Thursday, September 28, 2023

Huawei ကုမ္ပဏီမှ ထုတ်လုပ်လာသည့် Chip များက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှု မထိရောက်ခြင်းကို ပြသနေခြင်းနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံပိုင် Huawei ကုမ္ပဏီ၏ Chip ထုတ်လုပ်မှုသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်တစ်ပိုင်းလျှပ်ပစ္စည်းထုတ်လုပ်မှုအခန်းကဏ္ဍတွင် အရေးပါသည့်နေရာမှ ပါဝင်လျက်ရှိပါသည်။ ယခုအခါ Huawei ကုမ္ပဏီမှ စတင်မိတ်ဆက်လာသည့် Mate 60 Pro စမတ်ဖုန်းတွင် အသုံးပြုလာသော Chip များတွင် 7nm Chip များကို အသုံးပြုလာခြင်းက အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ၏ ထိရောက်မှုကို မေးခွန်းထုတ်ဖွယ်ရာဖြစ်ပြီး စိုးရိမ်မှုများ မြင့်တက်နေသည့် ကိစ္စများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံ၏ အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei ကုမ္ပဏီသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ် ရှိသည်ဟူသော စွပ်စွဲချက်များကြောင့် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ခံခဲ့ရပါသည်။ Huawei ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံနှင့် ၎င်းမဟာမိတ် များ၏ နည်းပညာဆိုင်ရာ အရေးယူပိတ်ဆို့မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး Huawei နှင့် China's Semiconductor Manufacturing International Corporation (SMIC) ကုမ္ပဏီ တို့ကို အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုကန့်သတ်သည့်စာရင်း United States's Entity List တွင် ထည့်သွင်းခဲ့ပါသည်။
သို့သော်လည်း Huawei ကုမ္ပဏီသည် 5G Chip ပါဝင်သည့် Huawei Mate 60 Pro စမတ်ဖုန်းအသစ်ကို ဈေးကွက်တွင် ပြသခဲ့ပါသည်။ အဆိုပါ ဖုန်းရှိ Kirin 9000S ပရိုဆက်ဆာတွင် တရုတ်နိုင်ငံပြည်တွင်း SMIC ကုမ္ပဏီထုတ် 7 nm(N+2) Chip ကို အသုံးပြုထားပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ Chip နည်းပညာကို ကန့်သတ်ရန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပို့ကုန်ထိန်းချုပ်မှု အစီအမံများကို ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ဤကဲ့သို့ ထုတ်ဖော်ပြသမှုသည် အမေရိကန်နိုင်ငံအား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ Huawei ကုမ္ပဏီ၏ 7nm (N+2) Chip များသည် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် Taiwan Semiconductor Manufacturing Company (TSMC) နှင့် Samsung တို့မှ ထုတ်လုပ်သောအဆင့်မြင့် Chip များနောက်သို့ အမီလိုက်လျက်ရှိပါသည်။ သို့သော်လည်း အနောက်နိုင်ငံများ၏ အကူအညီမပါဘဲ Chipများ အမြောက်အမြား ထုတ်လုပ်နိုင်သည့် Huawei ကုမ္ပဏီ၏ စွမ်းဆောင်ရည်သည် Apple ကုမ္ပဏီ၏ နည်းပညာနှင့် ရင်ပေါင်တန်း နိုင်သည့်အခြေအနေရှိ/မရှိမှာ မေးခွန်းထုတ်ဖွယ်ရာအဆင့်တွင်ပင် ရှိနေပါသေးသည်။
တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေးမဟာဗျူဟာသည် မပြည့်စုံသေးသည့် နည်းပညာ Lagging-edge Technology မှ ထိပ်တန်းနည်းပညာ Leading-edge Technology သို့ အဆင့်ဆင့်ချီတက်သည့် မဟာဗျူဟာဖြစ်ပါသည်။ Huawei ကုမ္ပဏီသည် Chip အသစ်ကို ဖန်တီးရန် မပြည့်စုံသေးသည့်နည်းပညာနှင့် ကိရိယာများကို အသုံးပြုခဲ့ပါသည်။ တရုတ် နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ Douglas Fuller ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် Chip ထုတ်လုပ်ရာတွင် အကောင်းဆုံးနည်းပညာ မရှိသောကြောင့် ပိုမိုခက်ခဲစွာလုပ်ဆောင်နေရပြီး 7 nm Chip များ ထုတ်လုပ်ရာတွင် အဆင့်သုံးဆင့်မှ လေးဆင့်အထိ လုပ်ဆောင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် Huawei ကုမ္ပဏီသည် ဤ Chip များကို အများအပြား ထုတ်လုပ်နိုင်ခြင်း ရှိ/ မရှိကို မသိရှိရ သေးပါ။ အကယ်၍ ထုတ်လုပ်နိုင်ခြင်းမရှိပါက ယခု Chip မိတ်ဆက်မှုမှာ တရုတ်နိုင်ငံ ခေါင်းဆောင်များ ကျေနပ်စေရန်နှင့် ပြည်သူလူထုအား ဆွဲဆောင်ရန် သက်သက်သာ ဖြစ်နိုင်သည်ဟု ဆိုပါသည်။
မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ နည်းပညာကန့်သတ်ပိတ်ဆို့မှုများကြောင့် အဆင့်မြင့်နည်းပညာကဏ္ဍတွင် တိုးတက်မှုနှေးကွေးလျက်ရှိနေစဉ် Huawei ကုမ္ပဏီ၏ အောင်မြင်မှုသည် ပြည်တွင်း Chip ထုတ်လုပ်ရေး ကြိုးပမ်းမှုများ အားတက်မှုဖြစ်ပေါ်စေပါသည်။ Huawei ကုမ္ပဏီသည် အမေရိကန်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ်ကာလတွင် ဤစမတ်ဖုန်းသစ်ကို ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ဤကြေညာချက်သည် တရုတ်စတော့ရှယ်ယာဈေးများကို တိုးတက်စေခဲ့ပြီး တရုတ်နိုင်ငံနည်းပညာဆိုင်ရာ အမျိုးသားရေးဂုဏ်ကို မြှင့်တင် ပေးခဲ့ပါသည်။ ယခင်က တရုတ်နိုင်ငံသည် ကိုယ်ပိုင်တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအား အဆင့်မြှင့်တင်ရန် Big Fund စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့သော်လည်း ပြဿနာများ၊ အကျင့်ပျက်ခြစားမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့ရာတွင် Huawei ကုမ္ပဏီက 7 nm Chip ကို ဖန်တီးရာတွင် အောင်မြင်မှုရှိသည်ကို ပြသခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းသည် အနောက် နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် အားကောင်းလျက် ရှိသည်ကို ပြသနေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ 7 nm Chip နည်းပညာအောင်မြင်မှုနှင့် ကိုယ်တိုင်ထုတ်လုပ်နိုင်မှုသည် Big Fund စီမံကိန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် ၎င်း၏ ခေါင်းဆောင်များကို ဆွဲဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ ကိုယ်ပိုင် Chip ထုတ်လုပ်မှုသည် ရေရှည်တွင် မည်မျှတောင့်ခံနိုင်မည်၊ အောင်မြင်လာမည်ကို မခန့်မှန်း နိုင်သေးသော်လည်း ၎င်းတို့၏ အရည်အသွေးမြင့် Chip ထုတ်လုပ်မှုနည်းပညာကို လျှော့တွက်၍ မရနိုင်ကြောင်း ဖော်ပြထားပါသည်။
ယခုအခါ တရုတ်နိုင်ငံ၏ Shanghai Micro Electronics Equipment (SMEE) ကုမ္ပဏီသည် လှိုင်းအလျား 248 nm ရှိသည့် Krypton Fluoride (Krf) လေဆာကို အသုံးပြု နိုင်သည့် Lithography စက်များကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် DUV Lithography စက်များသည် 193 nm လှိုင်းအလျား ရှိသော Krf လေဆာကို အသုံးပြုပါသည်။ ဤစက်များသည် လက်ရှိတွင် 28 nm Chip များကို ထုတ်လုပ်နိုင်သောကြောင့် တရုတ်နိုင်ငံသည် ကိုယ်ပိုင်ခေတ်မီ Lithography စက်များကို ကိုယ်တိုင် တီထွင်ထုတ်လုပ်နိုင်သည့် အနေအထားတွင်ရှိနေပါသည်။ တရုတ်နိုင်ငံသည် ပိုမိုအဆင့်မြင့်သော Lithographyစက်များကို တီထွင်ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ပြည်ပနည်းပညာ များကို လျှို့ဝှက်ရယူဆောင်ရွက်တတ်ခြင်း၊ နောက်ဆုံးပေါ် နည်းပညာများ ထုတ်လုပ်သည့် ပြည်တွင်းနည်းပညာကုမ္ပဏီများကို လူထုမှထောက်ခံပံ့ပိုးမှုရရှိအောင် စွမ်းဆောင် နိုင်ခြင်း၊ ပြည်တွင်းတွင် ကျယ်ပြန့်သော ဈေးကွက်ရှိခြင်းနှင့် တရုတ်နိုင်ငံအစိုးရနှင့် နည်းပညာကုမ္ပဏီများ၏ ဆက်နွှယ်မှုနှင့် ပံ့ပိုးပေးမှုများက နောက်ဆုံးပေါ်နည်းပညာများရရှိနိုင်ရန် အားသာချက်များဖြစ်နေကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံထုတ် Chip များသည် TSMC ၊ Qualcomm နှင့် Samsung ကုမ္ပဏီထုတ် Chip များကဲ့သို့ အဆင့်မြင့်ခြင်းမရှိသေးသော်လည်း ယခုထုတ်လုပ် နိုင်မှုသည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ထိရောက်မှုနည်းသည်ကို ပြသလျက်ရှိပြီး အမေရိကန်နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုနှင့် ပို့ကုန်ထိန်းချုပ်မှုကို ပိုမိုလုပ်ဆောင်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ မူဝါဒကို လိုက်ပါနေရသည့် တောင်ကိုရီးယား၊ ဂျာမနီ၊ နယ်သာလန် နိုင်ငံတို့နှင့် ထိုင်ဝမ်အနေဖြင့် ယခုလက်ရှိတွင် တရုတ်နိုင်ငံဈေးကွက်မှ ရရှိနိုင်မည့် အကျိုးအမြတ်များ အရှုံးပေါ်လျက်ရှိပြီး ပိတ်ဆို့မှုထပ်မံမြှင့်တင်ပါက