Sunday, October 8, 2023

Sikh ခွဲထွက်ရေးသမားများအရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့ ဆက်ဆံရေးတင်းမာလာမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကနေဒါနိုင်ငံသား အိန္ဒိယနွယ်ဖွား Hardeep Singh Nijjar အသတ်ခံရမှုနှင့် ပတ်သက်၍ အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့ ဆက်ဆံရေး တင်းမာလာမှု၊ Sikh လူမျိုးများ အရေးနှင့်ပတ်သက်၍ အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးတို့အပေါ် သက်ရောက်မှုများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကနေဒါနိုင်ငံသား Hardeep Singh Nijjar အသတ်ခံရမှုတွင် အိန္ဒိယနိုင်ငံ အစိုးရ အေးဂျင့်များ ပါဝင်ပတ်သက်ခြင်း ရှိ/ မရှိကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က ပြောကြားခဲ့ပြီးနောက် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့အကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။ Khalistanနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံမှ ခွဲထွက်ရန် တောင်းဆိုခဲ့သော Sikh ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူ Nijjar သည် ဇွန်လတွင် ကနေဒါနိုင်ငံ အနောက်ဘက် British Columbia ပြည်နယ်ရှိ ဘုရားကျောင်းအပြင်ဘက်တွင် အမည်မသိတိုက်ခိုက်သူများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi က ကနေဒါနိုင်ငံ၏ စွပ်စွဲချက် များသည် အဓိပ္ပာယ်မဲ့ပြီး လှုံ့ဆော်မှုတစ်ရပ်သာဖြစ်သည်ဟု လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး တစ်ဆက်တည်း၌ပင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တုံ့ပြန်သည့်အနေဖြင့် နှစ်နိုင်ငံ သံတမန်များကို နှင်ထုတ်ခဲ့ကြပါသည်။ ယခုအခါတွင် အဆိုပါ ဒီမိုကရေစီနှစ်နိုင်ငံသည်ရှေ့မတိုး၊ နောက်မဆုတ်သည့် အခြေအနေသို့ ရောက်နေပြီး ၎င်းတို့၏မိတ်ဖက် နိုင်ငံများသည်လည်း နှစ်နိုင်ငံအကြား ညီမျှစွာဆက်ဆံရေးတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပါသည်။ အိန္ဒိယနိုင်ငံသည် စက်တင်ဘာလ G-20 ထိပ်သီးအစည်းအဝေးတွင် Modi နှင့် Trudeau (ကနေဒါနိုင်ငံဝန်ကြီးချုပ်) တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ကနေဒါနိုင်ငံ တို့၏ ဆက်ဆံရေးသည် အဘယ်ကြောင့် တင်းမာလာရသည်ဟူသော အချက်နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက် ၅ ချက်ရှိကြောင်း ဖော်ပြထားပါသည်။
ပထမအချက်မှာ Khalistan လှုပ်ရှားမှုအရေးဖြစ်ပါသည်။ သန့်ရှင်းသောမြေဟု အဓိပ္ပာယ်ရသည့် Khalistan သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း (ပါကစ္စတန်နိုင်ငံနှင့် ဆက်စပ် နေသော) ပန်ဂျပ်ပြည်နယ်ရှိ Sikh လူမျိုးရေး၊ ဘာသာရေးအုပ်စုများအတွက် ဇာတိမြေ ဖြစ်သည်ဟု Sikh ခွဲထွက်ရေးသမားများက ယုံကြည်လျက်ရှိပါသည်။Sikh လူမျိုး များသည် ၎င်းပန်ဂျပ်ဒေသအတွင်း လူဦးရေသန်း ၃၀ ကျော်တွင် ၆၀ ရာခိုင်နှုန်းနီးပါး ရှိသော်လည်း ဟိန္ဒူအများစုနေထိုင်သည့် အိန္ဒိယနိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံတွင် လူနည်းစုသာဖြစ်ပါသည်။ Sikh ဘာသာရေးအယူအဆသည် ၁၅ ရာစုနှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဗြိတိသျှအုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိရန် အိန္ဒိယနိုင်ငံမှကြိုးပမ်းနေသည့်ကာလတွင် Sikh ခွဲထွက်ရေးလှုပ်ရှားမှု စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံသစ်နှစ်ခုအတွက် ဆွေးနွေးမှုပြုလုပ်နေစဉ် ၎င်းနှစ်နိုင်ငံအကြားရှိ Sikh မွေးရပ်မြေအယူအဆ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ Sikh သူပုန်ထမှုနှင့် Sikh သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးများကြောင့် ဟိန္ဒူနှင့် Sikh ဘာသာဝင် ထောင်ပေါင်းများစွာသေဆုံးစေခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်၊ ဇွန်လတွင် ထိုအချိန်က ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ၏ အမိန့်အရ အိန္ဒိယစစ်တပ်သည် ပန်ဂျပ်ပြည်နယ် Amritsar မြို့ရှိ အမြင့်မြတ်ဆုံး Sikh ဘုရားကျောင်းဖြစ်သည့် Golden Tample ဘုရားကျောင်းကို ဝင်ရောက်စီးနင်းကာ Khalistan လှုပ်ရှားမှုတွင် Jarnail Singh Bhindranwale ဦးဆောင်သည့် စစ်သွေးကြွများကို နှိမ်နင်းခဲ့ပါသည်။ "Blue Star" ဟု လူသိများသော အဆိုပါစစ်ဆင်ရေးတွင် Bhindranwale အပါအဝင် သေဆုံးသူ ၄၀၀ ခန့်ရှိပါသည်။ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် အင်ဒီရာဂန္ဒီသည် နယူးဒေလီ၌ Sikh ကိုယ်ရံတော်နှစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်းကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းဒေသများတွင် Sikh ဆန့်ကျင်ရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃,၀၀၀ နီးပါး သေဆုံး ခဲ့ရပါသည်။
ဒုတိယအချက်မှာ ကနေဒါနိုင်ငံသည် Khalistan လှုပ်ရှားမှုနှင့် ဆက်စပ် နေသောအချက်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံပြည်ပရှိ ကနေဒါနိုင်ငံတွင် Sikh လူဦးရေ ၈၀၀,၀၀၀ နီးပါးရှိကာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့တွင် Sikh လူမျိုး ၅၀၀,၀၀၀ ခန့် ရှိပြီး ဩစတြေးလျနိုင်ငံတွင် ၂၀၀,၀၀၀ ကျော် နေထိုင်လျက်ရှိပါသည်။ Khalistan လှုပ်ရှားမှု အထွဋ်အထိပ်ကာလတွင် ကနေဒါနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ရှိခဲ့ပါသည်။ ကနေဒါနိုင်ငံအခြေစိုက် ခွဲထွက်ရေးသမားများသည် တိုရွန်တို-မွန်ထရီရယ်- လန်ဒန်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ထွက်ခွာမည့် အိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ် အမှတ်(၁၈၂)ကို ဗုံးခွဲခဲ့ခြင်းကြောင့် လေယာဉ်ပေါ်ပါ လူ ၃၂၉ ဦး သေဆုံးခဲ့ပြီး ကနေဒါနိုင်ငံသမိုင်းတွင် အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာ ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံမှ Sikh ခွဲထွက်ရေး လှုပ်ရှားသူများနှင့် ပတ်သက်၍ စိုးရိမ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ကနေဒါနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်များကို ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ ကနေဒါနိုင်ငံတွင် Sikh လူမျိုးများ၏ အင်ဒီရာဂန္ဒီလုပ်ကြံခံရမှုကိုဂုဏ်ပြုသည့်အနေဖြင့် ချီတက်လှည့်လည်ပွဲ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ယခုနှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံသည် ဝေဖန်မှု ပြုလုပ် ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ကနေဒါနိုင်ငံအနေဖြင့် Sikh ခွဲထွက်ရေးသမားများ၊ အစွန်းရောက်များနှင့် အကြမ်းဖက်မှုကို အားပေးကူညီ နေသူများကို ပံ့ပိုးပေးမှုသည် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ထိခိုက်စေသည်ဟု ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင် ကနေဒါနိုင်ငံက အကြမ်းဖက်မှုကို ဆန့်ကျင်သော်လည်း Sikh နိုင်ငံသားများ၏ အခွင့်အရေးကို ထောက်ခံသည်ဟု ပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ကာကွယ်သည်ဟု ကနေဒါနိုင်ငံဝန်ကြီးချုပ် Trudeau က G-20 ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြားတင်းမာမှုများ တိုးလာခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံမှ ၎င်း၏နိုင်ငံသားများကို အတတ်နိုင်ဆုံး သတိထားရန် စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။
တတိယအချက်မှာ လုပ်ကြံခံရသူ Hardeep Singh Nijjar ၏ နောက်ကြောင်း ရာဇဝင်ဖြစ်ပါသည်။ နယူးဒေလီအခြေစိုက် လွတ်လပ်သော ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာ အင်စတီကျု၏ ပရောဂျက်တစ်ခုဖြစ်သည့် Khalistan အစွန်းရောက်ဝါဒ စောင့်ကြည့်ရေး (Khalistan Extremism Monitor)အဖွဲ့၏ လေ့လာချက်အရ Nijjar ကို ၁၉၇၇ ခုနှစ်၊ အောက်တိုဘာလတွင် ပန်ဂျပ်ပြည်နယ် Jalandhar ခရိုင်၌ မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ကာ ရေပိုက်ပြင်သမားအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ Nijjar သည် British Columbia ပြည်နယ် Surrey မြို့ရှိ Guru Nanak Sikh ဘုရားကျောင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် Sikh ခွဲထွက်ရေးဝါဒကို ထောက်ခံ အားပေးသည့် Khalistan Tiger Force ၏ ခေါင်းဆောင်ဖြစ်လာခဲ့ပါသည်။ Nijjar သည် Khalistan Tiger Force အဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားရာတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယနိုင်ငံတွင် စစ်ဆင်ရေးများ ဆောင်ရွက်ရန် စေလွှတ် ခဲ့သည်ဟု Khalistan အစွန်းရောက်ဝါဒ စောင့်ကြည့်ရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။ ပန်ဂျပ်ရဲတပ်ဖွဲ့သည် ၎င်းအား ၂၀၁၀ ပြည့်နှစ် အိန္ဒိယနိုင်ငံပြည်နယ်တစ်ခုရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ခုအနီး ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် တရားစွဲဆိုခဲ့ပါသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ဘာသာရေးခေါင်းဆောင်များအား လုပ်ကြံရန် ကနေဒါနိုင်ငံတွင် လေ့ကျင့်ရေးစခန်းတစ်ခုပြုလုပ်ထားသည်ဟု စွပ်စွဲခံခဲ့ရပါသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ကနေဒါနိုင်ငံအာဏာပိုင်များက ၎င်းကို ခေတ္တထိန်းသိမ်း ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် Modi အစိုးရသည် Nijjar အား အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့ပါသည်။
