Wednesday, June 14, 2023

တရုတ်နိုင်ငံ၏ လုံခြုံရေးမူဝါဒအသစ်နှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
Shangri-La ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက ဆွေးနွေးခဲ့သည့် လုံခြုံရေးဆိုင်ရာ အစီအမံများအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး Li Shangfu သည် ဇွန်လ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် Shangri-La ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး Li အတွက် ယခုဆွေးနွေးပွဲသို့ တရုတ်နိုင်ငံကိုယ်စားပြုတက်ရောက်ခြင်းသည် ၂၀၂၃ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ သတင်းမီဒီယာများအနေဖြင့် အထက်ပါ ဆွေးနွေးပွဲ၏ ဆက်စပ်အစည်းအဝေးများတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့် နှစ်နိုင်ငံချင်းဆွေးနွေးမှုများ ပြုလုပ်မည်ကို အလေးထားစောင့်ကြည့်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ Li ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် မူဝါဒရေးရာအရ အားနည်းချက်များ ရှိခဲ့သော်လည်း ၎င်း၏ပြောကြားချက်များအပေါ် စိတ်ဝင်စားစရာများပါရှိပါသည်။ ဆွေးနွေးပွဲကို “China’s New Security Initiatives” “တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အစီအမံအသစ်”ဟု အမည်ပေးထားပြီး အဆိုပါ ခေါင်းစဉ်အောက်မှ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI)ကို အသေးစိတ် ဆွေးနွေးနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ GSI ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆိုပါ အစီအမံနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များမှာ ရှင်းရှင်းလင်းလင်းမရှိသေးပါ။ စီးပွားရေးအရ BRI အား အကောင်အထည်ဖော်သည့်နည်းတူ GSI သည်လည်း လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ကြိုးပမ်းချက်တစ်ခုဖြစ်သည်ဟု ဖော်ပြထားပါသည်။
Li ပြောကြားခဲ့သည့် မိန့်ခွန်းများက ဒေသတွင်းတင်းမာမှုများတွင် အဓိက တရားခံသည် အမေရိကန်နိုင်ငံဖြစ်သည်ဆိုသည့်အချက်ကို ဆွေးနွေးပွဲသို့ တက်ရောက် လာသူများ လက်ခံလာစေရန် စည်းရုံးနေသည့် သဘောသက်ရောကလျက်ရှိပါသည်။ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အမြင်သည် အပြုသဘောဆောင်ခြင်းမရှိဘဲ ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံမလိုလားသောအချက်များ ဖြစ်သည့် အခြားတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင့်ထက်စီးနင်း ပြုခြင်း၊ လိုတစ်မျိုး၊ မလိုတစ်မျိုးနည်းလမ်းများ ကျင့်သုံးခြင်း (Double Standards) နှင့် လက်နက်အပြိုင်တပ်ဆင်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများအား တားမြစ်သည် ဆိုသည့်အချက်ကိုသာ ဆွေးနွေးခဲ့ပါသည်။
မိန့်ခွန်း၏ အဆုံးသတ်အနေဖြင့် Li သည် လွတ်လပ်ပွင့်လင်းပြီး တရား မျှတသည့် လုံခြုံရေးတည်ဆောက်မှုအတွက် နည်းလမ်း ၄ သွယ်ကို ထည့်သွင်းပြောကြား ခဲ့ပါသည်။ ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် ခိုင်မာသည့် လုံခြုံရေးဖော်ဆောင်မှုများ ပြုလုပ်လိုသည့်အပြင် ယုံကြည်မှုတည်ဆောက်ခြင်းများ ကိုလည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရုတ်နိုင်ငံနှင့် နယ်မြေ၊ သို့မဟုတ် ရေကြောင်း ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားနေသည့် နိုင်ငံများဖြင့် စေ့စပ်ဆွေးနွေးမှုများ တိုးမြှင့် ဖော်ဆောင်လိုကြောင်း၊ Code of Unplanned Encounters at Sea ကို ပိုမိုဖော်ဆောင် နိုင်ရန်၊ လေကြောင်းနှင့် ရေကြောင်းလုံခြုံရေးများကို တိုးမြှင့်ဖော်ဆောင်နိုင်ရန်အတွက် ပဋိပက္ခများကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအနေဖြင့် တရုတ်နိုင်ငံသည် ပိုမိုတရားမျှတသည့် လုံခြုံရေးစည်းမျဉ်း များကို တိုးမြှင့်ဖော်ဆောင်လိုကြောင်း၊ တချို့သောနိုင်ငံများအနေဖြင့် စည်းမျဉ်းများကို အခြေခံသည့်ဥပဒေများဖော်ဆောင်ရန် ပြောကြားမှုများရှိခဲ့သော်လည်း အဆိုပါ စည်းမျဉ်း များ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိကြောင်း၊ “ Exceptionalism ” နှင့် “Double Standards” ကျင့်သုံးမှုသည် နိုင်ငံများအပေါ် မျှတစွာဆက်ဆံခြင်းမျိုး မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအချက်များကို လုံခြုံရေးဆိုင်ရာ စည်းမျဉ်းအသစ်များ ပုံဖော်ပြီး ဖြေရှင်းပေးလိုကြောင်း၊ တရုတ်နိုင်ငံသည် UN ပဋိညာဉ် များကို အခြေခံ၍ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ဖော်ဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆိုက်ဘာ၊ အာကာသနှင့် ဇီဝလက်နက်များအတွက် ခိုင်မာသည့် ကမ္ဘာလုံးဆိုင်ရာ ဥပဒေများနှင့် စံနှုန်းများကို သတ်မှတ်ပေးလိုကြောင်း၊ တတိယအနေဖြင့် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံလုံခြုံရေးယန္တရားများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဆွေးနွေးမှုများမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်ရန်လိုကြောင်း၊ နောက်ဆုံးအနေဖြင့် တရုတ်နိုင်ငံသည် ပိုမိုထိရောက်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ပူးတွဲလေ့ကျင့်ခန်းများမှတစ်ဆင့် ဖော်ဆောင်လိုကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားရှိ ဆက်ဆံရေးအခြေအနေများကို ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ မူဝါဒများတွင် အပြောနှင့် လက်တွေ့ကွာဟမှုများ ရှိနေကြောင်းကို ထောက်ပြထားပါသည်။ ဥပမာအနေဖြင့် တရုတ်နိုင်ငံဘက်မှ စေ့စပ်ညှိနှိုင်းရေးနှင့် ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ငြင်းဆိုနေသည်ကို ထောက်ပြထားပြီး အမေရိကန်နှင့် တွေ့ဆုံမှုများတွင် တရုတ်နိုင်ငံအပေါ် အပြုသဘော ဆောင်သည့် အလေးအနက်ထား ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်သည်ဟု မှတ်ချက်ပြု ထားပါသည်။ သက်ဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရန် ဥပဒေများပြဋ္ဌာန်းထားပြီး ဖြစ်၍ အသစ်ထပ်မံပြဋ္ဌာန်းရန် မလိုအပ်ဘဲ မိမိပိုင်ဆိုင်သည့် ရေ၊ လေ ပိုင်နက်များကိုသာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နိုင်ငံသည် ပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ဆောင်ရွက်မည်ဆိုသည့်အချက်အပေါ် အလေးအနက်ထား နိုင်ဖွယ်မရှိဘဲ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်ကမ်းရိုးတန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေခြင်းသည် သွယ်ဝိုက်ခြိမ်းခြောက်မှုများ ဖြစ်လာပြီး စစ်ပွဲ ဖြစ်ပွားနိုင်မှုအလားအလာများ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားချက်များအရ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အကြံပြုချက်များသည် ၎င်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေး အတွက် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ဝေဖန်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများမှ အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကို ဖယ်ထုတ်ရန် စီပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအစီအမံများအား အသီးသီးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနက်မှ ၂၀၂၂ ခုနှစ်တွင် ပုံဖော်ဆောင်ရွက်ခဲ့သည့် GSI ဖြင့် ပိုမိုတရားမျှတပြီး သာတူညီမျှခံစားနိုင်မည့် လုံခြုံရေးရပ်ဝန်း Indivisible Security ကို ဖော်ဆောင်ရန် ကတိပြုခဲ့ခြင်းသည် အာရှဒေသကို အနောက်အုပ်စု၏ လွှမ်းမိုးမှုများမှ လွတ်ကင်းပြီး ဒေသတွင်းနိုင်ငံများအချင်းချင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောဖြင့် စည်းလုံးသည့် ရပ်ဝန်းတစ်ရပ်ဖန်တီးရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။ သို့သော်လည်း အင်အားကြီးနိုင်ငံများ၏ သဘောထားဆိုသည်မှာ ၎င်းတို့၏ ပါဝါအတက်အကျအလိုက် ပြောင်းလွယ်ပြင်လွယ်ရှိနေသည်ဟုသည့်အချက်ကို ရေရှည်ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းတွင် လိုက်ပါဆောင်ရွက်ရာ၌ မိမိတို့နိုင်ငံ၏အမျိုးသားအကျိုးစီးပွား အထိုင်မှသာ ရပ်တည်ဆောင်ရွက်ရမည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
42061523


Tuesday, June 13, 2023

အင်ဒိုနီးရှားနိုင်ငံတွင် “Komodo 2023” ရေတပ်လေ့ကျင့်ခန်းဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် “Komodo”လေ့ကျင့်ခန်းအား ၂၀၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး စတုတ္ထအကြိမ်မြောက် လေ့ကျင့်ခန်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။ “Komodo 2023” အား Borneo ကျွန်းနှင့် Sulawesi ကျွန်းအနီးတွင် ကျင်းပပြုလုပ်နေပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ လက်ရှိအချိန်၌ အာရှ-ပစိဖိတ်ဒေသတွင် တင်းမာမှုများ မြင့်တက်နေပြီး ထိုကဲ့သို့ တင်းမာမှုမြင့်တက်နေသည့်ကြားမှ အဆိုပါလေ့ကျင့်ခန်းသို့ တရုတ်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့ကဲ့သို့သော နိုင်ငံများပါဝင်နေခြင်းနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။

