Sunday, November 19, 2023

အိန္ဒိယသမုဒ္ဒရာအတွင်း သုတေသနဆောင်ရွက်နေသည့် တရုတ်သုတေသန ရေယာဉ်များ၏ဆောင်ရွက်ချက်များနှင့် သက်ရောက်မှုများ

 


နိဒါန်း
တရုတ်နိုင်ငံ၏ အဏ္ဏဝါသိပ္ပံသုတေသန ရေယာဉ်များကြောင့် သီရိလင်္ကာ နိုင်ငံအနေဖြင့် သံတမန်ရေးရာ အကျပ်အတည်းများ ရင်ဆိုင်နေရသည့်ကိစ္စရပ်များ၊ တရုတ် နိုင်ငံ၏ သမုဒ္ဒရာဆိုင်ရာသတင်းအချက်အလက်များ စုဆောင်းနေမှုနှင့် ရည်ရွယ်ချက်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့မှ သုတေသနပညာရှင်များအနေဖြင့် သီရိလင်္ကာကမ်းရိုးတန်း၏ အဏ္ဏဝါသိပ္ပံ (Marine Scientific) ဆိုင်ရာ သုတေသနဆောင်ရွက်ချက်များကို သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းတွင် မကြာသေးမီကဆိုက်ကပ်ခဲ့သည့် တရုတ် သုတေသနရေယာဉ် Shi Yan 6 ပေါ်၌ ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့ကလည်း တရုတ်နိုင်ငံ၏ Shi Yan 6 ဆိုက်ကပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းကလည်း သီရိလင်္ကာနိုင်ငံ၊ ဟမ်ဘန်တိုတာ ဆိပ်ကမ်းတွင် တရုတ်သုတေသနရေယာဉ် Yuan Wang 5 ဆိုက်ကပ်ခဲ့သည့်အတွက် အလားတူဝေဖန်မှုမျိုး ပေါ်ထွက်ခဲ့ဖူးပါသည်။ တရုတ်သုတေသနရေယာဉ် လာရောက်မှုကိုဟန့်တားနိုင်ရန်အတွက် သီရိလင်္ကာအစိုးရအပေါ် အိန္ဒိယနိုင်ငံနှင့် အခြားသော နိုင်ငံရေး ပါတီများက ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟု သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး Mohamed Ali Sabry က ပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့် ၁၅ နှစ်အတွင်းက တရုတ်နိုင်ငံ၏ သုတေသနရေယာဉ်များနှင့် စစ်သင်္ဘောများသည် သီရိလင်္ကာနိုင်ငံဆိပ်ကမ်းများသို့ လာရောက်ခဲ့ပါသည်။ ထိုကိစ္စရပ် များကို မီဒီယာများတွင် အကန့်အသတ်ဖြင့်သာ ဖော်ပြခဲ့ကြကြပါသည်။ United States Institute of Peace မှ ကျွမ်းကျင်သူတစ်ဦးက ၂၀၂၀ ပြည့်နှစ်ကတည်းက ဖြစ်ပွားနေသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားရှိ နယ်စပ်ဒေသပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာအတွင်း တရုတ်နိုင်ငံ၏ တည်ရှိနေမှုများနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိပါသည်။ မကြာသေးမီက သီရိလင်္ကာဆိပ်ကမ်းများသို့ အကြောင်းအရင်း အမျိုးမျိုးဖြင့် လာရောက်ခဲ့သည့် တရုတ်ရေယာဉ်များကို အိန္ဒိယရေတပ်က အနီးကပ် စောင့်ကြည့်ခြေရာခံမှုများ ပြုလုပ်နေခြင်းကြောင့် သီရိလင်္ကာနိုင်ငံသို့ လာရောက်သည့် တရုတ်သင်္ဘောတိုင်းသည် အနာဂတ်တွင် မီဒီယာများ၏ အာရုံစိုက်မှုကို ခံလာရနိုင်ဖွယ်ရှိပါသည်။
၂၀ ရာစုအတွင်း နှစ်များတွင် အိန္ဒိယသမုဒ္ဒရာသည် တရုတ်နိုင်ငံ ခေါင်းဆောင် များ၏ မဟာဗျူဟာမြောက်သုံးသပ်မှုများ၌ ဒုတိယမြောက် အရေးပါဆုံး ဖြစ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ကာလတိုစစ်ပွဲကို ဦးတည်စေခဲ့သည့် တရုတ်-အိန္ဒိယ နယ်စပ်ဒေသ ပဋိပက္ခ၊ အိန္ဒိယနိုင်ငံ၏ တာဝေးပစ်ဒုံးများနှင့် နျူကလီးယားတီထွင်နိုင်မှု တို့ကြောင့် တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံသည် ၎င်းတို့အတွက် အရေးပါသည်ဟု သတ်မှတ် ထားပါသည်။ ယခင်က တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာဒေသတွင်း(Indian Ocean Region-IOR)တွင် အင်အားပြနိုင်ရန် ရေတပ်အင်အားတည်ဆောက်မှုနှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေခဲ့သည့်အပြင် မဟာဗျူဟာမြောက် အစီအစဉ်များကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် မကြာသေးမီ ဆယ်စုနှစ်များတွင် သိသာ ထင်ရှားသည့် အပြောင်းအလဲများဖြစ်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာတို့ အကြား ဆက်နွှယ်မှုများ တိုးမြှင့်လာခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံ၏ ရေတပ်အင်အားကြီးထွား လာပြီး ဒေသတွင်းရှိ မဟာဗျူဟာမြောက် ဆိပ်ကမ်းများကို ပူးတွဲထိန်းချုပ်မှုမှတစ်ဆင့် တရုတ်နိုင်ငံအတွက် စစ်ရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနိုင်စေခဲ့ပါသည်။
Brookings Institution ၏ ၂၀၂၀ ပြည့်နှစ်အတွက် အစီရင်ခံစာအရ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(People Liberation Army-PLA)က ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရည်မှန်းချက်(Meta-Mission Objective) ၅ ရပ်ရှိပါသည်။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရာတွင် စစ်ရေးမဟုတ်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်နှင့် တရုတ် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သံမတန်ရေးအရ(Soft Power) လွှမ်းမိုးမှုနိုင်ခြင်းများကို တိုးမြှင့်ဖော်ဆောင်သွားရန်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် အကြမ်းဖက်တန်ပြန် တိုက်ဖျက်ရေးလှုပ်ရှားမှုများကို တစ်နိုင်ငံတည်းသော်လည်းကောင်း မိတ်ဖက်နိုင်ငံများဖြင့် သော်လည်းကောင်း ဆောင်ရွက်ပြီး တရုတ်နိုင်ငံကို ခြိမ်းခြောက်နေသည့် အဖွဲ့အစည်း များအား ဆန့်ကျင်သွားရန်ဖြစ်ပါသည်။ တတိယအချက်အနေဖြင့် စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များကို စုဆောင်းရန်နှင့် အဓိကပြိုင်ဘက်များကို ဆန့်ကျင်ရန်ဖြစ်ပါသည်။ စတုတ္ထအချက် အနေဖြင့် ဒေသတွင်းရှိ သံတမန်ရေးအရ နိုင့်ထက်စီးနင်းပြုခြင်းခံနေရသည့် နိုင်ငံငယ် များကို ကူညီထောက်ပံ့ပေးရန်ဖြစ်ပါသည်။ ပဉ္စမအချက်အနေဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သည့် စစ်ဆင်ရေးများ ဖော်ဆောင်ပေးသွားရန်၊ တရုတ်နိုင်ငံအတွက် ကုန်သွယ်မှုကို အကန့်အသတ်ဖြစ်စေမည့် နိုင်ငံတစ်နိုင်ငံက ထောက်ပံ့ပေးထားသည့် တားမြစ်ပိတ်ပင်ခြင်းများကို အဆုံးသတ် လျော့ပါးသွားစေရန် အတွက် တားမြစ်နိုင်ရန်နှင့် ပိုမိုကျယ်ပြန့်လာသည့် ပဋိပက္ခများတွင် အမေရိကန်၊ သို့မဟုတ် အိန္ဒိယနိုင်ငံ၏ အကူအညီများကို ထိန်းချုပ်သွားရန်ဖြစ်ပြီး အချို့မှာ အကောင်အထည်ဖော်ပြီးဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ သုတေသနရေယာဉ်အများစုတွင် ကျယ်ပြန့်သည့် သုတေသနများ ဆောင်ရွက်ရန်အတွက် ဘက်စုံသုံးသုတေသနကိရိယာများ တပ်ဆင်ထားပါသည်။ ဥပမာ အနေဖြင့် ရေယာဉ်ဦးပိုင်းတွင် မိုးလေဝသဆိုင်ရာအချက်အလက်များကို စုဆောင်းရန် အတွက် “Science Masts” အား တပ်ဆင်ထားပြီး ရေယာဉ်များအားလုံးတွင် ကိုယ်ထည်နှင့် ဆက်သွယ်ထားသည့် အမျိုးမျိုးသော Sensors များ တပ်ဆင်ထားပါသည်။ ခေတ်မီရေယာဉ် Kexue တွင် ဒေတာတိုင်းတာခြင်းများကို နှောင့်ယှက်မှုများမှ ကာကွယ် နိုင်ရန်အတွက် ဂွန်ဒိုလာများ (Gondola)များ တပ်ဆင်ထားပြီး Acoustic Doppler Current Profilers(ADCPs) များသည် ရေအောက်ကြမ်းပြင် ရေစီးကြောင်း၏ ဦးတည်ရာနှင့် မြန်နှုန်းဆိုင်ရာအချက်အလက်များကို ထောက်ပံ့ပေးပါသည်။ Multi-Beam များသည် သမုဒ္ဒရာ၏ အနက်ကို တိုင်းတာရန် အသုံးပြုပြီး အချို့သော Sensors များကို သင်္ဘော၏နောက်တွင် ကြိုးဖြင့်ဆွဲထားပါသည်။ အချို့သောရေယာဉ်များသည် မြေငလျင် စစ်တမ်းကောက်ယူခြင်းများကို လုပ်ဆောင်နိုင်သည့်အပြင် ပင်လယ်ရေအောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေနိုင်ကြောင်း ဖော်ပြထားပါသည်။
