Wednesday, November 29, 2023

ထိုင်းနိုင်ငံအစိုးရ၏ နိုင်ငံရေးနှင့်စီးပွားရေးစိန်‌ခေါ်မှုများ

 


နိဒါန်း
ထိုင်းနိုင်ငံအစိုးရသစ်၏ အုပ်ချုပ်မှုခြေလှမ်းအစတွင် အမှားအယွင်းများရှိခဲ့ ပြီး ပြည်သူလုထုနှင့် အစိုးရအကြားတွင် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများဖော်ဆောင်သင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ထိုင်းနိုင်ငံအနေဖြင့် ကြီးမားသည့် အကျပ်အတည်းများဖြင့် ကြုံတွေ့နေရ သည်ဟုဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ ၎င်းနိုင်ငံ၏ စီးပွားရေးအခြေ အနေသည် လုံးလုံးလျားလျားကျဆင်းနေခြင်းမဟုတ်သော်လည်း စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလျက်ရှိပါသည်။ ထိုင်းနိုင်ငံ၏လူဦးရေတွင် သက်ကြီးရွယ်အိုအရေအတွက် များပြားလာနေခြင်းကြောင့် လုပ်သားအင်အားပျောက်ဆုံးနေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများလည်း အများအပြားလိုအပ်လျက်ရှိပါသည်။ အဆိပ်သင့့််မီးခိုးမြူအန္တရာယ် ပိုမိုဆိုးဝါးလာခြင်းကြောင့် နိုင်ငံတွင်းရှိ အချို့သောဒေသများတွင် အဆုတ်ကင်ဆာဖြစ်ပွားမှုအရေအတွက် မြင့်တက်လာနိုင်ဖွယ်ရှိပါသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခု၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် အောက်တိုဘာလ ၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် Siam Paragon ဈေးဝယ်စင်တာ ပစ်ခတ်မှုများကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများ ပုံမှန်ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။ အဆိုပါအချက်ကြောင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များအပေါ် ပြည်သူလူထု၏ယုံကြည်မှု လျော့နည်းလာခြင်း ဖြစ်ပြီး လူမှုဖူလုံရေးအသုံးစရိတ် (Social Security Benefit) အတွက် ကာကွယ်ရေး အသုံးစရိတ်လျှော့ချရန် လိုအပ်ခြင်းနှင့် ကြီးမားလာသည့် ပထဝီဝင်နိုင်ငံရေး ဆိုင်ရာခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့် တောင်းခံသင့်ခြင်းတို့အကြား ထိုင်းတပ်မတော်၏ စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင် ပြောင်းလဲမှုအစီအစဉ်များအကြား အကျပ်ရိုက်လျက်ရှိပါသည်။
နိုင်ငံရေးအခြေအနေများ ရှင်းရှင်းလင်းလင်းမရှိသည့်အချိန်တွင် အထက်ပါ စိန်ခေါ်မှုများကို ကုစားရန်ခက်ခဲနိုင်ပြီး ကောင်းမွန်စွာကိုင်တွယ်နိုင်ရန်အတွက် အပြောနှင့်အလုပ်ညီမျှသည့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံခြင်းများ လိုအပ်လိမ့်မည်ဖြစ်ပါသည်။ ထိုကိစ္စက နိုင်ငံရေးသမားများအတွက် ဖိအားများဖြစ်စေပြီး ရလဒ်အနေဖြင့် အပေါ်ယံဆုံးဖြတ်မှုများသာ ဖြစ်ပွားစေပါသည်။ အဆိုပါကိစ္စရပ်များသည် Pheu Thai ပါတီ၏ ဥက္ကဋ္ဌမှ ဝန်ကြီးချုပ်ဖြစ်လာသည့် Srettha Thavisin ခေါင်းဆောင်သည့် လက်ရှိအာဏာရအစိုးရအဖွဲ့ ဖြေရှင်းရမည့်ကိစ္စရပ်ဖြစ်ပါသည်။ ဥပမာအနေဖြင့် Pheu Thai ပါတီ၏ လူသိများသည့် “Digital Wallet” မူဝါဒကို သုံးသပ်ကြည့်နိုင်ပါသည်။ စားသုံးမှုမြှင့်တင်ခြင်းအစီအစဉ်တစ်ရပ်အနေဖြင့် တရားဝင်ထိုင်းနိုင်ငံသား ဖြစ်သူတိုင်းကို ဒီဂျစ်တယ်ငွေကြေး ဘတ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၈၀) အထောက်အပံ့ပေးခြင်းအစီအစဉ်သည် ကနဦးကတည်းက ရှင်းလင်းပြတ်သားမှုမရှိခဲ့ပါ။ ထောက်ပံ့ပေးမည့်ငွေကြေးများ၏ အရင်းအမြစ်နှင့် ပတ်သက်၍ မေးခွန်းထုတ်မှု များရှိခဲ့ပြီး ထိုထောက်ပံ့ကြေးငွေများကို ချေးငွေများမဟုတ်သည့် နှစ်စဉ် အသုံးစရိတ်များမှ သုံးစွဲမည်ဖြစ်ပြီး ကြွေးမြီဝန်ထုပ်ဝန်ပိုးများကို လျော့ပါးစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု Pheu Thai ပါတီက ရွေးကောက်ပွဲအတွင်း ပြောကြားခဲ့ပါသည်။
ထိုင်းအစိုးရသစ်၏သက်တမ်း ရက်ပေါင်း ၆၀ အကြာတွင် ဘတ် ၅၀၀ ဘီလီယံ ချေးငွေထောက်ပံ့ပေးမည်ဆိုသည့် ချေးငွေဥပဒေမူကြမ်း ပေါ်ပေါက်လာခဲ့ပါသည်။ သို့သော်လည်း ထိုင်းငွေကြေးတန်ဖိုးကျဆင်းနေမှုက အစိုးရ၏မြင့်မားသည့် အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးရာတွင် အဟန့်အတားများဖြင့် ကြုံတွေ့စေနိုင်ပါသည်။ အထူးသဖြင့် ချေးငွေများကြောင့် ငွေပိုသုံးစွဲနိုင်မည်ဖြစ်သော်လည်း ထပ်တိုးလာမည့် နိုင်ငံတော်၏ ကြွေးမြီများကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါသည်။ ချေးငွေဥပဒေမူကြမ်း တရားဝင် ဖြစ်လာခြင်းမတိုင်မီတွင် လက်ရှိဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်နေရ သည့် Srettha အနေဖြင့် ဖြေရှင်းရန်မေးခွန်းများစွာရှိနေပါသည်။ တစ်ချိန်တည်းတွင် ထိုင်းအစိုးရသည် ၄ နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၀,၀၀၀ ကျော်ကို ဖန်တီးနိုင်ရန်အတွက် ထိပ်တန်းကုမ္ပဏီ ၁၀၀ ကျော်ကို စည်းရုံးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ သို့သော် စီးပွားရေးအကျပ်အတည်း များနှင့် ရင်ဆိုင်နေရသည့်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ခက်ခဲမည်ဖြစ်ပါသည်။
လုံခြုံရေးအပိုင်းတွင်လည်း မဟာဗျူဟာထိတွေ့ဆက်ဆံမှု အားနည်းကြောင်းကို ပြသနေသည့် သာဓကနှစ်ခုရှိပါသည်။ ပထမအချက်အနေဖြင့် ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် အာရှေ့တောင်အာရှတွင် လူကုန်ကူးမှုအများဆုံး ဖြစ်ပွားခြင်းကြောင့် လျော့ကျလာသည့် တရုတ်ခရီးသွားများ၏ယုံကြည်မှုကို တိုးမြှင့် ဖော်ဆောင်ရန်အတွက် ထိုင်းလမ်းမများပေါ်တွင် တရုတ်ရဲများနှင့် ပူးတွဲကင်းလှည့်မှု ပြုလုပ်ရန်ဆိုသည့် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အောက်တိုဘာလ တွင် ကာကွယ်ရေးဝန်ကြီး Sutin Klungsang တင်ပြခဲ့သည့် ချို့ယွင်းချက်များရှိနေသည့် တရုတ်နိုင်ငံထုတ် S-26 T ရေငုပ်သင်္ဘောကို ဈေးနှုန်းမြင့်မားပြီး ရေငုပ်သင်္ဘောတန်ပြန် တိုက်ဖျက်နိုင်စွမ်းရှိသည့် Type 054A ဖရီဂိတ်ဖြင့် အစားထိုးရန်ကိစ္စဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါကိစ္စနှစ်ရပ်စလုံးက အစိုးရအနေဖြင့် တွေးခေါ်နိုင်မှု အားနည်းနေသည်ကို ပြသနေပါသည်။ ပြည်ပရဲများနှင့် လုံခြုံရေးထိန်းသိမ်းမှုလုပ်ဆောင်ရန်ဆိုသည့် အတွေး အခေါ်သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေရုံသာမက ထိုင်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပါသည်။ ထိုင်းနိုင်ငံ၏ ရဲတပ်ဖွဲ့အကြီးအကဲ Torsak Sukvimol ကလည်း အဆိုပါအစီအစဉ်ကို ငြင်းဆိုခဲ့ပါသည်။ ဖရီးဂိတ်လဲလှယ်ခြင်းကိစ္စ တွင်လည်း ရေတပ်ဆိုင်ရာကိစ္စရပ်များကို အနည်းငယ်နားလည်သဘောပေါက်ထားသူများ အနေဖြင့် ရေငုပ်သင်္ဘော၏ ကိုယ်ပျောက်နိုင်စွမ်းနှင့် ဘက်စုံအသုံးပြုနိုင်စွမ်းကို အခြား ရေပြင်သွား စစ်ရေယာဉ်များက မစွမ်းဆောင်နိုင်ကြောင်းကို သဘောပေါက်နားလည်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။ ထို့အပြင် ထိုင်းတော်ဝင်ရေတပ် (Royal Thai Navy-RTN) အနေဖြင့် ရေငုပ်သင်္ဘော တန်ပြန်တိုက်ဖျက်မှုစစ်ဆင်ရေးကို ဆောင်ရွက်နိုင်သည့် အဆင့်မြင့် ဖရီဂိတ် HTMSBhumibol Adulyadej ကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး နောက်ထပ်ဝယ်ယူရန်လည်း မှာကြားထားပြီးဖြစ်ပါသည်။ အဆိုးဝါးဆုံးအချက်အနေဖြင့် အစားထိုးမည့် ဖရီဂိတ်သည် RTN အသုံးပြုနေသည့် ဖရီဂိတ်များ၏ လက်နက်စနစ်များနှင့် အလွန်အမင်း ကွဲပြားနေသည့်အတွက် မေးခွန်းထုတ်စရာဖြစ်နေပါသည်။ ထို့ကြောင့် Type 054A သည် RTN ကို ရေငုပ်သင်္ဘောလောက် အထောက်အကူမပေးနိုင်မည်မဟုတ်သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဆုံးဖြတ်ချက်များသည် ထိုင်းအစိုးရ၏ ရေရှည်ရည်မှန်းချက်များနှင့် ပတ်သက်၍ နားလည်မှုရှုပ်ထွေးခြင်းများ ဖြစ်ပေါ်စေပါသည်။ ပြည်သူများသည်လည်း ထိုင်းအစိုးရအကြီးအကဲများ၏ ထိတွေ့ ဆက်ဆံမှု အမှားအယွင်းများနှင့်ပတ်သက်ပြီး စိတ်ပျက်နေကြပြီး အစိုးရသစ် အနေဖြင့် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများ ဖော်ဆောင် နိုင်ရန် အထူးလိုအပ်နေကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ထိုင်းအစိုးရသစ်၏ ရွေးကောက်ပွဲမတိုင်မီက ထောက်ပံ့ကြေးငွေနှင့် ချေးငွေ ကတိကဝတ်များသည် အမှန်တကယ်အစိုးရဖြစ်လာပြီး နိုင်ငံတော်၏ ယန္တရားများကို လည်ပတ်ရသည့်အခါတွင် ထင်သလောက်မလွယ်ကူဘဲ စိန်ခေါ်မှုများဖြင့် ရင်ဆိုင် နေရပါသည်။ ထိုင်းနိုင်ငံအတွင်း တရုတ်ရဲများနှင့် ပူးပေါင်း၍ကင်းလှည့်မည်ဆိုသည့် ကိစ္စရပ်များနှင့် ရေငုပ်သင်္ဘောကဲ့သို့သော မဟာဗျူဟာမြောက်ရေယာဉ်များကို လက်ရှိ အသုံးပြုနေသည့် လက်နက်စနစ်များနှင့် သဟဇာတမဖြစ်နိုင်သည့် အခြားတိုက်ခိုက်ရေး ရေယာဉ်များနှင့် အစားထိုးမည်ဟူသော အယူအဆများမှာ ထိုင်းအစိုးရသစ်၏ ဦးဆောင်နိုင်စွမ်းနှင့် အရည်အသွေးကို မေးခွန်းထုတ်ဖွယ်ရာများဖြစ်နေကြောင်း တွေ့ရှိရ ပါသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်း၌ လက်နက်ကိုင်ဆောင်၍ အကြမ်းဖက် မှုများ တစ်စထက်တစ်စတိုးပွားလာခြင်းကြောင့် ခရီးသွားလာရေးကဏ္ဍတွင် ဆုံးရှုံးမှု များရှိနေသကဲ့သို့ အစိုးရ၏ အသက် ၁၆ နှစ်နှင့် အထက် ထိုင်းနိုင်ငံသားအားလုံးကို ဘတ် ၁၀,၀၀၀ ဒီဂျစ်တယ်ငွေကြေး ထောက်ပံ့မှုအစီအစဉ်က ဘတ်ငွေတန်ဖိုးအပေါ် ရိုက်ခတ်လာပြီး ငွေကြေးတန်ဖိုးကျဆင်းမှု ဖြစ်ပေါ်လျက်ရှိပါသည်။[2] ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မှု ရှည်လျားသည့်အပြင် ကျားဖြန့်ငွေလိမ်ဂိုဏ်း များနှင့် လောင်းကစားအဖွဲ့များသည်လည်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ ကရင် ပြည်နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် နေရာများဖြစ်ပါသည်။[3] လက်ရှိအချိန်တွင် အတိုက်အခံအင်အားစုများ၏ ဖိအားများနှင့် စီးပွားရေးဖိအားများရင်ဆိုင်နေရသည့် ထိုင်းလက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲနိုင်စွမ်းနှင့် ဖောက်ထွက်နိုင်စွမ်းသည်ပင် လေ့လာစောင့်ကြည့်သင့်သည့် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
161113023
[1]။ Tita Sanglee,“ It Is Time For the Thai Authorities to Step Up Their Strategic Communication”. The Diplomat. 22 November 2023, [/https://thediplomat.com/.../it-is-time-for-the-thai.../ /]
[2]။ “Fog of uncertainty over Thai digital welfare scheme sends baht plummeting.” The Nation, October 3,2023 [https://www.nationthailand.com/.../banking-finance/40031561]

