Sunday, May 7, 2023

အမေရိကန်ဒေါ်လာပြဿနာကို အာရှငွေကြေးရန်ပုံငွေ တည်ထောင်ခြင်းဖြင့် ဖြေရှင်းနိုင်မည်လား

 



နိဒါန်း
ကမ္ဘာတစ်ဝန်း အမေရိကန်ဒေါ်လာကို အဓိကထား သုံးစွဲနေရခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့အနိုင်ကျင့်မှုဒဏ်ကို ခံနေရခြင်းနှင့် အမေရိကန် နိုင်ငံအား အခွင့်ထူးခံအဖြစ်ထားရှိနေရခြင်းစသည့် ပြဿနာများမှ လွတ်ကင်းစေရေး အတွက် အာရှငွေကြေးရန်ပုံငွေအဖွဲ့(Asian Monetary Fund – AMF) ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာစိတ်ကူးနှင့်ပတ်သက်၍ East Asian Forum ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြ ထားပါသည်။
ဖော်ပြချက်
အမေရိကန်ဒေါ်လာသည် အမေရိကန်နိုင်ငံ၏ ငွေကြေးဖြစ်သော်လည်း အဆိုပါ ငွေကြေးနှင့်ပတ်သက်သည့် ပြဿနာအရပ်ရပ်ကို ကမ္ဘာ့နိုင်ငံအများက ခံစားနေရပါသည်။ ထိုသို့ခံစားရမှုများမှာ ယနေ့အချိန်အခါတွင် ပိုမိုဆိုးရွားနေပြီး ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံက ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ရေးတွင် မည်မျှအနိုင်ရနေသည်ဖြစ်စေ ဘဏ္ဍာရေးစစ်ပွဲတွင် အနိုင်မရနိုင်ချေ။ ထိုနည်းတူစွာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို လက်ခံရာတွင် လည်းကောင်း၊ နိုင်ငံတကာငွေကြေးစီးဆင်းမှုများအတွက်လည်းကောင်း ၎င်းတို့၏ ပြည်တွင်းဘဏ္ဍာရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုများတွင် အမေရိကန်ဗဟိုဘဏ်၏ လွှမ်းမိုးခြင်းကိုခံနေရကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ဒေါ်လာ ဆက်လက်သုံးစွဲရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကိုယ်တိုင်မှအပ အခြားနိုင်ငံများက အလိုမရှိဖြစ်နေချိန်တွင် အမေရိကန်ဒေါ်လာမှ မဟုတ်သည့် အခြားနိုင်ငံတကာသုံးစွဲနိုင်မည့် ငွေကြေးစနစ်ကို နိုင်ငံအများက ရှာပုံတော် ဖွင့်နေကြပါသည်။ သို့သော်လည်း ယခုအချိန်အထိ ဒေါ်လာကို အခြားငွေကြေးဖြင့် အစားထိုး သုံးစွဲမှုမှာ လက်တွေ့ကျသည့်ကိစ္စရပ်တစ်ခု မဖြစ်သေးပါ။ တရုတ်ယွမ်ကို ကမ္ဘာ့ငွေကြေးအဖြစ် သုံးစွဲရန်စဉ်းစားပါက တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား ကြီးမား သည်မှာ မှန်သော်လည်း တရုတ်ယွမ်က အမေရိကန်ဒေါ်လာထက်ပင် ဆုံးရှုံးအကျိုး နည်းနိုင်ခြေ ပိုမိုများပြားနေသည်ကို တွေ့ရသောကြောင့် ဆွဲဆောင်မှုသိပ်မရှိကြောင်း ရေးသားထားပါသည်။
အမေရိကန်ဒေါ်လာအနေဖြင့် လက်ရှိတွင် ရေပန်းစားမှု ကျဆင်းလာသော်လည်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးငွေကြေးတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး ကုန်သွယ်ရေး ပေးချေမှုများ၏ ငါးပုံပုံလျှင် လေးပုံ၊ ကုန်သွယ်ရေးအမှာစာများ၏ ထက်ဝက်မှာ အမေရိကန်ဒေါ်လာကို အသုံးပြုနေကြပြီး ကမ္ဘာ့ငွေကြေးလဲလှယ်ရေးနှင့် ကမ္ဘာ့ကြွေးမြီ ဈေးကွက်တွင်လည်း တွင်ကျယ်လျက်ရှိနေပါသေးသည်။ ကမ္ဘာ့နိုင်ငံများ အရန်ငွေ၏၅၉ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာဖြစ်ပြီး ယင်းပမာဏသည်ပင်လျှင် နှစ်ပေါင်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ပါသည်။ အမေရိကန်နိုင်ငံအတွင်းရှိ အိမ်ထောင်စုများ၊ ကုမ္ပဏီများနှင့် အစိုးရတို့သည် အမေရိကန်ဒေါ်လာကို မည်သည့်ဝန်ထုပ်ဝန်ပိုးမှ မရှိသလောက်နီးပါး အခြေအနေမျိုးဖြင့် ထုတ်ချေးပေးနိုင်ကြသည့် အခြေအနေတွင် ရှိနေသေးကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ဖန်တီးထားသည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ်၊ ဂျပန်ယန်းနှင့် ဗြိတိသျှပေါင်စတာလင်ငွေကြေးတို့ ပူးပေါင်းပါဝင်ထားသည့် Special Drawing Rights – SDRs အား အသုံးပြုမည်ဆိုပါကလည်း ၎င်းကိုစီမံခန့်ခွဲသည့် IMF အား အမေရိကန်နိုင်ငံက အပြည့်အဝနီးပါး ထိန်းချုပ်ထားပါသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ဗီတိုအာဏာကို ကိုင်ထားနိုင်သော အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့စိတ်တိုင်းကျ ရိုက်နှိပ်ဖြန့်ဝေထိန်းချုပ် အသုံးပြုနိုင်ခွင့် အခွင့်အရေးကို ရရှိထားသည့်တွက် အမေရိကန် ဒေါ်လာကို ကျော်လွန်ပြီး SDRs က ပိုမိုဩဇာကြီးသွားမည့်အဖြစ်ကို အရောက်ခံမည် မဟုတ်ကြောင်း ရေးသားထားပါသည်။
အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ဖွယ်ရှိသည့် နောက်ထပ်ငွေကြေးများ အဖြစ် ယူရိုနှင့် တရုတ်ယွမ်ငွေကြေးများကို စဉ်းစားနိုင်သော်လည်း ၎င်းငွေကြေး နှစ်ခုလုံးတွင် အားနည်းချက်များ ကိုယ်စီရှိနေကြသည်ဟု ဆိုပါသည်။ ထိုငွေကြေးများ အနေဖြင့် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက နက်ရှိုင်းစွာအသုံးဝင်မှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေလဲလှယ်ရန် လွယ်ကူမှုတို့တွင် အမေရိကန်ဒေါ်လာကို မယှဉ်နိုင်သည့် အနေအထားတွင်ရှိနေကြပြီး အထူးသဖြင့် တရုတ်ယွမ်ငွေကြေးအနေဖြင့် တရုတ်အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အပြင် တရုတ်အစိုးရ၏ နိုင်ငံရေး ဆိုင်ရာ ဆုံးဖြတ်လုပ်ကိုင်နေမှုများအပေါ်တွင်လည်း များစွာမူတည်နေသော ငွေကြေး ဖြစ်သောကြောင့် ဒေါ်လာနေရာတွင် အစားထိုးငွေကြေးအဖြစ် အသုံးပြုနိုင်စွမ်းကို အားနည်းစေသည်ဟု ဆိုပါသည်။
ယခုလတ်တလောတွင် ကမ္ဘာတစ်ဝန်း ရေပန်းစားစပြုလာသည့် ဗဟိုဘဏ်များက ကျောထောက်နောက်ခံပေးထားသော ဒီဂျစ်တယ်ငွေကြေးများကိုလည်း ဒေါ်လာ အစားထိုးအသုံးပြုရန် စဉ်းစားနိုင်ပါသည်။ ကမ္ဘာကြီးတွင် ပထဝီနိုင်ငံရေးနှင့် နည်းပညာ တို့က ကမ္ဘာ့ဘဏ္ဍာရေးအခင်းအကျင်းကို ပုံဖော်သွားမည်ဆိုသည့်အတိုင်း ဒီဂျစ်တယ် ငွေကြေးကိစ္စကို တရုတ်နှင့် အခြားနိုင်ငံတို့က ကြိုးစားအကောင်အထည်ဖော်လျက် ရှိကြပါသည်။ သို့သော်လည်း လတ်တလောတွင် ဒီဂျစ်တယ်ငွေကြေး၏ နက်ရှိုင်းစွာ အသုံးပြုမှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေလဲလှယ်လွယ်ကူမှုတို့ ရရှိရန်လိုအပ်နေပါသေးသည်။အမေရိကန်နိုင်ငံပင်လျှင် ဒေါ်လာကို ဒီဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲရေးတွင် လုပ်ဆောင်မှု နှေးကွေးနေသေးကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ခြေရှိသည့် အခြားသောငွေကြေးများ၏ အားနည်းချက်များကြောင့် အာရှငွေကြေးရန်ပုံငွေအဖွဲ့ Asian Monetary Fund–AMF ဖွဲ့စည်းတည်ထောင်ရေး အယူအဆမှာ ပိုမိုအားကောင်းလာရပါသည်။ အဆိုပါ အယူအဆကို မကြာသေးမီက မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim က ပြန်လည်ဖော်ထုတ်ပြောဆိုလာသည့်အပြင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများသည်လည်း အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရေး၊ နိုင်ငံသုံးငွေများပေးချေကြရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ရှိရင်းစွဲ IMF နှင့်ပတ်သက်ပြီး အာရှတိုက်တွင်ရေပန်းစားမှုနည်းပါးလာကြသည်ဖြစ်ရာ ဒေသတွင်းကိုယ်ပိုင်စီမံခန့်ခွဲနိုင်မည့် AMF ဖွဲ့စည်းတည်ထောင်ရေးစိတ်ကူးမှာ ပိုမိုအားကောင်းလာကြောင်း ရေးသား ထားပါသည်။
AMF တည်ထောင်ရေးနှင့်ပတ်သက်ပြီး အကြီးမားဆုံးပြဿနာမှာ ထိုကဲ့သို့ အလားတူ အဖွဲ့အစည်းဖြစ်သည့် ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ထားခဲ့သော Chiang Mai Initiative Multilateralization (CMIM) အနေဖြင့် ကြုံတွေ့လာခဲ့ ရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ခဲ့မှု လုံးဝမရှိခြင်းပင် ဖြစ်ပါသည်။ AMF တည်ထောင်မည်ဆိုပါက CMIM ၏ အားနည်းချက်များကို သင်ယူပြီး ကြိုတင်ခန့်မှန်း တွက်ဆနိုင်သည့်၊ ပွင့်လင်းမြင်သာမှုရှိသည့်၊ နိုင်ငံရေးသဘောတရားများ ကင်းစင်သည့် ဘဏ္ဍာရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် နိုင်ငံများ အကျပ်အတည်းကြုံတွေ့ရချိန်တွင် ဆက်သွယ်ကူညီပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်သွားရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။
AMF ဖွဲ့စည်းတည်ထောင်ရေးနှင့် ပတ်သက်ပြီး ဖော်ပြပါ အတားအဆီးများ ရှိနေသော်လည်း ၎င်းတို့မှာ ထာဝရတည်မြဲနေမည့် အတားအဆီးများမဟုတ်ဘဲ အမေရိကန်ဒေါ်လာကြောင့် အခက်အခဲကြုံရလေလေ AMF ဖွဲ့စည်းရေးပိုမိုတွန်းအား ဖြစ်လေလေ ဖြစ်ကြောင်း ဆောင်းပါးတွင် သုံးသပ်ထားပါသည်။
နိဂုံးချုပ်အနေဖြင့် အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာအား အစားထိုးမည့် ငွေကြေးစနစ်တစ်ရပ် ပေါ်ပေါက်လာရေးကို ကာကွယ်ဟန့်တားလိုပါက ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် IMF တွင် ပိုမိုပါဝင်ခွင့်ပေးပြီး အမေရိကန်ဒေါ်လာကိုပိုမိုအသုံးပြုနိုင်ရေးလုပ်ဆောင်ပေးရန်၊ လိုအပ်ချက်ရှိချိန်တွင် IMF ကို ပိုမိုအသုံးပြု အကူအညီရရှိနိုင်ရေး ပိုမိုအဆင်ပြေအောင် လုပ်ဆောင်ပေးရန်တို့ ပြုပြင်ပြောင်းလဲ ရမည်ဖြစ်ကြောင်း အကြံပြုထားပါသည်။ အဆိုပါအချက်များကို အမေရိကန်ကွန်ဂရက်က ကြိုးစားလုပ်ကိုင်နိုင်ခြေနည်းပါးနေပြီး အမေရိကန်နိုင်ငံက တစ်ဖက်၊ အခြားသော ငွေကြေးစနစ်များဖြင့် အစားထိုးလိုသူများကတစ်ဖက်ဖြင့် အားပြိုင်လွန်ဆွဲကြပြီး အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ရေးသား ထားသည်ကို တွေ့ရှိရပါသည်။
သုံးသပ်ချက်
အမေရိကန်နိုင်ငံ လွှမ်းမိုးထားသည့် IMF ကို အစားထိုး အသုံးပြုနိုင်မည့် အာရှနိုင်ငံများကိုယ်တိုင် စီမံခန့်ခွဲသော AMF ဖွဲ့စည်းတည်ထောင်ရေး စိတ်ကူးကို ယခင်ကတည်းကပင် စဉ်းစားနေကြခြင်းဖြစ်ပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၏ ဘဏ္ဍာငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကြောင့် ၎င်းကိစ္စကို ပိုမိုစဉ်းစားလာကြ သော်လည်း နှစ်ပေါင်းများစွာ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဦးဆောင်ခဲ့ပြီး ကြိုတင် ကာကွယ်မှုများစွာ ပြင်ဆင်ထားရှိသော ဒေါ်လာငွေကြေးကို အခြားငွေကြေးများဖြင့် အစားထိုးရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်မှုများမှာ အချိန်ကာလတစ်ခု ကြာမြင့် နေဦးမည်ဟု ယူဆပါသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှု ရှင်းတမ်းများ ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် အခက်အခဲရှိသော နိုင်ငံများအား ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများပေးအပ်ရန် ဖွဲ့စည်းထားသော်လည်း အခက်အခဲ ကြုံရသည့် နိုင်ငံများ၏ ပြည်တွင်းဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများ၊ စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ်တွင် လွှမ်းမိုးမှုအလွန်အမင်းများပြားပါသည်။ သက်ဆိုင်ရာ အခက်အခဲကြုံတွေ့နေရသောနိုင်ငံ အဆင်ပြေရေးထက် ၎င်းတို့ကူညီထုတ်ချေးလိုက်သော ချေးငွေများ အမြန်ဆုံးပြန်လည်ရရှိရေးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ရရန် ငွေကြေးများ အဆင်ပြေပြေရရှိရေးကိုသာ ဦးစားပေးလွန်း၍ ၎င်းတို့၏ ပြည်တွင်း စွက်ဖက်ရေး မူဝါဒများနှင့် နောက်ကွယ်မှ ချုပ်ကိုင်မှုများကြောင့် ဝေဖန်ပြစ်တင် ခံနေရလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ဤဆောင်းပါးတွင် BRICS အဖွဲ့ကြိုးပမ်းနေသည့် အစားထိုးငွေကြေးအကြောင်းကို လုံးဝဖော်ပြထားခြင်းမရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေါ်လာအစားထိုးငွေကြေးများ ဖော်ဆောင်ရန် ကြိုးပမ်းနေမှုများမှာ အားနည်းချက်/အားသာချက်များ ရောယှက်နေပြီး ဆက်လက်စောင့်ကြည့်လေ့လာသွားရမည့် တွေးဆဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
13050823

