Wednesday, May 31, 2023

၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်ဖြစ်လာနိုင်သည့် တီမောလက်စ်တေနိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေနှင့် သမိုင်းကြောင်းဆိုင်ရာများ

 



နိဒါန်း
၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် တီမောလက်စ်တေနိုင်ငံ ရွေးကောက်ပွဲအခြေအနေများ၊ အနိုင်ရရှိခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအို (Xanana Gusmao)၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ တီမောလက်စ်တေနိုင်ငံ၏ သမိုင်းကြောင်း များနှင့် ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တီမောလက်စ်တေနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ် ခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအို(Xanana Gusmao) ဦးဆောင်သည့် National Congress of the Reconstruction of Timor-Leste (CNRT) ပါတီက အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ်များကို အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး CNRT ပါတီသည် မဲအရေအတွက် ၄၁ ရာခိုင်နှုန်းဖြင့် အမျိုးသားလွှတ်တော်၌ ကိုယ်စားလှယ်နေရာ ၆၅ နေရာတွင် ၃၁ နေရာအနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိရန် ၃၃ နေရာ လိုအပ်သော်လည်း ရလဒ်များအရ ရှာနာနာဂတ်မာအို အနေဖြင့် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားပါသည်။
အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှာနာနာဂတ်မာအိုသည် တီမောလက်စ်တေ နိုင်ငံကို အင်ဒိုနီးရှားနိုင်ငံ၏အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆက်လက်ထမ်းဆောင်ခဲ့သည်။ CNRT ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဂျိုးစ်ရာမို့စ်ဟော်တာ(Jose Ramos-Horta) ပါဝင်လာခြင်းသည်လည်း CNRT ပါတီအတွက် အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ ရွေးကောက်ပွဲ၌ စုစုပေါင်း ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ လက်ရှိအာဏာရပါတီဖြစ်သည့် Fretilin ပါတီသည် မဲ ၂၅ ရာခိုင်နှုန်းဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၉ နေရာသာ ရရှိခဲ့ပြီး Democratic Party သည် ၆ နေရာ၊ စိုက်ပျိုးရေးကဏ္ဍကို အခြေခံသည့် Khunto Party သည် ၅ နေရာနှင့် People’s Liberation Party က ၄ နေရာ အသီသီးအနိုင်ရရှိခဲ့ကြပါသည်။
ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအိုကမူ ၎င်းပါတီအနိုင်ရရှိမှုအပေါ် ဝမ်းသာ ဂုဏ်ယူနေပြီး ၎င်းတို့အနေဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းဆောင်ရွက် သွားမည်ဟုဆိုသည်။ လွန်ခဲ့သည့် ၆ နှစ်ခန့်ကတည်းက အကောင်အထည်ဖော်ဆောင်လျက် ရှိသည့် မဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။ ထို့ပြင် ၎င်းသည် Greater Sunrise ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေထရီလီယံနှင့်ချီ၍ တူးဖော်နိုင်ရန်ရည်ရွယ်ထားသည်ဟုဆိုသည်။ ၎င်းဓာတ်ငွေ့ များသည် ပြည်တွင်းသို့ ပြန်လည်ရောင်းချရာတွင် အခွန် ၇၀ ရာခိုင်နှုန်းရရှိနိုင်ပြီး ဩစတြေးလျနိုင်ငံသို့ သွယ်တန်းရောင်းချမည်ဆိုပါက အခွန်၏ ၈၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် ရှာနာနာဂတ်မာအိုသည် နိုင်ငံကိုယ်စားပြုအလံ၊ သမ္မတ၊ အစိုးရနှင့် လွှတ်တော်ရှိနေခြင်းဖြင့် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဟု မခေါ်ဆိုနိုင်သေးဘဲ စီးပွားရေးမှတစ်ဆင့် လွတ်လပ်မှုကို ပြည်သူလူထုမှ အကျိုးခံစား စေရမည်ဟု ဆိုပါသည်။
တီမောလက်စ်တေနိုင်ငံ၏ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည် အစိုးရ၏ အကြီးအကဲ ဖြစ်ပြီး သမ္မတထက် ဥပဒေပြုရေးအာဏာပိုမိုရရှိပါသည်။ အာဏာရပါတီ Fretilin နှင့် အတိုက်အခံပါတီ CNRT တို့သည် ၂၀၁၈ ခုနှစ်ကတည်းက ပြည်တွင်း နိုင်ငံရေး ပြဿနာရပ်များနှင့် ပတ်သက်၍ အချင်းချင်းပြစ်တင်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကြီးမားသည့် ဘဏ္ဍာရေးပြဿနာရပ်များကြောင့် ဝန်ကြီးချုပ် တာအာမာတန်ရှုခ် (Taur Matan Ruak) နုတ်ထွက်ခဲ့ရပါသည်။
တီမောလက်စ်တေနိုင်ငံသည် ပေါ်တူဂီတို့၏ ကိုလိုနီပြုခံခဲ့ရပြီး အင်ဒိုနီးရှား နိုင်ငံ၏ သိမ်းပိုက်ခြင်းကိုလည်း ၂၅ နှစ်ခန့်ခံခဲ့ရပါသည်။ ထို့နောက် ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂကပြုလုပ်သည့် လူထုဆန္ဒခံယူပွဲ(United Nations-sponsored referendum) အရ အင်ဒိုနီးရှားနိုင်ငံက တီမောနယ်မြေအား လက်လွှတ်ပေးပြီး အင်ဒိုနီးရှားစစ်တပ်သည် တီမောကျွန်းအရှေ့ပိုင်းဒေသအား အလုံးစုံပျက်သုဉ်းရေးမူဝါဒဖြင့် ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ တီမောလက်စ်တေနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည်လည်း ခက်ခဲပင်ပန်းခဲ့ပြီး အစိုးရများအနေဖြင့် ဆင်းရဲမွဲတေမှုများ၊ အလုပ်လက်မဲ့များနှင့် အကျင့်ပျက်ခြစားမှု များကို ရင်ဆိုင်ဖြေရှင်းခဲ့ကြကြောင်း၊ နိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ခိုက်မှုများနှင့် နိုင်ငံရေးဂိုဏ်းကွဲမှုများသည် အကြမ်းဖက်မှုများ ပေါ်ပေါက်လာစေခဲ့ပါသည်။နိုင်ငံ၏ အဓိကစီးပွားရေးမှာ လျော့နည်းလျက်ရှိသည့် ရေနံအခွန်တစ်ခုတည်းသာဖြစ်ခဲ့သည်။လက်ရှိတွင် အာဆီယံအဖွဲ့သည် တီမောလက်စ်တေနိုင်ငံကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရန် စဉ်းစားသုံးသပ်လျက်ရှိပြီး လေ့လာစောင့်ကြည့်သည့်နိုင်ငံအဖြစ် သတ်မှတ် ခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချီးကျူးပြောဆိုခဲ့သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာနိုင်သည့် တီမောလက်စ်တေနိုင်ငံသမိုင်းကြောင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခက်အခဲတစ်ချို့ကို ဖော်ပြပြီး ရွေးကောက်ပွဲရလဒ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီခေါင်းဆောင်၏ မူဝါဒအချို့နှင့် လက်ရှိနိုင်ငံရေးအခြေအနေအား ရေးသားထားထားပါသည်။ တီမောလက်စ်တေနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၏ အုပ်ချုပ်မှုအောက်မှ ကုလသမဂ္ဂ၏ လူထုဆန္ဒခံယူပွဲမှတစ်ဆင့် လွတ်လပ်ရေး ရရှိခဲ့သော်လည်း လွတ်လပ်ရေးတိုက်ပွဲအတွင်း အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်မှုကို အကြမ်းဖက် နှိမ်နင်းခံခဲ့ရမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အဓိကစီးပွားရေး လုပ်ငန်းများမရှိမှု၊ နိုင်ငံအတွင်း ပါတီကြီးနှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းများ မကြာခဏဖြစ်ပေါ်ခဲ့မှုနှင့် ပြည်ပမှဝင်ရောက်စွက်ဖက်ခြင်းများရှိခဲ့မှုတို့ကြောင့် နိုင်ငံရေး၊စီးပွားရေးအရ တည်ငြိမ်မှုအားနည်းနေဆဲဖြစ်ပါသည်။
တီမောလက်စ်တေနိုင်ငံသည် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ကြိုးပမ်း နေသော်လည်း အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ခဲ့သည့်နိုင်ငံဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးသည့် စီးပွားရေး အခြေအနေကြောင့် အာဆီယံနိုင်ငံအချို့မှ ထောက်ခံရန်လက်တွန့်ခဲ့ခြင်း၊ အာဆီယံအဖွဲ့ အတွင်းဝင်ရောက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူထောက်ခံရန် လိုအပ်ခြင်း တို့ကြောင့် အဖွဲ့ဝင်ဖြစ်ရေး ကြန့်ကြာနေသည်ဟု သုံးသပ်ရပါသည်။ သို့ရာတွင် အနှေးနှင့်အမြန် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် မကြာမီပါဝင်လာနိုင်ဖွယ်ရှိနေပါသည်။ တီမောလက်စ်တေ နိုင်ငံသည် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုဝင်နိုင်ငံများ၏ ကူညီထောက်ပံ့မှု များကို လက်ခံနေရသောကြောင့် ၎င်းတို့၏ နိုင်ငံရေးအမြင် လွှမ်းမိုးမှုခံနေရသည့် အနေအထားတွင်ရှိနေပါသည်။ ယခုရွေးကောက်ပွဲအနိုင်ရသောပါတီတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဂျိုးစ်ရာမို့စ်ဟော်တာ ပါဝင်နေပြီး လက်ရှိမြန်မာ့အရေးနှင့်ပတ်သက်၍ ပြစ်တင်မှုအချို့ ထုတ်ဖော်ပြောကြားထားခဲ့ခြင်းတို့ကြောင့် ၎င်းနိုင်ငံ၏ နိုင်ငံရေးဘက်ရပ်တည်မှုကို မှန်းဆနိုင်ပါသည်။ အနိုင်ရအတိုက်အခံပါတီမှ ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအိုပြောကြားသည့် “နိုင်ငံကိုယ်စားပြုအလံ၊ သမ္မတ၊ အစိုးရနှင့် လွှတ်တော်ရှိနေရုံမျှဖြင့် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဟု မခေါ်ဆိုနိုင်” ဟူသည့် စကားရပ်ကတော့ မှတ်သားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
31060123

