Tuesday, September 12, 2023

ဒေသတွင်းတင်းမာမှုများ မြင့်မားနေချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခဲ့မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်-တရုတ် တင်းမာမှုများအကြား ရင်ဆိုင်နေရသည့် အကျပ်အတည်းများ၊ မြန်မာနိုင်ငံအရေးအား ကိုင်တွယ်ဆောင်ရွက်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စက်တင်ဘာလ ၅ ရက်နေ့တွင် ဂျာကာတာမြို့၌ ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသည် တောင်တရုတ်ပင်လယ်ရှိ နယ်မြေဆိုင်ရာ အငြင်းပွားမှုများနှင့် အမေရိကန်-တရုတ် တင်းမာမှုများမြင့်တက်နေသည့်ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီးရင်ဆိုင်နေရသည့် အကျပ်အတည်းများကို လျင်မြန်စွာဖြေရှင်း နိုင်ရန်မှာ အာဆီယံအဖွဲ့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အစည်းအဝေး ကျင်းပသည့် ၃ ရက်တာကာလအတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Fumio Kishida တို့ကဲ့သို့ ဩဇာကြီးသော ဒေသတွင်းခေါင်းဆောင်များ ပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေး(EAS)အပါအဝင် အခြားအရေးကြီးသော အစည်းအဝေးများလည်း ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးပွဲများသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ်သစ် ဟွန်မာနက် အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် စတင် တက်ရောက်မည်ဖြစ်ပြီး ၎င်း၏သံတမန်ရေးရာ ပွဲဦးထွက်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၃။ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် သည် ယခုသီတင်းပတ်အတွင်း ဗီယက်နမ် နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် အလည်အပတ်သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သော်လည်း အာဆီယံနှင့်ဆက်နွှယ်သည့် အစည်းအဝေးများအား တက်ရောက်မည် မဟုတ်ပါ။ ၎င်းအစား အမေရိကန်နိုင်ငံဒုတိယသမ္မတ Kamala Harris က အမေရိကန် နိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် Think Tank ISEAS-Yusof Ishak Institute မှ အကြီးတန်းသတင်းအဖွဲ့ဝင် Sharon Seah က အာဆီယံထိပ်သီးအစည်းအဝေးသည် မူလက ခိုင်မာသော ရပ်တည်ချက်ရှိသည့်အနေအထားတွင်ရှိခဲ့ဖူးသော်လည်း ယခုအခါတွင် ဒေသတွင်းအခြားအစည်းအဝေးပွဲ များနှင့် အဖွဲ့ငယ်များသည်လည်း အာဆီယံအဖွဲ့နည်းတူ ဆောင်ရွက်လာနိုင်ခြင်းကြောင့် အာဆီယံအဖွဲ့၏ ဩဇာလွှမ်းမိုးမှုသည် လျော့နည်းလာသည်ဟု ဆိုခဲ့ပါသည်။ တရုတ် နိုင်ငံသည် ၎င်း၏ စီးပွားရေးအား အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နိုင်ရန် အခြေခံ အဆောက်အအုံလုပ်ငန်း ပရောဂျက်များတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ ၎င်း၏သြဇာကို တိုးမြှင့်နေချိန်တွင် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်အနေဖြင့်အာဆီယံနှင့်ဆက်နွှယ်သည့် အစည်းအဝေးများသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက် ချခြင်းသည် အရှေ့တောင်အာရှဒေသအတွင်း အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍနှင့် အလေးထားမှုအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်ခဲ့ပါသည်။ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩစိတ်ပျက်ခဲ့သည်ဟု အကြီးတန်းသံတမန်တစ်ဦးက မှတ်ချက်ပြု ခဲ့ကြောင်း ဖော်ပြထားပါသည်။
အာဆီယံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်သည့် တရုတ် နိုင်ငံနှင့် ၎င်း၏ဆက်ဆံရေးကို ခိုင်မာမှုရှိစေရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာမှုကြောင့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။ တောင်တရုတ်ပင်လယ်ရေပိုင်နက်နှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံအချို့က ၎င်းတို့ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံက အဆိုပါရေပိုင်နက်အများစုကို ၎င်းကသာ ပိုင်ဆိုင်သည်ဟု အခိုင်အမာထုတ်ပြန်ခဲ့ပါသည်။ဤကဲ့သို့ အငြင်းပွားမှုများဖြစ်ပေါ်နေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏တရုတ်နိုင်ငံမြေပုံအသစ်အား တရားဝင်ထုတ်ပြန်ခဲ့ပြီး ယင်းမြေပုံတွင် ယခင်က နိုင်ငံတကာခုံရုံးမှ တရားဝင်ပယ်ချခဲ့သည့် အငြင်းပွားရေပိုင်နက်အများစု ပါဝင်သော “Nine-dash Line” နယ်နိမိတ်အား ထည့်သွင်းရေးဆွဲထားပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲမှ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ်နိုင်ငံမှ ထုတ်ပြန်သည့် အဆိုပါမြေပုံအသစ်ကို ကန့်ကွက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်မှစ၍ ၎င်းတို့အကြား တရားဝင်သဘောတူညီထားသည့် တောင်တရုတ်ပင်လယ် ကျင့်ထုံး ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။သုံးနှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်နိုင်ရေး နှစ်ဖက်စလုံးက ဇူလိုင်လတွင် သဘောတူညီမှုရယူခဲ့ သော်လည်း နယ်မြေဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာများ ကျန်ရှိနေပါသေးသည်။ ပထဝီဝင်နိုင်ငံရေးတင်းမာမှုနှင့် လုံခြုံရေးစိန်ခေါ်မှုများ တိုးမြင့် လာနေချိန်တွင် အာဆီယံသည် အကျပ်အတည်းများအကြား ၎င်း၏ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်ကို ထိရောက်ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြင်ဆင်ရန် မလိုအပ်ဘဲ လွယ်ကူချောမွေ့စေမည့် စည်းမျဉ်းသစ်များကို ခေါင်းဆောင်များက ဆွေးနွေးကြမည်ဟု ဩဂုတ် ၂၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောကြားခဲ့ပါသည်။ လေ့လာသူအချို့က လက်ရှိတွင် အစည်းအဝေးသို့ နိုင်ငံ့အကြီးအကဲများ တက်ရောက်ခြင်းရှိ/မရှိ မသိရှိရသေးကြောင်းနှင့် အရေးကြီးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ရှင်းလင်းပြတ်သားသော လုပ်ငန်းစဉ် မရှိသေးဟု ဆိုပါသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိပါက အရေးပေါ်အခြေအနေ များ၌ပင် ၎င်းတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့်အနေအထားတွင် ရှိမည်မဟုတ်ဟု သုံးသပ်ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ISEAS-Yusof Ishak Institute မှ Seah က လျင်မြန်စွာပြောင်းလဲနေသော ပထဝီဝင်နိုင်ငံရေးပြဿနာများသည် ဒေသအတွင်း တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်စစ်ဆင်နွှဲနေချိန် အမေရိကန်နိုင်ငံလွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi သည် ထိုင်ဝမ်သို့ အလည်အပတ်ခရီး သွားရောက်မှုမှာ ထိုင်ဝမ်အစိုးရအား ထောက်ခံကြောင်း ပြသသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား ဥပမာထား၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လျင်မြန်စွာပူးပေါင်းပြီး ထိရောက်သော တုံ့ပြန်မှုတစ်ရပ်ကို ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိ အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာမှု မြင့်မားလာနေသော အခြေအနေတွင် အာဆီယံအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် သွက်လက်မှုရှိရန် လိုအပ်ကြောင်း၊ အာဆီယံ အနေဖြင့် အရေးကြီးသော အရေးကိစ္စများတွင် ASEAN Minus X ချဉ်းကပ်မှု[2]အား အသုံးပြုနိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါသည်။ ဤနည်းလမ်းဖြင့် ချဉ်းကပ်မှု ပြုပါက အာဆီယံနိုင်ငံအုပ်စုတစ်စုသည် ဆန္ဒမရှိသော၊ မပါဝင်နိုင်သော၊သို့မဟုတ် သဘောတူခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံတစ်ခု၊ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများအား ချန်လှပ်၍ သီးခြားလုပ်ဆောင်မှု၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုဖြင့် ရှေ့ဆက်သွားနိုင်ရန် ရွေးချယ် နိုင်သည့် သံတမန်နည်းဗျူဟာတစ်ခုကို ဆိုလိုပါသည်။ အင်ဒိုနီးရှားနိုင်ငံ Pelita Harapan တက္ကသိုလ်မှ ပါမောက္ခ Aleksius Jemadu က ဤအစီအစဉ်သည် အတိုင်းအတာ တစ်ခုအထိ တိုးတက်လျက်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့၏ ကန့်ကွက်မှုများရှိနေခြင်းကြောင့် ကျင့်သုံးရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း ဖော်ပြထားပါသည်။
