Tuesday, August 15, 2023

တရုတ်နိုင်ငံ၏ လက်ရှိအသုံးပြုနေသော စစ်ရေးမဟာဗျူဟာ/နည်းဗျူဟာများ၊ နူကလီးယားလက်နက်ပိုင်ဆိုင်မှုကို စစ်ရေးခြိမ်းခြောက်မှုများတွင် အသုံးပြုလာနိုင်ချေနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် တန်းတူနေရာရရှိရန်၊ သို့မဟုတ် သာလွန်ရန် ကြိုးပမ်းလျက်ရှိပြီး ၎င်း၏ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်ရန် အတွက် စစ်ရေးနည်းပရိယာယ်များကိုလည်း ပြောင်းလဲ အသုံးပြုလျက်ရှိပါသည်။ ၎င်းအနေဖြင့် နျူကလီးယား လက်နက်အား ပထမဆုံးစတင်အသုံးပြုမည်မဟုတ်(No-First Use)ဟူသောမူကို ကိုင်စွဲထားသော်လည်း နျူကလီးယား ပိုင်ဆိုင်မှုအား အသုံးပြု၍ ခြိမ်းခြောက်အကျပ်ကိုင်မှုနည်းလမ်းများသာမက အမေရိကန်နိုင်ငံနှင့် နျူကလီးယားလက်နက် အင်အားတွင် တန်းတူဖြစ်ရေးကြိုးပမ်းလျက်ရသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြပေးပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စစ်ပွဲဖြစ်ပွားခြင်းသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော အရေးကြီးကိစ္စဖြစ်နေပါသည်။ အမေရိကန်နိုင်ငံသည် အင်ဒို-ပစိဖိတ် ဆိုင်ရာ ၎င်း၏မူဝါဒများတွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမူဝါဒများကို ဟန့်တား နိုင်ရန်ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိအချိန်အထိ တရုတ်နှင့်အမေရိကန်အကြားတွင် စစ်ပွဲများ တိုက်ရိုက်ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေးအကျပ်ကိုင်မှုများ၊ Hybrid Warfare ကို အသုံးချနေမှုများ၊ ပြီးပြည့်စုံသည့်နိုင်ငံ့အင်အား (Comprehensive National Power)ကို ဖော်ဆောင်နေမှုများ၊ တရုတ်တပ်မတော်၏ နည်းဗျူဟာ ၃ သွယ် (PLA’s Three Warfare Framework)နှင့် မီးခိုးရောင်ဇုန်စစ်ရေးနည်းဗျူဟာ(Gray Zone Tactics)စသည့် နိုင်ငံရေးနှင့် စစ်ရေးပရိယာယ်များကို ပေါင်းစပ်အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဝါဒ (Revisionism) သည် မပြင်းထန်သော်လည်း နိုင်ငံတကာဥပဒေဘောင်အတွင်းမှ တရားမဝင်မှုများဆောင်ရွက်ခြင်း၊ စံချိန်စံနှုန်း ချိုးဖောက်ခြင်းများ ဆောင်ရွက်နေပြီး လစ်ဘရယ်ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နှောင့်ယှက်လျက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကာလနှင့် စစ်ပွဲ ကာလဟူ၍ ခွဲခြားထားခြင်းမရှိဘဲ ၎င်း၏ အကျိုးစီးပွားတိုးတက်ရေးကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မည်သည့်အချိန်တွင်မဆို နျူကလီးယားလက်နက်ကို စတင်အသုံးမပြုဟူသည့်(No First Use)မူဝါဒများအရ ၎င်း၏ နိုင်ငံရေးပရိယာယ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအား အသုံးချခြင်းကို ရှောင်ကြဉ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ် မဟာဗျူဟာမြောက် ရည်မှန်းချက်များအရ ၎င်း၏ နိုင်ငံရေးအကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုနှင့် နိုင်ငံတကာရည်မှန်းချက်များ အကောင် အထည်ဖော်မှုများတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို အားတစ်ရပ်အနေဖြင့် ထည့်သွင်းအသုံးပြုခဲ့ကြောင်းဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ထိပ်တိုက်ပဋိပက္ခများ မဖြစ်ရုံတစ်မယ် စွန့်စားမှုယူ၍ ပါးနပ်စွာ လုပ်ဆောင်လျက်ရှိပါသည်။ ဥပမာအားဖြင့် တောင်တရုတ် ပင်လယ်တွင် အရပ်သားသင်္ဘောအသွင်ယူထားသည့် တရုတ်ငါးဖမ်းသင်္ဘောအုပ်စုကို လက်နက်ကြီးများတပ်ဆင်ထားသည့် ကမ်းရိုးတန်းစောင့်သင်္ဘောများ ခြံရံ၍ တပ်ဖြန့် စေလွှတ်နေပါသည်။ အဆိုပါလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် အရပ်ဘက် သင်္ဘောများကို အသုံးပြုလျက် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေများကို လက်တစ်လုံးခြား ချိုးဖောက်နေခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအား တုံ့ပြန်လာသည့် နိုင်ငံများ၏ စစ်သင်္ဘောငယ်များကို ပစ်ခတ်နှစ်မြှုပ်ပစ်ခြင်း၊ အုပ်ချုပ်ထောက်ပံ့ရေး မဆောင်ရွက်နိုင်အောင် တားဆီးခြင်းများကို ဆောင်ရွက်ပြီး သမားရိုးကျလွှမ်းမိုးမှုပြုလုပ် နိုင်ရန် ဆောင်ရွက်နေခြင်းသည်လည်း ၎င်း၏ Gray Zone Tactics ပင်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ထို့နောက် တရုတ်နိုင်ငံသည် Nine-Desh Line မူဝါဒကို ဖန်တီးကာ ဝါဒ ဖြန့်ချိရေးယန္တယားကို ထိရောက်စွာအသုံးချပြီး နယ်မြေပိုင်ဆိုင်မှုခိုင်မာအောင် လုပ်ဆောင်လျက်ရှိပါသည်။ Sansha City နှင့် Woody Island ကဲ့သို့သော အုပ်ချုပ်ရေးမြို့တော်အသစ်များ တည်ဆောက်၍ နယ်မြေဖြန့်ကြက်ရန် ဆောင်ရွက်နေသည့်အပြင် Fishing Laws ကဲ့သို့သော ဥပဒေများပြဋ္ဌာန်း၍ တရားဝင်မှုတည်ဆောက်ကာ နယ်မြေချဲ့ထွင်မှုကို အထောက်အပံ့ ပြုပေးနေပါသည်။ တရုတ်နိုင်ငံသည် လက်ရှိ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို နိုင်ငံရေး အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုများမှတစ်ဆင့် ပြောင်းလဲလိုနေပါသည်။ ဥပမာအားဖြင့် လစ်သူယေးနီးယားနိုင်ငံအား Taipei သံရုံးကို ထိုင်ဝမ်ဟုသုံးနှုန်းသဖြင့် ကုန်သွယ်ရေးဖြတ်တောက် ခဲ့ပြီး ဩစတြေးလျနိုင်ငံကိုလည်း ကိုဗစ်-၁၉ ရောဂါ၏ ဇစ်မြစ်ကို ဆန်းစစ်မည်ဟု ဆို၍ တရုတ်နိုင်ငံအား အပြစ်ဖို့ခဲ့သောကြောင့် ဩစတြေးလျနိုင်ငံထုတ် ကုန်ပစ္စည်း များကို အခွန်တိုးမြှင့်ခဲ့ပါသည်။ ထိုကဲ့သို့ပင် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံကဲ့သို့သော ဒေသတွင်း နိုင်ငံများအပေါ် အကျပ်ကိုင်မှုများ လုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်မှု များသည် ပဋိပက္ခဖြစ်မည်ကို ဂရုမစိုက်ဘဲ ရဲတင်းစွာဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုနေခြင်းကြောင့် အောင်မြင်နေသည်ဟု ဆိုရပါသည်။ ထိုသို့ အပျော့/အမာနည်းလမ်းများကို ပေါင်းစပ်အသုံးပြုနေသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြု၍ ခြိမ်းခြောက်မှုများကို ပေါင်းစပ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် မဖြစ်မနေ အသုံးပြု/မပြုနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေသော်လည်း ၎င်းအနေဖြင့် အမေရိကန်နိုင်ငံနှင့် တန်းတူ နျူကလီးယားပိုင်ဆိုင်မှုရှိလာစေရန် ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ တရုတ်နိုင်ငံ၏ နျူကလီးယားပါဝါတန်းတူဖြစ်မှု (Nuclear Parity) အကောင်အထည်ပေါ်လာပါက အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် နေရာတိုင်း၌ အားသာချက်တစ်ခုအဖြစ် အသုံးပြုနေသည့် နျူကလီးယားအရေးသာမှုကို မဟာဗျူဟာမြောက် အထောက်အပံ့အဖြစ် အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ တရုတ်နိုင်ငံသည် နိုင်ငံရေး အရေးသာမှုအတွက် စွန့်စားမှုယူပြီး အန္တရာယ်များသည့် လှုပ်ရှားမှုများကို ရဲရဲတင်းတင်း လုပ်ဆောင်နေချိန်တွင် အမေရိကန်နိုင်ငံအနေဖြင့် ပဋိပက္ခကို ရှောင်ရှားရန်သာ ကြိုးပမ်း နေရပါသည်။ ဥပမာအားဖြင့် အမေရိကန်စစ်သင်္ဘော USS Chung-Hoon နှင့် တရုတ် စစ်ရေယာဉ်တို့ ထိုင်ဝမ်ရေလက်ကြားတွင် တိုက်မိမည့် အနေအထားထိ ဖြစ်ခဲ့ပြီး တရုတ်ဂျက်လေယာဉ်များအနေဖြင့်လည်း အမေရိကန်ဂျက်လေယာဉ်များရှေ့တွင် အန္တရာယ် ရှိသည့် အနေအထားအထိ ပျံသန်းခဲ့ကြပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် မှားယွင်းသည့် တွက်ချက်မှုများ မဖြစ်လာစေရန် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ငြင်းဆိုထားပြီး အန္တရာယ်များသည့် လှုပ်ရှားမှုများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မတိုးသာမဆုတ်သာအခြေအနေတွင် ရှိနေသည့် ထိုင်ဝမ်အရေးကိစ္စများတွင် တိကျသည့် အဖြေတစ်ခုထွက်လာစေရန် အန္တရာယ်များသည့် စွန့်စားမှုများ လုပ်ဆောင်ရန် ဆန္ဒရှိနေပါသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်အစိုးရကို ဖြုတ်ချရန်အတွက် ကနဦးတွင် ဝိုင်းပတ်ပိတ်ဆို့ထားခြင်းကဲ့သို့ မပြင်းထန်သည့် နည်းလမ်းများ အသုံးပြုခဲ့သော်လည်း နောက်ပိုင်းကာလ၌ အထက်တွင် ဖော်ပြသကဲ့သို့ ရဲတင်းပြီး ပြင်းထန်သည့်နည်းလမ်းများသို့ ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့ပြောင်းလဲလာခြင်းက ၎င်းအသုံးချနေသည့် ဝိုင်းပတ်ပိတ်ဆို့ခြင်း နည်းလမ်းကို အထောက်အပံ့ဖြစ်စေပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းအား သိမ်းပိုက် လာမည့် တရုတ်စစ်တပ်ကို ကာကွယ်ပေးနိုင်သော်လည်း ဝိုင်းပတ်ပိတ်ဆို့ထားမှုကို ရေရှည်ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ နောက်ထပ်အရေးကြီးသည့်အချက်မှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကွာဟနေသည့် နိုင်ငံရေးဆန္ဒ(Political Will) ဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ်ကွန်မြူနစ်ပါတီရပ်တည်ရေးအတွက် သေရေးရှင်ရေး ဖြစ်သော်လည်း အမေရိကန်နိုင်ငံအတွက်မူ ထိုင်ဝမ်သည် သေရေးရှင်ရေးမဟုတ်ပါ။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကိစ္စအတွက် နျူကလီးယားလက်နက် အသုံးပြုရန်ဆုံးဖြတ်လာနိုင်သကဲ့သို့ ရဲတင်းကြမ်းတမ်းသည့် စွန့်စားမှုများကိုလည်း ဆောင်ရွက်လိမ့်မည်ဖြစပြီး ထိုင်ဝမ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်၍ စစ်ပွဲဖြစ်လာနိုင်သည့် အခြေအနေများ ဖြစ်လာအောင် လုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြထားပါသည်။
ဤသို့သော အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားပါဝါ၌ အမေရိကန်နိုင်ငံနှင့် တန်းတူအခြေအနေရောက်လာမည်ဆိုပါက အမေရိကန်နိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှုများသည် အရေးပါတော့မည်မဟုတ်ပါ။ ဝါရှင်တန်အနေဖြင့် ထိုအခြေအနေကွာဟမှုများကို အင်ဒို-ပစိဖိတ်ဒေသအတွင်း အနာဂတ်ပဋိပက္ခများ အတွက် ထည့်သွင်းတွက်ချက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တရုတ်နိုင်ငံအသုံးပြုနေသည့် နိုင်ငံရေးနှင့် စစ်ရေးနည်းလမ်း များကို အသေးစိတ်ဖော်ထုတ်ရေးသားထားပြီး ၎င်းအနေဖြင့် နျူကလီးယားပိုင်ဆိုင်မှုတွင် အမေရိကန်နိုင်ငံနှင့် တန်းတူဖြစ်လာမည်ဆိုပါက အမေရိကန်နိုင်ငံ၏ ဝိုင်းပတ်ပိတ်ဆို့ ဟန့်တားရေးမဟာဗျူဟာသည် အလုပ်ဖြစ်တော့မည်မဟုတ်ဟု ထောက်ပြရေးသား ထားခြင်းဖြစ်ပါသည်။ လက်ရှိကမ္ဘာပေါ်၌ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအများဆုံးသည်ရုရှားနိုင်ငံ ၅,၉၇၇ ခု ၊ ဒုတိယသည် အမေရိကန်နိုင်ငံ ၅,၄၂၈ ခု ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ၃၅၀ ခုဖြင့် တတိယနေရာမှရပ်တည်နေသော်လည်း အရေအတွက်အားဖြင့် အဆပေါင်းများစွာ ကွာဟလျက်ရှိသေးသည်ကို တွေ့ရှိရပါသည်။[2]နိုင်ငံတကာသုတေသီ များ၏ ခန့်မှန်းချက်များအရ ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုသည် အမေရိကန်နိုင်ငံထက် များပြားလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထား သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အမေရိကန်နိုင်ငံကို သတိပေးရေးသားသည့် သုတေသနဆောင်းပါးများ ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍပေါင်းစုံတွင် ကမ္ဘာ့နံပါတ် ၁ ဖြစ်လာစေရန် ရည်ရွယ်ချက်ထားကြိုးပမ်းနေသော တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရအရေးပါသော မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပဋိပက္ခများ၊ ကဏ္ဍပေါင်းစုံတွင် တွန်းတိုက်မှုများကို တိုက်ရိုက်မခံရစေရန် ရှောင်ရှား နိုင်မည်ဆိုလျှင်ပင် ထိုအားပြိုင်မှုများ၏ ရိုက်ခတ်မှုများကို မလွဲမသွေရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၎င်းချမှတ်ထားသော စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာများမှ သင့်လျော်သောနည်းလမ်းများအသုံးပြုပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး ရေချိန်နှင့် နိုင်ငံတကာဆက်ဆံရေးအပေါ်သုံးသပ်၍ ၎င်းတို့ အကျိုးရှိနိုင်သော နယ်ပယ်များတွင်သာ ဆက်ဆံရေးကောင်းမွန်ရန် ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံကြီးများနှင့်ဆက်ဆံရေးတွင် မိမိတို့အကျိုးစီးပွားမယုတ်လျော့ရန်၊ သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိ အခြေအနေအတွင်း သာတူညီမျှဆက်ဆံရေးကို တည်ဆောက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
86081623
[1]။ Michael Tkacik,“ Will China Embrace Nuclear Brinkmanship as It Reaches Nuclear Parity?”. The Diplomat. August 5, 2023 [https://thediplomat.com/.../will-china-embrace.../]accessed on August 8, 2023.

