Thursday, June 8, 2023
ယူကရိန်းတွင်အသုံးပြုနေသည့်ကာကွယ်ရေး ဆန်ခါပိုက်ကွန်များက အသေခံဒရုန်းများကို ကာကွယ်နိုင်မည်လား
Wednesday, June 7, 2023
Quad အဖွဲ့ဘာလဲ၊ ဘယ်လဲ
ဖော်ပြချက်
တွေ့ရှိသုံးသပ်ချက်
Tuesday, June 6, 2023
တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားများတွင် ဒရုန်းများပါဝင်လာမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ
နိဒါန်း
တွေ့ရှိချက်
တွေ့ရှိသုံးသပ်ချက်
Monday, June 5, 2023
ဥရောပအနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုကို ဆန့်ကျင်ရန် လိုအပ်နေပြီလော
Sunday, June 4, 2023
NATO အဖွဲ့အနေဖြင့် ဥရောပဒေသတွင် နောက်ထပ်စစ်မြေပြင်တစ်ခု ဖန်တီးနေခြင်းလော
ဖော်ပြချက်
တွေ့ရှိသုံးသပ်ချက်
Friday, June 2, 2023
မကြာမီကျင်းပမည့် Shangri-La Dialogue 2023 သည် အာဆီယံ၏ ဆိုက်ဘာနှင့် နည်းပညာကဏ္ဍအတွက် အခွင့်အလမ်းကောင်းဖြစ်ခြင်း
နိဒါန်း
Shangri-La Dialogue 2023 (SLD 2023)အား
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ
စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် အင်အားကြီး နိုင်ငံများ၏
ဆိုက်ဘာနှင့်နည်းပညာကဏ္ဍအားပြိုင်မှုများကြောင့်
ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို
ပိုမိုအလေးပေးဆွေးနွေးသွားမည်ဖြစ်ပါသည်။ ယခင်က ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၌ ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာလုံခြုံရေးအား သမားရိုးကျ
မဟုတ်သောလုံခြုံရေးကဏ္ဍတွင် ထည့်သွင်းခဲ့သော်လည်း
လက်ရှိအချိန်၌ အဆိုပါကဏ္ဍ များအား သမားရိုးကျလုံခြုံရေးကဏ္ဍတွင်ထည့်သွင်းလာပြီဖြစ်ပါသည်။
သို့သော်လည်း အာဆီယံအနေဖြင့်
၎င်းတို့၏ ADMM နှင့် ADMM-Plus အစည်းအဝေး များတွင်
ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍအား ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်
ထည့်သွင်းစဉ်းစားရမည့် အချက် ၃ ချက်ရှိကြောင်းကို သုံးသပ်ဖော်ပြပါမည်။
ဖော်ပြချက်
ပထမအချက်၌
နည်းပညာသစ်များ၏ စစ်မဟာဗျူဟာနှင့် စံနှုန်းများအပေါ် သက်ရောက်မှုအား ဖော်ပြထားပါသည်။ စစ်မဟာဗျူဟာအပေါ် သက်ရောက်မှုနှင့်
စပ်လျဉ်း၍ သမားရိုးကျစစ်ပွဲတစ်ပွဲတွင် စစ်အင်အားသာလွန်ခြင်းထက်
ပိုမိုဆန်းသစ်သည့် စစ်ဘက်ဆိုင်ရာနည်းပညာနှင့်
ဆိုက်ဘာတိုက်ခိုက်မှုတို့ကိုသာ အသုံးပြုပါက အဆိုပါ စစ်ပွဲတွင် အချိုးအစားမညီသည့်ရလဒ်များ ပေါ်ထွက်လာနိုင်ပြီး နည်းပညာသာသည့်
ဘက်မှပိုမိုအသာစီးရရှိမည်ဖြစ်သောကြောင့် လက်ရှိအသုံးပြုနေသည့်
စစ်မဟာဗျူဟာများ အပေါ်တွင် သက်ရောက်မှုများစွာရှိနိုင်ပါသည်။ စံနှုန်းများအပေါ်
သက်ရောက်မှုနှင့် စပ်လျဉ်း၍လည်း နိုင်ငံများသည် ၎င်းတို့၏ ဆိုက်ဘာနှင့်နည်းပညာကဏ္ဍ
ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်
စစ်မြေပြင်အား စမ်းသပ်ကွင်းအဖြစ် အသုံးပြုလာနိုင်သောကြောင့် နိုင်ငံများလိုက်နာရမည့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေများနှင့်
စံနှုန်းများအပေါ်ပါ ထိခိုက်မှုရှိလာနိုင်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်၌
အာဆီယံအနေဖြင့် ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပုဂ္ဂလိကပိုင် နည်းပညာကုမ္ပဏီများ၏အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်လိုအပ်ဟု
ဆိုပါသည်။ ကာကွယ်ရေးကဏ္ဍ၌
