Thursday, June 29, 2023

တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Power of Siberia-2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေမှု နှောင့်နှေးနေရခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် Power of Siberia-2 (PoS-2) ပိုက်လိုင်း သဘောတူညီချက်နှင့် စွမ်းအင်ဆိုင်ရာ အခြားပူးပေါင်းဆောင်ရွက်မှုများ၊ တရုတ်နိုင်ငံ၏ LNG ဓာတ်ငွေ့လိုအပ်မှုအကြောင်းအရင်းများနှင့် အနောက်အုပ်စုမှ တုံ့ပြန်ဆောင်ရွက် နိုင်သည့်အချက်များကို သုံးသပ်ရေးဖော်ပြပေးပါမည်။

ဖော်ပြချက်

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ် နေသည့် လမ်းကြောင်းမှလွဲ၍ အခြားသောလမ်းကြောင်းများ ရပ်ဆိုင်းသွားခဲ့ပါသည်။ အဆိုပါအချက်ကြောင့် နှစ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့သည့် ရေရှည်စီမံကိန်း ဖြစ်သည့် Power of Siberia-2 (PoS-2)အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွင် တရုတ်နိုင်ငံက အသာစီးရရှိခဲ့ပါသည်။ နှစ်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် အပြန်အလှန်ယုံကြည်မှု လျော့နည်းနေခြင်းများ ကလည်း ရုရှား-တရုတ် သဘာဝဓာတ်ငွေ့တင်ပို့မှု စီမံကိန်းအတွက် ကန့်သတ်ချက်များ ဖြစ်ပေါ်စေပါသည်။ သို့သော်လည်း PoS-2 သည် နှစ်နိုင်ငံအကြားရှိ ဓာတ်ငွေ့တင်ပို့မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၏ အဓိကလမ်းကြောင်းမဟုတ်ဘဲ အခြားသော အာရှအလယ်ပိုင်း လမ်းကြောင်းများမှလည်း LNG ပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် အနောက် အုပ်စုဝင်နိုင်ငံများအနေဖြင့် PoS-2 နှင့်ပတ်သက်၍ လွန်ကဲစွာစိုးရိမ်မှုမလိုအပ်ဘဲ အာရှအလယ်ပိုင်းကို အသုံးပြုမည့် ရုရှား-တရုတ်တို့ ဓာတ်ငွေ့တင်ပို့မှုလမ်းကြောင်းများအား သတိထားစောင့်ကြည့်ရန် လိုအပ်မည်ဟု ဖော်ပြထားပါသည်။
သဘာဝဓာတ်ငွေ့သည် ကျောက်မီးသွေးအား အစားထိုးအသုံးပြုနိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၏ မြို့ပြလေထုအရည်အသွေးကို ကောင်းမွန်အောင် ထိန်းသိမ်းရန်အတွက် အသုံးဝင်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ သဘောဝဓာတ်ငွေ့ တင်သွင်းနိုင်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ(CCP)၏ စွမ်းဆောင်ချက်များကို မြှင့်တင်ပေးနိုင်သည့်အပြင် ပါတီအတွက် နိုင်ငံရေးလုံခြုံမှုအကျိုးအမြတ်များကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တိုင်းတာမှုများအရ တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှုသည် ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းကြောင့် သဘာဝဓာတ်ငွေ့သည် တရုတ်နိုင်ငံ၏ မြို့ပြ လေထုညစ်ညမ်းမှုကို လျှော့ချပေးရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေပါသည်။ CCP ရှုထောင့်မှကြည့်လျှင် သဘာဝဓာတ်ငွေ့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်သည်ဟု ယူဆပါသည်။ ထိုင်ဝမ်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုသည် မြို့ပြလေထုအရည်အသွေးမြှင့်တင်ရေးနှင့် ဆက်နွှယ်နေပြီး တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းနှင့် အလယ်ပိုင်းကတည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများကြီးထွားလာခြင်းက CCP အတွက် အန္တရာယ်ဖြစ်လာကြောင်း ဖော်ပြထားပါသည်။
မြို့ပြလေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် CCP သည် ပေကျင်းကဲ့သို့ လူနေထူထပ်သည့် နေရာများတွင် ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့အသုံးပြု ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် လေးဆကျော်တိုးတက်လာခဲ့ပြီး ၎င်းနိုင်ငံ၏ မြို့ပြလေထုညစ်ညမ်းမှု လျှော့ချရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ မြို့ပြလေထု အရည်အသွေးအညွှန်းကိန်း၊ သို့မဟုတ် AQI သည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားအပြီး ၂၀၂၃ ခုနှစ်တွင် သိသိသာသာ ပြန်လည် မြင့်တက်လာခဲ့သည်ကို ပြသနေပါသည်။ ယခုနှစ်ဆောင်းရာသီတွင် တရုတ်နိုင်ငံ မြောက်ပိုင်း၌ သဘာဝဓာတ်ငွေ့ပြတ်လပ်မှုဖြစ်ပွားခဲ့ပြီး ကိုဗစ်-၁၉ အလွန် သွားလာမှုများပြားခြင်းကလည်း ကာဗွန်ထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေခဲ့သောကြောင့် လေထု ညစ်ညမ်းမှုကို ဖြစ်ပွားစေခဲ့ပါသည်။ သို့သော်လည်း ရုရှားနိုင်ငံမှ တင်သွင်းသည့် ဓာတ်ငွေ့များတွင် မီသိန်းပါဝင်မှုများခြင်းကြောင့် ကျောက်မီးသွေးနေရာတွင် အစားထိုး၍ လေထုညစ်ညမ်းမှုလျှော့ချခြင်းသည် ထင်သလောက် အကျိုးဖြစ်ထွန်းမှုမရှိသည်ကို တွေ့ရသည်ဟုဆိုသည်။ ထို့ပြင် တရုတ်အစိုးရအနေဖြင့် လေထုညစ်ညမ်းမှုကို (ရေတိုတွင်) သာမန်ပြဿနာတစ်ရပ်အဖြစ် ရှူမြင်လာမည်ဆိုပါက သဘာဝဓာတ်ငွေ့တင်ပို့မှုကို လျော့ကျစေနိုင်ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မည့် PoS-2 အပေါ် စိတ်ဝင်စားမှုလျော့ကျလာနိုင်ကြောင်း ဖော်ပြထားပါသည်။
PoS-2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု သဘောတူညီချက်ကို ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးခြင်းသည် အမေရိကန်နိုင်ငံအပါအဝင် ဥရောပဒေသနှင့် စီးပွားရေး၊ နိုင်ငံရေးဆက်နွှယ်မှုများကို များစွာထိခိုက်စေနိုင်သည်ဟု တရုတ်နိုင်ငံက ယူဆထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံဘက်မှ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကို ယတိပြတ်အဆုံးမသတ်သေးဘဲ ရွှေ့ဆိုင်းနေခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့် ဥရောပမှ ရရှိနိုင်သည့် အကျိုးအမြတ်များကို ချင့်ချိန်ရန်လိုအပ်မည်ဖြစ်ပြီး ပိုက်လိုင်းအတွက် ငွေကြေးစိုက်ထုတ်ရေး၊ ငွေပေးချေရေးနှင့်ပတ်သက်သည့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စများသည်လည်း ရုရှား-တရုတ် နှစ်နိုင်ငံစလုံးအတွက် ကန့်သတ်ချက်များဖြစ်နေပါသည်။ PoS-2 အနေဖြင့် သဘောတူညီချက်ရ၍ ဆောက်လုပ်ဖြစ်ခဲ့လျှင်သော်မှ နောက်ထပ် ၇ နှစ်ကြာအောင် ဓာတ်ငွေ့များကို ပို့ဆောင်နိုင်မည်မဟုတ်ဘဲ အနာဂတ်တွင် တရုတ်နိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချရန် အခြားသောနည်းလမ်းများဖြစ်သည့် ဘက်ထရီနှင့် အပူစွမ်းအင်သုံးအင်ဂျင်များကို အသုံးပြုလာနိုင်မည် ဆိုပါက အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အဖတ်မတင်သည့် ငွေကြေးရင်းနှီး မြှုပ်နှံမှုတစ်ခု ဖြစ်လာနိုင်သည်ဟု ဖော်ပြထားပါသည်။
ဆက်လက်၍ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အခြားသော သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်မည့်နည်းလမ်းများအား ရှာဖွေထားပြီး ဖြစ်သည်ဟု ဆိုသည်။ ရုရှားနိုင်ငံအနေဖြင့် Kazakhstan ၊ Uzbekistan များနှင့် ဓာတ်ငွေ့တင်ပို့ရေး ကွန်ရက်များချဲ့ထွင်နေပြီး Gas Union ဖွဲ့စည်းရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါလမ်းကြောင်းများမှ ပိုလျှံသောဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ သို့သော်လည်း အဆိုပါ အရှေ့အလယ်ပိုင်းဓာတ်ငွေ့လမ်းကြောင်းများကို ရုရှား-တရုတ် နှစ်နိုင်ငံလုံးမှ အကျယ်တဝင့် ထုတ်ဖော်ပြောကြားခြင်း မရှိကြသော်လည်း တရုတ်နိုင်ငံ၏ ဓာတ်ငွေ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အကူအညီဖြင့် ရုရှားနိုင်ငံမှ LNG တင်ပို့မှုကဏ္ဍကို အထောက်အကူပေး နေကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ရုရှားနှင့် တရုတ်နိုင်ငံအကြား PoS-2 နှင့် ပတ်သက်သည့် သဘောတူညီချက်များ အပြီးသတ်ချမှတ်နိုင်ရန် အချိန်ကြာမြင့်လိမ့်ဦးမည်ဟုဆိုပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံအများအပေါ် ဩဇာသက်ရောက်နိုင်ရန် အကန့်အသတ်ရှိနေပြီဖြစ်သောကြောင့် ရုရှားနိုင်ငံနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နေသည့် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့တွင် ရုရှားနိုင်ငံအား မှီခိုမှုလျှော့ချပြီး ၎င်းတို့ကိုယ်တိုင် ဓာတ်ငွေ့ထုတ်လုပ်နိုင်အောင် နည်းပညာအကူအညီများပေးသင့်သည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်၊ ဩစတြေးလျနှင့် ကနေဒါ နိုင်ငံတို့သည် ရုရှားနိုင်ငံထက် ပိုမိုသန့်စင်သည့် LNG ကို ထုတ်လုပ်နိုင်ခြင်းကြောင့် မိတ်ဖက်နိုင်ငံများမှ LNG ထုတ်လုပ်မှုများကို ပိုမိုတွန်းအားပေး မြှင့်တင်ရန်လိုအပ်ကြောင်း အကြံပြုရေးသား ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တရုတ်နိုင်ငံသည် ၎င်း၏အကျိုးစီးပွားနှင့် အနောက်အုပ်စုနှင့် ဆက်ဆံရေးထိန်းညှိနိုင်ရန် အခြေအနေအရပ်ရပ်ကိုတွက်ဆ၍ ရုရှားနိုင်ငံနှင့်ဆောင်ရွက်နေသည့် SoP-2 ဓာတ်ငွေ့ပိုက်လိုင်း အတွက် အပြီးသတ်ဆွေးနွေးမှုကို အချိန်ဆွဲနေဦးမည်ဖြစ်ကြောင်း၊ အနောက်အုပ်စု အနေဖြင့် SoP-2 ပိုက်အပေါ် စိုးရိမ်မှုလွန်ကဲနေခြင်းထက် အရှေ့အလယ်ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့နေမှုများကို အာရုံစိုက်သင့်ပြီး အနောက်အုပ်စု မိတ်ဖက် နိုင်ငံများရှိ LNG ဓာတ်ငွေ့ထုတ်လုပ်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အနောက်အုပ်စုနိုင်ငံများအား အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။
ယခု ရုရှားနိုင်ငံမှ ရောင်းချပေးနေသည့် ဓာတ်ငွေ့များတွင် မီသိန်းပါဝင်မှု များပြားနေပြီး အဆိုပါမီသိန်းဓာတ်ငွေ့သည် ပျက်စီးလွယ်သော်လည်း CO2 ဓာတ်ငွေ့ထက် အဆ ၈၀ ပိုမိုပြင်းထန်သဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ပူနွေးလာမှုကို အစားထိုးဖြေရှင်းရန် ထင်သလောက်အလုပ်မဖြစ်ဟုဆိုပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရန် ကျောက်မီးသွေးနှင့်ကျောက်ဖြစ်ရုပ်ကြွင်းစွမ်းအင်လောင်စာများအစား သဘာဝဓာတ်ငွေ့အစားထိုးအသုံးပြု ဖြေရှင်းခြင်းသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး CCP ၏ ပြည်တွင်း နိုင်ငံရေးဩဇာတည်ဆောက်မှုနှင့်လည်း ဆက်နွှယ်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်အတွက် အခြားသောအရင်းအမြစ်များ ဖြစ်သည့် ဘက်ထရီနှင့် အပူစွမ်းအင်အသုံးပြုသည့် စက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်းနေပြီး အောင်မြင်လာပါက သဘာဝဓာတ်ငွေ့နှင့် အခြားသော CO2 ထုတ်လွှတ်မှု မြင့်မားသည့် လောင်စာများအပေါ် မှီခိုမှုလျှော့ချနိုင်ရေး ဆောင်ရွက်သွားလိမ့်မည်ဟု သုံးသပ်ရပါသည်။
ကမ္ဘာ့ပေါ်ရှိ နိုင်ငံများအားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့သာမက လူသားများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါ နေသောကြောင့် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုတွင် စွမ်းအင်ပိတ်ဆို့ရေး၊ ဖြတ်တောက်ရေး၊ ရရှိနိုင်သမျှစုဆောင်းရေးနှင့် အစားထိုးစွမ်းအင်များထုတ်လုပ်နိုင်ရေး သည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေမည်သာဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံငယ်များအနေဖြင့် သဘာဝသယံဇာတစွမ်းအင်များကို ချွေတာ၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အစားထိုးအသုံးပြုနိုင်ရေးအတွက် ပတ်ဝန်းကျင်နိုင်ငံကြီးများ၏ တိုးတက်မှုနှင့်အတူ လိုက်ပါစီးမျောနိုင်ရန် ဆောင်ရွက်ခြင်းက ရေရှည်အမျိုးသားအကျိုးစီးပွား၊ စွမ်းအင်လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြိုတင်မျှော်တွေးဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