အမေရိကန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ပိုမိုခက်ခဲလာနိုင်ပါသည်။ တရုတ်နိုင်ငံ၏ တိုးတက်မှုသည် အခြားနိုင်ငံ၏ နည်းပညာများကို လုံးဝမှီခိုမှုမှ ကင်းလွတ်ခြင်း ရှိ/မရှိမှာ ခန့်မှန်းရန် ခက်ခဲသေးသော်လည်း နည်းပညာဆိုင်ရာ ပိတ်ဆို့အရေးယူမှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများ ပိုမိုရှုပ်ထွေးလာစေနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများမှ ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နေသော်လည်း မကြာသေးမီက ဈေးကွက်တင်နိုင်ခဲ့သည့် Hauwei Mate 60 Pro တွင် နည်းပညာမြင့် 7nm Chip များ အသုံးပြုလာနိုင်ခြင်းက အနောက်အုပ်စု အတွက် စိုးရိမ်ဖွယ်ရာဖြစ်လာနေပါသည်။ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် Apple နှင့် Samsung ဖုန်းများတွင် အသုံးပြုနေသည့် နောက်ဆုံးပေါ်နည်းပညာကို တရုတ်ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်ရန်ကြိုးစားနေပါသည်။ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အရေးကြီးသည့် Lithography စက်များကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နိုင်ရန် ကြိုးစားနေပါသည်။ ထိုင်ဝမ်တွင်လည်း ထိုကဲ့သို့ပင် Research ‌and Development များကို အဆင့်ဆင့် ဆောင်ရွက်၍ နည်းပညာမြင့် Chip များ၊ စက်ပစ္စည်းများ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုမှာ အောင်မြင်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
သို့သော်လည်း အနောက်အုပ်စုအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်သည့် မဟာဗျူဟာကိုသာ ဆက်လက်အသုံးပြုမည်ဆိုပါက လက်ရှိအမေရိကန်နိုင်ငံ၏ မူဝါဒနောက် လိုက်နေရသော တောင်ကိုရီးယား၊ နယ်သာလန်၊ ဂျာမနီနိုင်ငံနှင့် ထိုင်ဝမ်တို့အနေဖြင့် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိမှာ မသေချာ မရေရာသည့် အခြေအနေတွင်ရှိနေပါသည်။ ယခုလက်ရှိတွင်ပင် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်အား လက်လွတ်ထားရသည့်အတွက် ငွေကြေးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မည်သို့ပင် ပိတ်ဆို့အရေးယူမှုများရှိနေစေကာမူ တရုတ်နိုင်ငံ အနေဖြင့် အဆင်မြင့်နည်းပညာနှင့် ထုတ်လုပ်သည့်စက်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်လာနိုင်သည့်အခြေအနေကို အချိန်ကာလတစ်ခုအတွင်း ရရှိလာနိုင်ခြင်းသည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကပင် တရုတ်နိုင်ငံအားကိုယ့်အားကိုယ်ကိုးရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေခဲ့ခြင်းပါသည်။
နိုင်ငံတော်လုံခြုံရေးအတွက် နည်းပညာကဏ္ဍသည် များစွာအရေးပါလျက်ရှိပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများသည် ၎င်းတို့၏ ဆန့်ကျင်ဘက် နိုင်ငံငယ်များအပေါ် ပိတ်ဆို့ကန့်သတ်ရာတွင် နည်းပညာနယ်ပယ်ဖွံ့ဖြိုးမှုမရှိစေရန် ဆောင်ရွက်လေ့ရှိပါသည်။ ထို့ကြောင့် နိုင်ငံငယ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံကြီးများနှင့် ပူးပေါင်း၍ မိမိတို့နိုင်ငံ၏ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နိုင်ခြင်းသည်ပင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
118092923
[1]။ Megha Shrivastava,“What Does Huawei’s Homemade Chip Really Mean for China’s Semiconductor Industry?”. The Diplomat. 23September 2023, [/https://thediplomat. com/2023/ 09/what-does-huaweis-homemade-chip-really-mean-for-chinas-semiconductor-industry/]

Wednesday, September 27, 2023

အမေရိကန်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယခုလက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အမေရိကန်-ဗီယက်နမ်တို့၏ တိုးမြင့်လာသည့် မိတ်ဖက်ဆက်ဆံရေးတိုးတက်လာပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် ကုန်သွယ်ရေးကို ချဲ့ထွင်နိုင်ရန် စီစဉ်လျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် နှင့် ဗီယက်နမ်နိုင်ငံမှ ခေါင်းဆောင်များသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဟနွိုင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဤတွေ့ဆုံမှုသည် နိုင်ငံ တကာ၏ အာရုံစိုက်မှုကို သိသာစွာမရရှိခဲ့သော်လည်း ၎င်းသည် လေးနက်သည့်ကိစ္စ တစ်ခုဖြစ်ခဲ့ပါသည်။ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ယခုကဲ့သို့မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ခြင်းသည် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ခုလုံးအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပါသည်။ ဗီယက်နမ်-အမေရိကန် ခိုင်မာသော ဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံအတွက် စီးပွားရေးကဏ္ဍကို အားကောင်းစေသည့် အပြင် တရုတ်နိုင်ငံ၏ ဒေသတွင်း လွှမ်းမိုးမှုကို ရင်ဆိုင်ရန် ကာကွယ်ရေးကို မြှင့်တင် နိုင်ပါသည်။ ထိုဆက်ဆံရေးသည် အမေရိကန်နိုင်ငံအတွက် မိုက်ခရိုချစ်ပ်များ ထုတ်လုပ်ခြင်းကဲ့သို့ မဟာဗျူဟာမြောက် ကုန်သွယ်ရေးနည်းလမ်းများကို ချဲ့ထွင်နိုင်ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်းအလယ်အလတ်ပါဝါအဖြစ် ခိုင်မာစေရေး အခွင့်အလမ်းများ တိုးတက်စေနိုင်ပါသည်။ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး ခိုင်မာလာခြင်းသည် စည်းမျဉ်းအခြေပြု အင်ဒို-ပစိဖိတ်(Rules-based Indo-Pacific Order) တည်ဆောက်မှုကိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်။
ပထမအချက်အနေဖြင့် အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးခိုင်မာလာခြင်းသည် ဗီယက်နမ်နိုင်ငံအား ချမ်းသာတိုးတက်သည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဟု ဆိုသည်။ ၁၉၉၀ ပြည့်နှစ်များက ဗီယက်နမ်နိုင်ငံသည် အာရှအဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင် ခဲ့သော်လည်း ဆယ်စုနှစ်သုံးခုအတွင်း စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး စီးပွားရေး တိုးတက်မှုအမြန်ဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိပါသည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ဆင်းရဲမွဲတေမှု၊ ဝင်ငွေမညီမျှမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ အခြေခံအဆောက်အအုံဆိုင်ရာ ကန့်သတ်ချက်များ၊ အကျင့်ပျက်ခြစားမှု၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ စီမံခန့်ခွဲရေးလွဲမှားမှုစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ဗီယက်နမ်နိုင်ငံသည် အလယ်အလတ်အဆင့်ရှိသော နိုင်ငံအဖြစ်မှ ပိုမိုတိုးတက်လာစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ခြင်းနှင့် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုနိုင်ပါသည်။ ထို့ပြင် ကုန်ပစ္စည်းများ ထုတ်လုပ် တင်ပို့မှုတွင်လည်း အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံဈေးကွက်များအထိ ချဲ့ထွင်လာ နိုင်မည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဆောက်အအုံ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာအပေါ် မှီခိုမှုကို တဖြည်းဖြည်း လျှော့ချလျက်ရှိသော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုသည် အကျိုးအမြတ်များရရှိလျက်ရှိသောကြောင့် အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပါသည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံအား အမေရိကန်နိုင်ငံဈေးကွက်သို့ ထိုးဖောက်ရန် လမ်းကြောင်းတစ်ခုအဖြစ် အသုံးချခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအစိုးရနှင့် စီးပွားရေးခေါင်းဆောင်များသည် တရုတ် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်များ၊ နည်းပညာများနှင့် ဘဏ္ဍာရေးအပေါ် အလွန်အကျွံ မှီခိုအားထားမှုကိုလျှော့ချရန် ဆောင်ရွက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည့် နည်းပညာများ၊ မိုက်ခရိုချစ်ပ်ထုတ်လုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းအခြေပြု