ပုဂ္ဂလိကပိုင်နည်းပညာကုမ္ပဏီများပါဝင်ခြင်းသည် အရေးကြီးသော သတင်းအချက်အလက် ပေါက်ကြားမှုကို ဖြစ်ပေါ်စေနိုင်ပြီး စစ်ဆင်ရေး
ကိုပါ ထိခိုက်နိုင်ပါသည်။ အဆိုပါ ကုမ္ပဏီများနှင့်
နိုင်ငံများအကြားတွင်ရှိသော အကျိုး စီးပွားနှင့်
ရည်မှန်းချက်သည်လည်း တူညီမှုမရှိသည့်အပြင် အဆိုပါကုမ္ပဏီများ အခြေချသည့်
နိုင်ငံများ၏ နိုင်ငံရေးစနစ်နှင့် ဈေးကွက်စနစ်မှာလည်း မတူညီကြ သောကြောင့် နိုင်ငံများ၏ လုံခြုံရေးကဏ္ဍအပေါ် များစွာထိခိုက်နိုင်ပါသည်။
ထို့ကြောင့် နိုင်ငံများအနေဖြင့် ထိရောက်မှုရှိသည့် ဒီဂျစ်တယ်ကာကွယ်ရေး မဟာဗျူဟာကို
ဖော်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်၌
ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမိုများပြားလာမှုကို
ဖော်ပြထားပါသည်။ ဥပမာအားဖြင့် AUKUS မဟာမိတ်အဖွဲ့၏ ဒုတိယမဏ္ဍိုင်သည် အဖွဲ့ဝင်များအကြား
ဆိုက်ဘာ၊ ရေအောက်ဒရုန်း၊ AI နှင့် ဟိုက်ပါဆောနစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေတည်ထားခြင်းဖြစ်ပြီး
Chip 4 မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်မှာလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ
ကုန်သွယ် စီးဆင်းမှုကွင်းဆက် ခိုင်မာရေးနှင့် တရုတ်နိုင်ငံသို့
အဆင့်မြင့်နည်းပညာတင်ပို့မှုကို ပိတ်ပင်ရေးတို့ ဖြစ်ပါသည်။ ထို့ပြင်
တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း ၎င်းတို့၏ ဒီဂျစ်တယ်ကာကွယ်ရေးစနစ်
အားကောင်းစေရန် NATO Cooperative Cyber Defence
Centre of Excellence (CCDCOE) နှင့် ပူးပေါင်းဆောင်ရွက်နေကြပါသည်။ အကယ်၍ နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးအား အဖွဲ့လိုက်ဆောင်ရွက်ရသည့်
ကဏ္ဍတစ်ခုအဖြစ် မှတ်ယူလာပါက ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများအန္တရာယ်ကို
ကာကွယ် နိုင်ရန် မဟာမိတ်ဖွဲ့စည်းမှုသည် အလွန်ပင်အရေးကြီးလာပါသည်။ သို့သော်လည်း ထိုကဲ့သို့
မဟာမိတ်ဖွဲ့စည်းမှုသည် လက်ရှိနိုင်ငံတကာအခင်းအကျင်းအား
ပိုမိုရှုပ်ထွေးသွားနိုင်ပြီး နိုင်ငံတကာလုံခြုံရေးအခင်းအကျင်း၌ စိန်ခေါ်မှုများ
ကြီးထွားလာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မကြာမီကျင်းပမည့်
SLD 2023 ဆွေးနွေးပွဲတွင် ဆိုက်ဘာနှင့်နည်းပညာကဏ္ဍ
အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးမည် ဖြစ်သောကြောင့် အာဆီယံအဖွဲ့ဝင်များအတွက်
များစွာအကျိုးကျေးဇူးဖြစ်ထွန်းမည့် အပြင်
ADMM နှင့် ADMM-Plus အတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံ၏ ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ လုံခြုံရေးကဏ္ဍ
ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အချက် ၃ ချက်ဖြစ်သည့်
နည်းပညာသစ်များ၏ စစ်မဟာဗျူဟာနှင့် စံနှုန်းများအပေါ်
သက်ရောက်လာနိုင်မှု၊ ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပုဂ္ဂလိကပိုင် နည်းပညာကုမ္ပဏီများ၏ အန္တရာယ်ရှိမှု၊ ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းခြင်း
များပြားလာမှုတို့အား ထည့်သွင်းစဉ်းစားလာကြသည်ကို တွေ့ရှိရသည်။
လက်ရှိအချိန်၌ နိုင်ငံများသည် ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ
လုံခြုံရေး ခြိမ်းခြောက်မှုအား သမားရိုးကျလုံခြုံရေးအဖြစ်
မှတ်ယူလာကြသောကြောင့် နိုင်ငံတကာ၊ သို့မဟုတ် ဒေသတွင်း လုံခြုံရေးအခင်းအကျင်းတွင်
