Tuesday, June 6, 2023

တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားများတွင် ဒရုန်းများပါဝင်လာမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
မကြာသေးမီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ မောင်းသူမဲ့ ဒရုန်းများ ထိုင်ဝမ်အနီး၌ တစ်ပတ်အတွင်း နှစ်ကြိမ်ပျံသန်းခဲ့ခြင်းကြောင့် အများစုသည်တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ အလေးထားစောင့်ကြည့်နေ ကြပါသည်။ လက်ရှိအချိန်၌ PLA သည် မောင်းသူမဲ့ဒရုန်းများနှင့် မောင်းသူပါဝင်သည့် စစ်လေယာဉ်များအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု(Interoperability) ပိုမို အားကောင်းစေရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါမောင်းသူမဲ့ဒရုန်းများ၏ စွမ်းရည် (အမြင့်ပေပျံသန်းနိုင်မှုနှင့် အချိန်ကြာမြင့်စွာပျံသန်းနိုင်မှု)သည်လည်း ပိုမိုတိုးတက်လာသည်နှင့်ပတ်သက်၍ သိသင့်သည်များကို သုံးသပ်ဖော်ပြပေးပါမည်။
တွေ့ရှိချက်
ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တရုတ် နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းများ (BZK-005 ၊ BZK-007 ၊ TB-001)နှင့် အခြားသော စစ်လေယာဉ်များ(Fighters J-10s၊ Fighter-Bombers Su-30၊ Fighter-Bombers J-16s၊ KQ-200 ASW-MPA)သည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးနယ်နိမိတ် အတွင်းသို့ တစ်လလျှင် သာမန်အားဖြင့် ၁၆ ကြိမ်နီးပါး ဝင်ရောက်လျက်ရှိသော်လည်း ပြီးခဲ့သည့်လအတွင်း၌ ဝင်ရောက်သည့် အကြိမ်အရေအတွက်မှာ ပိုများလာခဲ့ပါသည်။ ယခင်ကတည်းကပင် တရုတ်နိုင်ငံသည် ၎င်း၏ မောင်းသူမဲ့လေယာဉ်များဖြစ်သည့် BZK-005 ၊ BZK-007 ၊ TB-001 တို့အား တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တို့တွင် တပ်ဖြန့်ထားပြီး ဂျပန်နိုင်ငံကလည်း အငြင်းပွားနေသည့် Diaoyu/ Senkaku ကျွန်းတစ်ဝိုက်နှင့် Miyako ရေလက်ကြား၌ တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ဒရုန်းများမကြာခဏဆိုသလို ပျံသန်းနေသည်ဟုစွပ်စွဲထားထားပါသည်။
တရုတ်နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းများ ထိုင်ဝမ်နယ်နိမိတ်အတွင်းသို့ မကြာခဏ ဆိုသလိုဝင်ရောက်နေခြင်းသည် ထိုင်ဝမ်အပေါ်စစ်အင်အားသုံး၍ တိုက်ခိုက်ခြင်းမျိုးထက် ဖိအားပေးသည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်နေခြင်းဖြစ်ပါသည်။ ထို့ပြင် သုတေသီအချို့က တရုတ်နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းများသည် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကဲ့သို့သော လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာ၌ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေကြသည်ဟု ဆိုသည်။ သို့သော်လည်း လက်ရှိအချိန်ထိ ကမ္ဘာပေါ်ရှိ မည်သည့်ဒရုန်းမဆို နိုင်ငံများ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ရန်မှာ မစွမ်းဆောင်နိုင်သေးပါ။ ထို့ကြောင့် တရုတ်မောင်းသူမဲ့ဒရုန်းများအနေဖြင့် ထိုင်ဝမ်ခေါင်းဆောင်အား ပစ်မှတ်ထား တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သေးဟု ဆိုရပါမည်။ အချို့သော သုတေသီများကမူ မောင်းသူ ပါဝင်သည့်လေယာဉ်များသာမက မောင်းသူမဲ့ဒရုန်းများသည်ပင် အခြားသောနယ်နိမိတ် တစ်ခုအတွင်း ဝင်ရောက်ခွင့်မရှိသောကြောင့် ထိုင်ဝမ်နယ်နိမိတ်အတွင်းသို့ ဝင်ရောက် နေသည့် တရုတ်မောင်းသူမဲ့ဒရုန်းများနှင့် မောင်းသူပါဝင်သည့် လေယာဉ်များကို ထိုင်ဝမ်အနေဖြင့် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထား ပါသည်။
ထိုင်ဝမ်နယ်နိမိတ်အတွင်း ပျံသန်းနေသည့် မောင်းသူမဲ့ဒရုန်းများဖြစ်သော Medium-Altitude and Long endurance (MALE) UAV နှင့် High-Altitude and Long Endurance (HALE) UAV တို့သည် တရုတ်ရေတပ်၏ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေပြီး ၎င်းတို့သည် ပင်လယ်ပြင်ကင်းလှည့်ခြင်း၊ ရှာဖွေ/ကယ်ဆယ်ခြင်း၊ ရေငုပ်သင်္ဘောများကို တိုက်ခိုက်ခြင်း၊ ထောက်လှမ်းစောင့်ကြည့်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်း တို့ကို ပြုလုပ်နိုင်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ အမြင့်ပျံဒရုန်းများ(HALE UAV)သည် နာရီပေါင်း ၃၀ မှ ၄၀ အထိ နားချိန်မရှိ ပျံသန်းနိုင်ပါသည်။ တရုတ်နိုင်ငံသည် ၎င်း၏ မောင်းသူမဲ့ဒရုန်းများနှင့် မောင်းသူပါဝင်သည့် စစ်လေယာဉ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု(Interoperability)မြှင့်တင်နေပြီး မည်သည့်အတိုင်းအတာ အထိ အောင်မြင်နေသည်ကိုမူ မသိရသေးပါ။ ဥပမာအားဖြင့် BZK-005 ဒရုန်းမှ မောင်းသူပါဝင်သည့် Fighter-Bombers များဖြစ်သည့် KQ-200 နှင့် J-16 ထံသို့ ၎င်းရိုက်ကူးထားသော ဓာတ်ပုံ၊ သို့မဟုတ် ဗီဒီယိုဖိုင်များကို တိုက်ရိုက်ပေးပို့နိုင်မှု ရှိ/ မရှိနှင့် KQ-200 နှင့် J-16 တို့မှ အဆိုပါ မောင်းသူမဲ့ဒရုန်းများကို ထိန်းချုပ်နိုင်မှု ရှိ/ မရှိကိုမူ မသိရသေးဟု ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် ၎င်း၏စွမ်းရည်မြင့်မောင်းသူမဲ့ ဒရုန်းများနှင့် မောင်းသူပါဝင်သည့် စစ်လေယာဉ်များအကြား ချိတ်ဆက်မိမိဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု(Interoperability)ကဏ္ဍကို မြှင့်တင်၍ ၎င်း၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်နေသောကြောင့် သတိထားစောင့်ကြည့်ရန် လိုအပ်သည်ဟု သုံးသပ်ရေးသား ထားခြင်း ဖြစ်ပါသည်။
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၌ နည်းပညာမြင့်စစ်လက်နက်များနှင့် အထောက်အကူပစ္စည်းများ အသုံးပြုခြင်းသည် စစ်ပွဲ၏ ရလဒ်အပေါ် အကျိုးသက်ရောက်မှုများစွာရှိသောကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ယခင်ကထက် ပိုမိုအလေးထား ဆောင်ရွက်လာကြသည့်အပြင် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်သော ဒရုန်းနည်းပညာနှင့် ဒရုန်းများကို ဖျက်ဆီးရန် နည်းပညာများမြှင့်တင်ခြင်းတို့ကို အပြန်အလှန် တီထွင် လာခြင်းဖြင့် နည်းပညာအားပြိုင်မှုများလည်း ပိုမိုပြင်းထန်လာမည့် အလားအလာ ဖြစ်ပါသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အနာဂတ်စစ်ပွဲများတွင် လူအင်အားဖြင့် စစ်တိုက်ခြင်းထက် ဒရုန်း၊ ဆိုက်ဘာတို့ကို အသုံးပြု၍ တိုက်ခိုက်သည့်စစ်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
36060723

Monday, June 5, 2023

ဥရောပအနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုကို ဆန့်ကျင်ရန် လိုအပ်နေပြီလော