[2] “Countries With Nuclear Weapons 2023,” Wisevoter, accessed August 16, 2023, https://wisevoter.com/cou.../countries-with-nuclear-weapons/.

Monday, August 14, 2023

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောများအားကာကွယ်စောင့်ရှောက်မည်ဟု အမေရိကန်နိုင်ငံက ကတိကဝတ်ပြုလိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ၏ ထောက်ပံ့ရေးရေယာဉ်များအား ရေအမြောက်ဖြင့်ထိုး၍ ခြိမ်းခြောက် ဟန့်တားမှုများပြုလုပ်ခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ တုံ့ပြန်မှုများနှင့် ဂျပန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံနှင့် EU တို့၏ သဘောထားများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်-ဖိလစ်ပိုင် အငြင်းပွားရာကျွန်းအနီးတွင် ဖိလစ်ပိုင်နိုင်ငံ၏ ထောက်ပံ့ရေး ရေယာဉ်များအား တရုတ်ကမ်းခြေစောင့်သင်္ဘောမှ ရေအမြောက်ဖြင့်ထိုး၍ ဟန့်တားမှုများ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး Llyod Austin ကတောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောများ တိုက်ခိုက်ခံရမှုများကို အပြည့်အဝ ကာကွယ်သွားမည်ဟု ကတိကဝတ်ပြုခဲ့ပါသည်။ ဖိလစ်ပိုင်ရေယာဉ်များသည် ၎င်းတို့၏ အထူးသီးသန့် စီးပွားရေးဇုန်အတွင်းတွင်ရှိသော Ayungin ကျွန်း၊ သို့မဟုတ် Second Thomas ကျွန်းရှိ သောင်တင်နေသော စစ်ရေယာဉ်များပေါ်မှ တပ်ဖွဲ့များအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြန်လည်ဖြည့်တင်းမှုများဆောင်ရွက်ရန် မောင်းနှင်နေစဉ် အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောက နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ နှောင့်ယှက်မှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး Llyod Austin က ဖိလစ်ပိုင်နိုင်ငံကာကွယ်ရေး ဝန်ကြီး Gilberto Teodoro နှင့် တွေ့ဆုံ၍ အမေရိကန်-ဖိလစ်ပိုင် ခိုင်မာအားကောင်းသည့် မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ရေး လေ့ကျင့်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စစ်ရေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟုကတိပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့နောက် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး Llyod Austin က တရုတ်နိုင်ငံ ရေယာဉ်မှ ရေအမြောက်ဖြင့် ထိုးခြင်းအပါအဝင် ရေကြောင်းလုံခြုံမှုမရှိသော လုပ်ဆောင်မှု များသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန်-ဖိလစ်ပိုင် အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ် ချဲ့ထွင်မည်ဖြစ်ပြီး ပစိဖိတ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ပုဂ္ဂလိကရေယာဉ်များမှ လေယာဉ်တင် သင်္ဘောများ၊ စစ်သင်္ဘောများနှင့် ကမ်းခြေစောင့်တပ်များအထိပါ တာဝန်ယူဆောင်ရွက် သွားမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် အမေရိကန်နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ပစိဖိတ်ဒေသ အတွင်း နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရခြင်းသည် အခြားနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ဖြစ်စေသည်ဟု မှတ်ယူထားကြပါသည်။ ယခုအခါ တရုတ်နိုင်ငံ၏ အပြုအမူများက ထိုစာချုပ်ကို ပြန်လည်အသက်ဝင်လာစေရန် ဦးတည်စေကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်က နိုင်ငံတကာ ခုံရုံး The Hague ၏ စီရင်မှုများကို ငြင်းဆိုထားပြီး တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုများကို Nine-Dash Line ဖြင့် ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြား ထားကာ နယ်မြေပိုင်ဆိုင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် ဖိလစ်ပိုင်နိုင်ငံ၏ တရားဝင်ဖြစ်မှုနှင့် နိုင်ငံ၏အထူးသီးသန့်စီးပွားရေးဇုန်အတွင်း ပုံမှန် ဆောင်ရွက်မှုများကို နှောင့်နှေးစေကြောင်းနှင့် ယခုဆောင်ရွက်ချက်သည်လည်း ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ပြန်လည်ဖြည့်တင်းရေးကိစ္စတစ်ခုသာဖြစ်သည်ဟု ပြောကြား ထားပါသည်။ သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖိလစ်ပိုင်နိုင်ငံ၏ ပြောကြားချက်များကို ငြင်းဆိုထားပြီး တရုတ်ကမ်းခြေစောင့်ရေယာဉ်များသည် ဥပဒေနှင့် အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး အပြုသဘောဆောင်သည့် ထိန်းကြောင်းမှုတစ်ခုသာ ဖြစ်သည်ဟု ပြောကြားထားကြောင်းဖော်ပြထားပါသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ဂျပန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံနှင့် EU တို့က ပြစ်တင်ဝေဖန်လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် Kazuhiko Koshikawa သည် တရုတ်နိုင်ငံ၏ လုပ်ရပ်များကို လုံးဝလက်မခံကြောင်း၊ အဆိုပါနှောင့်ယှက်တိုက်ခိုက်မှုသည် ပင်လယ်ရေကြောင်း ဆိုင်ရာဥပဒေကို ထိပါးစေနိုင်ပြီး ရေကြောင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ ကနေဒါနိုင်ငံသံအမတ်သည် တရုတ်နိုင်ငံ၏ အန္တရာယ်များပြီး ရန်စသည့်လုပ်ရပ်များကိုလုံးဝလက်မခံကြောင်းနှင့် ပြင်သစ်၊ ဂျာမနီနှင့် အခြားနိုင်ငံများကမူ The Hague ၏ စီရင်ချက်များကို ထောက်ခံသည်ဟု ပြောကြားထားပါသည်။ ထို့ပြင် အမေရိကန် စီးပွားရေးပညာရှင် Zack Cooper သည် တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်အထူးသီးသန့် စီးပွားရေးဇုန်အတွင်း ယခုကဲ့သို့အန္တရာယ်များသည့်ကိစ္စကို လုပ်ဆောင်ရန် မသင့်ကြောင်းနှင့် တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် တောင်တရုတ်ပင်လယ်အတွင်း အခြားသော ရေပိုင်နက် အငြင်းပွားမှုပြဿနာများတွင် ၎င်းကျင့်သုံးမည့်နည်းလမ်းကို ပြသနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအား တရုတ်နိုင်ငံ ရေကြောင်း လှုပ်ရှားမှုဆိုင်ရာ ထောက်လှမ်းရေးသတင်းများကို ရက်သတ္တပတ်ခန့် နောက်ကျပြီး ပေးပို့နေသော်လည်း ယခုအခါ အချိန်နှင့်တစ်ပြေးညီ ပေးအပ်သွားမည်ဟု ဆိုသည်။ အမေရိကန် နိုင်ငံ၏ ပစိဖိတ်ရေယာဉ်စုအကြီးအကဲ ဗိုလ်ချုပ်ကြီး Samuel Paparo က ဖိလစ်ပိုင် နိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများအတွက် ထောက်လှမ်းရေး သတင်းထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထို့ပြင် မိတ်ဖက်နိုင်ငံများကလည်း အထွေထွေလုံခြုံရေးဆိုင်ရာ စစ်ဘက်သတင်းထောက်လှမ်းရေး သဘောတူညီချက်များအောက်မှ ထောက်လှမ်းရေးသတင်းအချက်အလက် ဖလှယ်ရေး လုပ်ငန်းများလုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း ပြောကြားထားသည်။ အမေရိကန်နိုင်ငံအကြံပေးအဖွဲ့ အောက်မှ အာရှ-ပစိဖိတ် လုံခြုံရေးဥက္ကဋ္ဌ Patrick Cronin ကလည်း ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးစွမ်းဆောင်ရည်များကို ကူညီထောက်ပံ့ပေးမည်ဟု ပြောကြားထားပြီး ဖိလစ်ပိုင်နိုင်ငံအပါအဝင် အခြားအာဆီယံနိုင်ငံများအနေဖြင့်လည်း တရုတ်နိုင်ငံ ကဲ့သို့ ဒေသတွင်းစံချိန်စံနှုန်းများကို ချိုးဖောက်ပြီး နိုင်ငံတကာဥပဒေနှင့်ဆန့်ကျင်သော ကိစ္စရပ်များကို စုပေါင်းဆန့်ကျင် မည်ဟု ယုံကြည်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ မိတ်ဖက်ဆက်ဆံရေးသည် ရေပြင်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ယခင်ကအငြင်းပွားမှု၊ ထိပ်တိုက်ရင်ဆိုင်မှုအချို့ရှိခဲ့ပြီး ယခုဖြစ်ပွားခဲ့သည့် ကိစ္စရပ်က အခြေအနေကို ပိုမိုတင်းမာလာစေခဲ့ပါသည်။ တောင်တရုတ်ပင်လယ် အတွင်းရှိ စပရတ်တလေကျွန်းများအပါအဝင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နယ်မြေအငြင်းပွားမှုများရှိနေပြီး တရုတ်နိုင်ငံကမူ သမိုင်းကြောင်း တစ်လျှောက်လက်ခံထားသည့် Nine-Dash Line ကိုသာ အခိုင်အမာအဆိုပြုလျက် ရှိပါသည်။ ၎င်းအငြင်းပွားမှုများအနက်မှ Second Thomas Shoal အနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ရေပြင်ပိုင်နက်အငြင်းပွားမှုများ ယခုနှစ်အတွင်း မကြာခဏ ဖြစ်ပေါ် လေ့ရှိပါသည်။ အဆိုပါ ဒေသတွင်း ရေပြင်ပိုင်နက်အငြင်းပွားမှုတွင် ၂၀၁၂ ခုနှစ်မှစတင်၍ တင်းမာလာရာမှ ယခု ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဖိလစ်ပိုင်ရေယာဉ်များအား တရုတ်ကမ်းခြေစောင့်သင်္ဘောမှ ရေအမြောက်ဖြင့်ထိုး၍ နှောင့်ယှက်ဟန့်တားခဲ့သည့် ထိပ်တိုက်တွေ့ဆုံမှုသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါလုပ်ရပ်များနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံအပါအဝင် အနောက် အုပ်စုဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း အင်အားကြီးမားမှုကို မလိုလားသည့် နိုင်ငံများက အချိန်ကိုက် တရုတ်နိုင်ငံအား ရှုတ်ချလျက်ရှိပြီး တရုတ် နိုင်ငံ၏ လုပ်ရပ်သည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု ပြောကြား ထားပါသည်။ တရုတ်နိုင်ငံသည်လည်း အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားမည်၊ အနောက်အုပ်စုနှင့် မတူညီသည့် ရှုထောင့်ဖြင့် အင်အားငယ်သော နိုင်ငံများကို ချဉ်းကပ်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် တိုးတက်လာသည့် အခြေအနေသို့ရောက်လာလျှင် နိုင်ငံငယ်များအပေါ် အထက်စီးမှ ဆက်ဆံတတ်သည့်သဘောသဘာဝအရ အင်အားသုံး၍ ဆက်ဆံလာမည်ဟူသည့် သင်ခန်းစာကို ဖော်ထုတ်ရရှိပါသည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောင်တရုတ်ပင်လယ်ရေပြင် ပိုင်နက်နှင့်ပတ်သက်၍ Code of Conduct နှင့်အညီ ဆောင်ရွက်ရန် သဘောတူညီ ထားခဲ့ပါသည်။ သို့ရာတွင် ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေကြသည့် အာဆီယံနိုင်ငံများအနေဖြင့်လည်း တရုတ်နိုင်ငံ၏ အဆိုပါလုပ်ရပ်ကြောင့် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုဘက်သို့ ပိုယိမ်းလာနိုင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း အုပ်စုဖွဲ့မှု/ကွဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆမိ ပါသည်။ ထို့ကြောင့် နိုင်ငံငယ်များအနေဖြင့် အင်အားကြီးနိုင်ငံနှင့် ဆက်ဆံရေး၌ “ကြက်ဥအားလုံးအား ခြင်းတစ်လုံးတည်းတွင် မထည့်ပါနှင့်” (Don’t Put All Eggs in One Basket)ဟူသော မူသည်သာ ရေရှည်အလုပ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
85081523

[1]။ RYO NAKAMURA,“ U.S. vows to defend Philippine boats in South China Sea”. Nikkei Asia. August 9, 2023 [https://asia.nikkei.com/.../U.S.-vows-to-defend... on August 10, 2023.