Tuesday, May 30, 2023

ရှေ့ဆောင်ပါတီမှဦးဆောင်သည့် အစိုးရဖြစ်လာမည်ဆိုပါက မြန်မာနိုင်ငံဆိုင်ရာမူဝါဒ ပြောင်းလဲလာနိုင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အနောက်အုပ်စုယိမ်းသည့် ရှေ့ဆောင်ပါတီ(Move Forward Party–MFP)မှ အနိုင်ရရှိခဲ့ပါသည်။ အကယ်၍ ရှေ့ဆောင်ပါတီကသာ အစိုးရဖွဲ့စည်း နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏မြန်မာနိုင်ငံဆိုင်ရာမူဝါဒများ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာနိုင်သော်လည်း ကန့်သတ်ချက်များလည်းရှိနေသေးသည်ကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်များ
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ၌ ရှေ့ဆောင်ပါတီ(MFP)မှအနိုင်ရရှိခဲ့သော်လည်း ထိုင်းစစ်တပ်မှ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရန်မှာ မသေချာသေးပါ။ သို့သော်လည်း Adam Simpson နှင့် Nicholas Farrely က အကယ်၍ ထိုင်းစစ်တပ်ခေါင်းဆောင်များကသာ MFP ပါတီအား အစိုးဖွဲ့ခွင့်ပေးလိုက်ပါက ဒေသတွင်းကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းနှင့် မဟာဗျူဟာဆိုင်ရာအကျပ်အတည်းများ ဖြေရှင်းရာတွင် အထောက်အကူပြုမည်ဖြစ်မည်ဟုဆိုပါသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွား ခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဝန်ကြီးချုပ် Prayut ဦးဆောင်သည့် ထိုင်းနိုင်ငံ အစိုးရသည် လက်ရှိမြန်မာစစ်အစိုးရအပေါ် ထောက်ခံ အားပေးသည့်ရပ်တည်ချက်များကို ပြသခဲ့သည့်အပြင် ဝေဖန်ရှုတ်ချမှုများလည်း မပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် မကြာသေးမီကလည်း Track 1.5 ဟု လူသိများသည့် ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းအိမ်နီးချင်းနိုင်ငံများ၏ အစိုးရအရာရှိကြီးများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြား ခဲ့ပါသည်။ သို့သော်လည်း အဆိုပါဆွေးနွေးပွဲသို့ NUG အဖွဲ့အစည်းကိုမူ ဖိတ်ကြားမှု မရှိခဲ့ပါ။ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut လက်ထက်၌ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံ အပေါ်ထောက်ခံမှုပြနေသည့် ရပ်တည်ချက်မျိုးသည် အဓိကအားဖြင့် အချက် ၂ ချက် အပေါ်တွင် မူတည်နေပါသည်။ ပထမတစ်ချက်မှာ ထိုင်းစစ်တပ်နှင့် မြန်မာတပ်မတော် တို့ကြား ပုဂ္ဂိုလ်ရေးအရသာမက အဖွဲ့အစည်းအရပါ ခိုင်မာသောဆက်ဆံရေးတစ်ရပ် တည်ဆောက်ထားနိုင်မှုကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ “ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ”ကို စွဲကိုင်ထားသောကြောင့် ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲမစတင်မီ MFP ပါတီ၏ခေါင်းဆောင်ဖြစ်သော Pita က ၎င်းတို့ပါတီသာအနိုင်ရရှိပါက ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို ပြုပြင်ပြောင်းလဲသွားမည်ဟု ကတိကဝတ်ပြုခဲ့ပြီး ထိုကဲ့သို့ ကတိကဝတ်ပြုမှုသည် ၎င်းပါတီ၏ အဓိကမူဝါဒတစ်ရပ်ဖြစ်သော ထိုင်းနိုင်ငံခြားရေးမူဝါဒ၌ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဟုဆိုသော ကတိကဝတ်ကိုလည်း အလေးထားရာရောက်သည်ဟုဆိုပါသည်။ ရွေးကောက်ပွဲပြီး ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ၌လည်း Pita က မြန်မာနိုင်ငံ၏ အာဆီယံတူညီဆန္ဒ ၅ ရပ် အပေါ် လိုက်နာမှုရှိရေးကို ဖိအားပေးရာ၌ ထိုင်းနိုင်ငံသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထားပါသည်။
Pita က ၎င်းသာ ဝန်ကြီးချုပ်ဖြစ်လာပါက ၎င်း၏ အဓိကရည်မှန်းချက် တစ်ခုဖြစ်သည့် မြန်မာ-ထိုင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လမ်းကြောင်းအား ဖန်တီးသွားမည်ဟု ပြောကြားထားသည့်အပြင် အမေရိကန်နိုင်ငံ၏ “Burma Act” ဥပဒေ(လက်ရှိမြန်မာစစ်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများကို စစ်လက်နက်မဟုတ်သည့် အခြားသော အကူအညီများ -“Non-lethal Aid” ပေးအပ်မှု) အကောင်အထည်ဖော်ဆောင်မှုကိုလည်း အကူအညီ ပေးသွားမည်ဟုပြောကြားထားပါသည်။ ထို့ပြင် Pita က နိုင်ငံတကာအသိုင်းအဝိုင်း များနှင့် ပူးပေါင်း၍ SAC အစိုးရအပေါ် ဖိအားပေးမှုများ ပြုလုပ်သွားမည်ဟု ကတိကဝတ် ပြုထားသည့်အပြင် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ၌ အားလုံးပါဝင်သည့် (ဥပမာ NUG နှင့် EAOs အဖွဲ့အစည်း) မူဝါဒတစ်ရပ်ကို ဖော်ဆောင် သွားမည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
အကယ်၍ MFP ပါတီ၏ ခေါင်းဆောင် Pita သာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာပါက ထိုင်းအစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ပိုမိုတက်ကြွစွာဆောင်ရွက်လာနိုင်ပြီး မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဖိအားပေးနေသည့် အာဆီယံ အဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့အတွက်လည်း ပိုမိုအထောက်အကူပြုမည် ဖြစ်ပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံအစိုးရ၏ ထိုကဲ့သို့ချဉ်းကပ်ပုံအပေါ် အာဆီယံ၏ “ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ”ကို စွဲကိုင်ထားသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ မလွဲမသွေဆန့်ကျင်မည်ဖြစ်ပါသည်။ သုတေသီ Sebastian Stranqio ၏ အဆိုအရ မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံအစိုးရ၏ မည်သည့်ဆောင်ရွက်မှု မျိုးမဆို မြန်မာနိုင်ငံအရေးအပေါ် သက်ရောက်မှုရှိသည့်အပြင် လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းများအပေါ်တွင်ပါ အထောက်အကူပြုနိုင်သည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း Sebastian Stranqio က ထိုင်းတစ်နိုင်ငံတည်း၏ ရပ်တည်ချက် ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံအရေးကိစ္စအပေါ် အတိုင်းအတာတစ်ခုအထိသာ သက်ရောက်မှုရှိသောကြောင့် ပိုမိုအားကောင်းသည့် သက်ရောက်မှုများရှိစေရန်မှာ အိန္ဒိယ၊ တရုတ်နိုင်ငံတို့၏ မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်းသော ရပ်တည်ချက်များကိုပါ ပြောင်းလဲ ပေးရန်လိုအပ်သည်ဟု ဆိုသည်။ အကယ်၍ MFP ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ပါကလည်း MFP ပါတီ၏အစီအစဉ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းရှိရှေးရိုးစွဲပါတီနှင့် Elites များမှ ဆန့်ကျင်ကန့်ကွက်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စံနှုန်းများကို အခြေခံသည့် ချဉ်းကပ်မှုပုံစံမျိုးထက် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းမည့် လက်တွေ့ကျပြီး တစ်ဆင့်ချင်းပြောင်းလဲမှုပြုလုပ်နိုင်မည့်ချဉ်းကပ်မှုပုံစံမျိုးကို ပိုမိုနှစ်သက်သောကြောင့်ဖြစ်ပါသည်။ ပြည်တွင်းနိုင်ငံရေးကို ပိုမိုအလေးထားသည့် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်ကို ပြောင်းလဲရာ၌ ကန့်သတ်ချက် များစွာရှိသော်လည်း ထိုင်းအစိုးရသစ်ကသာ မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ ရပ်တည်ချက်များပြောင်းလဲလာပါက မြန်မာနိုင်ငံအရေးကိစ္စကို ဆောင်ရွက် နေသည့် အာဆီယံအတွက်သာမက ပြည်တွင်းပြောင်းရွှေ့နေထိုင်သူများကိုပါ ပိုမို အထောက်အကူပြုမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ၌ MFP ပါတီမှ အနိုင်ရရှိခဲ့ပြီး အကယ်၍ ၎င်းပါတီကသာ အစိုးရသစ်ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံအရေးကိစ္စအပေါ် အနောက်အုပ်စုအလိုကျ ဖိအားပေးမည့် နိုင်ငံခြားရေးမူဝါဒများကို ဖော်ဆောင်လာနိုင် သော်လည်း ပြည်တွင်းရှိ ရှေးရိုးစွဲပါတီနှင့် Elites များသာမက အာဆီယံအဖွဲ့ဝင် အချို့ကပါ ဆန့်ကျင်မှုများပြုလုပ်နိုင်သောကြောင့် ကန့်သတ်မှုများလည်း ရှိနေကြောင်းကို ထောက်ပြထားခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် ရွေးချယ်ရာတွင် ရွေးကောက်ခံမဟုတ်သော ထိုင်းဘုရင်နှင့် စစ်ဘက်မှ ရွေးချယ်ခန့်အပ် ထားသည့် အထက်လွှတ်တော်အမတ်များလည်း ပါဝင်မဲပေးရမည်ဖြစ်ပြီး အထက် လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်း အမတ်အရေအတွက် ၇၅၀ ဦး၏ တစ်ဝက်ကျော် ထောက်ခံမှုရရှိမှသာ ဝန်ကြီးချုပ်ခန့်အပ်နိုင်မည် ဖြစ်သောကြောင့် MFP ပါတီ၏ ခေါင်းဆောင် Pita ၏ ဝန်ကြီးချုပ် ဖြစ်လာနိုင်မှုရှိ/မရှိကို ဆက်လက် လေ့လာစောင့်ကြည့်သွားရန် လိုအပ်နေပါသေးသည်။ လက်ရှိအချိန်တွင်လည်း ရွေးကောက်ပွဲတွင် ဒုတိယအများဆုံးအနိုင်ရထားသည့် Pheu Thai Party က Move Forward ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့မှ ထွက်မည်ဟူသည့် သတင်းစကားများလည်း ပျံ့နှံ့လျက်ရှိပါသည်။ ထို့ပြင် ထိုင်းနိုင်ငံပြည်တွင်းနိုင်ငံရေး၌ ထိုင်းတော်ဝင်တပ်မတော်၏ လွှမ်းမိုးမှုများစွာရှိနေသေးပြီး၊ မြန်မာနိုင်ငံအပေါ်ထားရှိသည့်မူဝါဒသည်လည်း ထိုင်းတပ်မတော်အပေါ်များစွာ မှီတည်နေသောကြောင့် ထိုင်းနိုင်ငံတွင်ပေါ်ထွက်လာမည့် အစိုးရသစ်နှင့် သဘောထားများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
30053123



Monday, May 29, 2023

ဥရောပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံအား လွန်ဆန်ရန် ဘာကြောင့်ခက်ခဲနေကြသလဲ (Europe can’t decide how to unplug from China)

 



