Thursday, June 22, 2023

Nord Stream Gas ပိုက်လိုင်းအား ယူကရိန်းနိုင်ငံမှ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ အသေးစိတ်ထောက်လှမ်းရေးသတင်းရရှိထားခြင်း

 



နိဒါန်း
အဖွဲ့ဝင် ၆ ဦးပါဝင်သည့် ယူကရိန်းအထူးတပ်ဖွဲ့က ရုရှားနှင့် ဂျာမနီနိုင်ငံအား သွယ်တန်းထားသည့် Nord Stream Gas ပိုက်လိုင်းအား ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဥရောပထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့မှတစ်ဆင့် အမေရိကန် CIA မှ သိရှိထားမှုသည့် ထောက်လှမ်းရေးအစီရင်ခံစာနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Nord Stream Gas ပိုက်လိုင်းအား ဖောက်ခွဲခံရပြီး ၃ လခန့်ကြာပြီးနောက် ထိုကိစ္စအား ယူကရိန်းအထူးတပ်ဖွဲ့မှ ရေငုပ်သမားများက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ရင်းနှီးသည့် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံမှ တစ်ဆင့် အမေရိကန်အစိုးရအဖွဲ့က သတင်းရရှိခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့သည့် အဖွဲ့သည် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်အစီအရင်ခံရသည့်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး အဆိုပါသတင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဥရောပထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့မှ CIA ကို သတင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းအဖွဲ့အနေဖြင့် ‌ဘော့လ်တစ် ပင်လယ်အတွင်း ဆောင်ရွက်ခဲ့သည့် ယူကရိန်းအစိုးရနှင့် ဆက်စပ်နေသော တိုက်ခိုက်မှု အထောက်အထားများအား ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ ထိုတိုက်ခိုက်မှုကို အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများက ဥရောပ၏ စွမ်းအင်ကဏ္ဍကို ဖျက်ဆီးရန် မျက်နှာပြောင်သည့် အန္တရာယ်များသော အဖျက်အမှောက်လုပ်ငန်း (Brazen and dangerous act of sabotage) ဖြစ်သည်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။
ဥရောပထောက်လှမ်းရေးအဖွဲ့အနေဖြင့် သတင်းအချက်အလက်အများကို အမျိုးသားလေတပ်ဖွဲ့၏ တပ်ဖွဲ့ဝင် Jack Teixeira ၏ Discord ဟု ခေါ်သည့် Chat Platform ပေါ်မှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဝါရှင်တန်ပို့စ် သတင်းဌာနအနေဖြင့် Teixeira ၏ အွန်လိုင်းမိတ်ဆွေတစ်ဦးထံမှ အဆိုပါ အစီရင်ခံစာ၏ မိတ္တူ(Copy)ကို ရရှိခဲ့ခြင်းဖြစ်ပြီး ထိုထောက်လှမ်းရေးအစီရင်ခံစာသည် ယူကရိန်းနိုင်ငံအတွင်းမှ သတင်းပေးတစ်ဦးရရှိခဲ့သည့် သတင်းအချက်အလက်များအပေါ် အခြေခံရေးသား ထားခြင်းဖြစ်ပါသည်။ CIA အဖွဲ့အနေဖြင့် ကနဦးတွင် ထိုသတင်းကို အတည်မပြုခဲ့ဘဲ ပိုက်လိုင်း ကိစ္စနှင့်ဆက်စပ်သော ဂျာမနီနိုင်ငံနှင့် အခြားသော ဥရောပနိုင်ငံများမှ ထောက်လှမ်းရေး အဖွဲ့များကို မျှဝေပေးခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
အဆိုပါအစီရင်ခံစာတွင် အဖျက်အမှောက်လုပ်ငန်းဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင် အရေအတွက်နှင့် တိုက်ခိုက်ခဲ့သည့် နည်းလမ်းများပါ အသေးစိတ်ပါဝင်ခဲ့သော်လည်း အနောက်အုပ်စု ထောက်လှမ်းရေးအဖွဲ့များက ယူကရိန်းနိုင်ငံမှ ပြုလုပ်ခဲ့သည် ဆိုခြင်းကြောင့် ဘက်လိုက်သုံးသပ်ခဲ့ကြပါသည်။ သို့သော်လည်း မကြာသေးခင်လများ အတွင်းက ဂျာမနီနိုင်ငံမှ ထောက်လှမ်းရေးအဖွဲ့ဝင်များက ၎င်းတို့ရရှိထားသည့် ယူကရိန်း နိုင်ငံမှ ဆောင်ရွက်ရန် ကြံစည်နေသည့် အခြားသော ဗုံးခွဲတိုက်ခိုက်မှုများသည် Nord Stream ပိုက်လိုင်းတိုက်ခိုက်ခံရပုံနှင့် တူညီနေသည်ကို ဖော်ထုတ်ခဲ့ပြီးနောက်မှသာ Discord တွင် မျှဝေခဲ့သည့် ထောက်လှမ်းရေးအချက်အလက်များ ခိုင်မာကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ဥရောပနိုင်ငံအများစုမှ ထောက်လှမ်းရေးအဖွဲ့များက Nord Stream သတင်းကို အတည်ပြုခဲ့ကြပြီး ဥရောပထောက်လှမ်းရေးအဖွဲ့မှတစ်ဆင့်CIA သို့ သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ယခင်က Nord Stream တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ခြင်းကို ငြင်းဆိုခဲ့ကြသော်လည်း ယခုကဲ့သို့ အချက်အလက်များ ထွက်ပေါ်လာပြီးသည့်နောက်တွင် မည်သည့်မှတ်ချက်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပါ။ အိမ်ဖြူတော်အနေဖြင့်လည်း ယူကရိန်းနိုင်ငံက Nord Stream ပိုက်လိုင်းကို ဖောက်ခွဲခဲ့သည့် ဥရောပမှ ထောက်လှမ်းရေးအစီရင်ခံစာနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးသကဲ့သို့ ယူကရိန်းနိုင်ငံမှ ဆောင်ရွက်နေသည့် ထိုသို့သော အဖျက်အမှောက်လုပ်ငန်းများကို တားဆီးမည်လားဆိုသည်ကိုလည်း မှတ်ချက်မပေးခဲ့ဟု ဆိုပါသည်။ အလားတူပင် CIA အနေဖြင့်လည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရေအောက်ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပြီး Nord Stream ပိုက်လိုင်း (၁) နှင့် (၂) တို့မှာ ထိခိုက်မှုများပြီး ဓာတ်ငွေယိုစိမ့်မှုပမာဏကြီးမားခဲ့ပါသည်။ သွယ်တန်းထားသော ပိုက်လိုင်း ၄ ခုတွင် တစ်ခုသာ အကောင်းကျန်ရှိခဲ့ပြီး အမေရိကန်နိုင်ငံအစိုးရမှ တာဝန်ရှိသူများအနေဖြင့်၎င်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံအား အပြစ်တင်ခဲ့ကြပါသည်။ အမေရိကန်အနေဖြင့် ထိုအဖျက်အမှောက် လုပ်ငန်းကို အတွင်းကျကျဖော်ထုတ်မည်ဟု ကတိပြုခဲ့ကြပါသည်။ ထိုဖြစ်စဉ်သည် ဆောင်းရာသီသို့ ဝင်ရောက်လာခြင်းနှင့် တိုက်ဆိုင်နေပြီး ရုရှားနိုင်ငံမှ ဥရောပသို့ စွမ်းအင်ရောင်းချနေမှုကို ဖြတ်တောက်နိုင်ပြီး ဥရောပ၏ ပိတ်ဆို့အရေးယူမှုများကို တန်ပြန်ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် ယူဆခဲ့ကြကြောင်း ဖော်ပြထားပါသည်။
