Thursday, August 10, 2023

ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနောက်အုပ်စုဆန့်ကျင်ရေး သဘောတရား(Anti-Westernism)၊ BRICS အဖွဲ့ဝင်လိုသည့်နိုင်ငံများ များပြားလာခြင်းနှင့်ပတ်သက်ပြီးဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အနောက်အုပ်စုဝင်များကို ဆန့်ကျင်သည့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ (Global South)နိုင်ငံများ၏ လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်သည့် စိုးရိမ်ချက်များ၊ ယခင် ကိုလိုနီပြုကျင့်ခဲ့သည့် နိုင်ငံများအပေါ် မကျေနပ်ချက်များ၊ Global South နိုင်ငံများအနေဖြင့် BRICS တွင် အဖွဲ့ဝင်ဖြစ်ရန်အဆိုပြုလာမှုများနှင့် အနောက်အုပ်စုအနေဖြင့် လုပ်ဆောင်သင့်သည့်အကြံပြုချက်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ(Global South)နိုင်ငံများအနေဖြင့် မည်သည့်အင်အားကြီးနိုင်ငံဘက်မှ မလိုက်လိုသည့် သဘောထား များကြောင့် အနာဂတ် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း(World Order) ပုံဖော်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပါသည်။ တောင်အာဖရိကတွင် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် BRICS ထိပ်သီးညီလာခံတွင် ကမ္ဘာ့နိုင်ငံများ၏ ဦးတည်ချက်နှင့်ပတ်သက်သည့် အရေးပါသောအချက်များကို ထုတ်ဖော်လာနိုင်ပြီးလက်ရှိတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံသည် BRICS အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကြပြီး အခြားနိုင်ငံပေါင်း ၂၂ နိုင်ငံနီးပါးကလည်း BRICS နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားလျက်ရှိကြပါသည်။ BRICS ၌ အဖွဲ့ဝင်အသစ်အနေဖြင့် ပါဝင်လိုသူများတွင် Global South ထဲမှ အဓိကနိုင်ငံများ အားလုံးပါဝင်နေပြီး လာမည့်ညီလာခံတွင် BRICS နိုင်ငံများ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက)အနေဖြင့် အဖွဲ့ဝင်တိုးချဲ့မှုနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြ ထားပါသည်။
သို့သော်လည်း လက်ရှိ BRICS အမာခံ နိုင်ငံများအချင်းချင်း ဆက်ဆံရေးသည် ခိုင်မာမှု ရှိသည်ဟု မဆိုနိုင်သေးပါ။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်အရေးနှင့်ပတ်သက်၍ အငြင်းပွားနေကြပါသည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်က နှစ်နိုင်ငံနယ်စပ်ပဋိပက္ခများကြောင့် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် လူသေမှုဖြစ်ပွားခဲ့ပါသည်။ ရုရှားနိုင်ငံသမ္မတ Vladimir Putin ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(International Criminal Court-ICC)က စစ်ရာဇဝတ်မှုဖြင့် ဖမ်းဆီးရန် ဝရမ်းထုတ်ထားသည့်အတွက် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံအနေဖြင့် ဖမ်းဆီးပေးရန် တာဝန်ရှိနေပါသည်။ ထို့ကြောင့် Putin သည် လာမည့် BRICS အစည်းအဝေးကို Video Call ဖြင့်သာ တက်ရောက်လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။ Global South နိုင်ငံများအနေဖြင့် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်နေသည့်အတွက် အပြောင်းအလဲ တစ်ခုအတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ကြိုးပမ်းလာနိုင်ပါသည်။ ထိုအနာဂတ်အပြောင်းအလဲတွင် အထီးကျန်ဖြစ်လာနိုင်သည့်အဖွဲ့မှာ တရုတ်နှင့် ရုရှားနိုင်ငံ မဟုတ်ဘဲ အနောက်အုပ်စုဝင်နိုင်ငံများဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ကမ္ဘာ့နိုင်ငံများသည် အနောက်အုပ်စု၊ တရုတ်-ရုရှားအုပ်စုနှင့် ကြားနေအုပ်စုဟူ၍ အုပ်စု ၃ စု ကွဲနေပါသည်။ ဗြိတိန်နိုင်ငံ အခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့် Economist Intelligence Unit ၏ မတ်လတွင် ထုတ်ပြန်ခဲ့သည့် သုတေသနအစီရင်ခံစာ၌ ပထဝီဝင်နိုင်ငံရေးအလားအလာများတွင် သိသိသာသာပြောင်းလဲနေသည်ကို ဖော်ပြနေပါသည်။ အဆိုပါအစီရင်ခံစာတွင် လွန်ခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံကိုရှုတ်ချသည့် နိုင်ငံအရေအတွက်၊ သို့မဟုတ် အနောက်အုပ်စုဝင် နိုင်ငံများကို ထောက်ခံသည့်နိုင်ငံအရေအတွက်သည် ၁၃၁ နိုင်ငံမှ ၁၁၂ နိုင်ငံသို့ ကျဆင်း ခဲ့ပြီး ရုရှားနိုင်ငံကို ကျောထောက်နောက်ခံပြုနေသည့်နိုင်ငံ၊ သို့မဟုတ် ရုရှားနိုင်ငံကို အားပေးထောက်ခံသည့်နိုင်ငံသည် ၂၉ နိုင်ငံမှ ၃၀ နိုင်ငံအထိ တိုးလာခဲ့သည်ဟု ဆိုသည်။ တောင်အာဖရိက၊ အီရန်၊ ယူဂန္ဓာ၊ မာလီ၊ ဘူကီနာဖာဆိုနှင့် ဘိုလီဗီးယားနိုင်ငံတို့သည် ရုရှားနိုင်ငံကို ထောက်ခံလာခဲ့ကြပြီး ထိုကဲ့သို့ ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ် နေပါက လက်ရှိလစ်ဘရယ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအတွက် နောက်ထပ်ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လာ နိုင်ပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် အဆိုပါအခြေအနေကို ရပ်တန့်ပစ်ရန် လိုအပ်ပြီး ပြဿနာ၏ အကြောင်းအရင်းကို ဦးစွာရှာဖွေရမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ရဝမ်ဒါနိုင်ငံ၌ ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာညီလာခံ(Kigali Global Dialogue)တွင် Global South နိုင်ငံများ၏ အဓိက မကျေနပ်မှုများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ Kigali Global Dialogue သို့ Global South မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးစဉ်တွင် အနောက်အုပ်စုဝင် နိုင်ငံများအပေါ် ၎င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။ ထိုထုတ်ဖော်ပြောကြားခဲ့မှုများအရ Global South နိုင်ငံများ၏ အနောက်အုပ်စုဝင်နိုင်ငံများ အပေါ် မကျေနပ်သည့် အဓိကအချက် ၃ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့်အမေရိကန်နှင့် ဥရောပနိုင်ငံများ ဦးဆောင်နေသည့် ကမ္ဘာ့အခင်းအကျင်းသည် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမြင်များကို လုံလောက်စွာ ထင်ဟပ်စေခြင်းမရှိဟု ယုံကြည် နေကြပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ တွင်လည်း အနောက်အုပ်စုဝင် ၃ နိုင်ငံပါဝင်နေသည့်အတွက် မျှတမှုမရှိဟုဆိုပြီး လူဦးရေ များပြားလှသည့် အာဖရိကနှင့် လက်တင်အမေရိကဒေသမှ နိုင်ငံများသည် အဖွဲ့ဝင် အဖြစ် ပါဝင်သင့်သည်ဟု ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့ခဲ့ခြင်းကြောင့် ဖြစ်ပေါ် လာသော စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် Global South နိုင်ငံများ၏ တည်ငြိမ်မှုကို ထိခိုက်စေသည်ဟု ရှုမြင်နေကြပါသည်။ Global South နိုင်ငံအများစုသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုများကို ဆန့်ကျင်နေကြသော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်စေလိုကြပါသည်။ အချို့က အနောက်အုပ်စုဝင်နိုင်ငံ များ၏ “Double Standard” ကျင့်သုံးနေမှုကို ထောက်ပြခဲ့ကြပါသည်။ ဥပမာအားဖြင့် ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်နှစ်ပေါင်းများစွာကြာဖြစ်ပွားခဲ့သော်လည်း အနောက် အုပ်စုဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံဖြစ်စဉ်ကဲ့သို့ တုံ့ပြန်ခြင်းမပြုလုပ်ခဲ့ဟု ဆိုသည်။ ၂၀၀၃ ခုနှစ်တွင်လည်း အမေရိကန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါဝင်ဘဲ အီရတ်နိုင်ငံကို ကျူးကျော်မှုပြုလုပ်ခဲ့ပါသေးသည်။ တတိယအချက်မှာ အဓိက ကျသည့် ပြဿနာအရင်းအမြစ်များဖြစ်ပြီး Global South နိုင်ငံများအနေဖြင့် အနောက် အုပ်စုဝင်နိုင်ငံများ၏ ယခင်ကကိုလိုနီပြုခဲ့မှုများအပေါ် နက်ရှိုင်းစွာအမြစ်တွယ်နေသည့် မကျေနပ်မှုများဖြစ်ပါသည်။ ထိုသို့ ကိုလိုနီပြုကျင့်ခဲ့မှုများက Global South နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု အဆိုပါနိုင်ငံများက တညီတညွတ်တည်း မှတ်ယူထားကြကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အထက်ပါပြဿနာရပ်များသည် အသစ်အဆန်း မဟုတ် သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပါဝါနှင့်လွှမ်းမိုးမှုမြင့်မားလာသည့်နှင့်အမျှ နှစ်ပေါင်း များစွာ တအုံနွေးနွေးဖြစ်နေသည့် မကျေနပ်မှုများက ပေါက်ကွဲထွက်လာနိုင်သည်ဟု ဆိုပါသည်။ ကိုလိုနီပြုလုပ်ခဲ့သည့်နိုင်ငံများအနေဖြင့် ၎င်းတို့ပြုလုပ်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းသင့်ပါသည်။ ထိုသို့မကျေနပ်ချက်ကို အခွင့်ကောင်းယူ၍ တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ကိုလိုနီဆန့်ကျင်ရေးစည်းရုံးမှုကို အရှိန်မြှင့်လာကြပါသည်။ ရုရှားနိုင်ငံ အနေဖြင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒတွင် ခေတ်သစ်ကိုလိုနီစနစ်(New Colonialism) ဆန့်ကျင်ရေးသဘောတရားများ ထည့်သွင်းထားပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကိုလိုနီစနစ်ကိုဆန့်ကျင်ပြီး Global South နိုင်ငံများကို စည်းရုံးနေပါသည်။ ယခင်က ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ထိုကဲ့သို့သော သံတမန်ရေးဆိုင်ရာနည်းဗျူဟာများကို အသုံးချခဲ့ဖူးပြီး ရုရှားနိုင်ငံသည် စစ်အေးခေတ်အတွင်းကတည်းက ကိုလိုနီ ဆန့်ကျင်ရေးကို ထောက်ခံခဲ့ပါသည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏ အခြေခံဥပဒေနိဒါန်းတွင် အဆိုပါ မူဝါဒကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Global South နိုင်ငံများနှင့် ပတ်သက်သည့် လုပ်ဆောင်ချက် များကို လျစ်လျူမရှုသင့်ဘဲ အကယ်၍ လျစ်လျူရှုထားပါက အနောက်အုပ်စုနှင့် Global South နိုင်ငံများ၏ ဆက်ဆံရေးကို ဝေးကွာသွားစေနိုင်သည်ဟု ဆိုသည်။ QUAD အဖွဲ့ဝင် ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကိုလိုနီစနစ်နှင့်ပတ်သက်၍ မကျေနပ်မှုများရှိနေပါသည်။ ထိုသို့ ကိုလိုနီပြုမှုအပေါ်နက်ရှိုင်းသည့် မကျေနပ်မှုများရှိနေသည့် Global South နိုင်ငံ များ၏ သဘောထားကို အလေးအနက်ထားခြင်းဖြင့် အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့်Global South နိုင်ငံများနှင့် အပြန်အလှန်အကျိုးရှိမည့် ဆက်ဆံရေးကို ဆွေးနွေးမှု များမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားထားချက်များအရ BRICS အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားနှင့် စည်းရုံးရေးလမ်းကြောင်းသည် Global South နိုင်ငံများဆီသို့ ဦးတည် နေကာ အောင်မြင်မှုရရှိနေပြီး အနောက်အုပ်စုနိုင်ငံများအနေဖြင့် နောက်ကောက်မကျ စေရန် ပြုပြင်သင့်သည်များကို ထောက်ပြအကြံပြုထားကြောင်း တွေ့ရှိရပါသည်။ အထူး သဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အာရှဒေသတွင်းအပြင် အာဖရိကဒေသရှိ နိုင်ငံများ ကိုပါ ၎င်းတို့၏ အင်အားစည်းရုံးရေးခြေလှမ်းများတွင် ထည့်သွင်းလာသည်ကို တွေ့ရှိရပြီး အာရပ်နိုင်ငံများအပြင် အာဂျင်တီးနားနှင့် အီရန်နိုင်ငံတို့ကလည်း လက်ရှိ အချိန်တွင် BRICS တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်လိုနေကြပါသည်။ ထို့ပြင် BRICS အဖွဲ့အနေဖြင့် သီးခြားငွေကြေးတီထွင်ဖော်ဆောင်ရန် ပြင်ဆင်နေပြီး ထိုငွေကြေး စနစ်ဖြင့် ကုန်သွယ်ရေးနှင့် အရန်ငွေကြေးစနစ်များ ဆောင်ရွက်လာပါက ဒေါ်လာ လွှမ်းမိုးမှုအား လျှော့ချနိုင်သဖြင့် အမေရိကန်နှင့် အနောက်အုပ်စုဝင်နိုင်ငံများအတွက် အထိနာစေမည်ဟု ယူဆမိပါသည်။
လက်ရှိတွင် BRICS သည် အနောက်အုပ်စု၏ လွှမ်းမိုးမှုမရှိသည့် အဖွဲ့အစည်း ဖြစ်ပြီး Global South နိုင်ငံများအားလုံးက ပူးပေါင်းပါဝင်ရန် စိတ်အားထက်သန်လျက်ရှိသော်လည်း ဦးဆောင်အဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ် ရေးရာပဋိပက္ခများနှင့် ရုရှားနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကြောင့် အဖွဲ့ဝင် တိုးချဲ့ရေး အစီအစဉ်များတွင် စိန်ခေါ်မှုများလည်း ရှိနေမည်ဖြစ်ပါသည်။ အချုပ်အားဖြင့် လိုတစ်မျိုး၊ မလိုတစ်မျိုးမူ (Double Stanadard) နှင့် ဗိုလ်ကျလွှမ်းမိုးမှု (Hegemony) ကို ကိုင်စွဲ၍ ကမ္ဘာ့အခင်းအကျင်း ဖော်ဆောင်ထားသည့် အမေရိကန်နိုင်ငံအနေဖြင့် ကိုလိုနီပုံစံသစ် (New Colonialism) ကို ဆန့်ကျင်သည့်သဘောတရားများအား အခြေခံထားသော BRICS ကဲ့သို့ နိုင်ငံစုံအဖွဲ့၏ အဖွဲ့ဝင်များ ကျယ်ပြန့်နက်ရှိုင်းလာခြင်းကို တုံ့ပြန်နိုင်ရန် ၎င်းတို့၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ဦးစွာပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါသည်။
မကြာမီက ဖြစ်ပေါ်ခဲ့သော အာဖရိကနိုင်ငံများဖြစ်သည့် မာလီ၊ ဘူကီနာဖာဆို၊ နိုင်ဂျာနိုင်ငံတို့တွင် စစ်ဘက်မှအာဏာရယူပြီး ၎င်းတို့အား ကိုလိုနီပြုခဲ့သော ပြင်သစ် နိုင်ငံအပါအဝင် အနောက်အုပ်စုဝင်နိုင်ငံများကို ပြစ်တင်ရှုတ်ချ၍ အာဖရိကအား လွှမ်းမိုးရန်ကြိုးစားလာသော ရုရှားနှင့် တရုတ်နိုင်ငံတို့အား ထောက်ခံမှုပြုလုပ်နေခြင်းသည် ကိုလိုနီ ဖြစ်ခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားကို ထင်ဟပ်စေပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲကိုလိုနီစနစ်၏ ဒဏ်ကိုခံခဲ့ရသည့် နိုင်ငံများသည် နိုင်ငံကြီးများ၏ အားပြိုင်မှုတွင် ကြားမညပ်လိုသောကြောင့် နိုင်ငံများစုပေါင်းထားသည့် နိုင်ငံတကာအဖွဲ့အစည်းတွင် ပါဝင်နိုင်ရန် လိုလားလျက်ရှိပါသည်။ ထို့ကြောင့် အနာဂတ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ၊ ကိုလိုနီပြုခံခဲ့ရသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် သဘောထားများကို လေးစားသည့် ကမ္ဘာ့အင်အားကြီးအုပ်စုများ အင်အားကောင်းလာဖွယ်ရာရှိသည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
83081123