ဆိုက်ဘာနှင့်နည်းပညာဆိုင်ရာ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမိုပေါ်ထွက်လာမည့်အလားအလာဖြစ်ပါသည်။
နည်းပညာ အင်အားကြီးနိုင်ငံများသည် မဟာမိတ်ဖွဲ့၍
ဆိုက်ဘာနှင့်နည်းပညာလုံခြုံရေး ပူးပေါင်း ဆောင်ရွက်လာသည်သာမက အင်အားအလယ်အလတ်ရှိသော နိုင်ငံများနှင့် ပူးပေါင်း
ဆောင်ရွက်လာသည့်နည်းတူ အင်အားငယ်သော နိုင်ငံများကလည်း မိမိနိုင်ငံအကျိုး စီးပွားလုံခြုံရေးအတွက်
မိတ်ဖက်နိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့်ပါ ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းများ
ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
33060323
Thursday, June 1, 2023
ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လက်ရှိကမ္ဘာ့နိုင်ငံရေးနှင့် ဒေသတွင်းနိုင်ငံရေး အခင်းအကျင်းတွင် မည်သို့အရေးပါနေသနည်း
နိဒါန်း
ဂျပန်နိုင်ငံအခြေစိုက် Nikkei Inc. က ကြီးမှူးကျင်းပပြီး Future of Asia အမည်ဖြင့် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံ(Global South)အချို့၏ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြားရှိ တင်းမာမှုများနှင့် ရှရှား-ယူကရိန်းပဋိပက္ခများအပေါ် ရှုမြင်သည့်သဘောထားအမြင်များကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
ဖိုရမ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးဟောင်း ဖြစ်သည့် Dino Patti Djalal က Global South နိုင်ငံများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အဆောတလျင်ဖြေရှင်းရမည့် နိုင်ငံတကာအရေးအခင်းများနှင့် အာရှဒေသအတွင်း အခင်းအကျင်းများကို ပုံဖော်မှုများတွင် လိုအပ်သည့်အဖြေရှာခြင်းများ လုပ်ဆောင်ပေး နိုင်သည်ဟုဆိုပါသည်။ တရုတ်နှင့် အမေရိကန် အင်အားကြီးနှစ်နိုင်ငံတို့၏ အားပြိုင်မှုများနှင့် ပတ်သက်ပြီး အဆိုပါနိုင်ငံများအကြား တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေပါက နှစ်ဖက်စလုံးတွင် ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့ရစေနိုင်မည်ဖြစ်ပါသည်။ ထိုင်ဝမ်ရေလက်ကြားအရေးမှအစပြု၍ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်-အမေရိကန် တင်းမာမှုများသည် အရှိန်မြင့်တက်လျက်ရှိနေပါသည်။ တရုတ်နိုင်ငံ သမ္မတ Xi Jinping သည် ထိုင်ဝမ်နှင့် အတင်းအကျပ်ပေါင်းစည်းမှုကို ၂၀၂၇ ခုနှစ်ထက် နောက်မကျဘဲ ပြုလုပ်လာနိုင်ဖွယ်ရှိသည်ဟု အချို့ကခန့်မှန်းနေကြပါသည်။ လက်ရှိ အချိန်တွင် Global South နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် အခင်းအကျင်းတွင် မှန်ကန်သောနည်းလမ်းဖြင့် ရပ်တည်နိုင်နေဆဲဖြစ်သည်ဟု ဆိုပါသည်။
ဆက်လက်၍ ဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးခဲ့သူများက ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး စစ်အင်အား အသုံးပြုဆောင်ရွက်ခြင်းသည် အကြံကောင်းမဟုတ်ဆိုသည့် အချက်ကို ထောက်ပြသော နိုင်ငံအများအပြားရှိနေပါသည်။ ထိုင်ဝမ်ဒေသကို တရုတ် နိုင်ငံလက်အောက်မှ လွတ်လပ်သော ဒေသအဖြစ်ရပ်တည်နိုင်ရန် လုပ်ဆောင်နေခြင်းသည် အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်တို့၏ အဓိကနိုင်ငံရေးပြဿနာဖြစ်နေပါသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံ အကြီးအကဲများအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင် သင့်ပြီး လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား၌ ထိရောက်သည့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။
