အမျိုးသားလက္ခဏာရပ်များ
တည်ဆောက်ခြင်းအကြောင်းမပြောမီ Nation building ၊ State building နှင့် Nation-state
building တို့ ဆိုလိုရင်းသဘောသဘာဝ မတူညီကြောင်းဦးစွာ သဘောပေါက်ရန်လိုပါသည်။
Political Sociology ရှုထောင့်မှကြည့်လျင် ယေဘုယျအားဖြင့် Nation building သည် Culture
နှင့် Identity ဟူသည့် ယဉ်ကျေးမှု၊ ကိုယ်ပိုင်လက္ခာဏာရပ် စသည်ကို အလေးပေးပြီး၊ State
building သည် ပထဝီနယ်နမိတ် (geographical area)၊ အခြေခံအဆောက်အဦ (infrastructure)၊
စနစ်တကျတည်ဆောက်ထားသည့် အဖွဲ့အစည်းများ (institution) ကို အလေးပေးပါသည်။ တနည်းအားဖြင့်
Nation building သည် အနှစ်အသားကိုဦးစားပေးပြီး၊ State building သည် အသွင်သဏ္ဍာန်ကို
အလေးပေးပါသည်။ ဓမ္မကြောင်းအရကြည့်လျင် ရုပ်သဘောနှင့် နာမ်သဘော အားဖြင့် တွေးဆကြည့်နိုင်သည်။
နှစ်ခုစလုံး တူညီစွာ အရေးကြီးသည်ချည်းဖြစ်ပါသည်။ Nation-state ဟုပြောလျင်တော့ ဒီသဘောနှစ်ခုစလုံး
အကြုံးဝင်သည်။ ဤသို့ ခွဲခြားနားလည်ထားပါမှ နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အပျော့ထည်နှင့်
အမာထည် နှစ်မျိုးစလုံး တည်ဆောက်ရန်လိုအပ်ကြောင်း ထင်ရှားပေမည်။ Nation-state
building ကိုသွားရန်လိုသည်။
စာရေးသူအနေဖြင့်
မြန်မာနိုင်ငံတွင် အများနားလည်ထားသည့် နိုင်ငံတည်ဆောက်ခြင်း၊ လက်ရှိသွားနေသည့် နိုင်ငံတည်ဆောက်ခြင်းမှာ
ရုပ်ပိုင်းဆိုင်ရာကို ဦးစားပေးသည် နိုင်ငံတည်ဆောက်ခြင်းအကြောင်းသာဖြစ်သည်ဟု သုံးသပ်ပါသည်။
State building အဆင့်တွင်ပင် တစ်ဆို့နေပြီး Nation building အဆင့်ကို မတက်နိုင်သေးသည်လည်း
ဖြစ်ကောင်းဖြစ်နိုင်သည်။ အစဉ်အလာအားဖြင့် ဆောင်ရွက်လာသည့် မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံရှိသည်
ယဉ်ကျေးမှုပေါင်းစုံပါသည်ဆိုသည်နှင့်မပြီး။ ရိုးရာဝတ်စုံများဝတ်၍ အတူတွဲကာသီချင်းဆို
ကပြကြရုံနှင့် မလုံလောက်။ အများလက်ခံနိုင်မည့် ဘုံအမျိုးသားလက္ခဏာရပ် national
Identity တစ်ခုတည်ဆောက်ဖို့ရန် မဖြစ်မနေလိုအပ်ပါသည်။ ထို့ကြောင့် အားနည်းချက်ရှိနေသည့်
Nation building အကြောင်းကို ဤစာစုများတွင် မိမိနားလည်ထားသလောက် ဆွေးနွေးပေးချင်သည်။
