Sunday, October 22, 2023

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့်စပ်လျဉ်း၍ တောင်အာရှဒေသနိုင်ငံများ၏ သဘောထားအမြင်များနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမက်စ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တောင်အာရှဒေသနိုင်ငံများအပေါ် သက်ရောက်မှု၊ တောင်အာရှဒေသနိုင်ငံများ၏ ဟားမက်စ်အဖွဲ့အပေါ်ထားရှိသည့်သဘောထားအမြင်၊ သံတမန်ဆက်ဆံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဟားမက်စ်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ အစ္စရေးနိုင်ငံအား အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသအနီးရှိ အစ္စရေးနိုင်ငံ၏ မြို့များသို့ ဝင်ရောက်၍ လူပေါင်းရာနှင့်ချီအား သတ်ဖြတ်ကာ ဒါဇင်နှင့်ချီသော လူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံအား ရည်ရွယ်ချက်ရှိရှိဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် အစ္စရေးနိုင်ငံသည် ဟားမက်စ်အဖွဲ့အား စစ်ကြေညာခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိ ၎င်းတို့၏စစ်အခြေစိုက် စခန်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ရေးနှင့် ဟားမက်စ်အဖွဲ့အား ချေမှုန်းရန်အတွက် ထိုးစစ်ဆင်မှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားပြီး တစ်ပတ်အတွင်း လူပေါင်း ၂,၉၀၀ ကေျာ် သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် နိုင်ငံခြားသားများလည်း ပါဝင်ခဲ့ပါသည်။ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခသည် တောင်အာရှဒေသနှင့် ပထဝီဝင်အနေအထားအရ စပ်လျဉ်းခြင်း မရှိသော်လည်း ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များသည် တောင်အာရှဒေသနိုင်ငံများအပေါ် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိပါသည်။ တောင်အာရှဒေသတွင်းမှ နိုင်ငံ ၈ ခုအနက် နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘူတန် ၄ နိုင်ငံသာ အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိပါသည်။ အစ္စရေး-ဟားမက်စ် တိုက်ခိုက်မှုများအတွင်း နီပေါနိုင်ငံသား ၁၀ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီသော ဒုက္ခသည်များသည် ဗုံးခိုကျင်းများတွင် ခိုအောင်း နေခဲ့ရပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နီပေါနိုင်ငံသည် ၎င်း၏နိုင်ငံသား ၂၅၃ ဦးကို လေကြောင်းဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ၎င်းတို့သည် အစ္စရေးနိုင်ငံတွင် ကေျာင်းတက်ရင်း အလုပ် လုပ်နေကြသည့် ကျောင်းသားများဖြစ်ပါသည်။ ယခုအချိန်တွင် နီပေါနိုင်ငံသည် သေဆုံးသူ ၁၀ ဦး၏ ရုပ်အလောင်းများကို အစ္စရေးနိုင်ငံမှ ပြန်လည် သယ်ယူနိုင်ရန် စီစဉ်လျက်ရှိပါသည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏နိုင်ငံသားများအား အစ္စရေးနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာစေရန် “Operation Ajay” အစီအစဉ်တစ်ရပ်ကို ပြုလုပ်ကာ လေယာဉ်များဖြင့် အစ္စရေးနိုင်ငံတွင် ပိတ်မိနေသည့် ၎င်း၏ နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကနဦးတွင် တောင်အာရှဒေသမှနိုင်ငံ များသည် အစ္စရေးနိုင်ငံဘက်မှ ရပ်တည်ခဲ့ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် အစ္စရေးနိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရသည့်သတင်းနှင့်ပတ်သက်၍ အလွန်ပင်တုန်လှုပ်မိ သည်ဟု ၎င်း၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ အိန္ဒိယ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၉၂ ခုနှစ် သံတမန်ဆက်ဆံရေး စတင် ထူထောင်ချိန်မှစ၍ ကာကွယ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် လျင်မြန်စွာ တိုးတက် လာခဲ့ပြီး ယခုအခါ အစ္စရေးနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး ကာကွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု တို့၏ တူညီသည့် လူမျိုးရေးနှင့် မွတ်ဆလင်ဆန့်ကျင်ရေးအယူဝါဒတို့ကြောင့် နှစ်နိုင်ငံ ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိလာခဲ့ပါသည်။
သမိုင်းအစဉ်အလာအရ အိန္ဒိယနိုင်ငံသည် ပါလက်စတိုင်းအရေးကို ထောက်ခံသည့် နိုင်ငံဖြစ်သော်လည်း စစ်အေးတိုက်ပွဲနောက်ပိုင်းတွင် အိန္ဒိယ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်လာခဲ့သည်ဟု အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန Ministry of External Affairs (MEA) ကလည်း ပါလက်စတိုင်းနှင့်ပတ်သက်၍ သံတမန်ဆက်ဆံရေးမူဝါဒ ပြောင်းလဲမှုမရှိဟု ဆိုသည်။ MEA မှ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က အိန္ဒိယနိုင်ငံအနေဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲသော ပါလက်စတိုင်းနိုင်ငံ ထူထောင်၍ အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေးရရှိစေရန် ထောက်ခံအားပေးလျက်ရှိသည်ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။
