Wednesday, September 13, 2023

၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောင်းလဲလာသော အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် Awami League ပါတီတစ်ခုတည်းကိုသာ ထောက်ခံမှုပြုလုပ်မည့်အစား အခြားပါတီများ ပါဝင်သည့် ချဉ်းကပ်မှုများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် Hasina အစိုးရအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
နိုင်ငံခြားရေးမူဝါဒတွင် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးတွင် တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံပါလီမန်အဆောက်အအုံသစ်ရှိ ပန်းချီကားတစ်ချပ်ကို BJP ပါတီမှ ဝန်ကြီးတစ်ဦးက "Undivided India" အဓိပ္ပာယ်ကို ကိုယ်စားပြုသည့် “Akhand Bharat” ဟု အမည်မှည့်ခေါ်ခဲ့မှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(MEA)ထံမှ ရှင်းလင်းချက်တစ်ရပ် တောင်းခံခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ နံရံဆေးရေးပန်းချီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖြစ်တည်မှုကို မေးခွန်းထုတ်ဖွယ်ရာ အကြောင်းအရာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။အလားတူပင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi သည် အိန္ဒိယ နိုင်ငံ၏ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ခံတပ်နီ၌ မိန့်ခွန်းပြောကြားရာတွင် ၎င်းက “Dynastic Politics”[2]သည် ဒီမိုကရေစီစနစ်အား ပျက်ပြားစေသည့် ပြဿနာ ၃ ရပ်ထဲမှတစ်ခုဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို အဓိကထားပြောဆိုပုံရသော်လည်း ၎င်း၏ပြောကြားချက်သည် Dynastic Politic ကို ကျင့်သုံးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိအာဏာရ Awamim League (AL) ပါတီမှ တင်မြှောက်ထားသော Sheikh Hasina အတွက် စိုးရိမ် ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ပြောကြားချက်အပေါ်တွင် တစ်စုံတစ်ရာစိုးရိမ်ပူပန်မှု အရိပ်အယောင်မျှပြသခြင်းမရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် Hasina အစိုးရသည် ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလတွင် ပြုလုပ်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲ နီးကပ် လာသည့်အတွက် အခြားသောစိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံမှ BJP ပါတီဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရအဖွဲ့သည် အတိုက်အခံပါတီများဖြစ်သော ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP)နှင့် Jatiyo ပါတီတို့ကို လက်ခံတွေ့ဆုံခဲ့ပါသည်။ မတ်လတွင် BNP မှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယမဟာမင်းကြီး Pranay Verma နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံခဲ့ပြီး Jatiyo ပါတီမှ ကိုယ်စားလှယ်အဖွဲ့သည်လည်းယခုလအစောပိုင်းကအိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ Verma နှင့် BNP ပါတီတို့တွေ့ဆုံမှုသည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီတို့အကြား ဆယ်နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် ပြန်လည်တွေ့ဆုံမှုဖြစ်သော်လည်း “သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့်သမားရိုးကျတွေ့ဆုံမှု”တစ်ခုဖြစ်သည်ဟုပင် ဆိုထားပါသည်။ အိန္ဒိယနိုင်ငံဘက်မှလည်း BNP နှင့် Jatiyo ပါတီတို့ တွေ့ဆုံမှုသည် သာမန်တွေ့ဆုံမှုတစ်ခုသာဖြစ်သည်ဟု ပြောကြား ခဲ့သော်လည်း ဤတွေ့ဆုံမှုသည် ၂၀၁၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် အိန္ဒိယနိုင်ငံ ကျင့်သုံးခဲ့သည့်ပုံစံနှင့်ကွဲပြားနေပြီး ထိုအချိန်က အိန္ဒိယနိုင်ငံသည် ယခုကဲ့သို့ အတိုက်အခံပါတီများနှင့်တွေ့ဆုံမှုမျိုး ပြုလုပ်ခဲ့ခြင်းမရှိပါ။အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးဌာန(MEA)မှ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ အိန္ဒိယ နိုင်ငံအပေါ်ထားရှိသည့် BNP ၏မူဝါဒတွင် သိသာထင်ရှားသော အပြောင်းအလဲကို မတွေ့ရဟု ဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ဇူလိုင်လအတွင်းက ဥရောပသမဂ္ဂရွေးကောက်ပွဲ စူးစမ်းလေ့လာရေးကော်မရှင်အနေဖြင့် Jamaat-e-Islami အိန္ဒိယဆန့်ကျင်ရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ်တွင်လည်း နှုတ်ဆိတ်နေခဲ့ဖူးပါသည်။ ယခုအခါတွင် အိန္ဒိယနိုင်ငံသည် ယခင်ကကဲ့သို့ AL ပါတီတစ်ခုတည်းကိုသာ ထောက်ခံမည့်အစား ၂၀၂၄ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် “ပါတီအားလုံး ပါဝင်သည့် ချဉ်းကပ်မှု နည်းလမ်း” ဘက်သို့ ယိမ်းလာသည့်အချက်မှာ AL ပါတီအစိုးရအတွက် စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါသည်။ “Dynastic Politic” ကို အခြေခံ၍ AL ပါတီကို ဦးဆောင်လျက်ရှိသည့် Sheikh Hasina သည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် သူမနှင့် တွေ့ဆုံခဲ့သည့် အိန္ဒိယအမျိုးသားကွန်ဂရက်အဖွဲ့ဝင်များနှင့် နီးကပ်သော ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ အိန္ဒိယနိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးရရှိရန် ကြိုးပမ်းလျက်ရှိခြင်းကြောင့် AL ပါတီသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ ၏ ပြောချက်ကို တုံ့ပြန်ဝေဖန်မှုမပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
သြဂုတ်လ ၃ ရက်က ပြုလုပ်သည့် MEA ဝန်ကြီးဌာန အပတ်စဉ် မီဒီယာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများကင်းစင်ပြီး သင့်လျော်သည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်းရှိ/မရှိ အိန္ဒိယနိုင်ငံအနေဖြင့် စိတ်ဝင်စားလျက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။ ဤအချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်နှင့် ကိုက်ညီမှုရှိနေပါသည်။ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲအတွင်း ကြီးကြီးမားမားသဘောထားကွဲလွဲမှုများ ရှိခဲ့သောကြောင့် ယခုကဲ့သို့ မူဝါဒပြောင်းလဲလာမှုသည် အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