၃။ BERTIL LINTNER. “A Chinatown mysteriously emerges in backwoods Myanmar.”ASIA TIMES, March 1,2019 [https://asiatimes.com/.../a-chinatown-mysteriously.../]

Tuesday, November 28, 2023

မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခများတွင် အနောက်အုပ်စု၏ ဝင်ရောက်စွက်ဖက်မှုများရှိနေခြင်းနှင့် ရှေ့အလားအလာ

 


နိဒါန်း
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းနိုင်ငံရေးအခြေအနေများသည် ဒေသတွင်းရှိ အင်အားကြီးနိုင်ငံများအပေါ် သက်ရောက်လာနိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေ အလားအလာများ အကြောင်းကိုသုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် လုံခြုံရေးအခြေအနေသည် ရေရှည်တွင် အိန္ဒိယနိုင်ငံအရှေ့မြောက် နယ်စပ်ဒေသအတွက် ပထဝီဝင်ဆိုင်ရာ မဟာဗျူဟာမြောက် သက်ရောက်မှုများရှိလာနိုင်ပါသည်။ ထိုအခြေအနေသည် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသည့် ပါကစ္စတန်နိုင်ငံ၊ Khyber Pakhtunkhwaပြည်နယ်အရေးကိစ္စနှင့် တူညီနေသည်။ ၎င်းနိုင်ငံနှစ်ခု၏အခြေအနေအား အတိအကျနှိုင်းယှဉ်ဖော်ပြနိုင်မည် မဟုတ်သော်လည်း ဖြစ်ပေါ်လာသောအခြေအနေများမှ အရေးပါသောအချက်များ၊ သဘောတရားများကို ဖော်ထုတ်နိုင်ပါသည်။ ထိုအချက်အလက်များက ယခုအချိန်တွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင် နေရသည့် မြန်မာနိုင်ငံအရေးအားဆုံးဖြတ်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသောကိစ္စရပ်များနှင့် အပြောင်းအလဲ များတွင် ပြည်ပနိုင်ငံများ၏ ပယောဂများပါဝင်နေပြီး မည်သည့်အဖွဲ့ကအနိုင်ရရှိမည်ကို မသိရှိနိုင်သေးပါ။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ပင် ကွဲပြားသောလူမျိုးစုများ ရောနှောနေထိုင်လျက်ရှိခြင်းကြောင့် ပြည်တွင်းဆူပူအုံကြွမှု များနှင့် ပဋိပက္ခများကာလရှည်ကြာဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းလည်းရှိပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ယခင်က တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနေနိုင်ခြင်းသည် သောင်းကျန်းသူများအချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်းနှင့် ပြည်ပ ပယောဂများက သောင်းကျန်းသူများအား တစ်စုတစ်စည်းတည်း ဖြစ်လာစေရန် ဝင်ရောက်စွက်ဖက်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးတွင် အကြီးဆုံးလူမျိုးစုမှာ ဗမာလူမျိုးများဖြစ်ကြပြီး အိန္ဒိယနိုင်ငံတွင်နေထိုင်ကြသည့် ဟိန္ဒူ လူမျိုးစုများကဲ့သို့ပင် အရေးပါသောလူမျိုးစုဖြစ်ကာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး သောင်းကျန်းသူများမှာမူ တိုင်းရင်းသားလူမျိုးစုများဖြစ်ကြပြီး အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါသည်။
သို့သော်လည်း လွန်ခဲ့သည့်တစ်နှစ်ကျော်မှစ၍ ပြည်ပအုပ်စုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားသောင်းကျန်းသူအဖွဲ့များကို NUG အဖွဲ့လက်အောက်ခံ PDF အဖွဲ့များနှင့် ပူးပေါင်းရန်တွန်းအားပေးခဲ့ကြပါသည်။ ထိုတွန်းအားပေးမှုမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေသည်ဟု ဆိုရပါမည်။ ဤအခြေအနေကို အနောက်အုပ်စုမှ ကောင်းစွာကြိုးကိုင်ခြယ်လှယ်နေသည်ဟု ဆိုနိုင်ပါသည်။ ဥပမာအနေဖြင့် ယခုအချိန်တွင် NUG အဖွဲ့လက်အောက်ရှိ အစိုးရဆန့်ကျင်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု များကြောင့် လက်ရှိမြန်မာအစိုးရအဖွဲ့ ပြုတ်ကျတော့မည်ဟူသော စိတ်ဓာတ်စစ်ဆင်ရေး ကောလာဟလများအဆက်မပြတ်ထုတ်လွှင့်လျက်ရှိကြသည်။ ယခင်အပတ်ထုတ် New York Time သတင်းစာတစ်စောင်တွင် အမေရိကန်နိုင်ငံအခြေစိုက် NUG ဌာနချုပ်သည် Washington DC မြို့တွင်တည်ရှိပြီး အိမ်ဖြူတော်နှင့် မိုင်အနည်းငယ် သာကွာဝေးကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။
NUG အဖွဲ့မှ ကိုယ်စားလှယ်များသည် အမေရိကန်လွှတ်တော်သို့မကြာခဏသွားရောက်၍ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် အစီရင်ခံစာများကို တင်သွင်းလေ့ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်သမ္မတ Joe Biden သည် ဒီမိုကရေစီလိုလားသည့် အင်အားစုများအား စစ်လက်နက်ပစ္စည်းများ တိုက်ရိုက် ကူညီမှုမှလွဲ၍ အခြားအကူအညီများအားလုံးပေးနိုင်သော Burma Act ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယခင်က အမေရိကန်နိုင်ငံသည် နိုင်ငံခြားရေးမူဝါဒတွင် မြန်မာ နိုင်ငံအပေါ် အာရုံစိုက်မှုမရှိခဲ့သော်လည်း ယခုအခါတွင် တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးအား တစ်ပြိုင်နက်တည်း ဝိုင်းပတ်ပိတ်ဆို့ရန်ရည်ရွယ်သည့် Dual Containment Strategy အရ မြန်မာနိုင်ငံအပေါ်အာရုံစိုက်မှု ကူးပြောင်းလာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်လည်း အလားတူအခြေအနေမျိုး ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါသည်။
အနောက်အုပ်စုထောက်လှမ်းရေးအဖွဲ့များသည် ထိုင်းနိုင်ငံရှိ ၎င်းတို့၏ အခြေစိုက်စခန်းမှတစ်ဆင့် လက်ရှိမြန်မာအစိုးရအဖွဲ့အားဖြုတ်ချနိုင်ရန် ကြိုးကိုင်လျက် ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိပါသည်။ ထိုအစီအစဉ်တွင် လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊ကျယ်ပြန့်သောဗျူဟာအစီအမံများနှင့် ကြီးမားသည့်အစီအစဉ်များရေးဆွဲခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နေကြသည်ဟု ဆိုပါသည်။ ယခင်သီတင်းပတ်ကထုတ်ဝေသည့် ရုရှား နိုင်ငံထုတ် Izvestia သတင်းစာတွင်ဖော်ပြခဲ့သော “The Burmese Triangle: How the US is fuelling the conflict in Myanmar” ဟူသော ဆောင်းပါးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပဋိပက္ခသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာမြောက် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။ ယခုအချိန်တွင် လက်ရှိ မြန်မာအစိုးရအနေဖြင့် ဆိုးရွားသည့်စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီး ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာ့တပ်မတော်အနေဖြင့် ယခုဖြစ်ပွားနေသည့် ပဋိပက္ခများအား တွန်းလှန်နိုင်ခြင်းမရှိပါက တိုင်းပြည်ပြိုလဲသွားနိုင်သည့်အခြေအနေသို့ ရောက်ရှိသွား နိုင်သည်ဟုပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင်ယခုဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် နယ်စပ်ဒေသ မတည်ငြိမ် မှုများသည် ဒေသတွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် ကမ္ဘာ့စီးပွားရေးစင်္ကြံ ဖန်တီးမည့်ရည်မှန်းချက်များကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ တရုတ်နိုင်ငံ၏ Belt and Road Initiative-BRI စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ သည်အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တည်ဆောက်လျက် ရှိသော ကျောက်ဖြူရေနက်ဆိပ်ကမ်း သယ်ယူပို့ဆောင်ရေးစင်္ကြံသည် မြန်မာနိုင်ငံကို ဖြတ်သန်းသွားရမည့်အပြင် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရအရေးပါသည့်၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည်လည်း မြန်မာနိုင်ငံကိုသာ ဖြတ်သန်းသွားရပါသည်။ ယခုအခါ ကမ္ဘာ့မီဒီယာများတွင်ပျံ့နှံ့နေသည့် မြန်မာနိုင်ငံပြိုလဲတော့မည်ဆိုသော သတင်းများ၊ မြန်မာနိုင်ငံ၌ ရုရှားစစ်အခြေစိုက်စခန်း တည်ဆောက်နိုင်ရေး ညှိနှိုင်းနေသည်ဟူသော သတင်းများနှင့် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးအား အကူအညီပေးနိုင်သည့် အထူးတပ်ဖွဲ့များ စေလွှတ်သွားမည်ဟူသော သတင်းများမှာ သက်သေမရှိသည့် မှန်းဆချက်များသာဖြစ်ကြောင်း ဖော်ပြထားပါသည်။
သိသာထင်ရှားသောအချက်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများအားလုံးသည် လက်ရှိမြန်မာအစိုးရအဖွဲ့အား တွန်းလှန်နေကြခြင်း မဟုတ်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း ၆၆ ဖွဲ့ခန့်ရှိပြီး တစ်ဖွဲ့လျင် အင်အားရာကျော်မှ ၂,၀၀၀ မှ ၃,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းနိုင်သည်။ အမေရိကန်နိုင်ငံသည် အဆိုပါလက်နက်ကိုင်အဖွဲ့ များအား တိကျသည့်လက်နက်များ ထောက်ပံ့ပေးရုံသာမက အဖျက်အမှောင့်လုပ်ငန်းများ အတွက်လည်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟု အစီရင်ခံစာများထွက်ပေါ်လျက် ရှိသည်။ သေချာသည့်အချက်မှာ မြန်မာ့တပ်မတော်သည် ဆယ်စုနှစ်ငါးစုအတွင်း တိုင်းပြည်ကိုမငြိမ်မသက်မှုများမှ ကာကွယ်ပေးခဲ့သည့် တစ်ခုတည်းသော တည်တံ့ခိုင်မြဲသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်ပြိုကွဲသွားမည်ဆိုပါက မြန်မာနိုင်ငံ၏ တိုင်းပြည်တည်ဆောက်မှု ပုံသဏ္ဌာန်ပြိုပျက်သွားနိုင်ပါသည်။ ထိုသို့ဖြစ်လာပါက အရှေ့တောင်အာရှဒေသတစ်ခုလုံး၏ တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့ပင် အနောက်နိုင်ငံများက ၎င်းတို့၏ ပထဝီဝင်နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချကြိုးကိုင် ခြယ်လှယ်နေသည့် ဓားစာခံတိုင်းပြည်တစ်ခုအဖြစ် စိုးရိမ်ဖွယ်ရာရှုမြင်နိုင်ကြောင်း ဖော်ပြထားပါသည်။
မကြာသေးမီက ဒေလီမြို့ရှိ မူဝါဒလေ့လာရေးစင်တာတစ်ခုမှ သုတေသီ တစ်ဦးသည် လက်ရှိမြန်မာအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် NUG/PDF အဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနှင့် ပူးပေါင်းရန်အကြံပြု ထားသည်ကိုတွေ့ရသည်။ ဤအကြံပြုချက်သည် အမေရိကန်နိုင်ငံ၏ လိုလားချက်နှင့်ကိုက်ညီမှု ရှိသော်လည်း အန္တရာယ်များလှပါသည်။ ထိုဖြစ်စဉ်သည် အမေရိကန်နိုင်ငံ၏ တောင်းဆို ချက်အရ အိမ်နီးချင်းအာဖဂန်နစ္စတန်နိုင်ငံသို့ သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ရန် ကြိုးပမ်းခဲ့ သည့် ပါကစ္စတန်နိုင်ငံ၏အဖြစ်အပျက်နှင့် အလားသဏ္ဌာန်တူနေပါသည်။ ပါကစ္စတန် သမ္မတ Zia ul Haq သည် ၎င်း၏နယ်စပ်ဒေသများကိုအခြေခံ၍ အာဖဂန်ဂျီဟတ်အဖွဲ့အား တိုက်ခိုက်ရန် CIA နှင့်ပူးပေါင်းချေမှုန်းမှုပြုလုပ်ချိန်မှစ၍ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးရေးသားသူ M K Bhadrakumar သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆယ်စုနှစ်သုံးခုကြာ လုပ်ကိုင်ခဲ့သည့် အငြိမ်းစားသံအမတ်တစ်ဦးဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု၊ ပါကစ္စတန်၊ အီရန်၊ အာဖဂန်နစ္စတန်နှင့် တူကီယဲနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါသည်။ ယခုဆောင်းပါးသည် အိန္ဒိယ၏ သုတေသီအဖွဲ့များအပါအဝင် ကမ္ဘာ့သတင်းမီဒီယာများ၌ ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်ပျံ့နှံ့နေသည့် မြန်မာ့တပ်မတော်ပြိုလဲတော့မည် ဟူသောသတင်းများ၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုလက်ရှိစစ်အစိုးရအလွန် မြန်မာ့နိုင်ငံရေးအတွက် ပြင်ဆင်ထားရတော့မည်ဟူသော သတင်းများကို ပေါ်တွင်မူတည်၍ထွက်ပေါ်လာခြင်းဖြစ်ပြီး အထက်ပါအယူအဆများနှင့် ကွဲပြားခြးနားသော ရှားပါးသည့် သဘောထားအမြင်ဆောင်ပါးတစ်ခုဟု ဆိုနိုင်ပါသည်။
အဆိုပါဆောင်းပါးကိုလေ့လာကြည့်ပါက လက်ရှိစစ်အစိုးရဆန့်ကျင်ရေးအင်အားစုများ ဆောင်ရွက်နေသည့် မဟာဗျူဟာ ၂ ချက်ကို တွေ့ရနိုင်သည်။ ပထမအချက်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မြန်မာနိုင်ငံအပေါ်တွင် အကာအကွယ်ပေးထားသည့် အိန္ဒိယနှင့် တရုတ်အပါအဝင် အခြားအာဆီယံနိုင်ငံများအနေဖြင့် စစ်တပ်ပြိုလဲတော့မည်ဟူသော ယူဆချက်နောက်သို့ လိုက်ပါလာကြကာ အစိုးရဆန့်ကျင်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံလာကြစေရေး၊ အကူအညီပေးလာကြစေရေး Political Agenda ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာနိုင်ငံအနှံ့အပြား၌ ပြန့်ကျဲလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး စစ်တပ်ကို တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်လာ ကြစေရန် တွန်းအားပေးခြင်း၊ ထောက်ပံ့ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံရေး၏ မည်သည့်ကိစ္စရပ်တွင်မဆို နိုင်ငံရေး (နိုင်ငံတကာရေး)နှင့် စစ်ရေး ဆက်စပ်လျက်ရှိပြီး အင်အားကြီးနိုင်ငံများ၏ ပတ်ဝန်းကျင်နိုင်ငံငယ်များတွင် ပိုမိုနက်ရှိုင်းစွာ မြင်တွေ့ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများတွင် အစိုးရဆန့်ကျင်ရေးအင်အားစုများအနေဖြင့် ၎င်းတို့မိတ်ဘက်နိုင်ငံကြီးများ၏ အကူအညီကိုရယူကာ နိုင်ငံရေးနှင့် စစ်ရေးသဘောတရားများကို အပြည့်အဝအသုံးချနေသည်ကိုတွေ့ရသော်လည်း လက်ရှိတည်ဆဲစစ်အစိုးရဘက်မှမူဝါဒနှင့် တုံ့ပြန်ဆောင်ရွက်ပုံများကို သရုပ်ခွဲရန်ခက်ခဲနေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
160112923
[1]။ M K Bhadrakumar,“ What happens in Myanmar may not stay in Myanmar”. The New Indian Express. 24 November2023, [/https://www.newindianexpress.com/.../what-happens-in.../]