နီပေါနိုင်ငံသည်လည်း ဟားမက်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေးအစိုးရဘက်မှ ရပ်တည်မှုရှိသည်ကို ပြသခဲ့သည်။ နီပေါနိုင်ငံ ဝန်ကြီးချုပ် Pushpa Kamal Dahal သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်သော (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပါလက်စတိုင်းပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပဋိပက္ခ များကို ငြိမ်းချမ်းစွာဖြေရှင်းရန်ထောက်ခံသည်ဟု ဆိုသည်။ နီပေါနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် ပထမဆုံးသံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ပါလက်စတိုင်းအား နိုင်ငံအဖြစ်ထူထောင်ပေးမည့် Two-State Solution အကောင်အထည် ဖော်မှုကို ထောက်ခံသည့်နိုင်ငံလည်း ဖြစ်ပါသည်။ ယခုအခါတွင် နီပေါနိုင်ငံသည် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသကဲ့သို့ ဟားမက်စ်အဖွဲ့နှင့် ၎င်းတို့၏လှုပ်ရှားမှုများ ကိုလည်း ထောက်ခံမှုမရှိဟု ဆိုပါသည်။
သီရိလင်္ကာနိုင်ငံသည်လည်း တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ တိုးမြင့် လာသည့် အစ္စရေး-ဟားမက်စ် ပဋိပက္ခနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကာ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် နိုင်ငံတကာမှ သဘောတူခဲ့သည့် သတ်မှတ်ထားသည့်နယ်နိမိတ်ကိုအခြေခံ၍ Two-State Solution ကို အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို စောင့်ကြည့်၍ ပါလက်စတိုင်းအား လွတ်လပ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲသည့် နိုင်ငံအဖြစ် ထူထောင်ပေးရန် တောင်းဆိုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး ပါလက်စတိုင်းနယ်မြေအား အစ္စရေးတို့၏အတင်းအကျပ် သိမ်းပိုက်မှုနှင့် အခြေချနေထိုင်မှုတို့သည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် Two-State Solution အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်သာ အလားအလာရှိသော ဖြေရှင်းချက် ဖြစ်သည်ဟုဆိုသည်။ တာလီဘန်အဖွဲ့ ဦးဆောင်သည့် အာဖဂန်နစ္စတန် နိုင်ငံက အဆိုပါပဋိပက္ခများသည် ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများကို ဖိနှိပ်သော အစ္စရေးနိုင်ငံ၏ Zionist ဝါဒီကျင့်သုံးခြင်းနှင့် မွတ်ဆလင်တို့၏ ဘာသာရေး ဆိုင်ရာ အထွဋ်အမြတ်နေရာဖြစ်သော Al-Aqsa ဗလီအား မလေးမစားပြုလုပ်ခြင်းနှင့် စော်ကားခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
ဟားမက်စ်အဖွဲ့နှင့်ပတ်သက်၍ တောင်အာရှဒေသနိုင်ငံများ၏ သဘောထား အမြင်များ ကွဲလွဲလျက်ရှိနေပြီး အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် ဟားမက်စ် အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြသော်လည်း အစ္စရေးနိုင်ငံနှင့် သံတမန်ရေး အရဆက်ဆံမှုမရှိသည့် မွတ်ဆလင်အများစု နေထိုင်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက်နိုင်ငံတို့သည် ဟားမက်စ်အဖွဲ့ကို ပြစ်တင်ဝေဖန်ခြင်း မရှိဘဲ စာနာထောက်ထားခြင်းနှင့် ထောက်ခံခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ပါလက်စတိုင်း ဘက်မှ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် နိုင်ငံအတွင်း စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြသည်။
တောင်အာရှဒေသနိုင်ငံများသည် အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး မည်သို့ပင် ရှိစေကာမူ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် အလားအလာရှိသည့် တစ်ခုတည်းသောဖြေရှင်းချက်မှာ Two-State Solution အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု နိုင်ငံအများစုက လက်ခံကြပြီး ပါလက်စတိုင်းပြည်သူများ၏ ဖြစ်တည်မှုကို ထောက်ခံကြပါသည်။ သို့ရာတွင် တောင်အာရှဒေသနိုင်ငံများမှ အစိုးရများအနေဖြင့် အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရာတွင် Two-State Solution အယူအဆကို သဘောတူ ကြသော်လည်း အခြေအနေပေါ်မူတည်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နိုင်ပါသည်။ နိုင်ငံအချို့အနေဖြင့် ပါလက်စတိုင်းနိုင်ငံအား မည်သို့ပင်ထောက်ခံစေကာမူ ဟားမက်စ် အဖွဲ့၏ အကြမ်းဖက်အပြုအမူများကြောင့် ဟားမက်စ်အဖွဲ့အား စာနာမှုနည်းပါးစေပြီး အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်စေခဲ့ပါသည်။ ဟားမက်စ်အဖွဲ့အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက တောင်အာရှဒေသရှိ မွတ်ဆလင် မဟုတ်သောနိုင်ငံများသည် ၎င်းတို့အဖွဲ့အပေါ် ထောက်ခံမှုနည်းပါးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် တောင်အာရှဒေသနိုင်ငံများအပေါ် ပထဝီနိုင်ငံရေးအရ တိုက်ရိုက်သက်ရောက်မှုမရှိသေးသော်လည်း သံတမန်ရေးအရ သက်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ဤပဋိပက္ခနှင့် စပ်လျဉ်း၍ တောင်အာရှဒေသတွင်းရှိ နိုင်ငံ ၈ ခုအနက် နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘူတန် ၄ နိုင်ငံသာ အစ္စရေးနိုင်ငံဘက်မှ ရပ်တည်၍ အစ္စလာမ်ဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက်နိုင်ငံတို့သည် ပါလက်စတိုင်း၏ ဟားမက်စ်အဖွဲ့အား စာနာကြောင်းပြသလျက်ရှိသည်။
တောင်အာရှဒေသနိုင်ငံများအနေဖြင့် ဟားမက်စ်တို့၏ စတင်တိုက်ခိုက်ခဲ့ခြင်း၊ ၎င်းတို့၏ နိုင်ငံသားအချို့ ပိတ်မိနေခဲ့ခြင်းနှင့် ယခင်ရှိခဲ့သော သံတမန်ဆက်ဆံရေး ကဏ္ဍကို အကြောင်းပြု၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအစတွင် ဟားမက်စ်များအား ရှုတ်ချခြင်း၊ အစ္စရေးနိုင်ငံအား ထောက်ခံခြင်းကို ပြသခဲ့ကြသော်လည်း နိုင်ငံများအားလုံး လိုလိုသည် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ပါလက်စတိုင်းတို့၏ နယ်မြေနှင့် အချုပ်အခြာ အာဏာကို အသိအမှတ်ပြုသည့် Two-State Solution အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ထောက်ခံကြသည်ကို တွေ့မြင်နိုင်ပါသည်။