[1]။ HIROYUKI AKITA.“ Will anti-Westernism sweep Global South?”. Nikkei Asia, Aug 5, 2023 [https:// asia.nikkei.com/Spotlight/ Comment/ Will-anti-Westernism-sweep-Global-South/]-accessed on Aug 8, 2023

Wednesday, August 9, 2023

အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာနိုင်ခြင်း ရှိ/မရှိနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး တင်းမာမှုများနှင့် အဆိုပါတင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းမှုများ၊ တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံစလုံး၏ နယ်စပ်ပဋိပက္ခများနှင့်ပတ်သက်သည့် သဘောထားအမြင်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် ၂၀၂၀ ပြည့်နှစ်၊ မေလကတည်းက နယ်စပ်ပဋိပက္ခများကြောင့် တင်းမာမှုများရှိနေခဲ့ပြီး လက်ရှိ အချိန်ထိ အပြုသဘောဆောင်သည့် ရလဒ်များ မရရှိသေးဟုဆိုပါသည်။ ထိန်းချုပ်ရေးမျဉ်း (Line of Actual Control-LAC) တစ်လျှောက် နယ်မြေအနည်းငယ်တွင်သာ တပ်ဖွဲ့များ ဆုတ်ခွာမှုရှိနေပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း စစ်ရေး၊ သံတမန်ရေး ဆွေးနွေးပွဲ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ကောင်းမွန်သည့် ရလဒ် အနည်းငယ်သာ ထွက်ပေါ်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ကျင်းပပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး သွားရောက်မည့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Li Shangfu ၏ ခရီးစဉ် မတိုင်မီတွင် တရုတ်-အိန္ဒိယ (၁၈)ကြိမ်မြောက် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သို့သော် အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ထုတ်ပြန်ချက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
၃။ ၂၀၂၃ ခုနှစ်၊ မေလနှောင်းပိုင်းကာလတွင် နယ်စပ်ရေးရာနှင့်ပတ်သက်၍ Working Mechanism for Consultation and Coordination on Inida-China Border Affairs-WMCC) ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် မကြာမီ ကာလများ၌ စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမည်ဟု ပြောကြား ထားပါသည်။ ထို့ပြင် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံက ကျင်းပပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (XI Jinping) ကိုယ်တိုင် တက်ရောက်ရန် စီစဉ်ထားရှိမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်လာ စေနိုင်မည်ဟု ဆိုပါသည်။ အဆိုပါထိပ်သီးဆွေးနွေးပွဲသည် ဇူလိုင်လက အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး Ajit Doval နှင့် တရုတ်နိုင်ငံထိပ်တန်းသံတမန် Wang Yi တို့၏ တွေ့ဆုံပွဲမှ နောက်ဆက်တွဲ အကျိုးရလဒ်များဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးတည်ငြိမ်မှုများ လိုလားလျက်ရှိသည်ဟု ဖော်ပြထားပါသည်။
Ajit Doval နှင့် Wang Yi တို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး Doval သည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်တည်ဆောက်ရန်၊ အတားအဆီးများကို ဖယ်ရှားရန်အတွက် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင်သင့်သည်ဟု ပြောကြား ထားပါသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ထုတ်ပြန်ချက်တွင် တူညီသည့်တစ်ခုတည်းသော အချက်မှာ ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက်ပါ အရေးကြီးသည့် သဘောတူညီချက်ပင်ဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်သည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးထက် ကြီးမားသည့် မဟာဗျူဟာမြောက် သဘောတရားများ ပါဝင်နေပြီး နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းခြိမ်းခြောက်မှု မဖြစ်စေရေး မဟာဗျူဟာကို လိုက်နာသင့်ပြီး ၎င်းတို့အချင်းချင်းသည်ပင်လျှင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများဖြစ်နေကြောင်း ဆိုပါသည်။ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ရန်အတွက် တိကျသော မူဝါဒများနှင့်အညီ အမှန်တကယ်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံက တိုက်တွန်းပြောကြားခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar သည် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးမရမချင်း တရုတ်-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်မလာနိုင်ဟု ပြောကြားထားမှုလည်းရှိပါသည်။ ပြီးခဲ့သည့် (၁၈)ကြိမ်မြောက် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် East Ladakh တွင် နှစ်ဖက်စလုံးမှ တပ်ဖြန့်ချထားသည့် တင့်ကား၊ အမြောက်နှင့် ဒုံးပျံစနစ်များကဲ့သို့သော လက်နက်ကြီးများနှင့် တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်အား ပြန်လည်တပ်ဆုတ်ရန်၊ တင်းမာမှုများ လျှော့ချရန်နှင့် တိကျသည့် ဆုံးဖြတ်မှုများ ချမှတ်ရန် လိုလားလျက်ရှိပါသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသော်လည်း နှစ်နိုင်ငံနယ်စပ်ပဋိပက္ခ လျှော့ချနိုင်ရေးအတွက် အပြုသဘောဆောင်သည့် တိုးတက်မှုများမရှိသေးကြောင်းနှင့် သမ္မတ ရှီကျင့်ဖျင်၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာစေရန် မျှော်မှန်းထားရှိ သော်လည်း ဖြစ်နိုင်ချေနည်းပါးလျက်ရှိသည်ဟုဆိုပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီတွင် နယ်စပ်ဒေသငြိမ်းချမ်းရေးကို လိုလားလျက်ရှိပြီး အလေးထားလုပ်ဆောင်လျက်ရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်ပြဿနာကြောင့် ဆက်ဆံရေး တင်းမာလျက်ရှိနေကြောင်း၊ နှစ်နိုင်ငံစလုံးမှ တင်းမာမှုများလျော့ချရန်လိုလားလျက်ရှိနေသော်လည်း၊ လက်တွေ့တွင် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် ခက်ခဲနေသေးကြောင်း အနောက်အုပ်စု အာဘော်မှ သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ်ပြဿနာသည် ၂၀၂၀ ပြည့်နှစ်၊ မေလကတည်းက စတင်ခဲ့ပြီး (၅)ကြိမ်တိုင် ထိတွေ့မှုများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ အခြေအနေများကို ထိန်းချုပ်ရန် အတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ အဆင့်ဆင့် ပြုလုပ်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ အပြုသဘောဆောင်သည့် အခြေအနေကို မရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံမှ သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်တက်ရောက် လာပါက အဆိုပါထိပ်သီးအစည်းအဝေးပြင်ပတွင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်၍ ဦးစားပေးဆွေးနွေးမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ရပါသည်။ ယခုကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အိန္ဒိယနှင့် တရုတ် မသင့်မြတ်ခြင်းထက် သင့်မြတ်နေခြင်းက ပိုကောင်းမည်ကို နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ကောင်းစွာ တွေးဆနိုင်ဖွယ်ရှိပါသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်ရုံ သာမက သုံးနိုင်ငံထိတွေ့နေသော နယ်နိမိတ်များတွင် လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ နယ်စပ်တင်းမာမှုများသည် အခြားကမ္ဘာ့နိုင်ငံများထက် မိမိတို့နိုင်ငံအပေါ်တွင် သက်ရောက်မှုများစွာရှိမည်ဖြစ်ပါသည်။ အထူးသဖြင့် လူဦးရေနှင့် စစ်ရေးအင်အားကြီးမားသော နှစ်နိုင်ငံအကြားတွင် မြန်မာနိုင်ငံအထက်ပိုင်းညပ်၍ တည်ရှိနေမှုကလည်း ပထဝီနိုင်ငံရေးကို များစွာသက်ရောက်နေပါသည်။ ထိုနိုင်ငံကြီးနှစ်နိုင်ငံအကြား သမမျှတစွာ ရပ်တည်နေနိုင်ပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေးရှုဖော်ဆောင်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
82081023

[1]။ Rajeswari Pillai Rajagopalan,.“ Should We Expect a Thaw in China-India Relations Soon?”. The Diplomat. August 4, 2023 [https://thediplomat.com/should-we-expect-a.../]-accessed on August 6, 2023.