53063023

Wednesday, June 28, 2023

အနောက်အုပ်စုနိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သဘောတရားများ၊ သံတမန်ရေးဆိုင်ရာအခင်းအကျင်းများ ပြောင်းလဲပြင်ဆင်လာမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် ကမ္ဘာ့လူ့အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို လက်ခံမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လူသားဆန်မှုနှင့်ဖြစ်တည်မှုတို့ကို အသိအမှတ်ပြု တန်ဖိုးထားသည့် ကမ္ဘာ့အခင်းအကျင်းအသစ်တစ်ခုအား ဦးတည်ဖော်ဆောင်မည့် မူဝါဒနှင့် သဘောတရားများ၊ ထိုမူဝါဒနှင့် အယူအဆများကို ကမ္ဘာကလက်ခံနိုင်အောင် ကြိုးပမ်းနေမှုများ၊ ထိုသဘောတရားများသည် ယခင်ကထက် ပိုမိုအဆင့်မြင့် ကောင်းမွန်လာမှုနှင့် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၃ နှစ်တာ ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးလုပ်ဆောင်မှုများသည် ခေတ္တအေးစက်ခဲ့သော်လည်း အမေရိကန် နိုင်ငံအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်သည့် ဖိအားများနှင့် ပြည်တွင်းရွေးကောက်ပွဲ အခြေအနေများအကြား အကျပ်ရိုက်နေချိန်တွင် တရုတ်နိုင်ငံသည် သံတမန်ရေးတွင် ပြန်လည်ဦးမော့လာခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အနောက်အုပ်စုနိုင်ငံများ၏ စည်းမျဉ်းကို အခြေခံသည့် နိုင်ငံတကာအခင်းအကျင်း(Rule-based International Order)များကို ၎င်း၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ပြန်လည်ပြင်ဆင်တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်း-အစ္စရေး ဆက်ဆံရေးမြှင့်တင်ပေးခဲ့မှုများမှသည် ယူကရိန်းအရေးအတွက်ငြိမ်းချမ်းရေးအဆိုပြုချက်များအထိ ကမ္ဘာ့အရေးတွင် ဝင်ရောက်ဦးဆောင်လာခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးမပြေလည်မှုများကြားမှ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးနိုင်မှုကို ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (Xi Jinping)သည် တရုတ်ခေါင်းဆောင် မော်စီတုန်း (Mao Zedong) ပြီးနောက် တရုတ်နိုင်ငံတွင် ဩဇာအရှိဆုံး ခေါင်းဆောင်တစ်ဦးဖြစ်လာကြောင်းလည်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) သည် ၎င်းတာဝန်စတင်ထမ်းဆောင်စဉ် ၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံသမ္မတ Luiz Inacio Lula da နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့အပါအဝင် အခြားအာရှအလယ်ပိုင်းနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သံတမန်ရေးတိုးချဲ့မှုများတွင် ထိုင်ဝမ် အရေးတင်းမာမှုများနှင့်လည်း ပတ်သက်ဆက်နွှယ်မှုများရှိနေပါသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့သည့် ဟွန်ဒူးရပ်စ်နိုင်ငံ(Honduras)နှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံ ပေကျင်းမြို့၌ သံရုံးဖွင့်လှစ်စေခဲ့ပါသည်။ ထို့ပြင် တရုတ် နိုင်ငံသည် သမ္မတ ရှီကျင့်ဖျင်၏ အတွေးအခေါ်များမှ အဓိကအချက်ဖြစ်သည့် ကမ္ဘာလုံး ဆိုင်ရာလူမှုတိုးတက်မှုအစီအမံ(Global Civilization Initiative-GCI)ကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ထိုအစီအစဉ်ကို ကမ္ဘာ့လူမှုတိုးတက်ရေးအတွက် စတင်ပျိုးထောင် လုပ်ဆောင်ရန် (Cultivating the Garden of World Civilization) (တစ်နည်းအားဖြင့် Xivilization) ဖြစ်သည်ဟု ပြောကြားထားပါသည်။ သမ္မတ ရှီကျင့်ဖျင်၏ အဆိုပါ အစီအမံများသည် လူသားဖြစ်တည်မှုအတွက် ဘုံရည်မှန်းချက်များကို ဖော်ပြထားပြီး အနောက်နိုင်ငံများ ကဲ့သို့ အခြားနိုင်ငံများ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများလည်း ရှိမည်မဟုတ်ဟု တရုတ်နိုင်ငံက ပြောကြားထားပါသည်။ သို့သော် ပညာရှင်များကမူ ရှီကျင့်ဖျင်၏ အယူအဆများက အနောက် နိုင်ငံများ၏ လူ့အခွင့်အရေးကာကွယ်ရေးဟူသည့် သဘောတရားကို ခြိမ်းခြောက် လာလိမ့်မည်ဟု မှတ်ချက်ပြုနေကြပါသည်။
တရုတ်နိုင်ငံ၏ နိုင်ငံရေးဆောင်ရွက်ချက်များသည် ယခင်ကထက် ပိုမိုခေတ်မီ၊ ပိုမိုမဟာဗျူဟာမြောက်လာပြီး ရှေရှည်ကို ဦးတည်လာသည်ဟု Yale Law School’s Paul Tsai China Center အဖွဲ့ဝင် သုတေသနပညာရှင် Moritz Rudolf က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာ့စံနှုန်းများ ပြန်လည်ပြင်ဆင်ရာတွင် ယခင်က ယခုသဘောတရားအစီမံများကဲ့သို့ အသေးစိတ်များ ထုတ်ဖော်ထားခြင်းမရှိသည်ကိုတွေ့ရသည်။ ပထမဆုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI)ကို ချမှတ်ခဲ့ပြီး အဆိုပါအစီအမံသည် ကိုဗစ်-၁၉ မှ ပြန်လည်နလန်ထူမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲမှုများဒဏ်ခံရသည့်နိုင်ငံများကို ကူညီထောက်ပံ့ပေးမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ လုံခြုံရေးအစီအမံ(Global Security Initiative-GSI)ကို ချမှတ်ခဲ့ပါသည်။ ယခုအခါတွင် GCI ကို ထပ်မံချမှတ်ခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် အနောက်အုပ်စုနှင့်မတူညီသည့် သဘောတရားအစီအမံများဖန်တီး၍ ၎င်း၏ နိုင်ငံခြားရေးမူဝါဒများကို ပေါ်လွင်အောင် လုပ်ဆောင်လျက်ရှိပါသည်။ GCI နှင့်ပတ်သက်၍ သမ္မတရှီကျင့်ဖျင်က နိုင်ငံများအနေဖြင့် မတူညီသည့် လူမှုတိုးတက်မှုများနှင့် စံနှုန်း၊ တန်ဖိုးများ၊ သဘောထားများ ရှိကြကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံတစ်ခု၏ တန်ဖိုးများနှင့် ပုံသဏ္ဌာန်များသွပ်သွင်းမှုကို ရှောင်ရှားရမည်ဖြစ်ပြီး နိုင်ငံတစ်ခုချင်းစီ၏ ကွဲပြားခြားနားမှုများကို လက်ခံရမည်ဟု ပြောကြား ထားကြောင်း ဖော်ပြထားပါသည်။
ယခုအခါ မလေးရှားနိုင်ငံ တစ်နိုင်ငံတည်းသာလျှင် GCI အစီအမံကို တရားဝင် ဖော်ထုတ် ထောက်ခံထားသည်ကိုတွေ့ရပြီး အချို့သောအာရှနိုင်ငံများအနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းညှိရန် ၎င်းအစီအမံကို ဖော်ထုတ်ထောက်ခံလိမ့်မည် မဟုတ်ဟုဆိုပါသည်။ လက်ရှိ အမေရိကန်နိုင်ငံ ပုံဖော်နေသည့် Democracy Vs. Autocracy ပုံစံသည် တရုတ်နိုင်ငံအတွက်သာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ပညာရှင်များ သတိပေး နေကြပါသည်။ ဥပမာဆိုရလျှင် အရှေ့တောင်အာရှနိုင်ငံများအားလုံးသည် တရုတ်နိုင်ငံနှင့် ပို၍နိုင်ငံရေးအရ နီးစပ်ကြပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအပေါ် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာတွင် အနောက်နိုင်ငံများ၏ စံနှုန်းများကိုသာ ရှေ့တန်းမတင်သင့်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် ISEAS-Yusof Ishak Institute ၏ ဒေသတွင်း မဟာဗျူဟာနှင့် နိုင်ငံရေးသုတေသနအစီအစဉ်မှ အဖွဲ့ဝင်ဖြစ်သူ Hoang Thi Ha က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကာလကတည်းက ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)ကို ချမှတ်၍ ၎င်း၏ ဘက်ပေါင်းစုံကမ္ဘာတစ်ခုဖန်တီးနိုင်ရန် ကြိုးပမ်းလျက်ပြီး နိုင်ငံပေါင်း ၁၄၇ နိုင်ငံအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၉၆၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ သို့သော်လည်း BRI သည် ဆင်းရဲမွဲတေသည့် နိုင်ငံများအတွက် အကြွေးပိ၍ ပိုမို ဆိုးရွားလျက်ရှိသည်ဟု ဝေဖန်ခံနေရကြောင်း ဖော်ပြထားပါသည်။