သမိုင်းကြောင်းအရ ပါလက်စတိုင်းလူထုအား အစ္စရေးနိုင်ငံ၏ အနိုင်ကျင့် ဗိုလ်ကျမှုနှင့် နယ်မြေသိမ်းပိုက်မှုအပေါ် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ မီဒီယာ များကို အကာအကွယ်ယူ၍ ၎င်းတို့လုပ်ရပ်သည်သာ အမှန်တရားဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင်သည့် ပါလက်စတိုင်းအုပ်စုများသည်သာ အကြမ်းဖက်ဖြစ်သည်ဟု ဆယ်စုနှစ်များစွာ ပုံဖော်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ကြောင့် အစ္စရေးနိုင်ငံ၏ နယ်မြေချဲ့ထွင်မှုများ၊ ပါလက်စတိုင်းတို့အပေါ် အနိုင်ကျင့်ဗိုလ်ကျမှုများ ဖြစ်ပွားနေမှုများကို အနောက်အုပ်စု မီဒီယာများပေါ်တွင် ဖျောက်ဖျက်ခံထားရကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ ကဲ့သို့သော အနောက်အုပ်စုနှင့် အဆင်ပြေပြီး မွတ်ဆလင်မုန်းစွဲရှိသည့် ဒီမိုကရေစီ နိုင်ငံကြီးသည်ပင် ဟားမက်စ်တို့၏ တိုက်ခိုက်မှုကို ကနဦးတွင် ရှုတ်ချခဲ့သော်လည်းယခုအခါ “Sovereign, independent,and viable state of Palestine… at peace with Israel” ဟု ထုတ်ဖော်လာပြီး နှစ်နိုင်ငံအသိအမှတ်ပြုရေး Two-state Solution ကိုသာ ရပ်တည်လာခြင်း ဖြစ်သည်ဟု ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
134102323

[1]။ Santosh Sharma Poudel,“South Asian Countries Are Divided on Hamas Attacks”. The Diplomat. 13 October 2023, [/https://thediplomat.com/.../south-asian-countries-are.../]

Thursday, October 19, 2023

အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ၏ ဂါဇာဒေသအား သိမ်းပိုက်ပြီး စစ်ရှိန်မြှင့်မည့်ကိစ္စကို တားဆီးသင့်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အစ္စရေး-ဟားမက်စ် ပဋိပက္ခများတွင် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်သင့်သည့် နည်းလမ်းများ၊ သဘောတရားများ၊ စစ်ပွဲကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများ၊ သံတမန်ရေးထိခိုက်လာနိုင်မှုများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ပါလက်စတိုင်းနိုင်ငံအတွင်းရှိ ဟားမက်စ်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံအား တိုက်ခိုက်ခဲ့မှု၌ အစ္စရေးပြည်သူ ၁,၃၀၀ ခန့် သေဆုံးခဲ့ပြီး ပြည်သူ သောင်းနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ပြင် ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံမှ ဓားစာခံ ၁၅၀ ခန့်ကိုလည်း ဖမ်းဆီးသွားပြီး ဓားစာခံအချို့အား သတ်ဖြတ်ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟားမက်စ်အဖွဲ့၏ နောက်ထပ်တိုက်ခိုက်လာနိုင်မှုများကို မည်ကဲ့သို့ ထိန်းချုပ်ဟန့်တားနိုင်မည်နှင့်ပတ်သက်၍ မေးခွန်းများစွာ ပေါ်ထွက်လာ ပါသည်။ အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ်အဖွဲ့အား ချေမှုန်းတိုက်ခိုက်မည့်နည်းလမ်းမှာ အကောင်းဆုံးနည်းလမ်းတစ်ခုမဟုတ်ဘဲ အစ္စရေးနိုင်ငံ၏ မဟာဗျူဟာ ရည်မှန်းချက်နှင့် နည်းလမ်းများတွင် အားနည်းချက်များရှိနေပါသည်။ အစ္စရေးနိုင်ငံ အနေဖြင့် ဟားမက်စ်အဖွဲ့ခေါင်းဆောင်တချို့အား သတ်ဖြတ်ရှင်းလင်းနိုင်မည်ဆိုလျှင်လည်း ဟားမက်စ်အဖွဲ့သည် ရပ်တန့်သွားမည်မဟုတ်ဘဲ အသွင်အမျိုးမျိုးဖြင့် ဆက်လက်လှုပ်ရှားနိုင်သည့်အဖွဲ့တစ်ခုဖြစ်ကြောင်းဖော်ပြထားပါသည်။
ယခုအခါ အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုများစတင်လုပ်ဆောင်ခဲ့ပြီး ကျူးကျော်သိမ်းပိုက်ရန် ကြိုတင်ပြင်ဆင်လျက်ရှိပါသည်။ အဆိုပါ ကိစ္စရပ်သည် အမေရိကန်နိုင်ငံအား အကျပ်ရိုက်စေမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ အနေဖြင့် အစ္စရေးနိုင်ငံအား ကူညီထောက်ပံ့ရန် အဆင်သင့်ရှိနေသည်မှာ မှန်သော်လည်းအစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြီးထွားမလာစေရန် တားဆီးသင့်ပြီး ယခု လက်ရှိ ပဋိပက္ခအခြေအနေထက် ကျယ်ပြန့်စွာတွေးတောရန် လိုအပ်ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံအား ပါလက်စတိုင်းတို့၏ နိုင်ငံဖြစ်တည်ခွင့်ကို အသိအမှတ် ပြုပေးပြီး ငြိမ်းချမ်းရေးလမ်းသို့ လျှောက်လှမ်းရန် တွန်းအားပေးသင့်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိ၏မိတ်ဖက်နိုင်ငံတစ်ခုအား ကောင်းသော အကြံပေးခြင်းဖြစ်သကဲ့သို့ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နိုင်ငံ၏ အကျိုးစီးပွား များကို ထိန်းသိမ်းခြင်းလည်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန် မလွယ်ကူသည်မှာ မှန်သော်လည်း ကြီးထွားလာသည့် စစ်ပွဲနှင့် အန္တရာယ်များသည့်ဒေသတွင်း မတည်ငြိမ်မှု များကို ဟန့်တားရန်အတွက် လုပ်ဆောင်သင့်သည့်ကိစ္စရပ်တစ်ခုဖြစ်ပါသည်။
အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသကို ကျူးကျော်ဝင်ရောက်ခြင်းသည် အကျိုးအမြတ်ထက် ဆုံးရှုံးမှုပိုမိုများပြားစေမည်ဖြစ်ပါသည်။ ဂါဇာရှိ ဟားမက်စ်အဖွဲ့၏ စခန်းများသည် ပြည်သူများအကြားတွင် ရောယှက်လျက်ရှိပြီး တိကျသည့် စစ်ရေး ပစ်မှတ်မရှိပါ။ ထို့ကြောင့် အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသအား သိမ်းပိုက်မည် ဆိုပါက ပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိမှု များပြားမည်ဖြစ်ပြီး ပါလက်စတိုင်း ပြည်သူများအကြားတွင် ဟားမက်စ်အဖွဲ့အား ထောက်ခံမှုပိုမိုများပြားလာမည်ဖြစ်ပါသည်။ မကြာသေးမီက အမေရိကန်နိုင်ငံ၏ အာဖဂန်နှင့် အီရတ်နိုင်ငံတို့တွင် ကြုံတွေ့ခဲ့သည့် အတွေ့အကြုံနှင့် အစ္စရေးနိုင်ငံကိုယ်တိုင် ကြုံတွေ့ခဲ့သည့် ၁၉၆၇ ခုနှစ်နှင့်၁၉၇၃ ခုနှစ် စစ်ပွဲများကို သင်ခန်းစာယူနိုင်ပါသည်။ ထို့ပြင် အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသအား အင်အားသုံး၍ သိမ်းပိုက်လိုက်သည်နှင့် နိုင်ငံတကာ၏ ကန့်ကွက်မှုများ ပေါ်ထွက်လာမည် ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အခြားသော မိတ်ဖက်နိုင်ငံများဖြစ်သည့် အာရပ်နိုင်ငံများနှင့်လည်း ဆက်ဆံရေးပျက်ပြားနိုင်ပါသည်။ စစ်ပွဲကြာရှည်လာပါက လက်ဘနွန်နိုင်ငံရှိ အီရန်နိုင်ငံကျောထောက်နောက်ခံပြု Hezbollah အကြမ်းဖက်အဖွဲ့များပါ စစ်ပွဲအတွင်းသို့ ပါဝင်လာနိုင်ပြီး အခြားအာရပ် မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံများသို့ပါ စစ်မီးပွားစင်လာနိုင်ပါသည်။ အကယ်၍ အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ် အဖွဲ့အား တိုက်ခိုက်အောင်မြင်ခဲ့သည်ဆိုလျှင်လည်း ဂါဇာဒေသအား ဆက်လက်အုပ်ချုပ်ရေး ကိစ္စရပ်နှင့်ပတ်သက်၍ ပြဿနာရပ်များ ရှိနေပါသေးသည်။ လက်ရှိ West Bank ကို အုပ်ချုပ်နေသည့် ပါလက်စတိုင်းအစိုးရသည် ဂါဇာဒေသအပေါ် အုပ်ချုပ်နိုင်စွမ်းမရှိသည့် အပြင် အာရပ်အစိုးရများသည်လည်း ဂါဇာဒေသအား တာဝန်ယူနိုင်မည် မဟုတ်ကြပါ။ ထို့နောက် ၂၀၀၅ ခုနှစ် အစ္စရေးတပ်များ ဂါဇာမှဆုတ်ခွာခဲ့သည့် အခြေအနေကဲ့သို့ပင် ဟားမက်စ်အဖွဲ့၊ သို့မဟုတ် ထိုကဲ့သို့ နောက်ထပ်လက်နက်ကိုင်အဖွဲ့ ထပ်မံပေါ်ပေါက် လာမည်ဖြစ်ပါသည်။
အဆိုပါ အကြောင်းအရာများကြောင့် အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ်အဖွဲ့အား တိုက်ခိုက်ရန်မသင့်ဟူ၍ တစ်ဖက်သတ်ပြောဆိုနေခြင်းမဟုတ်ပါ။ အစ္စရေးနိုင်ငံ အနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ အကြမ်းဖက်တိုက်ခိုက်မှုများမှ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပါသည်။ ဆိုလိုသည်မှာ အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသ အတွင်းရှိ ဟားမက်စ်ခေါင်းဆောင်များနှင့် အဖွဲ့များအား တိုက်ခိုက်ရာတွင် အလုံးစုံ ကျူးကျော်သိမ်းပိုက်ရေး(Large-scale Invasion)ထက် ဟားမက်စ်အား ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများဆောင်ရွက်၍ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများအား ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းကိုအသုံးပြုသင့်ပါသည်။ ထို့ပြင် ဂါဇာနှင့် အစ္စရေးနယ်စပ်ရှိ စစ်ရေးစွမ်းဆောင်ရည်များ ပြန်လည်တည်ဆောက်၍ ခြိမ်းခြောက်မှု များနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် အစ္စရေးအား အလုံးစုံကူညီမည်ဟူ၍ ကြည့်ကောင်းအောင် ပြောနေကြသော်လည်း သတင်းစကား အမှန်ကို အတွင်းနည်းလမ်းများဖြင့် ဖလှယ်သင့်ပါသည်။ အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံစလုံးသည် ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများနှင့် ဖိအားများရင်ဆိုင်ရသည့်အချိန်မှ အပစ်ရပ်ဆိုင်းရခြင်းကို ရှောင်ရှားသင့်ပါသည်။ အစ္စရေးနိုင်ငံ အနေဖြင့် တာဝန်ယူမှုရှိရှိဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပါက ဆော်ဒီအာရေဗျ နိုင်ငံအပါအဝင် အခြားသောအာရပ်နိုင်ငံများကလည်း ယခင်အခြေအနေသို့ ပြန်လည် ရောက်ရှိရေး အစ္စရေးဓားစာခံများလွတ်မြောက်ရေးအတွက် ကူညီပံ့ပိုးနိုင်မည်ဖြစ်ပါသည်။
ဒုတိယအရေးကြီးသည့်အချက်မှာ အမေရိကန်နိုင်ငံအနေဖြင့် စစ်ပွဲကြီးထွား လာမှုကို ဟန့်တားရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။ စစ်ပွဲတွင် ပါလာနိုင်သည့် Hezbollah အကြမ်းဖက်အဖွဲ့သည် အန္တရာယ်အများဆုံးဖြစ်ပြီး အစ္စရေးနိုင်ငံကို ပစ်ခတ်နိုင်သည့် ဒုံးကျည် ၁၅၀,၀၀၀ ခန့် ပိုင်ဆိုင်ထားပါသည်။ ဤနေရာတွင်လည်း အစ္စရေးနိုင်ငံဘက်မှ ပါလက်စတိုင်းအရပ်သားများ ထိခိုက်စေမည့်ကိစ္စများကို ဆင်ဆင်ခြင်ခြင်ဆောင်ရွက်မည် ဆိုပါက Hezbollah တို့ စစ်ပွဲတွင်ပါဝင်လာနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် Hezbollah အဖွဲ့အား ထိန်းချုပ်နိုင်ရန် အပြည့်အဝ စွမ်းဆောင်နိုင်မည် မဟုတ်သော်လည်း အီရန်နိုင်ငံမှတစ်ဆင့် ဖိအားပေးနိုင်ပါသည်။ ဥပမာအားဖြင့် Hezbollah တို့ တိုက်ခိုက်မှုဖြစ်ပွားလာပါက အီရန်နိုင်ငံ၏ ရေနံတင်သွင်းမှု များကို ပိတ်ဆို့ပစ်မည်ဟု ဖိအားပေးနိုင်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ နှင့်လည်း ညှိနှိုင်းဆောင်ရွက်သင့်ပြီး လိုအပ်ပါက အီရန်နိုင်ငံ၏ ရေနံထုတ်လုပ်သော နေရာများကို ပစ်မှတ်ထား၍ တိုက်ခိုက်နိုင်ပါသည်။ အီရန်နိုင်ငံအနေဖြင့် ဟားမက်စ်အဖွဲ့အား စစ်ရေးလေ့ကျင့်မှုများ၊ ငွေကြေးထောက်ပံ့မှုများနှင့် လက်နက်ထောက်ပံ့မှုများ အစ ရှိသည့် နည်းပညာဆိုင်ရာထောက်ပံ့မှုများပေးအပ်ခဲ့သည်ဟူသော အတိအကျ အတည်မပြု နိုင်သေးသည့် သတင်းများလည်းထွက်ပေါ်နေပါသည်။ အမေရိကန်နိုင်ငံသည် အကြမ်းဖက် အဖွဲ့နှင့် ၎င်းတို့အား ထောက်ပံ့သူများကို အကြမ်းဖက်အားပေးအဖြစ်သာ သတ်မှတ် ထားပါသည်။ အကယ်၍ အီရန်နိုင်ငံ၏ ပါဝင်ပတ်သက်မှု ထင်ရှားလာမည်ဆိုပါက အမေရိကန်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် စစ်ရေးအရအရေးယူမှုများကို စဉ်းစားသင့်ကြောင်း ဖော်ပြထားပါသည်။