ဖော်ပြချက်

အင်ဒိုနီးရှားနိုင်ငံရေတပ်(TNI-AL)၏ ထုတ်ပြန်ချက်အရ “Komodo 2023” ရေတပ် လေ့ကျင့်ခန်းသည် နိုင်ငံစုံပါဝင်သည့် ရေတပ်လေကျင့်ခန်းတစ်ခုဖြစ်သော်လည်း စစ်ပွဲဆိုင်ရာ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ အင်ဒိုနီးရှားနိုင်ငံနှင့် ရင်းနှီးသော နိုင်ငံများအကြား ဒေသတွင်း ရေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ လူသားချင်းစာနာထောက်ထားမှုတို့နှင့် စပ်လျဉ်းသော ကဏ္ဍများ တိုးတက် မြှင့်တင်မှုကို ရည်ရွယ်သည်ဟုဆိုပါသည်။ အဆိုပါလေ့ကျင့်ခန်းသည် ၎င်းတွင်ပါရှိသည့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာလေ့ကျင့်ခန်းများကြောင့် လူသိများခြင်းမျိုးမဟုတ်ဘဲ လေ့ကျင့်ခန်းတွင် ရန်ဘက်နိုင်ငံများ၊ သို့မဟုတ် အားပြိုင်သည့် နိုင်ငံများဖြစ်သော တရုတ်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပါဝင်သောကြောင့် လူသိများခဲ့ပါသည်။
အဆိုပါလေ့ကျင့်ခန်းသည် “Shangri-La Dialogue”ပြီးဆုံးသည့် တစ်ရက် အကြာတွင် စတင်ပြုလုပ်ခဲ့ပြီး အဆိုပါ “Shangri-La Dialogue”၌ တရုတ်နှင့် အမေရိကန် နိုင်ငံတို့အကြား ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးကိစ္စတို့နှင့် စပ်လျဉ်းသော တင်းမာမှုများ ဖြစ်ပွားခဲ့ပါသည်။ “Shangri-La Dialogue” ၌ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးပွဲပြင်ပတွင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအပေါ် အရေးယူပိတ်ဆို့ထားခြင်းကြောင့် တရုတ်နိုင်ငံက မကျေနပ်၍ အဆိုပါတောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါသည်။ အလားတူပင် အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံက တောင်းဆိုသည့် တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးရန် တောင်းဆိုမှုအား ပြန်လည်ငြင်းပယ်ခဲ့ပါသည်။
ထို့ပြင် အဆိုပါ “Shangri-La Dialogue” ပြုလုပ်နေသည့် အချိန်အတွင်း အမေရိကန်နှင့် ကနေဒါ စစ်သင်္ဘောများသည် လွတ်လပ်စွာသွားလာခွင့် (Freedom of Navigation)ဟုဆိုကာ ထိုင်ဝမ်ရေလက်ကြားသို့ရောက်ရှိခဲ့ပြီး ထိုကဲ့သို့ ရောက်ရှိမှု အပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်စစ်သင်္ဘောများသည် အမေရိကန်နိုင်ငံ၏ဖျက်သင်္ဘောတစ်စီးဖြစ်သည့် USS Chung-Hoon ၏ မီတာ ၁၄၀ အကွာအဝေးသို့ လာရောက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါအချက်သည် တရုတ်နှင့် အမေရိကန် နိုင်ငံတို့ ဆက်ဆံရေး ပိုမိုတင်းမာမှုကိုပြသနေပြီး အပြန်အလှန်ယုံကြည်မှုပါ ကျဆင်း နေသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် တရုတ်၊ အမေရိကန်နှင့် အခြားသော နိုင်ငံများပါဝင်သည့် “Komodo 2023” သည် တရုတ်နှင့် အမေရိကန် နိုင်ငံတို့၏ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှု၊ နားလည်မှုတို့ကို မြှင့်တင် ပေးနိုင်မည့် နေရာတစ်ခုဖြစ်သည်ဟု ဖော်ပြထားပါသည်။
လက်ရှိအချိန်၌ အင်ဒိုနီးရှားနိုင်ငံသည် G-20 နှင့် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေပြီး G-20 အလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း၌ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်စပ်လျဉ်းသော ရှုပ်ထွေးသည့် သံခင်းတမန်ခင်းကိစ္စရပ်များအား အတိုင်းအတာတစ်ခုအထိ ကိုင်တွယ်ဖြေရှင်းနေသည့် အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် ကာလအတွင်း၌လည်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲကိစ္စနှင့်စပ်လျဉ်း၍ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်း နေသည်ကိုတွေ့ရသည်။ တစ်နည်းအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ဒေသတွင်းတင်းမာမှုဆိုင်ရာကိစ္စရပ် များကို ကိုင်တွယ်ဖြေရှင်းရာတွင် အတိုင်းအတာတစ်ခုအထိ အားရဖွယ်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍ မှီခိုမှုကင်းသော နိုင်ငံခြားရေးမူဝါဒဖြစ်သည့်အတွက် ခေတ်သစ်စစ်အေးတိုက်ပွဲ(Neo-Cold War) ကာလ အတွင်း ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေသည့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ(Global South)အတွက် ကောင်းမွန်သည့် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်

ဆောင်းပါး၏ အဓိကဆိုလိုရင်းမှာ ဆက်ဆံရေးတင်းမာနေသည့် အင်ဒို-ပစိဖိတ် ဒေသတွင်း၌ အင်ဒိုနီးရှားနိုင်ငံမှ ကျင်းပပြုလုပ်လျက်ရှိသည့် “Komodo 2023” ရေတပ်လေ့ကျင့်ခန်းသည် ဒေသတွင်းတင်းမာနေမှုများ၊ အထူးသဖြင့် တရုတ်-အမေရိကန် တင်းမာနေမှုများအား လျှော့ချပေးနိုင်မည့်နေရာတစ်ခုဖြစ်ပြီး အဆိုပါလေ့ကျင့်ခန်း၏ တစ်မူထူးခြားချက်မှာ ရန်ဘက်နိုင်ငံများ၊ သို့မဟုတ် အားပြိုင်သည့် နိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပါဝင်နေခြင်းကြောင့် ဒေသတွင်းတင်းမာနေမှုများ အတိုင်းအတာတစ်ခု အထိ လျော့ကျလာနိုင်သည်ဟု အကောင်းမြင်ရှုထောင့်မှ ရေးသားထားခြင်းဖြစ်ပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ G-20 နှင့် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေသည့် ကာလအတွင်း ၎င်း၏ စွမ်းဆောင်ရည်ကောင်းမွန်ကြောင်းကို မီးမောင်းထိုးပြ၍ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာပုံရိပ်တက်အောင် ရေးသားထားခြင်းလည်း ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း အင်ဒို-ပစိဖိတ်ဒေသအတွင်း၌ Shangri-La Dialogue တွင် တရုတ်နှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ၏ နှစ်ဖက်တင်းမာသော ထုတ်ဖော် ဆွေးနွေးမှုများဖြစ်ပေါ်ခဲ့ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ စင်ကာပူနှင့် အိန္ဒိယ နိုင်ငံတို့သို့ လည်ပတ်စဉ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ သဘောတူညီခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်ပင်လယ်ပြင်အနီးတွင် ရုရှားနိုင်ငံ၏ ကြီးမားသော ရေတပ်ဖွဲ့စစ်ရေးလေ့ကျင့်မှု၊ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံပေါင်းစုံ ပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မှု၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့မှ စစ်ရေယာဉ်များ ပူးတွဲလေ့ကျင့်မှုများ ဒေသတွင်း၌ ပြုလုပ်လျက်ရှိပါသည်။ ထို့ပြင် ထိုင်ဝမ်ရေလက်ကြား၌ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့၏ စစ်ရေယာဉ်များ လမ်းကြောင်းရှေ့မှ တရုတ်နိုင်ငံဖျက်သင်္ဘော နီးကပ်စွာ ဖြတ်သန်းမောင်းနှင်ခဲ့မှု ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ပွင့်လင်း၍ လွတ်လပ်စွာ သွားလာနိုင်ရေးမူဝါဒကို ဒေသတွင်း၌ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း မဟုတ်သော ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီကဲ့သို့နိုင်ငံများမှ စစ်ရေယာဉ်များ စေလွှတ်ဆဲ၊ စေလွှတ်ရန် ပူးပေါင်းလုပ်ဆောင်လာမှုကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် ဒေသတွင်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စစ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများ တိုးမြှင့်ပြုလုပ်လာခြင်းသည် မလွှဲမရှောင်သာသော ထိပ်တိုက် တွေ့ဆုံမှုများကို ဦးတည်နေသည်ဟု သုံးသပ်ရပါသည်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၌ နိုင်ငံအများစုသည် ရေတပ်လေ့ကျင့်ခန်း ကဏ္ဍတစ်ရပ်ဖြစ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကဏ္ဍကို အကြောင်းပြ၍လေ့ကျင့်ဆောင်ရွက်လာသည်ကိုလည်း တွေ့ရှိရပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း Defence Diplomacy ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော စစ်ရေးလေ့ကျင့်ခန်းများဖြင့် ၎င်း၏ နိုင်ငံတကာနှင့် ဒေသတွင်းပုံရိပ်ကို တစ်ဆင့်ခြင်းတည်ဆောက်လာနေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
41061423

Monday, June 12, 2023

BRICS အဖွဲ့၏အလားအလာနှင့် အိန္ဒိယနိုင်ငံ၏အရေးပါမှု

 



