Friday, August 4, 2023

တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုပေးနေသည့် Ream ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
Ream ရေတပ်အခြေစိုက်စခန်းအဆင့်မြှင့်တင်မှု ပြီးဆုံးလုနီးပါးရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအပါအဝင် တရုတ်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံ နေမှုများကြောင့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးတွင် ရိုက်ခတ်မှုများ ဖြစ်ပေါ် လာနိုင်သည့် အချက်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၁၂ ခုနှစ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးညီလာခံတွင် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ထောက်ခံကြောင်း လူသိရှင်ကြား ကြေညာခဲ့သည့်အတွက် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးသည်တဖြည်းဖြည်းယိုယွင်း လာခဲ့ပါသည်။ အဆိုပါကိစ္စသည် လာမည့်ဝန်ကြီးချုပ် Hun Manet ဖြေရှင်းရမည့် အဓိကအရေးကိစ္စများအနက်မှတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဒီမိုကရေစီ စံနှုန်းများ ယိုယွင်းလာခြင်းနှင့် လက်ရှိဝန်ကြီးချုပ် Hun Sen က အတိုက်အခံများကို ဖမ်းဆီးထောင်ချခဲ့ခြင်းတို့ကြောင့် နိုင်ငံရေးဆိုင်ရာ မကျေနပ်မှုများရှိနေပါသည်။ လက်ရှိကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း တရုတ်နှင့် အမေရိကန် နိုင်ငံတို့က မတူညီသည့် မှတ်ချက်ပြုမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံ၏ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Black Sky က ကောင်းကင်ဓာတ်ပုံများမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ၂ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုထားသည့် Ream ရေတပ် အခြေစိုက်စခန်းတွင် အဆင့်မြှင့်တင်နေမှုများကို ထုတ်ဖော်ပြသခဲ့သည့်အတွက် အမေရိကန်နိုင်ငံဘက်မှ အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကောင်းကင်ဓာတ်ပုံများအရ အခြေစိုက်စခန်း၏ ပြန်လည်ပြင်ဆင်မှုသည် ပြီးစီးလုနီးပါးဖြစ်နေသည်ကို တွေ့ရှိရပါသည်။ Ream သည် ယခင်က သစ်သား တံတားအဆင့်မျှသာဖြစ်ပြီး စစ်ပြီးခေတ်ပြန်လည်ထူထောင်ရေးတွင် ကမ္ဘောဒီးယား နိုင်ငံသို့ လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ရန်နှင့် စစ်သင်္ဘောများရပ်နားလေ့ရှိသည့် နေရာဖြစ်ပါသည်။ ၎င်း၏ ဧရိယာသည် ၁၉၀ ဧကသာရှိခဲ့သော်လည်း တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်ပေးမှုများကြောင့် နေရာချဲ့ထွင်လာခဲ့ပြီး အာရှ-ပစိဖိတ်ဒေသရှိ တရုတ် နိုင်ငံ၏ ပထမဦးဆုံး ရေတပ်အခြေစိုက်စခန်းနှင့် Dijibouti ပြီးလျှင် ဒုတိယမြောက် တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် ရေတပ်အခြေစိုက်စခန်းဖြစ်သည်ဟု အမေရိကန် နိုင်ငံက ပြောကြားထားပါသည်။ ကမ္ဘောဒီးယားနိုင်ငံဘက်မှ အမေရိကန်နိုင်ငံက စွပ်စွဲ နေသည့် Ream သည် ပြည်ပတပ်ဖွဲ့ဝင်များ အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်သည် ဆိုသည့်အချက်နှင့် အခြေစိုက်စခန်းနေရာချဲ့ထွင်မှုများ ပြုလုပ်နေသည်ဆိုသည့်အချက် များကို ငြင်းဆိုခဲ့ပါသည်။ သို့သော် အခြေစိုက်စခန်း၏ တိုးတက်မှုအခြေအနေများက နောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေသည်ဆိုသည့်အချက်ကို ငြင်းဆိုရန် ခက်ခဲစေသည်ဟု နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ဝေဖန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်းတွင် တရုတ်နိုင်ငံ၏ ဒုတိယမြောက် ရေတပ်အခြေစိုက်စခန်းကို တည်ဆောက်ခွင့်ပေးလိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အိန္ဒိယ သမုဒ္ဒရာအတွင်း စစ်ရေးအင်အားချဲ့ထွင်မှု စီမံကိန်းများဖော်ဆောင်ခြင်းကို အားပေးရာ ရောက်နေသည်ဟု ဆိုသည်။ ကောင်းကင်ဓာတ်ပုံများအရ Ream ၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ရေနက်ဆိပ်ကမ်းဆိပ်ခံတံတားသည် Dijibouti ရှိ တရုတ်စစ်ဘက်ဆိပ်ခံတံတား အရှည်နှင့်ဆင်တူနေပြီး နှစ်ခုစလုံးသည် တရုတ်စစ်ရေယာဉ်များကို ထောက်ပံ့ပေး နိုင်သည့်အပြင် 003 Fujian အမျိုးအစား လေယာဉ်တင်သင်္ဘောအတွက်လည်း အထောက်အပံ့ပေးနိုင်သည်ဟု ဆိုပါသည်။ လေ့လာသူများ၏ ရှာဖွေတွေ့ရှိချက်များအရ တောင်ပိုင်း ကမ်းရိုးတန်းရှိ ၁၀ ဧက နီးပါး ကျယ်ဝန်းသည့် လူလုပ်ကျွန်းနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အဦများလည်း တွေ့ရှိနေရပြီး Ream အပြင် အရှေ့တောင်ဘက်ကမ်းရိုးတန်း တစ်လျှောက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်နေမှုများ မည်မျှအထိ ကျယ်ပြန့်လာမည်ကို မခန့်မှန်းနိုင်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ကမ္ဘောဒီးယားနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံအချို့နှင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား ကိုယ်စားပြုသည့်နိုင်ငံအဖြစ် မှတ်ယူနေကြပါသည်။ Ream နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများဖြစ်ပေါ်လျက်ရှပြီး ဩဂုတ်လ ၂၂ ရက်တွင် ၎င်း၏ ဖခင်နေရာကို ရာထူးဆက်ခံမည့် Hun Manet အတွက် သံတမန်ရေးရာ စမ်းသပ်မှုများပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘောဒီးယားနိုင်ငံရှိ Ream ရေတပ်အခြေစိုက်စခန်းကို တရုတ်နိုင်ငံ၏ အထောက်အပံ့များဖြင့် အဆင့်မြှင့်တင်မှုများပြုလုပ်နေခြင်းက ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံ၏ ဆက်ဆံရေးကို ပျက်ယွင်းစေပြီး အခြားဒေသတွင်းနိုင်ငံများဖြင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေနိုင်ကြောင်း အနောက်အုပ်စုအာဘော်ရှုထောင့်မှ ရေးသားထားခြင်းဖြစ်ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် Ream အပြင် ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့တောင်ကမ်းရိုးတန်းရှိ စီးပွားရေးလုပ်ကွက်များ တွင်ပါ အထိုက်အလျောက် ပါဝင်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် Hun Sen ၏ ပြည်တွင်းနိုင်ငံရေး ဆောင်ရွက်ခဲ့မှုများ၊ တရုတ်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံ ခဲ့မှုများသည် ၎င်း၏ရာထူးကို ဆက်ခံမည့် Hun Manet အတွက် မူဝါဒရေးရာ ကိုင်တွယ် ဖြေရှင်းမှုများတွင် ပြည်တွင်း/ပြည်ပဖိအားများ ဆက်လက်ကြုံတွေ့ရနိုင်ဖွယ်ရှိပြီး အနောက်အုပ်စု၏ ဖိအားပေးမှုနှင့် စမ်းသပ်မှုများကို ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအကျဘက်သို့ ရောက်ခဲ့သည့်အချိန်တွင်အာရှဒေသတွင်းနိုင်ငံများကို အသားပေးစည်းရုံးမှုများ လုပ်ခဲ့သည့်အတွက် အနောက်အုပ်စုအနေဖြင့် ၎င်း၏ အရှေ့တောင်အာရှခြေလှမ်းများအား ဟန့်တားမှုပြုလုပ်ရန် ခက်ခဲမည်ဖြစ်ပါသည်။ လက်ရှိတွင် Ream ၏ အရည်အသွေးများနှင့် ပတ်သက်၍ တရားမဝင် ထင်ကြေးပေးပြောကြားမှုများရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံဘက်မှ အဆိုပါအခြေစိုက် စခန်းသည် ပြည်ပနိုင်ငံများအတွက် ရည်ရွယ်တည်ဆောက်ခြင်းမဟုတ်ဟု ပြောကြား ခဲ့သော်လည်း တရုတ်နိုင်ငံနှင့် မဟာမိတ်ကဲ့သို့ဆောင်ရွက်လာနေခြင်းကြောင့် ၎င်းနိုင်ငံ၏ စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို အမေရိကန်နိုင်ငံနှင့် မဟာမိတ်အဖြစ် တည်ရှိ နေသော ဒေသတွင်းနိုင်ငံများက တုံ့ပြန်မှုများပြုလုပ်လာနိုင်ပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင် စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့နှင့် ရေတပ်စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ၊ စစ်ရေယာဉ်များ လည်ပတ်မှုများ၊ရေတပ်ဆိပ်ကမ်းများ အသုံးချမှုတိုးမြှင့်ဆောင်ရွက်ချက်များစသည့် ရေကြောင်းစစ်ရေး ဆိုင်ရာ ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်နေပါသည်။ ထို့အတူ တရုတ်နိုင်ငံမှလည်း ကမ္ဘောဒီးယားနိုင်ငံအပြင် ထိုင်းနိုင်ငံနှင့် ရေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ ရေငုပ်သင်္ဘောများ ရောင်းချပေးခြင်း၊ ကရားတူးမြောင်းဖောက်လုပ်နိုင်ရေး ရင်းနှီး မြှုပ်နှံမှုများစတင်ရန် ခြေလှမ်းလှမ်းနေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန် နိုင်ငံနှင့် တရုတ်နိုင်ငံတို့ အားပြိုင်မှုများသည် အာဆီယံနိုင်ငံများအတွင်း၌ နိုင်ငံရေး၊ စီးပွားရေးသာမက ရေကြောင်းဆိုင်ရာအားပြိုင်မှုများကိုလည်း နှစ်ဖက်စလုံးမှ တိုးမြှင့် ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပနိုင်ငံအချို့နှင့် ရေတပ် ဆိုင်ရာ Infrastructure များ တည်ဆောက်မှုကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အာဆီယံနိုင်ငံများထဲတွင် အိန္ဒိယသမုဒ္ဒယာ၏ထွက်ပေါက်ဖြစ်ပြီး ဆိပ်ကမ်းကောင်းနေရာများပိုင်ဆိုင်ထားသကဲ့သို့စစ်ရေယာဉ်တည်ဆောက်ရေးကဏ္ဍ၌ အတိုင်းအတာတစ်ခုရှိနေသော မိမိတို့နိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုမှ မိမိနိုင်ငံအတွက် အကျိုးစီးပွားကို မျှတစွာ ထုတ်ယူနိုင်ရန်မှာ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
79080523

