Monday, August 28, 2023

ထိုင်းနိုင်ငံ၏ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ထိုင်းနိုင်ငံတွင် Pheu Thai ပါတီမှ Srettha Thavisin ဝန်ကြီးချုပ် ရွေးချယ်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ Pheu Thai ပါတီသည် ယခင်က MFP ပါတီနှင့် ပူးပေါင်း၍ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရန်ကြိုးပမ်းခဲ့သော်လည်း ယခုအခါ စစ်ဘက်လိုလားသည့် နိုင်ငံရေး ပါတီများနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်း Srettha Thavisin သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပါလီမန်၏ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ ၃၀ ဆက်မြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ နှစ်ပေါင်းများစွာ ကွဲပြားလျက်သည့် နိုင်ငံရေး ကွဲပြားမှု အဆုံးသတ်မည့် အခြေအနေသို့ ရောက်ရှိလျက်ရှိပြီး ထိုင်းနိုင်ငံရေးသည် ကဏ္ဍသစ်တစ်ခုသို့ ဝင်ရောက်နေပြီဖြစ်ပါသည်။ ဆယ်စုနှစ်တစ်ခုကျော် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် Pheu Thai ပါတီနှင့် စစ်ဘက်အားလိုလားသည့် နိုင်ငံရေးပါတီများသည် ၎င်းတို့၏တင်းမာမှုများကို အဆုံးသတ်ကာ နားလည်မှုရယူခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်သည့် Move Forward ပါတီ(MFP)အား ပူးပေါင်းရင်ဆိုင်ခဲ့ကြပါသည်။ ယခုအခါ Pheu Thai ပါတီသည် United Thai Nation (UTN) ပါတီနှင့် Palang Pracharath ပါတီ(PPRP) တို့နှင့် မဟာမိတ်ဖွဲ့ထားပြီး နောက်ထပ်ပါတီ ၈ ခုနှင့် အစိုးရဖွဲ့ရန် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြထားပါသည်။
UTN ပါတီတွင် ဝန်ကြီးချုပ် Prayut Chan-o-cha ကို ဝန်ကြီးချုပ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ပြီး PPRP ပါတီတွင် ပါတီခေါင်းဆောင်နှင့် ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon တို့အား ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားခဲ့ပါသည်။ Rangsit တက္ကသိုလ်မှ နိုင်ငံရေးသိပံ္ပကထိက Wanwichit Boonprong ၏ ပြောကြားချက်အရ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ် ရွေးချယ်မည့်နေ့၌ ၁၅ နှစ်ကြာ ပြည်ပတွင် တိမ်းရှောင်နေရာမှ ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်း[2]သည် Pheu Thai ပါတီ၊ UTN ပါတီနှင့် PPRP ပါတီတို့အကြား မဟာမိတ်အဖွဲ့များအဖြစ်သို့ ပေါင်းစည်းမည့်အခြေအနေကို ရောက်ရှိစေနိုင်ကြောင်း၊ ၎င်းတို့၏ ပြိုင်ဘက်ပါတီဖြစ်သည့် MFP ပါတီနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ် သွားနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပြောင်းလဲလျက်ရှိသော နိုင်ငံရေးအခြေအနေများသည် အဆိုပါ ပါတီ ၃ ခုအား ပေါင်းစည်းစေသည့်အနေထားသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၎င်းတို့ဖွဲ့စည်းသည့် အစိုးရသစ်အနေဖြင့် ရေရှည်တည်တံ့နိုင်သည့် အလားအလာတွင်ရှိနေပြီး Pheu Thai ပါတီအနေဖြင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများအား UTN ပါတီနှင့် PPRP ပါတီတို့ လက်ခံမှုရှိစေရေးအတွက် အသစ်ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်သည်ဟု ဆိုပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအား လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်လျက်ရှိသော "Three Por" ဟုသိကြသည့် ဗိုလ်ချုပ်ကြီး Prayut ၊ ဗိုလ်ချုပ်ကြီး Prawit နှင့် ပြည်ထဲရေးဝန်ကြီး Anupong Paojinda တို့၏ အခန်းကဏ္ဍသည်လည်း မထင်မရှားသာရှိနေပြီး၎င်းတို့အနေဖြင့် နိုင်ငံရေးအခြေအနေများအား နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နိုင်သည့် အနေအထားတွင်ရှိနေကြောင်း ဖော်ပြထားပါသည်။
ဝန်ကြီးချုပ်အသစ် မစ္စတာ Srettha အား ထောက်ခံမဲပေးခဲ့သည့် အထက်လွှတ်တော် အမတ်အများစုသည် ဗိုလ်ချုပ်ကြီး Prayut ၏ အနီးကပ်လူများဖြစ်ကြပြီး UTN ပါတီ အတွက် ခွဲဝေပေးမည့် အစိုးရအဖွဲ့နေရာများတွင် အကြီးပိုင်းရာထူးများ ရရှိရန် မျှော်လင့်လျက်ရှိပါသည်။ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် တည်ထောင်ခဲ့သည့် Pheu Thai ပါတီသည် အောင်မြင်မှုရှိခဲ့သော်လည်း ၎င်းအနေဖြင့် ပါတီတွင်းရှိ ထောက်ခံသူများ၏ ယုံကြည်မှုနှင့်ပတ်သက်၍ အခက်အခဲများရင်ဆိုင် ရလျက် ရှိပါသည်။ ပါတီသည် မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မီက UTN နှင့် PPRP ပါတီတို့ကို ရည်ညွှန်း၍ ယင်းပါတီများသည် အလုပ်ဖြစ်မည့်အနေအထားတွင် မရှိဟု ပြောဆိုခဲ့ခြင်းကြောင့် ပြင်းထန်စွာဝေဖန်ခံရလျက်ရှိပါသည်။ Pheu Thai ပါတီ အနေဖြင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးပါက ၎င်းအားထောက်ခံသူများ၏ ယုံကြည်မှုအား ပြန်လည်ရရှိအောင် ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Ubon Ratchathani စီရင်စုမှ Pheu Thai ပါတီအမတ်ဟောင်း Somkid Chueakhong က နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်ရန်အတွက် နောက်ဆုံးနိုင်ငံရေး အလှည့်အပြောင်းတွင် Pheu Thai ပါတီနှင့် စစ်ဘက်အား လိုလားသည့် နိုင်ငံရေး ပါတီအင်အားစုများသည် နိုင်ငံရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် အပေးအယူ ပြုလုပ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း၊ Pheu Thai ပါတီသည် ယခုအချိန်အထိ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဩဝါဒညွှန်ကြားချက်များအား လိုက်နာလျက်ရှိခြင်းကြောင့် ဗိုလ်ချုပ်ကြီး Prayut ထက် ပိုမိုအရေးပါသည်ဟု ယူဆရကြောင်း၊ UTN ပါတီသည် Pheu Thai ပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သို့ ဝင်ရောက်ရန် ဦးစွာဖိတ်ကြား ခံခဲ့ရပြီး အစိုးရအဖွဲ့နေရာ ခွဲတမ်းအတွက် PPRP ပါတီနှင့် အကြိတ်အနယ်ဆွေးနွေးပြီး ညွန့်ပေါင်းအဖွဲ့တွင်ပါဝင်လာစေရန် ဆွေးနွေး သိမ်းသွင်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗိုလ်ချုပ်ကြီး Prayut သည် အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး Natthapol Nakpanich ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် လုပ်ဆောင်လျက်ရှိပါသည်။ ဗိုလ်ချုပ်ကြီး Prawit က PPRP ပါတီ၏ မဟာဗျူဟာဆိုင်ရာ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး Vit Thephasdin Na Ayutthaya ၊ သို့မဟုတ် ၎င်း၏ ညီဖြစ်သူ အမျိုးသားရဲချုပ်ဟောင်း ဗိုလ်ချုပ်ကြီး Patcharawat Wongsuwon တို့ကို ရာထူးရယူစေရေး တိုက်တွန်းလျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဗိုလ်ချုပ်ကြီး Prayut အပေါ်တွင်ပိုမိုယုံကြည်မှုရှိသည်ဟု ပြောကြားခဲ့ခြင်းကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးသည် ဗိုလ်ချုပ်ကြီး Prayut ၏ အနီးကပ်လူများအတွင်းမှ ဖြစ်ပေါ်လာနိုင်သည့် အလားလာ ဖြစ်ပြီး နောက်လာမည့်အာဏာသိမ်းမှုကိုတားဆီးရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်အသစ်အဖြစ်မဲခွဲဆုံးဖြတ်ရာတွင် မေလရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံး ရခဲ့သည့် Pheu Thai ပါတီမှ Srettha Thavisin သည် ပူးတွဲ ပါလီမန်အစည်းအဝေးတွင် ထောက်ခံမဲ ၄၈၂ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၁၆၅ မဲ၊ ကြားနေမဲ ၈၁ မဲ၊ ပယ်မဲ ၁၉ မဲ ရရှိခဲ့ခြင်းကြောင့် လိုအပ်သည့် မဲအရေအတွက် ၃၇၄ မဲထက် ကျော်လွန်ရရှိခဲ့ပါသည်။ Srettha သည် အထက်လွှတ်တော်အမတ် ၁၅၂ ဦး၏ ထောက်ခံမဲများ ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရကာ ၎င်းအား ကန့်ကွက်မဲပေးသူအများစုမှာ Move Forward လွှတ်တော်အမတ်များ ဖြစ်ပါသည်။[3] Pheu Thai ပါတီသည် အစိုးရသစ် တစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် စစ်တပ်အားလိုလားသည့် နိုင်ငံရေးအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်ကာ သဘောတူညီချက်များ ရယူခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။