ဆွေးနွေးပွဲတွင် ရှရှား-ယူကရိန်းပဋိပက္ခများနှင့်ပတ်သက်ပြီး ဆွေးနွေးကြရာတွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ် အနောက်အုပ်စုဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြပါသည်။ ဟီရိုရှီးမား G-7 အစည်းအဝေးတွင် ယူကရိန်းနိုင်ငံကို F-16 တိုက်ခိုက်ရေးဂျက်လေယာဉ်များ ထောက်ပံ့ပေးခြင်းအပြင် လေယာဉ်မှူးများကို လေ့ကျင့်ပေးခြင်းနှင့်ပတ်သက်သည့် အကူအညီများပေးရန် အမေရိကန်နိုင်ငံသမ္မတက သဘောတူညီခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အဆိုပါပဋိပက္ခတွင် ကြားဝင်ညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်ရန် ဆန္ဒ ရှိနေပြီး ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံမှုများရှိခဲ့သကဲ့သို့ ယူကရိန်းနိုင်ငံသမ္မတနှင့်လည်း တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မှုများရှိခဲ့ပါသည်။ သို့သော် တရုတ်နှင့် ရုရှားနိုင်ငံတို့ အကြားရှိ “No Limits” ကန့်သတ်ချက်မရှိသော ဆက်ဆံရေးများက အနောက်အုပ်စုဝင်နိုင်ငံများကို သံသယများစေကြောင်း ဖော်ပြထားပါသည်။
မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း Mahathir bin Mohamad က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခများတွင် ဘက်ရွေးချယ် ထောက်ပံ့မှုများ ပြုလုပ်သွားမည်မဟုတ်ဘဲ ဘရာဇီး၊ အိန္ဒိယနှင့် အင်ဒိုနီးရှား နိုင်ငံ အပါအဝင် Global South နိုင်ငံများအနေဖြင့် စစ်ဖြစ်ပွားမှုကို မလိုလားကြကြောင်း၊ G-7 အစည်းအဝေးအခြေအနေများကို ထောက်ပြပြီး စီးပွားရေးအင်အားကြီးနိုင်ငံ အချို့သည် Global South နိုင်ငံများကို စည်းရုံးပြီး ယူကရိန်းစစ်ပွဲကို ထောက်ပံ့ရန် ကြိုးပမ်းနေကြသည်ဟုဆိုပါသည်။ ဆက်လက်၍ ၎င်းက ရုရှား-ယူကရိန်း ပဋိပက္ခများတွင် နျူကလီးယားလက်နက် အသုံးပြုလာခဲ့ပါက ကြုံတွေ့ရမည့် အန္တရာယ်များကို သတိပေး ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းသစ် တစ်ရပ်ကို ထူထောင်သင့်ကြောင်း၊ အာရှဒေသ၏ စီးပွားရေးနယ်ပယ်တွင်သာမက နိုင်ငံရေးနယ်ပယ်တွင်ပါ အနောက်အုပ်စုဝင်နိုင်ငံများ၏ လွှမ်းမိုးမှုမှ လွတ်ကင်းရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်ရေးအတွက် အရှေ့အာရှ (East Asian) သုံး ငွေကြေး တစ်မျိုးဖန်တီးရန်လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့သည်ကို ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အထက်တွင် ဖော်ပြခဲ့သည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး ဖြေရှင်းရန် နည်းလမ်းများရှိနေသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် ခက်ခဲနေပြီး ကမ္ဘာပေါ်တွင် နောက်ထပ်ကြုံတွေ့ရမည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုကို ထိခိုက်စေနိုင်သည့် ဘေးအန္တရာယ်များကို ရပ်တန့် နိုင်ရန်အတွက် လိုအပ်သည့် ညှိနှိုင်းမှုများကို လုပ်ဆောင်သင့်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