ယခုအခါ အမေရိကန်နိုင်ငံအစိုးရမှ တာဝန်ရှိသူများအနေဖြင့် Nord Stream ဖြစ်စဉ်တွင် ရုရှားနိုင်ငံ၏ ခြေရာလက်ရာ မပါဝင်ကြောင်းကို တိတ်တဆိတ်ဝန်ခံ နေကြပါသည်။ သို့သော်လည်း လူထုအကြားတွင် မည်သူ့တွင်တာဝန်ရှိသနည်းဟူ၍ မေးခွန်းထုတ်ပြီး လမ်းကြောင်းလွှဲနေပါသည်။ ဥရောပနိုင်ငံအတော်များများမှ တာဝန်ရှိသူများအနေဖြင့်လည်း ထိုအဖျက်အမှောက်လုပ်ငန်းအား ယူကရိန်းနိုင်ငံက ဆောင်ရွက်ခဲ့သည်ကို တိုးတိုးတိတ်တိတ်သတင်းပေးနေသော်လည်း လူသိရှင်ကြား ထုတ်ဖော်ဝေဖန်လျှင် ရုရှားနိုင်ငံကို ဆန့်ကျင်သည့် အင်အားစုများအကြား သဘောထား ကွဲလွဲကြမည်ကိုလည်း မလိုလားကြပါ။ ထို့ကြောင့် ဥရောပနိုင်ငံများနှင့် NATO အဖွဲ့ မူဝါဒ ချမှတ်သူများ၏ တွေ့ဆုံပွဲများတွင် Nord Stream အကြောင်းမပြောကြရန် “Don’t talk about Nord Stream” ဟူ၍ စည်းဝါးညှိထားကြသည်ဟု ဝါရင့်သံတမန်တစ်ဦးက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဥရောပထောက်လှမ်းရေးအဖွဲ့က ထိုဖောက်ခွဲမှုကို ဆောင်ရွက်ခဲ့သူများမှာ တိုက်ရိုက်တာဝန်ရှိသူများမဟုတ်ဘဲ အကြီးဆုံးစစ်ရေးခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် Valery Zaluzhny ကို အစီရင်ခံရသူများဖြစ်သည့်အတွက်ကြောင့် သမ္မတ ဇလန်စကီး သည်လည်း ထိုကိစ္စကို သိရှိလိမ့်မည်မဟုတ်ဟု အစီရင်ခံစာတွင် ဖော်ပြထား‌ပါသည်။ ထိုသို့ ဇလန်စကီးကို ပြဿနာ၏ အပြင်သို့ဖယ်ထုတ်နေခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်း ရှိနေပါသည်။ ထိုသို့ ယူကရိန်းခေါင်းဆောင်၏ တိုက်ရိုက်ပါဝင်မှုကို ဖယ်ထုတ် ထားခြင်းဖြင့် အရပ်ဘက်ပစ်မှတ်ဖြစ်သည့် Nord Stream ကို ရဲတင်းစွာ တိုက်ခိုက်ခဲ့မှုအား ဥရောပလူထု၏ မကျေနပ်မှုကြီးထွားလာခြင်းကို ရှောင်ရှားလိုခြင်းဖြစ်ပါသည်။ ထိုသို့ ဖြစ်လာလျှင် အနောက်အုပ်စုက ယူကရိန်းနိုင်ငံအား ထောက်ပံ့နေမှုနှင့် ထိပ်တိုက် တွေ့မည်ပြီး အထူးသဖြင့် ဂျာမနီနိုင်ငံတွင် အဆိုပါပြဿနာကို ရင်ဆိုင်ရ လိမ့်မည်ဖြစ်ပါသည်။ ယခင်က နိုင်ငံအတွက်လိုအပ်သော စွမ်းအင်၏ ထက်ဝက်ခန့်ကို Nord Stream မှ ရရှိနေခဲ့သော ဂျာမနီနိုင်ငံအနေဖြင့် ထို Nord Stream စီမံကိန်းနှင့် ပတ်သက်ပြီး ဥရောပမိတ်ဖက်နိုင်ငံများ၏ ကန့်ကွက်မှုနှင့် အတိုက်အခံလုပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် Nord Stream စီမံကိန်းကို ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန် အနောက်အုပ်စု ကုမ္ပဏီများမှ ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားကြပါသည်။ ယူကရိန်းနိုင်ငံ အနေဖြင့်လည်း ထို Nord Stream စီမံကိန်းကြောင့် ၎င်း၏ ဂတ်စ်ပိုက်လိုင်းများမှ အမြတ်အစွန်းများစွာ ရရှိနေမှုကို လျော့ကျသွားစေသဖြင့် ကာလရှည်ကြာ ကန့်ကွက်ခဲ့ကြပါသည်။ ထောက်လှမ်းရေးအစီရင်ခံစာတွင် ယူကရိန်းနိုင်ငံအနေဖြင့် ထိုအဖျက်အမှောက်လုပ်ငန်းကို ရပ်တန့်လိုက်ပြီဟုဆိုထားသော်လည်း အကြောင်းပြချက်မှာ ရှင်းလင်းခြင်းမရှသေးပါ။ ထိုပိုက်လိုင်းဖောက်ခွဲမှုများကို ဇွန် ၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ၎င်း၏ မိတ်ဖက်နိုင်ငံများ ရေတပ်စစ်ရေးလေ့ကျင့်ခန်း BALTOPS ဆောင်ရွက်နေသည့် အနီးမှာပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဥရောပထောက်လှမ်းရေးအဖွဲ့မှ ပေးပို့သည့် အစီရင်ခံစာတွင် ယူကရိန်းနိုင်ငံမှ ဆောင်ရွက်ခဲ့သည့် Nord Stream ဖောက်ခွဲမှု ၂ ကြိမ်၏ ဆောင်ရွက်မှုခြားနားခြင်းများကို အသေးစိတ်အား ဖော်ပြထားပြီး ဖောက်ခွဲသူများသည့် Identity အတုဖြင့် ဂျာမနီ နိုင်ငံမှ ရွက်သင်္ဘောတစ်စီးငှားရမ်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နက်ရှိုင်းသည့် ၂၄၀ ပေအနက် ရေအောက်တွင် အလုပ်လုပ်နိုင်ရန် အောက်ဆီဂျင်အပြင် ဟီလီယံကိုပါ သယ်ဆောင်သွားကြကြောင်း၊ ဟီလီယံသည် နက်ရှိုင်းသည့် ရေအောက်သို့ ငုပ်ရာတွင် စိတ်စုစည်းမှုကို အားကောင်းစေရန် ကူညီပေးကြောင်း၊ ထိုထောက်လှမ်းရေး ပေါက်ကြားမှုသည် တစ်ခုတည်းသော သက်သေမဟုတ်ဘဲ Nord Stream ဖောက်ခွဲမှု မတိုင်ခင်တွင် CIA အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ယူကရိန်းနိုင်ငံသားများ ဆွေးနွေး နေမှုကို ကြားဖြတ်ရရှိခဲ့ဖူးကြောင်းစသည်ဖြင့် အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။
ကမ္ဘာ့နိုင်ငံရေးသည် လွန်စွာရှုပ်ထွေးသကဲ့သို့ စစ်ဖြစ်နေသည့် နိုင်ငံများ အကြား ဆောင်ရွက်နေသည့် သူလျှိုလုပ်ငန်းများနှင့် ပြဿနာပိုမိုကြီးထွားစေရန် ကြားမှ မီးထိုးယပ်ခတ်ပေးသည့် လက်မဲကြီးများ၏ Double-Agent လုပ်ငန်းများ မှာလည်း အပေါ်ယံသတင်းများ၊ သတင်းကျွေးမှုများအား ဖတ်ရှု၍ အမှန်တရားကို ဖော်ထုတ်နိုင်ရန် ခဲယဉ်းလှပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ကူညီနေသော်လည်း ရုရှားနိုင်ငံ၏ အတွင်းပိုင်းနှင့် အရေးကြီးနေရာများကို မတိုက်ခိုက်ရန် ယူကရိန်းနိုင်ငံကို သတိပေးနေသည်ဟု လေသံပစ်နေသော်လည်း Nord Stream ကိစ္စတွင် မည်သည့်နိုင်ငံများ အကျိုးအမြတ်ရသွားသနည်းဟူသည့် မေးခွန်းကို အဖြေ ထုတ်ကြည့်လျှင် ယူကရိန်းနိုင်ငံအား ထိုကဲ့သို့သော ထိလွယ်ရှလွယ်သည့် အဖျက်အမှောက် လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် မည်သည့်နိုင်ငံက မီးစိမ်းပြလိုက်သနည်းဟူသည်မှာ တွေးဆဆင်ခြင်ဖွယ်ရာပင်ဖြစ်သည်ဟု သုံးသပ်ရပါသည်။
ထောက်လှမ်းရေးသတင်းများအရ Nord Stream Gas ပိုက်လိုင်း ဖောက်ခွဲ ခံရခြင်းသည် ယူကရိန်းနိုင်ငံ၏ လုပ်ရပ်ဖြစ်ကြောင်း အတည်ပြုနိုင်သော်လည်း အမေရိကန်နှင့် အနောက်အုပ်စုဝင်နိုင်ငံများက ၎င်းတို့၏ အင်အားကြီး နိုင်ငံများဆိုသည့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သတင်းအမှောင်ချမှု ပြုလုပ်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်နေကြပါသည်။ ထို့ပြင် ဥရောပထောက်လှမ်းရေးအဖွဲ့မှ Nord Stream အစီရင်ခံစာတွင် ယူကရိန်းနိုင်ငံမှ ဆောင်ရွက်ခဲ့သည့် အဖျက်အမှောက် လုပ်ငန်းတွင် နိုင်ငံရေးခေါင်းဆောင် ဇလန်စကီးကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားပြီး စစ်ဖက်ခေါင်းဆောင်ကိုသာ တာဝန်ရှိသူတစ်ဦးအဖြစ် အပြစ်ပုံချလိုနေခြင်းကိစ္စမျိုးသည် အနောက်အုပ်စုအတွင်း ဒီမိုကရေစီဟုခေါ်ဆိုသည့် နိုင်ငံရေးစနစ်များ၌ အတွေ့ရများသည့်စစ်ဖက်အား ခွဲခြားနှိပ်ကွပ်မှုတစ်ရပ်အဖြစ်လည်း သတိပြုမိပါသည်။ မြန်မာနိုင်ငံ၌လည်း ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် နိုင်ငံရေးပွင့်လင်းလာမှုနှင့် ဖြေလျော့လာမှုကို အခွင့်ကောင်းယူ၍ INGO/NGO အမည်ခံထားသော သူလျှိုလုပ်ငန်းများ အမြောက်အမြား စိမ့်ဝင်ခဲ့ကြပါသည်။ ယခု နိုင်ငံရေးအပြောင်းအလဲကာလတွင်လည်း မြန်မာနိုင်ငံ၏ပြည်တွင်းရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ ပြည်ပအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရ ပြောင်ပြောင်းတင်းတင်းဝင်ရောက်စွက်ဖက်နေမှုများသည် လျှို့ဝှက်ကိုင်တွယ်ဖြေရှင်းရန်ကိစ္စမဟုတ်ဘဲ ထိရောက်ပြတ်သားစွာ လူသိရှင်ကြား ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများဖြစ်ပါကြေင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
48062323
(Subscribe ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့်ကိစ္စဖြစ်၍ ဖော်ပြပေးလိုက်ပါသည်။)