စတုတ္ထအချက်မှာ ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau အနေဖြင့် ယခင်က အိန္ဒိယနိုင်ငံတွင် ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည့် အချက်ဖြစ်ပါသည်။ ကနေဒါနိုင်ငံဝန်ကြီးချုပ်သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ ပထမဆုံး တရားဝင်ခရီးစဉ်၌ ပန်ဂျပ်ပြည်နယ်ရှိ Golden Temple ဘုရားကျောင်းသို့ သွားရောက် လည်ပတ်စဉ် ၎င်းတို့မိသားစုဝတ်ဆင်ခဲ့သည့် အိန္ဒိယဝတ်စုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ခံခဲ့ရပါသည်။ ထိုထက်ပို၍ ကြီးမားသည့်ပြဿနာမှာ အိန္ဒိယနိုင်ငံရှိ ကနေဒါနိုင်ငံ တာဝန်ခံအဖွဲ့သည် အင်ဒို-ကနေဒါ စီးပွားရေးလုပ်ငန်းရှင် Jaspal Atwal ကို ဝန်ကြီးချုပ် Trudeau ၏ နိုင်ငံတော်ညစာစားပွဲသို့ ဖိတ်ကြားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ Atwal သည် ၁၉၈၆ ခုနှစ်တွင် British Columbia ပြည်နယ် Vancouver ကျွန်း၌ အိန္ဒိယနိုင်ငံဝန်ကြီးတစ်ဦးကို သတ်ရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော်လည်း ၅ နှစ်ကြာ ပြစ်ဒဏ်ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက် လာခဲ့ပါသည်။ ထို့ပြင် Atwal သည် ကနေဒါ၊ အိန္ဒိယ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တို့မှ ပိတ်ပင်ထားသော အစွန်းရောက်အဖွဲ့ဖြစ်သည့် International Sikh Youth Federation အဖွဲ့၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်ပါသည်။ ညစာစားပွဲမတိုင်မီ Trudeau ၏ အဖွဲ့သည် ဖိတ်ကြားချက်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပန်ဂျပ်မှ Sikh လူမျိုးများအပါအဝင် ထောင်ပေါင်းများစွာသော အိန္ဒိယလယ်သမား များသည် Modi ၏စိုက်ပျိုးရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြသောအခါ Trudeau က ဤအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်သည်ဟု ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် Trudeau ၏ ပြောကြားချက်အား အခြေအမြစ်မရှိသော၊ ခိုင်လုံမှုမရှိသော အကြောင်းအရာ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ပဉ္စမအချက်အနေဖြင့် အိန္ဒိယနှင့် ကနေဒါ နှစ်နိုင်ငံအကြား တင်းမာမှုသည် အင်ဒို-ပစိဖိတ်ဆက်ဆံရေးတွင် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟူသော အချက်ဖြစ်ပါသည်။ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့ အပါအဝင် မဟာမိတ်များသည် ကနေဒါနိုင်ငံ၏ အိန္ဒိယနိုင်ငံအား စွပ်စွဲချက်အပေါ် စိုးရိမ်လျက် ရှိပါသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ကနေဒါနိုင်ငံ၏ ပြင်းထန်သော စွပ်စွဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးလျက်ရှိပြီး တာဝန်ရှိသူများကို ဖမ်းမိရန် မှန်ကန်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေလိုသည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံသည် ဩဇာကြီးမားလာလျက်ရှိပြီး အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျ နိုင်ငံတို့နှင့်အတူ Quad လုံခြုံရေးအဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်း၊ တရုတ်နိုင်ငံ၏ ဩဇာ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် ထိန်းကျောင်းပေးနေခြင်းတို့ကြောင့် အမေရိကန် နိုင်ငံအပါအဝင် အခြားနိုင်ငံများသည် အိန္ဒိယနိုင်ငံအပေါ် စွပ်စွဲချက်နှင့်ပတ်သက်၍ ဆုံးဖြတ်ရန် ခက်ခဲလျက်ရှိပါသည်။ ကနေဒါနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသအတွက် ကိုယ်ပိုင်အစီအစဉ်ရှိပြီး အိန္ဒိယနိုင်ငံ၏တိုးတက်လာနေသော မဟာဗျူဟာ၊ စီးပွားရေးနှင့် လူဦးရေဆိုင်ရာ အရေးပါမှုသည် ကနေဒါနိုင်ငံ၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် အရေးပါသော မိတ်ဖက်ဖြစ်လာစေနိုင်သည်ဟု ထုတ်ဖော်ပြောကြား ထားပါသည်။
သို့ရာတွင် Trudeau ၏ အိန္ဒိယနိုင်ငံအား စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည့် ကြေညာချက် မထုတ်ပြန် မီကပင် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အတွက် ဆွေးနွေးပွဲများကို ခေတ္တရပ်ဆိုင်းနေခဲ့ပါသည်။ King's College London မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခဖြစ်ပြီး Observer Research Foundation မှ လေ့လာရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဒုတိယဥက္ကဌ Harsh V. Pant က ကနေဒါအစိုးရသည် အိန္ဒိယနိုင်ငံနှင့် ကာလကြာရှည်စွာ ပေါ်ပေါက် နေသော ပြဿနာတစ်ခုအား အဖြေရှာရန် ကြိုးပမ်းမှုထက် ၎င်း၏ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်ကို ပို၍အလေးထားလုပ်ဆောင်နေပုံရသည်ဟု ပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ အရေးတွင် ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိသော်လည်း အိန္ဒိယနိုင်ငံသည် ကာကွယ်ရေး၊ မဟာဗျူဟာနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကနေဒါနိုင်ငံထက် ပိုမိုအရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်လာပါသည်။ ထို့ကြောင့်လည်း စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးရုံး၏ တောင်အာရှမူဝါဒရေးရာ ဒါရိုက်တာ Siddharth Iyer သည် အမေရိကန် သုတေသနနှင့် လေ့လာရေးအဖွဲ့ Hudson Institute အား ထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးသည် ဌာနအတွက် ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကာ အိန္ဒိယနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးရှိခြင်းသည် အရေးကြီး ရုံသာမက အင်ဒို-ပစိဖိတ်ဒေသရှိ ၎င်းတို့၏မဟာဗျူဟာအတွက် မရှိမဖြစ် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
Khalistan လှုပ်ရှားမှုတွင် ပါဝင်သည့် ကနေဒါနိုင်ငံသား Sikh ခွဲထွက်ရေး ခေါင်းဆောင် Hardeep Singh Nijjar သေဆုံးမှု အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးကို သိသိသာသာ တင်းမာစေခဲ့သော်လည်း သမိုင်းကြောင်းအရလည်း ဆက်ဆံရေးအဆင်မပြေသည်ကို တွေ့ရှိရပါသည်။ Hardeep Singh Nijjar သည် ကနေဒါရှိ Sikh အသိုင်းအဝိုင်းတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး Sikh များ အတွက် လွတ်လပ်သော Khalistan နိုင်ငံ တည်ထောင်ရန် အဆိုပြုထားသူတစ်ဦး ဖြစ်သောကြောင့် ၎င်းသေဆုံးမှုတွင် အန္ဒိယနိုင်ငံပါဝင်ပတ်သက်နေသည်ဟူ၍ ကနေဒါ နိုင်ငံက စွပ်စွဲမှုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် လူသတ်မှုတွင် ပါဝင် သည်ဟု ကနေဒါနိုင်ငံ၏ စွပ်စွဲချက်အား ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံရှိ သံတမန်များအား နှင်ထုတ်ခဲ့ကြသည့်အဆင့်အထိ ဆက်ဆံရေး တင်းမာခဲ့ပါသည်။ လွန်ခဲ့သည့်လအနည်းငယ်က နှစ်နိုင်ငံစလုံးသည် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရန် အရှိန်မြှင့်လုပ်ဆောင်နေခဲ့သော်လည်း အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် ဆွေးနွေးပွဲများကို ခေတ္တရပ်ထားခဲ့ပြီး အိန္ဒိယနိုင်ငံသို့ မကြာမီ ရောက်ရှိတော့မည့် ကနေဒါကုန်သွယ်ရေးမစ်ရှင်ကို ရွှေ့ဆိုင်းလိုက်သည်ကိုလည်း တွေ့ရပါသည်။[2]
ကနေဒါနိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စများတွင် တက်ကြွစွာ ပါဝင်ခြင်းမရှိဘဲ ဝန်ကြီးချုပ် Trudeau အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရန်ထက် ကနေဒါနိုင်ငံတွင် နေထိုင်သော Sikh လူမျိုး ၈၀၀,၀၀၀ ခန့်၏ ထောက်ခံမှုနှင့် ဆန္ဒမဲရှိရန်သာ ဦးစားပေးစဉ်းစားနေသည်ဟု ယူဆနိုင်ပါသည်။ ထိုအချက်မှာ ၎င်း၏ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလခရီးစဉ်အတွင်း၌ ပန်ဂျပ်ပြည်ရှိ အထင်ကရဘုရားကျောင်းသို့ သွားရောက်ခဲ့မှု၊ ပန်ဂျပ်ခွဲထွက်ရေးတွင် ပါဝင်နေသည့် စီးပွားရေးသမားတစ်ဦးအား နိုင်ငံတော်ညစာစားပွဲသို့ အဆင်အခြင်မဲ့ဖိတ်ကြားခဲ့မှုများတွင် ထင်ရှားစွာ တွေ့မြင် နေရပါသည်။ ထို့ကြောင့် ယခု ကနေဒါနိုင်ငံအတွင်း အိန္ဒိယနိုင်ငံမှ အကြမ်းဖက်သမား အဖြစ် ကြေညာထားသည့် ခွဲထွက်ရေးသမားတစ်ဦး အသတ်ခံရခြင်းအတွက် အိန္ဒိယ နိုင်ငံအား နိုင်ငံရေးနှင့် သံတမန်ရေးအရ စွပ်စွဲပြစ်တင်ခြင်းမှာ ၎င်းအတွက် လုပ်ရိုး လုပ်စဉ်တစ်ခုအဖြစ်သာဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ မထင်မှတ်ထားသည့် အတိုင်းအတာအထိ တင်းမာသွားခဲ့ခြင်းဖြစ်ပါသည်။
