Monday, September 18, 2023

တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်လာမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအစိုးရအား စီးပွားရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများပြုလုပ်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာခြင်းနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာထိန်းထားမှုနှင့် ပတ်သက်၍ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိပါသည်။ ဤသို့ လုပ်ဆောင် နေချိန်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအား ဆက်လက်ထိန်းသိမ်းထားရှိပြီး ၎င်းတို့၏ ကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများမှ လူသုံးကုန်ပစ္စည်းများအထိ ဈေးကွက်ချဲ့ထွင်မှုများ ပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Chen Hai နှင့် နေပြည်တော်တွင် ဩဂုတ် ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေးနှင့် ပူးတွဲစီမံကိန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခုလတွင် ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် မတက်ရောက်ခြင်းသည် ၎င်း၏တရုတ်နိုင်ငံဘက်သို့ ယိမ်းယိုင်သော ဆက်ဆံရေးရှိသည့်အချက်ကို သိသာစေပါသည်။ မြန်မာ့တပ်မတော်မှ အစိုးရအဖြစ် တာဝန်ယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကို ခွင့်ပြုပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၅၅ ရာခိုင်နှုန်း၊ သို့မဟုတ် ဒေါ်လာ ၃ ဘီလီယံရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ အင်စတီကျုမှ ပြောကြားခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန် ရှိသူများက မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်ပြည်မကြီးကို ဆက်သွယ် ပေးမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို တည်ဆောက်နိုင်ရန် ကြိုးပမ်း လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ရထားလမ်းနှင့် ဆိပ်ကမ်းတည်ဆောက်ရေး တို့တွင် တရုတ်နိုင်ငံကုမ္ပဏီများက ဦးဆောင်လုပ်ကိုင်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ Union Resources & Engineering နှင့် Yunnan Energy Investment တို့သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်လျက်ရှပြီး အဆိုပါ စက်ရုံသည် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ၁.၄ ဂစ်ဂါဝပ်ခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည်COVID-19 ကပ်ရောဂါကြောင့် ၎င်း၏ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေခဲ့ရ သော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်း လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အရေးပါလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ယခုအခါတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းများ၌ တရုတ်နိုင်ငံက လွှမ်းမိုးလျက် ရှိကြောင်း၊ ကနဦးတွင် မြန်မာ့တပ်မတော်မှအာဏာထိန်းပြီးနောက် ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တရုတ်နိုင်ငံမှ အထည်ချုပ်စက်ရုံအချို့ကို ပိတ်ခဲ့ရ သော်လည်း ယခုအခါ တရုတ်နိုင်ငံအထည်ချုပ်စက်ရုံများသည် မြန်မာ့တပ်မတော်မှ အာဏာမထိန်းမီထက်ပင် ပိုမိုများပြားလျက်ရှိနေပါသည်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ စာရင်းအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ အထည်ချုပ် စက်ရုံပေါင်း ၃၀၀ ကျော်ရှိပြီး အထည်ချုပ်စက်ရုံအားလုံး၏ ထက်ဝက်ကျော်မှာ လည်ပတ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံမှကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဈေးကွက်သို့ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိပါသည်။ စင်ကာပူနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံပိုင် အဖျော်ယမကာကုမ္ပဏီ Fraser and Neave(F&N) သည် မြန်မာနိုင်ငံတွင် အရက်လိုင်စင်နှင့် မြေအသုံးချမှု အခွင့်အရေးများရရှိရန် စင်ကာပူဒေါ်လာ ၁၉.၂ သန်း(ဒေါ်လာ ၁၄.၁ သန်း) သုံးစွဲမည်ဟု ဇူလိုင်လတွင် ပြောကြားခဲ့ပြီး ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့်ပူးတွဲ၍ ဘီယာချက်စက်ရုံကို တည်ဆောက်မည်ဖြစ်ပါသည်။ F&N ကုမ္ပဏီသည် Thai Beverage မှထုတ်လုပ်သည့် Chang Beer ကို ၂၀၁၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဝယ်ယူသုံးစွဲခြင်း ပြန်လည်ကောင်းမွန်လျက်ရှိပြီး S&P Global ၏ ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအား စီမံခန့်ခွဲမှုအညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ၇ လဆက်တိုက် ထိပ်ဆုံး ၅၀ တွင် ရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရာတွင် ကူညီပေးသူ Shinsuke Goto က ထိုင်းနိုင်ငံမှ ကုမ္ပဏီများသည် ၎င်းတို့ နိုင်ငံတွင် လုပ်ခလစာတိုးမြင့်လာမည်ကို စိုးရိမ်သည့်အတွက် အလုပ်သမား ကုန်ကျစရိတ် သက်သာသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဦးတည်လာခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ စွမ်းအင်ကုမ္ပဏီများကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဝင်ရောက်လာကြပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံကုမ္ပဏီ Eneos Holdings နှင့် မလေးရှားနိုင်ငံကုမ္ပဏီ Petronas တို့မှ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက် ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံမှ Northern Gulf Petroleum က လုပ်ပိုင်ခွင့်များရယူခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးပင်လယ်ရေအောက်ဓာတ်ငွေ့သိုက်ဖြစ်သည့် ရတနာစီမံကိန်း၌ အဓိကအော်ပရေတာအဖြစ် လုပ်ဆောင်နေသည့် ပြင်သစ်နိုင်ငံစွမ်းအင်ကုမ္ပဏီ Total Energies ထွက်ခွာသွားပြီးနောက် ထိုင်းနိုင်ငံ၏ အစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PTT သည် ၎င်းနေရာအား လွှဲပြောင်းရယူခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ကို ဝယ်ယူမှုသည် မြန်မာ့တပ်မတော်အတွက် အထောက်အပံ့ဖြစ်စေနိုင်သည်ဟု အချို့က ဝေဖန်ကြသော်လည်း ထိုင်းနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့၏ ၁၅ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ ရရှိခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူမှုဖြင့် အာဏာရလာခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် ယခင်ထိုင်းနိုင်ငံအစိုးရသည် မြန်မာ့တပ်မတော် အစိုးရ အပေါ် နားလည်မှုသဘောထားရှိသည်ကို ပြသခဲ့ပါသည်။ ယခု ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် Srettha Thavisin ၏ ညွန့်ပေါင်းအစိုးရအဖွဲ့မှ စွမ်းအင်ဝန်ကြီးကလည်း မြန်မာနိုင်ငံ အပေါ် ထိုင်းနိုင်ငံ၏ စွမ်းအင်မူဝါဒကို ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုထားပါသည်။ အခြားတစ်ဖက်တွင်မူ ဥရောပနိုင်ငံစုံမှ ကုမ္ပဏီများက မြန်မာ့ဆက်သွယ်ရေးနှင့် စွမ်းအင် ကဏ္ဍများသည် တပ်မတော်နှင့် နီးကပ်စွာချိတ်ဆက်နေသည်ဟူသော အကြောင်းပြချက်ဖြင့်ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းကုမ္ပဏီများသည် မြန်မာနိုင်ငံစီးပွားရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်းတွင် ၎င်းတို့၏ ပါဝင် ပတ်သက်မှုကို လျှော့ချလျက်ရှိပြီး ဆွီဒင်နိုင်ငံမှ H&M သည် မြန်မာနိုင်ငံထုတ် အဝတ်အထည်များအတွက် အမှာစာများကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမည်ဟု ပြောကြားခဲ့သော်လည်း ၂၀၂၁ ခုနှစ် မေလခန့်မှစ၍ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Zara fast-fashion ဆိုင်ခွဲ၏ အော်ပရေတာဖြစ်သော Spain's Inditex သည်လည်း လုပ်ခလစာ တိုးမြင့်တောင်းခံသည့် အလုပ်သမားများကို အာဏာပိုင်များမှ အလုပ်ထုတ် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အပြီး ဇွန်လတွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပါသည်။ မြန်မာ့တပ်မတော်မှ အာဏာထိန်းပြီးနောက် H&M နှင့် Inditex တို့သည် မြန်မာနိုင်ငံမှ အဝတ်အထည်များကို မှာယူမှုရပ်တန့်လိုက်ပါက ဒေသခံအလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများဆုံးရှုံးပြီး အခြေအနေပိုမိုဆိုးရွားစေနိုင်သည်ဟူသော အကြောင်း ပြချက်ဖြင့် ဆက်လက်လုပ်ကိုင်နေကြကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းတွင် Kirin Holdings ဂျပန်နိုင်ငံအဖျော်ယမကာကုမ္ပဏီနှင့် Eneos ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်နိုင်ငံကုမ္ပဏီ ၄၀၀ ခန့်မှ အများစုသည် စောင့်ကြည့်၍ ဆက်လက်လုပ်ကိုင်လျက်ရှိကြပါသည်။ ဂျပန်နှင့် မြန်မာနိုင်ငံ တို့သည် ခင်မင်ရင်းနှီးသော သမိုင်းကြောင်းရှိကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေပိုမိုကောင်းမွန်လာပါက ဈေးကွက်ကြီးထွားလာမည့် အလားအလာရှိသည်ဟု ဆိုပါသည်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီအိမ်ရာတို့ပါဝင်သော ရန်ကုန်မြို့ရှိ ကြီးမားသည့် အိမ်ခြံမြေစီမံကိန်းတစ်ခုဖြစ်သည့် Yoma Central သည် ယခုအချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။ Toyota Motor သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံမှစက်ရုံအား စတင်လည်ပတ်လျက်ရှိပြီး နေ့စဉ် ကားအစီးရေလေးစီးမှ ငါးစီးအထိ တိုးတက် ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ထားသောကုမ္ပဏီများအနေဖြင့် အရင်းအနှီးများ စိုက်ထုတ်ထားရသောကြောင့် ကုမ္ပဏီများ ထွက်ခွာဖို့ ဆုံးဖြတ်နိုင်ရန် ခက်ခဲလျက်ရှိပြီး မြန်မာနိုင်ငံတွင် လုပ်သားစရိတ် နည်းပါးသည့်အတွက်ကြောင့် ကုန်ထုတ်လုပ်မှုနှင့် ကုန်ထုတ်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကဲ့သို့သော အချို့စက်မှုလုပ်ငန်းများ ဆက်လက်လည်ပတ်နေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မြန်မာနိုင်ငံအား အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူနေချိန်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေးဈေးကွက်များချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ထွက်ခွာ သွားသော အနောက်အုပ်စုကုမ္ပဏီများ၏နေရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများက အစားထိုးဝင်ရောက်လျက်ရှိသကဲ့သို့ ကျန်ရှိနေသည့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည်လည်း ကုမ္ပဏီများ၊ စက်ရုံများ ပုံမှန်လည်ပတ်နေကြောင်း ထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လုပ်ခ/လစာ သက်သာနေခြင်းမှာ အားသာချက်တစ်ခုဖြစ်နေသည့်အတွက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု များသည် အရာမရောက်နိုင်ကြောင်းလည်း သွယ်ဝိုက်၍ ထောက်ပြရေးသားထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် အထူးစီးပွားရေးဇုန်များတွင်အဓိကရင်းနှီးမြှုပ်နှံထားသော ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများ မဆုံးရှုံးစေရန် စောင့်ကြည့်ထိန်းသိမ်း၍ စီးပွားရေးလုပ်ငန်းများအား ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် လုပ်အားခသက်သာခြင်း၊ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိနေခြင်း၊ အကျိုးအမြတ်ရရှိနိုင်ခြင်းတို့ကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့ထားမှုကို ချိန်ဆ၍ တိုးချဲ့လုပ်ကိုင်လာခြင်းလည်း ဖြစ်ပါသည်။ အနောက်အုပ်စု များ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတို့မှ စွန့်ခွာခြင်းသည် ဒေသအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းကို မြှင့်တင်ပေးသကဲ့ဖြစ်နေပြီးမြန်မာနိုင်ငံစီးပွားရေးကဏ္ဍတွင် ထိုနိုင်ငံများမှ ယခင်ကထက် ပိုမိုလွှမ်းမိုးလာနိုင်သည့် အလားအလာလည်း ရှိနေပါသည်။
သို့ရာတွင် သမိုင်းကြောင်းဆိုင်ရာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်မည် ဆိုပါက တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အဖုအထစ်၊ အတက်အကျများရှိခဲ့သည့် အချိန်ကာလများရှိခဲ့ပြီး ထိုအချိန်များတွင် ၎င်းနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်ဒေသမတည်ငြိမ်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ၊ စီးပွားရေးလမ်းကြောင်း ပိတ်ဆို့မှုများ တွေ့ကြုံခဲ့ရသည့် အစဉ်အလာများလည်း ရှိနေပါသည်။ အခြားတစ်ဖက်မှ ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နေချိန်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် အထောက်အကူဖြစ်သည်မှာ မှန်သော်လည်း လိုအပ်သည်ထက် မှီခိုအားထားရသည့် အခြေအနေတစ်ခုသို့ မရောက်ရှိ စေရန် အခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ထိန်းညှိထားနိုင်ရန်မှာ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
110091923

[1]။ “In Myanmar, Chinese And Thai Companies Fill Economic Vacuum”. Nikkei Asia. 10 September 2023 [ /https://asia.nikkei.com/.../In-Myanmar-Chinese.../]-accessed on 11 September 2023.