Wednesday, June 21, 2023

NATO အဖွဲ့၊ အမေရိကန်၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် အင်ဒို-ပစိဖိတ်ဒေသ အရေးနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
NATO အဖွဲ့၊ တရုတ်နှင့် အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စများနှင့် ပတ်သက်၍ Diplomatic ၏ ပင်တိုင်ဆောင်းပါးရှင် Mercy Kuo က Institute of Statecraft in London မှ ပါမောက္ခ၊ The Alphen Group ၏ ဥက္ကဋ္ဌဖြစ်သူ Julian Lindley-French နှင့် တွေ့ဆုံမေးမြန်းမှုအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တွေ့ဆုံမေးမြန်းမှုတွင် NATO အဖွဲ့၏ တရုတ် နိုင်ငံနှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် အယူအဆများသည် ဥရောပနိုင်ငံများ (Europe)၏ တရုတ်နှင့်ပတ်သက်သည့်စိုးရိမ်ချက်များအပေါ် မည်သို့ထင်ဟပ်နေသနည်းဟူ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ပထမအချက် အနေဖြင့် လက်ရှိအချိန်တွင် ဥရောပဒေသတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများသည် ပိုမိုသိသာထင်ရှားလာပြီး အဆိုပါအချက်ကြောင့် ဥရောပဒေသ တွင်းနိုင်ငံများ အနေဖြင့် ကောင်းကျိုးအပြင် ဆိုးကျိုးများကိုလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဥရောပဒေသတွင် တရုတ်နိုင်ငံပါဝင်ပတ်သက်နေသည့် ထောက်လှမ်းရေးလုပ်ငန်းများအပါအဝင် အခြားသောရန်လိုသည့်အပြုအမူများသည် မကြာသေးမီနှစ်များအတွင်းကစ၍ အလျင် အမြန်ကြီးထွားလာကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ဥရောပအတွက် ယုံကြည် စိတ်ချရသည့် မိတ်ဖက်နိုင်ငံမဖြစ်နိုင်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အမေရိကန်နိုင်ငံကို ဆိုးရွားစွာထိခိုက်အောင်ပြုလုပ်နိုင်သည့် မည်သည့်ပါဝါ (နိုင်ငံ) မဆို NATO နှင့် ဥရောပဒေသ၏ ကာကွယ်ရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်မည်သာဖြစ်ကြောင်း၊ ထို့ကြောင့် NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥရောပဒေသလုံခြုံမှု အတွက် အာမခံပေးထားသည့် အမေရိကန်၏ စစ်ရေးကဏ္ဍကို ခိုင်မာအောင် ကူညီထိန်းသိမ်း‌ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်နိုင်ငံနှင့် အင်ဒို-ပစိဖိတ်ဒေသနှင့် ပတ်သက်သည့် NATO အဖွဲ့၏ မဟာဗျူဟာမြောက် တွက်ချက်မှုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေနိုင်သနည်းဟူသည့် မေးခွန်းနှင့် ပတ်သက်၍ ဥရောပဒေသတွင်ဖြစ်ပွားခဲ့သည့် အရေးကိစ္စများသည် တစ်ကမ္ဘာလုံးအပေါ်တွင် သက်ရောက်စေနိုင်သကဲ့သို့ ကမ္ဘာ့အရေးကိစ္စများသည်လည်း ဥရောပဒေသကိုသက်ရောက်မှုရှိနေသည် အချက်ကို ဥရောပနိုင်ငံများ ရှင်းရှင်းလင်းလင်း လက်ခံထားပြီးဖြစ်ကြောင်း၊ ဥရောပနိုင်ငံများ၏အားတစ်ခုတည်းဖြင့် ကမ္ဘာ့အရေး ကိစ္စများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ရရှား-ယူကရိန်း ပဋိပက္ခများအတွင်း တရုတ်နိုင်ငံ၏ ရုရှားကိုအကူအညီပေးနေမှုများက တရုတ်အနေဖြင့် အနောက်အုပ်စု၏ Globalization သဘောတရားကို စိတ်ပါဝင်စားလှသည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ဖြစ်တည်မှု (China-ization) ကိုသာ သွားနေခြင်းဟု မြင်နိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံနှင့် သဘောတူညီခဲ့သည့် ဟောင်ကောင်နှင့်ပတ်သက်သည့် ဥပဒေများ(one country, two systems) ကို တစ်ဖက်သတ် စွန့်ပယ်မှုများကြောင့် တရုတ်နိုင်ငံ၏ အနာဂတ် နိုင်ငံခြားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒများအပေါ် စိုးရိမ်ပူပန်မှုများဖြစ်စေကြောင်း ဖြေကြားထားပါသည်။
NATO အဖွဲ့၏ ဂျပန်နိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်ရန် စီစဉ်ညှိနှိုင်းနေခြင်းနှင့် နှစ်ဘက် ပထဝီဝင်နိုင်ငံရေး ဆက်နွယ်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် NATO နှင့် ဂျပန် နိုင်ငံအကြားရှိ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို ဂျပန်နိုင်ငံတွင် NATO ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခြင်းဆိုသည့်အချက်က အထောက်အပံ့ဖြစ်စေ နိုင်ကြောင်း၊ ထို့အပြင် ဂျပန်တွင် ဖွင့်လှစ်မည့် NATO ကိုယ်စားလှယ်ရုံးသည် G 7 အဖွဲ့ကို ဗဟိုပြုသည် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအသိုက်အဝန်းကို တည်ဆောက်ခြင်းဖြစ်ပြီး အာဏာရှင်နိုင်ငံအုပ်စုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဟန့်တားနိုင်ရန်ဖြစ်ကြောင်း၊ NATO အဖွဲ့ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းမျိုးမဟုတ်သော်လည်း ၂၁ ရာစုကမ္ဘာ့အရေးအခင်းကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပါသည်။
၅။ ဥရောပ-အတ္တလန္တိတ် မဟာမိတ်များ၏ တရုတ်-ရုရှား မိတ်ဘက်ဆက်ဆံ ရေးအပေါ် တုံ့ပြန်မှုများနှင့်ပတ်သက်၍ ထိရောက်မှုအတိုင်းအတာကို မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည်သာ လက်ရှိကမ္ဘာ့အခင်းအကျင်းကို စုပေါင်းကာကွယ်လိုသည့် ဆန္ဒရှိကြောင်း၊ NATO အရှေ့ဘက်ခြမ်းနိုင်ငံများတွင် ရုရှားနိုင်ငံ၏ခြိမ်းခြောက်မှု၊ မြောက် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား တောင့် တင်းမှု၊ ကြွေးမြီများဖြင့် အကျပ်ကိုင်မှု၊ အာတိတ်ဒေသရှိ တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာအကျိုးစီးပွားများကြောင့် ဥရောပနိုင်ငံများ အားလုံးအနေဖြင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) အပေါ်တွင် မှီတင်းနေရသည့် ကိစ္စရပ်အား ပြန်လည်သုံးသပ်မှု ဖြစ်စေခဲ့ကြောင်း၊ ထိုသို့ သတိထားမိမှုသည် အရေးကြီးသည့် အရင်းအမြစ်များ (နောက်ဆုံးပေါ်ချစ်ပ်များ၊ မြေရှားသတ္တုများ) တရုတ်နိုင်ငံသို့ ရောက်ရှိမသွားစေရန် ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
NATO အဖွဲ့၏ အင်ဒို-ပစိဖိတ် ဒေသနှင့် မဟာဗျူဟာမြောက် စေ့စပ်ညှိ နှိုင်းမှုများကို စိန်ခေါ်သည့် အဓိကခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ပြည်လည်ဖြေကြားရာတွင် NATO အဖွဲ့၏ အင်ဒို-ပစိဖိတ်ဒေသနှင့် မဟာဗျူဟာမြောက် စေ့စပ်ညှိနှိုင်းမှုများ ပိုမိုခိုင်မာအားကောင်းလာသည်ဟု ဆိုနိုင်ကြောင်း၊ အကြောင်းမှာ အမေရိကန်ဦးဆောင်သော AUKUS နှင့် UK-Japan Defence Treaty တို့ကဲ့သို့သောယန္တရားများကို အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများနှင့် တည်ဆောက်လာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် ခြိမ်းခြောက်မှု ၃ ရပ်ရှိနေကြောင်း၊ ပထမအချက်မှာ ထိုင်ဝမ် အပေါ် တရုတ်နိုင်ငံ၏ တိုက်ခိုက်မှုများဖြစ်ပေါ်လာခဲ့ပါက NATO မဟာမိတ်များသည်သာ အမေရိကန်ဖက်မှရှိမည်ဖြစ်ပြီး အခြားသောနိုင်ငံများက ထောက်ခံလိမ့်မည် မဟုတ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၏ အဓိကစစ်ပွဲများတွင် အမေရိကန်ပါဝင်လာခဲ့ပါက ဥရောပမှ ၎င်း၏အရင်းအမြစ်များကို အသုံးပြုရမည်ဖြစ်ခြင်းကြောင့် ထိုလစ်ဟာသွားမှုကို ဖြေရှင်းရန်လိုအပ်လာမည်ဖြစ်ကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် တရုတ်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံများအား စိမ့်ဝင်၍ အကြွေးလက်နက်ဖြင့်ခြိမ်းခြောက်ပြီး ထိရောက်သည့်စုပေါင်းဆုံးဖြတ်ချက်များ အချမှတ်နိုင်ရန်ဆောင်ရွက်လာနိုင်ကြောင်ဖြေကြားထားပါသည်။
၇။ အချုပ်အားဖြင့် တရုတ်နှင့် အနောက်အုပ်စုအကြားရှိ ကုန်သွယ်မှုဆက် ဆံရေးသည် ၁၉၈၉ ခုနှစ်ကတည်းက ကောင်းမွန်သည့် ဆက်ဆံရေးမျိုးဖြစ်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများနှင့် သဘောထား များမှတစ်ဆင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ယခုအခါ ထိုကမ္ဘာလုံးဆိုင်ရာစည်မျဉ်းများကို စွန့်ပယ်ခဲ့ခြင်းကြောင့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ်မှ ပြိုင်ဘက်နိုင်ငံ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် အနောက် အုပ်စုဝင်နိုင်ငံများနှင့် အားပြိုင်မှုများတွင် ရှုံးနိမ့်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ရေးသား ထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
တွေ့ဆုံမေးမြန်းမှု၏ ဖြေကြားချက်များကိုထောက်ရှုခြင်းဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အာရှပစိဖိတ်ဒေသအတွင်း ၎င်း၏စစ်အုပ်စု NATO အဖွဲ့ကို ပိုမိုချဲ့ထွင်ရန် တစ်စိုက်မတ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်း မိတ်ဘက်နိုင်ငံများရရှိရန်အတွက် စည်းရုံးရေး/ဖိအားပေးရေးတို့ကို အသုံးပြု၍ ဆောင်ရွက်လာမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ထို့အပြင် အာရှဒေသတွင်းနိုင်ငံများကိုဦးဆောင်၍ ကမ္ဘာ့နံပါတ်တစ်နေရာသို့ တက်လှမ်းရန်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များ နှောင့်နှေးစေရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ပိတ်ဆို့ခြင်းများ ဆောင်ရွက်လာမည်သာဖြစ်ပါသည်။ ထို့ကြောင့် ယခု အနောက်အုပ်စု၏ အာဘော်နှင့် အတွေးအခေါ်များကို ဖြေကြားသွားသည့် Institute of Statecraft in London မှ ပါမောက္ခ၊ The Alphen Group ၏ ဥက္ကဋ္ဌဖြစ်သူ Julian Lindley-French ၏ ဖြေကြားချက်များအရ ကမ္ဘာ့နိုင်ငံရေးသည် ဒုတိယစစ်အေးကာလသို့ ရောက်ရှိလာပြီဟု အတိအလင်းဆိုနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။
NATO အဖွဲ့သည် စစ်အေးခေတ်အလွန်တွင် ပေါ်ပေါက်လာသည့် စစ် မဟာမိတ်စာချုပ်အဖွဲ့ဖြစ်ပြီး ယခုအခါ ဥရောပ-အတ္တလန္တိတ်ဒေသမှ အင်ဒို-ပစိဖိတ်ဒေသို့ ချဲ့ထွင်လာသည့် ခြေလှမ်းများကြောင့် တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမှုများ မလွဲမသွေဖြစ်ပေါ်လာမည်ဖြစ်ပြီး ရုရှား-တရုတ်အုပ်စုမှလည်း တန်ပြန် စစ်အုပ်စုတည်ဆောက်မှုများ ဆောင်ရွက်လာနိုင်ချေရှိသည်ဟု ယူဆရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံအတွက်သာမက တရုတ်နိုင်ငံကို ဝိုင်းပတ်ထိန်းချုပ်မည့် အနောက်အုပ်စုအတွက်ပါ အရေးပါသောပထဝီဝင်အနေအထားတွင်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ၊ တရုတ်နှင့် အနောက်အုပ်စုတို့၏ အားပြိုင်မှုများအကြားတွင် ပိတ်မိသည့်အဖြစ်မျိုး ရောက်လာနိုင်သည်ကို ကြိုတင်တွေးဆထားသင့်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
47062223