Shi Yan 6 သုတေသနရေယာဉ်၏ ဘူမိနှင့် ရူပဆိုင်ရာ ရှာဖွေမှုများသည် ရေငုပ်သင်္ဘောစစ်ပွဲများအတွက် စူးစမ်းလေ့လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ရမည့်အချက် ၂ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့် စွမ်းအင်နှင့် သတ္ထုများအတွက် ယှဉ်ပြိုင်မှုများ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယ သမုဒ္ဒရာမှ ရေအောက်သယံဇာတဆိုင်ရာ အချက်အလက်များကို ရရှိသွားနိုင်သည် ဆိုသည့် အချက်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် စုဆောင်းရရှိသည့်အချက်များကို အနာဂတ် ရေကြောင်းမဟာဗျူဟာအစီအစဉ်များနှင့် ရေငုပ်သင်္ဘောစစ်ပွဲများတွင် အသုံးချ လာနိုင်ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အာရှဒေသကို လွှမ်းမိုးနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှုများကို အလျှော့ပေးသွားမည်မဟုတ်ဘဲ တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် QUAD အား ဖွဲ့စည်းထားရှိပါသည်။ သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတည်ထောင်ထားခြင်းက ၎င်းအတွက် ခြိမ်းခြောက်မှုများ ချက်ချင်းဖြစ်ပေါ်မလာနိုင်ဟု ယုံကြည်ထားပါသည်။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း မဟာဗျူဟာမြောက်နေရာများသို့ ပြင်ပနိုင်ငံများ၏ ရေယာဉ်များကို ဝင်ရောက်ခွင့် ပြုနေသည့် သီရိလင်္ကာနိုင်ငံအနေဖြင့် နိုင်ငံ၏ ရေပိုင်နက်အတွင်း ပြည်ပနိုင်ငံများ၏ ရေယာဉ်များ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ စံနှုန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား Standard Operating Procedure ဖော်ဆောင်ထားသင့်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် သိရီလင်္ကာနိုင်ငံနှင့် ဆက်ဆံရေးကို အကြောင်းပြု၍ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ သဘာဝသတ္ထုတွင်းထွက်များနှင့် ပတ်သက်သည့် အရေးကြီး အချက်အလက်များ၊ ရေပြင်/ရေအောက် စစ်ဆင်ရေးအတွက် ရေအောက်မြေပြင် အချက်အလက်တိုင်းတာခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုအား ဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းများ၊ စီးပွားရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသကဲ့သို့ ကမ္ဘာ့ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်ဆံရာတွင်လည်း သံတမန်ရေးရာအခက်အခဲများနှင့်ကြုံတွေ့နေရပါသည်။
အင်အားကြီးနိုင်ငံ များ၏ ကဏ္ဍစုံမဟာဗျူဟာမြောက်အားပြိုင်မှုများအကြား၌ အချက်အချာ နေရာများတွင် တည်ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် အခြားနိုင်ငံများထက် အခက်အခဲအကျပ်အတည်း များဖြင့် ပိုမိုရင်ဆိုင်ရမည်ဖြစ်ပြီး ထိုနိုင်ငံများအနေဖြင့် မိမိ၏ ရှိရင်းစွဲ National Power ကို မြှင့်တင်နိုင်ပြီး အားသာချက်များကို ပါးနပ် လိမ္မာစွာအသုံးချနိုင်မည်ဆိုပါကလည်း အကျိုးစီးပွားအလျင်အမြန် ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
154112023

[1]။ Rathindra Kuruwita.“ What Swirls Beneath ResearchActivity of Chinese Ships in theIndian Ocean?”. The Diplomat. November 9, 2023 [https://thediplomat.com/.../what-swirls.../]-accessed on 15 November 2023.