(Subscribed ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် Myanmar Aspect မန်ဘာများအတွက် ရွေးချယ်ပေးလိုက်ခြင်း ဖြစ်ပါသည်။)

Friday, May 5, 2023

တရုတ်နိုင်ငံအား ထောက်လှမ်းနိုင်ရန် နည်းလမ်းရှာဖွေခြင်းနှင့် အမေရိကန်ထောက်လှမ်းရေးကွန်ရက်ကို ကုစားရန်နည်းလမ်းများ (အပိုင်း-၂)

 



မလိုအပ်တာကိုလျော့ လိုအပ်တာကိုဖြည့်
ရေရှည်အတွက်ရည်ရွယ်ပြီး လူတော်များဖြင့်ဖွဲ့စည်းထားသည့် Open-source Agency တစ်ခု တည်ဆောက်ရန်မှာ အမေရိကန်ထောက်လှမ်းရေကဏ္ဍကို တိုးတက်စေရန် အလွန်အရေးပါနေပါသည်။ ဒါတစ်ခုနဲ့ လုံလောက်ပြီလားဟုမေးလျှင် မလုံလောက်သေးပါ။ လျှို့ဝှက်ချက်မဟုတ်သည့် သတင်းအချက်အလက်များများ စုဆောင်းမည်ဖြစ်ခြင်းကြောင့် ထိုအဖွဲ့ကြီးအနေဖြင့် အခြားအဖွဲ့များထက် အချက်အလက်တွေ အများကြီး ကိုင်တွယ်ရပါလိမ့်မည်။ ၂၀၁၇ ခုနှစ်က National Geospatial Intelligence Agency ၏ ဒါရိုက်တာကက နောင်လာမည် နှစ် ၂၀ ကျော် အတွင်း အမေရိကန် အခကြေးငွေဖြင့် အသုံးပြုနိုင်သည့် ဂြိုဟ်တုများမှ ဖမ်းယူရရှိသည့် အချက်အလက်များကို လူအင်အားဖြင့် စိစစ်ရန် ဓာတ်ပုံဆန်းစစ်ပညာရှင်ပေါင်း ၈ မီလီယံလောက် လိုမည်ဟု ပြောကြားခဲ့ဖူးသည်။ ယခုတွင်ပင် အာရုံခံကိရိယာတစ်ခုပါသည့် ဓာတ်ခွဲခန်းတစ်ခုတွင် ဘောလုံးပွဲ ၃ ရာသီစာလောက်ရှိသည့် သတင်းအချက်အလက်များကို နေ့စဉ်နေ့တိုင်း မနိုင်မနင်း စိစစ်နေရသည်ဟု ဆိုပါသည်။
ထိုလုပ်ငန်းများအောင်မြင်ရန်အတွက် အမေရိကန်၏ National Security Commission on Artificial Intelligence နှင့် Special Competitive Studies Project တို့က ထောက်လှမ်းရေကဏ္ဍတွင် အသိဉာဏ်တုပေါင်းစပ်ထားသည့် နည်းပညာမြင့်ပစ္စည်းများ တပ်ဆင်ရမည်ဟု အဆိုပြုခဲ့ပါသည်။ ထို့မှသာ မြောက်မြားစွာသော သတင်းအချက်အလက်များကို စိစစ်နိုင်မည်ဖြစ်သည်။ Director of National Intelligence ရုံးအပါအဝင် မြောက်မြားစွာသော ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ထိုသို့ဆောင်ရွက်ရန် မဟာဗျူဟာနှင့် အစီအမံများရှိသော်လည်း ဝါရှင်တန်အစိုးရ၏ အားစိုက်ထုတ်မှုက လုံလောက်မှုမရှိသေးပါ။ ထောက်လှမ်းရေးအဖွဲ့များ၏ အစီအမံများ အထမမြောက်သေးသကဲ့သို့ အချင်းချင်းသည်လည်း သတင်းအချက်အလက် မျှဝေမှု မလုပ်နိုင်သေးဘဲ သင့်လျော်သည့် တွက်ချက်ရေးကွန်ပျူတာများ ရရှိရန် ကန့်သတ်ချက်များရှိနေပါသည်။ လက်တွေ့ဆောင်ရွက်နေသူများအနေဖြင့်လည်း နည်းပညာမြင့်ကိရိယာများပြောင်းလဲအသုံးပြုလျှင် ဖြစ်ပေါ်လာနိုင်သည့် အမှားများကို ကြောက်ရွံ့ပြီး ပြောင်းလဲရန် တုံ့ဆိုင်းနေကြပါသေးသည်။
ဘိုင်ဒန်အစိုးရအနေဖြင့် အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းကို အထက်ပါ တုံ့ဆိုင်းနေမှုများမှ ကျော်လွှားနိုင်ရန် ကူညီပေးခဲ့ပါသည်။ သို့သော်လည်း ထိရောက်ရန်အတွက် အိမ်ဖြူတော်နှင့် လွှတ်တော်မှ ထောက်လှမ်းရေးကဏ္ဍနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် ထောက်လှမ်းရေးကဏ္ဍပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်ရန်လိုအပ်ပါသည်။ မူဝါဒချမှတ်သူများ၏ ခိုင်မာသည့်လိုလားချက်မရှိလျင် အမေရိကန်ထောက်လှမ်းရေးကဏ္ဍအနေဖြင့် အမေရိကန်-တရုတ်အားပြိုင်နေမှုအား မည်သို့ကိုင်တွယ်ရမည်ကို ပြင်ဆင်နေရမည့်အစား ယနေ့ရှိဆဲ လုပ်ငန်းဆောင်တာများအပေါ်တွင်သာ အာရုံစိုက်နေရပေမည်။ ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်များအနေဖြင့် ၎င်း၏ လက်ရှိ ထောက်လှမ်းရေးဝန်ထမ်းများအား နည်းပညာအသစ်များကို အသုံးပြုနိုင်ရန် သင်ကြားလေ့ကျင့်ပေးရပါမည်။ သို့မှသာ ၎င်းတို့တစ်ဆင့်မြင့်တာဝန်များထမ်းဆောင်သည့်အခါ AI အသုံးပြုနည်းပညာများဖြင့် သဟဇာတဖြစ်နေပါလိမ့်မည်။
ဒီအပြောင်းအလဲကို ဖော်ဆောင်နိုင်ရန်နှင့် အခက်အခဲကိုဖြတ်ကျော်နိုင်ရန်အတွက် ထောက်လှမ်းရေးအသိုက်အဝန်းအနေဖြင့်လည်း AI နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချနိုင်သည့် တပ်ဖွဲ့များ ဖွဲ့စည်းထားသင့်ပါသည်။ ၎င်းအစီအစဉ်က ထောက်လှမ်းရေးအသိုက်အဝန်းတစ်ခုလုံးကို မျှဝေသုံးစွဲနိုင်သည့် ဒစ်ဂျစ်တယ်အဆောက်အအုံတစ်ခု တည်ထောင်ရန် ရည်မှန်းချက်ထားသင့်သည်။ သို့မှသာ ထောက်လှမ်းရေးအဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ပြီး အဆုံးအဖြတ်ပေးသူများထံသို့ မှန်ကန်သောသတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပေးပို့နိုင်မည်ဖြစ်သည်။ လိုအပ်လျင် မိတ်ဘက်နိုင်ငံများသို့ သတင်းအချက်အလက် မျှဝေနိုင်အောင်လည်း စီစဉ်ထားရမည်။ တကယ်တော့ အမေရိကန်အနေဖြင့် ၎င်း၏မိတ်ဘက်နိုင်ငံများနှင့် ပေါင်းစပ်၍ ဒစ်ဂျစ်တယ်နည်းပညာမြင့် ပစ္စည်းများတိုးတက်ရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ ကမ္ဘာ့လုံးဆိုင်ရာ အမေရိကန်-တရုတ် အားပြိုင်မှုတွင် အနိုင်ရလိုပါက ပေါင်းစပ်ဆောင်ရွက်ရပါလိမ့်မည်။
လူသားပညာရှင်များ၏ အရေးပါမှု
မည်သို့ပင် အကောင်းဆုံး သတင်းအချက်အလက်များနှင့် နည်းပညာများကို ရရှိနိုင်သည်ထားဦး၊ မဟာဗျူဟာဦးနှောက်များနှင့် တရုတ်အရေးအထူးပြုလေ့လာသည့် ကျောင်းသားများမရှိလျင် ထောက်လှမ်းရေးအဝန်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ဆန်းစစ်သုံးသပ်ရန် မဖြစ်နိုင်ပါ။ ယခု အမေရိကန်တွင် လုံလောက်သော ပညာရှင်များမရှိသေးပါ။ ၂၀၁၃ ခုနှစ်မှစ၍ အမေရိကန်တွင် တရုတ်နိုင်ငံနှင့် ဘာသာစကားကို အထူးပြုလေ့လာသည့် အမေရိကန်နိုင်ငံသားများ ကျဆင်းသွားခဲ့သလို တရုတ်တွင်နေထိုင်သည့် အမေရိကန်ဦးရေမှာလည်း ကျဆင်းခဲ့ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အပြီးကစ၍ ဘေကျင်း၏ နိုင်ငံခြားသားများအပေါ် ပိုမိုရန်လိုလာမှုနှင့် တရုတ်တွင် အမေရိကန်များအတွက် အလုပ်အကိုင်နှင့် လည်ပတ်ရန်အခွင့်အလမ်းများ နည်းပါးသွားခြင်းကြောင့်ဖြစ်ပါသည်။
ထို အသိပညာရှားပါးမှု ပဋိပက္ခ “Knowledge Crisis” ကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း ရေတပ်ထောက်လှမ်းရေးအကြီးအကဲ Mike Studeman က ထောက်ပြခဲ့သည်။ ဟောင်ကောင်တွင် အမေရိကန်၏ University Services Centre ရှိပြီး ထိုမှတစ်ဆင့် အမေရိကန် ဘွဲ့ရကျောင်းသားများ၊ ပါမောက္ခများနှင့် အစိုးရဝန်ထန်းများ၊ ဂျာနယ်လစ်များအနေဖြင့် တရုတ်နိုင်ငံမှ အဆင့်တူများနှင့် ထိတွေ့ဆက်ဆံနိုင်ပါသည်။ ယခုအခါ တရုတ်တွင် အမေရိကန်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှားပါးမှုအပြင် ရေရှည်ရပ်တည်နိုင်သည့် အရပ်ဘက်အဖွဲ့အစည်းများပင်မရှိတော့ပါ။ သို့သော်လည်း အမေရိကန်ထောက်လှမ်းရေး အဝန်းအဝိုင်းအနေဖြင့် ၎င်း၏ပညာရှင်ဆုံးရှုံးမှုကို အစားထိုးရန် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေထိုင်ခဲ့သည့် ကျွမ်းကျင်သူပညာရှင်များကို ငှားရမ်းနိုင်ပါသည်။ အမေရိကန်အနေဖြင့် ထိုသို့ဆောင်ရွက်ရန် တွန့်ဆုတ်နေသောကြောင့် CIA ရှာဖွေနေသည့် ပညာရှင်များကို တရုတ်မှ လက်ဦးသွားခဲ့ပါသည်။ ထိုကဲ့သို့ ပညာရှိပြီး အတွေ့အကြုံရင့်ကျက်သည့် လက်တစ်ဆုပ်စာ ပညာရှင်များကို ရရှိရန်ဆောင်ရွက်ခြင်းက ဤမျှအရေးပါနေလျှင် ခေါင်းဆောင်များက အသေအချာစိစစ်ရွေးချယ်သည့် လုပ်ငန်းများကို မြှင့်တင်ရပါလိမ့်ဦးမည်။
ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းကျွမ်းကျင်သူများမွေးထုတ်ရန်အတွက် ပစ်မှတ်နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အသိုင်းအဝန်းအကြောင်း ကျွမ်းကျင်ပြီး ဘာသာစကားလည်းကျွမ်းကျင်သည့် စစ်ဘက်အရာရှိများကို လေ့ကျင့်ပျိုးထောင်သည့် Foreign Area Officer အစီအစဉ်ကိုလည်း စတင်သင့်ပါသည်။ ထိုအစီအစဉ်က ထောက်လှမ်းရေးအဖွဲ့အစည်းတွင် လုပ်ကိုင်လိုသူများအားအနေဖြင့် လွယ်ကူစွာဝင်ရောက်ရန်နှင့် ထိုမှတစ်ဆင့် တရုတ်ဘာသာစကားသင်ယူနိုင်ရန် တရုတ်/ထိုင်ဝမ် သံတမန်တာဝန်များကို ထမ်းဆောင်စေနိုင်ပါသည်။ ထိုမှတစ်ဆင့် တရုတ်ရေးရာကျွမ်းကျင်သူများဖြစ်လာအောင် လေ့ကျင့်မွေးထုတ်နိုင်မည်ဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းတွင် တရုတ်ရေးရာကျွမ်းကျင်သူများ ပေါင်းစပ်လိုက်ခြင်းအားဖြင့် အမေရိကန်အစိုးရ၏ CCP ရည်ရွယ်ချက်များကို နားလည်နိုင်သည့်စွမ်းရည်မြှင့်တင်ရန်၊ ထောက်လှမ်းရေးသတင်းအချက်အလက် စုဆောင်းရာတွင် ပိုမိုလွယ်ကူကောင်းမွန်ရန်နှင့် ထိရောက်သည့် မူဝါဒများချမှတ် ဆောင်ရွက်နိုင်မှုများတွင် ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အမေရိကန်အနေဖြင့် တရုတ်၏အန္တိမရည်မှန်းချက်များကို ကာလအတော်ကြာအောင် လျော့တွက်ခဲ့ကြပါသည်။ တရုတ်အနေဖြင့် ၎င်း၏ ဒေသတွင်းအကျိုးစီးပွားကို ချဲ့ထွင်ခြင်းထက်ပိုသည့် ကမ္ဘာအဆင့်သို့ တက်လှမ်းရန် ရည်ရွယ်ချက်ရှိနေသည်ကို ပင်တဂွန်မှ ၂၀၁၉ ခုနှစ်ရောက်မှ စတင်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း National Intelligence University မှ CCP ၏ ထုတ်ပြန်ချက်များကို နက်နက်ရှိုင်းရှိုင်း လေ့လာနေသည့် Daniel Tobin ကဲ့သို့သော ပညာရှင်များက ထိုအချက်ကို ထောက်ပြနေသည်မှာ ကြာပြီဖြစ်ပါသည်။
ထိုကဲ့သို့သောပညာရှင်များရှိခြင်းက အမေရိကန်နှင့် မိတ်ဘက်နိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် တရုတ်၏ခြေလှမ်းများကို မှန်းဆတွက်ချက်ရန် ဆောင်ရွက်ပေးနိုင်ပါသည်။ နိုင်ငံတကာရှိ တရုတ်ဩဇာချဲ့ထွင်ရေး ကွန်ရက်များကိုလည်း ထုတ်ဖော်ပေးနိုင်သည်။ တရုတ်စပိုင်လေဘောလုံးများနောက်ကွယ်က ကိစ္စရပ်များကို ဖော်ထုတ်ထောက်လှမ်းခြင်းကတော့ ထိုကိစ္စနှင့်ပတ်သက်သည့် အထူးကျွမ်းကျင်သူများလိုပါလိမ့်မည်။ ခေတ်မီနည်းပညာအကူအညီများရှိနေသည့် ကျွမ်းကျင်ပညာရှင်များသည် အမေရိကန်ထောက်လှမ်းရေး၏ အထူးကိစ္စရပ်များကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်သည်။ ဥပမာအားဖြင့် တရုတ်၏ Uyghur Forced Labor Prevention Act က ကုန်ပစ္စည်းများတင်သွင်းခြင်းကို အားပေးသည့် ကိစ္စရပ်များကို တားမြစ်ပိတ်ပင်ထားသည်။ သို့သော်လည်း ထိုကိစ္စရပ်များတွင် ပါဝင်နေသည့် တရုတ်ကုမ္ပဏီများကို တရုတ်ရေးရာကျွမ်းကျင်သူများ၊ ဒေသဆိုင်ရာအသုံးအနှုန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီများ၏အချက်အလက်များကို သိရှိသူများက ဖော်ထုတ်ပေးနိုင်ပေသည်။
ဒါတင်လုံလောက်ပြီလား
အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝန်း၏ တရုတ်နှင့်ပတ်သက်သည့် စိန်ခေါ်မှုများမှာ အလွန်ကြီးမားပါသည်။ သို့ပေမယ့် ရှေ့တွင် အတုယူစရာ အတွေ့အကြုံများရှိနေပါသည်။ စစ်အေးကာလအတွင်းက အမေရိကန်အနေဖြင့် အလွန်လျှို့ဝှက်သည့်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသော ကြီးမားသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဆိုဗီယက်နှင့် ယနေ့ တရုတ်နိုင်ငံအကြားတွင် ကွာခြားမှုပေါင်းများစွာရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယနေ့ ဝါရှင်တန်ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုမှာ ကမ္ဘာ့အနှံ့မှ ထောက်လှမ်းရေးသတင်းအချက်အလက်များရယူနိုင်ရန် ကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုလိုအပ်နေခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ် နှစ်ဖက်စလုံးကလည်း သူတို့၏ ထောက်လှမ်းရေးများဖြန့်ကျက်နိုင်ရန်နှင့် အားနည်းချက်များကို ကုစားရန် ပြင်းထန်စွာကြိုးစားနေကြပါသည်။
၂၀ ရာစုထဲတွင် အမေရိကန်အနေဖြင့် သူ၏ပြိုင်ဘက်ကို နားလည် ခန့်မှန်းနိုင်ပါသည်။ ဆိုဗီယက်၏ သတင်းအချက်အလက်များရရှိနိုင်ရန် ဂြိုလ်တုနည်းပညာကို အသုံးချနိုင်ခဲ့သည်။ ယနေ့တွင် မြောက်မြားစွာသော Open-source Data များကို ကိုင်တွယ်နိုင်ရန် AI ကို အသုံးချနိုင်သည်။ ၂၀ ရာစုက အမေရိကန်အနေဖြင့် ဆိုဗီယက်၏ သံကွန်ချာနောက်ကွယ်မှ၊ ပတ်ဝန်းကျင်နေရာများမှ ၎င်း၏ ထောက်လှမ်းရေး ကျွမ်းကျင်ပညာရှင်များကို တရားဝင်နည်းလမ်းများဖြင့် နေရာချထားခြင်း၊ စုဆောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုလည်း တရုတ်နှင့် ရင်ဆိုင်ရာတွင် ထိုနည်းလမ်းကို ပြန်လည်ကျင့်သုံးရန် လိုအပ်ပါသည်။
ဒီအကြံပြုချက်များအားလုံးဆောင်ရွက်နိုင်မည်ဆိုလျှင် ဝါရှင်တန်အနေဖြင့် တရုတ်ကို ကိုင်တွယ်ရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှန်တကယ်တော့ ဒီလိုစမ်းသစ်မှုများ၏ အကျိုးရလာဒ်က အထင်အရှားရှိနေပါသည်။ Open-source Researchers များအနေဖြင့် CCP ၏လျှို့ဝှက်စစ်ဆင်ရေများနှင့် ပြင်ပတွင်ခြေရှုပ်မှုများစသည့် တရုတ်၏ အရေးကြီး သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ အမြင်များကို ထုတ်ဖော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ သူတို့က အမေရိကန်အတွက် တရုတ်၏ဆောင်ရွက်နေမှုကို နားလည်ရန်နှင့် ထိုင်ဝမ်ကျွန်းအနီးရှိ တရုတ်၏စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရယူပေးခဲ့ပြီးဖြစ်သည်။ အကယ်၍ အမေရိကန်ထောက်လှမ်းရေး ကွန်ရက်အနေဖြင့် Open-source Information များကို ပိုမိုစုဆောင်းနိုင်ပြီး နည်းပညာမြင့် AI အထောက်အကူကိုသာရရှိမည်ဆိုပါက ၎င်းကျွမ်းကျင်သူများအနေဖြင့် ယခုထက်ပို၍ သင်ယူခြင်း၊ မျှဝေခြင်းများကို ဆောင်ရွက်နိုင်လာပါလိမ့်မည်။ အကယ်၍ တရုတ်ရေးရာကျွမ်းကျင်ပညာရှင်များကို စုဆောင်းနိုင်ပြီး ဘေကျင်း၏ လှုပ်ရှားမှုများကိုမည်ဆိုပါက တရုတ်ဘက်မှ ပညာရှင်များ၏ လှုပ်ရှားမှုနှင့် အရင်းအမြစ်များကိုလည်း အာရုံစိုက်ကြည့်နိုင်မည်ဖြစ်ပါသည်။ ဘေကျင်း၏ အဆုံးအဖြတ်ချမှတ်သည့် ထိပ်ပိုင်းအလွှာမှာ ပွင့်လင်းမြင်သာမှုမရှိသော်လည်း အမေရိကန်အနေဖြင့် အထက်ပါနည်းလမ်းများကို အသုံးပြု၍ တရုတ်၏အပြုအမူများကို နားလည်နိုင်ရန်ဆောင်ရွက်နိုင်ပါလိမ့်မည်။
(ရေးသားသူ Peter Mattis သည် Special Competitive Studies Project တွင် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဖြစ်သည်)
Myanmar Aspect
12050523

Thursday, May 4, 2023

တရုတ်နိုင်ငံအား ထောက်လှမ်းနိုင်ရန် နည်းလမ်းရှာဖွေခြင်းနှင့် အမေရိကန်ထောက်လှမ်းရေးကွန်ရက်ကို ကုစားရန်နည်းလမ်းများ (အပိုင်း-၁)

 