Sunday, September 17, 2023

၂၀၂၃ ခုနှစ် G-20 ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ် G-20 ထိပ်သီးအစည်းအဝေးတွင် အရေးတကြီးဆွေးနွေးရန်ရှိသည့် အကြောင်းအရာများနှင့် တရုတ်နိုင်ငံသမ္မတ Xi Jinping တက်ရောက်မှုမရှိသည့်အချိန်တွင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi အနေဖြင့် ၎င်း၏ ရည်မှန်းချက်အား အကောင်အထည် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနိုင်သည့် အလားအလာရှိသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကမ္ဘာ့စီးပွားရေး၊ လုံခြုံရေးနှင့် ရာသီဥတုဆိုင်ရာကိစ္စများ ဆွေးနွေးရန် အိန္ဒိယ နိုင်ငံ၌ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ခေါင်းဆောင်များ၊ အထူးသဖြင့် ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယားနိုင်ငံတို့မှ ထင်ရှားသည့် ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် G-20 ထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပခြင်းဖြစ်ပြီး ဝန်ကြီးချုပ် Narendra Modi သည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းအကြား ပေါင်းကူး တံတားအဖြစ် ဆောင်ရွက်ရာတွင် G-20 ထိပ်သီးအစည်းအဝေးမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ချပြရန်ကြိုးပမ်းဆောင်ရွက်နိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် လူထု ထောက်ခံမှုများရရှိထားသော ဝန်ကြီးချုပ် Modi သည် ယခုအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံကြီးများမှ ထိပ်တန်းခေါင်းဆောင်များအား ဖိတ်ကြားရာတွင် စိန်ခေါ်မှု ၅ ချက်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားပါသည်။
၃။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသမ္မတ Xi Jinping သည် G-20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဘဲ ၎င်းအစား တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang က တက်ရောက်မည်ဖြစ်ပါသည်။ သမ္မတ Xi Jinping အနေဖြင့် ဤကဲ့သို့ မတက်ရောက် ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရုတ်နိုင်ငံမှလည်း ဖြေရှင်းချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။ ဤသို့လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ စင်မြင့်ပေါ်ရှိ ၎င်း၏ သံတမန်ရေးနှင့် ပထဝီဝင်နိုင်ငံရေးလွှမ်းမိုးမှုကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လျော့ပါးစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ပါသည်။ ဆွီဒင်နိုင်ငံရှိ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ အင်စတီကျူမှ တောင်အာရှနှင့်အင်ဒို-ပစိဖိတ်ရေးရာဌာန အကြီးအကဲ Jagannath Panda က တရုတ်နိုင်ငံသမ္မတ Xi Jinping အစည်းအဝေးပွဲသို့ မတက်ရောက်မှုသည် ၎င်း၏ အိန္ဒိယနိုင်ငံနှင့်ပတ်သက်သည့် “သဘောထားကွဲလွဲမှု”အား ပြသခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ တရုတ်-အိန္ဒိယသည် နယ်နိမိတ် ဆိုင်ရာ အငြင်းပွားမှုများနှင့်တင်းမာမှုများ အခါအားလျော်စွာ ဖြစ်ပွားလေ့ရှိပြီး တောင်အာရှနှင့် ပြည်ပတွင်လည်း သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပါသည်။ ဒေသအတွင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများကြောင့် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အစည်းအဝေးကျင်းပရန် ကြိုးပမ်းမှုအား နှောင့်ယှက်ခြင်းဖြစ်နိုင်ပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Modi ၏ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့သည် အိန္ဒိယနိုင်ငံအား ကမ္ဘာ့ တောင်ဘက်ခြမ်းနှင့် အင်ဒို-ပစိဖိတ်ဒေသတို့တွင် ထိပ်တန်းသို့ရောက်ရှိစေခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုသည် G-20 ပူးတွဲကြေညာချက်ကို သဘောတူရန်အတားအဆီးဖြစ်စေနိုင်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံသည် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံက ကျူးကျော်မှုကို ဝေဖန်ခြင်းမရှိသည့်အပြင် ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့် လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံအား ထောက်ခံခြင်းမရှိသည့် အမေရိကန်နိုင်ငံ ဦးဆောင်သည့်နိုင်ငံများနှင့် ထိပ်သီးအစည်းအဝေးကျင်းပရန် ကြိုးပမ်းရာတွင် သဘောထားကွဲလွဲချက်များရှိနေပါသည်။ ၂၀၂၂ ခုနှစ် G-20 ထိပ်သီးအစည်းအဝေး၌ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်နစ်နာမှုဆိုင်ရာ ကြေညာချက်များကို အဖွဲ့ဝင်များက သဘောတူခဲ့ကြပြီး အဖွဲ့ဝင်များအချင်းချင်း မတူညီသောအမြင်များကိုအသိအမှတ် ပြုခဲ့ကြသည်။ အိန္ဒိယနိုင်ငံသည် ထိပ်သီးအစည်းအဝေးတွင် ၎င်း၏ သံတမန်ရေးနှင့် ပထဝီဝင်နိုင်ငံရေးအဆင့်အတန်း ကြီးထွားလာမှုကို ပြသရန် မျှော်မှန်း ထားသော်လည်း ကြားဝင်စေ့စပ်မှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ Georgetown University မှ အာရှလေ့လာရေးပါမောက္ခ Dennis Wilder က အဖွဲ့ဝင် နိုင်ငံများသည် ယူကရိန်းနိုင်ငံအရေးနှင့်ပတ်သက်၍ ပူးတွဲသဘောတူညီချက်ထုတ်ပြန်ရန်မဖြစ်နိုင်သည့် အခြေအနေတွင်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၈၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိသည့် G-20 အဖွဲ့ဝင်နိုင်ငံများသည် အပူလှိုင်းများ၊ ရေကြီးခြင်းနှင့် တောမီးလောင်ခြင်းများကဲ့သို့ ပြင်းထန်သော ရာသီဥတုများနှင့်ပတ်သက်၍ ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ဖိအားများနှင့်ရင်ဆိုင်နေရပါသည်။ ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဝန်ကြီးများအစည်းအဝေးတွင် ရာသီဥတုဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသောသဘောတူညီမှု မရရှိခဲ့ခြင်းကြောင့် ယခု G-20 ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံးသဘောတူညီချက်အား ပြုလုပ်ရမည် ဖြစ်ပါသည်။ အဖွဲ့ဝင်များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းရည်ကို သုံးဆတိုးရန်၊ ရုပ်ကြွင်းလောင်စာများကို ဖြတ်တောက်ရန်နှင့် ချမ်းသာသော နိုင်ငံများမှ ဆင်းရဲသောနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာ ရန်ပုံငွေများ ပိုမိုရရှိအောင် ကြိုးပမ်းရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုသည် G-20 အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ အမြဲရှိနေပြီး အိန္ဒိယနိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တောင်းဆိုချက်များအား လိုက်လျောပေးရန်နှင့် ချမ်းသာသော နိုင်ငံများထံမှ ငွေကြေးထောက်ပံ့မှု ပိုမိုရရှိရန် တောင်းဆိုနေခြင်းကြောင့် ယခုနှစ်တွင် ပိုမိုစိန်ခေါ်မှု ဖြစ်နိုင်ပါသည်။ ယခုအခါ နိုင်ငံများသည် ရာသီဥတု ဖောက်ပြန်မှုကို ကိုင်တွယ်ဖြေရှင်းရန်ဆွေနွေးမှုမှ လက်တွေ့လုပ်ဆောင်ရန် တိုက်တွန်းလာခြင်းကြောင့် စိန်ခေါ်မှုများ ပိုမိုရှိလာနိုင်ပါသည်။ G-20 ၏ ထုတ်ပြန်ကြေညာချက်သည် UAE တွင် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ရလဒ်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က G-20 ၏ ရာသီဥတုဆိုင်ရာ စည်းလုံးညီညွတ်ရေးစာချုပ်တွင် အတူတကွ ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အရ အိန္ဒိယနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံထံမှ G-20 ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူပြီးနောက် နိုင်ငံပေါင်း ၁၂၅ နိုင်ငံနှင့် Voice of Global South ထိပ်သီးအစည်းအဝေးကို အွန်လိုင်းဖြင့် ဇန်နဝါရီတွင် ပြုလုပ်ခဲ့ပါသည်။အဆိုပါ အစည်းအဝေးသည် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများကြီးစိုးသည့် နိုင်ငံတကာ စနစ်တွင် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများအတွက် ကိုယ်စားပြုကျင်းပပေးခြင်းဖြစ်ပါသည်။ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံအများစုသည် တရားမျှတသော ကိုယ်စားပြုမှုရရှိရန်အတွက်ကမ္ဘာ့အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲလိုကြောင်း ဆွေးနွေးကြပါသည်။ G-20 ဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယ နိုင်ငံကလည်း ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများ၏ အကျိုးစီးပွားကို မြှင့်တင်ကာ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကွာဟချက်ကို ပေါင်းကူးပေးရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြထားပါသည်။ နယူးဒေလီမြို့ရှိ Vivekananda နိုင်ငံတကာဖောင်ဒေးရှင်းမှ အကြံပေးပညာရှင်ပရာနာဂန္ဒီက G-20 ၏ ဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပြီး ရာသီဥတုဆိုင်ရာ ရန်ပုံငွေ၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးတို့ကဲ့သို့သော ကိစ္စရပ်များအပေါ် ဆွေးနွေး ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ အဓိကအချက်အနေဖြင့် ဆင်းရဲသော နိုင်ငံများ၏ အစားအစာ၊ လောင်စာဆီနှင့် ဓာတ်မြေဩဇာများ ပြတ်လပ်မှုကို ဖြေရှင်းခြင်းဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံနှင့် အခြားနိုင်ငံများသည် ကြွေးမြီ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသောကြောင့် ကြွေးမြီကိစ္စပြန်လည်ဖွဲ့စည်းခြင်းနှင့် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကျင့်ထုံးများ ပြုပြင်ပြောင်းလဲခြင်းကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် အစောပိုင်း အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းကြောင့် G-20 ထိပ်သီးအစည်းအဝေးသည် ဝန်ကြီးချုပ် Modi အား အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့စင်မြင့်ပေါ်တွင် တိုးတက်လာနေသော သံတမန်ရေးနှင့် စီးပွားရေးအင်အားကို တင်ပြရန် အခွင့်အရေးပေးနေပါသည်။ Modi သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်နိုင်ရန် ရည်မှန်းထားရှိပုံရပြီး G-20 ဥက္ကဋ္ဌအဖြစ်ကို ရရှိရန် Modi အစိုးရသည် သိသာထင်ရှားသော ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ခဲ့ရပါသည်။ Global India Insights ၏ ဒါရိုက်တာ Manish Chand က ပြောကြားချက်အရ ဝန်ကြီးချုပ် Modi အတွက် ယခုအချိန်သည် အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရမှု ရရှိနိုင်သည့်အချိန် ဖြစ်နိုင်ပါသည်။ Modi သည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ပြီး ယခုအခါ တတိယအကြိမ်ထမ်းဆောင်ရန် ကြိုးပမ်းနေခြင်းဖြစပြီး လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း G-20 စင်မြင့်ပေါ်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါသည်။ အောင်မြင်သော G-20 ထိပ်သီးအစည်းအဝေးသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို မြှင့်တင်ပေးရုံသာမက ၎င်း၏နိုင်ငံတကာ ရပ်တည်မှု ကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး မကြာမီတွင် တတိယမြောက်အကြီးဆုံးဖြစ်လာမည်ဟု ဝန်ကြီးချုပ် Modi က ယုံကြည်နေပါသည်။ အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် G-20 ပွဲများသည် အိန္ဒိယ နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် ဒေသထွက်ကုန်များရောင်းချမှုများကိုလည်း တိုးမြင့်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
G20 အစည်းအဝေးတွင် နိုင်ငံအများအပြားမှ ခေါင်းဆောင် များသည် အိန္ဒိယနိုင်ငံတွင် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးရန် တွေ့ဆုံကြခဲ့သော်လည်း တရုတ်နိုင်ငံသမ္မတ၏ ပျက်ကွက်မှု၊ ယူကရိန်းနိုင်ငံအရေးနှင့် ရာသီဥတုပြောင်းလဲမှု ကဲ့သို့သော အကြောင်းအရာများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် စိန်ခေါ်မှုများရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အနေဖြင့်လည်း ဤအစည်းအဝေးမှတစ်ဆင့် အိန္ဒိယနိုင်ငံစီးပွားရေးနှင့် ၎င်း၏ပုံရိပ်ကို အထောက်အကူဖြစ်စေရန် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍စိန်ခေါ်မှုများရှိနေသော်လည်း ထုတ်ပြန်ပြီးသော သဘောတူညီချက်တွင် နိုင်ငံများအားလုံးသည် ယူကရိန်းနှင့် ရုရှားတို့အား တိုက်ရိုက်ရည်ညွှန်းသည့် စကားလုံးများကို ရှောင်ရှားပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများနှင့်အညီ လုပ်ဆောင်ရမည်ဟူသည့် သဘောတူညီချက်ထုတ်ပြန်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ စပါး၊ စားသောက်ကုန်များနှင့် ဓာတ်မြေသြဇာများ အတားအဆီးမရှိ ပို့ဆောင်နိုင်စေရန် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အား တောင်းဆိုထားသည့် အပြင် သာတူညီမျှသော တိုးတက်မှုကို မြှင့်တင်ရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်း များနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် ကတိပြုနိုင်ခဲ့ကြပါသည်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုများတွင် ကျောက်မီးသွေးစွမ်းအင်ကို လျှော့ချခြင်း၊ ကာဗွန် နည်းသော အသွင်ကူးပြောင်းမှုများကို ပံ့ပိုးပေးခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံးဆတိုးမြှင့်ခြင်းနှင့် ရေရှည်တည်တံ့သောဘဏ္ဍာရေးကို တိုးချဲ့ခြင်း တို့နှင့်ပတ်သက်၍ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာဗွန်ထုတ်လုပ်မှုနှုန်း၊ ရာသီဥတုဆိုင်ရာ ငွေကြေးရန်ပုံငွေနှင့် ကြွေးမြီအားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်ကို တွေ့ရှိရပါသည်။[2]
ယခုကျင်းပသည့် G-20 ထိပ်သီးအစည်းအဝေးတွင် အောင်မြင်မှုရလဒ်များ ထွက်ပေါ်လာခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့ဩဇာ အာဏာလွှမ်းမိုးမှုပိုမိုကြီးမားလာနိုင်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်းကို Modi အနေဖြင့် ပြန်လည်ရရှိလာနိုင်မည့် အထောက်အကူဖြစ်ခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုများတွင် မည်သည့် နိုင်ငံဘက်မှ မလိုက်သည့် ဘက်မလိုက်မူဝါဒကိုစွဲကိုင်၍ ၎င်း၏ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကိုသာ လိမ္မာပါးနပ်စွာ ရှေးရှုဆောင်ရွက်နေသည့် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်ခြင်းကြောင့် ၎င်း၏ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအပေါ် ဦးဆောင်မှုအခန်းကဏ္ဍမှာ ထိုက်သင့်သလောက် အောင်မြင်မှုရှိလာနိုင်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
109091823
[1]။ teven Borowiec, Kiran Sharma, Sayumi Take, “India G20 Summit Faces Ukraine, Climate Tests: 5 Things To Know”. Nikkei Asia. 8 September 2023 [ https://asia.nikkei.com/.../India-G20-summit-faces... /]-accessed on 10 September 2023.

[2]။ “G20 New Delhi Leaders' Declaration Highlights”. Nikkei Asia. 9 September 2023 [ https://asia.nikkei.com/.../G20-New-Delhi.../]-accessed on 10 September 2023.