၈။ တစ်ဖက်တွင်လည်း ပြည်ပြေးထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ဝန်ကြီးချုပ်အသစ် ဒုတိယအကြိမ်ရွေးချယ်မည့်နေ့တွင် တိုက်ဆိုင်စွာ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခြင်းသည် ထိုင်းနိုင်ငံရေးအခင်းကျင်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း သက်ဆင်၏ ဩဇာမကုန်ခန်းသေးသောကြောင့် Pheu Thai ပါတီအား ထောက်ခံမှုပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ Pheu Thai ပါတီ အနေဖြင့် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်အဆုံးသတ်ရေး၊ စစ်ဘက်ကြီးစိုးမှုအဆုံးသတ်ရေးကို လိုလားသည့် MFP ပါတီနှင့် ကနဦးတွင် ပူးပေါင်းခဲ့သော်လည်း MFP ပါတီမှ Pita အား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရာတွင် အောင်မြင်မှုမရှိခဲ့ခြင်းကြောင့် MFP နှင့် လက်တွဲဖြုတ်ကာ ပါတီမဟာမိတ်သစ်များဖွဲ့စည်းပြီး အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံရေးဟူသည် ဖြစ်ချင်သည်ထက် ဖြစ်သင့်တာကို ဦးစားပေးရခြင်းဖြစ်ပြီး၊ ပါတီနိုင်ငံရေးတွင် အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေမရှိခြင်း သဘောတရားမှာ ထိုင်းနိုင်ငံရေးတွင် ထင်ရှားစွာတွေ့မြင်နေရပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် အစိုးရခေါင်းဆောင်များအနေဖြင့် တိုင်းပြည်နှင့် ပြည်သူ မနစ်နာစေရန် အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်ခဲ့သည်ဟု ယူဆရပြီး တည်ငြိမ်အောင် ဆက်လက် စွမ်းဆောင်နိုင်ခြင်းရှိဟူသည်မှာ စောင့်ကြည့်သွားရမည့် စိတ်ဝင်စားဖွယ်ရာကိစ္စရပ်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
95082923
[1]။ Aekarach Sattaburuth and Wassana Nanuam,“New Govt Forms, but at What Cost?”. Bangkok Post. 24 August 2023 [https://www.bangkokpost.com/.../new-govt-forms.../]-accessed on 23 August 2023.
[2]။ Sebastian Strangio,“Former Thai PM Thaksin Returns From Self-exile as PM Vote Looms”.The Diplomat. 22 August 2023 [https://thediplomat.com/.../former-thai-pm-thaksin.../]- accessed on 23 August 2023.

[3]။ “Pheu Thai’s Srettha Wins PM Post by Large Majority”.The Nation. 22 August 2023 [https://www. nationthailand.com/ thailand/politics/40030422/]-accessed on 23 August 2023.

Sunday, August 27, 2023

အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ဆန်တင်ပို့မှုကန့်သတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဈေးကွက်အခြေအနေများနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ



နိဒါန်း
ဆန်စပါးတင်ပို့မှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံက တားမြစ်ချက်များ ထုတ်ပြန် ခဲ့ခြင်းကြောင့် အခြားသော ဆန်စပါးတင်ပို့မှုပြုလုပ်သည့် နိုင်ငံများတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဆန်စပါးဈေးကွက်တည်ငြိမ်မှုရှိစေရန် လုပ်ဆောင်ရမည့်အချက်များ၊ အလေးထားကြပ်မတ် ရမည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
မကြာသေးမီက အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ဆန်တင်ပို့မှု တားမြစ်ချက်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်တွင် ကမောက်ကမဖြစ်သွားခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပွားပြီးနောက် ယခုနှစ်တွင် အာရှဆန်ဈေးကွက်သည် အမြင့်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းမှကောက်ပဲသီးနှံတင်ပို့မှုအစီအစဉ်(Black Sea Grain Initiative)[2]အား ရုရှားနိုင်ငံမှ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့် ဆန်စပါးထောက်ပံ့မှုတွင် အကျပ်အတည်းဖြစ်ပေါ်နေချိန်၊ တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ချိန်၊ စားသောက်ကုန်အဓိကတင်ပို့သည့် ဘရာဇီးနှင့် ဩစတြေးလျနိုင်ငံတို့၌ အယ်လ်နီညိုရာသီဉတုအခြေအနေများ ဖြစ်ပေါ် နေချိန်တွင် အိန္ဒိယနိုင်ငံသည် ပြည်ပသို့ဆန်တင်ပို့မှုတားမြစ်ချက် ပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် ဤကိစ္စအတွက် တာဝန်ရသည်ဟု ဖော်ပြထားရှိပါသည်။
၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ဆန်တင်ပို့မှု တားမြစ်ချက်သည် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပေါ်မှုတွင် သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး ထိုအချိန်မှစ၍ ကမ္ဘာ့ဆန်ဈေးကွက်တွင် ၎င်း၏အရေးပါမှု ကြီးထွားလာခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဆန်ကွဲတင်ပို့မှုအား တားမြစ်ခဲ့ခြင်းကြောင့် အိန္ဒိယ နိုင်ငံမှ ဆန်တင်သွင်းမှုအပေါ်မှီခိုနေရသည့် အာဖရိကရှိ ဆင်းရဲနွမ်းပါးသော နိုင်ငံများတွင် အခက်အခဲဖြစ်ပေါ်စေခဲ့ပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi အနေဖြင့် ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် အာရှတိုက်အတွင်း စီးပွားရေးမငြိမ်မသက်မှုများကြောင့် ပြည်တွင်း ငွေကြေးဖောင်းပွမှုကို ထိန်းညှိပေးနိုင်ရန် ကိစ္စထက် ပိုနေပါသည်။ အိန္ဒိယ နိုင်ငံမှ ဆန်ကွဲတင်ပို့ခွင့်အား ပိတ်ပင်ထားသည့် ဆီနီဂေါနှင့် ဂမ်ဘီယာနိုင်ငံတို့အား ပြန်လည်ခွင့်ပြုပေးခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ကုန်သွယ်မှုမိတ်ဖတ်နိုင်ငံများ ရွေးချယ်၍ သံတမန်ရေးရာချစ်ကြည်ရေးအား ဖော်ဆောင်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်စပါးဈေးကွက်တွင် လတ်တလောဖြစ်ပွားနေသည့် အကျပ်အတည်းများအကြား အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေရုံသာမက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် G-20 ၏ အိမ်ရှင်နိုင်ငံလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်သည့် အင်ဒိုနီးရှား နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်သည့် သဘောထားကွဲလွဲချက်တစ်ရပ် ဖြေရှင်း ပေးနိုင်ခဲ့ပြီး ယခုနှစ်အစောပိုင်းက ချမှတ်ခဲ့သည့် စားအုန်းဆီတင်ပို့မှုဆိုင်ရာ ကန့်သတ်ချက် များကိုလည်း ရုပ်သိမ်းပေးခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက် ငြိမ်သက်စေရန်အတွက် မည်သည့်သဘောတူညီချက်မျိုး လုပ်ဆောင်နိုင်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းရာတွင် မိမိမျှော်လင့်သည့်အတိုင်း ဖြစ်ပေါ် လာလိမ့်မည်ဟု ယူဆ၍မရနိုင်ဘဲ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာပြတ်လပ် နိုင်သည်ဟု ယူဆသည့်အခါတွင် ဈေးကွက်မှအမြောက်အမြား ဝယ်ယူသိုလှောင်ခြင်းကြောင့် ဈေးကွက်အတွင်း ရှားပါးမှုဖြစ်ပေါ်လာပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအစောပိုင်းကာလတွင် နိုင်ငံအချို့၌ စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ကာ အမြောက်အမြား ဝယ်ယူမှုကြောင့် ရိက္ခာပြတ်လပ်မှုများဖြစ်ပွားခဲ့ပါသည်။ ဤပဋိပက္ခများကို ဖြေရှင်းရန် အဓိကအချက်မှာ စားသုံးသူများအား သင့်လျော်သောစျေးနှုန်းဖြင့် လုံလောက်မှုရှိအောင် ရောင်းချပေးနိုင်ရန်ဖြစ်ပြီး နိုင်ငံတကာစားသောက်ကုန်ဈေးကွက်တွင် အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသူများ၏ ဈေးကွက်ချုပ်ကိုင်မှုအား ကာကွယ်နိုင်ရန် ခိုင်မာသည့် ဈေးကွက်တစ်ခုဖော်ဆောင်ထားရန် လိုအပ်သည်ဟု ဖော်ပြ ထားပါသည်။