Tuesday, August 8, 2023

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တောင်တရုတ်ပင်လယ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အာဆီယံ၏စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ရုံသာမက တောင်တရုတ်ပင်လယ်အရေးနှင့် ဒေသတွင်းအရေးကိစ္စများတွင် အင်အားကြီးနိုင်ငံများ ဝင်ရောက် မစွက်ဖက်နိုင်ရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း သုံးသပ်ရေးသားထားသည့် ဆောင်းပါးအား Nikke Asia သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။ [1]
ဖော်ပြချက်
အာဆီယံအဖွဲ့အနေဖြင့် ရေကြောင်းဆိုင်ရာ ပူးတွဲလေ့ကျင့်ခန်းကို လာမည့် စက်တင်ဘာလတွင် ပြုလုပ်သွားရန်စီစဉ်ထားပါသည်။ အာရှ-ပစိဖိတ်ဒေသရှိ အာဆီယံ အဖွဲ့အနေဖြင့် သံတမန်ရေးရာ ဗဟိုချုပ်ကိုင်မှုများနှင့် အကျိုးအမြတ်များကို စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရချိန်တွင် အဆိုပါ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းက အာဆီယံအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်လာနိုင်သည်ဟု ဆိုပါသည်။ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံက တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကနဦးရည်ရွယ် ထားသည့် မြောက်ပိုင်း Natuna ပင်လယ်တွင် စစ်ရေးလေ့ကျင့်ပါက တရုတ်နိုင်ငံဘက်မှ မလိုလားအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်လာစေနိုင်သည်ဟု ကမ္ဘောဒီးယားနိုင်ငံက ပြောကြားခဲ့ပါသည်။ ထိုသို့ ကမ္ဘောဒီးယားနိုင်ငံ၏ တောင်းဆိုချက်ကြောင့် လေ့ကျင့်ခန်း ပြုလုပ်မည့်နေရာသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံကတောင်းဆိုနေသည့် ပိုင်နက်များနှင့် ဝေးရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း ဖော်ပြထားပါသည်။
လေ့ကျင့်ခန်းပြုလုပ်မည့်နေရာ ရွှေ့ပြောင်းမှုသည် အာဆီယံအဖွဲ့၏ လုံခြုံရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများကို အနည်းငယ်ယိမ်းယိုင်စေသော်လည်း အင်ဒိုနီးရှားနှင့် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံက တောင်းဆိုနေသည့် “Nine-Dash Line” အတွင်း နောက်ထပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ကြိုးပမ်းမှုများကို ဟန့်တားနိုင်မည်မဟုတ်ဟု ဆိုပါသည်။ ထိုသို့စစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်မှုသည် မူဝါဒရေးရာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ ရှုထောင့်အရကြည့်မည်ဆိုပါက ကျိုးကြောင်းဆီလျော်မှုရှိပြီး အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု(Centrality)ကို အတည်ပြုဖော်ဆောင်ပေးနိုင်မည်ဟုဆိုပါသည်။ စစ်ရေးလေ့ကျင့်ခန်းကို ကောင်းမွန်စွာပုံဖော်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါကအာဆီယံ၏ စည်းလုံးညီညွတ်ရေးကို အထောက်အကူပေးနိုင်မည့်အပြင် ဒေသတွင်း၌ အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင်မှုမဖြစ်ပေါ်လာစေရန်နှင့် တရုတ်နိုင်ငံ၏ အပြုအမူများကိုထိန်းချုပ်ခြင်းများအတွက်လည်း အကူအညီဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ တက်ကြွစွာဆောင်ရွက်နေမှုများကြောင့် ကန့်ကွက်မှုများပြုလုပ်လာနိုင်သော်လည်း တားမြစ်ရန် ခက်ခဲနိုင်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနှင့်တိုက်ရိုက်ပတ်သက်မှုမရှိသော်လည်း အပြည်ပြည်ဆိုင်ရာရေပိုင်နက် အခိုင်အမာ သတ်မှတ်မှုအတွက် အထောက်အကူဖြစ်စေမည့် အာဆီယံ၏ စစ်ရေးလေ့ကျင့်ခန်းကို ကြိုဆိုလိမ့်မည်ဖြစ်ပါသည်။ လေ့ကျင့်ခန်းတွင် အာဆီယံပြင်ပနိုင်ငံများ၏ ပါဝင်မှုသည်အဖွဲ့၏အဓိက လုပ်ဆောင်ချက်များကို လျော့ပါးစေနိုင်သည့်အတွက် အာဆီယံနိုင်ငံများ သည်သာ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း သည်လည်း အင်ဒိုနီးရှားနိုင်ငံက ဖော်ပြသကဲ့သို့ စစ်ရေးလေ့ကျင့်မှုဆိုသည်ထက် လူသားချင်းစာနာထောက်ထားမှုကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် တောင်းဆိုမှုများကို ဖြေရှင်းနိုင်ရုံသာမက တရုတ်နိုင်ငံ၏ ရေပိုင်နက် ထပ်တိုးတောင်းဆိုမှု များကိုလည်း တားမြစ်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါလေ့ကျင့်ခန်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါက အနာဂတ်တွင် လေ့ကျင့်ခန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာမည့်အပြင် အမေရိကန်ကဲ့သို့နိုင်ငံများ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာမှု ပြုလုပ်နိုင်မည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဒေသတွင်း၌ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများနှင့် ဒေသတွင်းအရေးကိစ္စ များတွင် ဝင်ရောက်စွက်ဖက်မှုများ လျော့နည်းသွားနိုင်ပါသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အဖွဲ့ဝင်နိုင်ငံအချို့မှ ကန့်ကွက်လာနိုင်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကန့်ကွက်မှု များကို ကျော်လွှားနိုင်ရန် မည်သို့ဆောင်ရွက်မည်နည်းဆိုသည့်အချက်သည် မေးခွန်း