Wednesday, August 21, 2019

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၇)

Finer က စစ်ဘက်ရဲ့ နိုင်ငံရေးမှာ ဝင်ရောက် ပတ်သက်မှု အတိုင်းအတာပမာဏများခြင်းနည်းခြင်းသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ယဉ်ကျေးမှု (political culture) အနု အရင့်ပေါ်မှာ မှီတည်နေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက စစ်ဘက်ရဲ့ နိုင်ငံရေးပါဝင်​မှုရေချိန်မြင့်မားနေတယ်ဆိုရင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးယဉ်ကျေးမှု အရှိတရား (အမှန်) ကို ဆန်းစစ်ဖို့လိုလာတယ်။ ဒါကြောင့် နိုင်ငံရေးယဉ်ကျေးမှု အနုအရင့်ဆိုတဲ့တာက ဘယ်လိုအချက်တွေအပေါ်ကို မူတည်ပြီး သတ်မှတ်သလဲဆိုတာကို သိဖို့လိုအပ်လာပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှု ရင့်ကျက် ( မြင့်မား) တဲ့ နိုင်ငံတွေသည်-
(၁) အုပ်ချုပ်သူရော အုပ်ချုပ်ခံကပါ လက်ခံတဲ့ “နိုင်ငံရေးမူဘောင်” (political formula) တစ်ခုရှိနေတယ်။ အုပ်ချုပ်သူကလည်း မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အုပ်ချုပ်နိုင်သလို အုပ်ချုပ်ခံသူကလည်း အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှုကိုလိုက်နာရမယ်ဆိုတာကို လက်ခံထားပြီးသားဖြစ်တယ် (သို့)
(၂) ရှုပ်ထွေး များမြောင်ပြီး ယုံကြည်စိတ်ချရတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိနေတယ်၊ ပြီးတော့ ဒီအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးစနစ်တစ်ခုကို ဝန်းရံဖွဲ့စည်းထားတယ်။ ဆိုလိုတာကတော့ အားကိုးထိုက်ပြီး အရည်အသွေးပြည့်မှီတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရှိနေခြင်းကို ဆိုလိုပါတယ်။ (သို့)
(၃) ဒီအရပ်ဘက်အဖွဲ့အစည်းတွေမှာ လူထုရဲ့ ဆက်နွယ်ပတ်သက်မှုက ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေခြင်း ဆိုတဲ့ အချက်များနဲ့ တိုင်းတာပါတယ်။
ဒီအချက်တွေ ပြည့်စုံနေရင် အားကောင်းရင့်ကျက်လှတဲ့ နိုင်ငံရေးယဉ်ကျေးမှုရှိနေပြီး ဒီအချက်တွေနဲ့ မပြည့်စုံသေးဘူးဆိုရင်တော့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်တယ်ပေါ့။ ဒီအချက်တွေနဲ့ ချိန်ထိုးသုံးသပ်ပြီး စစ်ဘက်ရဲ့ နိုင်ငံရေးမှာ ဝင်ရောက်ပတ်သက်မှုအတိုင်းအတာကို အဆင့်(၄)ဆင့်ခွဲပြပါတယ်။ ဒီနေရာမှာ ထူးခြားတာက နိုင်ငံရေးယဉ်ကျေးမှု အမြင့်ဆုံးအဆင့်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာတောင် အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး စစ်ဘက်ရဲ့ လွှမ်းမိုးမှု (influence) ဆိုတာရှိနေတယ်လို့ဆိုပါတယ်။ ကျန်အဆင့်များမှာတော့ အကျပ်ကိုင်မှုနဲ့ ဖိအားပေးမှု (pressure and blackmail)၊ အစိုးရပြောင်းလဲခြင်း (displacement) နဲ့ သူကိုယ်တိုင်အစိုးရဝင်လုပ်ခြင်း (supplantment) ဆိုပြီး သူ့အဆင့်လိုက်ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။ စာရေးသူဖတ်ခဲ့ဖူး လေ့လာခဲ့ဖူးသမျှ သီအိုရီတွေထဲမှာ စစ်ဘက်ရဲ့ နိုင်ငံရေးမှာပါဝင်မှုကို အဖြေရှာတဲ့နေရာမှာ Finer ရဲ့ သီအိုရီကို သဘာဝအကျဆုံးလို့ လက်ခံထားဆဲဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲ နောက်ပိုင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး သီအိုရီတွေ၊ ပညာရှင်တွေကတော့ အရပ်ဘက် ထိန်းချုပ်မှု “civilian control” ဆိုတဲ့အပေါ်မှာ သံသယရှိလာကြတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသီအိုရီများသည် အာဏာသိမ်းမှုတွေ မဖြစ်အောင် တားဆီးဖို့၊ ဘာကြောင့်ဖြစ်သလဲဆိုတာ ဖော်ထုတ်ဖို့၊ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်ထားဖို့ စတဲ့ အချက်များပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေကြတယ်။ စစ်ဘက် အာဏာသိမ်းမှုတွေအကြောင်းမရှိရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအကြောင်း ဆွေးနွေးစရာမရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းမျိုးတွေ ထုတ်လာကြတယ်။
