နိဒါန်း
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် စစ်ဘက်သုံးဂြိုဟ်တုတစ်ခု လွှတ်တင်ရန် ကြိုးပမ်းနေပြီး ရုရှားနိုင်ငံအား ယူကရိန်းစစ်ပွဲတွင် ထောက်ပံ့နေမှု၊ ထိုသို့ ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုမြင့်တက်လာခြင်းက တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန် နိုင်ငံတို့၏ စစ်ရေးကြိုတင်ပြင်ဆင်မှုများတိုးမြှင့်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ရုရှားနိုင်ငံမှ နည်းပညာကဏ္ဍဆိုင်ရာ ထောက်ပံ့မှုများရယူလျက်ရှိသည်ဟု တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားထောက်လှမ်းရေး ဌာန(National Intelligence Service)က ပြောကြားထားပါသည်။ ထို့ပြင် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ဂြိုဟ်တုပစ်လွှတ်နိုင်ရန်အတွက် ဒုံးပစ်စင်နှင့် ဒုံးကျည်အင်ဂျင်များအား စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလနှင့် ဩဂုတ်လများ၌ လွှတ်တင်ခဲ့သည့် စစ်ဘက်ဂြိုဟ်တုများ မအောင်မြင်ခဲ့ခြင်းကြောင့် တတိယအကြိမ်မြောက် လွှတ်တင်ရန် ပြင်ဆင်ခြင်းဖြစ်ပါသည်။ ယခု တတိယ အကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မှုကို အောက်တိုဘာလတွင် ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာတစ်ခုက ပြောကြားခဲ့သော်လည်း ၎င်းတို့၏ ဒုံးကျည်အသစ် Chollima-1 တွင် ချို့ယွင်းချက်များရှိနေခြင်းကြောင့် ဆိုင်းငံ့ထားပါသည်။ သို့သော်လည်း ယခုအခါ ရုရှားနိုင်ငံ၏ အကူအညီဖြင့် လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ယူဆနိုင်ပြီး ဂြိုဟ်တုထပ်မံလွှတ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)သည် ပြီးခဲ့သည့် စက်တင်ဘာလတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un)နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယား ဂြိုဟ်တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများပေးမည်ဟု ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်တင်မှုတွင် အစိတ်အပိုင်းတစ်ခုချို့ယွင်းနေပုံရပြီး ရုရှားနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မှုနှင့် နည်းပညာထောက်ကူပေးမည်ဆိုပါက အလျင်အမြန်ဖြေရှင်းနိုင် လိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်း တစ်ဦးက ပြောကြားထားပါသည်။ NIS ၏ ပြောကြားချက်များအရ မြောက်ကိုရီးယား နိုင်ငံကလည်း ဩဂုတ်လအစောပိုင်းကာလမှစတင်၍ သန်းချီသည့် အမြောက်ကျည်များ အပါအဝင် စစ်ရေးထောက်ပံ့မှုများကို ရုရှားနိုင်ငံပိုင်သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ်ခန့် ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ စစ်ရေး ထောက်ပံ့မှုများသည် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ၂ လကျော်ခန့် အသုံးပြုနိုင်ကြောင်းနှင့် မြောက်ကိုရီးယားစစ်လက်နက်စက်ရုံများမှလိုအပ်သည့် ထောက်ပံ့မှုများအတွက် အစွမ်းကုန် ထုတ်လုပ်ပေးလျက်ရှိပါသည်။
ထို့ပြင် ရုရှားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ ဂြိုဟ်တုလွှတ်တင်မှု အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းသည် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ လုံခြုံရေးကို စိုးရိမ်ပူပန်စေပါသည်။ ထိုနှစ်နိုင်ငံအကြား တိုက်ခိုက်ရေးဂျက်လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ခေတ်မီ လက်နက်များအဆင့်မြှင့်တင်ခြင်းများအစရှိသည့် ကဏ္ဍရပ်များတွင်ပါ ပူးပေါင်းဆောင်ရွက် လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းအဖွဲ့များအား အလုံးစုံကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန် ၎င်းတပ်ဖွဲ့များအား ညွှန်ကြားထားပြီးဖြစ်သည်ဟု NIS အဖွဲ့က ဆိုပါသည်။ ထို့ကြောင့် NIS အဖွဲ့အနေဖြင့် တတိယအဖွဲ့အစည်းများမှတစ်ဆင့် ဆောင်ရွက်လာနိုင်သည့် လက်နက်ပို့ဆောင်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် နျူကလီးယား လက်နက်နှင့် ဒုံးကျည် အစီအစဉ်များ တိုးချဲ့လုပ်ဆောင်နေသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံပိုင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတစ်စီးသည် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့သို့ ဆိုက်ကပ်ခဲ့ပြီး နျူကလီးယားဗုံးများပါ သယ်ဆောင် နိုင်သည့် B-52 ဗုံးကြဲလေယာဉ်တစ်စင်းသည်လည်း တောင်ကိုရီးယားလေတပ်စခန်း တစ်ခုတွင် ဆင်းသက်ခဲ့ပါသည်။ ထို့နောက် အဆိုပါ ဗုံးကြဲလေယာဉ်အပါအဝင် ဂျပန်နှင့် တောင်ကိုရီးယား တိုက်ခိုက်ရေးဂျက်လေယာဉ်များ ပါဝင်သည့် လေကြောင်းစစ်ရေး လေ့ကျင့်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အင်အားအလုံးအရင်းဖြင့် စစ်အင်အားပြည့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လျက်ရှိပြီး မြောက်ကိုရီးယားနိုင်ငံအား ဟန့်တားနိုင်ရန် ၎င်း၏ စစ်ရေး အင်အားကို ပြသလျက်ရှိပါသည်။ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်အတွင်းတွင် စစ်ရေးလေ့ကျင့်မှုများ အကြိမ်ပေါင်းများစွာ ဆောင်ရွက် ခဲ့ကြကြောင်းနှင့် အဆိုပါပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံသည် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်း၊ အမြောက်ကျည်များ ပစ်လွှတ်ခြင်းများလုပ်ဆောင်ခဲ့ပါသည်။ သို့သော်လည်း ယခုနှစ်အတွင်းတွင် ထိုကဲ့သို့သော တုံ့ပြန်မှု များကို မတွေ့ရခြင်းသည် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် ဂြိုဟ်တုလွှတ်တင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ၎င်း၏စစ်ဘက် ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုအောင်မြင်ရန် ဆောင်ရွက်လျက်ရှိရာ မကြာ တော့သည့်ကာလအတွင်း အောင်မြင်စွာလွှတ်တင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့များမှ သတင်းများအား ကိုးကား၍ ရေးသား ထားခြင်းဖြစ်ပါသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ဂြိုဟ်တုနှင့် ပတ်သက်သည့် နည်းပညာနှင့် အကူအညီကို ရယူသကဲ့သို့ အပြန်အလှန်အနေဖြင့် ယူကရိန်းစစ်မြေပြင်တွင်အသုံးပြုနိုင်ရန် ရုရှားနိုင်ငံသို့ ၂ လကျော်ခန့် အသုံးပြုနိုင်သည့် လက်နက်၊ ခဲယမ်းများတင်ပို့ပေးခဲ့သကဲ့သို့ ၎င်း၏လက်နက်ခဲယမ်းစက်ရုံများမှလည်း အင်အားပြည့်ထုတ်လုပ်ပေးနေသည်ဟု အနောက်နိုင်ငံများက ထုတ်ဖော်ပြောဆိုလျက် ရှိပါသည်။
ယနေ့ပြောင်းလဲတိုးတက်လာသော နည်းပညာများနှင့် စစ်နည်းဗျူဟာများအရ ကမ္ဘာ့နိုင်ငံများအနေဖြင့် ထောက်လှမ်းရေးသတင်းရရှိရန်၊ နိုင်ငံပိုင် ဆက်သွယ်ရေး စနစ် လုံခြုံချောမွေ့စေရန်၊ ဂြိုဟ်တုစနစ်သုံး ဒုံးပျံများပစ်ခတ်နိုင်ရန်၊ အာကာသနှင့် ဝေဟင်စိုးမိုးမှုရရှိစေရန်အတွက် ဂြိုဟ်တုနည်းပညာကို နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဘက်ပေါင်းစုံ၌ အသုံးပြုဆောင်ရွက်လျက်ရှိကြပါသည်။ မြောက်ကိုရီးယား နိုင်ငံအနေဖြင့်လည်း ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ရန် စစ်ဘက်သုံး ဂြိုဟ်တုများ ကိုယ်ပိုင်လွှတ်တင်နိုင်ရန် ကြိုးစားနေခဲ့ပြီး နည်းပညာလိုအပ်ချက်ရှိနေ သောကြောင့် မိတ်ဆွေရုရှားနိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲအတွက် အကူအညီလိုအပ် နေချိန်တွင် အပြန်အလှန်အပေးအယူလုပ်၍ ၎င်းလိုအပ်နေသည့် နည်းပညာအား အချိန်ကိုက် ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။
ယခုအခါ ရုရှား-ယူကရိန်း စစ်ပွဲအပြင် ထပ်တိုးလာသော အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် မိမိတို့၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို တည်ဆောက် နိုင်ရန်မှာ ဦးစားပေးကဏ္ဍရပ်တစ်ခုအနေဖြင့် ရှေ့တန်းရောက်လာသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် အင်အားကြီးနိုင်ငံများအကြား တည်ရှိနေပြီး ပထဝီနိုင်ငံရေးအားပြိုင်ရာဆုံချက် (Geopolitical Pivot) ဖြစ်နေကာ ပြည်တွင်းလုံခြုံရေး ခြိမ်းခြောက်မှုကြီးမားသည့် နိုင်ငံများအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး စွမ်းအားကို ခေတ်စနစ်နှင့်အညီ မြှင့်တင်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
147110923
[1]။ JUNNOSUKE KOBARA.“ North Korea prepares to launch spy satellite with Russian aid”. Nikkei Asia. November 2, 2023 [https://asia.nikkei.com/.../North-Korea-prepares-to...]