အရေးကြီးသော စိန်ခေါ်မှုများထဲတွင် တပ်မတော်မှ အာဏာထိန်းထားသည့် မြန်မာနိုင်ငံအခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါသည်။ အာဆီယံ အနေဖြင့် မြန်မာ့တပ်မတော်နှင့် အတိုက်အခံများအကြား အကြမ်းဖက်မှုများ ချက်ခြင်း ရပ်တန့်၍ စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုသည့် တူညီဆန္ဒ ၅ ရပ်ကို အတည်ပြုခဲ့သော်လည်း နှစ်နှစ်ကြာအထိ တိုးတက်မှုအနည်းငယ်သာ ရှိသေးသည်ဟု ဆိုပါသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က အာဆီယံအနေဖြင့် တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်မှု ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်မှသာ အာဆီယံသည် စွမ်းအားအပြည့်ဖြင့် ရှေ့သို့ဆက်လက်ချီတက်နိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တိုးတက်မှုရရှိရန်ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံအပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်သည့်အဖွဲ့ဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ဇွန်လတွင် အလွတ်သဘော တွေ့ဆုံမှုပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ တို့သည် နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း အိမ်နီးချင်းနိုင်ငံများအား မြန်မာနိုင်ငံအစိုးရနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရာ၌ အချို့ကိစ္စများတွင် Informal နည်းလမ်းများကို ကျင့်သုံး၍ လိုက်လျောညီထွေ ဖြစ်စေ သင့်သည်ဟု ဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေး၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အင်ဒို- ပစိဖိတ်ဒေသတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများပါဝင်မည့် အာဆီယံအင်ဒို-ပစိဖိတ် ဖိုရမ်ကို ပထမဆုံးကျင်းပမည်ဖြစ်ပါသည်။ Marsudi က အခြားနိုင်ငံများသည် အင်ဒို-ပစိဖိတ် ဒေသတွင် လုံခြုံရေးကို အဓိကအာရုံစိုက်နေသော်လည်း လက်တွေ့ကျပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ဆောင်ရန်လည်း အရေးကြီးသည်ဟု ပြောကြား ခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၏ ဆိုလိုရင်းမှာ အာဆီယံခေါင်းဆောင်များ ညီလာခံနှင့် တိုက်ဆိုင်စွာ တရုတ်နိုင်ငံ၏ စံပြုမြေပုံထွက်ပေါ်လာခြင်းက အစည်းအဝေးအား သက်ရောက်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စအပါအဝင် အာဆီယံအဖွဲ့ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ ထိုသို့ ပြောင်းလဲ ရာတွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြင်ဆင်ခြင်းမပြုဘဲ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်ရန် နည်းလမ်းများ၊ ဥပမာအားဖြင့် ASEAN Minus X နည်းလမ်းကို ပထဝီဝင်နိုင်ငံရေး ပြဿနာများသည် ဒေသအတွင်း တိုက်ရိုက်သက်ရောက်မှုရှိခြင်းကဲ့သို့ အာဆီယံအနေဖြင့် လျင်မြန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ထားခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်သည့် တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများအပေါ်တွင် ၎င်း၏ဩဇာလွှမ်းမိုးမှုကိုချဲ့ထွင်နိုင်ရန် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပြီး စီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် ငွေကြေးဈေးကွက်ကိုလည်း ဖိအားများပေးလျက် ရှိသည်ကို တွေ့ရှိရပါသည်။[3]ဤသို့ ဒေသအတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေသည့်အချိန်တွင် အမေရိကန်နိုင်ငံသမ္မတအနေဖြင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အာဆီယံအစည်းအဝေးများကို ကိုယ်တိုင် မတက်ရောက်ဘဲ ဒုတိယသမ္မတကိုသာ တက်ရောက်စေခြင်းမှာ တရုတ်နိုင်ငံနှင့် ထိပ်တိုက် တွေ့နေသောနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဦးတည်နေပြီး အာဆီယံ အဖွဲ့အစည်းထက် Bilateral ဘက်သို့ အလေးထားနေခြင်းလည်းဖြစ်သည်ဟု ယူဆနိုင် ပါသည်။
ထို့ပြင် ASEAN Minus X ဟူသည့် မူဝါဒသည် အနောက်အုပ်စုနှင့် သဘောထား မတိုက်ဆိုင်သည့် နိုင်ငံများအား ဖယ်ထုတ်၍ မူဝါဒများချမှတ်နိုင်ရန် စတင်ပြင်ဆင် လာခြင်းဖြစ်ပါသည်။ ထူးခြားမှုတစ်ခုမှာ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် သမားရိုးကျမဟုတ်သည့် နည်းလမ်း Informal “Troika” Model အား အဆိုပြုလာသည်ကို တွေ့ရပြီး ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ ကျင့်သုံးခဲ့သည့်နည်းလမ်းဖြင့် သဘောတရားတူညီနေကြောင်းတွေ့ရှိရပါသည်။[4] ထိုသို့ တင်သွင်းလာခြင်းသည် လာမည့် ၂၀၂၄ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံက လွှဲပြောင်းလက်ခံမည်ဖြစ်သောကြောင့် အာဆီယံအဖွဲ့အစည်းကိုသာ မူတည်သည့် ချဉ်းကပ်မှုကို ကျင့်သုံးရပ်တည်မည် ဆိုပါက အင်ဒိုနီးရှားနိုင်ငံအပါအဝင် အနောက်အုပ်စု၏ မူဝါဒကို သံယောင်လိုက် နေသည့် နိုင်ငံများ၏ အခန်းကဏ္ဍလျော့ကျလာမည့်အရေးကို ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားမှုဖြစ်နိုင်သကဲ့သို့ ထိုင်းနိုင်ငံကျင့်သုံးခဲ့သည့် နည်းလမ်းအား ထွက်ပေါက် တစ်ခုအနေဖြင့် ထောက်ခံလာသည်ဟုလည်း ယူဆနိုင်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အလှည့်ကျ၊ ယခင်နှင့် နောင်အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံပါဝင်သော အကျပ်အတည်းကိုင်တွယ်ဖြေရှင်းရေးယန္တရားထူထောင်ရေးနှင့် မြန်မာနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရမည့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံအား အစားထိုးတာဝန်ထမ်းဆောင်ရေးအချက်များ ထုတ်ပြန်လာသည်ကို တွေ့ရှိရ ပါသည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသဆိုင်ရာအဖွဲ့အစည်းအများနှင့် နှိုင်းယှဉ်လျင် တတိယတန်းစား‌နေရာတွင်သာရှိနေသောကြောင့် မိမိတို့ လိုအပ်သည့် Timing အတွင်း လိုအပ်သည့် အခင်းအကျင်းတစ်ခုကို ဖော်ဆောင်နိုင်ရန်သည်သာ ပဓာနဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
106091323
[1]။ Tsubasa Suruga, Ismi Damayanti, Nana Shibata,“ ASEAN Summit Begins as China's New Territorial Map Fuels Tensions”. Nikkei Asia. 5 September 2023 [https://asia.nikkei.com/ Politics/ International-relations/ Malaysia-India- and- Taiwan-reject-China-s-new-territorial-map/]-accessed on 6 September 2023.
[2]။ ASEAN Minus X ဆိုသည်မှာ အာဆီယံအဖွဲ့ဝင်အများစုမှ သဘောတူညီထားသော၊ သို့မဟုတ် ထောက်ခံထားသော မူဝါဒတစ်ခုအား အကောင်အထည်ဖော်ရန်အတွက် အခြားသဘောတူညီမှုမရှိသော အဖွဲ့ဝင်နိုင်ငံများကို ချန်လှပ်၍ မူဝါဒချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်မည့် အစီအစဉ်ကို ဆိုလိုပါသည်။
[3]။ “China Is Speeding Up Infrastructure Bond Sales to Boost Spending”. Bloomberg. 31 August 2023 [https://www.bloomberg.com/.../china-speeds-up.../]-accessed on 6 September 2023.

[4]။ Ramon Royandoyan, Tsubasa Suruga,Ismi Damayanti,“ ASEAN To Engage Myanmar in 'Troika' Model to Cool Political Unrest”. Nikkei Asia. 6 September 2023 [https://asia.nikkei.com/Spotlight/ Myanmar-Crisis/ ASEAN-to-engage-Myanmar-in-troika-model-to-cool-political-unrest/]-accessed on 6 September 2023.

Monday, September 11, 2023

တရုတ်နိုင်ငံ၏ မြေပုံအသစ်ထုတ်ပြန်မှုအား မလေးရှား၊ အိန္ဒိယနိုင်ငံနှင့် ထိုင်ဝမ်တို့က ကန့်ကွက်မှုပြုလုပ်ခဲ့ကိစ္စနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
နယ်မြေပိုင်ဆိုင်မှုကို ချဲ့ထွင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန် ခဲ့သည့် တရုတ်နိုင်ငံ၏ မြေပုံအသစ်ကို မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အရှေ့အာရှရှိ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အမျိုးသားရေးဝါဒဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် စံပြုမြေပုံထုတ်ပြန်ချက်ကြောင့်မလေးရှား၊ အိန္ဒိယ နိုင်ငံတို့နှင့် ဒေသတွင်းတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့က အဆိုပါမြေပုံကို တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေချဲ့ထွင်မှုအဖြစ် ရှုမြင်သုံးသပ်ကာ ပြင်းပြင်းထန်ထန် ကန်ကွက်ခဲ့ကြပါသည်။ တရုတ်နိုင်ငံ၏ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့်ဤမြေပုံတွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံရှိ Arunachal Pradesh နှင့် Aksai Chin ကုန်းပြင်မြင့်တို့အပါအဝင် ဘော်နီယိုကျွန်းအနီးရှိ မလေးရှားနိုင်ငံ ရေပိုင်နက်၊ ထိုင်ဝမ် ရေပိုင်နက်နှင့် တောင်တရုတ်ပင်လယ်၏ အရေးပါသော အပိုင်းများအား တရုတ်နိုင်ငံပိုင် နယ်မြေများအဖြစ် ထည့်သွင်းရေးဆွဲထားပါသည်။ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ တစ်ဖက်သတ်ကြေညာချက်ကို ဩဂုတ်လ ၃၀ ရက်နေ့တွင် ကန့်ကွက်ချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါမြေပုံသည် မလေးရှားနိုင်ငံအပေါ်တွင် သက်ရောက်မှုမရှိကြောင်း၊ မလေးရှားနိုင်ငံ၏ ရေမျက်နှာပြင်နှင့် ရေပိုင်နက်များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်၊ သို့မဟုတ် တရား စီရင်ပိုင်ခွင့်တို့နှင့်ပတ်သက်၍ ၁၉၇၉ ခုနှစ်မြေပုံအရ သတ်မှတ်ထားသည့် ရေပိုင်နက်နှင့် ကမ်းလွန်ရေတိမ်ပိုင်း နယ်နိမိတ်များကိုသာ အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး မည်သည့် နိုင်ငံ၏ပိုင်ဆိုင်မှု ကြေညာချက်ကိုမဆို တစ်သမတ်တည်းကန့်ကွက်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တက်ရောက်ရန် စီစဉ်ထားသည့် G-20 ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ အိန္ဒိယနိုင်ငံက မြေပုံကိစ္စအား ကန့်ကွက်မှုပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ အခြေအမြစ်မရှိသော ကြေညာချက်များကို ပယ်ချခဲ့ပါသည်။ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi ၏ ဩဂုတ်လ ၂၉ ရက်နေ့ ပြောကြားချက်အရ ယင်းလုပ်ရပ်များသည် လက်ရှိနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းချက်များကို ရှုပ်ထွေးစေနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြေပုံသစ်အား ကန့်ကွက်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံရေမျက်နှာပြင်နှင့် ပင်လယ်ရေပိုင်နက်များအပေါ် အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်အား တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိဟု ဆိုပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက် နယ်မြေတောင်းဆိုမှုများကို ကိုယ်စားပြုသည့် "Nine-Dashed Line"ကို ၂၀၁၆ ခုနှစ် စီရင်ချက်ဖြင့် The Hague နိုင်ငံတကာခုံရုံးက ပယ်ချခဲ့ခြင်းကြောင့် ယခု ကြေညာချက်သည်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
