နိဒါန်း
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ဆောင်ရွက်ခဲ့သည့် ၃ နိုင်ငံအစည်းအဝေးမှ တရုတ်နိုင်ငံအပေါ် ထားရှိသည့်သဘောထားများ၊ ရလာဒ်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ခေါင်းဆောင်များသည် ဩဂုတ်လ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်ရှိ Camp David အပန်းဖြေစခန်းတွင် တွေ့ဆုံခဲ့ကြပါသည်။ ထို ၃ နိုင်ငံသည် နိုင်ငံပေါင်းစုံလှုပ်ရှားမှု များ၏ နောက်ဆက်တွဲအစည်းအဝေးများတွင် တွေ့ဆုံလေ့ရှိကြသော်လည်း ဩဂုတ်လ ၁၈ ရက်နေ့က ပထမဦးဆုံးအကြိမ် ၃ နိုင်ငံတည်းဖြင့် ပြုလုပ်ခဲ့သော ညီလာခံဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှု၏ ရလဒ်များအနက်မှ တစ်ခုအနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော ၃ နိုင်ငံတည်းပါဝင်သည့် တွေ့ဆုံမှုကို နှစ်စဉ်ပြုလုပ်သွားရန် သဘောတူညီမှုထားရှိ ခဲ့ကြပါသည်။ ၃ နိုင်ငံ အင်အားခိုင်မာလာပြီး အတူတကွလက်တွဲဆောင်ရွက်လာနိုင်သည့် အချိန်တွင် ကမ္ဘာကြီးအတွက် လုံခြုံမှုပိုမိုဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု အမေရိကန်နိုင်ငံ သမ္မတ Joe Biden က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio ကလည်း ဂျပန်နိုင်ငံအနေဖြင့် ၃ နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ စိန်ခေါ်မှုများကို ပူးပေါင်း ဖြေရှင်းနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ၃ နိုင်ငံညီလာခံသည် တောင်ကိုရီးယားနိုင်ငံ သမ္မတ Yoon Suk-yeol ၏ ဂျပန်နိုင်ငံနှင့် တင်းမာမှုဖြစ်ပေါ်နေခြင်းကို ပြန်လည် ပြုပြင်ရန် လုပ်ဆောင်နေမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အဆိုပါလုပ်ရပ်ကြောင့် တောင်ကိုရီးယားနိုင်ငံသမ္မတသည် ဂျပန်-ကိုရီးယားဆက်ဆံရေးတိုးမြှင့်ရန်အတွက် နိုင်ငံကို ရောင်းစားနေသည်ဟု ဝေဖန်ခံနေရပြီး Yoon ကလည်း ဂျပန်နိုင်ငံသည် ၎င်းတို့ နိုင်ငံ၏ လုံခြုံရေးအတွက် အရေးပါသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု အလေးပေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ခိုင်မာသည့် အဖွဲ့အစည်းဆိုင်ရာအခြေခံမူများလိုအပ်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများကို ခိုင်မာသည့် ကတိကဝတ်များဖြင့် ဖြေရှင်းရန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Yoon ၏ ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို ပြည်သူများက အသိအမှတ်မပြုသည့်အတွက် Yoon ၏ ကြိုးပမ်းမှုများ မပါဝင်ပါက ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာမည်မဟုတ်ဟုဆိုသည်။ ယခုပြုလုပ်ခဲ့သည့် ညီလာခံတွင် ပြောကြားခဲ့မှုများသည် သမ္မတဟောင်း Moon Jae – in က တရုတ်နိုင်ငံကို ပေးထားခဲ့သော “Three Noes”[2]ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့်ပူးပေါင်းပြီး Terminal High Altitude Area Defense (THAAD) များအတွက် စွမ်းအားဖြည့် ဘက်ထရီများ ထပ်မံ ပေးပို့မည်မဟုတ်၊ အမေရိကန်နိုင်ငံဦးဆောင်သည့် ဒေသတွင်း ဒုံးကာကွယ်ရေးစနစ်များတွင် ဝင်ရောက် ဆောင်ရွက်မည်မဟုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ဖြင့် ၃ နိုင်ငံမဟာမိတ် ပူးပေါင်းဆောင်ရွက်ချက်များတွင် ပါဝင်မည်မဟုတ်ဟူသော ကတိကဝတ်များနှင့် ကွဲပြား နေသည်ဟုဆိုပါသည်။ ယခုပြုလုပ် ခဲ့သည့် ညီလာခံတွင် အမေရိကန်နိုင်ငံ၏ အမျိုးသားအကြံပေး Jake Sullivan က ၃ နိုင်ငံ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းနှင့်ပတ်သက်သည့် နှစ်ရှည်အစီအစဉ်ဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်းအရေးကိစ္စများကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် တရုတ်နိုင်ငံ၏အမြင်တွင် အဆိုပါဆောင်ရွက်မှုကို ဒုံးတိုက်ခိုက်မှုများကို ကာကွယ်ရန် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုဟု ယူဆသွားနိုင်ပြီး စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသည့်အချက်များဖြစ်နေကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ တောင်ကိုရီးယားနိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်ပေါ်လျှင်တောင်မှ Moon လက်ထက်က ပေးထားခဲ့သည့် ကတိကဝတ် များကို စောင့်ထိန်းသင့်သည်ဟု ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများတွင် ပဋိပက္ခများဖြင့် ရင်ဆိုင်ခဲ့ရပါက စုပေါင်းညှိနှိုင်းအဖြေရှာခြင်းဖြင့် ဆောင်ရွက်နိုင်သည်ဟုဆိုသည်။ သို့သော်လည်း တောင်ကိုရီးယားနိုင်ငံဘက်မှ “Three Noes” နှင့် ပတ်သက်၍ တရားဝင်လက်မှတ်ရေးထိုးထားခြင်းမရှိဟု ငြင်းဆိုနေပြီး အမေရိကန်နိုင်ငံ ဘက်မှလည်း ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပုံပေါ်လာအောင် ဆောင်ရွက်မည်ဖြစ်ပြီး