[1]။ Luke Hunt .“ Cambodian Naval Base to Test Hun Manet’s Relations With Washington”. The Diplomat, July 27, 2023 [https://thediplomat.com/.../cambodian-naval-base-to-test... relations-with-washington/ /]-accessed on Aug 1, 2023

Thursday, August 3, 2023

ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra အိမ်ပြန်ခရီးဖြစ်လာနိုင်ချေနှင့် ထိုင်းနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲနေမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ၏ အိမ်အပြန်ခရီးက ထိုင်းနိုင်ငံအရေးကို သက်ရောက်မှုများဖြစ်လာနိုင်သည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြထားသွားပါမည်။[1]
ဖော်ပြချက်
မိမိဆန္ဒအလျောက် ၁၅ နှစ်ကြာ နိုင်ငံမှ ထွက်ခွာသွားခဲ့သည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra သည် ဩဂုတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်ဟု ၎င်း၏ သမီးဖြစ်သူ Paetongtarn Shinawatra က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် မေလက ကျင်းပ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကြောင့် နိုင်ငံအတွင်း၌ နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေများဖြင့် ကြုံတွေ့နေရချိန်တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် Move Forward Party – MFP မှ အနိုင်ရရှိ ခဲ့သော်လည်း လွှတ်တော်အတွင်းရှိ အတိုက်အခံများကြောင့် တာဝန်ထမ်းဆောင်ရန် တားမြစ်ခံခဲ့ရကြောင်း ဖော်ပြထားပါသည်။
မဲအရေအတွက်များစွာဖြင့် နှစ်ကြိမ်တိုင် ရွေးကောက်ခံခဲ့ရသော Thaksin သည် ၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံ၏ အာဏာသိမ်းဖြစ်စဉ်အတွင်း ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် နိုင်ငံရေးအဂတိလိုက်စားမှုများဖြင့် ထောင်ကျခံရခြင်းကို ရှောင်ရှား နိုင်ရန် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့သည့် အချိန်ကတည်းက ယနေ့အချိန်အထိ နိုင်ငံတွင်းသို့ပြန်လာရန် ကတိပြုခဲ့သော်လည်း ပြန်လာခဲ့ခြင်းမရှိသေးပေ။ သို့သော်လည်း Thaksin ၏ အိမ်အပြန်ခရီးသည် ယခုတစ်ကြိမ်တွင် အမှန်တကယ်ဖြစ်လာနိုင်သည့် အကြောင်းအရာများစွာရှိနေပါသည်။ လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို တတိယအကြိမ်ပြုလုပ်မည် ဖြစ်ပြီး ၎င်း၏ပါတီဖြစ်သည့် Pheu Thai Party (PTP)မှ ကိုယ်စားလှယ်လောင်းသည် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ရန် အလားအလာများစွာရှိနေပါသည်။ ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်(Conservative Elites)များသည် Pheu Thai ပါတီကို မနှစ်သက်ကြသော်လည်း ထိုင်းနိုင်ငံရေးလောကမှ စစ်ဘက်ကို ဖယ်ထုတ်ရန်နှင့် Lese-Majeste Law ကို ပြင်ဆင်ရန် ကြိုးပမ်းနေသည့် MFP နှင့်နှိုင်းယှဉ်လျှင် ၎င်း ပါတီသည် အကောင်းဆုံးဖြစ်သည်ဟု လက်ခံထားကြကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် စစ်ဘက်မှ ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ ဦး အပါအဝင် ကွန်ဆာဗေးတစ်အသိုင်းအဝိုင်းသည် MFP ပါတီခေါင်းဆောင် Pita Limjaroenrat ကို အစိုးဖွဲ့စည်းခြင်း မပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးချုပ်ရွေးချယ်ပွဲဝင်ရောက်ရန် တားမြစ် ခဲ့ကြခြင်းဖြစ်ပါသည်။ လက်ရှိတွင် MFP သည် Pheu Thai ပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် ၎င်းပါတီ၏ ဦးဆောင်မှုဖြင့် အစိုးရဖွဲ့စည်းခြင်းကို ထောက်ခံခဲ့ပါသည်။ ကွန်ဆာဗေးတစ်နှင့်နီးစပ်သည့် Srettha Thavisin သည် အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းဖြစ်လာပြီး ကွန်ဆာဗေးတစ်နှင့် အထက် လွှတ်တော်အမတ်များက ၎င်းတို့ထံမှရရှိမည့် ထောက်ခံမှု၏ အလဲအလှယ်အနေဖြင့် Pheu Thai ပါတီကို MFP နှင့် ညွန့်ပေါင်းဖွဲ့ထားမှုမှ ခွဲထွက်ရန် တောင်းဆိုထားကြောင်း ဖော်ပြထားပါသည်။
အထက်ပါအကြောင်းအရာများက Pheu Thai ပါတီ ဦးဆောင်သည့် အစိုးရ ဖွဲ့စည်းမှုကို ဦးတည်စေနိုင်ပြီး Thaksin ၏ အိမ်အပြန်ခရီးကို စောင့်ဆိုင်း၍ ကျမ်းသစ္စာ ကြိမ်ဆိုမှုများ ပြုလုပ်နိုင်ဖွယ်ရှိပါသည်။ အဆိုပါအချက်က နိုင်ငံအတွင်း၌ မည်သည့် အခြေအနေမျိုးဖြစ်ပေါ်နေပါစေ Thaksin ၏ ပြန်လည်တည်ထောင်မှုကို လိုလိုလားလား လက်ခံမည့် သဘောသက်ရောက်နေပါသည်။ ထိုင်းနိုင်ငံအိမ်စောင့်အစိုးရ၏ ဒုတိယ ဝန်ကြီးချုပ် Wissanu Krea-ngam က Thaksin အနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိ လာသည့်အချိန်တွင် တရားရုံးသို့ လွှဲပြောင်းခံရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များအရ ထောင်ဒဏ်ကျခံရမည်ဖြစ်ကာ သင့်တင့်လျောက်ပတ်သည့် ကာလအတန်ကြာ အကျဉ်းချခံ ရပြီးနောက်တွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံနိုင်သည်ဟု ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ဆောင်းပါးရှင်က ထိုင်းနိုင်ငံရေးတွင် ဖြစ်ပေါ်ပြောင်းလဲ လာနိုင်မှုများနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်များက အပြောင်းအလဲဖြစ်လာခဲ့ပြီး Pheu Thai ပါတီသည်လည်း ရေပန်းစား လာခဲ့ပါသည်။ Thaksin ၏ ပြန်လည်တည်ထောင်မှုကို ကွန်ဆာဗေးတစ်အသိုင်းအဝိုင်းက ထောက်ခံနေသည်ကိုကြည့်ခြင်းဖြင့် MFP ပေါ်ထွက်လာမှုက ၎င်းတို့အတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ခဲ့သည်ကို ပြသနေပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲမှုအကျိုးဆက်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးဘဲ Pheu Thai ပါတီအနေဖြင့် အခြားသော နိုင်ငံရေးပါတီများဖြင့် ညွန့်ပေါင်းဖွဲ့စည်းနိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်မှာ မသေချာလှဟု ဆိုပါသည်။ MFP အနေဖြင့် ၎င်းကို အတိုက်အခံအဖြစ် သတ်မှတ်ခဲ့ပါက လူငယ်များ၏ ဆန့်ကျင်မှုများဖြင့် ကြုံတွေ့ရနိုင်ပါသည်။ လက်ရှိ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲများက ထိုင်းနိုင်ငံ၏ ထပ်ခါတလဲလဲဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများကို အဆုံးသတ်သွားစေနိုင်မည့် အဖြေမဟုတ်သေးဘဲ အဓိကနိုင်ငံရေး အင်အားစုများအတွင်း အပြောင်းအလဲများကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၏ ဒီမိုကရေစီဖော်ဆောင်မှုများသည် အနောက်အုပ်စုဝင်နိုင်ငံများ၏ သဘောထားများနှင့် မတူကွဲပြားလျက်ရှိနေပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၏ Lese-Majeste Law နှင့် နိုင်ငံရေးတွင် စစ်ဘက်ကပါဝင်နေမှုများကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေသည့် MFP ကို ထိုင်းနိုင်ငံရေး စနစ်မှ အပြီးတိုင်ပယ်ဖျက်ရန်အတွက် ထိုင်းလွှတ်တော်အတွင်းရှိ ကွန်ဆာဗေးတစ်များက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် MFP အစား ကွန်ဆာဗေးတစ်များ၏ သဘောသဘာဝကို လိုက်လျောနိုင်မည့် Pheu Thai ပါတီ၏ ကိုယ်စားလှယ်လောင်းအား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် အားသာနေကြသည်ကို တွေ့ရှိ ရပါသည်။ လက်ရှိတွင် Paetongtarn Shinawatra ၏ ထိုင်းနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မှုများကြောင့် Thaksin ၏ အိမ်အပြန်ခရီးသည်လည်း အကောင်အထည် ပေါ်လာနိုင်သော်လည်း မရေရာမသေချာသည့် အနေအထားများလည်း ရှိနေပါသည်။
ထိုင်းနိုင်ငံအစိုးဘက်မှ Thaksin ၏ အိမ်အပြန်ခရီးကို ကြိုဆိုကြောင်း၊ ထိုင်းနိုင်ငံရေးတွင် ပဋိပက္ခများဆက်လက်ဖြစ်ပေါ်နေခြင်းက နိုင်ငံအုပ်ချုပ်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် Pheu Thai ပါတီ၏ ဦးဆောင်မှုဖြင့်လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း ပြောကြား ခဲ့သည့်အတွက် လာမည့်ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Pheu Thai ပါတီ၏ ကိုယ်စားလှယ်မှ ဝန်ကြီးချုပ်ရာထူးရယူရန် အားသာချက်ရှိနေပါသည်။ သို့သော် ၎င်းပါတီ အနေဖြင့် MFP ပါတီနှင့် ညွန့်ပေါင်းဖွဲ့ခြင်းမပြုလုပ်မှသာ ဝန်ကြီးချုပ်ရာထူးကို ရယူ နိုင်မည်ဖြစ်သည့်အတွက် Pheu Thai ပါတီ၏ ညွန့်ပေါင်းအဖွဲ့ပြင်ဆင်ခြင်းများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို သင်ခန်းစာယူမည်ဆိုပါက နိုင်ငံရေးတွင် ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေးရကြောင်းနှင့် ပါတီနိုင်ငံရေး၌ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေမရှိဟူသော အချက်များကိုတွေ့ရမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
78080423