ထုတ်စရာဖြစ်လာကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အာဆီယံအဖွဲ့အတွင်း ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများကို နောက်ထပ်ဆွေးနွေးမှု ပြုလုပ်ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။ အကယ်၍ သဘောထားကွဲလွဲမှုများ ဆက်လက်တည်ရှိနေပါက အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံးကို ၎င်းတို့ဆန္ဒအလျောက်ပါဝင်နိုင်ရန် လမ်းဖွင့်ပေးရမည် ဖြစ်ပါသည်။ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အဆိုပါ လေ့ကျင့်ခန်းတွင် ဝင်ရောက်ဆောင်ရွက်နိုင်သည်ဟု ယူဆရပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများဖြင့်သာ ချဉ်းကပ်ဆောင်ရွက်ခြင်းများက တစ်မူထူးခြားနေသော်လည်း အင်အားကြီး နိုင်ငံများဝင်ရောက်စွက်ဖက်ခြင်းမရှိပါက အကောင်အထည်ပေါ်လာနိုင်ပါသည်။ အာဆီယံ နိုင်ငံများအနေဖြင့် စစ်ရေးလေ့ကျင့်မှုအပေါ် သဘောမတူညီမှုများကို ကျော်လွှားနိုင်ရန် အတွက် လိုအပ်ပါက “Informal”ဟု သုံးနှုန်းပြီး လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ပြီး အထက်တွင်ဖော်ပြခဲ့သည့် ၆ နိုင်ငံက ပါဝင်ဆောင်ရွက်မည်ဆိုပါက အာဆီယံအနေဖြင့် လေ့ကျင့်ခန်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ အာဆီယံ အဖွဲ့အနေဖြင့် ၎င်း၏မူလရည်ရွယ်ချက်နှင့် လိုက်လျောညီထွေရှိသည့် ခြေလှမ်းတစ်ရပ်ကို စတင်နိုင်မည်ဖြစ်သည့်အပြင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သည့် တင်းမာမှု များအား လျှော့ချနိုင်မည့် လုပ်ဆောင်ချက်များကို ခိုင်မာစွာရပ်တည် ဖော်ဆောင် နိုင်မည်ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် သဘောထားတူညီသည့် နိုင်ငံများအနေဖြင့် ပေါ်ပေါက်လာသည့်အခွင့်အရေးတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးလေ့ကျင့်ခန်းနှင့်ပတ်သက်၍ သဘောထား တင်းမာမှုများရှိနေသော်လည်း အဆိုပါလေ့ကျင့်ခန်းကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဆိုပါက အာရှဒေသအတွင်း၌ အာဆီယံ၏ ရပ်တည်မှုများ ခိုင်မာအားကောင်း လာနိုင်ပြီး အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု များကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဟူသော အာဘော်ကို တင်ဆက်ထားပါသည်။ လက်ရှိအချိန်တွင်တရုတ်နှင့် ရေပိုင်နက်အငြင်းပွားမှုရှိနေသော အင်ဒိုနီးရှားနိုင်ငံသည် “ASEAN Centrality” ဆိုသည့် အသုံးအနှုန်းကို မြှင့်တင်ရန် အတွက်ဟုဆိုကာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်လိုသော်လည်း တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားလိုသည့် အတွက် စစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်နေသည်ကို တွေ့ရှိရပါသည်။ လက်တွေ့တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း အာဆီယံ၏အားကိုယူ၍ ၎င်းနိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ တရုတ်နိုင်ငံနှင့် အဆင်ပြေသည့်နိုင်ငံများဘက်မှလည်း ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နေကြခြင်းသာဖြစ်ပါသည်။
အင်အားကြီးနိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေးအရ အာဆီယံဒေသအတွင်း ဖိအားပေးခြင်း၊ ထောက်ပံ့ကူညီခြင်း စသည့်နည်းလမ်းများသုံး၍ ဝင်ရောက်စည်းရုံး ဆောင်ရွက်နေချိန်တွင် အာဆီယံဒေသအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မှု များလည်း တိုးမြှင့်လှုပ်ရှားချိန်နှင့် တိုက်ဆိုင်နေပါသည်။ သို့သော်လည်း ထိုကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများကို အာဆီယံနိုင်ငံများအားလုံးပါဝင်၍ အားလုံးသဘောတူနိုင်သည့် နေရာတစ်ခုကို ရွေးချယ်နိုင်ပြီး အမှန်တကယ် အာဆီယံကို ဗဟိုပြုသည့် လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း အာဆီယံအဖွဲ့၏ ဂုဏ်သိက္ခာအတွက် များစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။
ယခု ကျင်းပရန်စီစဉ်နေသည့် စစ်ရေးလေ့ကျင့်မှုတွင် တိုက်ခိုက်ရေး အစီအစဉ်များ ပါဝင်မည်မဟုတ်ကြောင်း ကြေညာထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် အနောက်အုပ်စုနိုင်ငံများ၊ ၎င်း၏မဟာမိတ်နိုင်ငံများနှင့် ရေကြောင်းဆိုင်ရာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ထားခြင်း၊ သံတမန်ဆက်ဆံရေး ကောင်းမွန်နေခြင်း၊ အဆိုပါနိုင်ငံများအပေါ် ပံ့ပိုးမှုများရှိနေခြင်းနှင့် လေ့ကျင့်ခန်းနေရာအား ရေပိုင်နက်အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း မဏာမရွေးချယ်ထားခြင်းကြောင့် တရုတ်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံကြီးများ၏ သွယ်ဝိုက်လွှမ်းမိုးမှုများရှိနေမည်သာဖြစ်ပါသည်။ အာဆီယံအဖွဲ့အနေဖြင့်ဆိုရပါသော် ပြည်ပလွှမ်းမိုးမှုကိုလျော့ချပြီး အဖွဲ့ဝင်အားလုံးပါဝင်နိုင်သည့် လေ့ကျင့်ခန်းဆောင်ရွက်နိုင်ရေးသည် ပညာခန်းဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်မူ မိမိ၏ အမျိုးသားအကျိုးစီးပွားကို မထိခိုက်စေဘဲ လေ့ကျင့်ခန်းပါဝင်ဆောင်ရွက်နိုင်ခြင်းသည် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
81080923

