Monday, May 1, 2023

BRICS အဖွဲ့၏ ဒေါ်လာအစားထိုးငွေကြေး အစီအစဉ်နှင့် ဒေါ်လာလွှမ်းမိုးမှုကို ကိုင်လှုပ်လာနိုင်ခြင်း

 



ယခုကာလတွင် ဒေါ်လာသုံးစွဲမှုလျော့ချရေးအကြောင်း အပြောများကြပါသည်။ ယခင်လ (မတ်လ) က ရုရှားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Alexander Babakov က ရုရှားနိုင်ငံအနေဖြင့် ငွေကြေးအသစ်တစ်ခုထုတ်လုပ်နိုင်ရန် ဦးဆောင်ကြိုးပမ်းနေကြောင်း နယူးဒေလီသို့ ရောက်ရှိစဉ်ပြောကြားခဲ့သည်။ ၎င်းငွေကြေးကို BRICS အဖွဲ့ဝင်နိုင်ငံများ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) အကြား ကုန်သွယ်ရေးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ကလည်း တရုတ်နိုင်ငံသို့ရောက်ရှိစဉ်တွင် ကလည်း ၎င်းအနေဖြင့် “နိုင်ငံတွေအချင်းချင်းကုန်သွယ်ကြတဲ့နေရာမှာ အားလုံးက ဒေါ်လာကိုမဖြစ်မနေ သုံးဖို့လိုလို့လား” ဟု မှတ်ချက်ပြုခဲ့သည်။
BRICS မှထွက်ပေါ်လာနိုင်သည့် ငွေကြေးသည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးနိုင်မှုကိုသာမက G7 အဖွဲ့ကိုလည်း ခြိမ်းခြောက်လာနိုင်သည်။ နိုင်ငံတကာအစိုးရများအနေဖြင့် ဒေါ်လာအပေါ်မှီခိုနေရမှုမှ လွတ်မြောက်လိုကြခြင်းမှာ အသစ်အဆန်းတော့မဟုတ်ပါ။ ၁၉၆၀ ပြည့်နှစ်လွန်ကာလများကတည်းက နိုင်ငံခြားတိုင်းပြည်များတွင် ဒေါ်လာကိုဖြိုချလိုသည့် ဆန္ဒများရှိခဲ့ကြပါသည်။ သို့ပေမယ့် ရလာဒ်ထွက်အောင် မစွမ်းနိုင်ခဲ့ကြပါ။ ယခုအချိန်တွင်လည်း ဒေါ်လာကို နိုင်ငံတကာကုန်သွယ်မှု၏ ၈၄.၃ ရာခိုင်နှုန်း သုံးစွဲနေကြဆဲဖြစ်သည်။ တရုတ်ယွမ်ကို သုံးစွဲမှု ၄.၅ ရာခိုင်နှုန်းသာရှိသေးသည်။ ယခုလည်း ရုရှားနိုင်ငံက ဒေါ်လာဆန့်ကျင်ရေးအယူအဆများကို ထုတ်ဖော်ပေးနေသည်။ သို့သော်လည်း ရုရှားနိုင်ငံ၏အယူအဆကို အခြားသော BRICS အဖွဲ့ဝင်နိုင်ငံများက ဘယ်လောက်အတိုင်းအတာအထိ လက်ခံကြသည်ကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မည်သို့ပင်ဆိုစေ စီးပွားရေးပညာရှင်တစ်ချို့ကတော့ BRICS မှ ထုတ်လုပ်သည့် ငွေကြေးမှာ အောင်မြင်ရန်အလားအလာရှိသည်ဟု ဆိုသည်။ ကနဦးအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဒေါ်လာဖြင့်စုဆောင်းထားသည့် နိုင်ငံခြားအရံငွေကို အမှန်တယ်လျော့ချနိုင်ကြမည်လားဆိုသည့် ကိစ္စက မရှင်းလေးပါ။ ယခင်က တင်ပြခဲ့သည့် ဒီဂျစ်တယ်ယွမ် အစီအစဉ်ထက်တော့ ယခု BRICS ငွေကြေးဆိုသည်က ဒေါ်လာကို ကိုင်လှုပ်နိုင်မည့်၊ ဖြုတ်ချနိုင်မည့် အလားအလာရှိနေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။
ရုရှားနှင့်တရုတ် နှစ်နိုင်ငံချင်း သဘောတူ၍ ယွမ်ငွေကြေးဖြင့် ကုန်သွယ်နေသည် ဆိုပါစို့။ ရုရှားအနေဖြင့် ၎င်း၏ သွင်းကုန်အားလုံးကို တရုတ်တစ်နိုင်ငံတည်းကို မှီခိုနေနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ရုရှားအနေဖြင့် အခြားသော ဒေါ်လာနှင့်ဝယ်ယူရမည့် (သို့) ဒေါ်လာကို အသုံးပြုဆဲရှိသေးသည့် နိုင်ငံများက ကုန်ပစ္စည်းဝယ်ယူတင်သွင်းမှုများကိုဆောင်ရွက်ရန် ဒေါ်လာကို ပစ်ပယ်၍မရနိုင်သေးပါ။
သို့သော်လည်း တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးက ယွမ်နေရာတွင် BRICS မှသတ်မှတ်မည့် ငွေကြေးကိုသာ အစားထိုးသုံးစွဲကြမည်ဆိုပါက ရုရှားအနေဖြင့် ဒေါ်လာလိုအပ်ချက်မရှိတော့ပါ။ BRICS အဖွဲ့ဝင်အချင်းချင်းနှင့် အခြားသော နိုင်ငံများအကြားတွင် BRICS ငွေကြေးဖြင့်ကုန်သွယ်နိုင်လာမည်ဖြစ်သည်။ ဒီလိုအမှန်တကယ်ဖြစ်လာမည်လားဟုမေးလျှင် YES ဟုသာ ဖြေရပါလိမ့်မည်။
၂၀၂၂ ခုနှစ်တွင် BRICS နိုင်ငံများ၏ ကုန်သွယ်ရေးပိုငွေ ၃၈၇ ဘီလီယံဒေါ်လာရှိခဲ့သည်။ တရုတ်နိုင်ငံက အများဆုံးဖြစ်ပါသည်။ ယခင်ကနှင့် မတူသည်မှာ BRICS နိုင်ငံများအနေဖြင့် အခြားငွေကြေးအသုံးပြုသော နိုင်ငံများနှင့် ကုန်သွယ်မှုလျော့ချနိုင်ရန်အတွက် ၎င်းတို့နိုင်ငံအချင်းချင်းကြား လုံလောက်သည့် ကုန်သွယ်မှုကဏ္ဍတစ်ရပ်တည်ဆောက်ရန် အသင့်အနေအထားရှိနေပြီဖြစ်သည်။ ထို့ပြင် BRICS နိုင်ငံများသည် နယ်နမိတ်ချင်းထိစပ်ပြီး ဒေသတစ်ခုအတွင်း တည်ရှိနေသည်မဟုတ်ပါ။ ဒေသအလိုက်တည်ရှိနေကြခြင်းကြောင့် အခြားငွေကြေးသုံးစွဲသည့် နိုင်ငံများထက် ကျယ့်ပြန့်သည့် ကုန်ပစ္စည်းလိုအပ်ချက်များကို ထုတ်လုပ်နိုင်စွမ်းရှိနေပါသည်။ ထိုပထဝီတည်နေရာ ကွဲပြားနေခြင်းကပင် ဒေသတစ်ခုအတွင်း စုစည်းတည်ရှိနေသည့် ဥရောပ နိုင်ငံများ၏ ငွေကြေးကို သုံးစွဲရန် ရှောင်ရှားနိုင်သည့် အားသာချက်ဖြစ်နေသည်။ EU သည် ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်ရေး၌ ၄၇၆ ဘီလီယမ်ဒေါ်လာ လိုငွေပြနေခဲ့သည်။
ထို့ပြင် BRICS နိုင်ငံများအနေဖြင့် ၎င်းတို့အချင်းချင်း ကုန်သွယ်မှုတွင်လည်း ပိတ်မိနေသည်လည်း မဟုတ်ပေ။ အကြောင်းမှာ BRICS နိုင်ငံများအနေဖြင့် ၎င်းတို့တည်ရှိနေသည့် ဒေသအလိုက် ခိုင်မာသည့် စီးပွားရေးကို တည်ဆောက်ထားနိုင်သည်။ ထို့ကြောင့် အခြားဒေသတွင်းနိုင်ငံများအနေဖြင့် BRICS ငွေကြေးဖြင့် ကုန်သွယ်ကြရန် ဆန္ဒရှိလာကြမည်သာဖြစ်သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံအနေဖြင့် တရုတ်နှင့် ကုန်သွယ်ရာတွင် BRICS ငွေကြေးကိုသုံးစွဲလာမည်ဆိုပါက အခြား BRICS အဖွဲ့ဝင်ဖြစ်သည့် ဘရာဇီးနိုင်ငံက ထိုင်းတင်ပို့သူများထံမှ ပုဇွန်ဝယ်ယူပြီး ဈေးကွက်အာမခံချက် ပိုမို သေချာစေမည်သာဖြစ်သည်။ BRICS ငွေကြေးသုံးစွဲသည့် နိုင်ငံများအချင်းချင်း ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်ပြုလုပ်ပြီး ကုန်သွယ်ရေးကန့်သတ်ချက်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အခြားနိုင်ငံများနှင့်လည်း အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အမေရိကန်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို ပိတ်ဆို့လိုက်မည်ဆိုပါက ၎င်းအနေဖြင့် တရုတ်၏ကုန်ပစ္စည်းများကို ဗီယက်နမ်ကဲ့သို့ အခြားနိုင်ငံများမှတစ်ဆင့် ပြန်လည်ဝယ်ယူ တင်သွင်း နေရမည်သာဖြစ်သည်။