ထူးခြားချက်မှာ ထိုသို့ နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် အိမ်နီးချင်း ကနေဒါနိုင်ငံဘက်မှ ရပ်တည်ခဲ့ခြင်းမရှိဘဲ ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အကျိုးအစီးပွားအတွက် အရေးကြီးသည့် အိန္ဒိယနိုင်ငံဘက်မှရပ်တည်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးရုံး၏ တောင်အာရှမူဝါဒရေးရာ ဒါရိုက်တာ Siddharth Iyer က အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးသည် ဌာနအတွက် ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးရှိခြင်းသည် အရေးကြီး ရုံသာမက အင်ဒို-ပစိဖိတ်ဒေသရှိ ၎င်းတို့၏မဟာဗျူဟာအတွက် မရှိမဖြစ် လိုအပ်သည်ဟူသည့် ထုတ်ပြန်ချက်တွင် သိသာထင်ရှားစေပါသည်။ ထို့ကြောင့် အမေရိကန်နှင့် အနောက်အုပ်စုတို့၏ အာရှဒေသတွင်းနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ ဒီမိုကရေစီခံတပ်မှာ အိန္ဒိယနိုင်ငံဖြစ်နေသည်ဟူသည့်အချက်မှာ ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများအနေဖြင့် သံတမန်ရေးတည်ဆောက်မှုများတွင် ထည့်သွင်းတွက်ချက်ထားသင့်သည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
124091023
[1]။ Kiran Sharma, James Hand-Cukierman,“How India-Canada Ties Soured Over Sikh Separatism: 5 Things to Know”. Nikkei Asia. 20 September 2023, [/https://asia.nikkei.com/.../How-India-Canada-ties-soured.../]
[2]။ Sharanya Hrishikesh & Vikas Pandey,“Canada: How Ties With India Soured Over Hardeep Singh Nijjar Killing”. BBC. 19 September 2023, [/https://www.bbc.com/news/world-asia-india-66851144/]

Thursday, October 5, 2023

ရုရှား-ယူကရိန်းစစ်ပွဲတွင် အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများ၏ အခန်းကဏ္ဍနှင့် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ကျွန်းမှ သင်ခန်းစာဖော်ထုတ်အသုံးချနေမှု

 


နိဒါန်း
ယခုလက်ရှိတွင် ဖြစ်ပွားလျက်ရှိသည့် ရုရှား-ယူကရိန်းစစ်ပွဲ၏ အရေးပါသော သင်ခန်းစာများအနက်မှ တစ်ခုဖြစ်သော မြေမြှုပ်မိုင်းများ အသုံးချသည့်ဗျူဟာများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် သင်ခန်းစာဖော်ထုတ် အသုံးချနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုင်ဝမ်ကျွန်း၏ ခံစစ်ဗျူဟာတွင် အရေးပါလာနိုင်သည့် မြေမြှုပ်မိုင်းကွင်းများအကြောင်းကို အနောက်နိုင်ငံမှ ပညာရှင်များက လေ့လာဆန်းစစ်ကာ ရေးသားထားရှိမှုအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အနာဂတ်စစ်ပွဲများကို ပုံဖော်ရာတွင် ကမ္ဘာတစ်ဝှမ်းရှိ စစ်တပ်များသည် ရုရှား-ယူကရိန်းစစ်ပွဲ၏ အရေးပါသော သင်ခန်းစာများကို သင်ယူလိုကြမည်ဖြစ်ပြီး ဤသင်ခန်းစာများသည် တိုက်ခိုက်ရေးအတွေ့အကြုံများစွာမရှိသည့် တရုတ်တပ်မတော် အတွက် အလွန်ပင် အဖိုးတန်ရှိပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ၎င်း၏စစ်တပ်အား လျင်မြန်စွာ အဆင့်မြှင့်တင်နိုင်ရန် ရုရှားလက်နက် များနှင့် နည်းဗျူဟာများကို အဓိက အသုံးပြုခဲ့ကြပါသည်။ ယူကရိန်းစစ်ပွဲမှ သင်ခန်းစာ များကို တရုတ်နိုင်ငံအနေဖြင့် မည်မျှလေ့လာသင်ယူနေသည်ကို အနောက်နိုင်ငံမှ ပညာရှင်များက ပထမဆုံးအကြိမ် လေ့လာဆန်းစစ်မှု ပြုလုပ်ထားပါသည်။
၃။ အရေးပေါ်အခြေအနေတစ်ခုတွင် ထိုင်ဝမ်ကျွန်း၏ မိုင်းများအသုံးချမှုသည် မည်မျှအရေးကြီးအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို ကျွမ်းကျင်ပညာရှင်များက ဆွေးနွေး ခဲ့ကြပါသည်။ တရုတ်ရေတပ်သည် ထိုင်ဝမ်ဆိပ်ကမ်းများကို ပိတ်ဆို့ရန်နှင့် အမေရိကန် ရေတပ်အား ထိုင်ဝမ်ကျွန်းနှင့်ဝေးကွာအောင် ပြုလုပ်ရန်ပင်လယ်ရေမြှုပ်မိုင်းများအား မည်သို့ခင်းထားနိုင်သည်ကို ကျွမ်းကျင်ပညာရှင်များက လေ့လာခဲ့သကဲ့သို့ ထိုင်ဝမ်ကျွန်းအား တရုတ်နိုင်ငံ၏တိုက်ခိုက်မှုကို ခက်ခဲစေရန် ကျွန်းပေါ်တွင် ခံစစ်ဗျူဟာတစ်ရပ်အနေဖြင့် မြေမြှုပ်မိုင်းများကိုအသုံးပြုရန် ဆွေးနွေးခဲ့ကြပါသည်။ တရုတ်စစ်တပ်မှ လေ့လာသုံးသပ်သူ များကလည်း ယူကရိန်းစစ်ပွဲတွင် အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများ၏ အရေးပါမှုကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ ရုရှားမြေမြှုပ်မိုင်းများသည် ယူကရိန်းနိုင်ငံ၏ တန်ပြန်ထိုးစစ်အား တားဆီးရာတွင် အရေးပါသည်ကို တွေ့ရှိခဲ့ရသည်။ မြေမြှုပ်မိုင်းများသည် အသုံးပြုရန် လွယ်ကူသော်လည်း ၎င်းတို့ကို ဖယ်ရှားရန် ခက်ခဲကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လတွင် ဖြစ်ပွားခဲ့သည့် ရုရှား ကျူးကျော်စစ်တွင် ယူကရိန်းနိုင်ငံသည် ၁၉၇၀ ပြည့်နှစ်များအတွင်း USSR မှ အသုံးပြု ခဲ့သည့် UMZ မိုင်းခင်းယာဉ်ဖြင့် ပထမဆုံးမြေမြှုပ်မိုင်းကွင်းများ ပြုလုပ်ခဲ့ပါသည်။ UMZ မိုင်းခင်းယာဉ်သည် ၁၅၀၀ x ၁၅၀ စကွဲမီတာ အကျယ်ရှိသော မြေမြှုပ် မိုင်းကွင်းများကို တစ်နာရီမှ နှစ်နာရီအတွင်း ဖန်တီးနိုင်ကာ ဤစနစ်သည် ကြာမြင့်ပြီ ဖြစ်သော်လည်း ရုရှားနိုင်ငံသည် ကောင်းစွာ ပြင်ဆင်ထားခြင်းမရှိသောကြောင့် ထိရောက်မှု ရှိခဲ့ပါသည်။ ယူကရိန်းမြေမြှုပ်မိုင်းများကြောင့် ရုရှားစစ်လက်နက်များ သိသိသာသာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်နေရသောကြောင့် စစ်ပွဲ၏အရှိန်ကို နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေခဲ့ပါသည်။
ယူကရိန်းစစ်တပ်သည် တိုက်ပွဲတွင် PFM-1 "Petal" မြေမြှုပ်မိုင်းများကို အသုံးပြုခဲ့ပါသည်။ ဤမိုင်းများသည် အခြားမြေမြှုပ်မိုင်းများနှင့် ကွဲပြားသောကြောင့် ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲစေပြီး အရပ်သားများအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ၂၀၂၃ ခုနှစ်၊ နွေရာသီတွင် ယူကရိန်းစစ်တပ်သည် NATO အဖွဲ့မှ သံချပ်ကာယာဉ်များကို အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လာသောအခါ ရုရှားတပ်ဖွဲ့များသည်လည်း မြေမြှုပ်မိုင်းများ တန်ပြန်အသုံးပြုလာကြပြီး အဆိုပါ ရုရှားမြေမြှုပ်မိုင်းများသည် ယူကရိန်းနိုင်ငံအား တိုက်ခိုက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ပါသည်။ ယူကရိန်းသံချပ်ကာယာဉ် များသည် မိုင်းကွင်းများတွင် မကြာခဏ ပိတ်မိကာ ရုရှားရဟတ်ယာဉ်များ၊ သို့မဟုတ် တင့်ဖျက်အဖွဲ့များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။ ထိုနည်းဗျူဟာများသည် ယူကရိန်း နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်စေခဲ့ပါသည်။ ရုရှားနိုင်ငံ၏ UMZ-K မိုင်းခင်းယာဉ် များသည် ယူကရိန်းနိုင်ငံ၏ UMZ မိုင်းခင်းယာဉ်များနှင့် ဆင်တူသော်လည်း ပို၍ အဆင့်မြင့်ပါသည်။ ဂြိုဟ်တုလမ်းညွှန်စနစ်ကို အလိုအလျောက်ထိန်းချုပ်မှုစနစ်နှင့် ချိတ်ဆက်ထားသောကြောင့် UMZ-K ယာဉ်၏ အမြန်နှုန်းနှင့် တိကျမှုကို တိုးမြှင့်ပေးနိုင်ပါသည်။ UMZ-K ယာဉ်သည် မိုင်းကွင်းတစ်ခုကို ၁၅ စက္ကန့်အတွင်း ပစ်လွှတ်ဖြန့်ခင်းနိုင်စွမ်း ရှိပြီး မိုင်းများတွင် အချိန်ကိုက်ဖောက်ခွဲနိုင်သည့် ကိရိယာများတပ်ဆင်ထားနိုင်ခြင်း၊ မိမိစစ်သည်များ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် ၎င်းတို့အား ပိတ်ပစ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ရုရှားနိုင်ငံသည် တာဝေးပစ်ဒုံးမိုင်းခင်းယာဉ်ကို အသုံးပြု၍ ၅ x ၁၅ စကွဲကီလိုမီတာ အကွာအဝေး မိုင်းကွင်းများ ပြုလုပ်ထားနိုင်ကြောင်း ဖော်ပြထားပါသည်။
ထိုင်ဝမ်ကျွန်းအရေးတွင်လည်း တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ မိုင်းခင်းယာဉ်များနှင့် ရင်ဆိုင်ရဖွယ်ရှိပါသည်။ ထို့ကြောင့် တရုတ်စစ်တပ်သည် NATO အဖွဲ့၏ မိုင်းခင်းယာဉ်စနစ်များအား အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံသည် ပိုလန်နိုင်ငံထုတ် အဆင့်မြင့်မိုင်းခင်းယာဉ်စနစ် တစ်ခုအား China National Defense သတင်းစာတွင် ဖော်ပြခဲ့ပြီး အဆိုပါစနစ်သည် ၉၀ x ၁၈၀၀ စကွဲမီတာရှိသော မိုင်းကွင်းအား ၂၂ မိနစ်အတွင်း ခင်းပေးနိုင်ပါသည်။ ထိုင်ဝမ်ကျွန်းသည်လည်း ယူကရိန်းစစ်ပွဲမှ သင်ခန်းစာများကို အသုံးချနိုင်ရန် လေ့လာနေပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် Northrop Grumman ကုမ္ပဏီမှ အမြန်မိုင်းခင်းယာဉ် များကို မှာယူခဲ့ပါသည်။ ဤယာဉ်များအား တန်ပြန်တိုက်ခိုက်ရန်အတွက် PLA သည် “လေးပစ်သူကို ဦးစွာနှိမ်နင်းခြင်း” Shoot The Archer ဗျူဟာ (မြေမြှုပ်မိုင်းများ ဖြန့်ခင်းမှု မပြုလုပ်နိုင်မီ မိုင်းခင်းယာဉ်များကို ဦးစွာဖျက်ဆီးသည့်ဗျူဟာ)ကို အသုံးချ လာနိုင်ပါသည်။ ဤသို့လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် ကျယ်ပြန့်နက်ရှိုင်းသည့် ထောက်လှမ်းရေးကွင်းဆက်များ လိုအပ်မည်ဖြစ်ပြီး ဒရုန်းဖြင့် ထောက်လှမ်း၍ အရည် အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံများ အသုံးချခြင်း၊ လူသားအေးဂျင့်များ အသုံးပြုခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်း၏ မိုင်းကွင်းများနှင့် မိုင်းခင်းကိရိယာ များကို အာရုံစိုက်နေပါသည်။ တရုတ်နိုင်ငံ၏ အားသာချက်မှာ ထိုင်ဝမ်ကျွန်းသည် လူနေထူထပ်ပြီး အရပ်သားများကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကျွန်းတစ်ခုလုံးတွင် မိုင်းများခင်းထားရန် ခက်ခဲနိုင်ပါသည်။ ထို့ပြင် PLA သည် မိုင်းရှာဖွေရေးနှင့် ရှင်းလင်းရေး အတွက် မိုင်းရှာတပ်ဖွဲ့များ စုစည်းတည်ဆောက်နေပြီး လုံလောက်သည့်ထောက်ပံ့မှုများ ပေးထားပါသည်။ တရုတ်နည်းဗျူဟာပညာရှင်များကလည်း ထိုင်ဝမ်ကျွန်းရှိ မိုင်းကွင်းများနှင့် ပတ်သက်၍ အလေးအနက်ထားလုပ်ဆောင်ရန် အကြံပြုထားသည်ဟု ဆိုပါသည်။