မြေပုံတွင် ထိုင်ဝမ်ကျွန်းအား တရုတ်ပိုင်နက်အဖြစ်ဖော်ပြထားပြီး “တောင်တရုတ် ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအများစုကို လွှမ်းခြုံထားသည့် U” ပုံသဏ္ဌာန် "Nine- Dashed Line" နယ်နိမိတ်အတွင်းရှိ ထိုင်ဝမ်နှင့် အစွန်အဖျားကျွန်းများပါဝင်နေပါသည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံသည် ထိုင်ဝမ်အား မည်သည့်အခါကမျှ အုပ်ချုပ်ခဲ့ခြင်းမရှိသည်ကို လက်ရှိအချိန်အထိ နိုင်ငံတကာမှ အသိအမှတ်ပြုကြသည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ကမူ မြေပုံကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျ၍ တည်ငြိမ်ရန်လိုအပ်ပြီး မြေပုံကိစ္စရပ်အား လိုအပ် သည်ထက်ပို၍ ချဲ့ကားခြင်းမပြုကြရန် ဩဂုတ်လ ၃၀ ရက်နေ့တွင် တိုက်တွန်းပြောကြား ခဲ့ပါသည်။ ယခုကိစ္စရပ်သည် တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာကို ဥပဒေနဲ့အညီကျင့်သုံးသည့် လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ နိုင်ငံများသည် တရားမျှတ၍ တည်ငြိမ်အေးချမ်းစွာနေထိုင်ပြီး ပြဿနာကို ပိုမိုရှုပ်ထွေးအောင် မပြုလုပ်ကြရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါမြေပုံသည် တောင်တရုတ်ပင်လယ်အရေးနှင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ တပ်ဖြန့်ထားသည့် ဟိမဝန္တာအနောက်ဘက်ခြမ်းရှိ နယ်စပ်အရေးတို့တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်ပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် ကာကွယ်ရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာနမှ အကြီးတန်းအရာရှိ Collin Koh ၏ ပြောကြားချက်အရ အဆိုပါ မြေပုံသည် တောင်တရုတ်ပင်လယ်နှင့် တရုတ်-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်လျက် ရှိသည့် တင်းမာမှုများကို လျှော့ချရန် အထောက်အကူဖြစ်မည်မဟုတ်ဟုဆိုပါသည်။ အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မကြာသေးမီနှစ်များအတွင်း ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံအပေါ် လေ့လာသုံးသပ်ချက်များအရ တရုတ်နိုင်ငံ၏ ယခုမြေပုံကိစ္စအား ထူးခြားသည့် အသစ်အဆန်းကိစ္စတစ်ခုအဖြစ် ရှုမြင်ခြင်းမရှိကြပါ။ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် အသီးသီးကန့်ကွက်မှုများ ပြသခဲ့သော်လည်း တောင်တရုတ် ပင်လယ်နှင့် တရုတ်-အိန္ဒိယနယ်စပ်ရှိ စီးပွားရေးလုပ်ငန်းများသည် ယိမ်းယိုင်သွားခြင်း မရှိပါ။ တောင်တရုတ်ပင်လယ်ရှိ သီးသန့်စီးပွားရေးဇုန်များ၌ ပါဝင်ပတ်သက် နေသည့် ကမ်းခြေနိုင်ငံများသည် ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခိုင်အမာ ရရှိစေရန် လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ Petronas သည် တရုတ်နိုင်ငံ၏ "Nine-Dashed Line" အတွင်းရှိ Sarawak ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာတွင်ရှိသော Timi နယ်မြေတွင် ပထမဆုံးဓာတ်ငွေ့စတင်ထုတ်လုပ်မှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းကပင် ကြေညာ ခဲ့ကြောင်း ဖော်ပြထားပါသည်။
လေ့လာသူအချို့က ယခုတရုတ်နိုင်ငံ၏ မြေပုံအသစ် ထုတ်ဝေခြင်းသည် ၎င်း၏ စီးပွားရေးမပြေလည်မှုများမှ နိုင်ငံသားများကို အာရုံလွှဲရန် ကြိုးပမ်းမှုဖြစ်သည်ဟုလည်း သုံးသပ်မှုများလည်းရှိပါသည်။ ဝါရှင်တန်အခြေစိုက် ဂျိမ်းစ်တောင်းဖောင်ဒေးရှင်းမှ အကြီးတန်း သတင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ Willy Wo-Lap Lam က တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးမှာ အလွန်ဆိုးရွားသောကြောင့် တရုတ်နိုင်ငံသမ္မတ Xi Jinping သည် ပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်ကိုနှိုးဆွရန် အမျိုးသားရေးဝါဒကို အသုံးချနေခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိဟုဆိုပါသည်။ တောင်အာဖရိကတွင် ပြုလုပ်ခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi နှင့် တရုတ်နိုင်ငံသမ္မတ Xi တို့သည် တရုတ်-အိန္ဒိယ နယ်စပ်ပြဿနာကို ဆွေးနွေးခဲ့ကြပြီး မကြာမီတွင် ထုတ်ပြန်ခဲ့သော ဤမြေပုံကိစ္စသည် ယင်းဒေသများရှိ အချုပ်အခြာအာဏာနှင့် အခွင့်အရေးများအတွက် တရုတ်နိုင်ငံအနေဖြင့် အလျှော့ မပေးသည့် ရပ်တည်ချက်ကိုပြသရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား နယ်မြေများကို ထည့်သွင်းရေးဆွဲထားသည့် တရုတ်နိုင်ငံ၏ မြေပုံသစ်ထုတ်ဝေမှုနှင့် ပတ်သက်၍ မလေးရှား၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကန့်ကွက်ချက်များ၊ ပညာရှင် အသီးသီး၏ ထင်မြင်ယူဆချက်များ၊ အရှေ့အာရှရှိ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အမျိုးသားရေးဝါဒဆိုင်ရာများကို ဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ တရုတ်နိုင်ငံဘက်မှ မြေပုံထုတ်ပြန်ခြင်းသည် တောင်တရုတ်ပင်လယ်နှင့် တရုတ်-အိန္ဒိယ နယ်စပ်တစ်လျှောက်တွင် ထင်ရှားသော စစ်ရေးအင်အားများချထားရာ နေရာများတွင် တင်းမာမှုများ ပိုမိုမြင့်မားလာကာ ဒေသတွင်းတည်ငြိမ်ရေးအား ထိခိုက်စေနိုင်သည်ဟု ထင်ကြေးပေးမှုများရှိနေပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အနေဖြင့် စီးပွားရေးအခက်အခဲ များကို အာရုံလွှဲနိုင်ရန် ယခုကဲ့သို့သော အငြင်းပွားဖွယ် ပိုင်နက်မြေပုံထုတ်ပြန်၍ ပြည်သူများ၏ အမျိုးသားရေးဝါဒကို လှုံ့ဆော်အသုံးချခြင်းဖြစ်သည်ဟု ယူဆချက်များလည်းရှိနေပါသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ မြေပုံအသစ် အရေးနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်အတွင်း လိုက်နာလုပ်ဆောင်ရမည့် ကျင့်ဝတ် စည်းမျဉ်း COC မူဘောင်အား ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ဆိုခဲ့ပါသည်။[2] သို့ရာတွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ရေး တရားဝင်စည်းနှောင်ထားသည့် COC တစ်ရပ်ကို ရေးဆွဲရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ သော်လည်း ယခုအချိန်အထိ ရေးဆွဲအတည်ပြုနိုင်ခြင်းမရှိသေးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့နှင့် ပိုင်နက်ဆိုင်ရာအငြင်းပွားမှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံမှ ထုတ်ပြန်ခဲ့သော ပိုင်နက်မြေပုံကိစ္စသည် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် အပြုသဘောမဆောင်နိုင်ဘဲ လိုအပ်သည်ထက် ခြေလှမ်းကျဲနေသည့် သဘောသက်ရောက်နေသည်ဟု ဆိုနိုင်ပါသည်။ တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသော စံပြုမြေပုံတွင် အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သည်ဟုဆိုသော Arunachal Pradesh ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တို့ထိစပ်နေသည့် နယ်မြေဖြစ်ပြီး တရုတ်-အိန္ဒိယ-မြန်မာ သုံးနိုင်ငံအကြား တရားဝင် သဘောတူနယ်နိမိတ်သတ်မှတ်ထားခြင်း မရှိသေးသော အငြင်းပွားဖွယ်ဧရိယာလည်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်ဧရိယာများ တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသည့် မြေပုံတွင် ပါဝင် သွားခဲ့ခြင်းရှိ/မရှိအား အသေးစိတ်လေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပြီး စောင့်ကြပ်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်သင့်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
105091223
[1]။ Amy Chew,“Malaysia, India and Taiwan Reject China's New Territorial Map”. Nikkei Asia. 31 August 2023 [https://asia.nikkei.com/.../Malaysia-India-and.../]-accessed on 5 September 2023.
[2]။ Arlina Arshad,“Asean Leaders to Meet in Jakarta for Regional Summit, Amid Tensions Over New Chinese Map”. The Straits Time. 4 September 2023 [https://www.straitstimes.com/.../asean-leaders.../]-accessed on 5 September 2023.

