နိဒါန်း
မကြာသေးမီက ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးကိစ္စအား အလေးအနက်ထား ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ၊ အဆိုပါအရေးကိစ္စသည် အာဆီယံအတွင်း သဘောထားကွဲလွဲမှု များကို ပိုမိုဖြစ်ပေါ်စေခဲ့မှု၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့်သတင်း၏ ပြည်တွင်း/ပြည်ပ ရိုက်ခတ်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးစတင်သည့်နေ့၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အာဆီယံအနေဖြင့် လက်ရှိအချိန်၌ စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရသော်လည်း ဒေသတွင်းသာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုကြောင်း၊ လက်ရှိအချိန်၌ အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အာဆီယံအစည်းအဝေးများတွင် မြန်မာ့အရေးကိစ္စကို အဓိကထားဆောင်ရွက် လာနိုင်သည့်အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး(ASEAN Foreign Ministers’ Retreat Meeting) တွင်လည်း မြန်မာ့အရေးကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ပါသည်။
မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်စပ်လျဉ်း၍ အာဆီယံမှ မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့ချမှတ်ထားသည့် တူညီဆန္ဒ ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်ရန် တိုက်တွန်းမှုများ ပြုလုပ်ထားသော်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးသောကြောင့် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ယခုကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးရာထူးမယူထားသည့် အရာရှိများကိုသာ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်နေသောကာလသည် လက်ရှိအချိန်၌ ၂ နှစ်ခွဲနီးပါး ကြာမြင့်နေပြီဖြစ်သောကြောင့် အာဆီယံအတွက် စိန်ခေါ်မှုအလွန်များသည့် ကာလတစ်ခု ဖြစ်သည့်အပြင် အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍လည်း အာဆီယံအတွင်း သဘောထား ကွဲလွဲမှုများသည် ပိုမိုသိသာထင်ရှားလာပါသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်ဇွန်လက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော တတိယအကြိမ် ဒေသတွင်းအစည်းအဝေးပွဲသို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ခြင်းကြောင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ အခြားသော အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံမှ တက်ရောက်ခဲ့ခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အရေး ကိစ္စနှင့်စပ်လျဉ်းသော သဘောထားကွဲလွဲမှု ပိုမိုသိသာလာသည်ကို မီးမောင်းထိုးပြ နေခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် မကြာသေးမီက မြန်မာအစိုးရ၏ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နှင့် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတွေ့ဆုံခဲ့ကြပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Don Pramudwinai နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁ နာရီကျော် စကားပြောခဲ့ကြသည်ဟုဆိုပါသည်။ အဆိုပါအချက်သည် လက်ရှိမြန်မာ့အရေးကိစ္စကို ဖြေရှင်းနိုင်မည့်အပြုသဘောဆောင်သော လက္ခဏာတစ်ရပ်ဖြစ်သော်လည်း လက်ရှိအချိန်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ မြန်မာနိုင်ငံနှင့် သီးခြားသံခင်းတမန်ခင်းလမ်းကြောင်း ဖော်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် နေခြင်းသည်အာဆီယံအတွက် စိန်ခေါ်မှုများစေခဲ့ပါသည်။ ထို့ပြင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်အဝေး၏ ပူးတွဲထုတ်ပြန်ချက်(မူကြမ်း)အရ တောင်တရုတ်ပင်လယ် အရေးကိစ္စ၏ တင်းမာမှုများကို လျှော့ချနိုင်ရန် တရုတ်နိုင်ငံနှင့် အာဆီယံအကြား တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct နှင့် စပ်လျဉ်းသော ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သောလက္ခဏာများ တွေ့ရှိရပြီး အသေးစိတ်အချက်အလက်များ ကိုမူ မသိရှိရသေးကြောင်း ဖော်ပြထားပါသည်၊။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြင် ဇူလိုင်လ ၁၄ ရက် နေ့တွင် စတင်ကျင်းပမည့် အာဆီယံဒေသတွင်းဖိုရမ်(ARF)ကို တက်ရောက်မည့် အခြားသောအဖွဲ့ဝင် ၂၇ နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေကြပြီး အဆိုပါ နိုင်ငံများထဲတွင် မြောက်ကိုရီးယားနိုင်ငံလည်းပါဝင်မည်ဖြစ်ပါသည်။ ARF သို့ အဆင့်မြင့် သံတမန်များဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Wang Yi ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ အသီးသီးတက်ရောက်မည်ဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံကမူ ၎င်း၏သံအမတ်ကြီး တစ်ဦးကိုသာ စေလွှတ်သွားမည်ဟု သတင်းအချို့တွင် ဖော်ပြထားပါသည်။ ထို့ပြင် ARF ၌ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စ တို့ကိုသာ အလေးအနက်ထား ဆွေးနွေးသွားနိုင်ပြီး အလွတ်သဘောအစည်းအဝေးပွဲများ (Sidelines Meetings)လည်း ကျင်းပသွားနိုင်ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ အာရှအရှေ့ဖျားနှင့် ပစိဖိတ်ရေးရာလက်ထောက်အတွင်းရေးမှူး Kritenbrink ကမူ အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် အလွတ်သဘောအစည်းအဝေး ဆောင်ရွက်သွားရန်မရှိဟု ပြောကြားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အာဆီယံ၏ ချဉ်းကပ်မှုပုံစံသည်ထိရောက်မှု မရှိသည့်အပြင် အဆိုပါအပြောင်းအလဲနှင့် စပ်လျဉ်း၍လည်း အာဆီယံ အတွင်း သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်ကိစ္စအား အစည်းအဝေးတွင် လျှပ်တပြက် ထည့်သွင်း ပြောကြားခဲ့မှုကလည်း အာဆီယအလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားပြီး မြန်မာ့အရေးဖြေရှင်းရန် ဦးဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံနှင့် အစည်းအဝေးတက်ရောက် လာသော နိုင်ငံတကာသံတမန်များ၊ သတင်းရယူနေသော မီဒီယာအသိုင်းအဝိုင်းကြားတွင် ပုစ္ဆာတစ်ခုဖြစ်စေခဲ့ပါသည်။ ယခုအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးကိစ္စကို အလေးအနက်ထားဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ တောင်တရုတ် ပင်လယ်ဆိုင်ရာ Code of Conduct ဖော်ဆောင်မှုကဏ္ဍတွင်လည်း တိုးတက်သည့် လက္ခဏာများရှိနေသည်ကို တွေ့ရှိရပါသည်။
မကြာသေးမီက မြန်မာအစိုးရ၏ သဘောတူညီချက်အရ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး တွေ့ဆုံခဲ့ကြပြီး အဆိုပါတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည် က လက်ရှိမြန်မာအစိုးရမှ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် စွပ်စွဲထားသော NUG နှင့် PDF အဖွဲ့တို့ကို အသိအမှတ် မပြုသလို၊ ထောက်ခံမှုလည်းမရှိဟု ပြောကြားခဲ့ကြောင်းကို ဂျပန်နိုင်ငံအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သည့် PanOrient News တွင် စတင်ဖော်ပြထားပြီး အခြား ပြည်တွင်း/ပြည်ပ မီဒီယာကြီးများတွင်လည်း အဆိုပါသတင်းမှာ ရေပန်းစားလျက် ရှိပါသည်။ ထိုသံတမန်ရေးအရွေ့သည် လက်ရှိမြန်မာအစိုးရအား အာဆီယံ အစည်းအဝေးများတွင် ဖယ်ထုတ်ထားပြီး အဖြေရှာလိုသည့် တောင်ဘက်ခြမ်းအာဆီယံအုပ်စုအား ၎င်းတို့၏ သဘောထား အခြေအနေမှန်ကို ပြန်လည်သုံးသပ်ရမည့် အနေအထားဖြစ်လာခဲ့သည်ဟု ယူဆရပါသည်။
PanOrient News တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ဟု ကိုးကားထားသည့် သူမအနေဖြင့် NUG/PDF များကို လက်မခံကြောင်းနှင့် အသိအမှတ်မပြုကြောင်း ဖော်ပြချက်က လက်နက်ကိုင်လမ်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးကို အဖြေရှာရန်ဆောင်ရွက်နေသူများအတွက် စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို တရားမဝင် ကြောင်းနှင့် မခိုင်လုံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားမပြုကြောင်း မီဒီယာများ ပေါ်၌ အကြောက်အကန်ဖြေရှင်းလျက်ရှိပါသည်။ သို့သော်လည်း ၎င်းတို့ကို ထိတွေ့ဆက်ဆံ နေသည့် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိုကိစ္စရပ်နှင့်ပတ်သက်ပြီး တုံ့ပြန်မှုမတွေ့ရသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆက်လက်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရေးပဋိက္ခ သံတမန်ရေးတိုက်ပွဲများမှာ ဆက်လက်စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်များဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
64071723