အားသာချက်တွေပြီးတဲ့နောက်မှာ စစ်ဘက်ရဲ့ နိုင်ငံရေးအားနည်းချက်များကို ဆက်ဆွေးနွေးပေးချင်တယ်။ ဒီနေရာမှာ တစ်ချို့အချက်အလက်တွေသည် စစ်ဘက်ချည်းသက်သက်ရဲ့ အားနည်းချက်လို့မမှတ်ယူသင့်ပဲ ဗဟိုဦးစီးစနစ်ရဲ့ အားနည်းချက်အဖြစ်လည်း မှတ်ယူနိုင်ပါတယ်။ စစ်ဘက်ရဲ့ အားနည်းချက် အားသာချက်တွေကိုမြင်မိပြီဆိုရင် အရပ်ဘက်ရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း ချိန်ထိုးစဉ်းစားနိုင်ပါလိမ့်မယ်။ စစ်ဘက်အနေနဲ့ အဓိကအားနည်းချက်ကြီး (၂) ခုရှိပါတယ်။ ဒီအချက်များကတော့
(၁) လုပ်ထုံးလုပ်နည်းဆိုင်ရာ(သို့) ပညာရပ်ဆိုင်ရာ အားနည်းချက် (the technical inadequacy of the armed forces) ။ စစ်ဘက်အနေနဲ့ ရှေးကျတဲ့ (သို့) အခြေခံကျတဲ့လူ့အဖွဲ့အစည်း (primitive society) တစ်ခုကိုသာ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးဖို့ စွမ်းဆောင်နိုင်ပေမယ့် ဒီ့ထက်ပိုပြီး နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ နည်းပညာအရ ကြီးမားကျယ်ပြန့်လာတဲ့၊ ရှုပ်ထွေးနက်ရှိုင်းလာတဲ့ တိုးတက်လူ့အဖွဲ့အစည်း (Advanced society) ကြီးတစ်ခုလုံးကို နိုင်နိုင်နင်းနင်း ဒေါင့်စေ့အောင် ကွပ်ကဲအုပ်ချုပ် ဖို့ဆိုတာမှာ ကန့်သတ်ချက်ရှိတယ်လို့ဆိုလိုတာပါ။ လူ့အဖွဲ့အစည်းကြီးတစ်ခုရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်ဖြစ်ထွန်းလာလေလေ စစ်ဘက်ရဲ့ စွမ်းဆောင်နိုင်မှုက ကန့်သတ်ချက်ရှိလာလေလေပါပဲ။ တစ်နည်းဆိုရရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အရပ်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါလာရင် ရှေ့ကိုဆက်မတက်နိုင်တော့ပဲ သူ့ဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းကြီးက တိုးတက်မှု နှေးကွေးရပ်ဆိုင်းသွားပါတော့တယ်။
စစ်ဘက်အနေနဲ့ ရှေးကျတဲ့ အခြေခံလူ့အဖွဲ့အစည်းတွေမှာတော့ စစ်ဘက်ရဲ့ စွမ်းဆောင်ရည်က အရပ်ဘက်ထက်သာတာကိုတွေ့ရပါတယ်။ ဥပမာအနေနဲ့ သက်ဆိုင်ရာနိုင်ငံများအလိုက် ရေခံမြေခံကောင်းတွေတည်ဆောက်ပေးနိုင်ခဲ့တဲ့ ၁၉၅၀-၆၀ ခုနှစ်များလောက်က ဘရာဇီး၊ အာဂျင်တီးနား ၊ပီရူး၊ ဘိုလီးဗီးယားစတဲ့ နိုင်ငံတွေကိုလေ့လာနိုင်ပါတယ်။ တိုးတက်မှုရှေ့ဆက်တက်မလာတော့တဲ့ အခြေအနေကိုတော့ လာအို၊ အာဂျင်တီးနား စတဲ့နိုင်ငံတွေကို လေ့လာနိုင်တယ်။ Finer ရဲ့အဆိုကတော့ ” Since the armies of