Monday, November 27, 2023

တရုတ်နိုင်ငံတည်ဆောက်နေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ထိုင်းနိုင်ငံမှဖောက်လုပ်ရန်စီစဉ်နေသည့် Kra တူးမြောင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 




နိဒါန်း
တရုတ်နိုင်ငံသည် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းအတွက် မဟာ ဗျူဟာမြောက်အရေးပါသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ နေမှုသည် စီးပွားရေးဩဇာလွှမ်းမိုးမှုသာမက စစ်ရေးဆိုင်ရာ အသုံးချမှုများအဖြစ် အသုံးချနိုင်ရန်အတွက်ပါ ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ပြီး၊ ယခု ထိုင်းနိုင်ငံ ကဆောက်လုပ်ရန်စီစဉ်နေသည့် Kra တူးမြောင်းနှင့်ပတ်သက်သောကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံတန်ဖိုးရှိ အထူးစီးပွားရေးဇုန် အပါအဝင် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိ ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်နှင့် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ထိုသို့တည်ဆောက်ရန် ဆုံးဖြတ်ရခြင်းမှာ မလက္ကာရေလက်ကြားတစ်လျှောက်ရှိ ပင်လယ်ဓားပြများ၏ အန္တရာယ်နှင့် ဗျူဟာမြောက်ပိတ်ဆို့နိုင်သည့် ကျဉ်းမြောင်းသော နေရာများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် ကျောက်ဖြူမြို့မှ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို အကာအကွယ်ပေးနိုင်မည့် ကုန်းလမ်း ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ထားရှိနိုင်ရန်လည်း ရည်ရွယ်ပါသည်။ ဤရေနက်ဆိပ်ကမ်း စီမံကိန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်မည့် အခွင့်အလမ်းကို ဖန်တီးနိုင်ပြီး အဆိုပါရေနက်ဆိပ်ကမ်းအား စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်နှစ်မျိုးစလုံးအတွက် အသုံးချနိုင်မည့်အခွင့်အလမ်းကို ရရှိစေမည် ဖြစ်ပါသည်။
Asia Society မှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တရုတ်ရေတပ်သင်္ဘောများ ထားရှိနိုင်မည့်အခြေအနေကို ဖော်ပြ ထားသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာကန့်သတ်ချက်များ ကြောင့် တရုတ်ရေတပ်အခြေစိုက်စခန်းထားရှိရန် မဖြစ်နိုင်ပါ။ သို့သော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့် လွဲမှားသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကြောင့် ရေရှည်စီးပွားရေးအလားအလာကို ထိခိုက် စေခဲ့ပြီး မရှိမဖြစ် လိုအပ်သည့်အခြေခံအဆောက်အုံများ တည်ဆောက်ရန် ကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဟု ဆိုသည်။ [2] ထို့ကြောင့် အဆိုပါစီမံကိန်းသည် ပြည်တွင်းရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေရသည့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ အနေဖြင့် အန္တရာယ်ရှိသော စီးပွားရေးလွှမ်းမိုးမှု ပြုလုပ်လာနိုင်ပါသည်။ တရုတ် နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို နှစ် ၅၀ အငှားစာချုပ်ချုပ်ဆို၍ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာ နိုင်ငံဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ထည့်ဝင်ရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံ GDP ၏ ၄ ရာခိုင်နှုန်းကျော်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဤအထူးစီးပွားရေးဇုန် အောင်မြင်မှုအပေါ်တွင် မူတည်နေခြင်းကြောင့် မြန်မာ အစိုးရအနေဖြင့် ဘဏ္ဍာငွေ စိုက်ထုတ်နိုင်ခြင်းမရှိပါက တရုတ်နိုင်ငံအပေါ် မှီခိုမှု ပြုလုပ်သွားရမည်ဖြစ်ပြီး တရုတ်ချေးငွေအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အလားအလာရှိနေပါသည်။[3]
တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးဩဇာလွမ်းမိုးမှုကို အသုံးချ၍ ဤဆိပ်ကမ်းအား စစ်ရေးအတွက် ပြောင်းလဲအသုံးချလာနိုင်ပါသည်။ တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပွားနေသည့်နေရာများတွင် လူလုပ်ကျွန်းများ တည်ဆောက်ကာ စစ်အခြေစိုက်စခန်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသတွင်း နိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ Koh Kong စီရင်စုတွင်လည်း ဆိပ်ကမ်းနှင့် အပန်းဖြေစခန်း စီမံကိန်းများ ဆောင်ရွက်ခဲ့ပါသည်။ Koh Kong ရေနက်ဆိပ်ကမ်းအား တရုတ်ရေတပ်မှ ဖျက်သင်္ဘောများ ဆိုက်ကပ် နိုင်ရန် ပုံစံထုတ်တည်ဆောက်ထားပြီး လူပေါင်း ၆၀၀၀ တည်းခိုနိုင်သည့် အပန်းဖြေစခန်းတစ်ခု ဆောက်လုပ်ထားခြင်းသည် မေးခွန်းထုတ်ဖွယ်ရာ အခြေအနေ ဖြစ်နေပါသည်။
ထို့အပြင် တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြု ကုမ္ပဏီတစ်ခုမှ ၎င်း အပန်းဖြေစခန်းအနီးရှိ Dara Sakor လေဆိပ်တွင် တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများတွင် တည်ဆောက်ထားသော ၂၆၅၀ မီတာ ရှည်လျားသည့် လေယာဉ်ပြေးလမ်းများနှင့် အရှည်တူပြီး စစ်ဘက်သုံးလေယာဉ်များ ဆင်းသက် နိုင်သည့် လေယာဉ်ပြေးလမ်းကို တည်ဆောက်ပေးထားပါသည်။ ဤစီမံကိန်း ၂ ခု သည် ကမ္ဘောဒီးယားနိုင်ငံအတွက် အကျိုးကျေးဇူးများ ရရှိထားသော်လည်း တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်း စီးပွားရေးပိုင်ဆိုင်မှုများကို စစ်ရေးအရ ပြောင်းလဲ အသုံးချလာနိုင်သည့် အန္တရာယ်ရှိပါသည်။ ယခုအခါတွင် Koh Kong စီမံကိန်းအား တရုတ်ကုမ္ပဏီတစ်ခုမှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် ၉၉ နှစ် အငှား စာချုပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အင်ဒို-ပစိဖိတ်ဒေသသည် သြစတြေးလျနိုင်ငံအတွက်လည်း ပထဝီဝင်နိုင်ငံရေး နှင့် လုံခြုံသောရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများအတွက် မဟာဗျူဟာမြောက် အချက်အခြာနေရာဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံ၏ “လုံခြုံရေးတံခါးပေါက်” (Security Gateway) ဟု ခေါ်သော ဤဒေသတွင် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးစီမံကိန်းများ ပြုလုပ်လာခြင်းသည် စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။ တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်းဆိပ်ကမ်းများကို စစ်ရေးအရ အသုံးချနိုင်ခြင်းရှိ/မရှိ မသေချာသေးသော်လည်း စီးပွားရေး သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာခြင်းနှင့် ပတ်သက်၍ လက်ငင်းစိန်ခေါ်မှုများ ရှိနေပါသည်။ သြစတြေးလျနိုင်ငံသည်လည်း တရုတ် နိုင်ငံ၏လွှမ်းမိုးမှုကို တုံ့ပြန်ရန် အရှေ့တောင်အာရှတွင် ၎င်း၏ကိုယ်ပိုင် ရေနက် ဆိပ်ကမ်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနိုင်သည့် အလားအလာရှိနေပါသည်။ သြစတြေးလျနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တစ်ခုမှာ ထိုင်းနိုင်ငံ Kra တူးမြောင်း ဖောက်လုပ်မည့်စီမံကိန်းဖြစ်ပြီး အဆိုပါ တူးမြောင်းသည် မလေးကျွန်းဆွယ်၏ အကျဉ်းမြောင်းဆုံးနေရာဖြစ်သော Kra Isthmus ကို ဖြတ်၍ ဖောက်လုပ်ရန် စီမံထားသော ကြီးမားသည့် ရေလမ်းကြောင်း တစ်ခုဖြစ်ပါသည်။ ယခင်က အဆိုပါတူးမြောင်းအား မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကြား တိုက်ရိုက်ကုန်သွယ်မှုလမ်းကြောင်းပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ယခုခေတ်တွင် မလက္ကာရေလက်ကြားရှိ ရေလမ်းကြောင်းအသုံးပြုမှုအား ရှောင်လွှဲ နိုင်မည့် လမ်းကြောင်းအဖြစ် ရှုမြင်လာကြပါသည်။
ထိုင်းနိုင်ငံ စီးပွားရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ အဆိုအရ ၎င်းတူးမြောင်း စီမံကိန်းတွင်ပါဝင်လာမည့် Chumphon-Ranong ကုန်းတံတား အပါအဝင် အခြား အကြီးစား စီမံကိန်း ၃၅ ခုအတွက် ဘတ်ဂျက် ထိုင်းဘတ် ၁.၂၂ ထရီလျံ (အမေရိကန် ဒေါ်လာ ၃၃.၈ ဘီလီယံ) သာသတ်မှတ်ပေးသောကြောင့် ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံထက်များစွာ လျော့နည်းနေပါသည်။ သြစတြေးလျ နိုင်ငံသည် ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံပါက ကုန်သွယ်ရေးချိတ်ဆက်မှုများကို အားကောင်းစေနိုင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ထူထောင်နိုင်မည် ဖြစ်ကာ မလက္ကာရေလက်ကြားရှိ ၎င်း၏ရေကြောင်းဆိုင်ရာ တင်းမာမှုပြဿနာများကို လျှော့ချနိုင်မည့်အပြင် အဆိုပါရေနက်ဆိပ်ကမ်းများသို့ အလွယ်တကူဝင်ထွက်ခွင့် ရမည်ဖြစ်ပါသည်။ Quad မိတ်ဖက်နိုင်ငံများဖြစ်သော ဂျပန်၊ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့သည် ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလာနိုင်သည့် အလားအလာရှိသော ကြောင့် ထိုင်းနိုင်ငံ၏ ရေနက်ဆိပ်ကမ်းများအပေါ် တရုတ်နိုင်ငံ၏ အလွန်အကျွံ သြဇာလွှမ်းမိုးလာနိုင်မှု လျှော့ချနိုင်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်အဖြစ် ပါဝင်လာပါကလည်း စီမံကိန်းတွင် နိုင်ငံအများအပြား ပါဝင်နေခြင်းကြောင့် တရုတ်နိုင်ငံ၏ တစ်ဖက်သတ် အလွန်အကျွံ ထိန်းချုပ်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အနေဖြင့်လည်း အရှေ့တောင် အာရှတွင် ပိုမိုပါဝင်ပတ်သက်နိုင်ရန် ရေနက်ဆိပ်ကမ်းများကို အသုံးပြုလာနိုင်ပြီး အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ရေကြောင်းကုန်သွယ်ရေးလုံခြုံမှုကို မြှင့်တင်နိုင်ရန် ကပ္ပလီပင်လယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုကို ဖန်တီးလာနိုင်ကြောင်း ဖော်ပြ ထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါပြီး စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း (၃) ခု အနက်မှ တစ်ခုဖြစ်ကာ ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းလည်း ဖြစ်ပါသည်။ ဤစီမံကိန်းသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပြီး ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်နယ်ကို ပင်လယ် ထွက်ပေါက်ရရှိစေနိုင်မည့် အရေးပါသည့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို တရုတ်နိုင်ငံ Belt and Road Initiative (BRI) စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြလေ့ရှိသည်ကိုလည်း တွေ့ရှိ ရပါသည်။
ဆောင်းပါးတွင်ဖော်ပြထားသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် ၎င်းတည်ဆောက် သည့် ရေနက်ဆိပ်ကမ်းများကို စစ်ရေးအရပါ ရည်ရွယ်ပြင်ဆင်နေမည်မှာ အမှန်ပင် ဖြစ်သော်လည်း ရှောင်လွှဲမရနိုင်သည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်မည့် အခြေအနေဖြင့် ထိန်းသိမ်းထားနိုင်ရန် လိုအပ်ပါသည်။ တရုတ် နိုင်ငံသည်လည်း အခြားအင်အားကြီးနိုင်ငံများနည်းတူ ၎င်း၏အကျိုးစီးပွားနှင့် ယှဉ်လာပါက (သို့မဟုတ်) ထိခိုက်သည်ဟု ယူဆလာပါက အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးတွင် နည်းလမ်းတစ်မျိုးမျိုးကို ဝင်ရောက်စွက်ဖက်မည်သာဖြစ်ပါသည်။
ယခုထိုင်းနိုင်ငံတွင် တည်ဆောက်မည့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဒေသတွင်းကုန်သွယ်ရေးအတွက် အချက်အခြာကျသည့် Kra တူးမြောင်းစီမံကိန်းကို စတင်ရန် ဘတ်ဂျက်လျာထားပြီး ဖြစ်ကာ နိုင်ငံကြီးများအနေဖြင့် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပါသည်။ ထိုစီမံကိန်းကြောင့် ကျောက်ဖြူနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့သော မြန်မာနိုင်ငံ၏ ရေနက် ဆိပ်ကမ်းများပေါ်သို့ စီးပွားရေးနှင့် အခွင့်အလမ်းအရ သက်ရောက်လာနိုင်သည့် အကျိုး/အပြစ်များကို သုံးသပ်ဖော်ထုတ်၍ ထိုက်သင့်သည့် မူဝါဒနှင့် ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
159112823
[1]။ Shaun Cameron,“Why is Myanmar’s new deep-sea port such hot property”. The Interpreter. 22 November 2023, [/https://www.lowyinstitute.org/.../why-myanmar-s-new-deep.../]
[2]။ David Scott Mathieson,“Myanmar: a new abnormal”. The Interpreter. 7 November 2023, [/https://www.lowyinstitute.org/the.../myanmar-new-abnormal/]