Sunday, September 10, 2023

တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ဆင်းရဲသည့်နိုင်ငံများအပေါ် ပိုမိုသက်ရောက်မှုရှိနေခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယခင်က တရုတ်နိုင်ငံ၏ အကျပ်ကိုင်ဖိအားပေးသော နည်းဗျူဟာများသည် အောင်မြင်မှုမရှိဟုဆိုခဲ့ကြသော်လည်း ယခုအခါ ၎င်း၏ အကျပ်ကိုင်မှုနည်းလမ်းများသည် ချမ်းသာသည့်နိုင်ငံများထက် ဆင်းရဲသည့်နိုင်ငံများအပေါ်တွင် သက်ရောက်မှုဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သုတေသနပြုတွေ့ရှိချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ အခြားနိုင်ငံများအပေါ် အကျပ်ကိုင်မှု ပြုလုပ်ခဲ့ခြင်းများအား လေ့လာသုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအရ အကျပ်ကိုင်မှုများကိုသာ လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းနှင့် သဘောထား ကိုက်ညီမှုမရှိသည့်နိုင်ငံများအား စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ အထူးသဖြင့် သြစတြေးလျမှ တင်သွင်းသည့် ဝိုင်များ၊ နော်ဝေနိုင်ငံမှ ဆော်လမွန်ငါးတင်သွင်းမှုများနှင့် တောင်ကိုရီးယားခရီးသွားလုပ်ငန်းတို့အား ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤကန့်သတ်ချက်များသည် အဆိုပါနိုင်ငံများ၏ ကုမ္ပဏီများနှင့် စီးပွားရေးကဏ္ဍများအား အချိန်ကာလတစ်ခုအထိသာ ထိခိုက်မှုရှိစေသော်လည်း ယင်းနိုင်ငံများ၏ မူဝါဒများ၊ သို့မဟုတ် ရပ်တည်ချက်များကို ထိရောက်စွာ ပြောင်းလဲ နိုင်ခဲ့ခြင်းမရှိဟု ကောက်ချက်ချခဲ့ကြကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံပေါင်း ၈၂ နိုင်ငံအား လေ့လာ သုံးသပ်မှုများ ပြုလုပ်ထားသော Doublethink Lab ၏ ၂၀၂၂ ခုနှစ် China Index စစ်တမ်းသစ်အရ တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုထိရောက်မှုရှိလာသည်ကို တွေ့ရပါသည်။ အခြားနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးနိုင်မှု အဆင့် သတ်မှတ်ချက်အား တရုတ်နိုင်ငံ၏ နိုင်ငံခြားဩဇာလွှမ်းမိုးမှု မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်သူများကော်မတီမှ တီထွင်ထားသည့် အညွှန်းကိန်း ၉၉ ခုဖြင့် အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး တွက်ချက်ရာတွင် “ထိတွေ့မှု၊ ဖိအားနှင့် အကျိုးသက်ရောက်မှု” ဟူသော အုပ်စု ၃ ခုခွဲ၍ လေ့လာထားခြင်းဖြစ်ပါသည်။ “ထိတွေ့မှု” သည် ကုန်သွယ်ရေး မှီခိုမှုမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးနိုင်မှုအား ဆန်းစစ်ခြင်းဖြစ်ပြီး၊ “ဖိအား”သည် သံတမန်ရေးအရ တရုတ်နိုင်ငံ၏ အကျပ်ကိုင်နိုင်မှုအား ဆန်းစစ်ခြင်းဖြစ်ကာ၊ “အကျိုး သက်ရောက်မှု”သည် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် မည်မျှ အရေးပါမှုအား ဆန်းစစ်ခြင်းဖြစ်ပါသည်။ အမျိုးအစားတစ်ခုစီမှ စုစုပေါင်းရမှတ်များဖြင့် အဆင့်သတ်မှတ်ချက်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ခုစီအလိုက် တွက်ချက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဖိအားနှင့် အကျိုးသက်ရောက်မှုအကြား ဆက်နွှယ်မှု၏ အဓိကသော့ချက်မှာ နိုင်ငံတစ်ခု၏ ကြွယ်ဝမှုအတိုင်းအတာ(တစ်ဦးချင်း GDP)ကို ထိန်းချုပ်ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ တစ်ဦးချင်း GDP ကို ထိန်းချုပ်နိုင်သည့်အခါ တရုတ်နိုင်ငံ၏ ဖိအားသည် ပိုမိုသက်ရောက်မှုရှိနေပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံများအပေါ်တွင် ဖိအားလျော့နည်း သည်ကို တွေ့ရပါသည်။ ချမ်းသာသောနိုင်ငံများသည် တရုတ်နိုင်ငံ၏ ဖိအားပေး ခံရနိုင်ခြေအများဆုံးဖြစ်သော်လည်း တရုတ်နိုင်ငံမှ လိုလားသည့်မူဝါဒ၊ ရလဒ်များ ထွက်ပေါ်လာအောင် ပြုလုပ်နိုင်ခြေအနည်းဆုံးဖြစ်နေသည်ကို တွေ့ရကြောင်း ဖော်ပြ ထားပါသည်။
ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသည် ဆင်းရဲသည့်နိုင်ငံများအား မကြာခဏဖိအားပေးမှုမပြုလုပ်ရခြင်းမှာ ထိုသို့ဖိအားပေးရန် မလိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ တစ်နည်းဆိုသော် ထိုနိုင်ငံများသည်ဖိအားပေးရန်မလိုအပ်ဘဲ တရုတ်နိုင်ငံ၏ အလိုကိုလိုက်နေရပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံး အချုပ်အခြာအာဏာပိုင် ငွေချေးသူဖြစ်နေခြင်းကြောင့်ဖြစ်ပြီး အဆိုပါနိုင်ငံ အများစုသည် မကြာမီတွင် တရုတ်နိုင်ငံ၏ အကြွေးပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် တရုတ်နိုင်ငံ၏ Belt and Road Initiative ၊ သို့မဟုတ် Global Development Initiative မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိခဲ့ခြင်းကြောင့် ၎င်းတို့အား အထောက်အကူပေးလျက်ရှိသည့် တရုတ်နိုင်ငံ၏မူဝါဒကို လိုက်နာရမည့် အခြေအနေဖြစ်ပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါလူမျိုးများအရေးအား ဆွေးနွေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဆိုပြုသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အဆိုပါအဆိုပြုချက်အား ထောက်ခံမှုမပြုလုပ်ခဲ့ကြပါ။ သို့သော်လည်း CSIS ၏ သုသေတနပြုချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှ မွန်ဂိုလီးယားနှင့် ဖိလစ်ပိုင် နိုင်ငံတို့သာ တရုတ်နိုင်ငံနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေကို တည်ဆောက် နိုင်ပြီး အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တရုတ်နိုင်ငံက အပြတ်အသတ် အနိုင်ရ နေကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံတစ်ခု၏ တစ်ဦးချင်း GDP မြင့်မားခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားကို အဓိကနည်းလမ်းနှစ်ခုဖြင့် သက်သာအောင် လုပ်ဆောင် နိုင်သည်ဟု ဆိုသည်။ ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် ၎င်းအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ မှာယူသည့် နိုင်ငံများအပေါ်တွင် ယေဘုယျအားဖြင့် ဖိအားသုံးစွဲမှု နည်းပါးပါသည်။ သို့သော်လည်း တရုတ်နိုင်ငံသည် အစားထိုးနိုင်သော ကုန်ကြမ်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများတင်သွင်းသည့် မွန်ဂိုလီးယားနိုင်ငံကို အရေးပါသော နည်းပညာများပံ့ပိုးပေးသည့် အမေရိကန်နိုင်ငံထက် ပိုမိုလွှမ်းမိုးနိုင်ပါသည်။ ဒုတိယနည်းလမ်းမှာ တစ်ဦးချင်း GDP သည် ဒီမိုကရေစီနှင့် အကျင့်ပျက်ခြစားမှု နည်းပါးခြင်းတို့နှင့် ဆက်စပ်နေခြင်းကြောင့် လစ်ဘရယ်ဒီမိုကရေစီ လမ်းကြောင်းတွင် ရပ်တည်၍ အမှီအခိုကင်းသော မီဒီယာပိုင်ဆိုင်သည့် နိုင်ငံများတွင် ပြည်သူများက တရုတ်နိုင်ငံ၏ ဖိအားများကို ပွင့်လင်းစွာ ဝေဖန်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရေရှည်ရည်မှန်းချက်များကို ထိခိုက်စေပါသည်။ ထိုကိစ္စမျိုးကို တောင်ကိုရီးယား နိုင်ငံ၏ THAAD မစ်ဇိုင်းများနေရာချထားမှုတွင် တွေ့မြင်နိုင်ပါသည်။ အာဏာရှင် နိုင်ငံများတွင်မူ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး မပြေလည်မည်စိုးသောကြောင့် နိုင်ငံပိုင် မီဒီယာကို ထိန်းချုပ်အကျပ်ကိုင်မှုပြုလုပ်၍ သတင်းဖော်ပြမှု ဆောင်ရွက်ကြခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် လွတ်လွတ်လပ်လပ် ဖိအားပေးပိုင်ခွင့် ရှိသကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် လွတ်လပ်သည့် မီဒီယာများထားရှိခြင်းသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုများအား ဆန့်ကျင်သည့် အတားအဆီးတစ်ခုဖြစ်နေပါသည်။ Australian Strategic Policy Institute (ASPI)မှ စုဆောင်းရရှိထားသော အချက်အလက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုမ္ပဏီများ၏ ၈၂.၇ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုကိုရင်ဆိုင်ရာတွင် တောင်းပန်ခြင်း၊ လမ်းညွှန်ချက်များကို လိုက်နာခြင်း၊ သို့မဟုတ် ယင်းနှစ်ခုလုံးကို လိုက်နာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
