နိဒါန်း
အစ္စရေးနိုင်ငံအနေဖြင့် ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက်မှုအား တန်ပြန် တိုက်ခိုက်မှုပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ အီရတ်နိုင်ငံ Mosul မြို့နှင့် ဆီးရီးယား နိုင်ငံ Raqqa မြို့တိုကို့ ဆင်နွှဲခဲ့သည့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးစစ်ပွဲများမှ အားနည်းချက်များနှင့် ကျရှုံးမှုများကို နမူနာယူသင့်သည့် အချက်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဟားမတ်စ်အဖွဲ့ဦးဆောင်သည့် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားများသည် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား တိုက်ခိုက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ အစိုးရများသည် အစ္စရေးနိုင်ငံအား စစ်ရေးအထောက်အပံ့များပေးနိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ အမေရိကန် နိုင်ငံက အစ္စရေးနိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ပြောကြား ခဲ့ပြီး စစ်ရေးအကူအညီများပေးအပ်ခဲ့သည်။ ယခုအချိန်တွင် အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့များအား တိုက်ခိုက်နိုင်ရန် တိုက်ပွဲဝင်အသင့် အနေအထားဖြစ်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အစ္စရေးကာကွယ်ရေး တပ်ဖွဲ့များသည် လေကြောင်းတိုက်ခိုက်မှုများ ထောင်နှင့်ချီ ပြုလုပ်ခဲ့ပြီး နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားရှိကာ ဂါဇာဒေသမြောက်ပိုင်းမှ ပါလက်စတိုင်းပြည်သူများအား နေရပ်မှရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန် ခဲ့ပါသည်။ သို့သော်လည်း လူဦးရေ ၂.၂ သန်းရှိသည့် ဂါဇာကမ်းမြောင်ဒေသသည် သေးငယ်ပြီး လူနေထူထပ်သောကြောင့် ပြည်သူများအနေဖြင့် ရွှေ့ပြောင်းရန် နေရာ အကန့်အသတ်ရှိပါသည်။
ဟားမတ်စ်အဖွဲ့မှ ကျူးလွန်သည့် ရာဇဝတ်မှုများကို တုံ့ပြန်ရာတွင် အစ္စရေး နိုင်ငံသည် နိုင်ငံတကာဥပဒေများကိုသာမက ကျင့်ဝတ်နှင့် မဟာဗျူဟာဆိုင်ရာစစ်ဥပဒေများကို လိုက်နာဆောက်ရွက်ရမည်ဖြစ်ပါသည်။ ဟားမတ်စ်အဖွဲ့အနေဖြင့် အစ္စရေးနိုင်ငံအား တိုက်ခိုက်ရာတွင် လူစုလူဝေးကို ပစ်ခတ်ခြင်း၊ နေအိမ်များရှိလူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း စသည့် ဥပဒေနှင့်မညီညွတ်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါသည်။ အစ္စရေးတပ်ဖွဲ့များ သည်လည်း ကနဦးတွင် ဟားမတ်စ်အဖွဲ့များ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အလားတူ ဥပဒေမဲ့လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံက စစ်ပွဲတွင် ပြည်သူများအား ထိခိုက်သည့်အခါ တရားဝင်ဝေဖန်မှု ပြုလုပ်ခြင်း၊ တိုက်ပွဲတွင် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရန် အမေရိကန်နိုင်ငံထုတ် လက်နက်များကို အသုံးပြုသည့် အခါတွင် အစ္စရေးနိုင်ငံအား စစ်ရေးထောက်ပံ့မှုများ ပိတ်ဆို့ခြင်း လုပ်ဆောင်သင့်ပါသည်။