နိဒါန်း
ဥရောပနိုင်ငံများအနေဖြင့် တရုတ်အားမည်သို့ ကိုင်တွယ်နိုင်ရန် စဉ်စားသုံးသပ်နေကြပါသည်။ ဆယ်စုနှစ်များစွာ တရုတ်နှင့် ကုန်သွယ်ခဲ့ကြပြီးနောက် ခွာပြဲသွားလျှင် ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုလည်း အသေအချာတွေးဆနေကြပါသည်။ ၎င်းတို့၏ အနီးကပ်ဆုံးမိတ်ဘက် အမေရိကန်နိုင်ငံသည်ပင် တရုတ်အား ထိပ်တိုက်တွေ့ရမည်လား၊ ပြေငြိမ်းရမည်လားဆိုသည်ကို မဝေခွဲနိုင်သေးပါ။ ဥရောပနိုင်ငံများအနေဖြင့်လည်း တရုတ်နှင့်ပတ်သက်၍ တူညီသောသဘောထားတစ်ခု ရရှိရန် ခက်ခဲလျက်ရှိပါသည်။ သိပ်မကြာသေးသည့် လများအတွင်းကပင် ဂျာမဏီဝန်ကြီး ချုပ် Olaf Scholz က၊ နိုင်ငံခြားရေဝန်ကြီးအပါအဝင် ထိပ်သီးလုပ်ငန်းရှင်များပါဝင်သည့်အဖွဲ့ဖြင့် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည်။ စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း ကုန်သွယ်ရေးမြှင့်တင်ရန် တရုတ်သို့သွားခဲ့သည်။ ပြင်သစ် သမ္မတ Emmanuel Macron ကလည်း တရုတ်နှင့် မိတ်ဖက်ဆောင်ရွက်ရန် ကြိုးစားနေကြသည်။ ပြင်သစ်သမ္မတနှင့်အတူ စီးပွားရေးလုပ်ငန်းရှင် ၅၃ ဦးပါသွားပြီး ဥရောပအနေဖြင့် တရုတ်-အမေရိကန်တင်းမာမှုနှင့် ထိုင်ဝမ်ပဋိပက္ခတွင် မပါဝင်ကြောင်း ပြောဆိုခဲ့သဖြင့် ဥရောပနှင့် အမေရိကတွင် ပွက်လောရိုက်သွားခဲ့ရသည်။
ရုရှား-ယူကရိန်းစစ်ပွဲက ဗဟိုချုပ်ကိုင်မှုစနစ်နှင့် ဒီမိုကရေစီအကြား အားပြိုင်မှုကဲ့သို့ဖြစ်သွားပြီး အခြေအနေများကို ပိုမိုရှုပ်ထွေးသွားစေခဲ့ပါသည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကိုလမ်းဖွင့်ထားသည့် ဥရောပအရှေ့ဘက်ခြမ်းနိုင်ငံအများစုက သဘောထားတင်းမာသည့်အခြေအနေသို့ရောက်သွားကြသည်။ ၎င်းတို့အနေဖြင့် ရုရှားနှင့် တရုတ်အကြားက အကန့်အသတ်မရှိသော မိတ်ဘက်ဆက်ဆံရေးကိုလည်း စိုးရိမ်ကြချိန်တွင် တရုတ်အနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား ကွာဟချက်များကို အမြတ်ထုတ်လိုနေသည်ကိုလည်း သိကြပါသည်။
အမေရိကန်ကိုယ်၌က ၎င်း၏သဘောထားမည်သို့ရှိသည်ကို မသိနိုင်ခြင်းကြောင့် ဘုံသဘောတူညီချက်မျိုးရရှိရန် ခက်ခဲပါသည်။ အမေရိကန်အစိုးရခေါင်းဆောင်များနှင့် အမျိုးသားလုံခြုံရေးအကြံပေးများအကြားတွင် EU ကော်မရှင် Ursula Leyen ကဲ့သို့ စွန့်စားမှုလျော့ချရေး “de-risking” သဘောထားရှိသူများလည်း ရှိနေပြီး ရှင်းလင်းသည့်အယူအဆမရှိသေးပါ။ သို့သော်လည်း တရုတ်စပိုင်လေပူပေါင်းဖြစ်စဉ်နောက်ပိုင်းတွင် တရုတ်နှင့် အမေရိကန်ဆက်ဆံရေး သိသိသာသာပျက်ယွင်းခဲ့ပြီး ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပြည့်သူ့သဘောထားကလည်း တရုတ်အပေါ် တင်းမာနေပါသည်။ ဒီလိုတင်းမာမှုက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ရေးတွင် ပိုမိုပြင်းထန်လာဖွယ်ရှိပြီး ရီပါဘလစ်ကန် (ဒေါ်နယ်ထရမ့်) ဘက်မှ အနိုင်ရကောင်းရသွားနိုင်ပါသည်။
စိန်ခေါ်မှုနှင့် သဘောထားများ
ဒီလိုအခြေအနေများအားလုံးက ဥရောပအတွက် တူညီသည့်သဘောထားတစ်ခု အမြန်ချမှတ်နိုင်ရန် အရေးကြီးလာပါသည်။ ဥရောပခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံအပေါ်မှီခိုမှုလျော့ချဖို့ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အမေရိကန်နိုင်ငံ၏ gree-industry ကို ဒေါ်လာဘီလီယံရာနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားမှုကိုလည်း တုံ့ပြန်ရန်လိုအပ်နေပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ရုရှားကဲ့သို့ ပိတ်ဆို့အရေးယူရန်၊ စစ်ရေးအရကူညီပေးရန် တောင်းဆိုလာပါက မည်သို့တုံ့ပြန်ရမည်ကို ဆုံးဖြတ်ထားရန်လည်း လိုအပ်နေပါသည်။ တရုတ်နှင့် ဆက်ဆံရေးတွင် စွန့်စားမှုလျော့ချရေး “De-risking” မဟာဗျူဟာက အမေရိကန်နိုင်ငံနှင့် သဘောထားညှိယူနိုင်မည်ဟု တစ်ချို့မျှော်လင့်နေကြသော်လည်း နည်းပညာနှင့် ပထဝီနိုင်ငံရေးလက်တွေ့ အချိန်းအပြောင်းကာလတွင် ၎င်းတို့ဘက်က အားနည်းနေကြောင်း သက်သေပြသကဲ့သို့ဖြစ်မည်ကိုလည်း စိုးရိမ်နေကြပါသည်။
ဥရောပသည် အမေရိကန်ထက် စီးပွားရေးအရ တရုတ်နှင့်ပိုမိုဆက်နွယ်နေပါသည်။ ဥရောပ၏ လူသိရှင်ကြားမှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ ရရှိသောအခွန်ငွေ ၈ ရာခိုင်နှုန်းကို တရုတ်မှ ရရှိနေပြီး အမေရိကန်က ၄ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်တွင်ရှိသော ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုများမှာလည်း GDP ၏ ၂ ရာခိုင်နှုန်းရှိပြီး အမေရိကန်က ၁ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်သို့ ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်နှင့် ဥရောပ ၇ မှ ၉ ရာခိုင်နှုန်းကြားရှိပြီး သိပ်မကွာလှသော်လည်း ဥရောပအနေဖြင့် ကုန်သွယ်ရေးအပေါ်မှီခိုသည့်စီးပွားရေးကြောင့် ပိုမို၍ ထိလွယ်ရှလွယ်ဖြစ်ပါသည်။
ယခု အမေရိကန်နှင့် တရုတ်အကြား ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက် (global supply chain) ခွာပြဲနေကြခြင်းက ဥရောပ၏ အသုံးစရိတ်ကို ၂ ရာခိုင်နှုန်းကျော်ကျော်ကျဆင်းစေလိမ့်မည်ဟု အီးယူဗဟိုဘဏ်ကဆိုသည်။ ထိုပမာဏက အမေရိကန်ထက် ၂ ဆပိုများပါသည်။ IMF ၏ လေ့လာချက်များအရလည်း အနောက်အုပ်စုနှင့်တရုတ် ရင်းနှင်းမြှုပ်နှံမှုခွာပြဲကြခြင်းကြောင့် ဥရောပ GDP ၂ ရာခိုင်နှုန်းကျဆင်းစေလိမ့်မည်ဟုဆိုသည်။ ထိုဂဏန်းကလည်း အမေရိကန်ထက် ၂ ဆမကပိုများပါသည်။ ထိုအကွဲအပြဲများက ဂျာမဏီ ကားထုတ်လုပ်ရေးကုမ္ပဏီများ၊ ပြင်သစ်၏ ဇိမ်ခံပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ဗြိတိန်၏ ဘဏ်ကြီး နှစ်ခု အပါအဝင် တရုတ်အပေါ်မှီခိုနေရသည့် ဥရောပကုမ္ပဏီများ ဒုက္ခရောက်နိုင်ပါသည်။
ယခုပြောနေကြသည် စွန့်စားမှုလျော့ချခြင်း (de-risking) ဆိုသည်မှာ တရုတ်နှင့် လုံးဝခွာပြဲကြခြင်းအစား မှီခိုဆက်နွယ်မှု လျော့ကြရန် ရည်ရွယ်ပါသည်။ ထိုသို့ တရုတ်နှင့် De-risking လုပ်သည်ကပင် ဥရောပအတွက် ကြီးမားသည့် စွန့်စားမှုဖြစ်ပါသည်။ ဥရောပစီးပွားရေးလုပ်ငန်းများက ကမ္ဘာ့နိုင်ငံရေးခွာပြဲနေကြမှုကို စိတ်မဝင်စားလှဘဲ တရုတ်နှင့် အလုပ်ဆက်လုပ်နေကြဆဲဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နှင့် EU အကြား ကုန်သွယ်မှု ၄၂၈ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်ကို တွေ့ရပါသည်။
လွန်ခဲ့သည့် ၄ နှစ်လောက်က EU ၏မဟာဗျူဟာစာစောင်တွင် တရုတ်အား စီးပွားရေးမိတ်ဖက်အဖြစ်သာမကဘဲ သတိထားရမည်ဖြစ်ပြီး စနစ်ကျသည့် ပြိုင်ဘက်အဖြစ် စတင်ရှုမြင်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်အားသတိထား ဆက်ဆံလာခဲ့ကြသည်။ အမေရိကန်၏ သဘောထားအရလည်း ဥရောပ၏ 5G ကွန်ရက်မှ တရုတ်၏ ဟွာဝေးကုမ္ပဏီများကို ဖယ်ထုတ်ခဲ့သည်။ (ဂျာမဏီတွင်တော့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ချို့ရှိနေဆဲဖြစ်သည်)။ တရုတ်ရှိ Uyghurs (ဝီးဂါတ်ဇ်) လူမျိုးများနှင့်ပတ်သက်သည့် ဝေဖန်ချက်များ အသံပိုကျယ်လာသည်။ ကိုဗစ် ကပ်ရောဂါအတွင်း ကမ္ဘာ့ကုန်သွယ်ရေးကမောက်ကမဖြစ်ခဲ့ခြင်းက ဥရောပအနေဖြင့် တရုတ်စက်ရုံများအပေါ်မှီခိုနေရမှုကို ပိုမိုထင်ရှားစေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် တွင်တရုတ်နှင့်လက်မှတ်ရေးထိုးထားသည့် “Comprehensive Agreement on Investment” ကို ဥရောပဘက်မှ လိုလိုလားလားမရှိတော့ပါ။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် တရုတ်နိုင်ငံ၏ ရုရှားနှင့် “No-limits” ဆက်ဆံရေးက ကြေညာမှုက အခြေအနေကို ပိုဆိုးသွားစေခဲ့ပါသည်။
စွန့်စားမှုလျော့ချရေးမဟာဗျူဟာ
“De-risking” အတွက် လက်တွေ့ဆောင်ရွက်နိုင်သည်များမှာ တရုတ်ကိုမှီခိုနေသည့် စီးပွားရေးလုပ်ငန်းများကို အခြားနေရာများသို့ဖြန့်ခွဲရန်၊ မိမိ၏ စီးပွားရေးလုံခြုံမှုကိုမြှင့်တင်ရန်နှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်အတွင်းမှ တရုတ်ကုမ္ပဏီများကို တင်းကြပ်စွာစောင့်ကြည့်ရန်ဖြစ်ပါသည်။ ထို့ပြင် တရုတ်အနေဖြင့် စစ်ရေးဆိုင်ရာရည်ရွယ်ချက်အတွက် အသုံးချနိုင်သည့် quantum computing ၊ နည်းပညာမြင့် Chip များထုတ်လုပ်သည့် နည်းပညာများ ရရှိမသွားနိုင်အောင်လည်း ဟန့်တားရမည်ဖြစ်ပါသည်။