ဟားဗတ်တက္ကသိုလ်မှ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးပညာရှင် ဂုဏ်ထူးဆောင် ပါမောက္ခ Peter Timmer ၏ ပြောကြားချက်အရ လက်ရှိ ကမ္ဘာ့ဆန်စပါးဈေးကွက်တွင် အာရှတိုက်ရှိ နိုင်ငံ ၃ နိုင်ငံသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပါသည်။[3] အယ်လ်နီညိုရာသီဥတုကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၁ သန်း ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားပြီး ယင်းတင်သွင်းမှုတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ် ပါက ကမ္ဘာ့ဆန်စျေးနှုန်းအပေါ် ကြီးမားသည့် သက်ရောက်မှုရှိနိုင်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဆန်ဒုတိယအများဆုံးတင်သွင်းသည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ကိုလည်း အနီးကပ်စောင့်ကြည့်ရန် လိုအပ်ပါသည်။ ဖိလစ်ပိုင် နိုင်ငံသည် မျှော်လင့်ထားသည်ထက် ဆန်ပိုမိုလိုအပ်နေပြီး ဗီယက်နမ်နိုင်ငံသည်လည်း စားနပ် ရိက္ခာဖူလုံမှုနှင့်ပတ်သက် ကုန်သွယ်မှုကန့်သတ်ခြင်းများ ပြုလုပ်လာပါက အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဖော်ပြထားပါသည်။
နိဂုံးချုပ်အနေဖြင့် အိန္ဒိယနိုင်ငံ၏ လုပ်ဆောင်ချက်သည် ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်ကကဲ့သို့ မတည်ငြိမ်သည့် အခြေအနေကို ရောက်ရှိခြင်း မရှိသေးဟု ဆိုနိုင်သည်။ ဆန်စပါးဈေးနှုန်းတက်ခြင်းနှေးကွေးစေရန် စားသုံးသူများ အမြောက်အမြား ဝယ်ယူသိုလှောင်ခြင်း၊ ဝယ်ယူမှုနှုန်းမြင့်တက်လာခြင်းတို့အား ထိန်းညှိရန်လိုအပ်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် ပြည်ပသို့ဆန်စပါးတင်ပို့မှုတားမြစ်ချက်ကြောင့် ဆန်စပါးဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာနိုင်သော်လည်း ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်မှန်းထားပြီး ဈေးကွက် တည်ငြိမ်မှုရှိစေရန်အတွက် ဆန်ဈေးကွက်အား ဖွင့်ထားရန် လိုအပ်ပြီး အမြောက်အမြားဝယ်ယူ သိုလှောင်ထားရှိမှုအား တားဆီးရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံသည် ပြည်တွင်းရှိ ဆန်ဈေးနှုန်းများကို ထိန်းထားရန်အတွက် ပြည်ပသို့ဆန်တင်ပို့မှု အများအပြားကို ကန့်သတ်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ဆန်ဈေးနှုန်းများမှာ ၁၅ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ဆန်စပါး တင်ပို့မှုအပေါ်တွင် မှီခိုအားထားနေရသည့် နိုင်ငံအများစုတွင်အခက်အခဲများ ဖြစ်ပေါ် စေခဲ့ပြီး ယင်းအခက်အခဲများအား ဖြေလျှော့ပေးခြင်းဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အသာစီးရရန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ကမ္ဘာ့ဆန်စပါးဈေးကွက်တည်ငြိမ်မှုရှိစေရန် အခြားထောက်ပံ့ရေး အရင်းအမြစ်များအားရှာဖွေရန် ကြိုးပမ်းလျက်ရှိကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဧပြီလမှ ဇူလိုင်လအထိ ဆန်တန်ချိန်၃၂ဝ,ဝဝဝ ခန့် တင်ပို့ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၈ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ ထို့ကြောင့် ကမ္ဘာ့ဆန်စပါးဈေးကွက်အကြပ်အတည်းတွင် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များကို မြှင့်တင်နိုင်ရေး၊ ဈေးကွက်ထိုးဖောက်ရေး ကိစ္စများ၊ ပြည်တွင်း/ပြည်ပ ဝယ်လိုအားဈေးကွက်ကို ထိန်းကျောင်းနိုင်ပြီး ဈေးကွက်တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခြင်းများ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်မှာ စိုက်ပျိုးရေးကို အခြေခံမည်ဟု ဆိုသည့် နိုင်ငံများအားလုံးအတွက် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
94082823
[1]။ Editorial Board, ANU,“Avoiding Populism and Panic to Stabilise World Rice Markets”. East Asia Forum. 21 August 2023 [https://www.eastasiaforum.org/.../avoiding.../]-accessed on 22 August 2023.
[2]။ Joseph Glauber, Brian McNamara, and Elsa Olivetti,“Russia terminates the Black Sea Grain Initiative: What’s next for Ukraine and the world?”. IFPRI Blog. July 20, 2023 [https://www.ifpri.org/.../russia-terminates-black-sea.../] – accessed on 22 August 2023
[3]။ Peter Timmer,“Does India’s disruption of the global rice market pose new threat to food security?” East Asia Forum. 20 August 2023 [https://www.eastasiaforum.org/.../does-indias.../]-accessed on 22 August 2023

Thursday, August 24, 2023

ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ပါဝင်သည့် ၃ နိုင်ငံညီလာခံနှင့် ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ဆောင်ရွက်ခဲ့သည့် ၃ နိုင်ငံအစည်းအဝေးမှ တရုတ်နိုင်ငံအပေါ် ထားရှိသည့်သဘောထားများ၊ ရလာဒ်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ခေါင်းဆောင်များသည် ဩဂုတ်လ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်ရှိ Camp David အပန်းဖြေစခန်းတွင် တွေ့ဆုံခဲ့ကြပါသည်။ ထို ၃ နိုင်ငံသည် နိုင်ငံပေါင်းစုံလှုပ်ရှားမှု များ၏ နောက်ဆက်တွဲအစည်းအဝေးများတွင် တွေ့ဆုံလေ့ရှိကြသော်လည်း ဩဂုတ်လ ၁၈ ရက်နေ့က ပထမဦးဆုံးအကြိမ် ၃ နိုင်ငံတည်းဖြင့် ပြုလုပ်ခဲ့သော ညီလာခံဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှု၏ ရလဒ်များအနက်မှ တစ်ခုအနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော ၃ နိုင်ငံတည်းပါဝင်သည့် တွေ့ဆုံမှုကို နှစ်စဉ်ပြုလုပ်သွားရန် သဘောတူညီမှုထားရှိ ခဲ့ကြပါသည်။ ၃ နိုင်ငံ အင်အားခိုင်မာလာပြီး အတူတကွလက်တွဲဆောင်ရွက်လာနိုင်သည့် အချိန်တွင် ကမ္ဘာကြီးအတွက် လုံခြုံမှုပိုမိုဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု အမေရိကန်နိုင်ငံ သမ္မတ Joe Biden က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio ကလည်း ဂျပန်နိုင်ငံအနေဖြင့် ၃ နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ စိန်ခေါ်မှုများကို ပူးပေါင်း ဖြေရှင်းနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ၃ နိုင်ငံညီလာခံသည် တောင်ကိုရီးယားနိုင်ငံ သမ္မတ Yoon Suk-yeol ၏ ဂျပန်နိုင်ငံနှင့် တင်းမာမှုဖြစ်ပေါ်နေခြင်းကို ပြန်လည် ပြုပြင်ရန် လုပ်ဆောင်နေမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အဆိုပါလုပ်ရပ်ကြောင့် တောင်ကိုရီးယားနိုင်ငံသမ္မတသည် ဂျပန်-ကိုရီးယားဆက်ဆံရေးတိုးမြှင့်ရန်အတွက် နိုင်ငံကို ရောင်းစားနေသည်ဟု ဝေဖန်ခံနေရပြီး Yoon ကလည်း ဂျပန်နိုင်ငံသည် ၎င်းတို့ နိုင်ငံ၏ လုံခြုံရေးအတွက် အရေးပါသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု အလေးပေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ခိုင်မာသည့် အဖွဲ့အစည်းဆိုင်ရာအခြေခံမူများလိုအပ်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများကို ခိုင်မာသည့် ကတိကဝတ်များဖြင့် ဖြေရှင်းရန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Yoon ၏ ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို ပြည်သူများက အသိအမှတ်မပြုသည့်အတွက် Yoon ၏ ကြိုးပမ်းမှုများ မပါဝင်ပါက ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာမည်မဟုတ်ဟုဆိုသည်။ ယခုပြုလုပ်ခဲ့သည့် ညီလာခံတွင် ပြောကြားခဲ့မှုများသည် သမ္မတဟောင်း Moon Jae – in က တရုတ်နိုင်ငံကို ပေးထားခဲ့သော “Three Noes”[2]ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့်ပူးပေါင်းပြီး Terminal High Altitude Area Defense (THAAD) များအတွက် စွမ်းအားဖြည့် ဘက်ထရီများ ထပ်မံ ပေးပို့မည်မဟုတ်၊ အမေရိကန်နိုင်ငံဦးဆောင်သည့် ဒေသတွင်း ဒုံးကာကွယ်ရေးစနစ်များတွင် ဝင်ရောက် ဆောင်ရွက်မည်မဟုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ဖြင့် ၃ နိုင်ငံမဟာမိတ် ပူးပေါင်းဆောင်ရွက်ချက်များတွင် ပါဝင်မည်မဟုတ်ဟူသော ကတိကဝတ်များနှင့် ကွဲပြား နေသည်ဟုဆိုပါသည်။ ယခုပြုလုပ် ခဲ့သည့် ညီလာခံတွင် အမေရိကန်နိုင်ငံ၏ အမျိုးသားအကြံပေး Jake Sullivan က ၃ နိုင်ငံ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းနှင့်ပတ်သက်သည့် နှစ်ရှည်အစီအစဉ်ဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်းအရေးကိစ္စများကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် တရုတ်နိုင်ငံ၏အမြင်တွင် အဆိုပါဆောင်ရွက်မှုကို ဒုံးတိုက်ခိုက်မှုများကို ကာကွယ်ရန် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုဟု ယူဆသွားနိုင်ပြီး စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသည့်အချက်များဖြစ်နေကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ တောင်ကိုရီးယားနိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်ပေါ်လျှင်တောင်မှ Moon လက်ထက်က ပေးထားခဲ့သည့် ကတိကဝတ် များကို စောင့်ထိန်းသင့်သည်ဟု ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများတွင် ပဋိပက္ခများဖြင့် ရင်ဆိုင်ခဲ့ရပါက စုပေါင်းညှိနှိုင်းအဖြေရှာခြင်းဖြင့် ဆောင်ရွက်နိုင်သည်ဟုဆိုသည်။ သို့သော်လည်း တောင်ကိုရီးယားနိုင်ငံဘက်မှ “Three Noes” နှင့် ပတ်သက်၍ တရားဝင်လက်မှတ်ရေးထိုးထားခြင်းမရှိဟု ငြင်းဆိုနေပြီး အမေရိကန်နိုင်ငံ ဘက်မှလည်း ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပုံပေါ်လာအောင် ဆောင်ရွက်မည်ဖြစ်ပြီး ကျင်းပခဲ့သည့် ညီလာခံသည်လည်း မည်သည့်နိုင်ငံကိုမှ ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမဟုတ်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နိုင်ငံဘက်မှ ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မဟာမိတ် ဖွဲ့ခြင်းအဖြစ် ယူဆလာသည့်အခါတွင် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည့်အချက်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအား ပြန်လည်တန်ပြန်တုံ့ပြန်မှုများတွင် အခက်အခဲများဖြင့် ရင်ဆိုင်ရစေနိုင်သည့်အတွက် တရုတ်နိုင်ငံက လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်။ တရုတ်နိုင်ငံဘက်မှလည်း တောင်ကိုရီးယားကို စီးပွားရေး အရ အကျပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းဖြင့် THAAD တပ်ဖြန့်ချထားမှုကို ကန့်ကွက်ကြောင်း ထင်ထင်ရှားရှားပြသခဲ့ပြီးဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း အဆိုပါဖိအားပေးမှုများအတွက် လက်ရှိအချိန်ထိ ပြန်လည်ပေးဆပ်နေရပြီး တောင်ကိုရီးယားနိုင်ငံသားများသည် တရုတ်နိုင်ငံကို လက်ရှိအချိန်ထိ ဆန့်ကျင်လျက် ရှိပါသည်။ အလားတူ အမေရိကန်နိုင်ငံအနေဖြင့်လည်း ၎င်း၏အဓိကမဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ၏ တရုတ်နိုင်ငံဘက်မှ စီးပွားရေးအရပိတ်ဆို့နေမှုများကို တုံ့ပြန်မှု များတွင် ဝင်ရောက်ကူညီပေးခဲ့ခြင်းမရှိသည့်အတွက်လည်း ပြန်လည်ပေးဆပ်ရနိုင်ပြီး အမေရိကန်နိုင်ငံအနေဖြင့် ၃ နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုပါက တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိဆောင်ရွက်ချက်များကို ထိထိရောက်ရောက် ကာကွယ်ပေးရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ၃ နိုင်ငံညီလာခံတွင် ဆွေးနွေးခဲ့သည့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများက တရုတ်နိုင်ငံအတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်မှာ မှန်သော်လည်း နောက်ဆက်တွဲ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျိုးဆက်များဖြင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် လေလုံးထုတ်နေရုံနှင့်မပြီးဘဲ တာဝန်ယူမှုတာဝန်ခံမှုရှိရန်လိုအပ်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အား စီးပွားရေးနှင့် စစ်ရေးအရ ထိရောက်သည့် အကာအကွယ်များ ပေးမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပါးနပ်စွာ သတိပေးထားခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုအစည်းအဝေးတွင် တိကျသည့် အစီအစဉ်များချမှတ်နိုင်ခြင်းမရှိ၍ ဟန်သာရှိ၍ အဆံမရှိသော တွေ့ဆုံမှုဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေပါသည်။ သို့သော်လည်း အာရှအရှေ့ဖျားဒေသတွင်းနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အမေရိကန်နိုင်ငံနှင့် စစ်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နေချိန်တွင် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံ တို့ကလည်း နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်နေသဖြင့် ဒေသတွင်း အပြိုင်အဆိုင် အုပ်စုဖွဲ့မှုများကို တွန်းအားပေးသကဲ့သို့သာ ဖြစ်လာပါလိမ့်မည်။
တရုတ်နိုင်ငံကို ပိတ်ဆို့ရန်အတွက် အမေရိကန်နိုင်ငံသည် အာရှအရှေ့ဖျားတွင် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့်ပူးပေါင်း၍လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် ထိုင်ဝမ်အား နိုင်ငံရေး၊ စစ်ရေးအကူအညီများပေး၍လည်းကောင်း၊ အာဆီယံဒေသတွင် စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အား စစ်ရေးဆိုင်ရာ ပူးပေါင်းမှုနှင့် အထောက်အကူပေးမှုများ ဆောင်ရွက်၍လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်သည့် မြန်မာနိုင်ငံကို မတည်ငြိမ်မှုများဖြစ်အောင် တွန်းအားပေး ပိတ်ဆို့ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခု၏ ပြည်တွင်းနိုင်ငံရေးတိုင်းသည် ကမ္ဘာ့နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကျရောက်လာသော အကျပ်အတည်းများကို ကျွမ်းကျင်လိမ္မာစွာ ကျော်လွှားနိုင်ရေးမှာ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအားလုံး၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
93082523
[1]။ Shannon Tiezzi.“ The Japan-South Korea-US Summit Is Bad News for China”. Nikkei Asia. August 19, 2023 [https://thediplomat.com/.../the-japan-south-korea-us.../]- accessed on August 21, 2023.

[2] Jo He-rim, “China Demands Korea Uphold ‘Three Nos’ Policy,” The Korea Herald, July 28, 2022, https://www.koreaherald.com/view.php?ud=20220728000666.