လွန်ခဲ့သည့်လအနည်းငယ်ကစ၍ အမေရိကန်နှင့် တရုတ်၏ အားပြိုင်မှု မြင့်တက်လာခဲ့ပြီး ဘိုင်ဒန်အစိုးရအနေဖြင့် ၎င်း၏မိတ်ဘက်နိုင်ငံများအား ဘေကျင်း၏ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်းချပြနိုင်ရန် ကြိုးပမ်းခဲ့ရပါသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ယူကရိန်းပဋိပက္ခကို သိသိသာသာအပြောင်းအလဲဖြစ်သွားစေနိုင်မည့် လက်နက်အကူအညီများကို တရုတ်နိုင်ငံက ရုရှားနိုင်ငံကို ကူညီလာ နိုင်ဖွယ်ရှိသည်ဟု သတိပေးခဲ့ပါသည်။ သို့သော်လည်း ယခုအချိန်ထိ တရုတ်၏အစီအစဉ်နှင့်ပတ်သက်ပြီး တိကျရေရာသည့် သက်သေအထောက်အထားများကို ချပြနိုင်ခြင်းမရှိသေးပါ။ ထိုနည်းတူစွာပင် ဖေဖော်ဝါရီလနှောင်းပိုင်းကလည်း CIA ညွှန်ကြားရေးမှုချုပ် William Burns က ဘေကျင်းအနေဖြင့် ထိုင်ဝမ်အား ၂၀၂၇ ခုနှစ်တွင် သိမ်းပိုက်နိုင်ရန် ပြင်ဆင်လိမ့်မည်ဟု ဆိုခဲ့ပါသေးသည်။ သို့သော်လည်း ဝါရှင်တန်ရှိ ကျွမ်းကျင်သူများအကြား၌ပင် ထိုအယူအဆနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိနေပါသည်။
ထိုကဲ့သို့ အချက်အလက်များနှင့်ပတ်သက်ပြီး မသေမချာမရေရာ ဖြစ်နေရခြင်းတွေက အကြောင်းရှိပါသည်။ CIA အပါအဝင် အခြားသော ထောက်လှမ်းရေးအဖွဲ့များအားလုံးက တရုတ်နိုင်ငံ၏ ရည်မှန်းချက်များ၊ အစီအစဉ်များ၊ စွမ်းရည်များနှင့် ပတ်သက်ပြီး သိရှိရန် အားစိုက်ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အမေရိကန်ထောက်လှမ်းရေးများမှာ တရုတ်၏ တကယ့်ရည်မှန်းချက်ကို သိရှိနားလည်ရန် ခန့်မှန်းနိုင်ရန်အတွက် အခက်အခဲများရှိနေပါသည်။ အမေရိကန်ထိုးဖောက်ထားနိုင်သည့် ရုရှားနိုင်ငံနှင့် မတူညီသည့်အချက်က တရုတ်အနေဖြင့် ၎င်း၏ နယ်စပ်တစ်လျောက်တွင်ရှိသော အမေရိကန်၏ ထောက်လှမ်းရေးကွန်ရက်များကို ချိုးဖျက်ထားနိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်အလွန်တွင် CIA ကွန်ရက် တရုတ်သတင်းပေးများ အဖမ်းဆီးခံ၊ ရှင်းလင်းခံခဲ့ရသည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အပေါ်ပိုင်းတွင် ပို၍ကျစ်လျစ်ခိုင်မာအောင်တည်ဆောက်ထားသောကြောင့် အရေးကြီးအချက်အလက်များ ကျိုးပေါက်ရန် ရာခိုင်နှုန်းအလွန်နည်းပါသည်။ ထို့ပြင် တရုတ်၏ နိုင်ငံတကာခြေလှမ်းများမှာလည်း အလွန် များပြားပြီး ပြန့်ကျဲတည်ရှိနေခြင်းကြောင့် ၎င်း၏အစီအစဉ်များ၊ ဆောင်ရွက်ချက်များအားလုံးကို ထိန်းချုပ်တားဆီးနိုင်ရန် မဖြစ်နိုင်ပါ။
အဓိကအချက်မှာ ဝါရှင်တန်၏ လက်ရှိထောက်လှမ်းရေးကဏ္ဍကို ချည်းကပ်ပုံနည်းလမ်းနှင့် ပတ်သက်ပြီး ပြဿနာရှိနေခြင်းဖြစ်သည်။ အမေရိကန်၏ ထောက်လှမ်းရေးစနစ်မှာ အစိုးရကစီမံခန့်ခွဲပြီး လူသားနှင့် ဆက်သွယ်ရေးအချက်အလက်များကိုအခြေခံသည့် အစဉ်အလာပုံစံ သတင်းအချက်အလက်စုဆောင်းမှု ပေါ်တွင်သာအခြေတည်နေသေးသည်။ ထိုအစဉ်အလာပုံစံက တရုတ်၏ရည်ရွယ်ချက်များကို သိရှိရန် လက်ငင်းလိုအပ်ချက်များနှင့် ကိုက်ညီခြင်းမရှိပါ။ ထိုအစဉ်အလာပုံစံကို အခြေပြု၍ အရင်းအမြစ်များစုဆောင်းခြင်းကလည်း ဘေကျင်း၏ အပြုအမူများကို ခန့်မှန်းရန် နိုင်လိမ့်မည်မဟုတ်ပါ။
အမေရိကန်အနေဖြင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် သတင်းအချက်အလက်စုဆောင်းမှုနှင့် အထောက်အကူပစ္စည်းအသုံးပြုမှုကို ချဉ်းကပ်ပုံကို ပိုမို တီထွင်ဆန်းသစ် နိုင်ရန်လိုအပ်ပါသည်။ အထူးသဖြင့် ဘေကျင်း၏ တွေးခေါ်ယူဆချက်များကို ဘာသာပြန်နိုင်စွမ်းရှိရန် လျှို့ဝှက်ချက်မဟုတ်သည့် သတင်းအချက်အလက်အခြေပြု ထောက်လှမ်းရေး (Open-source Intelligence) ကို အလေးပေးရန်လိုအပ်ပြီး Open-source Analysis အတွက် ဗဟိုဌာနချုပ်တစ်ခု တည်ထောင်ရန်လိုအပ်ပါသည်။ ထိုထောက်လှမ်းရေးနည်းလမ်းဖြင့် ရရှိသည့် သတင်းအချက်အလက်များကို စိစစ်သုံးသပ်ရန် စွမ်းဆောင်ရည်မြင့်သော ဒစ်ဂျစ်တယ်အခြေပြု နည်းပညာများ ကိရိယာများဖြင့် ပံ့ပိုးပေးရပါမည်။ ထိုဆောင်ရွက်ချက်များကို မြှင့်တင်ရန်အတွက် တပ်ဖွဲ့အတွင်းတာဝန်ထမ်းဆောင်နိုင်မည့် တရုတ်အရေးကျွမ်းကျင်သူများ ပညာရှင်များကို စုဆောင်းသင့်ပါသည်။

ဒီအချက်အလက်တွေကို ဖြည်းဆည်းရုံမျှဖြင့် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး ပြီးပြည့်စုံသည့် သတင်းအချက်အလက်ရရှိမည်ဟု မဆိုနိုင်သော်လည်း တရုတ်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များအပေါ်တွင် ပိုမိုလွှမ်းခြုံနိုင်ပြီး အချိန်နှင့်တပြေးညီ သုံးသပ်ဖော်ထုတ်နိုင်ပါလိမ့်မည်။ ဒီအချက်အလက်တွေက ဘယ်လောက်တိကျမှုရှိသလဲ ဆိုသည်ကို အကဲဖြတ်ရန်အတွက်လည်း ဝါရှင်တန်၏ စွမ်းဆောင်ရည်ကို တိုးတက်လာစေပါလိမ့်မည်။ အနည်းဆုံးတော့ တရုတ်၏ခြေလှမ်းများကို ဆန်းစစ်နိုင်ပြီး အမေရိကန်၏ လမ်းလွှဲလိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါလိမ့်မည်။
ကိုင်တွယ်ရန်ခက်ခဲခြင်း
တရုတ်နိုင်ငံသည် ကြီးမား ရှုပ်ထွေးပြီး ခက်ခဲသည့် ထောက်လှမ်းရေးပစ်မှတ်တစ်ခု ဖြစ်သည်ကို အငြင်းပွားနေစရာမရှိပါ။ မည်သည့် ထောက်လှမ်းရေးအဖွဲ့အစည်းမဆို လူပေါင်း ၁.၄ ဘီလီယံလောက်ကို အုပ်ချုပ်နေသည့် တင်းကျပ်သောအာဏာရှင်စနစ်တစ်ခုကို နားလည်အကဲဖြတ်နိုင်ရန် ခက်ခဲမည်သာဖြစ်ပါသည်။ ဤမျှကြီးမားသည့် လူဦးရေကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံကို ဒေသကြီးအဆင့်အစိုးရ ၃၁ ခု၊ ပြည်နယ်အဆင့်မြို့တော် ၂၉၉ ခု နှင့် စီရင်စုပေါင်း ၁,၃၀၀ ကျော်ဖြင့် ဖွဲ့စည်းပြီး သက်ဆိုင်ရာ အစိုးရဝန်ထမ်းများခန့်အပ်ထားပါသည်။ CCP အနေဖြင့် တရုတ်နိုင်ငံ၏ အဓိကကျသော တက္ကသိုလ်များ၊ ကုမ္ပဏီများနှင့် သုတေသနစင်တာများတွင် ၎င်း၏ ဌာနခွဲများဖြန့်ခွဲထားပါသည်။ CCP တွင် သူ့ချည်းသက်သက် ပါတီဝင် ၉၇ မီလီယံရှိပါသည်။ ထို့ကြောင့် မည်သို့ပင် ဗဟိုဦးစီးဆုံးဖြတ်ချက်များကို ချမှတ်နေပါစေ၊ ထိုသို့ ပြန့်ကျဲနေသည့် အစိုးရဖွဲ့စည်းပုံကိုလည်ပတ်ရန် တရုတ်၏ မူဝါဒနှင့် ညွှန်ကြားချက်များကိုအခြေတည်၍ ဆက်သွယ်ညွှန်ကြားရသည်သာဖြစ်ပါသည်။ ထိုသို့အပြန်အလှန်ဆက်သွယ်ကြသည့်နည်းလမ်းများက စိစစ်သုံးသပ်သူများအနေဖြင့် လွတ်လပ်စွာသတင်းစုဆောင်းနိုင်သည့် နေရာများဖြစ်ပါသည်။

ဥပမာအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည့် ၅ နှစ်စီမံကိန်းအကြောင်းကို ကြည့်ကြပါစို့။ ထိုကိစ္စနှင့်ပတ်သက်ပြီး တရုတ်ပြည်သူ့လွှတ်တော်က ရှည်လျားကျယ်ပြန့်သည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းကြောင့် လေ့လာဆန်းစစ်သူများအနေဖြင့် နားလည်ရည်ခက်ခဲပါသည်။ သို့သော်လည်း ထိုအစီအစဉ်ကိုလိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရုတ်ဒေသဆိုင်ရာအစိုးရများက ၎င်းတို့၏ အသေးစိတ်အစီအမံများကို ဖော်ဆောင်ရပါသည်။ ထိုအစီအစဉ်များတွင် တရုတ်၏မူဝါဒရည်မှန်းချက်အပေါ်တွင် နားလည်ချက်အပြည့်အစုံနှင့် မည်သူက မည်သည့်ကိစ္စအတွက် တာဝန်ရှိသည်ဆိုသည့် အချက်များပါ ပါဝင်ပါသည်။ ထိုဒေသဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အမေရိကန်ထောက်လှမ်းရေးများအနေဖြင့် တရုတ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ထောက်ပံ့ကြေးများ၊ မိတ်ဖက်တက္ကသိုလ်အသစ်များ ဖော်ဆောင်နေမှု၊ ပါရမီရှင်များစုဆောင်းရေးအစီအစဉ်နှင့် အခြားသော တီထွင်စမ်းသစ်မှုများကို မြှင့်တင်မည့် တရုတ်အစိုးရ၏နည်းပညာနှင့် အထောက်အကူပစ္စည်းဆိုင်ရာ ကိစ္စများကို သိရှိရန် အကူအညီပေးခဲ့ပါသည်။
ဒေသအစိုးရများကိုလေ့လာသင့်သည့် အခြားသော အကြောင်းအရင်းတစ်ခုရှိပါသေးသည်။ တစ်ခါတစ်ရံ တရုတ်နိုင်ငံ၏ ဒေသအဆင့်အစိုးရများက အမေရိကန်အတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုပင် ဖြစ်လာနိုင်ပါသည်။ ဥပမာအားဖြင့် Guangdong ခရိုင် လုံခြုံရေးဌာနမှ CIA အရာရှိ Jerry Chun Shing Lee ကို ၂၀၁၀ ပြည်နှစ်တွင် ဖမ်းမိခဲ့ပါသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်မှသာ အမိပြခဲ့ပါသည်။ ထိုဖမ်းဆီးရမိမှုက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ထောက်လှမ်းရေးကွန်ရက်ကို ချိုးဖျက်ရန် အဓိက သတင်းအရင်းအမြစ်တစ်ခုဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဂွန်ဒေါင်ဒေသအစိုးရနှင့် CCP က ဩစတြေးလျတရုတ် ဘီလီယံနာ Chau Chak-wing မှတစ်ဆင့် ဩစတြေးလျနိုင်ငံရေးပါတီများကို တရုတ်၏ အာဘော်များကိုထောက်ခံရန်အတွက် ဒေါ်လာ ၂ မီလီယံကျော် ပေးလှူစေခဲ့ပါသည်။ FBI ၏ဖော်ထုတ်ချက်အရ ထိုသူသည် UN အထွေထွေညီလာခံဥက္ကဋ္ဌဟောင်း John Ashe ကို တရုတ်၏မူဝါဒကို ထောက်ခံကူညီပေးရန် ဆောင်ရွက်ခဲ့သည် တရုတ်၏ UN အတွက် လာဘ်ပေးလာဘ်ယူအစီအစဉ်ကို ကူညီပေးသူလည်းဖြစ်လာခဲ့ပါသည်။ ထိုအစီအစဉ်၏ ငွေကြေးလွှဲပြောင်းမှုတွင်ပါဝင်သည့် အမေရိကန်နိုင်ငံတစ်ဦး ထောင်ချခံခဲ့ရသည်။
တရုတ်အစိုးရအနေဖြင့် နိုင်ငံရပ်ခြားမှ အရည်အချင်းရှိပုဂ္ဂိုလ်များနှင့် အဖိုးတန်ပစ္စည်းများကို ရှာဖွေရန် ကြိုးစားနေပါသည်။ ဒီအချက်က သိသာပါသည်။ တရုတ်၏ ထောင်ချီသော ပညာရှင်နှင့် ကျွမ်းကျင်သူ ရှာဖွေရေးအစီအစဉ်များက တရုတ်နှင့်အမေရိကန် သိပ္ပံပညာရှင်များကို လူသိရှင်ကြား စုဆောင်းနေသည်သာဖြစ်ပါသည်။ အမေရိကန်စက်မှုလုပ်ငန်းများ၏ လျှို့ဝှက်ချက်များကို ရရှိရန် တစ်စိတ်တစ်ပိုင်းရည်ရွယ်ပါသည်။ နိုင်ငံရပ်ခြားတွင် ပညာရှင်စုဆောင်းရေး နေရာပေါင်း ၆၀၀ ကျော်လောက် ဖွင့်လှစ်ထားသည်။ တစ်ချို့အဖွဲ့များက အမေရိကန်နိုင်ငံအတွင်း အခြေချထားပါသည်။ ဒီလို ရှာဖွေ စုဆောင်းရေးအစီအစဉ်တွေက အခြားနိုင်ငံများမှ ကျွမ်းကျင်သူနှင့် နည်းပညာရရှိလိုသော တရုတ်၏ရည်ရွယ်ချက်ကို အထောက်အပံ့ပြုပေးပါသည်။ ဝါရှင်တန်အနေဖြင့် တရုတ်၏ ထိုကဲ့သို့သော အစီအစဉ်များကို သိရှိသော်လည်း ထိုအဖွဲ့များ၏ ဆောင်ရွက်ချက်များ အစီအမံများကို သေချာသိရှိသူ နည်းပါးပါသည်။
အမေရိကန်အနေဖြင့် တရုတ်က သူ၏ နည်းပညာများခိုးယူနေကြောင်း အက်ကြောင်းထပ်အောင်ပြောခဲ့ပါသည်။ သို့သော်လည်း အမေရိကန်အနေဖြင့် တရုတ်၏ရည်ရွယ်ချက်များကို ထိန်းချုပ်လိုလျင် လူထုအကြားနှင့် စီးပွားရေးအရ စဉ်ဆက်မပြတ် ရရှိနေမည့် များပြားသော သတင်းအချက်အလက်များကို စိစစ်သုံးသပ်ရန်၊ စုဆောင်းရန်အတွက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါသည်။ စုဆောင်းရေး၊ ငှားရမ်းရေး အသိပေးချက်များ၊ ဆုချီးမြှင့်ခြင်းများနှင့် သုတေသနအတွက် ငွေကြေးထောက်ပံ့ခြင်းများကို အသေအချာ စုစည်းတည်ဆောက်နိုင်မည်ဆိုပါက အသုံးဝင်သည့် အမြင်များအချက်အလက်များ ရရှိလာမည်ဖြစ်သည်။ ဒေသဆိုင်ရာ CCP များမှ ထွက်ရှိလာသည့် အလွယ်တကူရရှိနိုင်သော အစီရင်ခံစာများ ထုတ်ပြန်ချက်များသည် တရုတ်၏ခြေလှမ်းများကို နားလည်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်လေ့လာလို့ရနေပါသည်။
ယခုအချိန်အထိတော့ အမေရိကန်အနေဖြင့် ဒီလိုအချက်အလက်တွေကို အာရုံစိုက်မှု နည်းပါးပါသည်။ လွန်ခဲ့သည့် ၅ နှစ်ကျော်လောက်က များစွာသော အမေရိကန် ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် Open-source Offices များတည်ထောင်ခဲ့ကြပါသည်။ သို့သော်လည်း သူတို့အတွက် ထောက်ပံ့ကြေးအလုံအလောက်မရဘဲ တစ်ရုံးနှင့် တစ်ရုံး ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြပါ။ ထို့ကြောင့် သူတို့စုဆောင်းနိုင်သည့် အချက်အလက်များ အမြင်များကလည်း မပြည့်မစုံဖြစ်နေပါသည်။ ဒီလိုအပ်ချက်ကိုဖြည့်ဆည်းရန် အမေရိကန်အနေဖြင့် Open-source Agency ကြီးတစ်ခုကို အခိုင်အမာထူထောင်ပြီး သတင်းအချက်အလက် ရယူခြင်း၊ ဆန်းစစ်သုံးသပ်ခြင်းနှင့် အဖွဲ့အစည်းများအားလုံးအား ထိုသတင်းအချက်အလက်များ မျှဝေနိုင်သည့် အခွင့်အာဏာကိုပါ ပေးထားသင့်ပါသည်။
လျှို့ဝှက်ချက်မဟုတ်သည့် သတင်းအချက်အလက်များသည် လူအများသိရှိနိုင်သည့် အချက်အလက်များဖြစ်သည့်အတွက် အစဉ်အလာထောက်လှမ်းရေးအဖွဲ့များတွင်ရှိသည့် ကန့်သတ်ချက်များထားနေရန်မလိုပါ။ ထို့ကြောင့် အမေရိကန်၏မိတ်ဘက်များကိုလည်း ထိုသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ မျှဝေပြီး တရုတ်၏ခြေလှမ်းများကို သတိပေးထားနိုင်ပါသည်။ ထို့ပြင် ဒီလိုသတင်းအချက်အလက်များက အမေရိကန်၏လျှို့ဝှက်လုပ်ငန်းများကို မည်သည့်နေရာတွင် အာရုံစိုက်သင့်သည်ကို ထုတ်ဖော်ရန် ကူညီပေးပါလိမ့်မည်။ ဥပမာအားဖြင့် CCP ၏လွှမ်းမိုးရေးအစီအစဉ်များတွင် လူထုကြားမှ အဖွဲ့အစည်းများ၊ အစည်းအဝေးများဖြင့် ဆောင်ရွက်နေသည့်အတွင် ၎င်းတို့မှတစ်ဆင့် CCP နှင့် ဆက်စပ်နေသည့် တာဝန်ရှိသူများနှင့် အုပ်စုများကို ရွေးထုတ်နိုင်ပြီး သူတို့၏ ပစ်မှတ်ကိုလည်း သိရှိနိုင်ပါသည်။ လျှို့ဝှက်လုပ်ငန်းများအနေဖြင့် ထိုအချက်များမှတစ်ဆင့် မည်သည့်ပုဂ္ဂိုလ်အား ပစ်မှတ်ထားသင့်သည်ကို ဖော်ထုတ်နိုင်ပါသည်။

Myanmar Aspect
12050523

Wednesday, May 3, 2023

အမေရိကန်နိုင်ငံတွင် TikTok အသုံးပြုခွင့်ကို ပိတ်ပင်ရန်အားထုတ်နေခြင်းက ဘယ်လိုရေရှည်သက်ရောက်မှုတွေ ရှိလာနိုင်သလဲ

 