သို့သော်လည်း ဥရောပသည် အခြားအရေးကြီးပစ္စည်းများအတွက် တရုတ်အပေါ်မှီခိုနေရမှုတွင်လည်း အမေရိကန်ထက်ပိုပြီး မဟာဗျူဟာမြောက် အားနည်းချက်ရှိနေပါသည်။ ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှားသတ္တု ၅ ပုံ ၃ ပုံကို တရုတ်မှ တူးဖော်ခဲ့ပါသည်။ လျှပ်စစ်ကား စွမ်းအားမြင့် ဘက်ထရီများတွင်လိုအပ်သည့် အဓိကပစ္စည်းနှစ်ခုဖြစ်သော Lithium ၆၀ ရာခိုင်နှုန်း၊ cobalt ၈၀ ရာခိုင်နှုန်းကိုလည်း တရုတ်ကပင် သန့်စင်ခဲ့ပါသည်။ ဥရောပအနေဖြင့် မြေရှားသတ္ထု ၉၈ ရာခိုင်နှုန်းကို တရုတ်မှတင်သွင်းနေရပြီး အမေရိကန်က မြေရှားသတ္တု ၈၀ ရာခိုင်နှုန်းကို အာရှမှတင်သွင်းနေပါသည်။ ထို့ပြင် EU အနေဖြင့် ပဋိဇီဝကာကွယ်ဆေးထုတ်လုပ်ရာတွင်လိုအပ်သည့် chloramphenicol ၉၇ ရာခိုင်နှုန်းကို တရုတ်အပေါ်မှီခိုနေရပြီး အမေရိကန်က ၉၃ ရာခိုင်နှုန်း မှီခိုနေရပါသည်။
ထိုမှီခိုနေရမှုများကို လျော့ချနိုင်ရန်အတွက် ဥရောပနိုင်ငံများဆောင်ရွက်ခဲ့သည်များလည်းရှိပါသည်။ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်ကို ရိုက်ခတ်ခဲ့ကတည်းက ၎င်းတို့နှင့် ချိတ်ဆက်ရမည့် ထုတ်ကုန်များကို မိတ်ဘက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ဖြန့်ခွဲခဲ့ကြပါသည်။ EU အနေဖြင့်လည်း ၎င်းတို့တင်သွင်းသည် မြေရှားသတ္တုများကို မည်သည့်နိုင်ငံမှတင်သွင်းသည်ဖြစ်စေ ၆၅ ရာခိုင်နှုန်းထက်ပို၍ မှီခိုမှုမပြုလုပ်ရန် Critical Raw Matierials Act ကိုပြဋ္ဌာန်းခဲ့ပါသည်။ ဒတ်ချ်ကုမ္ပဏီများကလည်း အမေရိကန်၏သွင်းကုန်ထိန်းချုပ်မှုကို လိုက်နာ၍ တရုတ်အား နောက်ဆုံးပေါ် ချစ်ပ်ပြားထုတ်လုပ်သည့် နည်းပညာများကို ကန့်သတ်ခဲ့ပါသည်။ တရုတ်ရှိ ဥရောပကုမ္ပဏီများသည်လည်း ထောက်ပံ့ငွေကြေးများထည့်သွင်းရာတွင် တရုတ်ပြည်တွင်းမှရရှိနေသည့် အကျိုးအမြတ်ဖြင့်ပင် ထည့်သွင်းသည့် အစီအစဉ်ပြုလုပ်ခဲ့ကြပါသည်။ (ဥရောပနိုင်ငံများမှ ငွေကြေးနှင့် အရင်းမထွက်သွားရန်ဖြစ်ပါသည်။)
အားနည်းချက်များ
သို့ပေမယ့် ထိုအစီအစဉ်က ဥရောပရှိမိခင်ကုမ္ပဏီကြီးများနှင့် တရုတ်ရှိကုမ္ပဏီခွဲများ၏ ဓနပိုင်ဆိုင်မှု ကွဲပြားခြင်းများဖြစ်ပေါ်လာပါသည်။ ဥပမာ ဥရောပရှိ VW ကုမ္ပဏီနှင့် တရုတ်ရှိ VW ကုမ္ပဏီကို ပိုင်ဆိုင်သည့် ရှယ်ယာအစုရှင်များအကြား ကြီးမားသည့်ဓနပိုင်ဆိုင်မှုခွဲဝေခြင်း၊ မတူညီခြင်းများဖြစ်ပေါ်လာပါသည်။ ထိုရှယ်ရာရှင်အများစုသည်လည်း ဥရောပသားများ မဟုတ်ကြပါ။ ထို့ကြောင့် လက်တွေ့တွင် ကုမ္ပဏီများက “one company, two systems” ပုံစံဖြစ်လာပြီး ကြီးမားသည့် ဆုံးရှုံးပျက်စီးမှုများ ဖြစ်လာနိုင်ပါသည်။ “De-risking” တွင်နောက်ဆုံးအချက်ဖြစ်သည့် ဥရောပသို့ဝင်လာသည့် တရုတ်ကုမ္ပဏီများကို တင်းကြပ်ခြင်း စောင့်ကြည့်ခြင်းများဆောင်ရွက်ခြင်းကြောင့် တရုတ်၏ရင်းနှီးမြှုပ်နှံ့မှုများမှာ ၂၀၁၃ မှစတွက်လျင် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိသွားပါသည်။
အလယ်အလတ်လမ်းစဉ်ဖြစ်သည့် “De-risking” တွင်လည်း ယိုပေါက်များရှိနေပါသည်။ ဥရောပရှိ ကုမ္ပဏီကြီးများက တရုတ်နှင့် ဆက်လက်၍ စီးပွားရေးလုပ်ဆောင်လိုနေကြဆဲဖြစ်သည်။ နည်းပညာကဏ္ဍတွင် ထိန်းသိမ်းရသည်များရှိသော်လည်း တရုတ်နှင့်စီးပွားရေးလုပ်ဆောင်မှုလျော့ချလာခြင်းမရှိဘဲ ပုံမှန်သာဆောင်ရွက်နေကြပါသည်။ ဥပမာအားဖြင့် ပြင်သစ်သမ္မတခရီးစဉ်အတွင်း ဥရောပ၏ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က တရုတ်နိုင်ငံ Tianjin တွင် လေယာဉ်လိုင်းအသစ်ပြေးဆွဲရန်နှင့် လေယာဉ် ၁၆၀ စီးရောင်းချရန် သဘောတူညီခဲ့ပါသည်။
“De-risking” အနေဖြင့် အသစ်ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာဆက်နွယ်မှုများနှင့် နည်းပညာအပြောင်းအလဲကိုလည်း တားဆီးနိုင်ရန်ခက်ခဲပါသည်။ ကားလောကမှ အကောင်းဆုံးဥပမာဖြစ်သည်။ ဥရောပအနေဖြင့် တရုတ်သို့ EV ကားတင်သွင်းမှုမရှိသော်လည်း တရုတ်၏ EV ကားများအားလုံးလိုလိုသည် EU သို့တင်သွင်းနေပါသည်။ ထိုကားများကလည်း ဥရောပဘရန်းများဖြစ်သည်။ ဥရောပအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်သည့် သယ်ယူပို့ဆောင်ရေးကိုအားပေးနေသကဲ့သို့ တရုတ်ကလည်း ဥရောပသို့ ဈေးသက်သာသည့် EV ကားများတင်သွင်းရန် စနစ်တကျဆောင်ရွက်ပြီးဖြစ်နေပါသည်။ (ဝယ်လိုအားနှင့် ရောင်းလိုအား သူ့အရပ်နှင့် သူ့ဇတ် ကိုက်နေသည်ဟု ဆိုလိုပါသည်။)
“De-risking” မဟာဗျူဟာ၏ အားအနည်းဆုံးအပိုင်းမှာ တရုတ်က ထိုင်ဝမ်အား ကျူးကျော်မည်ဆိုပါက မည်သို့ ဆောင်ရွက်မည်ကို ပြင်ဆင်မထားရသေးခြင်းဖြစ်ပါသည်။ EU ၏ စစ်တပ်များနှင့် စစ်ဖက်ထုတ်လုပ်ရေးလုပ်ငန်းများမှာ ပြန့်ကျဲနေပြီး ခေါင်းဆောင်များကလည်း နောက်ထပ် စစ်ပွဲတစ်ခုတွင် ဝင်မပါလိုတော့ပါ။ သို့သော်လည်း အမေရိကန်က ရုရှားအားပိတ်ဆို့သကဲ့သို့ တရုတ်အားပိတ်ဆို့ရန် ဥရောပကိုဖိအားပေးမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည်ပင် Apple ကုမ္ပဏီအတွက်လိုအပ်သည့် ထုတ်ကုန်များကို အိန္ဒိယနိုင်ငံသို့ ဖြန့်ခွဲထားသည့်တိုင်အောင် နည်းပညာကုမ္ပဏီကြီးများက တရုတ်နိုင်ငံအား မှီခိုနေရဆဲဖြစ်ပါသည်။ ထိုသို့သောအခြေအနေတွင် EU အနေဖြင့် တရုတ်အားစီးပွားရေးပိတ်ဆို့ပါက အမေရိကန်ထက်ပို၍ စီးပွားရေးအရအထိနာနိုင်ပြီး ကုမ္ပဏီများကို ပိုမိုဂယက်ရိုက်လာပါလိမ့်မည်။
ထို့ကြောင့်ပင် ပြင်သစ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးတွင် ပိုနေမြဲကျားနေမြဲအခြေအနေ “status quo” ကိုထိန်းထားမည်ဟုဆိုသော်လည်း သမ္မတ Macron က ဥရောပအနေဖြင့် ထိုင်ဝမ်ကိစ္စတွင် အမေရိကန်ဦးဆောင်သည့်နောက်သို့ လိုက်မည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လစ်သူနီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အနေဖြင့် ယူကရိန်းကို ကူညီနေမှုတွင် ဥရောပနိုင်ငံများအနေဖြင့် ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကိုသာ ရှေးရှုထားသင့်ပြီး အာဏာရှင်များကို မပံ့ပိုးသင့်ကြောင်း (ပြင်သစ်ကိုအပြစ်တင်လိုဟန်) ပြောကြားခဲ့သည်ကို တွေ့ရသည်။ ဥရောပနိုင်ငံများ၏ သဘောထားများမှာ အမျိုးမျိုးအထွေထွေကွဲပြားနေကြပါသည်။ ထို့ကြောင့် မေလ ၁၂ ရက်နေ့တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက လာမည့် ဇွန်လတွင်ကျင်းပမည့် ဥရောပညီလာခံတွင် တရုတ်အရေးကိစ္စအတွက် အခြေခံမူများချမှတ်နိုင်ရန် ဆောင်ရွက်မည်ဟု သဘောတူညီခဲ့ထားပါသည်။
ပြဿနာတွေအဆုံးသတ်နိုင်မလား
ဥရောပအနေဖြင့် တရုတ်အရေးကိစ္စကိုဖြေရှင်းရန် ထိရောက်သည့် ဆွေးနွေးငြင်းခုန်မှုများလိုအပ်နေဆဲဖြစ်ပါသည်။ ဥရောပ၏အဓိက နိုင်ငံများဖြစ်သည့် ပြင်သစ်နှင့် ဂျာမဏီတို့က “De-risking” ဗျူဟာကိုမငြင်းဆန်ကြသော်လည်း ၎င်းတို့ဘက်မှ သဘောထားများလည်းရှိနေပါဦးမည်။ ဥရောပမှ တရုတ်သို့ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးဆဲဖြစ်ပြီး လက်တွေ့ဆောင်ရွက်ရန်ခက်ခဲပါသည်။ တရုတ်မှ ဥရောပသို့ရင်းနှီးမြှုပ်နှံမှုများကို စိစစ်နေသော်လည်း ဥရောပသားများက တင်းကြပ်သည့်ဥပဒေများကို သဘောမတူကြပါ။ ယခု အချိန်တွင် “De-risking” မှလွဲ၍ အခြား ပိုကောင်းသောမူဝါဒတစ်ခုချမှတ်ရန်လည်း မဖြစ်နိုင်ပါ။ ထိုအရာက အမေရိကန်နှင့် တရုတ်အကွဲအပြဲအတွက် အဖြေတစ်ခုကိုလည်းမပေးနိုင်ပါသည်။ ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုကိုဆန့်ကျင်ရာတွင် အတ္တလန်တစ်မိတ်ဘက်နိုင်ငံများကို တစ်သံတည်းထွက်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း တရုတ်နှင့် ထိုင်ဝမ်အရေးကိစ္စကတော့ ပိုမိုအန္တရာယ်များသလို ကိုင်တွယ်ရန် ပိုမိုခက်ခဲ့သည့် ကိစ္စရပ်လည်းဖြစ်ပါသည်။
Myanmar Aspect
29053023