သမ္မတ ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ် စတင်ထမ်းဆောင်ချိန်မှ စတင်၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ ပိုမိုပေါ်လွင်ထင်ရှားလာခဲ့ပါသည်။ ထိုင်ဝမ်အရေးကိစ္စအပြင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုမို ကျယ်ပြန့်စွာ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မဟာဗျူဟာမြောက်သည့် ရေပိုင်နက် များတွင် ကျွန်းများတည်ဆောက်၍ စစ်ရေးအတွက် အသုံးပြုနိုင်ရန် ပြင်ဆင်လျက် ရှိနေပါသည်။ အနောက်အုပ်စုအဖွဲ့အစည်းများမပါဝင်သော တရုတ်နိုင်ငံဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းနှင့် BRICS ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းအသစ်များ ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။ အနောက်နိုင်ငံများကလည်း တရုတ်နိုင်ငံ၏ အင်အားချဲ့ထွင်လာမှုများကို ရင်ဆိုင်ရန် ပြင်ဆင်လာခဲ့ကြပြီး၊ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၇ နိုင်ငံဖွဲ့စည်းထားသည့် ဂျီ ၇ အနေဖြင့် တရုတ်နိုင်ငံအား စီးပွားရေးအရအကျပ်ကိုင်မှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရန် တောင်းဆိုခဲ့ကြပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲ ကလည်း အနောက်အုပ်စုနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန် တွန်းအားပေး နေသည်ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာကောင်စီအကြံပေးအဖွဲ့က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့အခင်းအကျင်းများတွင် အနောက်အုပ်စုနိုင်ငံများက ကာလရှည်ကြာ လွှမ်းမိုးခဲ့မှုများကြောင့် ၎င်းတို့၏ တန်ဖိုးများကို ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဟု ယုံကြည်နေကြပါသည်။ ထို့ကြောင့် ယခုအခါ ကမ္ဘာ့ဗဟုမဏ္ဍိုင်အခင်းအကျင်း (Multipolar World Order)အဖြစ်သို့ ပြောင်းလဲနေမှုတွင် အနောက်အုပ်စု၏ တန်ဖိုးများသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ(Universal Values) မဟုတ်ကြောင်းကို ၎င်းတို့ကိုယ်တိုင် လက်ခံနိုင်ရန်အတွက် အတွေးအခေါ်အယူအဆဆိုင်ရာ စိန်ခေါ်မှု (Moral Challenge) တစ်ခုဖြစ်နေပါသည်။ ဗဟုမဏ္ဍိုင်ကမ္ဘာ့အခင်းအကျင်းသည် ကမ္ဘာ့အသိုက်အဝန်းများ အကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအကျိုးစီးပွားများ ဖြစ်ထွန်းစေနိုင်ပြီး အမေရိကန် နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအား ပြိုင်ဘက်နိုင်ငံအဖြစ်မြင်နေခြင်းကို အဆုံးသတ်ရန် လိုအပ်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယို(George Yeo)က ပြောကြား ခဲ့ပါသည်။ အမေရိကန်နိုင်ငံဘက်က မည်သို့ပင်တုံ့ပြန်မှုများရှိစေကာမူ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ ပိုမိုအင်အားကောင်းသော ကမ္ဘာ့အဆင့်နိုင်ငံတစ်ခုအဖြစ်သို့ တက်လှမ်းရန် ရည်မှန်းချက်များကို စွန့်လွှတ်လိမ့်မည်မဟုတ်ဟု လေ့လာသူများက ဆိုကြပါသည်။ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံအပါအဝင် အာရှအလယ်ပိုင်းဒေသများတွင် တရုတ်နိုင်ငံ၏ ဩဇာချဲ့ထွင်မှုများကို တွေ့ရကြောင်း ဖော်ပြထားပါသည်။
BRICS နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးပွဲတွင် အနောက်နိုင်ငံ များ၏ လွှမ်းမိုးမှုမရှိသည့် ကမ္ဘာ့အခင်းအကျင်းတစ်ခုကို ဖန်တီးရန် ဆွေးနွေးခဲ့ကြကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင်အဖြစ် လက်မခံလိုသည့် ဆန့်ကျင်မှု များလည်း ရှိနေပါသည်။ ထို့ကြောင့် နိုင်ငံကြီးများအကြား ပဋိပက္ခများနှင့် ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် ဗဟုမဏ္ဍိုင်ကမ္ဘာ့အခင်းအကျင်းတွင်သာ ၎င်း၏ ဩဇာအာဏာကို တည်ဆောက်ရဦးမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် အတိအလင်းစစ်ပွဲတစ်ခုဖြစ်မလာမချင်း လုံးဝပြတ်တောက် သွားရန်မှာ မဖြစ်နိုင်ကြောင်းနှင့် ထိုသို့ဆိုခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေး အဆင်ပြေလာလိမ့်မည်ဟုလည်း ဆိုလိုခြင်းမဟုတ်ကြောင်း Oxford Global Society မှ မဟာဗျူဟာ အကြံပေး Brian Wong က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၌ ကမ္ဘာ့အခင်းအကျင်းများတွင် ဦးဆောင်နိုင်ခဲ့သည့် အမေရိကန် နိုင်ငံ၏ လွှမ်းမိုးမှုကျဆင်းလာခြင်းနှင့် အမေရိကန်နိုင်ငံနေရာတွင် တရုတ်နိုင်ငံ၏ အခြားသော နိုင်ငံရေးသဘောတရား၊ အခင်းအကျင်းပုံစံသစ်များဖြင့် ဝင်ရောက်လာမှုကို လေ့လာသုံးသပ်၍ အသေးစိတ်ရေးသားထားရှိပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာ့ဦးဆောင်မည့် နိုင်ငံရေးသဘောတရားတွင် အဓိကအနှစ်သာရမှာ နိုင်ငံများ၏ မတူညီသည့် အခြေအနေ များနှင့် တန်ဖိုးများကို လက်ခံရန်နှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူက အနောက်အုပ်စု၏ လစ်ဘရယ်သဘောတရား သွပ်သွင်းရေး မူဝါဒကို အဓိက စိန်ခေါ်နေသည့် အယူအဆဖြစ်လာပါသည်။ ထို့ကြောင့် ပညာရှင်များအနေဖြင့် အမေရိကန်နှင့် အနောက်အုပ်စုဘက်မှ ဒီမိုကရေစီနှင့် အာဏာရှင်တို့၏ အားပြိုင်ပွဲဟု ပုံဖော်နေခြင်းသည် တရုတ်နိုင်ငံအား ပို၍အားသာချက်ဖြစ်စေနိုင်သည်ဟု ထောက်ပြနေသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကာလရှည်ကြာလက်ခံခဲ့သော အနာဂတ်တန်ဖိုးများသည် ကမ္ဘာ့တန်ဖိုးများဖြစ်ရမည်ဟု ဆိုသည့် ယုံကြည်မှုကို စွန့်လွှတ်ရန်ခက်ခဲနေကြောင်း တွေ့ရှိရပါသည်။
ယခုလက်ရှိကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံငယ်အများစု (အထူးသဖြင့် အာရှနိုင်ငံများ) အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးထိန်းညှိရဦးမည့် အခြေအနေရှိနေသောကြောင့်တရုတ်နိုင်ငံမှ အဆိုပြုနေသည့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI)၊ ကမ္ဘာ့လုံခြုံရေးအစီအမံ(Global Security Initiative-GSI)နှင့် ကမ္ဘာလုံးဆိုင်ရာလူမှုတိုးတက်မှုအစီအမံ (Global Civilization Initiative-GCI)ဟူသည့် ကမ္ဘာ့ဦးဆောင်မှုအစီအမံသဘောတရားများကို ပေါ်ပေါ်တင်တင် ထောက်ခံခြင်းမရှိသေးသော်လည်း အနာဂတ်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာ့ဩဇာတည်ဆောက် နိုင်မှု ပိုမိုပြတ်သားလာမည်ဆိုပါက အာရှနိုင်ငံအများစုအနေဖြင့် ၎င်းတို့နှင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်နိုင်ငံရေးအရ ပိုမိုနီးစပ်သည့် တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်သို့ ပါလာနိုင်သည်ဟု ယူဆရပါသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်သို့ မလိုက်လိုသည့် နိုင်ငံများရှိနေဆဲဖြစ်သော်လည်း အနောက်အုပ်စု နိုင်ငံများတွင်ပင်လျှင် တရုတ်နိုင်ငံ၏အခင်းအကျင်းသစ်အား လုံးဝငြင်းဆန်ရန်ခက်ခဲသည့်အခြေအနေတွင်ရှိနေသည်ကို တွေ့ရှိရပါသည်။
နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံဦးဆောင်သော အနောက်အုပ်စု၏ လွှမ်းမိုးချယ်လှယ်ခြင်း(Hegemony)ကို ခံခဲ့ရသော ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် တရုတ်နိုင်ငံ၏ အင်အား ကြီးမားလာမှုသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဖက်သတ် ဖိအားပေးခံနေရမှုမှ လွတ်မြောက်နိုင်မည့် ရောင်ခြည်သန်းလာသည်ဟု ယူဆနေကြပါသည်။ တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများရှိလာသော်လည်း ဗဟုမဏ္ဍိုင်အခင်းအကျင်းသို့ ဦးတည်လျက်ရှိသောကြောင့် အိန္ဒိယနိုင်ငံအပါအဝင် အင်အားကြီး၊ အင်အားအလယ်အလတ်နိုင်ငံအချို့မှတရုတ်နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင် နိုင်ငံအဖြစ် အလွယ်တကူလက်ခံလိမ့်မည်မဟုတ်သည်မှာလည်း လက်ရှိပေးထားချက်တစ်ခုပင်ဖြစ်ပါသည်။
ထို့ကြောင့် ၎င်းတို့၏ စံနှုန်းများနောက်သို့ မလိုက်ပါသည့် နိုင်ငံများအား စံနှုန်းအခြေပြု၍ ပိတ်ဆို့အရေးယူမှုများကို အကောင်းဆုံး ဖိအားပေးခြင်းနည်းလမ်းတစ်ခုအဖြစ် နှစ်ရှည်လများအား ဆောင်ရွက်လာသည့် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ၎င်းတို့၏ တန်ဖိုးများသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဖြစ်ရမည်ဟု စိတ်ကြီးဝင်နေမှုကို မကျော်လွှားနိုင်ပါက တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်လာသော သဘောတရားများကို တန်ပြန်နိုင်ရန် (အထူးသဖြင့် အာရှဒေသအတွင်း) ခက်ခဲလာလိမ့်မည်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
52062923