[3]။ Gregory B. Poling,“ Kyaukpyu: Connecting China to the Indian Ocean”. CSIS. 2 April 2018, [/https://www.csis.org/.../kyaukpyu-connecting-china.../]

Thursday, November 23, 2023

အရှေ့တောင်အာရှမှ အကြမ်းဖက်အုပ်စုများအနေဖြင့် အစ္စရေး-ဟားမက်စ်စစ်ပွဲကို အသုံးချလာနိုင်သည့် အခြေအနေ

 


နိဒါန်း
အရှေ့တောင်အာရှနိုင်ငံအချို့မှ အကြမ်းဖက်အုပ်စုများသည် ၎င်းတို့၏ အကျိုး စီးပွားအတွက် အစ္စရေး-ဟားမက်စ်စစ်ပွဲကို အသုံးချလာနိုင်သည့် အလားအလာများနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ကြုံတွေ့လာနိုင်သည့် အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်နိုင်မှု အလားအလာများကိုသုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ကာလကြာရှည်စွာဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမက်စ်စစ်ပွဲအတွင်း အကြမ်းဖက် လူသစ်စုဆောင်းမှု၊ အစွန်းရောက်ဝါဒဖြန့်ဝေမှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများသည် အရှေ့တောင်အာရှနိုင်ငံအချို့တွင် အပြုသဘောမဆောင်သည့် အကျိုးဆက်များရှိလာ နိုင်ပါသည်။ အောက်တိုဘာလ ၇ ရက် နေ့မှစတင်ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေး-ဟားမက်စ် လက်နက် ကိုင်ပဋိပက္ခသည် ယခုအချိန်တွင် ၂ လခန့် ကြာမြင့်လာပြီဖြစ်ပါသည်။ အမေရိကန် အခြေစိုက် အကြမ်းဖက်ဝါဒဆိုင်ရာ လေ့လာသုတေသနပြုစုမှုအဖွဲ့ (Terrorism Research and Analysis Consortium -TRAC) ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Veryan Khan ၏ ပြောကြားချက်အရ ဂျီဟတ်ဝါဒီအုပ်စုများသည် အစ္စရေး-ဟားမက်စ်စစ်ပွဲကို ပိုမိုအရှိန်မြင့် လာစေရန် ကြေညာချက်များထုတ်ပြန်ခြင်း၊ ပိုစတာများနှင့် ဗီဒီယိုများအသုံးပြု၍ ဝါဒဖြန့်ချိရေးလုပ်ငန်းများကို ပြုလုပ်ခဲ့ကြသည်။ Veryan Khan ၏ အဆိုအရ Islamic State (IS) အဖွဲ့အနေဖြင့် ၎င်းတို့နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ တူညီမှုမရှိသည့် ဟားမက်စ်အဖွဲ့ကို ထောက်ခံမှုမရှိဟု ယူဆရပါသည်။ သို့ရာတွင် Al-Qaida အဖွဲ့ခွဲများသည် ဟားမက်စ်အဖွဲ့ကို ထောက်ခံခဲ့ကြပြီး IS အဖွဲ့ကမူ ပါလက်စတိုင်း ပြည်သူများကို ထောက်ခံ၍ အနောက်အုပ်စု၏ အကျိုးစီးပွားကိုပစ်မှတ်ထားတိုက်ခိုက်ရန် တစ်ကိုယ်တော်အကြမ်းဖက်သမားများ (Lone-Wolf Supporters) ကို တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။
အစ္စရေး-ဟားမက်စ်ပဋိပက္ခ ကာလရှည်ကြာ ဆက်လက်ဖြစ်ပွားနေပါက အကြမ်းဖက်အဖွဲ့များသည် ဤအခြေအနေကို အခွင့်ကောင်း ယူလာနိုင်ပါသည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့်အတိုင်း အရပ်သားများနှင့် ကလေးငယ်များ သေဆုံးမှုကိုအသုံးချကာ ဂျီဟတ်ဝါဒီများ ဆူပူအုံကြွမှု ဖြစ်ပေါ်လာနိုင်ပါသည်။ International Crisis Group မှ ဖိလစ်ပိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ Georgi Engelbrecht ၏ ပြောကြားချက်အရ ပဋိပက္ခများ အချိန်ကြာလာသည်နှင့်အမျှ လူထုအပေါ် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ ရှိလာနိုင်ပါသည်။ ထို့အပြင် ပဋိပက္ခများ အကြား လမ်းပျောက်နေသော လူငယ်များအနေဖြင့် မကောင်းသည့်ဘက်သို့ ထွက်ပေါက် ရှာလာနိုင်သည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံမှ အကြမ်းဖက်ဝါဒရေးရာကျွမ်းကျင်သူ ဒေါက်တာ Noor Huda Ismail က အစ္စရေး-ဟားမက်စ်စစ်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ၏ လုံခြုံရေး အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ပြောကြားခဲ့ပြီး အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံသားများအား အစွန်းရောက်ဆူပူအုံကြွမှုများဖြစ်အောင် လှုံ့ဆော်ပြီး အင်ဒိုနီးရှား ပြည်တွင်းလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည်ဟု ဆိုပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားအာဏာပိုင်များ အနေဖြင့် အစွန်းရောက်ဆန့်ကျင်ရေး ကြိုးပမ်းမှုများ၊ ရပ်ရွာလူထု ပူးပေါင်းဆောင်ရွက်မှု များနှင့် ထောက်လှမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအပြင် နယ်စပ်ထိန်းချုပ်မှုများပြုလုပ်ပြီး နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
Chasseur Group တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ Munira က ဟားမက်စ်အဖွဲ့အားထောက်ခံသည့် အကြမ်းဖက်အဖွဲ့များသည် မလေးရှားနိုင်ငံရှိ အနောက်အုပ်စုများ၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေပါသည်။ မကြာမီအချိန်အတွင်းမလေးရှားနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးကို ကျူးကျော်ဝင်ရောက်ဖွယ်ရှိပြီး ကြိုတင်အစီအမံများ ပြုလုပ်ထားရန် ဘဏ္ဍာရေးအဖွဲ့အစည်းများကို အကြံပြုထားပါသည်။ အရှေ့တောင်အာရှနိုင်ငံများရှိ အကြမ်းဖက်အုပ်စုများအား ကြီးစိုးလျက်ရှိသည့် Al-Qaida နှင့် IS ကဲ့သို့ နိုင်ငံတကာအကြမ်းဖက်အုပ်စုများတွင် ကွဲပြားသော အယူဝါဒ များရှိပါသည်။ ဖိလစ်ပိုင်တောင်ပိုင်းတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့များ သည် Al-Qaida၊ သို့မဟုတ် IS အဖွဲ့အား သစ္စာခံသည့် အဖွဲ့များဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မူဝါဒရေးရာ ကျွမ်းကျင်သူများက ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ထောက်ခံသူများသည် ဟားမက်စ်အဖွဲ့ဘက်သို့ ပြောင်းလဲနိုင်သည်ဟု သုံးသပ်ကြသည်။ သို့ရာတွင် အစွန်းရောက်အုပ်စုများကြား ဆက်ဆံရေးမည်သို့ပြောင်းလဲနိုင်သည်ကို ခန့်မှန်းရန်ခက်ခဲပါသည်။ ဂျီဟတ်ဝါဒီအဖွဲ့များ၏ ဆက်ဆံရေးသည် ရှုပ်ထွေးပြီး ၎င်းတို့၏အတွေးအခေါ် ကွဲပြားမှု၊ ဒေသဆိုင်ရာ အခြေအနေများနှင့် ခေါင်းဆောင် အပြောင်းအလဲများအပေါ် မူတည်လျက်ရှိပါသည်။
Engelbrecht က ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုစစ်သွေးကြွ အုပ်စုများအား ထောက်ခံအားပေးသူများသည် အယူဝါဒကွဲပြားမှုများအပေါ် အာရုံစိုက်မှုနည်းပါးပြီး ယေဘုယျအခြေအနေများနှင့် သတင်းအချက်အလက်များအပေါ် ပိုမိုအာရုံစိုက်ကြပါသည်။ ၎င်းတို့သည် ဟားမက်စ်အဖွဲ့ကို လူမျိုးစု-အမျိုးသားရေး လှုပ်ရှားမှုတစ်ခု အဖြစ်ယူဆကြပါသည်။ သို့ရာတွင် သတင်းအများစုသည် ပြည်ပသတင်းအရင်း အမြစ်များမှ ဖြစ်သောကြောင့် လူအနည်းငယ်သာ အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံရေး အခြေအနေ အသေးစိတ်ကို ကောင်းစွာသိရှိကြပါသည်။ ထို့ကြောင့် ဖိလစ်ပိုင်တောင်ပိုင်း Bangsamoro ဒေသတွင် ပြဿနာဖြစ်နေသော အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များက ပိုမိုအရေးကြီးနေပါသည်။ ၂၀၁၇ ခုနှစ် မတိုင်မီကာလက IS အဖွဲ့အား ထောက်ခံအားပေးခဲ့သူ အများအပြားရှိခဲ့သော်လည်း ယခုအချိန်တွင် အခြေအနေများ ပြောင်းလဲလျက်ရှိပါသည်။ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ IS အဖွဲ့ဝင်များသည် Caliphate မြို့ တည်ဆောက်ရေးကိုသာ အလေးထား ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ဟားမက်စ်၏အယူဝါဒသည် အမျိုးသားရေးဝါဒနှင့် အီဂျစ်နိုင်ငံရှိ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့၏ နိုင်ငံရေး-အစ္စလမ်ဘာသာ ပေါင်းစပ်မှုဖြစ်ပါသည်။ ထို့ကြောင့် ပြည်ပ ထောက်ခံသူများအနေဖြင့် ၎င်းတို့ IS အဖွဲ့အား ပူးပေါင်းခဲ့သည့် နည်းလမ်းအတိုင်း ဟားမက်စ်အဖွဲ့နှင့် ပူးပေါင်းရန်မဖြစ်နိုင်ဟု ယူဆနိုင်ပါသည်။