(မှတ်ချက်။ ဤဆောင်းပါးတွင် G-7 ၌ဆွေးနွေးခဲ့ကြသည့် De-risking ဗျူဟာ၏ အားနည်းချက်/အားသာချက်များကို အသေးစိတ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။)

Sunday, May 28, 2023

ဂျပန်နိုင်ငံတွင်ကျင်းပခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့သော စည်းမျဉ်းများကို အခြေခံသည့် နိုင်ငံတကာအခင်းအကျင်းများ ဖော်ဆောင်နိုင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ နိုင်ငံများ(Global South)ကို ထောက်ပံ့ကူညီရေး၊ တရုတ်နိုင်ငံအား တန်ပြန်မည့် စီးပွားရေးဆိုင်ရာမူဘောင်နှင့် အခြားဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ၏ အကြီးအကဲများဖြင့် G-7 ထိပ်သီး အစည်းအဝေးအား နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အစည်းအဝေးကို ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို အဖွဲ့ဝင်များဖြစ်သည့်အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အပြင် ဧည့်နိုင်ငံများအဖြစ် ဩစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ်နိုင်ငံ တို့ကိုပါ ဖိတ်ကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelenskyy တက်ရောက်ခဲ့ခြင်းက အစည်းအဝေးအပေါ် စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါသည်။ ယူကရိန်းနိုင်ငံသမ္မတသည် G-7 ထိပ်သီးအစည်းအဝေးအတွင်း အင်အားကြီးနိုင်ငံများအား ရုရှားနိုင်ငံ၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်နိုင်ရန် အတွက် စစ်ရေးအကူအညီများပေးရေး တိုးမြှင့်ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတ Joe Biden ကလည်း G-7 အနေဖြင့် ယူကရိန်းနိုင်ငံကို ကူညီ ထောက်ပံ့သွားမည်ဖြစ်ပြီး ယူကရိန်းပြည်သူများဘက်မှ ဆက်လက်ရပ်တည်သွားမည်ဟု ပြောကြားပြီး ယူကရိန်းနိုင်ငံသမ္မတသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အပြင် ဘရာဇီးနိုင်ငံအကြီးအကဲများဖြင့်လည်း တွေ့ဆုံမှုပြုလုပ်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ယခုတစ်ကြိမ်ကျင်းပခဲ့သည့် အစည်အဝေးသည် G-7 ၏ ကနဦး စီးပွားရေး လုံခြုံမှုအယူအဆများကို အဆုံးသတ်ပြီး တရုတ်နိုင်ငံကဲ့သို့ နိုင်ငံများ၏ စီးပွားရေးဖြင့် အကျပ်ကိုင်ခြိမ်းခြောက်မှုများအား တန်ပြန်နိုင်မည့် မူဘောင်အသစ်ကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ မူဘောင်အသစ်ကို “Coordination Platform on Economic Coercion” ဟု အမည်ပေးထားပြီး EU သည် အမေရိကန်၊ ကနေဒါ၊ ဂျပန်နိုင်ငံတို့နှင့်အတူ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာမူဝါဒများကို တန်ပြန် ဆောင်ရွက်နေသည်ဟူသည့် အချက်ပေါ်တွင် မူတည်၍ အဆိုပါမူဘောင်ကို ဖော်ဆောင် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါမူဘောင်အသစ်နှင့်ပတ်သက်၍ G-7 အဖွဲ့ဝင်နိုင်ငံများ သဘောတူခြင်း ရှိ/မရှိနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး လက်ရှိ အချိန်တွင် မူဘောင်အသစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန် ထားခြင်းမရှိသေးပါ။ သို့သော်လည်း တရုတ်နိုင်ငံက G-7 အနေဖြင့် ထိုသို့ မူဘောင်များချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လာခြင်းသည် နိုင်ငံတစ်နိုင်ငံကို ပစ်မှတ်ထား ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ပြောကြားထားပါသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် De-risking မဟာဗျူဟာ ကျင့်သုံးခြင်းအတွက် အထောက်အကူဖြစ်စေနိုင်မည်ဟုဆိုသည်။ အစည်းအဝေးကို တက်ရောက်ခဲ့သည့် အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့သည် G-7 ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေပါသည်။ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် G-7 အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဦးစားပေးခြင်းအကျိုးကို လက်တွေ့ခံစားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် G-7 နိုင်ငံများသည် တရုတ်နိုင်ငံနှင့် အပြိုင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ နိုင်ငံများအပေါ် နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မည့်နည်းလမ်း(Win-Win)များဖြင့် လက်တွဲ ဆောင်ရွက်ရန် ကမ်းလှမ်းမှုများပြုလုပ်နေသည်ဟု ဖော်ပြထားပါသည်။
အစည်းအဝေးတွင် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအတွင်း လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် ထိုင်ဝမ်ဒေသ တည်ငြိမ် အေးချမ်းရေးသည်အရေးကြီးပါသည်။ G-7 နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် တည်ငြိမ်သည့် ဆက်ဆံရေးတစ်ရပ်တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဘုံအကျိုးစီးပွားများအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ G-7 အဖွဲ့ဝင်ခေါင်းဆောင်များအနက်မှ အချို့သည်လည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဟု ယူဆနေကြသည့်အတွက် တရုတ် နိုင်ငံ၏ ရည်ရွယ်လုပ်ဆောင်ချက်များကို နားလည်ထားရန်လည်း လိုအပ်ပါသည်။ တရုတ် နိုင်ငံက ၎င်းတို့အပေါ် ကမ္ဘာ့နိုင်ငံအချို့ ကျင့်သုံးနေသည့် မူဝါဒများနှင့်ပတ်သက်၍ မကျေနပ်မှုများရှိနေပြီး တန်ပြန်ဆောင်ရွက်နိုင်ကြောင်းနှင့် အဆိုပါအချက်ကို G-7 နိုင်ငံများအနေဖြင့်လည်း နားလည်သဘောပေါက်ထားရန် လိုအပ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
G-7 ထိပ်သီးအစည်းအဝေးတွင် သက်ဆိုင်ရာဒေသ၌ စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်လာသည့် ဩစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ် နိုင်ငံတို့အား တက်ရောက်ရန်ဖိတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံအပြင် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများသည် ထိုစီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်သည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို အပြိုင်စည်းရုံးပြီး ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံတွင် ဦးဆောင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများသည် အာရှ ဒေသတွင်းချုပ်ကိုင်မှုများပြုလုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားစည်းရုံးမှုများ ရှိနေသည်ကို တွေ့ရှိရသည်။ G-7 အဖွဲ့ဝင်နိုင်ငံအချို့တွင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ အခင်းအကျင်းများတွင် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိနေခြင်းနှင့် De-risking မဟာဗျူဟာအရ တရုတ်နိုင်ငံအပေါ်မှီခိုမှုလျော့ချမည်ဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ မြွေမသေတုတ်မကျိုး စီးပွားရေးဆက်လက် ပူးပေါင်းလုပ်ဆောင်ရန် ရှိနေခြင်းတို့ကြောင့် ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအားစည်းရုံး နိုင်မည့်အရေးနှင့် တရုတ်နိုင်ငံအခန်းကဏ္ဍကို မှေးမှိန်အောင်ဆောင်ရွက်မည့်အရေးတွင် လိုအပ်ချက်များရှိနေဦးမည်ဖြစ်ပါသည်။
G-7 ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံကို ရည်ရွယ်သော စီးပွားရေးအရ တန်ပြန်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအား တရုတ်နိုင်ငံနှင့်အပြိုင်လွှမ်းမိုးရန်၊ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်နိုင်ငံအား ဝိုင်းပတ်ထိန်းချုပ်ရေး အတွက် QUAD အဖွဲ့နိုင်ငံများမှ အင်ဒို-ပစိဖိတ်ဒေသတွင်း ရေအောက်ဆက်သွယ်ရေး Networks များ ဆောင်ရွက်ရန်အချက်များပါဝင်သဖြင့် China Threat အဖြစ် ဆောင်ရွက် ခဲ့ပြီး တရုတ်နိုင်ငံကလည်း G-7 အစည်းအဝေးကို Anti-China Workshop အဖြစ် သတ်မှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် လက်ရှိ G-7 ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံအား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအား တန်ပြန်ရန် အရှိန်မြှင့်တင်နေခြင်းဖြစ်သောကြောင့် တရုတ်နိုင်ငံဘက်မှလည်း ၎င်း၏မိတ်ဘက်နိုင်ငံများနှင့် အလားတူဆောင်ရွက်မှုများ မြင်တွေ့လာရနိုင်ပြီး နိုင်ငံငယ်များအနေဖြင့် နိုင်ငံကြီးများ၏ အားပြိုင်မှုအကြားတွင် မိမိနိုင်ငံအတွက် ပါးနပ်စွာအကျိုးစီးပွားထုတ်ယူနိုင်သည့် ပညာသည်သာ အခရာဖြစ်လာမည်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
28052923

Thursday, May 25, 2023

ဆီးရီးယားနိုင်ငံအနေဖြင့် Arab League သို့ ပြန်ဝင်လာခြင်းနှင့် ပတ်သက်၍ ဘာတွေ သိထားသင့်သလဲ



ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် တွင်ကျင်းပခဲ့သည့် အာရပ်နိုင်ငံများတွေ့ဆုံမှုတွင် ဆီးရီးယားအရေးကိစ္စနှင့် ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းပါးသော်လည်း ယခုအခါ လာမည့် Arab ညီလာခံတွင် ဆီးရီးယားနိုင်ငံ ပြန်လည်ပါဝင်လာတော့မည်ဖြစ်ပါသည်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့် ဆီးရီးယားနိုင်ငံအား ၂၀၁၁ ခုနှစ် မှစတင်၍ အာရပ်အဖွဲ့ချုပ်မှ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းထားခဲ့ပါသည်။ မေလ ၁၉ ရက်နေ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ကျင်းပမည့် အာရပ်အဖွဲ့ချုပ်ညီလာခံတွင် ဆီးရီးယားနိုင်ငံအား ပြန်လည်လက်ခံပြီး သမ္မတ အာဆတ်အား ဖိတ်ကြားမည့်ကိစ္စကို မေလ ၇ ရက်နေ့က သဘောတူညီခဲ့ကြပါသည်။
အာဆတ်အနေဖြင့် ထိုသို့ အာရပ်အဖွဲ့ချုပ်တွင်ပြန်လည်လက်ခံခြင်းမှတစ်ဆင့် အနောက်အုပ်စုအတွင်း လက်ခံမှုရရှိရန် ကြိုးပမ်းနိုင်သည်ဟု မျှော်လင့်ထားပါလိမ့်မည်။ ထို့သို့ အာရတ်အဖွဲ့ချုပ်မှ ပြန်လည်လက်ခံခဲ့သော်လည်း အာဆတ်အစိုးရအနေဖြင့် စစ်ရာဇဝတ်မှုများကို တာဝန်ယူရန်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် လိုက်လျောမှုများပြုလုပ်ရန်၊ ၆ မီလီယံခန့်ရှိသည့် ပြည်ပသို့ထွက်ပြေးခိုလှုံနေသူများကို ပြန်လည်ခေါ်ယူရန် ဘာတစ်ခုမှ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ဆီယီးယားနိုင်ငံတွင် လူဦးရေ ၂၂ မီလီယံရှိခဲ့သော်လည်း ပြည်တွင်းစစ်ကြောင့် နိုင်ငံသား ထက်ဝက်ခန့်က အိမ်နီးချင်းနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ရပါသည်။ အာဆတ်အနေဖြင့် မူးယစ်ဆေးဝါးနှင့်ဆိုင်သည့် အကျင့်ပျက်ချစားမှုများအပြင် အီရန်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံခြင်းဖြင့် နိုင်ငံကိုအုပ်ချုပ်ခဲ့ပြီး နိုင်ငံမှာ ဆင်းရဲတွင်းနက်ခဲ့ရပါသည်။ ထိုကဲ့သို့သော ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းအား အာရပ်အဖွဲ့ချုပ်မှ ပြန်လည်လက်ခံရန် သံတမန်ရေးနည်းလမ်းအောင်မြင်ခြင်းသည် အခြားသော နိုင်ငံများအတွက် ပြဿနာတစ်ရပ်ပင်ဖြစ်ပါသည်။
ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်ပေးရန်မစွမ်းသာသောကြောင့် အာဆတ်အနေဖြင့် အာရပ်အဖွဲ့ချုပ်နှင့် ချမ်းသာသော ပင်လယ်ကွေ့နိုင်ငံများ၏ အကူအညီလိုအပ်ပါသည်။ အနောက်နိုင်ငံများနှင့် ပြန်ပေါင်းထုတ်ရန်ကလည်း လွယ်ကူသည့် ကိစ္စတစ်ခုမဟုတ်ပါ။ အရေးယူပိတ်ဆို့ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်နှင့် လိုအပ်သည့် ပစ္စည်းများတင်သွင်းရန် ကန့်သတ်ချက်ရှိပါသည်။ ပါရှန်ပင်လယ်ကွေ့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမည့်သူများအဖို့လည်း ထိုကဲ့သို့သောအခက်အခဲများကြောင့် နေရောင်ခြည်စွမ်းအင်သုံးစက်ရုံအသေးတစ်ခု တည်ဆောက်ဖို့ပင် စိတ်ပျက်နေကြပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် အကယ်၍ ပိတ်ဆို့မှုများက အာဏာရှင်နိုင်ငံများကို ဖိအားပေးနိုင်ခြင်းမရှိသည်ထားဦး ၎င်းတို့ကို ဆက်လက်ရပ်တည်ရန် အခွင့်အရေးပေးမည်လားဟူသည့် မေးခွန်းထွက်ပေါ်လာပါသည်။
အာဆတ်အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးထိန်းသိမ်းထားနိုင်သည်ဟု ဆိုနိုင်ပါသည်။ အယ်ဂျီးရီးယားနိုင်ငံက ဆီးရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့ခြင်းမရှိပါ။ အီဂျစ်နိုင်ငံက အချိန်ကာလတစ်ခုအထိဖြတ်တောက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဆက်ဆံရေးပြန်လည်စတင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင်လည်း အာဆတ်အနေဖြင့် UAE နိုင်ငံသို့ တရားဝင်သွားရောက်ခဲ့ပြီး ၁၁ နှစ်ကြာရပ်တန့်နေသည့် သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် မြေငလျင်ကလည်း ဆီးရီးယားနိုင်ငံအား သံတမန်ရေးအရ အားသာမှုရရန် ပံ့ပိုးပေးခဲ့သည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။
အထူးသဖြင့် ဒေသတွင်းနိုင်ငံအများစုက ဖြေလျော့ရေး (détente) ဘက်သို့ယိမ်းလာကြခြင်းကြောင့်ဖြစ်သည်။ ဆော်ဒီနိုင်ငံက အီရန်နှင့် သံတမန်ဆက်ဆံရေးပြန်စပြီး သံရုံးများပြန်ဖွင့်ရန် သဘောတူခဲ့သည်။ ဆီးရီးယားတွင် ကိုယ်စားစစ်ပွဲဖြစ်ပြီးနောက် ယီမင်အပါအဝင် အခြားနိုင်ငံများက မိမိတို့ပြည်တွင်းရေးကိုသာ ပိုမိုအာရုံစိုက်ခဲ့ကြသည်။ တူရကီနှင့် အီဂျစ် တို့ကလည်း ဆယ်စုနှစ်ချီ၍ အဆင်မပြေမှုများကို အဆုံးသတ်ဖို့ကြိုးစားခဲ့ကြသည်။ ပင်လယ်ကွေ့နိုင်ငံများနှင့် အာရေဘီယံကျွန်းဆွယ်ရှိ အိုမန်နိုင်ငံနှင့် ကုန်သွယ်ရေးရပ်ဆိုင်းသည့်ကိစ္စမှာလည်း ထင်သလောက်အရာမရောက်လှပါ။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဆီးရီးယားနိုင်ငံနှင့် ပြန်ပေါင်းထုတ်ဖို့ ကြိုးစားလာကြသည်က ဆီးရီးယားနိုင်ငံ၏ သံတမန်ရေးအောင်မြင်လာရခြင်း၏ အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါသည်။
ဆီးရီးယားအနေဖြင့် ၎င်း၏ ပြည်ပနိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ကြသူများ အရေးကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်းများ၏ မကျေနပ်ချက်များရှိနေပါသည်။ ဆီရီးယားမှ ထွက်ပြေးခဲ့သည့်ဒုက္ခသည်များနေဖြင့် တစ်ချို့မှာချို့ငဲ့စွာနေထိုင်နေရပြီး တစ်ချို့မှာ အစိုးရမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်တည်ဆောက်ရေး အကောင်အထည်မပေါ်မခြင်း နိုင်ငံသို့ ပြန်လိုသည့် ဆန္ဒမရှိကြပါသည်။အီရန်နိုင်ငံ၏ စစ်ရေးအထောက်အပံ့များကို နှစ်ပေါင်းများစွာမှီခိုခဲ့ရခြင်းကြောင့် အီရန်နှင့်ဆက်နွယ်နေသော အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ Hizbullah နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ အခြေချရာဖြစ်နေပါသည်။ ထိုအဖွဲ့များရှိနေခြင်းက အီရန်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှုမြင်နေသည့် ဆော်ဒီနှင့် ဂျော်ဒန်နိုင်ငံများအတွက်လည်း အဆင်မပြေမှုများရှိနေပါသည်။ ဆီးရီးယားပြည်သူများအနေဖြင့်လည်း သမ္မတအာဆတ်အနေဖြင့် ၎င်းကိုကာကွယ်ပေးထားသည့် အီရန်တပ်ဖွဲ့များကို ပြည်တော်ပြန်ရန် စွမ်းဆောင်နိုင်မည်ဟု မယုံကြည်ကြပါ။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ချဲ့ကားဖော်ပြမှုတစ်ချို့ရှိနေသော်လည်း ဆီးရီယားအနေဖြင့် Captagon စိတ်ကြွဆေးထုတ်လုပ်ရာ အဓိကနေရာဖြစ်နေပါသည်။ UAE နိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံမှ တင်သွင်းလာသည့် စိတ်ကြွဆေးပြားပေါင်း ၃၆ မီလီယံလောက် ဖမ်းဆီးရမိခဲ့ပြီး ဆော်ဒီနိုင်ငံက ၂၀ မီလီယံလောက်ဖမ်းဆီးရမိခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံအနေဖြင့်လည်း ၂၀၂၂ ခုနှစ်အတွင်း ၁၇ မီလီယံလောက် ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၀ ခုနှစ်က ၁.၄ မီလီယံထက်စာလျင် အရေအတွက်များစွာ တက်လာခဲ့ပါသည်။ လက်နက်မှောင်ခိုများနှင့် ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်များလည်း သေဆုံးမှုရှိခဲ့ပါသည်။
ပြည်တွင်း ငွေကြေးဖောင်းပွမှုသည်လည်း ၁၀၀ ရာခိုင်းနှုန်းကျော်နေပါသည်။ လွန်ခဲ့သည့် ၁၂ နှစ် စစ်မဖြစ်ခင်က တစ်ဒေါ်လာလျှင် ဆီးရီးယားပေါင် ၅၀ ရှိခဲ့ရာမှ ယခုအခါ မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၈,၇၀၀ ပေါက်ဈေးရှိနေပါသည်။ ဆီးရီးယား၏ တရားဝင်ကုန်သွယ်မှုမှာ စစ်မဖြစ်ခင်က ၁၁ ဘီလီယံရှိခဲ့ရာမှ ယခု ၁ ဘီလီယံသာရှိပါသည်။ အစိုးရအနေဖြင့်လည်း တစ်နေ့ကို နာရီပိုင်းသာ လျှပ်စစ်မီးပေးနိုင်ပါသည်။ ရုရှားအနေဖြင့် ၂၀၁၂ ခုနှစ်က ဆီးရီးယားအစိုးရအား ကာကွယ်ရန် တပ်ဖွဲ့ထောင်နှင့်ချီစေလွှတ်ခဲ့ပြီး ဒါဇင်နှင့်ချီသော လေယာဉ်များထောက်ပံ့ပေးခဲ့ပါသည်။ ထိုအရာများက ဆီးရီးယား၏ ပျက်စီးမှုများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်းတွင်လည်း ရုရှားက ဒေါ်လာဘီလီယံချီတန်သည့် ဓာတ်အားပေးစက်ရုံများ၊ ကုန်သွယ်ရေးဇုံများနှင့် ရထားလမ်းစီမံကိန်းများကို ကတိပြုခဲ့သော်လည်း ယခုအချိန်ထိ ဆီးရီးယားနိုင်ငံကို ပြန်လည်မကုစားနိုင်သေးပါ။ ဆီးရီးယားတွင်တိုက်ခိုက်ပေးနေသည့် ရုရှား ပုပ္ပလိက လုံခြုံရေးတပ်ဖွဲ့ ဖြစ်သည့် Wagner Group သည်လည်း ဆူဒန်စစ်တပ်နှင့် တိုက်ခိုက်နေသည့် Hemedti အဖွဲ့ကိုကူညီပေးနေရပြီး ဆူဒန်ရှိ ရွှေတွင်းများကို ကာကွယ်ရန် အာရုံစိုက်နေရပါသည်။ နောက်ပိုင်းတွင် ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲအတွင်း နစ်မြုပ်နေပြီး ၎င်းကိုယ်တိုင်ပင် အခက်အခဲများနှင့် ကြုံနေရသည့်အတွက် ဆီးရီးယားနိုင်ငံပြန်လည်တည်ဆောက်ရေးကို ထိရောက်စွာ အာရုံမစိုက်နိုင်တော့ပါ။
ထို့ကြောင့် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်နိုင်ရန် အနောက်နိုင်ငံများ၏ ငွေကြေး အကူအညီလိုပါသည်။ ပင်လယ်ကွေ့နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်ကောင်းစွာရမည်ဆိုလျှင် ကူညီပေးကောင်းပေးနိုင်ပါသည်။ အမေရိကန်အနေဖြင့်တော့ ကူညီရန်ဆန္ဒရှိသည်ကို မတွေ့ရပါ။ မေလ ၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်အနေဖြင့် ဆီးရီးယားအစိုးရကို အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် အခြားနိုင်ငံများနှင့် ပုံမှန်အခြေအနေပြန်ဖြစ်နေမှုကိုလည်း ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ EU အနေဖြင့်လည်း တင်းမာသည့်သဘောထားပြောင်းလဲပုံမရသေးပါ။ အချို့သော EU အလယ်ပိုင်းနှင့်တောင်ပိုင်းနိုင်ငံများကတော့ ဒုက္ခသည်များအရေးဖြေရှင်းလိုသောကြောင့် ဆက်ဆံရေးပြန်လည် စတင်လိုကြပါသည်။
သို့သော်လည်း လိုက်ကာနောက်ကွယ်တွင်တော့ အမေရိကန်က ဆီးရီးယားနှင့် ပြန်လည်ဆက်ဆံရန် မီးဝါပြခဲ့သည်ဟု အာရပ်သံတမန်များကဆိုပါသည်။ ကြိုးစားကြည့်ပြီး တစ်ခုခုပြန်ရအောင်ဆောင်ရွက်မည်ဟု ဆိုသည်။ အမေရိကန်အနေဖြင့် အာဆတ်အစိုးရကို အသိအမှတ်ပြုလိုက်ပါက မူးယစ်ဆေးဝါးတရားဝင်ရောင်းခွင့်ပြုလိုက်သလို ဖြစ်သွားမည်ကိုစိုးရိမ်နေသည်။ အာရပ်ခေါင်းဆောင်များကတော့ အမေရိကန်၏ နည်းလမ်းက အနာနှင့်ဆေးလွဲနေသည်ဟုဆိုသည်။ သူတို့က မူးယစ်ဆေးဝါးကို ရပ်တန့်လိုလျှင် အာဆတ်အစိုးရနှင့် ဆက်ဆံသင့်ပြီး တိုးတက်လျှင်တိုးတက်သလောက် ဆီးရီးယားအား လိုက်လျောမှုပြုလုပ်နိုင်သည်ဟု ဆိုကြသည်။
တစ်ချိန်တည်းတွင် နောက်အုပ်စုအနေဖြင့် လက်တွေ့မကျသည့် မူဝါဒတစ်ရပ်လည်းရှိနေသည်။ အမေရိကန်က အာဆတ်အစိုးရအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၅၄ ကိုလိုက်နာပြီး အပစ်ရပ်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးရန်နှင့် လွတ်လပ်သည့်ရွေးကောက်ပွဲ ကျင်းပရန် လိုလားနေသည်။ သို့သော်လည်း အာဆတ်အနေဖြင့် ဆီးရီးယားနိုင်ငံအား မူးယစ်ဆေးဝါးနိုင်ငံ (naco-state) ဖြစ်လာစေရန် ဆန္ဒရှိလိမ့်မည်မဟုတ်သော်လည်း ၁၉၇၁ ခုနှစ်ကစပြီး အာဏာရှင်နိုင်ငံဖြစ်ခဲ့သည့် ဆီးရီးယားနိုင်ငံအား ပြုပြင်ပြောင်းလဲလိုသော ဆန္ဒရှိပုံမရပါ။ အာရပ်နိုင်ငံများကတော့ အာဆတ်အား ဖယ်ကျဉ်ထားမှုက အလုပ်မဖြစ်ခဲ့သဖြင့် ပြန်လည်ဆက်ဆံရေးက အောင်မြင်နိုင်သည်ဟု အကောင်းမြင်နေကြပါသည်။
(မှတ်ချက်။ ဆီးရီးယားနိုင်ငံနှင့် ၎င်း၏ပြန်လည်အောင်မြင်လာသည့် သံတမန်ဆက်ဆံရေးအား အနောက်အုပ်စု၏ ရှုထောင့်မှသုံးသပ်ရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည်။ Myanmar Aspect အနေဖြင့် ဆီးရီးယားနိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် အချက်အလက်နှင့် ဥပမာများကို သတင်းစကားပါးလိုခြင်းဖြစ်ကြောင်း ပန်ကြားအပ်ပါသည်။)
Myanmar Aspect
27052623