နိဒါန်း
ဥရောပဒေသတွင်းနိုင်ငံများနှင့် EU အဖွဲ့တို့သည် တရုတ်နိုင်ငံ၏ စီးပွားရေး အကျပ်ကိုင်မှုများကို တန်ပြန်ရန် နည်းလမ်းများ ရှာဖွေကြိုးပမ်းလျက်ရှိကြပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုများကိုမူ မျက်ကွယ်ပြုထားကြသည်။ လက်တွေ့တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် EU အား အသုံးချလျက်ရှိပါသည်။ EU အနေဖြင့် ၎င်းအကျိုးစီးပွားအတွက် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား သေချာသည့် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်းကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။ 
ဖော်ပြချက်
လက်ရှိအခြေအနေတွင် ဥရောပဒေသ(EU)အတွင်း နိုင်ငံရေးသမားများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုများကို ဆန့်ကျင်ရန် ပြောကြားလျက်ရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများအပေါ် မှီခိုနေရခြင်းသည် အန္တရာယ်များသည့် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ သို့သော် ၎င်းတို့သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးအပေါ် အလွဲသုံးစားလုပ်မှုနှင့် ဘဏ္ဍာရေးလွှမ်းမိုးမှုများကိုမူ မျက်ကွယ်ပြု ထားသည်ကိုတွေ့ရသည်။ အမေရိကန်၏မိတ်ဖက်နိုင်ငံများအပေါ် သက်ညှာပေးနေခြင်းသည် EU ၏ စီးပွားရေးလုပ်ငန်းများကို အားနည်းစေပြီး အမေရိကန်နိုင်ငံအပေါ်မှီခိုနေခြင်းဖြစ်ပြီး အန္တရာယ်များသည့် လုပ်ရပ်များဖြစ်ပါသည်။
အမေရိကန်နိုင်ငံနှင့် EU မှ ထိပ်တန်းအရာရှိကြီးများသည် မေလ ၃၀ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၌ EU-အမေရိကန် ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာကောင်စီ အစည်းအဝေး တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲအတွင်းတွင် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန် အလေးထားဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံ အရေးနှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်သွားမည့် အဆိုပြုချက်များကိုလည်း EU က လက်ခံခဲ့ပါသည်။ EU သည် တရုတ်နိုင်ငံအပေါ် ထောက်ခံသည့် သဘောထားကိုလည်း ဖယ်ရှားနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး အမေရိကန်နိုင်ငံ၏ ရန်လိုသည့် မိတ်ဖက်အဖွဲ့တွင် ပါဝင်နေသလို တရုတ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကဲ့သို့ တရုတ်-EU မိတ်ဖက် ဆက်ဆံရေးကိုလည်း ရှောင်ကြဉ်ခြင်းနေခြင်းကြောင့် သေချာသည့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်သည်ကို တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံနှင့် EU တို့အကြား အကျိုးစီးပွား ထပ်တူကျနေခြင်းမရှိသောကြောင့် တရုတ်နိုင်ငံအရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် EU တို့၏ ချဉ်းကပ်သည့်နည်းလမ်း မတူကွဲပြားနေပါသည်။ အမေရိကန်နိုင်ငံနှင့် EU တို့ အကြား စီးပွားရေးတန်ဖိုး တူညီနေခြင်းသည် ဥရောပဒေသအတွက် သတိထားရမည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး အဆိုပါစံတန်ဖိုးများသည် ဒေသတွင်းအကျိုးစီးပွားများအတွက် မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့်များကို ထိခိုက်စေနိုင်မည်ဟု ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများအကြား အငြင်းပွားမှုများကို ဖန်တီးလျက်ရှိရာ EU အား တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်မည့် အဓိကအဖွဲ့တစ်ခုအဖြစ် အသုံးချလျက်ရှိနေပါသည်။ ဥရောပဒေသတွင်း အကျိုးစီးပွားများကို လက်ဝါးကြီးအုပ်ရန် အမေရိကန်နိုင်ငံက ကြိုးပမ်းနေမှုများကြောင့် မဟာ ဗျူဟာမြောက်လွတ်လပ်မှု ခိုင်မာအားကောင်းခြင်းသည် EU အတွက် ပိုမိုအရေးပါ လာခဲ့ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများအပြင် အမေရိကန်နိုင်ငံ၏ ဒေသတွင်းအကျိုးစီးပွားအပေါ် လက်ဝါးကြီး အုပ်မှုကြောင့် ဥရောပဒေသသည် ပိုမိုအားနည်းလာခဲ့ရပါသည်။ အမေရိကန်နိုင်ငံသည် ဥရောပဒေသအတွင်း သဘောဝဓာတ်ငွေ့အရည်ကဲ့သို့ စွမ်းအင်ပစ္စည်းများ တင်ပို့ရာတွင် Green Subsidies (သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အခွန်များ) ပေးဆောင်ခြင်းနှင့် အခြားနည်းလမ်းများကို အသုံးပြု၍ ဒေသတွင်းကုန်ထုတ်လုပ်မှု စွမ်းအားကို အားနည်းစေခဲ့သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံသည် EU အား တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် မဲဆွယ်စည်းရုံးလျက်ရှိပါသည်။ တရုတ်-EU ပူးပေါင်းဆောင်ရွက်မှုများ ကန့်သတ်ခြင်းသည် EU ကုန်သွယ်ရေးအကျိုးစီးပွားကို လျော့ပါးစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံနှင့် EU တို့အကြား လွတ်လပ်သော စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတစ်ရပ်တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုများ မလိုအပ်ပါ။ အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုကို ရင်ဆိုင်နိုင်ရန် EU အနေဖြင့် ၎င်း၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းလုပ်ငန်းများ ပုံဖော်ရန် လိုအပ်နေပါသည်။ EU အနေဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ယှဉ်ပြိုင်မှုများတွင် ဖိအားပေးခံနေရပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက မည်သည့်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတို့ လုပ်ဆောင်မည်ကို ရွေးချယ်ရမည်ဖြစ်ပါသည်။ EU အနေဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းမည်ဆိုပါက အမေရိကန်နိုင်ငံ၏ နောက်လိုက်အဖြစ်သာ ဆက်လက်တည်ရှိသွားနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
လက်ရှိကမ္ဘာ့နိုင်ငံများနှင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအများစုက အမေရိကန် နိုင်ငံ၏ ဦးဆောင်မှုနောက်မှလိုက်၍ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးချဲ့မှု၊ လက်ဝါးကြီး အုပ်မှုနှင့် တရုတ်နိုင်ငံအား မည်ကဲ့သို့ ထိန်းချုပ်မည်ကိုသာ စီစဉ်လျက်ရှိကြပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စီးပွားရေးလက်ဝါးကြီး အုပ်မှုထက် အမေရိကန်နိုင်ငံ၏ စီးပွားရေးဂုတ်သွေးစုပ်မှုများ၊ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် EU ကို အသုံးချနေသည့် အမေရိကန်နိုင်ငံ၏ အစီအစဉ်များကို တန်ပြန်ဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ EU နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးသည် ၁၉၇၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ကြပြီး အပြန်အလှန် ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်ခဲ့ကြပါသည်။ ရုရှား-ယူကရိန်း အရေးကိစ္စတွင် ၎င်းတို့အကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး အမေရိကန်နိုင်ငံသည် အဆိုပါအခြေအနေများကို အသုံးချ၍ EU နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာအောင် လုပ်ဆောင်လျက်ရှိပါသည်။
သို့သော် EU အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလုံးဝပြတ်တောက်ရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ ၂၀၂၂ ခုနှစ်အတွင်းတွင် EU နှင့် တရုတ် နိုင်ငံတို့အကြား ကုန်သွယ်စီးဆင်းမှုသည် ယူရို ၈၅၀ ဘီလီယံအထိ ရှိပါသည်။ ထို့ကြောင့် EU အနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်မှု ဆက်ဆံရေးတွင် လုံးဝ ပြတ်တောက်သွားနိုင်သည့် အခြေအနေတွင်မရှိဘဲ တရုတ်နိုင်ငံနှင့် လိုက်လျောညီထွေစွာ ဆက်ဆံ၍ တရုတ်နိုင်ငံ၏ နည်းဗျူဟာများ၊ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ကာ ဥရောပဒေသတွင်းအကျိုးစီးပွားအတွက် ပြင်ဆင်ဆောင်ရွက်နေပြီး EU အဖွဲ့အတွင်းမှ နိုင်ငံကြီးအချို့သည် တရုတ်နိုင်ငံနှင့် စီးပွားဆက်ဆံရေးမပျက်စေရန် အမေရိကန်နိုင်ငံ၏ ဖိအားများကြားမှ ဆက်လက်ဆောင်ရွက်နေမည်ဟု သုံးသပ်ရပါသည်။
စီးပွားရေးအင်အားကြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ ဓနအင်အား၊ ဘဏ္ဍာရေးနှင့် စီးပွားရေးအရ အားသာသောအချက်များကို အသုံးပြု၍ အခြားသော ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများကို အကျပ်ကိုင်နည်းလမ်းဖြင့် ၎င်းတို့၏ အကျိုးစီးပွားကိုကာကွယ်ရန် ဆောင်ရွက်နေကြမည်သာဖြစ်သောကြောင့် အုပ်စုတိုက်ပွဲများအကြားပေါ်ထွက်လာသည့် သတင်းအချက်အလက်နှင့် အယူအဆများကို နှစ်ဘက် မျှတစွာဆင်ခြင်နိုင်ရန်သည်သာ ပဓာနဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
35060523

Sunday, June 4, 2023

NATO အဖွဲ့အနေဖြင့် ဥရောပဒေသတွင် နောက်ထပ်စစ်မြေပြင်တစ်ခု ဖန်တီးနေခြင်းလော

 


နိဒါန်း
သုတေသီအချို့က ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွား နေရခြင်း၏ အဓိကတရားခံမှာ NATO အဖွဲ့ကြောင့်ဖြစ်ပြီး မကြာသေးမီက ဖြစ်ပွား ခဲ့သော ကိုဆိုဗိုဆန္ဒပြပွဲတွင်လည်း ဆန္ဒပြနေသည့် ဆာ့ဘ်လူမျိုးများနှင့် NATO အဖွဲ့ ဦးဆောင်သည့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တစ်ခုဖြစ်သော ကိုဆိုဗို တပ်ဖွဲ့(Kosovo Force-KFOR)တို့ကြား ထိပ်တိုက်ထိတွေ့မှုများ ဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကိုဆိုဗိုတွင် အယ်လ်ဘေးနီးယန်း လူမျိုးအား မြို့တော်ဝန်အဖြစ် ရွေးကောက်ခဲ့မှုအပေါ် ဆာ့ဘ်လူမျိုးများမှ မကျေနပ်၍ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါသည်။ NATO အဖွဲ့၏ ကိုဆိုဗိုအရေးကိစ္စတွင် ပါဝင်နေခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုများကို ပိုမိုဖြစ်ပေါ်စေသည့်အပြင် ဥရောပဒေသတွင် နောက်ထပ် စစ်မြေပြင်တစ်ခု ဖန်တီးနေသကဲ့သို့ဖြစ်နေကြောင်းကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
သမိုင်းကြောင်းအရ ကိုဆိုဗိုသည် ဆားဘီးယားနိုင်ငံ၏ ပိုင်နက်ထဲတွင် ပါဝင်ပြီး အမေရိကန်နိုင်ငံနှင့်အနောက်အုပ်စုမှ ကိုဆိုဗိုအား သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ခွဲထွက်ရေးကို ကူညီပေးနေသောကြောင့် ဆားဘီးယားနှင့် ကိုဆိုဗိုကြားရှိ တင်းမာမှုများ ပိုမိုဖြစ်ပွားနေပြီး အနောက်ဘော်လကန်ဒေသ၏ တည်ငြိမ်အေးချမ်းရေး သည်လည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေခဲ့ပါသည်။ လက်ရှိအချိန်၌ ကိုဆိုဗိုနှင့် ဆားဘီးယားကြားတွင် တင်းမာမှုများ ပိုမိုမြင့်တက်နေပြီး NATO အဖွဲ့၏ ခေါင်းဆောင် Jens Stoltenberg က ကိုဆိုဗိုအနေဖြင့် ဆားဘီးယားနှင့် တင်းမာမှုအား လျှော့ချရန် တောင်းဆိုထားကြောင်း၊ သို့သော်လည်း သုတေသီအချို့ကမူ NATO အဖွဲ့အနေဖြင့် ကိုဆိုဗို၌ စစ်အင်အားများ တိုးမြှင့်ချထားနေသောကြောင့် တင်းမာမှုအား အမှန်တကယ် လျှော့ချလိုခြင်း ရှိ/မရှိမှာ မသေချာဟု ဆိုပါသည်။
ထို့ပြင် အချို့သောသုတေသီများက NATO အဖွဲ့သည် တစ်ဖက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးမည်ဟု ဆိုထားပြီး အခြားတစ်ဖက်တွင် စစ်အင်အားတိုးမြှင့်ချထား နေခြင်းသည် ကိုဆိုဗိုအား စစ်ပြင်ဆင်နိုင်ရန်နှင့် စစ်လက်နက်ထောက်ပံ့ပေးနိုင်ရန် အချိန်ဆွဲနေခြင်းသာဖြစ်သည်ဟု ဆိုကြပါသည်။ NATO အဖွဲ့နှင့် အနောက်အုပ်စုများက ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား ကာကွယ်ပေးမည်ဟု ကတိကဝတ်ပြုထားသော်လည်း လက်တွေ့တွင် အမှန်တကယ်ဖြစ်မလာခဲ့ချေ။ တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သော Song Zhongping က NATO အဖွဲ့သည် ဆားဘီးယားနှင့် ကိုဆိုဗိုကြား ငြိမ်းချမ်းရေးထိန်းသိမ်းပေးမည်ဟု ဆိုထားသော်လည်း အမှန်တကယ်မှာ ကိုဆိုဗိုအား လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်နိုင်ရန်နှင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများ အပေါ် ဖိနှိပ်နိုင်ရန်သာဖြစ်သည်ဟု ဆိုပါသည်။
Song Zhongping က အမေရိကန်နိုင်ငံသည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင်၎င်းတို့လိုချင်သည့်ရလဒ်မျိုး မရရှိသေးသောကြောင့် ဥရောပဒေသတွင် နောက်ထပ် စစ်ပွဲတစ်ခု ဖန်တီးလာနိုင်သည့်အပြင် အဆိုပါ စစ်ရေးပဋိပက္ခသည်လည်း ပိုမိုကြီးထွား လာမည့်အလားအလာတွင် ရှိနေသည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံ၏ အမြင်အရ ဥရောပ ဒေသ၌ ၎င်းတို့သည် တိုက်ရိုက်ပါဝင်မှုမရှိသောကြောင့် အဆိုပါဒေသတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားလာမှုအပေါ် စိုးရိမ်မှုမရှိသည့်အပြင် ၎င်းတို့တပ်များကိုပါ အချိန်မရွေး ပြန်ခေါ်နိုင်သည့် အခွင့်အရေးရှိပါသည်။ အမှန်တကယ်မှာ အမေရိကန်နိုင်ငံသည် ဥရောပ၏ ဩဇာကြီးထွားမှုကို မလိုလားသောကြောင့် ဥရောပဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပွားမှုကို ပိုမိုဖြစ်ပေါ် စေရန်နှင့် ဥရောပ၏ အမေရိကန်နိုင်ငံအပေါ် မှီခိုမှုပိုမိုကြီးထွားလာစေရန် ဆောင်ရွက် နေခြင်းသာဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခသည် အမေရိကန် နိုင်ငံ၏ စွမ်းအင်နှင့်အရင်းအမြစ်များ များစွာဆုံးရှုံးရသောကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ဆားဘီးယားနှင့် ကိုဆိုဗိုကြားတွင် ပြဿနာများဖန်တီး၍ ဆားဘီးယားနှင့် ဘော်လကန်ဒေသအပေါ် လွှမ်းမိုးမှုရှိသည့် ရုရှားနိုင်ငံ၏ ဩဇာအာဏာ ကျဆင်းစေရန် တစ်ဖက်လှည့်ဖြင့် ဖန်တီးနေခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသည် ၎င်း၏ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာနှင့် အကျိုးစီးပွားကို ထိန်းချုပ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ဥရောပတွင် ပြဿနာများ ဖန်တီးပေးခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည်ဟု ယူဆထားပါသည်။ လက်ရှိအချိန်၌ အမေရိကန်နိုင်ငံသည် ဥရောပ၌ စစ်မြေပြင်နောက်ထပ် ဖြစ်ပေါ်လာရေးကို ဖန်တီးနေပြီး အဆိုပါအခြေအနေကို အသုံးပြု၍ ၎င်းတို့၏ အကျိုးစီးပွားများကို ဖော်ဆောင်သွားမည့် အလားအလာရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ပိုမို တင်းမာလာခြင်းမှာ NATO အဖွဲ့ကြောင့်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အမေရိကန် နိုင်ငံသည် တစ်ဖက်တွင် ဆားဘီးယားနှင့် ကိုဆိုဗိုကြား ငြိမ်းချမ်းရေး ထိန်းသိမ်း ပေးမည်ဟုဆိုထားပြီး အခြားတစ်ဖက်တွင် ကိုဆိုဗို၌ စစ်အင်အား တိုးမြှင့်ချထား နေခြင်းသည် ကိုဆိုဗိုအား စစ်ပြင်ဆင်နိုင်ရန်နှင့် စစ်လက်နက်ထောက်ပံ့ပေးနိုင်ရန် အချိန်ဆွဲသည့် ပရိယာယ်တစ်မျိုးသာဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဥရောပဒေသတွင် နောက်ထပ် စစ်ပွဲတစ်ခု ဖန်တီးနေခြင်းပင်ဖြစ်ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုပြဿနာဖြစ်ပွားမှု၏ အရင်းခံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအပေါ်တွင် များစွာမူတည်နေပြီး ယခုအခါငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဟု အမည်တပ်ထားသော NATO တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
လက်ရှိအချိန်၌ နိုင်ငံကြီးများသည် အကျိုးစီးပွားနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ပိုမိုအားကောင်းစေရေးအတွက် ၎င်းတို့နှင့် အယူဝါဒမတူညီသော နိုင်ငံငယ် များ၏ ပြည်တွင်းမငြိမ်သက်မှုများ ဖြစ်ပွားစေရန် လုပ်ဆောင်နေသည့်နည်းတူ ဥရောပ နိုင်ငံများကြားမှ ၎င်းတို့အတွက် ဆူးညှောင့်တစ်ခု ဖြစ်နေသည့် NATO အဖွဲ့ဝင်မဟုတ်သော ဆားဘီးယားနိုင်ငံအား ပြဿနာဖန်တီးရန် လမ်းကြောင်းရှာနေခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ပြည်တွင်းရေးတွင် ပါတီနိုင်ငံရေးလွန်ကဲမှုပြဿနာရပ်များနှင့် စီးပွားရေးပြဿနာရပ်များကို မှေးမှိန်စေရန် အခြားသော အင်အားကြီးနိုင်ငံများကို စစ်ပွဲများနှင့် အလုပ်ပေးထားသည့် ပရိယာယ်ကို အသုံးပြုလာသည်ဟု ယူဆနိုင်ပါသည်။
သမိုင်းကြောင်းကို ပြန်ကြည့်ပါကလည်း ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်နိုင်ငံအနေဖြင့် စစ်ကြောင့် ကြေမွနေသည့် ဥရောပပြန်လည်ထူထောင်ရေးအတွက် Economic Recovery Act ဖြင့် ဥရောပဒေသသို့ ဒေါ်လာ ၁၃ ဘီလီယံကျော် ငွေကြေးများ၊ အရင်းအနှီးများစီးဝင်စေပြီး စီးပွားရေးချဲ့ထွင်ခဲ့ပါသည်။ ထိုအကြောင်းအရာကို Marshall Plan ဟု လူသိများကြသည်။ ယခုအခါတွင်လည်း ရုရှားနှင့် အမေရိကန်အကြားရှိ Buffer Zone ဖြစ်သည့် ဥရောပဒေသတွင် စစ်မီးပွားများဖန်တီးနေခြင်းမှာ အမေရိကန်အတွက် အရှုံးမရှိဘဲ အမြတ်ချည်းဖြစ်လိမ့်မည်ဟု တွက်ဆနေဟန်တူသည်။
သို့သော်လည်း ကမ္ဘာ့နိုင်ငံရေးသည် ယခင် စစ်ပြီးခေတ်၊ စစ်အေးကာလနှင့် မတူညီဘဲ များစွာပြောင်းလဲခဲ့ပြီဖြစ်ပါသည်။ ထင်ရှားချက်မှာ ၂၁ ရာစုတွင် ပါဝါစင်တာများ ပိုမိုများပြားလာပြီး သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများ၊ စီးပွားရေး ချိန်ခွင်လျှာများ လုံးဝခြားနားစွာ ပြောင်းလဲခဲ့ပြီဖြစ်ပါသည်။ စစ်အေးပုံစံသစ်သို့ရောက်ရှိနေပြီဖြစ်သည့် ကမ္ဘာ့နိုင်ငံရေးတွင် မည်သည့်အင်အားကြီးနိုင်ငံမှ အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အရှုပ်ထဲတွင် တတ်နိုင်သမျှရှင်းအောင်နေပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်နိုင်ကြရန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
34060523