အမေရိကန်နှင့် ဥရောပအနေဖြင့် ရုရှားနိုင်ငံအား စီးပွားရေးအရ အထီးကျန်စေရန် ဆောင်ရွက်နေခြင်းကြောင့် ရုရှားနိုင်ငံကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများက အခြား BRICS နိုင်ငံများကို တပ်လှန့်သံပေးနေသည်။ လက်တွေ့တွင် အမေရိကန်နှင့် ဥရောပ ကုန်ပစ္စည်းများက ရုရှားနိုင်ငံသို့ စီးဝင်နေသည်သာဖြစ်သော်လည်း ရုရှားအနေဖြင့် သာမာန်ထက် ကုန်ကျစရိတ်တော့ မြင့်တက်လာသည်သာဖြစ်ပါသည်။ အကယ်၍ BRICS နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံကြုံတွေ့နေရသည့် အခက်အခဲများကို သင်ခန်းစာယူမည်ဆိုပါက ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချရန်အတွက် အမှန်တကယ် ဆန္ဒရှိလာပြီး ၎င်းတို့ရည်ရွယ်ချက်အောင်မြင်ရန် စွန့်စားကြည့်ကြမည်ဖြစ်သည်။
BRICS နိုင်ငံများ၏ ဒေါ်လာအရံငွေကို အစားထိုးရန်အတွက် ၎င်းနိုင်ငံများအနေဖြင့် ကုန်သွယ်ရေးနှင့်မပတ်သက်သည့် BRICS ငွေကြေး အသားတင်ပိုင်ဆိုင်ထားမှုကတော့ ရှိရမည်ဖြစ်သည်။ BRICS နိုင်ငံများက ထိုလိုအပ်ချက်ကို ရအောင် ဖြည့်ဆည်းမည်သာဖြစ်ပါသည်။ BRICS အနေဖြင့် ကုန်သွယ်မှုပိုငွေပြနေသည့်အတွက် အခြားနိုင်ငံများ ၎င်း၏ငွေကြေးကို သုံးစွဲလာရန်အတွက် အများကြီး အားစိုက်စရာမလိုအပ်ပါ။ BRICS အစိုးရများက အပျော့အမာ နည်းလမ်းနှစ်သွယ်ကို အချိုးညီညီသုံးလိုက်လျှင် BRICS ငွေကြေးသုံးစွဲသည့် ရပ်ဝန်းတစ်ခုကဖြစ်ပေါ်လာပြီး ထိုဈေးကွက် တည်ငြိမ်နေရန်အတွက်လည်း ထိန်းကျောင်းနိုင်မည်ဖြစ်သည်။
ထို့ပြင် BRICS ငွေကြေးက အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် အလားအလာများလည်းရှိနေသည်။ ရွှေကို ပိုင်ဆိုင်မှုတစ်ခုအနေဖြင့် စုဆောင်းထားရန်ကိစ္စမှာ စွန့်စားမှုယူရခြင်းမရှိသော်လည်း အတိုးမရပေ။ သို့သော်လည်း BRICS အနေဖြင့် ၎င်းတို့၏ ငွေကြေးအသစ်ကို ရွှေအပြင် အခြားသော မြေရှားသတ္ထုများဖြင့် အာမခံပေးထားရန် အစီအစဉ်ရှိသည့်အတွက် ပိုင်ဆိုင်မှုများကြောင့် ရရှိလာမည့် အတိုးကလည်း ရွှေတိုးရသကဲ့သို့ ဖြစ်လာပေမည်။ ဒါက သိပ်ကိုထူးခြားသည့်အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ငွေကြေးကိုသုံးစွဲလျှင် ငွေပိုင်ဆိုင်မှုနှင့် ရွှေပိုင်ဆိုင်မှုနှစ်ခုစလုံး ရရှိစေမည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်နေပေသည်။
ထိုသို့ ရွှေတိုးပါရနိုင်သည့် အစီအစဉ်က BRICS ငွေကြေးကို သုံးစွဲသည့်နိုင်ငံများကို စွန့်စားမှုကို အတော်လေးလျော့နည်းစေသည်။ BRICS အဖွဲ့ဝင်နိုင်ငံများတွင် ရှိလာနိုင်သည့် အကြွေးကိစ္စများသည်ပင် ပြဿနာပေးနိုင်သည့် အခြေအနေမရှိတော့ပါ။ BRICS ငွေကြေးဖြင့် အကြွေးပေးထားရသည့် နိုင်ငံအနေဖြင့် အကြွေးကာလကြာရှည်မှုကို လျော့ချနိုင်ခြင်းကြောင့် စွန့်စားမှုနည်းသွားရခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် တောင်အမေရိက အစိုးရက ရင်းနှီးမြှုပ်နှံသူများကို ယခုလမှစ၍ ငွေ ၃၀ ကို အကြွေးပြန်ဆပ်မည်ဆိုပါစို့။ ငွေကြေး၏ ခိုင်မာမှုနှင့် ရွှေပေါင်ရှိမှုကြောင့် ပြန်ဆပ်သည့်ကာလက နှစ်ပေါက်မည်မဟုတ်ဘဲ ရက်ပိုင်း လပိုင်းအတွင်းပင် အကြေဆပ်နိုင်မည်ကို ယုံကြည်နိုင်မည်ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် BRICS ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ဈေးကွက်တွင် ဈေးမြှင့်တင်မည်ဆိုပါကလည်း အလုပ်ဖြစ်နိုင်ပါသည်။ ထိုဈေးကွက်ခိုင်မာမှုက ရင်းနှီးမြှုပ်နှံသူများ၏ စွန့်စားမှုယူရခြင်းကို လျော့ပါးသွားစေခြင်းဖြစ်ပါသည်။ ထို့ကြောင့် BRICS နိုင်ငံများ၏ ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးတစ်ခု ဖန်တီးရန် ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြမည်သာဖြစ်ပါသည်။
BRICS ငွေကြေးသုံးစွဲမှုတွင် အခက်အခဲတစ်ချို့တော့ရှိနိုင်ပါသည်။ ပထမဦးစွာ ၎င်းငွေကြေးကို ပြည်တွင်းထက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများတွင် သုံးစွဲမည်ဖြစ်သောကြောင့်၊ BRICS နိုင်ငံများ၏ ဗဟိုဘဏ်လုပ်ငန်းဆောင်တာများ ရှုပ်ထွေးလာပါမည်။ တစ်နိုင်ငံထက်ပိုသည့် နိုင်ငံများအတွက် အလုပ်လုပ်ရသည့် ဥရောပ ဗဟိုဘဏ်ကဲ့သို့သော ဘဏ်ကြီးတစ်ခု တည်ဆောက်၍ BRICS ငွေကြေးကို စီမံခန့်ခွဲရပေမည်။ သို့သော်လည်း ဒီအခက်အခဲတွေက ကျော်လွှားလို့ မရသည့် အခက်အခဲတွေတော့ မဟုတ်ပါ။
BRICS နိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးတွင်လည်း အခက်အခဲများရှိနိုင်ပါသည်။ သို့သော်လည်း BRICS ငွေကြေးက အကျိုးစီးပွားတူညီရာ အုပ်စုအလိုက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ကူညီပေးသွားပါလိမ့်မည်။ ဥပမာအားဖြင့် BRICS နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် အချင်းချင်း ကတောက်ကဆဖြစ်သည့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများရှိကြပါသည်။ သို့သော်လည်း ဒီနှစ်နိုင်ငံက ဒေါ်လာလွှမ်းမိုးမှုလျော့ချလိုသည့်နေရာတွင် အကျိုးစီးပွားတူညီနေကြသည်။ ၎င်းနှစ်နိုင်ငံအနေဖြင့် ပြိုင်ဆိုင်လျက်ပင် တူညီရာအကျိုးစီးပွားများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
သို့သော်လည်း BRICS ငွေကြေးအနေဖြင့် ဒေါ်လာကို လုံးဝအစားထိုးနိုင်မည်မဟုတ်ဘဲ ဒေါ်လာသုံးစွဲသည့် နိုင်ငံများ လျော့နည်းသွားရန်သာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ ဒေါ်လာ၏ လွှမ်းမိုးမှုကို ပယ်ဖျက်နိုင်သည်ထားဦး ကမ္ဘာ့နိုင်ငံများက ဒေါ်လာကို ဆက်လက်သုံးစွဲနေဦးမည်သာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာကြီး၏ ငွေကြေးမူဘောင်က ဧကမဏ္ဍိုင် (Unipolar) မှ ဗဟုမဏ္ဍိုင်(Multipolar) ပိုဆန်လာပါလိမ့်မည်။
အမေရိကန်တွေကတော့ ဒေါ်လာ၏ ကမ္ဘာ့နံပါတ် ၁ နေရာမှ လျော့ကျလာမည့်အခြေအနေကို စိတ်မကောင်းဖြစ်ကြပါလိမ့်မည်။ သို့သော်လည်း အထူးစိုးရိမ်စရာတော့မလိုလှချေ။ ဒေါ်လာက ကမ္ဘာ့နံပါတ် ၁ ဖြစ်နေခြင်းကပင် အမေရိကန်အတွက် အသွားနှစ်ဖက်ပါသည့်ဓား (သို့မဟုတ်) ကောင်းခြင်း ဆိုးခြင်းများ ဒွန်တွဲနေသည်သာဖြစ်ပါတယ်။ အမေရိကန်အနေဖြင့် ဒေါ်လာကြောင့် နိုင်ငံခြားရေးမူဝါဒတွင် အရေးယူပိတ်ဆို့ခြင်းများကို လက်နက်တစ်ခုအနေဖြင့် သုံးနိုင်သကဲ့သို့ ဒေါ်လာကြောင့်ပင် အမေရိကန်ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဈေးမြင့်တက်ရပြီး ပြည်ပပို့ကုန်များ လျော့ကျပြီး အလုပ်အကိုင်အတွက် ကုန်ကျစရိတ်များ မြင့်တက်ရခြင်း ဖြစ်ပါသည်။ ဒေါ်လာကြောင့် ပြည်တွင်းရေးအတွက် အားနည်းချက်များရှိသကဲ့သို့ ပြည်ပရန်သူများကို ရင်ဆိုင်ရန်အတွက် အားသာချက်ရှိပါသည်။
ဒေါ်လာကြောင့် ပြည်တွင်းရှိ ပြည်ပပို့ကုန် ယှဉ်ပြိုင်မှုနှင့် အလုပ်အကိုင်များ ဆုံးရှုံးရကြောင်းကို နားလည်သည့် Jared Bernstein လို ပညာရှင်များ အိမ်ဖြူတော်တွင် စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဦးဆောင်နေပါသည်။ ဒီလို ကန့်သတ်ချက်များကပင် စီးပွားရေးကျုံ့ဝင်နေသည့် အမေရိကန်အတွက် အချိန်ကြာလာသည်နှင့်အမျှ ဝန်ထုပ်ဝန်ပိုးဖြစ်လာရခြင်း ဖြစ်ပါသည်။ ဒေါ်လာ၏ အားသာချက်များထဲက အထူးအားသာချက်ကတော့ အမေရိကန်၏ လုံခြုံရေးအကျိုးစီးပွားကို မြှင့်တင်နိုင်ခြင်း ဖြစ်ပါသည်။ ယခု ၂၁ ရာစုတွင်လည်း တရုတ်နှင့် ရုရှားတို့က အမေရိကန်၏လုံခြုံရေး အကျိုးစီးပွားကို ခြိမ်းခြောက်လာသည်ဟု သတ်မှတ်ထားပါသည်။ ထိုသို့ဆိုလျှင် အမေရိကန်နိုင်ငံ၏ ရုရှားနိုင်ငံကို ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများသည် တဖြည်းဖြည်းနှင့် ထိရောက်မှုမရှိဖြစ်လာပါလိမ့်မည်။
အကယ်၍ BRICS အဖွဲ့ဝင်နိုင်ငံများ၏ အရံငွေကြေးကို ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးတစ်ရပ်ဖြင့် အမှန်တကယ်သာ တီထွင်အစားထိုးလာမည်ဆိုပါက သမရိုးကျမဟုတ်သည့် တုံ့ပြန်မှု အမျိုးမျိုးနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ထောက်ခံသူများထဲတွင် BRICS နိုင်ငံများအပါအဝင် အမေရိကန်လွှတ်တော်မှ ရီပါဘလစ်ကန်များနှင့် သမ္မတ ဂျိုးဘိုင်ဒန်၏ စီးပွားရေးအကြံပေးများအထိ ပါဝင်လာနိုင်ပါသည်။ လှောင်ပြောင်ကန့်ကွက်သူများက သမ္မတဟောင်း ထရန့်နှင့် အမေရိကန်အမျိုးသားလုံခြုံရေး အဝန်းအဝိုင်းများဖြစ်လာပါလိမ့်မည်။ ဒေါ်လာဘုရင်နန်းကျခြင်းက နေ့ချင်းညချင်း ဖြစ်ပေါ်လာမည်ဟုတ်သော်လည်း BRICS ၏ ငွေကြေးက ၎င်း၏ဩဇာကို တစ်ဖြည်းဖြည်း တိုက်စားသွားလိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(ဆောင်းပါးရှင် Joseph W. Sullivan သည် ယခု Lindsey Group ၏ စီနီယာအကြံပေးဖြစ်သလို ယခင် ထရန့်အစိုးရလက်ထက်က အိမ်ဖြူတော်စီးပွားရေးအကြံပေးကောင်စီကို အစီရင်ခံရသည် အထူးအကြံပေးတစ်းဦးလည်း ဖြစ်ပါသည်။)