နိဒါန်း
ကမ္ဘာတစ်ဝှမ်း၌ နိုင်ငံရေးပြဿနာများနှင့် ရှုပ်ထွေးနေချိန်တွင် BRICS (Brazil ၊ Russia ၊ India ၊ China ၊ South Africa)အရေးကိစ္စသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ BRICS ကို ပိုမိုအားကောင်းစေရေး လုပ်ဆောင်ရမည့်နည်းလမ်းများ၊ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို တိုးချဲ့နိုင်မည့်အခွင့်အရေး၊ အနောက် အုပ်စုနိုင်ငံများနှင့် ၎င်း၏မိတ်ဖက်ဆက်ဆံရေးအကြား မလိုအပ်သည့် သဘောထားကွဲလွဲမှု များကို ကာကွယ်နိုင်ခြင်းရှိ/မရှိနှင့် အိန္ဒိယနိုင်ငံသည် BRICS ပြဿနာရပ်များကို ဖြေရှင်းရန် အရေးပါမှုကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
BRICS အဖွဲ့၏ အလားအလာကို ကြည့်မည်ဆိုပါက Quad ပုံစံမျိုး ဖြစ်လာမည် မဟုတ်ဘဲ တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(South Asian Association for Regional Cooperation-SAARC) ပုံစံမျိုးဖြစ်လာရန် အလားအလာများရှိနေပါသည်။ SAARC အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများကြောင့် ၂၀၁၄ ခုနှစ်ကတည်းက လုပ်ဆောင်မှုများ ရပ်တန့် ခဲ့ရပါသည်။ ထို့အတူ BRICS အဖွဲ့အတွင်းတွင်လည်း မညီမညွတ်မှုများ ရှိနေသည်။ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြေလည်သည့်ဆက်ဆံရေးရှိနေသော်လည်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံတို့အကြားတွင် သဘောထား ကွဲလွဲမှုများရှိနေပါသည်။
ထိုသို့သောအခြေအနေတွင် BRICS သည် အဖွဲ့ဝင်အသစ်များ တိုးချဲ့ခေါ်ဆောင်ရန် လုပ်ဆောင်လျက်ရှိနေပါသည်။ အဖွဲ့အတွင်း စီးပွားရေးနှင့် အကျိုးစီးပွားများ ပိုမိုကောင်းမွန် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးသဘောတူ စာချုပ်များ တိုးချဲ့ချုပ်ဆိုနိုင်ရန်ဖြစ်နိုင်ချေရှိပါသည်။ BRICS အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ)နှင့် ချိတ်ဆက်နိုင်ရမည့် အခွင့်အရေးကောင်းများကိုလည်း လက်လွတ်မခံလိုခြင်းကြောင့် တိုးချဲ့နေရခြင်းဖြစ်ပြီး အဖွဲ့ဝင်သစ်များဖြင့် အားသစ်လောင်း၍ လုပ်ဆောင်ရန် ရည်ရွယ်နေပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို တိုးချဲ့နိုင်မည့် အခွင့်အရေးနှင့် အနောက်အုပ်စုနိုင်ငံများနှင့် ၎င်း၏မိတ်ဖက်ဆက်ဆံရေးအကြား မလိုအပ်သည့် သဘောထား ကွဲလွဲမှုများကို ကာကွယ်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး မည်မျှအနေအထားအထိ ကင်းကွာထားနိုင်သည်ကို ရှင်းလင်းသေချာစွာ စဉ်းစားဆုံးဖြတ်သင့်ကြောင်းနှင့် တရုတ်နိုင်ငံသည် BRICS ကုန်သွယ်ရေး အတွက် ဘုံငွေကြေးတစ်ရပ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းအဖွဲ့အတွင်းရုရှားနှင့် တရုတ်နိုင်ငံတို့ ပါဝင်နေခြင်းသည် အမေရိကန်နိုင်ငံအတွက် စီးပွားရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး BRICS အဖွဲ့အတွင်း အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချခြင်း(De-Dollarization)အား တရုတ်နှင့် ရုရှားနိုင်ငံတို့က ပူးပေါင်း၍ ဦးဆောင် လုပ်ဆောင်နေသည်ဟု ယူဆနိုင်ပါသည်။
BRICS အဖွဲ့အတွင်း အိန္ဒိယနိုင်ငံ၏ စိန်ခေါ်မှုမှာ အဖွဲ့ကို တိုးချဲ့၍ ၎င်း၏ မဟာဗျူဟာမြောက် လွှမ်းမိုးမှုများကို ချဲ့ထွင်ရန် ကြိုပမ်းနေသည့် တရုတ်နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ခြင်းပင်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် BRICS အဖွဲ့ကို ချဲ့ထွင်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏အဖွဲ့အတွင်း ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့မပါဝင်သည့် IBSA (India-Brazil-South Africa)ကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်း၍ ၎င်းတို့၏ မဟာဗျူဟာကို ထိန်းသိမ်းနိုင်ရန် ပြင်ဆင်လျက်ရှိပြီး ဘရာဇီးနိုင်ငံကလည်း အိန္ဒိယ နိုင်ငံ၏ သဘောထားကို လက်ခံထားပါသည်။ တစ်ဖက်တွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ရန်သူအဖြစ် မသတ်မှတ်ဘဲ အနောက်အုပ်စုနိုင်ငံများအပြင် မိမိ အကျိုးအတွက် အရေးပါသည့် မိတ်ဖက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများ တည်ဆောက်နိုင်ပါသည်။ ထို့ပြင် ပြီးခဲ့သည့် G-7 ထိပ်သီးဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဖြတ်တောက်ခြင်းမရှိသော်လည်း စီးပွားရေး လျှော့ချမှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံကပင် တရုတ်နိုင်ငံအရေး ဖြည့်တွေးစဉ်းစားနေချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံအတွက် စဉ်းစားသုံးသပ်သင့်သည်ဟု ဆိုပါသည်။
BRICS အဖွဲ့ကို ပြန်လည်အသက်သွင်းခြင်းသည် အမေရိကန်နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် BRICS အဖွဲ့အတွင်း တရုတ် နိုင်ငံကို ထိန်းကျောင်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော်လည်း BRICS အဖွဲ့ တိုးချဲ့မှုများနှင့် အနောက်အုပ်စုဆန့်ကျင်သည့်အဖွဲ့ဖြစ်စေရန် လုပ်ဆောင်ခြင်းသည်လည်း အိန္ဒိယနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနေပါသည်။ သို့သော်လည်း BRICS အဖွဲ့ဝင်တိုးချဲ့ခြင်းကို အကြောင်း ပြု၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ပဋိပက္ခဖြစ်ပွားစေမည်ဆိုပါက အဓိပ္ပာယ် ရှိသည့် လုပ်ရပ်တစ်ခုမဟုတ်ပါ။ တစ်ဖက်တွင်လည်း BRICS အဖွဲ့အနေဖြင့် တရုတ်-ရုရှား သဘော တူညီမှုချမှတ်သည့် အဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေပါသည်။ တောင်အာဖရိက၊ ဘရာဇီးနိုင်ငံ တို့နှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အိန္ဒိယနိုင်ငံသည် BRICS ၏ အနာဂတ် အတွက် အလားအလာကောင်းမွန်လျက်ရှိနေပြီး လက်ရှိတွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများကို ဦးဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် BRICS အဖွဲ့အတွင်း အိန္ဒိယနိုင်ငံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အတွင်း အရေးပါသည့် ကိစ္စရပ်များကို သုံးသပ်ရေးသားဖော်ပြထားရှိပါသည်။ BRICS အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့ ဦးဆောင် ပါဝင်လျက်ရှိပါသည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားရှိပြီး တောင်အာဖရိကနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။ လာမည့်ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်ဒေါ်လာ၊ ယူရိုသုံးစွဲမှုများကို လျှော့ချ၍ ကိုယ်ပိုင်ငွေကြေးတည်ထောင်ခြင်းများ လုပ်ဆောင်ရန် ဆွေးနွေးလာနိုင်ပါသည်။ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး အင်အားအသင့်အတင့်ကောင်းမွန်၍ ဖွံ့ဖြိုးတိုးတက်မှုလျင်မြန်သော နိုင်ငံများဖြစ်သည့် အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ ဘာရိန်း၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ ဆော်ဒီအာရေဗျ နိုင်ငံတို့အား BRICS အဖွဲ့တွင် ပါဝင်နိုင်ရေးအတွက်လည်း အစည်းအဝေးအတွင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုသိရသည်။ အဖွဲ့ဝင်များအတွင်း မည်သို့ပင် သဘောကွဲလွဲ စေကာမူ Balance of Power သဘောတရားအရ အနောက်အုပ်စုအားထိန်းညှိသည့် အဖွဲ့တစ်ခုအနေဖြင့် ရှိနေမည်ဖြစ်ပြီး အင်အားကောင်းသောအဖွဲ့ဝင်များ တိုးချဲ့ပါဝင်လာခဲ့ပါက BRICS အဖွဲ့သည် World Order အပြောင်းအလဲတွင် အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
40061323