 

Friday, June 2, 2023

မကြာမီကျင်းပမည့် Shangri-La Dialogue 2023 သည် အာဆီယံ၏ ဆိုက်ဘာနှင့် နည်းပညာကဏ္ဍအတွက် အခွင့်အလမ်းကောင်းဖြစ်ခြင်း

 


နိဒါန်း

             Shangri-La Dialogue 2023 (SLD 2023)အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် အင်အားကြီး နိုင်ငံများ၏ ဆိုက်ဘာနှင့်နည်းပညာကဏ္ဍအားပြိုင်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုအလေးပေးဆွေးနွေးသွားမည်ဖြစ်ပါသည်။ ယခင်က ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၌ ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာလုံခြုံရေးအား သမားရိုးကျ မဟုတ်သောလုံခြုံရေးကဏ္ဍတွင် ထည့်သွင်းခဲ့သော်လည်း လက်ရှိအချိန်၌ အဆိုပါကဏ္ဍ များအား သမားရိုးကျလုံခြုံရေးကဏ္ဍတွင်ထည့်သွင်းလာပြီဖြစ်ပါသည်။ သို့သော်လည်း အာဆီယံအနေဖြင့် ၎င်းတို့၏ ADMM နှင့် ADMM-Plus အစည်းအဝေး များတွင် ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍအား ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန် ထည့်သွင်းစဉ်းစားရမည့် အချက် ၃ ချက်ရှိကြောင်းကို သုံးသပ်ဖော်ပြပါမည်။

ဖော်ပြချက်

             ပထမအချက်၌ နည်းပညာသစ်များ၏ စစ်မဟာဗျူဟာနှင့် စံနှုန်းများအပေါ် သက်ရောက်မှုအား ဖော်ပြထားပါသည်။ စစ်မဟာဗျူဟာအပေါ် သက်ရောက်မှုနှင့် စပ်လျဉ်း၍ သမားရိုးကျစစ်ပွဲတစ်ပွဲတွင် စစ်အင်အားသာလွန်ခြင်းထက် ပိုမိုဆန်းသစ်သည့် စစ်ဘက်ဆိုင်ရာနည်းပညာနှင့် ဆိုက်ဘာတိုက်ခိုက်မှုတို့ကိုသာ အသုံးပြုပါက အဆိုပါ စစ်ပွဲတွင် အချိုးအစားမညီသည့်ရလဒ်များ ပေါ်ထွက်လာနိုင်ပြီး နည်းပညာသာသည့် ဘက်မှပိုမိုအသာစီးရရှိမည်ဖြစ်သောကြောင့် လက်ရှိအသုံးပြုနေသည့် စစ်မဟာဗျူဟာများ အပေါ်တွင် သက်ရောက်မှုများစွာရှိနိုင်ပါသည်။ စံနှုန်းများအပေါ် သက်ရောက်မှုနှင့် စပ်လျဉ်း၍လည်း နိုင်ငံများသည် ၎င်းတို့၏ ဆိုက်ဘာနှင့်နည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် စစ်မြေပြင်အား စမ်းသပ်ကွင်းအဖြစ် အသုံးပြုလာနိုင်သောကြောင့် နိုင်ငံများလိုက်နာရမည့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေများနှင့် စံနှုန်းများအပေါ်ပါ ထိခိုက်မှုရှိလာနိုင်ကြောင်း ဖော်ပြထားပါသည်။

             ဒုတိယအချက်၌ အာဆီယံအနေဖြင့် ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပုဂ္ဂလိကပိုင် နည်းပညာကုမ္ပဏီများ၏အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်လိုအပ်ဟု ဆိုပါသည်။ ကာကွယ်ရေးကဏ္ဍ၌ ပုဂ္ဂလိကပိုင်နည်းပညာကုမ္ပဏီများပါဝင်ခြင်းသည် အရေးကြီးသော သတင်းအချက်အလက် ပေါက်ကြားမှုကို ဖြစ်ပေါ်စေနိုင်ပြီး စစ်ဆင်ရေး ကိုပါ ထိခိုက်နိုင်ပါသည်။ အဆိုပါ ကုမ္ပဏီများနှင့် နိုင်ငံများအကြားတွင်ရှိသော အကျိုး စီးပွားနှင့် ရည်မှန်းချက်သည်လည်း တူညီမှုမရှိသည့်အပြင် အဆိုပါကုမ္ပဏီများ အခြေချသည့် နိုင်ငံများ၏ နိုင်ငံရေးစနစ်နှင့် ဈေးကွက်စနစ်မှာလည်း မတူညီကြ သောကြောင့် နိုင်ငံများ၏ လုံခြုံရေးကဏ္ဍအပေါ် များစွာထိခိုက်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ထိရောက်မှုရှိသည့် ဒီဂျစ်တယ်ကာကွယ်ရေး မဟာဗျူဟာကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

             တတိယအချက်၌ ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမိုများပြားလာမှုကို ဖော်ပြထားပါသည်။ ဥပမာအားဖြင့် AUKUS မဟာမိတ်အဖွဲ့၏ ဒုတိယမဏ္ဍိုင်သည် အဖွဲ့ဝင်များအကြား ဆိုက်ဘာ၊ ရေအောက်ဒရုန်း၊ AI နှင့် ဟိုက်ပါဆောနစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေတည်ထားခြင်းဖြစ်ပြီး Chip 4 မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်မှာလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ ကုန်သွယ် စီးဆင်းမှုကွင်းဆက် ခိုင်မာရေးနှင့် တရုတ်နိုင်ငံသို့ အဆင့်မြင့်နည်းပညာတင်ပို့မှုကို ပိတ်ပင်ရေးတို့ ဖြစ်ပါသည်။ ထို့ပြင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း ၎င်းတို့၏ ဒီဂျစ်တယ်ကာကွယ်ရေးစနစ် အားကောင်းစေရန် NATO Cooperative Cyber Defence Centre of Excellence (CCDCOE) နှင့် ပူးပေါင်းဆောင်ရွက်နေကြပါသည်။ အကယ်၍ နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးအား အဖွဲ့လိုက်ဆောင်ရွက်ရသည့် ကဏ္ဍတစ်ခုအဖြစ် မှတ်ယူလာပါက ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများအန္တရာယ်ကို ကာကွယ် နိုင်ရန် မဟာမိတ်ဖွဲ့စည်းမှုသည် အလွန်ပင်အရေးကြီးလာပါသည်။ သို့သော်လည်း ထိုကဲ့သို့ မဟာမိတ်ဖွဲ့စည်းမှုသည် လက်ရှိနိုင်ငံတကာအခင်းအကျင်းအား ပိုမိုရှုပ်ထွေးသွားနိုင်ပြီး နိုင်ငံတကာလုံခြုံရေးအခင်းအကျင်း၌ စိန်ခေါ်မှုများ ကြီးထွားလာနိုင်ကြောင်း ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်

             မကြာမီကျင်းပမည့် SLD 2023 ဆွေးနွေးပွဲတွင် ဆိုက်ဘာနှင့်နည်းပညာကဏ္ဍ အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သောကြောင့် အာဆီယံအဖွဲ့ဝင်များအတွက် များစွာအကျိုးကျေးဇူးဖြစ်ထွန်းမည့် အပြင် ADMM နှင့် ADMM-Plus အတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံ၏  ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အချက် ၃  ချက်ဖြစ်သည့် နည်းပညာသစ်များ၏ စစ်မဟာဗျူဟာနှင့် စံနှုန်းများအပေါ် သက်ရောက်လာနိုင်မှု၊ ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပုဂ္ဂလိကပိုင် နည်းပညာကုမ္ပဏီများ၏ အန္တရာယ်ရှိမှု၊ ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းခြင်း များပြားလာမှုတို့အား ထည့်သွင်းစဉ်းစားလာကြသည်ကို တွေ့ရှိရသည်။

             လက်ရှိအချိန်၌ နိုင်ငံများသည် ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုအား သမားရိုးကျလုံခြုံရေးအဖြစ် မှတ်ယူလာကြသောကြောင့် နိုင်ငံတကာ၊ သို့မဟုတ် ဒေသတွင်း လုံခြုံရေးအခင်းအကျင်းတွင် ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမိုပေါ်ထွက်လာမည့်အလားအလာဖြစ်ပါသည်။ နည်းပညာ အင်အားကြီးနိုင်ငံများသည် မဟာမိတ်ဖွဲ့၍ ဆိုက်ဘာနှင့်နည်းပညာလုံခြုံရေး ပူးပေါင်း ဆောင်ရွက်လာသည်သာမက အင်အားအလယ်အလတ်ရှိသော နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လာသည့်နည်းတူ အင်အားငယ်သော နိုင်ငံများကလည်း မိမိနိုင်ငံအကျိုး စီးပွားလုံခြုံရေးအတွက် မိတ်ဖက်နိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့်ပါ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် ဖော်ပြလိုက်ရပါသည်။

Myanmar Aspect

33060323

Thursday, June 1, 2023

ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လက်ရှိကမ္ဘာ့နိုင်ငံရေးနှင့် ဒေသတွင်းနိုင်ငံရေး အခင်းအကျင်းတွင် မည်သို့အရေးပါနေသနည်း




နိဒါန်း

ဂျပန်နိုင်ငံအခြေစိုက် Nikkei Inc. က ကြီးမှူးကျင်းပပြီး Future of Asia အမည်ဖြင့် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသော  ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံ(Global South)အချို့၏ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြားရှိ တင်းမာမှုများနှင့် ရှရှား-ယူကရိန်းပဋိပက္ခများအပေါ် ရှုမြင်သည့်သဘောထားအမြင်များကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။

ဖော်ပြချက်

ဖိုရမ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးဟောင်း ဖြစ်သည့် Dino Patti Djalal က Global South နိုင်ငံများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့်   အဆောတလျင်ဖြေရှင်းရမည့် နိုင်ငံတကာအရေးအခင်းများနှင့် အာရှဒေသအတွင်း အခင်းအကျင်းများကို ပုံဖော်မှုများတွင် လိုအပ်သည့်အဖြေရှာခြင်းများ လုပ်ဆောင်ပေး နိုင်သည်ဟုဆိုပါသည်။ တရုတ်နှင့် အမေရိကန် အင်အားကြီးနှစ်နိုင်ငံတို့၏ အားပြိုင်မှုများနှင့် ပတ်သက်ပြီး အဆိုပါနိုင်ငံများအကြား တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေပါက နှစ်ဖက်စလုံးတွင် ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့ရစေနိုင်မည်ဖြစ်ပါသည်။ ထိုင်ဝမ်ရေလက်ကြားအရေးမှအစပြု၍ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်-အမေရိကန် တင်းမာမှုများသည် အရှိန်မြင့်တက်လျက်ရှိနေပါသည်။ တရုတ်နိုင်ငံ သမ္မတ Xi Jinping သည်  ထိုင်ဝမ်နှင့် အတင်းအကျပ်ပေါင်းစည်းမှုကို ၂၀၂၇ ခုနှစ်ထက် နောက်မကျဘဲ ပြုလုပ်လာနိုင်ဖွယ်ရှိသည်ဟု အချို့ကခန့်မှန်းနေကြပါသည်။ လက်ရှိ အချိန်တွင် Global South နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် အခင်းအကျင်းတွင် မှန်ကန်သောနည်းလမ်းဖြင့် ရပ်တည်နိုင်နေဆဲဖြစ်သည်ဟု ဆိုပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးခဲ့သူများက ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး စစ်အင်အား အသုံးပြုဆောင်ရွက်ခြင်းသည်  အကြံကောင်းမဟုတ်ဆိုသည့် အချက်ကို ထောက်ပြသော နိုင်ငံအများအပြားရှိနေပါသည်။ ထိုင်ဝမ်ဒေသကို တရုတ် နိုင်ငံလက်အောက်မှ လွတ်လပ်သော ဒေသအဖြစ်ရပ်တည်နိုင်ရန် လုပ်ဆောင်နေခြင်းသည်  အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်တို့၏ အဓိကနိုင်ငံရေးပြဿနာဖြစ်နေပါသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံ အကြီးအကဲများအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင် သင့်ပြီး လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား၌ ထိရောက်သည့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။

ဆွေးနွေးပွဲတွင် ရှရှား-ယူကရိန်းပဋိပက္ခများနှင့်ပတ်သက်ပြီး ဆွေးနွေးကြရာတွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ် အနောက်အုပ်စုဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြပါသည်။ ဟီရိုရှီးမား G-7 အစည်းအဝေးတွင် ယူကရိန်းနိုင်ငံကို F-16 တိုက်ခိုက်ရေးဂျက်လေယာဉ်များ ထောက်ပံ့ပေးခြင်းအပြင် လေယာဉ်မှူးများကို လေ့ကျင့်ပေးခြင်းနှင့်ပတ်သက်သည့် အကူအညီများပေးရန် အမေရိကန်နိုင်ငံသမ္မတက  သဘောတူညီခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အဆိုပါပဋိပက္ခတွင် ကြားဝင်ညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်ရန် ဆန္ဒ ရှိနေပြီး ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံမှုများရှိခဲ့သကဲ့သို့ ယူကရိန်းနိုင်ငံသမ္မတနှင့်လည်း တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မှုများရှိခဲ့ပါသည်။  သို့သော် တရုတ်နှင့် ရုရှားနိုင်ငံတို့ အကြားရှိ “No Limits” ကန့်သတ်ချက်မရှိသော ဆက်ဆံရေးများက အနောက်အုပ်စုဝင်နိုင်ငံများကို သံသယများစေကြောင်း ဖော်ပြထားပါသည်။

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း Mahathir bin Mohamad က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခများတွင် ဘက်ရွေးချယ် ထောက်ပံ့မှုများ ပြုလုပ်သွားမည်မဟုတ်ဘဲ ဘရာဇီး၊ အိန္ဒိယနှင့် အင်ဒိုနီးရှား နိုင်ငံ အပါအဝင် Global South နိုင်ငံများအနေဖြင့် စစ်ဖြစ်ပွားမှုကို မလိုလားကြကြောင်း၊ G-7 အစည်းအဝေးအခြေအနေများကို ထောက်ပြပြီး စီးပွားရေးအင်အားကြီးနိုင်ငံ အချို့သည် Global South နိုင်ငံများကို စည်းရုံးပြီး ယူကရိန်းစစ်ပွဲကို ထောက်ပံ့ရန် ကြိုးပမ်းနေကြသည်ဟုဆိုပါသည်။ ဆက်လက်၍ ၎င်းက ရုရှား-ယူကရိန်း ပဋိပက္ခများတွင်  နျူကလီးယားလက်နက် အသုံးပြုလာခဲ့ပါက  ကြုံတွေ့ရမည့် အန္တရာယ်များကို သတိပေး ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းသစ် တစ်ရပ်ကို ထူထောင်သင့်ကြောင်း၊ အာရှဒေသ၏ စီးပွားရေးနယ်ပယ်တွင်သာမက နိုင်ငံရေးနယ်ပယ်တွင်ပါ အနောက်အုပ်စုဝင်နိုင်ငံများ၏ လွှမ်းမိုးမှုမှ လွတ်ကင်းရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်ရေးအတွက် အရှေ့အာရှ (East Asian) သုံး ငွေကြေး တစ်မျိုးဖန်တီးရန်လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့သည်ကို ဖော်ပြထားပါသည်။

အချုပ်အားဖြင့် အထက်တွင် ဖော်ပြခဲ့သည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး ဖြေရှင်းရန် နည်းလမ်းများရှိနေသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် ခက်ခဲနေပြီး ကမ္ဘာပေါ်တွင် နောက်ထပ်ကြုံတွေ့ရမည့် အကြမ်းဖက်မှုများနှင့်  လူသားချင်းစာနာထောက်ထားမှုကို ထိခိုက်စေနိုင်သည့် ဘေးအန္တရာယ်များကို ရပ်တန့် နိုင်ရန်အတွက် လိုအပ်သည့် ညှိနှိုင်းမှုများကို လုပ်ဆောင်သင့်သည်ဟု ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်

Future of Asia အမည်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများတွင် အင်အားကြီး နိုင်ငံအချို့ မပါဝင်သော ကျန်ကမ္ဘာ့နိုင်ငံများ၏ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအပေါ် ထားရှိသည့် သဘောထားများကို ထင်ရှားစွာတွေ့မြင်ရပါသည်။ သို့ရာတွင် ကမ္ဘာ့ အရေးအခင်းများ၌ စစ်ရေး၊ စီးပွားရေးအင်အားကြီးမားသော ကမ္ဘာ့မြောက်ဘက်ခြမ်း စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံ(Global North)တို့ကသာ ထိန်းချုပ်ဦးဆောင်ဖြေရှင်းနေသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း(Global South)နိုင်ငံများအတွက် ကြားနေရုံအဆင့်သာ လုပ်ဆောင် နိုင်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် စစ်မက်ဖြစ်ပွားခြင်း အစား သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း စီးပွားရေးတိုးတက်ကောင်းမွန်လာနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ အရေးအခင်းများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးနိုင်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမျိုးကိုသာ လိုလားသည့်သဘောရှိနေသည်ဟု သုံးသပ်ရပါသည်။

ထို့ကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် G-7 အစည်းအဝေးတွင် အမေရိကန်နိုင်ငံနှင့် ၎င်းတို့၏မဟာမိတ်ဖြစ်သည့် အနောက်အုပ်စုဝင်နိုင်ငံများ၏ ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေးရန် စည်းရုံးနေမှုများကို ဆန့်ကျင်နေခြင်းသည်  အဆိုပါ အင်အားကြီးနိုင်ငံများနှင့် မတူညီသည့်  နိုင်ငံရေး၊ စီးပွားရေး အသိုက်အဝန်းတစ်ရပ် ထူထောင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။  သို့သော် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများတွင် အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်သည့် စီးပွားရေးနှင့် နည်းပညာတိုးတက်ကောင်းမွန်နေသော နိုင်ငံများပါရှိနေသည့်အတွက် ၎င်းတို့ တည်ဆောက်ရန် ရည်ရွယ်နေသော အသိုက်အဝန်း၏ ရေတို/ရေရှည် လုပ်ဆောင်ချက်များ အကောင်အထည် ပေါ်လာခြင်း ရှိ/မရှိကို စောင့်ကြည့်လေ့လာသွားရန် လိုအပ်မည်ဖြစ်ပါသည်။ 