Myanmar Aspect
9050123

Friday, April 28, 2023

Great Power အားပြိုင်မှုတွင် အသာစီးရရန်ကြိုးပမ်းနေသည့် တရုတ်၏ မဟာဗျူဟာမြောက် နည်းပညာကဏ္ဍကြီး (၃) ရပ်

 



    တရုတ်ဟာ နည်းပညာအရာမှာ အမေရိကန်ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နည်းပညာနယ်ပယ်ကြီးသုံးရပ်ကို မဟာဗျူဟာမြောက် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဒီနည်းပညာ နယ်ပယ်ကြီး သုံးရပ်ကတော့ အာကာသဆိုင်ရာနည်းပညာနယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာနယ်ပယ် နဲ့ ကွမ်တမ်ဆက်သွယ်ရေး နည်းပညာနယ်ပယ်တို့ ဖြစ်ပါသတဲ့၊ ဒီနည်းပညာနယ်ပယ်သုံးခုမှာ တရုတ်က ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ။
    တရုတ်ဟာ မကြာသေးမီကပဲ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး သိပ္ပံနဲ့နည်းပညာဆိုင်ရာဗဟိုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ အာဏာစက်ပြင်းလှတဲ့ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာကတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ကွန်မြူနစ်ပါတီကနေ တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ဖို့ ပါပဲ။ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အားပေးထောက်ခံမှုနဲ့ လုပ်ဆောင်လိုက်တဲ့ ဒီလုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ အမေရိကန်နဲ့ ပြိုင်ဆိုင်နေရတဲ့ နည်းပညာဆိုင်ရာပြိုင်ပွဲကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးအဖွဲ့အစည်းက တိုက်ရိုက်ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်။
    ဒီအပြောင်းအလဲကို နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီညီလာခံရဲ့ နှစ်စဉ်အစည်းအဝေးတွေနဲ့ နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) တို့က ဒီအပြောင်းအလဲကို ဆောင်ကျဉ်းပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေကနေ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့၊ လိုအပ်တဲ့ ဘဏ္ဍာငွေသုံးစွဲပိုင်ခွင့်တွေပေးဖို့တွေ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်က ဒီအစည်းအဝေးတွေမှာ ပြောကြားခဲ့တာက တရုတ်နိုင်ငံရဲ့ အမျိုးသားမဟာဗျူဟာတွေကို မဟာဗျူဟာစွမ်းဆောင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကိုတက်လှမ်းနိုင်မယ်ဆိုတဲ့ ဩဝါဒစကားနဲ့ အခုလို အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
    တရုတ်နိုင်ငံဟာ ၂၀၄၉ ခုနှစ်ရောက်တဲ့အခါ အထက်မှာ တင်ပြခဲ့တဲ့ မဟာဗျူဟာနည်းပညာကြီးသုံးရပ်မှာ ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ရည်မှန်းထားတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီက ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ “တရုတ်နိုင်ငံ၏ ခေတ်သစ်အမျိုးသားကာကွယ်ရေး” စက္ကူဖြူစာတမ်းမှာ အင်အားကြီးနိုင်ငံအဖြစ်ရောက်ရှိရေးအတွက် အဓိကကျတဲ့ နည်းပညာရပ်တွေမှာပြိုင်ဆိုင်နိုင်ရေးကိစ္စကို အလေးပေးဖော်ပြခဲ့တဲ့အပြင် ဒီနည်းပညာရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အလွန်ကိုအရေးပါတဲ့အခြေခံအဆောက်အအုံများအဖြစ် ဖော်ပြခဲ့ပါတယ်။
    သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကလည်း သိပ္ပံနဲ့နည်းပညာတိုးတက်မှု (Comprehensive National Power – CNP) က တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိစေဖို့ အရေးကြီးတယ်ဆိုတဲ့ အမြင်သဘောထားမျိုး ရှိနှင့်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံမှာ အင်အားကောင်းဖို့ လိုတယ်ဆိုတာအထဲမှာ သိပ္ပံနဲ့နည်းပညာက ရှေ့တန်းက အရေးကြီးတယ်ဆိုတာ ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။ အထက်က ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် နည်းပညာကြီးတွေတစ်ခုချင်းဆီမှာ တရုတ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကြည့်ကြရအောင်ပါ။
အာကာသနည်းပညာ
    တရုတ်ရဲ့ အာကာသနည်းပညာနဲ့ပတ်သက်ရင် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက အစီအစဉ်တွေနဲ့တင် လုံလောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၃၆ ခုနှစ်မှာ လကမ္ဘာမှာ အမြဲတမ်းအခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ရေး၊ ၂၀၅၀ ပြည့်နှစ်မှာ ဂစ်ဂါဝပ်ပမာဏ ထုတ်လုပ်နိုင်မယ့် အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်ထုတ်စီမံကိန်း၊ ၂၀၃၃ နဲ့ ၂၀၄၉ ကြားမှာ အင်္ဂါဂြိုဟ်ကို လူအရောက်စေလွှတ်နိုင်ရေး နဲ့ ၂၀၂၅ ခုနှစ် ကြယ်ကြွေမှုများလေ့လာရေး (အာကာသအတွင်းလွင့်မျောအပိုင်းအစများ လေ့လာရေး) တို့ ဖြစ်ပါတယ်။
    အာကာသအတွင်း တရုတ်ရဲ့ စွမ်းဆောင်ရည်တွေ ကြည့်မယ်ဆိုရင် ဂြိုဟ်ပတ်လမ်းနိမ့် နိုင်ငံပိုင်အာကာသစခန်း Tiangong ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ မကြာခင်ကပဲ အဲသည် အာကာသစခန်းမှာ အောက်ဆီဂျင်ကို ရာနှုန်းပြည့် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စမ်းသပ်ပြီးဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။ ဒါ့အပြင် အာကာသစခန်းမှာ အသုံးပြုနေတဲ့ ရေ ရဲ့ ၉၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်လို့ အာကာသလွန်းပျံယာဉ်အနေနဲ့ တစ်နှစ်ကို ရေပမာဏ ခြောက်တန်လောက်သာ ပေးပို့ဖို လိုအပ်တော့မှာ ဖြစ်ပါတယ်။ ဒီလို နည်းပညာတိုးတက်မှုတွေဟာ လကမ္ဘာပေါ်မှာ တရုတ်တို့အနေနဲ့ အရင်းအမြစ်တွေ ဘယ်လိုဖန်တီးပြီး နေနိုင်မလဲဆိုတာအတွက် အများကြီး အထောက်အကူဖြစ်တဲ့အပြင် ၂၀၃၆ ခုနှစ် လကမ္ဘာခရီးစဉ်အပြီးမှာ လပေါ်က ဟီလီယမ်-၃ နဲ့ ရေခဲတွေ ဘယ်လိုတူးဖော်အသုံးပြုနိုင်မလဲဆိုတာအတွက်ပါ အရေးပါလှပါတယ်။
    တရုတ်ရဲ့ အာကာသဆိုင်ရာ နောက်ထပ်နည်းပညာတစ်ခုကို ပြောရမယ်ဆိုရင် ဂြိုဟ်တု ၃၅ လုံးနဲ့ အလုပ်လုပ်နေတဲ့ BeiDou တည်နေရာရှာဖွေရေးစနစ်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တု ၂၅၀ နီးပါး ရဲ့ ကင်းထောက်ရေးနဲ့ ပစ်မှတ်ရှာဖွေညွှန်ပြရေးစွမ်းဆောင်ရည်တွေနဲ့ အာကာသအတွင်းက ဂြိုဟ်တုတွေကို ပစ်ချဖျက်ဆီးနိုင်တဲ့ စွမ်းဆောင်ရည်တွေပါ ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အာကာသအစီအစဉ်များဆိုင်ရာ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားချက်အရ ‘ကမ္ဘာမြေကာကွယ်ရေး’ က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ မြေကမ္ဘာကာကွယ်ရေးမှာ အာကာသအတွင်း လွင့်မျောပျံသန်းနေတဲ့ ဲ့ ဥက္ကာခဲများ ပျံသန်းနေခြင်းကို ခြေရာခံပြီး လမ်းကြောင်းပြောင်းဖို့လည်း ပါဝင်ပါတယ်။ တရုတ်တို့ရဲ့ အစီအစဉ်တစ်ခုမှာဆိုရင် 2019VL5 လို့အမည်ပေးထားတဲ့ အချင်း ၁၀၈ ပေလောက်ကြီးပြီး နေကို ၃၆၅ ရက်မှာ တစ်ကြိမ် ပတ်နေတဲ့ ဥက္ကာခဲကြီးကို အာကာသယာဉ် နှစ်စင်းစေလွှတ်ပြီး တစ်စင်းက ဥက္ကာခဲ့ကြီးကို လေ့လာကာ တစ်စင်းက ဥက္ကာခဲကြီးကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းဖို့ စီစဉ်ထားပါတယ်။ တရုတ်ရဲ့ အာကာသယာဉ်က ဥက္ကာခဲကြီးကို ဝင်တိုက်လိုက်တဲ့အခါ ဥက္ကာခဲကြီးရဲ့ လမ်းကြောင်းဟာ တစ်လက်မ ကနေ နှစ်လက်မလောက်အထိ ပြောင်းသွားမှာဖြစ်ပြီး သုံးလအကြာမှာတော့ မိုင်ပေါင်း ၆၂၀ လောက် လမ်းကြောင်းပြောင်းသွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီနည်းပညာနဲ့ဆို အာကာသထဲက ဂြိုဟ်တုတွေကိုပါ လမ်းကြောင်းပြောင်းသွားအောင် လုပ်နိုင်စွမ်းရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။
    တရုတ်တို့အနေနဲ့ အာကာသထဲကို နက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ဖို့ Chogquing ဒေသမှာ ရေဒါ ၂၅ လုံးပါတဲ့ China Fuyan လို့ နာမည်ပေးထားတဲ့ လေ့လာရေးဌာကြီးတစ်ခု တည်ဆောက်ပြီး အကွာအဝေး ကီလိုမီတာ ဆယ်သန်းအကွာက ဥက္ကာခဲတွေကိုပါ လေ့လာဖို့လည်း ပြင်ဆင်နေပါတယ်။
ဉာဏ်ရည်တုနည်းပညာ
    တရုတ်နိုင်ငံ သတင်းနည်းပညာနဲ့ ဆက်သွယ်ရေးအကယ်ဒမီက ၂၀၂၁ ခုနှစ်မှာ “ယုံကြည်စိတ်ချရတဲ့ ဉာဏ်ရည်တုနည်းပညာ” အမည်ပေးထားတဲ့ စက္ကူဖြူစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး အထူးပြု ဖော်ပြခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာထဲမှာဆိုရင် လူမှုရေးဆိုင်ရာစနစ်တွေ၊ မျက်နာမှတ်မိတဲ့စနစ်တွေ၊ မောင်းသူမဲ့ယာဉ်တွေ၊ ကိုယ်ပိုင်အစီအစဉ်နဲ့ ပျံသန်းနိုင်တဲ့ မောင်းသူမဲ့ယာဉ်ပျံတွေ နဲ့ လေယာဉ်တွေ၊ ရုပ်လုံးကြွပုံနှိပ်နည်းပညာတွေအပြင် အာကာသထဲမှာဆိုရင် ဉာဏ်ရည်တုနည်းပညာနဲ့ ထောက်လှမ်းရေးနည်းပညာ ပေါင်းစပ်အသုံးပြုထားပြီး ရန်သူကို ခွဲခြားသိမြင်နိုင်စွမ်းရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲက စနစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်တို့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်က စီမံချက်တွေအတွက် အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလျံအသုံးပြုဖို့ ရည်မှန်းထားပြီး အဲသည်ပမာဏဟာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရှိပါသတဲ့။ ၂၀၂၆ ခုနှစ်ကို ရောက်ရင်တော့ သုံးစွဲမှုပမာဏကို ၂၆ ဘီလျံအထိ တိုးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။
ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်နည်းပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ စစ်မြေပြင်သုံးလက်နက်တွေအတွက် နည်းပညာတွေပိုမိုအစွမ်းထက်လာနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာနှစ်ရပ်ကတော့ အာကာသနည်းပညာနဲ့ ပင်လယ်ရေအောက်နည်းပညာတို့ပဲ ဖြစ်ပါတယ်။
    မကြာသေးခင်ကပဲ တရုတ်တို့ ကြေညာထားတာက သူတို့ဟာ အာကာသထဲ လွင့်မျောနေတဲ့ အပျက်အစီးအလေအလွင့်တွေနဲ့ မတိုးတိုက်မိအောင် ရှောင်နိုင်တိမ်းနိုင်တဲ့ ဂြိုဟ်တုနည်းပညာကို ရရှိထားပြီဆိုတာ ဖြစ်ပါတယ်။ အာကာသအတွင်း ဂြိုဟ်တုလမ်းကြောင်းများစီမံခန့်ခွဲရေးလို့ ဆိုနိုင်တဲ့ space traffic management ဆိုတာ အာကာသကို စီးမိုးကြည့်နိုင်လောက်တဲ့ အမြင်နဲ့ ကြည့်ရတာမျိုးလို့ ဆိုပါတယ်။
    နောက်ထပ်အာကာသဆိုင်ရာ ဉာဏ်ရည်တုနည်းပညာအသုံးချမှုတစ်ခုကတော့ အာကာသထဲမှာရှိတဲ့ တရုတ်ပိုင်လွှတ်တင်ထားမှုတွေကို တိုက်ခိုက်လာမှုကနေ ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတဲ့ နည်းပညာဆိုင်ရာ စီမံချက်တစ်ခု ဖြစ်ပါတယ်။ အဲသည်စနစ်ဟာ ဂြိုဟ်တုတွေ ကာကွယ်ရေးအပြင် အာကာသထဲမှာပဲ လောင်စာဆီပြန်လည်ဖြည့်တင်းပေးတာ၊ ပြင်ဆင်ပေးတာတွေကို လုပ်နိုင်မှာပါ။
    ၂၀၂၅ ခုနှစ်ကို ရောက်တဲ့အခါ Jilin-1 လို့ အမည်ပေးထားတဲ့ စီမံချက်ကို လုပ်ဆောင်တဲ့အခါ အမေရိကန်လက်ရှိပိုင်ဆိုင်ထားတဲ့ အာကာသအတွင်းဂြိုဟ်တုများ ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ကိုပါ အလှည့်အပြောင်းဖြစ်သွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အဲသည် စီမံချက်မှာ ဂြိုဟ်တု ၁၃၈ လုံး ပါဝင်ပြီး အလုံး ၇၀ လွှတ်တင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မဟာဗျူဟာအထောက်အကူပြုတပ်ဖွဲ့ (PLASSF) ရဲ့ အကူအညီနဲ့ ဒီဂြိုဟ်တုတွေဟာ ဉာဏ်ရည်တုနည်းပညာသုံးပြီး မြေပြင်ပေါ်က လှုပ်ရှားနေတဲ့အရာတွေကို တိတိကျကျ ခြေရာခံ ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
    ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး နောက်ထပ် ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာကတော့ ပင်လယ်ရေအောက်သွားလူမဲ့ရေငုပ်ယာဉ်များမှာ ရန်သူကိုထောက်လှမ်းပြီး အမျိုးအစားခွဲခြားသတ်မှတ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ရေအောက် ပေ ၃၀ အနက်မှာ မောင်းနှင်နေတဲ့ လူမဲ့ရေငုပ်သင်္ဘောများဟာ ပုံစံတူပြုလုပ်ထားတဲ့ ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်ခဲ့တာကို ထိုင်ဝမ်ရေလက်ကြားမှာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ထည့်သွင်းလေ့ကျင့်ခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ မြင့်တက်လာတဲ့ တင်းမာမှုများအကြား ဒီနည်းပညာကို မဟာဗျူဟာမြောက် အသုံးချလာနိုင်တာ တော်တော်ကိုအရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။
    တရုတ်တို့ ရည်မှန်းထားတဲ့ “Made in China 2025” နဲ့ တီထွင်ဆန်းသစ်ရေးမဟာဗျူဟာမှာ ဆိုရင်လည်း ဉာဏ်ရည်တုနည်းပညာက အဓိကဖြစ်လာပါတယ်။ တရုတ်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကမ္ဘာ့ဦးဆောင်နေရာကို ရရှိဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာတော့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်အတန်းမြင့် ပညာရပ်ဆိုင်ရာစာတမ်းများ (Peer reviewed papers) တွေကို တရုတ်နိုင်ငံက အများဆုံး ထုတ်ဝေနေပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေကို ရယူထားတယ်လို့ ဆိုပါတယ်။
ကွမ်တမ်ဆက်သွယ်ရေး နှင့် ကွန်ပြူတာနည်းပညာ
    ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနဲ့ ပတ်သက်ရင် တရုတ်တို့ဟာ ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Micius အမည်ရှိ ဂြိုဟ်တုကနေ ဖိုတွန်ရောင်ခြည်တန်းကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ထုတ်လွှင့်ပြခြင်းဖြင့် ကမ္ဘာ့ဦးဆောင်အဆင့်ရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်စောင်မှာဆိုရင်လည်း Micius ဂြိုဟ်တုကနေ ကွမ်တန်နည်းပညာသုံး စာတိုပေးပို့စနစ်ကို လုံခြုံစွာအသုံးပြုနိုင်တဲ့ နည်းလမ်းကို ဖော်ပြခဲ့ပြီး အဲသည်နည်းပညာဟာဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကြားဖြတ်ဖမ်းယူပုံဖျက်မရနိုင်တဲ့ ဆက်သွယ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်လာစေခဲ့ပါတယ်။ ဒီစာတမ်းကို ရေးသားခဲ့သူကတော့ တရုတ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ဒုတိယဥက္ကဌလည်းဖြစ်၊ တရုတ်နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) ရဲ့ အမျိုးသားကော်မတီဝင်လည်းဖြစ်တဲ့ Pan Jianwei ဖြစ်ပါတယ်။
    ဒီစာတမ်းထဲမှာ ကွမ်တမ်နည်းပညာသုံး ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်တဲ့အဆင့်အထိ အစီအစဉ်များကို ဖော်ပြထားပြီး မြေပြင်စခန်းတွေမှာ ကွမ်တမ်ကွန်ပြူတာနည်းပညာသုံး စကားဝှက်နည်းလမ်းကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒီနည်းပညာ နဲ့ပတ်သက်ပြီး အလယ်အလတ်ပတ်လမ်းမြင့် ဂြိုဟ်တုနည်းပညာ ဆက်လက်တိုးတက်ရေးအတွက် အမျိုးသားအာကာသသိပ္ပံစင်တာ နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပတ်လမ်းမြင့် နဲ့ ပတ်လမ်းနိမ့်ဂြိုဟ်တုတွေပေါင်းစပ်ကာ ကျယ်ပျံ့တဲ့ ကွမ်တမ်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကွမ်တမ်နည်းပညာဆိုင်ရာ ပထမဆုံးဂြိုဟ်တုကို ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး ဆယ့်ငါးနှစ်အကြာ ၂၀၃၈ ခုနှစ် ရောက်တဲ့အခါ ကွမ်တမ်ကွန်ပြူတာဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကို နားလည်သဘောပေါက်ဖို့ လုပ်ဆောင်နေပါတယ်။ ကွမ်တမ်ဆက်သွယ်ရေးနဲ့ကွန်ပြူတာနည်းပညာက တရုတ်တို့အတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ နည်းပညာအဖြစ် သတ်မှတ်ထားတာကြောင့် ဒီနည်းပညာကို ခြေခြေမြစ်မြစ် ပိုင်ဆိုင်သွားနိုင်ခြေကတော့ အလွန်ကို မြင့်မားပါတယ်။
    အာကာသနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာတို့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံအတွက် နည်းပညာဆိုင်ရာ ကြီးမားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်စေမှာဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း မဟာ‌ဗျူဟာနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ ၂၁ ရာစုနိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဦးဆောင်နိုင်ငံဖြစ်လာဖို့ နဲ့ ဖွံ့ဖြိုးရေးမောင်းနှင်အားကို ပိုမိုစွမ်းအားတက်စေဖို့အတွက် အထောက်အကူပြုမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀ ကြိမ်မြောက်ပါတီညီလာခံမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါဟာ အရင်က ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ရဲ့ အဂ္ဂမဟာဗျူဟာ အတွေးအခေါ်ကိုဆက်ခံထားတာဖြစ်ပြီး တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံဖြစ်စေဖို့နဲ့ ၂၀၂၀ ပြည့်လွန်နှစ်များမှာ အမေရိကန်နေရာကို အစားထိုးယူနိုင်ဖို့ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအချက်ဖြစ်တယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။
    လက်ရှိ အင်အားကြီးထွားလာတဲ့တရုတ်နဲ့ အင်အားကျဆင်းနေတဲ့ အမေရိကန်တို့ဟာ တစ်ယောက်ယောက် အပြတ်အသတ် အနိုင်ရစေမယ့် ပြိုင်ပွဲ မဟုတ်ဘူးဆိုရင်တောင် ဘယ်သူက ပိုသာမလဲဆိုတာကို ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ရေရှည်မှာ နိုင်ငံတကာအခင်းအကျင်းက ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် သက်ရောက်လာမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသ၊ ဉာဏ်ရည်တုနဲ့ ကွမ်တန်ဆက်သွယ်ရေးနည်းပညာတွေမှာ တိုးတက်လာမှုတွေဟာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးသူနေရာကို ရောက်လာမှာ ထင်ရှားစေတဲ့အချက်တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။

