ပါတီမဆို ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်များ တင်သွင်းနိုင်ပါသည်။ အခြားပါတီများက ကိုယ်စားလှယ် ၃ ဦးစီ အဆိုတင်သွင်းထားသော်လည်း MFP ပါတီကမူ Pita Limjaroenrat ကိုသာ ကိုယ်စားလှယ် အဖြစ် အဆိုတင်သွင်းထားပါသည်။ Pheu Thai ပါတီက Pita အတွက်စိန်ခေါ်မှု ဖြစ်စေမည့် အမာခံပုဂ္ဂိုလ်များဖြစ်သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ Paetongtarn Shinawatra ၊ စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin နှင့်ယခင်ရှေ့နေချုပ်ဟောင်း ဗိုလ်ချုပ် Chaikasem Nitisiri တို့ကို ဝန်ကြီးချုပ်နေရာ အတွက် ရွေးချယ်ခံရန်တင်သွင်းမည်မဟုတ်ဟုဆိုသည်။ ယခု ကြားဖြတ်အစိုးရ၏ ဝန်ကြီးချုပ် ဖြစ်သူ Prayuth Chan-ocha ကမူ ဝန်ကြီးချုပ်အဖြစ် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ပြောကြားထားသည်ကို တွေ့ရသည်။ ရှေးရိုးစွဲပါတီများဘက်မှ ယခုကျန်းမာရေးဝန်ကြီး Anutin Charnvirakul နှင့် ဒုတိယဝန်ကြီးချုပ်ဟောင်း Gen. Prawit Wongsuwan တို့ကို ဝန်ကြီးချုပ်အဖြစ်တင်သွင်းရန် ပြင်ဆင်နေကြောင်း ဖော်ပြထားပါသည်။
လက်ရှိ MFP ပါတီဥက္ကဋ္ဌ Pita ဝန်ကြီးချုပ်ရာထူး ဆက်ခံနိုင်ရန် အတွက် အောက်လွှတ်တော်ကိုယ်စားလှယ်နေရာ ၅၀၀ နှင့် အထက်လွှတ်တော်တွင် နေရာ ၂၅၀ နေရာ (ပေါင်း ၇၅၀) မှ ထောက်ခံမဲ ၃၇၆ မဲ ရရှိရန် လိုအပ်ပါသည်။ MFP ပါတီ၏ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၃၁၂ နေရာသာရှိပြီး Pita ဝန်ကြီးချုပ် ဖြစ်လာရန်အတွက် နောက်ထပ် ထောက်ခံမဲ ၆၄ နေရာ လိုအပ်နေပါသေးသည်။
ကွန်ဆာဗေးတစ်ပါတီများနှင့် ထိုင်းစစ်တပ်ကိုယ်စားလှယ်များအနေဖြင့် Pita ဝန်ကြီးချုပ်ဖြစ်လာနိုင်မှုကို အကြောင်းပြချက် ၂ ခုဖြင့် ဆန့်ကျင်လျက်ရှိပါသည်။ ပထမအနေဖြင့် MFP ပါတီသည် တစ်ပါတီတည်းဖြင့် သောင်ပြိုကမ်းပြိုအနိုင်မရခဲ့သဖြင့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းထားရပြီး ထိုအချက်က Pita ဝန်ကြီးချုပ် ဖြစ်လာရန် စိန်ခေါ်မှုပင်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် ပါတီဥက္ကဋ္ဌ Pita ကြွေးကြော်ထားသည့် စစ်မှုမထမ်းမနေရဥပဒေကို အဆုံးသတ်မည့် မူဝါဒများနှင့် ထိုင်းဘုရင်စနစ်နှင့် ထိုင်းတော်ဝင်မိသားစုကို ဝေဖန်မှုပြုလုပ်လျှင် ပြစ်ဒဏ်ချမှတ်သည့် ဥပဒေ(Lese-Majeste Law)ကို ပြင်ဆင်မည်ဆိုသည့် မူဝါဒများက စစ်ဘက်မှ အထက်လွှတ်တော်အမတ်များအတွက် အထိမခံသည့်အချက်များဖြစ်နေပါသည်။ ထို့ပြင် MFP ပါတီဥက္ကဋ္ဌ Pita သည် ဖျက်သိမ်းလိုက်ရသည့် မီဒီယာကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ ပိုင်ဆိုင်နေခြင်းကြောင့် ဝန်ကြီးချုပ်အဖြစ်ဆက်ခံရန် အရည်အချင်းမပြည့်မီဟု ပြိုင်ဘက် ကိုယ်စားလှယ်များက ကန့်ကွက်ထားကြပါသည်။ Pita ကမူ သူ့ဖခင်၏ ဆန္ဒအရ အမည်ခံ အုပ်ချုပ်သူအဖြစ် ပါဝင်နေခဲ့ခြင်းဖြစ်ပြီး ၎င်းပိုင်ရှယ်ယာများကိုလည်း မေလ အတွင်းက ဆွေမျိုးများဆီသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။