နိဂုံးချုပ်အနေဖြင့် CSIS၊ သို့မဟုတ် European Parliamentary Research Service ကဲ့သို့သော အဖွဲ့များသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုကို တန်ပြန်ဆောင်ရွက် နိုင်ရန် အလားအလာရှိသော မဟာဗျူဟာများကို ဖော်ထုတ်ထားပါသည်။ သို့သော်လည်းတရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ထိရောက်မှုမရှိဟု ယူဆခဲ့ခြင်းကြောင့် အသုံးချမှု နည်းခဲ့ကြပါသည်။ ယခုအခါ တရုတ်နိုင်ငံ၏ ဖိအားများက ဆင်းရဲသည့် နိုင်ငံငယ်များ အပေါ် ပိုမိုသက်ရောက်မှုရှိလာသည်ကို တွေ့ရှိရသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ပျမ်းမျှ ဝင်ငွေနည်းပါးသောနိုင်ငံများကို ကိုယ်စားပြုသည့် မူဝါဒချမှတ်သူများသည် တရုတ် နိုင်ငံ၏ ဖိအားပေးမှုကို လျှော့ချနိုင်ရန် မဟာဗျူဟာများ ရေးဆွဲရာတွင် တက်ကြွစွာ ဆောင်ရွက်သင့်ပြီး ထိရောက်သော မူဘောင်တစ်ခုအား ဥပဒေပြုအမတ်များက အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် ၎င်း၏ဩဇာလွှမ်းမှုကို အခံရဆုံးနိုင်ငံများသည့် ဆင်းရဲသည့် နိုင်ငံများဖြစ်နေပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အလိုသို့ လိုက်စေရန် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ၊ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုနည်းလမ်းများအား အသုံးချ ဆောင်ရွက်လျက်ရှိသည်ကို သုတေသနစစ်တမ်းပြု၍ ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အနိုင်ကျင့်မှုကို မခံရစေရန် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် တန်ပြန်မှုပြုလုပ်နိုင်မည့် အစီအစဉ်များ၊ ဥပဒေပြဋ္ဌာန်းချက်များ ဆောင်ရွက်ရန် တိုက်တွန်းရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးမှာ အနောက်အုပ်စု၏ သဘောထားဖြစ်သော်လည်း အချက်အလက်အခြေပြု သုတေသန စစ်တမ်းများဖြင့် ကိုးကားရေးသားထားခြင်းဖြစ်ပါသည်။
ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ပင် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ မူဝါဒ များကို အကောင်အထည်ဖော်ရန် ဒေသတွင်းနိုင်ငံများအား အကျပ်ကိုင်ခြိမ်းခြောက်သည့် နည်းလမ်းများဖြင့် ဖိအားပေးမှုများမြင့်တက်လာခြင်းကို မကြာသေးမီက ဖိလစ်ပိုင် နိုင်ငံ၏ ထောက်ပံ့ရေးရေယာဉ်များအား ရေအမြောက်ဖြင့် ထိုးခဲ့သည့် ကိစ္စမျိုးတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စရပ်များသည် အားကြီးသည့် နိုင်ငံများက အားနည်းသည့်နိုင်ငံများအား ကျင့်သုံးလေ့ရှိသည့် အလေ့အထဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့်မူ အမေရိကန်နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် Peaceful Development ဟု ကြွေးကြော်ထားခြင်းဖြစ်သောကြောင့် ၎င်း၏ကြွေးကြော်ထားသည့် မူဝါဒများမှ သွေဖည် လာသည်ကိုလည်း တွေ့ရှိနေရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် လွှမ်းမိုးမှုရှိနေသည့် နိုင်ငံငယ်များအနေဖြင့် တရုတ်နိုင်ငံ၏ အပျော့/အမာ နည်းလမ်း များကို စောင့်ကြည့်ကာ အခြားသောအင်အားကြီး၊ အင်အားအလယ်အလတ်နိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်၍ အင်အားချိန်ခွင်လျှာညှိခြင်း (Balance of Power) တည်ဆောက်ထားနိုင်မည့် နည်းလမ်းများကိုအသုံးပြုခြင်းဖြင့် နိုင်ငံကြီးများ၏ တစ်ဖက်သတ်အကျပ်ကိုင်မှု မခံရ စေရေးဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
104091123

[1]။ Caleb Harding,“China’s Coercion Is Most Effective Against Poorer Countries”. The Diplomat. 2 September 2023 [https:// thediplomat.com/ 2023/ 09/ chinas-coercion-is-most-effective-against-poorer-countries/]-accessed on 4 September 2023.

Thursday, September 7, 2023

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ သဘောထားကွဲလွဲမှုဖြစ်ပွားနေခြင်း၏ နောက်ဆက်တွဲအခြေအနေများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကမ္ဘာ့နိုင်ငံများအကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပွားကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်မှု(Fragmentation) ပြင်းထန်စွာဖြစ်ပေါ်နေပြီး Globalization ဖြစ်စဉ်တွင်လည်း ဆုတ်ယုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါအချက်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အပေါ်တွင် များစွာသက်ရောက်စေပြီး ပျက်ယွင်းလာသည့် အခြေအနေများကို ထိန်းညှိဆောင်ရွက်ရန်အတွက် နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကို ရန်ပုံငွေ ထည့်ဝင်မှုများတိုးမြှင့်ပြီး စနစ်တကျခွဲဝေဆောင်ရွက်သင့်သည်ဟူသည့် အကြံပြုချက်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကမ္ဘာ့နိုင်ငံများသည် မသေချာမရေရာမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြတ်သန်းနေကြရပြီး ကြွယ်ဝချမ်းသာခြင်းနှင့်အတူ ထိလွယ်ရှလွယ်သည့် အခြေအနေများ ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေခြင်း၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ခြင်းက တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက် မရှိဆိုသည့်အချက်ကို ပြသနေသကဲ့သို့ တည်ငြိမ်အေးချမ်းရေးကို အလွယ်တကူ ဖျက်ဆီး နိုင်သည်ဆိုသည့်အချက်ကိုလည်း ပြသနေပါသည်။ မသေချာမရေရာမှုများကို ရင်ဆိုင် နေရသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအတွက် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည့်အချက်သည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှာ ဆုတ်ယုတ်လျက်ရှိပါသည်။ နိုင်ငံများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ မြင့်တက်လာခြင်းမှအစပြုပြီး စီးပွားရေးပြိုင်ဘက် အုပ်စုများအဖြစ် အဆုံးသတ်သွားခြင်းက ကမ္ဘာ့နိုင်ငံများအကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပွားပြီး အစိတ်စိတ်အမွှာမွှာကွဲထွက်မှု(Fragmentation) ပြင်းထန်စွာဖြစ်ပေါ်နေသည် ဆိုသည့် သက်သေဖြစ်ပါသည်။ အဆိုပါအချက်များက Global Integration မှ ရရှိနိုင်သည့် အကျိုးအမြတ်များကို ပျက်ပြယ်သွားစေနိုင်ကြောင်း ဖော်ပြထားပါသည်။
Fragmentation ကို ဖြစ်ပေါ်စေသော မတူညီသည့် အကြောင်းတရားများ များစွာရှိနေပါသည်။ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကလည်း နိုင်ငံများအား ၎င်းတို့အကျိုးစီးပွားကိုသာ ပိုမိုကာကွယ်ရန် တွန်းအားပေးနေပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၃ စုအတွင်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆက်နွှယ်မှုများ ခိုင်မာအားကောင်းခဲ့ပြီး နိုင်ငံများအတွက် ကြွယ်ဝချမ်းသာမှု၊ ကျန်းမာသည့် လူမှုပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်း များကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ သို့သော် အဆိုပါဆက်နွှယ်မှုများကြောင့် အချို့သောသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့ပြီး လူတန်းစား ကွာဟမှုကိုဖြစ်ပေါ်စေခဲ့ပါသည်။ အဆိုပါအချက်က လူမှုရေးတင်းမာမှုများကို ဖြစ်ပေါ် စေသည့်အပြင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုများကို ခိုင်မာစွာဖော်ဆောင်ရန် တွန်းအားပေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
နိုင်ငံများတွင် သဘောထားကွဲလွဲမှုများ ပြင်းထန်စွာဖြစ်ပေါ်နေခြင်းက ပဋိပက္ခ ဖြစ်ပွားခြင်းကို ဦးတည်စေနိုင်ပြီး စစ်မက်ဖြစ်ပွားခြင်း၊ ရာသီဥတုပြုပြင်ပြောင်းလဲခြင်းနှင့်ကပ်ရောဂါကဲ့သို့ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရ စေနိုင်ပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပြီး ကုန်သွယ်မှုကျဆင်းကာ ကုန်သွယ်မှုအတားအဆီးများ မြင့်တက်လာနိုင်ပါသည်။ ထို့နောက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေသည်အထိ ကြုံတွေ့ ရနိုင်ပါသည်။ သဘောထားကွဲလွဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေခြင်းသည် ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်းကို နိုင်ငံအကြီးအကဲများက နားလည်လက်ခံထားသော်လည်းအရေးတယူ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြပါ။ နိုင်ငံများတွင် မမျှော်လင့်ထားသည့် အရေးကိစ္စများဖြစ်သည့် ကပ်ရောဂါနှင့် ပဋိပက္ခများကို ပိုမိုရင်ဆိုင် လာရသည့်အတွက် နိုင်ငံများအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ IMF ကဲ့သို့ အဖွဲ့များက နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကူညီထောက်ပံ့မှုများကို ပေးအပ်နိုင်သကဲ့သို့ နိုင်ငံ့အကြီးအကဲများအနေဖြင့်လည်း နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုအပြင် နိုင်ငံသားများ၏ ကောင်းကျိုးဖြစ်ထွန်းစေမည့် အရေးပါသည့်အချက်များကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