Myanmar Aspect
8042823

Thursday, April 27, 2023

အမေရိကန်အောက်လွှတ်တော်က တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုကို အားဖြည့်ရန် အထူးကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်ခြင်း နိဒါန်း

 


တရုတ်နိုင်ငံ၏ လက်ရှိနိုင်ငံရေးသည် ကမ္ဘာတွင် သိသိသာသာ ပြောင်းလဲ လာသည်ကို တွေ့ရှိရပြီး အမေရိကန်၊ အိန္ဒိယနိုင်ငံတို့အပါအဝင် ၎င်းနှင့် အားပြိုင်နေသည့်နိုင်ငံကြီးများက သတိထားနေရသည့် အခြေအနေတွင် ရှိနေပါသည်။ အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် မဟာဗျူဟာမြောက် နည်းလမ်းများ အသုံးပြုလျက်ရှိပြီး ကြိုတင်ကာကွယ်မှုများလည်း လုပ်ဆောင်လျက် ရှိပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံသည် ၎င်းနှင့် တရုတ်ကွန်မြူနစ်ပါတီများ အကြား မဟာဗျူဟာမြောက်အားပြိုင်မှုများနှင့်ပတ်သက်သည့် အဖြေရှာဆောင်ရွက်မှုများ ပြုလုပ်ရန် စုံစမ်းစစ်ဆေးရေးကော်မတီ (Select Committee) တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အဆိုပါကော်မတီတွင် အမေရိကန်နိုင်ငံအတွင်းမှ ပါတီကြီး ၂ ခုစလုံး ပါဝင်လျက် ရပါသည်။ ဆောင်းပါးတွင် အဆိုပါကော်မတီနှင့်ပတ်သက်၍ သက်ရောက်လာနိုင်မှုများကို သုံးသပ်ရေးသားထားပါသည်။
ဖော်ပြချက်
အမေရိကန်နိုင်ငံ၏ ပါတီကြီး ၂ ခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီနှင့် ရီပတ်ပလစ်ကန်ပါတီတို့သည် တရုတ်-အမေရိကန် မဟာဗျူဟာမြောက် အားပြိုင်မှုကို သိသိသာသာအလေးထားလာခဲ့ပါသည်။ ၎င်းပါတီဝင်များသည် အဆိုပါ အားပြိုင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီ(Select Committee) တစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး၎င်းကော်မတီဖွဲ့စည်းနိုင်ရေး အဆိုတင်သွင်းချက်များတွင် ဒီမိုကရက်တစ်ပါတီမှ ၁၄၆ မဲအပါအဝင် ထောက်ခံမဲ ၃၆၅ မဲရရှိခဲ့ပါသည်။ ကော်မတီဥက္ကဋ္ဌ ရီပတ်ပလစ်ကန်ပါတီကိုယ်စားလှယ် Mike Gallagher နှင့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Raja Krishnamoorthi တို့သည် အဆိုပါ ကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ခြင်းများ၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံ၏ ပါတီနိုင်ငံရေး အားပြိုင်မှုများကို အမြတ်ထုတ်မည့် တရုတ်နိုင်ငံ၏ မဟာဗျူဟာကို ထင်ဟပ်စေသော ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗြူရိုအဖွဲ့ဝင် Wang Huning ရေးသားသည့် America Against America စာအုပ်ထွက်ပေါ်ပြီးနောက် ပါတီကြီး ၂ ခု အတွင်း ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအရေးနှင့်ပတ်သက်၍ ယခင် 9/11 တိုက်ခိုက် ခံရမှုနှင့် ၁၉၅၀ ခုနှစ် စစ်အေးကာလအတွင်း ဖြစ်စဉ်များထက် ပိုမို၍ အလေးထား နေသည်ကို တွေ့ရပြီး၊ ယခုအထူးကော်မတီ၏ မူဝါဒသည် ယခင် စစ်အေး ကာလအမေရိကန်နိုင်ငံခြားရေးမူဝါဒသဘောတရားများ လွန်ကဲနေသည်ကိုတွေ့ရပါသည်။ ကော်မတီဥက္ကဋ္ဌ Gallagher က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ယုံကြည်မှု ကင်းမဲ့နေပြီး ၎င်း၏ ပြင်းထန်သည့်မူဝါဒများကို ခိုင်မာသည့် မူဝါဒများဖြင့် အနိုင်ယူ သွားမည်ဟု ပြောကြားထားပြီး စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးပွဲတစ်ခုတွင် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းနှင့်ပတ်သက်သော ဗီဒီယို တစ်ပုဒ်ကို ပြသခဲပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဦးဆောင် လွှမ်းမိုးမှုကို ရေရှည်နည်းလမ်းဖြင့် ခြိမ်းခြောက်မည့် ပြိုင်ဘက်ရန်သူအဖြစ် အမေရိကန် နိုင်ငံဘက်မှ ယူဆလျက်ရှပါသည်။ သို့သော် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများလည်း ရေးသားထားပါသည်။
အမေရိကန်နိုင်ငံ၏ မူဝါဒရည်မှန်းချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီအတွင်း အားပြိုင်မှုများ ရှိနေပြီး ကော်မတီအစည်းအဝေးပွဲတွင် ဒီမိုကရက်တစ်များဘက်က တရုတ်ကွန်မြူနစ်ပါတီ(China Communist Party-CCP)နှင့် တရုတ်ပြည်သူများအကြား ကွာဟမှုများကို သတိထား လုပ်ဆောင်လိုသည့် သဘော တွေ့ရှိရသည်။ တရုတ် နိုင်ငံကိုတန်ပြန်မည့် အမေရိကန်နိုင်ငံ၏ နည်းလမ်းများသည် တရုတ်ပြည်သူနှင့် အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားများအတွက် လူမျိုးရေးနှင့် လူမျိုးစု လက်နက်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်ကြသည်။ ၎င်းတို့က တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အတွက် ပြည်တွင်းရေးကိုသာ အလေးထား၍ ချဉ်းကပ်လုပ်ဆောင်လိုကြပါသည်။ ၎င်းကော်မတီ ဖွဲ့စည်းမှုကပင် မိမိအာဏာရရှိရန်သာ အလေးထားသည့် နိုင်ငံရေးသမားများက တရုတ်နိုင်ငံအရေးအား လိုအပ်သည်ထက်ပို၍ ၎င်းတို့မဲရရှိရေးအတွက် အသုံးချလာမည်ကိုစိုးရိမ်ရကြောင်း ရေးသားထားပါသည်။
ရီပတ်ပလစ်ကန်အုပ်စုအနေဖြင့်မူ တရုတ်နိုင်ငံအား မလိုလားသည့် ရှုထောင့်မှသာ ရှုမြင်ကြကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီနှင့် ပြည်သူခွဲခြားရှုမြင်ကြခြင်းမရှိကြပါ။ သို့သော်လည်း တရုတ်နိုင်ငံအကြောင်းကို လေ့လာမည်ဆိုပါက ကွန်မြူနစ်ဝါဒ မကြီးစိုးခင် ကာလကတည်းက ရှည်လျားသောသမိုင်းကြောင်းကို လေ့လာရန်လိုပြီး ကာလတို အမြင်ကိုကြည့်၍ မဆုံးဖြတ်သင့်ပေ။ ကော်မတီဖွဲ့စည်းမှုကပင် တရုတ်နိုင်ငံကို လေ့လာသည့် ပညာရှင်များ၏ အခန်းကဏ္ဍပင် မှေးမှိန်သွားစေနိုင်ပြီး ၎င်းကော်မတီ အနေဖြင့် တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်လာမည့် ပြိုင်ဘက်အနေဖြင့်သာ ပုံဖော်ရန်ကြိုးပမ်းနေသည်ကို တွေ့ရပါသည်။ ထိုယုံကြည်ချက်ကပင် အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုပင်ပျောက်ဆုံးစေနိုင်ကြောင်း ရေးသားထားပါသည်။
သို့ဖြစ်ပါ၍ အမေရိကန်နိုင်ငံ၏ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီသည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ယုံကြည်မှုကို ပိုမိုပျက်ပြားစေပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် ပိုမိုခက်ခဲသွားနိုင်ဖွယ်ရှိပါသည်။ အမေရိကန်နိုင်ငံတွင်တရုတ်နိုင်ငံ အင်အားကောင်းလာမှုနှင့်ပတ်သက်၍ အကောင်းမြင်သည့် ရှုထောင့်မှ ချဉ်းကပ်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများလည်းရှိနေပါသည်။ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာစင်တာမှ သုတေသနပညာရှင် Sun Chenghao က ၎င်းကော်မတီသည် တရုတ်နိုင်ငံအပေါ် သက်ရောက်မှုနည်းမည်ဖြစ်ပြီး ကပ်ရောဂါအလွန်ကာလ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အာရုံစိုက်သင့်သည်ဟု ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေး ဝန်ကြီး Janet Yellen က အကယ်၍ တရုတ်နိုင်ငံ၏ တိုးတက်လာမှုသည် နိုင်ငံတကာ ဥပဒေများကိုသာ လိုက်နာမည်ဆိုပါက အမေရိကန်နိုင်ငံအတွက်ပင်မက ကမ္ဘာကြီး အတွက်လည်း အကျိုးရှိလာမည်ဟု ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ Department of State (DOS) ၏ စီမံခန့်ခွဲရေးအရာရှိဟောင်း Jessica Chen Weiss ကလည်း အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် လူသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုများကိုသာ အမှန်တကယ်အလေးထားသည်ဆိုပါက တရုတ်နိုင်ငံကို အနိုင်ပိုင်းတိုက်ခိုက်ရန်မလိုအပ်ဟု ပြောကြားခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားချက်များအရ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ထိန်းချုပ်ရန်နှင့် တန်ပြန်ရန်ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မတီသည် အားနည်းချက် များစွာရှိပြီး တရုတ်နိုင်ငံအပေါ် ထင်သလောက် သက်ရောက်နိုင်မည်မဟုတ်ကြောင်း၊ ပဋိပက္ခများကို ပိုမိုတွန်းအားပေးသကဲ့သို့ဖြစ်နေကြောင်းနှင့် အကယ်၍ အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာ့လူသားများကောင်းကျိုးအတွက် အမှန်တကယ်ဆန္ဒရှိမည်ဆိုပါက တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို နှောင့်ယှက်ရန်၊ ဟန့်တားရန် မလိုအပ် ကြောင်းကို ဆောင်းပါးရှင်က သွယ်ဝိုက်၍ သုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။ ကော်မတီဖွဲ့စည်းလိုက်ခြင်းသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား အားပြိုင်မှု ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း သတင်းစကားပါးခြင်းပင်ဖြစ်ပြီး အမေရိကန်နှင့် တရုတ် နိုင်ငံတို့အကြား ဆက်ဆံရေးသည်လည်း ယခုထိပိုမိုတင်းမာလာနိုင်ဖွယ်ရှိသည်ဟုယူဆ မိပါသည်။
တရုတ်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်များ တိုးချဲ့ခြင်း၊ စစ်ဘက် ဆိုင်ရာ ဥပဒေများ ပြင်ဆင်သတ်မှတ်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားအနီးရှိ မြို့များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားရှိခြင်းများနှင့် National Defense Mobilization ရုံးများ ဖွဲ့စည်းထားရှိခြင်းများ လုပ်ဆောင်ကာ စစ်ပွဲဖြစ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် အမေရိကန်နိုင်ငံ၏ ပါတီကြီးနှစ်ခုနှင့် နိုင်ငံရေးခေါင်းဆောင်များ အကြား တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အယူအဆ ကွဲလွဲလျက်ရှိခြင်းက တရုတ်နိုင်ငံအတွက် အခွင့်အရေးတစ်ရပ်ဖြစ်နေပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာကြီး၏ ပြဿနာရပ်များကို ဦးဆောင် ဖြေရှင်းရေးထက် တရုတ်နိုင်ငံက ၎င်းအား ကျော်တက်မသွားစေရန်နှင့် ဖိနှိပ်ထားရန်သာ အာရုံစိုက်နေခြင်းသည်လည်း လက်တွေ့နိုင်ငံရေးဖြစ်နေပြီး နိုင်ငံတကာဆက်ဆံရေး သဘောတရားတစ်ခုဖြစ်သည့် Thucydides Trap မှ ရှောင်ရှားနိုင်ရန်မှာ အလားအလာ နည်းပါးလာသည်ကိုတွေ့ရကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
7042723

Wednesday, April 26, 2023

အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ မူဝါဒအသစ်နှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 