[1]။ Sebastian Strangio.“After Years of Promises, Will Thaksin Finally Return to Thailand?.”The Diplomat, July 28, 2023 [https://thediplomat.com/.../after-years-of.../]-accessed on July 31, 2023

Wednesday, August 2, 2023

အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေးအကူအညီများ ထပ်မံပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်သို့ စစ်ရေးအကူအညီများပေးနေခြင်းက ထိုင်ဝမ်ကို ကာကွယ်ခြင်းသာဖြစ်ပြီး “One China Policy” ကို ဆန့်ကျင်ခြင်းမဟုတ်ကြောင်းဆိုလာသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ဒေသအတွက် စစ်ရေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ ၃၄၅ သန်း ထောက်ပံ့ပေးသွားမည်ဟု ဇူလိုင်လ ၂၈ ရက်နေ့က ကြေညာခဲ့ပါသည်။ အဆိုပါ စစ်ရေးအကူအညီတွင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်နေမှုများကို ခုခံကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံတွင် လက်ရှိသိုလှောင် ထားသည့် စစ်လက်နက်များအပြင် ကာကွယ်ရေးပညာနှင့် လေ့ကျင့်သင်ကြားပေးမှု များလည်းပါဝင်မည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် သယ်ဆောင်ရလွယ်ကူသော လေကြောင်းရန်ကာကွယ်ရေးစနစ်၊ သို့မဟုတ် MANPADS ၊ ထောက်လှမ်းရေးပစ္စည်း များနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသွားမည်ဟူသည့် သတင်းများထွက်ပေါ် ခဲ့ပါသည်။ ထိုင်ဝမ်သို့ လက်နက်ထောက်ပံ့မှုများ အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက်အမေရိကန်လွှတ်တော်က ပင်တဂွန်စစ်ဌာနချုပ်နှင့် အစိုးရအဖွဲ့ကို ဖိအားပေးလျက် ရှိနေပါသည်။ ထိုသို့ဖိအားပေးခြင်းက ထိုင်ဝမ်ကို လုံလောက်သည့် လက်နက်များထောက်ပံ့ပေးပြီး တရုတ်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ရန်နှင့် ထိန်းချုပ် ဟန့်တားနိုင်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။ တရုတ်သံတမန်များက အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်များကို ကန့်ကွက်နေချိန်တွင် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့မှုသည် ထိုင်ဝမ်ဒေသကာကွယ်ရေး အစီအစဉ်များအတွက် အရေးပါသည့် အထောက်အပံ့ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားသည်ဟု ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံ၏ ထောက်ပံ့ရေးအစီအစဉ်တွင် ထိုင်ဝမ်ကို ရောင်းချရန်အတည်ပြုထားသည့် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနီးပါးတန်ဖိုးရှိ အဓိက လက်နက်စနစ်များနှင့် F-16 တိုက်ခိုက်ရေး ဂျက်လေယာဉ်များပါဝင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးများ ဖိအားပေးခံခဲ့ရခြင်းက အဆိုပါပစ္စည်းများ ပို့ဆောင်ခြင်းအတွက် အဟန့်အတားဖြစ်စေခဲ့ပါသည်။ မတူညီသည့်အချက်မှာ လက်ရှိတွင် အတည်ပြုခဲ့သည့် စစ်ရေးအကူအညီသည် လက်နက်ပစ္စည်းရောင်းချခြင်းမျိုးမဟုတ်ဘဲ အမေရိကန် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို သမ္မတက အတည်ပြုပေးခဲ့ခြင်းဖြစ်သည့်အတွက် ထိုင်ဝမ်အနေဖြင့် လက်နက်များရရှိနိုင်‌ရေးအတွက် စောင့်ဆိုင်းရန်မလိုအပ်ဘဲ ထိုင်ဝမ်အတွက် လက်နက်ထောက်ပံ့မှုကို ပိုမိုအဆင်ပြေစေနိုင်ပါသည်။ ယူကရိန်း နိုင်ငံအတွက်လည်း အလားတူလုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။
ထိုင်ဝမ်သည် ပြည်တွင်းစစ်ကြောင့် ၁၉၄၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ ခွဲထွက် ခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ Xi Jiinping အနေဖြင့် ထိုင်ဝမ်ကျွန်းပိုင်ဆိုင်ခွင့်ကို ထိန်းသိမ်းနိုင်ရန်အတွက် ပြန်လည်သိမ်းပိုက်မှုများ ပြုလုပ်ရာတွင်လိုအပ်ပါက အင်အားသုံး ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပြီး အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်ကို အကူအညီ ပေးနေမှုများက မလိုလားအပ်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေများ “Powder keg”ကို ဖြစ်ပွားစေနိုင်သည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံကမူ ၎င်းတို့အနေဖြင့် “One China Policy”ကို လေးစားလိုက်နာပါကြောင်း၊ သို့သော် အမေရိကန်နိုင်ငံဥပဒေအရ ထိုင်ဝမ်အတွက် ယုံကြည်စိတ်ချရသည့် ကာကွယ်မှုရှိရန်လိုအပ်နေပြီး ခြိမ်းခြောက်မှုများအားလုံးသည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များအဖြစ် မှတ်ယူထားကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို လက်နက်များထောက်ပံ့နေရခြင်းသည် ရုရှား-ယူကရိန်းပဋိပက္ခများဆီမှ ရရှိခဲ့သည့် သင်ခန်းစာကြောင့်ဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသသည် ကျွန်းဖြစ်သည့်အတွက်ပဋိပက္ခဖြစ်ပွားပြီးနောက်မှ ပြန်လည်ထောက်ပံ့ရန် ကြိုးပမ်းခြင်းက ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသခံ ၃၂ သန်းကို ခြိမ်းခြောက်ရန်နှင့် ထိုင်ဝမ်၏ စစ်ရေးဆောင်ရွက်ချက်များ ယုတ်လျော့လာစေရန်အတွက် ကြားခံနယ်အဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်(ADIZ)အတွင်း စစ်သင်္ဘောနှင့် လေယာဉ်များ ပုံမှန်စေလွှတ်လျက် ရှိသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံး၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်၏ စစ်ရေးဆိုင်ရာဆက်ဆံရေးများကို ပြင်းပြင်းထန်ထန်ကန့်ကွက် ပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို လက်နက်ရောင်းချနေမှုများအပြင် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများဖြစ်ပေါ်စေမည့် အပြုအမူများကို ရပ်တန့်စေလို သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် လာချိန်တွင် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအကူအညီများပေးခြင်းဖြင့် တရုတ်နိုင်ငံကို ဖိအားပေးပြီး အင်အားကြီးနှစ်နိုင်ငံ ပေါင်းစည်းနေမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် ဆောင်ရွက်ချက်တစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးအား တရုတ်နိုင်ငံကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုအဖြစ်အသုံးချနေမည်ဖြစ်ပြီး၊ ထိုင်ဝမ်ကျွန်းပေါ်ရှိ အမေရိကန်နည်းပညာများ တရုတ်နိုင်ငံသို့ လွယ်လွယ်မရောက်ရှိနိုင်အောင် ဟန့်တားနေမည်သာဖြစ်ပါသည် ။
အမေရိကန်နိုင်ငံဘက်မှ ၎င်းတို့၏ ထိုင်ဝမ် အပေါ် ထောက်ပံ့နေမှုများသည် One China Policy ကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ထိုင်ဝမ်ကို ကာကွယ်ခြင်းဖြစ်သည်ဟု သံတမန်ရေးအရ မည်သို့ပင်ပြောကြားနေစေကာမူ တရုတ်အစိုးရဘက်မှ ထိုင်ဝမ်အရေးတွင် အမေရိကန်နိုင်ငံ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သတိပေးခဲ့မှုများကြောင့် ထိလွယ်ရှလွယ်သည့် အမေရိကန်-တရုတ် သံတမန်ဆက်ဆံရေးအခြေအနေတွင်သာရှိနေပါသည်။ အမေရိကန်အနေဖြင့် သံတမန်ရေးအရ One China Policy ကို တိုက်ရိုက်မဆန့်ကျင်ရခြင်းမှာ ထိုင်ဝမ်တွင် တစ်ပိုင်းလျှပ်ကူးဈေးကွက်တည်ရှိနေပြီး အဆိုပါဈေးကွက်အပေါ်တွင် တစ်စိတ်တစ်ပိုင်း မှီခိုနေရသည့် အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏အကျိုးအမြတ် ယုတ်လျော့စေမည့် တရုတ်နှင့် ထိပ်တိုက်တွေ့ခြင်းမျိုးကို ရှောင်ရှားလိုသည့်သဘော ကြောင့်သာဖြစ်ပါသည်။
သို့သော် လတ်တလောနိုင်ငံရေးအခင်းအကျင်းများတွင် အာရှဒေသတွင်း နိုင်ငံများသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်လာသည့်အတွက် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကို ဗဟိုပြုပြီး တရုတ်နိုင်ငံ၏ အာရှအင်အားတည်ဆောက်ရေးကို ထိန်းချုပ်ရန် ကြိုးပမ်းနေမည်သာဖြစ်ပါသည်။ ထိုသို့ အင်အားကြီးနိုင်ငံများအချင်းချင်း အပြန်အလှန်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် မိမိတို့ သက်ဆိုင်ရာနိုင်ငံငယ်များ၏ အကျိုးစီးပွားကို ထုတ်နှုတ်နိုင်ပြီး ပဋိပက္ခများအကြား လက်ရှောင်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
77080323