Tuesday, June 27, 2023

တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ တွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 









နိဒါန်း
တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့သည် ဇွန်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး ပထဝီဝင်နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာကဏ္ဍများနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများကို ပြန်လည် သုံးသပ်ရန် ကြိုးပမ်းခဲ့မှုများနှင့် သံတမန်ရေး အကျိုးအမြတ်များအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတနှင့် Blinken ၏ တွေ့ဆုံမှုသည် ၂ ရက်တာ ကြာမြင့်သည့် Blinken ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း‌ တရုတ်နိုင်ငံအကြီးအကဲများနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့မှုများအနက်မှ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုများသည် အပြန်အလှန်လေးစားမှုနှင့် ရိုးသားဖြောင့်မတ်မှုအပေါ်တွင်အခြေခံထားသင့်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း အပြုသဘော ဆောင်သည့် အကြံပြုဆွေးနွေးမှုများဖြင့် တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံက မျှော်မှန်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံကို စိန်ခေါ်မှုပြုလုပ်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ အလားတူ သဘောထားမျိုး အမေရိကန်နိုင်ငံတွင် ရှိလိမ့်မည်မဟုတ်ဟုလည်း မျှော်မှန်းထားကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ သဘောဆန္ဒအတိုင်း အခြားတစ်နိုင်ငံကို ပုံသွင်းနေမှုများက အခြားတစ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများ ဆုံးရှုံးမှုဖြစ်စေသည်ဟု တရုတ်နိုင်ငံသမ္မတက ပြောကြားခဲ့သည်ကို ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်(နိုင်ငံခြားရေးဝန်ကြီးဟောင်း) Wang Yi က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်း များကို ရှောင်ရှားသင့်ပြီး တရုတ်နိုင်ငံ၏ သိပံ္ပနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းပေးသင့်ကြောင်းနှင့် Blinken ၏ တရုတ်နိုင်ငံခရီးစဉ်ကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးပါသည့် အလှည့်အပြောင်း “Critical Juncture” ဖြစ်လာနိုင်ကြောင်း၊ ထိုအလှည့်အပြောင်းသည် တွေ့ဆုံဆွေးနွေးခြင်းလော၊ ထိပ်တိုက်တွေ့ခြင်းလော၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုလော၊ ပဋိပက္ခလောဟူသည်ကို ရွေးချယ်မှုများပြုလုပ်ရန်လိုအပ်မည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသမ္မတနှင့်တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Blinken က တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့သည် အမေရိကန် နိုင်ငံကို ထိခိုက်စေမည့် အသံထက်မြန်သော ဒုံးစနစ်များ (Hypersonic Missiles) ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို တားဆီးရန်အတွက်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ခြင်းအစား ခိုင်ခိုင်မာမာချမှတ်ရန် လိုအပ်မည်ဟု ယူဆထားကြောင်း၊ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် မိမိနိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံသားပိုင်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရမည့် အပြင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက်လည်း လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့အခြေအနေနှင့် ကြုံတွေ့ရလျှင် အမေရိကန်နိုင်ငံနည်းတူ ဆုံးဖြတ်နိုင်ကြောင်း ဘလင်ကန်က ပြောကြား ခဲ့သည်ကို ဖော်ပြထားပါသည်။
ယခု Blinken ၏ ခရီးစဉ်သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mike Pompeo ၏ တရုတ်နိုင်ငံခရီးစဉ် ပြီးဆုံးပြီးနောက် ပထမဦးဆုံး ခရီးစဉ်ဖြစ်ပါသည်။ Blinken သည် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံကို သွားရောက်ရန် စီစဉ်ခဲ့သော်လည်း အမေရိကန်လေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ ထောက်လှမ်းရေး မိုးပျံဘောလုံးကိစ္စရပ်ဖြစ်ပွားပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ၏ ပြိုင်ဆိုင်မှုများသည် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံဘက်မှ မှတ်ယူထားပြီး အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို “One China Policy” အပြည့်အဝ လိုက်နာရန် လိုအပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ဇွန်လ ၁၈ ရက်နေ့ Blinken နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ၏ တွေ့ဆုံမှုတွင်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် ပြိုင်ဆိုင်မှုများ မြင့်တက်လာချိန်တွင် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ရန်အတွက် ဆက်ဆံရေးထိန်းသိမ်းမှုများပြုလုပ်ရန် သဘောတူညီခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin သည်လည်း အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဟု ဖော်ပြထားပါသည်။
နှစ်နိုင်ငံစလုံး၏ ထုတ်ပြန်ချက်များတွင် ၎င်းတို့၏ ဆွေးနွေးမှုသည် ခိုင်မာပြီး ပွင့်ပွင့်လင်းလင်းဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုမျိုးဖြစ်သည်ကို ပုံဖော်ထားပြီး နှစ်နိုင်ငံအကြီးအကဲများ၏ အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် ဆန္ဒရှိနေသည် ကိုလည်းဖော်ပြနေပါသည်။ ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် လွန်ခဲ့သည့် ၂ နှစ်က ပြုလုပ်ခဲ့သည့် Alaska ဆွေးနွေးပွဲအခြေအနေများနှင့် ကွဲပြားနေပြီး နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ ဆွေးနွေးမှုသည် တည်ငြိမ်သည့် ဆက်ဆံရေးကို ဖော်ဆောင်ရန် ဆန္ဒရှိနေသည်ကို ပြသလျက်ရှိပါသည်။ ထို့ကြောင့် ယခုနှစ်အတွင်း အောင်မြင်မှုအချို့ကို ရရှိနိုင်ရန်မျှော်မှန်းထားသည်ဟု တရုတ်သုတေသနပညာရှင်တစ်ဦးက ပြောကြားခဲ့ပြီး၊ Blinken ၏ မှတ်ချက်ပြုပြောကြားချက်များတွင် တရုတ်နိုင်ငံ၌ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဦးစားပေးဖော်ဆောင်ခြင်းကို ညွှန်းဆိုထားပြီး ထိုကိစ္စကနှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးအတွက် လမ်းခင်းပေးနေသည်ကို ပြသရာရောက်သည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးသည် ကောင်းမွန်သည့် ဆက်ဆံရေးမျိုးမဟုတ်သည့်တိုင် ကောင်းမွန်စပြုသည့် အခြေအနေမျိုး ရောက်ရှိလာပြီဖြစ်သည်ဟု ဆိုပါသည်။ သို့သော် နှစ်နိုင်ငံစလုံးအနေဖြင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်ဖော်ဆောင်နိုင်ခြင်း ရှိ/မရှိဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပြီး မိုးပျံဘောလုံးကဲ့သို့ မမျှော်လင့်သော အဖြစ်အပျက် များကြောင့် နှစ်နိုင်ငံ၏ ဆက်ဆံရေးတည်ဆောက်နေမှုကို အနှောင့်အယှက်ဖြစ်စေသည့် ကိစ္စရပ်များ(Black Swan Event)လည်း ရှိနေပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးတွင် ပြည်တွင်းနိုင်ငံရေး ဖိအားများရှိနေပြီး ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ်များ ကွဲပြားနေခြင်းကလည်း နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုဖြစ်လာစေနိုင်ပါသည်။ Blinken ၏ တရုတ်နိုင်ငံခရီးစဉ် ရည်ရွယ်ချက်များ ဖြစ်မြောက်ခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုများအတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကာလရှည်ကြာ ဖြစ်ပွား ခဲ့သည့် သဘောထားကွဲလွဲမှု အက်ကြောင်းများကို ပြန်လည်ပြုပြင်ရန် ပဏာမသဘော တူညီချက်ရရှိခဲ့ပြီးဖြစ်သော်လည်း နှစ်နိုင်ငံအကြားတွင် ဖြစ်ပွားနေသည့် ဆက်ဆံရေးတင်းမာမှုများကို ဖြေလျှော့နိုင်ရန် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမှသာ ဖြစ်လာနိုင်မည်ဖြစ်ကြောင်းနှင့်‌ မထင်မှတ်ဘဲ ဖြစ်ပေါ်လာနိုင်သော မျှော်မှန်းမထားသည့်ကိစ္စရပ်များက ပုံမှန်သံတမန်ဆက်ဆံရေး တည်ဆောက်ခြင်းများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း သုံးသပ်ရေးသား ထားသည်ကို တွေ့ရှိရပါသည်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့နံပါတ် “၁” နေရာသို့ ရောက်ရှိလာနိုင်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေ သော်လည်း ကမ္ဘာတစ်လွှားတွင် ၎င်းနိုင်ငံ၏ စီးပွားရေးအင်အားနှင့် စစ်ရေးအင်အား ချဲ့ထွင်လာမှုများက အမေရိကန်နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက်လာနေသည်ဟု အမေရိကန်နိုင်ငံဘက်မှ မှတ်ယူထားပါသည်။ ယခုတွေ့ဆုံမှုတွင်လည်း တရုတ်နိုင်ငံ အစိုးရ၏ ပြောကြားချက်များသည် ပြည်တွင်းရေး(ထိုင်ဝမ်)တွင် ဝင်ရောက်စွက်ဖက် နေမှု၊ နည်းပညာနှင့်စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် အနာဂတ်တွင် ထိပ်တိုက်တွေ့ဆုံမှုနှင့် စေ့စပ်ညှိနှိုင်းမှုအကြား ရွေးချယ်မှုများပြုလုပ်ရန်တိုက်ရိုက်သတိပေးနေသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ Xi အနေဖြင့် Blinken နှင့် တွေ့ဆုံရာတွင် သမားရိုးကျမဟုတ်သည့် အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဌာန်စားပွဲဝိုင်းတွင် Blinken နှင့် တရုတ်နိုင်ငံတာဝန်ရှိသူများအား ၎င်းနှင့် ခပ်လှမ်းလှမ်းတွင် နေရာချ၍ တွေ့ဆုံခဲ့ပြီး သာမန်မဟုတ်သည့် သံတမန်ရေးတွေ့ဆုံမှု အခင်းအကျင်းအဖြစ် ရှုမြင်နိုင်ပါသည်။ Blinken အား ဖိတ်ကြားမှုတွင်လည်း တရုတ်နိုင်ငံမှဖိတ်ကြားချက်အရဟု ခေါင်းစဉ် မတပ်ခဲ့ဘဲ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား သဘောတူညီမှုအရ “As Agreed Between China and the US” ဟုသာ ခေါင်းစဉ်တပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံဘက်မှ နည်းပညာအရ ပိတ်ဆို့အရေးယူထားမှု များကို ဖယ်ရှားပေးရန် လိုလားနေပြီး ထိုကဲ့သို့သော သတင်းစကားများ Blinken နှင့်အတူ ပါမလာခြင်းအတွက် တရုတ်နိုင်ငံဘက်မှ သံတမန်ရေး အထက်စီးဆန်မှုကို ပြသလိုက်ခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် တရုတ်နိုင်ငံနှင့်ညှိနှိုင်းရာတွင် လွတ်လပ်စွာအပေးအယူ ပြုလုပ် နိုင်ရန် ကန့်သတ်ချက်များရှိနေပြီး အမေရိကန်နိုင်ငံဘက်မှ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံ၍ ညီလာခံကျင်းပရန် ကမ်းလှမ်းမှုကိုပင် တရုတ်နိုင်ငံဘက်မှ မှတ်ချက်မပေး ခဲ့ကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် Xi နှင့် တွေ့ဆုံမှုအပြီး Blinken ၏ သတင်းထောက် များကို ဖြေကြားမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း “US does not support Taiwan independence” ပြောကြားချက်က Republican အမတ်များကို စိတ်ပျက်မှုများဖြစ်ပေါ်စေပြီး Blinken အပေါ် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပါသည်။
ထို့ကြောင့် ယခုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံစလုံးမှ သံတမန်ရေးအရ အပြုသဘောဆောင်သည့်ဘက်မှ ထုတ်ပြန်ချက်များကိုတွေ့ရသော်လည်း လက်တွေ့တွင် အမေရိကန်နိုင်ငံအတွက် မည်သို့သော ထိရောက်သည့်ရလဒ်မှ မထွက်ခဲ့ဘဲ တရုတ်နိုင်ငံ အတွက်သာ သံတမန်ရေးအားသာချက်များ ရရှိခဲ့သည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် လာမည့်နှစ်ဇန်နဝါရီလအတွင်းကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲနှင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်နိုင်ငံရွေးကောက်ပွဲတို့အပေါ် အခွင့်ကောင်းယူ၍ သံတမန်ရေးနှင့် စစ်ရေးအရ အားသာချက်များကို အကျိုးရှိစွာ အသုံးချလာလိမ့်မည် ဟုလည်း ယူဆရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်အတွက် အနောက် အုပ်စုမှ နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းနေချိန်တွင် ဘက်နှစ်ခုစလုံးအတွက် ပထဝီဝင်နိုင်ငံရေးအရ အရေးပါနေသော မြန်မာနိုင်ငံအနေဖြင့် ကြားမညပ်စေရေးရှောင်ရှားနိုင်ခြင်းသည် နိုင်ငံခြားရေးနှင့် သံတမန်ရေးဆိုင်ရာ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect

51062823

Monday, June 26, 2023

ပစိဖိတ်ကျွန်းနိုင်ငံများ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသော သဘောထားများ ပြောင်းလဲလာမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
ဖီဂျီ-နယူးဇီလန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်အား လက်မှတ် မရေးထိုးမီ ဖီဂျီနိုင်ငံသည် ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံနှင့် ချုပ်ဆိုခဲ့သော လုံခြုံရေး ဆိုင်ရာ သဘောတူညီချက်အား ပြန်လည်စဉ်းစားသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုသို့သော သံတမန်ရေးအပြောင်းအလဲများသည် ပစိဖိတ်ကျွန်းနိုင်ငံများ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသော သဘောထားများ အတက်အကျရှိနေသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
မကြာသေးမီက ဖီဂျီနိုင်ငံဝန်ကြီးချုပ် Sitiveni Rabuka က ဖီဂျီအစိုးရအနေဖြင့် တရုတ်-ဖီဂျီ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အား ပြန်လည်စဉ်းစား သွားမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ၂၀၁၁ ခုနှစ်၌ နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်တွင် ဖီဂျီရဲတပ်ဖွဲ့ဝင်များအား တရုတ်နိုင်ငံသို့ ခေါ်ယူလေ့ကျင့်ပေးခြင်း၊ တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖီဂျီနိုင်ငံတွင် တပ်ဖြန့်ထားခွင့်ရှိခြင်းတို့ ပါဝင်ပါသည်။ ယခုအခါ ဖီဂျီအစိုးရမှ ထိုသဘောတူညီချက်အား ပြန်လည် စဉ်းစားမည်ဟု ပြောကြားခဲ့ခြင်းသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဖော်ဆောင်ခဲ့သည့် ပစိဖိတ်ကျွန်းနိုင်ငံများဆိုင်ရာ လုံခြုံရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက်၌ ပစိဖိတ်ကျွန်းနိုင်ငံအများစုမှ ပါဝင်မှုမရှိခြင်းအပေါ်တွင် အခြေခံသည့်အပြင် တရုတ်နိုင်ငံ၏ ဒေသတွင်း ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုကို တုံ့ပြန်နိုင်ရန်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
လက်ရှိအချိန်၌ ဖီဂျီနိုင်ငံဝန်ကြီးချုပ်ဟောင်း Frank Bainimarama လက်ထက်က ချမှတ်ခဲ့သည့် ဖီဂျီနိုင်ငံ၏ “မြောက်ဘက်မျှော်မူဝါဒ”(Look North Policy)သည် တဖြည်းဖြည်း အားနည်းလာပြီး လက်ရှိဖီဂျီနိုင်ငံဝန်ကြီးချူပ် Sitiveni Rabuka ကလည်း ၎င်းအနေဖြင့် စံနှုန်းများကိုတန်ဖိုးထားပြီး သဟဇာတဖြစ်သောအစိုးရစနစ်သည် ၎င်းတို့၏နိုင်ငံခြားရေး မူဝါဒအတွက် အဓိကကျသည်ဟု ပြောကြားထားပါသည်။ ထို့ပြင် ၎င်းက ဖီဂျီနိုင်ငံ၏ သမားရိုးကျလုံခြုံရေးစနစ်ပုံစံ (ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု) ကိုသာ အားသာနေပြီး မကြာသေးမီကလည်း နယူဇီလန်-ဖီဂျီတို့၏ စစ်တပ်နှစ်ခုအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ကာကွယ်ရေးဆိုင်ရာ သဘော တူညီချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် Kiribati ၊ The Solomon Islands ကျွန်းနိုင်ငံတို့နှင့် သံခင်းတမန်ခင်းအရ အတိုင်းအတာတစ်ခုအထိ ကောင်းမွန်သော်လည်း တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ကမ္ဘာ့ကြီးအပေါ် ရှုမြင်ထားပုံသည် ကွဲပြားခြားနားကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် ကြီးစဉ်ငယ်လိုက် ကမ္ဘာ့ရှုမြင်ချက် (Hierarchical Worldview)ကို လက်ခံထားပြီး ပစိဖိတ်ကျွန်းနိုင်ငံများကမူ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခုသည် အရွယ်အစား ကြီးသည်/ငယ်သည်နှင့် မဆိုင်ဘဲ တန်းတူဆက်ဆံရမည်ဟုဆိုသော အယူအဆကို လက်ခံထားသောကြောင့် နှစ်နိုင်ငံအကြားတွင် ကွဲလွဲမှုကြီးမားစွာရှိသည်ဟု ဆိုပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများအား ၎င်း၏ လက်ဝေခံနိုင်ငံများအဖြစ် မှတ်ယူထားသောကြောင့် တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြားရှိ ပူးပေါင်းဆောင်ရွက်မှု များတွင် အခက်အခဲများရှိနိုင်ပါသည်။ ထို့ကြောင့် FederatedStates of Micronesia (FSM)၏ သမ္မတဟောင်း David Panuelo က တရုတ်နိုင်ငံ၏ ထိုကဲ့သို့ပြုမူနေခြင်းသည် နိုင်ငံရေးစစ်ပွဲဆင်နွှဲနေခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုထားပြီး တရုတ်နိုင်ငံအနေဖြင့် Federated States of Micronesia ၏ ရေပိုင်နက်ထဲသို့ မကြာခဏ ကျူးကျော်ဝင်ရောက်၍ ကင်းလှည့်သင်္ဘောများကို ခြိမ်းခြောက်ခြင်းအပြင် ဒေသတွင်း နိုင်ငံရေးသမားများနှင့်ပါ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ထိုကဲ့သို့ ပြုလုပ်နေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ရှိရင်းစွဲလက္ခဏာ တစ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
David Panuelo အနေဖြင့် တရုတ်နိုင်ငံနှင့် စပ်လျဉ်းသော အပြုအမူများနှင့် ပတ်သက်၍ ရိုးသားစွာဖွင့်ထုတ်ပြောဆိုခဲ့သော်လည်း အခြားသော ပစိဖိတ်ကျွန်း နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့်စပ်လျဉ်း၍ ထိုကဲ့သို့ ပွင့်လင်းစွာပြောဆိုမှုပြုလုပ် ရန်မဖြစ်နိုင်ဟု ဆိုပါသည်။ အထူးသဖြင့် မဟာဗျူဟာကိစ္စရပ်များနှင့်စပ်လျဉ်းလာပါက ပစိဖိတ်ကျွန်းနိုင်ငံများသည် တရုတ်နိုင်ငံအား သတိထား၍ တိတ်တဆိတ်ဖြင့် ယဉ်ကျေးစွာ ငြင်းဆိုမည့်ပုံစံမျိုးကို ဖော်ဆောင်လာနိုင်ပါသည်။ လက်ရှိဥပမာအနေဖြင့် ဖီဂျီနိုင်ငံဝန်ကြီးချုပ် Sitiveni Rabuka ၏ တရုတ်-ဖီဂျီ ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်အား ပြန်လည်စဉ်းစားမည်ဟု ပြောကြားခဲ့ခြင်းသည် တရုတ်နိုင်ငံသို့ ယဉ်ကျေး သိမ်မွေ့စွာဖြင့် အချက်ပြနေသည့် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ထို့ပြင် ဖီဂျီနိုင်ငံမှ အဆိုပါသဘောတူညီချက်အား ပြန်လည်စဉ်းစားမည်ဟု ပြောကြားခဲ့ခြင်းသည် ဖီဂျီ-နယူးဇီလန် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းမတိုင်မီတွင် ဖြစ်ပွားခဲ့ပြီး ဖီဂျီနိုင်ငံဘက်မှ တရားဝင် လူသိ ရှင်ကြားဖြင့် ထုတ်ပြန်ထားခြင်းမျိုးမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ပစိဖိတ်ကျွန်းနိုင်ငံအများစုသည် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို အလေးထား၍ အပြန်အလှန်လေးစားမှုကို အခြေခံသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေသောကြောင့် အနာဂတ်တွင်လည်း အဆိုပါမူဝါဒနှင့် စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲသွားရန်မရှိဟုဆိုပါသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့် ဩစတြေးလျနိုင်ငံ အစိုးရဟောင်း လက်ထက်တွင် အဆိုပါမူဝါဒကို လိုက်နာခြင်း မရှိသောကြောင့် ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ဆက်ဆံရေးကျဆင်းခဲ့ပါသည်။ လက်ရှိ ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့် ယခင်က အမှားများကို ပြန်လည်သုံးသပ်၍ ပြုပြင်ခဲ့သောကြောင့် လက်ရှိအချိန်၌ ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် ဩစတြေးလျကဲ့သို့ ၎င်း၏မူဝါဒများကို ပြန်လည်သုံးသပ်၍ ပြုပြင်ရန်မှာ ရာခိုင်နှုန်း အလွန်နည်းပါးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ကမ္ဘာ့ရှုမြင်ချက်(Worldview) ကွဲပြားခြားနားမှု၊ အထူးသဖြင့် တရုတ်နိုင်ငံသည်ကြီးစဉ်ငယ်လိုက်ကမ္ဘာ့ရှုမြင်ချက်(Hierarchical Worldview)ကို လက်ခံထားပြီး ပစိဖိတ်ကျွန်းနိုင်ငံများက အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခုသည် အရွယ်အစား ကြီးသည်/ငယ်သည်နှင့် မဆိုင်ဘဲ တန်းတူဆက်ဆံရမည်ဟုဆိုသော အယူအဆကို လက်ခံထားမှု၊ ထို့ပြင် တရုတ်နိုင်ငံမှ ပစိဖိတ်ကျွန်းနိုင်ငံများအား ၎င်း၏ လက်ဝေခံ နိုင်ငံများအဖြစ် သတ်မှတ်ထားမှုနှင့် တရုတ်နိုင်ငံ၏ ပစိဖိတ်ကျွန်းနိုင်ငံများအပေါ် မလေးစားမှုတို့ကို မီးမောင်းထိုးပြ၍ တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ဆက်ဆံရေး ကျဆင်း လာနိုင်ကြောင်း၊ သို့သော်လည်း ပစိဖိတ်ကျွန်းနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလျှော့ချရာတွင် သိမ်မွေ့နူးညံ့သည့်နိုင်ငံခြားရေးမူဝါဒအား အသုံးပြု၍ ဆောင်ရွက် လာနိုင်ကြောင်းကို အနောက်အုပ်စုဘက်မှ သံတမန်ရေးအောင်မြင်လာမှုအဖြစ် သွယ်ဝိုက်၍ရေးသားထားခြင်း ဖြစ်ပါသည်။
အာရှ-ပစိဖိတ်ဒေသတွင်း ခြေလှမ်းစိတ်လာသည့် အမေရိကန်နိုင်ငံအနေဖြင့် မကြာသေးမီကပင် ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်စစ်အခြေစိုက်စခန်းအသစ်များတည်ဆောက်ခွင့်ကို ရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်လည်း တိုက်ချင်းပစ်ဒုံးပျံတိုက်ခိုက်မှု၊ လေကြောင်းရန် ကာကွယ်မှု၊ ဆိုက်ဘာစစ်ပွဲများ ဆင်နွှဲနိုင်မှုတို့ ဆောင်ရွက်နိုင်မည့် ကျယ်ပြန့်စွာ စွမ်းဆောင်နိုင်သော အမေရိကန်နိုင်ငံ၏ စွမ်းရည်မြင့်တပ်ဖွဲ့တစ်ခုဖြစ်သည့် “Multi-Domain Army Unit”တစ်ခုအား တပ်ဖြန့်ထားနိုင်ရေး ဂျပန်နိုင်ငံနှင့် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိနေပါသည်။ လက်ရှိအချိန်၌ ပစိဖိတ်ဒေသအတွင်း၌ QUAD အဖွဲ့ဝင်များ ဖြစ်သည့် ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် တရုတ်နိုင်ငံအား ဝိုင်းပတ် ပိတ်ဆို့နိုင်ရေး ပိုမိုအလေးထားဆောင်ရွက်နိုင်ရန် ပစိဖိတ်ကျွန်းနိုင်ငံများအား ဆွဲဆောင်ခြင်း၊ ဖိအားပေးခြင်းများပြုလုပ်နေသည့်အပြင် ပါပူဝါနယူးဂီနီနှင့် ဂူအမ်ကျွန်းအပါအဝင် ဒေသတွင်း၌ အမေရိကန်နိုင်ငံ၏ တပ်ဖြန့်ထားရှိမှုများ ပိုမိုများပြားလာနိုင်သောကြောင့်အနာဂတ်တွင် ဒေသတွင်းလုံခြုံရေးဆိုင်ရာ အားပြိုင်မှုများစွာ ဖြစ်ပေါ်လာနိုင်မည့် အလာအလားပင်ဖြစ်ပါသည်။
အနောက်အုပ်စုသည် ပစိဖိတ်ကျွန်းနိုင်ငံငယ်များအား စဉ်ဆက်မပြတ်သံတမန် ဆက်ဆံရေးနည်းလမ်း၊ အထောက်အပံ့အလုံးအရင်းပေး၍ စစ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုနည်းလမ်းကိုကျင့်သုံးနေပြီး တရုတ်နိုင်ငံ၏ နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ အသာစီးရယူခဲ့မှုများကို ပုံကြီးချဲ့ဖော်ပြသည့် မီဒီယာနည်းလမ်းများဖြင့် လက်တွေ့ကျသော ချဉ်းကပ်မှုများက အတန်အသင့် ခရီးပေါက် လာကြောင်းကိုလည်း တွေ့ရှိရပြီး နိုင်ငံငယ်များအနေဖြင့်လည်း အင်အားကြီးနိုင်ငံများအကြား Hedging ပြုလုပ်နေခြင်းဟု ယူဆနိုင်ပါသည်။ Hedging ဆိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံငယ်များက အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုတွင် သိသာထင်ရှားသော ဘက်ရွေးချယ်မှုကို ဆောင်ရွက်ခြင်းမရှိဘဲ အခြေအနေ အချိန်အခါပေါ်မူတည်၍ အင်အားကြီးနိုင်ငံများအကြား ထိန်းညှိဆက်ဆံခြင်း ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေးနှင့် ပထဝီအနေအထား၊ ပထဝီဝင် နိုင်ငံရေးအခြေအနေတို့အပေါ်မူတည်၍ ဖော်ဆောင်ရခြင်းဖြစ်သောကြောင့် နိုင်ငံများအားလုံး မည်သို့မျှ ထပ်တူညီချင်းမရှိနိုင်သည်ကို သတိချပ်နိုင်ပြီး National Power တည်ဆောက်နိုင်ရေးသည်သာ ပဓာနဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
50062723