Thursday, September 14, 2023

အင်အားကြီးနိုင်ငံများအကြား နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားလက်နက်ထိန်းချုပ်ရေးတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကျဆင်းလာမှုနှင့် လက်ရှိ ကမ္ဘာ့နျူကလီးယား လက်နက်ထိန်းချုပ်ရေးအခြေအနေနှင့်ပတ်သက်၍ ရင်ဆိုင်နေရသောစိန်ခေါ်မှုများကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန် ရှိသူများသည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက် ထိန်းချုပ်မှုနှင့်ပတ်သက်၍ ပုံမှန်ဆက်သွယ်မှု ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် လျော့ကျလာခဲ့ပါသည်။ အမေရိကန်နှင့် ရုရှားနိုင်ငံတို့ရှိ နျူကလီးယားအန္တရာယ်လျှော့ချရေးစင်တာ(NRRC) များသည် ၂၀၂၃ ခုနှစ်၊မတ်လအထိ ၎င်းတို့၏ နျူကလီးယားဒုံးကျည်နှင့် နျူကလီးယား လက်နက်သုံး အကြီးစားဗုံးကြဲလေယာဉ်များ၏ လှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက် များအား အပြန်အလှန်အသိပေးခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည့် New STARTလက်နက်ထိန်းချုပ်ရေးစာချုပ်အရ တာဝေးပစ်နျူကလီးယားလက်နက်များ အသုံးပြုမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံကန့်သတ်ချက်များ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်သို့ ရောက်သောအခါတွင် နှစ်နိုင်ငံအနေဖြင့် အသိပေးချက်ပေါင်း ၂,၀၀၀ အထိ ထုတ်ပြန် နိုင်ခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းလျော့နည်းလာခဲ့ပါသည်။ ခြောက်လ တစ်ကြိမ် နျူကလီးယားလက်နက်အရေအတွက် တိုက်ဆိုင်စစ်ဆေးမှုနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးမှုများမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ရပ်တန့်နေခဲ့ပါသည်။
ယနေ့ခေတ်တွင် ကမ္ဘာကြီးသည် နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုအသစ် ဆီသို့ ဦးတည်သွားလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် အင်အားကြီးထွားလာသည် နှင့်အမျှ တရုတ်၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ သုံးပွင့်ဆိုင်အားပြိုင်မှုသည် ပိုမို ရှုပ်ထွေးသည့် အခြေအနေသို့ ရောက်ရှိစေနိုင်ပြီး ဤအားပြိုင်မှုအား ရပ်တန့်ရန်မှာ စစ်အေးခေတ်ကာလထက်ပင် ပိုမိုခက်ခဲနိုင်ပါသည်။ ယနေ့အချိန်အထိ နျူကလီးယား လက်နက်များကို အသုံးပြုတိုက်ခိုက်မှုများ မပြုလုပ်ကြခြင်းမှာ အမေရိကန်နှင့် ရုရှား နိုင်ငံတို့ ယခင်ကတည်းက ပြုလုပ်ခဲ့သည့် နျူကလီးယားလက်နက် ကန့်သတ်မှု သဘောတူညီချက်များကြောင့်ဖြစ်ပါသည်။ ယခုအခါတွင် ဤသဘောတူညီချက်များအား ပျက်ပြားစေနိုင်သည့် အကြောင်းအရင်း ၄ ချက် ဖြစ်ပေါ်လျက်ရှိပါသည်။
ပထမအချက်အရ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့၏ အန္တရာယ်ကို အကြောင်းပြ၍ ပဲ့ထိန်းဒုံးဆန့်ကျင်ရေးသဘောတူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ရုရှားနိုင်ငံသည် စာချုပ်နှင့်ပတ်သက်၍ မသမာမှုရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကြီးထွားလာမှုတို့ကို အကြောင်း ပြကာ တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့(INF)သဘောတူစာချုပ်မှ ထပ်မံနုတ်ထွက် ခဲ့ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသမ္မတဟောင်း Barack Obama က ၎င်းအစိုးရလက်ထက်တွင် New STARTသဘောတူစာချုပ်နှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး လက်ရှိသမ္မတ Joe Bidenက ၅ နှစ် သက်တမ်းတိုးမှု ပြုလုပ် ခဲ့ပါသည်။ New START သဘောတူစာချုပ်သည် စစ်မြေပြင်သုံး နည်းဗျူဟာမြောက် လက်နက်ငယ်များကို ကန့်သတ်ခြင်းမရှိသည့်အပြင် ရုရှားနိုင်ငံမှ ထုတ်လုပ်နေသည့် နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်များနှင့် တော်ပီဒိုလက်နက်များကိုလည်း ကန့်သတ်ခြင်းမရှိပါ။ New START သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အသစ်ထပ်မံပြုလုပ်နိုင်မည့် အလားအလာမရှိပါ။ ထို့ကြောင့် လာမည့်သုံးနှစ်အတွင်း ကမ္ဘာ့နျူကလီးယားလက်နက် ထိန်းချုပ်မှုစနစ်သည် ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအား ကျူးကျော်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်မှုသည် ရုရှားနိုင်ငံအား နျူကလီးယားလက်နက် အသုံးပြုရန် ဖိအားဖြစ်လာစေနိုင်ပါသည်။ အနောက်နိုင်ငံများသည် ယူကရိန်းနိုင်ငံအား ပံ့ပိုးမှုပြုလုပ်ခဲ့သော်လည်း ရုရှားနိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်မှုမှ ရှောင်ရှားနိုင်ရန် ၎င်းတို့၏ တပ်ဖွဲ့များအား စေလွှတ်ပေးခဲ့ခြင်း မရှိပါ။ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရုရှားနိုင်ငံသည် New START သဘောတူညီချက်ကို ဆိုင်းငံ့ထားမည်ဟု ကြေညာ ခဲ့ပြီး ၎င်း၏အသိပေးချက်များကိုလည်း ရပ်တန့်ခဲ့ပါသည်။ မတ်လနှင့် ဇွန်လများတွင် အမေရိကန်နိုင်ငံကလည်း အလားတူလုပ်ရပ်များဖြင့် နှစ်နိုင်ငံအပြန်အလှန် တုံ့ပြန် ခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ယခုအချိန်တွင် နျူကလီးယားလက်နက် တိုးပွားလာမှု အရေအတွက်နှင့်ပတ်သက်၍ သေချာစွာမသိရှိရတော့ဘဲ စစ်ဖြစ်နေသည့် ရုရှားနိုင်ငံ အနေဖြင့် နျူကလီးယားလက်နက် တိုးမြှင့်ထုတ်လုပ်လာနိုင်သည့် အနေအထားတွင် ရှိကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် တရုတ်နိုင်ငံသည် ၎င်း၏နျူကလီးယားလက်နက် စွမ်းရည်ကို တိုးမြှင်နိုင်ရန်လုပ်ဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ယခုအချိန်တွင် နျူကလီးယားလက်နက် ရာဂဏန်းခန့်ပိုင်ဆိုင်ထားပြီး ၂၀၃၅ ခုနှစ်တွင် ၁,၅၀၀ အထိ ပိုင်ဆိုင်လာနိုင်သည်ဟု ဆိုပါသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိတွင် နျူကလီးယားလက်နက် ၁၆၀ ကျော်ရှိမည်ဟုခန့်မှန်းရပြီး တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်မှုပြုလုပ်ရန် ကြိုးပမ်းလျက် ရှိပါသည်။ ပါကစ္စတန်နိုင်ငံသည်လည်း အိန္ဒိယနိုင်ငံနှင့်အပြိုင် နျူကလီးယားလက်နက် ထုတ်လုပ်မှုကို လုပ်ဆောင်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ နျူကလီးယား လက်နက် ၃၀ ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံသည် ယခုအခါတွင် တိုက်ချင်းပစ်ဒုံး (ICBM)များထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီးအီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်သည်လည်း အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာနိုင်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အနေဖြင့် နည်းပညာသစ်များ ပေါ်ပေါက်လာမှုသည် လက်နက် ထုတ်လုပ်များအန္တရာယ်မှ ကာကွယ်ရန် ခက်ခဲလာပါသည်။ အသံထက်မြန်သော ဒုံးကျည် များသည် ပဲ့ထိန်းဒုံးကျည်များထက် ပစ်ခတ်ရန်ပိုမိုခက်ခဲပြီး ဒုံးကျည်များ၏ အာရုံခံကိရိယာများနှင့် တိကျစွမ်းရည် တိုးတက်လာမှုများသည် ရုတ်ချည်းတိုက်ခိုက်မှုမှ ကာကွယ်ရန်ခက်ခဲစေပါသည်။ ဉာဏ်ရည်တု(AI) နည်းပညာကျယ်ပြန့်လာမှုသည်လည်း နျုကလီးယားစစ်ပွဲများတွင် ကွန်ပျူတာအသုံးပြု၍ တိုက်ခိုက်မှုအား မည်သည့် အတိုင်း အတာအထိ လုပ်ဆောင်လာနိုင်မည်ကို စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်းဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် ၎င်း၏ရေတပ်နှင့် နျူကလီးယားလက်နက်အင်အားကို