၂၀ ရာစုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာစစ် ၂ ခုက ကမ္ဘာ့နိုင်ငံများသည် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဆိုသည့်အချက်ကို ပြသနေပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက်တွင် မဟာမိတ် အဖွဲ့များသည် UN၊ IMF၊ World Bank နှင့် WTO ကဲ့သို့ အဖွဲ့များကို ဖွဲ့စည်းပြီး ကမ္ဘာ့နိုင်ငံ များ၏ အရေးကိစ္စများကို ပူးပေါင်းဖြေရှင်းမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။ အဆိုပါဖြစ်စဉ်ကို Globalization ဟုခေါ်ဆိုပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဆင်းရဲမွဲတေမှု လျော့နည်းခြင်း များကို ဖော်ဆောင်ပေးနိုင်ခဲ့ကြပါသည်။ သို့သော် ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ စီးပွားရေးပျက်ကပ်ကြောင့် အချို့သောနိုင်ငံများတွင် ကုန်သွယ်မှုအတားအဆီးများ ချမှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမညီမျှခြင်းများဖြစ်ပေါ်ခဲ့ကြောင်းနှင့် ကပ်ရောဂါ ဖြစ်ပွားမှုများ ကလည်း ဖွံ့ဖြိုးတိုးတက်မှုများကို နှေးကွေးသွားစေခဲ့ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများသည် Slowbalization ဖြစ်စဉ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါသည်။
ဖွံ့ဖြိုးတိုးတက်မှုမညီမျှခြင်းများ မြင့်တက်လာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာကိစ္စရပ်များသည် အဓိကပြဿနာရပ်များဖြစ်ပါသည်။ နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ်ရရှိရေးကိုသာ အာရုံစိုက်နေပြီး ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်လိုက်ပါက မလိုလားအပ်သည့် ကိစ္စရပ်များဖြင့် ပိုမိုရင်ဆိုင်ရစေနိုင်ပါသည်။ ကုန်သွယ်မှု အတားအဆီး များနှင့် နည်းပညာဖလှယ်မှုများကို ကန့်သတ်ခြင်းက စီးပွားရေးလုပ်ငန်းများကို များစွာ ထိခိုက်နစ်နာစေနိုင်ပါသည်။ အဆိုပါအချက်ကြောင့် အစားအစာနှင့် စွမ်းအင်များကို ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ကမ္ဘာ့နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ပြီး တစ်ကမ္ဘာလုံး၏ GDP ကို ၇ ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ကုန်သွယ်မှုအတားအဆီးများနှင့် ကန့်သတ်ချက်များ သတ်မှတ် ပြဋ္ဌာန်းခြင်းကိုဂရုတစိုက်လုပ်ဆောင်သင့်ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် မမျှော်လင့်သော ပြဿနာများကို အကြိမ်ကြိမ် ရင်ဆိုင် ကြုံတွေ့လာရသည့်အခါတွင် ၎င်းတို့နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် အတွက် နည်းလမ်းများရှာဖွေနေကြပါသည်။ အဆိုပါအခြေအနေများကို ဖြေရှင်းရန်အတွက် နိုင်ငံများသည် အရန်ငွေ(International Reserve)ကို အသုံးပြုကြသော်လည်း အဆိုပါ အရန်ငွေကို စီးပွားရေးအင်အားကောင်းသည့် နိုင်ငံအနည်းငယ်သာ အများဆုံးထားရှိနိုင်ပါသည်။ အဆိုပါအချက်က စီးပွားရေးအင်အားနည်းပါးသည့်နိုင်ငံများကို ပိုမိုထိခိုက်စေနိုင်ပါသည်။ နိုင်ငံများအနေဖြင့် “Global Financial Safety Net” ကဲ့သို့ အရန်အစီအစဉ်များ ပြုလုပ် ထားရန်လိုအပ်ပါသည်။ IMF သည်လည်း အဆိုပါအစီအစဉ်၏ အရေးပါသည့် အခန်း ကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး နိုင်ငံများမှ စုပေါင်းထည့်ဝင် ထားသည့် ငွေများကိုထိန်းသိမ်းပေးပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံများကို ချေးငွေကူညီပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် IMF တွင် ရန်ပုံငွေထည့်ဝင်ခြင်းဖြင့် “Global Financial Safety Net” ကို ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
“Global Financial Safety Net” သည် စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ် အတည်းကို ရင်ဆိုင်နေရသည့်နိုင်ငံများအား အကူအညီပေးနေသည့် စနစ်တစ်ခုဖြစ်ပါသည်။ ၎င်းတွင် ငွေကြေးပုံစံမျိုးစုံရှိပြီး နိုင်ငံများအနေဖြင့် လိုအပ်သည့်အချိန်တွင် ထုတ်ယူသုံးစွဲ နိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် နိုင်ငံများသည် အဆိုပါ ငွေကြေးများအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် ထုတ်ယူ သုံးစွဲခဲ့ကြပါသည်။ သို့သော် အချို့သောနိုင်ငံများသည် လက်ရှိအချိန်အထိ အခက်အခဲ များဖြင့် ရင်ဆိုင်နေကြရပြီး ပေးဆပ်ရန် ကြွေးမြီအမြောက်အမြားရှိနေပါသည်။ အဆိုပါ အချက်ကြောင့် နောက်ထပ်ချေးငွေယူရန်နှင့် ပြန်လည်ပေးဆပ်ရန် ခက်ခဲလျက်ရှိကြပါသည်။ ထိုကဲ့သို့ အခက်အခဲများဖြင့် ကြုံတွေ့နေရသည့် နိုင်ငံများသည် ဆင်းရဲသည့်နိုင်ငံများဖြစ်ပြီး ကြွေးမြီပဋိပက္ခများကို ရှောင်ရှားနိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ဖော်ပြ ထားပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် IMF သည် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ IMF တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ပါဝင်ပြီး အဆိုပါနိုင်ငံများနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအား ပုံမှန်စစ်ဆေးမှုများပြုလုပ် နိုင်ရန် အခွင့်အာဏာပေးထားသည့် တစ်ခုတည်းသောအဖွဲ့ဖြစ်ပါသည်။ IMF သည် မက်ခရိုစီးပွားရေးစနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုများကို စီမံခန့်ခွဲပေးနေသည့် အဖွဲ့ဖြစ်ပြီး မူဝါဒများချမှတ်ပေးခြင်းအတွက် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ် တစ်ခုဖြစ်သကဲ့သို့ နောက်ဆုံးချေးငွေထုတ်ချေးပေးသည့် နေရာလည်း ဖြစ်ပါသည်။ ကွဲလွဲမှုများဖြင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့အခင်းအကျင်းတွင် IMF ၏ ရန်ပုံငွေများနှင့် ကြီးကြပ်မှုများက ကြီးမားသည့် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ IMF သည် လက်ရှိကမ္ဘာလုံးဆိုင်ရာ အခြေအနေ များနှင့်အညီ‌ ဆောင်ရွက်ရန်အတွက် ၎င်း၏ ရန်ပုံငွေကောက်ခံမှုပုံစံနှင့် မူဝါဒများကို ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပါသည်။ အရေးကြီးသောအချက်မှာ IMF သည် စီးပွားရေး အကျပ်အတည်းကာလတွင် နိုင်ငံများအားကူညီရန် လုံလောက်သော အရင်းအမြစ်များရှိမှု သေချာစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို ချိန်ညှိရန် လိုအပ်ခြင်းဖြစ်သည်။ IMF တွင် ငွေကြေးထည့်ဝင်မှုများ များပြားလာသည့်အခါ ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ရန်ပုံငွေကို ချေးငွေသဘောဖြင့် ထုတ်ချေးခြင်းများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် IMF အဖွဲ့ဝင်များအနေဖြင့် General Review of Quotas အကောင်အထည်ဖော်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆောင်ရွက် သင့်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ကြွယ်ဝချမ်းသာသည့် IMF အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆင်းရဲ မွဲတေမှုလျှော့ချရေးနှင့် ယုံကြည်မှုတိုးပွားလာရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ပိုမိုပြုလုပ်ပေးသင့်ပါသည်။ IMF ၏ အစီအစဉ်ဖြင့် အထူးရန်ပုံငွေအစီအစဉ်ဖြင့် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ဝင်ငွေနည်းပါးသည့်နိုင်ငံ ၅၆ နိုင်ငံအား အတိုးမဲ့ဘဏ္ဍာငွေ ဒေါ်လာ ၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ယခင်က ထောက်ပံ့မှုများထက် လေးဆခန့် များပြားခဲ့ပြီး အဆင်းရဲဆုံးအဖွဲ့ဝင်နိုင်ငံများ၏ အကူအညီလိုအပ်မှု မြင့်မားနေခြင်းကို ထောက်ပံ့ပေးနိုင်ခဲ့သည့်အတွက် IMF ၏ အရေးပါသည့် ရန်ပုံငွေအစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ ထို့ပြင် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းနှင့် ကပ်ရောဂါဖြစ်ပွားခြင်းများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ချမ်းသာ ကြွယ်ဝသည့် အဖွဲ့ဝင်နိုင်ငံများသည် ထိခိုက်လွယ်သည့် နိုင်ငံများအတွက် Special Drawing Rights လမ်းကြောင်းများကို ဖော်ဆောင်ပေးခြင်းဖြင့် စဉ်ဆက်မပြတ် ယုံကြည်မှု တည်ဆောက်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။ IMF အနေဖြင့် ဆုံဖြတ်ချက်ချမှတ်ခြင်း များတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်သင့်ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းက နိုင်ငံများကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို နားလည်သဘောပေါက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