Tuesday, June 20, 2023

တရုတ်နိုင်ငံ၏ လူမျိုးရေးကို အခြေခံသော အမျိုးသားရေးဝါဒနှင့် နိုင်ငံခြားရေးမူဝါဒ ချိတ်ဆက်နေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် အမေရိကန်နိုင်ငံအား ၎င်းတို့၏ အင်အား ကြီးထွားမှုကို ဟန့်တားနေသော ရန်သူနိုင်ငံအဖြစ် ပုံဖော်လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးကြာမြင့်နေပြီဖြစ်သောကြောင့် ၎င်း၏ ရန်လိုသော နိုင်ငံခြားရေးမူဝါဒကို ပျော့ပျောင်းအောင် ဆောင်ရွက်ရန်မှာ အခက်အခဲများစွာရှိနေသည့်အချက်များအား သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာနေမှုများကြောင့် မကြာသေးမီက ကျင်းပခဲ့သော Shangri-La Dialogue အပေါ် အများစုမှ စိတ်ဝင်တစားဖြင့် လေ့လာ စောင့်ကြည့်ခဲ့ကြပြီး အဆိုပါ Dialogue သည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ငြင်းခုံရာ နေရာတစ်ခုဖြစ်လာခဲ့ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုသည် ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းအပေါ် များစွာသက်ရောက်မှုရှိသည့်အတွက် ဒေသတွင်းနိုင်ငံများ အနေဖြင့်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ Shangri-La Dialogue ၌ တရုတ် အရာရှိကြီးများပြောကြားခဲ့သည့် ပြောကြားမှုများသည် သံခင်းတမန်ခင်းရှုထောင့်မှ ကြည့်မည် ဆိုပါက မဖြစ်သင့်သောကိစ္စရပ်တစ်ခုဖြစ်သည်ဟုဆိုသည်။ ဥပမာအားဖြင့် ဒုတိယဗိုလ်ချုပ်ကြီး Jing Jianfeng က အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်၌ ၎င်း၏ ဩဇာလွှမ်းမိုးမှု မကျဆင်း စေရန် အကျပ်ကိုင်ခြင်း၊ စွဲဆောင်စည်းရုံးခြင်းများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် အာရှဒေသတွင် NATO အဖွဲ့နှင့် အလားသဏ္ဌာန်တူသော အဖွဲ့တစ်ခုဖွဲ့စည်းရန်နှင့် ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေမှု အပေါ် ကန့်ကွက်သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်-အမေရိကန်ဆက်ဆံရေးသာ ဆက်လက်တင်းမာလာပါက တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်း၌ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ပိုမိုဖော်ဆောင်လာ နိုင်ပါသည်။သာဓကအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်စစ်အခြေစိုက်စခန်း အသစ်များ ဆောက်လုပ်နေမှုကို တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်တွင် လုပ်ကိုင်နေသော ဖိလစ်ပိုင်အလုပ်သမားများအပေါ် သွယ်ဝိုက်သောနည်းအားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်လာမှု၊ တရုတ်-အမေရိကန် ဆက်သွယ်ရေးဖြတ်တောက်နေမှုတို့ကြောင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်လာနိုင်မှုအပေါ် ဒေသတွင်းနိုင်ငံများမှ စိုးရိမ်နေပါသည်။ ထို့ပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့မှ အမေရိကန်နိုင်ငံနှင့် အဆက်အသွယ်ဖြတ်နေသည့် လက်ရှိ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲလာနိုင်မည့်ရာခိုင်နှုန်းနည်းသောကြောင့် အနာဂတ်တွင်လည်း တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာမှုလျှော့ချနိုင်မည့် အလားအလာမရှိသေးကြောင်း ဖော်ပြ ထားပါသည်။
တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား ရန်သူနိုင်ငံအဖြစ် ပုံဖော်ထားရှိမှုသည် ကာလကြာမြင့်နေပြီဖြစ်သည့်အပြင် တရုတ်လူမျိုးများအနေဖြင့်လည်း အမေရိကန်နိုင်ငံအား ရန်သူနိုင်ငံအဖြစ် လက်ခံထားရှိမှု၊ တစ်နည်းအားဖြင့် တရုတ်ကွန်မြူနစ် ပါတီမှ ပြည်သူများအား လူမျိုးရေးကိုအခြေခံသည့် အမျိုးသားနိုင်ငံရေးဝါဒ(Ethno-Nationalism)ကို သွတ်သွင်းထားနေမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရန်လိုသော နိုင်ငံခြားရေးမူဝါဒကို လျှော့ချရန်မဖြစ်နိုင်သေးသည့် အခြေအနေတွင်ရှိပါသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ လူမျိုးစုကို အခြေခံသော အမျိုးသားနိုင်ငံရေးဝါဒကို သွတ်သွင်းနေခြင်းသည် တရုတ်နိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဩဇာအာဏာ ဆက်လက်လွှမ်းမိုးနိုင်စေရန်ကို ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတွင်လည်း မငြိမ်မသက်မှုများ(ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲသက်ရောက်မှုများ၊ လူငယ်များအလုပ်လက်မဲ့နှုန်း မြင့်တက်နေမှုများ၊ အိမ်ခြံမြေဈေးကွက် မတည်ငြိမ်မှုများ၊ တရုတ်နည်းပညာကုမ္ပဏီတချို့ကို နှိပ်ကွပ်နေမှုများ) ဖြစ်ပွားနေသောကြောင့် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပြည်သူများ ၎င်းတို့အပေါ် ဆက်လက်ထောက်ခံလာစေရန် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့နေမှု များကို မီးမောင်းထိုးပြ၍ အသုံးချနေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် တရုတ် နိုင်ငံ၏ ရန်လိုသောနိုင်ငံခြားရေးမူဝါဒကို ပျော့ပျောင်းအောင် ဆောင်ရွက်ရန်မှာ မဖြစ်နိုင် သေးကြောင်း ဖော်ပြထားပါသည်။
လက်ရှိအချိန်၌ တရုတ်နိုင်ငံ၏ လူမျိုးစုကိုအခြေခံသည့် အမျိုးသားရေးဝါဒ ကျင့်သုံးနေမှုသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေသော်လည်း အဆိုပါဝါဒ ကျင့်သုံးမှုသည် အသွားနှစ်ဖက်ပါသည့် ဓားတစ်လက်ကို အသုံးပြုနေခြင်းနှင့် တူညီပြီး ထိန်းချုပ်ရန်မှာ အလွန်ပင်ခက်ခဲပါသည်။ တရုတ်နိုင်ငံ၏ အဆိုပါဝါဒကျင့်သုံးမှု အောင်မြင်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ အင်တာနက်အသုံးပြုသူများ၏ အမေရိကန်နိုင်ငံအပေါ်တုံ့ပြန်မှုများကို ကြည့်မည်ဆိုပါက တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံရှိ အင်တာနက်အသုံးပြုသူများသည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု များ၏ တရုတ်နိုင်ငံအပေါ် အဆိုးမြင်သည့်သဘောထားများကို တုံ့ပြန်သောအားဖြင့် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများအား “အနောက်အုပ်စု၏ နယ်ချဲ့ဝါဒ”၊ “လူမျိုးရေး ဝါဒ”၊ “တရုတ်ဆန့်ကျင့်ရေးဝါဒ”ဆိုသည့် စကားစုများကို အသုံးပြု၍ အင်တာနက် စာမျက်နှာများတွင် တုံ့ပြန်လေ့ရှိကြပါသည်။ ထို့ပြင် ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန် ကဲ့သို့သော နိုင်ငံများတွင် ကျောင်းတက်နေသည့် တရုတ်ကျောင်းသားများသည်ပင် ထိုင်ဝမ်၊ ဟောင်ကောင်ကဲ့သို့သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောဆိုပါက ပါမောက္ခများ၊ ကထိကများနှင့်ပါ ငြင်းခုံပြောဆိုလေ့ရှိပါသည်။ လက်ရှိအချိန်၌ တရုတ်နှင့် အမေရိကန် နိုင်ငံတို့၏ ဆက်ဆံရေးတင်းမာမှု မြင့်တက်နေခြင်းကိုလျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း၏ အရေးကြီးမှုကို နှစ်ဖက်စလုံးမှ သိရှိသော်လည်း သေချာရေရာမှု မရှိ သေးဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ၎င်း၏ ဩဇာလွှမ်းမိုးမှု ဆက်လက်တည်ရှိစေရန် လူမျိုးရေးကိုအခြေခံသော အမျိုးသားရေး ဝါဒ(Ethno-Nationalism) သွတ်သွင်းလာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ ဝါဒကြောင့် တရုတ်ပြည်သူများက အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အင်အား ကြီးထွားမှုကို ပိတ်ပင်တားမြစ်နေသည့် ရန်သူနိုင်ငံအဖြစ်မှတ်ယူလာမှု၊ တစ်နည်းအားဖြင့် တရုတ်နိုင်ငံ၏လူမျိုးရေးကို အခြေခံသောအမျိုးသားရေးဝါဒ ဖော်ဆောင်မှုကဏ္ဍ အောင်မြင် နေမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရန်လိုသောနိုင်ငံခြားရေးမူဝါဒ (Aggressive Foreign Policy)ကို ပျော့ပျောင်းအောင်ဆောင်ရွက်ရန်မှာ အလွန်ခက်ခဲကြောင်း တရုတ်နိုင်ငံအား အပြစ်တင်သည့်ပုံစံဖြင့် သုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံအား လူမျိုးရေးကို အခြေခံသော အမျိုးသားရေးဝါဒ(Ethno-Nationalism)ကျင့်သုံးမှုသည် အသွားနှစ်ဖက်ပါသည့် ဓားတစ်လက်ကို အသုံးပြုခြင်းနှင့် တူညီသောကြောင့် အလွန်အန္တရာယ်များပြီး ထိန်းချုပ်ရန်လည်း ခက်ခဲသည်ဟု ဆိုထားသည်ကို တွေ့ရသော်လည်း အမေရိကန်နိုင်ငံဘက်ကို ပြန်ကြည့်ပါက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ရန်လိုသောသဘောထားဖြင့် ကျင့်သုံး နေပြီး ၎င်းနိုင်ငံ၏ ပြိုင်ဘက်နိုင်ငံအဖြစ် သတ်မှတ်ထားခြင်း၊ အမေရိကန်နိုင်ငံသား ၅၂ ရာခိုင်နှုန်းက တရုတ်နိုင်ငံအား ပြိုင်ဘက်အဖြစ်သတ်မှတ်ပြီး ၃၈ ရာခိုင်နှုန်းကလည်း ရန်သူအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ အတွင်း ဖြစ်ပွားနေသည့် တရုတ်ဆန့်ကျင်ရေးအယူအဆများ၊ တရုတ်နိုင်ငံအား အာဏာရှင်နိုင်ငံအဖြစ်စွပ်စွဲ၍ ပုတ်ခတ်မှုများ၊ စီးပွားရေးနည်းပညာအရ ပိတ်ဆို့မှုများ မှာလည်း ပြန်လည်မေးခွန်းထုတ်ဖွယ်ရာကိစ္စရပ်များဖြစ်သည်ဟု ယူဆပါသည်။
အယူဝါဒသဘောတရား(Ideology)တစ်ခု ပြုစုပျိုးထောင်ခြင်းသည်အမျိုးသားနိုင်ငံတစ်ခု တည်ဆောက်ရာတွင် မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ပြီး နှစ်ရှည်စီမံကိန်းချမှတ်၍ အချိန်ယူ ဆောင်ရွက်ရသောကဏ္ဍတစ်ခုဖြစ်ပါသည်။ ထိုအယူဝါဒဆိုင်ရာ သဘောတရား များကို ပညာဖြင့် ထိန်းကျောင်းပေးနိုင်ရန်လိုအပ်ပြီး အစွန်းရောက်သွားပါကလည်း လူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် ထိန်းသိမ်းရခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင် ရပြီး ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်ရန် ခက်ခဲသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အင်အားကြီး နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒတည်ဆောက်ထားသည့် Ideology အထိုင်များကိုလေ့လာသိရှိထားခြင်းသည် မိမိနိုင်ငံနှင့် ချိန်ထိုးသုံးသပ်နိုင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဖော်ဆောင်ရာတွင် အားသာချက်များဖြစ်စေပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
46062123

