နိဒါန်း
ယနေ့ခေတ်ကာလတွင် အင်တာနက် စာမျက်နှာများ၌ သတင်း အတု/သတင်းအမှား ပျံ့နှံ့မှုနှုန်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပြီး အချို့သော ကိစ္စရပ်များအား အမှား/အမှန်ခွဲခြားရန် လွယ်ကူသော်လည်း အချို့သောကိစ္စရပ်များကိုမူ ခွဲခြားရန်မလွယ်ကူကြပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး DW ၏ အချက်အလက်စစ်ဆေးခြင်း (Fact Check) ကဏ္ဍမှ သတင်းအတု/သတင်းအမှားများကို ယုံလွယ်ရခြင်းနောက်ကွယ်က အကြောင်းအရာ များနှင့် သတိပြုသင့်သည့်အချက်များကို သုတေသနပြုရေးသားထားချက်များကို သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
လိုရာဆွဲတွေးခြင်း။ လူသားများအနေဖြင့် ၎င်းတို့သိချင်၊ ကြားချင်နေသော ကိစ္စရပ်တစ်ခုအား ၎င်းတို့သိချင်၊ ကြားချင်သည့် ပုံစံအတိုင်း ကြားသိရသောအခါ ၎င်းတို့၏ အဆိုပါကိစ္စရပ်အပေါ် ယုံကြည်မှုသည် ပိုမိုမြင့်တက်သွားတတ်ကြပါသည်။ လူသားများ၏ အမှားနှင့်အမှန်ကိုမခွဲခြားဘဲ တစ်ဖက်သတ် ယုံကြည်ထောက်ခံနေမှု (Partisanship or Confirmation Bias)သည်လည်း သတင်းအတု/ သတင်းအမှားအပေါ် အယုံလွယ်မှုကို ဖြစ်ပေါ်စေပါသည်။ ထို့ပြင် အင်တာနက်စာမျက်နှာ များ၌ အကြောင်းအရာတစ်ခုကို ပြန်လည်စစ်ဆေးခြင်းမပြုဘဲ လူသားများသည် စိတ်ထဲတွင် အမှန်ဟုယူဆကာ ချက်ချင်းတုံ့ပြန်မှု ပြုလုပ်၍ Like ပေးခြင်း၊ Comment ပေးခြင်း၊ Share ခြင်းတို့ကို ပြုလုပ်ခြင်းသည်လည်း သတင်းအတု/ သတင်းအမှားများ အပေါ် အယုံလွယ်မှုအား ပိုမိုဖြစ်ပေါ်စေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
အပျက်သဘောဆောင်သည့်အကြောင်းအရာများ။ လူသားများသည် အင်တာနက် စာမျက်နှာများ၌ ၎င်းတို့ ထင်မြင်ယူဆချက်များကို ပုံဖော်ရေးသားခြင်းထက် တခြားသော သူများ၏ ထင်မြင်ယူဆချက်များကိုသာ မှားသည်/မှန်သည် သေချာမခွဲခြားဘဲ ထောက်ခံခြင်း/ မထောက်ခံခြင်းကို ပြုလုပ်လေ့ရှိသောကြောင့် သတင်းအတု/သတင်းအမှားအပေါ် အယုံလွယ်မှုပိုမိုဖြစ်စေပါသည်။ သာဓကနောက်တစ်ခုအနေဖြင့် Facebook စာမျက်နှာတွင် လူအများစုမှ ပိုစ့်တစ်ခုအား Like ၊ Comment ၊ Share အများဆုံးပေးထားခြင်းသည် မှားယွင်းသည့် သတင်းတစ်ခုမဖြစ်နိုင်ဟု ယူဆထားကာ ယုံကြည်မိတတ်ကြပါသည်။ နောက်ပိုင်းတွင် တကယ့်သတင်းအမှန်အား ပြန်လည်ဖော်ထုတ်ပေးခဲ့သည့်တိုင်အောင် အဆိုပါလူအများစု၏ စိတ်ထဲတွင်မူ ယခင်သတင်းအမှားကိုသာ အမှန်ဟု စွဲကျန်ခဲ့ပါသည်။ ထို့ပြင် သတင်းအတု/သတင်းအမှားများသည် လူအများစု၏ စိတ်ခံစားချက်ကို ပိုမို လှုံ့ဆော်ပေးနိုင်သည့်အတွက် အယုံလွယ်မှုကို ပိုမိုဖြစ်ပေါ်စေခြင်းဖြစ်သည်။ သတင်းအတု/သတင်း အမှား ပျံ့နှံ့မှုနှုန်းသည် သတင်းမှန်ပျံ့နှံ့မှုနှုန်းထက် ၆ ဆမြန်ပြီး လူသားများ၏ စိတ်ခံစားချက်ကိုပါ လှုံ့ဆော်ပေးနိုင်ခြင်းကြောင့် ပျံ့နှံ့မှုသည် အလွန်မြန်ဆန်ကြောင်း ဖော်ပြထားပါသည်။