Sunday, June 11, 2023

တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်လာမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
မကြာသေးခင်လများအတွင်းက တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကဏ္ဍအား တိုးမြှင့်လုပ်ဆောင်နေသည်ကိုတွေ့ရှိရပြီး ထိုသို့ လုပ်ဆောင်နေခြင်း၏ အကြောင်းအရင်း၊ ရည်ရွယ်ချက်နှင့် အခြားကိစ္စရပ်များကို သုံးသပ်ဖော်ပြပေးသွားပါမည်။
ဖော်ပြချက်
တရုတ်-အမေရိကန် အားပြိုင်မှု ပြင်းထန်နေသည့် အာရှ-ပစိဖိတ်ဒေသ၌ တရုတ်နိုင်ငံ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကဏ္ဍအား တိုးမြှင့်နေခြင်းသည် အိမ်နီးချင်း နိုင်ငံများနှင့် ခိုင်မာသောစစ်ဘက်ဆိုင်ရာဆက်ဆံရေးကို တည်ဆောက်၍ ချစ်ကြည် ရင်းနှီးမှုကို ဖော်ဆောင်ရန်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၌ အိမ်နီးချင်းနိုင်ငံပေါင်း ၂၀ ကျော် ရှိသော်လည်း မြောက်ကိုရီးယားနိုင်ငံမှလွဲ၍ အခြားသောခိုင်မာသည့် မိတ်ဖက်နိုင်ငံ ဟူ၍ မရှိပါ။ သို့သော်လည်း အလှမ်းဝေးကွာနေသည့် အမေရိကန်နိုင်ငံအနေဖြင့် ဒေသတွင်း၌ ခိုင်မာသောမိတ်ဖက်နိုင်ငံများကို တည်ဆောက်ထားနိုင်သည့်အပြင် ၎င်း၏ မိတ်ဖက်နိုင်ငံအချို့မှာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သောကြောင့် အမေရိကန် နိုင်ငံအနေဖြင့် သံခင်းတမန်ခင်းနှင့် စစ်ရေးဆိုင်ရာ ပံ့ပိုးမှုကဏ္ဍတွင် အသာစီး ရနေပါသည်။ လက်ရှိအချိန်၌ အမေရိကန်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင်း ၎င်း၏ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး မကြာသေးမီကပင် ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်နိုင်ငံစစ်အခြေစိုက်စခန်းလေးခု ထပ်မံတိုးချဲ့တည်ဆောက် သွားမည်ဟု ပြောကြားထားပါသည်။
အဆိုပါ စစ်အခြေစိုက်စခန်းလေးခုအနက် တစ်ခုမှာ ထိုင်ဝမ်အနီးတွင် တည်ရှိပြီးမကြာသေးမီကလည်း စစ်မှုထမ်း ၁၇,၆၀၀ ကျော်ပါဝင်သည့် အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်ခန်းတစ်ခုအား ပြုလုပ်ခဲ့ပါသေးသည်။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ အမေရိကန်နိုင်ငံ၏ ဒေသတွင်း စစ်အခြေစိုက်စခန်းများ တည်ဆောက်၍ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်နေခြင်းသည် တရုတ်နိုင်ငံအားဝိုင်းပတ်ပိတ်ဆို့ရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ပြောကြားထားပါသည်။ ထိုကဲ့သို့ အမေရိကန်နိုင်ငံ၏ ဝိုင်းပတ်ပိတ်ဆို့မှုအား တုံ့ပြန်နိုင်ရန်အတွက် တရုတ်နိုင်ငံသည်လည်း အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်၍ ၎င်း၏ ဒေသတွင်း သံခင်းတမန်ခင်းနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေပါသည်။ ဥပမာအားဖြင့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် “Aman Youyi” ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခုအား မကြာမီပြုလုပ်သွားမည် ဖြစ်ပြီး လေ့ကျင့်ခန်းတွင် ပါဝင်မည့်အရေအတွက်နှင့် ကျင်းပမည့်ရက်စွဲအတိအကျကိုမူ မသိရသေးပါ။
တရုတ်နိုင်ငံအစိုးရပိုင် သတင်းမီဒီယာတစ်ခုဖြစ်သည့် Global Times ၏ အဆိုအရ တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ တိုးမြှင့်ဆောင်ရွက်နေခြင်းသည် ဒေသတွင်း အမေရိကန်နိုင်ငံနှင့် ၎င်း၏ မဟာမိတ်များ ဖြစ်သော ဖိလစ်ပိုင်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်နေခြင်းကို တုံ့ပြန်နိုင်ရန် ရည်ရွယ်သည်ဟု မှတ်ချက်ပြုထားပါသည်။ ထို့ပြင် မေလအတွင်းကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် လာအို ပြည်သူ့တပ်မတော်(LPAF)တို့ပူးတွဲ၍ “Friendship Shield 2023” လေ့ကျင့်ခန်းအား လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး တရုတ်အရာရှိကြီးတစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံ အနေဖြင့် အခြားသောနိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ တိုးမြှင့်ဆောင်ရွက် နေခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့် နိုင်ရန်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု(Interoperability)ကို မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း PLA နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်တို့ ပူးတွဲ၍ Beibu ပင်လယ်ကွေ့တွင် ပူးတွဲကင်းလှည့်မှုကို ပြုလုပ်ခဲ့ပြီး ဧပြီလနှောင်းပိုင်း တွင်လည်း တရုတ်-စင်ကာပူ ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း “Golden Dragon 2023” ဟု ခေါ်သည့် စစ်ရေးလေ့ကျင့်မှုအား ပြီးခဲ့သည့် မတ်လအတွင်း ပြုလုပ်ခဲ့ပြီး PLA ၏ Vice Admiral Wei Wenhui က တရုတ်-ကမ္ဘောဒီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံတပ်မတော်များအကြား အပြန်အလှန်သင်ယူမျှဝေနိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုမြှင့်တင်နိုင်ရန်ရည်ရွယ်ပါသည်။ တရုတ်နိုင်ငံ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရခြင်းအနက် အရေးအကြီးဆုံးအချက်တစ်ခုမှာ PLA ၏ စစ်ရေး အသင့်ဖြစ်မှုနှင့် စွမ်းရည်တိုးတက်မှုကို မြှင့်တင်ရန်ဖြစ်သည့်အပြင် စမ်းသပ်တီထွင် ထားသည့် စစ်လက်နက်သစ်များနှင့် စက်ကိရိယာအသစ်များကို စမ်းသပ်အသုံးပြုနိုင်ရန် အတွက်လည်းပါဝင်နေပါသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် တရုတ်နိုင်ငံခြားရေးမူဝါဒအပေါ် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အာရှ-ပစိဖိတ်ဒေသတွင်း အမေရိကန် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှု၊ အထူးသဖြင့် ဖိလစ်ပိုင် နိုင်ငံတွင် အမေရိကန်စစ်အခြေစိုက်စခန်းအသစ်များ တည်ဆောက်နေမှုတို့ကြောင့် အမေရိကန်နိုင်ငံနှင့် မိတ်ဖွဲ့၍ တရုတ်နိုင်ငံအပေါ်ဆန့်ကျင်သည့် အိမ်နီးချင်းနိုင်ငံများ မပေါ်ပေါက်စေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကဏ္ဍအား တိုးမြှင့်ဆောင်ရွက်၍ ၎င်း၏စစ်ဘက်ဆိုင်ရာဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းမှ တပ်မတော်များအကြား အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှု(Interoperability)ကို တိုးမြင့်လာခြင်း၊ မိမိနိုင်ငံစစ်တပ်၏ စွမ်းရည်ကို တိုးမြင့်စေခြင်း၊ ပူးတွဲလေ့ကျင့်သောနိုင်ငံ့စစ်တပ်များ၏ စွမ်းရည်များ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ စစ်လက်နက်ပစ္စည်းကိရိယာများ၏ စွမ်းရည်နှင့် စွမ်းအားကို သိရှိအကဲဖြတ်နိုင်သော အကျိုးကျေးဇူးများကို ရရှိစေပါသည်။ အမေရိကန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အဓိကမိတ်ဖက် နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံနှင့်သာမက စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် နှစ်စဉ်စစ်ရေး လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး အခြားသောနိုင်ငံများနှင့်လည်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေပါသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အဆင်မပြေသော အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျနိုင်ငံများကလည်း ယခုအခါ အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ တိုးမြှင့်ဆောင်ရွက်လာကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနိုင်ငံတို့နှင့် နှစ်နိုင်ငံချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ပြီး ယခုအခါ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် နိုင်ငံစုံ “Aman Youyi” ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းအား မကြာမီကျင်းပရန် လုပ်ဆောင်လာခြင်းဖြင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် စစ်ရေးလေ့ကျင့်မှုမှတစ်ဆင့် ၎င်းတို့၏စစ်ရေးမိတ်ဖက်ကဏ္ဍကို တိုးမြှင့် လာသည်ဟု သုံးသပ်ရပါသည်။
Myanmar Aspect
39061223

Thursday, June 8, 2023

ယူကရိန်းတွင်အသုံးပြုနေသည့်ကာကွယ်ရေး ဆန်ခါပိုက်ကွန်များက အသေခံဒရုန်းများကို ကာကွယ်နိုင်မည်လား

 

နိဒါန်း

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ဖျက်အားပြင်း တစ်ခါသုံး အသေခံဒရုန်း (Kamikaze Drones) များကို ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးမှ အသုံးပြုလာကြပါသည်။ ပေါက်ကွဲအား ပြင်းထန်သည့် ထိုအသေခံဒရုန်းများနှင့် ဗုံးများကို အပြည့်အဝကာကွယ်/ရပ်တန့် နိုင်မည်လားဆိုသည်က စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုဖြစ်လာပါသည်။

ဒရုန်းများအသုံးပြုပုံ

ထိုဒရုန်းများ၏ စွမ်းဆောင်ရည်မှာ ထက်မြက်လျင်မြန်မှုရှိသကဲ့သို့ ထုတ်လုပ်ရာတွင်လည်းကုန်ကျစရိတ်သက်သာပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း စစ်ဘက်ဆိုင်ရာအတွက်ရည်ရွယ်ထုတ်လုပ်ထားသည့် ဒရုန်းများသာမက အခြားရပ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် ထုတ်လုပ်ထားသည့် ဒရုန်းများတွင်ပါ ပေါက်ကွဲစေတတ်သည့် ဗုံးများ၊ လက်ပစ်ဗုံးများနှင့် တွဲစပ်၍ နှစ်ဖက်စလုံးက အသုံးပြုနေသည်ကို တွေ့ရပါသည်။ ထိုသို့ စစ်ဘက်ဆိုင်ရာအတွက် အသုံးချနိုင်ရန် ပြန်လည်ပြုပြင်ထားသည့် ဒရုန်းများမှာ အချိန်တိုအတွင်း ရာနှင့်ချီထုတ်လုပ်နိုင်သည်။ ကာကွယ်သူများဘက်မှ ထိုအသေခံဒရုန်းများကို လှိုင်းနှုန်းနှောက်ယှက်သည့် ကိရိယာများအသုံးပြု၍လည်းကောင်း၊ အခြားကာကွယ်ရေးဒရုန်းတစ်ခုလွှတ်တင်၍ အသေခံဒရုန်းများအားပစ်ချခြင်းဖြစ်လည်းကောင်း ကာကွယ်ကြပါသည်။ ၎င်းတို့အနေဖြင့် ရိုးရှင်းသည့် ကာကွယ်ရေးပိုက်ကွန်များ ဖြန့်ကြက်၍လည်း အသေခံဒရုန်းများကို ကာကွယ်မှုဆောင်ရွက်နေပြီး ထိုဆန်ခါပိုက်ကွန်များက အသေခံဒရုန်းများနှင့် ဗုံးများကို အမှန်တကယ်ကာကွယ်နိုင်မည်လား ဆိုသည့်အချက်က တွေးဆဖွယ်ဖြစ်ပါသည်။