Modi နှင့် Hasina ရင်းနှီးခင်မင်မှုသည် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို “ရွှေခေတ်”သို့ ရောက်ရှိစေခဲ့ပါသည်။ Hasina အစိုးရသည် အိန္ဒိယနိုင်ငံအတွက် အကြမ်းဖက်မှုဆန့်ကျင်ရေးကိုသာ အာရုံစိုက်သည့် အစိုးရတစ်ရပ်ဖြစ်ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်ခြင်းမရှိသည့်အပြင် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောအစိုးရတစ်ရပ်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း Hasina အစိုးရ လက်ထက်တွင် ၂၀၂၁ ခုနှစ် ဟိန္ဒူအကြမ်းဖက်မှုကဲ့သို့ ဟိန္ဒူဘာသာဝင်များအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံရေးပထဝီဝင် အနေအထားအရ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များ၏ ချိတ်ဆက်မှုနှင့် ကုန်သွယ်မှုလမ်းကြောင်းနှစ်ခုစလုံးကို ဖြတ်တောက်နိုင်သည့် အရေးပါသော နေရာတွင် ရှိနေပါသည်။ မဏိပူရပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအခြေချသူများ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာမှုနှင့်ပတ်သက်၍ စွပ်စွဲချက်များလည်းရှိနေပါသည်။ အိန္ဒိယနိုင်ငံအစိုးရ၏ ဘင်္ဂလာဒေ့ရှ်နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထား ပြောင်းလဲလာရခြင်းမှာ ဤအချက်များကြောင့် ဖြစ်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောင်းလဲလာသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက်သာမက အနာဂတ်ရွေးကောက်ပွဲများ အထိ Hasina အစိုးရအား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် လာမည့် ၂၀၂၄ ခုနှစ်၌ ကျင်းပမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အကြောင်းကို အလေးပေးဖော်ပြထားခြင်း ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ပြည်တွင်းရွေးကောက်ပွဲမဲဆွယ်မှုနှင့် ပတ်သက်သည့် “Dynastic Politic” ကို ဆန့်ကျင်ရမည်ဟူသည့် ပြောကြားချက်တစ်ခုအားကိုးကား၍ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရအကြား ဆက်ဆံရေးကို ထိခိုက်အောင် ပါးနပ်စွာ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ လေ့လာချက်များအရ ဝန်ကြီးချုပ် မိုဒီအနေဖြင့် “Dynastic Politics” ကိုဆန့်ကျင်သည်ဟူသော ပြောကြားချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရည်ညွှန်းခဲ့ခြင်းမရှိဘဲ ၎င်း၏ အတိုက်အခံ ပါတီဖြစ်သော India National Congress ပါတီ၏ ခေါင်းဆောင် Rahul Gandhi ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။[3] ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Hasina သည်လည်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ၎င်း၏အဖေဖြစ်သူ Sheikh Mujibur Rahman ၏ ပါတီကိုဆက်ခံပြီး အာဏာရရှိထားခြင်းဖြစ်သောကြောင့် ဝန်ကြီးချုပ် မိုဒီပြောကြားခဲ့သော Dynastic Politics နှင့် ဆက်စပ်၍ ဆွဲယူရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိရပါသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမျိုးသားရေးပါတီ (BNP)နှင့် Jatiyo ပါတီကဲ့သို့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီများနှင့် တွေ့ဆုံခဲ့မှုမှာ သိသာထင်ရှားသော အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပါသည်။ ထိုကိစ္စရပ်မှာ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုအဖြစ် အမည်ခံထားသည့် အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ပြယုဂ်ကောင်းစေရန် တွေ့ဆုံခဲ့ခြင်းဖြစ်နိုင်သကဲ့သို့ အတိုက်အခံ ပါတီများဘက်သို့ပါနေသော အမေရိကန်နိုင်ငံ၏ မူဝါဒကို အားလုံးမဆန့်ကျင်လိုသည့် သဘောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း လက်ရှိ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရခေါင်းဆောင် Hasina တို့ အကြား ဆက်ဆံရေးပျက်ယွင်းလာကြောင်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံ၏ သဘောထားများ(လုံးဝ) ပြောင်းလဲလာကြောင်းကို ခိုင်လုံသည့် သက်သေများ မတွေ့ရှိရပါသဖြင့် အိန္ဒိယနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီများနှင့် တွေ့ဆုံခဲ့မှုသည် ကမ္ဘာ့ အင်အားကြီးနိုင်ငံများအကြားက သံတမန်ရေးကစားမှု ပြကွက်များသာဖြစ်သည်ဟု သုံးသပ်ရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေး ရရှိရန် ကူညီဆောင်ရွက်ပေးခဲ့သော အိန္ဒိယနိုင်ငံနှင့် နိုင်ငံရေး၊ စစ်ရေးအရ ရင်းနှီးမှု ရှိခဲ့သောနိုင်ငံဖြစ်ပါသည်။ သို့ရာတွင် ဟိန္ဒူကြီးစိုးသော အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဟိန္ဒူဘာသာရေးကိုးကွယ်သူများအား အကြမ်းဖက်ခဲ့မှု၊ မဏိပူရပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ပဋိပက္ခ၊ ကမ္ဘာ့လူဦးရေ အများဆုံးဒီမိုကရေစီနိုင်ငံကြီး၏ ပြယုဂ်တို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအဖုအထစ်များရှိခဲ့သော်လည်း ဟစီနာအစိုးရအပေါ် မိုဒီအစိုးရ၏ သိသာထင်ရှားသော မူဝါဒအပြောင်းအလဲဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
107091423
[1]။ Arkoprabho Hazra,“What Will India’s Changing Approach To Bangladesh’s National Elections Mean for the Hasina Government?”. The Diplomat. 1 September 2023 [https://thediplomat.com/ 2023/ 09/ what-will- indias -changing- approach-to- bangladeshs-national-elections-mean-for-the-hasina- government/]-accessed on 7 September 2023.
[2]။ “Dynastic Politic" ဆိုသည်မှာ မိသားစုတစ်စုတည်း၊ သို့မဟုတ် မျိုးရိုးတစ်ခုမှ နိုင်ငံရေးသမားများ ဦးဆောင်သော၊ သို့မဟုတ် ပါဝင်စုစည်းထားသော နိုင်ငံရေးခေါင်းဆောင်မှု သို့မဟုတ် အာဏာကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ မိသားစုတစ်စုတည်းမှ သားစဉ်မြေးဆက် ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီ၊ သို့မဟုတ် အစိုးရတွင် ထင်ရှားသောရာထူးများရရှိကာ ၎င်းတို့၏မိသားစုဝင်များထံမှ ခေါင်းဆောင်မှု အခန်းကဏ္ဍကို အမွေဆက်ခံလေ့ရှိမှုကို ဆိုလိုပါသည်။
[3]။ Kiran Sharma,“Modi Rails Against Corruption, Dynasties In National Day Speech”. Nikkei Asia. 15 August 2023 [https:// asia.nikkei.com/ Politics/ Modi-rails-against-corruption-dynasties-in-national- day-speech/]-accessed on 7 September 2023.