ခေတ်သစ်သမိုင်းတွင်
အမျိုးသားနိုင်ငံတွေတည်ဆောက်ခြင်းရဲ့ ထင်ရှားတဲ့အချိန်ကိုပြပါဆိုလျင် ဒုတိယကမ္ဘာစစ်ပြီးကာလဖြစ်သည်။
နိုင်ငံငယ်များ ကိုလိုနီဘဝမှလွတ်မြောက်လာကြသည်။ ခေါင်းဆောင်အသစ်၊ ယုံကြည်ချက်အသစ်၊
ကြွေးကြော်သံအသစ်၊ ပြယုဂ်အသစ်။ မြန်မာနိုင်ငံသည်လည်း ထိုအသစ်အသစ်များတည်ဆောက်ခြင်းထဲတွင်
ပါဝင်သည်။ အသွင်ကူးပြောင်းသည့်လူ့အဖွဲ့အစည်းများအားလုံးတွင် မလုံခြုံမှုများ၊ လိုအပ်ချက်များနှင့်
ပြည့်နှက်နေသည်။ အဓိကပြဿနာမှာ မသေချာမရေရာမှုများ၊ ဘုံသဘောတူညီမှုမရှိခြင်းနှင့် စည်းလုံးညီညွှတ်မှုမရှိခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်
နိုင်ငံရေး၊ လူမှုရေးနှင့် ပုဂ္ဂိုလ်ရေး ရှုပ်ထွေးမှုများဖြစ်သည်။
ဤသို့ဖြင့် နိုင်ငံအတော်များများမှာ ဒီမိုကရေစီအိုင်ဒီယာကို အနည်းနှင့်အများရည်ရွယ်ခဲ့ကြသော်လည်း
ဘယ်လိုတည်ဆောက်ကြမလဲဟူသည့် တည်ဆောက်ခြင်းနည်းလမ်းပေါ်အာရုံစိုက်မှု နည်းခဲ့ကြသည်။ ဒီမိုကရေစီကို
ယုံကြည်ကြပါသည်ဟု ဆိုလိုက်သည်နှင့် သူ့အလိုလို ဒီမိုကရေစီအလေ့အကျင့်နှင့် အဖွဲ့အစည်းများပေါ်ပေါက်လာမည်ဟုဆိုသည့်
ကျိုးကြောင်းဆီလျော်မှုမရှိသည့် မျှော်လင့်ချက်များအကြား ဝဲလှည့်နေခဲ့ကြသည်။
အမျိုးသားလက္ခဏာရပ်များတည်ဆောက်ခြင်းသည်
ပြည်တွင်းရေးကိစ္စသာဖြစ်သော်လည်း မိမိနိုင်ငံအပေါ်တွင်သက်ရောက်မှုရှိနေသည့် နိုင်ငံတကာ
သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများကို နားလည်ထားရန်လိုသည်။ လက်ရှိအခြေအနေနှင့်
ပေးထားချက်ကို ဦးစွာသဘောက်ပေါက်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့သည် အနောက်ကမ္ဘာက ကြီးစိုးထားတော့နိုင်ငံတကာဆက်ဆံရေးအတွင်း
ရှင်သန်နေကြရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ အနုပညာ၊ ယဉ်ကျေးမှု စသည့်ကဏ္ဍပေါင်းစုံပါဝင်သည်။
ကိုလိုနီအုပ်ချုပ်ရေးက ခေတ်မီပညာရေးနှင့် ဗျူရိုကရေစီယန္တယားတည်ဆောက်ခြင်းဖြင့် လက်အောက်ခံနိုင်ငံများ၏
လူနေမှုဘဝနှင့် အုပ်ချုပ်ရေးစနစ်များကို ပြောင်းလဲနိုင်ခဲ့သည်ဟု သာမာန်ယူဆနိုင်သော်လည်း
တကယ့်လက်တွေ့တွင် လူ့အထက်တန်းလွှာတစ်ခုကို တည်ဆောက်ပြီး ထိုအလွှာနှင့် ဆက်ဆံရေး