[1]။ Scot Marciel.“ ASEAN shouldn't give up on idea of South China Sea naval drill”. Nikkei Asia, Aug 3, 2023 [https://asia.nikkei.com/.../ASEAN-shouldn-t-give-up-on... /]-accessed on Aug 4, 2023

Monday, August 7, 2023

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲပေါ် မှတ်ချက်ပြုနေကြမှု အမျိုးမျိုးနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ရာထူးမှ ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်၍ ထင်ကြေးပေးထားမှုများအပေါ် သိသင့်သည့်အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်နိုင်ငံတွင် “58-Year Old Phenomenon” ဆိုသည့် ပြောစမှတ်တစ်ခု ရှိပါသည်။ ၎င်း၏ဆိုလိုရင်းမှာ အသက် ၆၀ နှစ် ပြည့်ခါနီးသည့် ပြည်သူ့ဝန်ထမ်းများနှင့် အရာရှိများသည် အသက် ၅၈ နှစ်အရွယ်တွင် ၎င်းတို့နှင့်သက်ဆိုင်ရာရုံးများမှ ထောက်ပံ့ငွေ ခံစားခွင့်ကို နောက်ဆုံးအနေဖြင့် ရယူနိုင်ကြပါသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ပြည်သူ့ဝန်ထမ်း များနှင့် အရာရှိများအနေဖြင့် တာဝန်မှအနားယူသည့်အခါတွင် အစိုးရပိုင်းမှ နောက်ထပ် ထောက်ပံ့ငွေခံစားခွင့်မရှိတော့သောကြောင့်ဖြစ်ပါသည်။ အဆိုပါအကြောင်းအရာများက ရေရာသည့်အကြောင်းအရာမရှိဘဲ ရာထူးမှ ရုတ်တရက်ထုတ်ပယ်ခံရသည့် အသက် ၅၇ နှစ် အရွယ်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang အတွက် သက်ရောက်နိုင်ဖွယ် ရှိ/မရှိနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာဖြစ်လာကြောင်း‌ ဖော်ပြထားပါသည်။
Qin ၏ ထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ Wang Yi နှင့် Qin တို့၏ အင်အားပြိုင်မှုများ ရှိနေခြင်း၊ Qin ထက် ပိုမိုအရည်အချင်းရှိသည့်သူများကိုနေရာပေးလိုခြင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အမှားတစ်ခုပြုလုပ်မိ၍ ထုတ်ပယ်ခံရခြင်းစသည်ဖြင့် မီဒီယာများက အမျိုးမျိုးထင်ကြေးပေးပြောကြားနေကြပါသည်။ ထို့ပြင် Qin အနေဖြင့် ၎င်း၏ရာထူးကို အသုံးချပြီး အကျိုးအမြတ်ရှာခြင်းကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု ထင်ကြေးပေးပြောကြားနေကြပါသည်။ သို့သော် နိုင်ငံတော် အတိုင်ပင်ခံရာထူး ဆက်လက်ထမ်းဆောင်နေရခြင်းကြောင့် စွပ်စွဲချက်များနှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရပြီး ၎င်းကို State Council မှ ထုတ်ပယ်ခြင်းလည်း မရှိသေးဘဲ နိုင်ငံတော်အတိုင်ပင်ခံရာထူးသည် ဝန်ကြီးများအထက်တွင်ရှိသည့်အတွက် Qin သည်အာဏာဆက်လက်ရှိနေသေးသည့် အနေအထားဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိတွင် Qin အနေဖြင့် အန္တရာယ် ရှိသည့် အခြေအနေဖြင့် ရင်ဆိုင်ရမည်မဟုတ်ဘဲ Xi Jinping လက်အောက်တွင် ၎င်းအနေဖြင့် စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများဖြင့် အပြစ်ရှိကြောင်း ထင်ရှားလျှင်၊ သို့မဟုတ် သံသယဖြစ်ဖွယ်တစ်စုံတစ်ရာရှိလျှင် လက်ရှိရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်ရမည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် နောက်ထပ် အကြောင်းအရာတစ်ခုအနေဖြင့် Qin သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိန်းချုပ်ထားရန် သံတမန်ရေးရာ ဆောင်ရွက်ချက်များပြုလုပ်ခဲ့သည်ဟူသည့် စွဲချက်များဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ၎င်းသည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ချိန်တွင် အမေရိကန်နိုင်ငံသံတမန်နှင့် ဂျာနယ်လစ်များဖြင့် ရင်းနှီးစွာ နေထိုင်ခဲ့မှုများရှိခဲ့ဖူးပါသည်။ ထို့ကြောင့် Blinken တရုတ်နိုင်ငံသို့လာရောက်စဉ်အတွင်း Qin ၏ သံတမန်ရေးရာ အမှားပြုလုပ်ခဲ့ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေခြင်းဖြစ်ပါသည်။ အကယ်၍ Qin အနေဖြင့် နိုင်ငံရေးအရ သံသယဖြစ်ဖွယ်ရာများ ဆောင်ရွက်ခဲ့ပါက ပိုမိုအထိနာနိုင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ဥပဒေတစ်ရပ်ဖြစ်သည့် စည်းကမ်းချိုးဖောက်သည်ဟု သံသယရှိခြင်းကြောင့် ရာထူးမှဖယ်ရှားခြင်း “Shuanggui” ခံရနိုင်ပါသည်။ နောက်ထပ်အကြောင်းအရာတစ်ရပ်အနေဖြင့် Qin သည် ကွန်မြူနစ်ပါတီကို အသက် ၃၂ နှစ်အရွယ်မှဝင်ရောက်ခဲ့သဖြင့် ၎င်းအပေါ် နိုင်ငံရေးအရ မယုံကြည်ခြင်းကြောင့် ရာထူးမှထုတ်ပယ်ခြင်းဖြစ်သည်ဟုလည်း ယူဆနိုင်ကြောင်းဖော်ပြထားပါသည်။
အချုပ်အားဖြင့် Qin ထုတ်ပယ်ခံရမှုနှင့်ပတ်သက်သည့် တရားဝင်အကြောင်းအရာ များကို မသိရှိရသေးသော်လည်း ရာထူးမှထုတ်ပယ်ခံရသည်မှာ သေချာကြောင်း၊ ၎င်းနေရာတွင် Wang Yi မှ ထပ်မံအစားထိုးလာနိုင်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
Qin Gang ကို နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောကြားထားခြင်းမရှိသော်လည်း သံတမန်ရေးဆောင်ရွက်ချက် များတွင် CCP နှင့် သဘောထားကွဲလွဲမှုအချို့ ရှိနေခြင်းကြောင့် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်းဖြစ်သည်ဟု ယူဆရပါသည်။ အဆိုပါအကြောင်းအရာများကို ကြည့်ခြင်းဖြင့် တရုတ်နိုင်ငံအစိုးရ၏ သံတမန်ရေးဆောင်ရွက်ချက်များတွင် မူဝါဒဆိုင်ရာ တင်းကျပ်မှုများရှိနေသည်ကို မြင်နိုင်ပါသည်။ ထို့ပြင် Blinken နှင့် တွေ့ဆုံပြီးနောက်တွင် ရာထူးမှထုတ်ပယ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည့်အတွက် တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံနှင့်ပတ်သက်သည့် သဘောထားများသည် တင်းမာလျက်ရှိနေပြီး အစိုးရအဖွဲ့အတွင်းတွင်လည်း အမေရိကန်နိုင်ငံနှင့်ပတ်သက်သည့် သံတမန်ရေးအယူအဆများ ကွဲပြားလျက်ရှိသည်ဟု ယူဆနိုင်ပါသည်။ လက်ရှိတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် သံတမန်ရေးပြန်လည် တည်ဆောက်နေသည်ဟုဆိုသော်ငြားလည်း အမေရိကန်နိုင်ငံ၏ အာရှဒေသတွင်း နိုင်ငံများကို တရုတ်နိုင်ငံလွှမ်းမိုးမှုများမှ ရှောင်ရှားနိုင်ရန် သွယ်ဝိုက်အကူအညီများ ပေးပြီး ၎င်းနေရာရရှိရေး ဆောင်ရွက်နေခြင်းနှင့် တရုတ်နိုင်ငံ၏ တန်ပြန်သံတမန်ရေး ဆောင်ရွက်ချက်များ ရှိနေခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ဖြေရှင်း၍ မရနိုင်သည့် အခန်းကဏ္ဍများ ဆက်လက်ဖြစ်ပေါ်နေဦးမည်သာ ဖြစ်ပါသည်။ အချို့သော သတင်းဌာနများတွင် Qin အား ရာထူးမှထုတ်ပယ်ခဲ့မှုကို လူမှုရေးဆိုင်ရာပြစ်မှုကြောင့်ဟုလည်း ဖော်ပြနေကြပြီး အိမ်နီးချင်းနိုင်ငံတစ်ခုမှ အဓိကကျသော နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲဖြစ်ရခြင်း၏ အကြောင်းအရင်းနှင့် ထင်ကြေးများအား ဖတ်ရှုသုံးသပ်နိုင်ကြရန် ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
80080823