Wednesday, August 23, 2023

အာရှဒေသတွင်းအရေးကိစ္စများ၌ တရုတ်နိုင်ငံက ဦးဆောင်မှုရနေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှခြေလှမ်းများနှင့် ဒေသတွင်းနိုင်ငံများ၏ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် သဘောထားများကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ ဗီယက်နမ်နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထားများနှင့် ပတ်သက်သည့် ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဗီယက်နိုင်ငံကိုယ်စားလှယ်မှ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်များကို ဆွေးနွေးခြင်းသည် ၎င်းနိုင်ငံ၏ နိုင်ငံရေးစနစ်များအတွင်း ဝင်ရောက်စွက်ဖက်ခြင်းနှင့် မတူညီဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ နိုင်ငံအချို့သည် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ စစ်ရေး၊ ကုန်သွယ်ရေး ဆောင်ရွက်ချက်များတွင် လိုက်လျောညီထွေဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်ပြီး နားလည် သဘောပေါက်ထားသည်ဟု ဆိုသည်။ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများတွင် ဗီယက်နမ်နိုင်ငံဘက်မှ အရှေ့တောင်ပိုင်းနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုများနှင့် ပတ်သက်ပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံသမ္မတ Joe Biden သည် လာမည့် သီတင်းပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်နှင့် တရုတ်-ဗီယက်နမ်ဆက်ဆံရေးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ဗီယက်နမ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အရှေ့တောင်အာရှဒေသသည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ပထဝီနိုင်ငံရေး အင်အားယှဉ်ပြိုင်မှုများတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှဒေသကို ၎င်းပိုင်ဒေသအဖြစ်မှတ်ယူထားပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက တရုတ်နိုင်ငံ၏ သဘောထားကို ဆန့်ကျင်လျက်ရှိကြပါသည်။ အာဆီယံ ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် နှစ်နိုင်ငံဆက်ဆံရေး ကိုယ်စီ ရှိနေပြီး၊ တရုတ်နိုင်ငံသည်လည်း အာဆီယံ ၁၀ နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်း အဓိက လုပ်ကိုင်နေသည့် နိုင်ငံဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ အများဆုံးထောက်ပံ့ပေးနေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ကတည်းက နှစ်စဉ်ထောက်ပံ့ငွေ ဒေါ်လာ ၅.၅ ဘီလီယံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးခိုင်မာအားကောင်းမှုနှင့် Belt and Road Initiative-BRI ခေါင်းစဉ် အောက်မှ အရှေ့တောင်အာရှဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်နေမှုများက အမေရိကန်နိုင်ငံအလွန် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများတွင် အရှေ့တောင်အာရှဒေသသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရမည့်နေရာ ဖြစ်လာနိုင်သလားဟူသည့် မေးခွန်း ထုတ်မှုကို ဖြစ်ပေါ်စေပါသည်။ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟူသော ယူဆချက်အပေါ်အခြေခံ၍ ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေအရသာမက ခိုင်မာသည့် ယဉ်ကျေးမှုဖလှယ်ခြင်းများကိုပါ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက အမေရိကန်နိုင်ငံကဲ့သို့ ဒေသပြင်ပနိုင်ငံများကို ဖယ်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီး Li Shangfu က စင်ကာပူနိုင်ငံတွင် ဇွန်လအစောပိုင်းက ပြုလုပ်ခဲ့သည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသည် ခိုင်မာသည့် ဆက်ဆံရေးမျိုး တည်ဆောက်ထားသည်ဟု ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးမျက်နှာစာတစ်ခုရှိနေပါသေးသည်။ ၎င်းမှာ တရုတ် နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ရေကြောင်းပိုင်ဆိုင်မှုပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည့် အပြင် Xinjiang ပြည်နယ်ရှိ Uyghur မွတ်ဆလင်များနှင့်ပတ်သက်သည့် လူမျိုးရေး ပဋိပက္ခကိုလည်း ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။
အရှေ့တောင်အာရှဒေသအနေဖြင့် အိမ်နီးချင်းအင်အားကြီး နိုင်ငံများအပြင် အခြားသောအင်အားကြီးနိုင်ငံများနှင့် မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ရမည် ဆိုသည်ကို ထပ်မံသင်ယူစရာ မလိုတော့ဟု ဆိုသည်။ နိုင်ငံရေးပညာရှင်တစ်ဦး၏ ဖော်ပြချက်အရ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများသည် မင်းဆက်များနှင့် အင်ပါယာများတွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများဆီမှ နိုင်ငံရေးသင်ခန်းစာများကို ရာစုနှစ်များစွာ ရရှိခဲ့ကြပြီး ဖြစ်ကြောင်း၊ ယခုအခါ မတူညီသည့် ဒေသတွင်းအစီအစဉ်နှင့် အစိုးရပုံစံရှိသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားတွင် ဘက်ရွေးချယ်ခြင်း အကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ အကြီးအကဲများနှင့် ပညာရှင်များသည် တရုတ် နိုင်ငံကို နောက်ကွယ်တွင်သာ ဝေဖန်နေကြကြောင်း၊ ခြွင်းချက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသည် Fadinand Marcos “Bongbong” သမ္မတဖြစ်လာသည့် ၂၀၂၂ ခုနှစ် ကတည်းက တရုတ်နိုင်ငံရေယာဉ်များကျူးကျော်မှုကို အတိအလင်းဝေဖန်နေပြီး အမေရိကန် နိုင်ငံနှင့်နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ကြောင်း၊ တစ်ခါတစ်ရံတွင် ဗီယက်နမ်နိုင်ငံသည် တရုတ် နိုင်ငံကို ဖိအားပေးရန်နှင့် တရုတ်နိုင်ငံနှင့်ပြိုင်ဘက်နိုင်ငံများ၏ဆက်ဆံရေးကို ထိန်းညှိနိုင်ရန် ၎င်းနှင့် တရုတ်နိုင်ငံတို့၏ ပဋိပက္ခများကို လူသိရှင်ကြား ထုတ်ဖော်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ပါတီအကြားဆက်ဆံရေးဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လျှို့ဝှက်လုပ်ဆောင်လေ့ရှိကြောင်း ဖော်ပြထားပါသည်။
အာရှဒေသတွင်းနိုင်ငံများ၏ အင်အားကြီးနှစ်နိုင်ငံအကြောင်း ပြောကြားချက်များကို ကြည့်ခြင်းဖြင့် ဒေသတွင်းနိုင်ငံရေးအခင်းအကျင်းအသစ်များကို ခြေရာခံနိုင်ကြောင်း၊ ဒေသတွင်း နိုင်ငံခေါင်းဆောင်များ၊ အရာရှိကြီးများ၊ ပညာရှင်များအနေဖြင့် အမေရိကန်နိုင်ငံကဲ့သို့ အနောက်အုပ်စုဝင်နိုင်ငံများကို ဝေဖန်မှုများပြုလုပ်ခြင်းကြောင့် သံတမန်ရေးနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ထိခိုက်မှုနည်းသော်လည်း တရုတ် နိုင်ငံကို ဝေဖန်မှုများပြုလုပ်ခဲ့ပါက မတူညီသည့် အကျိုးဆက်များကို ရင်ဆိုင်ရကြောင်း၊ အချို့အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန်ကို ထုတ်ဖော် ဝေဖန်ခြင်းဖြင့် ပြည်တွင်း အမျိုးသားရေးကဏ္ဍကို ဖော်ထုတ်နေပြီး အနောကအုပ်စု၏ အာရုံစိုက်မှုကို ရရှိရန် လုပ်ဆောင်မှုများလည်း ရှိကြောင်းနှင့် တရုတ် နိုင်ငံနှင့်ပတ်သက်သည့်ကိစ္စရပ်များကို တိုးတိုးတိတ်တိတ်သာ ဖြေရှင်းလိုကြသည်ဟု ဆိုပါသည်။ အာဆီယံနိုင်ငံများတွင် အဆိုပါ သဘောထား ရှိနေခြင်းသည် ၁၉၉၀ ခုနှစ်က စင်ကာပူနိုင်ငံဝန်ကြီးချုပ်ဟောင်း Lee Kwan Yew နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း Mahathir Mohamed တို့ ချမှတ်ခဲ့သည့် အာရှတန်ဖိုးများ “Asian Values” နှင့် “အာရှဒေသကို အာရှတိုက်သားများဖြင့်သာ တည်ဆောက်ရမည်” “Asai Should be run by Asians” ဆိုသည့်အတွေးအခေါ်သဘောတရားများကြောင့် ဖြစ်နိုင်ပြီး ၎င်းအတွေးအခေါ်များက ကိုလိုနီခေတ်နှင့် ဒုတိယကမ္ဘာစစ်အပြီး ဒေသအတွင်း၌ အမေရိကန်နိုင်ငံ လွှမ်းမိုးမှု အားကောင်းခဲ့သည့် အချိန်ကတည်းက ဖြစ်တည်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခင်က ဂျပန်နိုင်ငံတွင် အဆိုပါအယူအဆမျိုး အခိုင်အမာရှိခဲ့သော်လည်း လက်ရှိတွင် သဘောထားပြောင်းလဲသွားပြီဖြစ်ပါသည်။ ၎င်းအစား တရုတ်နိုင်ငံက ထိုအယူအဆကို ကိုင်စွဲ၍ အမေရိကန်နိုင်ငံအား အာရှမှဖယ်ထုတ်ရေး လုပ်ဆောင်လျက်ရှိပါသည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ ပါဝင်သည့် ၃ နိုင်ငံအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် Wang Yi က လူမျိုးစွဲသဘောတရားများပါဝင်သည့် အာရှစည်းလုံးညီညွတ်ရေး အယူအဆတစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အာရှဒေသ၏စည်းလုံးညီညွတ်မှုက ပြင်ပမှဝင်ရောက်စွက်ဖက်မှု များကို အဆုံးသတ်စေနိုင်မည့်အပြင် ဒေသတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု အလေးပေးပြောကြားခဲ့ပါသည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းတွင် မျှတစွာဆောင်ရွက်ခြင်းထက် အင်အားကြီးနိုင်ငံဖြစ်ရေးကိုသာ အလေးထား နေသည်ဟု အင်ဒိုနီးရှားနိုင်ငံမှ ဝေဖန်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ၎င်း၏ သဘောထားနှင့် မကိုက်ညီသည့် အာရှဒေသတွင်းနိုင်ငံအချို့ကို သံတမန်ရေးနှင့် စီးပွားရေးအရ ဒဏ်ခတ်လေ့ ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံလျှောက်လှမ်းနေသည့် လမ်းကြောင်းသည် ၎င်းနိုင်ငံကို အကျိုးအမြတ် ဖြစ်ထွန်းစေမည့်လမ်းကြောင်းသာဖြစ်နေပြီး အမေရိကန်နိုင်ငံအလွန်အာရှဒေသ၏ နိုင်ငံရေးအခင်းအကျင်း၌ တရုတ်နိုင်ငံဗဟိုပြု “Sinocentric” စနစ် ဖြစ်လာမလားဟူသည့် မေးခွန်းများလည်းရှိနေကြောင်း ဖော်ပြထားပါသည်။