သမိုင်းကြောင်းအားဖော်ထုတ်ခြင်း

ထိုသို့ ဆန်ခါပိုက်ကွန်များအသုံးပြု၍ ကာကွယ်ခြင်းနည်းလမ်းကို ယူကရိန်းစစ်ပွဲများအတွင်း အမှတ်မထင်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ပေါ်လာခဲ့သည့် ဗီဒီယိုဖိုင်အထောက်အထားတစ်ခုအရ ရုရှား၏ အသေခံဒရုန်းတစ်ခုသည် ယူကရိန်းတင့်ကားတွင် တပ်ဆင်ထားသည့် ပုံဖျက်ဖုံးကွယ်သော ဆန်ခါပိုက်ကွန်ပေါ်သို့ ပြုတ်ကျရာတွင် ပေါက်ကွဲခြင်းမရှိသည်ကို တွေ့ရှိခဲ့ရသည်။ သမိုင်းကိုပြန်လည်ဆန်းစစ်သောအခါ ထိုသို့ ဆန်ခါပိုက်ကွန်များကို ကာကွယ်ရေးနည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုခြင်းက ယခုမှ စတင်တွေ့ရှိခဲ့ခြင်းတော့မဟုတ်ပါ။ ၁၅၀၀ ပြည့်နှစ်ကျော်များက ဗြိတိန်စစ်သင်္ဘော Mary Rose တွင် တစ်ဖက်သင်္ဘောမှ ရန်သူများ ၎င်းတို့၏ သင်္ဘောပေါ်သို့ တက်မလာနိုင်စေရန် အသုံးပြုခဲ့ကြသည်။ သို့သော်လည်း သင်္ဘောနစ်မြုပ်သည့်အခါ ဗြိတိန်သင်္ဘောသားများ ထိုပိုက်ကွန်တွင် ငြိ၍ အသက်သေဆုံးခဲ့ကြရသည်။ ၁၈၀၀ ပြည့်နှစ်လွန်ကာလများတွင်လည်း ထိုသို့ဆန်ခါပိုက်ကွန်များကို သင်္ဘောအသေးစားများ၏ တော်ပီဒိုဖြင့် ပစ်ခတ်ခြင်းမှ ကာကွယ်ရန် အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ ပထမကမ္ဘာစစ်တွင်မူ ထိုသို့ဆန်ခါပိုက်ကွန်များ၊ ဝိုင်ယာကြိုးများကို ဟိုက်ဒရိုဂျင်လေပူပေါင်းများတွင် ချိပ်ဆက်တပ်ဆင် လွှင့်တင်၍ ရန်သူ့လေယာဉ်များ နိမ့်နိမ့်မပျံနိုင်ရန်၊ ထိုသို့ နိမ့်နိမ့်မပျံနိုင်ခြင်းကြောင့် လေယာဉ်ပစ်လက်နက်များက ကြိုတင်ပစ်ခတ်ဖို့ အချိန်ရပြီး ရန်သူ့လေယာဉ်များ၏ ပစ်မှတ်ချိန်ရွယ်မှု မတိကျစေရန်အတွက် အသုံးပြုခဲ့ကြပါသည်။ ဤနည်းလမ်းများဖြင့် ဂျာမာန်လေယာဉ်များကို ဟန့်တားစေခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင်လည်း ထိုသို့ ကာကွယ်ဟန့်တားနိုင်သည့်လေပူပေါင်းများကို ဆက်လက် အသုံးပြုခဲ့ကြသည်။ ၁၉၄၄ ခုနှစ်က ဂျာမဏီက လန်ဒန်မြို့ကိုတိုက်ခိုက်ရန်အတွက် V-1 ဟုခေါ်သည့် လူမဲ့ဗုံးများကို အသုံးပြုခဲ့ကြသော်လည်း ထို ကာကွယ်ရေးလေပူပေါင်းများ၊ ဆန်ခါပိုက်ကွန်များနှင့် ဝိုင်ယာကြိုးများကို ကြိုတင်မထောက်လှမ်းနိုင်ခဲ့ခြင်း၊ အာရုံခံကိရိယာဖြင့် ဖမ်းယူနိုင်ခြင်းမရှိသောကြောင့် မကျော်လွှားနိုင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ စစ်ကြီးပြီးသည့်အခါ စာရင်းဇယားများအရ ထိုကာကွယ်ရေးလေပူပေါင်းများနှင့် ဆန်ခါပိုက်ကွန်များကြောင့် V-1 နှစ်ရာကျော်ခန့်ကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

SOMETHING IS BETTER THAN NOTHING

ထိုသို့ ဆန်ခါပိုက်ကွန်များဖြန့်ကြက်သည့် နည်းလမ်းမှာ အသုံးဝင်ဆဲဖြစ်သည်ဟု ဆိုရပါမည်။ ယနေ့ခေတ် တိုက်ခိုက်ရေးအတွက် အသုံးပြုကြသည့် ဒရုန်းများမှာ ပေါ့ပါးပြီး သေးငယ်ကြသည်။ အချို့ဆိုလျှင် ၁၀၀ ဂရမ်လောက်သာ အလေးချိန်ရှိကြသည်။ ရုရှားနိုင်ငံမှ အသုံးပြုနေသည့် Lancet ဒရုန်းများမှာ အလေးချိန်အရှိဆုံးဟုဆိုနိုင်ပြီး ၁၅ ကီလိုဂရမ်ခန့်ရှိပါသည်။ သို့သော်လည်း ဒရုန်းများအားလုံးမှာ ဆန်ခါပိုက်ကွန်များဖြင့် တားဆီးနိုင်လောက်သည့် အလေးချိန်သာရှိသည်ဟု ဆိုရပါမည်။ ဆန်ခါပိုက်ကွန်များကို တိုက်မိပြီး ဒရုန်းပေါက်ကွဲမည်ဆိုပါကလည်း လုံခြုံဘေးကင်းသည့် အကွာအဝေးတွင်ပေါက်ကွဲမှုဖြစ်စေပြီး၊ မကြာခဏဆိုသလို ဗုံးပေါက်ကွဲစေသည့် လုံခြုံရေးစနက်တံ မပြုတ်ခြင်းကြောင့် ပေါက်ကွဲခြင်းမရှိသည်ကို တွေ့ရပါသည်။
CAN သတင်းဌာနမှ Think-Tank တစ်ဦးဖြစ်သူ Samuel Bendett က ထိုသို့ လုံခြုံရေးဆန်ခါပိုက်ကွန် များမည်၍မည်မျှ အသုံးပြုနေကြသည်ကို ပြောရန်ခက်သော်လည်း အသုံးပြုမှု မြင့်တက်လာသည်ကိုတော့ အသေအချာလက်ခံထားကြသည်ဟု ဆိုပါသည်။ ယူကရိန်းစစ်တပ်အနေဖြင့် ငါးဖမ်းပိုက်များ၊ ခြံစည်းရိုးဆန်ခါများနှင့် အခြားသတ္တုဆန်ခါများကိုလိုအပ်သည့် ပုံသဏ္ဍာန်ဖန်တီးပြုလုပ်၍ လုံခြုံရေးဆန်ခါပိုက်ကွန်များအဖြစ်အသုံးပြုနေကြပါသည်။ ရုရှားဘက်တွင်လည်း ထိုသို့ လုံခြုံရေးဆန်ခါပိုက်ကွန်များအသုံးပြုနိုင်ရန် Telegram channels များတွင် သတင်းပြန့်ခဲ့သည်ကို တွေ့ရသော်လည်း ခေါင်းဆောင်များက ထိုသို့ အသုံးပြုရန်အမိန့်ထုတ်ပြန်ထားခြင်း ရှိ/မရှိကိုတော့ ရှင်းလင်းစွာမသိရပါ။
Centre for Strategic and International Studies မှ Think-Tank တစ်ဦးဖြစ်သူ Zachary Kallenborn ကတော့ ထိုဆန်ခါပိုက်ကွန်များတွင်လည်း အားနည်းချက်များရှိသည်ဟုဆိုပါသည်။ ထိုပိုက်ကွန်များသည် အရွယ်အစားမကြီးသော၊ မရွှေ့လျားသော ပုံသေ အဆောက်အအုံများ ၊ ရေဒါစနစ်များကို ကာကွယ်ပေးနိုင်သော်လည်း ရွှေ့လျားနေသောမော်တော်ယာဉ်များနှင့် ကြီးမားသည့် အဆောက်အအုံများကို ကာကွယ်ရန်မှာ ကန့်သတ်ချက်ရှိနေသည်ဟု ဆိုပါသည်။ ထိုသို့ ထောင်စုနှစ်နှင့်ချီ၍ ကာကွယ်ရေးဆန်ခါပိုက်ကွန်များကို အသုံးပြုခဲ့သော်လည်း ထိုစနစ်ကိုတန်ပြန်နိုင်သည့် နည်းလမ်းများကလည်း ပေါ်ထွက်နေသည်ဟုဆိုသည်။ အချို့ တော်ပီဒီများတွင် နန်းကြိုးများ၊ ဝိုင်ယာကြိုးများ၊ ဆန်ခါများကို ဖြတ်တောက်နိုင်သည့် ပစ္စည်းကိရိယာများထည့်သွင်းလာကြပါသည်။ ဒရုန်းထုတ်လုပ်သူများအနေဖြင့်လည်း အခြားအလားတူနည်းလမ်းများကို ကြံဆောင်နေကြမည်ဖြစ်သည်။ ပိုက်ကွန်တွင် ဒရုန်းမငြိခင်အချိန် အကွာအဝေးတစ်ခု၌ ပေါက်ကွဲသည့် စနစ်များကိုလည်း တီထွင်လာကြသည်။ ယခုအချိန်အထိတော့ ဒရုန်းကာကွယ်ရေးပိုက်ကွန်များမှာ ခြိမ်းခြောက်မှုမြင့်တက်လာသည့် ဒရုန်းအန္တရာယ်ကို ကာကွယ်ရန် ရိုးရှင်းလွယ်ကူသည့် နည်းလမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ကာကွယ်ရေးဆန်ခါပိုက်ကွန်များတွင် အားနည်းချက်များရှိကောင်းရှိနေမည်ဖြစ်သော်လည်း၊ တစ်ခုခုရှိနေခြင်းကတော့ ဘာမျှရှိမနေခြင်း ပိုကောင်းပါသည်။
Myanmar Aspect