အချုပ်ဆိုရပါသော် Global South နိုင်ငံဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများမဟုတ်သည့် လက်တင်အမေရိက၊ အာဖရိက၊ အာရှနှင့် သမုဒ္ဒရာပိုင်း ဒေသများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ထိုနိုင်ငံများတွင် လူဦးရေများပြားခြင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပါဝင်ခြင်းတို့ကြောင့် လူမှုစီးပွားဘဝနှင့် နိုင်ငံရေးအရ ကမ္ဘာ့မြောက်ဘက်ခြမ်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အုပ်စုခွဲခြား အဓိပ္ပာယ်သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။ ယခင် စစ်အေးကာလနှင့်မတူညီတသည့်အချက်မှာ လက်ရှိ ကမ္ဘာ့နိုင်ငံရေးတွင် အားပြိုင်မှုများ၊ ဘက်ရွေးချယ်စေမှုများမြင့်တက်နေသည့်အချိန်တွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအနေဖြင့် ပါဝါဇုံများအလိုက် Hedging ပြုလုပ်နိုင်သည့် အခွင့်အရေးများရှိနေပြီး မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်ဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံများ၏ တွေးဆနိုင်ဖွယ်ရာကိစ္စရပ်တစ်ခု ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect

32060223


Wednesday, May 31, 2023

၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်ဖြစ်လာနိုင်သည့် တီမောလက်စ်တေနိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေနှင့် သမိုင်းကြောင်းဆိုင်ရာများ

 



နိဒါန်း
၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် တီမောလက်စ်တေနိုင်ငံ ရွေးကောက်ပွဲအခြေအနေများ၊ အနိုင်ရရှိခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအို (Xanana Gusmao)၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ တီမောလက်စ်တေနိုင်ငံ၏ သမိုင်းကြောင်း များနှင့် ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တီမောလက်စ်တေနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ် ခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအို(Xanana Gusmao) ဦးဆောင်သည့် National Congress of the Reconstruction of Timor-Leste (CNRT) ပါတီက အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ်များကို အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး CNRT ပါတီသည် မဲအရေအတွက် ၄၁ ရာခိုင်နှုန်းဖြင့် အမျိုးသားလွှတ်တော်၌ ကိုယ်စားလှယ်နေရာ ၆၅ နေရာတွင် ၃၁ နေရာအနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိရန် ၃၃ နေရာ လိုအပ်သော်လည်း ရလဒ်များအရ ရှာနာနာဂတ်မာအို အနေဖြင့် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားပါသည်။
အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှာနာနာဂတ်မာအိုသည် တီမောလက်စ်တေ နိုင်ငံကို အင်ဒိုနီးရှားနိုင်ငံ၏အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆက်လက်ထမ်းဆောင်ခဲ့သည်။ CNRT ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဂျိုးစ်ရာမို့စ်ဟော်တာ(Jose Ramos-Horta) ပါဝင်လာခြင်းသည်လည်း CNRT ပါတီအတွက် အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ ရွေးကောက်ပွဲ၌ စုစုပေါင်း ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ လက်ရှိအာဏာရပါတီဖြစ်သည့် Fretilin ပါတီသည် မဲ ၂၅ ရာခိုင်နှုန်းဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၉ နေရာသာ ရရှိခဲ့ပြီး Democratic Party သည် ၆ နေရာ၊ စိုက်ပျိုးရေးကဏ္ဍကို အခြေခံသည့် Khunto Party သည် ၅ နေရာနှင့် People’s Liberation Party က ၄ နေရာ အသီသီးအနိုင်ရရှိခဲ့ကြပါသည်။
ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအိုကမူ ၎င်းပါတီအနိုင်ရရှိမှုအပေါ် ဝမ်းသာ ဂုဏ်ယူနေပြီး ၎င်းတို့အနေဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းဆောင်ရွက် သွားမည်ဟုဆိုသည်။ လွန်ခဲ့သည့် ၆ နှစ်ခန့်ကတည်းက အကောင်အထည်ဖော်ဆောင်လျက် ရှိသည့် မဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လုပ်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။ ထို့ပြင် ၎င်းသည် Greater Sunrise ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေထရီလီယံနှင့်ချီ၍ တူးဖော်နိုင်ရန်ရည်ရွယ်ထားသည်ဟုဆိုသည်။ ၎င်းဓာတ်ငွေ့ များသည် ပြည်တွင်းသို့ ပြန်လည်ရောင်းချရာတွင် အခွန် ၇၀ ရာခိုင်နှုန်းရရှိနိုင်ပြီး ဩစတြေးလျနိုင်ငံသို့ သွယ်တန်းရောင်းချမည်ဆိုပါက အခွန်၏ ၈၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် ရှာနာနာဂတ်မာအိုသည် နိုင်ငံကိုယ်စားပြုအလံ၊ သမ္မတ၊ အစိုးရနှင့် လွှတ်တော်ရှိနေခြင်းဖြင့် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဟု မခေါ်ဆိုနိုင်သေးဘဲ စီးပွားရေးမှတစ်ဆင့် လွတ်လပ်မှုကို ပြည်သူလူထုမှ အကျိုးခံစား စေရမည်ဟု ဆိုပါသည်။
တီမောလက်စ်တေနိုင်ငံ၏ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည် အစိုးရ၏ အကြီးအကဲ ဖြစ်ပြီး သမ္မတထက် ဥပဒေပြုရေးအာဏာပိုမိုရရှိပါသည်။ အာဏာရပါတီ Fretilin နှင့် အတိုက်အခံပါတီ CNRT တို့သည် ၂၀၁၈ ခုနှစ်ကတည်းက ပြည်တွင်း နိုင်ငံရေး ပြဿနာရပ်များနှင့် ပတ်သက်၍ အချင်းချင်းပြစ်တင်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကြီးမားသည့် ဘဏ္ဍာရေးပြဿနာရပ်များကြောင့် ဝန်ကြီးချုပ် တာအာမာတန်ရှုခ် (Taur Matan Ruak) နုတ်ထွက်ခဲ့ရပါသည်။
တီမောလက်စ်တေနိုင်ငံသည် ပေါ်တူဂီတို့၏ ကိုလိုနီပြုခံခဲ့ရပြီး အင်ဒိုနီးရှား နိုင်ငံ၏ သိမ်းပိုက်ခြင်းကိုလည်း ၂၅ နှစ်ခန့်ခံခဲ့ရပါသည်။ ထို့နောက် ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂကပြုလုပ်သည့် လူထုဆန္ဒခံယူပွဲ(United Nations-sponsored referendum) အရ အင်ဒိုနီးရှားနိုင်ငံက တီမောနယ်မြေအား လက်လွှတ်ပေးပြီး အင်ဒိုနီးရှားစစ်တပ်သည် တီမောကျွန်းအရှေ့ပိုင်းဒေသအား အလုံးစုံပျက်သုဉ်းရေးမူဝါဒဖြင့် ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ တီမောလက်စ်တေနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည်လည်း ခက်ခဲပင်ပန်းခဲ့ပြီး အစိုးရများအနေဖြင့် ဆင်းရဲမွဲတေမှုများ၊ အလုပ်လက်မဲ့များနှင့် အကျင့်ပျက်ခြစားမှု များကို ရင်ဆိုင်ဖြေရှင်းခဲ့ကြကြောင်း၊ နိုင်ငံအတွင်း လွတ်လပ်ရေးတိုက်ခိုက်မှုများနှင့် နိုင်ငံရေးဂိုဏ်းကွဲမှုများသည် အကြမ်းဖက်မှုများ ပေါ်ပေါက်လာစေခဲ့ပါသည်။နိုင်ငံ၏ အဓိကစီးပွားရေးမှာ လျော့နည်းလျက်ရှိသည့် ရေနံအခွန်တစ်ခုတည်းသာဖြစ်ခဲ့သည်။လက်ရှိတွင် အာဆီယံအဖွဲ့သည် တီမောလက်စ်တေနိုင်ငံကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရန် စဉ်းစားသုံးသပ်လျက်ရှိပြီး လေ့လာစောင့်ကြည့်သည့်နိုင်ငံအဖြစ် သတ်မှတ် ခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချီးကျူးပြောဆိုခဲ့သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာနိုင်သည့် တီမောလက်စ်တေနိုင်ငံသမိုင်းကြောင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခက်အခဲတစ်ချို့ကို ဖော်ပြပြီး ရွေးကောက်ပွဲရလဒ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီခေါင်းဆောင်၏ မူဝါဒအချို့နှင့် လက်ရှိနိုင်ငံရေးအခြေအနေအား ရေးသားထားထားပါသည်။ တီမောလက်စ်တေနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၏ အုပ်ချုပ်မှုအောက်မှ ကုလသမဂ္ဂ၏ လူထုဆန္ဒခံယူပွဲမှတစ်ဆင့် လွတ်လပ်ရေး ရရှိခဲ့သော်လည်း လွတ်လပ်ရေးတိုက်ပွဲအတွင်း အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်မှုကို အကြမ်းဖက် နှိမ်နင်းခံခဲ့ရမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အဓိကစီးပွားရေး လုပ်ငန်းများမရှိမှု၊ နိုင်ငံအတွင်း ပါတီကြီးနှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းများ မကြာခဏဖြစ်ပေါ်ခဲ့မှုနှင့် ပြည်ပမှဝင်ရောက်စွက်ဖက်ခြင်းများရှိခဲ့မှုတို့ကြောင့် နိုင်ငံရေး၊စီးပွားရေးအရ တည်ငြိမ်မှုအားနည်းနေဆဲဖြစ်ပါသည်။
တီမောလက်စ်တေနိုင်ငံသည် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ကြိုးပမ်း နေသော်လည်း အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ခဲ့သည့်နိုင်ငံဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးသည့် စီးပွားရေး အခြေအနေကြောင့် အာဆီယံနိုင်ငံအချို့မှ ထောက်ခံရန်လက်တွန့်ခဲ့ခြင်း၊ အာဆီယံအဖွဲ့ အတွင်းဝင်ရောက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူထောက်ခံရန် လိုအပ်ခြင်း တို့ကြောင့် အဖွဲ့ဝင်ဖြစ်ရေး ကြန့်ကြာနေသည်ဟု သုံးသပ်ရပါသည်။ သို့ရာတွင် အနှေးနှင့်အမြန် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် မကြာမီပါဝင်လာနိုင်ဖွယ်ရှိနေပါသည်။ တီမောလက်စ်တေ နိုင်ငံသည် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုဝင်နိုင်ငံများ၏ ကူညီထောက်ပံ့မှု များကို လက်ခံနေရသောကြောင့် ၎င်းတို့၏ နိုင်ငံရေးအမြင် လွှမ်းမိုးမှုခံနေရသည့် အနေအထားတွင်ရှိနေပါသည်။ ယခုရွေးကောက်ပွဲအနိုင်ရသောပါတီတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဂျိုးစ်ရာမို့စ်ဟော်တာ ပါဝင်နေပြီး လက်ရှိမြန်မာ့အရေးနှင့်ပတ်သက်၍ ပြစ်တင်မှုအချို့ ထုတ်ဖော်ပြောကြားထားခဲ့ခြင်းတို့ကြောင့် ၎င်းနိုင်ငံ၏ နိုင်ငံရေးဘက်ရပ်တည်မှုကို မှန်းဆနိုင်ပါသည်။ အနိုင်ရအတိုက်အခံပါတီမှ ဝန်ကြီးချုပ်ဟောင်း ရှာနာနာဂတ်မာအိုပြောကြားသည့် “နိုင်ငံကိုယ်စားပြုအလံ၊ သမ္မတ၊ အစိုးရနှင့် လွှတ်တော်ရှိနေရုံမျှဖြင့် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဟု မခေါ်ဆိုနိုင်” ဟူသည့် စကားရပ်ကတော့ မှတ်သားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
31060123