PLA သည် မိုင်းကွင်းများ ရှင်းလင်းရန်နှင့် မိုင်းရှင်းကိရိယာများကို အသုံးချ နိုင်ရန် ယူကရိန်းမိုင်းခင်းယာဉ်များနှင့် ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပါသည်။ ရုရှားမိုင်းရှင်းလင်းရေးလုပ်ဆောင်မှုကို အခြေခံ၍ မြေမြှုပ်မိုင်းရှင်းလင်းရေး အတွက် မောင်းသူမဲ့မိုင်းရှင်းယာဉ် ရှေ့ပြေးပုံစံကို တီထွင်ခဲ့ပုံရသည်။ အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းကို ကျူးကျော်ခဲ့ပါက PLA သည် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံ ကြုံတွေ့ခဲ့ရသည့် မိုင်းကွင်းများကြောင့် လူလက်နက်ဆုံးရှုံးမှု၊ တူးမြောင်း ကတုတ်ကျင်းများနှင့်ခံစစ်ဆင်မှုကို နည်းလမ်းမျိုးစုံဖြင့် ရှောင်ရှားနိုင်အောင်ကြိုးပမ်းမည် ဖြစ်သည်။ ထို့ကြောင့် PLA သည် ၎င်း၏တပ်ဖွဲ့များကို လျင်မြန်စွာရွှေ့ပြောင်း နိုင်ရန်နှင့် ကမ်းခြေများအနီးရှိ မိုင်းကွင်းများ၊ သို့မဟုတ် အတားအဆီးများကို ကျော်လွှား နိုင်ရန် ရဟတ်ယာဉ်များနှင့် လေကြောင်းချီစစ်ဆင်ရေးများ၏ အသုံးပြုနိုင်စွမ်းကို မြှင့်တင်ရန် အထူးကြိုးပမ်းအားထုတ်နေကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ရုရှား-ယူကရိန်း စစ်ပွဲမှ ရရှိသည့် သင်ခန်းစာများအပေါ်တွင် အခြေခံ၍ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ကျွန်းတို့အနေဖြင့် မြေမြှုပ်မိုင်းများအသုံးချမှု၊ မိုင်းကွင်းများ ပြုလုပ်ရန် ကြိုးပမ်းမှု၊ မိုင်းခင်းယာဉ်များ တီထွင်ထုတ်လုပ်မှု၊ မိုင်းရှင်းတပ်ဖွဲ့များနှင့် မိုင်းရှင်းလင်းရေးကိရိယာများအား အဆင့်မြှင့်တင်အသုံးချမှု ပြုလုပ်နိုင်မည့် အလားအလာကို အနောက်နိုင်ငံမှ ပညာရှင်များက ဆန်းစစ်လေ့လာသုံးသပ်မှု ပြုလုပ်လျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ရေလက်ကြားသို့ အမေရိကန် နိုင်ငံနှင့် အနောက်အုပ်စုရေယာဉ်များ ဝင်ရောက်မှုကို ဟန့်တားနိုင်ရန် ပင်လယ်ရေမြှုပ်မိုင်းများ အသုံးပြုရန် စဉ်းစားနေသကဲ့သို့ ထိုင်ဝမ်ကျွန်းအနေဖြင့်လည်း တရုတ်နိုင်ငံ၏ ကျူးကျော်မှုအား ရင်ဆိုင်ရမည်ဆိုပါက ရုရှား-ယူကရိန်းစစ်ပွဲတွင် နှစ်ဖက်အပြန်အလှန်အသုံးပြုခဲ့သည့် စွမ်းရည်မြင့် မိုင်းခင်းယာဉ်များအသုံးပြု၍ မိုင်းကွင်းများ တည်ဆောက်ရန် ပြင်ဆင် လျက်ရှိပါသည်။
ထိုသို့ မြေမြှုပ်မိုင်းကွင်းများ ခင်းမည့်ဗျူဟာသည် ထိုင်ဝမ်၏ “Porcupine Strategy” ဖြူကောင်မဟာဗျူဟာ (အကြားအလတ်မရှိ ခံစစ်ပြင်ဆင်ခြင်း)ကို အားဖြည့်ပေးနိုင်မည် ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ထိုင်ဝမ်ကျွန်း၏ လူဦးရေထူထပ်မှုကြောင့် ထိုသို့ ဆောင်ရွက်ရန် ကန့်သတ်ချက်များရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ထိုမိုင်းကွင်းများနှင့် မိုင်းရှင်းယာဉ်များကို ချေမှုန်းနိုင်ရန် “လေးပစ်သူကို ဦးစွာနှိမ်နင်းခြင်း”Shoot The Archer ဗျူဟာ (မြေမြှုပ်မိုင်းများဖြန့်ခင်းမှု မပြုလုပ်နိုင်မီ မိုင်းခင်းယာဉ် များကို ဦးစွာဖျက်ဆီးသည့်ဗျူဟာ)ကို စဉ်းစားနေပြီး ထိုမိုင်းကွင်းနှင့် အတားအဆီး များကို ကျော်လွှားနိုင်ရန် လေကြောင်းချီစစ်ဆင်ရေးနှင့် ရဟတ်ယာဉ်များ အသုံးပြုသည့်စစ်ဆင်ရေးများကို ဦးစားပေးလေ့ကျင့်လျက်ရှိပါသည်။ မြေမြှုပ်မိုင်း စစ်ဆင်ရေးကြောင့် ရုရှားနိုင်ငံမှတပ်ဖွဲ့များ ယူကရိန်းနိုင်ငံသို့ စတင်ဝင်ရောက်ချိန်တွင် များစွာ အထိနာခဲ့ရသကဲ့သို့ ယူကရိန်းနိုင်ငံ၏ တန်ပြန်ထိုးစစ်သည်လည်း ရုရှားနိုင်ငံ၏ စွမ်းဆောင်ရည်မြင့် မိုင်းခင်းယာဉ်များကြောင့် မအောင်မြင်ခဲ့ရခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။
တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲမှ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ရယူနေရုံမက ၎င်းတို့အကြားတွင် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲအတွက်လည်း သင်ခန်းစာဖော်ထုတ်၍ ပြင်ဆင်လျက်ရှိကြပါသည်။ ရုရှား-ယူကရိန်း စစ်ပွဲမှ အဓိကဖော်ထုတ်ရရှိချက်များတွင် တင့်ကားစစ်ဆင်ရေး၊ ရေယာဉ်ပစ်ဒုံးကျည်များ အသုံးပြုမှု၊ ဒရုန်းစစ်ဆင်ရေးများမှသည် ယခုအခါ စွမ်းရည်မြင့် မိုင်းခင်းယာဉ်များ အသုံးပြုသည့် မိုင်းစစ်ဆင်ရေးအထိ ပါဝင်နေပြီး ထိုအရာများသည် ခေတ်သစ်စစ်ဆင်ရေး (Modern Warfare)ကို အဓိက ပုံဖော်လာနိုင်သည့် အကြောင်းအရာများဖြစ်သည်ကို တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံသည် ရုရှား- ယူကရိန်းစစ်ပွဲအား တိုက်ရိုက်လေ့လာနေရုံမျှမက တရုတ်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲမှ မည်သည့်အကြောင်းအရာများအား သင်ယူနေသည်ကိုပါ ထပ်ဆင့်သုတေသနပြု ထောက်လှမ်းနေသည်ကို တွေ့ရှိရသောကြောင့် ၎င်းတို့၏ ထောက်လှမ်းရေးနှင့် သုတေသန အဖွဲ့အစည်းများ၏ အတိမ်အနက်မှာ အလွန်ကျယ်ပြန့်သည်ကို တွေ့ရမည်ဖြစ်သည်။
ရေရည်မျှော်တွေးသော နိုင်ငံတိုင်းသည် ယခုဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲမှ အသုံးပြုခဲ့သောစစ်ဆင်ရေးများ၊ တိုးတက်လာသည့် နည်းပညာများနှင့် အားနည်းချက်၊ အားသာချက်များကို သူ့နည်းသူ့ဟန်နှင့် ဖော်ထုတ်နေကြပြီး ခေတ်သစ်စစ်ပွဲများအတွက် ပြင်ဆင်နေကြခြင်းသည်ပင် ၎င်းတို့၏ ရေရှည်အတွက် အားသာချက်များဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
123061023

[1]။ Lyle Goldstein, Nathan Waechter,“Landmines in Ukraine: Lessons for China and Taiwan”. The Diplomat. 26 September 2023, [/https://thediplomat.com/.../landmines-in.../]

Wednesday, October 4, 2023

တရုတ်နိုင်ငံမှ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဈေးကွက်ချဲ့ထွင်လာနိုင်ခြင်းနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး လာပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသတွင်း အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ကြိုးပမ်းလာမှုနှင့် ရင်းနှီးမြှုပ်နှံရန် ဈေးကွက်ရှာဖွေရာတွင် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်နိုင်ငံသည် စီးပွားရေးပြန်လည်ထူထောင်ရာတွင် နှောင့်နှေးနေမှုနှင့် အခွင့်အလမ်းသစ်များမရှိခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် ရှာဖွေလျက်ရှိကြပါသည်။ ပုဂ္ဂလိကအစုရှယ်ယာရင်းနှီးမြှုပ်နှံသူများသည် အတိုးနှုန်းမြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကြီးမားလာခြင်းကြောင့် တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် စိုးရွံ့လျက်ရှိပြီး အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကြိုးပမ်းလာကြပါသည်။ သို့သော်လည်း ၎င်းတို့သည် ဈေးကွက်နှင့် ရင်းနှီးမှုမရှိသောကြောင့် စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားပါသည်။
ဟောင်ကောင်မြို့အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက် အရ လွန်ခဲ့သည့် ၆ လအတွင်း တရုတ်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများ ပြောင်းလဲခြင်း မရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်ချက်များ ပိုမိုများလာခဲ့ပါသည်။ ယခုအခါတွင် ၎င်း၏ရင်းနှီးမြှုပ်နှံသူများသည် လွန်ခဲ့သည့် ၁၀ နှစ်က တရုတ်နိုင်ငံနှင့် ပြုလုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များနှင့် ကိုက်ညီသည့် ဈေးကွက်မျိုးကို အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရှာဖွေလျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် ပထဝီဝင်နိုင်ငံရေးအရ ရိုက်ခတ်မှုမခံရခြင်းကြောင့် အားကောင်းလျက်ရှိသော်လည်း တရုတ်နိုင်ငံသည် ကျန်းမာရေးနှင့်ပတ်သက်သော စီးပွားရေးကဏ္ဍတွင်ပင် ဦးဆောင်နေရာ၌ မရှိဟု ဆိုပါသည်။ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသရှိ ကျန်းမာရေးနှင့်ပတ်သက်သော စီးပွားရေးကဏ္ဍ အကြီးဆုံး ဈေးကွက်အဖြစ် တရုတ်နိုင်ငံကို ကျော်တက်ခဲ့သည်ဟု Bain & Co. အတိုင်ပင်ခံကုမ္ပဏီက ဖော်ပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ကျန်းမာရေးနှင့် ပတ်သက်သော စီးပွားရေးကဏ္ဍသည် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံရရှိခဲ့ပြီး အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ ပိုမိုရရှိခဲ့ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှဒေသမှ ကုမ္ပဏီ များသည် ကနဦးတွင် တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စဉ်းစားခဲ့ကြ သော်လည်း ယခုအခါတွင် ပြည်တွင်းဈေးကွက်ကို ပိုမိုအာရုံစိုက်လာကြပါသည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများပင်လျှင် အရှေ့တောင်အာရှဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များအတွက် ယှဉ်ပြိုင်မှုတွင် ပါဝင်လာကြပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ခွဲရန် ကြိုးစားနေကြပါသည်။ သို့သော်လည်း တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများသည် အရှေ့တောင်အာရှဒေသနိုင်ငံများမှ စီပွားရေးဆိုင်ရာ အခင်းအကျင်းနှင့် ကိုက်ညီခြင်းမရှိနိုင်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။ အရှေ့တောင်အာရှနိုင်ငံများဈေးကွက်သည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဈေးကွက်နှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုဈေးကွက် ဖြစ်နေပါသည်။
အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံတွင် ဒေါ်လာသန်းပေါင်းအမြောက်အမြား ရင်းနှီးမြှုပ်နှံရန်မှာခက်ခဲသည်ဟု ဟောင်ကောင်မြို့အခြေစိုက် အကြံပေးနှင့်အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုမှ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံမှု ပြုလုပ် နေသူများအနေဖြင့် ၎င်းတို့အတွေ့အကြုံမရှိသော ဈေးကွက်များသို့ ဝင်ရောက်ခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ဒေသတွင်းဈေးကွက်တွင် ၎င်းတို့၏ခိုင်မာမှုကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကြီးမားပြီး ဒေသခံစီးပွားရေးလုပ်ငန်းများနှင့် မပူးပေါင်းဘဲ တစ်ဦးတည်းဆောင်ရွက်နိုင်ရန် ခက်ခဲသည်ဟု ကမ္ဘာလုံးဆိုင်ရာ အာရှဒေသရင်းနှီး မြှုပ်နှံမှုဘဏ်လုပ်ငန်းအကြံပေးအဖွဲ့ BDA Partners မှ ပြောကြားခဲ့ပါသည်။
နိုင်ငံများတွင် ကွဲပြားခြားနားသည့် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှိပြီး ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို စုံစမ်းစစ်ဆေးရန် ခက်ခဲပါသည်။ ဗီယက်နမ်ကုမ္ပဏီများသည် ၎င်းတို့လိုလားသည့် အချက်အလက်များ ကိုသာ ရွေးချယ်မှတ်တမ်းထိန်းသိမ်းခြင်း ပြုလုပ်ကြသောကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာမှုနည်းပါသည်။ အင်ဒိုနီးရှားဘဏ္ဍာရေး နည်းပညာနှင့် E-commerce ကဏ္ဍများကို အဓိကလုပ်ကိုင်သည့် Silverhorn ကုမ္ပဏီသည် ၂၀၂၃ ခုနှစ် အတွင်း တရုတ်ဈေးကွက်အား လေ့လာရန် အမှုဆောင်အရာရှိများကို စေလွှတ်ခဲ့ပါသည်။ Silverhorn ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မူလစီစဉ်ထားသည့် ငွေအချို့ကို အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုက်ပြီး ၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို လွန်ခဲ့သောနှစ် အနည်းငယ်က ၈၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါသည်။ ထို့နောက် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်းခန့်ရှိပြီး အိန္ဒိယနိုင်ငံတွင် ၅ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံတွင် ၁၅ ရာခိုင်နှုန်းရှိပါသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော ဈေးကွက်စနစ်သည် ရှယ်ယာဝယ်ယူရန် အကန့်အသတ်ရှိနေဆဲဖြစ်သည်ဟု ၎င်းကုမ္ပဏီက ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား နိုင်ငံသည် ယခုနှစ်တွင် မြင့်တက်လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အကြီးဆုံးစတော့ရှယ်ယာဈေးကွက်ဖြစ်လာပါသည်။ သို့သော်လည်း အဆိုပါငွေအများစုသည် အင်ဒိုနီးရှားနိုင်ငံ ပြည်တွင်းစွမ်းအင်နှင့် သတ္တုတူးဖော်ရေး ဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြခြင်းသာဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း တည်ထောင်စရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံငွေများပြန်လည်ထုတ်ယူမည် ဆိုပါက အခွင့်အလမ်းနည်းနိုင်ကြောင်း ဖော်ပြထားပါသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အင်ဒိုနီးရှားနိုင်ငံရှိ အချို့သော E-commerce ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများသည် အလွန်ရေပန်းစားခဲ့သော်လည်း ဒေသတွင်းရှိ လူအများအပြားသည် အွန်လိုင်းအစား စတိုးဆိုင်များတွင် ကိုယ်တိုင် ဈေးဝယ်ခြင်းကို နှစ်သက်ကြသောကြောင့် အဆိုပါလမ်းကြောင်းများသည် နှောင့်နှေး သွားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ နီးကပ် လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စျေးကွက်တွင် ရေရှည်ကတိကဝတ်များ ပြုလုပ်ရန် တုံ့ဆိုင်းလျက်ရှိပါသည်။ အာရှဒေသအတွင်း စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်နိုင်ငံတွင်းဖြစ်စေ၊ အခြားနိုင်ငံများတွင်ဖြစ်စေ ပထဝီဝင်နိုင်ငံရေး၏ သက်ရောက်မှုခံရလျက်ရှိပါသည်။ AI နည်းပညာကဲ့သို့သော နယ်ပယ်များတွင် တရုတ်နိုင်ငံရှိ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်နိုင်ငံက ကန့်သတ်ထားရှိပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်ရင်းနှီးမြှုပ်နှံမှုတွင်မဆို ထိခိုက်နစ်နာမှုများကို လျှော့ချ နိုင်မည့်နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံသည် အာရှ၏အကြီးဆုံး စီးပွားရေးဈေးကွက်ဖြစ်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံအတွင်း ယခင်ကကဲ့သို့ လွတ်လပ်စွာ ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် ခက်ခဲလာကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍသည် အနောက်အုပ်စု၏ ကန့်သတ်ပိတ်ဆို့မှု များကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသအတွင်း အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ကြိုးပမ်းလာကြပြီး အဓိကအားဖြင့် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံရန် ကြိုးပမ်း လာကြပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် အရှေ့တောင်အာရှဒေသတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် သင့်တော်သည့်နိုင်ငံများကို ရှာဖွေလာကြသော်လည်း တရုတ်နိုင်ငံ ကဲ့သို့ ကြီးမားသည့်ဈေးကွက်ကို ဖော်ဆောင်နိုင်မှုမရှိခြင်း၊ ဥပဒေကန့်သတ်ချက်များခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းများကြောင့့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
နိုင်ငံတစ်ခုတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စဉ်းစားခြင်း၌ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအနေဖြင့် Due Diligence ဟု ခေါ်သော ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်မည့် နည်းလမ်းများကို စတင်စဉ်းစားပြီး ၎င်းတို့အတွက် အကျိုးအမြတ် ရှိနိုင်မည့် ကဏ္ဍများကို ရှာဖွေရင်းနှီးမြှုပ်နှံကြခြင်းပင် ဖြစ်ပါသည်။ သို့သော်လည်း သက်ဆိုင်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ မူပိုင်ခွင့်ဥပဒေများ၊ အခွန်ဥပဒေများပြဋ္ဌာန်း၍ မိမိတို့၏အမျိုးသားစီးပွားရေးအင်အားစုများနှင့် လုပ်ငန်း များကို ကာကွယ်နေကြသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်နိုင်ငံအား စွန့်ခွာပြီး ကျန်ဒေသများတွင် ခြေစုံပစ်၍ ရင်းနှီးမြှုပ်နှံရန်လည်း မဖြစ်နိုင်သေးသည့် အခြေအနေဖြစ်နေပါသည်။
ယခုအခါ တရုတ်နိုင်ငံအား အဘက်ဘက်မှ ပိတ်ဆို့နေသည့် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာကြောင့် တရုတ်နိုင်ငံအတွင်းမှ စီးပွားရေးလုပ်ငန်းများသာမက မည်သည့်ဒေသမှ စီးပွားရေးလုပ်ငန်းမဆို အခက်အခဲအနည်းနှင့်အများ ရင်ဆိုင်နေရသည်သာဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံကို စွန့်ခွာလိုသည့် ရင်းနှီးမြှုပ်နှံသူများ ထည့်သွင်းစဉ်းစားနေရသည့်အချက် ဖြစ်လာပါသည်။ သို့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ၎င်းတို့အတွက် အကျိုးအမြတ်ရှိပြီး ကြိုးနီစနစ်နည်းပါးသည့် စီးပွားရေးပတ်ဝန်းကျင်များကိုသာ အဓိက အာရုံစိုက်ရှာဖွေကြမည်သာဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့အကြီးမားဆုံး ဈေးကွက်ကြီးနှစ်ခုဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိနေသော မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းစီးပွားရေး လုပ်ငန်းများအတွက် လုပ်ခလစာသက်သာမှု၊ လုပ်ငန်းမြေနေရာနှင့် အဆောက်အအုံ ဈေးသက်သာမှုနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် ရေရှည်အာမခံချက်ရှိမှုများကို ဖန်တီးပေးထားနိုင်ပြီး နိုင်ငံရေးတည်ငြိမ်သည့်ကာလတစ်ခုသို့ ရောက်ရှိလာမည်ဆိုပါက နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများအတွက် မျက်စိကျဖွယ်ရာနိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
122051023

[1]။ Echo Wong,“China Jitters Turn Private Equity Investors Toward India, Indonesia”. Nikkei Asia. 28 September 2023, [/https://asia.nikkei.com/.../China-jitters-turn-private...