အနှစ်ချုပ်

အိန္ဒိယနိုင်ငံ၏ လုံခြုံရေးဆိုင်ရာဝန်ကြီးများအဖွဲ့ကော်မတီမှ အတည်ပြုခဲ့သည့် အာကာသမူဝါဒ ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များကို အာကာသ ကဏ္ဍ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မူဝါဒချမှတ်ပေးထားပြီး အဆိုပါမူဝါဒကြောင့်အိန္ဒိယနိုင်ငံ၏ အာကာသကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သုံသပ်ရေးသားထားခြင်းဖြစ်ပါသည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာ အိန္ဒိယဝန်ကြီးများအဖွဲ့ ကော်မတီသည် အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာမူဝါဒအား အတည်ပြုသတ်မှတ်ခဲ့ပြီးအဆိုပါမူဝါဒတွင် အိန္ဒိယနိုင်ငံ အာကာသနှင့်သုတေသနအဖွဲ့အစည်း(Indian Space Research Organization- ISRO)အပါအဝင် New Space India Limited (NSIl) ၊ အိန္ဒိယအမျိုးသားအာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ပိုင်ခွင့်စင်တာ Indian National Space Promotion and Authorization Center (IN-SPACe) နှင့် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို တိကျသေချာစွာ ဖော်ပြထားရှိပါသည်။ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကိုလည်း အာကာသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်ရေးတို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ISRO ၏ အာကာသအတွင်း စူးစမ်းလေ့လာရေး၊ အာကာသနည်းပညာနှင့် အခြား စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီနိုင်ရန် တာဝန်ပေးအပ်ထားရှိပါသည်။ အိန္ဒိယနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ကမ္ဘာမြေသိပ္ပံပညာဆိုင်ရာဝန်ကြီး Jitendra Singh က အိန္ဒိယနိုင်ငံ၏ အာကာသမူဝါဒအသစ်သည် မတူညီသည့် ကဏ္ဍအသီးသီးအတွက် လုပ်ငန်းတာဝန်များနှင့် အခန်းကဏ္ဍများကို ရှင်းလင်းတိကျစွာဖော်ပြထားရှိပြီး ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးများအနေဖြင့် အာကာသလုပ်ငန်းများဖြစ်သည့် အချက်အလက် စုဆောင်းမှုလုပ်ငန်းများအပြင် ဒုံးပစ်စင်များ၊ အာကာသဒုံးကျည်နှင့် ဂြိုဟ်တုတည်ဆောက်မှု ကဏ္ဍတွင် ပါဝင်လာနိုင်မည်ဟု ပြောကြားထားကြောင်း ရေးသား ထားရှိပါသည်။
အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ မူဝါဒအသစ်ကို ကြည့်ခြင်းအားဖြင့် ISRO ၏ အာကာသဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ပညာရပ်အသိုက်အဝန်း၊ သုတေသန အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းငယ်နှင့် စက်မှုလုပ်ငန်းများ အစရှိသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များစွာပါဝင်ထောက်ကူလာနိုင်မည်ဖြစ်ကြောင်း၊ Jitendra Singh ၏ ပြောကြားချက်အရ အာကာသဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ဆောင်မှု များကို NSIL မှ စီစဉ်ညွှန်ကြားမည်ဖြစ်ပြီး အာကာသလုပ်ငန်းအစီအစဉ်များအတွက် Demand-driven ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် IN-SPACe တွင် ပြည်သူ့ရေးရာကဏ္ဍ(Public Sector)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ISRO ဥက္ကဋ္ဌ Dr.S.Somnath သည် ISRO နှင့် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီကြီးများအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယ နိုင်ငံ၏ အာကာသအခန်းကဏ္ဍများတွင် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးများ ပါဝင် လာနိုင်မှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းမူဝါဒအသစ်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်လာမှုကို အလေးထားရေးဆွဲထားခြင်းဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအနေဖြင့် ISRO ၏ အာကာသဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုလည်း သက်သာသည့်နှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အာကာသကဏ္ဍရပ်နှင့်ပတ်သက်၍ လက်တွေ့ထုတ်လုပ်ရေး လုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍကို ဦးဆောင်စေမည်ဖြစ်ပြီး ISRO အနေဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ စနစ်အသစ်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်မှုများကိုသာ အာရုံစိုက်၍လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့နောက် အိန္ဒိယနိုင်ငံအာကာသအဖွဲ့အစည်း(Indian Space Association)၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် AK Bhatt က မူဝါဒအသစ် ချမှတ်မှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသနေရာတစ်ခု ဖန်တီးနိုင်တော့မည်ဟု ပြောကြား ခဲ့ပါသည်။ ၎င်းမူဝါဒသည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို ထိန်းညှိပေးနိုင်မည် ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်ပြင်ဆင်ခဲ့ရခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စတွင် ကတိကဝတ် ထားရှိသော်လည်း ကမ္ဘာ့အပြင်ဘက် အာကာသကို ငြိမ်းချမ်းစွာအသုံးပြုနိုင်မည့်အစီအစဉ်ကို လက်မလျှော့ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် အာကာသမူဝါဒဆိုင်ရာ မူဝါဒအသစ်တွင် နောင် ၂၅ နှစ်အတွင်း ဆောင်ရွက်မည့် ရေတို/ရေရှည်စီမံကိန်းများ ပါဝင်ပြီး တိကျသောရည်မှန်းချက်နှင့် တာဝန်ဝတ္တရားခွဲဝေအပ်နှင်းမှုများပါဝင်သည့် ပြည့်စုံသောမူဝါဒဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် အာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့လွှမ်းမိုး နိုင်မည့် အာကာသနယ်မြေတစ်ခုတည်ဆောက်နိုင်ရန်ကြိုးပမ်းနေသည့် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းလုပ်ဆောင်နေမှုများနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ခွဲဝေပေးထားသည့် အာကာသဆိုင်ရာ မူဝါဒအသစ်အကြောင်း၊ ဂြိုဟ်တုထုတ်လုပ်ရေးကို အစိုးရအေဂျင်စီများနှင့် ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီများအကြား ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိပြီး ဂြိုဟ်တုလွှတ်တင်မှုများကိုမူ အိန္ဒိယနိုင်ငံ အာကာသနှင့် သုတေသနအဖွဲ့အစည်း(Indian Space Research Organization- ISRO)၏ အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်းကို ထုတ်ဖော်ရေးသားထားခြင်း ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံအတွင်းအဓိက အသုံးပြုလျက်ရှိသော ဂြိုဟ်တုလွှတ်တင်သည့်စင် ၂ ခုမှာ Polar Satellite Launch Vehicle (PSLV) and Geosynchronous Satellite Launch Vehicle (GSLV) တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းတွင် PSLV မှ ဂြိုဟ်တု ၅၅ လုံးနှင့် GSLV မှ ဂြိုဟ်တု ၅၂ လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဗြိတိန်နိုင်ငံအခြေစိုက် ဂြိုဟ်တုကုမ္ပဏီ One Web အတွက် ၎င်း၏ ဒုံးပျံယာဉ်နှင့်အတူ အင်တာနက်ဂြိုဟ်တု ၃၆ လုံးကို ဂြိုဟ်တုပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံသည် ဂြိုဟ်တု လွှတ်စင်ကို အသုံးပြု၍ နိုင်ငံပေါင်း ၃၄ နိုင်ငံမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးသွားမည့် စရိတ်သက်သာသော ဂြိုဟ်တုများအပါအဝင် ဂြိုဟ်တု ၃၈၁ လုံးကို လွှတ်တင်နိုင်ခဲ့ပြီး ၎င်းမှ အမေရိကန်ဒေါ်လာ ၂၇၉ သန်းအထိ ဝင်ငွေရရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ အာကာသစီးပွားရေး၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ၁၀ ရာခိုင်နှုန်းကျော်အထိ မြှင့်တင်နိုင်ရန် မျှော်လင့်ထားရှိကြောင်း တွေ့ရှိရပါသည်။
အိန္ဒိယနိုင်ငံသည် အာကာသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံကို အသုံးပြုနိုင်ရန်လျာထားကြောင်း Invest India Website တွင် ဖော်ပြ ထားရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံသည် လက်ရှိတွင် သေးငယ်သောဂြိုဟ်တု များကို လွှတ်တင်ရာတွင် အတွေ့အကြုံရှိပြီး ဂြိုဟ်တုလွှတ်တင်ရေး အထောက်အပံ့ ပစ္စည်းအဆောက်အအုံနေရာအဖြစ် ရပ်တည်လျက်ရှိကာ အဆိုပါစျေးကွက်ကို ဆက်လက် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ဧပြီလ ၆ ရက်က အတည်ပြုခဲ့သော အိန္ဒိယနိုင်ငံ၏ အာကာသမူဝါဒသည် အာကာသ ကဏ္ဍအတွင်း ပုဂ္ဂလိက ကဏ္ဍပါဝင်လာမှုကို အလေးထားသည့် မူဝါဒတစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ “Civil-Military Fusion Strategy”ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ယူဆရပြီး ၎င်းတို့၏ အာကာသ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
6042623

Monday, April 24, 2023

မြန်မာနိုင်ငံ၏ အထီးကျန်ဆန်လာမှုကြောင့် မဟာဗျူဟာမြောက် အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံ

 