Tuesday, May 30, 2023

ရှေ့ဆောင်ပါတီမှဦးဆောင်သည့် အစိုးရဖြစ်လာမည်ဆိုပါက မြန်မာနိုင်ငံဆိုင်ရာမူဝါဒ ပြောင်းလဲလာနိုင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အနောက်အုပ်စုယိမ်းသည့် ရှေ့ဆောင်ပါတီ(Move Forward Party–MFP)မှ အနိုင်ရရှိခဲ့ပါသည်။ အကယ်၍ ရှေ့ဆောင်ပါတီကသာ အစိုးရဖွဲ့စည်း နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏မြန်မာနိုင်ငံဆိုင်ရာမူဝါဒများ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာနိုင်သော်လည်း ကန့်သတ်ချက်များလည်းရှိနေသေးသည်ကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်များ
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ၌ ရှေ့ဆောင်ပါတီ(MFP)မှအနိုင်ရရှိခဲ့သော်လည်း ထိုင်းစစ်တပ်မှ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရန်မှာ မသေချာသေးပါ။ သို့သော်လည်း Adam Simpson နှင့် Nicholas Farrely က အကယ်၍ ထိုင်းစစ်တပ်ခေါင်းဆောင်များကသာ MFP ပါတီအား အစိုးဖွဲ့ခွင့်ပေးလိုက်ပါက ဒေသတွင်းကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းနှင့် မဟာဗျူဟာဆိုင်ရာအကျပ်အတည်းများ ဖြေရှင်းရာတွင် အထောက်အကူပြုမည်ဖြစ်မည်ဟုဆိုပါသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွား ခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဝန်ကြီးချုပ် Prayut ဦးဆောင်သည့် ထိုင်းနိုင်ငံ အစိုးရသည် လက်ရှိမြန်မာစစ်အစိုးရအပေါ် ထောက်ခံ အားပေးသည့်ရပ်တည်ချက်များကို ပြသခဲ့သည့်အပြင် ဝေဖန်ရှုတ်ချမှုများလည်း မပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် မကြာသေးမီကလည်း Track 1.5 ဟု လူသိများသည့် ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းအိမ်နီးချင်းနိုင်ငံများ၏ အစိုးရအရာရှိကြီးများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြား ခဲ့ပါသည်။ သို့သော်လည်း အဆိုပါဆွေးနွေးပွဲသို့ NUG အဖွဲ့အစည်းကိုမူ ဖိတ်ကြားမှု မရှိခဲ့ပါ။ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut လက်ထက်၌ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံ အပေါ်ထောက်ခံမှုပြနေသည့် ရပ်တည်ချက်မျိုးသည် အဓိကအားဖြင့် အချက် ၂ ချက် အပေါ်တွင် မူတည်နေပါသည်။ ပထမတစ်ချက်မှာ ထိုင်းစစ်တပ်နှင့် မြန်မာတပ်မတော် တို့ကြား ပုဂ္ဂိုလ်ရေးအရသာမက အဖွဲ့အစည်းအရပါ ခိုင်မာသောဆက်ဆံရေးတစ်ရပ် တည်ဆောက်ထားနိုင်မှုကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ “ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ”ကို စွဲကိုင်ထားသောကြောင့် ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲမစတင်မီ MFP ပါတီ၏ခေါင်းဆောင်ဖြစ်သော Pita က ၎င်းတို့ပါတီသာအနိုင်ရရှိပါက ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို ပြုပြင်ပြောင်းလဲသွားမည်ဟု ကတိကဝတ်ပြုခဲ့ပြီး ထိုကဲ့သို့ ကတိကဝတ်ပြုမှုသည် ၎င်းပါတီ၏ အဓိကမူဝါဒတစ်ရပ်ဖြစ်သော ထိုင်းနိုင်ငံခြားရေးမူဝါဒ၌ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဟုဆိုသော ကတိကဝတ်ကိုလည်း အလေးထားရာရောက်သည်ဟုဆိုပါသည်။ ရွေးကောက်ပွဲပြီး ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ၌လည်း Pita က မြန်မာနိုင်ငံ၏ အာဆီယံတူညီဆန္ဒ ၅ ရပ် အပေါ် လိုက်နာမှုရှိရေးကို ဖိအားပေးရာ၌ ထိုင်းနိုင်ငံသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထားပါသည်။
Pita က ၎င်းသာ ဝန်ကြီးချုပ်ဖြစ်လာပါက ၎င်း၏ အဓိကရည်မှန်းချက် တစ်ခုဖြစ်သည့် မြန်မာ-ထိုင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လမ်းကြောင်းအား ဖန်တီးသွားမည်ဟု ပြောကြားထားသည့်အပြင် အမေရိကန်နိုင်ငံ၏ “Burma Act” ဥပဒေ(လက်ရှိမြန်မာစစ်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများကို စစ်လက်နက်မဟုတ်သည့် အခြားသော အကူအညီများ -“Non-lethal Aid” ပေးအပ်မှု) အကောင်အထည်ဖော်ဆောင်မှုကိုလည်း အကူအညီ ပေးသွားမည်ဟုပြောကြားထားပါသည်။ ထို့ပြင် Pita က နိုင်ငံတကာအသိုင်းအဝိုင်း များနှင့် ပူးပေါင်း၍ SAC အစိုးရအပေါ် ဖိအားပေးမှုများ ပြုလုပ်သွားမည်ဟု ကတိကဝတ် ပြုထားသည့်အပြင် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ၌ အားလုံးပါဝင်သည့် (ဥပမာ NUG နှင့် EAOs အဖွဲ့အစည်း) မူဝါဒတစ်ရပ်ကို ဖော်ဆောင် သွားမည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
အကယ်၍ MFP ပါတီ၏ ခေါင်းဆောင် Pita သာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာပါက ထိုင်းအစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ပိုမိုတက်ကြွစွာဆောင်ရွက်လာနိုင်ပြီး မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဖိအားပေးနေသည့် အာဆီယံ အဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့အတွက်လည်း ပိုမိုအထောက်အကူပြုမည် ဖြစ်ပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံအစိုးရ၏ ထိုကဲ့သို့ချဉ်းကပ်ပုံအပေါ် အာဆီယံ၏ “ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ”ကို စွဲကိုင်ထားသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ မလွဲမသွေဆန့်ကျင်မည်ဖြစ်ပါသည်။ သုတေသီ Sebastian Stranqio ၏ အဆိုအရ မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံအစိုးရ၏ မည်သည့်ဆောင်ရွက်မှု မျိုးမဆို မြန်မာနိုင်ငံအရေးအပေါ် သက်ရောက်မှုရှိသည့်အပြင် လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းများအပေါ်တွင်ပါ အထောက်အကူပြုနိုင်သည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း Sebastian Stranqio က ထိုင်းတစ်နိုင်ငံတည်း၏ ရပ်တည်ချက် ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံအရေးကိစ္စအပေါ် အတိုင်းအတာတစ်ခုအထိသာ သက်ရောက်မှုရှိသောကြောင့် ပိုမိုအားကောင်းသည့် သက်ရောက်မှုများရှိစေရန်မှာ အိန္ဒိယ၊ တရုတ်နိုင်ငံတို့၏ မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်းသော ရပ်တည်ချက်များကိုပါ ပြောင်းလဲ ပေးရန်လိုအပ်သည်ဟု ဆိုသည်။ အကယ်၍ MFP ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ပါကလည်း MFP ပါတီ၏အစီအစဉ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းရှိရှေးရိုးစွဲပါတီနှင့် Elites များမှ ဆန့်ကျင်ကန့်ကွက်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စံနှုန်းများကို အခြေခံသည့် ချဉ်းကပ်မှုပုံစံမျိုးထက် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းမည့် လက်တွေ့ကျပြီး တစ်ဆင့်ချင်းပြောင်းလဲမှုပြုလုပ်နိုင်မည့်ချဉ်းကပ်မှုပုံစံမျိုးကို ပိုမိုနှစ်သက်သောကြောင့်ဖြစ်ပါသည်။ ပြည်တွင်းနိုင်ငံရေးကို ပိုမိုအလေးထားသည့် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်ကို ပြောင်းလဲရာ၌ ကန့်သတ်ချက် များစွာရှိသော်လည်း ထိုင်းအစိုးရသစ်ကသာ မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ ရပ်တည်ချက်များပြောင်းလဲလာပါက မြန်မာနိုင်ငံအရေးကိစ္စကို ဆောင်ရွက် နေသည့် အာဆီယံအတွက်သာမက ပြည်တွင်းပြောင်းရွှေ့နေထိုင်သူများကိုပါ ပိုမို အထောက်အကူပြုမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ၌ MFP ပါတီမှ အနိုင်ရရှိခဲ့ပြီး အကယ်၍ ၎င်းပါတီကသာ အစိုးရသစ်ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံအရေးကိစ္စအပေါ် အနောက်အုပ်စုအလိုကျ ဖိအားပေးမည့် နိုင်ငံခြားရေးမူဝါဒများကို ဖော်ဆောင်လာနိုင် သော်လည်း ပြည်တွင်းရှိ ရှေးရိုးစွဲပါတီနှင့် Elites များသာမက အာဆီယံအဖွဲ့ဝင် အချို့ကပါ ဆန့်ကျင်မှုများပြုလုပ်နိုင်သောကြောင့် ကန့်သတ်မှုများလည်း ရှိနေကြောင်းကို ထောက်ပြထားခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် ရွေးချယ်ရာတွင် ရွေးကောက်ခံမဟုတ်သော ထိုင်းဘုရင်နှင့် စစ်ဘက်မှ ရွေးချယ်ခန့်အပ် ထားသည့် အထက်လွှတ်တော်အမတ်များလည်း ပါဝင်မဲပေးရမည်ဖြစ်ပြီး အထက် လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်း အမတ်အရေအတွက် ၇၅၀ ဦး၏ တစ်ဝက်ကျော် ထောက်ခံမှုရရှိမှသာ ဝန်ကြီးချုပ်ခန့်အပ်နိုင်မည် ဖြစ်သောကြောင့် MFP ပါတီ၏ ခေါင်းဆောင် Pita ၏ ဝန်ကြီးချုပ် ဖြစ်လာနိုင်မှုရှိ/မရှိကို ဆက်လက် လေ့လာစောင့်ကြည့်သွားရန် လိုအပ်နေပါသေးသည်။ လက်ရှိအချိန်တွင်လည်း ရွေးကောက်ပွဲတွင် ဒုတိယအများဆုံးအနိုင်ရထားသည့် Pheu Thai Party က Move Forward ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့မှ ထွက်မည်ဟူသည့် သတင်းစကားများလည်း ပျံ့နှံ့လျက်ရှိပါသည်။ ထို့ပြင် ထိုင်းနိုင်ငံပြည်တွင်းနိုင်ငံရေး၌ ထိုင်းတော်ဝင်တပ်မတော်၏ လွှမ်းမိုးမှုများစွာရှိနေသေးပြီး၊ မြန်မာနိုင်ငံအပေါ်ထားရှိသည့်မူဝါဒသည်လည်း ထိုင်းတပ်မတော်အပေါ်များစွာ မှီတည်နေသောကြောင့် ထိုင်းနိုင်ငံတွင်ပေါ်ထွက်လာမည့် အစိုးရသစ်နှင့် သဘောထားများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
30053123



Monday, May 29, 2023

ဥရောပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံအား လွန်ဆန်ရန် ဘာကြောင့်ခက်ခဲနေကြသလဲ (Europe can’t decide how to unplug from China)

 