Monday, June 19, 2023

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာအဆင့်မြင့်ဆွေးနွေးမှုများပြုလုပ်ရန် လိုလားနေခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ခြင်းသည် အမေရိကန်နိုင်ငံအတွက် ပို၍အဓိကကျနေသောကြောင့် တရုတ်နိုင်ငံသည် အဆိုပါအချက်ကို အသုံးပြု၍ အမေရိကန်နိုင်ငံမှ တောင်းဆိုနေသော နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံရန်ကမ်းလှမ်းချက်များကို ငြင်းဆိုနေခြင်းနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
လက်ရှိအချိန်၌ တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေမှု၊ အထူးသဖြင့် နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားလာနိုင်သည့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့သော ဒေသများတွင် နှစ်နိုင်ငံအကြားနားလည်မှုလွဲမှားခြင်းနှင့် မတော်တဆဖြစ်ပွားခြင်းတို့ကို လျှော့ချနိုင်ရန် တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ခြင်းသည် တရုတ်နိုင်ငံထက် အမေရိကန်နိုင်ငံအတွက်ပို၍အဓိကကျနေသည်ဟု စစ်ရေးကျွမ်းကျင်သူအချို့က ဆိုကြပါသည်။ စင်ကာပူ နိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သော Shangri-La Dialogue တွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံရန်တောင်းဆို ခဲ့သော်လည်း တရုတ်နိုင်ငံမှ ငြင်းပယ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအပေါ် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့ထားမှုနှင့်စပ်လျဉ်း၍ မကျေနပ်သောကြောင့် ထိုသို့ ငြင်းပယ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တောင်တရုတ်ပင်လယ်၌ တရုတ်စစ်လေယာဉ်တစ်စင်းနှင့် အမေရိကန် စစ်လေယာဉ်တစ်စင်းတို့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး မကြာမီ ထိုင်ဝမ် ရေလက်ကြားသို့ ရောက်ရှိလာသည့် အမေရိကန်ဖျက်သင်္ဘော USS Chung-Hoon ၏ မီတာ ၁၄၀ အကွာအဝေးသို့ တရုတ်စစ်ရေယာဉ်များသွားရောက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသည်။ Peking တက္ကသိုလ်ရှိ The Centre for Maritime Strategy Studies ၏ ဒါရိုက်တာ Hu Bo က လက်ရှိအချိန်၌ တရုတ်-အမေရိကန် စစ်တပ် နှစ်ခုအကြား နားလည်မှုလွဲမှားနိုင်ခြေမြင့်တက်နေပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများသည်လည်း မဟာဗျူဟာဆိုင်ရာ ကိစ္စရပ် များကို ဦးစားပေးဆောင်ရွက်သောကြောင့် လတ်တလောဖြစ်ပေါ်နေသော နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံမှုကိစ္စရပ်များကို ဖြေရှင်းရာတွင် ထိရောက်မှုအားနည်းနိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း အရေးပေါ်အခြေအနေများတွင် နှစ်နိုင်ငံစစ်ရေယာဉ်များအကြား အပြန်အလှန်ဆက်သွယ်မှုပြုလုပ်နေနိုင်သေးသောကြောင့် ပြင်ပမှ ခန့်မှန်းနေသလိုမဟုတ်ဘဲ ပဋိပက္ခဖြစ်နိုင်ခြေနည်းသေးသည်ဟုလည်း ဆိုပါသည်။
Joe Biden အမေရိကန်နိုင်ငံသမ္မတ စဖြစ်လာကတည်းက အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဆောင်ရွက်ရန် တရုတ်နိုင်ငံသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း တရုတ်နိုင်ငံမှ ငြင်းပယ်ခဲ့ပါသည်။ ထိုအချိန်ကတည်းက နှစ်နိုင်ငံဆက်ဆံရေး တဖြည်းဖြည်းတင်းမာ ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း၌လည်း တရုတ်နိုင်ငံသည် နန်စီပီလိုဆီ၏ ထိုင်ဝမ် ခရီးစဉ်ကို တုံ့ပြန်သောအားဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင်ရှိသော အရေးကြီးသည့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုလမ်းကြောင်း ၃ ခုကို ဖြတ်တောက်ခဲ့ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ၌ နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေးဝန်ကြီးနှစ်ဦးသည် ကမ္ဘောဒီးယား နိုင်ငံတွင် တွေ့ဆုံခဲ့ကြသော်လည်း လက်ရှိအချိန်အထိ နှစ်နိုင်ငံအကြားတွင် ဆက်သွယ်မှုနှင့် တွေ့ဆုံမှုများ မရှိသေးဟု ဖော်ပြထားပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံက ၎င်း၏ နယ်နိမိတ် အတွင်းရောက်ရှိနေသည့် မိုးပျံပူပေါင်းများအား တရုတ်ထောက်လှမ်းရေးလေဘောလုံးများဟု ဆိုကာ ပစ်ချခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်မှုအပေါ် မကျေနပ်၍ တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးသည် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး၏ ဖုန်းခေါ်ဆိုမှုကို ငြင်းပယ် ခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့် မေလ၌ အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်၏ Admiral John Aquilino မှ တရုတ်ရေတပ်အား ဖုန်းခေါ်ခဲ့သော်လည်း ဖြေကြားမှု မရှိဟု ၎င်းကပြောကြားထားပါသည်။ သို့သော်လည်း သုတေသီအချို့က တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ထိုကဲ့သို့ ဆက်သွယ်မှုဖြတ်တောက်နေခြင်းသည် နှစ်နိုင်ငံ ပဋိပက္ခဖြစ်ပွားမှုကို ပိုမိုဦးတည်စေသော်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် အဆိုပါ အခြေအနေအား ဖြေရှင်းနိုင်မည့် ကိုယ်ပိုင်နည်းလမ်းများ ရှိကြလိမ့်မည်ဟု ယူဆ ထားကြကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဟောင်း Paul Haenle က လက်ရှိအချိန်၌ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား မတော်တဆဖြစ်ပွားမှု ပိုမိုမြင့်တက်နေပြီး ထိရောက်သည့် ဆက်သွယ်မှု ယန္တရားများသာမရှိပါက အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် Paul Haenle က အမေရိကန်နိုင်ငံမှ တောင်းဆိုနေသော နှစ်နိုင်ငံစစ်ဘက် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများကျင်းပမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ငြင်းဆိုနေခြင်းသည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုနှင့်အပြုအမူများကို ဖိအားပေးနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၎င်းကပင် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေမှုများအား လျှော့ချနိုင်ရန် နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်ထားမှုသည် အလွန်အရေးပါကြောင်း၊ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံမှ ဆိုင်းငံ့ထားသည့် တရုတ်-အမေရိကန် ဆက်သွယ်ရေး ယန္တရားတစ်ခုဖြစ်သော Maritime Military Consultative Agreement များကို ပြန်လည် အသုံးပြုရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း Peking တက္ကသိုလ်ရှိ The Centre for Maritime Strategy Studies ၏ ဒါရိုက်တာ Hu Bo က အဆိုပါ Maritime Military Consultative Agreement နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးတွင် မတူကွဲပြားသည့် ရည်ရွယ်ချက်နှင့် သဘောထားအမြင်များ ရှိနေသောကြောင့် အသုံးမဝင်ဟု ဆိုပါသည်။ ထို့ပြင် Hu Bo က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု များကို ဖယ်ရှားပေးခြင်းသည် တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပနိုင်မည့် အလားအလာတစ်ခုဖြစ်ပြီးအမေရိကန်နိုင်ငံကသာ ၎င်း၏ရိုးသားမှုကိုမပြသပါက နှစ်နိုင်ငံဆက်ဆံရေးတင်းမာ နေမှုကို လျှော့ချနိုင်မည်မဟုတ်ဟု ပြောကြားထားပါသည်။ အခြားသုတေသီတစ်ဦးကလည်း တရုတ်-အမေရိကန်အကြား အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများ မပြုလုပ်နိုင်ခြင်းသည် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုများအပြင် အခြားသော အကြောင်းအရာများလည်း ရှိနေသည်ဟု သုံးသပ် ထားပါသည်။ သို့သော်လည်း Hu Bo က မည်သို့ပင်အန္တရာယ်များပါစေ တရုတ်ပြည်သူ့ တပ်မတော်အနေဖြင့် နိုင်ငံ၏ နယ်နိမိတ်နှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာနေသည့် လက်ရှိအခြေအနေ၌ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ရန် ကြိုးပမ်းနေသော်လည်း တရုတ်နိုင်ငံမှ ငြင်းဆိုနေသောကြောင့် ထိုက်သင့်သည့် တိုးတက်မှုမရှိသေးကြောင်းတွေ့ရှိရပါသည်။ ထိုသို့ တရုတ်နိုင်ငံမှ ငြင်းဆိုနေမှုများသည် အမေရိကန်နိုင်ငံကတရုတ်နိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအပေါ်မူတည်နေပြီး ထိုကိစ္စများကို ဖယ်ရှားပေးပါက နှစ်နိုင်ငံအကြားအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည် စတင်လာနိုင်သည်ဟု သုံးသပ်ရပါသည်။ အကယ်၍ တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံအကြားတွင် အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်စတင်မှုမရှိခြင်း၊ အမေရိကန်နိုင်ငံ၏ ပွင့်လင်း၍လွတ်လပ်စွာသွားလာနိုင်ရေး မူဝါဒကိုအသုံးပြုပြီး တောင်တရုတ်ပင်လယ်အတွင်း စစ်ရေယာဉ်များ၊ စစ်လေယာဉ်များ စေလွှတ်နေခြင်း၊ မဟာမိတ်၊ မိတ်ဖက်နိုင်ငံများနှင့် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ မကြာခဏပြုလုပ်နေခြင်းသည် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုကို ပိုမိုမြင့်တက်စေသည့် အကြောင်းအရင်းများဖြစ်ပါသည်။
ပထဝီဝင်နိုင်ငံရေးအရ တရုတ်နိုင်ငံ၏ပိုင်နက်ဟု ထုတ်ပြန်ကြေညာထားသော တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အရေးကိစ္စတွင် နန်စီပီလိုဆီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် နှစ်နိုင်ငံအကြား နည်းပညာနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်း အားပြိုင်မှုတို့ကြောင့် တင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ Shangri-La Dialogue တွင် ကာကွယ်ရေး ဝန်ကြီးများ သီးသန့်တွေ့ဆုံရန်ကိစ္စနှင့် တောင်တရုတ်ပင်လယ်အတွင်း နှစ်နိုင်ငံစစ်ရေယာဉ်နှင့် စစ်လေယာဉ်ချင်း ထိပ်တိုက်ရင်ဆိုင်မှုများ၌ တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသားတုံ့ပြန် ခဲ့သည်ကို တွေ့ရပါသည်။ သို့သော် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုနိုင်ငံခြားရေးရာညွှန်ကြားရေးမှူး ဝမ်ယီတို့ တွေ့ဆုံခဲ့ခြင်း၊ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်နှင့် တရုတ်နိုင်ငံကုန်သွယ်ရေး ဝန်ကြီး ဝမ်ဝန်တောင်တို့ တွေ့ဆုံခဲ့ခြင်း၊ အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဝီလီယံဘန်းစ်နှင့် တရုတ်နိုင်ငံထောက်လှမ်းရေး တာဝန်ရှိသူများ မကြာမီက တွေ့ဆုံ ခဲ့ခြင်းများကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအပေါ် “De-risking” မဟာဗျူဟာကို သံတမန်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော်နေကြောင်းနှင့် ထိုသို့ မဟာဗျူဟာတစ်ဆင့်လျော့ချလာခြင်းသည်ပင် တရုတ်နိုင်ငံအား သံတမန်ရေးအရ အားသာချက်ဖြစ်စေခဲ့ခြင်းဟု ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
45062023
(Subscribed ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့် အကြောင်းအရာများဖြစ်သောကြောင့် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။)