[1]။ “ U.S. announces $345m military aid package for Taiwan”. Nikkei Asia , July 29, 2023 [https:// asia.nikkei.com/ Politics/ International-relations/ Taiwan-tensions/U.S.-announces-345m-military-aid-package-for-Taiwan /]-accessed on July 30, 2023

Tuesday, August 1, 2023

အာဆီယံ၏ EV Ecosystem ဖော်ဆောင်နေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အာဆီယံဒေသတွင်းနိုင်ငံများတွင် လျှပ်စစ်ကားများ(Electric Vehicle-EV) တိုးမြှင့်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ သိသင့်သည်များကို သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
ကမ္ဘာ့နိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် လျှပ်စစ်ကားများ (Electric Vehicle-EV)တိုးမြှင့်အသုံးပြုရန် ဆွဲဆောင်နေမှုကြောင့် EV များ၏ ရေပန်းစားမှုသည်တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် EV ထုတ်လုပ်မှု ကဏ္ဍကို ဦးဆောင်နေပြီး ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားကာလ၌ EV ထုတ်လုပ်မှု၏ ၄၄ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းသော Lithium-Ion ဘက်ထရီများကိုလည်း တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့ပါသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကွင်းဆက် (Supply Chain) ကွဲပြားခြားနားမှုများက အာဆီယံနိုင်ငံများအတွက် EV ကဏ္ဍနှင့်ပတ်သက်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပေါ်ပေါက်လာစေခဲ့ပါသည်။ ယခုအခါ အာဆီယံနိုင်ငံများတွင် EV ထုတ်လုပ်မှု အောင်မြင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ်များရှိနေကြောင်း ဖော်ပြထား ပါသည်။
ဒေသတွင်းရှိ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး နီကယ်သတ္ထုသိုက်ကို ပိုင်ဆိုင်ထားသည့်အပြင် EV ဘက်ထရီများအတွက် လိုအပ်သည့် သွပ်နှင့် ကြေးနီကိုလည်း အဓိကထုတ်လုပ်နေသည့် နိုင်ငံဖြစ်ပါသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ နီကယ်ပေါကြွယ်ဝမှု သည်လည်း ဘက်ထရီထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်စေပြီး လက်ရှိတွင် VinFast ကုမ္ပဏီသည် ဘက်ထရီထုတ်လုပ်မှုကို ဦးဆောင်နေပါသည်။ ထို့ပြင် ဒေသတွင်းရှိ အကြီးမားဆုံး EV ထုတ်လုပ်သူနှင့် ဈေးကွက်ကို ပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံသည် ၎င်းနိုင်ငံတွင် EV ထုတ်လုပ်မှုများလာရောက်လုပ်ဆောင်ရန် ဆွဲဆောင်မှုများ ပြုလုပ်လျက် ရှိပြီး အဆိုပါ မဟာဗျူဟာကြောင့် သွင်းကုန်ခွန်နည်းပါးသွားစေနိုင်သကဲ့သို့ ပြည်တွင်းထုတ် EV များတွင် ဈေးသက်သာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ်တွင် အာဆီယံခေါင်းဆောင်များသည် ဒေသတွင်း၌ EV ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး“EV Ecosystem”ကို ရည်ရွယ်ထားသည့် ကြေညာချက်တစ်ရပ်အားထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီအစဉ်က ASEAN Economic Community ကို အကောင်အထည်ဖော်ခြင်းအတွက် အထောက်အကူဖြစ်စေပြီး အဆိုပါ ကြေညာချက်တွင် အဓိကမဟာဗျူဟာနှစ်ရပ်ဖြစ်သည့် ဒေသတွင်းမှထုတ်လုပ်သော EV များ၏ အရည်အသွေးကောင်းမွန်စေရေးနှင့် ဒေသတွင်းရှိပြည်သူများ၏ လုပ်ငန်းပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေးကို အလေးပေးဖော်ပြထားပါသည်။ အဆိုပါလုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ များ၏ ဘက်ထရီနှင့် EV ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ကောင်းမွန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်စေရန်၊ နည်းပညာဖလှယ်နိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားများ ပိုမိုထွက်ပေါ် လာနိုင်ရန်အတွက်ရည်ရွယ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက ဒေသတွင်း EV ထုတ်လုပ်မှု အတွက် အကျိုးအမြတ်များကို ခိုင်မာလာစေနိုင်ကြောင်း ဖော်ပြထားပါသည်။
“EV Ecosystem” ကို အကောင်အထည်ဖော်ခြင်းအတွက် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရနိုင်ပြီး အရေးကြီးဆုံးအချက်မှာ အာဆီယံဒေသတွင်းနိုင်ငံများသည်EV ထုတ်လုပ်မှုအတွက် အရေးပါသည့် ဓာတ်သတ္ထုများ ထောက်ပံ့ပေးနိုင်သော်လည်း ၎င်းနိုင်ငံများ၏ EV ဈေးကွက်သည် ဖွံ့ဖြိုးစအဆင့်တွင်ပင် ရှိနေသေးပါသည်။ ဒေသတွင်းတွင် လူဦးရေ ၆၆၄ သန်းရှိသည့်အပြင် လူလတ်တန်းစားအရေအတွက် တိုးပွားလာသော်လည်း EV အသုံးပြုနိုင်မှုဦးရေမှာ နည်းပါးနေပါသေးသည်။ အကြောင်းမှာ အင်ဂျင်ကားများထက် EV ၏ တန်ဖိုးသည် ပိုမိုများပြားနေပြီး လူလတ်တန်းစားများနှင့် ဝင်ငွေနည်းပါးသူများ အနေဖြင့် EV အား အသုံးမပြုနိုင်သည်ကို ပြသနေပါသည်။ EV ကားများ၏ အကွာအဝေး အလိုက် သွားလာနိုင်မှုနှင့် အားသွင်းအဆောက်အအုံများ ရှားပါးခြင်းကလည်း EV အသုံးပြုမှုလျော့နည်းစေခြင်း၏ နောက်ထပ်ပြဿနာရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ EV ထုတ်လုပ်မှုနှင့်ပတ်သက်သည့် အကြီးမားဆုံး အကျပ် အတည်းမှာ EV များအတွက် ဒေသတွင်းစံနှုန်းများ ဖော်ဆောင်နိုင်ရန်ဖြစ်ပါသည်။ အဆိုပါစံနှုန်းဖော်ဆောင်ရာတွင် ASEAN-Wide Mutual Recognition Arrangement -MRA ကိုလည်း တည်ဆောက်ပြုပြင်ဖို့ လိုအပ်နေပြီး ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်းနှင့် “EV Ecosystem” အကောင်အထည်ဖော်မှုအတွက် အားနည်းချက်များကိုဖြစ်စေနိုင်ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့် “EV Ecosystem” အကောင်အထည်ဖော်မှုကို ဦးစားပေးဆောင်ရွက်သင့်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ချမှတ်ပေးခြင်းနှင့် အားသွင်းအဆောက်အအုံများ တည်ဆောက် ပေးခြင်းက EV ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ရုံသာမက ဒေသတွင်း အသုံးပြုမှုကို မြင့်တက်လာစေနိုင်သည်ဟု ဆိုသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ အထက်တွင် ဖော်ပြထားသည့်အချက်အလက်များကို တိုးမြှင့်ဖော်ဆောင်ရန်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ဒေသတွင်း EV ပဏာမခြေလှမ်းများကို စတင်နိုင်ရန်အတွက် အာဆီယံနိုင်ငံများ၏ အစိုးရများအနေဖြင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကြံဉာဏ်ဝေမျှခြင်း စင်္ကြံတစ်ခုကို ဖန်တီးနိုင်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းက အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်(Mutual Recognition Arrangement -MRA) ဖော်ဆောင်မှုလောက်မခက်ခဲသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် ယုံကြည်မှု တည်ဆောက်ခြင်းများ၊ အကြံဉာဏ်သစ်များကို ဖော်ဆောင်နိုင်ပြီး ထိုမှတစ်ဆင့် အနာဂတ် MRA ညှိနှိုင်းဖော်ဆောင်မှုများကို အရှိန်မြှင့်တင်နိုင်ပါသည်။ လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရန်နှင့် EV နည်းပညာတိုးတက်မှုများ လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ဒေသတွင်းတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့်လေ့ကျင့်ရေး(Technical and Vocational Education and Training-TVET)ကို ဖော်ဆောင်ရန် အကြံပြုထားပါသည်။ EV လုပ်ငန်းအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အရည်အချင်းများ ဖော်ထုတ်ပြုစုပျိုးထောင်ရန် ပုဂ္ဂလိကအခန်းကဏ္ဍလည်း လိုအပ်သည့် အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးကြီးပါသည်။ အာဆီယံသည် ကမ္ဘာ့ EV ထုတ်လုပ်မှုကဏ္ဍတွင် အခရာဖြစ်လာနိုင်သည့် အလားအလာရှိနေပြီး အောင်မြင်မှုရရှိစေရန်အတွက် ၎င်းတို့ လက်လှမ်းမီနိုင်သည့် အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် လက်ရှိစွမ်းဆောင်ရည်များအား ယုတ်လျော့စေသည့် မက်လုံးပေးဆွဲဆောင်မှုများကို ရှောင်ရှားနိုင်ရန် အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အရှေ့တောင်အာရှဒေသသည် EV ဈေးကွက်ကို ဦးဆောင် နိုင်သည့် အလားအလာရှိနေသော်လည်း ထုတ်လုပ်မှုနှင့် သက်ဆိုင်သည့် ဒေသတွင်း မူဝါဒရေးဆွဲဖော်ဆောင်ခြင်း အခက်အခဲများ ရှိနေသေးကြောင်း ထောက်ပြ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများတွင်ပါ အာရုံစိုက်လုပ်ဆောင်လာကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာဗွန် လျှော့ချရေးအတွက် လောင်စာဆီကားများအစား EV များကို စတင်မိတ်ဆက် အသုံးပြု လာကြပါသည်။ သို့ရာတွင် EV များ၏ တန်ဖိုးသည် လောင်စာဆီသုံး ယာဉ်များထက် များပြားနေခြင်း၊ ခရီးသွားလာနိုင်သည့်အကွာအဝေး အကန့်အသတ် ရှိနေခြင်းနှင့် အားသွင်းရန်လိုအပ်သည့်အခက်အခဲများကြောင့် တွင်ကျယ်စွာ အသုံးမပြု နိုင်သေးသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် EV ထုတ်လုပ်မှုအတွက် အရင်းအမြစ်များ ပေါကြွယ်ဝသည့် အာဆီယံနိုင်ငံများတွင် အဆိုပါယာဉ်များကို ဒေသတွင်း တွင်ကျယ်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ဈေးနှုန်းမြင့်မားမှုကို လျှော့ချလာနိုင်မည့်အပြင် ဈေးကွက် အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာနိုင်သည်ဟု ယူဆရပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးသာမက လူနေမှုအဆင့်အတန်းနှင့် နည်းပညာအဆင့်အတန်းမြင့်မားခြင်းများကလည်း အရေးပါသည့် အခန်းကဏ္ဍက ပါဝင် နေပါသည်။ ကမ္ဘာ့ EV ထုတ်လုပ်မှုတွင် အဓိကအဖွဲ့အစည်း ဖြစ်လာနိုင်သော အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း EV များကို ပြည်ပမှတင်သွင်း အသုံးပြုခြင်းထက် နိုင်ငံအတွင်း EV နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းထုတ်ကုန်တစ်ခုကို ရွေးချယ်၍ ထုတ်လုပ်နိုင်ရန်၊ ဦးဆောင်ကဏ္ဍတွင်ပါဝင်နိုင်ရန် ဆောင်ရွက်သင့်ပြီး အနာဂတ်ကာလအတွက် ကြိုတင်မျှော်တွေးထား နိုင်ခြင်းသည် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