စစ်ပွဲပြီးနောက် ကာလများတွင်လည်း အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံတို့အတွက် နှစ်နိုင်ငံအသိအမှတ်ပြုရေး (Two-state Solution)ကို ခိုင်ခိုင်မာမာရပ်တည်သည့် သံတမန်နည်းလမ်းများ ချမှတ်ရန်လိုအပ်ပါသည်။ အစ္စရေး နိုင်ငံအနေဖြင့် ၁၉၉၀ ပြည့်နှစ်ကျော်ကာလများက မြောက်ပိုင်းအိုင်ယာလန်အရေးကို နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်သည့် ဗြိတိန်နိုင်ငံ၏ နည်းလမ်းများအား သင်ခန်းစာ ယူသင့်ပါသည်။ အဆိုပါနည်းလမ်းများမှာ အကြမ်းဖက်မှုကို လျှော့ချနိုင်ရန်အတွက် လုံခြုံရေးကိုတည်ဆောက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးမှုများတစ်ဆင့် ငြိမ်းချမ်းရေးရယူခြင်း နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းရန်မှာ လွယ်ကူသည့် ကိစ္စရပ်မဟုတ်ပါ။ သတ်မှတ်ချက်များအရ ဟားမက်စ်အဖွဲ့အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်ရန် မဖြစ်နိုင်သကဲ့သို့ ပါလက်စတိုင်းအစိုးရအနေဖြင့်လည်း ဟားမက်စ်အဖွဲ့အား ညှိနှိုင်း နိုင်သည့် နိုင်ငံရေးဩဇာမရှိပါ။ ထို့ပြင် အစ္စရေးအစိုးရအနေဖြင့်လည်း တွေ့ဆုံ ညှိနှိုင်းမှုများ ဆောင်ရွက်ရန်ဆန္ဒမရှိပါ။ ထို့ကြောင့် လုပ်နည်းလုပ်ဟန်အသစ် များဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မည့် အစိုးရသစ်တစ်ရပ်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
အကယ်၍ အဆိုပါမူဝါဒသည် အစ္စရေးနိုင်ငံ၏ မူဝါဒနှင့် မကိုက်ညီသေးသည့် အခြေအနေတွင်ပင် အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါတွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ထားရမည်ဖြစ်ပါသည်။ အဆိုပါမူဝါဒတွင် ပါလက်စတိုင်း များ၏ဖြစ်တည်မှုနှင့် နိုင်ငံကိုအသိအမှတ်ပြုသည့် မျှတ၍ လက်တွေ့ကျသော အခြေအနေများ ပါဝင်သင့်ပါသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် အစ္စရေးနှင့်ပါလက်စတိုင်းတို့ နှစ်ဖက်စလုံးမှ ခိုင်ခိုင်မာမာကိုယ်စားပြုပါဝင်နိုင်ရန် အရေးကြီးကြောင်းနှင့် အမေရိကန်နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်၍ အစ္စရေးတာဝန်ရှိသူများအား ပုဂ္ဂိုလ်ရေးနည်းလမ်းများမှတစ်ဆင့် အသိပေး သင့်ပြီး လိုအပ်ပါက လူထုအကြား ပြောကြားခြင်းမှတစ်ဆင့် အသိပေးသင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဟားမက်စ်တို့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ပြန်လည်စတင်လာသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် သီတင်း ၂ ပတ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါသည်။ ဟားမက်စ်တို့၏ အစ္စရေး နိုင်ငံအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှု၊ ဓားစာခံများ ဖမ်းဆီးသွားမှုနှင့်ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများက လူသိရှင်ကြား ထုတ်ဖော်ရှုတ်ချခဲ့ကြပြီး ရုရှား၊ တရုတ် နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံအတော်များများက နှစ်ဖက်တင်းမာမှုများ လျှော့ချရန်၊ အပစ်အခတ်ရပ်စဲရန်နှင့် အရပ်သားများကို ပစ်မှတ်ထားမှုအား ရှောင်ရှားရန် တိုက်တွန်း ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးအရ အစ္စရေးနိုင်ငံ၏ တန်ပြန်ထိုးစစ်များကို ထောက်ပံ့ကူညီမည်ဟူသော ထုတ်ဖော်ပြောဆိုမှုများရှိနေချိန်တွင် ကျွမ်းကျင်သူပညာရှင်များအနေဖြင့် အစ္စရေးနိုင်ငံ၏ အလုံးစုံသိမ်းပိုက်မှု (Large-Scale Invasion)သည် အစ္စရေးနိုင်ငံအတွက်သာမက အမေရိကန်နိုင်ငံအတွက်လည်း အကျိုးမရှိ နိုင်ဘဲ ဟားမက်စ်တို့ လိုချင်သည့်လမ်းကြောင်းပေါ်သို့ ရောက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့အနေဖြင့် တစ်ဖက်တွင် အကန့်အသတ်ဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက်နိုင်သော်လည်း သံတမန်ရေးမူအား တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးမူ ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်သင့်ပြီး ပါလက်စတိုင်းတို့၏ ဖြစ်တည်မှုနှင့် နိုင်ငံကို အသိအမှတ်ပြုသည့်(Two-state Solution)သည်သာလျှင် ရေရှည်တည်ငြိမ်ရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း ထောက်ပြရေးသားလာကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ ရပ်တည်နေသည့် နည်းလမ်းသည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက်လည်း ကိုက်ညီသင့်လျော်မှုရှိသည်ကို သုံးသပ်လာကြခြင်း ဖြစ်ပါသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် မည်သို့အဆုံးသတ်မည်ကို ခန့်မှန်းရန် စောသေးသော်လည်း တွေ့ဆုံဆွေးနွေးရေးနှင့် နှစ်နိုင်ငံအသိအမှတ်ပြုရေးကို အသားပေး ရေးသားထားသည့် သဘောတရားများ အနောက်အုပ်စု၏ ပညာရှင်အသိုင်းအဝိုင်းအတွင်း ပျံ့နှံ့လာသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံခေါင်းဆောင်သော အနောက်အုပ်စု မဟုတ်သည့် ကမ္ဘာ့နိုင်ငံအများစုမှလည်း နှစ်နိုင်ငံအသိအမှတ်ပြုမှု (Two-state Solution) အကောင်အထည်ဖော်ရေး နှစ်ဦးနှစ်ဖက်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများအပေါ် မထိခိုက်စေရေး၊ ထိုပဋိပက္ခမှ အခြားကမ္ဘာ့နိုင်ငံများသို့ စစ်မီးမကူးစက်ရေး တို့ကို ထုတ်ဖော်ပြောကြားလာခဲ့ပါသည်။ လက်ရှိကမ္ဘာ့နိုင်ငံများအတွင်း အစ္စရေး-ဟားမက်စ် ပဋိပက္ခ၌ အခြေအနေအပေါ် အာရုံစိုက်၍ ပြောင်းလဲသည့် နိုင်ငံရေး၊ စစ်ရေး သဘောတရားများနှင့် ချိန်ညှိ၍ မိမိတို့ သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်ခြင်းသည်ပင်ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
133102023

[1]။ Richard Haass.“What Friends Owe Friends”. Foreign Affair. October 15, 2023, [https://www. https://foreignaffairs.com/.../what-friends-owe-friends...]