[1]။ Bonnie Girard.“ China’s Foreign Minister Deposed: Guilt or Power Struggle?”. The Diplomat, July 31, 2023 [https://thediplomat.com/.../chinas-foreign...//]-accessed on Aug 3, 2023

Friday, August 4, 2023

တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုပေးနေသည့် Ream ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
Ream ရေတပ်အခြေစိုက်စခန်းအဆင့်မြှင့်တင်မှု ပြီးဆုံးလုနီးပါးရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအပါအဝင် တရုတ်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံ နေမှုများကြောင့် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးတွင် ရိုက်ခတ်မှုများ ဖြစ်ပေါ် လာနိုင်သည့် အချက်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၁၂ ခုနှစ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးညီလာခံတွင် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ထောက်ခံကြောင်း လူသိရှင်ကြား ကြေညာခဲ့သည့်အတွက် ကမ္ဘောဒီးယား-အမေရိကန် ဆက်ဆံရေးသည်တဖြည်းဖြည်းယိုယွင်း လာခဲ့ပါသည်။ အဆိုပါကိစ္စသည် လာမည့်ဝန်ကြီးချုပ် Hun Manet ဖြေရှင်းရမည့် အဓိကအရေးကိစ္စများအနက်မှတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဒီမိုကရေစီ စံနှုန်းများ ယိုယွင်းလာခြင်းနှင့် လက်ရှိဝန်ကြီးချုပ် Hun Sen က အတိုက်အခံများကို ဖမ်းဆီးထောင်ချခဲ့ခြင်းတို့ကြောင့် နိုင်ငံရေးဆိုင်ရာ မကျေနပ်မှုများရှိနေပါသည်။ လက်ရှိကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း တရုတ်နှင့် အမေရိကန် နိုင်ငံတို့က မတူညီသည့် မှတ်ချက်ပြုမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံ၏ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Black Sky က ကောင်းကင်ဓာတ်ပုံများမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ၂ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုထားသည့် Ream ရေတပ် အခြေစိုက်စခန်းတွင် အဆင့်မြှင့်တင်နေမှုများကို ထုတ်ဖော်ပြသခဲ့သည့်အတွက် အမေရိကန်နိုင်ငံဘက်မှ အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကောင်းကင်ဓာတ်ပုံများအရ အခြေစိုက်စခန်း၏ ပြန်လည်ပြင်ဆင်မှုသည် ပြီးစီးလုနီးပါးဖြစ်နေသည်ကို တွေ့ရှိရပါသည်။ Ream သည် ယခင်က သစ်သား တံတားအဆင့်မျှသာဖြစ်ပြီး စစ်ပြီးခေတ်ပြန်လည်ထူထောင်ရေးတွင် ကမ္ဘောဒီးယား နိုင်ငံသို့ လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ရန်နှင့် စစ်သင်္ဘောများရပ်နားလေ့ရှိသည့် နေရာဖြစ်ပါသည်။ ၎င်း၏ ဧရိယာသည် ၁၉၀ ဧကသာရှိခဲ့သော်လည်း တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်ပေးမှုများကြောင့် နေရာချဲ့ထွင်လာခဲ့ပြီး အာရှ-ပစိဖိတ်ဒေသရှိ တရုတ် နိုင်ငံ၏ ပထမဦးဆုံး ရေတပ်အခြေစိုက်စခန်းနှင့် Dijibouti ပြီးလျှင် ဒုတိယမြောက် တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် ရေတပ်အခြေစိုက်စခန်းဖြစ်သည်ဟု အမေရိကန် နိုင်ငံက ပြောကြားထားပါသည်။ ကမ္ဘောဒီးယားနိုင်ငံဘက်မှ အမေရိကန်နိုင်ငံက စွပ်စွဲ နေသည့် Ream သည် ပြည်ပတပ်ဖွဲ့ဝင်များ အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်သည် ဆိုသည့်အချက်နှင့် အခြေစိုက်စခန်းနေရာချဲ့ထွင်မှုများ ပြုလုပ်နေသည်ဆိုသည့်အချက် များကို ငြင်းဆိုခဲ့ပါသည်။ သို့သော် အခြေစိုက်စခန်း၏ တိုးတက်မှုအခြေအနေများက နောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေသည်ဆိုသည့်အချက်ကို ငြင်းဆိုရန် ခက်ခဲစေသည်ဟု နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ဝေဖန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်းတွင် တရုတ်နိုင်ငံ၏ ဒုတိယမြောက် ရေတပ်အခြေစိုက်စခန်းကို တည်ဆောက်ခွင့်ပေးလိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အိန္ဒိယ သမုဒ္ဒရာအတွင်း စစ်ရေးအင်အားချဲ့ထွင်မှု စီမံကိန်းများဖော်ဆောင်ခြင်းကို အားပေးရာ ရောက်နေသည်ဟု ဆိုသည်။ ကောင်းကင်ဓာတ်ပုံများအရ Ream ၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ရေနက်ဆိပ်ကမ်းဆိပ်ခံတံတားသည် Dijibouti ရှိ တရုတ်စစ်ဘက်ဆိပ်ခံတံတား အရှည်နှင့်ဆင်တူနေပြီး နှစ်ခုစလုံးသည် တရုတ်စစ်ရေယာဉ်များကို ထောက်ပံ့ပေး နိုင်သည့်အပြင် 003 Fujian အမျိုးအစား လေယာဉ်တင်သင်္ဘောအတွက်လည်း အထောက်အပံ့ပေးနိုင်သည်ဟု ဆိုပါသည်။ လေ့လာသူများ၏ ရှာဖွေတွေ့ရှိချက်များအရ တောင်ပိုင်း ကမ်းရိုးတန်းရှိ ၁၀ ဧက နီးပါး ကျယ်ဝန်းသည့် လူလုပ်ကျွန်းနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အဦများလည်း တွေ့ရှိနေရပြီး Ream အပြင် အရှေ့တောင်ဘက်ကမ်းရိုးတန်း တစ်လျှောက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်နေမှုများ မည်မျှအထိ ကျယ်ပြန့်လာမည်ကို မခန့်မှန်းနိုင်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ကမ္ဘောဒီးယားနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံအချို့နှင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား ကိုယ်စားပြုသည့်နိုင်ငံအဖြစ် မှတ်ယူနေကြပါသည်။ Ream နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများဖြစ်ပေါ်လျက်ရှပြီး ဩဂုတ်လ ၂၂ ရက်တွင် ၎င်း၏ ဖခင်နေရာကို ရာထူးဆက်ခံမည့် Hun Manet အတွက် သံတမန်ရေးရာ စမ်းသပ်မှုများပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘောဒီးယားနိုင်ငံရှိ Ream ရေတပ်အခြေစိုက်စခန်းကို တရုတ်နိုင်ငံ၏ အထောက်အပံ့များဖြင့် အဆင့်မြှင့်တင်မှုများပြုလုပ်နေခြင်းက ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံ၏ ဆက်ဆံရေးကို ပျက်ယွင်းစေပြီး အခြားဒေသတွင်းနိုင်ငံများဖြင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေနိုင်ကြောင်း အနောက်အုပ်စုအာဘော်ရှုထောင့်မှ ရေးသားထားခြင်းဖြစ်ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် Ream အပြင် ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့တောင်ကမ်းရိုးတန်းရှိ စီးပွားရေးလုပ်ကွက်များ တွင်ပါ အထိုက်အလျောက် ပါဝင်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် Hun Sen ၏ ပြည်တွင်းနိုင်ငံရေး ဆောင်ရွက်ခဲ့မှုများ၊ တရုတ်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံ ခဲ့မှုများသည် ၎င်း၏ရာထူးကို ဆက်ခံမည့် Hun Manet အတွက် မူဝါဒရေးရာ ကိုင်တွယ် ဖြေရှင်းမှုများတွင် ပြည်တွင်း/ပြည်ပဖိအားများ ဆက်လက်ကြုံတွေ့ရနိုင်ဖွယ်ရှိပြီး အနောက်အုပ်စု၏ ဖိအားပေးမှုနှင့် စမ်းသပ်မှုများကို ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအကျဘက်သို့ ရောက်ခဲ့သည့်အချိန်တွင်အာရှဒေသတွင်းနိုင်ငံများကို အသားပေးစည်းရုံးမှုများ လုပ်ခဲ့သည့်အတွက် အနောက်အုပ်စုအနေဖြင့် ၎င်း၏ အရှေ့တောင်အာရှခြေလှမ်းများအား ဟန့်တားမှုပြုလုပ်ရန် ခက်ခဲမည်ဖြစ်ပါသည်။ လက်ရှိတွင် Ream ၏ အရည်အသွေးများနှင့် ပတ်သက်၍ တရားမဝင် ထင်ကြေးပေးပြောကြားမှုများရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံဘက်မှ အဆိုပါအခြေစိုက် စခန်းသည် ပြည်ပနိုင်ငံများအတွက် ရည်ရွယ်တည်ဆောက်ခြင်းမဟုတ်ဟု ပြောကြား ခဲ့သော်လည်း တရုတ်နိုင်ငံနှင့် မဟာမိတ်ကဲ့သို့ဆောင်ရွက်လာနေခြင်းကြောင့် ၎င်းနိုင်ငံ၏ စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို အမေရိကန်နိုင်ငံနှင့် မဟာမိတ်အဖြစ် တည်ရှိ နေသော ဒေသတွင်းနိုင်ငံများက တုံ့ပြန်မှုများပြုလုပ်လာနိုင်ပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင် စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့နှင့် ရေတပ်စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ၊ စစ်ရေယာဉ်များ လည်ပတ်မှုများ၊ရေတပ်ဆိပ်ကမ်းများ အသုံးချမှုတိုးမြှင့်ဆောင်ရွက်ချက်များစသည့် ရေကြောင်းစစ်ရေး ဆိုင်ရာ ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်နေပါသည်။ ထို့အတူ တရုတ်နိုင်ငံမှလည်း ကမ္ဘောဒီးယားနိုင်ငံအပြင် ထိုင်းနိုင်ငံနှင့် ရေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ ရေငုပ်သင်္ဘောများ ရောင်းချပေးခြင်း၊ ကရားတူးမြောင်းဖောက်လုပ်နိုင်ရေး ရင်းနှီး မြှုပ်နှံမှုများစတင်ရန် ခြေလှမ်းလှမ်းနေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန် နိုင်ငံနှင့် တရုတ်နိုင်ငံတို့ အားပြိုင်မှုများသည် အာဆီယံနိုင်ငံများအတွင်း၌ နိုင်ငံရေး၊ စီးပွားရေးသာမက ရေကြောင်းဆိုင်ရာအားပြိုင်မှုများကိုလည်း နှစ်ဖက်စလုံးမှ တိုးမြှင့် ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပနိုင်ငံအချို့နှင့် ရေတပ် ဆိုင်ရာ Infrastructure များ တည်ဆောက်မှုကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အာဆီယံနိုင်ငံများထဲတွင် အိန္ဒိယသမုဒ္ဒယာ၏ထွက်ပေါက်ဖြစ်ပြီး ဆိပ်ကမ်းကောင်းနေရာများပိုင်ဆိုင်ထားသကဲ့သို့စစ်ရေယာဉ်တည်ဆောက်ရေးကဏ္ဍ၌ အတိုင်းအတာတစ်ခုရှိနေသော မိမိတို့နိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုမှ မိမိနိုင်ငံအတွက် အကျိုးစီးပွားကို မျှတစွာ ထုတ်ယူနိုင်ရန်မှာ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
79080523

[1]။ Luke Hunt .“ Cambodian Naval Base to Test Hun Manet’s Relations With Washington”. The Diplomat, July 27, 2023 [https://thediplomat.com/.../cambodian-naval-base-to-test... relations-with-washington/ /]-accessed on Aug 1, 2023