နိဒါန်း
ဥရောပနိုင်ငံများအနေဖြင့် တရုတ်အားမည်သို့ ကိုင်တွယ်နိုင်ရန် စဉ်စားသုံးသပ်နေကြပါသည်။ ဆယ်စုနှစ်များစွာ တရုတ်နှင့် ကုန်သွယ်ခဲ့ကြပြီးနောက် ခွာပြဲသွားလျှင် ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုလည်း အသေအချာတွေးဆနေကြပါသည်။ ၎င်းတို့၏ အနီးကပ်ဆုံးမိတ်ဘက် အမေရိကန်နိုင်ငံသည်ပင် တရုတ်အား ထိပ်တိုက်တွေ့ရမည်လား၊ ပြေငြိမ်းရမည်လားဆိုသည်ကို မဝေခွဲနိုင်သေးပါ။ ဥရောပနိုင်ငံများအနေဖြင့်လည်း တရုတ်နှင့်ပတ်သက်၍ တူညီသောသဘောထားတစ်ခု ရရှိရန် ခက်ခဲလျက်ရှိပါသည်။ သိပ်မကြာသေးသည့် လများအတွင်းကပင် ဂျာမဏီဝန်ကြီး ချုပ် Olaf Scholz က၊ နိုင်ငံခြားရေဝန်ကြီးအပါအဝင် ထိပ်သီးလုပ်ငန်းရှင်များပါဝင်သည့်အဖွဲ့ဖြင့် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည်။ စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း ကုန်သွယ်ရေးမြှင့်တင်ရန် တရုတ်သို့သွားခဲ့သည်။ ပြင်သစ် သမ္မတ Emmanuel Macron ကလည်း တရုတ်နှင့် မိတ်ဖက်ဆောင်ရွက်ရန် ကြိုးစားနေကြသည်။ ပြင်သစ်သမ္မတနှင့်အတူ စီးပွားရေးလုပ်ငန်းရှင် ၅၃ ဦးပါသွားပြီး ဥရောပအနေဖြင့် တရုတ်-အမေရိကန်တင်းမာမှုနှင့် ထိုင်ဝမ်ပဋိပက္ခတွင် မပါဝင်ကြောင်း ပြောဆိုခဲ့သဖြင့် ဥရောပနှင့် အမေရိကတွင် ပွက်လောရိုက်သွားခဲ့ရသည်။
ရုရှား-ယူကရိန်းစစ်ပွဲက ဗဟိုချုပ်ကိုင်မှုစနစ်နှင့် ဒီမိုကရေစီအကြား အားပြိုင်မှုကဲ့သို့ဖြစ်သွားပြီး အခြေအနေများကို ပိုမိုရှုပ်ထွေးသွားစေခဲ့ပါသည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကိုလမ်းဖွင့်ထားသည့် ဥရောပအရှေ့ဘက်ခြမ်းနိုင်ငံအများစုက သဘောထားတင်းမာသည့်အခြေအနေသို့ရောက်သွားကြသည်။ ၎င်းတို့အနေဖြင့် ရုရှားနှင့် တရုတ်အကြားက အကန့်အသတ်မရှိသော မိတ်ဘက်ဆက်ဆံရေးကိုလည်း စိုးရိမ်ကြချိန်တွင် တရုတ်အနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား ကွာဟချက်များကို အမြတ်ထုတ်လိုနေသည်ကိုလည်း သိကြပါသည်။
အမေရိကန်ကိုယ်၌က ၎င်း၏သဘောထားမည်သို့ရှိသည်ကို မသိနိုင်ခြင်းကြောင့် ဘုံသဘောတူညီချက်မျိုးရရှိရန် ခက်ခဲပါသည်။ အမေရိကန်အစိုးရခေါင်းဆောင်များနှင့် အမျိုးသားလုံခြုံရေးအကြံပေးများအကြားတွင် EU ကော်မရှင် Ursula Leyen ကဲ့သို့ စွန့်စားမှုလျော့ချရေး “de-risking” သဘောထားရှိသူများလည်း ရှိနေပြီး ရှင်းလင်းသည့်အယူအဆမရှိသေးပါ။ သို့သော်လည်း တရုတ်စပိုင်လေပူပေါင်းဖြစ်စဉ်နောက်ပိုင်းတွင် တရုတ်နှင့် အမေရိကန်ဆက်ဆံရေး သိသိသာသာပျက်ယွင်းခဲ့ပြီး ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပြည့်သူ့သဘောထားကလည်း တရုတ်အပေါ် တင်းမာနေပါသည်။ ဒီလိုတင်းမာမှုက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ရေးတွင် ပိုမိုပြင်းထန်လာဖွယ်ရှိပြီး ရီပါဘလစ်ကန် (ဒေါ်နယ်ထရမ့်) ဘက်မှ အနိုင်ရကောင်းရသွားနိုင်ပါသည်။
စိန်ခေါ်မှုနှင့် သဘောထားများ
ဒီလိုအခြေအနေများအားလုံးက ဥရောပအတွက် တူညီသည့်သဘောထားတစ်ခု အမြန်ချမှတ်နိုင်ရန် အရေးကြီးလာပါသည်။ ဥရောပခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံအပေါ်မှီခိုမှုလျော့ချဖို့ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အမေရိကန်နိုင်ငံ၏ gree-industry ကို ဒေါ်လာဘီလီယံရာနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားမှုကိုလည်း တုံ့ပြန်ရန်လိုအပ်နေပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ရုရှားကဲ့သို့ ပိတ်ဆို့အရေးယူရန်၊ စစ်ရေးအရကူညီပေးရန် တောင်းဆိုလာပါက မည်သို့တုံ့ပြန်ရမည်ကို ဆုံးဖြတ်ထားရန်လည်း လိုအပ်နေပါသည်။ တရုတ်နှင့် ဆက်ဆံရေးတွင် စွန့်စားမှုလျော့ချရေး “De-risking” မဟာဗျူဟာက အမေရိကန်နိုင်ငံနှင့် သဘောထားညှိယူနိုင်မည်ဟု တစ်ချို့မျှော်လင့်နေကြသော်လည်း နည်းပညာနှင့် ပထဝီနိုင်ငံရေးလက်တွေ့ အချိန်းအပြောင်းကာလတွင် ၎င်းတို့ဘက်က အားနည်းနေကြောင်း သက်သေပြသကဲ့သို့ဖြစ်မည်ကိုလည်း စိုးရိမ်နေကြပါသည်။
ဥရောပသည် အမေရိကန်ထက် စီးပွားရေးအရ တရုတ်နှင့်ပိုမိုဆက်နွယ်နေပါသည်။ ဥရောပ၏ လူသိရှင်ကြားမှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ ရရှိသောအခွန်ငွေ ၈ ရာခိုင်နှုန်းကို တရုတ်မှ ရရှိနေပြီး အမေရိကန်က ၄ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်တွင်ရှိသော ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုများမှာလည်း GDP ၏ ၂ ရာခိုင်နှုန်းရှိပြီး အမေရိကန်က ၁ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်သို့ ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်နှင့် ဥရောပ ၇ မှ ၉ ရာခိုင်နှုန်းကြားရှိပြီး သိပ်မကွာလှသော်လည်း ဥရောပအနေဖြင့် ကုန်သွယ်ရေးအပေါ်မှီခိုသည့်စီးပွားရေးကြောင့် ပိုမို၍ ထိလွယ်ရှလွယ်ဖြစ်ပါသည်။
ယခု အမေရိကန်နှင့် တရုတ်အကြား ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက် (global supply chain) ခွာပြဲနေကြခြင်းက ဥရောပ၏ အသုံးစရိတ်ကို ၂ ရာခိုင်နှုန်းကျော်ကျော်ကျဆင်းစေလိမ့်မည်ဟု အီးယူဗဟိုဘဏ်ကဆိုသည်။ ထိုပမာဏက အမေရိကန်ထက် ၂ ဆပိုများပါသည်။ IMF ၏ လေ့လာချက်များအရလည်း အနောက်အုပ်စုနှင့်တရုတ် ရင်းနှင်းမြှုပ်နှံမှုခွာပြဲကြခြင်းကြောင့် ဥရောပ GDP ၂ ရာခိုင်နှုန်းကျဆင်းစေလိမ့်မည်ဟုဆိုသည်။ ထိုဂဏန်းကလည်း အမေရိကန်ထက် ၂ ဆမကပိုများပါသည်။ ထိုအကွဲအပြဲများက ဂျာမဏီ ကားထုတ်လုပ်ရေးကုမ္ပဏီများ၊ ပြင်သစ်၏ ဇိမ်ခံပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ဗြိတိန်၏ ဘဏ်ကြီး နှစ်ခု အပါအဝင် တရုတ်အပေါ်မှီခိုနေရသည့် ဥရောပကုမ္ပဏီများ ဒုက္ခရောက်နိုင်ပါသည်။
ယခုပြောနေကြသည် စွန့်စားမှုလျော့ချခြင်း (de-risking) ဆိုသည်မှာ တရုတ်နှင့် လုံးဝခွာပြဲကြခြင်းအစား မှီခိုဆက်နွယ်မှု လျော့ကြရန် ရည်ရွယ်ပါသည်။ ထိုသို့ တရုတ်နှင့် De-risking လုပ်သည်ကပင် ဥရောပအတွက် ကြီးမားသည့် စွန့်စားမှုဖြစ်ပါသည်။ ဥရောပစီးပွားရေးလုပ်ငန်းများက ကမ္ဘာ့နိုင်ငံရေးခွာပြဲနေကြမှုကို စိတ်မဝင်စားလှဘဲ တရုတ်နှင့် အလုပ်ဆက်လုပ်နေကြဆဲဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နှင့် EU အကြား ကုန်သွယ်မှု ၄၂၈ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်ကို တွေ့ရပါသည်။
လွန်ခဲ့သည့် ၄ နှစ်လောက်က EU ၏မဟာဗျူဟာစာစောင်တွင် တရုတ်အား စီးပွားရေးမိတ်ဖက်အဖြစ်သာမကဘဲ သတိထားရမည်ဖြစ်ပြီး စနစ်ကျသည့် ပြိုင်ဘက်အဖြစ် စတင်ရှုမြင်ခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်အားသတိထား ဆက်ဆံလာခဲ့ကြသည်။ အမေရိကန်၏ သဘောထားအရလည်း ဥရောပ၏ 5G ကွန်ရက်မှ တရုတ်၏ ဟွာဝေးကုမ္ပဏီများကို ဖယ်ထုတ်ခဲ့သည်။ (ဂျာမဏီတွင်တော့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ချို့ရှိနေဆဲဖြစ်သည်)။ တရုတ်ရှိ Uyghurs (ဝီးဂါတ်ဇ်) လူမျိုးများနှင့်ပတ်သက်သည့် ဝေဖန်ချက်များ အသံပိုကျယ်လာသည်။ ကိုဗစ် ကပ်ရောဂါအတွင်း ကမ္ဘာ့ကုန်သွယ်ရေးကမောက်ကမဖြစ်ခဲ့ခြင်းက ဥရောပအနေဖြင့် တရုတ်စက်ရုံများအပေါ်မှီခိုနေရမှုကို ပိုမိုထင်ရှားစေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် တွင်တရုတ်နှင့်လက်မှတ်ရေးထိုးထားသည့် “Comprehensive Agreement on Investment” ကို ဥရောပဘက်မှ လိုလိုလားလားမရှိတော့ပါ။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် တရုတ်နိုင်ငံ၏ ရုရှားနှင့် “No-limits” ဆက်ဆံရေးက ကြေညာမှုက အခြေအနေကို ပိုဆိုးသွားစေခဲ့ပါသည်။
စွန့်စားမှုလျော့ချရေးမဟာဗျူဟာ
“De-risking” အတွက် လက်တွေ့ဆောင်ရွက်နိုင်သည်များမှာ တရုတ်ကိုမှီခိုနေသည့် စီးပွားရေးလုပ်ငန်းများကို အခြားနေရာများသို့ဖြန့်ခွဲရန်၊ မိမိ၏ စီးပွားရေးလုံခြုံမှုကိုမြှင့်တင်ရန်နှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်အတွင်းမှ တရုတ်ကုမ္ပဏီများကို တင်းကြပ်စွာစောင့်ကြည့်ရန်ဖြစ်ပါသည်။ ထို့ပြင် တရုတ်အနေဖြင့် စစ်ရေးဆိုင်ရာရည်ရွယ်ချက်အတွက် အသုံးချနိုင်သည့် quantum computing ၊ နည်းပညာမြင့် Chip များထုတ်လုပ်သည့် နည်းပညာများ ရရှိမသွားနိုင်အောင်လည်း ဟန့်တားရမည်ဖြစ်ပါသည်။