ပြသရန် ပဲ့ထိန်းဒုံးကျည်သုံးရေငုပ်သင်္ဘောများဖြင့် တောင်ကိုးရီးယား၊ စကော့တလန်၊ ဂူအမ်နှင့် အာရေဗျပင်လယ်တို့တွင် ကင်းလှည့်မှုပြုလုပ်လျက်ရှိပါသည်။ အမေရိကန် နိုင်ငံ၏ အသံတိတ်လှုပ်ရှားမှုအဖြစ် လူသိများသည့် ရေငုပ်သင်္ဘောတပ်ဖွဲ့သည် ယခုအခါတွင် ထင်ပေါ်သည့် အနေအထားဖြင့် လှုပ်ရှားလျက်ရှိပါသည်။ အမေရိကန်နိုင်ငံသည်နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိသည့် ၎င်း၏ မဟာမိတ်နိုင်ငံများကိုလည်း နျူကလီးယားတိုက်ခိုက်မှုမှ ခုခံကာကွယ်ပေးမည်ဟု အာမခံချက်ပေးထားပြီး ၎င်း၏ Boomer ရေငုပ်သင်္ဘောများကို ချပြခြင်းသည် ရန်သူအား သတိပေးခြင်းနှင့် မဟာမိတ် များကို အာမခံချက်ပေးခြင်း နှစ်ခုစလုံးဖြစ်နိုင်ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည်၎င်း၏ လက်နက်စနစ်သစ်များတွင် နျူကလီးယားလက်နက်များ အဆင့်မြှင့်တင်၍ မြေပြင်၊ ဝေဟင်နှင့် ပင်လယ်ရေကြောင်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ဤကြိုးပမ်းမှုသည် အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းရည် မြှင့်တင်ရန်လိုအပ်ပါက နျူကလီးယားလက်နက်များ ပိုမိုထုတ်လုပ်မည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ကျွမ်းကျင်သူအချို့က အမေရိကန်နိုင်ငံသမ္မတဟောင်း Trump လက်ထက်က ဆွေးနွေးခဲ့သော နျူကလီယားလက်နက်စမ်းသပ်မှုအကြံဉာဏ်နှင့်ပတ်သက်၍ အင်အားကြီး နိုင်ငံများကပါ ပြန်လည်လုပ်ဆောင်လာမည်ကို စိုးရိမ်လျက်ရှိကြပါသည်။ အမေရိကန် နိုင်ငံသမ္မတ Biden ၏ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အမေရိကန် နိုင်ငံသည် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် နျူကလီးယားလက်နက် ထိန်းချုပ်မှုဆွေးနွေးရန် အချိန်မရွေးအသင့်ရှိသည်ဟု ဇွန်လတွင် ပြောကြားခဲ့သော်လည်း မည်သည့်နိုင်ငံကမှ ဤကမ်းလှမ်းချက်ကို လက်ခံခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် “အကန့်အသတ်မရှိ ချစ်ကြည်ရင်းနှီးမှု”အား ကြေညာထားပြီး လေကြောင်းနှင့် ရေကြောင်းကင်းလှည့်မှုများ ပူးတွဲလုပ်ဆောင် လာခြင်းကြောင့် အမေရိကန်နိုင်ငံသည် နျူကလီးယားလက်နက်ထိန်းချုပ်မှုတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ပူးပေါင်းကန့်ကွက်မည်ကိုသာ စိုးရိမ်လျက်ရှိကြပါသည်။ အမေရိကန် နိုင်ငံသည် ၎င်း၏ပြိုင်ဘက်များအား ဟန့်တားရန် နျူကလီးယားလက်နက်များကို ပြိုင်ဘက်များထက် ပိုမိုများပြားအောင် ထုတ်လုပ်မည်မဟုတ်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်အတွေးခေါ်ပညာရှင် Carnegie Endowment for International Peace မှ James Acton က အမေရိကန်နိုင်ငံသည် ပြိုင်ဘက်များ၏ နျူကလီးယားလက်နက် အရေအတွက် တိုးမြင့်လာမှုနှင့်ပတ်သက်၍ ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်းနှင့် အမေရိကန် နိုင်ငံ၏ မဟာဗျူဟာသည် ပြိုင်ဘက်များ၏ နျူကလီးယားပိုင်ဆိုင်မှုများကို ပစ်မှတ် ထားပြီး “တန်ပြန်အင်အား”ကို အသုံးချခြင်းဖြစ်သောကြောင့် ၎င်း၏ပြိုင်ဘက်များ လက်ထဲတွင် နျူကလီးယားလက်နက်များ ပိုများလာပါက အမေရိကန်နိုင်ငံသည်လည်း နျူကလီယားလက်နက်များ ပိုမိုထုတ်လုပ်လာမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အင်အားကြီးနိုင်ငံများအနေဖြင့် နျူကလီးယားလက်နက်ထိန်းချုပ်ရေး စာချုပ်သစ် ချုပ်ဆိုရန် အလားအလာနည်းပါးလျက်ရှိခြင်းကြောင့် အမေရိကန်နိုင်ငံသည် အကျပ် အတည်းများမှ ပဋိပက္ခများအဖြစ်သို့ ကူးပြောင်းမှုမရှိစေရန် တရုတ်နိုင်ငံနှင့် အလွတ် သဘောဆွေးနွေးမှု ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။အမေရိကန်အရာရှိ Jake Sullivan သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်၅ ဦးစလုံးထံသို့ ရုရှားနိုင်ငံနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို တိုးချဲ့ရန် အဆိုပြုခဲ့သော်လည်း တရုတ်နိုင်ငံက အပြုသဘောမဆောင်သည့် တုံ့ပြန်မှုများ ပြုလုပ်ခဲ့ပါသည်။ အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ NRRC များသည် နှစ်နိုင်ငံအကြား ဆက်သွယ်ရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြပါသည်။ NRRC သည် နားလည်မှုလွဲမှားခြင်းနှင့် ဖြစ်နိုင်ခြေရှိသော အကျပ်အတည်းများကို တားဆီးရန် ကူညီပေးသောကြောင့် တင်းမာမှုများ မြင့်မားနေချိန်တွင် ဤဆက်သွယ်ရေးစနစ်သည်အရေးပါနေပါသည်။ ဤဆက်သွယ်ရေး စနစ်တွင် ရုရှားနိုင်ငံအပြင် တရုတ်နိုင်ငံကိုပါ ထည့်သွင်းထားသင့်ပြီး နျူကလီးယား ဆိုင်ရာပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါသည်။ နျူကလီးယားလက်နက်များသည် ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ် စေခဲ့သည့် သမိုင်းကြောင်းများရှိသောကြောင့် နျူကလီးယားခြိမ်းခြောက်မှုအသစ်များနှင့် ရင်ဆိုင်ရချိန်တွင် ဘေးအန္တရာယ်များကို တားဆီးနိုင်ခြင်းရှိ/မရှိမှာ စဉ်းစားဆင်ခြင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် လက်ရှိကမ္ဘာ့နျူကလီးယားလက်နက် ထိန်းချုပ်ရေး အခြေ အနေနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖော်ပြထားပြီး လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များနှင့်ပတ်သက်၍ နျူကလီးယားအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကျဆင်း လာမှုကို ဖော်ပြထားပါသည်။ နူကလီးယားပြိုင်ဆိုင်မှုတွင် အင်အားကြီးနိုင်ငံများသာမက အင်အားအလယ်အလတ်နိုင်ငံများလည်း ပါဝင်လာပြီး တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့နျူကလီးယားလက်နက် တားဆီးမှုတွင် အဟန့်အတားဖြစ်လာစေကာ ကိုင်တွယ် ထိန်းချုပ်ရန်ခက်ခဲမည့် အခြေအနေဖြစ်ပေါ်လျက်ရှိပါသည်။ New START စာချုပ် သက်တမ်းကုန်ဆုံးရန် မှာလည်း နီးကပ်လာပြီး အထိန်းအကွပ်မရှိတော့သည့် နူကလီးယားလက်နက်ထုတ်လုပ်မှုများမှာ ကမ္ဘာကြီးအား ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ရုရှားနိုင်ငံ၏ စစ်အင်အား တိုးချဲ့လာမှုနှင့် တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံနှင့်တန်းတူ စစ်ရေးအင်အား တိုးချဲ့လာမှုများကြောင့် အမေရိကန်နိုင်ငံအား နျူကလီးယားလက်နက်အရေအတွက် ပိုမိုတိုးမြှင့်မှု ပြုလုပ်လာစေရန် တွန်းအားပေးလျက်ရှိနေကြပါသည်။ ပဋိပက္ခများနှင့် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုများ တိုးပွားလာသည့် ကမ္ဘာ့နိုင်ငံရေးအပြင် နျူကလီးယား လက်နက်ပိုင်ဆိုင်ပြီး ပိုမိုထုတ်လုပ်ရန် ကြိုးစားနေသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် တည်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် ရေရှည်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို အာမခံပေးနိုင်မည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး မဟာဗျူဟာတစ်ရပ် ဖော်ဆောင်ထားနိုင်ရန်မှာ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
108091523

[1]။ “A New Nuclear Arms Race Looms”. The Economist. 29 August 2023 [https:// www. economist. com/ international/2023/08/29/a-new-nuclear-arms-race-looms/]-accessed on 8 September 2023.