အဆင့်မြင့်ပညာရေးစနစ်တို့တွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် လုံခြုံရေးတို့တွင် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၏ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အအုံများ လျင်မြန်စွာတိုးတက်ရန် ၎င်း၏စက်မှုစွမ်းရည်ကို အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပါသည်။ ၎င်း၏ စက်မှုလုပ်သားများကို ကျွမ်းကျင်မှုမြှင့်တင်ပေးရန်လည်း ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပြီး ဤကဏ္ဍများတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အကူအညီ ပေးမှုများသည် ဗီယက်နမ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သကဲ့သို့ တရုတ် နိုင်ငံအပေါ် မှီခိုအားထားရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ဒုတိယအချက်အနေဖြင့် ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းခြင်း အားဖြင့် ဒေသတွင်း အမှီအခိုကင်းစွာ ရပ်တည်လာနိုင်မည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် သမိုင်းအဆက်ဆက် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အပြင် တရုတ်၊ ပြင်သစ်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ကဲ့သို့ ပြည်ပနိုင်ငံများ၏ ခြိမ်းခြောက်မှု များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံသည် သမိုင်းအစဉ်အလာအရ တရုတ်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသောကြောင့် နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ဆုံမှုမဖြစ်စေရန် ဂရုတစိုက်လုပ်ဆောင်လျက်ရှိပါသည်။ ဗီယက်နမ် နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး Comprehensive Strategic Partnerships (CSPs)၌ တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော်လည်း ဒေသတွင်းတရုတ်နိုင်ငံ၏ အင်အားသုံး ဩဇာလွှမ်းမိုးမှု များကြောင့် ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများက သတိထားဆက်ဆံလျက် ရှိပါသည်။ ဥပမာအနေဖြင့် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ Nine-Dashed Line (ယခု Ten-Dashed Line) နယ်မြေချဲ့ထွင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအစိုးရ၏ အခြေအမြစ်မရှိသော ဖော်ပြချက်ကို ကန့်ကွက်ခဲ့ပြီး ဤချဲ့ထွင်မှုအား မတရားကြိုးပမ်း လာမည်ကိုလည်း စိုးရိမ်လျက်ရှိပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏သီးသန့်စီးပွားရေးဇုန်ကို ပုံမှန်ချိုးဖောက်မှု၊ မဲခေါင်မြစ်အထက်ပိုင်းတွင် ရေကာတာ တည်ဆောက်ရန်ကြိုးပမ်းမှု၊ ဗီယက်နမ်နိုင်ငံ၏ Cloud-Based စီးပွားရေးကို ပစ်မှတ် ထားသည့် ဆိုက်ဘာလှုပ်ရှားမှုများကို လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် အရေးပါသော အခြေခံအဆောက်အအုံအတွက် တရုတ်နိုင်ငံ၏နည်းပညာကို မှီခိုအားထားရန် မဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားလုံခြုံရေးရည်မှန်းချက်ကို မြှင့်တင်ရန်ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းအနီးတွင် ရေနံတူးစင်တစ်ခု လာရောက်ဆောက်လုပ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက် လာခဲ့ပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံသည် အခြားနိုင်ငံများနှင့် ၎င်း၏ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ တို့နှင့် CSPs တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံ၊ ၂၀၁၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံတို့နှင့် သဘောတူညီမှုများလုပ်ဆောင်ခဲ့ကြပါသည်။ ဩဂုတ်လတွင်လည်း ဩစတြေးလျ၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတို့နှင့် CSPs တွင် လက်မှတ်ရေးထိုးရန် ကတိပြုခဲ့ပါသည်။ ဗီယက်နမ်-ဂျပန် ကျယ်ပြန့်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံနှင့် ယခုသီတင်းပတ်တွင် ဆွေးနွေးခဲ့ပြီး ယခု ဗီယက်နမ်-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံအတွက် အရေးပါသော နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား မိတ်ဖက် ဆက်ဆံရေးသည် စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်နှစ်ခုစလုံးတွင် သိသာထင်ရှားသောအကျိုးကျေးဇူးများရှိပါသည်။ ဗီယက်နမ်နိုင်ငံ စီးပွားရေး၏ ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်၊ ထိရောက်သော ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို အဆင့်မြှင့်တင်နိုင်ရန် အမေရိကန် နိုင်ငံ၏ အကူအညီလိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်း၏ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုကို ကာကွယ်ရန် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများလည်း လိုအပ်ပါသည်။ သို့သော်လည်း အမေရိကန်-ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးတွင် တင်းမာမှုအချို့ရှိနေသေးပြီး အမေရိကန်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ဗီယက်နမ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကတိကဝတ် များကို လိုက်နာရန် တွန်းအားပေးလျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ဗီယက်နမ် နိုင်ငံက အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ပြောဆိုမှုများကို ရှောင်ကြဉ်ကာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၎င်းအပေါ် ထိခိုက်ခဲ့မှုများကို ပြုပြင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုသာ ပိုမိုလုပ်ဆောင်ရန် ပြောကြားခဲ့ပါသည်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲအပြီး ၄၈ နှစ်အကြာ တည်ဆောက်ခဲ့သည့် အမေရိကန်-ဗီယက်နမ် မိတ်ဖက် ဆက်ဆံရေးသည် နှစ်နိုင်ငံအကြား သာယာဝပြောရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေးတိုးတက် လာမှုကို အကောင်းမြင်ရှုထောင့်မှ ရေးသားထားသည့် ဆောင်းပါးဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအား မျှခြေထိန်းညှိရန်၊ နိုင်ငံအတွင်း စီးပွားရေးနှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် လုံခြုံရေးစွမ်းအား မြှင့်တင် နိုင်ရန်အတွက် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။ သမိုင်းအစဉ်အလာအရ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ရန်ဘက် ဖြစ်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှု၊ အကျပ်ကိုင်မှုများ မြှင့်တက် လာခြင်းကြောင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအင်အားစုများနှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ရပ် ပြန်လည်တည်ဆောက်၍ ထိန်းညှိနိုင်ရန် ပြင်ဆင်လာခြင်းကို ထင်ရှားစွာတွေ့ရှိရပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ “Peaceful Development” မူဝါဒကို လျစ်လျူရှုကာ ဒေသတွင်းနိုင်ငံများအပေါ် အင်အားသုံး၍ ဩဇာလွှမ်းမှုပြုလုပ်လာချိန် အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် အဆင်မပြေသည့် နိုင်ငံငယ်များအား ၎င်း၏ဩဇာလွှမ်းမိုးမှု အောက်သို့ စည်းရုံးသိမ်းသွင်းနိုင်သည့် အခြေအနေပေးသကဲ့သို့ ဖြစ်နေပါသည်။ ဗီယက်နမ်နိုင်ငံသည် ခေတ်သစ်သမိုင်းတွင် အမေရိကန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲကာ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေသည့်နိုင်ငံဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံနှင့် စစ်ဖြစ်ပွားခဲ့သည့်ဒဏ်ကို ခံခဲ့ရပြီး နိုင်ငံကို ပြန်လည်တည်ဆောက်ခဲ့ရသည့် သက်ကြီးပိုင်းမျိုးဆက်များ အကြားတွင် အမေရိကန်နိုင်ငံ မုန်းတီးရေးစိတ်ဓာတ်များ အမြစ်တွယ်လျက်ကျန်ရှိနေပါသေးသည်။ သို့သော်လည်း နောက်ပိုင်း ပညာတတ်လူငယ်မျိုးဆက်များအကြားတွင်မူ အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု လိုလားသည့်အမြင်များ ရှိနေသည်ကို တွေ့ရှိရပါသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ဒေသတွင်း ဩဇာအာဏာကို အင်အားသုံး၍ တည်ဆောက်လာသည့်အခါတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်း၏ အမျိုးသား အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံကြီးများနှင့် သံတမန်ရေးပူးပေါင်း လုပ်ဆောင်မှုကို မဟာဗျူဟာမြောက် လုပ်ဆောင်လာခြင်းဖြစ်ပါသည်။ အမေရိကန် နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ဆက်ဆံရေး အောင်မြင်မှုရှိ/မရှိကို ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သော်လည်း လက်ရှိအမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေး အပြောင်းအလဲမှာ “အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိ၊ အမြဲတမ်းအကျိုးစီးပွားသာ ရှိသည်” ဟူသော နိုင်ငံတကာဆက်ဆံရေး သဘောတရားတစ်ခုကို ထင်ဟပ်ပြသနေပါသည်။ သို့သော်လည်း အင်အားငယ်နိုင်ငံများ၏ ကျစ်လျစ်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုသည်သာ အင်အားကြီးနိုင်ငံများအား ပိုမိုအန္တရာယ်ကင်းစွာ ထိန်းညှိနိုင်မည့်နည်းလမ်းတစ်ခုဖြစ်ခြင်းကြောင့် Global South နိုင်ငံများအကြား နိုင်ငံကြီးများ၏ အမှီအခိုကင်းစွာ ပေါင်းစည်းနိုင်ရေးသည်သာ ပဓာနဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