Sunday, August 13, 2023

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် ၏သား ဟွန်မနက် အား ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့မှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကမ္ဘောဒီးယားနိုင်ငံဘုရင်အနေဖြင့် ဝန်ကြီးချုပ် ဟွန်ဆန်၏သား ဟွန်မနက် အား ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လွှာပေးအပ်ခဲ့မှု၊ ကမ္ဘောဒီယားနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေများ၊ ဝန်ကြီးချုပ် ဟွန်ဆန်၏ ရှေ့ဆက်မည့် နိုင်ငံရေး ခရီးအလားအလာများနှင့်ပတ်သက်၍ သိသင့်သည်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ကမ္ဘောဒီးယားနိုင်ငံဘုရင်က နိုင်ငံ၏ ကာလအရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်သူ ဟွန်ဆန်(Hun Sen)၏ သားအကြီးဆုံးဖြစ်သူ ဟွန်မနက်(Hun Manet)အား နောက်တက်မည့် ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ဖြစ်ပြီး ဟွန်မနက်အနေဖြင့် ဩဂုတ်လနှောင်းပိုင်းတွင် ၎င်း၏ တာဝန်ဝတ္တရားများကို စတင် ထမ်းဆောင်မည်ဖြစ်ပါသည်။ ဟွန်ဆန်တာဝန်စတင်ယူခဲ့သည့် ၁၉၈၅ ခုနှစ်နောက်ပိုင်း ပထမဆုံးသော ခေါင်းဆောင်အပြောင်းအလဲကို ဖော်ပြထားသည့် ကမ္ဘောဒီးယားနိုင်ငံဘုရင် Norodom Sihamoni ၏ တော်ဝင်အမိန့်စာကို ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအမိန့်စာသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၆ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဏာရပါတီဖြစ်သည့် Cambodia People’s Party (CPP)၏ ပန်ကြားမှုအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း လက်ရှိပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲတွင် အတိုက်အခံနိုင်ငံရေး ပါတီအချို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန် တားမြစ်ခဲ့သည့်အတွက် အတုအယောင် ရွေးကောက်ပွဲဟု ရှုမြင်နေကြကြောင်း ဖော်ပြထားပါသည်။
ဩဂုတ်လ ၇ ရက်နေ့ကစ၍ အသက်ဝင်ခဲ့သည့် အဆိုပါအမိန့်စာ၌ ကမ္ဘောဒီးယားနိုင်ငံဘုရင်က (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်အတွက် ဟွန်မနက်အားနိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်ဟု ဖော်ပြထားပါသည်။ ဟွန်မနက် အနေဖြင့် လွှတ်တော်(Cambodia’s Parliament)၏ အတည်ပြုပေးမှုအတွက် အစိုးရ အဖွဲ့ကို ဖွဲ့စည်းရန် ပြင်ဆင်ရတော့မည်ဖြစ်ပြီး အတည်ပြုမှုအတွက် မဲပေးခြင်း များကို ဩဂုတ်လ ၂၂ ရက်တွင် နောက်ဆုံးပြုလုပ်သွားမည်ဖြစ်ပါသည်။ ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူကို ရာထူးလွှဲပြောင်းပေးခြင်းဖြင့် အသွင်ကူးပြောင်းရေးကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ရွေးကောက်ပွဲရလဒ်များကို ဩဂုတ်လ ၅ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည့်အတွက်ကြောင့် ယခင်မဲပေးမှုစနစ်များထက် ပိုမိုမြန်ဆန်နေကြောင်း ဖော်ပြထားပါသည်။
ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် နောက်ထပ် ၁၅ ရက်ကြာ ဆက်လက်ရှိနေမည်ဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် ရာထူးမှ အပြီးတိုင်နုတ်ထွက် မည်ဟု တယ်လီဂရမ်ချန်နယ်မှ ကြေညာခဲ့ပါသည်။ ၎င်းအနေဖြင့် CPP ၏ အကြီးအကဲ အဖြစ်ဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင်ပြုလုပ်မည့် အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အထက်လွှတ်တော် ခေါင်းဆောင် ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်၏ အထူးအကြံပေး အဖွဲ့(Supreme Privy Council)တွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းအနေဖြင့် ၂၀၃၃ ခုနှစ်အထိ အခြားနိုင်ငံရေးရာထူးများတွင် တာဝန်ထမ်းဆောင်ရန် စီစဉ်ထား သည်ဟု ‌ကြေညာထားကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဟွန်မနက် သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးဖြစ်လာရန် ရာထူးအဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ရပါသည်။ ယခုနှစ်အစောပိုင်းတွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူး (Four Star General)တာဝန်ကို ထမ်းဆောင်ခဲ့ရပြီး လက်ရှိအချိန်တွင် ဖနွမ်ပင် မဲဆန္ဒနယ်မှ လွှတ်တော်အမတ်တစ်ဦးဖြစ်လာခဲ့ပါသည်။ ဝန်ကြီးချုပ်ရာထူး အပြောင်းအလဲသည် CPP အတွင်း မျိုးဆက်သစ်အပြောင်းအလဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆိုပါအပြောင်းအလဲကို အဆင့်မြင့်အရာရှိများ၏ သားသမီးများက ၎င်းတို့မိဘများ၏ ရာထူးအားလွှဲပြောင်းယူခြင်းဖြစ်သည်ဟု ရှုမြင်နေကြပါသည်။ ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့၏သားများသည်လည်း ၎င်းတို့ဖခင်များ၏ ရာထူးကို လွှဲပြောင်း ရယူကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဩဂုတ်လ ၃ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်း၌ ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်မှုနှင့် လုံခြုံမှုရှိနေပြီး မျိုးဆက်သစ်များသည်လည်း နိုင်ငံကို ကောင်းမွန်စွာ ဦးဆောင်နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံရေးလှုပ်ရှားမှုများနောက်တွင် ဟွန်ဆန် ဆက်လက်တည်ရှိနေခြင်းက နိုင်ငံကို နောက်ကွယ်မှ ဆက်လက်ထိန်းကျောင်းနိုင်ရန်နှင့် မိသားစုနှင့် ဆက်နွှယ်နေသည့် အာဏာရပါတီဝင်များအကြားတွင် အကျိုးစီးပွားကို ထိန်းညှိနိုင်ရန်ဖြစ်ပါသည်။ ဟွန်ဆန်၏ မိန့်ခွန်းတွင် ၎င်းအနေဖြင့် အစိုးရအသစ်၏ ဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းနှင့် ဟွန်မနက် အစိုးရအတွက် စိုးရိမ်ရသည့်အခြေအနေမျိုး ရောက်လာပါက ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်မည်ဟု သတိပေးထားပြီး ကမ္ဘောဒီးယားနိုင်ငံအား အကျပ်အတည်းများအတွင်း ကျရောက်သွားမည့် အခြေအနေများကို ခွင့်ပြုသွားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရအသစ်သည် လူငယ်များဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသော်ငြားလည်း မိဘများမှ သားသမီးများကို လက်ဆင့်ကမ်းနေသည့်အတွက် ဆွေမျိုး ကောင်းစားရေးဝါဒ(Nepotism)သာဖြစ်သည်ဟု နိုင်ငံအတွင်းရှိ အတိုက်အခံများနှင့် အနောက်အုပ်စုမှ နာမည်တပ်လျက်ရှိပါသည်။ ဟွန်မနက်၏ အစိုးရအဖွဲ့သည် တရားဝင် အစိုးရအဖွဲ့ဖြစ်လာရန်အတွက် ဩဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်မှ ထောက်ခံမဲပေးရန်နှင့် အတည်ပြုပေးရန် လိုအပ်နေသေးသော်လည်း ဟွန်မနက် အနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာရန် သေချာသည့်အခြေအနေတွင် ရှိနေပါသည်။ လက်ရှိ အချိန်တွင် ဟွန်ဆန်အနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သည်ဆိုသော်လည်း ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းတွင် သာမာန်ထက်လွန်ကဲသည့် ပြောင်းလဲမှု များကို ထိန်းကျောင်းနိုင်ရန်အတွက် ပါတီ၏ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ Supreme Privy Council တွင်လည်းကောင်း၊ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူထားရန် ပြင်ဆင်ထားရှိပြီးဖြစ်သည်ကို တွေ့ရှိရပါသည်။
ဟွန်ဆန် နောက်ခံပြုနေပြီး ၎င်း၏ သားဖြစ်သူ ဦးဆောင်မည့် ကမ္ဘောဒီးယား နိုင်ငံ၏ နိုင်ငံရေးစနစ်ကို နိုင်ငံအတွင်း အယူအဆမတူသူများနှင့် အနောက်အုပ်စုက ၎င်းတို့ လက်ကိုင်ထားသည့် ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်ကြောင်း ဝေဖန်မှုများ ရှိနေသော်လည်း ဟန့်တားနှောင့်ယှက်ခြင်းမပြုနိုင်သည့် အကြောင်းအချက်တချို့ကို ဖော်ထုတ်ရရှိပါသည်။ ပထမတစ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရအပြောင်းအလဲကို ဆွေးမျိုးကောင်းစားရေး(Nepotism)ဟု ခေါင်းစဉ်တပ်ခံရသော်လည်း ဟွန်ဆန်အနေဖြင့် ၎င်းလက်ဆင့်ကမ်းမည့်မျိုးဆက်များကို ပညာအရာတွင်သာမက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့တွင်ပါ အတွေ့အကြုံရှိစေရေး ထောက်ကွက်မရှိအောင် တစ်ဆင့်ခြင်း ပြုစု ပျိုးထောင်ထားခဲ့ကြောင်း တွေ့ရှိရပါသည်။
ဟွန်ဆန် ၏ သားဖြစ်သူ ဟွန်မနက်သည် West Point တက္ကသိုလ်ဆင်း ဖြစ်ပြီး အမေရိကန်နိုင်ငံမှ စီးပွားရေးမဟာဘွဲ့နှင့် အင်္ဂလန်နိုင်ငံမှ စီးပွားရေးပါရဂူဘွဲ့ရရှိခဲ့သူဖြစ်ပါသည်။ အတွေ့အကြုံအရာတွင်လည်း တပ်မတော်အရာရှိငယ်အဆင့်မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်စေပြီး ပျိုးထောင်ထားကြောင်း တွေ့ရှိရပါသည်။ အခြားသော ဟွန်ဆန်အစိုးရ အဖွဲ့ဝင်များ၏ သားများသည်လည်း အလားတူ ပြုစုပျိုးထောင်ထားသူများဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။[2] ထို့ပြင် ဟွန်ဆန်အနေဖြင့် ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းထားပြီး အင်အားကြီးနိုင်ငံများမှ အခြားစစ်ရေးနှင့် စီးပွားရေးကိစ္စရပ်များကြောင့် အာရုံမစိုက်နိုင်သည့်အချိန်တွင် အစိုးရအပြောင်းအလဲကို အချိန်ကိုက် ဆောင်ရွက်နိုင်ခဲ့ သည်ဟု သုံးသပ်ရပါသည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရ လက်ရှိလုပ်ဆောင်နေမှုသည် အစိုးရမျိုးဆက်သစ် များအား နိုင်ငံအတွင်းမှ ပညာတတ်လူငယ်အင်အားစုများနှင့် စုစည်းပေါင်းစပ်နိုင်မည် ဆိုပါက ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ တစ်ဆင့်ချင်း တိုးတက်လာအောင် လုပ်ဆောင်နိုင်မည်ဟု ယူဆရပါသည်။ မကြာသေးမီကပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်အသစ်နှင့် ဟွန်ဆန်တို့အား ကမ္ဘောဒီးယားနိုင်ငံ၌ လာရောက်တွေ့ဆုံခဲ့ပြီး ၎င်း၏ထောက်ခံမှုကိုပြသ၍ သံတမန်ရေးလက်ဦးမှုကို ရယူခဲ့ကြောင်း တွေ့ရသည်။ နိုင်ငံတည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကိုတည်ဆောက်ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှုတို့ အပေါ်တွင် များစွာမူတည်နေပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားနေမည်သာ ဖြစ်ခြင်းကြောင့် မိမိတို့ချီတက်မည့် လမ်းကြောင်းအတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
84081423
[1]။ SHAUN TURTON. “Hun Manet appointed by king as Cambodia's next PM.”Nikkei Asia, 7 Aug 2023 [https://asia.nikkei.com/.../Hun-Manet-appointed-by-king... 9 Aug 2023