Tuesday, October 3, 2023

တရုတ်နိုင်ငံ၏ စိန်ခေါ်မှုကို တုံ့ပြန်ရာတွင် အမေရိကန်လွှတ်တော်၏ အခန်းကဏ္ဍ၊ လက်ရှိလွှတ်တော်တွင်း အကွဲအပြဲများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အမေရိကန်လွှတ်တော်၏ အခန်းကဏ္ဍနှင့် ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သော်လည်း အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် အစိုးရအပေါ် ရီပတ်ဘလီကန် ကြီးစိုးသည့် လွှတ်တော်မှ ဝေဖန်နေမှုများက တရုတ်နိုင်ငံဆိုင်ရာမူဝါဒများအပေါ် သက်ရောက်လာနိုင်မှု ရှိ/မရှိနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
တွေ့ရှိချက်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သော ၆ နှစ်မှစ၍ ဆက်ဆံရေး တင်းမာနေခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အရေးကြီးသည့် အားနည်းချက်များကို ထုတ်ဖော်ဖြေရှင်းခဲ့သည်မှာ ၂ နှစ်ကျော်သာရှိပါသေးသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်လ်ထရန့်သည် တရုတ်နိုင်ငံအရေးနှင့် ပတ်သက်၍ ခန့်မှန်းရန် ခက်ခဲသည့် ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်း တရုတ် နိုင်ငံ၏ ခြိမ်းခြောက်မှုကို ပေါ့ပေါ့ဆဆကိုင်တွယ်လျက်ရှိပါသည်။ ထို့ကြောင့် လူထုအမြင်၊ မီဒီယာ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများသည်လည်း တရုတ်နိုင်ငံ၏ အန္တရာယ် ကြီးမားမှုကို နားလည်သဘောပေါက်မှုနည်းခဲ့ပါသည်။ သို့သော်လည်း အမေရိကန် လွှတ်တော်ရှိ ဒီမိုကရက်များနှင့် ရီပတ်ဘလီကန် ပါတီ ၂ ခုစလုံးမှ အမတ်အများစုအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအား အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည့် ထရန့်အစိုးရ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ထောက်ခံခဲ့ကြပါသည်။ ဥပဒေပြုအမတ်များသည် ထရန့်အစိုးရလက်ထက်တွင်သာမက ယခုဘိုင်ဒင်အစိုးရလက်ထက်တွင်လည်း တရုတ်နိုင်ငံမှ စိန်ခေါ်မှုများကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အဓိက ကဏ္ဍကြီး ၃ ရပ်မှာ လုံခြုံရေး၊ စီးပွားရေးနှင့် ပြည်တွင်း/ပြည်ပအုပ်ချုပ်ရေးကဏ္ဍတို့ ဖြစ်ပါသည်။ ပထမအချက်မှာ တရုတ်နိုင်ငံသည် အာရှဒေသအတွင်း အမေရိကန် နိုင်ငံ၏ ပါဝါနှင့် ဩဇာလွှမ်းမိုးမှု ကျဆင်းစေရန်နှင့် ၎င်းကိုယ်တိုင် လွှမ်းမိုးမှုပြုလုပ် နိုင်ရန် ကြိုးပမ်းနေသည့်အချက်ဖြစ်ပြီး ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် နိုင်ငံတော် လုံခြုံရေးအတွက်အရေးပါသည့် ခေတ်မီနည်းပညာနှင့် စီးပွားရေးလုပ်ငန်းများအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။ ထိုသို့တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ကာကွယ်နိုင်ရန် အမေရိကန်လွှတ်တော်အတွင်းရှိ ပါတီ ၂ ခုစလုံးသာမကဘဲ အစိုးရ အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရန်လိုအပ်ပါသည်။ ထိုသို့ ပြည်တွင်း၌ စည်းလုံး ညီညွတ်မှုသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်များဖြစ်သော ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပအင်အားကြီးနိုင်ငံများ၊ NATO အဖွဲ့၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နိုင်ငံနှင့် တောင်ပစိဖိတ်ဒေသတို့အတွက်လည်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအား ပူးပေါင်းတုံ့ပြန်ရန် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအား ဖြစ်စေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်လွှတ်တော်ရှိ ပါတီနှစ်ခုမှ ပါတီဝင်အများစုသည် ပါတီနိုင်ငံရေး၊ လူထုနှင့် မီဒီယာစိတ်ဝင်စားမှု၊ အကျိုးအမြတ်များမပါဝင်ဘဲ တရုတ်နိုင်ငံအား ဆန့်ကျင်ရန် ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်ခဲ့ကြပါသည်။ ယခင်ကလွှတ်တော်အတွင်း တက်ကြွသူများ အနေဖြင့် ပါတီနိုင်ငံရေး၊ လူထုထောက်ခံမှု၊ အကျိုးအမြတ်နှင့် အစိုးရမူဝါဒကို ဝေဖန်ရန် အတွက်သာ လုပ်ဆောင်ခဲ့ခြင်းများရှိသော်လည်း တရုတ်နိုင်ငံနှင့်ပတ်သက်၍မူ အဖွဲ့လိုက် သော်လည်းကောင်း၊ တစ်ဦးချင်းစီလိုက်သော်လည်းကောင်း​ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ သမိုင်းကြောင်းအရ လွှတ်တော်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်သည် ပြောင်းလွယ်ပြင်လွယ်ရန်ခက်ခဲခြင်းကြောင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် မူဝါဒများသည်လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပါသည်။ ၂ဝ၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေးဥပဒေ(National Defense Authorization Act -NDAA)ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် အတည်ပြု၍ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းသည် ထိုနှစ်၏ အရေးကြီးဆုံးနိုင်ငံခြားရေးမူဝါဒဖြစ်ကာ နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံမူဝါဒနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ အရေးကြီးဆုံးသော ဥပဒေလည်းဖြစ်ပြီးတရုတ်နိုင်ငံအား ပစ်မှတ်ထားသည့် အမေရိကန်အစိုးရ၏ ကျယ်ပြန့်သည့် မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထိုအချိန်က အမေရိကန်နိုင်ငံသမ္မတဟောင်း ထရန့်သည် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို နားလည်သော်လည်း တစ်ဖက်တွင် ကုန်သွယ်ရေးအကျိုးစီးပွားများ ကိုလည်း ရယူလိုနေခဲ့ပါသည်။ ယခုသမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ဒီမိုကရက်ပါတီမှ သမ္မတလောင်းများ၊ မဲဆွယ်စည်းရုံးရေးအကြံပေး Jake Sullivan တို့သည် တရုတ်နိုင်ငံ၏ အန္တရာယ်ကို လျှော့ပေါ့၍ ဖော်ပြနေကြပါသည်။ ထို့ကြောင့် အမေရိကန်လွှတ်တော် အနေဖြင့် တရုတ်နိုင်ငံ၏ ကြီးထွားလာသောခြိမ်းခြောက်မှုများကို ဖြေရှင်းရန်အတွက် တင်းကျပ်သည့် ဥပဒေများပြဋ္ဌာန်းခြင်းနှင့် ပါတီနှစ်ခုပူးပေါင်း၍ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆိုးရွားလာခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလတွင် အမေရိကန်သမ္မတဟောင်း ထရန့်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး သဘောတရားများ ပြင်းထန်လာခဲ့ပါသည်။ ဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံအပေါ် တင်းမာစွာဆန့်ကျင်တုံ့ပြန် လာခဲ့သလို အမေရိကန်လွှတ်တော်အနေဖြင့် ဥပဒေ ၄၀၀ နီးပါးရေးဆွဲ၍ တရုတ်နိုင်ငံ၏ အန္တရာယ်နှင့် စိန်ခေါ်မှုကို မီဒီယာနှင့် လူထုသဘောထားများတွင် ထင်ဟပ်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အမေရိကန်လွှတ်တော်၏ သဘောထားနှင့် ပိုမို ကိုက်ညီမှုရှိစေရန် ၎င်းတို့၏အမြင်များကို ပြောင်းလဲခဲ့ပါသည်။ ဘိုင်ဒင်အနေဖြင့် နှစ်ပါတီပူးတွဲဆောင်ရွက်မည့် အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေအတွက် ဒေါ်လာ ၁.၂ ထရီလီယံ ထောက်ပံ့ပေးခဲ့ပြီး စတုတ္ထမြောက်စက်မှုတော်လှန်ရေးကို လွှမ်းမိုးရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို အနိုင်ပေးမည်မဟုတ်ဟု ပြောကြား ခဲ့ပါသည်။ အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းနှင့် တရုတ်နိုင်ငံ၊ Xinjiang မြို့မှ အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းမှုကို တားမြစ်သည့် ဥပဒေကြမ်းတို့ တင်သွင်းရာတွင် လွှတ်တော်အတွင်း ပါတီနှစ်ခုစလုံး၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုအား အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ဝေဖန်ခြင်း၊ ရှုတ်ချခြင်းများက တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တင်းမာမှုကို ခိုင်မာစေ ခဲ့ပါသည်။ ထို့ကြောင့် ဥရောပနှင့် အာရှမဟာမိတ်များအား တရုတ်နှင့် ရုရှားနိုင်ငံ တို့၏ အန္တရာယ်များကို ဆန့်ကျင်ရန် အမေရိကန်နိုင်ငံအစိုးရနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်စေခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီသည် ထိုင်ဝမ်သို့ သွားရောက်ခြင်းတွင်လည်း လွှတ်တော်အနေဖြင့် တရုတ်နိုင်ငံအား ဆန့်ကျင်သည့်မူဝါဒအပေါ် ပြတ်သားစွာရပ်တည်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်လွှတ်တော်နှင့် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများသည် သိသိသာသာ တိုးမြင့်လာခဲ့ပြီး အဆင့်မြင့်နည်းပညာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် အမေရိကန်ဒေါ်လာထရီလီယံတစ်ဝက်ကျော် သုံးစွဲခဲ့ပြီး Chips and Science Act နှင့် The Inflation Reduction Act of 2022 ကို ရေးဆွဲနိုင် ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာ Chip နည်းပညာများ တင်ပို့မှုအား ပိတ်ပင်ခဲ့ပြီး ဩဂုတ်လတွင် လွှတ်တော်၏ သဘောထားနှင့်ကိုက်ညီသည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ရန် အဆိုပြုခဲ့ကြပါသည်။ အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့သည် လွှတ်တော်၏ထောက်ခံမှုဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ဆန့်ကျင်ရန်အတွက် NATO အဖွဲ့အား အင်အားတောင့်တင်းမှု ရှိစေရန် ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းတို့သည် NATO