နိဒါန်း

Brahma Chellaney သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မူဝါဒသုတေသနစင်တာမှ မဟာဗျူဟာလေ့လာမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်ပြီး အိန္ဒိယနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အကြံပေးဟောင်းလည်း ဖြစ်ပါသည်။ "Water: Asia's New Battleground" အပါအဝင် စာအုပ်ပေါင်း ၉ အုပ် ရေးသားထုတ်ဝေထားသူဖြစ်ပါသည်။ ၎င်းက မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းတွင် တရုတ်စစ်စခန်းများ တည်ဆောက်နေမှု၊ အဆိုပါတည်ဆောက်မှုသည် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ရသည့် အခြေအနေတစ်ခု ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံဦးဆောင်သည့် အရေးယူပိတ်ဆို့မှု များသည် တရုတ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း သုံးသပ်ရေးသားထားသည်။
ဖော်ပြချက်များ
တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal)နှင့် မြန်မာအခေါ် ကပ္ပလီပင်လယ်(Andaman Sea)အကြားရှိ မြန်မာနိုင်ငံပိုင်နက် ကိုကိုးကျွန်း (CoCo Island)တွင် စစ်ဘက်ဆိုင်ရာ ကင်းထောက်စခန်းတစ်ခု(Listening Post) တည်ဆောက်လျက်ရှိသည်ဟု ဆိုပါသည်။ အဆိုပါ ကိုကိုးကျွန်းသည်သည် အက်ဒမန်(ကပ္ပလီ) ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အကြားရှိ အက်ဒမန်နှင့် နီကိုဘားကျွန်းစုတို့၏ မြောက်ဘက်တွင် တည်ရှိနေပါသည်။ အဆိုပါကျွန်းစုများတွင် အိန္ဒိယနိုင်ငံပိုင် ရေတပ်နှင့် လေတပ်ဆိုင်ရာ ထောက်ပံ့ရေးအဆောက်အအုံများ တည်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံ၏ ဧရာတီဝတီမြစ်ဝ၏ အနောက်တောင်ဘက် ၂၁၀ ကီလိုမီတာအကွာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံ၏ အဆိုပါစခန်းသည် အိန္ဒိယနိုင်ငံအပေါ် ပင်လယ်ရေကြောင်းဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်းနှင့် အချက်အလက် စုံစမ်းစစ်ဆေးခြင်း ပြုလုပ် ရာတွင် အသုံးပြုလာနိုင်ဖွယ်ရှိပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုကြောင့်စစ်အုပ်ချုပ်ရေးဖြစ်နေသည့် မြန်မာနိုင်ငံအား တရုတ်နိုင်ငံ၏ မဟာဗျူဟာစက်ဝန်း အတွင်းသို့ ပိုမိုရောက်ရှိစေကြောင်းနှင့် ဒေသတွင်း မဟာဗျူဟာမြောက် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
မြန်မာနိုင်ငံပိုင်နက်အတွင်းရှိ ကိုကိုးကျွန်းသည် ဧရိယာအားဖြင့် ၈ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး ဒေသခံ ၁,၅၀၀ ဦးခန့်နေထိုင်လျက်ရှိသည်။ ၂၀ ကီလိုမီတာခန့် ကျယ်ဝန်းသော ကိုကိုးရေလက်ကြားသည် အိန္ဒိယနိုင်ငံ၏ အက်ဒမန်ကျွန်းနှင့် ကိုကိုးကျွန်းစု တို့ကို ပိုင်းခြားထားပါသည်။ တရုတ်နှင့် မြန်မာနိုင်ငံတို့ကမူ ကိုကိုးကျွန်းအတွင်း တပ်စခန်းများ တည်ဆောက်နေမှုများပတ်သက်၍ ငြင်းဆိုလျက်ရှိသော်လည်း ဂြိုဟ်တုမှ ရရှိသောဓာတ်ပုံများအရ အဆိုပါကျွန်းပေါ်၌ လေယာဉ်ကွင်းများ ချဲ့ထွင်ထားရှိမှု၊ လေယာဉ်ဂိုဒေါင်အသစ်များ၊ ကြီးမားသည့် ဆိပ်ခံတံတားများ၊ ကာကွယ်ရေးစနစ်များ တပ်ဆင်ထားသည့် ရေဒါစခန်းများ တည်ဆောက်ထားရှိမှုများသည် မူလအခြေခံ ကာကွယ်ရေးစနစ်ထက် ပိုမိုတိုးတက်လျက်ရှိသည်ကို ပြသနေခြင်းဖြစ်ပါသည်။ ၎င်းဂြိုဟ်တု ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက်များအရ ကိုကိုးကျွန်းပေါ်တွင် စစ်ဘက်-အရပ်ဘက်အသုံးပြုနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရန် ကူညီပေးနေသည့် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာနှင့် ဝန်ထမ်းများ တွေ့ရကြောင်းနှင့် ကိုကိုးကျွန်း၏ တောင်ဘက်ခြမ်းတွင်လည်း အနီးအနားရှိ ကျွန်းနှင့် ချိတ်ဆက်နိုင်ရန် တံတားများ တည်ဆောက်နေပြီး ထိုကျွန်းပေါ်တွင် အခြေခံအဆောက်အအုံများ တိုးချဲ့ တည်ဆောက်နိုင်ရန်အတွက် မြေနေရာများရှင်းလင်းထားသည်ကိုလည်း တွေ့ရသည်ဟု အိန္ဒိယနိုင်ငံက ပြောကြားထားပါသည်။
တရုတ်နိုင်ငံသည် ဂျီဘူတီ(Djibouti)တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း မဟာ ဗျူဟာမြောက် နယ်မြေချဲ့ထွင်မှုလုပ်ငန်းများကို မသိမသာလုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းများအား စစ်ဘက်ဆိုင်ရာတွင် အသုံးပြုသွားမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း စစ်စခန်း အဖြစ် ပြောင်းလဲလိုက်သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံသည် အိမ်ရှင်နိုင်ငံများနှင့် လက်ဝါးချင်းရိုက်၍ အခြေအနေမှန်ကို ဖုံးကွယ်ကာ စစ်ဘက်-အရပ်ဘက် အသုံးပြုနိုင်သည့် အခြေခံအဆောက်အအုံနှင့် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ယုံကြည်ချက်ရှိကြပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင်လည်း အလားတူတည်ဆောက်ခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံအကြား သဘောတူညီတည်ဆောက်ခဲ့ကြသည့် သီရိလင်္ကာနိုင်ငံ၏ Hambantota နှင့် ပါကစ္စတန်နိုင်ငံ၏ Gwadar တို့ရှိ စီးပွားရေးဆိပ်ကမ်းများကိုလည်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးများက သိမ်းပိုက်ထားရှိကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။
တရုတ်နိုင်ငံ၏ ရွေ့လျားခြေရာခံနိုင်သည့် ကင်းထောက်သင်္ဘောများသည်လည်း အရေးကြီးသည့် ကဏ္ဍမှပါဝင်လျက်ရှိပြီး ၎င်းသင်္ဘောများအနက်မှ Yun Wang 5 သည် အိန္ဒိယနိုင်ငံမှ ကန့်ကွက်နေသည့်ကြားမှ သီရိလင်္ကာနိုင်ငံ Hambantota နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုတွင် ကမ်းကပ်ခဲ့ပါသည်။ Yan Wang 6 သည်လည်း အိန္ဒိယနိုင်ငံ၏ Agni 5 တိုက်ပစ်ပဲ့ထိန်းဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ချိန်တွင် အိန္ဒိယပင်လယ် အတွင်း ကင်းထောက်နေခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ပြည်ပမှထောက်ပံ့နေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ရင်ဆိုင်နေရခြင်းကြောင့် ၎င်းအနေဖြင့် ကိုကိုးကျွန်းပေါ်တွင် ယခုကဲ့သို့ ခေတ်မီသည့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများ သူ့ချည်းသက်သက် တည်ဆောက်ရန် ဆန္ဒနှင့် စွမ်းရည်မရှိဟု ဆိုပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် ပြည်တွင်းရေးကိုသာ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရပြီး ယခုအခါ မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့ရန် ငြင်းဆန်ခဲ့သည့် အိန္ဒိယနိုင်ငံအား ကင်းထောက်နိုင်ရန် ထောက်လှမ်းရေး အဆောက်အအုံများ တည်ဆောက်နေကြောင်း ရေးသားဖော်ပြထားရှိပါသည်။