[2]။ JACK BROOK and PHIN RATHANA. “Cambodia's Hun Sen plans power succession to son, allies' children.”Nikkei Asia, 2 May 2023 [https://asia.nikkei.com/.../Cambodia-s-Hun-Sen-plans... 9 Aug 2023

Thursday, August 10, 2023

ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနောက်အုပ်စုဆန့်ကျင်ရေး သဘောတရား(Anti-Westernism)၊ BRICS အဖွဲ့ဝင်လိုသည့်နိုင်ငံများ များပြားလာခြင်းနှင့်ပတ်သက်ပြီးဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အနောက်အုပ်စုဝင်များကို ဆန့်ကျင်သည့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ (Global South)နိုင်ငံများ၏ လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်သည့် စိုးရိမ်ချက်များ၊ ယခင် ကိုလိုနီပြုကျင့်ခဲ့သည့် နိုင်ငံများအပေါ် မကျေနပ်ချက်များ၊ Global South နိုင်ငံများအနေဖြင့် BRICS တွင် အဖွဲ့ဝင်ဖြစ်ရန်အဆိုပြုလာမှုများနှင့် အနောက်အုပ်စုအနေဖြင့် လုပ်ဆောင်သင့်သည့်အကြံပြုချက်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲ(Global South)နိုင်ငံများအနေဖြင့် မည်သည့်အင်အားကြီးနိုင်ငံဘက်မှ မလိုက်လိုသည့် သဘောထား များကြောင့် အနာဂတ် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း(World Order) ပုံဖော်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပါသည်။ တောင်အာဖရိကတွင် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် BRICS ထိပ်သီးညီလာခံတွင် ကမ္ဘာ့နိုင်ငံများ၏ ဦးတည်ချက်နှင့်ပတ်သက်သည့် အရေးပါသောအချက်များကို ထုတ်ဖော်လာနိုင်ပြီးလက်ရှိတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံသည် BRICS အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကြပြီး အခြားနိုင်ငံပေါင်း ၂၂ နိုင်ငံနီးပါးကလည်း BRICS နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားလျက်ရှိကြပါသည်။ BRICS ၌ အဖွဲ့ဝင်အသစ်အနေဖြင့် ပါဝင်လိုသူများတွင် Global South ထဲမှ အဓိကနိုင်ငံများ အားလုံးပါဝင်နေပြီး လာမည့်ညီလာခံတွင် BRICS နိုင်ငံများ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက)အနေဖြင့် အဖွဲ့ဝင်တိုးချဲ့မှုနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြ ထားပါသည်။
သို့သော်လည်း လက်ရှိ BRICS အမာခံ နိုင်ငံများအချင်းချင်း ဆက်ဆံရေးသည် ခိုင်မာမှု ရှိသည်ဟု မဆိုနိုင်သေးပါ။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်အရေးနှင့်ပတ်သက်၍ အငြင်းပွားနေကြပါသည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်က နှစ်နိုင်ငံနယ်စပ်ပဋိပက္ခများကြောင့် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် လူသေမှုဖြစ်ပွားခဲ့ပါသည်။ ရုရှားနိုင်ငံသမ္မတ Vladimir Putin ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(International Criminal Court-ICC)က စစ်ရာဇဝတ်မှုဖြင့် ဖမ်းဆီးရန် ဝရမ်းထုတ်ထားသည့်အတွက် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံအနေဖြင့် ဖမ်းဆီးပေးရန် တာဝန်ရှိနေပါသည်။ ထို့ကြောင့် Putin သည် လာမည့် BRICS အစည်းအဝေးကို Video Call ဖြင့်သာ တက်ရောက်လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။ Global South နိုင်ငံများအနေဖြင့် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်နေသည့်အတွက် အပြောင်းအလဲ တစ်ခုအတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ကြိုးပမ်းလာနိုင်ပါသည်။ ထိုအနာဂတ်အပြောင်းအလဲတွင် အထီးကျန်ဖြစ်လာနိုင်သည့်အဖွဲ့မှာ တရုတ်နှင့် ရုရှားနိုင်ငံ မဟုတ်ဘဲ အနောက်အုပ်စုဝင်နိုင်ငံများဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ကမ္ဘာ့နိုင်ငံများသည် အနောက်အုပ်စု၊ တရုတ်-ရုရှားအုပ်စုနှင့် ကြားနေအုပ်စုဟူ၍ အုပ်စု ၃ စု ကွဲနေပါသည်။ ဗြိတိန်နိုင်ငံ အခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့် Economist Intelligence Unit ၏ မတ်လတွင် ထုတ်ပြန်ခဲ့သည့် သုတေသနအစီရင်ခံစာ၌ ပထဝီဝင်နိုင်ငံရေးအလားအလာများတွင် သိသိသာသာပြောင်းလဲနေသည်ကို ဖော်ပြနေပါသည်။ အဆိုပါအစီရင်ခံစာတွင် လွန်ခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံကိုရှုတ်ချသည့် နိုင်ငံအရေအတွက်၊ သို့မဟုတ် အနောက်အုပ်စုဝင် နိုင်ငံများကို ထောက်ခံသည့်နိုင်ငံအရေအတွက်သည် ၁၃၁ နိုင်ငံမှ ၁၁၂ နိုင်ငံသို့ ကျဆင်း ခဲ့ပြီး ရုရှားနိုင်ငံကို ကျောထောက်နောက်ခံပြုနေသည့်နိုင်ငံ၊ သို့မဟုတ် ရုရှားနိုင်ငံကို အားပေးထောက်ခံသည့်နိုင်ငံသည် ၂၉ နိုင်ငံမှ ၃၀ နိုင်ငံအထိ တိုးလာခဲ့သည်ဟု ဆိုသည်။ တောင်အာဖရိက၊ အီရန်၊ ယူဂန္ဓာ၊ မာလီ၊ ဘူကီနာဖာဆိုနှင့် ဘိုလီဗီးယားနိုင်ငံတို့သည် ရုရှားနိုင်ငံကို ထောက်ခံလာခဲ့ကြပြီး ထိုကဲ့သို့ ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ် နေပါက လက်ရှိလစ်ဘရယ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအတွက် နောက်ထပ်ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လာ နိုင်ပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် အဆိုပါအခြေအနေကို ရပ်တန့်ပစ်ရန် လိုအပ်ပြီး ပြဿနာ၏ အကြောင်းအရင်းကို ဦးစွာရှာဖွေရမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ရဝမ်ဒါနိုင်ငံ၌ ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာညီလာခံ(Kigali Global Dialogue)တွင် Global South နိုင်ငံများ၏ အဓိက မကျေနပ်မှုများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ Kigali Global Dialogue သို့ Global South မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးစဉ်တွင် အနောက်အုပ်စုဝင် နိုင်ငံများအပေါ် ၎င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။ ထိုထုတ်ဖော်ပြောကြားခဲ့မှုများအရ Global South နိုင်ငံများ၏ အနောက်အုပ်စုဝင်နိုင်ငံများ အပေါ် မကျေနပ်သည့် အဓိကအချက် ၃ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့်အမေရိကန်နှင့် ဥရောပနိုင်ငံများ ဦးဆောင်နေသည့် ကမ္ဘာ့အခင်းအကျင်းသည် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမြင်များကို လုံလောက်စွာ ထင်ဟပ်စေခြင်းမရှိဟု ယုံကြည် နေကြပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ တွင်လည်း အနောက်အုပ်စုဝင် ၃ နိုင်ငံပါဝင်နေသည့်အတွက် မျှတမှုမရှိဟုဆိုပြီး လူဦးရေ များပြားလှသည့် အာဖရိကနှင့် လက်တင်အမေရိကဒေသမှ နိုင်ငံများသည် အဖွဲ့ဝင် အဖြစ် ပါဝင်သင့်သည်ဟု ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့ခဲ့ခြင်းကြောင့် ဖြစ်ပေါ် လာသော စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် Global South နိုင်ငံများ၏ တည်ငြိမ်မှုကို ထိခိုက်စေသည်ဟု ရှုမြင်နေကြပါသည်။ Global South နိုင်ငံအများစုသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုများကို ဆန့်ကျင်နေကြသော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်စေလိုကြပါသည်။ အချို့က အနောက်အုပ်စုဝင်နိုင်ငံ များ၏ “Double Standard” ကျင့်သုံးနေမှုကို ထောက်ပြခဲ့ကြပါသည်။ ဥပမာအားဖြင့် ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်နှစ်ပေါင်းများစွာကြာဖြစ်ပွားခဲ့သော်လည်း အနောက် အုပ်စုဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံဖြစ်စဉ်ကဲ့သို့ တုံ့ပြန်ခြင်းမပြုလုပ်ခဲ့ဟု ဆိုသည်။ ၂၀၀၃ ခုနှစ်တွင်လည်း အမေရိကန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါဝင်ဘဲ အီရတ်နိုင်ငံကို ကျူးကျော်မှုပြုလုပ်ခဲ့ပါသေးသည်။ တတိယအချက်မှာ အဓိက ကျသည့် ပြဿနာအရင်းအမြစ်များဖြစ်ပြီး Global South နိုင်ငံများအနေဖြင့် အနောက် အုပ်စုဝင်နိုင်ငံများ၏ ယခင်ကကိုလိုနီပြုခဲ့မှုများအပေါ် နက်ရှိုင်းစွာအမြစ်တွယ်နေသည့် မကျေနပ်မှုများဖြစ်ပါသည်။ ထိုသို့ ကိုလိုနီပြုကျင့်ခဲ့မှုများက Global South နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု အဆိုပါနိုင်ငံများက တညီတညွတ်တည်း မှတ်ယူထားကြကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အထက်ပါပြဿနာရပ်များသည် အသစ်အဆန်း မဟုတ် သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပါဝါနှင့်လွှမ်းမိုးမှုမြင့်မားလာသည့်နှင့်အမျှ နှစ်ပေါင်း များစွာ တအုံနွေးနွေးဖြစ်နေသည့် မကျေနပ်မှုများက ပေါက်ကွဲထွက်လာနိုင်သည်ဟု ဆိုပါသည်။ ကိုလိုနီပြုလုပ်ခဲ့သည့်နိုင်ငံများအနေဖြင့် ၎င်းတို့ပြုလုပ်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းသင့်ပါသည်။ ထိုသို့မကျေနပ်ချက်ကို အခွင့်ကောင်းယူ၍ တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ကိုလိုနီဆန့်ကျင်ရေးစည်းရုံးမှုကို အရှိန်မြှင့်လာကြပါသည်။ ရုရှားနိုင်ငံ အနေဖြင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒတွင် ခေတ်သစ်ကိုလိုနီစနစ်(New Colonialism) ဆန့်ကျင်ရေးသဘောတရားများ ထည့်သွင်းထားပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကိုလိုနီစနစ်ကိုဆန့်ကျင်ပြီး Global South နိုင်ငံများကို စည်းရုံးနေပါသည်။ ယခင်က ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ထိုကဲ့သို့သော သံတမန်ရေးဆိုင်ရာနည်းဗျူဟာများကို အသုံးချခဲ့ဖူးပြီး ရုရှားနိုင်ငံသည် စစ်အေးခေတ်အတွင်းကတည်းက ကိုလိုနီ ဆန့်ကျင်ရေးကို ထောက်ခံခဲ့ပါသည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏ အခြေခံဥပဒေနိဒါန်းတွင် အဆိုပါ မူဝါဒကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Global South နိုင်ငံများနှင့် ပတ်သက်သည့် လုပ်ဆောင်ချက် များကို လျစ်လျူမရှုသင့်ဘဲ အကယ်၍ လျစ်လျူရှုထားပါက အနောက်အုပ်စုနှင့် Global South နိုင်ငံများ၏ ဆက်ဆံရေးကို ဝေးကွာသွားစေနိုင်သည်ဟု ဆိုသည်။ QUAD အဖွဲ့ဝင် ဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကိုလိုနီစနစ်နှင့်ပတ်သက်၍ မကျေနပ်မှုများရှိနေပါသည်။ ထိုသို့ ကိုလိုနီပြုမှုအပေါ်နက်ရှိုင်းသည့် မကျေနပ်မှုများရှိနေသည့် Global South နိုင်ငံ များ၏ သဘောထားကို အလေးအနက်ထားခြင်းဖြင့် အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့်Global South နိုင်ငံများနှင့် အပြန်အလှန်အကျိုးရှိမည့် ဆက်ဆံရေးကို ဆွေးနွေးမှု များမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားထားချက်များအရ BRICS အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားနှင့် စည်းရုံးရေးလမ်းကြောင်းသည် Global South နိုင်ငံများဆီသို့ ဦးတည် နေကာ အောင်မြင်မှုရရှိနေပြီး အနောက်အုပ်စုနိုင်ငံများအနေဖြင့် နောက်ကောက်မကျ စေရန် ပြုပြင်သင့်သည်များကို ထောက်ပြအကြံပြုထားကြောင်း တွေ့ရှိရပါသည်။ အထူး သဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အာရှဒေသတွင်းအပြင် အာဖရိကဒေသရှိ နိုင်ငံများ ကိုပါ ၎င်းတို့၏ အင်အားစည်းရုံးရေးခြေလှမ်းများတွင် ထည့်သွင်းလာသည်ကို တွေ့ရှိရပြီး အာရပ်နိုင်ငံများအပြင် အာဂျင်တီးနားနှင့် အီရန်နိုင်ငံတို့ကလည်း လက်ရှိ အချိန်တွင် BRICS တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်လိုနေကြပါသည်။ ထို့ပြင် BRICS အဖွဲ့အနေဖြင့် သီးခြားငွေကြေးတီထွင်ဖော်ဆောင်ရန် ပြင်ဆင်နေပြီး ထိုငွေကြေး စနစ်ဖြင့် ကုန်သွယ်ရေးနှင့် အရန်ငွေကြေးစနစ်များ ဆောင်ရွက်လာပါက ဒေါ်လာ လွှမ်းမိုးမှုအား လျှော့ချနိုင်သဖြင့် အမေရိကန်နှင့် အနောက်အုပ်စုဝင်နိုင်ငံများအတွက် အထိနာစေမည်ဟု ယူဆမိပါသည်။
လက်ရှိတွင် BRICS သည် အနောက်အုပ်စု၏ လွှမ်းမိုးမှုမရှိသည့် အဖွဲ့အစည်း ဖြစ်ပြီး Global South နိုင်ငံများအားလုံးက ပူးပေါင်းပါဝင်ရန် စိတ်အားထက်သန်လျက်ရှိသော်လည်း ဦးဆောင်အဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ် ရေးရာပဋိပက္ခများနှင့် ရုရှားနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကြောင့် အဖွဲ့ဝင် တိုးချဲ့ရေး အစီအစဉ်များတွင် စိန်ခေါ်မှုများလည်း ရှိနေမည်ဖြစ်ပါသည်။ အချုပ်အားဖြင့် လိုတစ်မျိုး၊ မလိုတစ်မျိုးမူ (Double Stanadard) နှင့် ဗိုလ်ကျလွှမ်းမိုးမှု (Hegemony) ကို ကိုင်စွဲ၍ ကမ္ဘာ့အခင်းအကျင်း ဖော်ဆောင်ထားသည့် အမေရိကန်နိုင်ငံအနေဖြင့် ကိုလိုနီပုံစံသစ် (New Colonialism) ကို ဆန့်ကျင်သည့်သဘောတရားများအား အခြေခံထားသော BRICS ကဲ့သို့ နိုင်ငံစုံအဖွဲ့၏ အဖွဲ့ဝင်များ ကျယ်ပြန့်နက်ရှိုင်းလာခြင်းကို တုံ့ပြန်နိုင်ရန် ၎င်းတို့၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ဦးစွာပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါသည်။
မကြာမီက ဖြစ်ပေါ်ခဲ့သော အာဖရိကနိုင်ငံများဖြစ်သည့် မာလီ၊ ဘူကီနာဖာဆို၊ နိုင်ဂျာနိုင်ငံတို့တွင် စစ်ဘက်မှအာဏာရယူပြီး ၎င်းတို့အား ကိုလိုနီပြုခဲ့သော ပြင်သစ် နိုင်ငံအပါအဝင် အနောက်အုပ်စုဝင်နိုင်ငံများကို ပြစ်တင်ရှုတ်ချ၍ အာဖရိကအား လွှမ်းမိုးရန်ကြိုးစားလာသော ရုရှားနှင့် တရုတ်နိုင်ငံတို့အား ထောက်ခံမှုပြုလုပ်နေခြင်းသည် ကိုလိုနီ ဖြစ်ခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားကို ထင်ဟပ်စေပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲကိုလိုနီစနစ်၏ ဒဏ်ကိုခံခဲ့ရသည့် နိုင်ငံများသည် နိုင်ငံကြီးများ၏ အားပြိုင်မှုတွင် ကြားမညပ်လိုသောကြောင့် နိုင်ငံများစုပေါင်းထားသည့် နိုင်ငံတကာအဖွဲ့အစည်းတွင် ပါဝင်နိုင်ရန် လိုလားလျက်ရှိပါသည်။ ထို့ကြောင့် အနာဂတ်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ၊ ကိုလိုနီပြုခံခဲ့ရသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် သဘောထားများကို လေးစားသည့် ကမ္ဘာ့အင်အားကြီးအုပ်စုများ အင်အားကောင်းလာဖွယ်ရာရှိသည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
83081123

[1]။ HIROYUKI AKITA.“ Will anti-Westernism sweep Global South?”. Nikkei Asia, Aug 5, 2023 [https:// asia.nikkei.com/Spotlight/ Comment/ Will-anti-Westernism-sweep-Global-South/]-accessed on Aug 8, 2023