Wednesday, October 18, 2023

တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသော BRI ဖိုရမ်နှင့် ပြောင်းလဲလာသော မူဝါဒများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 

May be an image of 1 person and text that says 'NIKKEI Asia World Trending Business Markets Tech Politics Economy Features Opinion Life Arts Podcas BELT AND ROAD Belt and Road Forum kicks off with Xi Jinping to lay out new pitch Infrastructure spree largely met Beijing's key goals but at crossroads 023OBRF BRF OBBE Ûs for the Road Forum inBeijing Oct. 16. China celebrating 10 years President Xi Jinping's global infrastructure initiative. Reuters'

နိဒါန်း
သမ္မတ ရှီကျင့်ဖျင် အနေဖြင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)နှင့်ပတ်သက်သည့် ပြောင်းလဲလာသော မူဝါဒများ၊ ယခင်ဆောင်ရွက်ခဲ့သော BRI စီမံကိန်းနှင့် ပတ်သက်သည့် အကျိုးအပြစ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ကျင်းပမည့် ပိုးလမ်းမ စီမံကိန်း(Belt and Road Initiative-BRI)၏ (၁၀)နှစ်ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က BRI ၏ ယခင်နှင့် အနာဂတ်လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် ၎င်း၏အမြင်များကို ထုတ်ဖော် သွားရန်စီစဉ်ထားပါသည်။ ရှီကျင့်ဖျင်အနေဖြင့် ဖိုရမ်၏ ဒုတိယနေ့တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားပါသည်။ အခြားသောကမ္ဘာ့နိုင်ငံအကြီးအကဲများအပြင် မိတ်ဖက်ဆက်ဆံရေးတွင် အကန့်အသတ်မရှိကြောင်း ပြသလိုသည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် သည်လည်း ဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။
လေ့လာသုံးသပ်သူများက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် BRI စီမံကိန်းများနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်နေစဉ်တွင် အဆိုပါ အခမ်းအနား ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ BRI ကို ရှီကျင့်ဖျင် တရုတ်နိုင်ငံ သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဆောင်းဦးရာသီတွင် စတင် ခဲ့ခြင်းဖြစ်ကာ ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ဓာတ်အားပေး စက်ရုံများအပြင် အာရှမှအာဖရိကသို့ ဖြန့်ကြက်ထားသည့် အခြားသောစီမံကိန်းများကို စတင်ဖော်ဆောင်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ရှုထောင့်မှကြည့်လျှင် BRI သည် ၎င်း၏မူလရည်မှန်းချက် ၂ ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်ဟုယူဆနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသန ပညာရှင် Ammar Malik ကပြောကြားခဲ့ပါသည်။ ပထမရည်မှန်းချက်သည် ပြည်တွင်း၌ ဆောင်ရွက်၍ ပိုလျှံသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးစွမ်းရည်များကို ပြည်ပ၌ အသုံးချရန်ဖြစ်ပြီး ဒုတိယရည်မှန်းချက်သည် BRI တွင် ပါဝင်သည့်နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်လွှမ်းမိုးနိုင်မှုနှင့် ဩဇာအရှိန်အဝါကို တည်ဆောက် နိုင်ရန်ဖြစ်ပါသည်။ တရုတ်အစိုးရဘက်မှ ထုတ်ဖော်ပြောကြားချက်များအရ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် BRI ၌ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံပေါင်း ၁၅၀ နှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းပေါင်း ၃၀ ရှိခဲ့ပြီး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
BRI အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံကိန်းနှင့်အတူ အခြားသော နိုင်ငံတကာမှ ငွေကြေးလိုအပ်နေသူများအတွက် ဘဏ္ဍာငွေလိုအပ်ချက်များကို ထောက်ပံ့ ကူညီပေးခဲ့သည်ဟုဆိုသော်လည်း ဝေဖန်သူများက ထိုနိုင်ငံများအနေဖြင့် အတိုးနှုန်း မြင့်တက်မှုများ၊ အခြားသော စီးပွားရေးပြဿနာများအပြင် ကြွေးမြီအခက်အခဲ (Debt Distress)ဖြင့် ကြုံတွေ့နေရသည်ဟူ၍ ထောက်ပြခဲ့ကြပါသည်။ BRI တွင် ပါဝင်သည့် နိုင်ငံအချို့၏ ကြွေးမြီအခက်အခဲများသည် လွန်ခဲ့သည့် ၈ နှစ်အတွင်း နှစ်ဆမြင့်တက်လာ ခဲ့ကြောင်း၊ ဇမ်ဘီယာ၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့သည် ကြွေးမြီမဆပ်နိုင်သည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရပါသည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အချို့သောနိုင်ငံ များအား ကြွေးမြီထောင်ချောက်(Debt Trap)အတွင်း ကျရောက်အောင် ဆောင်ရွက် နေသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုလျက်ရှိပါသည်။
BRI စီမံကိန်းများ၏ သုံးပုံတစ်ပုံသည် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအန္တရာယ်၊ အကျင့်ပျက်ခြစားမှုနှင့် လုပ်သားအခွင့်အရေးချိုးဖောက်မှု စသည့်စိန်ခေါ်မှုများဖြင့် ရင်ဆိုင် နေရသည်ဟု ဆိုသည်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံ၏ East Coast Rail Link စီမံကိန်းသည် ကုန်ကျစရိတ်နှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ၂၀၁၈ ခုနှစ် မလေးရှား အစိုးရသစ်လက်ထက်တွင် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီး ရပ်ဆိုင်းခဲ့ရပါသည်။ BRI နှင့် ပတ်သက်သည့် ကမ္ဘာ့အခင်းအကျင်းသည်လည်း ပြောင်းလဲလျက်ရှိပြီး အစောပိုင်း နှစ်များအတွင်းက အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် ၏ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို ဆန့်ကျင်သည့် “အမေရိကန်ပထမ” “American First” ဆိုသည့် အယူအဆက နိုင်ငံအများစုကို တရုတ်နိုင်ငံနှင့် ပိုမိုပေါင်းစည်းဆောင်ရွက်စေရန် ဆွဲဆောင်မှုဖြစ်စေခဲ့ သည်ဟု နိုင်ငံရေးပညာရှင်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