Wednesday, May 24, 2023

အိန္ဒိယနိုင်ငံသည် G-7 အတွက် ဘာကြောင့်အရေးပါနေသလဲ

 


နိဒါန်း
အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး G-7 နှင့် ဥရောပနိုင်ငံများသည် အကျိုးစီးပွားများ အတွက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အခြေအနေတွင်ရှိနေပါသည်။ နိုင်ငံအားလုံးနှင့် အပြုသဘောဆောင်သည့် သဘောတူညီမှု၊ ထောက်ခံမှုများရရှိရန် G-7 သည် အိန္ဒိယနိုင်ငံ အတွက် အရေးပါလျက်ရှိပြီး G-7 အနေဖြင့်လည်း အိန္ဒိယနိုင်ငံသည် အရေးပါလျက် ရှိသည့်အချက်များအား သုံးသပ်ဖော်ပြပေးသွားပါမည်။
ဖော်ပြချက်

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရန်ဒရာမိုဒီ(Narendra Modi)သည် (၄၉) ကြိမ်မြောက် G-7 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် မေလ ၁၉ ရက်မှ မေလ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ ဟီရိုရှိးမားမြို့သို့ သွားရောက်မည်ဖြစ်ပါသည်။ G-20 နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(Shanghai Cooperation Organization-SCO) တို့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံသည် သံတမန်ရေး ကိစ္စရပ်များဖြင့် မအားလပ်သည့်ကြားက အဆိုပါထိပ်သီးဆွေးနွေးပွဲသို့ သွားရောက်ခြင်း ဖြစ်ပါသည်။ G-7 ထိပ်သီးဆွေးနွေးပွဲသည် အိန္ဒိယနိုင်ငံအတွက် နိုင်ငံအများအပြားနှင့် သဘောတူညီမှုများရရှိနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ပြီး G-7 အတွက်လည်း အိန္ဒိယ နိုင်ငံသည် အရေးပါလျက်ရှိနေသည်ကို ဖော်ပြထားပါသည်။
ပထမအချက်မှာ အိန္ဒိယနိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၂.၆၆ ထရီလီယံရှိပြီး G-7 အဖွဲ့ဝင် ပြင်သစ်၊ အီတလီနှင့် ကနေဒါနိုင်ငံတို့ထက် ပိုမိုများပြားလျက် ရှိနေပြီဖြစ်ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ(International Monetary Fund-IMF) အရ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးတွင် ရှိနေပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၅.၉ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ရန် မျှော်လင့်ထားရှိပါသည်။ ကမ္ဘာ့ဘဏ်၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုအတိုးတက်ဆုံး နိုင်ငံ ၇ နိုင်ငံတွင် ပါဝင်လျက်ရှိပြီး ၎င်း၏စီးပွားရေးသည် အနောက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ပါသည်။ အာရှ-ပစိဖိတ်ဆိုင်ရာ IMF ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး အန်နီမရီဂလုဝုဖ် (Anne-Marie Gulde-Wolf)က အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက်အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဈေးကွက် အလားအလာရှိမှု၊ ထုတ်ကုန်ပစ္စည်းဈေးသက်သာမှု၊ စီးပွားရေးပြောင်းလဲမှုများနှင့် စက်မှု လုပ်ငန်းများအတွက် ကောင်းမွန်သည့်အခြေအနေတွင် ရှိနေခြင်းတို့ကြောင့် ရင်းနှီး မြှုပ်နှံမှုများ လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားပါသည်။

ဒုတိယအချက်အနေဖြင့် အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့်အတူ ဥရောပနိုင်ငံ များသည် အင်ဒို-ပစိဖိတ်ဒေသနှင့် ဆက်ဆံမှုများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြပြီး ဗြိတိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် အင်ဒို-ပစိဖိတ် မဟာဗျူဟာများ ချမှတ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြပါသည်။ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး ဗဟိုချက်သည် အင်ဒို-ပစိဖိတ်ဒေသသို့ ပြောင်းလဲသွားပြီဖြစ်ရာ ဥရောပနိုင်ငံများအနေဖြင့် စီးပွားရေးအခွင့်အလမ်းများအတွက် ဒေသတွင်းနိုင်ငံများ၏ ကမ်းလှမ်းမှုများ လိုအပ်လျက်ရှိပါသည်။ သို့သော် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် စီးပွားရေးဆိုင်ရာ တစ်ဖက်သတ်ချဲ့ထွင်မှုများရှိနေခြင်းကြောင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန်အတွက် အနောက်အုပ်စုဝင်နိုင်ငံများ၏ အဓိကမဟာဗျူဟာမြောက် အရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်လာခဲ့သည်ဟု ဖော်ပြထားပါသည်။

တတိယအချက်အနေဖြင့် အိန္ဒိယနိုင်ငံသည် ဥရောပနိုင်ငံများ၏ စွမ်းအင် ပြဿနာရပ်များအတွက် ဖြေရှင်းချက်တစ်ခုဖြစ်လာခဲ့ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခ မဖြစ်ပွားမီ ဥရောပနိုင်ငံများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့များမှ ၄၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့ကြသော်လည်း ပဋိပက္ခများကြောင့် ရုရှားနိုင်ငံမှ ဝယ်ယူမှုကို ရပ်တန့်ခဲ့ကြပါသည်။ တစ်ဖက်တွင် ရုရှားနိုင်ငံသည် ၎င်း၏ ရေနံကို အိန္ဒိယနိုင်ငံသို့ လျှော့ဈေးဖြင့် ရောင်းချလျက်ရှိပြီး အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံ များ၏ ရေနံဝယ်ယူမှုအတွက် အနောက်တံခါးတစ်ခု ဖြစ်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံစိမ်းများကိုဝယ်ယူ၍ နိုင်ငံအတွင်း ပြန်လည်ချက်လုပ်ကာ ဥရောပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်ဟု ဖော်ပြထားပါသည်။

စတုတ္ထအချက်အနေဖြင့် အိန္ဒိယနိုင်ငံသည် ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများ အကြား ဘက်ညီသည့် မိတ်ဖက်ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်လာပါသည်။ ရုရှား-ယူကရိန်းပဋိပက္ခများကြောင့် အနောက်အုပ်စုနိုင်ငံအများစု၏ စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်ခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း ကြားနေဖျန်ဖြေလျက်ရှိနေပါသည်။ G-7 မှ G-8 အဖြစ်သို့ ချဲ့ထွင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံကို ထည့်သွင်းရန် လိုအပ်ကြောင်းနှင့် G-7 နှင့် အိန္ဒိယနိုင်ငံတို့ အကြား သဘောတူညီမှုရရှိခြင်းသည် G-7 အဖွဲ့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်

အိန္ဒိယနိုင်ငံနှင့် G-7 အဖွဲ့တို့အကြား ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အနေအထားတွင်ရောက်ရှိလာနေကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံနှင့် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ အခင်းအကျင်း (FOIP)ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ဂျပန်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော G-7 အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ၏ဝန်ကြီးချုပ်အား ဖိတ်ကြား တက်ရောက်စေခြင်းမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ခြင်း နှင့်အတူ ၎င်းတို့ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီဟန်ချက်ညီရေးအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်လာကြောင်းတွေ့ရှိရပါသည်။ တစ်နည်းအားဖြင့် အမေရိကနှင့် ဥရောပမဟုတ်သည့် အင်အားတောင့်တင်းသည့် အာရှနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊ တရုတ်နိုင်ငံအား ထိန်းညှိရန် ကြိုးပမ်းဆောင်ရွက်လာမှု နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။
ထို့ကြောင့် G-7 အစည်းအဝေးကို နိုင်ငံတကာနှင့် သဘောတူညီချက်များရယူ၍ ၎င်းတို့အခင်းအကျင်းအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ရပါသည်။
အိန္ဒိယနိုင်ငံသည် မူဝါဒများအတိုင်း ၎င်း၏အကျိုးစီးပွားအတွက် အခွင့်အရေး ပေးနိုင်မည့် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အလယ်တွင် တိုးတက်ဖွံ့ဖြိုးမှုအရှိန်ကို ရရှိရန် ဆောင်ရွက်လျက်ရှိပါသည်။ အင်ဒို-ပစိဖိတ်အတွင်း ပြောင်းလဲလာသည့် မဟာဗျူဟာများတွင် အိန္ဒိယနိုင်ငံ၏အခန်းကဏ္ဍသည် အရေးပါလျက် ရှိပြီး လက်ရှိတွင် ဥရောပနိုင်ငံများကလည်း ဒေသတွင်းခြေဆန့်နိုင်ရန် ကြိုးပမ်းလာချိန် ဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးကို ထိန်းသိမ်းနိုင်ရန်အတွက် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ပါဝင်သည့် Quad ခေါ် ၄ နိုင်ငံ လုံခြုံရေးဆွေးနွေးမှု အဖွဲ့သည် ဒေသတွင်းစစ်ရေးကဏ္ဍများ၌ နိုင်ငံစုံပူးပေါင်းမှုများ တိုးချဲ့လာနိုင်ကြောင်းနှင့် တရုတ်နှင့် ရုရှားနိုင်ငံတို့အနေဖြင့် ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်၍ တုံ့ပြန်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
26052523

Tuesday, May 23, 2023

အာဆီယံနိုင်ငံများနှင့်ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာသံခင်းတမန်ခင်းအသုံးပြုလာသော အိန္ဒိယနိုင်ငံ အောင်မြင်နိုင်မလား

 