Wednesday, August 9, 2023

အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာနိုင်ခြင်း ရှိ/မရှိနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး တင်းမာမှုများနှင့် အဆိုပါတင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းမှုများ၊ တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံစလုံး၏ နယ်စပ်ပဋိပက္ခများနှင့်ပတ်သက်သည့် သဘောထားအမြင်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် ၂၀၂၀ ပြည့်နှစ်၊ မေလကတည်းက နယ်စပ်ပဋိပက္ခများကြောင့် တင်းမာမှုများရှိနေခဲ့ပြီး လက်ရှိ အချိန်ထိ အပြုသဘောဆောင်သည့် ရလဒ်များ မရရှိသေးဟုဆိုပါသည်။ ထိန်းချုပ်ရေးမျဉ်း (Line of Actual Control-LAC) တစ်လျှောက် နယ်မြေအနည်းငယ်တွင်သာ တပ်ဖွဲ့များ ဆုတ်ခွာမှုရှိနေပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း စစ်ရေး၊ သံတမန်ရေး ဆွေးနွေးပွဲ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ကောင်းမွန်သည့် ရလဒ် အနည်းငယ်သာ ထွက်ပေါ်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ကျင်းပပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး သွားရောက်မည့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Li Shangfu ၏ ခရီးစဉ် မတိုင်မီတွင် တရုတ်-အိန္ဒိယ (၁၈)ကြိမ်မြောက် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သို့သော် အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ထုတ်ပြန်ချက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
၃။ ၂၀၂၃ ခုနှစ်၊ မေလနှောင်းပိုင်းကာလတွင် နယ်စပ်ရေးရာနှင့်ပတ်သက်၍ Working Mechanism for Consultation and Coordination on Inida-China Border Affairs-WMCC) ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် မကြာမီ ကာလများ၌ စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမည်ဟု ပြောကြား ထားပါသည်။ ထို့ပြင် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံက ကျင်းပပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (XI Jinping) ကိုယ်တိုင် တက်ရောက်ရန် စီစဉ်ထားရှိမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်လာ စေနိုင်မည်ဟု ဆိုပါသည်။ အဆိုပါထိပ်သီးဆွေးနွေးပွဲသည် ဇူလိုင်လက အိန္ဒိယအမျိုးသား လုံခြုံရေးအကြံပေး Ajit Doval နှင့် တရုတ်နိုင်ငံထိပ်တန်းသံတမန် Wang Yi တို့၏ တွေ့ဆုံပွဲမှ နောက်ဆက်တွဲ အကျိုးရလဒ်များဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးတည်ငြိမ်မှုများ လိုလားလျက်ရှိသည်ဟု ဖော်ပြထားပါသည်။
Ajit Doval နှင့် Wang Yi တို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး Doval သည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်တည်ဆောက်ရန်၊ အတားအဆီးများကို ဖယ်ရှားရန်အတွက် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင်သင့်သည်ဟု ပြောကြား ထားပါသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ထုတ်ပြန်ချက်တွင် တူညီသည့်တစ်ခုတည်းသော အချက်မှာ ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက်ပါ အရေးကြီးသည့် သဘောတူညီချက်ပင်ဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်သည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးထက် ကြီးမားသည့် မဟာဗျူဟာမြောက် သဘောတရားများ ပါဝင်နေပြီး နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းခြိမ်းခြောက်မှု မဖြစ်စေရေး မဟာဗျူဟာကို လိုက်နာသင့်ပြီး ၎င်းတို့အချင်းချင်းသည်ပင်လျှင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများဖြစ်နေကြောင်း ဆိုပါသည်။ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ရန်အတွက် တိကျသော မူဝါဒများနှင့်အညီ အမှန်တကယ်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံက တိုက်တွန်းပြောကြားခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar သည် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးမရမချင်း တရုတ်-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်မလာနိုင်ဟု ပြောကြားထားမှုလည်းရှိပါသည်။ ပြီးခဲ့သည့် (၁၈)ကြိမ်မြောက် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် East Ladakh တွင် နှစ်ဖက်စလုံးမှ တပ်ဖြန့်ချထားသည့် တင့်ကား၊ အမြောက်နှင့် ဒုံးပျံစနစ်များကဲ့သို့သော လက်နက်ကြီးများနှင့် တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်အား ပြန်လည်တပ်ဆုတ်ရန်၊ တင်းမာမှုများ လျှော့ချရန်နှင့် တိကျသည့် ဆုံးဖြတ်မှုများ ချမှတ်ရန် လိုလားလျက်ရှိပါသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသော်လည်း နှစ်နိုင်ငံနယ်စပ်ပဋိပက္ခ လျှော့ချနိုင်ရေးအတွက် အပြုသဘောဆောင်သည့် တိုးတက်မှုများမရှိသေးကြောင်းနှင့် သမ္မတ ရှီကျင့်ဖျင်၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာစေရန် မျှော်မှန်းထားရှိ သော်လည်း ဖြစ်နိုင်ချေနည်းပါးလျက်ရှိသည်ဟုဆိုပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီတွင် နယ်စပ်ဒေသငြိမ်းချမ်းရေးကို လိုလားလျက်ရှိပြီး အလေးထားလုပ်ဆောင်လျက်ရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်ပြဿနာကြောင့် ဆက်ဆံရေး တင်းမာလျက်ရှိနေကြောင်း၊ နှစ်နိုင်ငံစလုံးမှ တင်းမာမှုများလျော့ချရန်လိုလားလျက်ရှိနေသော်လည်း၊ လက်တွေ့တွင် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် ခက်ခဲနေသေးကြောင်း အနောက်အုပ်စု အာဘော်မှ သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ်ပြဿနာသည် ၂၀၂၀ ပြည့်နှစ်၊ မေလကတည်းက စတင်ခဲ့ပြီး (၅)ကြိမ်တိုင် ထိတွေ့မှုများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ အခြေအနေများကို ထိန်းချုပ်ရန် အတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ အဆင့်ဆင့် ပြုလုပ်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ အပြုသဘောဆောင်သည့် အခြေအနေကို မရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံမှ သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်တက်ရောက် လာပါက အဆိုပါထိပ်သီးအစည်းအဝေးပြင်ပတွင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်၍ ဦးစားပေးဆွေးနွေးမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ရပါသည်။ ယခုကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အိန္ဒိယနှင့် တရုတ် မသင့်မြတ်ခြင်းထက် သင့်မြတ်နေခြင်းက ပိုကောင်းမည်ကို နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ကောင်းစွာ တွေးဆနိုင်ဖွယ်ရှိပါသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်ရုံ သာမက သုံးနိုင်ငံထိတွေ့နေသော နယ်နိမိတ်များတွင် လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ နယ်စပ်တင်းမာမှုများသည် အခြားကမ္ဘာ့နိုင်ငံများထက် မိမိတို့နိုင်ငံအပေါ်တွင် သက်ရောက်မှုများစွာရှိမည်ဖြစ်ပါသည်။ အထူးသဖြင့် လူဦးရေနှင့် စစ်ရေးအင်အားကြီးမားသော နှစ်နိုင်ငံအကြားတွင် မြန်မာနိုင်ငံအထက်ပိုင်းညပ်၍ တည်ရှိနေမှုကလည်း ပထဝီနိုင်ငံရေးကို များစွာသက်ရောက်နေပါသည်။ ထိုနိုင်ငံကြီးနှစ်နိုင်ငံအကြား သမမျှတစွာ ရပ်တည်နေနိုင်ပြီး မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေးရှုဖော်ဆောင်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
82081023

[1]။ Rajeswari Pillai Rajagopalan,.“ Should We Expect a Thaw in China-India Relations Soon?”. The Diplomat. August 4, 2023 [https://thediplomat.com/should-we-expect-a.../]-accessed on August 6, 2023.