these countries are not usually much more enlightened than the societies they serve, they do not in fact usually try to do so” ” စစ်တပ်တွေသည် သူ့တို့ရဲ့လူ့အဖွဲ့အစည်းထက်ပိုပြီး ထူးချွန်ပြောင်မြောက်မလာဘူး၊ အမှန်တော့ ဒီလိုဖြစ်အောင်လုပ်ဖို့လည်း သူတို့ဘယ်တော့မှ မကြိုးစားဘူး” လို့ဆိုတယ်။ တိုတိုနဲ့ထိရောက်အောင်ပြောရရင် စစ်ဘက်က သူ့ရဲ့ လူ့အဖွဲ့အစည်းကို သာမန် လည်ပတ်လှုပ်ရှားနေနိုင်အောင်(care and maintenance basis) တော့ စွမ်းနိုင်လိမ့်မယ် ကြီးကြီးမားမား တိုးတက်ဖွံ့ဖြိုးလာဖို့ကတော့ သူရဲ့ စွမ်းဆောင်နိုင်ရည် ကန့်သတ်ချက်ရှိပါတယ်။ ဒီနေရာမှာ စာရှည်မှာစိုးလို့ အသေးစိတ်မဆွေးနွေးလိုပေမယ့် နိုင်ငံရေးကော စီးပွားရေးပါ ဗဟိုဦးစီးစနစ်နဲ့သွားလို့ ပြုတ်ကျပျက်စီးသွားရသော ကြီးမားကျယ်ပြန့်လှတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးအကြောင်း အတွေးပွားနိုင်တယ်။
ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျာမဏီ တို့ အီတလီတို့ကို ပြန်လည်တည်ဆောက်ပေးတဲ့နေရာမှာ မဟာမိတ်စစ်တပ်တွေသည် အရပ်ဘက်ပညာသည်တွေ၊ ကျွမ်းကျင်လုပ်သားတွေရဲ့ အကူအညီကိုအများကြီးယူခဲ့ရတယ်။ ဒါတောင် စစ်ကြီးအပြီး ဂျာမဏီတို့ အီတလီတို့ဆိုတဲ့ လူ့အဖွဲ့အစည်းတွေသည် သူတို့ပြန်လည်ရှင်သန်နိုးထလာနိုင်ဖို့၊ နိုင်ငံပြန်တည်ဆောက်နိုင်ဖို့ စိတ်အားတက်ကြွ ထက်သန်နေကြတာဖြစ်တယ်။ စစ်ဘက်ကို ဆန့်ကျင်ဖို့သာ စိတ်အားသန်နေတဲ့၊ လေးကန်လှတဲ့ လူ့အဖွဲ့အစည်းတွေကို ထိန်းသိမ်းရတဲ့နေရာမှာ ဘယ်လောက် အခက်အခဲတွေ့မလဲ ဆင်ခြင်ကြည့်နိုင်ကြပါတယ်။ တစ်ချို့ စစ်တပ်တွေမှာဆိုရင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့မပြောနဲ့ ကိုယ့်အဖွဲ့အစည်းကိုယ် နိုင်နိုင်နင်းနင်းလည်ပတ်နိုင်ဖို့တောင် ကျွမ်းကျင်ပညာရှင်တွေ လုံလောက်မှုမရှိကြပါဘူး။ ဒီလိုဖြစ်လာပြီဆိုရင် စစ်ဘက်အနေနဲ့ အရပ်ဘက်ကို ချော့မော့ဖို့ ဒါမှမဟုတ်ရင် ဖိအားပေးဖို့ဖြစ်လာရတော့တာပဲ။ ဒါကပဲ အားနည်းချက်ဖြစ်လာရပါတယ်။
(၂) အဲ့ဒီလိုအားသုံးရပြီဆိုရင် တရားနည်းလမ်းတကျ တရားဝင် အုပ်ချုပ်မှု (the right to govern) ပျက်ယွင်းလာရတော့တာပဲ။ တနည်းအားဖြင့် အခြေအနေအချိန်အခါ ကန့်သတ်ချက်တစ်ခုအတွင်းကလွဲလို့ ရေရှည်အုပ်ချုပ်ဖို့အတွက် ခေါင်းစဉ်မရှိဘူးလို့ ဆိုနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ လူ့အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်တဲ့နေရာမှာ (force) ဆိုတဲ့ အား တစ်ခုကိုပဲ သုံးလို့မရဘဲ legitimate authority ဆိုတဲ့ တရားနည်းလမ်းကျတဲ့ ဘောင်ဝင်တဲ့ သြဇာအာဏာမျိုးလည်းလိုအပ်တဲ့အတွက်ကြောင့်ဖြစ်တယ်။