Wednesday, September 13, 2023

၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောင်းလဲလာသော အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် Awami League ပါတီတစ်ခုတည်းကိုသာ ထောက်ခံမှုပြုလုပ်မည့်အစား အခြားပါတီများ ပါဝင်သည့် ချဉ်းကပ်မှုများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် Hasina အစိုးရအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
နိုင်ငံခြားရေးမူဝါဒတွင် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးတွင် တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံပါလီမန်အဆောက်အအုံသစ်ရှိ ပန်းချီကားတစ်ချပ်ကို BJP ပါတီမှ ဝန်ကြီးတစ်ဦးက "Undivided India" အဓိပ္ပာယ်ကို ကိုယ်စားပြုသည့် “Akhand Bharat” ဟု အမည်မှည့်ခေါ်ခဲ့မှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(MEA)ထံမှ ရှင်းလင်းချက်တစ်ရပ် တောင်းခံခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ နံရံဆေးရေးပန်းချီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖြစ်တည်မှုကို မေးခွန်းထုတ်ဖွယ်ရာ အကြောင်းအရာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။အလားတူပင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi သည် အိန္ဒိယ နိုင်ငံ၏ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ခံတပ်နီ၌ မိန့်ခွန်းပြောကြားရာတွင် ၎င်းက “Dynastic Politics”[2]သည် ဒီမိုကရေစီစနစ်အား ပျက်ပြားစေသည့် ပြဿနာ ၃ ရပ်ထဲမှတစ်ခုဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို အဓိကထားပြောဆိုပုံရသော်လည်း ၎င်း၏ပြောကြားချက်သည် Dynastic Politic ကို ကျင့်သုံးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိအာဏာရ Awamim League (AL) ပါတီမှ တင်မြှောက်ထားသော Sheikh Hasina အတွက် စိုးရိမ် ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ပြောကြားချက်အပေါ်တွင် တစ်စုံတစ်ရာစိုးရိမ်ပူပန်မှု အရိပ်အယောင်မျှပြသခြင်းမရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် Hasina အစိုးရသည် ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလတွင် ပြုလုပ်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲ နီးကပ် လာသည့်အတွက် အခြားသောစိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံမှ BJP ပါတီဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရအဖွဲ့သည် အတိုက်အခံပါတီများဖြစ်သော ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP)နှင့် Jatiyo ပါတီတို့ကို လက်ခံတွေ့ဆုံခဲ့ပါသည်။ မတ်လတွင် BNP မှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယမဟာမင်းကြီး Pranay Verma နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံခဲ့ပြီး Jatiyo ပါတီမှ ကိုယ်စားလှယ်အဖွဲ့သည်လည်းယခုလအစောပိုင်းကအိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ Verma နှင့် BNP ပါတီတို့တွေ့ဆုံမှုသည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီတို့အကြား ဆယ်နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် ပြန်လည်တွေ့ဆုံမှုဖြစ်သော်လည်း “သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့်သမားရိုးကျတွေ့ဆုံမှု”တစ်ခုဖြစ်သည်ဟုပင် ဆိုထားပါသည်။ အိန္ဒိယနိုင်ငံဘက်မှလည်း BNP နှင့် Jatiyo ပါတီတို့ တွေ့ဆုံမှုသည် သာမန်တွေ့ဆုံမှုတစ်ခုသာဖြစ်သည်ဟု ပြောကြား ခဲ့သော်လည်း ဤတွေ့ဆုံမှုသည် ၂၀၁၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် အိန္ဒိယနိုင်ငံ ကျင့်သုံးခဲ့သည့်ပုံစံနှင့်ကွဲပြားနေပြီး ထိုအချိန်က အိန္ဒိယနိုင်ငံသည် ယခုကဲ့သို့ အတိုက်အခံပါတီများနှင့်တွေ့ဆုံမှုမျိုး ပြုလုပ်ခဲ့ခြင်းမရှိပါ။အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးဌာန(MEA)မှ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ အိန္ဒိယ နိုင်ငံအပေါ်ထားရှိသည့် BNP ၏မူဝါဒတွင် သိသာထင်ရှားသော အပြောင်းအလဲကို မတွေ့ရဟု ဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ဇူလိုင်လအတွင်းက ဥရောပသမဂ္ဂရွေးကောက်ပွဲ စူးစမ်းလေ့လာရေးကော်မရှင်အနေဖြင့် Jamaat-e-Islami အိန္ဒိယဆန့်ကျင်ရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ်တွင်လည်း နှုတ်ဆိတ်နေခဲ့ဖူးပါသည်။ ယခုအခါတွင် အိန္ဒိယနိုင်ငံသည် ယခင်ကကဲ့သို့ AL ပါတီတစ်ခုတည်းကိုသာ ထောက်ခံမည့်အစား ၂၀၂၄ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် “ပါတီအားလုံး ပါဝင်သည့် ချဉ်းကပ်မှု နည်းလမ်း” ဘက်သို့ ယိမ်းလာသည့်အချက်မှာ AL ပါတီအစိုးရအတွက် စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါသည်။ “Dynastic Politic” ကို အခြေခံ၍ AL ပါတီကို ဦးဆောင်လျက်ရှိသည့် Sheikh Hasina သည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် သူမနှင့် တွေ့ဆုံခဲ့သည့် အိန္ဒိယအမျိုးသားကွန်ဂရက်အဖွဲ့ဝင်များနှင့် နီးကပ်သော ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ အိန္ဒိယနိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးရရှိရန် ကြိုးပမ်းလျက်ရှိခြင်းကြောင့် AL ပါတီသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ ၏ ပြောချက်ကို တုံ့ပြန်ဝေဖန်မှုမပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
သြဂုတ်လ ၃ ရက်က ပြုလုပ်သည့် MEA ဝန်ကြီးဌာန အပတ်စဉ် မီဒီယာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများကင်းစင်ပြီး သင့်လျော်သည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်းရှိ/မရှိ အိန္ဒိယနိုင်ငံအနေဖြင့် စိတ်ဝင်စားလျက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။ ဤအချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်နှင့် ကိုက်ညီမှုရှိနေပါသည်။ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲအတွင်း ကြီးကြီးမားမားသဘောထားကွဲလွဲမှုများ ရှိခဲ့သောကြောင့် ယခုကဲ့သို့ မူဝါဒပြောင်းလဲလာမှုသည် အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