Thursday, August 3, 2023

ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra အိမ်ပြန်ခရီးဖြစ်လာနိုင်ချေနှင့် ထိုင်းနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲနေမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ၏ အိမ်အပြန်ခရီးက ထိုင်းနိုင်ငံအရေးကို သက်ရောက်မှုများဖြစ်လာနိုင်သည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြထားသွားပါမည်။[1]
ဖော်ပြချက်
မိမိဆန္ဒအလျောက် ၁၅ နှစ်ကြာ နိုင်ငံမှ ထွက်ခွာသွားခဲ့သည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra သည် ဩဂုတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်ဟု ၎င်း၏ သမီးဖြစ်သူ Paetongtarn Shinawatra က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် မေလက ကျင်းပ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကြောင့် နိုင်ငံအတွင်း၌ နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေများဖြင့် ကြုံတွေ့နေရချိန်တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် Move Forward Party – MFP မှ အနိုင်ရရှိ ခဲ့သော်လည်း လွှတ်တော်အတွင်းရှိ အတိုက်အခံများကြောင့် တာဝန်ထမ်းဆောင်ရန် တားမြစ်ခံခဲ့ရကြောင်း ဖော်ပြထားပါသည်။
မဲအရေအတွက်များစွာဖြင့် နှစ်ကြိမ်တိုင် ရွေးကောက်ခံခဲ့ရသော Thaksin သည် ၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံ၏ အာဏာသိမ်းဖြစ်စဉ်အတွင်း ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် နိုင်ငံရေးအဂတိလိုက်စားမှုများဖြင့် ထောင်ကျခံရခြင်းကို ရှောင်ရှား နိုင်ရန် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့သည့် အချိန်ကတည်းက ယနေ့အချိန်အထိ နိုင်ငံတွင်းသို့ပြန်လာရန် ကတိပြုခဲ့သော်လည်း ပြန်လာခဲ့ခြင်းမရှိသေးပေ။ သို့သော်လည်း Thaksin ၏ အိမ်အပြန်ခရီးသည် ယခုတစ်ကြိမ်တွင် အမှန်တကယ်ဖြစ်လာနိုင်သည့် အကြောင်းအရာများစွာရှိနေပါသည်။ လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို တတိယအကြိမ်ပြုလုပ်မည် ဖြစ်ပြီး ၎င်း၏ပါတီဖြစ်သည့် Pheu Thai Party (PTP)မှ ကိုယ်စားလှယ်လောင်းသည် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ရန် အလားအလာများစွာရှိနေပါသည်။ ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်(Conservative Elites)များသည် Pheu Thai ပါတီကို မနှစ်သက်ကြသော်လည်း ထိုင်းနိုင်ငံရေးလောကမှ စစ်ဘက်ကို ဖယ်ထုတ်ရန်နှင့် Lese-Majeste Law ကို ပြင်ဆင်ရန် ကြိုးပမ်းနေသည့် MFP နှင့်နှိုင်းယှဉ်လျှင် ၎င်း ပါတီသည် အကောင်းဆုံးဖြစ်သည်ဟု လက်ခံထားကြကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် စစ်ဘက်မှ ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ ဦး အပါအဝင် ကွန်ဆာဗေးတစ်အသိုင်းအဝိုင်းသည် MFP ပါတီခေါင်းဆောင် Pita Limjaroenrat ကို အစိုးဖွဲ့စည်းခြင်း မပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးချုပ်ရွေးချယ်ပွဲဝင်ရောက်ရန် တားမြစ် ခဲ့ကြခြင်းဖြစ်ပါသည်။ လက်ရှိတွင် MFP သည် Pheu Thai ပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် ၎င်းပါတီ၏ ဦးဆောင်မှုဖြင့် အစိုးရဖွဲ့စည်းခြင်းကို ထောက်ခံခဲ့ပါသည်။ ကွန်ဆာဗေးတစ်နှင့်နီးစပ်သည့် Srettha Thavisin သည် အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းဖြစ်လာပြီး ကွန်ဆာဗေးတစ်နှင့် အထက် လွှတ်တော်အမတ်များက ၎င်းတို့ထံမှရရှိမည့် ထောက်ခံမှု၏ အလဲအလှယ်အနေဖြင့် Pheu Thai ပါတီကို MFP နှင့် ညွန့်ပေါင်းဖွဲ့ထားမှုမှ ခွဲထွက်ရန် တောင်းဆိုထားကြောင်း ဖော်ပြထားပါသည်။
အထက်ပါအကြောင်းအရာများက Pheu Thai ပါတီ ဦးဆောင်သည့် အစိုးရ ဖွဲ့စည်းမှုကို ဦးတည်စေနိုင်ပြီး Thaksin ၏ အိမ်အပြန်ခရီးကို စောင့်ဆိုင်း၍ ကျမ်းသစ္စာ ကြိမ်ဆိုမှုများ ပြုလုပ်နိုင်ဖွယ်ရှိပါသည်။ အဆိုပါအချက်က နိုင်ငံအတွင်း၌ မည်သည့် အခြေအနေမျိုးဖြစ်ပေါ်နေပါစေ Thaksin ၏ ပြန်လည်တည်ထောင်မှုကို လိုလိုလားလား လက်ခံမည့် သဘောသက်ရောက်နေပါသည်။ ထိုင်းနိုင်ငံအိမ်စောင့်အစိုးရ၏ ဒုတိယ ဝန်ကြီးချုပ် Wissanu Krea-ngam က Thaksin အနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိ လာသည့်အချိန်တွင် တရားရုံးသို့ လွှဲပြောင်းခံရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များအရ ထောင်ဒဏ်ကျခံရမည်ဖြစ်ကာ သင့်တင့်လျောက်ပတ်သည့် ကာလအတန်ကြာ အကျဉ်းချခံ ရပြီးနောက်တွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံနိုင်သည်ဟု ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ဆောင်းပါးရှင်က ထိုင်းနိုင်ငံရေးတွင် ဖြစ်ပေါ်ပြောင်းလဲ လာနိုင်မှုများနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်များက အပြောင်းအလဲဖြစ်လာခဲ့ပြီး Pheu Thai ပါတီသည်လည်း ရေပန်းစား လာခဲ့ပါသည်။ Thaksin ၏ ပြန်လည်တည်ထောင်မှုကို ကွန်ဆာဗေးတစ်အသိုင်းအဝိုင်းက ထောက်ခံနေသည်ကိုကြည့်ခြင်းဖြင့် MFP ပေါ်ထွက်လာမှုက ၎င်းတို့အတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ခဲ့သည်ကို ပြသနေပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲမှုအကျိုးဆက်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးဘဲ Pheu Thai ပါတီအနေဖြင့် အခြားသော နိုင်ငံရေးပါတီများဖြင့် ညွန့်ပေါင်းဖွဲ့စည်းနိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်မှာ မသေချာလှဟု ဆိုပါသည်။ MFP အနေဖြင့် ၎င်းကို အတိုက်အခံအဖြစ် သတ်မှတ်ခဲ့ပါက လူငယ်များ၏ ဆန့်ကျင်မှုများဖြင့် ကြုံတွေ့ရနိုင်ပါသည်။ လက်ရှိ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲများက ထိုင်းနိုင်ငံ၏ ထပ်ခါတလဲလဲဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများကို အဆုံးသတ်သွားစေနိုင်မည့် အဖြေမဟုတ်သေးဘဲ အဓိကနိုင်ငံရေး အင်အားစုများအတွင်း အပြောင်းအလဲများကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၏ ဒီမိုကရေစီဖော်ဆောင်မှုများသည် အနောက်အုပ်စုဝင်နိုင်ငံများ၏ သဘောထားများနှင့် မတူကွဲပြားလျက်ရှိနေပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၏ Lese-Majeste Law နှင့် နိုင်ငံရေးတွင် စစ်ဘက်ကပါဝင်နေမှုများကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေသည့် MFP ကို ထိုင်းနိုင်ငံရေး စနစ်မှ အပြီးတိုင်ပယ်ဖျက်ရန်အတွက် ထိုင်းလွှတ်တော်အတွင်းရှိ ကွန်ဆာဗေးတစ်များက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် MFP အစား ကွန်ဆာဗေးတစ်များ၏ သဘောသဘာဝကို လိုက်လျောနိုင်မည့် Pheu Thai ပါတီ၏ ကိုယ်စားလှယ်လောင်းအား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် အားသာနေကြသည်ကို တွေ့ရှိ ရပါသည်။ လက်ရှိတွင် Paetongtarn Shinawatra ၏ ထိုင်းနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မှုများကြောင့် Thaksin ၏ အိမ်အပြန်ခရီးသည်လည်း အကောင်အထည် ပေါ်လာနိုင်သော်လည်း မရေရာမသေချာသည့် အနေအထားများလည်း ရှိနေပါသည်။
ထိုင်းနိုင်ငံအစိုးဘက်မှ Thaksin ၏ အိမ်အပြန်ခရီးကို ကြိုဆိုကြောင်း၊ ထိုင်းနိုင်ငံရေးတွင် ပဋိပက္ခများဆက်လက်ဖြစ်ပေါ်နေခြင်းက နိုင်ငံအုပ်ချုပ်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် Pheu Thai ပါတီ၏ ဦးဆောင်မှုဖြင့်လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း ပြောကြား ခဲ့သည့်အတွက် လာမည့်ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Pheu Thai ပါတီ၏ ကိုယ်စားလှယ်မှ ဝန်ကြီးချုပ်ရာထူးရယူရန် အားသာချက်ရှိနေပါသည်။ သို့သော် ၎င်းပါတီ အနေဖြင့် MFP ပါတီနှင့် ညွန့်ပေါင်းဖွဲ့ခြင်းမပြုလုပ်မှသာ ဝန်ကြီးချုပ်ရာထူးကို ရယူ နိုင်မည်ဖြစ်သည့်အတွက် Pheu Thai ပါတီ၏ ညွန့်ပေါင်းအဖွဲ့ပြင်ဆင်ခြင်းများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို သင်ခန်းစာယူမည်ဆိုပါက နိုင်ငံရေးတွင် ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေးရကြောင်းနှင့် ပါတီနိုင်ငံရေး၌ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေမရှိဟူသော အချက်များကိုတွေ့ရမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
78080423

[1]။ Sebastian Strangio.“After Years of Promises, Will Thaksin Finally Return to Thailand?.”The Diplomat, July 28, 2023 [https://thediplomat.com/.../after-years-of.../]-accessed on July 31, 2023