တရုတ်နိုင်ငံအနေဖြင့် နည်းလမ်းအားဖြင့်လည်းကောင်း၊ ရည်ရွယ်ချက်အားဖြင့် လည်းကောင်း၊ မဟာဗျူဟာအထောက်အပံ့အားဖြင့်လည်းကောင်း အိန္ဒိယနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုမျာကို စောင့်ကြည့်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များကတည်းက ကိုကိုးကျွန်းပေါ်တွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှပြီး ယခုအခါအမေရိကန်နိုင်ငံ ဦးဆောင်သည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများသည် တရုတ်နိုင်ငံကို တစ်ပန်းသာစေခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း ဘားရတ်အိုဘားမား(Barack Obama) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်ကာလတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံ၏ မူဝါဒများ ပြောင်းလဲခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်၊ အာဏာထိန်းမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် မည်သို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအရ လွှမ်းမိုးနေခဲ့သည်ကို ထည့်သွင်းတွက်ချက်ခြင်း မရှိဘဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ကိုကိုးကျွန်းကို စစ်ရေးကိစ္စလွှမ်းမိုးစေခြင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်လာခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာသို့ မဟာဗျူဟာမြောက်ထွက်ပေါက်ဖြစ်သကဲ့သို့ သဘာဝသယံဇာတရရှိခွင့်နှင့် လက်နက်တင်ပို့ရောင်းချမှု၏ အဓိကဈေးကွက်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် သွင်းကုန်ပစ္စည်းများ တင်ပို့ရာတွင် မလေးရှားနှင့် အင်ဒိုနီးရှားကျွန်းဆွယ်အတွင်းရှိ မလက္ကာရေလက်ကြားကို ရှောင်လွှဲနိုင်ရန်အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါစင်္ကြံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်ပြီး ယူနန်ပြည်နယ်သို့ သွင်းကုန်များ တိုက်ရိုက်ပို့ဆောင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။ ယခင်က ကိုကိုးကျွန်းစုသည် အက်ဒမန်ကျွန်းစု၊ နီကိုဘားကျွန်းစုတို့နှင့် အုပ်ချုပ်ရေးအရ ဆက်စပ်လျက်ရှိခဲ့သော်လည်း ၁၈၇၇ ခုနှစ်တွင် ဗြိတိသျှအာဏာပိုင်များက မီးပြတိုက်အစောင့်များ အသတ်ခံရမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှ ခွဲထုတ်ကာ ရန်ကုန်မြို့ရှိ ၎င်းတို့၏ကင်းစခန်းများကို တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်ကျူးကျော်တပ်ဖွဲ့များထံမှ ကျွန်းစုများကို အိန္ဒိယတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်၍ ဗြိတိသျှအုပ်ချုပ်မှုအောက်သို ပြန်လည် ရောက်ရှိခဲ့ပါသည်။ သို့သော်လည်း ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အိန္ဒိယ အစိုးရသည် ကိုကိုးကျွန်းကို ပြန်လည်ထိန်းချုပ်ရန် မကြိုးစားခဲ့ခြင်းကြောင့် နောက်တစ်နှစ် နီးပါးအကြာတွင် လွတ်လပ်ရေးရလာသည့် မြန်မာနိုင်ငံပိုင်ဖြစ်သွားခဲ့ပါသည်။ ယခု အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသည့် ကီလိုမီတာ ၇၅၀ အကျယ်ရှိသည့် အက်ဒမန်ကျွန်းစုနှင့် နီကိုဘားကျွန်းစု များသည် အရှေ့အာရှအား ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့ကို ဆက်သွယ်ပေးသည့် အဓိက ရေကြောင်းလမ်းတစ်ခုဖြစ်ပြီး မလက္ကာကျွန်းစုနှင့်လည်း မဟာဗျူဟာမြောက် ဆက်သွယ်နေလျက်ရှိပါသည်။ ထို့ကြောင့် ထိုကျွန်းစုများပေါ်တွင် အိန္ဒိယနိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များရှိနေခြင်းက ၎င်းအတွက် မဟာဗျူဟာမြောက် မည်မျှအရေးပါသည်ကို ပြသ နေပြီး အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ကိုကိုးကျွန်းပေါ်တွင် မဟာဗျူဟာမြောက် ခြေကုပ်ယူမှုများကို အခိုင်အမာအတည်ပြုနိုင်ပါက အိန္ဒိယနိုင်ငံ၏ အားသာချက်အား လျော့နည်းစေရုံသာမက အိန္ဒိယနိုင်ငံအတွက် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုအသစ် ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် မြန်မာနိုင်ငံပိုက်နက်အတွင်းရှိ ကိုကိုးကျွန်းအပေါ် တရုတ် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ချဲ့ထွင်မှုများ လုပ်ဆောင်နေမှုများနှင့် အဆိုပါလုပ်ရပ်များသည်အိန္ဒိယနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ပိုမိုရောက်ရှိသွားကြောင်း သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ ကိုကိုးကျွန်းသည် အိန္ဒိယနိုင်ငံ၏ ဗျူဟာမြောက်အရေးပါသည့် အက်ဒမန်ကျွန်းနှင့် နီကိုဘားကျွန်းစုတို့၏ အနီးဆုံးတွင် တည်ရှိနေခြင်းကြောင့် ကိုကိုးကျွန်းပေါ်တွင် တရုတ် ကင်းထောက်စခန်းများနှင့် စစ်စခန်းများရောက်ရှိလာပါက လုံခြုံရေးအရ ခြိမ်းခြောက် အခံရဆုံးနိုင်ငံသည် အိန္ဒိယနိုင်ငံဖြစ်လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ ယခုအချိန်၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံဦးဆောင်သည့် အရေးယူပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိသော်လည်း ထိုအရေးယူ ပိတ်ဆို့မှုများကြောင့်ပင် တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံယိမ်းယိုင်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်ဟု သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
5042523