38060923

Wednesday, June 7, 2023

Quad အဖွဲ့ဘာလဲ၊ ဘယ်လဲ

 



နိဒါန်း
Quad အဖွဲ့၏ အင်ဒို-ပစိဖိတ်အရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှု များနှင့် အဖွဲ့၏ ရည်ရွယ်ချက်များအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
(၄)ကြိမ်မြောက် Quad အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံကို ဩစတြေးလျနိုင်ငံတွင် မေလ ၂၄ ရက်၌ ကျင်းပရန်ရည်ရွယ်ခဲ့သော်လည်း အမေရိကန် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် Debt Ceiling ပြဿနာကြောင့် ဖျက်သိမ်းခဲ့ရပါသည်။ သို့သော် ခေါင်းဆောင်များအနေဖြင့် ဂျပန်နိုင်ငံတွင် မေလ ၂၀ ရက်က ကျင်းပခဲ့သည့် G-7 ထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးများတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးဖြစ်ပါသည်။ Quad အဖွဲ့ဝင်နိုင်ငံများအတွက် စိန်ခေါ်မှုများ ရှိနေသော်လည်း အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ လိုက်လျောညီထွေ ဆောင်ရွက်ခြင်းများဖြင့် အခြေအနေအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ အချို့သော ထုတ်ပြန်ချက် များတွင် အဖွဲ့၏ ဒေသတွင်းအရေးကိစ္စများနှင့်ပတ်သက်သည့် မူဝါဒများ၊ အမြင်များကိုဖော်ပြထားသော်လည်း အင်ဒို-ပစိဖိတ်အရေးတွင် Quad အဖွဲ့၏ တိကျသောအခန်း ကဏ္ဍအား ဖော်ပြခြင်းသည် ဆွေးနွေးငြင်းခုံမှုများကို လှုံ့ဆော်ပေးရာရောက်သည်ဟု ဆိုပါသည်။
Quad ကို တစ်ဖက်တွင် တရုတ်နိုင်ငံ၏ ကျူးကျော်မှုများအား ဟန့်တား ကာကွယ်နိုင်ရန် လုံခြုံရေးကို အဓိကထားဖော်ဆောင်နေသည့် အဖွဲ့အဖြစ် ရှုမြင်နေ ကြပြီး တစ်ဖက်တွင် အင်ဒို-ပစိဖိတ် ဒေသတွင်းနိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုကို အထောက်အပံ့ပေးနိုင်မည့်ယန္တရားအဖြစ် မှတ်ယူနေကြပါသည်။ အချို့သောပညာရှင် များသည် Quad ရည်ရွယ်ချက်ကို ဒေသတွင်းအဖွဲ့အစည်းများဖြစ်သည့် အာဆီယံ ကဲ့သို့ အဖွဲ့များနှင့် ကွဲပြားခြားနားခြင်းရှိ/မရှိ ခွဲခြားရန် ခက်ခဲသည်ဟု ဆိုကြသည်။ မကြာသေးမီကထွက်ပေါ်ခဲ့သည့် ထုတ်ပြန်ချက်များအရ အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင် များသည် လက်ရှိဒေသဆိုင်ရာဖွဲ့စည်းပုံများနှင့်ပတ်သက်၍ သတိထားဆောင်ရွက် နေကြသည်ဟု ဖော်ပြထားပါသည်။
ဆောင်းပါးတွင် Quad ၏ ရည်ရွယ်ချက်၊ ၎င်း၏ လုပ်ဆောင်ချက်များသည် အခြားသော အဖွဲ့အစည်းများနှင့် ကွဲပြားခြားနားခြင်းရှိ/ မရှိ မေးခွန်းထုတ်စရာများ ရှိလာသည်ဟု ဆိုသည်။ Quad အဖွဲ့ဝင်နိုင်ငံများမှ Think tank များဖြင့် ဆွေးနွေးခဲ့မှုများအရ ၎င်းအဖွဲ့၏ ရည်ရွယ်ချက်များသည် မဟာဗျူဟာနှင့် စီးပွားရေး ဆောင်ရွက်ချက် များထက်ပိုနေပါသည်။ ထို့ပြင် Quad သည် အင်ဒို-ပစိဖိတ် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အခရာဖြစ်လာနိုင်ပြီး ထိုကဲ့သို့ဖြစ်လာစေရန်အတွက် အဖွဲ့အနေဖြင့် လုံခြုံရေးဆိုင်ရာ အရေးကိစ္စရပ်များနှင့် ဒေသတွင်း အကျိုးစီးပွားဖော်ဆောင်မှုများတွင် ရှင်းလင်းစွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အဖွဲ့၏ ယခင်ကရည်ရွယ်ချက်များနှင့် နောက်ဆုံးထုတ်ပြန် ထားသည့် ထပ်လောင်းဖော်ပြချက်များအရ Quad ၏ အဓိက ရည်ရွယ်ချက်သည် အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းသည့် ဒေသအဖြစ် ဖော်ဆောင်ပေးရန် အဓိကထားသည်ဟု ဆိုသည်။ ၂၀၀၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆူနာမီနှင့် ကိုဗစ်-၁၉ ကပ်ရောဂါက ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်းကို ဖော်ပြနေသည့်အပြင် Quad အဖွဲ့အနေဖြင့်လည်း လုံခြုံရေးနှင့် ဒေသတွင်းအကျိုးစီးပွားများကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ်သည်ကို ပြသနေသော်လည်း နိုင်ငံရေးပညာရှင်အချို့က ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်သည်ဟု ဝေဖန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ Quad အဖွဲ့တွင် အားနည်းချက်များရှိနေသော်လည်း အဆိုပါ အဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါသည်။ အဖွဲ့ဝင်နိုင်ငံများသည်လည်း တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ရန် ထိရောက်သည့် အထောက်အပံ့များ ပေးအပ်နိုင်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ အမြင်နှင့် စွမ်းဆောင်နိုင်ရည်များကို အပြန်အလှန် ဖြည့်စွက်ဖော်ဆောင် နေမှုများသည် လက်ရှိဖြစ်ပေါ်နေသည့် အားနည်းချက်များအတွက် အဖြေတစ်ခု ဖြစ်နိုင်ပါသည်။ Quad အနေဖြင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်လုပ်ငန်းများတွင် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရန် Quad Plus အစီအစဉ်များမှ တစ်ဆင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သင့်ပါသည်။ ထိုင်ဝမ်အရေးကိစ္စနှင့် တောင်တရုတ် ပင်လယ်အရေးကဲသို့ ကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကျိုးစီးပွား ကွဲလွဲ နေသည့်တိုင် လုံခြုံရေးကို ဦးစားပေးဖော်ဆောင်သင့်သည်ဟု အကြံပြုထားပါသည်။
အချုပ်အားဖြင့် Quad အဖွဲ့သည် တရုတ်နိုင်ငံ၏ ကျူးကျော်မှုများအတွက် သွယ်ဝိုက်သော အဟန့်အတားဖြစ်စေနိုင်ပါသည်။ အဖွဲ့၏ မပြတ်သားမှုများကို ထိန်းညှိ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ဖြစ်လာ စေနိုင်မည့်အပြင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများကို စီမံထိန်းချုပ်လာနိုင်မည့်အဖွဲ့မျိုးဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
Quad အဖွဲ့၏ လုပ်ဆောင်နိုင်စွမ်းများနှင့် လက်ရှိဆောင်ရွက်ချက် များတွင် အားနည်းချက်များရှိနေသော်လည်း ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါက အင်ဒို- ပစိဖိတ်ဒေသတွင်း ချမ်းသာကြွယ်ဝရေးသာမက ဒေသတွင်းရှိ လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်များကိုပါ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်ဟု အကောင်းမြင်ဘက်မှ ရေးသားထားခြင်းဖြစ်ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခများပေါ်ပေါက်လာပြီး နိုင်ငံတကာ၌ နိုင်ငံရေး အယူအဆများ စတင်ကွဲလွဲကြချိန်တွင် အင်ဒို-ပစိဖိတ် ဒေသတွင်းရှိ ဖွံ့ဖြိုးပြီး/ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် နိုင်ငံကြီးများ၏ နိုင်ငံရေးအင်အားဖော်ဆောင်မှု စည်းရုံးခြင်းများအတွက်မျက်စိကျစရာ ဖြစ်လာပါသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် ဒေသတွင်းရှိ တရုတ်နိုင်ငံ၏ အင်အား ကြီးထွားလာမှုနှင့် တရုတ်-ရုရှား ဆက်ဆံရေးများကို ထိန်းချုပ်နိုင်ရန်အတွက် Quad အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏ မိတ်ဖက်နိုင်ငံများကို ပစ်မှတ်ထား၍ ရှုထောင့် ပေါင်းစုံမှ ချဉ်းကပ်လာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆောင်းပါးတွင် Quad အဖွဲ့၏ အားနည်းချက်များကို ပြုပြင်ပြောင်းလဲနိုင်ပါက အနာဂတ်တွင် ဒေသတွင်းရှိ အင်အား ပြိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်သည့် အင်အားတောင့်တင်းသည့် အဖွဲ့အစည်းမျိုး ဖြစ်လာနိုင်ကြောင်း နိမိတ်ပြရေးသားထားခြင်းဖြစ်ပါသည်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံကို ထိန်းချုပ်ရန်အတွက် အမေရိကန် နိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ပြုလုပ်ရန် ဆောင်ရွက်နေသော နိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့ ဖြစ်ပါသည်။ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့အား သုံးနိုင်ငံမဟာမိတ်အဖြစ်လည်းကောင်း၊ ဩစတြေးလျနိုင်ငံအား AUKUSအဖွဲ့အဖြစ်လည်းကောင်း မဟာမိတ်ဖွဲ့ပြီးဖြစ်၍ ယခုအခါ Quad အဖွဲ့ဝင်ဖြစ်သော အိန္ဒိယနိုင်ငံနှင့် နိုင်ငံရေး၊ စစ်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာနေကြသည်။ ထို့ပြင် အင်ဒို-ပစိဖိတ်ဒေသအတွင်း အရေးကြီးသော အာဆီယံအဖွဲ့အား မဟာမိတ်အဖြစ် ပူးပေါင်းနိုင်ရေး ဆောင်ရွက်နေပြီး ၎င်းအာဆီယံအဖွဲ့အတွင်းမှပင် အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက် လာသည်ကို တွေ့ရှိနေရသဖြင့် Quad အဖွဲ့၏ ဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးအတွက် သက်ရောက်လာနိုင်မှုများမှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
37060723