Modi နှင့် Hasina ရင်းနှီးခင်မင်မှုသည် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို “ရွှေခေတ်”သို့ ရောက်ရှိစေခဲ့ပါသည်။ Hasina အစိုးရသည် အိန္ဒိယနိုင်ငံအတွက် အကြမ်းဖက်မှုဆန့်ကျင်ရေးကိုသာ အာရုံစိုက်သည့် အစိုးရတစ်ရပ်ဖြစ်ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်ခြင်းမရှိသည့်အပြင် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောအစိုးရတစ်ရပ်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း Hasina အစိုးရ လက်ထက်တွင် ၂၀၂၁ ခုနှစ် ဟိန္ဒူအကြမ်းဖက်မှုကဲ့သို့ ဟိန္ဒူဘာသာဝင်များအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံရေးပထဝီဝင် အနေအထားအရ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များ၏ ချိတ်ဆက်မှုနှင့် ကုန်သွယ်မှုလမ်းကြောင်းနှစ်ခုစလုံးကို ဖြတ်တောက်နိုင်သည့် အရေးပါသော နေရာတွင် ရှိနေပါသည်။ မဏိပူရပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအခြေချသူများ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာမှုနှင့်ပတ်သက်၍ စွပ်စွဲချက်များလည်းရှိနေပါသည်။ အိန္ဒိယနိုင်ငံအစိုးရ၏ ဘင်္ဂလာဒေ့ရှ်နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထား ပြောင်းလဲလာရခြင်းမှာ ဤအချက်များကြောင့် ဖြစ်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောင်းလဲလာသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက်သာမက အနာဂတ်ရွေးကောက်ပွဲများ အထိ Hasina အစိုးရအား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် လာမည့် ၂၀၂၄ ခုနှစ်၌ ကျင်းပမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အကြောင်းကို အလေးပေးဖော်ပြထားခြင်း ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ပြည်တွင်းရွေးကောက်ပွဲမဲဆွယ်မှုနှင့် ပတ်သက်သည့် “Dynastic Politic” ကို ဆန့်ကျင်ရမည်ဟူသည့် ပြောကြားချက်တစ်ခုအားကိုးကား၍ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရအကြား ဆက်ဆံရေးကို ထိခိုက်အောင် ပါးနပ်စွာ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ လေ့လာချက်များအရ ဝန်ကြီးချုပ် မိုဒီအနေဖြင့် “Dynastic Politics” ကိုဆန့်ကျင်သည်ဟူသော ပြောကြားချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရည်ညွှန်းခဲ့ခြင်းမရှိဘဲ ၎င်း၏ အတိုက်အခံ ပါတီဖြစ်သော India National Congress ပါတီ၏ ခေါင်းဆောင် Rahul Gandhi ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။[3] ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Hasina သည်လည်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ၎င်း၏အဖေဖြစ်သူ Sheikh Mujibur Rahman ၏ ပါတီကိုဆက်ခံပြီး အာဏာရရှိထားခြင်းဖြစ်သောကြောင့် ဝန်ကြီးချုပ် မိုဒီပြောကြားခဲ့သော Dynastic Politics နှင့် ဆက်စပ်၍ ဆွဲယူရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိရပါသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမျိုးသားရေးပါတီ (BNP)နှင့် Jatiyo ပါတီကဲ့သို့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီများနှင့် တွေ့ဆုံခဲ့မှုမှာ သိသာထင်ရှားသော အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပါသည်။ ထိုကိစ္စရပ်မှာ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုအဖြစ် အမည်ခံထားသည့် အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ပြယုဂ်ကောင်းစေရန် တွေ့ဆုံခဲ့ခြင်းဖြစ်နိုင်သကဲ့သို့ အတိုက်အခံ ပါတီများဘက်သို့ပါနေသော အမေရိကန်နိုင်ငံ၏ မူဝါဒကို အားလုံးမဆန့်ကျင်လိုသည့် သဘောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း လက်ရှိ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရခေါင်းဆောင် Hasina တို့ အကြား ဆက်ဆံရေးပျက်ယွင်းလာကြောင်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံ၏ သဘောထားများ(လုံးဝ) ပြောင်းလဲလာကြောင်းကို ခိုင်လုံသည့် သက်သေများ မတွေ့ရှိရပါသဖြင့် အိန္ဒိယနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီများနှင့် တွေ့ဆုံခဲ့မှုသည် ကမ္ဘာ့ အင်အားကြီးနိုင်ငံများအကြားက သံတမန်ရေးကစားမှု ပြကွက်များသာဖြစ်သည်ဟု သုံးသပ်ရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေး ရရှိရန် ကူညီဆောင်ရွက်ပေးခဲ့သော အိန္ဒိယနိုင်ငံနှင့် နိုင်ငံရေး၊ စစ်ရေးအရ ရင်းနှီးမှု ရှိခဲ့သောနိုင်ငံဖြစ်ပါသည်။ သို့ရာတွင် ဟိန္ဒူကြီးစိုးသော အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဟိန္ဒူဘာသာရေးကိုးကွယ်သူများအား အကြမ်းဖက်ခဲ့မှု၊ မဏိပူရပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ပဋိပက္ခ၊ ကမ္ဘာ့လူဦးရေ အများဆုံးဒီမိုကရေစီနိုင်ငံကြီး၏ ပြယုဂ်တို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအဖုအထစ်များရှိခဲ့သော်လည်း ဟစီနာအစိုးရအပေါ် မိုဒီအစိုးရ၏ သိသာထင်ရှားသော မူဝါဒအပြောင်းအလဲဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
107091423
[1]။ Arkoprabho Hazra,“What Will India’s Changing Approach To Bangladesh’s National Elections Mean for the Hasina Government?”. The Diplomat. 1 September 2023 [https://thediplomat.com/ 2023/ 09/ what-will- indias -changing- approach-to- bangladeshs-national-elections-mean-for-the-hasina- government/]-accessed on 7 September 2023.
[2]။ “Dynastic Politic" ဆိုသည်မှာ မိသားစုတစ်စုတည်း၊ သို့မဟုတ် မျိုးရိုးတစ်ခုမှ နိုင်ငံရေးသမားများ ဦးဆောင်သော၊ သို့မဟုတ် ပါဝင်စုစည်းထားသော နိုင်ငံရေးခေါင်းဆောင်မှု သို့မဟုတ် အာဏာကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ မိသားစုတစ်စုတည်းမှ သားစဉ်မြေးဆက် ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီ၊ သို့မဟုတ် အစိုးရတွင် ထင်ရှားသောရာထူးများရရှိကာ ၎င်းတို့၏မိသားစုဝင်များထံမှ ခေါင်းဆောင်မှု အခန်းကဏ္ဍကို အမွေဆက်ခံလေ့ရှိမှုကို ဆိုလိုပါသည်။
[3]။ Kiran Sharma,“Modi Rails Against Corruption, Dynasties In National Day Speech”. Nikkei Asia. 15 August 2023 [https:// asia.nikkei.com/ Politics/ Modi-rails-against-corruption-dynasties-in-national- day-speech/]-accessed on 7 September 2023.

Like
Comment
Send