IMF အနေဖြင့် World Bank နှင့် African Development Bank ကဲ့သို့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက် သင့်ပါသည်။ ယခင်က Bertton Woods ငွေကြေးစနစ်တွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၌ အဖွဲ့ဝင်နိုင်ငံနည်းပါးသည့်အတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လွယ်ကူခဲ့သော်လည်း IMF တွင် အဖွဲ့ဝင်နိုင်ငံ ၁၉၀ နိုင်ငံ ပါဝင်နေသည့်အတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ခက်ခဲမှုများရှိနေပါသည်။ ထို့သို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံများ အကြားတွင် ယုံကြည်မှုများလျော့နည်းလာခြင်းကြောင့်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးစနစ်တွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းများ အဆုံးသတ်မည့်အချိန်သို့ ရောက်ရှိနေပါသည်။ တစ်နိုင်ငံချင်းစီသည် ၎င်းတို့နိုင်ငံများ၏ အကျိုးစီးပွားကိုသာ ကာကွယ်ရန် အလေးထား ဆောင်ရွက်လာကြပြီး ထိလွယ်ခိုက်လွယ်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်သည် မမျှော်မှန်းထားသည့် ပြဿနာရပ်များကို ရင်ဆိုင် ရနိုင်ပါသည်။ IMF နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ချေးငွေထုတ် ပေးသူများအနေဖြင့် မမျှော်မှန်းထားသည့်အခြေအနေကို ရင်ဆိုင်ရာတွင် လိုက်လျောညီထွေ ဖြစ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပြီး ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေး စနစ်ကိုလည်း ခိုင်မြဲအောင် လုပ်ဆောင်ထားသင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘာ့နိုင်ငံများသည် Globalization ဖော်ဆောင်ခြင်းအစား နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်ပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် တစ်နိုင်ငံချင်း အကျိုးစီးပွား ကာကွယ်ခြင်းကိုသာ ရှေ့တန်းတင်ဆောင်ရွက်နေကြသည့်အတွက် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး စနစ်တွင် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင်လည်း အမေရိကန် နိုင်ငံသည် ၎င်း၏မဟာမိတ်ဖြစ်သည့် အင်ဒို-ပစိဖိတ် ဒေသတွင်း နိုင်ငံအချို့ကို စည်းရုံးပြီး IPEF ကို ဖွဲ့စည်းခဲ့သကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့အနေဖြင့်လည်း အမေရိကန် နိုင်ငံ၏ စိုးမိုးမှုကို ထိန်းချုပ်ရန် BRICS ကို ရုပ်လုံးပေါ်အောင် အသက်သွင်းနေကြပါသည်။ ဆောင်းပါးတွင် IMF ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ငွေကြေးထည့်ဝင်မှုများ ပိုမိုပြုလုပ်ရန် တိုက်တွန်းထားပြီး ထိုသို့ ထည့်ဝင်ခြင်းဖြင့် ဆင်းရဲပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများ၏ ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချနိုင်မည်ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် IMF တွင် လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဆောင်းပါးတွင်ဖော်ပြထားချက်များသည် IMF တွင် ရန်ပုံငွေနည်းပါးနေသည့် အခြေအနေကိုပြဆိုနေပြီး ကမ္ဘာ့နိုင်ငံများအချင်းချင်း မယုံကြည်မှုများက စီးပွားရေးပျက်ယွင်းမှုဆီသို့ ဦးတည်စေမည်သာဖြစ်ပါသည်။ ထို့ပြင် IMF ၊ World Bank နှင့် WTO တို့သည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုအလိုကျဆောင်ရွက်နေသည်ဟု ကမ္ဘာ့ နိုင်ငံအများစုက ယုံကြည်နေကြပြီး အဆိုပါနိုင်ငံများနှင့် သဟဇာတမဖြစ်သည့် နိုင်ငံများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်း၊ ရန်ပုံငွေထောက်ပံ့မှု လျှော့ချ/ ဖြတ်တောက်ခြင်းများကို ပြုလုပ်နေကျဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါအုပ်စုနှင့် သဟဇာတ ဖြစ်သည့် နိုင်ငံများမှလွဲ၍ ကျန်ကမ္ဘာ့နိုင်ငံများသည် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ် နိုင်ရန် ၎င်းတို့နှင့် သဟဇာတဖြစ်မည့် အခြားသောဒေသတွင်းအဖွဲ့အစည်းများကို ပိုမို အလေးထားလာကြခြင်းမှာလည်း အကြောင်းအကျိုးတရားများသာဖြစ်ပါသည်။
နိုင်ငံကြီးများအကြား သဘောထားကွဲလွဲမှုများ၊ အုပ်စုကွဲနေခြင်းများသည် ကမ္ဘာကြီးအား စီးပွားရေးအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ အနုတ်လက္ခဏာ ဆောင်စေ မည်မှာ မှန်သော်လည်း သက်ဆိုင်ရာနိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ တစ်နိုင်ငံချင်း အကျိုးစီးပွားကိုသာ ပိုမိုရှေ့တန်းတင်ကြမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်စုဖွဲ့မှုများ၊ ပြိုင်ဆိုင်မှုများ ပြင်းထန်လာသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများတွင် အရေးအကြောင်း ကြုံလာပါက အသုံးပြုနိုင်ရန် အရန်ငွေကြေး၊ အရန်ရွှေအပြင် အခြားသော တန်ဖိုးကြီး အရင်းအမြစ်များပိုင်ဆိုင်မှုမှာ အဓိကကျလျက်ရှိပြီး ထိုလိုအပ်ချက်များကို ကြိုတင်မျှော်တွေးဖြည့်ဆည်းထားနိုင်ခြင်းမှာ သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
103090823

[1]။ Kristalina Georgieva,“ The Price of Fragmentation”. Foreign Affairs. August 22, 2023 [https:// https://www.foreignaffairs.com/.../price-fragmentation... on Sep 2, 2023.

Wednesday, September 6, 2023

AI နည်းပညာသုံးစွဲမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် ဝိရောဓိများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
လာမည့် ၂၀၃၅ ခုနှစ်များတွင် နိုင်ငံများအကြား ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence -AI)များကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ဖွယ်ရှိပါသည်။ AI နည်းပညာသည် နိုင်ငံများအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများကို လှုပ်ခတ် စေနိုင်သည့် နည်းပညာတစ်ခုအပြင် အကောင်း၊ အဆိုး ဒွန်တွဲနေသည့် နည်းပညာ တစ်ခုလည်းဖြစ်ပါသည်။ အစိုးရများအနေဖြင့် တစ်ဟုန်ထိုး တိုးတက်လျက်ရှိသည့် AI နည်းပညာကို ထိန်းချုပ်ရန် လိုအပ်နေပြီး၊ နည်းပညာဆိုင်ရာဥပဒေများ၊ စည်းမျဉ်း များကို အချိန်မီချမှတ်ရန်လိုအပ်နေသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၂၂ ခုနှစ်တွင် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ကူးယဉ်ဆန်သည့် ဖြစ်ရပ်တစ်ခုအဖြစ်သာ ခန့်မှန်းထားကြသော်လည်း လက်ရှိတွင် AI နည်းပညာသည် နိုင်ငံများအကြား တွင်ကျယ်လာခဲ့ပါသည်။ သို့သော် AI နည်းပညာသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို လှုပ်ခတ်နိုင်သည့်အတွက် ပိုမိုသတိထား ဆောင်ရွက်ရန် လိုအပ်သည့် နည်းပညာတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများသို့ AI နည်းပညာ လွှမ်းမိုးမှုသည် ကျယ်ပြန့်လျက်ရှိပြီး ပထဝီနိုင်ငံရေးတွင် အခြေခံကျသော နိုင်ငံများအပေါ် ခြိမ်းခြောက် လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံအစိုးရများအနေဖြင့် AI နည်းပညာ ထိန်းထိန်းသိမ်းသိမ်း အသုံးပြုရန် လိုအပ်နေပြီး အမေရိကန်နိုင်ငံအပါအဝင် G-7 ၊ EU နှင့် UN ကဲ့သို့ အဖွဲ့အစည်း များက AI နည်းပညာ ထိန်းချုပ်ရေးနည်းလမ်းများ၊ ထိန်းညှိစောင့်ကြည့်ရေးအဖွဲ့များ၊ AI နည်းပညာလုံခြုံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေပါသေးသည်။ လက်ရှိတွင် AI နည်းပညာ ထိန်းချုပ်ရေးလုပ်ငန်းသည် အမျိုးသားရေး အကျိုးစီးပွားကိုချဲ့ထွင်နိုင်ပြီး နိုင်ငံ့စွမ်းရည်မြှင့်တင်ခြင်းနှင့် သတိထားအသုံးပြုရန်လိုအပ်ခြင်း ဟူသည့် ယူဆချက် ၂ ခုအကြားတွင် အခက်တွေ့နေရကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ယခင် နိုင်ငံ၊ အဖွဲ့အစည်းများ အသုံးပြုခဲ့သည့် နည်းလမ်းများဖြင့် AI နည်းပညာကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် အချည်းအနှီးသာဖြစ်နေပါသည်။ နိုင်ငံများ အနေဖြင့် AI နည်းပညာနှင့် သင့်တော်သည့် အုပ်ချုပ်ရေးမူဘောင်တစ်ခုချမှတ်ရန် လိုအပ်နေပြီဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများသည် AI နည်းပညာထိန်းချုပ်မှု လုပ်ငန်းများတွင် နည်းပညာကုမ္ပဏီများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ ပထမဦးဆုံးအနေဖြင့် ကမ္ဘာ့နိုင်ငံများသည် AI နည်းပညာကို ထိန်းချုပ်မည့် အခြေခံ သဘောတရားများကို သိရှိထားရန်လိုအပ်ပါသည်။ AI နည်းပညာအန္တရာယ်ကို သတိပေး ဆောင်ရွက်ရန်၊ AI နည်းပညာထိန်းချုပ်မှုအပေါ် အားပြိုင်လာမှုများကို ကာကွယ်ရန်နှင့် ကမ္ဘာပေါ်တွင် မလိုလားအပ်သည့်နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများမဖြစ်ပေါ်လာရန် အစရှိသည့် အခြေခံသဘောတရားများကို လိုက်နာရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