အစ္စရေးနိုင်ငံသည် ဂျီနီဗာသဘောတူညီချက်တွင် ပါဝင်သော နိုင်ငံတကာ ဥပဒေသတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသသို့ ရေ၊ လျှပ်စစ်မီး၊ လောင်စာဆီ၊ အင်တာနက်နှင့် အစားအစာ ကဲ့သို့ ပစ္စည်းများ ထောက်ပံ့ပေးမှုကို ဖြတ်တောက်ခဲ့ပါသည်။ အစ္စရေးအာဏာပိုင် များက ဂါဇာတောင်ပိုင်းဒေသအချို့တွင် ရေပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့ သော်လည်း နေရာအများစုတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိပြီး ဆေးရုံများ သည်လည်း လျှပ်စစ်မီးမရှိသည့်အတွက် လူနာများမှာ အခက်အခဲများနှင့် ရင်ဆိုင် နေရသည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က အောက်တိုဘာလ ၁၂ ရက်တွင် အသိပေးပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် ဂါဇာနှင့် လက်ဘနွန် စစ်ဆင်ရေးများတွင် အဖြူရောင်ဖော့စဖရပ်ကို အသုံးပြုခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ အဖြူရောင်ဖော့စဖရပ်စ်သည် ပြင်းထန်သော မီးလောင်ဒဏ်ရာများနှင့် ရေရှည်ဝေဒနာများကိုဖြစ်စေနိုင်သောကြောင့် လူနေထူထပ်သော ဒေသများတွင် အသုံးပြုခြင်းသည် အစ္စရေးနိုင်ငံအနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းမှ ချမှတ် ထားသည့် သဘောတူညီချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဥပဒေချိုးဖောက်မှုများကို ဝေဖန်ရှုတ်ချမှုပြုလုပ်ခဲ့ခြင်းမရှိပါ။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်နိုင်ငံ အနေဖြင့် ဤပဋိပက္ခတွင်တိုက်ရိုက်ပါဝင်ခြင်းမရှိသောကြောင့် အစ္စရေးစစ်နည်းဗျူဟာ များကို ဝေဖန်ခြင်း၊ အကြံပေးခြင်းများပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့ပါသည်။ သမားရိုးကျအားဖြင့် အမေရိကန်အာဏာပိုင်များသည် နိုင်ငံတကာဥပဒေကိုချိုးဖောက်သည့် အစိုးရများအား မကြာခဏ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လေ့ရှိပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Linda Thomas-Greenfield သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံ၏ Mariupol မြို့မှ ပြည်သူ များအား ရက်သတ္တပတ်များစွာ အစာ၊ ရေ၊ လျှပ်စစ်မီးနှင့် ဓာတ်ငွေ့များ ဖြတ်တောက် ထားမှုနှင့်ပတ်သက်၍ ရှုတ်ချခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ပြစ်မှုများနှင့်ပတ်သက်၍ ရှုတ်ချခဲ့ခြင်းမရှိသည်မှာ ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များသည် အစ္စရေးနိုင်ငံ၏တုံ့ပြန်မှုနှင့် ထိုက်တန်သည်ဟု ယူဆခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သို့သော်လည်း စစ်ပွဲအတွက် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန်မှာ တစ်ဖက်အဖွဲ့၏ တရားမျှတမှု ရှိ/မရှိနှင့် စည်းမျဉ်းများအပေါ် လိုက်နာခြင်း ရှိ/မရှိတို့ အပေါ်တွင် မူတည်ခြင်းမရှိပါ။ အကယ်၍ အမေရိကန်နိုင်ငံကိုယ်တိုင်ကပင် ဤစည်းကမ်းများကို လိုက်နာခြင်းမရှိပါက အခြားမည့်သည့်နိုင်ငံကမှ ဤစည်းကမ်း များကို လိုက်နာတော့မည်မဟုတ်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ကာကွယ်ရေး ဝန်ကြီး Lloyd Austin တို့က အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများတွင် ပြည်သူများအား ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သော်လည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းမရှိပါ။ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေချိုးဖောက်သူများကို