76080223

Monday, July 31, 2023

တရုတ်နှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Northern/ Interaction-2023 အမည်ရှိ စစ်ရေး လေ့ကျင့်ခန်း ပြီးဆုံးပြီးနောက်တွင် ဝေဟင်-ရေပြင် ပူးတွဲကင်းလှည့်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပူးတွဲစစ်ရေးလုပ်ဆောင်ချက်များက နှစ်နိုင်ငံ၏ ဆက်ဆံရေးအပေါ် သက်ရောက်နေမှုများကို သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဂျပန်ပင်လယ်ပြင်တွင် ပြုလုပ်နေသည့် Northern/ Interaction-2023 အမည်ရှိ ၄ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများသည် ဇူလိုင်လ ၂၃ ရက်နေ့တွင်အဆုံးသတ်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံစလုံးအနေဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ကင်းလှည့်မှုများ ပြုလုပ်နိုင်ရန် မျှော်လင့်လျက် ရှိကြပါသည်။ တိုက်ပွဲဖြစ်ပွားမှုကို ဦးတည်ထားသည့် လက်တွေ့ကျသော စစ်ရေးလေ့ကျင့်မှုများက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွင်း နှစ်နိုင်ငံ၏ အဆင့်မြင့်စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးဆိုင်ရာကျွမ်းကျင်သူများက ပြောကြားခဲ့ကြပါသည်။ စစ်ရေးလေ့ကျင့်ခန်းပိတ်ပွဲကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army-PLA)၏ Type 052D ဖျက်သင်္ဘော Qiqihar ပေါ်တွင် ကျင်းပခဲ့ပါသည်။
၄ ရက်ကြာ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်နှင့် ရုရှား နိုင်ငံတို့၏ ရေကြောင်းနှင့် လေကြောင်းတပ်ဖွဲ့ဝင်များသည် ရေပြင်-ဝေဟင် ပူးပေါင်း အစောင့်အကြပ်များဖြင့် လေ့ကျင့်တိုက်ခိုက်ခြင်း၊ သင်္ဘောပေါ်ရှိ လက်နက်စနစ်များမှ ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်ခြင်းများအပြင် မြောက်မြားစွာသော လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် မဟာဗျူဟာမြောက် ရေကြောင်းလုံခြုံရေးကို ကာကွယ်ရန်အတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ပူးပေါင်း စစ်ဆင်ရေးဖြစ်သည့်အပြင် နှစ်နိုင်ငံ၏ ရေပြင်-ဝေဟင်တပ်များ၏ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို အကောင်အထည်ဖော်ခြင်းအတွက် အရေးပါသည့် လုပ်ဆောင်ချကတစ်ရပ်ဖြစ်ပါသည်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းလာစေရန်၊ မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်နှင့် စစ်ရေးဆိုင်ရာ စွမ်းရည်များ တိုးမြှင့်ဆောင်ရွက်နိုင်စေရန်အတွက်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ပူးတွဲစစ်ရေး‌ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်သည့်အပြင် အာရှအရှေ့မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကို အကာအကွယ် ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ စစ်ရေးလေ့ကျင့်မှုများတွင် ရေမြှုပ်မိုင်းများ တိုက်ဖျက်ရေး (Anti-Sea Mine)၊ လေကြောင်းရန်ကာကွယ်ရေး(Anti-Aircraft)၊ ရေကြောင်းကာကွယ်ရေး (Anti-Ship and Anti-Submarine)ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ကြပြီးအဆိုပါလေ့ကျင့်မှုများသည် မဟာဗျူဟာမြောက် ပင်လယ်ရေလမ်းကြောင်း ထိန်းသိမ်း ကာကွယ်ရေးခေါင်းစဉ်နှင့် ဆက်စပ်မှုရှိနေပါသည်။ ဂျပန်ပင်လယ်ပြင်၏ အဓိက မဟာ ဗျူဟာမြောက်လမ်းကြောင်းများတွင် Soya ရေလက်ကြား၊ Tsugaru ရေလက်ကြားနှင့် Tsushima ရေလက်ကြားတို့ပါဝင်ပြီး စစ်ရေးလေ့ကျင့်မှုသည် မည်သည့်နိုင်ငံ ကိုမှ ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း ပထဝီဝင်နိုင်ငံရေး အင်အားကြီးနိုင်ငံအချို့၏ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုများကို ဖန်တီးနေသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တရုတ်နှင့် ရုရှားနှစ်နိုင်ငံစလုံးသည် လေ့ကျင့်မှုအတွင်း ၎င်းတို့နိုင်ငံ များ၏ အဓိကတိုက်ခိုက်ရေးလက်နက်များနှင့် ယာဉ်များ တပ်ဖြန့်ထားခဲ့ကြပြီး ရေယာဉ် ၁၀ စီးပါဝင်သည့် ရေယာဉ်စုနှင့် လေယာဉ် ၃၀ စင်းဖြင့် စစ်ရေးသရုပ်ပြ လေ့ကျင့်မှု များကို ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုပုံစံသည် ကဏ္ဍပေါင်းစုံပါဝင်သည့် တိုက်ပွဲဝင်ပုံစံဖြစ်ကြောင်း ဖော်ပြထားပါသည်။
Northern/ Interaction-2023 စစ်ရေးလေ့ကျင့်မှုအပြီးတွင် တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ပစိဖိတ်သမုဒ္ဒရာအတွင်း ရေပြင်နှင့် ဝေဟင်ကင်းလှည့်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ်ပြုလုပ်ထားပြီး အဆိုပါ ရေပြင်နှင့် ဝေဟင်ပူးတွဲကင်းလှည့်မှုသည် နှစ်နိုင်ငံအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ရေကြောင်းကင်းလှည့်မှုနှစ်ရပ်ကို ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံ အနေဖြင့် လေကြောင်းဆိုင်ရာ မဟာဗျူဟာမြောက် ပူးတွဲကင်းလှည့်ခြင်းများကို ပုံမှန်ပြုလုပ် လျက်ရှိကြပါသည်။ ၆ ကြိမ်မြောက် ကင်းလှည့်ခြင်းကို ယခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့ပြီး လာမည့် ရေပြင်နှင့် ဝေဟင် ပူးတွဲကင်းလှည့်ခြင်းများသည် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်း၏ ထူးခြားချက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှ အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုကို ထိန်းချုပ်ရန် တူညီဆန္ဒရှိနေသည့် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ရုရှား-ယူကရိန်း ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သည့်အချိန်ကတည်းက စစ်ရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုနီးကပ်စွာ ဆောင်ရွက် ခဲ့ကြပါသည်။ Northern/Interaction-2023 သည်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့အကြားရှိ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာကြောင်း ပြသသည့် သသဘောရှိနေပါသည်။
လက်ရှိတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးလမ်းကြောင်းတွင် အပြုသဘောဆောင်သည့် အနေအထားမျိုးရောက်ရှိနေပြီဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ကဏ္ဍပေါင်းစုံ၌ ပြိုင်ဆိုင်နေကြသည်သာဖြစ်ပါသည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုများက အမေရိကန်-တရုတ် ဆက်ဆံရေး အတွက် သက်ရောက်မှုအချို့ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ အကျိုးဆက်များက အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိသည်ဟု ယူဆနိုင်ပါသည်။
ထို့ပြင် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ရေပြင်-ဝေဟင် ပူးတွဲကင်းလှည့်မှုများကို ပြုလုပ်ရန် စီစဉ်ထားခြင်းကြောင့် ထိုနှစ်နိုင်ငံနှင့် ကျွန်းများပိုင်ဆိုင်မှု၊ ပင်လယ် ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေသည့် ထိုင်ဝမ်အပါအဝင် ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့ကဲ့သို့ ရေပြင်၊ ဝေဟင်ဆက်စပ်လျက်ရှိသော နိုင်ငံများနှင့်သာမက ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံ၏ ပစိဖိတ်အနောက်ဘက်ခြမ်းကိုပါ ထိန်းကြောင်းရန် ကြိုးပမ်းလာခြင်းဖြစ်ပါသည်။ ယခုအခါ အင်အားကြီးနိုင်ငံများ၏ ဒေသတွင်း စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင် ပြုလုပ်လာကြခြင်းကြောင့် ရေပြင်၊ ဝေဟင် ပိုင်နက်ဆက်စပ်နေသည့် နိုင်ငံများအကြား စစ်ရေယာဉ်များ၊ စစ်လေယာဉ်များ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးသည် အရေးပါဆုံး ဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများအချင်းချင်း ရေပြင်ပိုင်နက်ပိုင်ဆိုင်ရေးအတွက် အငြင်းပွားမှုများ၊ ပဋိပက္ခဖြစ်ပွားမှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ထိုဒေသများနှင့် ဆက်စပ်နေသော ပင်လယ်ပြင်နှင့် ကမ်းခြေများတွင် စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ အများဆုံးပြုလုပ်လာနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေပြီး ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်သော နိုင်ငံများအဖို့ မိမိနိုင်ငံ၏ရေပိုင်နက်နှင့် ပင်လယ်ပြင်သယံဇာတများ လုံခြုံရေးအပြင် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ပင်လယ်ရေကြောင်းဆိုင်ရာ ပဋိပက္ခများအတွက်ပါ ကြိုတင်မျှော်တွေးထားနိုင်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများအတွက် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