နိဒါန်း
မကြာသေးမီက TikTok ၏ အမှုဆောင်အရာရှိချုပ် Shou Zi Chew ကို အမေရိကန်လွတ်တော်တွင် ကြားနာခြင်းပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံ၏ မူဝါဒ ချမှတ်သူများသည် နိုင်ငံလုံခြုံရေးအရ TikTok အား အမေရိကန်နိုင်ငံတွင် အသုံးပြုခွင့် လုံးဝပိတ်ပင်ရန်ဘက်သို့ ယိမ်းလာကြပါသည်။ အကယ်၍ အမေရိကန်နိုင်ငံကသာ TikTok ကဲ့သို့သော လူမှုကွန်ရက်များကို အသုံးပြုခွင့်ပိတ်ပင်ပါက အင်တာနက် ထိန်းချုပ်မှု အပေါ် ကန့်သတ်သည့် နည်းပေးလမ်းပြဖြစ်လာနိုင်ပြီး အနာဂတ်တွင် ထွက်ပေါ်လာမည့် နည်းပညာအသစ်နှင့် ဝန်ဆောင်မှုအသစ်များကို အသုံးပြုလိုသည့် အမေရိကန်နိုင်ငံ အင်တာနက်အသုံးပြုသူများအပေါ်တွင်လည်း ထိခိုက်မှုများရှိလာနိုင်ပါသည်။ အစိုးရအနေဖြင့် အင်တာနက်အသုံးပြုသူများ၏ Privacy ကို ကာကွယ်နိုင်ခြင်းနှင့် ဆန်းသစ် တီထွင်မှုများ(Innovation)ကို အားပေးခြင်းဆိုသည့် ကဏ္ဍနှစ်ခုအကြား ထိန်းညှိဆောင်ရွက် သွားရန် လိုအပ်သောကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒချမှတ်သူများအနေဖြင့် ထိုကဲ့သို့ ပိတ်ပင်မှုများမပြုလုပ်မီ သေချာစဉ်းစားမှုများပြုလုပ်သင့်ကြောင်း သုံးသပ်ရေးသားထားပါသည်။
ဖော်ပြချက်
TikTok ၏ CEO သည် စင်ကာပူနိုင်ငံသားဖြစ်ပြီး ရုံးချုပ်မှာ စင်ကာပူနိုင်ငံတွင်အခြေစိုက်ထားသော်လည်း တရုတ် ByteDance ကုမ္ပဏီမှ ပိုင်ဆိုင်ပါသည်။ သို့သော်လည်း ထိုကုမ္ပဏီ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို အမေရိကန်ကုမ္ပဏီများ ဖြစ်သည့် General Atlantic နှင့် Fidelity တို့မှ ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် TikTok သည် တရုတ်၊ အမေရိကန်နိုင်ငံတို့အပြင် အခြားသောနိုင်ငံများနှင့်ပါ ချိတ်ဆက်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ မူဝါဒချမှတ်သူအချို့ကမူ TikTok ၏ ByteDance ကုမ္ပဏီသည် တရုတ်နိုင်ငံတွင်ရှိပြီး တရုတ်နိုင်ငံ၏ ဥပဒေကို လိုက်နာ နေရသောကြောင့် အဆိုပါကုမ္ပဏီအနေဖြင့် TikTok အသုံးပြုနေသော အမေရိကန် ပြည်သူများ၏ အရေးကြီးသော အချက်အလက်များကို အလွဲသုံးစားပြုလုပ်နိုင်သည်ဟုဝေဖန်နေကြပါသည်။ သို့သော်လည်း TikTok ၏ အဆိုအရ ၎င်းတို့သည် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် Oracle နှင့် ပူးပေါင်း၍ TikTok အသုံးပြုသော အမေရိကန် ပြည်သူများ၏ အချက်အလက်များကို အမေရိကန်နိုင်ငံတွင်သာ ထားရှိခြင်းဖြစ်သည်ဟုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၌ အမေရိကန်အစိုးရက ၎င်းတို့၏ အစိုးရပိုင် ကွန်ပျူတာများ၊ ဖုန်းများ၊ Laptop များနှင့် အခြားဆက်စပ်ပစ္စည်းများတွင် TikTok အသုံးပြုမှုပိတ်ပင်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံမှ ထိုသို့ဆောင်ရွက်ပြီး မကြာမီတွင် အခြားသောနိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံတို့အပြင် EU ကလည်း အလားတူပြုလုပ်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံအများစု၏ အစိုးရများသည် ၎င်းတို့၏ အစိုးရပိုင်ပစ္စည်းများတွင် လုံခြုံရေးအရ TikTok အသုံးပြုမှု ပိတ်ပင်ခြင်းကို ပြုလုပ်နေကြသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝပိတ်ပင်ခြင်းကိုမူ မပြုလုပ် ကြပါ။ သို့သော်လည်း အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်စပ်ပြဿနာ ဖြစ်ပွား ခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစတင်၍ အိန္ဒိယနိုင်ငံတွင် TikTok အသုံးပြုခွင့်ကို ပိတ်ပင် ခဲ့ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအစိုးရသည် တရုတ်ကုမ္ပဏီများ အများစုပိုင်ဆိုင်သည့် ဆော့ဖ်ဝဲလ် ၃၀၀ ခုကိုလည်း ပိတ်ပင်မှုပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
သုတေသီအချို့ကမူ အိန္ဒိယနိုင်ငံမှ တရုတ်ကုမ္ပဏီအများစု ပိုင်ဆိုင်သည့် ဆော့ဖ်ဝဲလ်များအပေါ် ပိတ်ပင်မှုများပြုလုပ်ခြင်းသည် လုံခြုံရေးအရ ပိတ်ပင်ခြင်းထက် နှစ်နိုင်ငံအကြားတွင် ဖြစ်ပွားနေသောပဋိပက္ခကို တုံ့ပြန်လိုသည့် နိုင်ငံရေးနှင့် သံတမန်ရေး သဘောများလွန်ကဲနေသည်ဟု ဝေဖန်ကြပါသည်။ အာဖဂန်နစ္စတန်နှင့် အီရန် နိုင်ငံတို့ကလည်း TikTok သည် ၎င်းတို့၏ အစ္စလာမ်ဥပဒေနှင့် မကိုက်ညီဟုဆိုကာ ၎င်းတို့နိုင်ငံတွင် အသုံးပြုခွင့် ပိတ်ပင်ထားသည့်အပြင် ဂျော်ဒန်နိုင်ငံကလည်း TikTok သည် ဆူပူမှုများကို လှုံ့ဆော်ပေးနိုင်သည်ဟုဆိုကာ ပိတ်ပင်ခဲ့ပါသည်။ တရုတ်၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ တူကီယဲ၊ တာ့ခ်မင်နစ္စတန်နိုင်ငံတို့ကလည်း Facebook နှင့် Twitter တို့သည် အနောက် အုပ်စုများ၏ ဒီမိုကရေစီစံနှုန်းများနှင့်အခြားသောအရာများကို လှုံ့ဆော်ပေးနေသည့်၊ တစ်နည်းအားဖြင့် ဝါဒဖြန့်ပေးနေသည့်အရာဟုဆိုကာ နိုင်ငံအတွင်း Facebook နှင့် Twitter အသုံးပြုခွင့်ကို ပိတ်ပင်ထားကြပါသည်။
အကယ်၍ အမေရိကန်နိုင်ငံကသာ နိုင်ငံတွင်း TikTok အသုံးပြုခွင့်ကို ပိတ်ပင် (အထူးသဖြင့် လွတ်လပ်စွာပြောဆိုခွင့်အား ပိတ်ပင်ခြင်း) လာပါက အခြားသော ဗဟို ချုပ်ကိုင်မှု အားကောင်းသည့် အစိုးရများကလည်း ထိုသို့ပြုလုပ်ခြင်းကို အကြောင်းပြချက် တစ်ခုအနေဖြင့်အသုံးချပြီး ၎င်းတို့နိုင်ငံများအလိုက် အလားတူပိတ်ပင်မှုများ ပိုမို ပြုလုပ်လာနိုင်ဖွယ်ရှိပါသည်။ အလားတူပင် အခြားသောနိုင်ငံများကလည်း အမေရိကန် နိုင်ငံ၏ ဆော့ဖ်ဝဲလ်များသည် ၎င်းတို့၏ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်သည်ဟုဆိုကာ ပိတ်ပင်မှုများပြန်လည်ပြုလုပ်နိုင်ပါသည်။ ထို့ပြင် နိုင်ငံ၏လုံခြုံရေးကို ဗန်းပြ၍ အခြားသော နိုင်ငံများမှ ထုတ်လုပ်သည့် ပိုမိုဆန်းသစ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပိတ်ပင်ခြင်းသည် အမေရိကန်ပြည်သူများ၏ ခံစားခွင့်နှင့် အသုံးပြုခွင့်တို့အပေါ် များစွာ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒချမှတ်သူများအနေဖြင့် TikTok အသုံးပြုခွင့်အား လုံးဝပိတ်ပင်သည့်မူဝါဒချမှတ်ပါက ရေရှည်အတွက် သေချာစဉ်းစား ချင့်ချိန်ရန် လိုအပ်ကြောင်း အကြံပြုရေးသားထားပါသည်။
သုံးသပ်ချက်
သတင်းအချက်အလက်စစ်ပွဲ(Information Warfare)ခေတ်တွင် သတင်းအချက်အလက်သည် အလွန်အရေးပါသောကြောင့် ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် အစိုးရများသာမက ဒီမိုကရေစီဆိုသည့် အစိုးရများသည်လည်း ၎င်းတို့၏ သတင်းအချက်အလက် ထိန်းချုပ်မှုကဏ္ဍကို အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြပါသည်။ လက်ရှိ အချိန်၌ အမေရိကန်နိုင်ငံကဲ့သို့သော ဒီမိုကရေစီနိုင်ငံကြီးတွင်လည်း ၎င်းတို့အလေးထားသည့် လွတ်လပ်စွာပြောဆိုခွင့်(Freedom of Expression)ကို မျက်ကွယ်ပြု၍ နိုင်ငံ၏ လုံခြုံရေး အတွက် သတင်းအချက်အလက်ထိန်းချုပ်ရေးကို ပိုမိုဆောင်ရွက်ရန် ကြိုးစားလာကြရသည်သာ ဖြစ်ပါသည်။ သို့သော်လည်း ပြည်တွင်းတည်ငြိမ်ရေးကိုသာ ဦးစားပေးနေရသည့် နိုင်ငံငယ်များအပေါ်တွင်မူ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာပြောဆိုခွင့်စသည့် ခေါင်းစဉ်များဖြင့် ဖိအားပေးခြင်းများ ဆောင်ရွက်နေခြင်း၏ ရည်ရွယ်ချက်ကို နားလည်နိုင်ရန်မှာ ၎င်းတို့၏ လက်တွေ့ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်ထားရန် လိုအပ်ကြောင်း သုံးသပ် ဖော်ပြလိုက်ရပါသည်။

Myanmar Aspect

11050423

Tuesday, May 2, 2023

အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော Track 1.5 တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ဘာတွေသိသားသင့်သလဲ



နိဒါန်း
ဆောင်းပါးတွင် အိန္ဒိယနိုင်ငံက မြန်မာ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအနေဖြင့် Track 1.5 Diplomacy ကို နည်းလမ်းတစ်ခုအနေဖြင့် ပေါင်းစပ်အသုံးပြုသင့်ကြောင်း၊ ယခု အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် စေ့စပ်ညှိနှိုင်းမှုများတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများလျှော့ချရန်နှင့် ပဋိပက္ခဖြစ်ပွား နေသည့်နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့မှု အရှိန်မြှင့်တင်ရန်ဆိုသည့် အလွတ်သဘော သဘောတူညီချက်များထားရှိခဲ့ကြောင်း စသည့်အချက်များကို ရေးသားထားပါသည်။
ဖော်ပြချက်
အိန္ဒိယနိုင်ငံသည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့်အစည်းအဝေးနှင့် အလားတူ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Track 1.5 Diplomacy အသုံးပြု၍ ကျင်းပသည့် အစည်းအဝေးကို ဧပြီလနောက်ဆုံးသီတင်းပတ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံမှအရာရှိများ၊ သုတေသနအဖွဲ့များ၊ မြန်မာနိုင်ငံစစ်အစိုးရ ဘက်မှ အလယ်အလတ်အဆင့်ရှိ ကိုယ်စားလှယ် အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံ(ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား)အပြင် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။ ယခုတစ်ကြိမ်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဂျပန်နိုင်ငံကို တက်ရောက်ရန် အသိပေးမှုနောက်ကျခဲ့သည့်အတွက် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံက မြန်မာစစ်အစိုးရနှင့် အာဆီယံဒေသတွင်းနိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် အထောက်အပံ့ ပေးနိုင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးရန် သဘောတူညီခဲ့ပါသည်။ အစည်းအဝေးကို တက်ရောက်ခဲ့ကြသည့်နိုင်ငံများက အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အရေးကို ဖြေရှင်းရာတွင် Track 1.5 Diplomacy ကို ပေါင်းစပ်အသုံးပြုပြီး ဖြေရှင်း သင့်သည်ဟု ထောက်ခံပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့်နိုင်ငံများက အနာဂတ်တွင် ဆက်လက်ကျင်းပမည့် အစည်းအဝေးများ၌ အိမ်နီးချင်းနိုင်ငံများ၏ သဘောထားအမြင်များ ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟုလည်း မှတ်ချက်ပြုခဲ့ကြပါသည်။ အာဆီယံသည် မြန်မာနိုင်ငံအရေးဖြေရှင်းရာတွင် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားခြင်းမရှိဟု အိန္ဒိယနိုင်ငံဘက်မှ ဝေဖန်ပြောကြားခဲ့ပါသည်။ လက်ရှိ အချိန်တွင် Track 1.5 စေ့စပ်ညှိနှိုင်းမှုသည် Unofficial ဖြစ်နေသေးသည့်တိုင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းအရေးကိစ္စများ စေ့စပ်ညှိနှိုင်းမှုအတွက် ခိုင်မာသည့်အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပြီး၊ Track 1.5 အသုံးပြု၍ စေ့စပ်ညှိနှိုင်းမှုများ အထမမြောက်ခဲ့လျှင် ပေါ်ပေါက်လာနိုင်သည့် အကျိုးဆက်များကို အနည်းဆုံးဖြစ်စေရန်နှင့် ရှောင်ရှားနိုင်ရန်အတွက် အစည်းအဝေးကို အရာရှိငယ်များနှင့် အလယ်အလတ်အဆင့် ကိုယ်စားပြုသူများဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ အစည်းအဝေးတွင် ပါဝင်သော ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံအစိုးရများထံ ပြန်လည်အစီရင်ခံရမည် ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် လာအိုနိုင်ငံတွင် ကျင်းပမည့် Track 1.5 တွေ့ဆုံပွဲ အတွက် ပြင်ဆင်ရမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် လာအိုနိုင်ငံသည် တရုတ်နိုင်ငံ၏ မူဝါဒနှင့်အလွန်နီးစပ်သည်ဟု အထင်ခံ နေရပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသံတမန်ရေးရာကိစ္စရပ်များတွင် ပိုမိုပါဝင် လာနေကြောင်း ဖော်ပြထားပါသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ် အပါအဝင် အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် မြန်မာစစ်အစိုးရ နှင့် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ခပ်စိပ်စိပ် ဖြစ်လာသည်ကို ပြသနေပါသည်။ ဘန်ကီးမွန်းအပြင် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မြန်မာအစိုးရခေါင်းဆောင်နှင့် တွေ့ဆုံ ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုနှင့် သဘောတူညီချက်များက လာမည့် မေလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးအပါအဝင် အာဆီယံ၏ သံတမန်ရေးဦးဆောင်မှုကဏ္ဍမှာ မေးခွန်းထုတ် ဖွယ်ရာဖြစ်လာပြီး အာဆီယံအပေါ် ယုံကြည်ကိုးစားမှု ထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများ ရှိလာနေပါသည်။ Track 1.5 ကို ပုံဖော်သည့်နေရာတွင် အဓိကဦးဆောင်မှုပြုပေးခဲ့သည့် ထိုင်းနိုင်ငံကိုလည်း စင်ကာပူနိုင်ငံကဲ့သို့သော အခြားအာဆီယံနိုင်ငံများက ဝေဖန်မှုများ ရှိနေကြောင်း ဖော်ပြထားပါသည်။
ဘန်ကီမွန်း၏ ခရီးစဉ်တွင်လည်း မြန်မာနိုင်ငံရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်မည့် အခြေအနေရောက်မှသာ ရွေးကောက်ပွဲ ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့ပြီး၊ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲကျင်းပလျှင် အကြမ်းဖက်မှုနှင့် သဘောထားကွဲလွဲမှုများသာ တိုးပွားမည်ဖြစ်သည်ဟုဆိုပါသည်။ ထိုရွေးကောက်ပွဲရလဒ်သည်လည်း မြန်မာ ပြည်သူများနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ​၏ အသိအမှတ်ပြုခံရမည်မဟုတ်ဟု အကြံပြုခဲ့ပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အင်အားသုံးဖြေရှင်းမှုများ လျှော့ချရန်နှင့် အပြုသဘောဆောင်သည့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် အလေးပေး ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားထားချက်များအရ ယခုမြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများတွင် ကျင်းပခဲ့သည့် Track 1.5 တွေ့ဆုံပွဲများသည် အလွန် ထိရောက်မှုရှိနေပြီး အနောက်အုပ်စုနှင့် နီးစပ်သည့် အာဆီယံနိုင်ငံများနှင့် NUG အဖွဲ့ဘက်မှ မကျေနပ်သည့် အမြင်များကို ထင်ဟပ်ပြထားသည်ကို တွေ့ရှိ ရပါသည်။ ယခုအခါ မြန်မာနိုင်ငံအရေးဖြေရှင်းဆောင်ရွက်မှုကို အာဆီယံအဖွဲ့အား ဗဟိုပြုနေရာမှ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို ဗဟိုပြုခြင်းသို့ ပြောင်းလဲလာခြင်းသည် လက်တွေ့ကျပြီး ထိရောက်မှုရှိနေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၌ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက တိုက်ရိုက်သက်ရောက်မှု ခံစားရမည့် နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ခြင်းကြောင့် ၎င်းတို့၏ Track 1.5 တွေ့ဆုံပွဲများကို ဦးဆောင်သည့် အကြောင်းပြချက်နှင့် စိုးရိမ်ပူပန်မှုမှာလည်းခိုင်လုံသည့် အကြောင်းပြချက်များဖြစ်နေသည်ကို တွေ့ရှိရပါသည်။
ယခုအချိန်၌ NUG အဖွဲ့နှင့် အနောက်အုပ်စုဘက်မှတင်ပြနေသည့် နည်းလမ်းမှာ လာအိုနိုင်ငံသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မပြောင်းလဲသေးခင်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံ၏မူဝါဒကို ပြောင်းလဲ၍ မရစေရန်ဆောင်ရွက်ခြင်း၊ အလှည့်ကျဥက္ကဋ္ဌ ပြောင်းသော်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို မပြောင်းလဲဘဲ အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ကိုယ်စားလှယ်ရုံးမှသာ ဆက်လက် ဆောင်ရွက်ခြင်းနည်းလမ်းများကို စဉ်းစားနေကြကြောင်း သုံးသပ်ရပါသည်။
Myanmar Aspect
10050223