Like
Comment
Send

Tuesday, September 12, 2023

ဒေသတွင်းတင်းမာမှုများ မြင့်မားနေချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခဲ့မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်-တရုတ် တင်းမာမှုများအကြား ရင်ဆိုင်နေရသည့် အကျပ်အတည်းများ၊ မြန်မာနိုင်ငံအရေးအား ကိုင်တွယ်ဆောင်ရွက်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စက်တင်ဘာလ ၅ ရက်နေ့တွင် ဂျာကာတာမြို့၌ ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသည် တောင်တရုတ်ပင်လယ်ရှိ နယ်မြေဆိုင်ရာ အငြင်းပွားမှုများနှင့် အမေရိကန်-တရုတ် တင်းမာမှုများမြင့်တက်နေသည့်ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီးရင်ဆိုင်နေရသည့် အကျပ်အတည်းများကို လျင်မြန်စွာဖြေရှင်း နိုင်ရန်မှာ အာဆီယံအဖွဲ့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အစည်းအဝေး ကျင်းပသည့် ၃ ရက်တာကာလအတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Fumio Kishida တို့ကဲ့သို့ ဩဇာကြီးသော ဒေသတွင်းခေါင်းဆောင်များ ပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေး(EAS)အပါအဝင် အခြားအရေးကြီးသော အစည်းအဝေးများလည်း ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးပွဲများသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးချုပ်သစ် ဟွန်မာနက် အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် စတင် တက်ရောက်မည်ဖြစ်ပြီး ၎င်း၏သံတမန်ရေးရာ ပွဲဦးထွက်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၃။ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် သည် ယခုသီတင်းပတ်အတွင်း ဗီယက်နမ် နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် အလည်အပတ်သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သော်လည်း အာဆီယံနှင့်ဆက်နွှယ်သည့် အစည်းအဝေးများအား တက်ရောက်မည် မဟုတ်ပါ။ ၎င်းအစား အမေရိကန်နိုင်ငံဒုတိယသမ္မတ Kamala Harris က အမေရိကန် နိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် Think Tank ISEAS-Yusof Ishak Institute မှ အကြီးတန်းသတင်းအဖွဲ့ဝင် Sharon Seah က အာဆီယံထိပ်သီးအစည်းအဝေးသည် မူလက ခိုင်မာသော ရပ်တည်ချက်ရှိသည့်အနေအထားတွင်ရှိခဲ့ဖူးသော်လည်း ယခုအခါတွင် ဒေသတွင်းအခြားအစည်းအဝေးပွဲ များနှင့် အဖွဲ့ငယ်များသည်လည်း အာဆီယံအဖွဲ့နည်းတူ ဆောင်ရွက်လာနိုင်ခြင်းကြောင့် အာဆီယံအဖွဲ့၏ ဩဇာလွှမ်းမိုးမှုသည် လျော့နည်းလာသည်ဟု ဆိုခဲ့ပါသည်။ တရုတ် နိုင်ငံသည် ၎င်း၏ စီးပွားရေးအား အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နိုင်ရန် အခြေခံ အဆောက်အအုံလုပ်ငန်း ပရောဂျက်များတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ ၎င်း၏သြဇာကို တိုးမြှင့်နေချိန်တွင် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်အနေဖြင့်အာဆီယံနှင့်ဆက်နွှယ်သည့် အစည်းအဝေးများသို့ မတက်ရောက်ရန် ဆုံးဖြတ်ချက် ချခြင်းသည် အရှေ့တောင်အာရှဒေသအတွင်း အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍနှင့် အလေးထားမှုအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်ခဲ့ပါသည်။ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩစိတ်ပျက်ခဲ့သည်ဟု အကြီးတန်းသံတမန်တစ်ဦးက မှတ်ချက်ပြု ခဲ့ကြောင်း ဖော်ပြထားပါသည်။
အာဆီယံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်သည့် တရုတ် နိုင်ငံနှင့် ၎င်း၏ဆက်ဆံရေးကို ခိုင်မာမှုရှိစေရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာမှုကြောင့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။ တောင်တရုတ်ပင်လယ်ရေပိုင်နက်နှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံအချို့က ၎င်းတို့ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံက အဆိုပါရေပိုင်နက်အများစုကို ၎င်းကသာ ပိုင်ဆိုင်သည်ဟု အခိုင်အမာထုတ်ပြန်ခဲ့ပါသည်။ဤကဲ့သို့ အငြင်းပွားမှုများဖြစ်ပေါ်နေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏တရုတ်နိုင်ငံမြေပုံအသစ်အား တရားဝင်ထုတ်ပြန်ခဲ့ပြီး ယင်းမြေပုံတွင် ယခင်က နိုင်ငံတကာခုံရုံးမှ တရားဝင်ပယ်ချခဲ့သည့် အငြင်းပွားရေပိုင်နက်အများစု ပါဝင်သော “Nine-dash Line” နယ်နိမိတ်အား ထည့်သွင်းရေးဆွဲထားပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲမှ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ်နိုင်ငံမှ ထုတ်ပြန်သည့် အဆိုပါမြေပုံအသစ်ကို ကန့်ကွက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်မှစ၍ ၎င်းတို့အကြား တရားဝင်သဘောတူညီထားသည့် တောင်တရုတ်ပင်လယ် ကျင့်ထုံး ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။သုံးနှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်နိုင်ရေး နှစ်ဖက်စလုံးက ဇူလိုင်လတွင် သဘောတူညီမှုရယူခဲ့ သော်လည်း နယ်မြေဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာများ ကျန်ရှိနေပါသေးသည်။ ပထဝီဝင်နိုင်ငံရေးတင်းမာမှုနှင့် လုံခြုံရေးစိန်ခေါ်မှုများ တိုးမြင့် လာနေချိန်တွင် အာဆီယံသည် အကျပ်အတည်းများအကြား ၎င်း၏ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်ကို ထိရောက်ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြင်ဆင်ရန် မလိုအပ်ဘဲ လွယ်ကူချောမွေ့စေမည့် စည်းမျဉ်းသစ်များကို ခေါင်းဆောင်များက ဆွေးနွေးကြမည်ဟု ဩဂုတ် ၂၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောကြားခဲ့ပါသည်။ လေ့လာသူအချို့က လက်ရှိတွင် အစည်းအဝေးသို့ နိုင်ငံ့အကြီးအကဲများ တက်ရောက်ခြင်းရှိ/မရှိ မသိရှိရသေးကြောင်းနှင့် အရေးကြီးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ရှင်းလင်းပြတ်သားသော လုပ်ငန်းစဉ် မရှိသေးဟု ဆိုပါသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိပါက အရေးပေါ်အခြေအနေ များ၌ပင် ၎င်းတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့်အနေအထားတွင် ရှိမည်မဟုတ်ဟု သုံးသပ်ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ISEAS-Yusof Ishak Institute မှ Seah က လျင်မြန်စွာပြောင်းလဲနေသော ပထဝီဝင်နိုင်ငံရေးပြဿနာများသည် ဒေသအတွင်း တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်စစ်ဆင်နွှဲနေချိန် အမေရိကန်နိုင်ငံလွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi သည် ထိုင်ဝမ်သို့ အလည်အပတ်ခရီး သွားရောက်မှုမှာ ထိုင်ဝမ်အစိုးရအား ထောက်ခံကြောင်း ပြသသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား ဥပမာထား၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လျင်မြန်စွာပူးပေါင်းပြီး ထိရောက်သော တုံ့ပြန်မှုတစ်ရပ်ကို ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိ အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာမှု မြင့်မားလာနေသော အခြေအနေတွင် အာဆီယံအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် သွက်လက်မှုရှိရန် လိုအပ်ကြောင်း၊ အာဆီယံ အနေဖြင့် အရေးကြီးသော အရေးကိစ္စများတွင် ASEAN Minus X ချဉ်းကပ်မှု[2]အား အသုံးပြုနိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ပါသည်။ ဤနည်းလမ်းဖြင့် ချဉ်းကပ်မှု ပြုပါက အာဆီယံနိုင်ငံအုပ်စုတစ်စုသည် ဆန္ဒမရှိသော၊ မပါဝင်နိုင်သော၊သို့မဟုတ် သဘောတူခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံတစ်ခု၊ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများအား ချန်လှပ်၍ သီးခြားလုပ်ဆောင်မှု၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုဖြင့် ရှေ့ဆက်သွားနိုင်ရန် ရွေးချယ် နိုင်သည့် သံတမန်နည်းဗျူဟာတစ်ခုကို ဆိုလိုပါသည်။ အင်ဒိုနီးရှားနိုင်ငံ Pelita Harapan တက္ကသိုလ်မှ ပါမောက္ခ Aleksius Jemadu က ဤအစီအစဉ်သည် အတိုင်းအတာ တစ်ခုအထိ တိုးတက်လျက်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့၏ ကန့်ကွက်မှုများရှိနေခြင်းကြောင့် ကျင့်သုံးရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း ဖော်ပြထားပါသည်။