Sunday, June 25, 2023

ထိုင်ဝမ်၏ ဖြူးကောင်မဟာဗျူဟာ-Porcupine Strategy၊ လက်ရှိ ကာကွယ်ရေးမူဝါဒချမှတ်ရန် မတင်မကျဖြစ်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ထိုင်ဝမ်၏ ကာကွယ်ရေးမူဝါဒချမှတ်ရာတွင် အမေရိကန်နိုင်ငံ၏ သဘောထား မပြတ်သားမှုကြောင့် အကျပ်ရိုက်နေသည့် အခြေအနေတွင် ရှိနေပြီး ထိုင်ဝမ်၏ တရုတ်နိုင်ငံကို တန်ပြန်မည့် မဟာဗျူဟာနည်းလမ်းများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ထိုင်ဝမ်သည် လက်ရှိတွင် ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည့် ကာလတစ်ခုသို့ ဝင်ရောက်လာနေပြီး ၂၁ ရာစုနှစ်အလယ်ပိုင်းမတိုင်မီ တရုတ်နိုင်ငံမှ ကျူးကျော်လာနိုင်ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်၍ ထိုင်ဝမ်၏ နိုင်ငံရေးနယ်ပယ်များ၌ စိုးရိမ်ပူပန်လျက်ရှိကြပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲအပြောင်းအလဲများသည် စိတ်လှုပ်ရှားမှုအတိဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးကောက်ခံသမ္မတအသစ်၏ ကာကွယ်ရေးမူဝါဒချမှတ်မှုသည် ရွေးကောက်ပွဲအတွက် အလွန်အရေးပါလာနိုင်ဖွယ်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် အနိုင်ရရှိမည့် မည်သည့် သမ္မတမဆို ကာကွယ်ရေးနှင့်ပတ်သက်၍ အကျပ်အတည်းနှင့်ရင်ဆိုင်ရမည်ဖြစ်ပါသည်။ တရုတ်-ထိုင်ဝမ် ပြဿနာရပ်များ ဖြေရှင်းရာတွင် ထိုင်ဝမ်သည် စစ်ပွဲသဘောတရားအရ အရေးပါသည့် အချိန်နှင့်အင်အား ဖွဲ့စည်းမှုကဏ္ဍ၌ ကန့်သတ်ခံနေရပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်တို့အကြား မတူကွဲပြားနေသည့် ခြိမ်းခြောက်မှုဆိုင်ရာ သဘောထားအမြင်များသည် ထိုင်ဝမ်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း ဖော်ပြထားပါသည်။
ဖြူးကောင်မဟာဗျူဟာ-Porcupine Strategy (အချိုးမညီစစ်သဘောတရားကိုအခြေခံခြင်း၊ တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးခြင်း၊ ရန်သူ၏တိုက်ခိုက်မှုကို ခက်ခဲဟန့်တားစေခြင်း၊ ခုခံစစ်သဘောတရားအတွက် ပစ်မှတ်ထားရန်လွယ်ကူသည့် ရွှေ့ပြောင်းရန်ခက်ခဲသော လက်နက်ကြီးများထက်၊ ဖုံးကွယ်မှုနှင့် ရွှေ့ပြောင်းရလွယ်ကူသော လက်နက်စနစ်များကို အသုံးပြုခြင်း) သည် ထိုင်ဝမ်၏ ကာကွယ်ရေးပြဿနာရပ်များအတွက် လူကြိုက်အများဆုံး ဖြေရှင်းချက်တစ်ခုဖြစ်ခဲ့ပါသည်။ အဆိုပါမဟာဗျူဟာသည် ပထဝီအနေအထားကို အခြေခံ၍ ဒေသတွင်း အရေးသာမှုကို လက်ဦးမှုယူကာ အင်အားသာသည့် တရုတ်စစ်တပ်ကို တွန်းလှန်မည့်နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ထိုင်ဝမ်စစ်ဦးစီးချုပ် လီရှီမင် (Lee His-Ming)သည် ဘက်စုံခုခံကာကွယ်ရေးအယူအဆ(Overall Defense Concept-ODC)ကို ချမှတ်ခဲ့ပါသည်။ အဆိုပါအယူအဆသည် အလွန်ကောင်းမွန်သော စွမ်းဆောင်မှု များဖြင့် ရန်သူအား ချေမှုန်းဖျက်ဆီးပြီး ထိုင်ဝမ်၏ မြေပိုင်နက်အား ကာကွယ် စောင့်ရှောက်ရန်ရည်ရွယ်ပါသည်။ ထို့ပြင် ODC သည် တရုတ်ကျူးကျော်မှုတွင် ပြန်လည် ခုခံနိုင်မည့် ရေကြောင်းထိန်းချုပ်မှုနှင့် လေကြောင်းအရေးသာမှု မဟာဗျူဟာ အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ပါသည်။ ထို့ပြင် ODC သည် လေ့ကျင့်ရေး၊ ဖွဲ့စည်းပုံ၊ ကွပ်ကဲ ထိန်းချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးအစရှိသည့် ကဏ္ဍပေါင်းစုံမှ စစ်ဘက်လှုပ်ရှားမှု အားလုံး၏ မတူညီသောအယူအဆများအားလုံး ပေါင်းစည်းထားသည့် Deterrence-by-Denial မဟာဗျူဟာတစ်ခုဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံအား အချိုးညီညီဖြင့် ပြန်လည်ခုခံနိုင်မည် မဟုတ်ခြင်းကြောင့် ထိုင်ဝမ်အတွင်းရှိ လက်နက်စနစ်များနှင့် အဆောက်အအုံများသည်လည်း ကျူးကျော်မှုစကတည်းကပင် ဖျက်ဆီးခံရနိုင်ဖွယ် ရှိပါသည်။ထိုအခြေအနေတွင် ODC သည် အချိုးမညီသည့် လက်နက်စနစ်များ Asymmetric Weapons ဟု ခေါ်သည့် သေးငယ်ပြီး ရွှေ့ပြောင်းနိုင်သော လက်နက်များဖြင့် ပြန်လည်ခုခံရန်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
သို့သော် လက်နက်တစ်ခုတည်းသည်သာလျှင် စစ်ရေးသဘောသဘာဝကို အဆုံးအဖြတ်ပေးမည် မဟုတ်ဘဲ ခုခံကာကွယ်မှုတွင် အချိုးမညီသည့် ဘက်ပေါင်းစုံ နည်းလမ်းများဖြင့် ကာကွယ်ရေး Asymmetric Defense လည်း လိုအပ်ပါသည်။ ထိုင်ဝမ်အနေဖြင့် ၎င်း၏ မဟာဗျူဟာတွင် အချိုးမညီသည့် အယူအဆများ ပေါင်းထည့် လိုက်ခြင်းဖြင့် စစ်ပွဲမှအကျိုးအမြတ်များ ရရှိနိုင်ဖွယ်ရှပါသည်။ သို့သော်လည်း ထိုင်ဝမ်သည် ODC ကို ကျင့်သုံးနိုင်ရန်စဉ်းစားလျက်ရှိပြီး အချို့ကမူ စွန့်စားလွန်းသည့် မဟာဗျူဟာတစ်ရပ်အဖြစ် ယူဆကြပါသည်။ ODC ကျင့်သုံးမှုအား လုံးဝစွန့်လွှတ်ရန် အဆိုပြုနေမှုများလည်းရှိပါသည်။ သမ္မတ ဆိုင်အင်ဝမ်(Tsai Ing-wen)ကမူ အချိုးမညီသည့် ခုခံကာကွယ်မှု အယူအဆကို နိုင်ငံအတွင်းလက်ခံကျင့်သုံးရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းအနေဖြင့် အချိုးမညီသည့် စွမ်းဆောင်မှု Asymmetric Capabilities များ ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကန့်သတ်ချက်များနှင့် စစ်စည်းရုံးမှုစနစ်များကို ပြန်လည် ပြင်ဆင်ကာ စစ်ဘက်ဆိုင်ရာစီမံအုပ်ချုပ်မှုစနစ်များကို တိုးချဲ့သွားမည်ဟု ၂၀၂၀ ပြည့်နှစ် မေလ၌ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ထိုင်ဝမ်နိုင်ငံ၏ လေးနှစ်တစ်ကြိမ် ပြုလုပ်သည့် ကာကွယ်ရေးသုံးသပ်ချက် (Quadrennial Defense Review-QDR)တွင် အချိုးမညီသည့် စွမ်းဆောင်မှုများနှင့် အချိုးမညီစစ်ပွဲများအကြောင်းကို သွယ်ဝိုက်၍ ပြောကြားထားသော်လည်း အချိုး မညီသည့် မဟာဗျူဟာကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။ သို့သော် ၎င်းသည်အပြတ်အသတ်ခုခံကာကွယ်မှုနှင့် ဘက်ပေါင်းစုံဟန့်တားမှု မဟာဗျူဟာ Resolute Defense and Multi-domain Deterrence ကိုသာ ထုတ်ဖော်ပြောကြားခဲ့ပြီး လေကြောင်း အရေးသာမှု၊ ရေကြောင်းထိန်းချုပ်မှုနှင့် ကာလရှည်ကြာခုခံတိုက်ခိုက်မှု စွမ်းဆောင်ရည်ရှိမှုအစရှိသည်တို့ကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထိုင်ဝမ် အနေဖြင့် တရုတ်နိုင်ငံနှင့် အင်အားချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပင်တဂွန်မှ ပေါက်ကြားခဲ့သော ထိုင်ဝမ်စစ်ရေးအသင့်လုပ်ဆောင်မှုနှင့်ပတ်သက်သည့် စာတမ်းတစ်ခုတွင် သုံးသပ်ထားပါသည်။ အဆိုပါစာတမ်းတွင် ထိုင်ဝမ်လေကြောင်း ခုခံကာကွယ်မှုသည် တရုတ်နိုင်ငံ၏ စစ်တပ်ကို အပြီးသတ်ကာကွယ်နိုင်မည်မဟုတ်ဟု ဆိုထားပြီး၊ စစ်ပွဲဖြစ်ပွားချိန်တွင် ပိုက်နက်နယ်မြေအားလုံးကို လွှမ်းမိုးရန် မလွယ်ကူကြောင်းနှင့် အမေရိကန်နိုင်ငံပင်လျှင် တရုတ်နိုင်ငံနှင့် အချိုးကျတိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