force (အား) ကိုသာအသုံးချမယ်၊ အင်အားကြီးသူသာလျင် အမှန်တရားလို့ဆိုခဲ့သည်ရှိသော် သူ့လိုပဲ အားကြီးတဲ့ (သို့) ငါတို့လည်း အားကြီးရင် ဒီလိုနေရာယူလို့ရတယ်ဆိုတဲ့ ပြိုင်ဘက်တွေပေါ်လာတော့တာပါပဲ။ Every force that is grater than the first succeeds to its right ပထမထက် ပိုအားကြီးတဲ့ ဒုတိယက အမှန်တရားကို ဆက်ခံတာပဲ ဆိုတဲ့ အယူအဆကြီးထွားလာလို့ပါ။ ဒါကြောင့် အားအကြီးဆုံးဖြစ်လာအောင် ကြိုးစားကြတော့တယ်။ စပိန်စကားပုံ “Quitate tu, para ponerme yo” “get out so i can get in” ” မင်းထွက်မှငါတက်လာနိုင်မယ်” ဖြစ်တဲ့အတွက် အီရတ်မှာ ၁၉၃၆ ကနေ ၁၉၄၁ အတွင်းမှာ အာဏာသိမ်းမှု ၆ ကြိမ်ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ နောက်လူက ရှေ့လူကို အာဏာသိမ်းလိုက်၊ အဲ့လူကို နောက်လူက အာဏာထက်သိမ်းလိုက်နဲ့ သံသရာလည်နေတော့တာပဲ။ ဒါကြောင့် မိမိရလာတဲ့ အာဏာကို နည်းပေါင်းစုံနဲ့ ကာကွယ်ရတော့တယ်။
ဒီနေရာမှာ Finer က နေရာတိုင်းမှာ လက်နက်နဲ့ဖိအားသုံးတာနဲ့ သင့်သင့်လျောက်ပတ်တဲ့ သြဇာ လုပ်ပိုင်ခွင့် authority ကိုသုံးတာ ပိုထိရောက်မှုရှိကြောင်းကို ရွာကျောင်းက ကျောင်းအုပ်ဆရာလေးနဲ့ လှလှပပလေး ဥပမာပေးထားပါတယ်။ ကျောင်းအုပ်ဆရာလေး တစ်ယောက်ကတော့ သူ့ရွာမှာ ကျောင်းသားတွေ ကျောင်းမှန်မှန်တက်ဖို့၊ အတန်းထဲမှာ စည်းကမ်းလိုက်နာကြဖို့ အတွက်ဆုံးမတဲ့နေရာမှာ အားချည်းပဲ (သို့) အကြောက်တရားချည်းပဲသုံးတယ်။ ကျောင်းမတက်တဲ့သူတွေကို အိမ်ကနေအတင်းဆွဲထုတ်၊ ကျောင်းတက်ခိုင်း၊ စည်းကမ်းဖောက်တဲ့ကျောင်းသားတွေကို ရိုက်နှက်အပြစ်ပေး စသဖြင့်ပေါ့။ နေရာတိုင်းမှာ force ကိုချည်းသုံးတယ်။ အဲ့ဒီ့တော့ ဒီကျောင်းအုပ်ဆရာလေးက အခွင့်ရတာနဲ့ သူ့စည်းကမ်းကို ဖောက်ဖျက်ဖို့စဉ်းစားနေသူတွေ၊ ကြောက်လို့သာ လိုက်လုပ်နေရတယ် အသိစိတ်နဲ့ လိုက်ပါလုပ်ဆောင်ဖို့အားနည်းသူတွေ၊ နောက်ဆုံး သူ့ကို ဒီရွာကနေ ဖယ်ရှားပစ်ချင်သူတွေနဲ့သာ ရင်ဆိုင်ကြုံတွေ့နေရတယ်။ သူ့ရဲ့ ပင်မအလုပ်ဖြစ်တဲ့ စာသင်ဖို့၊ ကျောင်းသားတွေ စာတတ်ဖို့အလုပ်ကို ထိထိရောက်ရောက်မလုပ်နိုင်တော့ဘူး။
