နိဒါန်း
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံက ကြိုးကိုင်ချယ်လှယ်မှုများ ရှိနေသော်လည်း အဆိုပါကြိုးကိုင်မှုများအကြားမှ ၎င်း၏ အမျိုးသားအကျိုးစီးပွား အတွက် နိုင်ငံခြားရေးနှင့် သံတမန်ရေးကို စနစ်တကျပါးနပ်စွာ ဆောင်ရွက်နေသည့် ဗီယက်နမ်နိုင်ငံ၏ လုပ်ဆောင်ချက်များ၊ သမိုင်းကြောင်းဆိုင်ရာများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်(Xi Jinping)၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် အောက်တိုဘာလနှောင်းပိုင်း၊ သို့မဟုတ် နိုဝင်ဘာလ အစောပိုင်းကာလလများတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါသည်။ အဆိုပါခရီးစဉ်သည် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးလာရောက်စဉ်အတွင်း အမေရိကန်-ဗီယက်နမ်တို့အကြား ပြီးပြည့်စုံသည့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးမြှင့်တင်ခြင်း (Comprehesive Strategic Partnership)ဖြစ်သည်ဟု ကြေညာခဲ့ပြီးနောက် ပေါ်ပေါက် လာသည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူတရောင်(Nguyen Phu Trong)အနေဖြင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် တရုတ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်တစ်ဦး ပြန်လည်လာရောက်ခြင်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံ သမ္မတ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် ဗီယက်နမ်-တရုတ် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး တရုတ်နိုင်ငံ၏ ဦးတည်ချက်တူအသိုက်အဝန်း(Community of Common Destiny)ထဲသို့ ဗီယက်နမ်နိုင်ငံအား သွတ်သွင်းရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် ဗီယက်နမ် နိုင်ငံအား မိတ်ဖက်ဆက်ဆံရေးများ၏ အမြင့်ဆုံးအဆင့်တစ်ခုတွင်ထားရှိရန် လိုလားလျက် ရှိသည်ကို တွေ့ရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် ကြားနေပုံစံ အဖြစ်သာ ပုံဖော်နေပြီး ပြီးခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်းတွင် အမေရိကန်နိုင်ငံကို ဆန့်ကျင်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံ၏ Community of Common Destiny ဟူသော သံတမန်ရေးတောင်းဆိုမှုကို ငြင်းဆို ခဲ့ပါသည်။ သို့သော် တစ်ဖက်တွင်လည်း တရုတ်နိုင်ငံအား ဆန့်ကျင်သည့် Anti-China Coalition တွင် ပါဝင်ရန် အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကိုလည်း ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံများအားလုံးနှင့် အဆင်ပြေစွာဆက်ဆံလိုသည့် နိုင်ငံခြားရေးမူဝါဒ (Omnidirectional Foreign Policy)၏ အောင်မြင်မှုကို ပြသနေခြင်းဖြစ်ပါသည်။ သို့သော်လည်း တရုတ်- ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးသည် အချိုးမညီသည့် ဆက်ဆံရေးဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖော်ဆောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို ထိခိုက် နိုင်သည်ဟု တွက်ဆပါက ဗီယက်နမ်နိုင်ငံအစိုးရအပေါ် စစ်ရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း အကျပ်ကိုင်လျက်ရှိပြီး အခြားပြည်ပနိုင်ငံများနှင့် မိတ်ဖက် ဆက်ဆံရေးပြုလုပ်နိုင်ခြင်း ရှိ/မရှိကို ဆုံးဖြတ်နိုင်သည့် အခြေအနေရှိရပါသည်။ ထို့ကြောင့် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးလုပ်ဆောင်ပြီးနောက် တရုတ် အစိုးရ၏ ငြိုငြင်မှုကို မခံရစေရန် ပြန်လည်ဖြေလျှော့သည့် အခြေအနေတစ်ခုကို ဖန်တီးပေးနေခြင်းဟု ဆိုနိုင်ပါသည်။
ဗီယက်နမ်-တရုတ် မိတ်ဖက်ဆက်ဆံရေးအပေါ်တွင် နှစ်နိုင်ငံမတူညီသည့် ရှုထောင့်များရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား ၎င်း၏ ဩဇာ သက်ရောက်နိုင်ရမည့် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု များကို လျှော့ချရန်ကြိုးပမ်းခြင်းသည် ၎င်းအား ဆန့်ကျင်ခြင်းဖြစ်သည်ဟု ယူဆထားပါသည်။ တစ်ဖက်တွင်လည်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် တရုတ် နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကို ဟန့်တားနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ သမိုင်းကြောင်းအရ တရုတ် နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လုပ်ရပ်များကို ထိန်းချုပ်ရန်အတွက် ပြင်းထန်သည့်တုံ့ပြန်မှု (The Spiral Model)[2] ဖော်ဆောင်လေ့ရှိပါသည်။ ဗီယက်နမ်နိုင်ငံကလည်း တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ဟန့်တားနိုင်ရန် တရုတ်နိုင်ငံအား လိုက်လျောခြင်းထက် ၎င်းကိုယ်တိုင် ခိုင်မာအားကောင်းသည့် နိုင်ငံတစ်ခုအဖြစ်ဖန်တီးရမည်ဟု ယူဆထားပါသည်။