နိဒါန်း

အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ယဉ်ကျေးမှု ဆိုင်ရာသံခင်းတမန်ခင်း(Cultural Diplomacy)ကို အသုံးပြု၍ ဆောင်ရွက်နေသော်လည်း ဆက်ဆံရေးတိုးမြှင့်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် Cultural Diplomacy ကို မည်သို့မည်ပုံ အသုံးပြုနေကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် အခြေချနေထိုင်ကြသော အိန္ဒိယလူမျိုးစုများ(India Diaspora) များ မည်သို့အရေးပါလာကြောင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မည်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာသံခင်းတမန်ခင်းအသုံးပြု၍ အိန္ဒိယ-အာဆီယံ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှုတွင် ကဏ္ဍ ၂ ခုပါရှိနေပါသည်။ ပထမကဏ္ဍ၌ အိန္ဒိယ နိုင်ငံသည် အာဆီယံနှင့်ဆက်ဆံရေးအား တိုးမြှင့်ဆောင်ရွက်နိုင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင်ရှိသော ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားများနှင့် ကျောင်းများကို ပြန်လည် ပြင်ဆင်မွမ်းမံပေး၍ ၎င်း၏ ပါဝါအပျော့(Soft Power)ကို မြှင့်တင်လျက်ရှိပါသည်။ ထိုကဲ့သို့ ပြန်လည်ပြင်ဆင်မွမ်းမံပေးမှုကို ဘုရားကျောင်းသံခင်းတမန်ခင်း (Temple Diplomacy) ဟုလည်းခေါ်ဆိုကြပါသည်။ အိန္ဒိယနိုင်ငံသည် “Temple Diplomacy” အား ၁၉၉၂ ခုနှစ်တွင်စတင်အသုံးပြုခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနှင့် လာအိုနိုင်ငံတို့တွင်ရှိသော ထင်ရှားကျော်ကြားသည့် ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားများနှင့် ကျောင်းများကို ပြန်လည်ပြင်ဆင်မွမ်းမံပေးခဲ့ပါသည်။ ထိုကဲ့သို့ ပြင်ဆင် မွမ်းမံပေးမှုသည် အဆိုပါနိုင်ငံများ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပေးခြင်းလည်း ဖြစ်သောကြောင့် အိန္ဒိယနိုင်ငံ၏ အာဆီယံဆက်ဆံရေးတိုးမြှင့်မှုကို များစွာအထောက်အကူ ပြုသည့်အပြင် အိန္ဒိယနိုင်ငံ၏ ပါဝါအပျော့ကဏ္ဍကိုလည်း ပိုမိုအားကောင်းစေကြောင်း ဖော်ပြထားပါသည်။
ဒုတိယကဏ္ဍ၌ အိန္ဒိယနိုင်ငံ၏ အာဆီယံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှု၌ အရှေ့တောင်အာရှနိုင်ငံများတွင် အခြေချနေထိုင်ကြသော အိန္ဒိယလူမျိုးစုများ(IndiaDiaspora)၏ အရေးပါပုံကို ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက “India Diaspora” များ၏ အရေးကိစ္စများကို လျစ်လျူရှုထားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း မကြာသေးမီကမှ အိန္ဒိယနိုင်ငံသည် ၎င်း၏နိုင်ငံခြားရေးမူဝါဒထဲတွင် “India Diaspora” ၏ အခန်းကဏ္ဍကို ထည့်သွင်းလာခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော စီးပွားရေး အကျပ်အတည်းများအား “India Diaspora” များ၏ ငွေပို့/ငွေလွှဲမှုများ (Remittances)ကြောင့် အဆိုပါအကျပ်အတည်းများကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ပါသည်။ အရှေ့တောင်အာရှဒေသတွင် နေထိုင်သော “India Diaspora” များသည် ကိုလိုနီခေတ်၏ အမွေအနှစ်များဖြစ်ပြီး ကိုလိုနီလက်အောက် ကျရောက်ခဲ့သည့် မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အများဆုံးနေထိုင်ကြသည်ဟု ဆိုပါသည်။
အရှေ့တောင်အာရှဒေသတွင် အခြေချနေထိုင်ကြသော တရုတ်လူမျိုးစုများ (China Diaspora)နှင့် “India Diaspora”တို့၏ ခြားနားချက်မှာ “China Diaspora” ကဲ့သို့ “India Diaspora” ၏ စီးပွားရေးဩဇာကြီးထွားမှု အားနည်းခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့ အားနည်းရခြင်းသည် မြန်မာနှင့် မလေးရှားနိုင်ငံကဲ့သို့သော နိုင်ငံများမှ “India Diaspora” များကို ဘေးဖယ်ထုတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်းနိုင်ငံရေးကဏ္ဍတွင်မူ စင်ကာပူနှင့် မလေးရှားနိုင်ငံတွင်ရှိသော “India Diaspora” များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိပါသည်။ ထို့ကြောင့် သုတေသီများက အာဆီယံနှင့် အိန္ဒိယနိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်းတွင် “India Diaspora” များသည် အလွန်အရေးပါသည်ဟု သုံးသပ်ထားပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် စီးပွားရေး ဩဇာရှိသော၊ အောင်မြင်ကျော်ကြားသော “India Diaspora” ကို ဦးတည်၍ ချဉ်းကပ်ခြင်းထက် “India Diaspora” အားလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံမျိုးကို ပုံဖော်မှသာ အာဆီယံနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုအားကောင်းနိုင်မည် ဖြစ်ပြီး အိန္ဒိယ-အာဆီယံဆက်ဆံရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံ၏ အာဆီယံဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်နေမှု များတွင် စိန်ခေါ်မှု ၂ ချက်ရှိသည်ဟု ဆိုသည်။ ပထမတစ်ချက်မှာ အိန္ဒိယ နိုင်ငံမှ စီးပွားရေးပွင့်လင်းမြင်သာမှုကို လက်ခံရန် တွန့်ဆုတ်နေခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဒေသတွင်းစီးပွားရေးပူးပေါင်းမှုကို များစွာထိခိုက်စေသည့်အပြင် ထိုကဲ့သို့နုတ်ထွက်မှုကြောင့် အိန္ဒိယနိုင်ငံ၏ အာရှ-ပစိဖိတ် စီးပွားရေးကဏ္ဍပုံဖော်မှုများကို များစွာထိခိုက်စေခဲ့ပါသည်။ လက်ရှိအချိန်၌ နိုင်ငံစုံကော်ပိုရေးရှင်းများသည် ၎င်းတို့ ကုန်ထုတ်လုပ်မှုအား ဖြန့်ကြက်ထားနိုင်ရန် စီးပွားရေးကွင်းဆက်အရ အချက်အချာကျသည့် အာဆီယံသို့ ပြောင်းရွှေ့လာနိုင်ပါသည်။ ထိုကဲ့သို့ အခွင့်အလမ်းများရှိနေသော်လည်း အိန္ဒိယနိုင်ငံ၏ RCEP မှ နုတ်ထွက်မှုသည် အိန္ဒိယ-အာဆီယံ စီးပွားရေးကဏ္ဍခိုင်မာမှုကို အဟန့်အတားဖြစ်စေသည်ဟု ဆိုပါသည်။
ဒုတိယအချက်၌ လက်ရှိဝန်ကြီးချုပ် Modi လက်ထက်တွင် အိန္ဒိယနိုင်ငံ၏ ဟိန္ဒူဝါဒကြီးထွားအောင် ဆောင်ရွက်နေမှုသည် မွတ်ဆလင်လူမျိုးအများစုနေထိုင်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အတွက် အခက်အခဲဖြစ်‌ပေါ်စေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဟိန္ဒူလူမျိုးစုနှင့် မွတ်ဆလင်လူမျိုးစု နှစ်ခုအကြား ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဆူပူအကြမ်းဖက်မှုအပေါ် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ အစ္စလာမ်မစ်အုပ်စုများက ရှုတ်ချကြပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်၌ အိန္ဒိယနိုင်ငံ၏ ပါတီတစ်ခုဖြစ်သော BJP ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုမှုတွင် မွတ်ဆလင်လူမျိုးများကို စော်ကားသည့်စကားများ ပါဝင်သောကြောင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၎င်းတို့နိုင်ငံရှိ သက်ဆိုင်ရာ အိန္ဒိယသံတမန် များကို ခေါ်ယူ၍ တရားဝင်တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း “India Diaspora” များအပေါ် BJP ပါတီ၏လွှမ်းမိုးမှု ပိုမိုများပြားလာခြင်းကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ဟိန္ဒူ နိုင်ငံဖြတ်ကျော်ဝါဒ(Hindu Transnationalism)ပျံ့နှံ့လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ အကယ်၍ “Hindu Transnationalism”တကယ်ပျံ့နှံ့လာပါက အာဆီယံအစိုးရများ အနေဖြင့် အဆိုပါ “India Diaspora”အား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတိုးမြှင့်ရာ၌ အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် မရှုမြင်ဘဲ ပြည်တွင်းတည်ငြိမ်မှုကို စိန်ခေါ်လာမည့် ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် ရှုမြင်လာနိုင်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ယဉ်ကျေးမှုဆိုင်ရာ သံခင်းတမန်ခင်းနှင့်စပ်လျဉ်းသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် တည်ရှိသော ရှေးဟောင်းစေတီပုထိုးများ၊ ဘုရားများနှင့် ကျောင်းများကို ပြန်လည်ပြင်ဆင်မွမ်းမံပေးသည့် ဘုရားကျောင်းသံခင်းတမန်ခင်းကို အသုံးပြုခြင်းအပြင် အရှေ့တောင်အာရှနိုင်ငံများတွင် အခြေချနေထိုင်ကြသော အိန္ဒိယလူမျိုးစုများ(IndiaDiaspora)၏ အခန်းကဏ္ဍကို အသုံးပြု၍ ဆောင်ရွက်နေသော်လည်း အခြားသော စိန်ခေါ်မှုများဖြစ်သည့် အိန္ဒိယနိုင်ငံ၏စီးပွားရေးပွင့်လင်းမြင်သာမှုအပေါ် တွန့်ဆုတ် နေမှု၊ ဟိန္ဒူဝါဒဖြန့်ကြက်နေမှုတို့ကြောင့် အိန္ဒိယ-အာဆီယံဆက်ဆံရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများကို အခက်အခဲဖြစ်နေကြောင်း သုံးသပ်ထားပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ အာဆီယံ ဆိုင်ရာဆက်ဆံရေးတိုးမြှင့်မှုအပေါ် အမှန်တကယ်ဆောင်ရွက်လိုမှု ရှိ/မရှိသည် အိန္ဒိယ နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် မည်မျှတန်ဖိုးထားသည်ဆိုသည့် အချက်အပေါ်တွင်မူတည်နေသည်ဟု သုံးသပ်ထားပါသည်။
လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံနှင့် အာဆီယံသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၌ အိန္ဒိယ-အာဆီယံ ကဏ္ဍစုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး(Comprehensive Strategic Partnership)ကို စတင်ထူထောင်ထားပြီး၊ Global South အပေါ်အလေးထားလာသည် မူဝါဒများကြောင့် မိတ်ဖက် ဆက်ဆံရေးအား ပိုမိုတိုးမြှင့်ဆောင်ရွက်လာမည့် အလားအလာရှိပါသည်။ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားပြီး ယခုအခါ မြန်မာနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိလာ သည်ကို တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေး မူဝါဒအရ အရှေ့တောင်အာရှနှင့် ကူးလူးဆက်ဆံမှုမြှင့်တင်နေချိန်တွင် အိန္ဒိယနိုင်ငံအတွက် မဟာ ဗျူဟာအရအရေးပါသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးစားလာကြောင်းလည်းတွေ့ရှိရပါသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံအသုံးပြုနေသည့် Cultural Diplomacy နှင့် အခြားနိုင်ငံများတွင် ဖြန့်ကြက်နေထိုင်နေသည့် အိန္ဒိယလူမျိုးများကို အသုံးပြုလာခြင်းသည် မြန်မာနိုင်ငံကဲ့သို့ လူဦးရေအချိုးအစားများလှသည့် နိုင်ငံကြီးများအကြားတည်ရှိနေသည့် နိုင်ငံငယ်များအဖို့ အဆိုးအကောင်း အကျိုးအကြောင်းကို သတိပြုဆင်ခြင်ဖွယ်ရာတစ်ခု ဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
25052423