အရေးကြီးသော စိန်ခေါ်မှုများထဲတွင် တပ်မတော်မှ အာဏာထိန်းထားသည့် မြန်မာနိုင်ငံအခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါသည်။ အာဆီယံ အနေဖြင့် မြန်မာ့တပ်မတော်နှင့် အတိုက်အခံများအကြား အကြမ်းဖက်မှုများ ချက်ခြင်း ရပ်တန့်၍ စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုသည့် တူညီဆန္ဒ ၅ ရပ်ကို အတည်ပြုခဲ့သော်လည်း နှစ်နှစ်ကြာအထိ တိုးတက်မှုအနည်းငယ်သာ ရှိသေးသည်ဟု ဆိုပါသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က အာဆီယံအနေဖြင့် တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်မှု ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်မှသာ အာဆီယံသည် စွမ်းအားအပြည့်ဖြင့် ရှေ့သို့ဆက်လက်ချီတက်နိုင်မည် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တိုးတက်မှုရရှိရန်ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံအပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်သည့်အဖွဲ့ဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ဇွန်လတွင် အလွတ်သဘော တွေ့ဆုံမှုပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ တို့သည် နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း အိမ်နီးချင်းနိုင်ငံများအား မြန်မာနိုင်ငံအစိုးရနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရာ၌ အချို့ကိစ္စများတွင် Informal နည်းလမ်းများကို ကျင့်သုံး၍ လိုက်လျောညီထွေ ဖြစ်စေ သင့်သည်ဟု ဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေး၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အင်ဒို- ပစိဖိတ်ဒေသတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများပါဝင်မည့် အာဆီယံအင်ဒို-ပစိဖိတ် ဖိုရမ်ကို ပထမဆုံးကျင်းပမည်ဖြစ်ပါသည်။ Marsudi က အခြားနိုင်ငံများသည် အင်ဒို-ပစိဖိတ် ဒေသတွင် လုံခြုံရေးကို အဓိကအာရုံစိုက်နေသော်လည်း လက်တွေ့ကျပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ဆောင်ရန်လည်း အရေးကြီးသည်ဟု ပြောကြား ခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၏ ဆိုလိုရင်းမှာ အာဆီယံခေါင်းဆောင်များ ညီလာခံနှင့် တိုက်ဆိုင်စွာ တရုတ်နိုင်ငံ၏ စံပြုမြေပုံထွက်ပေါ်လာခြင်းက အစည်းအဝေးအား သက်ရောက်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စအပါအဝင် အာဆီယံအဖွဲ့ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ ထိုသို့ ပြောင်းလဲ ရာတွင် အာဆီယံပဋိညာဉ်စာတမ်းကို ပြင်ဆင်ခြင်းမပြုဘဲ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်ရန် နည်းလမ်းများ၊ ဥပမာအားဖြင့် ASEAN Minus X နည်းလမ်းကို ပထဝီဝင်နိုင်ငံရေး ပြဿနာများသည် ဒေသအတွင်း တိုက်ရိုက်သက်ရောက်မှုရှိခြင်းကဲ့သို့ အာဆီယံအနေဖြင့် လျင်မြန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ထားခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်သည့် တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများအပေါ်တွင် ၎င်း၏ဩဇာလွှမ်းမိုးမှုကိုချဲ့ထွင်နိုင်ရန် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပြီး စီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် ငွေကြေးဈေးကွက်ကိုလည်း ဖိအားများပေးလျက် ရှိသည်ကို တွေ့ရှိရပါသည်။[3]ဤသို့ ဒေသအတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေသည့်အချိန်တွင် အမေရိကန်နိုင်ငံသမ္မတအနေဖြင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အာဆီယံအစည်းအဝေးများကို ကိုယ်တိုင် မတက်ရောက်ဘဲ ဒုတိယသမ္မတကိုသာ တက်ရောက်စေခြင်းမှာ တရုတ်နိုင်ငံနှင့် ထိပ်တိုက် တွေ့နေသောနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဦးတည်နေပြီး အာဆီယံ အဖွဲ့အစည်းထက် Bilateral ဘက်သို့ အလေးထားနေခြင်းလည်းဖြစ်သည်ဟု ယူဆနိုင် ပါသည်။
ထို့ပြင် ASEAN Minus X ဟူသည့် မူဝါဒသည် အနောက်အုပ်စုနှင့် သဘောထား မတိုက်ဆိုင်သည့် နိုင်ငံများအား ဖယ်ထုတ်၍ မူဝါဒများချမှတ်နိုင်ရန် စတင်ပြင်ဆင် လာခြင်းဖြစ်ပါသည်။ ထူးခြားမှုတစ်ခုမှာ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် သမားရိုးကျမဟုတ်သည့် နည်းလမ်း Informal “Troika” Model အား အဆိုပြုလာသည်ကို တွေ့ရပြီး ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ ကျင့်သုံးခဲ့သည့်နည်းလမ်းဖြင့် သဘောတရားတူညီနေကြောင်းတွေ့ရှိရပါသည်။[4] ထိုသို့ တင်သွင်းလာခြင်းသည် လာမည့် ၂၀၂၄ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံက လွှဲပြောင်းလက်ခံမည်ဖြစ်သောကြောင့် အာဆီယံအဖွဲ့အစည်းကိုသာ မူတည်သည့် ချဉ်းကပ်မှုကို ကျင့်သုံးရပ်တည်မည် ဆိုပါက အင်ဒိုနီးရှားနိုင်ငံအပါအဝင် အနောက်အုပ်စု၏ မူဝါဒကို သံယောင်လိုက် နေသည့် နိုင်ငံများ၏ အခန်းကဏ္ဍလျော့ကျလာမည့်အရေးကို ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားမှုဖြစ်နိုင်သကဲ့သို့ ထိုင်းနိုင်ငံကျင့်သုံးခဲ့သည့် နည်းလမ်းအား ထွက်ပေါက် တစ်ခုအနေဖြင့် ထောက်ခံလာသည်ဟုလည်း ယူဆနိုင်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အလှည့်ကျ၊ ယခင်နှင့် နောင်အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံပါဝင်သော အကျပ်အတည်းကိုင်တွယ်ဖြေရှင်းရေးယန္တရားထူထောင်ရေးနှင့် မြန်မာနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရမည့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံအား အစားထိုးတာဝန်ထမ်းဆောင်ရေးအချက်များ ထုတ်ပြန်လာသည်ကို တွေ့ရှိရ ပါသည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်ဒေသဆိုင်ရာအဖွဲ့အစည်းအများနှင့် နှိုင်းယှဉ်လျင် တတိယတန်းစား‌နေရာတွင်သာရှိနေသောကြောင့် မိမိတို့ လိုအပ်သည့် Timing အတွင်း လိုအပ်သည့် အခင်းအကျင်းတစ်ခုကို ဖော်ဆောင်နိုင်ရန်သည်သာ ပဓာနဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
106091323
[1]။ Tsubasa Suruga, Ismi Damayanti, Nana Shibata,“ ASEAN Summit Begins as China's New Territorial Map Fuels Tensions”. Nikkei Asia. 5 September 2023 [https://asia.nikkei.com/ Politics/ International-relations/ Malaysia-India- and- Taiwan-reject-China-s-new-territorial-map/]-accessed on 6 September 2023.