117092823

[1]။ Jonathan D. London,“A New Era Is Dawning in U.S.Vietnam Relations”. The Diplomat. 9 September 2023 [/https://thediplomat.com/.../a-new-era-is-dawning-in-u-s...//]

Tuesday, September 26, 2023

အမေရိကန်နိုင်ငံအနေဖြင့်ယူကရိန်းနိုင်ငံစစ်ပွဲအတွက် ငွေကြေးထောက်ပံ့နိုင်မှု အလားအလာလျော့ပါးလာခြင်းနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယူကရိန်းနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲအတွက် လိုအပ်သည့် အထောက်အပံ့ များကို အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများထံမှ တောင်းခံမှုအား ထပ်မံလုပ်ဆောင် နိုင်ခြင်းမရှိနိုင်တော့သည့် အခြေအနေများနှင့် ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံနှင့် NATO တပ်ဖွဲ့တို့သည် ယူကရိန်းနိုင်ငံသမ္မတ Zelensky အား ရုရှားနိုင်ငံနှင့်ဆွေးနွေး၍ ငြိမ်းချမ်းရေးဆောင်ရွက်ရန် တွန်းအားပေးကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပါ။ ယူကရိန်းနိုင်ငံသမ္မတ Zelensky သည် စစ်ပွဲအထောက်အပံ့ အတွက် ကုလသမဂ္ဂအဖွဲ့နှင့် အမေရိကန်နိုင်ငံတို့ထံမှ အကူအညီများ တောင်းခံ နေသော်လည်း အမေရိကန်ကွန်ဂရက်တွင် အစိုးရလျာထားသော ယူကရိန်း နိုင်ငံအား လက်နက်တပ်ဆင်ရန်နှင့် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယံနှင့် လက်နက်စနစ်အသစ်များထောက်ပံ့ပေးရန်ကိစ္စကို ဆုံးဖြတ်ရန် အကျပ်အတည်းဖြစ်နေပါသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည်လည်း ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရသောကြောင့် ယူကရိန်းနိုင်ငံ တောင်းဆိုထားသည့် ဒေါ်လာ ၂၄.၉ ဘီလီယံသည် ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိမှာ မသေချာသေးပေ။ အမေရိကန်နိုင်ငံအစိုးရ၏ လျာထားမှုတွင် စစ်ရေးအကူအညီအတွက် ဒေါ်လာ ၁၃.၁ ဘီလီယံ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် ဒေါ်လာ ၈.၅ ဘီလီယံနှင့် ကမ္ဘာ့ဘဏ်မှတစ်ဆင့် ငွေကြေးရန်ပုံငေွနှင့် အလှူရှင်များပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဒေါ်လာ ၂.၃ ဘီလီယံကို တောင်းဆိုထားခြင်းဖြစ်ပါသည်။
ယူကရိန်းနိုင်ငံသမ္မတ Zelensky သည် အမေရိကန်နိုင်ငံသို့ မသွားမီ အကျင့်ပျက် ခြစားသည်ဟုသံသယရှိသော ယူကရိန်းနိုင်ငံကာကွယ်ရေးဝန်ကြီးအား ဖယ်ရှားခဲ့သဖြင့် ဥပဒေအရ ဒုတိယကာကွယ်ရေးဝန်ကြီး ၆ ဦးသည်လည်း ဖယ်ရှားခံခဲ့ရပါသည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား ငွေကြေးထောက်ပံ့ရာတွင် အလွဲသုံးစားမှုများ ဖြစ်ပေါ်နေသည်ဟု စွပ်စွဲခံနေရခြင်းကြောင့် ယူကရိန်းနိုင်ငံမှ ဤသို့လုပ်ဆောင်ပြခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံအား နှောင်ကြိုးမဲ့ကူညီ လိုက်သော ငွေကြေးအမြောက်အမြားသည် စာရင်းပျောက်နေသည်ဟု စွပ်စွဲခံနေရပြီး အစိုးရအနေဖြင့် ထိုစာရင်းကိုလည်း အစစ်ဆေးမခံဟုဆိုသည်။ အမေရိကန်နိုင်ငံသည် ယခင်က ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆောင်ရွက်ရန် သဘောမတူသည့် အခြေအနေရှိခဲ့ပါသည်။
သို့သော်လည်း ယခုအခါ အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ဝင်များ ထောက်ပံ့ထားသည့် လက်နက်ခဲယမ်းများ အရာမထင်ဖြစ်ခဲ့ရခြင်းနှင့် ယူကရိန်းနိုင်ငံမှ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုအရာမထင်ခဲ့သည့်နောက်ပိုင်းတွင် အမေရိကန် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းကြောင်းကို စတင်အဆိုပြုခဲ့ပါသည်။ ထိုကြိုးပမ်းမှုများ မအောင်မြင်ခဲ့သည့်နောက်တွင် အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ တို့သည် (၂၀၂၃ ခုနှစ် ဩဂုတ်လတွင်) ရုရှားနိုင်ငံ၏ ကာကွယ်ရေးကို ထိုးဖောက်နိုင်ရန် ယူကရိန်းနိုင်ငံအား ပုံအော၍ လက်နက်တပ်ဆင်ပေးခဲ့သော်လည်း ယူကရိန်း နိုင်ငံ၏ ထိုးစစ်မအောင်မြင်ဘဲ ၎င်းတို့၏ မဟာဗျူဟာမြောက် ထောက်ပံ့မှုများကို ဖြုန်းတီး ခဲ့ပါသည်။ အဆိုပါထိုးစစ်တွင် ယူကရိန်းနိုင်ငံ၏ နောက်ဆုံးအရင်းအမြစ်များဖြစ်သည့် 25th Air Mobile နှင့် 82nd Air Assault တပ်မဟာများကို ထုတ်သုံးခဲ့ပြီး Zaphorize မြို့ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာလာခဲ့ရပါသည်။
ယခုအခါတွင် ယူကရိန်းနိုင်ငံသည် စက်ယန္တရားနှင့် လူအင်အား ပိုမိုသုံးစွဲကာ ဆက်လက်ထိုးစစ်ဆင်နေသော်လည်း တစ်ရက်လျှင် အင်အား ၁,၀၀၀ ကျော် ၂,၀၀၀ နီးပါးဆုံးရှုံးလျက်ရှိနေပါသည်။ ယူကရိန်းနိုင်ငံ၏ စစ်နည်းဗျူဟာများကို အမေရိကန်နိုင်ငံနှင့် NATO မိတ်ဖက်နိုင်ငံအချို့က နှစ်သက်ခြင်းမရှိသော်လည်း ၎င်းတို့ ကွန်ပျူတာ Simulator များနှင့် ထောက်လှမ်းရေးကိရိယာများမှ အဆိုပါနည်းဗျူဟာများအား ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ တရုတ်၊ ဘရာဇီးလ်၊ဗာတီကန်၊ တောင်အာဖရိက၊ အီဂျစ်၊ ဆီနီဂေါ၊ ကွန်ဂို၊ ကိုမိုရို၊ ဇမ်ဘီယာ၊ ယူဂန်ဒါ၊ ဒိန်းမတ်၊ အင်ဒိုနီးရှားနိုင်ငံတို့သည် ရုရှား-ယူကရိန်းနိုင်ငံတို့၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံခဲ့ကြပြီး အစ္စရေး၊ ဒိန်းမတ်နှင့် တူကီယဲနိုင်ငံတို့သည် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။ ၎င်းတို့ထဲမှ အစ္စရေးနှင့် တူကီယဲနိုင်ငံတို့၏ စေ့စပ်ညှိနှိုင်းမှု များသည် ကနဦးတွင် တိုးတက်မှုရှိခဲ့ပါသည်။
ယူကရိန်းနိုင်ငံမှ တရားဝင်တောင်းဆိုမှုများတွင် အောက်ပါအချက်များ ပါဝင်ကြောင်းဖော်ပြထားပါသည်-
(က) ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် စေ့စပ် ညှိနှိုင်းမှုပြုလုပ်မည်မဟုတ်သော်လည်း ရုရှားနိုင်ငံမှ အခြားတာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုကိစ္စကို ယူကရိန်း နိုင်ငံသမ္မတ Zelensky မှ ဥပဒေတစ်ရပ် ထုတ်ပြန်ထားကြောင်း။
( ခ ) ယူကရိန်းနိုင်ငံသည် မည်သည့်အခြေအနေမျိုးတွင်မဆို ၎င်း၏ပိုင်နက် နယ်မြေများကို အဆုံးရှုံးခံမည်မဟုတ်ကြောင်းနှင့် ထိုအထဲတွင် ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် Crimea နှင့် Donbas ဒေသတို့ ပါဝင်ကြောင်း။
( ဂ ) ရုရှားနိုင်ငံမှတပ်ဖွဲ့များအားလုံး ယူကရိန်းနိုင်ငံပိုင်နက်မှ ထွက်ခွာရန်နှင့် ရုရှားနိုင်ငံသမ္မတ ပူတင် အပါအဝင် စစ်ရာဇဝတ်သားများအားလုံးကို တရားစီရင်နိုင်ရန် တောင်းဆိုထားကြောင်း။
(ဃ) ယူကရိန်းနိုင်ငံသည် NATO တပ်ဖွဲ့အား လုံခြုံရေးအာမခံချက်ပေးရန်၊ သို့မဟုတ် NATO တပ်ဖွဲ့ဝင်အဖြစ် လက်ခံပေးရန်နှင့် EU အဖွဲ့ဝင်အဖြစ် လက်ခံရန် တောင်းဆိုထားကြောင်း စသည့်အချက်များဖြစ်သည်။
သို့သော်လည်း EU အဖွဲ့ဝင်ဖြစ်ရန်မှာ စီးပွားရေး၊ နိုင်ငံရေးနှင့် တိုင်းပြည် အခြေအနေမငြိမ်သက်မှုများကြောင့် ကန့်သတ်ချက်များရှိနေပါသည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးကို အာမခံထားသော်လည်း ၎င်း၏ကြိုးပမ်းမှုသည် နှောင့်နှေးရပ်တန့်လျက်ရှိပါသည်။ တစ်ဆက်တည်းမှာပင် ယူကရိန်း နိုင်ငံသည် ရုရှားနိုင်ငံပိုင်နက်အား တိုက်ခိုက်ရန် တာဝေးပစ်လက်နက်များကို တောင်းဆို ခဲ့ပြီး နောက်ဆုံးတောင်းဆိုချက်မှာ ATACMS (MGM-140) နည်းဗျူဟာမြောက် မြေပြင်ပစ်ပဲ့ထိန်းဒုံးကျည်နှင့် ဂျာမန်-ဆွီဒင်နိုင်ငံထုတ် Taurus (KEPD-350) ဝေဟင်ပစ် ခရုဇ်ဒုံးကျည်များဖြစ်ပါသည်။ Taurus ဒုံးကျည်များကို ယူကရိန်းနိုင်ငံရှိ Su-24 တိုက်လေယာဉ် များတွင် တပ်ဆင်အသုံးပြုနေသော်လည်း အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့သည် ၎င်းတို့၏ နည်းဗျူဟာမြောက်ဒုံးကျည်များနှင့် Taurus ဒုံးကျည်များ ထောက်ပံ့ရေးနှင့်ပတ်သက်၍ တရားဝင်သဘောတူညီမှုမရှိသေးဟုဆိုပါသည်။