ခြုံငုံသုံးသပ်ရပါသော် ထိုင်းစစ်တပ်ကို ထောက်ခံသည့် ပါတီများနှင့် ကွန်ဆာဗေးတစ်များသည် Pita ဝန်ကြီးချုပ်ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသော်လည်း Pita အတွက် အလေး သာမည့် အခြေအနေတွင်ရှိနေပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံရေး၌ မည်သူဝန်ကြီးချုပ် ဖြစ်လာ သည်ဖြစ်စေ ဆန္ဒပြမှုများပေါ်ပေါက်လာနိုင်ဖွယ်ရှိနေပြီး၊ ထိုဆန္ဒပြပြည်သူများအပေါ် အစိုးရမှ အင်အားသုံးနှိမ်နင်းမှုများဖြစ်ပေါ်လာနိုင်ကာ နောက်ထပ်စစ်တပ် အာဏာသိမ်းမှု တစ်ခုဆီသို့ ဦးတည်နိုင်သည်ဟုဆိုပါသည်။ ထိုသို့ဖြစ်လာမည်ဆိုပါက စတော့ဈေးကွက် ပျက်ယွင်းပြီး နိုင်ငံ၏ အနာဂတ်စီးပွားရေးအလားအလာကို ထိခိုက်လာနိုင်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားရှိပါသည်။
တွေ့ရှိသုံးသပ်ချက်
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲတွင် Pita Limjaroenrat ဦးဆောင်သည့် ရှေ့ဆောင်ပါတီ(MFP)က အနိုင်ရရှိခဲ့သော်လည်း Pita ဝန်ကြီးချုပ်ဖြစ်လာရန် ခက်ခဲလျက် ရှိနေပါသည်။ ၎င်း၏မိတ်ဘက်ပါတီများအပြင် အတိုက်အခံနှင့် အထက်လွှတ်တော်မှ ရရှိရန်လိုအပ်မည့် ထောက်ခံမဲ ၆၄ မဲ သည် Pita ဝန်ကြီးချုပ်ဖြစ်လာရန် အဓိကအဆုံးအဖြတ်ဖြစ်သည်ဟု ဆိုရပါမည်။ ယခုအခါ Phu Thai ပါတီနှင့် ညှိနှိုင်း၍ ကြားလက်ခံနိုင်မည့် လွှတ်တော်ဥက္ကဋ္ဌနေရာကို ခန့်အပ်နိုင်ပြီးဖြစ်သော်လည်း မည်သည့်ပါတီမှ ဝန်ကြီးချုပ် ဖြစ်လာမည်မှာ မရှင်းလင်းသေးသည့် ကိစ္စဖြစ်နေပါသည်။ မည်သည့် ပါတီမှ ဝန်ကြီးချုပ်ဖြစ်လာသည်ဖြစ်စေ ထိုင်းပြည်တွင်းရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာပြီး နောက်တစ်ကြိမ် စစ်တပ်က အာဏာသိမ်းမှု ထပ်ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိရသည်။
ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်အဆုံးသတ်ရေး၊ စစ်တပ်ကြီးစိုးသည့် အုပ်ချုပ်မှုအဆုံးသတ်ရေး အတွက် လူငယ်အုံကြွမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် ဘုရင်စနစ်နှင့် စစ်အုပ်ချုပ်ရေးကို ပြုပြင် ပြောင်းလဲလိုသည့် အုပ်စုကို ကိုယ်စားပြုသော ရှေ့ဆောင်ပါတီ (Moving Forward Party-MFP) အနိုင်ရခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပါတီသည် ထိုင်းစစ်တပ်၏ အခန်းကဏ္ဍကို တိုက်ဖျက်ခြင်း၊ စစ်မှုမထမ်းမနေရစနစ် အဆုံးသတ်ခြင်း၊ တော်ဝင်မျိုးနွယ်စော်ကားမှု ဆိုင်ရာ ဥပဒေများပြင်ဆင်ခြင်းတို့ကို ကြွေးကြော်၍ ထိုင်းနိုင်ငံလူငယ်များ၏ ထောက်ခံမှု အများဆုံးရရှိခဲ့ပါသည်။ ထို့ကြောင့် Pita ဝန်ကြီးချုပ်ဖြစ်လာမည့်ကိစ္စသည်ထိုင်းဘုရင် စနစ်၊ တော်ဝင်မိသားစုနှင့် ထိုင်းစစ်တပ်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေပြီး လက်ရှိကြားဖြတ်အစိုးရနှင့် ရှေးရိုးစွဲပါတီများဘက်မှလည်း နည်းလမ်းမျိုးစုံဖြင့် တားဆီး လိမ့်မည်ဖြစ်ပါသည်။
ရွေးကောက်ပွဲမတိုင်မီ ပါတီဥက္ကဋ္ဌ Pitaသည် ၎င်းပါတီအနိုင်ရပါက မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အာဆီယံတူညီဆန္ဒ ၅ ရပ်အပေါ် လိုက်နာရေးကိုလည်း ဖိအားပေးသွားမည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် Pita ဝန်ကြီးချုပ် ဖြစ်လာမည်ဆိုပါက ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများအပေါ် သက်ရောက်မှုများ ရှိလာမည်ဖြစ်ခြင်းကြောင့် စောင့်ကြည့်လေ့လာဖွယ်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
56070523

Like
Comment
Send