Tuesday, June 6, 2023

တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားများတွင် ဒရုန်းများပါဝင်လာမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
မကြာသေးမီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ မောင်းသူမဲ့ ဒရုန်းများ ထိုင်ဝမ်အနီး၌ တစ်ပတ်အတွင်း နှစ်ကြိမ်ပျံသန်းခဲ့ခြင်းကြောင့် အများစုသည်တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ အလေးထားစောင့်ကြည့်နေ ကြပါသည်။ လက်ရှိအချိန်၌ PLA သည် မောင်းသူမဲ့ဒရုန်းများနှင့် မောင်းသူပါဝင်သည့် စစ်လေယာဉ်များအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု(Interoperability) ပိုမို အားကောင်းစေရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါမောင်းသူမဲ့ဒရုန်းများ၏ စွမ်းရည် (အမြင့်ပေပျံသန်းနိုင်မှုနှင့် အချိန်ကြာမြင့်စွာပျံသန်းနိုင်မှု)သည်လည်း ပိုမိုတိုးတက်လာသည်နှင့်ပတ်သက်၍ သိသင့်သည်များကို သုံးသပ်ဖော်ပြပေးပါမည်။
တွေ့ရှိချက်
ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တရုတ် နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းများ (BZK-005 ၊ BZK-007 ၊ TB-001)နှင့် အခြားသော စစ်လေယာဉ်များ(Fighters J-10s၊ Fighter-Bombers Su-30၊ Fighter-Bombers J-16s၊ KQ-200 ASW-MPA)သည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးနယ်နိမိတ် အတွင်းသို့ တစ်လလျှင် သာမန်အားဖြင့် ၁၆ ကြိမ်နီးပါး ဝင်ရောက်လျက်ရှိသော်လည်း ပြီးခဲ့သည့်လအတွင်း၌ ဝင်ရောက်သည့် အကြိမ်အရေအတွက်မှာ ပိုများလာခဲ့ပါသည်။ ယခင်ကတည်းကပင် တရုတ်နိုင်ငံသည် ၎င်း၏ မောင်းသူမဲ့လေယာဉ်များဖြစ်သည့် BZK-005 ၊ BZK-007 ၊ TB-001 တို့အား တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တို့တွင် တပ်ဖြန့်ထားပြီး ဂျပန်နိုင်ငံကလည်း အငြင်းပွားနေသည့် Diaoyu/ Senkaku ကျွန်းတစ်ဝိုက်နှင့် Miyako ရေလက်ကြား၌ တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ဒရုန်းများမကြာခဏဆိုသလို ပျံသန်းနေသည်ဟုစွပ်စွဲထားထားပါသည်။
တရုတ်နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းများ ထိုင်ဝမ်နယ်နိမိတ်အတွင်းသို့ မကြာခဏ ဆိုသလိုဝင်ရောက်နေခြင်းသည် ထိုင်ဝမ်အပေါ်စစ်အင်အားသုံး၍ တိုက်ခိုက်ခြင်းမျိုးထက် ဖိအားပေးသည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်နေခြင်းဖြစ်ပါသည်။ ထို့ပြင် သုတေသီအချို့က တရုတ်နိုင်ငံ၏ မောင်းသူမဲ့ဒရုန်းများသည် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကဲ့သို့သော လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာ၌ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေကြသည်ဟု ဆိုသည်။ သို့သော်လည်း လက်ရှိအချိန်ထိ ကမ္ဘာပေါ်ရှိ မည်သည့်ဒရုန်းမဆို နိုင်ငံများ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ရန်မှာ မစွမ်းဆောင်နိုင်သေးပါ။ ထို့ကြောင့် တရုတ်မောင်းသူမဲ့ဒရုန်းများအနေဖြင့် ထိုင်ဝမ်ခေါင်းဆောင်အား ပစ်မှတ်ထား တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သေးဟု ဆိုရပါမည်။ အချို့သော သုတေသီများကမူ မောင်းသူ ပါဝင်သည့်လေယာဉ်များသာမက မောင်းသူမဲ့ဒရုန်းများသည်ပင် အခြားသောနယ်နိမိတ် တစ်ခုအတွင်း ဝင်ရောက်ခွင့်မရှိသောကြောင့် ထိုင်ဝမ်နယ်နိမိတ်အတွင်းသို့ ဝင်ရောက် နေသည့် တရုတ်မောင်းသူမဲ့ဒရုန်းများနှင့် မောင်းသူပါဝင်သည့် လေယာဉ်များကို ထိုင်ဝမ်အနေဖြင့် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထား ပါသည်။
ထိုင်ဝမ်နယ်နိမိတ်အတွင်း ပျံသန်းနေသည့် မောင်းသူမဲ့ဒရုန်းများဖြစ်သော Medium-Altitude and Long endurance (MALE) UAV နှင့် High-Altitude and Long Endurance (HALE) UAV တို့သည် တရုတ်ရေတပ်၏ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေပြီး ၎င်းတို့သည် ပင်လယ်ပြင်ကင်းလှည့်ခြင်း၊ ရှာဖွေ/ကယ်ဆယ်ခြင်း၊ ရေငုပ်သင်္ဘောများကို တိုက်ခိုက်ခြင်း၊ ထောက်လှမ်းစောင့်ကြည့်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်း တို့ကို ပြုလုပ်နိုင်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ အမြင့်ပျံဒရုန်းများ(HALE UAV)သည် နာရီပေါင်း ၃၀ မှ ၄၀ အထိ နားချိန်မရှိ ပျံသန်းနိုင်ပါသည်။ တရုတ်နိုင်ငံသည် ၎င်း၏ မောင်းသူမဲ့ဒရုန်းများနှင့် မောင်းသူပါဝင်သည့် စစ်လေယာဉ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု(Interoperability)မြှင့်တင်နေပြီး မည်သည့်အတိုင်းအတာ အထိ အောင်မြင်နေသည်ကိုမူ မသိရသေးပါ။ ဥပမာအားဖြင့် BZK-005 ဒရုန်းမှ မောင်းသူပါဝင်သည့် Fighter-Bombers များဖြစ်သည့် KQ-200 နှင့် J-16 ထံသို့ ၎င်းရိုက်ကူးထားသော ဓာတ်ပုံ၊ သို့မဟုတ် ဗီဒီယိုဖိုင်များကို တိုက်ရိုက်ပေးပို့နိုင်မှု ရှိ/ မရှိနှင့် KQ-200 နှင့် J-16 တို့မှ အဆိုပါ မောင်းသူမဲ့ဒရုန်းများကို ထိန်းချုပ်နိုင်မှု ရှိ/ မရှိကိုမူ မသိရသေးဟု ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် ၎င်း၏စွမ်းရည်မြင့်မောင်းသူမဲ့ ဒရုန်းများနှင့် မောင်းသူပါဝင်သည့် စစ်လေယာဉ်များအကြား ချိတ်ဆက်မိမိဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု(Interoperability)ကဏ္ဍကို မြှင့်တင်၍ ၎င်း၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်နေသောကြောင့် သတိထားစောင့်ကြည့်ရန် လိုအပ်သည်ဟု သုံးသပ်ရေးသား ထားခြင်း ဖြစ်ပါသည်။
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၌ နည်းပညာမြင့်စစ်လက်နက်များနှင့် အထောက်အကူပစ္စည်းများ အသုံးပြုခြင်းသည် စစ်ပွဲ၏ ရလဒ်အပေါ် အကျိုးသက်ရောက်မှုများစွာရှိသောကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ယခင်ကထက် ပိုမိုအလေးထား ဆောင်ရွက်လာကြသည့်အပြင် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်သော ဒရုန်းနည်းပညာနှင့် ဒရုန်းများကို ဖျက်ဆီးရန် နည်းပညာများမြှင့်တင်ခြင်းတို့ကို အပြန်အလှန် တီထွင် လာခြင်းဖြင့် နည်းပညာအားပြိုင်မှုများလည်း ပိုမိုပြင်းထန်လာမည့် အလားအလာ ဖြစ်ပါသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အနာဂတ်စစ်ပွဲများတွင် လူအင်အားဖြင့် စစ်တိုက်ခြင်းထက် ဒရုန်း၊ ဆိုက်ဘာတို့ကို အသုံးပြု၍ တိုက်ခိုက်သည့်စစ်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
36060723