Sunday, June 18, 2023

မြန်မာနိုင်ငံအပေါ် မဟာဗျူဟာရည်မှန်းချက် ၂ ရပ်ဖြင့် သံတမန်ရေးဆောင်ရွက်နေသော တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
မြန်မာနိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ သဘောထားသည် ၎င်း၏ အကျိုးစီးပွားအတွက်သာဖြစ်နေပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ကြုံတွေ့နေရသည့်စီးပွားရေးခက်ခဲမှုကို အသုံးချလျက်ရှိပါသည်။ မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာသို့ လမ်းပေါက်မည့် လမ်းကြောင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို လုပ်ဆောင်လျက်ရှိပြီး ၎င်း၏ တရုတ် လူမျိုးအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ရာဇဝတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုသာ လုပ်ဆောင်လျက်ရှိနေသည့် အချက်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အစိုးရအာဏာလွှဲပြောင်းထိန်းသိမ်းသည့် အချိန်မှစတင်၍ တရုတ်နိုင်ငံသည် မြန်မာအာဏာပိုင်များ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယ သမုဒ္ဒရာအတွင်း မဟာဗျူဟာမြောက်လမ်းကြောင်းများအတွက် မြန်မာနိုင်ငံအရေးတွင် ပါဝင်စွက်ဖက်လျက်ရှိသည်ဟု နိုင်ငံအများက သုံးသပ်လျက်ရှိသော်လည်း နိုင်ငံတကာ ရာဇဝတ်ဂိုဏ်း ချေမှုန်းရေးလုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်လာခဲ့ပါသည်။ မေလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့တပ်မတော်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် (Qin Gang)တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများသည် နှစ်နိုင်ငံအကြား ပြေလည်ကောင်းမွန်သည့် ဆက်ဆံရေးကို သက်သေပြနေပြီး နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် ချင်ဂန်သည် နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အလေးထားသင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများအတွက် အပြုသဘော ဆောင်သည့်အခန်းကဏ္ဍမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ပေးစွမ်းသွားမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများကို အဓိကပူးပေါင်းသွားမည်ဟု ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ ပြောကြားချက်များကို ကြည့်ခြင်း အားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံစစ်ဘက်အစိုးရကို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး နိုင်ငံတကာ၏ စိန်ခေါ်မှုများအလယ်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြသခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအပေါ် အရေးယူမှုများကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းသည် တရုတ်နိုင်ငံ၏ နောက်ထပ်ခြေလှမ်း တစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံစီမံကိန်းအား ဆွေးနွေးခဲ့ပြီး အဆိုပါစီးပွားရေး စင်္ကြံသည် တရုတ်နိုင်ငံပိုးလမ်းမစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပိုးလမ်းမ စီမံကိန်းမှ အိန္ဒိယနိုင်ငံကို ဖယ်ထုတ်ပေးနိုင်မည့် လမ်းကြောင်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားတွင် ဘင်္ဂါလီပြဿနာရပ်နှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများရှိသော်လည်း ချင်ဂန်သည် ၎င်းခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း တရုတ်ကျောထောက်နောက်ခံပြု စစ်ဘက် အဆောက်အအုံ တည်ဆောက်မှုများသည် ပိုမိုများပြားလာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ နှောင်းပိုင်းကာလများတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Great Coco Island) ပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံက ထောက်ပံ့ပေးလျက်ရှိသည်ဟုဆိုသည်။ ဗြိတိန်နိုင်ငံမှ ချာသမ်ဟောက်စ်(Chatham House) အဖွဲ့အစည်း၏ ပြောကြားချက်အရ အဆိုပါကျွန်းပေါ်တွင် လေယာဉ်ရုံအုပ်အသစ် များနှင့် လေယာဉ်ပြေးလမ်းအသစ်များ တည်ဆောက်ထားရှိပါသည်။ မြန်မာနိုင်ငံပိုင်ကိုကိုးကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း အရေးပါသည့် ကျွန်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ စစ်ဘက်အဆောက်အအုံများ၊ အဓိကစောင့်ကြည့်ရေး အခြေစိုက် စခန်းများ တည်ဆောက်ထားသည့် အက်ဒမန်နှင့် နီကိုဘားကျွန်းစုတို့၏ မြောက်ဘက်တွင်တည်ရှိကြောင်း ဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ နောက်ခံ ပြုသည့် ဖွံ့ဖြိုးတိုးတက်မှုများကို စိုးရိမ်လျက်ရှိပြီး တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုများကို လက်မခံလိုခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အာဏာထိန်းလိုက်ခြင်းသည့် နိုင်ငံ၏စီးပွားရေးကို ပိုမိုဆိုးရွားစေပြီး မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများလည်း ပိုမိုဖြစ်ပေါ်လာခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ရာတွင် စစ်ရေးနှင့် စီးပွားရေးကဏ္ဍ ၂ ရပ်ကို တွက်ချက်၍ မဟာဗျူဟာနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ တင်ပို့မည့် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းပိုက်လိုင်းသွယ်တန်းမှုစီမံကိန်း၏ အဓိက နိုင်ငံဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်မှုဂိုဏ်းများ နှိမ်နင်းရေး အတွက်လည်း ဖိအားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အင်တာနက်မှ ရာဇဝတ်မှုများကို စိစစ်သင့်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နယ်စပ် ဒေသသည် ဆက်သွယ်ရေးနှင့် အင်တာနက် လိမ်လည်မှုများအတွက် နေရာတစ်ခုဖြစ်နေပြီး တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေပါသည်။ တရုတ်နိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များကို အလေးထား လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်-မြန်မာ-ထိုင်း ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများကို တိုးချဲ့၍ အဆိုပါပြဿနာရပ်များကို ညှိနှိုင်းပေါင်းစပ် လုပ်ဆောင်သင့်သည်ဟု ဖော်ပြထားပါသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာတောင်ပေါ်ဒေသတွင် တိုင်းရင်းသားလူမျိုးစုများနေထိုင်ပြီး သောင်းကျန်းသူအဖွဲ့များ ကျင်လည်ရာဒေသတစ်ခု ဖြစ်ပါသည်။ ထို့ပြင် တရုတ်မြန်မာနယ်စပ်၌ တရုတ်နိုင်ငံမှ ရာဇဝတ်မှုကျူးလွန်သူများနှင့် အစိုးရဆန့်ကျင်သူများ နေထိုင်ရာ ဒုက္ခသည်စခန်းများလည်း တည်ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် စစ်ဘက် အစိုးရများနှင့်သာမက မြန်မာနိုင်ငံအတွင်း လူမျိုးစုများနှင့် အစိုးရဆန့်ကျင်တော်လှန်ရေး တပ်ဖွဲ့များနှင့်လည်း ဆက်နွှယ်မှုများ ရှိနေပါသည်။ ထို့ပြင် ချင်ဂန်သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးမလာရောက်မီ နယ်စပ်အရေးကိစ္စများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နယ်စပ်မှ ရာဇဝတ်မှုများနှိမ်နင်းမှုကိစ္စရပ်သည် ခရီးစဉ်လာရခြင်း၏ အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ဝက်ဆိုက်ဘ်စာမျက်နှာတွင် ဦးဝင်းမြင့်ကို မြန်မာနိုင်ငံသမ္မတအဖြစ်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း ဖော်ပြ ထားဆဲရှိနေပြီး၊ ယာယီသမ္မတ ဦးမြင့်ဆွေကို ဒုတိယသမ္မတနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ ဖော်ပြထားသည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။
နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် ၏ ဆွေးနွေးပွဲများနှင့် တရုတ်သတင်းမီဒီယာ များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် သုံးနှုန်း ထားသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် ဟူ၍ ခေါ်ဝေါ်သုံးနှုန်းခြင်းမရှိသည်ကို တွေ့ရသည်။ အဆိုပါအချက်များကို ကြည့်ခြင်းအားဖြင့် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အစိုးရအပြောင်းအလဲများကို လက်ခံထားခြင်းမရှိ သေးဘဲ၊ တရုတ်နိုင်ငံအနေဖြင့် အင်တာနက်မှလိမ်လည်မှုများနှင့် ရာဇဝတ်မှုများကိုတိုက်ဖျက်ရန်၊ ၎င်း၏ ရေနံပိုက်လိုင်းများနှင့် ပြည်သူလူထုလုံခြုံရေးအတွက် ဒီမိုကရေစီလိုလားသည့် တပ်ဖွဲ့များနှင့် စစ်တပ်ကို ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်နိုင်ရန် အခြေအနေတစ်ခု ဖန်တီးထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သံတမန်ရေးမူဝါဒသည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိသည်ဖြစ်စေ၊ စစ်ဘက်အစိုးရအုပ်ချုပ်သည်ဖြစ်စေ စိတ်ဝင်စားမှုမရှိလှပါ။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုများ၊ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင်ဖော်ပြထားချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား မည်သည့်အစိုးရအုပ်ချုပ်နေသည်ဖြစ်စေ တွက်ချက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပြီး ၎င်း၏ မဟာဗျူဟာရည်မှန်းချက်အတွက် အသုံးချနေခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် များစွာအရေးပါလျက်ရှိသည်ကိုလည်း တွေ့ရပါသည်။ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရေးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးတို့အတွက် မြန်မာနိုင်ငံကို အဓိကထားဆက်ဆံနေခြင်းဖြစ်ပြီးတရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၏ ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေးမှုများနှင့် မြန်မာနိုင်ငံအစိုးရအပေါ် ရပ်တည်ချက်ခိုင်မာမှုကို ပိုမိုပြသလာကြောင်း တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံကြီးများနှင့် ဆက်ဆံရမှုသည် အသွားနှစ်ဖက်ပါသော ဓားဖြစ်ခြင်းကြောင့် ကြက်ဥအားအားလုံး ခြင်းတစ်လုံးထဲတွင် မထည့်မိစေရန် အရေးကြီးသည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
44061923