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ၏ စစ်ရေး၊ သံတမန်ရေးနှင့်စီးပွားရေး ဆောင်ရွက်ချက်များကို အင်အားချိန်ခွင်လျှာညှိကြည့်ရာတွင် ရှုပ်ထွေးမှုများရှိနေပါသည်။ အရှေ့တောင်အာရှ၏ စီးပွားရေး ယှဉ်ပြိုင်မှုများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေသာ ဖြစ်ပြီး ဘယ်နိုင်ငံက မည်မျှရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မလဲဟူသည်က အဓိကဖြစ်နေပါသည်။ ထိုကဏ္ဍနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ အသာစီးရလျက်ရှိပါသည်။ ဩစတြေးလျနိုင်ငံအခြေစိုက် Lowy Institude ၏ စစ်တမ်းများအရ ၂၀၁၅ ခုနှစ်မှစ၍ ၆ နှစ် အတွင်းတွင် အရှေ့တောင်အာရှကို ရန်ပုံငွေနှင့် အကူအညီပေးခြင်းများတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပြီး တရုတ်နိုင်ငံသည် ဒေသတွင်းအတွက် အကောင်းဆုံး အထောက်အပံ့များပေးခဲ့သည့်နိုင်ငံဖြစ်ပါသည်။ သို့သော် ၉၀ ရာခိုင်နှုန်းသော ချေးငွေများသည် တရုတ်နိုင်ငံအတွက် အကျိုးအမြတ်များသော ချေးငွေများ(Non- Concessional) ဖြစ်ပြီး အခြေခံအဆောက်အုံကဏ္ဍအတွက် အသုံးပြုထားခြင်းဖြစ်ပါသည်။ ဂျပန်၊ အမေရိကန်၊ ဂျာမနီနှင့် တောင်ကိုရီးယားနိုင်ငံတို့ကအုပ်ချုပ်မှုစနစ်အတွက် အလေးထားပြီး ဒေသတွင်းသို့ မျှတသည့် အထောက်အပံ့များ ပေးအပ်လျက်ရှိသည်ဟု ဆိုသည်။ ပထဝီဝင်နိုင်ငံရေးကို မေ့လျော့ထားတတ်ပြီး ဒေသတွင်းဆင်းရဲသည့်နိုင်ငံများကို ချေးငွေအများဆုံး ထောက်ပံ့ပေးနေသည့် World Bank နှင့် ADB တို့သည် တရုတ်နိုင်ငံ နောက်တွင်ကျန်ခဲ့ပြီဖြစ်သည်ဟု ဖော်ပြထားပါသည်။
အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဩစတြေးလျနိုင်ငံတို့သည် ဒေသတွင်းကို အလေးထားသည့် ဒေသတွင်းစီးပွားရေးအစီအစဉ်သစ်တစ်ရပ်အား စက်တင်ဘာလတွင်စတင်မိတ်ဆက်ရန် ပြင်ဆင်လျက်ရှိနေခြင်းက တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းကို ၎င်းတစ်နိုင်ငံတည်း လွှမ်းမိုး၍ မရနိုင်သည်ကို ပြသနေပါသည်။ သို့သော် တရုတ် နိုင်ငံသည် ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်လိမ့်မည်ဆိုသည့် ဒေသတွင်း နိုင်ငံများ၏ အယူအဆကို ပြောင်းလဲရန် ခက်ခဲနေပြီး အာဆီယံနိုင်ငံအချို့၏ ခေါင်းဆောင်များတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် သဘောထားများ ရှိနေခြင်းက တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုအကျိုးဖြစ်ထွန်းနေစေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံကို အကျိုးဖြစ်ထွန်းစေမည့် ဝှက်ဖဲများထဲမှ အဓိကအချက်မှာ အမေရိကန်အနေဖြင့်လည်း အရှေ့တောင်အာရှဒေသအတွက် ကတိကဝတ်ထက် ပြည်တွင်းနိုင်ငံရေးကြောင့် အရင်းအမြစ်များကို ပြည်တွင်းသို့ ရွှေ့ပြောင်းနေရခြင်းဖြစ်ပါသည်။ မကြာသေးမီနှစ်များအတွင်း အမေရိကန်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများတွင် ခိုင်မာအားကောင်းမှုများရှိလာခဲ့သော်လည်း စီးပွားရေးအရင်းအမြစ်များ ထောက်ပံ့ပေးရန်မှာ အကန့်အသတ်များ ရှိနေသည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ နိုင်ငံများအား တရုတ်နိုင်ငံ လက်အောက်ခံနိုင်ငံများဟု သုံးနှုန်းနေကြပြီး အဆိုပါအခြေအနေမှ ရုန်းထွက်လိမ့်မည်ဟု ထင်မြင်နေကြပါသည်။ သို့သော်လည်း အမေရိကန်တင်သွင်းနေသည့် သဘောတရားများကို ကြိုက်နှစ်သက်သည့် နိုင်ငံနည်းလှပြီး အရှေ့တောင်အာရှဒေသ၏ နိုင်ငံခြားရေး မူဝါဒမှာ “Friends to All, Enemies to None” ဖြစ်နေသည်ကပင် ဒေသတွင်းနိုင်ငံများ၏ပဋိပက္ခတွင် အမေရိကန်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်ခြင်းကို မလိုလားကြောင်း ပြသနေသည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပတ်သက်သည့် တရုတ် နိုင်ငံ၏ လက်ရှိဆောင်ရွက်ချက်များနှင့် အလားအလာများအပြင် ဒေသတွင်းနိုင်ငံ များ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သဘောထားများကို ဖော်ပြထားပြီး အဆိုပါ အချက်များအပေါ်တွင် မူတည်၍ အမေရိကန်နိုင်ငံနှင့် ၎င်း၏မဟာမိတ် အနောက် အုပ်စုဝင်နိုင်ငံများ၏ အရှေ့တောင်အာရှဒေသအတွင်း ဆောင်ရွက်ချက်များအား ဟာကွက်ဖြည့်နိုင်ရန် ထောက်ပြရေးသားထားခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံအနေဖြင့် သဘောတရားရေး၊ အာရှ၏ တူညီသော တန်ဖိုးများနှင့် စီးပွားရေးအရ အရှေ့တောင်အာရှဒေသတွင်း အနောက်အုပ်စုများထက် အားသာချက်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ တရုတ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအားလုံးလိုလိုသည် ယခင်က ကိုလိုနီပြုကျင့်ခံခဲ့ရသည့် နိုင်ငံများဖြစ်သည့်အတွက် နယ်ချဲ့စနစ်၏ ဒဏ်ရာဒဏ်ချက်များနှင့် ဥရောပသားတို့၏ အထက်စီးမှ ဆက်ဆံရေးအား အသွေးအသားထဲမှ မကြိုက်သည့် သဘောထား ကိန်းအောင်းလျက်ရှိနေပါသည်။ ထို့ပြင် အနောက်အုပ်စု၏ နိုင်ငံငယ်များနှင့် ဆက်ဆံရေးတွင် လိုတစ်မျိုး မလိုတစ်မျိုးမူ (Double-Standard) ဖြင့် ဆက်ဆံခြင်းသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးအတွက် ကြီးစွာသော အဖုအထစ်ဖြစ်သည်ဟု ယူဆပါသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း အားကြီးသူတို့၏ ထုံးစံအတိုင်း ၎င်းတို့၏ရည်ရွယ်ချက်ကို အင်အားသုံးဖော်ဆောင်ခြင်းများရှိနေပြီး အာရှနိုင်ငံများအားလုံး၏ အာရှဘုံတန်ဖိုးများကို ဖော်ထုတ်တည်ဆောက်ခြင်းထက်“Asain Values”ကို တရုတ်နိုင်ငံ အကျိုးအမြတ် အတွက် အသုံးချခြင်းက များနေသည်ကို တွေ့ရပါသည်။ ထို့ပြင် ထောက်ပံ့ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတွင်လည်း အာရှနိုင်ငံများ၏ လူသားအရင်းအမြစ်တိုးတက်ရေးကဲ့သို့သော ကဏ္ဍများကို အာရုံစိုက်မှုအလွန်နည်းပြီး ၎င်းတို့အကျိုးအမြတ် (ချက်ခြင်း) ဖြစ်ထွန်းစေမည့် အခြေခံအဆောက်အဦကဏ္ဍများတွင်သာ အဓိကထားကြောင်း တွေ့ရပါသည်။ ဤသည်ကပင် တရုတ်နိုင်ငံအတွက် ရေရှည်အားနားချက်ဖြစ်နေပြီး အရှေ့တောင်အာရှနိုင်ငံများ အင်အားကောင်းလာပါက ဆန့်ကျင်မှုနှင့် ရင်ဆိုင်လာရမည်သာဖြစ်ပါသည်။
ယခု တရုတ်နိုင်ငံကျင့်သုံးနေသည့် မဟာဗျူဟာများနှင့် နည်းလမ်းများသည် ၁၈၂၃ ခုနှစ်က အမေရိကန်နိုင်ငံကျင့်သုံးခဲ့သည့် ၎င်း၏ ဒေသတွင်း အကျိုးစီးပွားကို ဥရောပနိုင်ငံများရန်မှ ကာကွယ်သော Monroe Doctrine ကဲ့သို့ ပင်ဖြစ်ပါသည်။ ၎င်းအားကြီးလာချိန်တွင် ဒေသတွင်းအကျိုးစီးပွားနှင့် Red Line ကို အရင်တည်ဆောက်ခဲ့သည်သာဖြစ်ပါသည်။ ထို့ကြောင့် ယခုမြင်နေရသည့် အင်အားကြီးနိုင်ငံများအကြား ယှဉ်ပြိုင်တွန်းတိုက်မှုများသည် ကမ္ဘာ့နိုင်ငံရေးတွင် အလှည့်ကျ ကပြနေကြသည့် ထပ်နေသော်လည်း မရိုးနိုင်သည့် ပြကွက်များသာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
92082423
[1]။ RICHARD MCGREGOR,“ China's grip on Southeast Asia tightens as U.S. influence wanes”.Nikkei Asia. August 16, 2023 [https://asia.nikkei.com/.../China-s-grip-on-Southeast... accessed on August 20, 2023.