75080123

Sunday, July 30, 2023

ဂျပန်နိုင်ငံတွင် စစ်ဘက်ဆိုင်ရာ Drone များအတွက် အသုံးစရိတ်တိုးမြှင့်နေခြင်းနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဂျပန်နိုင်ငံတွင် မောင်းသူမဲ့စနစ်များအတွက် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်အသုံးချနေခြင်းနှင့်ပတ်သက်၍ သိသင့်သည့်အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio ၏ အစိုးရအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ချက်များ အဆင့် မြှင့်တင်ခြင်း၌ ရင်းနှီးမြှုပ်နှံရန် ဖော်ပြထားသည့် စာတမ်း ၃ စောင်ကို ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံခြင်းကို ဂျပန်လွှတ်တော် (National Diet)က ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဖြင့်အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံး စရိတ်သည် ယန်း ၆.၈၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉.၃ ဘီလီယံ) ရာခိုင်နှုန်း အားဖြင့် ၂၆ ရာခိုင်နှုန်းအထိ တိုးမြှင့်တောင်းခံခဲ့ပါသည်။ ဂျပန်လွှတ်တော်တွင် တင်သွင်း ခဲ့သည့် မဟာဗျူဟာစာတမ်းများနှင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံခြင်း များသည် နိုင်ငံ၏ ဒရုန်း(Drone) နည်းပညာနှင့် စွမ်းဆောင်ရည်များတွင် ရင်းနှီး မြှုပ်နှံရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါစာတမ်းများသည် ယခင်က ဂျပန်နိုင်ငံ၏ မောင်းသူမဲ့စနစ်များနှင့် ဒရုန်းနည်းပညာများကို ချဉ်းကပ်မှု အားနည်းခြင်းများမှ သိသိသာသာပြောင်းလဲလာနေသည်ကို ပြသနေကာ Kishida အစိုးရ၏ လက်နက်ပြန်လည်ဆန်းသစ်မှု မဟာဗျူဟာအတွင်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြထားပါသည်။
Kishida အစိုးရ၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (National Defense Strategy – NDS) သည် လာမည့် ၁၀ နှစ်အတွက် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ရည်မှန်းချက် များအား ဖော်ပြထားသည့် မူဘောင်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေမည့် အဓိကနယ်ပယ် ၇ ခုအနက်မှ တစ်ခုဖြစ်သည့် မောင်းသူမဲ့ကာကွယ်ရေး စွမ်းရည် “Unmanned Defense Capabilities” ကိုပါ အလေးပေးဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် Drone နည်းပညာနှင့်အတူသက်ဆိုင်ရာနယ်ပယ်များ၏ သတင်းအချက်အလက်များကို လက်ခံခြင်း/ လွှဲပြောင်းခြင်း စွမ်းရည်(Cross-Domain)[1]နှင့် အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ပြီး အချိုးမညီသော စစ်ပွဲများတွင် ပြိုင်ဘက်နိုင်ငံများကို အနိုင်ရရှိနိုင်ရန် မျှော်မှန်းထားပါသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် NDS အရ ရေအောက်တွင်ပါ Drone များ အသုံးပြုပြီး ကျယ်ပြန့်သည့် စစ်ဆင်ရေးများ လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ကာကွယ်ရေးအဆင့်မြှင့်တင်ခြင်းအစီအစဉ်(Defense Buildup Program-DBP)တွင် ဝေဟင်၊ ရေပြင်နှင့် မြေပြင်ဆိုင်ရာ မောင်းသူမဲ့ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖော်ပြထားပါသည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အနက်မှ ယန်း ၁၈၂.၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံ)ကို Drone အတွက် အသုံးပြုသွားမည်ဟု ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ပြောကြားခဲ့ပါသည်။ MOD က ထုတ်ပြန်ခဲ့သည့် စာတမ်း ၃ ခုသည်လည်း Drone လက်နက်အမျိုးမျိုးကို အသုံးပြုလေ့လာခြင်းနှင့် အဆင့် မြှင့်တင်ခြင်းအတွက် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်သည်။ ဂျပန်နိုင်ငံ၏ Drone နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုများက အခြားသော အဖွဲ့အစည်းပြောင်းလဲမှုများ ကိုလည်း ဖြစ်ပေါ်စေပါသည်။ Drone များကို လတ်တလောတွင် လူလိုက်ပါရသည့် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နေသည့် တိုက်ခိုက်ရေးတာဝန်များနှင့် ကင်းထောက် စစ်ဆင်ရေးများတွင် အစားထိုးအသုံးပြုရန် ရည်ရွယ်ထားပါသည်။ MOD အနေဖြင့် ယန်း ၆.၉ ဘီလီယံကို ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ရေးဆောင်ရွက်မည့် ဘက်စုံသုံး Uncrewed Air Vehicles(UAVs) များ အဆင့်မြှင့်တင်ခြင်းအတွက် ၊ ယန်း ၃ ဘီလီယံကို ခဲယမ်းများ သယ်ဆောင်ပြီး ဖောက်ခွဲရန် အသုံးပြုမည့် Drone များ အဆင့်မြှင့်တင်ခြင်းအတွက်၊ ယန်း ၂၂.၂ ဘီလီယံကို ပစ်မှတ်ရှာဖွေရေး ဒရုန်းများအတွက် အသုံးပြုသွားမည်ဖြစ်သည်ဟုဆိုသည်။ ကာကွယ်ရေးအသုံးစရိတ်တွင် ပါဝင်သည့် မြောက်မြားစွာသော စီမံကိန်းများသည် ဂျပန် နိုင်ငံတွင် ရှိနှင့်ပြီးသား Drone များကို ထိန်းသိမ်းရန်၊ အဆင့်မြှင့်တင်ရန်၊ Drone ဖြင့် တိုက်ခိုက်မှုများနှင့် စုပြုံတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
အချုပ်အားဖြင့် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် MOD ၏ ကာကွယ်ရေး အသုံးစရိတ် ခြုံငုံသုံးသပ်ချက်နှင့် ယခင်နှစ်များ၏ အသုံးစရိတ်များအရ ဂျပန်နိုင်ငံ၏ မောင်းသူမဲ့စနစ်များအတွက် အသုံးစရိတ်များနှင့် အဆိုပါစနစ်များ၏ စွမ်းဆောင်ရည် များသည် သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ဂျပန်အစိုးရ၏ မူဝါဒရေးရာအရ ဆုံးဖြတ်ချက် များနှင့် ကာကွယ်ရေးအသုံးစရိတ်များက ဂျပန်နိုင်ငံ၏ Drone အသုံးပြုခြင်းအပေါ်စိတ်အားထက်သန်လာမှုကို ပြသနေသည့်အပြင် ရှိရင်းစွဲ Drone စွမ်းရည်များကို တိုးပွား လာစေရန် လုပ်ဆောင်နေခြင်းကို ပြသနေပါသည်။ အဆိုပါအချက်များက ဂျပန်နိုင်ငံ အစိုးရအနေဖြင့် Drone များကို စစ်ပွဲများအတွက် အရေးပါသည့် နည်းပညာ “Game Changer” အဖြစ် မှတ်ယူနေသည်ဟု ရှုမြင်နိုင်ပြီး လက်ရှိဂျပန်နိုင်ငံအစိုးရနှင့် နောင်လာမည့် အစိုးရများအနေဖြင့် Drone နှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက် များကို ရေရှည်ထိန်းသိမ်းနိုင်စွမ်း ရှိ/မရှိ ဆက်လက်လေ့လာစောင့်ကြည့်သွားရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံရာတွင် Drone နည်းပညာ အဆင့်မြှင့်တင်ခြင်းအတွက် အများဆုံးရည်ရွယ်ထားပြီး ကာကွယ်ရေး စီမံချက်များတွင်လည်း Drone နည်းပညာအား အသားပေးဖော်ပြထားပါသည်။ အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ ရုရှား၊ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေးအဆင့်မြှင့်တင်မှုများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဂျပန်နိုင်ငံသည် ယခုကဲ့သို့ စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ပြင် မိတ်ဖက်ဖြစ်နေသည့် အမေရိကန်နိုင်ငံအနေဖြင့်လည်း ဂျပန်နိုင်ငံ၏ စစ်ရေး ဆိုင်ရာများ မြှင့်တင်ဆောင်ရွက်ခြင်းသည် ၎င်းတို့၏ ကာကွယ်ရေးစွမ်းအားကို ကူညီ ထောက်ပံ့ရာ ရောက်နေပြီး ဒေသတွင်းရှိထိန်းချုပ်ရန်ခက်ခဲသည့် စစ်ရေးအင်အားကြီး နိုင်ငံများနှင့် တောင်တရုတ်ပင်လယ်အရေးကို တစ်ဖက်လှည့်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်း နေခြင်းဖြစ်လည်းဖြစ်ပါသည်။
ခေတ်သစ်စစ်ပွဲများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများတွင် ဒရုန်းများ၏ စွမ်းရည်သည် Game Changer တစ်ခုဖြစ်လာသောကြောင့် ဂျပန်နိုင်ငံအနေဖြင့် နောက်ကျကျန်ခဲ့သည့် ၎င်းတို့၏ ကာကွယ်ရေးနယ်ပယ်တစ်ခုဖြစ်သော မောင်းသူမဲ့ ကာကွယ်ရေးစွမ်းရည်ကို အလျင်အမြန်မြှင့်တင်လာခြင်းဖြစ်ပါသည်။ ဂျပန် နိုင်ငံ၏ Drone နှင့်ပတ်သက်သည့် မျှော်မှန်းချက်များသည်လည်း ဝေဟင်၊ မြေပြင် စစ်ဆင်ရေးများသာမက ရေအောက်စစ်ဆင်ရေးများတွင်ပါ အသုံးပြုရန် ရည်ရွယ် ထားသည့်အတွက် ဒေသတွင်းတွင် လက်နက်များနှင့်ပတ်သက်သည့် နည်းပညာ ပြိုင်ဆိုင်မှုများ ပိုမို ပေါ်ပေါက်လာနိုင်ဖွယ်ရှိပါသည်။
လက်ရှိစစ်ပွဲများတွင် လူ့စွမ်းအားကို ချွေတာပြီး မောင်းသူမဲ့ယာဉ်များကို ဦးစားပေးအသုံးပြုလာကြသည်ကိုလည်း တွေ့ရှိရပါသည်။ အနာဂတ်တွင် နိုင်ငံအလိုက် ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရာတွင် ဘက်စုံသုံးဒရုန်း၊ အသေခံဒရုန်းနှင့် ပစ်မှတ်ရှာဒရုန်းတို့ ပိုင်ဆိုင်နိုင်ရေး နည်းပညာများ ရှာဖွေတီထွင်ထုတ်လုပ်ရန် မူဝါဒများ ထည့်သွင်းလာကြပါသည်။ ထို့ကြောင့် မိမိတို့ လူ့အဖွဲ့အစည်းအတွက် ကာကွယ်ရေးကဏ္ဍအဆင့်မြှင့်တင်ရာတွင် ခေတ်ကာလပြောင်းလဲမှု၊ နည်းပညာပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိနေစေရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
74073123

[1]။ Cross - Domain The act of manually and/or automatically accessing and/or transferring information between different security domains.