Thursday, June 15, 2023

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ပြဿနာရပ်များနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် မဏိပူရပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်မှုများရှိနေပြီး နောက်ဆက်တွဲ ဖြစ်လာသည့် လူမျိုးစုစိမ့်ဝင်မှုများ၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်လုပ်ရပ်များနှင့် အခြားလူမျိုးရေးပြဿနာရပ်များအကြောင်းကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် မေလ ၃ ရက်နေ့မှစ၍ မေထေးဒေသခံ လူမျိုးစု(Meitei)နှင့် ကူကီး-ချင်းမျိုးနွယ်လူမျိုးစုတို့အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်းနှင့် လူ ၈၀ ဦးခန့်သေဆုံးခဲ့ပြီး ၄၀,၀၀၀ ခန့် အိုးပစ်အိမ်ပစ်ထွက်ပြေး ခဲ့ရပါသည်။ မဏိပူရပြည်နယ်တွင် လူဦးရေ ၃.၆၄ သန်းခန့်ရှိရာတွင် မေထေးဒေသခံ လူမျိုးစုသည် လူဦးရေတစ်ဝက်ခန့် နေထိုင်ခဲ့ကြပြီး ကူကီးလူမျိုးစုများကမူ လူဦးရေ၏ ငါးပုံတစ်ပုံခန့် နေထိုင်ခဲ့ကြပါသည်။ အဆိုပါပြဿနာရပ်များကို ဖြေရှင်းရာတွင် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ကိစ္စရပ်များအပေါ် သက်ရောက်နိုင်သည်ဟု အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး အာမတ်ဆာရှ်(Amit Shah)က ဇွန်လ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် လူမျိုးစုပြဿနာရပ်များဖြစ်ပေါ်လျက်ရှိသည့် မဏိပူရနှင့် မြန်မာနိုင်ငံနယ်နိမိတ်အကြားတွင် ၁၀ ကီလိုမီတာအရှည်ရှိ ခြံစည်းရိုးတစ်ခုကို ကာရံ ခဲ့ပြီးဖြစ်ကြောင်းနှင့် နောက်ထပ် ၈၀ ကီလိုမီတာအရှည် ခြံစည်းရိုးကို ဆက်လက် ကာရံလျက်ရှိသည်ဟု ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနယ်နိမိတ်နှင့် ၄၀၀ ကီလိုမီတာခန့် ထိစပ်နေပြီး နယ်နိမိတ်ခြံစည်းရိုးခတ်ထားရှိခြင်းမရှိကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်သည် များသောအားဖြင့် နယ်နိမိတ်ကန့်သတ်ထားခြင်းမရှိသည့်အပြင် နယ်စပ်လူမျိုးစုများအားနိုင်ငံအတွင်း ဗီဇာမလိုဘဲ ၃ ရက်ခန့် သွားလာခွင့်ပေးထားပါသည်။ အိန္ဒိယနိုင်ငံ အတွင်း လက်ရှိပြဿနာရပ်များသည် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကူကီး-ချင်းမျိုးနွယ်လူမျိုးစုများ၊ ကူကီးသောင်းကျန်းသူ သူပုန်အဖွဲ့များနှင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးကုန်သည်များ၏ မူးယစ်ဆေးဝါး-အကြမ်းဖက်မှုပြဿနာရပ်များမှ စတင် လာခဲ့ခြင်းဖြစ်သည်ဟု မဏိပူရလူဝင်မှုကြီးကြပ်ရေးညှိနှိုင်းကော်မတီ၏ ပြောရေးဆိုခွင့် ရှိသူ Athouba Khuraijam က ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာမှုများအား စိစစ်ဖော်ထုတ်၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများအား ဖမ်းဆီးအရေးယူခြင်း အစရှိသည် တို့ကို လုပ်ဆောင်သင့်သည်ဟု ပြောကြားထားပါသည်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ၃ ခုတွင် နေထိုင်လျက်ရှိသည့် ကူကီး-ချင်း-ဇို လူမျိုးစုများသည် များသောအားဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်၊ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းတောင်ကုန်းဒေသတွင် နေထိုင်လျက်ရှိကြပါသည်။ လက်ရှိတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၁ ခုနှစ် အာဏာထိန်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒုစရိုက်နယ်မြေတစ်ခုဖြစ်ပြီး ဒေသခံပြည်သူအများစုက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ကူကီး-ချင်းမျိုးနွယ်လူမျိုးစုသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပြည်နယ်အစိုးရကလည်း လူသားချင်း စာနာထောက်ထားမှုရှုထောင့်မှကြည့်၍ ခိုလှုံခွင့်ပေးခဲ့ပါသည်။ သို့သော်လည်း အဆိုပါ ရွှေ့ပြောင်းနေမှုများက အိန္ဒိယနိုင်ငံအတွင်း ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဖော်ပြထားပါသည်။
ကူကီး-ချင်းမျိုးနွယ်လူမျိုးစုများသည် ယခင်နှစ်များကတည်းက မြန်မာနိုင်ငံအတွင်း ပြဿနာများဖြစ်ပေါ်ခဲ့သည့်အခြေအနေတွင် အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်လေ့ရှိသော်လည်း ယခုရွှေ့ပြောင်းမှုကဲ့သို့ အရေအတွက်မများခဲ့ဟုဆိုသည်။ ၎င်းလူမျိုးစု များသည် ရွှေ့ပြောင်းနေထိုင်မှုဟူသည့် ခေါင်းစဉ်အောက်မှ မဏိပူရပြည်နယ်အတွင်း ၎င်းလူမျိုးစုများတိုးပွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူ Ginza Vualzong က ပြောကြားခဲ့ပါသည်။ ယခင်ကတည်းက အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသအတွင်း လူမျိုးရေးပြဿနာရပ် များကြောင့် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့ပါသည်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ အိန္ဒိယနိုင်ငံသို့ တရားမဝင်စိမ့်ဝင်လာမှုများကြောင့် နိုင်ငံ အတွင်း အိန္ဒိယ-ဘင်္ဂါလီလူမျိုးစုပြဿနာရပ်များဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားပါသည်။
မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုသည် ပြီးခဲ့သည့်နှစ်မှစ၍ အဆမတန်မြင့်တက်လာခဲ့ပါသည်။ အဆိုပါကိစ္စရပ်များကို ဖြေရှင်းရန် အတွက် အိန္ဒိယနိုင်ငံအစိုးရသည် လူဦးရေစစ်တမ်းကောက်ယူရေးဆိုင်ရာကော်မရှင်ကို အစိုးရဝန်ကြီး ၃ ဦးဖြင့် ဖွဲ့စည်းတည်ထောင်၍ ကူကီးလူမျိုးစု၊ နာဂလူမျိုးစုနှင့် မေထေး လူမျိုးစုများကို စောင့်ကြည့်၍ စစ်တမ်းကောက်ယူလျက်ရှိပါသည်။ အဆိုပါစစ်ဆေးချက်များ အရ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် မဏိပူရမြို့နယ်ရှိ တန်နောင်ပေါ ခရိုင်တွင် ၁,၁၄၇ ဦး၊ ချန်ဒဲခရိုင်တွင် ၈၈၁ ဦးနှင့် ချူရာချန်ပေါခရိုင်တွင် ၁၅၄ ဦး နေထိုင်လျက်ရှိခဲ့ပါသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများ မြင့်တက်နေချိန်တွင် အိန္ဒိယ နိုင်ငံအတွင်း မြေပိုင်ဝယ်ယူခွင့်ပေးမှုများသည် အခြေအနေများကို ပိုမိုရှုပ်ထွေးခဲ့ရပြီး မဏိပူရပြည်နယ်အစိုးရက ၎င်းလူမျိုးစုအများစုနေထိုင်သည့် တောင်တန်း ဒေသများကို သစ်တောဧရိယာနယ်နိမိတ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ Jawaharlal Nehru တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Bhagat Oinam က မြန်မာနိုင်ငံမှ အစုလိုက်ရွှေ့ပြောင်းနေထိုင်သူများသည် လွန်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်၊ နှောင်းပိုင်းနှင့် ၁၉၆၀ ပြည့်နှစ်၊ အစောပိုင်းကာလတွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၀၅ ခုနှစ် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့နှင့် ကူကီးအကြမ်းဖက်အဖွဲ့များ အကြား အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ချိန်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ထို့နောက် မဏိပူရပြည်နယ်ရှိ ကူကီးလူမျိုးစုနေထိုင်ရာ ဒေသများတွင်မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် အကြမ်းဖက်သူပုန်အဖွဲ့များမှ ဘိန်းစိုက်ခင်းများ စိုက်ပျိုးလာခဲ့သဖြင့် ပြည်နယ်အတွင်း သစ်တောထိန်းသိမ်းမှုများ ဆုံးရှုံးခဲ့ရပါသည်။ ထို့ပြင် မြန်မာ-ထိုင်း-လာအိုနယ်စပ်ရှိ ရွှေတြိဂံနယ်မြေတွင် ဘိန်းစိုက်ပျိုးရေး လျှော့ချမှုများ လုပ်ဆောင်ခြင်းကြောင့် မြန်မာ-မဏိပူရနယ်စပ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည့် နယ်သာလန် နိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ စစ်တမ်းကောက်ယူချက်အရ မြန်မာ နိုင်ငံ၏ တောင်တန်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ကူကီး-ချင်းမျိုးနွယ်လူမျိုးစုများ နေထိုင်ရာ ဒေသဖြစ်သည်ဟု ဆိုသည်။ ကူကီးလူမျိုးဆိုင်ရာ လေ့လာသူ Paokholun Hangsing ၏ ပြောကြားချက်အရ ကူကီးလူမျိုးများအား ဘိန်းစိုက်ပျိုးသူများ၊ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူများအဖြစ် အိန္ဒိယနိုင်ငံအစိုးရက ပုံဖော်နေခြင်းသည် ၎င်းတို့ ဘိုးဘွားများလက်ထက်မှစ၍ အစဉ်အဆက်နေထိုင်အခြေချလာသော နေရာများမှ မောင်းထုတ်လိုသဖြင့် ကြိုတင်အကွက်ချလုပ်ကြံဇာတ်လမ်းများ ဖန်တီးနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်များအတွင်း ဖြစ်ပွား နေသည့် လူမျိုးရေးပဋိပက္ခအချို့သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ များနှင့် ဆက်နွှယ်နေပြီး မြန်မာနိုင်ငံဘက်မှ တိုင်းရင်းသားလူမျိုးများ အိန္ဒိယနိုင်ငံ ဘက်သို့ ပြောင်းရွှေ့စိမ့်ဝင်မှုများက မြန်မာအိန္ဒိယနယ်စပ်ရှိ ရှိရင်းစွဲပြဿနာရပ်များကို ပိုမိုကြီးထွားစေသကဲ့သို့ဖြစ်နေပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်ရေးလှုပ်ရှားမှုများက မြန်မာ့မြေကို အသုံးပြုနေခြင်းများလည်း ရှိနေပါသည်။ ထိုကဲ့သို့သောအခြေအနေတွင် နှစ်နိုင်ငံ နပ်စပ်ရှိပြဿနာရပ်များကို မီးထိုးယပ်ခတ်၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းအောင် ဆောင်ရွက်လိုသည့် အင်အားစုများကလည်း အဆင်သင့်ရှိနေသဖြင့် အမှိုက်ကစ ပြဿဒ်မီးမလောင်စေရန် အလေးထားဖြေရှင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
43061623