သို့သော် တရုတ်နိုင်ငံကိုယ်တိုင် စီးပွားရေးကျဆင်းမှုနှင့် ချေးငွေယူသည့်နိုင်ငံများ၏ ငွေကြေးပြန်လည်ပေးဆပ်နိုင်ရန် မသေချာမှုကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ BRI စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခဲ့ပါသည်။ ဆောက်လုပ်ရေးစီမံကိန်းများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင် BRI စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၉၆ မီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၂၁ မီလီယံသို့ ကျဆင်းသွားခဲ့ပါသည်။ ၎င်းပမာဏသည် စတင်ထူထောင်ခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးဖြစ်လာခဲ့ပါသည်။ စီမံကိန်းဆောင်ရွက်မှုများ လျော့နည်းလာခြင်း အကြောင်းမှာ တရုတ်နိုင်ငံအနေဖြင့် စီမံကိန်းများဆောင်ရွက်မည့် နိုင်ငံများ၏ အခြေအနေကို လိုက်၍ ပိုမိုတင်းကျပ်သည့် ငွေကြေးမူဝါဒများကျင့်သုံးလာခြင်းနှင့် တရုတ်ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် တည်ငြိမ်မှုပျက်ယွင်းနေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကို ချိန်ညှိဆောင်ရွက်နေရခြင်းများကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆယ်စုနှစ်တစ်ခုအကြာတွင် တရုတ်နိုင်ငံ၏ ကြီးမားသည့် အခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းများကို အလေးပေးဆောင်ရွက်နေရာမှ သေးငယ်ပြီးထိရောက်သော နည်းပညာကိုအခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုများ(Small and Beautiful Technology- Based Cooperation)ကို ပြောင်းလဲဆောင်ရွက်လာသည်ဟု ယူဆရပါသည်။ သန့်စင်သည့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး(Clean Energy Development)ကို ဦးစားပေးရန်အတွက် ရုပ်ကြွင်းလောင်စာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ရပ်တန့်သွားမည်ဟု ကတိပြုခဲ့ပါသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မူဝါဒရေးရာ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် BRI ၏ ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ရာတွင် ကြွေးမြီပြဿနာများကို ရှောင်ရှားနိုင်ရန်နှင့် ဒေသအတွင်း လိုအပ်ချက်များကို အခြေခံ၍ လုပ်ဆောင်သွားမည်ဟု ဆိုထားပါသည်။
သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက အတွေ့အကြုံများကြောင့် BRI ၏ စည်းရုံး ဆွဲဆောင်နိုင်မှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများ ဆက်လက်ရှိနေပါသည်။ ယခုတစ်ပတ်တွင် ပြုလုပ်ခဲ့သည့် ဖိုရမ်ကို တက်ရောက်ရန် နိုင်ငံပေါင်း ၁၄၀ မှ ကိုယ်စားလှယ်များစေလွှတ်ခဲ့ပြီး ခေါင်းဆောင်များအနေဖြင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်အပြင် ဆာဘီးယား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင် များလည်းပါဝင်လာပါသည်။ ယခုနှစ် ဖိုရမ်သည် နိုင်ငံအကြီးအကဲ ဒါဇင်ခန့်သာ တက်ရောက် မည်ဟု မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ် BRI စုဝေးမှုတွင် နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးထက်မနည်း တက်ရောက်ခဲ့ပါသည်။ ဤအချက်ကပင် BRI ၏ စည်းရုံးနိုင်မှုများ လျော့နည်းလာမှုလက္ခဏာအား ပြသနေကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ Belt and Road Initiative Forum ကို စတင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်၊ ယခု ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ် ကျင်းပနေခြင်းဖြစ်ပါသည်။ BRI ဖိုရမ်၏ အဓိကရည်ရွယ်ချက်မှာ ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းအခြေအနေများ၏ အားနည်းချက်၊ အားသာချက် များကို ဖော်ထုတ်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းများ၏ အလားအလာနှင့် ရည်ရွယ်ချက်များ၊ မူဝါဒများကို ချပြဆွေးနွေးညှိနှိုင်းရာ ကမ္ဘာလုံးဆိုင်ရာဖိုရမ်တစ်ခု အဖြစ်သတ်မှတ်နိုင်ပါသည်။ ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် BRI Forum ကို ကျင်းပနေပြီး ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိပါသည်။
ယခုဆောင်းပါးသည် BRI စီမံကိန်းများ၏ အားနည်းချက်များကို ထုတ်ဖော် ဝေဖန်ထားပြီး ပူးပေါင်းဆောင်ရွက်မှု ကျဆင်းလာသည်ဟူသော အယူအဆဘက်မှ ရပ်တည်ရေးသားထားခြင်းဖြစ်သည်။ BRI ခေါင်းစဉ်အောက်ရှိ နိုင်ငံများကို တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့နေမှုများအား Debt Trap (ငွေကြေးထောင်ချောက်) ဆင်နေသည်ဟု အနောက်အုပ်စုက ဝေဖန်ပြောဆိုမှုများပြုလုပ်နေသည်ကို တွေ့ရှိရပြီး[2] အချို့နိုင်ငံများသည်လည်း အမှန်ပင် ချေးငွေပြန်ဆပ်ရန် အခက်အခဲများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။[3] သို့သော်လည်း ထိုကဲ့သို့ ငွေကြေးပြန်ဆပ်ရန်ခက်ခဲခြင်းသည် တရုတ်နိုင်ငံ၏ BRI စီမံကိန်းကြောင့်လော၊ လက်ခံနိုင်ငံ၏ ပင်ကိုယ်သဘာဝအရပင် အကျင့်ပျက်ခြစားမှုများနှင့် စီးပွားရေးကဏ္ဍအားနည်းခြင်းကြောင့်လော ဟူသည်မှာ ရှင်းလင်းခြင်းမရှိသေးသည့် ကိစ္စဖြစ်ပါသည်။
သို့သော်လည်း ထိုသို့ဝေဖန်ခံရမှုများနှင့် အားနည်းချက်တစ်ချို့ကြောင့်ပင် တရုတ်နိုင်ငံ အနေဖြင့် BRI နှင့်ပတ်သက်သော မူဝါဒများကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး သေးငယ်၍ ထိရောက်သော နည်းပညာမြင့်ပူးပေါင်းဆောင်ရွက်မှုများကို လက်ခံနိုင်ငံ၏ လိုအပ်ချက်နှင့် ကြွေးမြီပြန်ဆပ်နိုင်မှုအခြေအနေပေါ်တွင်မူတည်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်ကို တွေ့ရသည်။