Future of Asia အမည်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများတွင် အင်အားကြီး နိုင်ငံအချို့ မပါဝင်သော ကျန်ကမ္ဘာ့နိုင်ငံများ၏ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအပေါ် ထားရှိသည့် သဘောထားများကို ထင်ရှားစွာတွေ့မြင်ရပါသည်။ သို့ရာတွင် ကမ္ဘာ့ အရေးအခင်းများ၌ စစ်ရေး၊ စီးပွားရေးအင်အားကြီးမားသော ကမ္ဘာ့မြောက်ဘက်ခြမ်း စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံ(Global North)တို့ကသာ ထိန်းချုပ်ဦးဆောင်ဖြေရှင်းနေသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း(Global South)နိုင်ငံများအတွက် ကြားနေရုံအဆင့်သာ လုပ်ဆောင် နိုင်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် စစ်မက်ဖြစ်ပွားခြင်း အစား သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း စီးပွားရေးတိုးတက်ကောင်းမွန်လာနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ အရေးအခင်းများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးနိုင်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမျိုးကိုသာ လိုလားသည့်သဘောရှိနေသည်ဟု သုံးသပ်ရပါသည်။
ထို့ကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် G-7 အစည်းအဝေးတွင် အမေရိကန်နိုင်ငံနှင့် ၎င်းတို့၏မဟာမိတ်ဖြစ်သည့် အနောက်အုပ်စုဝင်နိုင်ငံများ၏ ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေးရန် စည်းရုံးနေမှုများကို ဆန့်ကျင်နေခြင်းသည် အဆိုပါ အင်အားကြီးနိုင်ငံများနှင့် မတူညီသည့် နိုင်ငံရေး၊ စီးပွားရေး အသိုက်အဝန်းတစ်ရပ် ထူထောင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ သို့သော် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများတွင် အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်သည့် စီးပွားရေးနှင့် နည်းပညာတိုးတက်ကောင်းမွန်နေသော နိုင်ငံများပါရှိနေသည့်အတွက် ၎င်းတို့ တည်ဆောက်ရန် ရည်ရွယ်နေသော အသိုက်အဝန်း၏ ရေတို/ရေရှည် လုပ်ဆောင်ချက်များ အကောင်အထည် ပေါ်လာခြင်း ရှိ/မရှိကို စောင့်ကြည့်လေ့လာသွားရန် လိုအပ်မည်ဖြစ်ပါသည်။
အချုပ်ဆိုရပါသော် Global South နိုင်ငံဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများမဟုတ်သည့် လက်တင်အမေရိက၊ အာဖရိက၊ အာရှနှင့် သမုဒ္ဒရာပိုင်း ဒေသများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ထိုနိုင်ငံများတွင် လူဦးရေများပြားခြင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပါဝင်ခြင်းတို့ကြောင့် လူမှုစီးပွားဘဝနှင့် နိုင်ငံရေးအရ ကမ္ဘာ့မြောက်ဘက်ခြမ်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အုပ်စုခွဲခြား အဓိပ္ပာယ်သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။ ယခင် စစ်အေးကာလနှင့်မတူညီတသည့်အချက်မှာ လက်ရှိ ကမ္ဘာ့နိုင်ငံရေးတွင် အားပြိုင်မှုများ၊ ဘက်ရွေးချယ်စေမှုများမြင့်တက်နေသည့်အချိန်တွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအနေဖြင့် ပါဝါဇုံများအလိုက် Hedging ပြုလုပ်နိုင်သည့် အခွင့်အရေးများရှိနေပြီး မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်ဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံများ၏ တွေးဆနိုင်ဖွယ်ရာကိစ္စရပ်တစ်ခု ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
32060223
Wednesday, May 31, 2023
၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်ဖြစ်လာနိုင်သည့် တီမောလက်စ်တေနိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေနှင့် သမိုင်းကြောင်းဆိုင်ရာများ
Tuesday, May 30, 2023
ရှေ့ဆောင်ပါတီမှဦးဆောင်သည့် အစိုးရဖြစ်လာမည်ဆိုပါက မြန်မာနိုင်ငံဆိုင်ရာမူဝါဒ ပြောင်းလဲလာနိုင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