Wednesday, June 14, 2023

တရုတ်နိုင်ငံ၏ လုံခြုံရေးမူဝါဒအသစ်နှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
Shangri-La ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက ဆွေးနွေးခဲ့သည့် လုံခြုံရေးဆိုင်ရာ အစီအမံများအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး Li Shangfu သည် ဇွန်လ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် Shangri-La ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး Li အတွက် ယခုဆွေးနွေးပွဲသို့ တရုတ်နိုင်ငံကိုယ်စားပြုတက်ရောက်ခြင်းသည် ၂၀၂၃ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ သတင်းမီဒီယာများအနေဖြင့် အထက်ပါ ဆွေးနွေးပွဲ၏ ဆက်စပ်အစည်းအဝေးများတွင် တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့် နှစ်နိုင်ငံချင်းဆွေးနွေးမှုများ ပြုလုပ်မည်ကို အလေးထားစောင့်ကြည့်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ Li ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် မူဝါဒရေးရာအရ အားနည်းချက်များ ရှိခဲ့သော်လည်း ၎င်း၏ပြောကြားချက်များအပေါ် စိတ်ဝင်စားစရာများပါရှိပါသည်။ ဆွေးနွေးပွဲကို “China’s New Security Initiatives” “တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အစီအမံအသစ်”ဟု အမည်ပေးထားပြီး အဆိုပါ ခေါင်းစဉ်အောက်မှ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI)ကို အသေးစိတ် ဆွေးနွေးနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ GSI ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆိုပါ အစီအမံနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များမှာ ရှင်းရှင်းလင်းလင်းမရှိသေးပါ။ စီးပွားရေးအရ BRI အား အကောင်အထည်ဖော်သည့်နည်းတူ GSI သည်လည်း လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ကြိုးပမ်းချက်တစ်ခုဖြစ်သည်ဟု ဖော်ပြထားပါသည်။
Li ပြောကြားခဲ့သည့် မိန့်ခွန်းများက ဒေသတွင်းတင်းမာမှုများတွင် အဓိက တရားခံသည် အမေရိကန်နိုင်ငံဖြစ်သည်ဆိုသည့်အချက်ကို ဆွေးနွေးပွဲသို့ တက်ရောက် လာသူများ လက်ခံလာစေရန် စည်းရုံးနေသည့် သဘောသက်ရောကလျက်ရှိပါသည်။ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အမြင်သည် အပြုသဘောဆောင်ခြင်းမရှိဘဲ ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံမလိုလားသောအချက်များ ဖြစ်သည့် အခြားတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင့်ထက်စီးနင်း ပြုခြင်း၊ လိုတစ်မျိုး၊ မလိုတစ်မျိုးနည်းလမ်းများ ကျင့်သုံးခြင်း (Double Standards) နှင့် လက်နက်အပြိုင်တပ်ဆင်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများအား တားမြစ်သည် ဆိုသည့်အချက်ကိုသာ ဆွေးနွေးခဲ့ပါသည်။
မိန့်ခွန်း၏ အဆုံးသတ်အနေဖြင့် Li သည် လွတ်လပ်ပွင့်လင်းပြီး တရား မျှတသည့် လုံခြုံရေးတည်ဆောက်မှုအတွက် နည်းလမ်း ၄ သွယ်ကို ထည့်သွင်းပြောကြား ခဲ့ပါသည်။ ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် ခိုင်မာသည့် လုံခြုံရေးဖော်ဆောင်မှုများ ပြုလုပ်လိုသည့်အပြင် ယုံကြည်မှုတည်ဆောက်ခြင်းများ ကိုလည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရုတ်နိုင်ငံနှင့် နယ်မြေ၊ သို့မဟုတ် ရေကြောင်း ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားနေသည့် နိုင်ငံများဖြင့် စေ့စပ်ဆွေးနွေးမှုများ တိုးမြှင့် ဖော်ဆောင်လိုကြောင်း၊ Code of Unplanned Encounters at Sea ကို ပိုမိုဖော်ဆောင် နိုင်ရန်၊ လေကြောင်းနှင့် ရေကြောင်းလုံခြုံရေးများကို တိုးမြှင့်ဖော်ဆောင်နိုင်ရန်အတွက် ပဋိပက္ခများကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအနေဖြင့် တရုတ်နိုင်ငံသည် ပိုမိုတရားမျှတသည့် လုံခြုံရေးစည်းမျဉ်း များကို တိုးမြှင့်ဖော်ဆောင်လိုကြောင်း၊ တချို့သောနိုင်ငံများအနေဖြင့် စည်းမျဉ်းများကို အခြေခံသည့်ဥပဒေများဖော်ဆောင်ရန် ပြောကြားမှုများရှိခဲ့သော်လည်း အဆိုပါ စည်းမျဉ်း များ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိကြောင်း၊ “ Exceptionalism ” နှင့် “Double Standards” ကျင့်သုံးမှုသည် နိုင်ငံများအပေါ် မျှတစွာဆက်ဆံခြင်းမျိုး မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအချက်များကို လုံခြုံရေးဆိုင်ရာ စည်းမျဉ်းအသစ်များ ပုံဖော်ပြီး ဖြေရှင်းပေးလိုကြောင်း၊ တရုတ်နိုင်ငံသည် UN ပဋိညာဉ် များကို အခြေခံ၍ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ဖော်ဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆိုက်ဘာ၊ အာကာသနှင့် ဇီဝလက်နက်များအတွက် ခိုင်မာသည့် ကမ္ဘာလုံးဆိုင်ရာ ဥပဒေများနှင့် စံနှုန်းများကို သတ်မှတ်ပေးလိုကြောင်း၊ တတိယအနေဖြင့် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံလုံခြုံရေးယန္တရားများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဆွေးနွေးမှုများမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်ရန်လိုကြောင်း၊ နောက်ဆုံးအနေဖြင့် တရုတ်နိုင်ငံသည် ပိုမိုထိရောက်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ပူးတွဲလေ့ကျင့်ခန်းများမှတစ်ဆင့် ဖော်ဆောင်လိုကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားရှိ ဆက်ဆံရေးအခြေအနေများကို ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ မူဝါဒများတွင် အပြောနှင့် လက်တွေ့ကွာဟမှုများ ရှိနေကြောင်းကို ထောက်ပြထားပါသည်။ ဥပမာအနေဖြင့် တရုတ်နိုင်ငံဘက်မှ စေ့စပ်ညှိနှိုင်းရေးနှင့် ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ငြင်းဆိုနေသည်ကို ထောက်ပြထားပြီး အမေရိကန်နှင့် တွေ့ဆုံမှုများတွင် တရုတ်နိုင်ငံအပေါ် အပြုသဘော ဆောင်သည့် အလေးအနက်ထား ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်သည်ဟု မှတ်ချက်ပြု ထားပါသည်။ သက်ဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရန် ဥပဒေများပြဋ္ဌာန်းထားပြီး ဖြစ်၍ အသစ်ထပ်မံပြဋ္ဌာန်းရန် မလိုအပ်ဘဲ မိမိပိုင်ဆိုင်သည့် ရေ၊ လေ ပိုင်နက်များကိုသာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နိုင်ငံသည် ပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ဆောင်ရွက်မည်ဆိုသည့်အချက်အပေါ် အလေးအနက်ထား နိုင်ဖွယ်မရှိဘဲ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်ကမ်းရိုးတန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေခြင်းသည် သွယ်ဝိုက်ခြိမ်းခြောက်မှုများ ဖြစ်လာပြီး စစ်ပွဲ ဖြစ်ပွားနိုင်မှုအလားအလာများ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားချက်များအရ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အကြံပြုချက်များသည် ၎င်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေး အတွက် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ဝေဖန်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများမှ အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကို ဖယ်ထုတ်ရန် စီပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအစီအမံများအား အသီးသီးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနက်မှ ၂၀၂၂ ခုနှစ်တွင် ပုံဖော်ဆောင်ရွက်ခဲ့သည့် GSI ဖြင့် ပိုမိုတရားမျှတပြီး သာတူညီမျှခံစားနိုင်မည့် လုံခြုံရေးရပ်ဝန်း Indivisible Security ကို ဖော်ဆောင်ရန် ကတိပြုခဲ့ခြင်းသည် အာရှဒေသကို အနောက်အုပ်စု၏ လွှမ်းမိုးမှုများမှ လွတ်ကင်းပြီး ဒေသတွင်းနိုင်ငံများအချင်းချင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သဘောဖြင့် စည်းလုံးသည့် ရပ်ဝန်းတစ်ရပ်ဖန်တီးရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။ သို့သော်လည်း အင်အားကြီးနိုင်ငံများ၏ သဘောထားဆိုသည်မှာ ၎င်းတို့၏ ပါဝါအတက်အကျအလိုက် ပြောင်းလွယ်ပြင်လွယ်ရှိနေသည်ဟုသည့်အချက်ကို ရေရှည်ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းတွင် လိုက်ပါဆောင်ရွက်ရာ၌ မိမိတို့နိုင်ငံ၏အမျိုးသားအကျိုးစီးပွား အထိုင်မှသာ ရပ်တည်ဆောင်ရွက်ရမည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
42061523