[2]။ ASEAN Minus X ဆိုသည်မှာ အာဆီယံအဖွဲ့ဝင်အများစုမှ သဘောတူညီထားသော၊ သို့မဟုတ် ထောက်ခံထားသော မူဝါဒတစ်ခုအား အကောင်အထည်ဖော်ရန်အတွက် အခြားသဘောတူညီမှုမရှိသော အဖွဲ့ဝင်နိုင်ငံများကို ချန်လှပ်၍ မူဝါဒချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်နိုင်မည့် အစီအစဉ်ကို ဆိုလိုပါသည်။
[3]။ “China Is Speeding Up Infrastructure Bond Sales to Boost Spending”. Bloomberg. 31 August 2023 [https://www.bloomberg.com/.../china-speeds-up.../]-accessed on 6 September 2023.

[4]။ Ramon Royandoyan, Tsubasa Suruga,Ismi Damayanti,“ ASEAN To Engage Myanmar in 'Troika' Model to Cool Political Unrest”. Nikkei Asia. 6 September 2023 [https://asia.nikkei.com/Spotlight/ Myanmar-Crisis/ ASEAN-to-engage-Myanmar-in-troika-model-to-cool-political-unrest/]-accessed on 6 September 2023.

Monday, September 11, 2023

တရုတ်နိုင်ငံ၏ မြေပုံအသစ်ထုတ်ပြန်မှုအား မလေးရှား၊ အိန္ဒိယနိုင်ငံနှင့် ထိုင်ဝမ်တို့က ကန့်ကွက်မှုပြုလုပ်ခဲ့ကိစ္စနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
နယ်မြေပိုင်ဆိုင်မှုကို ချဲ့ထွင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန် ခဲ့သည့် တရုတ်နိုင်ငံ၏ မြေပုံအသစ်ကို မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အရှေ့အာရှရှိ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အမျိုးသားရေးဝါဒဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် စံပြုမြေပုံထုတ်ပြန်ချက်ကြောင့်မလေးရှား၊ အိန္ဒိယ နိုင်ငံတို့နှင့် ဒေသတွင်းတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့က အဆိုပါမြေပုံကို တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေချဲ့ထွင်မှုအဖြစ် ရှုမြင်သုံးသပ်ကာ ပြင်းပြင်းထန်ထန် ကန်ကွက်ခဲ့ကြပါသည်။ တရုတ်နိုင်ငံ၏ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့်ဤမြေပုံတွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံရှိ Arunachal Pradesh နှင့် Aksai Chin ကုန်းပြင်မြင့်တို့အပါအဝင် ဘော်နီယိုကျွန်းအနီးရှိ မလေးရှားနိုင်ငံ ရေပိုင်နက်၊ ထိုင်ဝမ် ရေပိုင်နက်နှင့် တောင်တရုတ်ပင်လယ်၏ အရေးပါသော အပိုင်းများအား တရုတ်နိုင်ငံပိုင် နယ်မြေများအဖြစ် ထည့်သွင်းရေးဆွဲထားပါသည်။ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ တစ်ဖက်သတ်ကြေညာချက်ကို ဩဂုတ်လ ၃၀ ရက်နေ့တွင် ကန့်ကွက်ချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါမြေပုံသည် မလေးရှားနိုင်ငံအပေါ်တွင် သက်ရောက်မှုမရှိကြောင်း၊ မလေးရှားနိုင်ငံ၏ ရေမျက်နှာပြင်နှင့် ရေပိုင်နက်များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်၊ သို့မဟုတ် တရား စီရင်ပိုင်ခွင့်တို့နှင့်ပတ်သက်၍ ၁၉၇၉ ခုနှစ်မြေပုံအရ သတ်မှတ်ထားသည့် ရေပိုင်နက်နှင့် ကမ်းလွန်ရေတိမ်ပိုင်း နယ်နိမိတ်များကိုသာ အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး မည်သည့် နိုင်ငံ၏ပိုင်ဆိုင်မှု ကြေညာချက်ကိုမဆို တစ်သမတ်တည်းကန့်ကွက်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် တက်ရောက်ရန် စီစဉ်ထားသည့် G-20 ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ အိန္ဒိယနိုင်ငံက မြေပုံကိစ္စအား ကန့်ကွက်မှုပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ အခြေအမြစ်မရှိသော ကြေညာချက်များကို ပယ်ချခဲ့ပါသည်။ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi ၏ ဩဂုတ်လ ၂၉ ရက်နေ့ ပြောကြားချက်အရ ယင်းလုပ်ရပ်များသည် လက်ရှိနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းချက်များကို ရှုပ်ထွေးစေနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြေပုံသစ်အား ကန့်ကွက်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံရေမျက်နှာပြင်နှင့် ပင်လယ်ရေပိုင်နက်များအပေါ် အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်အား တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိဟု ဆိုပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက် နယ်မြေတောင်းဆိုမှုများကို ကိုယ်စားပြုသည့် "Nine-Dashed Line"ကို ၂၀၁၆ ခုနှစ် စီရင်ချက်ဖြင့် The Hague နိုင်ငံတကာခုံရုံးက ပယ်ချခဲ့ခြင်းကြောင့် ယခု ကြေညာချက်သည်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
မြေပုံတွင် ထိုင်ဝမ်ကျွန်းအား တရုတ်ပိုင်နက်အဖြစ်ဖော်ပြထားပြီး “တောင်တရုတ် ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအများစုကို လွှမ်းခြုံထားသည့် U” ပုံသဏ္ဌာန် "Nine- Dashed Line" နယ်နိမိတ်အတွင်းရှိ ထိုင်ဝမ်နှင့် အစွန်အဖျားကျွန်းများပါဝင်နေပါသည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံသည် ထိုင်ဝမ်အား မည်သည့်အခါကမျှ အုပ်ချုပ်ခဲ့ခြင်းမရှိသည်ကို လက်ရှိအချိန်အထိ နိုင်ငံတကာမှ အသိအမှတ်ပြုကြသည်ဟု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ကမူ မြေပုံကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျ၍ တည်ငြိမ်ရန်လိုအပ်ပြီး မြေပုံကိစ္စရပ်အား လိုအပ် သည်ထက်ပို၍ ချဲ့ကားခြင်းမပြုကြရန် ဩဂုတ်လ ၃၀ ရက်နေ့တွင် တိုက်တွန်းပြောကြား ခဲ့ပါသည်။ ယခုကိစ္စရပ်သည် တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာကို ဥပဒေနဲ့အညီကျင့်သုံးသည့် လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ နိုင်ငံများသည် တရားမျှတ၍ တည်ငြိမ်အေးချမ်းစွာနေထိုင်ပြီး ပြဿနာကို ပိုမိုရှုပ်ထွေးအောင် မပြုလုပ်ကြရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါမြေပုံသည် တောင်တရုတ်ပင်လယ်အရေးနှင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ တပ်ဖြန့်ထားသည့် ဟိမဝန္တာအနောက်ဘက်ခြမ်းရှိ နယ်စပ်အရေးတို့တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်ပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် ကာကွယ်ရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာနမှ အကြီးတန်းအရာရှိ Collin