ကျင်းပခဲ့သည့် ညီလာခံသည်လည်း မည်သည့်နိုင်ငံကိုမှ ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမဟုတ်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နိုင်ငံဘက်မှ ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မဟာမိတ် ဖွဲ့ခြင်းအဖြစ် ယူဆလာသည့်အခါတွင် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည့်အချက်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအား ပြန်လည်တန်ပြန်တုံ့ပြန်မှုများတွင် အခက်အခဲများဖြင့် ရင်ဆိုင်ရစေနိုင်သည့်အတွက် တရုတ်နိုင်ငံက လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။ တရုတ်နိုင်ငံဘက်မှလည်း တောင်ကိုရီးယားကို စီးပွားရေး အရ အကျပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းဖြင့် THAAD တပ်ဖြန့်ချထားမှုကို ကန့်ကွက်ကြောင်း ထင်ထင်ရှားရှားပြသခဲ့ပြီးဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း အဆိုပါဖိအားပေးမှုများအတွက် လက်ရှိအချိန်ထိ ပြန်လည်ပေးဆပ်နေရပြီး တောင်ကိုရီးယားနိုင်ငံသားများသည် တရုတ်နိုင်ငံကို လက်ရှိအချိန်ထိ ဆန့်ကျင်လျက် ရှိပါသည်။ အလားတူ အမေရိကန်နိုင်ငံအနေဖြင့်လည်း ၎င်း၏အဓိကမဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ၏ တရုတ်နိုင်ငံဘက်မှ စီးပွားရေးအရပိတ်ဆို့နေမှုများကို တုံ့ပြန်မှု များတွင် ဝင်ရောက်ကူညီပေးခဲ့ခြင်းမရှိသည့်အတွက်လည်း ပြန်လည်ပေးဆပ်ရနိုင်ပြီး အမေရိကန်နိုင်ငံအနေဖြင့် ၃ နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုပါက တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိဆောင်ရွက်ချက်များကို ထိထိရောက်ရောက် ကာကွယ်ပေးရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ၃ နိုင်ငံညီလာခံတွင် ဆွေးနွေးခဲ့သည့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများက တရုတ်နိုင်ငံအတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်မှာ မှန်သော်လည်း နောက်ဆက်တွဲ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျိုးဆက်များဖြင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် လေလုံးထုတ်နေရုံနှင့်မပြီးဘဲ တာဝန်ယူမှုတာဝန်ခံမှုရှိရန်လိုအပ်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အား စီးပွားရေးနှင့် စစ်ရေးအရ ထိရောက်သည့် အကာအကွယ်များ ပေးမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပါးနပ်စွာ သတိပေးထားခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုအစည်းအဝေးတွင် တိကျသည့် အစီအစဉ်များချမှတ်နိုင်ခြင်းမရှိ၍ ဟန်သာရှိ၍ အဆံမရှိသော တွေ့ဆုံမှုဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေပါသည်။ သို့သော်လည်း အာရှအရှေ့ဖျားဒေသတွင်းနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အမေရိကန်နိုင်ငံနှင့် စစ်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နေချိန်တွင် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံ တို့ကလည်း နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်နေသဖြင့် ဒေသတွင်း အပြိုင်အဆိုင် အုပ်စုဖွဲ့မှုများကို တွန်းအားပေးသကဲ့သို့သာ ဖြစ်လာပါလိမ့်မည်။
တရုတ်နိုင်ငံကို ပိတ်ဆို့ရန်အတွက် အမေရိကန်နိုင်ငံသည် အာရှအရှေ့ဖျားတွင် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့်ပူးပေါင်း၍လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် ထိုင်ဝမ်အား နိုင်ငံရေး၊ စစ်ရေးအကူအညီများပေး၍လည်းကောင်း၊ အာဆီယံဒေသတွင် စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အား စစ်ရေးဆိုင်ရာ ပူးပေါင်းမှုနှင့် အထောက်အကူပေးမှုများ ဆောင်ရွက်၍လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်သည့် မြန်မာနိုင်ငံကို မတည်ငြိမ်မှုများဖြစ်အောင် တွန်းအားပေး ပိတ်ဆို့ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခု၏ ပြည်တွင်းနိုင်ငံရေးတိုင်းသည် ကမ္ဘာ့နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကျရောက်လာသော အကျပ်အတည်းများကို ကျွမ်းကျင်လိမ္မာစွာ ကျော်လွှားနိုင်ရေးမှာ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအားလုံး၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
93082523
[1]။ Shannon Tiezzi.“ The Japan-South Korea-US Summit Is Bad News for China”. Nikkei Asia. August 19, 2023 [https://thediplomat.com/.../the-japan-south-korea-us.../]- accessed on August 21, 2023.
[2] Jo He-rim, “China Demands Korea Uphold ‘Three Nos’ Policy,” The Korea Herald, July 28, 2022, https://www.koreaherald.com/view.php?ud=20220728000666.