(elite relationships) တည်ဆောက်နိုင်ခဲ့ခြင်းမျှသာဖြစ်သည်။ လူမှုအဖွဲ့အစည်းတစ်ခု၏ ဓလေ့စရိုက်
နှင့် အလေ့အကျင့်တစ်ခုလုံးကိုမူ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါ။
ထို့ကြောင့်
အချိန်နှင့်အမျှ လူမှုအဖွဲ့အစည်းများ ရွှေ့လျားပြောင်းလဲနေသကဲ့သို့ ယဉ်ကျေးမှုများသည်လည်း
ရောနှောယှက်တင်လာနေကြသည်။ ခေတ်မီကမ္ဘာကြီးနှင့် လျင်မြန်စွာကွာခြားလာသော နည်းပညာများ၊
လူနေမှုဘဝများက အသွင်ကူးပြောင်းစ ရှေးရိုးဆန်လူ့အဖွဲ့အစည်းများအတွက် ဖိအားကြီးတစ်ရပ်ပင်။
ဒါကြောင့်လည်း အသွင်ကူးပြောင်းစနိုင်ငံသစ်များအတွက် ခေတ်မီကမ္ဘာကြီးနှင့်အတူ လိုက်ပါစီးမျောနိုင်ရန်အတွက်
အစ္ဇျတ ယုတ္တိဗေဒ (inner logic) တစ်ခုလိုအပ်လာခြင်းဖြစ်သည်။ ဒါကို (a process of
acculturation) မိမိ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်စေဘဲ ခြားနားသည့် ယဉ်ကျေးမှုတစ်ခုကို
ဘယ်လိုဘယ်နည်းနှင့် သဟဇာတဖြစ်စေမလဲ ဆိုသည့် ဖြစ်စဉ်တစ်ခုပုံဖော်တည်ဆောက်ရန်လိုအပ်ခြင်းဟုခေါ်သည်။
ထိန်းသိမ်းရုံနှင့်မလုံလောက်ဘဲ အသစ်ပုံဖော်တည်ဆောက်နိုင်မှသာ ရှင်သန်ရပ်တည်နိုင်ပေလိမ့်မည်။
ထို့ကြောင့်လည်း အမျိုးသားလက္ခဏာရပ်များတည်ဆောက်ခြင်းအတွက် အဓိကအကျဆုံးစိန်ခေါ်ချက်မှာ
ကမ္ဘာယဉ်ကျေးမှုစရိုက်လက္ခဏာပျံ့နှံ့လာခြင်းကို မိမိရဲ့ယဉ်ကျေးမှုစရိုက်လက္ခဏာပျောက်ပျက်မှု
အနည်းဆုံးဖြစ်အောင် ဘယ်လိုလက်ခံဆောင်ရွက်မလဲဆိုသည့် မေးခွန်းဖြစ်သည်။ ဤအရာသည်ပညာခန်းဖြစ်သည်။
ဦးစွာပထမ အသွင်ကူးပြောင်းစနိုင်ငံများ
သို့မဟုတ် အနောက်ကမ္ဘာနှင့်မတူသည့် နိုင်ငံရေးဖြစ်စဉ်များ၏ ဝိသေသလက္ခဏာများကို ဆွေးနွေးပေးချင်ပါသည်။
ဤဝိသေသလက္ခဏာများကိုပင် လူမှုဗေဒပြောင်းလဲမှုဖြစ်စဉ်ကို သက်ရောက်နေသည့်အချက်များ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သော
အကြောင်းကိစ္စရပ်များ (သို့မဟုတ်) အမျိုးသားစရိုက်လက္ခဏာတည်ဆောက်ရာတွင် ရင်ဆိုင်ရနိုင်သည့်
ပြဿနာရပ်များအဖြစ်ရှုမြင်နိုင်သည်။ George Kahin, Guy Pauker နှင့် Lucian Pye တို့အလိုအရ
ထိုဝိသေသလက္ခဏာများကို အချက်ပေါင်း (၁၇)ချက် ခွဲထုတ်ပြသထားပါသည်။
(ဆက်ရန်)
မောင်ကျော်
၀၁၀၄၂၀၂၀၀၇၅၂