ဗီယက်နမ်စစ်ပွဲပြီးနောက် ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်များတွင် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပုံမှန်သံတမန်ရေးတည်ဆောက်ရန် ကြိုးပမ်းခဲ့ပြီး ၁၉၇၃ ခုနှစ် Paris Peace Accords အရ စစ်လျော်ကြေးပေးရန် အမေရိကန်နိုင်ငံအား တောင်းဆိုခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံအနေဖြင့် ၁၉၇၆ ခုနှစ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund-IMF)တွင် ပါဝင်နိုင်ခဲ့သည့် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု(ယခု ရုရှားနိုင်ငံ)နှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးအကူအညီများ ရယူခဲ့ပါသည်။ သို့သော် ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေးမပြေလည်သည့် ကာလတွင် ဆိုဗီယက်တို့ဘက်မှ အဆိုပြုသည့် Council for Mutual Econimic Assistance (Comecon)သို့ ပါဝင်ရန် ရုရှားနိုင်ငံက ဖိအားပေးမှုများကို ငြင်းဆိုခဲ့ပြီး ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အကြား ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ ဦးစားပေးရည်မှန်းချက် ထားရှိသော်လည်း ၁၉၇၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ခမာနီ(Khmer Rouge)တို့၏အနောက်မြောက်နယ်စပ်အား ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပြောင်းလဲ သွားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ဗီယက်နမ်-ကမ္ဘောဒီးယား ပဋိပက္ခများတွင် ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံသည် ခမာနီအဖွဲ့၏ တိုက်ခိုက်မှုနှင့် နယ်စပ်ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ခမာနီအဖွဲ့အား ကူညီထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံသည် ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် တရုတ်နိုင်ငံနှင့် သံတမန်ရေးဖြတ်တောက် ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ လိုအင်အတိုင်း လိုက်လျောပေးခြင်းထက် မိမိနိုင်ငံ အင်အားခိုင်မာအောင် လုပ်ဆောင်သင့်သည်ကို သင်ခန်းစာရရှိခဲ့ပါသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံသည် ခမာနီအဖွဲ့ခေါင်းဆောင် ပိုပေါ့(Pol Pot)ကို အောင်မြင်စွာ ဖယ်ရှား ခဲ့ပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုကို ဟန့်တားရန် ဆိုဗီယက်ပြည်ထောင်စု၏ အကူအညီကို တောင်းခံခဲ့ပါသည်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်များအတွင်း ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ရေးချိန်ခွင်ကို ချိန်ညှိလုပ်ဆောင်ခဲ့သော်လည်း ၁၉၇၈ ခုနှစ်တွင် ရုရှားနိုင်ငံက တောင်းဆိုခဲ့သည့် Comecon ကောင်စီတွင်ပါဝင်ခဲ့ပါသည်။ ထိုလုပ်ရပ်များကြောင့် တရုတ်နိုင်ငံကလည်း ဗီယက်နမ်နိုင်ငံဆိုင်ရာ စီးပွားရေးအကူအညီများအားလုံးကို ရပ်တန့်ခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်-ခမာနီ မိတ်ဖက်အဖွဲ့၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် ထိုနှစ် နိုဝင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်ဖက်မဟာမိတ် ဖွဲ့စည်းခဲ့ပါသည်။
၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် ခမာနီအဖွဲ့အား တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဗီယက်နမ်နိုင်ငံအနောက်ပိုင်းအား ကျူးကျော်တိုက်ခိုက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုသည် အပြစ်ပေးတိုက်ခိုက်ခြင်းဖြစ်သော်လည်း ထိုလုပ်ရပ်က ဗီယက်နမ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စု ဆက်ဆံရေးအား ပိုမိုနီးကပ်စေခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ခဲ့သော်လည်း ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြားပဋိပက္ခများကမူ အဆုံးသတ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းက ဖြစ်စဉ်များအား သင်ခန်းစာ ယူ၍ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်အတွက် တရုတ်နိုင်ငံ၏ ငြိုငြင်မှုကို မခံရစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ရေကြောင်းလုံခြုံရေးကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များအား ဟန့်တားနိုင်ရန်သာဖြစ်ပြီး တရုတ်- အမေရိကန်တို့အကြား အားပြိုင်မှုတွင် အမေရိကန်နိုင်ငံအား ကူညီပေးနေခြင်းမဟုတ်ဟုတ်ဆိုသည်။ အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား နှစ်နိုင်ငံအကြား ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်နေသည်ဟု ယူဆခဲ့မည်ဆိုပါက အမေရိကန်-ဗီယက်နမ်တို့၏ လုံခြုံရေး ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လာမှုကို ဟန့်တားလာနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ထိုအခြေအနေမှ ရှောင်ရှားရန် ကြိုးပမ်းနေပြီး အင်အားကြီးမားသည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေထိုင်လျက်ရှိပါသည်။ အကယ်၍ တရုတ်နိုင်ငံအား သိမ်းသွင်းစည်းရုံးနိုင်ခြင်း၊ သို့မဟုတ် ၎င်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တရုတ်နိုင်ငံအား ရန်လိုခြင်းမဟုတ်၊ အနိုင်ကျင့်မခံလိုခြင်းသာဖြစ်သည်ဟူသော သဘောထားကို တရုတ်နိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းကြောင့်သာ ယခုကဲ့သို့သော တရုတ်နိုင်ငံသမ္မတ၏ ခရီးစဉ်ဖြစ်လာ နိုင်မည့် အခြေအနေတွင်ရှိနေခြင်းဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ထိုခရီးစဉ်တွင် တရုတ်နိုင်ငံမှလိုလားနေသည့် ဦးတည်ချက်တူအသိုက်အဝန်း(Community of Common Destiny)ဟူသော ဆက်ဆံရေးအဆင့်အတန်းကို မြှင့်တင်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အင်အားကြီးတရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဗီယက်နမ် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမပျက်ယွင်းစေရန် ထိန်းသိမ်းထားနိုင် သကဲ့သို့ တရုတ်နိုင်ငံ၏ ရန်သူဖြစ်သည့် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးတိုးမြှင့် ထားနိုင်သည့် နောက်ကွယ်မှ အတိတ်သမိုင်းသင်ခန်းစာများကို ဖော်ပြ၍ ဗီယက်နမ် နိုင်ငံ၏ နိုင်ငံခြားရေးနှင့် သံတမန်ဆက်ဆံရေး အောင်မြင်မှုအား သုံးသပ်ရေးသား ထားခြင်းဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံကျင့်သုံးသည့် သံတမန်ရေးနည်းလမ်းမှာ မိမိ၏ ရွေးချယ်မရသော အိမ်နီးချင်းတရုတ်နိုင်ငံ၏ အင်အားကြီးမားမှုနှင့် လွှမ်းမိုးမှုကို အရှိတရားအဖြစ် လက်ခံပြီး မိမိတို့နိုင်ငံအား လိုအပ်သည်ထက် ပိုမို၍မလွှမ်းမိုးရန်၊ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန်အတွက်သာ လိုလားကြောင်း တရုတ်ခေါင်းဆောင်များထံ သတင်းစကားပါးနိုင်ခြင်း၊ သို့မဟုတ် လက်ခံလာအောင် စည်းရုံးဆွေးနွေးနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း အမေရိကန်နိုင်ငံသမ္မတ လာရောက်လည်ပတ်ပြီး မကြာမီတွင် တရုတ်နိုင်ငံသမ္မတ လာရောက်လည်ပတ်ရသည်အထိ သံတမန်ရေး ထိန်းညှိမှုကို ဆောင်ရွက်ထားနိုင်ခြင်းဖြစ်ပါသည်။
လက်ရှိ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီနှင့်ပတ်သက်သော လုပ်ငန်းစဉ် ကြေညာချက်တွင် လေးနက်ခြင်း(Deepen)၊ တည်ငြိမ်အေးချမ်းခြင်း(Stabilize)၊ ပူးပေါင်း ဆောင်ရွက်ရေး(Cooperation)နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development)တို့အတွက် တစ်သမတ်တည်းရှိသော နိုင်ငံခြားရေးပေါ်လစီကို အကောင်အထည်ပေါ်ရန်၊ နိုင်ငံတကာ ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု၊ မတူကွဲပြားမှု၊ နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်စေမည့် နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ကဏ္ဍပေါင်းစုံတွင်လည်း တက်ကြွစွာပါဝင်သူဖြစ်စေရန် (A friend and reliable partner of all countries)ဟူ၍ ဖော်ပြထားပါသည်။[3]
ဗီယက်နမ်နိုင်ငံသည် ကွန်မြူနစ်တစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝင်ဆံ့လျက်ရှိပြီး ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ အပြန်အလှန်လာရောက်လည်ပတ်နေရသည့် နိုင်ငံတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်လျက် ရှိပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံသည် တရုတ်၏ အိမ်နီးချင်းနိုင်ငံများ အတုယူဖွယ်ဖြစ်သည့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံငယ်တစ်ခုဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
138102723
[1]။ Khang Vu. “Chinese Leader’s Visit Reflects Vietnam’s ‘Omnidirectional’ Foreign Policy”. The Diplomat. October 19, 2023, [https://thediplomat.com/.../chinese-leaders-visit.../]
[2]။ Stephen Van Evera. “THE "SPIRAL MODEL" v. THE "DETERRENCE MODEL" September 10, 1997 [https://web.mit.edu/17.423/www/Archive98/handouts/spiral.html][3]။ Ministry of Foreign Affairs.[https://www.mofa.gov.vn/en/nr091019080134/]