Monday, May 1, 2023

BRICS အဖွဲ့၏ ဒေါ်လာအစားထိုးငွေကြေး အစီအစဉ်နှင့် ဒေါ်လာလွှမ်းမိုးမှုကို ကိုင်လှုပ်လာနိုင်ခြင်း

 



ယခုကာလတွင် ဒေါ်လာသုံးစွဲမှုလျော့ချရေးအကြောင်း အပြောများကြပါသည်။ ယခင်လ (မတ်လ) က ရုရှားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Alexander Babakov က ရုရှားနိုင်ငံအနေဖြင့် ငွေကြေးအသစ်တစ်ခုထုတ်လုပ်နိုင်ရန် ဦးဆောင်ကြိုးပမ်းနေကြောင်း နယူးဒေလီသို့ ရောက်ရှိစဉ်ပြောကြားခဲ့သည်။ ၎င်းငွေကြေးကို BRICS အဖွဲ့ဝင်နိုင်ငံများ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) အကြား ကုန်သွယ်ရေးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ကလည်း တရုတ်နိုင်ငံသို့ရောက်ရှိစဉ်တွင် ကလည်း ၎င်းအနေဖြင့် “နိုင်ငံတွေအချင်းချင်းကုန်သွယ်ကြတဲ့နေရာမှာ အားလုံးက ဒေါ်လာကိုမဖြစ်မနေ သုံးဖို့လိုလို့လား” ဟု မှတ်ချက်ပြုခဲ့သည်။
BRICS မှထွက်ပေါ်လာနိုင်သည့် ငွေကြေးသည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးနိုင်မှုကိုသာမက G7 အဖွဲ့ကိုလည်း ခြိမ်းခြောက်လာနိုင်သည်။ နိုင်ငံတကာအစိုးရများအနေဖြင့် ဒေါ်လာအပေါ်မှီခိုနေရမှုမှ လွတ်မြောက်လိုကြခြင်းမှာ အသစ်အဆန်းတော့မဟုတ်ပါ။ ၁၉၆၀ ပြည့်နှစ်လွန်ကာလများကတည်းက နိုင်ငံခြားတိုင်းပြည်များတွင် ဒေါ်လာကိုဖြိုချလိုသည့် ဆန္ဒများရှိခဲ့ကြပါသည်။ သို့ပေမယ့် ရလာဒ်ထွက်အောင် မစွမ်းနိုင်ခဲ့ကြပါ။ ယခုအချိန်တွင်လည်း ဒေါ်လာကို နိုင်ငံတကာကုန်သွယ်မှု၏ ၈၄.၃ ရာခိုင်နှုန်း သုံးစွဲနေကြဆဲဖြစ်သည်။ တရုတ်ယွမ်ကို သုံးစွဲမှု ၄.၅ ရာခိုင်နှုန်းသာရှိသေးသည်။ ယခုလည်း ရုရှားနိုင်ငံက ဒေါ်လာဆန့်ကျင်ရေးအယူအဆများကို ထုတ်ဖော်ပေးနေသည်။ သို့သော်လည်း ရုရှားနိုင်ငံ၏အယူအဆကို အခြားသော BRICS အဖွဲ့ဝင်နိုင်ငံများက ဘယ်လောက်အတိုင်းအတာအထိ လက်ခံကြသည်ကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မည်သို့ပင်ဆိုစေ စီးပွားရေးပညာရှင်တစ်ချို့ကတော့ BRICS မှ ထုတ်လုပ်သည့် ငွေကြေးမှာ အောင်မြင်ရန်အလားအလာရှိသည်ဟု ဆိုသည်။ ကနဦးအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဒေါ်လာဖြင့်စုဆောင်းထားသည့် နိုင်ငံခြားအရံငွေကို အမှန်တယ်လျော့ချနိုင်ကြမည်လားဆိုသည့် ကိစ္စက မရှင်းလေးပါ။ ယခင်က တင်ပြခဲ့သည့် ဒီဂျစ်တယ်ယွမ် အစီအစဉ်ထက်တော့ ယခု BRICS ငွေကြေးဆိုသည်က ဒေါ်လာကို ကိုင်လှုပ်နိုင်မည့်၊ ဖြုတ်ချနိုင်မည့် အလားအလာရှိနေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။
ရုရှားနှင့်တရုတ် နှစ်နိုင်ငံချင်း သဘောတူ၍ ယွမ်ငွေကြေးဖြင့် ကုန်သွယ်နေသည် ဆိုပါစို့။ ရုရှားအနေဖြင့် ၎င်း၏ သွင်းကုန်အားလုံးကို တရုတ်တစ်နိုင်ငံတည်းကို မှီခိုနေနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ရုရှားအနေဖြင့် အခြားသော ဒေါ်လာနှင့်ဝယ်ယူရမည့် (သို့) ဒေါ်လာကို အသုံးပြုဆဲရှိသေးသည့် နိုင်ငံများက ကုန်ပစ္စည်းဝယ်ယူတင်သွင်းမှုများကိုဆောင်ရွက်ရန် ဒေါ်လာကို ပစ်ပယ်၍မရနိုင်သေးပါ။
သို့သော်လည်း တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးက ယွမ်နေရာတွင် BRICS မှသတ်မှတ်မည့် ငွေကြေးကိုသာ အစားထိုးသုံးစွဲကြမည်ဆိုပါက ရုရှားအနေဖြင့် ဒေါ်လာလိုအပ်ချက်မရှိတော့ပါ။ BRICS အဖွဲ့ဝင်အချင်းချင်းနှင့် အခြားသော နိုင်ငံများအကြားတွင် BRICS ငွေကြေးဖြင့်ကုန်သွယ်နိုင်လာမည်ဖြစ်သည်။ ဒီလိုအမှန်တကယ်ဖြစ်လာမည်လားဟုမေးလျှင် YES ဟုသာ ဖြေရပါလိမ့်မည်။
၂၀၂၂ ခုနှစ်တွင် BRICS နိုင်ငံများ၏ ကုန်သွယ်ရေးပိုငွေ ၃၈၇ ဘီလီယံဒေါ်လာရှိခဲ့သည်။ တရုတ်နိုင်ငံက အများဆုံးဖြစ်ပါသည်။ ယခင်ကနှင့် မတူသည်မှာ BRICS နိုင်ငံများအနေဖြင့် အခြားငွေကြေးအသုံးပြုသော နိုင်ငံများနှင့် ကုန်သွယ်မှုလျော့ချနိုင်ရန်အတွက် ၎င်းတို့နိုင်ငံအချင်းချင်းကြား လုံလောက်သည့် ကုန်သွယ်မှုကဏ္ဍတစ်ရပ်တည်ဆောက်ရန် အသင့်အနေအထားရှိနေပြီဖြစ်သည်။ ထို့ပြင် BRICS နိုင်ငံများသည် နယ်နမိတ်ချင်းထိစပ်ပြီး ဒေသတစ်ခုအတွင်း တည်ရှိနေသည်မဟုတ်ပါ။ ဒေသအလိုက်တည်ရှိနေကြခြင်းကြောင့် အခြားငွေကြေးသုံးစွဲသည့် နိုင်ငံများထက် ကျယ့်ပြန့်သည့် ကုန်ပစ္စည်းလိုအပ်ချက်များကို ထုတ်လုပ်နိုင်စွမ်းရှိနေပါသည်။ ထိုပထဝီတည်နေရာ ကွဲပြားနေခြင်းကပင် ဒေသတစ်ခုအတွင်း စုစည်းတည်ရှိနေသည့် ဥရောပ နိုင်ငံများ၏ ငွေကြေးကို သုံးစွဲရန် ရှောင်ရှားနိုင်သည့် အားသာချက်ဖြစ်နေသည်။ EU သည် ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်ရေး၌ ၄၇၆ ဘီလီယမ်ဒေါ်လာ လိုငွေပြနေခဲ့သည်။
ထို့ပြင် BRICS နိုင်ငံများအနေဖြင့် ၎င်းတို့အချင်းချင်း ကုန်သွယ်မှုတွင်လည်း ပိတ်မိနေသည်လည်း မဟုတ်ပေ။ အကြောင်းမှာ BRICS နိုင်ငံများအနေဖြင့် ၎င်းတို့တည်ရှိနေသည့် ဒေသအလိုက် ခိုင်မာသည့် စီးပွားရေးကို တည်ဆောက်ထားနိုင်သည်။ ထို့ကြောင့် အခြားဒေသတွင်းနိုင်ငံများအနေဖြင့် BRICS ငွေကြေးဖြင့် ကုန်သွယ်ကြရန် ဆန္ဒရှိလာကြမည်သာဖြစ်သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံအနေဖြင့် တရုတ်နှင့် ကုန်သွယ်ရာတွင် BRICS ငွေကြေးကိုသုံးစွဲလာမည်ဆိုပါက အခြား BRICS အဖွဲ့ဝင်ဖြစ်သည့် ဘရာဇီးနိုင်ငံက ထိုင်းတင်ပို့သူများထံမှ ပုဇွန်ဝယ်ယူပြီး ဈေးကွက်အာမခံချက် ပိုမို သေချာစေမည်သာဖြစ်သည်။ BRICS ငွေကြေးသုံးစွဲသည့် နိုင်ငံများအချင်းချင်း ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်ပြုလုပ်ပြီး ကုန်သွယ်ရေးကန့်သတ်ချက်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အခြားနိုင်ငံများနှင့်လည်း အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အမေရိကန်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို ပိတ်ဆို့လိုက်မည်ဆိုပါက ၎င်းအနေဖြင့် တရုတ်၏ကုန်ပစ္စည်းများကို ဗီယက်နမ်ကဲ့သို့ အခြားနိုင်ငံများမှတစ်ဆင့် ပြန်လည်ဝယ်ယူ တင်သွင်း နေရမည်သာဖြစ်သည်။