သို့သော်လည်း အမေရိကန်နိုင်ငံ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းက ရုရှားနိုင်ငံအတွင်း အရေးကြီးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ရန် လော်ဘီလုပ်တိုက်တွန်းနေခြင်းများလည်းရှိပြီး ၎င်းအနေဖြင့် အခြားသူများကို စည်းရုံး နိုင်ပါက ယူကရိန်းနိုင်ငံသည် နည်းဗျူဟာမြောက်ဒုံးကျည်များကို ရရှိလာနိုင်ပါသည်။ ထိုအစီအစဉ်များအားလုံးက ရုရှားနိုင်ငံ၏ တိုက်ပွဲရည်မှန်းချက်များကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ရုရှားနိုင်ငံအနေဖြင့် ၎င်းသိမ်းပိုက်ပြီးသည့် Donbas ၊ Zaphorize ၊ Kherson နှင့် Crimea ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည် (ရုရှားတပ်များက ထိန်းချုပ် ထားနိုင်သည့် အခြေအနေကိုဆိုလို)။ ထို့ပြင် ရုရှားနိုင်ငံခေါင်းဆောင်များက ယူကရိန်းနိုင်ငံ အစိုးရအပြောင်းအလဲလုပ်ရန် တစ်စိုက်မတ်မတ်ပိုမိုတောင်းဆိုလာပြီး အချက်အချာကျသည့် Odesa ကဲ့သို့သော မြို့ကြီးများအထိ တိုးချဲ့သိမ်းပိုက်ရန် ကြိုးပမ်းလာနေပါသည်။ ဤသို့ ပြုလုပ်နိုင်ရန် ရုရှားနိုင်ငံအနေဖြင့် တပ်ဖွဲ့များနှင့် ထောက်ပံ့ရေးပစ္စည်းများ ပိုမို လိုအပ်မည်ဖြစ်ပါသည်။
ယူကရိန်းနိုင်ငံတွင်မူ စစ်သည်အင်အားနှင့် ထောက်ပံ့ရေးပစ္စည်းများ လုံလောက်စွာ မကျန်ရှိခြင်းကြောင့် တိုက်ပွဲချဲ့ထွင်ရန် ခက်ခဲမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ယူကရိန်း နိုင်ငံအစိုးရ၏ အခြေအနေမှန်နှင့် ရှေ့တန်းသို့ တပ်ဖွဲ့မည်မျှစေလွှတ်နိုင်မည်ကို မသိရှိရ သေးပါ။ ယူကရိန်းနိုင်ငံ၏ စစ်ပွဲတာရှည်လာမှုကို အမေရိကန်နိုင်ငံအနေဖြင့် ကျေနပ်မှုရှိနိုင်မည်မဟုတ်ဘဲ ဤစစ်ပွဲသည် တရုတ်နှင့် ရုရှားနိုင်ငံတို့အကြားက မဟာမိတ်ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များစွာကို ဆုံးရှုံးစေကာ ဥရောပနှင့် အာရှဒေသတို့တွင် အကျိုးဆုတ်ယုတ်မှု ဖြစ်ပေါ်စေခဲ့ပါသည်။ ဥပမာအနေဖြင့် အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအရေးကြောင့် ထိုင်ဝမ်ကျွန်းအား ရွေ့လျားမှုစွမ်းရည်မြင့်အမြောက်ယာဉ် High Mobility Artillery Rocket Systems (HIMARS)များ ထောက်ပံ့ပေးရန် နှောင့်နှေးခဲ့ရပါသည်။ အိုကီနာဝါကျွန်းရှိ အမေရိကန်မရိန်းတပ်သားများသည် HIMARS ကျည်များကို အကန့်အသတ်ဖြင့်သာ အသုံးပြုနေရသည်ဟု ဆိုသည်။
ထို့ကြောင့် ယူကရိန်းနိုင်ငံသည် စစ်ပွဲတွင် HIMARS များကို ဆက်လက် အသုံးပြုမည်ဆိုပါက မဟာမိတ်များအတွက် HIMARS အလုံအလောက်ရရှိရန် အချိန် အနည်းငယ်ကြာမြင့်မည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်ကျွန်းသို့ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်များ ပေးပို့မည့်အစီအစဉ်သည် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် တစ်နှစ် နောက်ကျခဲ့ပါသည်။ Zelensky သည် ယခုအကြိမ်တွင် ယူကရိန်းစစ်ပွဲအတွက် ငွေကြေး ထောက်ပံ့ပေးရန် အမေရိကန်ကွန်ဂရက်ထံ တောင်းဆိုနိုင်သော်လည်း ၎င်းအတွက် ရန်ပုံငွေရရှိရန်ကြိုးပမ်းမှု နောက်ဆုံးအကြိမ်ဖြစ်နိုင်ပါသည်။ ၎င်းအနေဖြင့် တောင်းဆို ထားသည်ထက်နည်းသည့် ငွေပမာဏကို ရရှိနိုင်ခြေရှိပြီး အနာဂတ်တွင် နောက်ထပ် ရန်ပုံငွေများရရှိရန် ဖြစ်နိုင်ပုံမပေါ်တော့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေမှန်များ၊ အမေရိကန် နိုင်ငံနှင့် NATO အဖွဲ့ဝင်အများစု၏ မူဝါဒသည် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့ ငြိမ်းချမ်းရေး ဆွေးနွေးရန်ဘက်သို့ ယိမ်းနေပြီဖြစ်ပြီး ယူကရိန်းနိုင်ငံ၏ စစ်လက်နက်နှင့် ငွေကြေး အကူအညီတောင်းခံချက်များကိုလည်း အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများအနေဖြင့် ထပ်မံလုပ်ဆောင်ပေးနိုင်ခြင်းမရှိနိုင်တော့သည့် အခြေအနေများကို ရေးသားထားခြင်း ဖြစ်ပါသည်။ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် အစကနဦးတွင် ယူကရိန်းစစ်ပွဲ၌ အောင်မြင်မှုရနိုင်ရန် ရည်မှန်းခဲ့သော်လည်း လက်တွေ့တွင် ၎င်းတို့ထောက်ပံ့ နေသည့် လက်နက်၊ ခဲယမ်းနှင့် ငွေကြေးများ အရာမထင်ဖြစ်လာခြင်း၊ ယူကရိန်းနိုင်ငံ တာဝန်ရှိသူများ၏ အကျင့်ပျက်ခြစားခြင်း၊ ပြည်တွင်းရှိ အမေရိကန်လွှတ်တော်နှင့် ပညာရှင်များက လက်တွေ့အခြေအနေမှန်ကို ထောက်ပြ၍ ဖိအားပေးလာခြင်း၊ ၎င်း၏အမာခံမဟာမိတ်များနှင့် စစ်စခန်းများသို့ပင် လက်နက်ခဲယမ်းများ အလုံအလောက် ထောက်ပံ့ပေးနိုင်မှုမရှိတော့ခြင်းနှင့် အရန်ခဲယမ်းများကို ထုတ်နုတ်သုံးစွဲလာရခြင်းကြောင့် လက်တွေ့တွင် ယူကရိန်းနိုင်ငံဘက်မှ အနိုင်မရနိုင်ကြောင်း သဘောပေါက်လာကြသည့် အခြေအနေဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက အမေရိကန်နိုင်ငံဘက်မှ ယူကရိန်းနိုင်ငံအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့တက်ရန် တိတ်တဆိတ် တိုက်တွန်း နေကြောင်း[2] သတင်းများထွက်ပေါ်ခဲ့ပြီး ယခုဆောင်းပါးတွင်လည်း ယူကရိန်းနိုင်ငံအား ထောက်ပံ့ရေးရပ်ဆိုင်းလိုသည့် အယူအဆများ ပေါ်ပေါ်တင်တင် ထွက်ပေါ်လာရခြင်းမှာ အနောက်အုပ်စု၏ ရုရှား-ယူကရိန်း စစ်ပွဲအပေါ် သဘောထားနှင့် လက်ရှိအခြေအနေမှန်ကို ထင်ဟပ်နေကြောင်း တွေ့ရှိရပါသည်။ မကြာသေးမီကပင် ပိုလန်နိုင်ငံက ယူကရိန်းအပေါ်စစ်လက်နက်ထောက်ပံ့ပေးမှုရပ်ဆိုင်းခဲ့ပြီး EU အဖွဲ့အတွင်းတွင်လည်း ဆက်လက်ထောက်ပံ့ရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ပေါ်ပေါ်တင်တင်ဖြစ်ပေါ်လာနေပါသည်။ သို့သော်လည်း အမေရိကန်သမ္မတဘိုင်ဒန်အနေဖြင့် သံတမန်ရေးရာတွင် ယူကရိန်းကို ဆက်လက်ထောက်ပံ့မည်ဟုသာ ပြောဆိုနေဆဲဖြစ်သည်။
လက်ရှိ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့၏ စစ်ပွဲကို မည်သို့ပင်နှစ်နိုင်ငံအကြား ဖြစ်ပွားသည့် စစ်ပွဲတစ်ခုအသွင်ပုံဖော်နေသော်လည်း လက်တွေ့တွင် အမေရိကန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စုနှင့် ရုရှားနိုင်ငံတို့အကြား နိုင်ငံရေးအဆင့်ထက် လွန်ကဲသည့် စစ်ရေးပြိုင်ဆိုင်မှုအဆင့်ကို ရောက်ရှိနေခြင်းပင်ဖြစ်ပါသည်။ ယူကရိန်း နိုင်ငံအနေဖြင့် အနောက်အုပ်စုလိုလားသည့် အစိုးရတစ်ရပ်ကို အတင်ခံရပြီးနောက် NATO နှင့် EU အဖွဲ့ဝင်ဖြစ်ရန် မက်လုံးများမှတစ်ဆင့် နိုင်ငံအားစစ်တလင်းဖြစ်ခဲ့ရသည့် အခြေအနေဖြစ်ပါသည်။ နိုင်ငံကြီးများအနေဖြင့် နိုင်ငံရေးဇာတ်ခုံတွင် မိမိတို့ကိုယ်တိုင် ပါဝင်ကပြခြင်းမရှိဘဲ နောက်ကွယ်မှ ကြိုးဆွဲချုပ်ကိုင်နေကြသော်လည်း ၎င်းတို့၏ အကျိုး စီးပွားထိခိုက်လာမည့် အခြေအနေတွင် လက်တွဲဖြုတ်ရန်လည်း မခဲယဉ်းကြောင်းကို သင်ခန်းစာ ဖော်ထုတ်နိုင်ပါသည်။
ရုရှားနိုင်ငံကဲ့သို့ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ ဆက်စပ်နေသော နိုင်ငံကြီး တစ်နိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် ယူကရိန်းနိုင်ငံ၏ ဆုံးဖြတ်ချက်အမှားကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်အခြေအနေမှာ စောင့်ကြည့်ရဦးမည်ဖြစ်သော်လည်း စစ်ပွဲ များကြောင့် နိုင်ငံ၏ အစိတ်အပိုင်းအတော်များများမှာ ပျက်စီးခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် ယူကရိန်း-ရုရှား ပဋိပက္ခနှင့် နောက်ခံအခြေအနေကွဲပြားနေသော်လည်း သမိုင်းကြောင်းအရ နီးစပ်နေပြီး ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းအင်အားကြီးနိုင်ငံ ၂ ခုအကြားတွင် တည်ရှိနေသော မြန်မာနိုင်ငံ၏ မွေးရာပါ ပထဝီနိုင်ငံရေး အကျပ်အတည်းကို ယှဉ်ထိုးသုံးသပ်နိုင်ဖွယ်ရာ အခြေအနေတစ်ခုပင်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
116092723
[1]။ Stephen Bryen,“ Effort to Get Zelensky to Negotiate with Russia Has Failed”. Weapons and Strategy. 20 September 2023 [/https://weapons.substack.com/.../effort-to-get.../]-accessed on 21 September 2023.