Koh ၏ ပြောကြားချက်အရ အဆိုပါ မြေပုံသည် တောင်တရုတ်ပင်လယ်နှင့် တရုတ်-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်လျက် ရှိသည့် တင်းမာမှုများကို လျှော့ချရန် အထောက်အကူဖြစ်မည်မဟုတ်ဟုဆိုပါသည်။ အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မကြာသေးမီနှစ်များအတွင်း ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံအပေါ် လေ့လာသုံးသပ်ချက်များအရ တရုတ်နိုင်ငံ၏ ယခုမြေပုံကိစ္စအား ထူးခြားသည့် အသစ်အဆန်းကိစ္စတစ်ခုအဖြစ် ရှုမြင်ခြင်းမရှိကြပါ။ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် အသီးသီးကန့်ကွက်မှုများ ပြသခဲ့သော်လည်း တောင်တရုတ် ပင်လယ်နှင့် တရုတ်-အိန္ဒိယနယ်စပ်ရှိ စီးပွားရေးလုပ်ငန်းများသည် ယိမ်းယိုင်သွားခြင်း မရှိပါ။ တောင်တရုတ်ပင်လယ်ရှိ သီးသန့်စီးပွားရေးဇုန်များ၌ ပါဝင်ပတ်သက် နေသည့် ကမ်းခြေနိုင်ငံများသည် ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခိုင်အမာ ရရှိစေရန် လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ Petronas သည် တရုတ်နိုင်ငံ၏ "Nine-Dashed Line" အတွင်းရှိ Sarawak ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာတွင်ရှိသော Timi နယ်မြေတွင် ပထမဆုံးဓာတ်ငွေ့စတင်ထုတ်လုပ်မှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းကပင် ကြေညာ ခဲ့ကြောင်း ဖော်ပြထားပါသည်။
လေ့လာသူအချို့က ယခုတရုတ်နိုင်ငံ၏ မြေပုံအသစ် ထုတ်ဝေခြင်းသည် ၎င်း၏ စီးပွားရေးမပြေလည်မှုများမှ နိုင်ငံသားများကို အာရုံလွှဲရန် ကြိုးပမ်းမှုဖြစ်သည်ဟုလည်း သုံးသပ်မှုများလည်းရှိပါသည်။ ဝါရှင်တန်အခြေစိုက် ဂျိမ်းစ်တောင်းဖောင်ဒေးရှင်းမှ အကြီးတန်း သတင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ Willy Wo-Lap Lam က တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးမှာ အလွန်ဆိုးရွားသောကြောင့် တရုတ်နိုင်ငံသမ္မတ Xi Jinping သည် ပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်ကိုနှိုးဆွရန် အမျိုးသားရေးဝါဒကို အသုံးချနေခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိဟုဆိုပါသည်။ တောင်အာဖရိကတွင် ပြုလုပ်ခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi နှင့် တရုတ်နိုင်ငံသမ္မတ Xi တို့သည် တရုတ်-အိန္ဒိယ နယ်စပ်ပြဿနာကို ဆွေးနွေးခဲ့ကြပြီး မကြာမီတွင် ထုတ်ပြန်ခဲ့သော ဤမြေပုံကိစ္စသည် ယင်းဒေသများရှိ အချုပ်အခြာအာဏာနှင့် အခွင့်အရေးများအတွက် တရုတ်နိုင်ငံအနေဖြင့် အလျှော့ မပေးသည့် ရပ်တည်ချက်ကိုပြသရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား နယ်မြေများကို ထည့်သွင်းရေးဆွဲထားသည့် တရုတ်နိုင်ငံ၏ မြေပုံသစ်ထုတ်ဝေမှုနှင့် ပတ်သက်၍ မလေးရှား၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကန့်ကွက်ချက်များ၊ ပညာရှင် အသီးသီး၏ ထင်မြင်ယူဆချက်များ၊ အရှေ့အာရှရှိ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အမျိုးသားရေးဝါဒဆိုင်ရာများကို ဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ တရုတ်နိုင်ငံဘက်မှ မြေပုံထုတ်ပြန်ခြင်းသည် တောင်တရုတ်ပင်လယ်နှင့် တရုတ်-အိန္ဒိယ နယ်စပ်တစ်လျှောက်တွင် ထင်ရှားသော စစ်ရေးအင်အားများချထားရာ နေရာများတွင် တင်းမာမှုများ ပိုမိုမြင့်မားလာကာ ဒေသတွင်းတည်ငြိမ်ရေးအား ထိခိုက်စေနိုင်သည်ဟု ထင်ကြေးပေးမှုများရှိနေပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အနေဖြင့် စီးပွားရေးအခက်အခဲ များကို အာရုံလွှဲနိုင်ရန် ယခုကဲ့သို့သော အငြင်းပွားဖွယ် ပိုင်နက်မြေပုံထုတ်ပြန်၍ ပြည်သူများ၏ အမျိုးသားရေးဝါဒကို လှုံ့ဆော်အသုံးချခြင်းဖြစ်သည်ဟု ယူဆချက်များလည်းရှိနေပါသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ မြေပုံအသစ် အရေးနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်အတွင်း လိုက်နာလုပ်ဆောင်ရမည့် ကျင့်ဝတ် စည်းမျဉ်း COC မူဘောင်အား ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ဆိုခဲ့ပါသည်။[2] သို့ရာတွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ရေး တရားဝင်စည်းနှောင်ထားသည့် COC တစ်ရပ်ကို ရေးဆွဲရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ သော်လည်း ယခုအချိန်အထိ ရေးဆွဲအတည်ပြုနိုင်ခြင်းမရှိသေးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့နှင့် ပိုင်နက်ဆိုင်ရာအငြင်းပွားမှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံမှ ထုတ်ပြန်ခဲ့သော ပိုင်နက်မြေပုံကိစ္စသည် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် အပြုသဘောမဆောင်နိုင်ဘဲ လိုအပ်သည်ထက် ခြေလှမ်းကျဲနေသည့် သဘောသက်ရောက်နေသည်ဟု ဆိုနိုင်ပါသည်။ တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသော စံပြုမြေပုံတွင် အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သည်ဟုဆိုသော Arunachal Pradesh ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တို့ထိစပ်နေသည့် နယ်မြေဖြစ်ပြီး တရုတ်-အိန္ဒိယ-မြန်မာ သုံးနိုင်ငံအကြား တရားဝင် သဘောတူနယ်နိမိတ်သတ်မှတ်ထားခြင်း မရှိသေးသော အငြင်းပွားဖွယ်ဧရိယာလည်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်ဧရိယာများ တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသည့် မြေပုံတွင် ပါဝင် သွားခဲ့ခြင်းရှိ/မရှိအား အသေးစိတ်လေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပြီး စောင့်ကြပ်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်သင့်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
105091223
[1]။ Amy Chew,“Malaysia, India and Taiwan Reject China's New Territorial Map”. Nikkei Asia. 31 August 2023 [https://asia.nikkei.com/.../Malaysia-India-and.../]-accessed on 5 September 2023.
[2]။ Arlina Arshad,“Asean Leaders to Meet in Jakarta for Regional Summit, Amid Tensions Over New Chinese Map”. The Straits Time. 4 September 2023 [https://www.straitstimes.com/.../asean-leaders.../]-accessed on 5 September 2023.