နောက်ရွာကျောင်းအုပ်ဆရာလေးတစ်ယောက်ကတော့ လျော်ကန်တဲ့ သြဇာအာဏာကို သုံးပြီး ကျောင်းသားတွေ ကျောင်းမှန်မှန်တက်ကြဖို့၊ စည်းကမ်းလိုက်နာကြဖို့ သင့်တင့်လျောက်ပတ်စွာ မှန်ရာကို ဆုံးမတယ်။ ကျောင်းမှန်မှန်တက်ဖို့ ကျောင်းစည်းကမ်းလိုက်နာဖို့သည် ကျောင်းသားရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့(အသိ) ဖြစ်လာအောင်၊ နားလည်သဘောပေါက်လာအောင်
သင်ကြားဆုံးမတယ်။ အားကို လိုအပ်တဲ့နေရာမှာပဲ သုံးတယ်။ လိုအပ်တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တယ်။ ဒီလိုဆိုတော့ ဒီရွာကျောင်းအုပ်လေးသည် မလိုလားအပ်တဲ့ ကလန်မှုတွေ၊ ထိတ်တိုက်တွေကမှုတွေနဲ့ ရင်ဆိုင်စရာမလိုတော့ဘဲ သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ ကျောင်းသားတွေစာတတ်အောင်သင်ဖို့အလုပ်ကို အာရုံစိုက်ပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်တော့တယ်။ ဒီနေရာမှာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေကြားက စိတ်ပိုင်းဆိုင်ရာချည်နှောင်မှု (psychological bound) ကအလွန်အရေးပါလာတာပေါ့။ ဒီလောက်ဆိုရင် force နဲ့ legitimate authority နဲ့ကွာခြားချက်ကို တွေးဆဆင်ခြင်နိုင်ပါပြီ။ ဒါကြောင့် (the right to govern) မရှိတာ၊ တနည်းအားဖြင့် ပျက်ယွင်းတာကလည်း စစ်ဘက်ရဲ့ နိုင်ငံရေးအားနည်းချက်တစ်ခုပါပဲ။
ဒါကြောင့် စစ်ဘက်က အာဏာနိုင်ငံရေးမှာပါဝင်လာရခြင်းသည် ဒါလိုဖြစ်လာစေမယ့် စေ့ဆော်မှု အခြေအနေတစ်ရပ်လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် စစ်ဘက်မှာ ဝင်ရောက်စွက်ဖက်နိုင်တဲ့ အခြေအနေမရှိဘူး။ အဲ့ဒီ့လို ကျိုးကြောင်းဆီလျော်တဲ့အခြေအနေတစ်ရပ်မရှိဘဲ ဝင်ရောက်စွက်ဖက်ခဲ့ရင်လည်း အများက လက်မခံတော့ပါဘူး။ ဒါကြောင့် ကမ္ဘာပေါ်က စစ်ဘက်ရဲ့ နိုင်ငံရေးမှာပါဝင်ပတ်သက်မှုကို လေ့လာကြည့်ရင် ဒီလိုဖြစ်စေမယ့် ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေတွေရှိနေပါတယ်။ တိုတိုပြောရရင် တော့ ဒီအကြောင်းရင်းသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံရေးယဉ်ကျေးမှု (political culture) အနုအရင့်ပဲဖြစ်ပါတော့တယ်။ (ဆက်ရန်)
မောင်ကျော်
၂၃၅၁၇၁၁၄၈
No comments:
Post a Comment
Note: Only a member of this blog may post a comment.