ကိုယ်ကျိုးစီးပွားဦးတည်သော ယုံကြည်မှုမျိုး။ Wurzburg တက္ကသိုလ်မှ လူပေါင်း ၆၀၀ ကို စုစည်းပြုလုပ်ထားသော စစ်တမ်းအရ လူသားများ၏ ကိုယ်ကျိုး ကြည့်မှု၊ မကောင်းသောစိတ်အခံနှင့် မိမိလိုရာကိုဆွဲ၍ တွေးတောမှုတို့ကြောင့် သတင်း အတု/သတင်းအမှားများအပေါ် အယုံလွယ်မှု ပိုမိုဖြစ်ပေါ်စေသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် မကောင်းသောစိတ်အခံရှိသောသူများသည် အခြားသူများ ထိခိုက်သည်/ မထိခိုက်သည်ကို ပဓာနမထားဘဲ မိမိကိုယ်ကျိုးကိုသာကြည့်၍ ဆောင်ရွက်တတ်သည့် အတွက် သတင်းမှားသည်/မှန်သည် ပဓာနမထားဘဲ ၎င်းတို့အကျိုးရှိမည်ဆိုပါက သတင်းအမှားကိုလည်း ထောက်ခံကြမည်သာဖြစ်သသည်ဟုဖော်ပြထားပါသည်။
လူအများစု၏ စိတ်ဝင်စားမှုနှင့် ထောက်ခံမှုကို လိုချင်တတ်မက်မှု။ California တက္ကသိုလ်၏ The Center for Inform - ation Technology and Society ၏ ဒါရိုက်တာ Joe Walther မှ သတင်းအမှားတစ်ခုဖြစ်သည့် “အရပ်ပုသောသူများသည် အရပ်ရှည်သောသူများထက် သတင်းအတု/သတင်းအမှားများကို ပိုမိုယုံကြည်သည်” ဟူသော ခပ်ဆန်းဆန်း သုတေသနရလာဒ်တစ်ခု ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းအနေဖြင့် ပို့စ်တစ်ခုရေးသား၍ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး အဆိုပါပို့စ်၌ လူအများစုမှ Like ၊ Comment ၊ Share ပေးခြင်းများ ပြုလုပ်ခဲ့ခြင်းသည် လူအများစုအနေဖြင့် သတင်းအတု/ သတင်းအမှားကို ခွဲခြားခြင်းထက် အဆိုပါပို့စ်အား ၎င်းတို့အတွက် ဖျော်ဖြေမှုတစ်ရပ် (Entertainment) အနေဖြင့်သာ အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ ထို့ကြောင့် အချို့သောသူများသည် လူအများစု၏ စိတ်ဝင်စားမှုနှင့် ထောက်ခံမှုကို လိုချင်သောကြောင့် သတင်းအတု/ သတင်း အမှားများကို ဖြန့်ဝေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆောင်းပါးတွင် သတင်းအတု/သတင်းအမှား စိစစ်ဖော်ထုတ်နိုင်ရန်အတွက် အချက် ၅ ချက်ဖော်ပြထားပါသည်။ ၎င်းတို့မှာ ပထမအချက်အနေဖြင့် သတင်း အတု/သတင်းအမှားများသည် စိတ်ခံစားချက်ကို လှုံ့ဆော်ရေးသားထားသောကြောင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများအနေဖြင့် မိမိတို့၏ Newsfeed တွင် ဘာကြောင့် ထိုသတင်းများ ထပ်တလဲလဲ ပေါ်လာသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်း၊ ဒုတိယအချက်အနေဖြင့် မူလသတင်းအရင်းမြစ်ကို ရှာဖွေ၍ အမှား၊ အမှန် ခွဲခြားရန် လိုအပ်ခြင်း၊ တတိယအချက်အနေဖြင့် အင်တာနက်သတင်းစာမျက်နှာတွင် ရေးသားသူ၊ သို့မဟုတ် ဝက်ဘ်ဆိုက်တို့၏ ယုံကြည်မှုအဆင့်အတန်း မည်မျှရှိသည်ကို စစ်ဆေးရန် လိုအပ်ခြင်း၊ စတုတ္ထအချက်အနေဖြင့် သတင်းများတွင် စကားလုံးအမှားများ၊ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးသော စကားလုံးများပါဝင်ပါက သေချာစိစစ်၍ ဖတ်ရှုရန် လိုအပ်ခြင်းနှင့် နောက်ဆုံးအချက်အနေဖြင့် ဖတ်ရှုသည့် သတင်းခေါင်းစဉ်၊သို့မဟုတ် ကိစ္စရပ်တစ်ခုနှင့်စပ်လျဉ်း၍ အခြားသူများ၏ ထင်မြင်ရှုဆချက်၊ ရေးသားချက်များကို ရှာဖွေ၍ နှိုင်းယှဉ်လေ့လာခြင်းအပြင် Cross-Check ပါ ပြုလုပ်သင့်ခြင်းတို့ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
သတင်းအတု/သတင်းအမှား အယုံလွယ်ခြင်းသည် လူများ၏ အတ္တနောမတိနှင့် သက်ဆိုင်နေပြီး အလွန်ရှုပ်ထွေးသော ကိစ္စရပ် တစ်ခုဖြစ်သည့်အပြင် လူတစ်ဦးတစ်ယောက်၏ အသိပညာနှင့် အချက်အလက်အပေါ် ရှုမြင်ထားမှု၊ စိတ်နေသဘောထား(လူ့သဘောသဘာဝ)တို့အပေါ်တွင် များစွာမူတည်သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် သတင်းအတု/သတင်းအမှားယုံလွယ်မှုကို အတိုင်းအတာတစ်ခု အထိ ကာကွယ်နိုင်ရန် လူသားတစ်ဦးချင်းစီ၏ ပညာအရည်အချင်း၊ လူနေမှုအဆင့်အတန်း တို့နှင့် များစွာဆက်နွှယ်နေပါသည်။ ထို့ကြောင့် သတင်းအတု/သတင်း အမှားများကို စိစစ်ရန် ဆောင်းပါးတွင် ဖော်ပြထားသောအချက် ၅ ချက်ကို အသုံးပြုခြင်းသည် အလိမ်မခံရစေရန် အတိုင်းအတာတစ်ခုအထိ အသုံးဝင်သောအချက်များဖြစ်ပါသည်။ သတင်းလိမ်များမှာ လူ့သဘော သဘာဝဖြစ်သော လောဘ၊ ဒေါသ၊ မောဟ များကို အဓိကလှုံ့ဆော်တည်ဆောက်ထားခြင်းသာဖြစ်ခြင်းကြောင့် သတင်းဖတ်ရှုသူများအနေဖြင့် မိမိ၏စိတ်ကို သာမာန်ထက်ပို၍လှုံ့ဆော်သည်ဟု ယူဆရသော သတင်းအချက်အလက်များကို သတိကပ်၍ စိစစ်ကြည့်လျှင် ရာခိုင်နှုန်းအတော်များများ အဆင်ပြေမည်ဟု မှတ်ယူနိုင်ပါသည်။
ယခုအခါ AI ကဲ့သို့ နည်းပညာမြင့်မားလာခြင်းသည်လည်း စိတ်ဓာတ်စစ်ဆင်ရေးအတွက် သတင်းအတု/ သတင်းအမှားများကိုအသုံးချ၍ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှ အခြားနိုင်ငံနှင့် အဖွဲ့အစည်းများကို မီဒီယာနည်းလမ်းဖြင့် လွှမ်းမိုးချုပ်ကိုင်ရန် ပိုမိုလွယ်ကူလျက်ရှိပါသည်။ ထို့ကြောင့် သတင်းအချက်အလက်နှင့်စပ်လျဉ်းသော အနာဂတ်စစ်ပွဲများတွင် ကိုယ်ခံအားနည်းသောလူ့အဖွဲ့အစည်းများထက် နည်းပညာနှင့် ပညာရေချိန်မြင့်သော လူ့အဖွဲ့အစည်းများက ပိုမိုအသာရနေမည်ဖြစ်ခြင်းကြောင့် လက်ရှိအချိန်၌ မိမိတို့လူ့အဖွဲ့အစည်း မည်သည့်နေရာတွင်ရှိနေသည်၊ မည်သို့ဆောင်ရွက်ရန်လိုအပ်မည်ကို တွေးဆရန်မှာ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
67072023