[2]။ Missy Ryan, John Hudson, Paul Sonne,“ U.S. privately asks Ukraine to show it’s open to negotiate with Russia”. The Washington Post. 5 November 2022 [/https://www.washingtonpost.com/ national-security/2022/11/05/ukraine-russia-peace-negotiations/]-accessed on 21 September 2023.

Monday, September 25, 2023

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ သံတမန်ရေးအယူအဆ ပြောင်းလဲလာမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အနေဖြင့် လက်ရှိတွင် ရင်ဆိုင်နေရသည့် သံတမန် ရေးရာအခက်အခဲများနှင့် သံတမန်ရေးရာထိုးစစ်မှ ပြောင်းလဲလာသည့် အမျိုးသားရေး ဆိုင်ရာ လုံခြုံရေးခံစစ်အကြောင်းကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် လိုလားလျက်ရှိသော်လည်း တရုတ်နိုင်ငံအနေဖြင့် တိကျသည့် ပြန်ကြားချက်မရှိသေးသော်လည်း စက်တင်ဘာလ ၄ ရက်နေ့၌ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန “Ministry of State Security (MSS)’’ က အမေရိကန်နိုင်ငံ သမ္မတနှင့် တရုတ်နိုင်ငံသမ္မတတို့ တွေ့ဆုံနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ ဆောင်းပါး တစ်ပုဒ်ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်ချက်၌ သမ္မတ ၂ ဦးတို့အကြား တွေ့ဆုံဆွေးနွေးမှု အထမြောက်စေရန် အမေရိကန်နိုင်ငံအနေဖြင့် ရိုးသားပွင့်လင်းမှုရှိရန် လိုအပ်သည်ဟု MSS က ပြောကြားခဲ့ပါသည်။ ယေဘုယျအားဖြင့် အစိုးရအေဂျင်စီတစ်ခုမှ သံတမန်ရေးရာကိစ္စများနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ခြင်းသည် သာမန်ဖြစ်သော်လည်း MSS ကဲ့သို့သော လုံခြုံရေးအေဂျင်စီတစ်ခုအနေဖြင့် အရေးကြီးသည့် ပြည်ပနိုင်ငံအကြီးအကဲနှင့် တွေ့ဆုံမှုအား ဝင်ရောက်စွက်ဖက်၍ သံတမန်ရေးရာတွင် ပါဝင်ပတ်သက်မှုသည် ထူးခြားမှုရှိနေပါသည်။
၃။ လက်အောက်ရှိ MSS မှ တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၏ သဘောတူညီချက်မပါဘဲ တရုတ်နိုင်ငံ၏ အရေးပါသည့် နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များ လူသိရှင်ကြား မှတ်ချက်ပေးခြင်းမျိုး လုပ်ဆောင်ဝံ့မည် မဟုတ်ပါ။ ထို့ကြောင့် ဤလုပ်ဆောင်ချက်သည် သမ္မတ ရှီကျင့်ဖျင်မှ ၎င်းယုံကြည် စိတ်ချရသည့် MSS အကြီးအကဲ Chen Yixin ကို ညွှန်ကြားခဲ့ခြင်း ဖြစ်နိုင်ပါသည်။ သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ဤကဲ့သို့ သံတမန်ရေးရာကိစ္စရပ်များတွင် အမျိုးသား လုံခြုံရေးအဖွဲ့ကို ထည့်သွင်းလာခြင်းသည် ၎င်း၏နိုင်ငံခြားရေးမူဝါဒအား အမျိုးသား လုံခြုံရေးကို ဦးစားပေး၍ ဆောင်ရွက်လာခြင်းဖြစ်နိုင်ပါသည်။ သမ္မတ ရှီကျင့်ဖျင် အတွက် အမျိုးသားလုံခြုံရေးဆိုသည်မှာ ၎င်း၏အာဏာကို လုံခြုံအောင်ထိန်းသိမ်း ထားနိုင်ရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား အတွက် တရုတ်ကွန်မြူနစ်ပါတီ၏ လုံခြုံရေးသည် အဓိကဖြစ်ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် နိုင်ငံတကာဆက်ဆံရေးကို လုံခြုံရေးသတိဖြင့် လုပ်ဆောင် လာနေပါသည်။ တရုတ်စီးပွားရေးသမားများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များကို ပစ်မှတ်ထားသည့် စျေးကွက်လွတ်လပ်မှုအား ကန့်သတ်သည့် မူဝါဒများကို ချမှတ်ခဲ့ခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုအပေါ် သက်ရောက်မှုများ ဖြစ်စေခဲ့ပါသည်။ ဥပမာအားဖြင့် သမ္မတ ရှီကျင့်ဖျင် သည် ဒေသတွင်း၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် တရုတ်နိုင်ငံသားများအား လုံခြုံရေး အရ စောင့်ကြည့်မှုပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ သူလျှိုမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့် မလုံခြုံမှုကို ခံစားခဲ့ရကြောင်း ဖော်ပြ ထားပါသည်။
အမျိုးသားလုံခြုံရေးအတွက် အဓိကလိုအပ်ချက်မှာ ကာကွယ်ရေးနည်းလမ်း ဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အနေဖြင့် အမျိုးသားလုံခြုံရေး မူဘောင်အတွင်း သံတမန်ရေးကို ထည့်သွင်းခြင်းသည် နိုင်ငံခြားရေးမူဝါဒကို ထိုးစစ်မှ ခံစစ်အနေအထားသို့ ပြောင်းလဲလာခြင်းဖြစ်သည်ဟု ယူဆရပါသည်။ လက်ရှိ သံတမန် ဆက်ဆံရေးသည် တရုတ်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် က စိုးရိမ်လျက်ရှိပြီး တရုတ်နိုင်ငံအတွင်း “ရောင်စုံ တော်လှန်ရေး” (Colour Revolution)[2] ဖြစ်ပွားမလာစေရန် တားဆီးလျက်ရှိပါသည်။ စက်တင်ဘာလက ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတသည် ရုရှားနိုင်ငံနှင့် ဒေသတွင်း အခြား အဖွဲ့ဝင်နိုင်ငံများကို အင်အားကြီးနိုင်ငံများ၏ “ရောင်စုံ တော်လှန်ရေး” သွေးထိုး လှုံ့ဆော်မှုကို တားဆီးရန်အတွက် အချင်းချင်းကူညီကြရန် တောင်းဆိုခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖျင် သည် တရုတ်နိုင်ငံ၏ စီးပွားရေးပြဿနာများအတွက် အမေရိကန် နိုင်ငံကို အပြစ်တင်လျက်ရှိပြီး အဆိုပါပြဿနာများကြောင့် ၎င်း၏ ခေါင်းဆောင်မှုကို မထိခိုက်စေရန်နှင့် ၎င်း၏အာဏာပိုမိုအားကောင်းစေရန် အမျိုးသားရေးဝါဒကို ပြန်လည်လှုံ့ဆော်အသုံးချလာကြောင်း ဖော်ပြထားပါသည်။
ယခုအချိန်တွင် သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ အာဏာကို စုစည်းရန်၊ “ရောင်စုံတော်လှန်ရေး”ကို ကာကွယ်ရန်နှင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံ များ၏ ကြိုးကိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးပြိုလဲမှုတို့ကို ရင်ဆိုင်ဖြေရှင်း နေရပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများအား ဖိနှိပ်ချုပ်ချယ်မှု များနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ရန်လိုမှုများသည် ကွဲပြားခြားနားသည်ဟု ထင်ရ သော်လည်း ဆက်စပ်လျက်ရှိပါသည်။ အလားတူပင် အင်အားကြီးနိုင်ငံများအကြား ယှဉ်ပြိုင်ရာ၌ အနောက်နိုင်ငံများ၏ အတွေးအခေါ်များ၊ သတင်းအချက်အလက်များနှင့် အမေရိကန်နိုင်ငံ၏ ငွေကြေးများ တရုတ်နိုင်ငံအတွင်း စိမ့်ဝင်မှုကို ဟန့်တားခြင်း များသည် အမေရိကန်နိုင်ငံအား အနိုင်ရရန်လုပ်ဆောင်ခြင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ ယခုအချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် ပြည်ပအရေးကိစ္စများထက် ပြည်တွင်းရေးအား ပို၍အလေးထားလျက်ရှိသည်ကို ၎င်း၏ မကြာသေးမီက လုပ်ဆောင် ခဲ့သည့် သံတမန်ရေးရာကိစ္စရပ်များတွင် တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် သမ္မတ ရှီကျင့်ဖျင် သည် အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် G-20 ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် Li Qiang အား စေလွှတ်၍ ၎င်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရေဘေးသင့်ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့ပြင် စက်တင်ဘာလ ၁၂ ရက်နေ့က ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ခြင်းမရှိဘဲ ၎င်းအစား ဒုတိယဝန်ကြီးချုပ် Zhang Guoqing ကို ကိုယ်စားစေလွှတ်ခဲ့ပါသည်။ ယခုနှစ် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် APEC ထိပ်သီး အစည်းအဝေးသို့ တက်ရောက်၍ အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်နှင့် တွေ့ဆုံမည့် အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် ၎င်း၏ သံတမန် ရေးရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသည်။ အမေရိကန်နိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဩစတြေးလျနှင့် မွန်ဂိုလီးယား နိုင်ငံတို့အပါအဝင် အင်ဒို-ပစိဖိတ် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းမှုအားကောင်း လာခြင်းသည် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် ထိန်းချုပ်ရေး မဟာဗျူဟာတစ်ခု အလုပ်ဖြစ်လာသည်ကို ပြသနေပါသည်။ တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် စံပြုမြေပုံသစ်ထုတ်ပြန်ခြင်းသည်လည်း ဒေသတွင်း အာဆီယံနိုင်ငံများနှင့် ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်စေခဲ့ပြီး အီတလီနိုင်ငံကလည်း တရုတ်နိုင်ငံ၏ နိုင်ငံတကာစီမံကိန်းဖြစ်သည့် Belt and Road Initiative (BRI) သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင် G-20 ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ကို ချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးလမ်းကြောင်း သစ်ကို စတင်ခဲ့မှုသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို စိန်ခေါ်မှု ဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ သံတမန်ရေးအရ ရုရှားနိုင်ငံအပေါ် ထောက်ခံမှုပြုလုပ်ခဲ့သော်လည်း ၎င်းမျှော်လင့်ထားသည့် ရလဒ်များနှင့် ကွဲလွဲခဲ့ပါသည်။ တရုတ်နိုင်ငံသည် BRICS အဖွဲ့ချဲ့ထွင်မှုတွင် အောင်မြင်မှုရရှိခဲ့သော်လည်း ကမ္ဘာ့ တောင်ဘက်ခြမ်းရှိနိုင်ငံများ၏ သံတမန်ရေးရာ ဦးဆောင်မှုကို အိန္ဒိယနိုင်ငံက လွှမ်းမိုး ထားပါသည်။ ထို့ကြောင့် သမ္မတ ရှီကျင့်ဖျင် သည် သံတမန်ရေးရာ အခက်အခဲများနှင့် ရင်ဆိုင်နေခြင်းကြောင့် ၎င်း၏သံတမန်ရေးထိုးစစ်သည် အရာရောက်ခြင်းမရှိသည့်အတွက် ၎င်း၏ပြည်တွင်း ရပ်တည်ချက်များကို ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့သော်လည်း သမ္မတ ရှီကျင့်ဖျင် သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် များကို စွန့်လွှတ်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ၎င်းသည် မဟာဗျူဟာမြောက်ထိုးနှက်မှုကို ပိုမို အားကောင်းစေရန် မော်စီတုံး ၏ နည်းဗျူဟာဖြစ်သော ထိုးမည့်ဆင်နောက်တစ်လှမ်းဆုတ်သည့် မဟာဗျူဟာကို အသုံးချခြင်းဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့ခြင်း မဟာဗျူဟာသည် တရုတ်နိုင်ငံ၏ အချိန်မတန်သေးမီ အင်အားထုတ်ပြခဲ့မှု၊ ဒေသတွင်း ဩဇာအာဏာ တည်ဆောက်မှုတွင် အထက်စီးဆန်လာမှုနှင့် အမေရိကန်နိုင်ငံနှင့် ၎င်း၏မဟာမိတ် နိုင်ငံများ၏ အင်အားဖြန့်ကြက် အုပ်စုဖွဲ့လာမှုများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုအခြေအနေကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့၏ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လာမှုများက ထင်ရှားလာစေပါသည်။ ထိုကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာတွင် ထိရောက်မှုရှိသော အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏Colour Revolution ဖြစ်လာမည့်အရေးအား အထူးစိုးရိမ်လျက်ရှိနေပါသည်။
အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံပတ်ဝန်းကျင်ရှိနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နေချိန် ပြည်တွင်းတွင် ဝန်ကြီးအချို့အပါအဝင် ထိပ်တန်းပါတီဝင်များ၏ အဂတိလိုက်စားမှုသတင်းများလည်း ပေါ်ထွက်လာသည့် အတွက် သမ္မတ ရှီကျင့်ဖျင် အနေဖြင့် တရုတ်နိုင်ငံပြည်တွင်းရေးကို ပြည်ပအရေးထက် ဦးစားပေးဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါသည်။ ဤအခြေအနေအား တုံ့ပြန်နိုင်ရန် အတွက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒတွင် အမျိုးသားလုံခြုံရေးကို ပိုမိုထည့်သွင်း အာရုံစိုက်လာပြီး နိုင်ငံတကာဆက်ဆံရေးတွင် လုံခြုံရေးသတိဖြင့် ချဉ်းကပ်လုပ်ဆောင်လာနေခြင်းဖြစ်ပါသည်။ ယခု တရုတ်နိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုအတော်များများသည် အချိန်မတိုင်မီ ကြောင်လက်သည်းထုတ်ပြခဲ့သည့် Timing လွဲချော်မှုကြောင့်ဖြစ်သည်ဟု သုံးသပ်နိုင်ပြီး၊ ယခုပြည်တွင်းရေးကို ကျစ်လျစ်အောင် ပိုမိုအာရုံစိုက်လာခြင်းသည် အခြေအနေမှန်ကို ဆဝါးနိုင်မှုအဖြစ် ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
115092623
[1]။ Jianli Yang,“Xi Jinping’s Diplomacy Is Shifting from Offense to Defense”. The Diplomat. 18September 2023 [/https://thediplomat.com/.../xi-jinpings.../]-accessed on 20 September 2023.

[2]။ Colour Revolution ဆိုသည်မှာ ယခင် ဆိုဗီယက် လက်အောက်ခံ နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်အပါအဝင် မြန်မာနိုင်ငံတွင် ကြုံတွေခဲ့ရသည့် ပြည်သူများ ဆူပူအုံကြွမှုမျိုးကို ဆိုလိုပါသည်။ ထိုသို့ ဆူပူအုံကြွရန် အင်တာနက်နှင့် ဆိုရှယ်မီဒီယာများအား အဓိကဆက်သွယ်လှုံ့ဆော်ရေးလမ်းကြောင်းအဖြစ် အသုံးပြုပြီးကြိုးကိုင်သူများမှ အစိုးရတစ်ရပ်အားဖြုတ်ချရန်၊ သို့မဟုတ် အစိုးရတစ်ရပ်အား တင်မြှောက်ရန်အတွက် မဟာဗျူဟာတစ်ရပ် အနေဖြင့် အသုံးချသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

Sunday, September 24, 2023

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ မလုပ်ဆောင်သင့်ကြောင်း ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်နိုင်လျင် ဒေသတွင်း မြန်မာနိုင်ငံနှင့်လည်း သံတမန်ဆံရေးအား ၎င်း၏မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက် ဖော်ဆောင်သင့်သည်ဟူသော အယူအဆနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်သည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ သွားရောက် ခဲ့ပါသည်။ ဤခရီးစဉ်သည် ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသစ်ကို ခိုင်မြဲစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် သမိုင်းကြောင်းအရတင်းမာမှုများကို လျစ်လျူရှု၍ အာရှဒေသတွင်းရှိ စိန်ခေါ်မှု များကို အတူတကွရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ အာရှဒေသတွင်းရှိ အကြွင်းမဲ့ အာဏာရှင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မှုသည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် အနေဖြင့် ၎င်းကျင့်သုံးသည့် “ဒီမိုကရေစီနှင့် အကြွင်းမဲ့အာဏာရှင်စနစ် အကြားတိုက်ပွဲ”ဟူသည့် မူဝါဒကို အလုံးစုံဖော်ဆောင်နေခြင်းမရှိသည့်အချက်ကို ပြသနေပြီး လက်တွေ့တွင်လည်း ထိုမူဝါဒသည် အမေရိကန်နိုင်ငံ၏ ကျယ်ပြန့်သည့် သံတမန်ရေး အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု ဆိုပါသည်။
G-20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် သည် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား Mohammed Bin Salman နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ထိုအချက်ကလည်း ၂၀၁၉ ခုနှစ် သမ္မတမဲဆွယ်စည်းရုံးရေးကာလတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် ပြောကြားခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံအား အပယ်ခံအဖြစ် ဆက်ဆံသွားမည်ဆိုသောကတိကဝတ်များနှင့် ကွဲလွဲလျက် ရှိနေပါသည်။ ၂၀၁၈ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံအိမ်ရှေ့မင်းသားသည် တော်ဝင် မိသားစုအား ပြင်းထန်စွာဝေဖန်ခဲ့သည့် အမေရိကန်နိုင်ငံမှစာရေးဆရာ Jamal Khashoggi သေဆုံးမှုတွင်အပြစ်ရှိသည်ဟု အမေရိကန်နိုင်ငံဘက်မှ ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ [2] သို့သော်လည်း အမေရိကန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းမှုသည် အပြုသဘောဆောင်သောရလဒ်များကို ဖြစ်ပေါ်စေပါသည်။ အမေရိကန် နိုင်ငံသမ္မတနှင့် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသားတို့သည် အိန္ဒိယနိုင်ငံတွင် အရှေ့ အလယ်ပိုင်းဒေသ၊ ဥရောပဒေသတို့နှင့် ချိတ်ဆက်နိုင်မည့် မီးရထားလမ်းဖောက်လုပ်ရန်နှင့် ပင်လယ်ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းပြုလုပ်ရန် G-20 ထိပ်သီးအစည်းအဝေးတွင် အခြားနိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံသို့ အမေရိကန်နိုင်ငံသမ္မတ သွားရောက်မှုနှင့်ပတ်သက်၍ အမေရိကန်လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများက ဝေဖန်မှုများပြုလုပ်ခဲ့ကြသော်လည်း အမေရိကန်နိုင်ငံသမ္မတက ဗီယက်နမ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန် နိုင်ငံအတွက် အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ခြင်းသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးသောအခန်းကဏ္ဍ ဖြစ်သော်လည်း ဤမူဝါဒအတိုင်း လုပ်ဆောင်မည်ဆိုပါကအမေရိကန်နိုင်ငံနှင့် မိတ်ဖက်ပြုလုပ်ရန် အနောက်အုပ်စုအပြင် နိုင်ငံအနည်းငယ်သာ ကျန်ရှိမည်ဖြစ်ပါသည်။ လက်တွေ့တွင် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင်ပင် အခြေခံပြဿနာများရှိနေခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား ဒီမိုကရေစီစနစ်ကို ထောက်ခံစေရန် အရေးယူပိတ်ဆို့အပြစ်ပေးမှုပြုလုပ်ခြင်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပါသည်။ ဒီမိုကရေစီဆိုင်ရာ လွတ်လပ်ခွင့်များကို မြှင့်တင်မည့်အစား နိုင်ငံငယ်များ အပေါ် အရေးယူပိတ်ဆို့မှုများချမှတ်နေခြင်းသည် ကမ္ဘာ့အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး အကြွင်းမဲ့အာဏာရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို အကျိုးဖြစ်ထွန်းစေပါသည်။