အမေရိကန်နှင့် ဥရောပအနေဖြင့် ရုရှားနိုင်ငံအား စီးပွားရေးအရ အထီးကျန်စေရန် ဆောင်ရွက်နေခြင်းကြောင့် ရုရှားနိုင်ငံကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများက အခြား BRICS နိုင်ငံများကို တပ်လှန့်သံပေးနေသည်။ လက်တွေ့တွင် အမေရိကန်နှင့် ဥရောပ ကုန်ပစ္စည်းများက ရုရှားနိုင်ငံသို့ စီးဝင်နေသည်သာဖြစ်သော်လည်း ရုရှားအနေဖြင့် သာမာန်ထက် ကုန်ကျစရိတ်တော့ မြင့်တက်လာသည်သာဖြစ်ပါသည်။ အကယ်၍ BRICS နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံကြုံတွေ့နေရသည့် အခက်အခဲများကို သင်ခန်းစာယူမည်ဆိုပါက ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချရန်အတွက် အမှန်တကယ် ဆန္ဒရှိလာပြီး ၎င်းတို့ရည်ရွယ်ချက်အောင်မြင်ရန် စွန့်စားကြည့်ကြမည်ဖြစ်သည်။
BRICS နိုင်ငံများ၏ ဒေါ်လာအရံငွေကို အစားထိုးရန်အတွက် ၎င်းနိုင်ငံများအနေဖြင့် ကုန်သွယ်ရေးနှင့်မပတ်သက်သည့် BRICS ငွေကြေး အသားတင်ပိုင်ဆိုင်ထားမှုကတော့ ရှိရမည်ဖြစ်သည်။ BRICS နိုင်ငံများက ထိုလိုအပ်ချက်ကို ရအောင် ဖြည့်ဆည်းမည်သာဖြစ်ပါသည်။ BRICS အနေဖြင့် ကုန်သွယ်မှုပိုငွေပြနေသည့်အတွက် အခြားနိုင်ငံများ ၎င်း၏ငွေကြေးကို သုံးစွဲလာရန်အတွက် အများကြီး အားစိုက်စရာမလိုအပ်ပါ။ BRICS အစိုးရများက အပျော့အမာ နည်းလမ်းနှစ်သွယ်ကို အချိုးညီညီသုံးလိုက်လျှင် BRICS ငွေကြေးသုံးစွဲသည့် ရပ်ဝန်းတစ်ခုကဖြစ်ပေါ်လာပြီး ထိုဈေးကွက် တည်ငြိမ်နေရန်အတွက်လည်း ထိန်းကျောင်းနိုင်မည်ဖြစ်သည်။
ထို့ပြင် BRICS ငွေကြေးက အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် အလားအလာများလည်းရှိနေသည်။ ရွှေကို ပိုင်ဆိုင်မှုတစ်ခုအနေဖြင့် စုဆောင်းထားရန်ကိစ္စမှာ စွန့်စားမှုယူရခြင်းမရှိသော်လည်း အတိုးမရပေ။ သို့သော်လည်း BRICS အနေဖြင့် ၎င်းတို့၏ ငွေကြေးအသစ်ကို ရွှေအပြင် အခြားသော မြေရှားသတ္ထုများဖြင့် အာမခံပေးထားရန် အစီအစဉ်ရှိသည့်အတွက် ပိုင်ဆိုင်မှုများကြောင့် ရရှိလာမည့် အတိုးကလည်း ရွှေတိုးရသကဲ့သို့ ဖြစ်လာပေမည်။ ဒါက သိပ်ကိုထူးခြားသည့်အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ငွေကြေးကိုသုံးစွဲလျှင် ငွေပိုင်ဆိုင်မှုနှင့် ရွှေပိုင်ဆိုင်မှုနှစ်ခုစလုံး ရရှိစေမည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်နေပေသည်။
ထိုသို့ ရွှေတိုးပါရနိုင်သည့် အစီအစဉ်က BRICS ငွေကြေးကို သုံးစွဲသည့်နိုင်ငံများကို စွန့်စားမှုကို အတော်လေးလျော့နည်းစေသည်။ BRICS အဖွဲ့ဝင်နိုင်ငံများတွင် ရှိလာနိုင်သည့် အကြွေးကိစ္စများသည်ပင် ပြဿနာပေးနိုင်သည့် အခြေအနေမရှိတော့ပါ။ BRICS ငွေကြေးဖြင့် အကြွေးပေးထားရသည့် နိုင်ငံအနေဖြင့် အကြွေးကာလကြာရှည်မှုကို လျော့ချနိုင်ခြင်းကြောင့် စွန့်စားမှုနည်းသွားရခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် တောင်အမေရိက အစိုးရက ရင်းနှီးမြှုပ်နှံသူများကို ယခုလမှစ၍ ငွေ ၃၀ ကို အကြွေးပြန်ဆပ်မည်ဆိုပါစို့။ ငွေကြေး၏ ခိုင်မာမှုနှင့် ရွှေပေါင်ရှိမှုကြောင့် ပြန်ဆပ်သည့်ကာလက နှစ်ပေါက်မည်မဟုတ်ဘဲ ရက်ပိုင်း လပိုင်းအတွင်းပင် အကြေဆပ်နိုင်မည်ကို ယုံကြည်နိုင်မည်ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် BRICS ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ဈေးကွက်တွင် ဈေးမြှင့်တင်မည်ဆိုပါကလည်း အလုပ်ဖြစ်နိုင်ပါသည်။ ထိုဈေးကွက်ခိုင်မာမှုက ရင်းနှီးမြှုပ်နှံသူများ၏ စွန့်စားမှုယူရခြင်းကို လျော့ပါးသွားစေခြင်းဖြစ်ပါသည်။ ထို့ကြောင့် BRICS နိုင်ငံများ၏ ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးတစ်ခု ဖန်တီးရန် ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြမည်သာဖြစ်ပါသည်။
BRICS ငွေကြေးသုံးစွဲမှုတွင် အခက်အခဲတစ်ချို့တော့ရှိနိုင်ပါသည်။ ပထမဦးစွာ ၎င်းငွေကြေးကို ပြည်တွင်းထက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများတွင် သုံးစွဲမည်ဖြစ်သောကြောင့်၊ BRICS နိုင်ငံများ၏ ဗဟိုဘဏ်လုပ်ငန်းဆောင်တာများ ရှုပ်ထွေးလာပါမည်။ တစ်နိုင်ငံထက်ပိုသည့် နိုင်ငံများအတွက် အလုပ်လုပ်ရသည့် ဥရောပ ဗဟိုဘဏ်ကဲ့သို့သော ဘဏ်ကြီးတစ်ခု တည်ဆောက်၍ BRICS ငွေကြေးကို စီမံခန့်ခွဲရပေမည်။ သို့သော်လည်း ဒီအခက်အခဲတွေက ကျော်လွှားလို့ မရသည့် အခက်အခဲတွေတော့ မဟုတ်ပါ။
BRICS နိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးတွင်လည်း အခက်အခဲများရှိနိုင်ပါသည်။ သို့သော်လည်း BRICS ငွေကြေးက အကျိုးစီးပွားတူညီရာ အုပ်စုအလိုက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ကူညီပေးသွားပါလိမ့်မည်။ ဥပမာအားဖြင့် BRICS နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် အချင်းချင်း ကတောက်ကဆဖြစ်သည့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများရှိကြပါသည်။ သို့သော်လည်း ဒီနှစ်နိုင်ငံက ဒေါ်လာလွှမ်းမိုးမှုလျော့ချလိုသည့်နေရာတွင် အကျိုးစီးပွားတူညီနေကြသည်။ ၎င်းနှစ်နိုင်ငံအနေဖြင့် ပြိုင်ဆိုင်လျက်ပင် တူညီရာအကျိုးစီးပွားများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
သို့သော်လည်း BRICS ငွေကြေးအနေဖြင့် ဒေါ်လာကို လုံးဝအစားထိုးနိုင်မည်မဟုတ်ဘဲ ဒေါ်လာသုံးစွဲသည့် နိုင်ငံများ လျော့နည်းသွားရန်သာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ ဒေါ်လာ၏ လွှမ်းမိုးမှုကို ပယ်ဖျက်နိုင်သည်ထားဦး ကမ္ဘာ့နိုင်ငံများက ဒေါ်လာကို ဆက်လက်သုံးစွဲနေဦးမည်သာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာကြီး၏ ငွေကြေးမူဘောင်က ဧကမဏ္ဍိုင် (Unipolar) မှ ဗဟုမဏ္ဍိုင်(Multipolar) ပိုဆန်လာပါလိမ့်မည်။
အမေရိကန်တွေကတော့ ဒေါ်လာ၏ ကမ္ဘာ့နံပါတ် ၁ နေရာမှ လျော့ကျလာမည့်အခြေအနေကို စိတ်မကောင်းဖြစ်ကြပါလိမ့်မည်။ သို့သော်လည်း အထူးစိုးရိမ်စရာတော့မလိုလှချေ။ ဒေါ်လာက ကမ္ဘာ့နံပါတ် ၁ ဖြစ်နေခြင်းကပင် အမေရိကန်အတွက် အသွားနှစ်ဖက်ပါသည့်ဓား (သို့မဟုတ်) ကောင်းခြင်း ဆိုးခြင်းများ ဒွန်တွဲနေသည်သာဖြစ်ပါတယ်။ အမေရိကန်အနေဖြင့် ဒေါ်လာကြောင့် နိုင်ငံခြားရေးမူဝါဒတွင် အရေးယူပိတ်ဆို့ခြင်းများကို လက်နက်တစ်ခုအနေဖြင့် သုံးနိုင်သကဲ့သို့ ဒေါ်လာကြောင့်ပင် အမေရိကန်ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဈေးမြင့်တက်ရပြီး ပြည်ပပို့ကုန်များ လျော့ကျပြီး အလုပ်အကိုင်အတွက် ကုန်ကျစရိတ်များ မြင့်တက်ရခြင်း ဖြစ်ပါသည်။ ဒေါ်လာကြောင့် ပြည်တွင်းရေးအတွက် အားနည်းချက်များရှိသကဲ့သို့ ပြည်ပရန်သူများကို ရင်ဆိုင်ရန်အတွက် အားသာချက်ရှိပါသည်။
ဒေါ်လာကြောင့် ပြည်တွင်းရှိ ပြည်ပပို့ကုန် ယှဉ်ပြိုင်မှုနှင့် အလုပ်အကိုင်များ ဆုံးရှုံးရကြောင်းကို နားလည်သည့် Jared Bernstein လို ပညာရှင်များ အိမ်ဖြူတော်တွင် စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဦးဆောင်နေပါသည်။ ဒီလို ကန့်သတ်ချက်များကပင် စီးပွားရေးကျုံ့ဝင်နေသည့် အမေရိကန်အတွက် အချိန်ကြာလာသည်နှင့်အမျှ ဝန်ထုပ်ဝန်ပိုးဖြစ်လာရခြင်း ဖြစ်ပါသည်။ ဒေါ်လာ၏ အားသာချက်များထဲက အထူးအားသာချက်ကတော့ အမေရိကန်၏ လုံခြုံရေးအကျိုးစီးပွားကို မြှင့်တင်နိုင်ခြင်း ဖြစ်ပါသည်။ ယခု ၂၁ ရာစုတွင်လည်း တရုတ်နှင့် ရုရှားတို့က အမေရိကန်၏လုံခြုံရေး အကျိုးစီးပွားကို ခြိမ်းခြောက်လာသည်ဟု သတ်မှတ်ထားပါသည်။ ထိုသို့ဆိုလျှင် အမေရိကန်နိုင်ငံ၏ ရုရှားနိုင်ငံကို ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများသည် တဖြည်းဖြည်းနှင့် ထိရောက်မှုမရှိဖြစ်လာပါလိမ့်မည်။
အကယ်၍ BRICS အဖွဲ့ဝင်နိုင်ငံများ၏ အရံငွေကြေးကို ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးတစ်ရပ်ဖြင့် အမှန်တကယ်သာ တီထွင်အစားထိုးလာမည်ဆိုပါက သမရိုးကျမဟုတ်သည့် တုံ့ပြန်မှု အမျိုးမျိုးနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ထောက်ခံသူများထဲတွင် BRICS နိုင်ငံများအပါအဝင် အမေရိကန်လွှတ်တော်မှ ရီပါဘလစ်ကန်များနှင့် သမ္မတ ဂျိုးဘိုင်ဒန်၏ စီးပွားရေးအကြံပေးများအထိ ပါဝင်လာနိုင်ပါသည်။ လှောင်ပြောင်ကန့်ကွက်သူများက သမ္မတဟောင်း ထရန့်နှင့် အမေရိကန်အမျိုးသားလုံခြုံရေး အဝန်းအဝိုင်းများဖြစ်လာပါလိမ့်မည်။ ဒေါ်လာဘုရင်နန်းကျခြင်းက နေ့ချင်းညချင်း ဖြစ်ပေါ်လာမည်ဟုတ်သော်လည်း BRICS ၏ ငွေကြေးက ၎င်း၏ဩဇာကို တစ်ဖြည်းဖြည်း တိုက်စားသွားလိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(ဆောင်းပါးရှင် Joseph W. Sullivan သည် ယခု Lindsey Group ၏ စီနီယာအကြံပေးဖြစ်သလို ယခင် ထရန့်အစိုးရလက်ထက်က အိမ်ဖြူတော်စီးပွားရေးအကြံပေးကောင်စီကို အစီရင်ခံရသည် အထူးအကြံပေးတစ်းဦးလည်း ဖြစ်ပါသည်။)

Myanmar Aspect
9050123