ထိုင်ဝမ်သည် အချိုးမညီသည့် ခုခံကာကွယ်မှု ပြန်လည်မွမ်းမံခြင်းကို တရားဝင် ပြုပြင်ပြောင်းလဲမှုမလုပ်ခဲ့ပါ။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ဒုံးလက်နက်တိုက်ခိုက်မှုဖြင့် ပြန်လည်ခုခံရန် စီစဉ်ထား ရှိသည်ဟုဆိုပါသည်။ ထိုင်ဝမ်အစိုးရသည် အမေရိကန်နိုင်ငံက တိုက်တွန်းနေသော အချိုးမညီသည့် စစ်ပွဲစနစ်ကို လက်ခံကျင့်သုံးရန် စီစဉ်ထားသော်လည်း ၎င်းစနစ်ကို လိုက်မီရေး ထိုင်ဝမ်စစ်တပ်က ပြင်ဆင်မှုများဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် အချိုးမညီမှုနှင့် ပတ်သက်၍ မတူကွဲပြားသည့် သဘောထားများလည်းရှိနေပါသည်။ ထိုင်ဝမ် ဒေသအတွင်း ODC ကို လက်ခံကျင့်သုံးခြင်းသည် စွန့်စားမှုတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ပါဝင်ကူညီပေးမည့်အစီအစဉ်ပေါ်တွင် မူတည်လျက်ရှိနေပါသည်။ ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံ၏ ကျူးကျော်မှုကို တန်ပြန်ရန် အခြားနည်းလမ်းများလည်းရှိနေပြီး အကန့်အသတ်ဖြင့် ထိန်းချုပ်ခြင်းမှ အပြည့်အဝ ပိတ်ပင်ထိန်းချုပ်ခြင်းနှင့် ဒုံးကျည်တိုက်ခိုက်ခြင်းတို့အား စီစဉ်ထားရှိနိုင်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ကျုးကျော်မှုကို ဆန့်ကျင်ရန် သမားရိုးကျ နည်းလမ်းများ ဆက်လက်ထိန်းသိမ်းရန်လိုအပ်ပြီး အဆိုပါနည်းလမ်းများသည် စစ်ပွဲ ကာလအတွင်း တရုတ်နိုင်ငံ၏ အင်အားသာလွန်မှုကို တန်ပြန်နိုင်သည့်အပြင် လူ့စိတ်ဓာတ် မြှင့်တင်မှုနှင့် ထိုင်ဝမ်၏ ခုခံကာကွယ်မှုများကိုလည်း ပိုမိုယုံကြည်ခိုင်မာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိပြီး အကြီးမားဆုံးသောလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဟု ယူဆထားပါသည်။ သို့သော်လည်း ထိုင်ဝမ်၏ကာကွယ်ရေး အကျပ်အတည်းသည် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရပြီး ထိုင်ဝမ်၏ ကာကွယ်ရေးကဏ္ဍတွင် အမေရိကန်နိုင်ငံက မည်မျှအထိ ပါဝင်မည်ဆိုသည့်အချက်မှာ အဓိကကျနေပါသည်။ တရုတ်နိုင်ငံ၏ ကျုးကျော်မှုတွင် ထိုင်ဝမ်သည် ODC အရ အဆုံးအစွန်ထိ တောင့်ခံနိုင်သော်လည်း ပြည်ပနိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု မည်သည့်အချိန်တွင် ရောက်ရှိမည်မှာ သေချာမှု မရှိသောကြောင့် ထိုင်ဝမ်မူဝါဒရေးဆွဲသူများအနေဖြင့် အဆိုးဆုံးသောအခြေအနေများ အားလုံးကို မျှော်မှန်း၍ ပြင်ဆင်ထားရှိသင့်သည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံသည် ပြည်ပ နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများဖြင့် ထိုင်ဝမ်၏ မဟာဗျူဟာနည်းလမ်းများကို ဖော်ဆောင်ရန် တိုက်တွန်းပြောကြားလျက်ရှိသော်လည်း မည်၍မည်မျှပါဝင်ကူညီမည် ဟူသည့် ကတိကဝတ်ပေးထားခြင်းမရှိဟု ဖော်ပြထားပါသည်။
ထိုင်ဝမ်အနေဖြင့် အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပါဝင်မည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရန် မျှော်မှန်းလျက်ရှိပြီး Formosan Association for Public Affairs ကဲ့သို့သော ထိုင်ဝမ်-အမေရိကန် အဖွဲ့အစည်းများက တိကျပြတ်သားသည့် မဟာဗျူဟာနည်းလမ်းများကို အဆိုပြုနေကြပါသည်။ သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို စစ်ဘက်ဆိုင်ရာ ကူညီ ထောက်ပံ့မှုများပေးအပ်သွားမည်ဟု နှုတ်အားဖြင့် ပြောကြားခဲ့သော်လည်း လက်ရှိတွင် တရုတ်-ထိုင်ဝမ်ပြဿနာရပ်များတွင် အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍသည် သေချာ ရေရာမှုမရှိသေးပါ။ ထိုင်ဝမ်အတွင်း လက်တွေ့ဆန်သည် ခုခံကာကွယ်ရေးမဟာဗျူဟာကို တိုးချဲ့နိုင်ရန် အမေရိကန်နိုင်ငံအနေဖြင့် တိကျသေချာသည့် ကူညီထောက်ပံ့မှုများပေးရန် လိုအပ်နေပါသည်။ ထိုင်ဝမ်ဒေသကာကွယ်မှုနှင့် အမျိုးသားခိုင်မာအားကောင်းမှုဆိုင်ရာ ၂၀၂၃ ခုနှစ် အက်ဥပဒေတွင် ရေလက်ကြားပြဿနာရပ်များ၌ အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်များကို စောင့်ကြည့်လေ့လာမှုဟူ၍ ကဏ္ဍတစ်ရပ်ပါရှိပါသည်။ အမေရိကန် နိုင်ငံအပါအဝင် ၎င်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုင်ဝမ်၏ စစ်ဘက်ရေးရာတွင် အရေးပါသည့် အချိန်နှင့်အင်အား ကန့်သတ်မှုများအပေါ် သက်ရောက် နိုင်မည်ဖြစ်ပြီး လက်ရှိ ထိုင်ဝမ်၏ ကာကွယ်ရေးဆိုင်ရာ အကျပ်ရိုက်မှုများသည် ထိုင်ဝမ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်-ထိုင်ဝမ်ပြဿနာရပ်များ၌ ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများ၊ မဟာဗျူဟာနည်းလမ်းများကို ရေးသားဖော်ပြထားရှိပြီး အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်အပေါ် စစ်ဘက်ဆိုင်ရာထောက်ပံ့မှု သေချာမှုမရှိခြင်းကြောင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ မည်သို့ချမှတ်ရမည်ကို ဝေခွဲမရဖြစ်နေကြောင်း ထောက်ပြရေးသားထားခြင်းဖြစ်ပါသည်။ ထို့ပြင် လက်ရှိ အမေရိကန်နှင့် ထိုင်ဝမ်ပညာရှင်များက အဆိုပြုထားသည့် အချိုးမညီစစ်မဟာဗျူဟာကို အခြေခံသည့် သဘောတရားများမှ ထိုင်ဝမ်ကာကွယ်ရေးအတွက် လုံလောက်မှုမရှိဟုလည်း ဆိုနေကြပြီး သမရိုးကျနည်းလမ်းများကို မစွန့်လွှတ်သင့်ကြောင်းလည်း ထောက်ပြပြောဆိုနေကြပါသည်။ လက်ရှိလူကြိုက်များနေသည့် အချိုးမညီ စစ်သဘောတရားများကို အခြေခံသော ဖြူးကောင်မဟာဗျူဟာ-Porcupine Strategy သည် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရခြင်းက အဓိက အားနည်းချက်ဖြစ်လာသည်ကို တွေ့ရှိရပါသည်။ ထိုင်ဝမ်၏ လက်ရှိသမ္မတ ဆိုင်အင်ဝမ်သည် အနောက်ဝါဒယိမ်းပြီး ထိုင်ဝမ်လွတ်လပ်ရေးကိုသာ အားပြုလုပ်ဆောင်လျက်ရှိပါသည်။အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအား ထိန်းချုပ်ရန်၊ ထိုင်ဝမ်ကို ကူညီ ထောက်ပံ့ရန်၊ ထိုင်ဝမ်နှင့် မိတ်ဖက်ဆက်ဆံရေးကို ၎င်း၏မိတ်ဖက်နိုင်ငံများအားလုံး တက်ကြွစွာပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း ၎င်း၏ မိတ်ဖက်နိုင်ငံများမဆိုထားနှင့် အမေရိကန်နိုင်ငံသည်ပင် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအား သိမ်းပိုက်မည်ဆိုပါက မည်၍မည်မျှပါဝင်ကူညီမည်ကို တိကျသည့် ကတိကဝတ်မပြုနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။
ယခင်က တရုတ်နိုင်ငံသည် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများတွင် အင်အား သုံး၍ လုပ်ဆောင်သွားမည်မဟုတ်ဟု ပြောကြားထားသော်လည်း နောက်ပိုင်းတွင် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဟု ပြောကြားထားရာ လာမည့်ရွေးကောက်ပွဲ အလွန်ကာလတွင် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်အကြား သိသာသည့် အဖြေတစ်ခုသို့ ရောက်ရှိ လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။ စစ်လက်နက်အင်အားကြီးမားသော တရုတ် နိုင်ငံ၏ ထိုင်ဝမ်အပေါ် ပြန်လည်ပေါင်းစည်းရေးကို အင်အားသုံးဆောင်ရွက်လာပါက ထိုင်ဝမ်အနေဖြင့် စစ်မြေပြင်အဖြစ် ခုခံခဲ့လျှင် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာများ၊ နိုင်ငံစနစ်နှင့် ဓနအင်အားများ မလွဲမသွေဆုံးရှုံးရမည်ဖြစ်ကြောင်းကို ရုရှား- ယူကရိန်းပဋိပက္ခနှင့် နှိုင်းယှဉ်၍ ဖော်ထုတ်တွေ့ရှိရမည်ဖြစ်ပါသည်။
ပထဝီဝင်နိုင်ငံရေး၊ လက်တွေ့ကျသော ပထဝီဝင်အနေအထား၊ သမိုင်းကြောင်းဆိုင်ရာနှင့် စစ်အင်အားဆိုင်ရာ အချက်အလက်များအရ ထိုင်ဝမ်အနေဖြင့် ပဋိက္ခကို အဖြေရှာရန်မှာ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းသည်သာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်ဟု တွက်ဆနိုင်ပါသည်။ သို့သော်လည်း ထိုင်ဝမ်ခေါင်းဆောင်များအနေဖြင့် ဒုတိယဇလန်စကီးများ ဖြစ်လာမည်လားဟူသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