Sunday, September 10, 2023

တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ဆင်းရဲသည့်နိုင်ငံများအပေါ် ပိုမိုသက်ရောက်မှုရှိနေခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယခင်က တရုတ်နိုင်ငံ၏ အကျပ်ကိုင်ဖိအားပေးသော နည်းဗျူဟာများသည် အောင်မြင်မှုမရှိဟုဆိုခဲ့ကြသော်လည်း ယခုအခါ ၎င်း၏ အကျပ်ကိုင်မှုနည်းလမ်းများသည် ချမ်းသာသည့်နိုင်ငံများထက် ဆင်းရဲသည့်နိုင်ငံများအပေါ်တွင် သက်ရောက်မှုဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရကြောင်း သုတေသနပြုတွေ့ရှိချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ အခြားနိုင်ငံများအပေါ် အကျပ်ကိုင်မှု ပြုလုပ်ခဲ့ခြင်းများအား လေ့လာသုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအရ အကျပ်ကိုင်မှုများကိုသာ လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းနှင့် သဘောထား ကိုက်ညီမှုမရှိသည့်နိုင်ငံများအား စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ အထူးသဖြင့် သြစတြေးလျမှ တင်သွင်းသည့် ဝိုင်များ၊ နော်ဝေနိုင်ငံမှ ဆော်လမွန်ငါးတင်သွင်းမှုများနှင့် တောင်ကိုရီးယားခရီးသွားလုပ်ငန်းတို့အား ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤကန့်သတ်ချက်များသည် အဆိုပါနိုင်ငံများ၏ ကုမ္ပဏီများနှင့် စီးပွားရေးကဏ္ဍများအား အချိန်ကာလတစ်ခုအထိသာ ထိခိုက်မှုရှိစေသော်လည်း ယင်းနိုင်ငံများ၏ မူဝါဒများ၊ သို့မဟုတ် ရပ်တည်ချက်များကို ထိရောက်စွာ ပြောင်းလဲ နိုင်ခဲ့ခြင်းမရှိဟု ကောက်ချက်ချခဲ့ကြကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံပေါင်း ၈၂ နိုင်ငံအား လေ့လာ သုံးသပ်မှုများ ပြုလုပ်ထားသော Doublethink Lab ၏ ၂၀၂၂ ခုနှစ် China Index စစ်တမ်းသစ်အရ တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုထိရောက်မှုရှိလာသည်ကို တွေ့ရပါသည်။ အခြားနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးနိုင်မှု အဆင့် သတ်မှတ်ချက်အား တရုတ်နိုင်ငံ၏ နိုင်ငံခြားဩဇာလွှမ်းမိုးမှု မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်သူများကော်မတီမှ တီထွင်ထားသည့် အညွှန်းကိန်း ၉၉ ခုဖြင့် အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး တွက်ချက်ရာတွင် “ထိတွေ့မှု၊ ဖိအားနှင့် အကျိုးသက်ရောက်မှု” ဟူသော အုပ်စု ၃ ခုခွဲ၍ လေ့လာထားခြင်းဖြစ်ပါသည်။ “ထိတွေ့မှု” သည် ကုန်သွယ်ရေး မှီခိုမှုမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးနိုင်မှုအား ဆန်းစစ်ခြင်းဖြစ်ပြီး၊ “ဖိအား”သည် သံတမန်ရေးအရ တရုတ်နိုင်ငံ၏ အကျပ်ကိုင်နိုင်မှုအား ဆန်းစစ်ခြင်းဖြစ်ကာ၊ “အကျိုး သက်ရောက်မှု”သည် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် မည်မျှ အရေးပါမှုအား ဆန်းစစ်ခြင်းဖြစ်ပါသည်။ အမျိုးအစားတစ်ခုစီမှ စုစုပေါင်းရမှတ်များဖြင့် အဆင့်သတ်မှတ်ချက်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ခုစီအလိုက် တွက်ချက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဖိအားနှင့် အကျိုးသက်ရောက်မှုအကြား ဆက်နွှယ်မှု၏ အဓိကသော့ချက်မှာ နိုင်ငံတစ်ခု၏ ကြွယ်ဝမှုအတိုင်းအတာ(တစ်ဦးချင်း GDP)ကို ထိန်းချုပ်ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ တစ်ဦးချင်း GDP ကို ထိန်းချုပ်နိုင်သည့်အခါ တရုတ်နိုင်ငံ၏ ဖိအားသည် ပိုမိုသက်ရောက်မှုရှိနေပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံများအပေါ်တွင် ဖိအားလျော့နည်း သည်ကို တွေ့ရပါသည်။ ချမ်းသာသောနိုင်ငံများသည် တရုတ်နိုင်ငံ၏ ဖိအားပေး ခံရနိုင်ခြေအများဆုံးဖြစ်သော်လည်း တရုတ်နိုင်ငံမှ လိုလားသည့်မူဝါဒ၊ ရလဒ်များ ထွက်ပေါ်လာအောင် ပြုလုပ်နိုင်ခြေအနည်းဆုံးဖြစ်နေသည်ကို တွေ့ရကြောင်း ဖော်ပြ ထားပါသည်။
ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသည် ဆင်းရဲသည့်နိုင်ငံများအား မကြာခဏဖိအားပေးမှုမပြုလုပ်ရခြင်းမှာ ထိုသို့ဖိအားပေးရန် မလိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ တစ်နည်းဆိုသော် ထိုနိုင်ငံများသည်ဖိအားပေးရန်မလိုအပ်ဘဲ တရုတ်နိုင်ငံ၏ အလိုကိုလိုက်နေရပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံး အချုပ်အခြာအာဏာပိုင် ငွေချေးသူဖြစ်နေခြင်းကြောင့်ဖြစ်ပြီး အဆိုပါနိုင်ငံ အများစုသည် မကြာမီတွင် တရုတ်နိုင်ငံ၏ အကြွေးပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် တရုတ်နိုင်ငံ၏ Belt and Road Initiative ၊ သို့မဟုတ် Global Development Initiative မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိခဲ့ခြင်းကြောင့် ၎င်းတို့အား အထောက်အကူပေးလျက်ရှိသည့် တရုတ်နိုင်ငံ၏မူဝါဒကို လိုက်နာရမည့် အခြေအနေဖြစ်ပါသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါလူမျိုးများအရေးအား ဆွေးနွေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဆိုပြုသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများသည် အဆိုပါအဆိုပြုချက်အား ထောက်ခံမှုမပြုလုပ်ခဲ့ကြပါ။ သို့သော်လည်း CSIS ၏ သုသေတနပြုချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှ မွန်ဂိုလီးယားနှင့် ဖိလစ်ပိုင် နိုင်ငံတို့သာ တရုတ်နိုင်ငံနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေကို တည်ဆောက် နိုင်ပြီး အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တရုတ်နိုင်ငံက အပြတ်အသတ် အနိုင်ရ နေကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံတစ်ခု၏ တစ်ဦးချင်း GDP မြင့်မားခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားကို အဓိကနည်းလမ်းနှစ်ခုဖြင့် သက်သာအောင် လုပ်ဆောင် နိုင်သည်ဟု ဆိုသည်။ ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် ၎င်းအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ မှာယူသည့် နိုင်ငံများအပေါ်တွင် ယေဘုယျအားဖြင့် ဖိအားသုံးစွဲမှု နည်းပါးပါသည်။ သို့သော်လည်း တရုတ်နိုင်ငံသည် အစားထိုးနိုင်သော ကုန်ကြမ်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများတင်သွင်းသည့် မွန်ဂိုလီးယားနိုင်ငံကို အရေးပါသော နည်းပညာများပံ့ပိုးပေးသည့် အမေရိကန်နိုင်ငံထက် ပိုမိုလွှမ်းမိုးနိုင်ပါသည်။ ဒုတိယနည်းလမ်းမှာ တစ်ဦးချင်း GDP သည် ဒီမိုကရေစီနှင့် အကျင့်ပျက်ခြစားမှု နည်းပါးခြင်းတို့နှင့် ဆက်စပ်နေခြင်းကြောင့် လစ်ဘရယ်ဒီမိုကရေစီ လမ်းကြောင်းတွင် ရပ်တည်၍ အမှီအခိုကင်းသော မီဒီယာပိုင်ဆိုင်သည့် နိုင်ငံများတွင် ပြည်သူများက တရုတ်နိုင်ငံ၏ ဖိအားများကို ပွင့်လင်းစွာ ဝေဖန်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရေရှည်ရည်မှန်းချက်များကို ထိခိုက်စေပါသည်။ ထိုကိစ္စမျိုးကို တောင်ကိုရီးယား နိုင်ငံ၏ THAAD မစ်ဇိုင်းများနေရာချထားမှုတွင် တွေ့မြင်နိုင်ပါသည်။ အာဏာရှင် နိုင်ငံများတွင်မူ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး မပြေလည်မည်စိုးသောကြောင့် နိုင်ငံပိုင် မီဒီယာကို ထိန်းချုပ်အကျပ်ကိုင်မှုပြုလုပ်၍ သတင်းဖော်ပြမှု ဆောင်ရွက်ကြခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် လွတ်လွတ်လပ်လပ် ဖိအားပေးပိုင်ခွင့် ရှိသကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် လွတ်လပ်သည့် မီဒီယာများထားရှိခြင်းသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုများအား ဆန့်ကျင်သည့် အတားအဆီးတစ်ခုဖြစ်နေပါသည်။ Australian Strategic Policy Institute (ASPI)မှ စုဆောင်းရရှိထားသော အချက်အလက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုမ္ပဏီများ၏ ၈၂.၇ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုကိုရင်ဆိုင်ရာတွင် တောင်းပန်ခြင်း၊ လမ်းညွှန်ချက်များကို လိုက်နာခြင်း၊ သို့မဟုတ် ယင်းနှစ်ခုလုံးကို လိုက်နာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
နိဂုံးချုပ်အနေဖြင့် CSIS၊ သို့မဟုတ် European Parliamentary Research Service ကဲ့သို့သော အဖွဲ့များသည် တရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုကို တန်ပြန်ဆောင်ရွက် နိုင်ရန် အလားအလာရှိသော မဟာဗျူဟာများကို ဖော်ထုတ်ထားပါသည်။ သို့သော်လည်းတရုတ်နိုင်ငံ၏ အကျပ်ကိုင်မှုသည် ထိရောက်မှုမရှိဟု ယူဆခဲ့ခြင်းကြောင့် အသုံးချမှု နည်းခဲ့ကြပါသည်။ ယခုအခါ တရုတ်နိုင်ငံ၏ ဖိအားများက ဆင်းရဲသည့် နိုင်ငံငယ်များ အပေါ် ပိုမိုသက်ရောက်မှုရှိလာသည်ကို တွေ့ရှိရသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ပျမ်းမျှ ဝင်ငွေနည်းပါးသောနိုင်ငံများကို ကိုယ်စားပြုသည့် မူဝါဒချမှတ်သူများသည် တရုတ် နိုင်ငံ၏ ဖိအားပေးမှုကို လျှော့ချနိုင်ရန် မဟာဗျူဟာများ ရေးဆွဲရာတွင် တက်ကြွစွာ ဆောင်ရွက်သင့်ပြီး ထိရောက်သော မူဘောင်တစ်ခုအား ဥပဒေပြုအမတ်များက အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် ၎င်း၏ဩဇာလွှမ်းမှုကို အခံရဆုံးနိုင်ငံများသည့် ဆင်းရဲသည့် နိုင်ငံများဖြစ်နေပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အလိုသို့ လိုက်စေရန် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ၊ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုနည်းလမ်းများအား အသုံးချ ဆောင်ရွက်လျက်ရှိသည်ကို သုတေသနစစ်တမ်းပြု၍ ဖော်ထုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အနိုင်ကျင့်မှုကို မခံရစေရန် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် တန်ပြန်မှုပြုလုပ်နိုင်မည့် အစီအစဉ်များ၊ ဥပဒေပြဋ္ဌာန်းချက်များ ဆောင်ရွက်ရန် တိုက်တွန်းရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးမှာ အနောက်အုပ်စု၏ သဘောထားဖြစ်သော်လည်း အချက်အလက်အခြေပြု သုတေသန စစ်တမ်းများဖြင့် ကိုးကားရေးသားထားခြင်းဖြစ်ပါသည်။
ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ပင် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ မူဝါဒ များကို အကောင်အထည်ဖော်ရန် ဒေသတွင်းနိုင်ငံများအား အကျပ်ကိုင်ခြိမ်းခြောက်သည့် နည်းလမ်းများဖြင့် ဖိအားပေးမှုများမြင့်တက်လာခြင်းကို မကြာသေးမီက ဖိလစ်ပိုင် နိုင်ငံ၏ ထောက်ပံ့ရေးရေယာဉ်များအား ရေအမြောက်ဖြင့် ထိုးခဲ့သည့် ကိစ္စမျိုးတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စရပ်များသည် အားကြီးသည့် နိုင်ငံများက အားနည်းသည့်နိုင်ငံများအား ကျင့်သုံးလေ့ရှိသည့် အလေ့အထဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့်မူ အမေရိကန်နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် Peaceful Development ဟု ကြွေးကြော်ထားခြင်းဖြစ်သောကြောင့် ၎င်း၏ကြွေးကြော်ထားသည့် မူဝါဒများမှ သွေဖည် လာသည်ကိုလည်း တွေ့ရှိနေရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် လွှမ်းမိုးမှုရှိနေသည့် နိုင်ငံငယ်များအနေဖြင့် တရုတ်နိုင်ငံ၏ အပျော့/အမာ နည်းလမ်း များကို စောင့်ကြည့်ကာ အခြားသောအင်အားကြီး၊ အင်အားအလယ်အလတ်နိုင်ငံများနှင့် ဆက်ဆံရေးတည်ဆောက်၍ အင်အားချိန်ခွင်လျှာညှိခြင်း (Balance of Power) တည်ဆောက်ထားနိုင်မည့် နည်းလမ်းများကိုအသုံးပြုခြင်းဖြင့် နိုင်ငံကြီးများ၏ တစ်ဖက်သတ်အကျပ်ကိုင်မှု မခံရ စေရေးဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
104091123

[1]။ Caleb Harding,“China’s Coercion Is Most Effective Against Poorer Countries”. The Diplomat. 2 September 2023 [https:// thediplomat.com/ 2023/ 09/ chinas-coercion-is-most-effective-against-poorer-countries/]-accessed on 4 September 2023.