အဖွဲ့အား ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများသာမက အခြားအာရှ-ပစိဖိတ် အင်အားကြီးနိုင်ငံများ နှင့်လည်း ချိတ်ဆက်ပေးထားပါသည်။ တောင်တရုတ်ပင်လယ်ဆိုင်ရာအငြင်းပွားမှုနှင့် ထိုင်ဝမ်ကျွန်းအရေးတို့သာမက အာရှဒေသလုံခြုံရေး၊ အဆင့်မြင့်နည်းပညာနှင့် Supply Chain အကျိုးစီးပွားများအပေါ် တရုတ်နိုင်ငံ၏ သက်ရောက်လာမှုကို ဥရောပအင်အားကြီး နိုင်ငံများအနေဖြင့် စိုးရိမ်နေကြပြီး G-7 အဖွဲ့တွင် အိန္ဒိယနိုင်ငံ ပါဝင်လာခြင်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ပျက်ပြားစေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင် လက်ထက်တွင် တရုတ်နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်၍ ဥရောပ-အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းမှုများကြီးထွားလာပြီး ဖိလစ်ပိုင်၊တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန်ကြိုးပမ်းလာကြပါသည်။ ထိုဒေသနှင့် သမားရိုးကျ ကုန်သွယ်မှု သဘောတူညီချက်များမရှိခဲ့ခြင်းက တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံစျေးကွက်များသို့ ပိုမိုဝင်ရောက်ခွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှလွဲ၍ အာရှ၏ အရေးကြီးဆုံးသော စီးပွားရေးနိုင်ငံများပါဝင်သော အင်ဒို-ပစိဖိတ် စီးပွားရေး မူဝါဒမူဘောင်အောက်တွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အဆင့်မြင့်နည်းပညာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသုံးစရိတ်များနှင့် အခြားအစီအမံများကို ရေးဆွဲ၍ မဟာမိတ်များနှင့် မိတ်ဖက်များကို နေရာချပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
အထက်လွှတ်တော်ခေါင်းဆောင် Charles Schumer ၏ ကြေညာချက်တွင် တရုတ်နိုင်ငံမှ မိုးပျံပူပေါင်းများဖြင့် အမေရိကန်နိုင်ငံအခြေစိုက်စခန်းများကို လျှို့ဝှက် စောင့်ကြည့်ခြင်း၊ TikTok မှတစ်ဆင့် အမေရိကန်နိုင်ငံသားတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း၊ Microsoft ၏ ကာကွယ်ထားသော စနစ်များနှင့် US Cabinet အဖွဲ့ဝင်များ၏ အီးမေးလ်များကို တရုတ်ဟက်ကာများက ထိုးဖောက် ဝင်ရောက်ခြင်းနှင့် Meta ကုမ္ပဏီ၏ အကြီးမားဆုံးသြဇာလွှမ်းမိုးမှုလုပ်ငန်း၏ လျှို့ဝှက်ချက် များအား ထုတ်ဖော်ခြင်းတို့ကို တရုတ်နိုင်ငံက လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်လွှတ်တော်သည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး အထက်ပါကိစ္စရပ်များအပေါ် အထူးအာရုံစိုက်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။
သို့သော်လည်း ရီပတ်ဘလီကန်များ ထိန်းချုပ်ထားသော အောက်လွှတ်တော် အနေဖြင့် ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်၏ မူဝါဒများကို ဝေဖန်ရာတွင် ပါတီစွဲဖြင့်ဆောင်ရွက်လာနိုင်သောကြောင့် လွှတ်တော်အတွင်း ယခင်ကကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုရရှိရန်မှာ မသေချာတော့ဟု ဆိုသည်။ ဘိုင်ဒင်အစိုးရ၏ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ၊ တရုတ်နိုင်ငံခေါင်းဆောင်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိနေခြင်းများကို လွှတ်တော်ရှိ ရီပတ်ဘလီကန်အချို့နှင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် သမ္မတလောင်းများက ဝေဖန်ခဲ့ကြပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တင်းမာမှု ကြီးထွားလာသော်လည်း ၎င်းတို့သည် တင်းမာမှုများ လျှော့ချရန်အတွက် နှစ်ဖက်ဆွေးနွေးရန် စိတ်ဝင်စားခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးမှုများက ကြီးမားသော စစ်ရေးပဋိပက္ခများကို ရှောင်ရှားနိုင်လျှင်သော်မှ နှစ်နိုင်ငံအကြားပြိုင်ဆိုင်မှုများ ဆက်လက် ဖြစ်ပွားနေမည်သာဖြစ်ပါသည်။ ထို့ကြောင့် ဤအခြေအနေသည် အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်တို့အကြားဖြစ်ပွားခဲ့သည့် စစ်အေးကာလပုံစံနှင့် အလားသဏ္ဌာန်တူကြောင်း ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးသည် အမေရိကန်နိုင်ငံလွှတ်တော်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး ဆောင်ရွက်ချက်များအား ဂုဏ်တင်၍ ရေးသားထားခြင်းဖြစ်ပြီး ယခုအခါ ရွေးကောက်ပွဲ နီးကပ်လာခြင်း၊ ရီပတ်ဘလီကန်အမတ်များနှင့် သမ္မတလောင်းများက ဂျိုးဘိုင်ဒန် အစိုးရ၏ တရုတ်နိုင်ငံမူဝါဒများနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်လာခြင်းကြောင့်ယခင်ကရှိခဲ့သော ပူးပေါင်းဆောင်ရွက်မှုများ၊ စည်းလုံးညီညွတ်မှုများကို ပြန်လည် ဖော်ထုတ်၍ ရေးသားထားခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအရ အစိုးရ၏ အခွင့်အာဏာနှင့် လွှတ်တော်၏ အခွင့် အာဏာတို့ကို စနစ်တကျသတ်မှတ်ထားပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခု Check and Balance လုပ်ထားနိုင်မှု ထိရောက်ကြောင်းကို တွေ့ရှိရပါသည်။ အမေရိကန်လွှတ်တော်အနေဖြင့် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်လာပါက ရီပတ်ဘလီကန်၊ ဒီမိုကရက် မခွဲခြားဘဲ ပူးပေါင်း၍ အလုပ် လုပ်နိုင်ခဲ့ပြီး အစိုးရ၏ လွဲချော်နေသော မူဝါဒများကို တည့်မတ်ပေးခြင်း၊ မှန်ကန်သောမူဝါဒများကို အားဖြည့်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် Bipartisan Politics ဟူသော အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် သုံးနှုန်းသည့် အမျိုးသားနိုင်ငံရေး(National Politics)ဟူသော အသုံးအနှုန်းနှင့် အနှစ်သာရ၊ အဓိပ္ပာယ်ဆင်တူနေသည်ကို တွေ့ရှိရပါသည်။
ဆိုလိုရင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဘက်မခွဲသောနိုင်ငံရေး(Bipartisan Politics)ပေါ်တွင် ရပ်တည်၍ လွှတ်တော်အတွင်းပါတီများသာမက အစိုးရများနှင့်ပါ ပူးပေါင်းအလုပ် လုပ်နိုင်ခဲ့သော်လည်း ယခုအခါ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲ ပြန်လည်နီးကပ်လာသဖြင့် ပါတီနိုင်ငံရေးအားပြိုင်မှုများ၊ အစိုးရအပေါ်ဝေဖန်မှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ဆောင်းပါးထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင်လည်း လွှတ်တော်အတွင်းသဘောထားကွဲလွဲမှုများကြောင့် အစိုးရဘတ်ဂျက်အတည်မပြုနိုင်သေးဘဲ အစိုးရဌာနများ ရပ်ဆိုင်းရမည့်အခြေအနေနှင့်ကြုံတွေ့နေရပြီး ရီပါဘလစ်ကန်အမတ် Kevin McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ မဲပေးထုတ်ပယ်ခဲ့ကြပါသည်။ ထိုထုတ်ပယ်မှုကို အစွန်းရောက်ရှေးရိုးစွဲ Matt Gaetz အုပ်စုမှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရဘတ်ဂျက်ကိုအတည်ပြုနိုင်ရန် ဒီမိုကရက်များနှင့် ညှိနှိုင်းခဲ့ခြင်းကြောင့်ဟု ဆိုပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ရီပါဘလစ်ကန်နှင့် ဒီမိုကရက်တို့၏ အကွဲအပြဲမှသည် ရီပါဘလစ်ကန်များအကြား အကွဲအပြဲအထိရောက်လာပြီး ဖြစ်လာနိုင်ချေများကို ခန့်မှန်းမရသည့်အနေအထားတွင်ရှိနေပါသည်။
လတ်တလော အမေရိကန်နိုင်ငံတွင် ချို့ယွင်းချက်များ ရှိနေသည့်တိုင် တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့သည့် မူဝါဒတွင် အဖွဲ့အစည်းအားလုံးမှ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရှိခဲ့သည်ဟု ဆိုရပါမည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အားပြိုင်မှုသည် ဒုတိယစစ်အေးကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကြားခံစစ်ပွဲများ၊အုပ်စုဖွဲ့မှုများ၊ စစ်လက်နက်၊ စီးပွားရေး၊ နည်းပညာအားပြိုင်မှုများ ကဏ္ဍပေါင်းစုံ၌ မြင့်တက်လာမည်သာဖြစ်ခြင်းကြောင့် နိုင်ငံငယ်များအနေဖြင့် ၎င်းတို့အကြား ဓားစာခံမဖြစ်ရေးသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
121041023

[1]။ Robert Sutter,“US Congress’ Role in Countering the China Challenge”. The Diplomat. 23 September 2023, [ /https:// thediplomat.com/ 2023/09/ us-congress-role-in-countering-the-china-challenge/]

Monday, October 2, 2023

မဏိပူရနယ်စပ်အရေးအား အကြောင်းပြ၍ အိန္ဒိယသောင်းကျန်းသူများ၏ ပုန်ကန်ထကြွရန် ကြိုးပမ်းနေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသောင်းကျန်းသူအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပုန်ကန်ထကြွရန် နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုအား ထုတ်ဖော်ခဲ့ပြီး ၎င်းနှင့်စပ်လျဉ်း၍ စစ်သွေးကြွ တော်လှန်ရေးလှုပ်ရှားသူဟောင်း Moirangthem Anand Singh နှင့် အပေါင်းအပါ ၄ ဦးကို ဖမ်းဆီးခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးမငြိမ်သက်မှုများအား အသုံးချကာ အိန္ဒိယနိုင်ငံကို ပုန်ကန်ထကြွရန် မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယသောင်းကျန်းသူ အဖွဲ့ဦးဆောင်သည့် နိုင်ငံဖြတ်ကျော်ပူးပေါင်းကြံစည်မှုပြုလုပ်နေသည်ဟု အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (National Investigation Agency -NIA) က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ NIA ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် အသက် ၄၅ နှစ်အရွယ်ရှိ လေ့ကျင့်သင်ကြားထားသော စစ်သွေးကြွတော်လှန်ရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် Moirangthem Anand Singh အား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပါသည်။ NIA တရားရုံးက ၎င်းနှင့် အခြား ၄ ဦးကို မဏိပူရ ရဲတပ်ဖွဲ့၏ ရဲယူနီဖောင်းကို အလွဲသုံးစားမှု၊ အယောင်ဆောင်မှုနှင့် လက်နက်များ လက်ဝယ် ထားရှိမှုတို့ဖြင့် တရားစွဲဆိုပြီးနောက် မကြာမီတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး ခဲ့ကြောင်း ဖော်ပြထားပါသည်။