အဲ့ဒီ့မှာ နောက်ပိုင်း ပညာရှင်တွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကြိုးစားလာကြပါတယ်။ Queen’s University ရဲ့ တွဲဘက်ပါမောက္ခနဲ့ Defence Management Studies ရဲ့ ဥက္ကဌဖြစ်သူ DOUGLAS BLAND ဆိုသူနဲ့ Harvard Law School, Corporate and Foundation Relations ရဲ့တွဲဘက်ဒါရိုက်တာနဲ့ U.S. Naval War Collage ရဲ့ adjunct professor ဖြစ်သူ Rebecca L. Schiff ဆိုသူနှစ်ယောက်ကတော့ ထင်ရှားပါတယ်။ Bland က ကနေဒါတပ်မတော်မှာ နှစ် ၃၀ လောက်တာဝန်ထမ်းဆောင်ပြီး ဗိုလ်မှူးကြီးဘဝနဲ့ အနားယူခဲ့သူလည်းဖြစ်ပါတယ်။
သူ့ရဲ့ ၁၉၉၉ ခုနှစ်ကပေါ်လာတဲ့ ယူဆချက်ကတော့ “civil control of the military is managed and maintained through the sharing of responsibility for control between civilian leaders and military officers. Specifically, civil authorities are responsible and accountable for some aspects of control and military leaders are responsible and accountable for others” လို့ဆိုပါတယ်။ အရပ်ဘက်ထိန်းချုပ်ဆိုတာက အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေအကြားမှာ တာဝန်နဲ့ဝတ္တရားတွေခွဲဝေခြင်းပဲဖြစ်တယ်..အချို့ကဏ္ဍတွေမှာ အရပ်ဘက်အာဏာပိုင်တွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပြီး..အချို့ကဏ္ဍတွေမှာတော့ စစ်ဘက်ခေါင်းဆောင်တွေက တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ် လို့ဆိုထားပါတယ်။ ဟိုဘက် ဒီဘက် ထိန်းချုပ်မှု ဆိုတာထက် အာဏာခွဲဝေဖို့ တွန်းအားပေးလာတဲ့ပုံစံဖြစ်တယ်။ ဒါပေမယ့် civilian control ဆိုတဲ့ အယူအဆကိုတော့ မစွန့်လွှတ်ပါဘူး။
ဒီ တာဝန်ဝတ္တရား ပတ်သက်ဆက်နွယ်မှု အစီအစဉ်ကိုတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အစိုးရစနစ်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ သတ်မှတ်ချက်တွေနဲ့ ဆုံးဖြတ်ချက်ချတဲ့လုပ်ထုံးလုပ်နည်း တွေကနေတဆင့် ပြုပြင်ဖန်တီးတယ်လို့ ဆိုထားပါတယ်။ အတွေ့အကြုံတွေအရ အရပ်ဘက်သည်လည်း သီးခြားရပ်တည်ပြီး ကိုယ့်လက်ကိုယ့်ခြေလုပ်လို့မရပါဘူး။ အရပ်ဘက် အနေနဲ့ ကျွမ်းကျင်မှုမရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာတွေ၊ စစ်ပွဲစီမံခန့်ခွဲမှုကိစ္စတွေမှာ စစ်ဘက်ရဲ့ အကြံဉာဏ်နဲ့ အကူအညီကို ယူရလို့ပါပဲ။ ရင့်ကျက်လှပါတယ်ဆိုတဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာတောင် ကာကွယ်ရေးနဲ့ဆိုင်တဲ့ အဆုံးအဖြတ်တွေ၊ မူဝါဒတွေမှာ စစ်ဘက်ကို အာဏာခွဲဝေရတဲ့ ခြွင်းချက် ဆိုတာရှိတယ်လို့ဆိုပါတယ်။ ဒီအချက်က Bland ကစပြောခဲ့တာလို့တော့ မထင်လိုက်ပါနဲ့။
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကဏ္ဍကို သီအိုရီကျကျစပြောခဲ့တဲ့ Huntington(၁၉၅၇) က maximizing military security at the least sacrifice of other social values involves a complex balancing of power and attitudes among civilian and military groups ” အခြားလူမှုရေးတန်ဖိုးတွေကိုစွန့်လွှတ်မှုအနည်းဆုံးနဲ့ စစ်ဘက်လုံခြုံရေးကို မြှင့်တင်ခြင်းဆိုရာမှာ စစ်ဘက်နဲ့ အရပ်ဘက်အုပ်စုတွေထဲမှာ ပါဝါနဲ့သဘောထားရပ်တည်ချက်တွေရဲ့ ခက်ခဲရှုပ်ထွေးတဲ့ ထိန်းညှိခြင်းတစ်ခု ပါဝင်တယ်လို့ဆိုထားခဲ့တယ်။ (ကျမ်းရင်း စာ-၂ တွင်ရှု) ဒီလောက်ဆိုရင် ပညာရှင်တွေပြောတဲ့ “civilian control” ဆိုတာကို အတော်လေးနားလည်သဘောပေါက်လောက်ပါပြီ။ အရေးကြီးပြီး အခရာကျတဲ့ သီအိုရီတွေကို ဆွေးနွေးလာရာမှာ ၁၉၉၉ ခုနှစ်ထိရောက်လာပြီဖြစ်လို့ ၂၀၀၉ ခုနှစ်မှာထွက်လာတဲ့ Schiff ရဲ့ “Concordance theory” အကြောင်းပြီးရင်တော့ ဆောင်းပါးလက်စသက်ချိန်ရောက်လာပါပြီ။ (ဆက်ရန်)
မောင်ကျော်
၂၈၅၁၇၂၁၂၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.