လျစ်လျူရှုထားပါက နောက်ပိုင်းတွင် နိုင်ငံတကာစည်းကမ်းထိန်းသိမ်းနိုင်မှုအပေါ် အားနည်းသွားနိုင်ပါသည်။ ယခုအချိန်တွင် အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံရေးပဋိပက္ခကို ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါသည်။ အမေရိကန်-အစ္စရေး လုံခြုံရေးဆိုင်ရာဆက်ဆံရေးသည် ဒုတိယကမ္ဘာစစ်အပြီးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ အစ္စရေးနိုင်ငံသည် အမေရိကန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၅၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးအထောက်အပံ့အကူအညီများ ရရှိခဲ့သည်ဟု Stimson Center Think Tank အဖွဲ့မှ ပြောကြားခဲ့ပါသည်။ မဟာမိတ်နိုင်ငံများအနေဖြင့် နိုင်ငံတကာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းရှိ/မရှိ စောင့်ကြည့်ရန် အမေရိကန်နိုင်ငံတွင် တာဝန်ရှိပါသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း Barack Obama သည် ၂၀၁၆ ခုနှစ်တွင် အုပ်ချုပ်ရေးအမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်တွင် အမေရိကန်နိုင်ငံသည် စစ်ပွဲ၌အရပ်သားများထိခိုက်မှုကို လျှော့ချရန်အတွက် အကောင်းဆုံး နည်းလမ်းများအားရှာဖွေရန် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုပါသည်။ ကာကွယ်ရေးဝန်ကြီး Lloyd Austin တင်သွင်းခဲ့သည့် ၂၀၂၂ ခုနှစ် အရပ်သား ထိခိုက်မှု လျော့ပါးစေရေးအစီအမံတွင် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်မည့် မဟာမိတ်များသည် အမေရိကန်တပ်ဖွဲ့များကဲ့သို့ ဥပဒေဆိုင်ရာ တာဝန်များရှိပါသည်။ ၂၀၂၃ ခုနှစ် သမားရိုးကျလက်နက်လွှဲပြောင်းရေးမူဝါဒအသစ်တွင် အမေရိကန်လက်နက် များကို အသုံးချ၍ အရပ်သားများအား အန္တရာယ်ဖြစ်စေသောနိုင်ငံများသို့ လက်နက်များ ထောက်ပံ့ပေးခြင်းကို တားဆီးရန် အမေရိကန်နိုင်ငံခြားရေးဌာနအား အခွင့်အာဏာ ပေးထားပါသည်။
အမေရိကန်နိုင်ငံသည် ဤမူဝါဒများအား ယခင်အတိတ်က အမှားများကို ပြင်ဆင်နိုင်ရန် ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံ များ၌ ဖြစ်ပွားခဲ့သောစစ်ပွဲများတွင် အမေရိကန်နိုင်ငံနှင့် မဟာမိတ်များသည် အရပ်သား များအား ထိခိုက်နစ်နာမှုများ ဖြစ်ပွားစေခဲ့ပြီး ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေခဲ့ပါသည်။ ပြင်းထန်သော စစ်ဆင်ရေးများကြောင့် အရပ်သားသောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒေသတွင်းမတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ထို့ကြောင့် အမေရိကန် အာဏာပိုင်များအနေဖြင့် ယခုအကျပ်အတည်းအတွင်း အစ္စရေးနိုင်ငံအား ထိုကဲ့သို့ ကိစ္စရပ်များကို ရှောင်ရှားရန် တိုက်တွန်းသင့်ပါသည်။