AI နည်းပညာသည် နိုင်ငံရေး စိန်ခေါ်မှုများကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ၎င်းစိန်ခေါ်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည့် ထူးကဲသည့် ဝိရောဓိတစ်ခုလည်းဖြစ်ပါသည်။ Moore ၏ ဥပဒေအရ နည်းပညာနှင့် ပတ်သက်၍ ကွန်ပျူတာ တွက်ချက်မှုစွမ်းအား (Computing Power)များကို နှစ်စဉ် ၂ ဆနှုန်းဖြင့် မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားရှိသော်လည်း လက်ရှိတွင် နည်းပညာတိုးတက်မှုသည် ခန့်မှန်းသည်ထက် လျင်မြန်နေပါသည်။ ယနေ့ခေတ်တွင် ထိုသို့ ထူးကဲသည့် AI နည်းပညာသုံး ပစ္စည်းများ ကိုလည်း သုံးရလွယ်ကူပြီး ဈေးကွက်အတွင်း သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူ နိုင်သည့်အပြင် အချို့ AI သုံးနည်းပညာများကို Smart Phone များတွင်ပါ အသုံးပြု နိုင်နေပြီဖြစ်ပါသည်။ ထို့ပြင် AI နည်းပညာကို စစ်ဘက်နှင့် အရပ်ဘက်လုပ်ငန်း ၂ ခုလုံးတွင် အသုံးပြုနိုင်သလို၊ ပြည်သူများအားလုံးအတွက် ရောဂါရှာဖွေကုသပေးနိုင်သကဲ့သို့ လူသားများအတွက် အန္တရာယ်များသည့် လက်နက်အသစ်အဆန်းများကိုလည်း ထုတ်ပေးနိုင်သည့် နည်းပညာ ဖြစ်နေပါသည်။ ထို့ပြင် AI နည်းပညာသည် သတင်းမှားများ ထုတ်လွှင့်ခြင်း၊ ယုံကြည်မှု ပျက်ပြားစေခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ပြည်သူလူထု လွတ်လပ်မှုကို ဆုံးရှုံးစေခြင်း၊ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်သည့် လက်နက်များ ထုတ်လုပ်ခြင်းအစရှိသည့် မကောင်းသည့် နည်းလမ်းများတွင်လည်း အသုံးပြုနိုင်နေပါသည်။ AI နည်းပညာ တိုးတက်ကျယ်ပြန့်မှုများကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် မညီမျှမှုများ ပေါ်ပေါက်လာစေနိုင်ပါသည်။ သို့သော် AI နည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိနိုင်သည့် အချက်တစ်ခုတည်းဖြင့် နိုင်ငံတကာအလယ်တွင် ဆက်လက်တည်ရှိနိုင်ဖွယ်ရှိကြောင်း ဖော်ပြထား ပါသည်။
AI နည်းပညာသည် နိုင်ငံရေးပြဿနာများကို လှုပ်ခတ်စေနိုင်သည့်အပြင် နိုင်ငံ၏ အာဏာသက်ရောက်မှုရှိခြင်းကို တစ်ဖက်လှည့်ဖြင့် ပြသနေပါသည်။ AI နည်းပညာသည် ရှိပြီးသား အချုပ်အခြာအာဏာကို ဆုံးရှုံးနိုင်သကဲ့သို့ ထိန်းသိမ်း နိုင်ရန် လုပ်ဆောင်နိုင်သည့် ကာကွယ်ရေးလက်နက်တစ်ခုလည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအများအပြား ကလည်း AI နည်းပညာကို သူ့နည်းသူ့ဟန်ဖြင့် အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြပါသည်။ နိုင်ငံအစိုးရများသည် ပြည်တွင်းတွင် AI နည်းပညာကို စီးပွားရေးနှင့် လူထုအပေါ် လွှမ်းမိုးထိန်းချုပ်မှုများတွင် အသုံးပြုလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများအကြား ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှု များတွင် အသုံးပြုလျက်ရှိပါသည်။ AI နည်းပညာအပေါ် ငွေကြေးရင်းနှီးမြှုပ်နှံမှု များလည်း များစွာရှိနေသောကြောင့် ဆင်းရဲမွဲတေသည့် နိုင်ငံများအနေဖြင့် အနာဂတ်တွင် ငွေကြေးအရလည်းကောင်း၊ နည်းပညာအရ လည်းကောင်း AI နည်းပညာကို တွင်ကျယ်စွာအသုံးပြုနိုင်ရန် နိုင်ငံကြီးများအပေါ် မှီခိုလာရမည်ဖြစ်ပါသည်။ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုများအပြင် AI နည်းပညာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်မှုများလည်း ပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
အထူးသဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား နိုင်ငံရေးအရ ယှဉ်ပြိုင်မှုများတွင် AI နည်းပညာ လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်မှုသည် ဒေသအတွင်းနှင့် လူမှုအဖွဲ့အစည်းများ အကြား ကြီးမားသည့် စိုးရိမ်ပူပန်မှုတစ်ခုဖြစ်လာပါသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့သည် အပြန်အလှန်ထိန်းချုပ်ကန့်သတ်မှုများ အပြန်အလှန်လုပ်ဆောင်ရန်အတွက် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလေးထားလုပ်ဆောင်လျက်ရှိပြီး အဆိုပါ လုပ်ဆောင်မှုများသည် တစ်ဦးနိုင်၊ တစ်ဦးရှုံးပြိုင်ပွဲကိုဖြစ်စေပြီး အပြန်အလှန်ယုံကြည်မှု များလည်း ဆုံးရှုံးနိုင်ပါသည်။ ထို့ပြင် နိုင်ငံများအကြား AI နည်းပညာကို ထိန်းချုပ် ရာတွင် နိုင်ငံဗဟိုပြုချဉ်းကပ်သည့် နည်းလမ်းသည် လျင်မြန်စွာတိုးတက်နေသည့် နည်းပညာ အခင်းအကျင်းအတွက် လုံလောက်မှုမရှိဟုဆိုပါသည်။ အစိုးရတို့သည် AI နည်းပညာကို ထိန်းချုပ်ရာတွင် နောက်ကျကျန်ခဲ့ပြီး EU ၏ AI အက်ဥပဒေနှင့် UK ၏ မူဘောင်များ ကဲ့သို့ ထိန်းညှိရန် အားထုတ်မှုများသည် AI ၏ လျင်မြန်သော တိုးတက်မှုနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းလျက်ရှိသော်လည်း လစ်ဟင်းမှုများလည်း ရှိနေပါသည်။ နိုင်ငံအများအပြားက AI နည်းပညာကို နျူကလီးယားလက်နက် ထိန်းချုပ်ရေး ပုံစံဖြင့် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြသော်လည်း AI နည်းပညာသည် နျူကလီးယား ပြဿနာရပ်နှင့် မတူကွဲပြားလျက်ရှိပြီး ပုဂ္ဂလိကထိန်းချုပ်မှုပုံစံမျိုးကိုလည်း ကျင့်သုံးနိုင်ပြီး အလွယ်တကူ ပြန့်ပွားစေနိုင်ပါသည်။ AI နည်းပညာသည် အချို့နိုင်ငံ များ၏ နိုင်ငံရေးဒီမိုကရေစီလှုပ်ရှားမှုများကို အကန့်အသတ်ဖြစ်စေပြီး ထိန်းညှိရန်လည်း ခက်ခဲကြောင်းလည်း ဖော်ပြထားပါသည်။
AI နည်းပညာ ထိန်းချုပ်မှုတွင် နည်းပညာကုမ္ပဏီများနှင့် အစိုးရများအကြား မျှတသောနည်းလမ်းတစ်ခုရှိသင့်ပါသည်။ ထို့နောက်နိုင်ငံအသီးသီးမှ အစိုးရများက AI နည်းပညာကုမ္ပဏီများ၏ လွှမ်းမှိုးမှုကို တားဆီးနိုင်ရန် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်နှင့် စစ်ဘက်အားလုံး ပါဝင်သည့် အဖွဲ့တစ်ခုရှိရန် လိုအပ်မည်ဖြစ်ပါသည်။ AI နည်းပညာ လုပ်ငန်းများအပေါ် မူတည်၍ မတူညီသည့် ထိန်းချုပ်မှုနည်းလမ်းများ ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး နည်းပညာကို ကောင်းမွန်စွာ သိရှိနားလည်ပြီး ၎င်းတို့၏ စွမ်းဆောင်နိုင်မှုများ၊ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို လက်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ ထို့ကြောင့် AI နည်းပညာကို ထိန်းချုပ်ရန်အတွက် အချက် ၃ ချက်ကို အခြေခံ၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း အကြံပြုထားပါသည်။ ၎င်းတို့မှာ ပထမ ဦးဆုံးအနေဖြင့် AI နည်းပညာကို သေချာနားလည်သဘောပေါက်ခြင်း၊ နိုင်ငံများအကြားအထူးသဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် နည်းပညာယှဉ်ပြိုင်မှုများ ဟန့်တားခြင်းနှင့် AI နည်းပညာထိန်းချုပ်မှုကို နိုင်ငံအားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း တို့ပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
AI နည်းပညာသည် နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်နေပြီး နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် နည်းပညာဆိုင်ရာထိန်းချုပ်မှု၊ ထိန်းညှိမှုများကို ထိရောက်စွာ မဆောင်ရွက်ပါက နောက်ပိုင်းတွင် ထိန်းချုပ်ရခက်ခဲသည့် အခြေအနေတစ်ခုနှင့် ရင်ဆိုင်လာရမည်ဖြစ်ပါသည်။ ယခုအခါ AI သည် နည်းပညာဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ်သာမက ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လူသားများဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာနိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်လာနေပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နည်းပညာကြောင့် Smart Phone များ ပေါ်ပေါက် လာခြင်းသည် လူသားတို့နေထိုင်မှုပတ်ဝန်းကျင်နှင့် နိုင်ငံများ၏ အုပ်ချုပ်မှုအခင်းအကျင်းများ လျင်မြန်စွာဖြစ်ပေါ်ပြောင်းလဲနေချိန်တွင် ယခုပေါ်ပေါက်လာသော AI နည်းပညာသည် လူသားများအပေါ် များစွာသက်ရောက်နိုင်ပြီး နယ်ပယ်အားလုံးတွင် အကောင်း၊ အဆိုး ဒွန်တွဲနေရုံသာမက ကမ္ဘာ့နိုင်ငံများ၏ အခင်းအကျင်းလည်း ထပ်မံပြောင်းလဲလာနိုင် ပါသည်။ ထို့ကြောင့် နိုင်ငံကြီးခြင်း ငယ်ခြင်းနှင့် မသက်ဆိုင်ဘဲ အနာဂတ်ကို ကြိုတင်မျှော်တွေးနိုင်သည့် လူ့အဖွဲ့အစည်းတိုင်းအတွက် AI ကို ထိန်းချုပ်၊ ထိန်းညှိနိုင်သည့် မူဘောင်များ၊ နည်းလမ်းများ၊ စည်းမျဉ်း ဥပဒေများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်မှာ တာဝန်သိမှုပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
102-090723

[1]။ Ian Bremmer and Mustafa Suleyman,“ The AI Power Paradox”. Foreign Affairs. August 16, 2023 [https://www.foreignaffairs.com/.../artificial... on August 31, 2023.