Monday, June 5, 2023

ဥရောပအနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုကို ဆန့်ကျင်ရန် လိုအပ်နေပြီလော



နိဒါန်း
ဥရောပဒေသတွင်းနိုင်ငံများနှင့် EU အဖွဲ့တို့သည် တရုတ်နိုင်ငံ၏ စီးပွားရေး အကျပ်ကိုင်မှုများကို တန်ပြန်ရန် နည်းလမ်းများ ရှာဖွေကြိုးပမ်းလျက်ရှိကြပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုများကိုမူ မျက်ကွယ်ပြုထားကြသည်။ လက်တွေ့တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် EU အား အသုံးချလျက်ရှိပါသည်။ EU အနေဖြင့် ၎င်းအကျိုးစီးပွားအတွက် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား သေချာသည့် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်းကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။ 
ဖော်ပြချက်
လက်ရှိအခြေအနေတွင် ဥရောပဒေသ(EU)အတွင်း နိုင်ငံရေးသမားများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုများကို ဆန့်ကျင်ရန် ပြောကြားလျက်ရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများအပေါ် မှီခိုနေရခြင်းသည် အန္တရာယ်များသည့် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ သို့သော် ၎င်းတို့သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးအပေါ် အလွဲသုံးစားလုပ်မှုနှင့် ဘဏ္ဍာရေးလွှမ်းမိုးမှုများကိုမူ မျက်ကွယ်ပြု ထားသည်ကိုတွေ့ရသည်။ အမေရိကန်၏မိတ်ဖက်နိုင်ငံများအပေါ် သက်ညှာပေးနေခြင်းသည် EU ၏ စီးပွားရေးလုပ်ငန်းများကို အားနည်းစေပြီး အမေရိကန်နိုင်ငံအပေါ်မှီခိုနေခြင်းဖြစ်ပြီး အန္တရာယ်များသည့် လုပ်ရပ်များဖြစ်ပါသည်။
အမေရိကန်နိုင်ငံနှင့် EU မှ ထိပ်တန်းအရာရှိကြီးများသည် မေလ ၃၀ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၌ EU-အမေရိကန် ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာကောင်စီ အစည်းအဝေး တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲအတွင်းတွင် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန် အလေးထားဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံ အရေးနှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်သွားမည့် အဆိုပြုချက်များကိုလည်း EU က လက်ခံခဲ့ပါသည်။ EU သည် တရုတ်နိုင်ငံအပေါ် ထောက်ခံသည့် သဘောထားကိုလည်း ဖယ်ရှားနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး အမေရိကန်နိုင်ငံ၏ ရန်လိုသည့် မိတ်ဖက်အဖွဲ့တွင် ပါဝင်နေသလို တရုတ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကဲ့သို့ တရုတ်-EU မိတ်ဖက် ဆက်ဆံရေးကိုလည်း ရှောင်ကြဉ်ခြင်းနေခြင်းကြောင့် သေချာသည့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်သည်ကို တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံနှင့် EU တို့အကြား အကျိုးစီးပွား ထပ်တူကျနေခြင်းမရှိသောကြောင့် တရုတ်နိုင်ငံအရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် EU တို့၏ ချဉ်းကပ်သည့်နည်းလမ်း မတူကွဲပြားနေပါသည်။ အမေရိကန်နိုင်ငံနှင့် EU တို့ အကြား စီးပွားရေးတန်ဖိုး တူညီနေခြင်းသည် ဥရောပဒေသအတွက် သတိထားရမည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး အဆိုပါစံတန်ဖိုးများသည် ဒေသတွင်းအကျိုးစီးပွားများအတွက် မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့်များကို ထိခိုက်စေနိုင်မည်ဟု ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများအကြား အငြင်းပွားမှုများကို ဖန်တီးလျက်ရှိရာ EU အား တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်မည့် အဓိကအဖွဲ့တစ်ခုအဖြစ် အသုံးချလျက်ရှိနေပါသည်။ ဥရောပဒေသတွင်း အကျိုးစီးပွားများကို လက်ဝါးကြီးအုပ်ရန် အမေရိကန်နိုင်ငံက ကြိုးပမ်းနေမှုများကြောင့် မဟာ ဗျူဟာမြောက်လွတ်လပ်မှု ခိုင်မာအားကောင်းခြင်းသည် EU အတွက် ပိုမိုအရေးပါ လာခဲ့ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများအပြင် အမေရိကန်နိုင်ငံ၏ ဒေသတွင်းအကျိုးစီးပွားအပေါ် လက်ဝါးကြီး အုပ်မှုကြောင့် ဥရောပဒေသသည် ပိုမိုအားနည်းလာခဲ့ရပါသည်။ အမေရိကန်နိုင်ငံသည် ဥရောပဒေသအတွင်း သဘောဝဓာတ်ငွေ့အရည်ကဲ့သို့ စွမ်းအင်ပစ္စည်းများ တင်ပို့ရာတွင် Green Subsidies (သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အခွန်များ) ပေးဆောင်ခြင်းနှင့် အခြားနည်းလမ်းများကို အသုံးပြု၍ ဒေသတွင်းကုန်ထုတ်လုပ်မှု စွမ်းအားကို အားနည်းစေခဲ့သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံသည် EU အား တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် မဲဆွယ်စည်းရုံးလျက်ရှိပါသည်။ တရုတ်-EU ပူးပေါင်းဆောင်ရွက်မှုများ ကန့်သတ်ခြင်းသည် EU ကုန်သွယ်ရေးအကျိုးစီးပွားကို လျော့ပါးစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံနှင့် EU တို့အကြား လွတ်လပ်သော စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတစ်ရပ်တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုများ မလိုအပ်ပါ။ အမေရိကန်နိုင်ငံ၏ စီးပွားရေးအကျပ်ကိုင်မှုကို ရင်ဆိုင်နိုင်ရန် EU အနေဖြင့် ၎င်း၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းလုပ်ငန်းများ ပုံဖော်ရန် လိုအပ်နေပါသည်။ EU အနေဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ယှဉ်ပြိုင်မှုများတွင် ဖိအားပေးခံနေရပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက မည်သည့်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတို့ လုပ်ဆောင်မည်ကို ရွေးချယ်ရမည်ဖြစ်ပါသည်။ EU အနေဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းမည်ဆိုပါက အမေရိကန်နိုင်ငံ၏ နောက်လိုက်အဖြစ်သာ ဆက်လက်တည်ရှိသွားနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
လက်ရှိကမ္ဘာ့နိုင်ငံများနှင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအများစုက အမေရိကန် နိုင်ငံ၏ ဦးဆောင်မှုနောက်မှလိုက်၍ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးချဲ့မှု၊ လက်ဝါးကြီး အုပ်မှုနှင့် တရုတ်နိုင်ငံအား မည်ကဲ့သို့ ထိန်းချုပ်မည်ကိုသာ စီစဉ်လျက်ရှိကြပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စီးပွားရေးလက်ဝါးကြီး အုပ်မှုထက် အမေရိကန်နိုင်ငံ၏ စီးပွားရေးဂုတ်သွေးစုပ်မှုများ၊ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် EU ကို အသုံးချနေသည့် အမေရိကန်နိုင်ငံ၏ အစီအစဉ်များကို တန်ပြန်ဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ EU နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးသည် ၁၉၇၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ကြပြီး အပြန်အလှန် ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်ခဲ့ကြပါသည်။ ရုရှား-ယူကရိန်း အရေးကိစ္စတွင် ၎င်းတို့အကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး အမေရိကန်နိုင်ငံသည် အဆိုပါအခြေအနေများကို အသုံးချ၍ EU နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာအောင် လုပ်ဆောင်လျက်ရှိပါသည်။
သို့သော် EU အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလုံးဝပြတ်တောက်ရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ ၂၀၂၂ ခုနှစ်အတွင်းတွင် EU နှင့် တရုတ် နိုင်ငံတို့အကြား ကုန်သွယ်စီးဆင်းမှုသည် ယူရို ၈၅၀ ဘီလီယံအထိ ရှိပါသည်။ ထို့ကြောင့် EU အနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်မှု ဆက်ဆံရေးတွင် လုံးဝ ပြတ်တောက်သွားနိုင်သည့် အခြေအနေတွင်မရှိဘဲ တရုတ်နိုင်ငံနှင့် လိုက်လျောညီထွေစွာ ဆက်ဆံ၍ တရုတ်နိုင်ငံ၏ နည်းဗျူဟာများ၊ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ကာ ဥရောပဒေသတွင်းအကျိုးစီးပွားအတွက် ပြင်ဆင်ဆောင်ရွက်နေပြီး EU အဖွဲ့အတွင်းမှ နိုင်ငံကြီးအချို့သည် တရုတ်နိုင်ငံနှင့် စီးပွားဆက်ဆံရေးမပျက်စေရန် အမေရိကန်နိုင်ငံ၏ ဖိအားများကြားမှ ဆက်လက်ဆောင်ရွက်နေမည်ဟု သုံးသပ်ရပါသည်။
စီးပွားရေးအင်အားကြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ ဓနအင်အား၊ ဘဏ္ဍာရေးနှင့် စီးပွားရေးအရ အားသာသောအချက်များကို အသုံးပြု၍ အခြားသော ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများကို အကျပ်ကိုင်နည်းလမ်းဖြင့် ၎င်းတို့၏ အကျိုးစီးပွားကိုကာကွယ်ရန် ဆောင်ရွက်နေကြမည်သာဖြစ်သောကြောင့် အုပ်စုတိုက်ပွဲများအကြားပေါ်ထွက်လာသည့် သတင်းအချက်အလက်နှင့် အယူအဆများကို နှစ်ဘက် မျှတစွာဆင်ခြင်နိုင်ရန်သည်သာ ပဓာနဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
35060523