အမေရိကန်စစ်တပ်သည် လူဦးရေ ၂.၅ သန်းရှိသည့် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS အဖွဲ့ကို ချေမှုန်းရန် ၂၀၁၆ ခုနှစ်တွင် စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့များသည် တိုက်ပွဲမစတင်မီ သီတင်းနှစ်ပတ်အလိုထိ အရပ်သားလူထုအတွက် ကာကွယ်ရေး အစီအစဉ်မရှိခဲ့ကြောင်း၊ တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ အရပ်သား ၉၀၀,၀၀၀ နီးပါးသည် Mosul မြို့မှ ထွက်ပြေးကြရပြီး အချို့မှာ ထွက်ပြေးရန် ကြိုးပမ်းခြင်းကြောင့် ISIS အဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရပါသည်။ အမေရိကန်စစ်တပ်သည် ရေသန့်စက်ရုံအပါအဝင် အခြေခံအဆောက်အဦများနှင့် မြို့ဟောင်းရှိ နေအိမ် ၅,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ကြီးမားသောဗုံးများ၊ အမြောက်များ၊ ဒုံးကျည်များနှင့် စိန်ပြောင်းများကို အသုံးပြုခြင်းကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရပါသည်။
အမေရိကန်စစ်တပ်သည် “သမိုင်းတွင် အတိကျဆုံး လေကြောင်းစစ်ပွဲ” (Precise Air War in History)ဆင်နွှဲမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ Mosul မြို့တိုက်ပွဲပြီးနောက် အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံ Raqqa မြို့တွင် အလားတူ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပါသည်။ RAND ကော်ပိုရေးရှင်းမှ အစီရင်ခံစာတစ်ခုတွင် အမေရိကန်နိုင်ငံ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ISIS များကို ဗုံးကြဲပြီးနောက် Raqqa မြို့ရှိ အဆောက်အဦများ၏ ၈၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပါသည်။ လပေါင်းများစွာဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲ များကြောင့် အသက်ရှင်ကျန်ရစ်သည့် အရပ်သားများသည် အခက်အခဲများနှင့် ရင်ဆိုင် ခဲ့ရပြီး Mosul နှင့် Raqqa မြို့များကို ပြန်လည်တည်ဆောက်ရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ပါသည်။ အီရတ်နှင့် ဆီးရီးယားပြည်သူများသည် ISIS အုပ်ချုပ်မှုမှ လွတ်မြောက်၍ စိတ်သက်သာရာရခဲ့သော်လည်း စစ်ဆင်ရေးများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပိုင်ဆိုင်မှုဆုံးရှုံးမှုနှင့် မိသားစုဝင်သေဆုံးမှုများ ခံစားခဲ့ရပါသည်။ ထိုသို့အရပ်သားများကို သတ်ဖြတ်ခြင်း၊ သေဆုံးစေခြင်းသည် သောင်းကျန်းသူများ ပိုမိုတိုးပွားလာနိုင်သည်ဟု အာဖဂန်နစ္စတန်၌ နိုင်ငံတကာတပ်များကို ကွပ်ကဲခဲ့သည့် ဗိုလ်ချုပ်ကြီး စတန်လေမက်ခရစ်စတယ်က ၂၀၀၉ ခုနှစ်တွင် သတိပေးပြောကြား ခဲ့ပါသည်။
ဂါဇာဒေသသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့နှင့် ကွဲပြားသော်လည်း အစ္စရေး နိုင်ငံအနေဖြင့် ထိုနိုင်ငံများရှိ အမေရိကန်နိုင်ငံ၏ အတွေ့အကြုံမှသင်ယူနိုင်ပါသည်။ အဆိုပါ ပဋိပက္ခများတွင် အရပ်သားများကို အကာအကွယ်ပေးခြင်းအား အမေရိကန် နိုင်ငံအနေဖြင့် ဦးစားပေးမလုပ်ဆောင်ခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုသာဖြစ်ခဲ့ပါသည်။ လူသားဒိုင်းများကို အသုံးပြုသည့် ISIS ကဲ့သို့သော အဖွဲ့များနှင့် ရင်ဆိုင်ရသည့်အခါ အရပ်သားများကို အကာအကွယ်ပေးခြင်းသည် အမေရိကန်နိုင်ငံအတွက် ထိပ်တန်း ဦးစားပေးမဟာဗျူဟာဖြစ်သင့်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံတကာအနေဖြင့် ဂျီနီဗာသဘောတူစာချုပ်ပါ စည်းမျဉ်းများကို ပြင်ဆင်မွမ်းမံကျင့်သုံးသကဲ့သို့ပင် အမေရိကန်စစ်တပ်သည် Mosul နှင့် Raqqa မြို့များတွင် ၎င်းတို့၏ ကျရှုံးမှုများကို