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ထောင်ပေါင်းများစွာသော နိုင်ငံသားများသည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ IS အကြမ်းဖက်အဖွဲ့အတွက် တိုက်ခိုက်ပေးရန် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက် ခဲ့ကြပါသည်။ ယခုအချိန်တွင်မူ ဖိလစ်ပိုင်နိုင်ငံသားများသည် ဟားမက်စ်အဖွဲ့အတွက် အစ္စရေးကိုတိုက်ခိုက်ရန် ပါလက်စတိုင်းသို့ သွားရောက်နိုင်မည် မဟုတ်ပါ။ ဖိလစ်ပိုင်နိုင်ငံသားများသည် ၎င်းပဋိပက္ခတွင် တိုက်ရိုက်ပါဝင်တိုက်ခိုက်ခြင်းထက် NGO လုပ်ငန်းများနှင့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များတွင်သာ ပါဝင်လိုကြပါသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်နှင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ပါလက်စတိုင်းများ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရပြီး ပါလက်စတိုင်းဒုက္ခသည်များကို ခေါ်ယူရန် နိုင်ငံတကာမှ တောင်းဆိုခဲ့ကြပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင်းသို့ ဒုက္ခသည်များ ရွှေ့ပြောင်းနေထိုင်မှု ဖြစ်ပေါ်လာ နိုင်ပါသည်။ ဤသို့ ဒုက္ခသည်များ ရွှေ့ပြောင်းလာမှုသည် လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများတွင် သက်ရောက်မှုရှိနိုင်ပြီး အဆိုပါပြဿနာများကို ဖြေရှင်းရန် အတွက် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုများတွင် ပဋိပက္ခများ၏မူလဇာစ်မြစ်ကို ဖြေရှင်းခြင်း၊ လူသားချင်း စာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးခြင်းနှင့် နိုင်ငံအတွင်း ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးများကို ထိရောက်စွာ စီမံခန့်ခွဲရန် အစီအမံများ ပါဝင်ပါသည်။
Moro Islamic Liberation Front (MILF)မှ ခေါင်းဆောင်များသည် ဤအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာပြီး ဆွေးနွေးပွဲများတွင် BARMM အား ကူညီကြပါသည်။ ယခုအချိန်တွင် အစ္စရေးသံရုံးဝန်းအပြင်ဘက်တွင် ပါလက်စတိုင်းအား ထောက်ခံသည့် ဆန္ဒပြပွဲများကိုတွေ့ရှိရပြီး ဤဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား အကြမ်းဖက်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲမှုများ မြင့်တက်လျက်ပါသည်။ သို့ရာတွင် ဖိလစ်ပိုင်တောင်ပိုင်း Bangsamoro ဒေသရှိ ဤဆန္ဒပြမှုများ သည် အကြမ်းဖက်မှုအဖြစ်သို့ ယခုအချိန်ထိပြောင်းလဲသွားခြင်း မရှိသေးသည်ကိုတွေ့ရသည်။ ၎င်းတို့သည် ဖိလစ်ပိုင်နှင့် ဂါဇာ/ဟားမက်စ်တို့ကြား တစ်ခုတည်းသော ဆက်သွယ်မှု သာဖြစ်ပြီး မိုရိုစစ်သွေးကြွများအနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးနှင့် လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများတွင် ဂါဇာကမ်းမြောင်ဒေသ အခြေအနေအပေါ် အသုံးချခြင်း ရှိ/ မရှိကိုမသိရှိရသေးပါ။
မလေးရှားနိုင်ငံတွင် အစိုးရသည် ပါလက်စတိုင်းကို ထောက်ခံကြောင်း ဖော်ပြပြီး အမေရိကန်နှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ဟားမက်စ်အဖွဲ့အား ရှုတ်ချရန် ငြင်းဆိုခဲ့ပါသည်။ အမေရိကန်အနေဖြင့် မလေးရှား နိုင်ငံအား ပိတ်ဆို့အရေးယူမှုများပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော အခြေအနေကို ခန့်မှန်းရန် ခက်ခဲပါသည်။ မလေးရှားနိုင်ငံသည် ပါလက်စတိုင်းအား အကူအညီများ ပေးအပ်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိပါသည်။ မလေးရှားနိုင်ငံသည် ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ နှစ်ခုစလုံးတွင် အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာမိတ်ဖက်ဖြစ်နေသောကြောင့် အမေရိကန်နိုင်ငံအနေဖြင့် ရှောင်ရှားနိုင်ဖွယ်ရှိပါသည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဟားမက်စ်အဖွဲ့အား ကူညီပံ့ပိုး မည်ဆိုပါက အမေရိကန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြပါသည်။
တွေ့ရှိသုံးသပ်ချက်
အစ္စရေး-ဟားမက်စ်စစ်ပွဲအတွင်း အကြမ်းဖက်လူသစ်စုဆောင်းမှု၊ အစွန်းရောက် ဝါဒဖြန့်မှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများသည် အရှေ့တောင်အာရှနိုင်ငံအချို့တွင် အပြုသဘောမဆောင်သည့် အကျိုးဆက်များ ရှိလာနိုင်သည်ကို ကျွမ်းကျင်သူအချို့က သတိပေး ပြောကြားနေကြပါသည်။ သို့သော်လည်း IS အဖွဲ့နှင့် Al Quida အဖွဲ့မှ ဂျီဟတ်ဝါဒီများ၏ အတွေးအခေါ်အယူအဆမှာ ယခုဟားမတ်စ်များ၏ အတွေး အခေါ်နှင့်မတူညီသောကြောင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာ နိုင်ရန် ခက်ခဲလိမ့်မည်ဟု သုံးသပ်ကြပါသည်။ သို့သော်လည်း စစ်ပွဲနှင့် ပဋိပက္ခများ ရှည်ကြာမည်ဆိုပါက အရှေ့တောင်အာရှမှ အကြမ်းဖက်အဖွဲ့များအနေဖြင့် ဒေသ တွင်းရှိ အမေရိကန်နှင့် အနောက်အုပ်စု၏ အကျိုးစီးပွားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများရှိလာနိုင်ပြီး ၎င်းတို့၏ လူသစ်စုဆောင်းမှုတွင်လည်း အတိုင်းအတာ တစ်ခုအထိ အခွင့်အလမ်း ဖြစ်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
လူ့အဖွဲ့ အစည်းတစ်ခုတွင် စစ်ပွဲနှင့် ပဋိပက္ခများဖြစ်ပွားသည့် အချိန်ကာလ ကြာမြင့်လာသည် နှင့်အမျှ လူငယ်ထု၏ အတွေးအခေါ်ကို အဓိကရိုက်ခတ်မှုရှိသည်ကို တွေ့ရှိရပါသည်။ လူငယ်များအနေဖြင့် ၎င်းတို့၏ တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေကြိုးစားနေသူများ ဖြစ်သည့်အလျောက် ၎င်းတို့အတွက် မျှော်လင့်ချက်ကင်းမဲ့လာပြီး ဘေးကျပ်နံကျပ် ဖြစ်သည့် အခြေအနေကြာရှည်လာပြီး၊ ရုန်းထွက်နိုင်မည်မဟုတ်ဟု ယူဆလာပါက အစွန်းရောက်စိတ်ဓာတ်များ အလွယ်တကူဝင်လာကြပြီး အကြမ်းဖက်အဖွဲ့များ၏ ကုန်ကြမ်းများ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ထိုလူ့အဖွဲ့အစည်းတွင် ပဋိပက္ခများနှင့် အသားကျသည့် နောက်ထပ်မျိုးဆက်သစ်တစ်ခု မွေးဖွားပေးသကဲ့သို့ ဖြစ်လာပြီး စစ်ပွဲများနှင့် ပဋိပက္ခများ ပိုမိုကြာရှည်လာနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ ကြာရှည်နေသည့် နိုင်ငံတိုင်းသည် တိုးတက်မှုနှေးကွေးပြီး အဆိုးကျော့သံသရာလည်နေသည်ကို တွေ့ရှိနိုင်သဖြင့် ဤအခြေအနေမှရုန်းထွက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းသာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
158112423