Tuesday, August 22, 2023

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် နယ်စပ်ပြဿနာများကို လျှော့ချ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လာမည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 




နိဒါန်း
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု များအား ဘေးဖယ်ထားမည်ဆိုပါက နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပထဝီဝင်နိုင်ငံရေး အခြေအနေအား ပြောင်းလဲနိုင်မည့်အခြေအနေများအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်အစိုးရများသည် အိန္ဒိယနိုင်ငံ၏ ရှုပ်ထွေးလှသည့် နိုင်ငံရေးအခြေအနေ၊ ယိမ်းယိုင်လျက်ရှိသည့် အခြေခံအုတ်မြစ်နှင့် နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုများကြောင့် သဘောထားအထင်အမြင်သေးလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း တရုတ် နိုင်ငံနှင့် တန်းတူရည်တူ ဆက်ဆံခံရနိုင်ရေးကို ရှေးရှုလျက်ရှိပြီး ယခုအခါတွင် Tran-Himalayas နိုင်ငံများ၏ ဆက်ဆံရေးအခြေအနေသည် ပြောင်းလဲလျက်ရှိပါသည်။ တရုတ်-အိန္ဒိယ နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ထိခိုက်မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးအား တင်းမာသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သော်လည်း နှစ်နိုင်ငံစီးပွားရေး တိုးတက်လာမှုသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအား အခက် တွေ့စေမည့် အခြေအနေသို့ ပြောင်းလဲလာနိုင်ကြောင်း ဖော်ပြထားပါသည်။
ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော အိန္ဒိယနိုင်ငံအနေဖြင့် အာရှ၏ ရှေးအကျဆုံး လူ့ယဉ်ကျေးမှုများကို နှစ်နိုင်ငံပူးပေါင်း၍ ပြန်လည်ဖော်ဆောင်ရန် မျှော်လင့်သော်လည်း တရုတ်ထိပ်တန်း တွေးခေါ်ပညာရှင်များက ထိုသို့ပူးပေါင်းရန် လက်မခံလိုကြပါ။ တရုတ်ကွန်မြူနစ်ပါတီကို ပူးတွဲတည်ထောင်သူ Chen Duxiu ၏ ပြောကြားချက်အရ တရုတ်လူငယ်များသည် အိန္ဒိယပုံစံမျိုးမဖြစ်သင့်ကြောင်း၊ ၎င်းတို့လွှမ်းမိုးမှုကို လက်ခံမည်ဆိုပါက အနာဂတ်တွင် ကိုလိုနီနိုင်ငံများ၏ နောက်မြီးဆွဲနိုင်ငံဖြစ်သွားလိမ့်မည်ဟုဆိုထားပြီး တရုတ်အရာရှိများနှင့် ပညာရှင်များအကြားတွင် အိန္ဒိယနိုင်ငံအပေါ် အထင်အမြင်သေးသည့် ခံယူချက်သည် ရာစုနှစ်တစ်ခုနီးပါးကြာပြီးနောက်တိုင် လွှမ်းမိုးနေဆဲဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
၁၉၄၇ ခုနှစ် လွတ်လပ်ရေးရချိန်တွင် အိန္ဒိယနိုင်ငံ၏ GDP သည် တရုတ်နိုင်ငံထက် မြင့်မားခဲ့ပါသည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းမှစ၍ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံထက် ရှေ့သို့ပိုမိုရောက်ရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၎င်းတို့၏ လူဦးရေသည် အကြမ်းဖျင်းတူညီသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် သုံးဆကျော် ကြီးမားခဲ့ပါသည်။ စစ်ရေးတွင်လည်း တရုတ်နိုင်ငံက သာလွန်မှုရှိခဲ့ပြီး ၁၉၆၂ ခုနှစ် နယ်စပ်စစ်ပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အပြတ်အသတ် အသာစီးရခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လက်ရှိပြည်တွင်းဖြစ် ခေတ်မီလက်နက်များ ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ တင်သွင်းသည့် လက်နက်များအပေါ် မှီခိုနေရပါသေးသည်။ တရုတ်စစ်သိပ္ပံအကယ်ဒမီမှ အကြီးတန်း ဗိုလ်မှူးကြီး Zhao Xiaozhuo က “နောက်နှစ်ပေါင်း ၂၀ မှ ၃၀ အထိ အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံကို အမီလိုက်နိုင်မည်မဟုတ်” ဟု ဆိုထားပါသည်။ သို့ရာတွင် တရုတ်-အိန္ဒိယနိုင်ငံအကြား စစ်ရေးနှင့် စီးပွားရေးတို့သည် ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲလျက် ရှိပြီး ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံနှင့် အကြီးမားဆုံးသော အာဏာရှင်နိုင်ငံတို့အကြား မည်သို့ဆက်ဆံထိန်းညှိကြမည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး ၎င်းတို့နှစ်နိုင်ငံ ပူးပေါင်းသွားမည်ဆိုပါက အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများအတွက် အကျပ်ရိုက် စေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အရပ်ဘက်နျူကလီးယား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို အမေရိကန်နိုင်ငံနှင့် လက်မှတ်ရေးထိုးပြီးနောက် ဆက်ဆံရေးပိုမိုနီးကပ်လာခဲ့ကြပါသည်။ နောက်ပိုင်းတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့်မဟာမိတ်ဆက်ဆံရေးမှာ အရှိန်ကောင်းလာခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် နယ်စပ်တိုက်ပွဲတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးနှင့် တရုတ်တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၉၇၆ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် နယ်စပ်တိုက်ပွဲများအနက် အပြင်းထန်ဆုံးဖြစ်ပါသည်။ ထိုအချိန်မှစ၍ အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့် ရင်ဆိုင်ထားရှိမှုမှ တရုတ်နိုင်ငံ ဘက်သို့ ရွှေ့ပြောင်းခဲ့ပြီး တပ်ဖွဲ့ဝင် ၇၀,၀၀၀ ခန့်အပြင် တိုက်လေယာဉ်များနှင့် ဝေဟင်ပစ် ဒုံးကျည်များကို တရုတ်နိုင်ငံနယ်စပ်သို့ ပြောင်းလဲနေရာချထားခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုမဟာမိတ်တပ်များနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခဲ့ပါသည်။ တရုတ်နိုင်ငံကမူ ၎င်းကိုယ်ကို အိန္ဒိယနိုင်ငံနှင့် ဖက်ပြိုင်ရန်တန်းတူမဟုတ်ဟု ရှုမြင်နေပြီး အမေရိကန်နိုင်ငံနှင့် တိုက်ရိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်ဟု ရှုမြင်နေကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံကို ဟန့်တားနိုင်သည့် စစ်ရေး သာလွန်မှုရှိနေပါသည်။ အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာတွင် အမေရိကန်နိုင်ငံကို ကူညီနိုင်စွမ်းရှိသော်လည်း တရားဝင်မဟာမိတ်ဖွဲ့ကာ ထိုင်ဝမ်၊ သို့မဟုတ် တောင်တရုတ် ပင်လယ်အရေးတွင် ပါဝင်လှုပ်ရှားရန် မဖြစ်နိုင်ပါ။ အိန္ဒိယနိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား ဧပြီလ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် (၁၈)ကြိမ်မြောက် အိန္ဒိယ-တရုတ် တပ်မှူးများအဆင့်(India-China Crops Commander)[2] ဆွေးနွေးပွဲအပြီးတွင် ပဋိပက္ခဖြစ်ပွားရာ နေရာ ၅ ခုတွင် နှစ်ဖက်ကင်းလှည့်သည့် “ကြားခံဇုန်များ” ပြုလုပ်ကာ နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း အဓိကပဋိပက္ခ ဖြစ်ပွားသည့် နေရာ ၂ ခု ကျန်ရှိနေပါသေးသည်။ ယခုအခါ နှစ်နိုင်ငံစလုံးမှ နယ်စပ်ဒေသအရေး ဖြေရှင်း နိုင်ရန် စိတ်ဆန္ဒရှိနေကြကြောင်း ဖော်ပြထားပါသည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ကူးသန်းရောင်းဝယ်မှုတွင် အိန္ဒိယနိုင်ငံ အနေဖြင့် သတိပြုရမည့် အခြေအနေတွင် ရှိနေပါသည်။ ၂၀၂၀ ခုနှစ်တွင် ကုန်စည် ကုန်သွယ်မှုသည် ဒေါ်လာ ၈၈ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံသည် ပိုလျှံဒေါ်လာ ၄၆ ဘီလီယံနှင့် အိန္ဒိယနိုင်ငံ၏အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်အဖြစ် အဆင့်သတ်မှတ်ခြင်းခံခဲ့ရပါသည်။ ၂၀၂၀ ပြည့်နှစ် နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့မှုများ ဆောင်ရွက် ခဲ့သော်လည်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်း ထပ်မံတိုးတက်ခဲ့ပြီး အချို့သောတရုတ်ရင်းနှီး မြှုပ်နှံမှုများသည် တစ်ခါတစ်ရံ စင်ကာပူနိုင်ငံမှတစ်ဆင့်လည်း ဝင်ရောက်ကြပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် စီးပွားရေးတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို မလိုလား သော်လည်း လက်တွေ့ပြောင်းလဲနိုင်ရန် ခက်ခဲနေကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အိန္ဒိယနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံမှ တည်ထောင်ခဲ့သည့် ပေကျင်းအခြေစိုက် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်ထံမှ အကြီးမားဆုံး ငွေချေးယူသူဖြစ်ခဲ့ပါသည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံ (BRICS) တို့မှ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရှန်ဟိုင်းအခြေစိုက် New Development Bank ၏ အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် အမျိုးသားရေးဝါဒနှင့် သမိုင်း တစ်လျှောက် မကျေနပ်ချက်များရှိနေသော်လည်း စီးပွားရေးပေါင်းစည်းမှု ပိုမိုကြီးထွား လာသည်နှင့်အမျှ နှစ်ဖက်ဆုံးဖြတ်ချက်များသည် ပိုမိုလေးနက်လာမည်ဖြစ်ပါသည်။ နှစ်နိုင်ငံစလုံးသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် အရေးပါသော အခန်းကဏ္ဍကို လိုလားကြပြီး အနောက်အုပ်စုဝင်နိုင်ငံများ၏ လူ့အခွင့်အရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဝေဖန်မှုများကို လျစ်လျူရှုကာ အစ္စလာမ္မစ်အစွန်းရောက်ဝါဒနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ နှစ်နိုင်ငံစလုံးသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအား ကျူးကျော်မှုကို ရှုတ်ချရန်ငြင်းဆိုကြကြောင်း ဖော်ပြထားပါသည်။
Mr Modi သည် Mr Xi နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး နယ်စပ်အရေးအခင်းမဖြစ်ပွားမီ ၂၀၁၄ ခုနှစ်တွင် ၎င်း၏ မွေးရပ်ပြည်နယ်၊ ဂူဂျာရတ်၌ လက်ခံတွေ့ဆုံခဲ့ကြပါသည်။ Mr Modi က “ယနေ့ခေတ်တွင် ကမ္ဘာ့အခြေအနေသည် မသေချာမရေရာခြင်းကြောင့် ကျွန်ုပ်တို့အချင်းချင်းတိုးတက်မှုကို အားဖြည့်ပေးနိုင်သည်”ဟု ၂၀၁၅ ခုနှစ်တွင် ပေကျင်း၌ ပြောကြားခဲ့ပါသည်။ ဤအချင်းအရာသည် အိန္ဒိယနိုင်ငံအား တရုတ်နိုင်ငံ၏ အားပြိုင်ဘက်ဟုယူဆထားသည့် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများအတွက် ကျေနပ်ဖွယ်ရာရှိစေမည်မဟုတ်သော်လည်း အာရှတိုက်၏အင်အားကြီးနိုင်ငံများအကြား ရေရှည်တည်တံ့ခိုင်မြဲပြီး လက်တွေ့ကျပြီး အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးဆီသို့ ဦးတည်နိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၏ အဓိကဆိုလိုရင်းမှာ လက်ရှိအချိန်၌ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အကြား နယ်စပ်ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်ခြင်းမရှိသေးသော်လည်း နှစ်ဦးနှစ်ဖက် နားလည်မှုရသွားပါက အာရှဒေသ၏ အင်အားကြီးနိုင်ငံများဖြစ်ကြသော တရုတ်-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာနိုင်ခြေရှိနေကြောင်း၊ ထိုကိစ္စသည် အမေရိကန် နိုင်ငံနှင့် အနောက်အုပ်စုမှ သတိကြီးစွာထားရမည့်ကိစ္စဖြစ်ကြောင်း ဖော်ထုတ်သတိပေး ထားခြင်းဖြစ်ပါသည်။ လက်တွေ့တွင်လည်း ထိုနိုင်ငံကြီးနှစ်ခု၏ စီးပွားရေးရောထွေး ယှက်တင်နေမှုများမှာ ကြီးမားပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်လိုအပ်လျက် ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့်မူ ၎င်း၏ စစ်အင်အားတောင့်တင်းမှု၊ စီးပွားရေး အင်အားကောင်းမှုနှင့် ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အပေါ်စီးရောက်နေသည်ကို တွေ့ရှိရပါသည်။
 သို့သော်လည်း ၎င်းတို့၏ တူညီသော အကျိုးစီးပွားများက နယ်စပ်ပြဿနာ များကို ကျော်လွန်ကာ ပူးပေါင်းဆောင်ရွက်မှုဘက်သို့ ဦးတည်နေသည်ဟု ယူဆရပါသည်။ ထိုသို့ဖြစ်လာပါက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ဦးဆောင်နိုင်ငံများအဖြစ် ပါဝင်နေသည့် Shanghai Cooperation Organization နှင့် BRICS အဖွဲ့တို့ ပိုမိုအင်အားကောင်း လာနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုတွင်လည်း ယခုထက် ပိုမိုထိရောက်မှုရှိလာမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ရုရှားနိုင်ငံအပါအဝင် အာရှနိုင်ငံများ ပြန်လည်ပေါင်းစည်းရေးနှင့် စည်းလုံးညီညွတ်မှုကို တစ်ဖန်မြင်တွေ့ရဖွယ်ရှိပြီး အနောက်အုပ်စု၏ လွှမ်းမိုးမှုများကို တစ်ဆင့်ချင်းလျှော့ချလာနိုင်မည်ဖြစ်သော်လည်း Manipulation of Knowledge တွင်အားသာချက်ရှိသည့် အမေရိကန်နိုင်ငံဦးဆောင်သော အုပ်စုမှ သပ်လျှိုသွေးခွဲမှုများလည်း နည်းလမ်းမျိုးစုံနှင့် ဆောင်ရွက်လာမည်သာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အာရှ၏ပေါင်းစည်းလာမှုသည် အနောက်အုပ်စုနိုင်ငံများအတွက် အိမ်မက်ဆိုးဖြစ်နေပြီး အာရှနိုင်ငံကြီးများ၏ ဦးဆောင်မှု ဖွံ့ဖြိုးတိုးတက်လာမှု၏နောက်တွင် တစ်ပါတည်းလိုက်ပါနိုင်ရေးနှင့် အနောက်အုပ်စု၏ ပြဿနာဖန်တီးရာ ဆုံချက်ဖြစ်မလာစေရေးသည် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
91082323
[1]။ “What if China and India became friends?”. The Economist. July 19, 2023 [ https://www. economist.com/ international/2023/07/19/what-if-china-and-india-became-friends/]-accessed on August 19, 2023.

၂။ Rajeswari Pillai Rajagopalan. “India-China Relations: Still Bogged Down.” The Diplomat, 1 May 2023 [https://thediplomat.com/.../india-china-relations-still.../]