သုံးသပ်၍ အရပ်သားများအား ကာကွယ်ရန် မူဝါဒများကိုဖန်တီးခဲ့ပါသည်။ ဤမူဝါဒ များသည် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်သောကြောင့် အမေရိကန် နိုင်ငံသည် ဤဥပဒေများကို လိုက်နာရန် အစ္စရေးနိုင်ငံအား တွန်းအားပေးသင့်ပါသည်။ စစ်ဥပဒေများကို ချိုးဖောက်ခြင်းသည် တိုက်ပွဲပြီးဆုံးပြီးနောက် ကျင့်ဝတ်၊ တရားဥပဒေနှင့် အခြားအကျိုးဆက်များ ဖြစ်ပေါ်စေကြောင်း အစ္စရေးနိုင်ငံကို ၎င်းတို့၏ အမှားများအား ထောက်ပြပြီး သတိပေးရန်လိုအပ်ပါသည်။ ဂါဇာတွင် ယခုဖြစ်ပျက်နေမှုများသည် ကမ္ဘာ့ ဇာတ်ခုံပေါ်တွင် အစ္စရေးနိုင်ငံ၏ ပုံရိပ်အား ထိခိုက်စေမည်ဖြစ်ပြီး ယခုအချိန်တွင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးတပ်ဖွဲ့များ၏ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှု များကြောင့် အစ္စရေးနိုင်ငံသည် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပါသည်။ ဤသို့ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံသည် အစ္စရေး တပ်ဖွဲ့များအား စစ်ရေးဆိုင်ရာအထောက်အပံ့များအား ပေးအပ်လျက်ရှိပြီး အစ္စရေးနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်မှုများတွင် နိုင်ငံတကာမှ သတ်မှတ်ထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်မှုကို ထောက်ပြတားဆီးခြင်း မရှိဘဲ နိုင်ငံရေးနှင့်စစ်ရေးအရ အစ္စရေးနိုင်ငံဘက်တွင်ရှိကြောင်းသာ ပြသလျက်ရှိပါသည်။
သို့ရာတွင် အစ္စရေးနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို လျစ်လျူရှုခြင်းသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို လေသံပစ်နေသည့် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ် စေခဲ့ပါသည်။ လက်တွေ့တွင်လည်း ထိုသို့အရပ်သားများ သေဆုံးမှုက ပါလက်စတိုင်းနှင့် ဟားမတ်စ်များအတွက် အစ္စရေးအမုန်းတရားများ ကြီးထွားရန်၊ လူသစ်စုဆောင်းရန် အားသာချက်ဖြစ်စေပြီး ၎င်းတို့လိုချင်သည့် နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်လည်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမေရိကန်နိုင်ငံနှင့် အစ္စရေးအုပ်စုအနေဖြင့် မြေပြင်စစ်ပွဲ(Battle)များတွင်အနိုင်ရနိုင်သော်လည်း ရေရှည်စစ်ပွဲ(War)တွင် ရှုံးနိမ့်မှုကို ဦးတည်ချက်ထားနေခြင်း ဖြစ်ပါသည်။ ထိုဦးတည်ချက်က အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ လိုတစ်မျိုး၊ မလိုတစ်မျိုး သဘောထား(Double Standard)အပြင် အမေရိကန်နှင့် အစ္စရေးနိုင်ငံ တို့ကြောင့်် ဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှု၊ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များတွင် မည်သည့် အဖွဲ့အစည်းကမျှ အရေးယူဆောင်ရွက်ခြင်း၊ ဖိအားပေးခြင်း မပြုလုပ်နိုင်သည်ကိုလည်းပိုမိုပေါ်လွင်စေမည်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
141111023
[1]။ Sarah Yager,“What Israel Can Learn from America’s Counterterrorism Missteps”. Foreign Affairs. 18 October2023, [/https:// www.foreignaffairs.com/ israel/ what-israel-can-learn-americas-counterterrori sm-missteps/]