[1]။ Zam Yusa,“How Will Southeast Asian Terror Groups Capitalize on the Israel-Hamas War?”. The Diplomat. 16 November 2023, [/https://thediplomat.com/.../how-will-southeast-asian.../]

Wednesday, November 22, 2023

တရုတ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံမှုအပေါ် အင်ဒို-ပစိဖိတ်မိတ်ဖက်နိုင်ငံများ၏သဘောထားများ

 


နိဒါန်း
အင်ဒို-ပစိတ်ဖိတ်ဒေသ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညီလာခံ (Asia-Pacific Economic Cooperative Conference-APEC) သို့ တက်ရောက် လာသည့် တရုတ်နှင့် အမေရိကန်သမ္မတတို့၏ နှစ်နိုင်ငံအကြား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့၏ သဘောထားအမြင် များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် အမေရိကန်သမ္မတ Joe Biden တို့ သည် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် APEC ညီလာခံအပြီးတွင် သီးသန့်အစည်းအဝေးအဖြစ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲကို ကမ္ဘာတစ်ဝန်းမှ နိုင်ငံအများက စောင့်ကြည့်လျက်ရှိကြသည်။ ထိုတွေ့ဆုံမှုသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲပြီးနောက် ဒုတိယအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံသည့် ဆွေးနွေးမှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ အကြားတင်းမာမှုကို လျှေော့ချရန်၊ ပြိုင်ဆိုင်မှုတွင်တာဝန်ရှိစွာ ယှဉ်ပြိုင်နိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးပွဲအပေါ် အပြုသဘော ဆောင်သည့် မှတ်ချက်များသာ ပေးခဲ့ကြသည်ကို တွေ့ရသည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာ့နိုင်ငံများအတွက် အရေးပါ လျက်ရှိပြီး ဩစတြေးလျ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနိုင်ငံတို့အပေါ်တွင် တိုက်ရိုက်သက်ရောက်နိုင်ပါသည်။ အမေရိကန်နှင့်သဘောတူစာချုပ် ချုပ်ဆိုထားသည့် မဟာမိတ်နိုင်ငံများအားလုံးသည် လုံခြုံရေးကဏ္ဍတွင် အမေရိကန်အပေါ် မှီခိုလျက် ရှိသော်လည်း စီးပွားရေးအရ တရုတ်နိုင်ငံနှင့်အနီးကပ်ဆက်ဆံရေး တည်ဆောက် နေရပါသည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများအနေဖြင့် တရုတ်-အမေရိကန် ပဋိပက္ခများ၏ ရိုက်ခတ်မှုကို အများဆုံးခံခဲ့ရပါသည်။ ထိုင်ဝမ်အတွက် တရုတ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေးသည် အရေးပါလျက်ရှိပြီး တရုတ်သည် ထိုင်ဝမ် အား ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ကာ အင်အားသုံး၍ ပြန်လည် ပေါင်းစည်းရေးကိုလုပ်ဆောင်ရန် ကြိုးပမ်းနေမှုကို အမေရိကန်အနေဖြင့် မည်သို့ တုံ့ပြန်မည်ဆိုသည့် မေးခွန်းသည် အဓိကကျပါသည်။
အမေရိကန်နှင့် အင်ဒို-ပစိဖိတ်ဒေသ မိတ်ဖက်နိုင်ငံများသည် တရုတ်နိုင်ငံ အား တန်ပြန်နိုင်ရန်ကြိုးပမ်းသည့်အနေဖြင့် “လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ်ဒေသ” နှင့် “စည်းမျဉ်းကို အခြေခံသော နိုင်ငံတကာအခင်းအကျင်း” စသည့် မူဘောင်များပေါ်တွင် သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ ကြပါသည်။ ထို့ပြင် တရုတ်နိုင်ငံအား စစ်ရေးအရ တန်ပြန်ရန်အတွက် ဩစတြေးလျ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်တို့ပါဝင်သည့် AUKUS သုံးနိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ အား လည်းကောင်း၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်နှင့်အတူ နှစ်နိုင်ငံ၊ သုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အမေရိကန်နှင့်ပူးပေါင်း၍ စစ်ရေးချဲ့ထွင်မှုများအား လည်းကောင်း၊ ထိုင်ဝမ်အနေဖြင့် အမေရိကန်နှင့် လက်နက်ရောင်းဝယ်မှုများ တိုးမြှင့်လုပ်ဆောင်၍ လည်းကောင်း အသီးသီးပူးပေါင်းဆောင်ရွက်မှုခဲ့ကြပါသည်။
နှစ်နိုင်ငံအစည်းအဝေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများအပြားက အပြုသဘော ဆောင်သည့် မှတ်ချက်များကိုသာပြောကြားခဲ့ပါသည်။ တရုတ်- အမေရိကန်မိတ်ဖက် ဆက်ဆံရေးတင်းမာမှုများမှတစ်ဆင့် နောက်ပြန်လှည့်၍မရသည့် ကြီးမား‌သော စစ်ပွဲကြီးတစ်ခုအသွင် ဖြစ်လာနိုင်သည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ အမေရိကန် မိတ်ဖက်နိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံအား အလေးပေးရွေးချယ်ထားပြီးဖြစ် သော်လည်း တရုတ်- အမေရိကန်ဆက်ဆံရေးကို လုံးလုံးလျားလျား ဖြတ်တောက်ရန် မလိုလားကြပါ။ ထို့ကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးကောင်းမွန်လာမှုကို နိုင်ငံအများအပြားက ကြိုဆိုလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Anthony Albanese သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်မှ ၇ ရက် အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်သည် တရုတ်- အမေရိကန်အစည်းအဝေးကဲ့သို့ပင် ပိုမိုကျယ်ပြန့်သော သံတမန်ရေး လုပ်ငန်းစဉ်များအတွက် အရေးပါခဲ့ပြီး ဝန်ကြီးများအဆင့် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ခဲ့ကြပါသည်။ ဩစတြေးလျနှင့်တရုတ်နိုင်ငံတို့အကြား ပျော့ပျောင်းလာသည့် ဆက်ဆံရေးတစ်ခု ဖန်တီးလာချိန်တွင် အမေရိကန်၏ အလားတူဆက်ဆံရေး အလှည့် အပြောင်းသည် ကောင်းမွန်သည့်အခြေအနေတစ်ခုဖြစ်လာနိုင်ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုများသည် တရုတ်-ဩစတြေးလျ စီးပွားရေးကဏ္ဍဆက်ဆံရေး ကို ထိခိုက်စေနိုင်ပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio အနေဖြင့် အမေရိကန်၏ လုပ်ဆောင်မှုများအတိုင်း APEC ထိပ်သီးအစည်းအဝေးအပြီး တရုတ်သမ္မတ Xi Jinping နှင့် သီးခြားဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံသည် တရုတ်နှင့် ပတ်သက်ပြီး "လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ်အယူအဆ"နှင့် ပိုမို တင်းကျပ်သော လုံခြုံရေးမူဝါဒကို ချမှတ်ထားသော်လည်း တရုတ်နှင့် ထိတွေ့ ဆက်ဆံမှုကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံ အကြား မိတ်ဖက်ဆက်ဆံရေးသည် တင်းမာလျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ Fukushima နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တုကြွ စွန့်ပစ်ရေများ ထုတ်လွှတ်မှုကိုကန့်ကွက်ခဲ့ပြီး ဂျပန်မှပင်လယ်စာ တင်သွင်းမှု အားလုံးကို တားမြစ်ခဲ့ပါသည်။ ထို့ပြင် ဂျပန်အနီးတွင် ၎င်း၏ ရေတပ်သင်္ဘောများနှင့် စစ်လေယာဉ်များကို အသုံးပြုကာစစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါသည်။ သို့သော်လည်း ယခုအမေရိကန်နှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးပြန်လည်တည်ဆောက် လာခြင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့်လည်း အလိုက်သင့်လိုက်ပါ တည်ဆောက်လာနိုင်ပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိတွင် တရုတ်နှင့် တင်းမာသော ဆက်ဆံရေးရှိ နေပြီး ပိုင်နက်နယ်မြေအငြင်းပွားမှုများ၊ ရေကြောင်းဆိုင်ရာ စီးပွားရေးဇုန်သတ်မှတ်မှု အငြင်းပွားမှုများ၊ တရုတ်ကမ်းခြေစောင့်တပ်များမှ ဖိလစ်ပိုင်သင်္ဘောများအား ရန်စ နှောင့်ယှက်မှုများဖြင့် ရင်ဆိုင်နေရပါသည်။ သို့ဖြစ်၍ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. သည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များကို တုံ့ပြန် နိုင်ရန်အတွက် အမေရိကန်နှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လျက်ရှိပါသည်။ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး သဘောတူညီချက်(EDCA) အရ အမေရိကန်ရန်ပုံငွေဖြင့် အခြေစိုက်စခန်းများ ပြန်လည်မွမ်းမံ၍ အရေအတွက်ကို တိုးချဲ့ခဲ့ပါသည်။ ယခု APEC အစည်းအဝေးတွင် အမေရိကန်နှင့် တရုတ်တို့အကြား ဖိလစ်ပိုင်နိုင်ငံအရေးနှင့်ပတ်သက်၍ သီးခြားဆွေးနွေး မှုများ မရှိခဲ့ပါ။ ဖိလစ်ပိုင်သမ္မတ Marcos Jr. အနေဖြင့် အမေရိကန်ဒုတိယသမ္မတ Kamala Harris နှင့်သာ တွေ့ဆုံခွင့်ရခဲ့သော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အတိုင်းအတာတစ်ခုအထိ ပြေလည်သင့်သည်ဟူသောအချက်ကို လက်ခံပုံပေါ်ပါသည်။
တောင်ကိုရီးယား- တရုတ်မိတ်ဖက်ဆက်ဆံရေးသည် သမ္မတ Yoon Suk-Yeol လက်ထက်တွင် တင်းမာမှုများရှိခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် ဆက်ဆံရေးကောင်းမွန်စေရန်ရည်ရွယ်၍ သုံးနိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခဲ့ပါသည်။ သို့သော်လည်း ပြီးခဲ့သည့် တရုတ်-အမေရိကန်ဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်နှင့်ပတ်သက်၍ သီးခြားဆွေးနွေးမှုများ မရှိခဲ့ပါ။ တောင်ကိုရီးယားအနေဖြင့် ဂျပန်နိုင်ငံကဲ့သို့ တရုတ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေး ကောင်းမွန်လာသည်ကို မျှော်လင့်နေ ပါသည်။ တရုတ်-အမေရိကန် အစည်းအဝေးတွင် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ သီးခြားဖော်ပြသွားခြင်းမရှိသော်လည်း မြောက်ကိုရီးယားကို ကိုင်တွယ် နိုင်ရန်အတွက် မဟာဗျူဟာများတွင် တရုတ်သည် အဓိကကျသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
ထိုင်ဝမ်သည် တရုတ်နှင့် အမေရိကန်တို့အတွက် အရှုပ်ထွေးဆုံးကိစ္စရပ် တစ်ခုဖြစ်ကာ အဓိကဆွေးနွေးရသည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး အစည်းအဝေး တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကိုအသေးစိတ် ရှင်းလင်းခဲ့ပါသည်။ သမ္မတ Xi Jinping က အမေရိကန်အနေဖြင့် ထိုင်ဝမ်၏ခွဲထွက်မှုကိုထောက်ခံခြင်း၊ လက်နက် ထောက်ပံ့ခြင်းများကိုရပ်တန့်၍ တရုတ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ကို ရပ်တန့်လိမ့်မည်မဟုတ်ဟု ပွင့်လင်းစွာပြောကြားခဲ့ပါသည်။ သမ္မတ Joe Biden က ၎င်းပြောဆိုနေကျမူဝါဒဖြစ်သည့် အမေရိကန်အနေဖြင့် တရုတ်၏ One China Policy ကို ထောက်ခံကြောင်းနှင့် ပိုနေမြဲကျားနေမြဲအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲမှုများနှင့် စစ်ရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆန့်ကျင် သည်ဟူသည့် ယခင်မူဝါဒများကိုပင် ပြန်လည်ပြောကြားပါသည်။ ယခု တရုတ်သမ္မတနှင့် အမေရိကန်သမ္မတို့ တွေ့ဆုံမှု သည် ထိုင်ဝမ်အပေါ်တွင်ထားရှိသည့် အမေရိကန်၏သဘောထားများ ပြောင်းလဲသွား ခြင်းမရှိသည်ကို ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးရှင်သည် APEC အစည်းအဝေးသို့တက်ရောက်လာသည့် တရုတ်နှင့် အမေရိကန်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ အင်ဒို-ပစိဖိတ် ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများအနေဖြင့် တုံ့ပြန်မှုသဘောထားများကို အသေးစိတ် သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ်ဆက်ဆံရေးသည် ပြီးခဲ့သည့် ကာလများတွင် အခြေအနေဆိုးရွားခဲ့ပြီး အမေရိကန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် တရုတ်၏ သုတေသနဆိုင်ရာ လေပူဖောင်းများကို ပစ်ချခဲ့မှုများ၊ အမေရိကန်အနေဖြင့် တရုတ်၏နည်းပညာကဏ္ဍများကို ပိတ်ဆို့မှုများအပါအဝင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံစစ်တပ်များအကြား ဆက်ဆံရေးကို ရပ်တန့် ပစ်ခဲ့သည်အထိ ဆိုးရွားခဲ့ပါသည်။ သို့သော်လည်း ထိုသို့ဆက်ဆံရေးတင်းမာနေမှု များက ကမ္ဘာ့စစ်ရေးနှင့် စီးပွားရေးအခြေအနေများကို ပိုမိုဆိုးရွားလာစေသည့် အတွက် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ပြင်ဆင်လာကြသည်ဟု သုံးသပ်နိုင်ပါသည်။
သို့သော်လည်း ယခုဆောင်းပါးတွင် အမေရိကန်အနေဖြင့် ၎င်း၏ တရုတ်နှင့် ဆက်ဆံရေးတည်ဆောက်မှုအပေါ် မဟာမိတ်နိုင်ငံများ၏ အပြုသဘောဆောင်သော သဘောထားများကို ထင်ဟပ်ပြထားသကဲ့သို့ လက်တွေ့တွင်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် ဆက်ဆံရေးအဆင်ပြေမှုကို လိုလားနေသော်လည်း ထိုင်ဝမ်နှင့်ပတ်သက်သော မူဝါဒများအပြင် အခြားသော မူဝါဒများကိုလည်း သိသာထင်ရှားစွာ ပြောင်းလဲမှု မပြုလုပ်နိုင်ကြောင်းတွေ့ရပါသည်။ ထို့ကြောင့် အဆိုပါတွေ့ဆုံမှုသည် တရုတ်-အမေရိကန်ဆက်ဆံရေး ပြန်လည် အဆင်ပြေလာမည်ဟုမဆိုနိုင်သေးဘဲ သံတမန်ရေးဆိုင်ရာ သဘောထားဖလှယ်မှုနှင့် အကဲစမ်းမှုတစ်ခုအဖြစ်သာ ယူဆနိုင်မည်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံ၏ ဩဇာတည်ဆောက်မှုအဝန်းအဝိုင်းအတွင်း တည်ရှိနေသော ဒေသတွင်းနိုင်ငံငယ်များအနေဖြင့် အင်အားကြီး နိုင်ငံများအကြား ပြောင်းလဲဖြစ်ပေါ်နေသည့် ဆက်ဆံရေးအခြေအနေများကို မျက်ခြည် မပြတ်လေ့လာစောင့်ကြည့်ပြီး မိမိနိုင်ငံလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ခိုင်မာစွာတည်ဆောက်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
157112323

[1]။ Shannon Tiezzi “What Do US Indo-Pacific Allies Think of the Biden-Xi Summit?”. The Diplomat, November 17, 2023 [https://thediplomat.com/.../what-do-us-indo-pacific.../]