Thursday, July 27, 2023

ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ လွတ်လပ်စွာကုန်သွယ်မှု (Free Trade) ဖော်ဆောင်နေမှု၊ နောက်ကွယ်မှအကြောင်းတရားများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှုဖော်ဆောင်ရေး (Free Trade) အစီအစဉ်များ၊ အာဆီယံနိုင်ငံများ ရရှိနိုင်သည့်အကျိုးအမြတ်များနှင့် နောက်ကွယ်မှအကြောင်းအရင်းများ သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်သည် အာဆီယံ-ဂျပန်ဆက်ဆံရေး၏ နှစ်(၅၀)ပြည့်သည့် နှစ်ပတ်လည် ဖြစ်ပြီး အပြန်အလှန်မှီခိုအားထားမှု တိုးပွားလာခြင်း၏ ပြယုဂ်ဖြစ်ပါသည်။ အာဆီယံသည် ကမ္ဘာ့စီးပွားရေး၏ ၃.၆ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသော်လည်း ၎င်းတွင် ဂျပန်နိုင်ငံ၏ ပြည်ပဈေးကွက် (Overseas Subsidiaries) ၃၀ ရာခိုင်နှုန်းရှိနေပါသည်။ ဂျပန်နိုင်ငံ၏ အာဆီယံအဖွဲ့အတွင်း ရင်းနှီးမတည်ငွေ(Capital Investment) ထည့်ဝင်ခြင်းသည် ၎င်းနိုင်ငံ၏ ဒေသတွင်းစီးပွားရေး ဩဇာလွှမ်းမိုးမှုထက် အဆပေါင်းများစွာ ကြီးမားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်သည် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Foreign Direct Investment)များက ဖော်ဆောင်ပေးနေသည့် စက်မှုလုပ်ငန်းနှင့် ပို့ကုန်လုပ်ငန်းများတွင် မူတည်နေပါသည်။
အာဆီယံနိုင်ငံများအတွင်း လုပ်ငန်းချဲ့ထွင်လာသော ဂျပန်နိုင်ငံသားပိုင်ကုမ္ပဏီ များသည် ဒေသတွင်းနိုင်ငံများ၏ ပို့ကုန်ကဏ္ဍကို ထောက်ပံ့ပေးနေသည့် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်ပကုမ္ပဏီများသို့ တင်ပို့ခဲ့သည့် ပို့ကုန်ကိန်းဂဏန်းများကို ဖော်ပြခဲ့ရာ ဗီယက်နမ်နိုင်ငံသည် အာဆီယံ အဖွဲ့၏ ပို့ကုန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၇၃ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ အလားတူ ထိုင်းနိုင်ငံတွင်လည်း စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၇၄ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမတည်ငွေများမှ ရရှိနေခြင်းဖြစ်ပါသည်။ Thailand’s Board of Investment (BOI)၏ ပြောကြားချက်အရ FDI ပမာဏ ၄၀ ရာခိုင်နှုန်း တိုးပွားလာခြင်းနှင့် Plaza Accord ၏ ၁၉၈၅ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားကာလတွင် စီမံကိန်းအရေအတွက် တိုးပွားလာခြင်းသည် ဂျပန်နိုင်ငံ၏ ထောက်ပံ့ပေးမှုကြောင့် ဖြစ်သည်ဟုဆိုသည်။ အဆိုပါအချက်က ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို ဂျပန်ကုမ္ပဏီများက ထောက်ပံ့ ပေးနေသည်ဟု မီးမောင်းထိုးပြနေပါသည်။ အဆိုပါ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီများသည် ၎င်းတို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များ ပြန်လည်ပို့ဆောင်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ စီးပွားရေးကိုလည်း အထောက်အပံ့ပေးနေပါသည်။ ဂျပန်နိုင်ငံအတွက် အာဆီယံသည် အမေရိကန် နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ငွေရရှိနေသည့် အရင်းအမြစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ဂျပန်ကုမ္ပဏီများအနေဖြင့် အာဆီယံကို အလားအလာကောင်းသော စီးပွားရေးရည်မှန်းချက်အဖြစ် ရှုမြင်နေရခြင်းအကြောင်းမှာ လုပ်သားအင်အား ပေါများခြင်းနှင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း(Cost-Competitive)ကြောင့်ဖြစ်ပါသည်။ နောက်ထပ်အချက် တစ်ချက်မှာ အာဆီယံ၏ ခိုင်မာသည့် Free Trade ဖော်ဆောင်မှုကြောင့်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်များ နောက်ပိုင်းကတည်းက Free Trade Agreements (FTAs) များနှင့်အခြားသော Free Trade ပုံစံများသည် ဝင်ငွေမညီမျှမှုများ မြင့်တက်လာသည့်အတွက် စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများလည်း ကြီးထွားလာခဲ့ပါသည်။ စီးပွားရေး ကောင်းမွန်သည့် အချို့သောနိုင်ငံများသည် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ အားနည်းချက်(Trade Agreement Fatigue)ဖြင့် ရင်ဆိုင်နေရသည့် လက္ခဏာများလည်း ရှိနေပါသည်။ အာဆီယံအနေဖြင့် Regional Comprehensive Economic Partnership -RCEP တွင် ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် အာဆီယံအပေါင်း ၁ FTAs အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးအဆင့်အတန်း မတူညီသည့်နိုင်ငံများဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့အနေဖြင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံ များကို လွတ်လပ်စွာကုန်သွယ်မှုနှင့် စီးပွားရေးအသိုက်အဝန်းများမှတစ်ဆင့် ဆင်းရဲမွဲတေမှု စာရင်းမှဖယ်ရှားပေးနိုင်ခဲ့ခြင်းက အခြားသောနိုင်ငံများအတွက် အားတက်စရာဖြစ်ခဲ့ပါသည်။ အာဆီယံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံ အကြားတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချုပ်ချယ်မှုများ၊ နည်းပညာဆိုင်ရာ ကွဲလွဲမှုများနှင့် အခြားသော အကြောင်း ကိစ္စရပ်များကြောင့် စီးပွားရေးဖလှယ်မှုများ လျော့ကျသွားနိုင်သည့်အတွက် စွန့်ခွာခြင်းများ ဖြစ်ပေါ်လာမည်ကို ပညာရှင်များက