Tuesday, August 8, 2023

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တောင်တရုတ်ပင်လယ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အာဆီယံ၏စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ရုံသာမက တောင်တရုတ်ပင်လယ်အရေးနှင့် ဒေသတွင်းအရေးကိစ္စများတွင် အင်အားကြီးနိုင်ငံများ ဝင်ရောက် မစွက်ဖက်နိုင်ရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း သုံးသပ်ရေးသားထားသည့် ဆောင်းပါးအား Nikke Asia သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။ [1]
ဖော်ပြချက်
အာဆီယံအဖွဲ့အနေဖြင့် ရေကြောင်းဆိုင်ရာ ပူးတွဲလေ့ကျင့်ခန်းကို လာမည့် စက်တင်ဘာလတွင် ပြုလုပ်သွားရန်စီစဉ်ထားပါသည်။ အာရှ-ပစိဖိတ်ဒေသရှိ အာဆီယံ အဖွဲ့အနေဖြင့် သံတမန်ရေးရာ ဗဟိုချုပ်ကိုင်မှုများနှင့် အကျိုးအမြတ်များကို စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရချိန်တွင် အဆိုပါ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းက အာဆီယံအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်လာနိုင်သည်ဟု ဆိုပါသည်။ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံက တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကနဦးရည်ရွယ် ထားသည့် မြောက်ပိုင်း Natuna ပင်လယ်တွင် စစ်ရေးလေ့ကျင့်ပါက တရုတ်နိုင်ငံဘက်မှ မလိုလားအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်လာစေနိုင်သည်ဟု ကမ္ဘောဒီးယားနိုင်ငံက ပြောကြားခဲ့ပါသည်။ ထိုသို့ ကမ္ဘောဒီးယားနိုင်ငံ၏ တောင်းဆိုချက်ကြောင့် လေ့ကျင့်ခန်း ပြုလုပ်မည့်နေရာသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံကတောင်းဆိုနေသည့် ပိုင်နက်များနှင့် ဝေးရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း ဖော်ပြထားပါသည်။
လေ့ကျင့်ခန်းပြုလုပ်မည့်နေရာ ရွှေ့ပြောင်းမှုသည် အာဆီယံအဖွဲ့၏ လုံခြုံရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများကို အနည်းငယ်ယိမ်းယိုင်စေသော်လည်း အင်ဒိုနီးရှားနှင့် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံက တောင်းဆိုနေသည့် “Nine-Dash Line” အတွင်း နောက်ထပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ကြိုးပမ်းမှုများကို ဟန့်တားနိုင်မည်မဟုတ်ဟု ဆိုပါသည်။ ထိုသို့စစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်မှုသည် မူဝါဒရေးရာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ ရှုထောင့်အရကြည့်မည်ဆိုပါက ကျိုးကြောင်းဆီလျော်မှုရှိပြီး အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု(Centrality)ကို အတည်ပြုဖော်ဆောင်ပေးနိုင်မည်ဟုဆိုပါသည်။ စစ်ရေးလေ့ကျင့်ခန်းကို ကောင်းမွန်စွာပုံဖော်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါကအာဆီယံ၏ စည်းလုံးညီညွတ်ရေးကို အထောက်အကူပေးနိုင်မည့်အပြင် ဒေသတွင်း၌ အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင်မှုမဖြစ်ပေါ်လာစေရန်နှင့် တရုတ်နိုင်ငံ၏ အပြုအမူများကိုထိန်းချုပ်ခြင်းများအတွက်လည်း အကူအညီဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ တက်ကြွစွာဆောင်ရွက်နေမှုများကြောင့် ကန့်ကွက်မှုများပြုလုပ်လာနိုင်သော်လည်း တားမြစ်ရန် ခက်ခဲနိုင်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနှင့်တိုက်ရိုက်ပတ်သက်မှုမရှိသော်လည်း အပြည်ပြည်ဆိုင်ရာရေပိုင်နက် အခိုင်အမာ သတ်မှတ်မှုအတွက် အထောက်အကူဖြစ်စေမည့် အာဆီယံ၏ စစ်ရေးလေ့ကျင့်ခန်းကို ကြိုဆိုလိမ့်မည်ဖြစ်ပါသည်။ လေ့ကျင့်ခန်းတွင် အာဆီယံပြင်ပနိုင်ငံများ၏ ပါဝင်မှုသည်အဖွဲ့၏အဓိက လုပ်ဆောင်ချက်များကို လျော့ပါးစေနိုင်သည့်အတွက် အာဆီယံနိုင်ငံများ သည်သာ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း သည်လည်း အင်ဒိုနီးရှားနိုင်ငံက ဖော်ပြသကဲ့သို့ စစ်ရေးလေ့ကျင့်မှုဆိုသည်ထက် လူသားချင်းစာနာထောက်ထားမှုကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် တောင်းဆိုမှုများကို ဖြေရှင်းနိုင်ရုံသာမက တရုတ်နိုင်ငံ၏ ရေပိုင်နက် ထပ်တိုးတောင်းဆိုမှု များကိုလည်း တားမြစ်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါလေ့ကျင့်ခန်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါက အနာဂတ်တွင် လေ့ကျင့်ခန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာမည့်အပြင် အမေရိကန်ကဲ့သို့နိုင်ငံများ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာမှု ပြုလုပ်နိုင်မည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဒေသတွင်း၌ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများနှင့် ဒေသတွင်းအရေးကိစ္စ များတွင် ဝင်ရောက်စွက်ဖက်မှုများ လျော့နည်းသွားနိုင်ပါသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အဖွဲ့ဝင်နိုင်ငံအချို့မှ ကန့်ကွက်လာနိုင်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကန့်ကွက်မှု များကို ကျော်လွှားနိုင်ရန် မည်သို့ဆောင်ရွက်မည်နည်းဆိုသည့်အချက်သည် မေးခွန်း ထုတ်စရာဖြစ်လာကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အာဆီယံအဖွဲ့အတွင်း ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများကို နောက်ထပ်ဆွေးနွေးမှု ပြုလုပ်ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။ အကယ်၍ သဘောထားကွဲလွဲမှုများ ဆက်လက်တည်ရှိနေပါက အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံးကို ၎င်းတို့ဆန္ဒအလျောက်ပါဝင်နိုင်ရန် လမ်းဖွင့်ပေးရမည် ဖြစ်ပါသည်။ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အဆိုပါ လေ့ကျင့်ခန်းတွင် ဝင်ရောက်ဆောင်ရွက်နိုင်သည်ဟု ယူဆရပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများဖြင့်သာ ချဉ်းကပ်ဆောင်ရွက်ခြင်းများက တစ်မူထူးခြားနေသော်လည်း အင်အားကြီး နိုင်ငံများဝင်ရောက်စွက်ဖက်ခြင်းမရှိပါက အကောင်အထည်ပေါ်လာနိုင်ပါသည်။ အာဆီယံ နိုင်ငံများအနေဖြင့် စစ်ရေးလေ့ကျင့်မှုအပေါ် သဘောမတူညီမှုများကို ကျော်လွှားနိုင်ရန် အတွက် လိုအပ်ပါက “Informal”ဟု သုံးနှုန်းပြီး လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ပြီး အထက်တွင်ဖော်ပြခဲ့သည့် ၆ နိုင်ငံက ပါဝင်ဆောင်ရွက်မည်ဆိုပါက အာဆီယံအနေဖြင့် လေ့ကျင့်ခန်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ အာဆီယံ အဖွဲ့အနေဖြင့် ၎င်း၏မူလရည်ရွယ်ချက်နှင့် လိုက်လျောညီထွေရှိသည့် ခြေလှမ်းတစ်ရပ်ကို စတင်နိုင်မည်ဖြစ်သည့်အပြင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သည့် တင်းမာမှု များအား လျှော့ချနိုင်မည့် လုပ်ဆောင်ချက်များကို ခိုင်မာစွာရပ်တည် ဖော်ဆောင် နိုင်မည်ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် သဘောထားတူညီသည့် နိုင်ငံများအနေဖြင့် ပေါ်ပေါက်လာသည့်အခွင့်အရေးတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးလေ့ကျင့်ခန်းနှင့်ပတ်သက်၍ သဘောထား တင်းမာမှုများရှိနေသော်လည်း အဆိုပါလေ့ကျင့်ခန်းကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဆိုပါက အာရှဒေသအတွင်း၌ အာဆီယံ၏ ရပ်တည်မှုများ ခိုင်မာအားကောင်း လာနိုင်ပြီး အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု များကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဟူသော အာဘော်ကို တင်ဆက်ထားပါသည်။ လက်ရှိအချိန်တွင်တရုတ်နှင့် ရေပိုင်နက်အငြင်းပွားမှုရှိနေသော အင်ဒိုနီးရှားနိုင်ငံသည် “ASEAN Centrality” ဆိုသည့် အသုံးအနှုန်းကို မြှင့်တင်ရန် အတွက်ဟုဆိုကာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်လိုသော်လည်း တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားလိုသည့် အတွက် စစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်နေသည်ကို တွေ့ရှိရပါသည်။ လက်တွေ့တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း အာဆီယံ၏အားကိုယူ၍ ၎င်းနိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ တရုတ်နိုင်ငံနှင့် အဆင်ပြေသည့်နိုင်ငံများဘက်မှလည်း ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နေကြခြင်းသာဖြစ်ပါသည်။
အင်အားကြီးနိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေးအရ အာဆီယံဒေသအတွင်း ဖိအားပေးခြင်း၊ ထောက်ပံ့ကူညီခြင်း စသည့်နည်းလမ်းများသုံး၍ ဝင်ရောက်စည်းရုံး ဆောင်ရွက်နေချိန်တွင် အာဆီယံဒေသအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မှု များလည်း တိုးမြှင့်လှုပ်ရှားချိန်နှင့် တိုက်ဆိုင်နေပါသည်။ သို့သော်လည်း ထိုကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများကို အာဆီယံနိုင်ငံများအားလုံးပါဝင်၍ အားလုံးသဘောတူနိုင်သည့် နေရာတစ်ခုကို ရွေးချယ်နိုင်ပြီး အမှန်တကယ် အာဆီယံကို ဗဟိုပြုသည့် လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း အာဆီယံအဖွဲ့၏ ဂုဏ်သိက္ခာအတွက် များစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။
ယခု ကျင်းပရန်စီစဉ်နေသည့် စစ်ရေးလေ့ကျင့်မှုတွင် တိုက်ခိုက်ရေး အစီအစဉ်များ ပါဝင်မည်မဟုတ်ကြောင်း ကြေညာထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် အနောက်အုပ်စုနိုင်ငံများ၊ ၎င်း၏မဟာမိတ်နိုင်ငံများနှင့် ရေကြောင်းဆိုင်ရာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ထားခြင်း၊ သံတမန်ဆက်ဆံရေး ကောင်းမွန်နေခြင်း၊ အဆိုပါနိုင်ငံများအပေါ် ပံ့ပိုးမှုများရှိနေခြင်းနှင့် လေ့ကျင့်ခန်းနေရာအား ရေပိုင်နက်အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း မဏာမရွေးချယ်ထားခြင်းကြောင့် တရုတ်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံကြီးများ၏ သွယ်ဝိုက်လွှမ်းမိုးမှုများရှိနေမည်သာဖြစ်ပါသည်။ အာဆီယံအဖွဲ့အနေဖြင့်ဆိုရပါသော် ပြည်ပလွှမ်းမိုးမှုကိုလျော့ချပြီး အဖွဲ့ဝင်အားလုံးပါဝင်နိုင်သည့် လေ့ကျင့်ခန်းဆောင်ရွက်နိုင်ရေးသည် ပညာခန်းဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်မူ မိမိ၏ အမျိုးသားအကျိုးစီးပွားကို မထိခိုက်စေဘဲ လေ့ကျင့်ခန်းပါဝင်ဆောင်ရွက်နိုင်ခြင်းသည် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
81080923

[1]။ Scot Marciel.“ ASEAN shouldn't give up on idea of South China Sea naval drill”. Nikkei Asia, Aug 3, 2023 [https://asia.nikkei.com/.../ASEAN-shouldn-t-give-up-on... /]-accessed on Aug 4, 2023