အမေရိကန်နိုင်ငံ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့ရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေစဉ် အခြားအာဏာရှင်စနစ် ကျင့်သုံးသည့်နိုင်ငံများနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုကိုပြုလုပ်နေပါသည်။ ၎င်းအနေဖြင့် မြန်မာနှင့် ဗီယက်နမ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမျှမရှိသည်ကို သတိပြုရန်လိုအပ်ပါသည်။ အမေရိကန်နိုင်ငံနှင့် စာချုပ်အရ မဟာမိတ်ဖွဲ့ထားသည့် ထိုင်းနိုင်ငံတွင် တပ်မတော်နှင့် ဘုရင်စနစ်သည် နိုင်ငံရေးတွင် ကြီးမားသော ဩဇာလွှမ်းမိုးမှုရှိပါသည်။ လွန်ခဲ့သည့် ၉ နှစ်ခန့်က ထိုင်းတပ်မတော်က အာဏာသိမ်းခဲ့ပြီး ယခုနှစ်ဩဂုတ်လတွင် ထိုင်းစစ်တပ်နှင့် ချိတ်ဆက် ထားသောပါတီများဖြင့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုင်းနိုင်ငံကဲ့သို့ပင် မြန်မာ့နိုင်ငံရေးတွင် မြန်မာ့တပ်မတော်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် ထိုနှစ်နိုင်ငံအပေါ်တွင် တုံ့ပြန်မှုကွဲပြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသောအခါတွင် အမေရိကန်နိုင်ငံသည် ကြီးမားသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းမရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့ တပ်မတော်က အာဏာထိန်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ကျယ်ပြန့်သောအရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကပင် မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကို ပိုမိုသက်ဆိုးရှည်စေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
မြန်မာ့တပ်မတော်မှ အာဏာထိန်းပြီးနောက် အမေရိကန်နိုင်ငံမှ ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများသည် ၎င်း၏အကျိုးစီးပွားကို အထောက်အကူပြုခြင်းမရှိသည့် အပြင် အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို တိုးမြှင့်ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာ နိုင်ငံသည် ဗီယက်နမ်နိုင်ငံကဲ့သို့ မဟာဗျူဟာကျသောနေရာတစ်ခုတွင် တည်ရှိနေခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် ပါဝင်နိုင်ရန် အလားအလာရှိပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံတွင် တရုတ် နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုက လျင်မြန်စွာကြီးထွားလျက်ရှိပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးခြင်းထက် ပျော့ပြောင်းသည့် ထိတွေ့ဆက်ဆံမှု အသွင်သို့ ကူးပြောင်းမည်ဆိုပါက ၎င်း၏ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်မှုအား ပိုမိုထိရောက်စေနိုင်မည်ဖြစ်ပါသည်။ လက်ရှိအမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများသည် ထိရောက်မှုမရှိပါ။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသဘောတရားများ လွှမ်းမိုးမှုရှိနေသည်မှာ မှန်သော်လည်း​ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရာတွင် အမေရိကန်နိုင်ငံသမ္မတအနေဖြင့် ပိုမို လက်တွေ့ကျသောချဉ်းကပ်မှုကို ရွေးချယ်နိုင်ခဲ့ပါသည်။ ဤချဉ်းကပ်မှုသည် မည်သည့် အကြွင်းမဲ့အာဏာရှင်နိုင်ငံနှင့်မဆို ထိတွေ့ဆက်ဆံကာ အမေရိကန်နိုင်ငံ၏ ရေရှည် မဟာဗျူဟာအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံသမ္မတသည် တရုတ်နိုင်ငံကဲ့သို့သော အာဏာရှင်နိုင်ငံနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်အတွက် ၎င်း၏ CIA ညွှန်ကြားရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများ၊ ရာသီဥတုဆိုင်ရာသံတမန်အပါအဝင် အကြီးတန်းအရာရှိများကို မေလမှစ၍ တရုတ်နိုင်ငံသို့စေလွှတ်ကာ ဆက်ဆံရေးမြှင့်တင် နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း မြန်မာနိုင်ငံအစိုးရနှင့် နှစ်ဖက်တွေ့ဆုံ၍ ပွင့်လင်းစွာ ဆွေးနွေးရန် တွန့်ဆုတ်လျက်ရှိပါသည်။ ယခုသံတမန်ရေးမြှင့်တင်မှုတွင် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံအား “Comprehensive Strategic Partnership” အဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်နိုင်ငံအား တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ညီမျှသော သံတမန်ရေး အဆင့်ကို သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ [3] ဗီယက်နမ်နိုင်ငံသည် ယခင်က ဤအဆင့် သတ်မှတ်ချက်အား တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်သာ သီးသန့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး တည်ဆောက်နိုင်မည်ဆိုပါက ရင်းနှီးသည့်မိတ်ဖက်နိုင်ငံဖြစ်လာနိုင်ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် အာဏာရှင်နိုင်ငံများကို အရေးယူပိတ်ဆို့နေခြင်းထက် အပြုသဘော ဆောင်သော မက်လုံးများပေးသည့် နည်းလမ်းကို အသုံးပြုသင့်သည်ဟု ဆိုသည်။ အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် ၎င်း၏ မဟာဗျူဟာအကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်နိုင်ရန်အတွက် မိတ်ဖက်နိုင်ငံသစ်များ တိုးချဲ့နိုင်ရန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နိုင်ငံသည် ၎င်း၏မဟာဗျူဟာ အကျိုးစီးပွားအတွက် ဗီယက်နမ်နိုင်ငံကဲ့သို့ တစ်ပါတီအာဏာရှင်နိုင်ငံတစ်ခုနှင့် သံတမန်ဆက်ဆံရေးအား တိုးမြှင့်လုပ်ဆောင်နိုင်သည်ဆိုပါက မြန်မာနိုင်ငံကိုလည်း ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက် နေခြင်းထက် ထိုက်သင့်သော မက်လုံးများပေး၍ ဆွဲဆောင်စည်းရုံးသည့် နည်းလမ်းက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း ထောက်ပြရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးရှင် Brahma Chellaney သည် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၏ အကြံပေးတစ်ဦးဖြစ်ခဲ့ပြီး ယခုလက်ရှိတွင်လည်း နယူးဒေလီရှိ Center for Policy Research တွင် ပါမောက္ခတစ်ဦးဖြစ်ပါသည်။ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသည် ဗီယ​က်နမ်နိုင်ငံအပြင် အခြားသော အာဏာရှင်နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့နှင့်လည်း ဆက်ဆံရေး မပျက်ယွင်းစေရန် မျက်နှာချိုသွေးနေရသည့် အခြေအနေကို ပါးနပ်စွာထောက်ပြထားပြီး မြန်မာနိုင်ငံအပေါ်ထားရှိနေသည့် အမေရိကန်နိုင်ငံ၏မူဝါဒ အလုပ်မဖြစ်ကြောင်း ထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်ဆက်ဆံရေးတွင် ၎င်းတို့ အကျိုး အမြတ် ရရှိနိုင်သော နိုင်ငံများအား မည်သည့်စနစ်ဖြင့် အုပ်စိုးသောအစိုးရဖြစ်စေ မိတ်ဖက်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ အကျိုးအမြတ်မရရှိနိုင်သောနိုင်ငံများ၊ ၎င်းတို့ဩဇာသက်ရောက်မှုကို မခံလိုသောနိုင်ငံများအား နည်းလမ်းမျိုးစုံဖြင့် အရေးယူ ပိတ်ဆို့ခြင်းအပြင် ထိုလုပ်ဆောင်မှုများကို ၎င်း၏မဟာမိတ်နှင့် ဩဇာခံနိုင်ငံများကပါလိုက်ပါလုပ်ဆောင်စေရန် ဆောင်ရွက်သည့် အလေ့အကျင့်ရှိပါသည်။ ထိုကျင့်သုံးမှုကို Double-Standard ကျင့်သုံးသည်ဟု ဝိဂြိုဟ်ပြုကြပါသည်။ ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် လစ်ဘရယ်ဒီမိုကရေစီကဲ့သို့သော အလိုရှိရာ ဝါဒသဘောတရားများကို ရှေ့တန်းတင်၍ နိုင်ငံခြားရေးမူဝါဒများကို ကျင့်သုံးမှုများရှိသော်လည်း လက်တွေ့တွင်မှု နိုင်ငံများအနေဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် အမျိုးသား အကျိုးစီးပွားကိုသာ ရှေးရှုဖော်ဆောင်နေခြင်းဖြစ်သည်ကို တွေ့ရှိနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားပြောင်းလဲမှု/ရှိမရှိမှာ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် မည်သည့်အတိုင်းအတာအထိ အသုံးဝင်မှုရှိ/မရှိ ပေါ်တွင်သာ မူတည်နေပြီး အကျိုးစီးပွားပြောင်းလျင် မူဝါဒပြောင်းလဲမည်သာဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံငယ်များအနေဖြင့် အဆိုပါ နိုင်ငံတကာဆက်ဆံရေးသရုပ်မှန်ကို နားလည်သိရှိ၍ နိုင်ငံကြီးများနှင့် ဆက်ဆံရေးကို သူနိုင်ကိုယ်နိုင် Win-Win အနေအထားဖြင့် ထိန်းညှိထားနိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
114092523
[1]။ Brahma Chellaney,“If Biden Can Befriend Vietnam, He Can Work with Myanmar”. Nikkei Asia. 15 September 2023 [/https://asia.nikkei.com/.../If-Biden-can.../]-accessed on 18 September 2023.
[2]။ Aamer Madhani, Josh Boak, “Biden Gives Saudi Crown Prince Mohammed A Hearty Handshake A Year After An Awkward Fist Bump Moment”. ABC News. 9September 2023 [/https:// abcnews.go .com/ International/ wireStory/ biden-saudi-crown-prince-mohammed-hearty-handshake-year-103054969/]-accessed on 18 September 2023.

[3]။ Lucas Myers, “The Comprehensive Part of the US-Vietnam Comprehensive Strategic Partnership”. Asia Dispatches. 12September 2023 [/https://www.wilsoncenter.org/.../comprehensive.../]-accessed on 18 September 2023.