49062623

Thursday, June 22, 2023

Nord Stream Gas ပိုက်လိုင်းအား ယူကရိန်းနိုင်ငံမှ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ အသေးစိတ်ထောက်လှမ်းရေးသတင်းရရှိထားခြင်း

 



နိဒါန်း
အဖွဲ့ဝင် ၆ ဦးပါဝင်သည့် ယူကရိန်းအထူးတပ်ဖွဲ့က ရုရှားနှင့် ဂျာမနီနိုင်ငံအား သွယ်တန်းထားသည့် Nord Stream Gas ပိုက်လိုင်းအား ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဥရောပထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့မှတစ်ဆင့် အမေရိကန် CIA မှ သိရှိထားမှုသည့် ထောက်လှမ်းရေးအစီရင်ခံစာနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Nord Stream Gas ပိုက်လိုင်းအား ဖောက်ခွဲခံရပြီး ၃ လခန့်ကြာပြီးနောက် ထိုကိစ္စအား ယူကရိန်းအထူးတပ်ဖွဲ့မှ ရေငုပ်သမားများက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ရင်းနှီးသည့် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံမှ တစ်ဆင့် အမေရိကန်အစိုးရအဖွဲ့က သတင်းရရှိခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့သည့် အဖွဲ့သည် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်အစီအရင်ခံရသည့်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး အဆိုပါသတင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဥရောပထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့မှ CIA ကို သတင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းအဖွဲ့အနေဖြင့် ‌ဘော့လ်တစ် ပင်လယ်အတွင်း ဆောင်ရွက်ခဲ့သည့် ယူကရိန်းအစိုးရနှင့် ဆက်စပ်နေသော တိုက်ခိုက်မှု အထောက်အထားများအား ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ ထိုတိုက်ခိုက်မှုကို အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများက ဥရောပ၏ စွမ်းအင်ကဏ္ဍကို ဖျက်ဆီးရန် မျက်နှာပြောင်သည့် အန္တရာယ်များသော အဖျက်အမှောက်လုပ်ငန်း (Brazen and dangerous act of sabotage) ဖြစ်သည်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။
ဥရောပထောက်လှမ်းရေးအဖွဲ့အနေဖြင့် သတင်းအချက်အလက်အများကို အမျိုးသားလေတပ်ဖွဲ့၏ တပ်ဖွဲ့ဝင် Jack Teixeira ၏ Discord ဟု ခေါ်သည့် Chat Platform ပေါ်မှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဝါရှင်တန်ပို့စ် သတင်းဌာနအနေဖြင့် Teixeira ၏ အွန်လိုင်းမိတ်ဆွေတစ်ဦးထံမှ အဆိုပါ အစီရင်ခံစာ၏ မိတ္တူ(Copy)ကို ရရှိခဲ့ခြင်းဖြစ်ပြီး ထိုထောက်လှမ်းရေးအစီရင်ခံစာသည် ယူကရိန်းနိုင်ငံအတွင်းမှ သတင်းပေးတစ်ဦးရရှိခဲ့သည့် သတင်းအချက်အလက်များအပေါ် အခြေခံရေးသား ထားခြင်းဖြစ်ပါသည်။ CIA အဖွဲ့အနေဖြင့် ကနဦးတွင် ထိုသတင်းကို အတည်မပြုခဲ့ဘဲ ပိုက်လိုင်း ကိစ္စနှင့်ဆက်စပ်သော ဂျာမနီနိုင်ငံနှင့် အခြားသော ဥရောပနိုင်ငံများမှ ထောက်လှမ်းရေး အဖွဲ့များကို မျှဝေပေးခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
အဆိုပါအစီရင်ခံစာတွင် အဖျက်အမှောက်လုပ်ငန်းဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင် အရေအတွက်နှင့် တိုက်ခိုက်ခဲ့သည့် နည်းလမ်းများပါ အသေးစိတ်ပါဝင်ခဲ့သော်လည်း အနောက်အုပ်စု ထောက်လှမ်းရေးအဖွဲ့များက ယူကရိန်းနိုင်ငံမှ ပြုလုပ်ခဲ့သည် ဆိုခြင်းကြောင့် ဘက်လိုက်သုံးသပ်ခဲ့ကြပါသည်။ သို့သော်လည်း မကြာသေးခင်လများ အတွင်းက ဂျာမနီနိုင်ငံမှ ထောက်လှမ်းရေးအဖွဲ့ဝင်များက ၎င်းတို့ရရှိထားသည့် ယူကရိန်း နိုင်ငံမှ ဆောင်ရွက်ရန် ကြံစည်နေသည့် အခြားသော ဗုံးခွဲတိုက်ခိုက်မှုများသည် Nord Stream ပိုက်လိုင်းတိုက်ခိုက်ခံရပုံနှင့် တူညီနေသည်ကို ဖော်ထုတ်ခဲ့ပြီးနောက်မှသာ Discord တွင် မျှဝေခဲ့သည့် ထောက်လှမ်းရေးအချက်အလက်များ ခိုင်မာကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ဥရောပနိုင်ငံအများစုမှ ထောက်လှမ်းရေးအဖွဲ့များက Nord Stream သတင်းကို အတည်ပြုခဲ့ကြပြီး ဥရောပထောက်လှမ်းရေးအဖွဲ့မှတစ်ဆင့်CIA သို့ သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ယခင်က Nord Stream တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ခြင်းကို ငြင်းဆိုခဲ့ကြသော်လည်း ယခုကဲ့သို့ အချက်အလက်များ ထွက်ပေါ်လာပြီးသည့်နောက်တွင် မည်သည့်မှတ်ချက်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပါ။ အိမ်ဖြူတော်အနေဖြင့်လည်း ယူကရိန်းနိုင်ငံက Nord Stream ပိုက်လိုင်းကို ဖောက်ခွဲခဲ့သည့် ဥရောပမှ ထောက်လှမ်းရေးအစီရင်ခံစာနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးသကဲ့သို့ ယူကရိန်းနိုင်ငံမှ ဆောင်ရွက်နေသည့် ထိုသို့သော အဖျက်အမှောက်လုပ်ငန်းများကို တားဆီးမည်လားဆိုသည်ကိုလည်း မှတ်ချက်မပေးခဲ့ဟု ဆိုပါသည်။ အလားတူပင် CIA အနေဖြင့်လည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရေအောက်ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပြီး Nord Stream ပိုက်လိုင်း (၁) နှင့် (၂) တို့မှာ ထိခိုက်မှုများပြီး ဓာတ်ငွေယိုစိမ့်မှုပမာဏကြီးမားခဲ့ပါသည်။ သွယ်တန်းထားသော ပိုက်လိုင်း ၄ ခုတွင် တစ်ခုသာ အကောင်းကျန်ရှိခဲ့ပြီး အမေရိကန်နိုင်ငံအစိုးရမှ တာဝန်ရှိသူများအနေဖြင့်၎င်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံအား အပြစ်တင်ခဲ့ကြပါသည်။ အမေရိကန်အနေဖြင့် ထိုအဖျက်အမှောက် လုပ်ငန်းကို အတွင်းကျကျဖော်ထုတ်မည်ဟု ကတိပြုခဲ့ကြပါသည်။ ထိုဖြစ်စဉ်သည် ဆောင်းရာသီသို့ ဝင်ရောက်လာခြင်းနှင့် တိုက်ဆိုင်နေပြီး ရုရှားနိုင်ငံမှ ဥရောပသို့ စွမ်းအင်ရောင်းချနေမှုကို ဖြတ်တောက်နိုင်ပြီး ဥရောပ၏ ပိတ်ဆို့အရေးယူမှုများကို တန်ပြန်ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် ယူဆခဲ့ကြကြောင်း ဖော်ပြထားပါသည်။
ယခုအခါ အမေရိကန်နိုင်ငံအစိုးရမှ တာဝန်ရှိသူများအနေဖြင့် Nord Stream ဖြစ်စဉ်တွင် ရုရှားနိုင်ငံ၏ ခြေရာလက်ရာ မပါဝင်ကြောင်းကို တိတ်တဆိတ်ဝန်ခံ နေကြပါသည်။ သို့သော်လည်း လူထုအကြားတွင် မည်သူ့တွင်တာဝန်ရှိသနည်းဟူ၍ မေးခွန်းထုတ်ပြီး လမ်းကြောင်းလွှဲနေပါသည်။ ဥရောပနိုင်ငံအတော်များများမှ တာဝန်ရှိသူများအနေဖြင့်လည်း ထိုအဖျက်အမှောက်လုပ်ငန်းအား ယူကရိန်းနိုင်ငံက ဆောင်ရွက်ခဲ့သည်ကို တိုးတိုးတိတ်တိတ်သတင်းပေးနေသော်လည်း လူသိရှင်ကြား ထုတ်ဖော်ဝေဖန်လျှင် ရုရှားနိုင်ငံကို ဆန့်ကျင်သည့် အင်အားစုများအကြား သဘောထား ကွဲလွဲကြမည်ကိုလည်း မလိုလားကြပါ။ ထို့ကြောင့် ဥရောပနိုင်ငံများနှင့် NATO အဖွဲ့ မူဝါဒ ချမှတ်သူများ၏ တွေ့ဆုံပွဲများတွင် Nord Stream အကြောင်းမပြောကြရန် “Don’t talk about Nord Stream” ဟူ၍ စည်းဝါးညှိထားကြသည်ဟု ဝါရင့်သံတမန်တစ်ဦးက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဥရောပထောက်လှမ်းရေးအဖွဲ့က ထိုဖောက်ခွဲမှုကို ဆောင်ရွက်ခဲ့သူများမှာ တိုက်ရိုက်တာဝန်ရှိသူများမဟုတ်ဘဲ အကြီးဆုံးစစ်ရေးခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် Valery Zaluzhny ကို အစီရင်ခံရသူများဖြစ်သည့်အတွက်ကြောင့် သမ္မတ ဇလန်စကီး သည်လည်း ထိုကိစ္စကို သိရှိလိမ့်မည်မဟုတ်ဟု အစီရင်ခံစာတွင် ဖော်ပြထား‌ပါသည်။ ထိုသို့ ဇလန်စကီးကို ပြဿနာ၏ အပြင်သို့ဖယ်ထုတ်နေခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်း ရှိနေပါသည်။ ထိုသို့ ယူကရိန်းခေါင်းဆောင်၏ တိုက်ရိုက်ပါဝင်မှုကို ဖယ်ထုတ် ထားခြင်းဖြင့် အရပ်ဘက်ပစ်မှတ်ဖြစ်သည့် Nord Stream ကို ရဲတင်းစွာ တိုက်ခိုက်ခဲ့မှုအား ဥရောပလူထု၏ မကျေနပ်မှုကြီးထွားလာခြင်းကို ရှောင်ရှားလိုခြင်းဖြစ်ပါသည်။ ထိုသို့ ဖြစ်လာလျှင် အနောက်အုပ်စုက ယူကရိန်းနိုင်ငံအား ထောက်ပံ့နေမှုနှင့် ထိပ်တိုက် တွေ့မည်ပြီး အထူးသဖြင့် ဂျာမနီနိုင်ငံတွင် အဆိုပါပြဿနာကို ရင်ဆိုင်ရ လိမ့်မည်ဖြစ်ပါသည်။ ယခင်က နိုင်ငံအတွက်လိုအပ်သော စွမ်းအင်၏ ထက်ဝက်ခန့်ကို Nord Stream မှ ရရှိနေခဲ့သော ဂျာမနီနိုင်ငံအနေဖြင့် ထို Nord Stream စီမံကိန်းနှင့် ပတ်သက်ပြီး ဥရောပမိတ်ဖက်နိုင်ငံများ၏ ကန့်ကွက်မှုနှင့် အတိုက်အခံလုပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် Nord Stream စီမံကိန်းကို ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန် အနောက်အုပ်စု ကုမ္ပဏီများမှ ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားကြပါသည်။ ယူကရိန်းနိုင်ငံ အနေဖြင့်လည်း ထို Nord Stream စီမံကိန်းကြောင့် ၎င်း၏ ဂတ်စ်ပိုက်လိုင်းများမှ အမြတ်အစွန်းများစွာ ရရှိနေမှုကို လျော့ကျသွားစေသဖြင့် ကာလရှည်ကြာ ကန့်ကွက်ခဲ့ကြပါသည်။ ထောက်လှမ်းရေးအစီရင်ခံစာတွင် ယူကရိန်းနိုင်ငံအနေဖြင့် ထိုအဖျက်အမှောက်လုပ်ငန်းကို ရပ်တန့်လိုက်ပြီဟုဆိုထားသော်လည်း အကြောင်းပြချက်မှာ ရှင်းလင်းခြင်းမရှသေးပါ။ ထိုပိုက်လိုင်းဖောက်ခွဲမှုများကို ဇွန် ၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ၎င်း၏ မိတ်ဖက်နိုင်ငံများ ရေတပ်စစ်ရေးလေ့ကျင့်ခန်း BALTOPS ဆောင်ရွက်နေသည့် အနီးမှာပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဥရောပထောက်လှမ်းရေးအဖွဲ့မှ ပေးပို့သည့် အစီရင်ခံစာတွင် ယူကရိန်းနိုင်ငံမှ ဆောင်ရွက်ခဲ့သည့် Nord Stream ဖောက်ခွဲမှု ၂ ကြိမ်၏ ဆောင်ရွက်မှုခြားနားခြင်းများကို အသေးစိတ်အား ဖော်ပြထားပြီး ဖောက်ခွဲသူများသည့် Identity အတုဖြင့် ဂျာမနီ နိုင်ငံမှ ရွက်သင်္ဘောတစ်စီးငှားရမ်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နက်ရှိုင်းသည့် ၂၄၀ ပေအနက် ရေအောက်တွင် အလုပ်လုပ်နိုင်ရန် အောက်ဆီဂျင်အပြင် ဟီလီယံကိုပါ သယ်ဆောင်သွားကြကြောင်း၊ ဟီလီယံသည် နက်ရှိုင်းသည့် ရေအောက်သို့ ငုပ်ရာတွင် စိတ်စုစည်းမှုကို အားကောင်းစေရန် ကူညီပေးကြောင်း၊ ထိုထောက်လှမ်းရေး ပေါက်ကြားမှုသည် တစ်ခုတည်းသော သက်သေမဟုတ်ဘဲ Nord Stream ဖောက်ခွဲမှု မတိုင်ခင်တွင် CIA အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ယူကရိန်းနိုင်ငံသားများ ဆွေးနွေး နေမှုကို ကြားဖြတ်ရရှိခဲ့ဖူးကြောင်းစသည်ဖြင့် အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။
ကမ္ဘာ့နိုင်ငံရေးသည် လွန်စွာရှုပ်ထွေးသကဲ့သို့ စစ်ဖြစ်နေသည့် နိုင်ငံများ အကြား ဆောင်ရွက်နေသည့် သူလျှိုလုပ်ငန်းများနှင့် ပြဿနာပိုမိုကြီးထွားစေရန် ကြားမှ မီးထိုးယပ်ခတ်ပေးသည့် လက်မဲကြီးများ၏ Double-Agent လုပ်ငန်းများ မှာလည်း အပေါ်ယံသတင်းများ၊ သတင်းကျွေးမှုများအား ဖတ်ရှု၍ အမှန်တရားကို ဖော်ထုတ်နိုင်ရန် ခဲယဉ်းလှပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ကူညီနေသော်လည်း ရုရှားနိုင်ငံ၏ အတွင်းပိုင်းနှင့် အရေးကြီးနေရာများကို မတိုက်ခိုက်ရန် ယူကရိန်းနိုင်ငံကို သတိပေးနေသည်ဟု လေသံပစ်နေသော်လည်း Nord Stream ကိစ္စတွင် မည်သည့်နိုင်ငံများ အကျိုးအမြတ်ရသွားသနည်းဟူသည့် မေးခွန်းကို အဖြေ ထုတ်ကြည့်လျှင် ယူကရိန်းနိုင်ငံအား ထိုကဲ့သို့သော ထိလွယ်ရှလွယ်သည့် အဖျက်အမှောက် လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် မည်သည့်နိုင်ငံက မီးစိမ်းပြလိုက်သနည်းဟူသည်မှာ တွေးဆဆင်ခြင်ဖွယ်ရာပင်ဖြစ်သည်ဟု သုံးသပ်ရပါသည်။
ထောက်လှမ်းရေးသတင်းများအရ Nord Stream Gas ပိုက်လိုင်း ဖောက်ခွဲ ခံရခြင်းသည် ယူကရိန်းနိုင်ငံ၏ လုပ်ရပ်ဖြစ်ကြောင်း အတည်ပြုနိုင်သော်လည်း အမေရိကန်နှင့် အနောက်အုပ်စုဝင်နိုင်ငံများက ၎င်းတို့၏ အင်အားကြီး နိုင်ငံများဆိုသည့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သတင်းအမှောင်ချမှု ပြုလုပ်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်နေကြပါသည်။ ထို့ပြင် ဥရောပထောက်လှမ်းရေးအဖွဲ့မှ Nord Stream အစီရင်ခံစာတွင် ယူကရိန်းနိုင်ငံမှ ဆောင်ရွက်ခဲ့သည့် အဖျက်အမှောက် လုပ်ငန်းတွင် နိုင်ငံရေးခေါင်းဆောင် ဇလန်စကီးကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားပြီး စစ်ဖက်ခေါင်းဆောင်ကိုသာ တာဝန်ရှိသူတစ်ဦးအဖြစ် အပြစ်ပုံချလိုနေခြင်းကိစ္စမျိုးသည် အနောက်အုပ်စုအတွင်း ဒီမိုကရေစီဟုခေါ်ဆိုသည့် နိုင်ငံရေးစနစ်များ၌ အတွေ့ရများသည့်စစ်ဖက်အား ခွဲခြားနှိပ်ကွပ်မှုတစ်ရပ်အဖြစ်လည်း သတိပြုမိပါသည်။ မြန်မာနိုင်ငံ၌လည်း ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် နိုင်ငံရေးပွင့်လင်းလာမှုနှင့် ဖြေလျော့လာမှုကို အခွင့်ကောင်းယူ၍ INGO/NGO အမည်ခံထားသော သူလျှိုလုပ်ငန်းများ အမြောက်အမြား စိမ့်ဝင်ခဲ့ကြပါသည်။ ယခု နိုင်ငံရေးအပြောင်းအလဲကာလတွင်လည်း မြန်မာနိုင်ငံ၏ပြည်တွင်းရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ ပြည်ပအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရ ပြောင်ပြောင်းတင်းတင်းဝင်ရောက်စွက်ဖက်နေမှုများသည် လျှို့ဝှက်ကိုင်တွယ်ဖြေရှင်းရန်ကိစ္စမဟုတ်ဘဲ ထိရောက်ပြတ်သားစွာ လူသိရှင်ကြား ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများဖြစ်ပါကြေင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
48062323
(Subscribe ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့်ကိစ္စဖြစ်၍ ဖော်ပြပေးလိုက်ပါသည်။)