သို့သော်လည်း ဥရောပသည် အခြားအရေးကြီးပစ္စည်းများအတွက် တရုတ်အပေါ်မှီခိုနေရမှုတွင်လည်း အမေရိကန်ထက်ပိုပြီး မဟာဗျူဟာမြောက် အားနည်းချက်ရှိနေပါသည်။ ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေရှားသတ္တု ၅ ပုံ ၃ ပုံကို တရုတ်မှ တူးဖော်ခဲ့ပါသည်။ လျှပ်စစ်ကား စွမ်းအားမြင့် ဘက်ထရီများတွင်လိုအပ်သည့် အဓိကပစ္စည်းနှစ်ခုဖြစ်သော Lithium ၆၀ ရာခိုင်နှုန်း၊ cobalt ၈၀ ရာခိုင်နှုန်းကိုလည်း တရုတ်ကပင် သန့်စင်ခဲ့ပါသည်။ ဥရောပအနေဖြင့် မြေရှားသတ္ထု ၉၈ ရာခိုင်နှုန်းကို တရုတ်မှတင်သွင်းနေရပြီး အမေရိကန်က မြေရှားသတ္တု ၈၀ ရာခိုင်နှုန်းကို အာရှမှတင်သွင်းနေပါသည်။ ထို့ပြင် EU အနေဖြင့် ပဋိဇီဝကာကွယ်ဆေးထုတ်လုပ်ရာတွင်လိုအပ်သည့် chloramphenicol ၉၇ ရာခိုင်နှုန်းကို တရုတ်အပေါ်မှီခိုနေရပြီး အမေရိကန်က ၉၃ ရာခိုင်နှုန်း မှီခိုနေရပါသည်။
ထိုမှီခိုနေရမှုများကို လျော့ချနိုင်ရန်အတွက် ဥရောပနိုင်ငံများဆောင်ရွက်ခဲ့သည်များလည်းရှိပါသည်။ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်ကို ရိုက်ခတ်ခဲ့ကတည်းက ၎င်းတို့နှင့် ချိတ်ဆက်ရမည့် ထုတ်ကုန်များကို မိတ်ဘက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ဖြန့်ခွဲခဲ့ကြပါသည်။ EU အနေဖြင့်လည်း ၎င်းတို့တင်သွင်းသည် မြေရှားသတ္တုများကို မည်သည့်နိုင်ငံမှတင်သွင်းသည်ဖြစ်စေ ၆၅ ရာခိုင်နှုန်းထက်ပို၍ မှီခိုမှုမပြုလုပ်ရန် Critical Raw Matierials Act ကိုပြဋ္ဌာန်းခဲ့ပါသည်။ ဒတ်ချ်ကုမ္ပဏီများကလည်း အမေရိကန်၏သွင်းကုန်ထိန်းချုပ်မှုကို လိုက်နာ၍ တရုတ်အား နောက်ဆုံးပေါ် ချစ်ပ်ပြားထုတ်လုပ်သည့် နည်းပညာများကို ကန့်သတ်ခဲ့ပါသည်။ တရုတ်ရှိ ဥရောပကုမ္ပဏီများသည်လည်း ထောက်ပံ့ငွေကြေးများထည့်သွင်းရာတွင် တရုတ်ပြည်တွင်းမှရရှိနေသည့် အကျိုးအမြတ်ဖြင့်ပင် ထည့်သွင်းသည့် အစီအစဉ်ပြုလုပ်ခဲ့ကြပါသည်။ (ဥရောပနိုင်ငံများမှ ငွေကြေးနှင့် အရင်းမထွက်သွားရန်ဖြစ်ပါသည်။)
အားနည်းချက်များ
သို့ပေမယ့် ထိုအစီအစဉ်က ဥရောပရှိမိခင်ကုမ္ပဏီကြီးများနှင့် တရုတ်ရှိကုမ္ပဏီခွဲများ၏ ဓနပိုင်ဆိုင်မှု ကွဲပြားခြင်းများဖြစ်ပေါ်လာပါသည်။ ဥပမာ ဥရောပရှိ VW ကုမ္ပဏီနှင့် တရုတ်ရှိ VW ကုမ္ပဏီကို ပိုင်ဆိုင်သည့် ရှယ်ယာအစုရှင်များအကြား ကြီးမားသည့်ဓနပိုင်ဆိုင်မှုခွဲဝေခြင်း၊ မတူညီခြင်းများဖြစ်ပေါ်လာပါသည်။ ထိုရှယ်ရာရှင်အများစုသည်လည်း ဥရောပသားများ မဟုတ်ကြပါ။ ထို့ကြောင့် လက်တွေ့တွင် ကုမ္ပဏီများက “one company, two systems” ပုံစံဖြစ်လာပြီး ကြီးမားသည့် ဆုံးရှုံးပျက်စီးမှုများ ဖြစ်လာနိုင်ပါသည်။ “De-risking” တွင်နောက်ဆုံးအချက်ဖြစ်သည့် ဥရောပသို့ဝင်လာသည့် တရုတ်ကုမ္ပဏီများကို တင်းကြပ်ခြင်း စောင့်ကြည့်ခြင်းများဆောင်ရွက်ခြင်းကြောင့် တရုတ်၏ရင်းနှီးမြှုပ်နှံ့မှုများမှာ ၂၀၁၃ မှစတွက်လျင် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိသွားပါသည်။
အလယ်အလတ်လမ်းစဉ်ဖြစ်သည့် “De-risking” တွင်လည်း ယိုပေါက်များရှိနေပါသည်။ ဥရောပရှိ ကုမ္ပဏီကြီးများက တရုတ်နှင့် ဆက်လက်၍ စီးပွားရေးလုပ်ဆောင်လိုနေကြဆဲဖြစ်သည်။ နည်းပညာကဏ္ဍတွင် ထိန်းသိမ်းရသည်များရှိသော်လည်း တရုတ်နှင့်စီးပွားရေးလုပ်ဆောင်မှုလျော့ချလာခြင်းမရှိဘဲ ပုံမှန်သာဆောင်ရွက်နေကြပါသည်။ ဥပမာအားဖြင့် ပြင်သစ်သမ္မတခရီးစဉ်အတွင်း ဥရောပ၏ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က တရုတ်နိုင်ငံ Tianjin တွင် လေယာဉ်လိုင်းအသစ်ပြေးဆွဲရန်နှင့် လေယာဉ် ၁၆၀ စီးရောင်းချရန် သဘောတူညီခဲ့ပါသည်။
“De-risking” အနေဖြင့် အသစ်ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာဆက်နွယ်မှုများနှင့် နည်းပညာအပြောင်းအလဲကိုလည်း တားဆီးနိုင်ရန်ခက်ခဲပါသည်။ ကားလောကမှ အကောင်းဆုံးဥပမာဖြစ်သည်။ ဥရောပအနေဖြင့် တရုတ်သို့ EV ကားတင်သွင်းမှုမရှိသော်လည်း တရုတ်၏ EV ကားများအားလုံးလိုလိုသည် EU သို့တင်သွင်းနေပါသည်။ ထိုကားများကလည်း ဥရောပဘရန်းများဖြစ်သည်။ ဥရောပအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်သည့် သယ်ယူပို့ဆောင်ရေးကိုအားပေးနေသကဲ့သို့ တရုတ်ကလည်း ဥရောပသို့ ဈေးသက်သာသည့် EV ကားများတင်သွင်းရန် စနစ်တကျဆောင်ရွက်ပြီးဖြစ်နေပါသည်။ (ဝယ်လိုအားနှင့် ရောင်းလိုအား သူ့အရပ်နှင့် သူ့ဇတ် ကိုက်နေသည်ဟု ဆိုလိုပါသည်။)
“De-risking” မဟာဗျူဟာ၏ အားအနည်းဆုံးအပိုင်းမှာ တရုတ်က ထိုင်ဝမ်အား ကျူးကျော်မည်ဆိုပါက မည်သို့ ဆောင်ရွက်မည်ကို ပြင်ဆင်မထားရသေးခြင်းဖြစ်ပါသည်။ EU ၏ စစ်တပ်များနှင့် စစ်ဖက်ထုတ်လုပ်ရေးလုပ်ငန်းများမှာ ပြန့်ကျဲနေပြီး ခေါင်းဆောင်များကလည်း နောက်ထပ် စစ်ပွဲတစ်ခုတွင် ဝင်မပါလိုတော့ပါ။ သို့သော်လည်း အမေရိကန်က ရုရှားအားပိတ်ဆို့သကဲ့သို့ တရုတ်အားပိတ်ဆို့ရန် ဥရောပကိုဖိအားပေးမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည်ပင် Apple ကုမ္ပဏီအတွက်လိုအပ်သည့် ထုတ်ကုန်များကို အိန္ဒိယနိုင်ငံသို့ ဖြန့်ခွဲထားသည့်တိုင်အောင် နည်းပညာကုမ္ပဏီကြီးများက တရုတ်နိုင်ငံအား မှီခိုနေရဆဲဖြစ်ပါသည်။ ထိုသို့သောအခြေအနေတွင် EU အနေဖြင့် တရုတ်အားစီးပွားရေးပိတ်ဆို့ပါက အမေရိကန်ထက်ပို၍ စီးပွားရေးအရအထိနာနိုင်ပြီး ကုမ္ပဏီများကို ပိုမိုဂယက်ရိုက်လာပါလိမ့်မည်။
ထို့ကြောင့်ပင် ပြင်သစ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးတွင် ပိုနေမြဲကျားနေမြဲအခြေအနေ “status quo” ကိုထိန်းထားမည်ဟုဆိုသော်လည်း သမ္မတ Macron က ဥရောပအနေဖြင့် ထိုင်ဝမ်ကိစ္စတွင် အမေရိကန်ဦးဆောင်သည့်နောက်သို့ လိုက်မည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လစ်သူနီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အနေဖြင့် ယူကရိန်းကို ကူညီနေမှုတွင် ဥရောပနိုင်ငံများအနေဖြင့် ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကိုသာ ရှေးရှုထားသင့်ပြီး အာဏာရှင်များကို မပံ့ပိုးသင့်ကြောင်း (ပြင်သစ်ကိုအပြစ်တင်လိုဟန်) ပြောကြားခဲ့သည်ကို တွေ့ရသည်။ ဥရောပနိုင်ငံများ၏ သဘောထားများမှာ အမျိုးမျိုးအထွေထွေကွဲပြားနေကြပါသည်။ ထို့ကြောင့် မေလ ၁၂ ရက်နေ့တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက လာမည့် ဇွန်လတွင်ကျင်းပမည့် ဥရောပညီလာခံတွင် တရုတ်အရေးကိစ္စအတွက် အခြေခံမူများချမှတ်နိုင်ရန် ဆောင်ရွက်မည်ဟု သဘောတူညီခဲ့ထားပါသည်။
ပြဿနာတွေအဆုံးသတ်နိုင်မလား
ဥရောပအနေဖြင့် တရုတ်အရေးကိစ္စကိုဖြေရှင်းရန် ထိရောက်သည့် ဆွေးနွေးငြင်းခုန်မှုများလိုအပ်နေဆဲဖြစ်ပါသည်။ ဥရောပ၏အဓိက နိုင်ငံများဖြစ်သည့် ပြင်သစ်နှင့် ဂျာမဏီတို့က “De-risking” ဗျူဟာကိုမငြင်းဆန်ကြသော်လည်း ၎င်းတို့ဘက်မှ သဘောထားများလည်းရှိနေပါဦးမည်။ ဥရောပမှ တရုတ်သို့ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးဆဲဖြစ်ပြီး လက်တွေ့ဆောင်ရွက်ရန်ခက်ခဲပါသည်။ တရုတ်မှ ဥရောပသို့ရင်းနှီးမြှုပ်နှံမှုများကို စိစစ်နေသော်လည်း ဥရောပသားများက တင်းကြပ်သည့်ဥပဒေများကို သဘောမတူကြပါ။ ယခု အချိန်တွင် “De-risking” မှလွဲ၍ အခြား ပိုကောင်းသောမူဝါဒတစ်ခုချမှတ်ရန်လည်း မဖြစ်နိုင်ပါ။ ထိုအရာက အမေရိကန်နှင့် တရုတ်အကွဲအပြဲအတွက် အဖြေတစ်ခုကိုလည်းမပေးနိုင်ပါသည်။ ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုကိုဆန့်ကျင်ရာတွင် အတ္တလန်တစ်မိတ်ဘက်နိုင်ငံများကို တစ်သံတည်းထွက်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း တရုတ်နှင့် ထိုင်ဝမ်အရေးကိစ္စကတော့ ပိုမိုအန္တရာယ်များသလို ကိုင်တွယ်ရန် ပိုမိုခက်ခဲ့သည့် ကိစ္စရပ်လည်းဖြစ်ပါသည်။
Myanmar Aspect
29053023

(မှတ်ချက်။ ဤဆောင်းပါးတွင် G-7 ၌ဆွေးနွေးခဲ့ကြသည့် De-risking ဗျူဟာ၏ အားနည်းချက်/အားသာချက်များကို အသေးစိတ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။)