 Singh နှင့်အတူ အခြား ၄ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် Imphal ချိုင့်ဝှမ်းတွင် ဆန္ဒပြမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ပါသည်။ ၎င်းတို့သည် ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်းများသာဖြစ်သည်ဟု အခိုင်အမာပြောဆိုကာ ဆန္ဒပြသူများသည် Imphal ချိုင့်ဝှမ်းအား ပိတ်ဆို့၍ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၄၈ နာရီကြာ သပိတ်မှောက်ခဲ့ကြပါသည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဆန္ဒပြသည့် လူအုပ်ကြီးသည် Singh နှင့်အတူ အခြား ၄ ဦးကို ခြွင်းချက်မရှိ လွှတ်ပေးရန်တောင်းဆိုခဲ့ပြီး ရဲစခန်းနှင့် တရားရုံးသို့ အတင်းအကျပ် ဝင်ရောက်ရန်ပင် ကြိုးစားခဲ့ကြပါသည်။ Singh သည် ပိတ်ပင်ခံထားရသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ တော်လှန်ရေး လှုပ်ရှားသူဟောင်းတစ်ဦးဖြစ်ပြီး (၆)ကြိမ်တိုင် (၁၉၉၇ ခုနှစ်၊ ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ နှစ်များတွင်) ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။ နောက်ပိုင်းတွင် Singh သည် Kangleipak ​​ကွန်မြူနစ်ပါတီ(Noyon) အဖွဲ့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အစိုးရရုံးတစ်ခုမှ ငွေညှစ်သည်ဟု စွပ်စွဲကာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး National Security ဥပဒေဖြင့် ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြ ထားပါသည်။
NIA ၏ ဩဂုတ်လ ၁၆ ရက်နေ့ ပြောကြားချက်အရ Singh ကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေးမငြိမ်သက်မှုများကို အသုံးချပြီး အိန္ဒိယအစိုးရအား ပုန်ကန်ထကြွရန် မြန်မာနိုင်ငံကို အခြေပြုသည့် နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါအမှုကို ဇူလိုင် ၁၉ ရက်နေ့က နယူးဒေလီမြို့တွင် NIA မှ ၎င်း၏ ကိုယ်ပိုင် အဆိုပြုချက်ဖြင့် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပါသည်။ Singh ကို စနေနေ့တွင် နယူးဒေလီရှိ တရားရုံးရှေ့မှောက်တွင် ရုံးထုတ်ခဲ့ပြီး ငါးရက်ကြာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း၍ ရမန်ယူခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလူမျိုးစုများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အင်အားတိုးမြင့်လာစေရန် မြန်မာနိုင်ငံအခြေစိုက် သောင်းကျန်းသူ အဖွဲ့၏ ခေါင်းဆောင်များသည် မြေပြင်ထောက်ပံ့ရေးအလုပ်သမားများ၊ တော်လှန်ရေး လှုပ်ရှားသူများနှင့် ထောက်ခံသူများအား ခေါ်ယူစုဆောင်းနေသည်ကို စုံစမ်းစစ်ဆေး သိရှိရသည်ဟု အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များသည် အစိုးရအဆောက်အအုံများနှင့် အရင်းအမြစ်များမှ ခိုးယူခြင်း၊ လုယက်ခြင်းအပါအဝင် ဥပဒေမဲ့နည်းလမ်းများဖြင့် လက်နက်များ၊ ခဲယမ်းမီးကျောက် များနှင့် ဖောက်ခွဲရေးပစ္စည်းများ စုဆောင်းနေကြောင်း ဖော်ပြထားပါသည်။
 အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ အရှေ့မြောက်ဒေသရှိ သောင်းကျန်းသူများ စာရင်းတွင် မဏိပူရပြည်နယ်မှ အဓိကသောင်းကျန်းသူအဖွဲ့အစည်း ၈ ခုကို စာရင်း ပြုစုထားပါသည်။ ၎င်းတို့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ၎င်း၏ နိုင်ငံရေးဝါဒီတော်လှန်ရေးပြည်သူ့တပ်ဦး(RPF)၊ ညီညွတ်သောအမျိုးသားလွတ်မြောက်ရေး တပ်ဦး(UNLF)နှင့် ၎င်း၏ လက်နက်ကိုင်မဏိပူရပြည်သူ့တပ်မတော်(MPA)၊ Kangleipak ပြည်သူ့တော်လှန်ရေးပါတီ(PREPAK)နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ Red Army ၊ Kangleipak ကွန်မြူနစ်ပါတီ(KCP)နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ Red Army ၊ Kanglei Yaol Kanba Lup (KYKL)အဖွဲ့၊ ညှိနှိုင်းရေးကော်မတီ(Cor-Com)အဖွဲ့၊ ဆိုရှယ်လစ်စည်းလုံး ညီညွတ်ရေးမဟာမိတ်အဖွဲ့ Kangleipak(ASUK)နှင့် မဏိပူရပြည်သူ့လွတ်မြောက်ရေး တပ်ဦး(MPLF)တို့ ပါဝင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် Moirangthem Anand Singh ဦးဆောင်သည့် မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသောင်းကျန်းသူအဖွဲ့သည် မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွား နေသော လူမျိုးရေးမငြိမ်သက်မှုများအား အသုံးချကာ အိန္ဒိယနိုင်ငံကို ပုန်ကန်ထကြွရန် ကြိုးပမ်းမှုကြောင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံသည် သမိုင်းအစဉ်အလာအရ နယ်စပ်ရေးရာ ပြဿနာများရှိခဲ့သော်လည်း လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အခွင့်ကောင်းယူ၍ နယ်စပ်ဖြတ်ကျော်မှုများ၊ လူမျိုးရေးဆန္ဒပြမှုများနှင့် ပုန်ကန်ထကြွမှုများ တိုးမြှင့်လုပ်ဆောင် လာခြင်းဖြစ်ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N. Biren Singh သည် အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးအား ကီလိုမီတာ ၇၀ တိုးချဲ့ရန်အစီအစဉ်ကို နယ်စပ် လမ်းများအဖွဲ့ Border Roads Organisation (BRO)နှင့် ပြည်နယ်၏ အခြားအကြီးတန်း အရာရှိများတို့ တွေ့ဆုံစဉ် ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။[2] ပြည်နယ် ဝန်ကြီးချုပ်သည် အပြည်ပြည်ဆိုင်ရာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းကို နယ်စပ် ဖြတ်ကျော် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအား စစ်ဆေးရန် အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ Act Eastမူဝါဒတစ်စိတ်တစ်ပိုင်း ဖြစ်သည့် လွတ်လပ်သောလှုပ်ရှားမှုအစီအမံ Free Movement Regime (FMR) အရ ဗီဇာမပါဘဲ နှစ်နိုင်ငံစလုံးမှ ပြည်သူများသည် နယ်စပ်ဒေသ ၁၆ ကီလိုမီတာအတွင်း ဝင်ရောက်သွားလာနိုင်ရန် ခွင့်ပြုပေးထားခြင်းအားပိတ်ပင်ရန် ဆွေးနွေးခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံသည်၎င်း၏ Act East မူဝါဒအရ ဒေသအတွင်း စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးတို့အား တိုးမြင့်စေရန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးစီမံကိန်းများ ဆောင်ရွက်ခြင်း၊ ကုလားတန်မြစ်စီမံကိန်းအပါအဝင် အခြား စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ခြင်းအား ပြုလုပ်ခဲ့ပါသည်။ နယ်စပ်ဒေသအရေးတွင် လွတ်လပ်သော လှုပ်ရှားမှုအစီအမံ(FMR)ကို ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်းယခုအခါတွင် နယ်စပ်ဒေသ၌ ပြဿနာများမြင့်တက်လာသဖြင့် ထိုစီမံကိန်းများနှင့် ဖွံ့ဖြိုး တိုးတက်မှုများအတွက် အနုတ်လက္ခဏာဆောင်သည့် သဘောထားများ ဖြစ်ပေါ်လျက် ရှိသည်ဟု ယူဆရပါသည်။
အိန္ဒိယနိုင်ငံဗဟိုအစိုးရအပေါ် ပြည်နယ်အစိုးရများမှ နှစ်နိုင်ငံနယ်စပ်ခွထိုင်နေသော လူမျိုးစုလက်နက်ကိုင်များလှုပ်ရှားမှုနှင့် ဘာသာရေးပဋိပက္ခ အဆက်မပြတ်ဖြစ်ပေါ်လာမှု များကြောင့် မကျေနပ်ချက်များဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ ယခုအိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ခြံစည်းရိုးကာရံခြင်း၊ လွတ်လပ်သောလှုပ်ရှားမှုအစီအမံ(FMR)အား ပိတ်ပင်လိုက်ခြင်းများသည် မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိဆိုသည့်အချက်မှာ မရှင်းလင်းသော်လည်းမြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးအား အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာနိုင်သည်ဟု ယူဆပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးထိန်းသိမ်းရန်၊ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေးကိုရှေးရှုရန်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လိုသည့် (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်နေသည့် သံတမန်ရေးအခင်းအကျင်းကို ပုံဖော်ရန်မှာ ထိုနိုင်ငံများ၏ မွေးရာပါတာဝန်နှင့် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
120031023
[1]။ Prabin Kalita,“Myanmar-Based Rebels Trying to Exploit Manipur Unrest to Wage War, Says NIA”. The Times of India. 24 September 2023, [/https://timesofindia.indiatimes.com/city/Guwahati / myanmar-based-indian-rebels-trying-to-exploit-unrest-to-wage-war-nia/articleshow/ 103900632.cms /]
[2]။ Snehashish Roy,“Manipur CM discusses fencing across India-Myanmar border; ‘urgent necessity’”. Hindustan Times. 24 September 2023, [/https://www.hindustantimes.com/.../manipur-cm-meets-top.../]