စိုးရိမ်လျက်ရှိကြပါသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံက အဆိုပြုခဲ့သည့် Indo-Pacific Economic Framework for Prosperity-IPEF သည် မဟာမိတ်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများဖြင့် ကုန်သွယ်ရေးတိုးချဲ့ဖော်ဆောင်မှု “Friendshoring” သဘောတရားကို ရှာဖွေနေခြင်း ပင်ဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အာဆီယံ ၇ နိုင်ငံပါဝင်နေပြီး မေလတွင် ကျင်းပခဲ့သည့် G-7 အစည်းအဝေးတွင်လည်း ခေါင်းဆောင်များက Econimic Resilience and Economic Security နှင့် သက်ဆိုင်သည့် ထုတ်ပြန်ချက်ကို ချမှတ်ခဲ့ကြပါသည်။ Nikkei ဖိုရမ်တစ်ခုဖြစ်သည့် “Future of Asia” တွင် စင်ကာပူနိုင်ငံက အာရှနိုင်ငံသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များ ဖော်ဆောင်နိုင်မည်ဟု ပြောကြားထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွဲပြားမှုများကြောင့် ဒေသတွင်းအဖွဲ့ အစည်းများကို ယှဉ်ပြိုင်မှုများဖြစ်ပေါ်စေနိုင်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ပေါင်းစည်းသည့်နေရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်ရစေနိုင်ပါသည်။
တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့၏ ထောက်ပံ့ရေးကွင်းဆက်များအတွင်းသို့ နက်နက်ရှိုင်းရှိုင်းရောက်ရှိနေပြီး အာဆီယံအတွက် တရုတ်နိုင်ငံသည် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်ပါသည်။ အာဆီယံအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ မပြတ်လပ်စေရေးအတွက် Free Trade များဖြင့် အခြားသော အရင်းအမြစ် များမှ ဝယ်ယူခြင်းများကို လုပ်ဆောင်နေရပါသည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်နေရပြီး စားနပ်ရိက္ခာဖူလုံမှုနည်းပါးသည့်အပြင် သွင်းကုန်များ အပေါ်တွင်လည်း များစွာမှီခိုနေရပါသည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအညွှန်းကိန်းတွင် အဆင့် ၆ နေရာ၌ ရပ်တည် နေပါသည်။ လွတ်လပ်စွာကုန်သွယ်မှုအစီအစဉ်များသည် မသေချာမရေရာမှုများဖြင့် ရင်ဆိုင် နေရချိန်တွင် ဂျပန်နိုင်ငံနှင့် အာဆီယံတို့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု ဖော်ဆောင်ခြင်း များကို ပူးပေါင်းဆောင်ရွက်သင့်ပြီး ကုန်ပစ္စည်းဝယ်ယူမှုကို တစ်နိုင်ငံတည်းအပေါ်တွင် မှီခိုနေခြင်းထက် အရင်းအမြစ်ပေါင်းများစွာမှရရှိရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အာဆီယံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု ဖော်ဆောင်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သင့်ပြီး အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အပေါ်တွင် လွန်ကဲစွာမှီခိုမှုကို လျှော့ချသင့်ကြောင်း အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် အာဆီယံအဖွဲ့နှင့် ကုန်သွယ်မှုအများဆုံး ဖော်ဆောင်နေသည့်အပြင် ၎င်းနိုင်ငံအတွက် အကျိုးအမြတ်များကိုလည်း အဖွဲ့ဝင်နိုင်ငံ များထံမှ အပြန်အလှန်ရယူနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ အနေဖြင့် အင်အားခြင်းပြိုင်ဆိုင်နေသည့် နိုင်ငံကြီးများထံမှ အကူအညီများရယူ နေမည့်အစား ဂျပန်နိုင်ငံကဲ့သို့ ဒေသတွင်းအင်အားကြီးနိုင်ငံများဆီမှ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်နေသည်ဟု အကြံပြုထားပါသည်။
လက်ရှိတွင် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပင်လယ်ပြင်ပိုင်နက် အငြင်း ပွားမှုများရှိနေသော်လည်း နှစ်နိုင်ငံဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်း ထားနိုင်သည့်အပြင် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားနိုင်သည်ကို တွေ့ရှိရပါသည်။ ဒေသတွင်းနိုင်ငံများနှင့်လည်း စီးပွားရေး၊ နိုင်ငံရေးကဏ္ဍများတွင်လည်း မျှတစွာပုံဖော်ဆောင်ရွက်နိုင်သည့် အနေအထားမျိုး ရှိခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် အာရှတိုက်တွင် အမေရိကန်နိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်လာပြီး တရုတ်နိုင်ငံကို တန်ပြန်ဆောင်ရွက်သည့် ကြားခံနိုင်ငံကဲ့သို့လည်း ဖြစ်လာနေပါသည်။ သို့ရာတွင် စီးပွားရေးတိုးတက်မှုရှိနေသော အာဆီယံ အဖွဲ့၏ Free Trade ဖော်ဆောင်မှုများကို ဂျပန်နိုင်ငံမှ လက်လွတ်မခံနိုင်သောကြောင့် လက်တွဲဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဦးနှစ်ဖက်အတွက် စီးပွားရေးဆိုင်ရာ အကျိုး အမြတ်များ ပိုမိုရရှိလာနိုင်သည့်အပြင် ဒေသတွင်းနိုင်ငံများ၌ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖော်ဆောင်လာနိုင်မည်ဟု ယူဆရပါသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တရားဝင်သတမန်ရေးအရ အတက်အကျများရှိခဲ့သော်လည်း၊ Back Door Diplomacy နည်းလမ်းဖြင့် နောက်ကွယ်မှ ပံ့ပိုးမှုများရှိခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးတွင် ပါးနပ်လိမ္မာသော သံတမန်ရေးနည်းလမ်းများကို အသုံးပြုနိုင်မည်ဆိုပါက ဂျပန်-အာဆီယံ အပြန်အလှန်ဖော်ဆောင်မည့် စီးပွားရေး၊ ကုန်သွယ်ရေး အစီအစဉ်များသည် မြန်မာနိုင်ငံအတွက် သွယ်ဝိုက်၍ အကျိုးများစွာ ဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
73072823