တရုတ်နိုင်ငံ၏ BRI စီမံကိန်းများကို တန်ပြန်ရန်အတွက် အမေရိကန်နိုင်ငံ အနေဖြင့်လည်း Indo-Pacific Economic Framework-IPEF ၊ ဥရောပသမဂ္ဂအနေဖြင့်လည်း Global Gateway စီမံကိန်းနှင့် မကြာသေးမီက အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ် ခဲ့သည့် G-20 မှ ပေါ်ထွက်လာခဲ့သည့် India-Middle East Economic Corridor-IMEEC ဖြင့်လည်း တရုတ်နိုင်ငံ၏ BRI ကို တန်ပြန်ရန် အစီအစဉ်များဆောင်ရွက်နေကြပါသည်။ သို့ရာတွင် နိုင်ငံပေါင်း ၁၅၀ ပါဝင်ပြီး ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ခဲ့သည့် BRI သည် လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးနီးပါးအထိ လွှမ်းခြုံထား နိုင်သည့် အနေအထားရှိနေပြီး BRI ဖိုရမ်ကဲ့သို့သော တွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် မူဝါဒအဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အခြေအနေအချိန်အခါအရ အရေအတွက်ကိန်းဂဏန်းအားဖြင့် လျော့နည်းသွားနိုင် သော်လည်း အရည်အသွေးနှင့် အဆင့်အတန်းအားဖြင့် ပိုမိုကျစ်လျစ်အောင်မြင်သည့် ဘက်သို့ ရောက်ရှိလာနိုင်သည်ဟု ယူဆရပါသည်။ ထို့ကြောင့် BRI စီမံကိန်းတွင် ပါဝင်နေသည့် နိုင်ငံငယ်များအနေဖြင့် ပြောင်းလဲလာသော မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး နှစ်ဦးနှစ်ဘက် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးနိုင်ရေးသည်ပင် သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
132101923
[1]။ CK TAN.“ Belt and Road Forum kicks off with Xi Jinping to lay out new pitch”. Nikkei Asia, 17 October 2023, [https: // asia.nikkei.com/ Spotlight/ Belt-and-Road/ Belt-and-Road-Forum-kicks-off-with-Xi-Jinping-to-lay- out- new-pitch]
၂။ Alain Tao.“Beyond the Narrative of China’s Debt Trap Diplomacy.” E-International Relations, 2 Aug 2023, [https://www.e-ir.info/.../beyond-the-narrative-of-chinas.../]
၃။ CHULANEE ATTANAYAKE.“Sri Lanka’s Economic Crisis: Lessons for those in China’s Debt.” Observe Research Foundation, 2 March 2023, [https://www.orfonline.org/.../sri-lankas-economic-crisis//]

Like
Comment
Send

Tuesday, October 17, 2023

Al-Aqsa Storm မှ တောင်အာရှဒေသအတွက် ရရှိနိုင်သော စစ်ရေးဆိုင်ရာ သင်ခန်းစာများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တောင်အာရှဒေသတွင်း နိုင်ငံများအနေဖြင့် အစ္စရေး-ပါလက်စတိုင်း စစ်ရေး ပဋိပက္ခကို သင်ခန်းစာယူမည်ဆိုပါက ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်ထားမှု၊ အသုံးပြုမှုတွင်လည်း ကန့်သတ်ချက်များရှိနေပြီး လူသားများ၏ ဉာဏ်စွမ်းရည်ကို အသုံးချနိုင်မှုမှာ အရေးပါလာသည့် အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
လက်ရှိအချိန်တွင် အစ္စရေး-ပါလက်စတိုင်း စစ်ရေးပဋိပက္ခနှင့် ပတ်သက်သည့် လုံခြုံရေးရှုထောင့်သည် လွန်ခဲ့သည့် တစ်ပတ်ကျော်ကစ၍ ပြောင်းလဲလာခဲ့ပါသည်။ Al-Aqsa Strom ဟု အမည်ရသည့် ဟားမက်စ်အဖွဲ့၏ အစ္စရေးနိုင်ငံနယ်မြေအတွင်း တိုက်ခိုက်မှုက စစ်ရေးယူဆချက်နှင့် သီအိုရီများ မှားယွင်းနေသည်ကို ပြသနေပြီး ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူများအား ၎င်းတို့၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရန် ဖိအားတစ်ရပ်ဖြစ်လာစေပါသည်။ အစ္စရေးနိုင်ငံဘက်မှ တုံ့ပြန်မှုများ မည်သို့ပင်အောင်မြင်၊ ကျယ်ပြန့်စေကာမူ ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုသည် ကြီးမား၊ အင်အားတောင့်တင်းပြီး နည်းပညာမြင့်မားသည့် တရားဝင်စစ်တပ်တစ်ခုကို နည်းပညာနိမ့် (Low-Tech) လက်နက်များအသုံးပြု၍ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နိုင်ခဲ့သည့် ဖြစ်ရပ်များ ထဲမှ အအောင်မြင်ဆုံးတစ်ခုဖြစ်လာခဲ့ပါသည်။ အထက်ပါဖြစ်ရပ်မှ တွေ့ရှိရသည့် စစ်ရေး ဆိုင်ရာသင်ခန်းစာများကို အထူးသဖြင့် သောင်းကျန်းသူများနှင့် နယ်စပ်ဖြတ်ကျော် တင်းမာမှုများဖြင့် ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသည့် တောင်အာရှဒေသအနေဖြင့် လေ့လာထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ပထမအချက်အနေဖြင့် နည်းပညာမြင့်(High-Tech) လက်နက်များ အသုံးပြု ဖြေရှင်းရာတွင် ကန့်သတ်ချက်များရှိနေပါသည်။ ဟားမက်စ်အဖွဲ့သည် အစ္စရေး Iron Drome စနစ်(ဒုံးကျည်ကာကွယ်ရေးဒုံးခွင်းဒုံးစနစ်)များ၏ Saturation Point (ပြင်ပဒုံး စနစ်များကို ကြားဖြတ်ထောက်လှမ်းနိုင်သည့်အမှတ်)ကို ကျော်လွှားနိုင်ရန် နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် တရပ်စပ်ပစ်ခတ်မှုများကို နှစ်ပေါင်းများစွာ ပြုလုပ် ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်းက ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်းသို့ ၃ ရက်အတွင်း ဒုံးအစင်းပေါင်း ၁,၅၀၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး အများစုကို Iron Dromeစနစ်ဖြင့် ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပါသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံနယ်မြေအတွင်းသို့ မိနစ် ၂၀ အတွင်း ဒုံးအရေအတွက် ၅,၀၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးနိုင်ငံဘက်မှ ငွေကြေးအကုန်အကျများသည့် ဒုံးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့ရပါသည်။
ဟားမက်စ်ဘက်မှ ပစ်လွှတ်သည့် ဒုံးတစ်စင်းသည် ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၆၀၀ ခန့်သာကုန်ကျပြီး အစ္စရေးနိုင်ငံ၏ Iron Drome စနစ်မှ တန်ပြန်ပစ်လွှတ်သည့် ဒုံးတစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ အထိ ကုန်ကျနိုင်ပါသည်။ ထိုသို့ ကုန်ကျစရိတ် အဆ ၁၀၀ ကွာဟနေခြင်းသည် အဓိကပြဿနာဖြစ်လာခဲ့ပါသည်။ အစ္စရေးနိုင်ငံအသုံးပြုသည့် Iron Drome စနစ်သည် ယခင်က ဒုံးပမာဏအမြောက်အမြားကို ခုခံခဲ့ဖူးခြင်းမရှိဘဲ ဒုံးကျည်များ ပြန်လည်တပ်ဆင်ရာတွင် အချိန်ယူရပါသည်။ ယခုဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုသည် မည်သည့် နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဆင်ထားနိုင်သည့် မည်သည့်နိုင်ငံမဆို ဒုံးအစင်းပေါင်း ၅,၀၀၀ ခန့်ဖြင့် ရုတ်တရက်တိုက်ခိုက်မှုအား ခုခံ နိုင်မည်မဟုတ်သည်ကို ပြသနေပါသည်။ ယခုဖြစ်စဉ်တွင် ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန် အမေရိကန်ဒေါ်လာ ၃ သန်းခန့်သာ ကုန်ကျခဲ့ပြီးအစ္စရေးနိုင်ငံသည် ပြန်လည်ကာကွယ်မှုများအတွက် အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် ကုန်ကျခဲ့ရပါသည်။ ထို့ကြောင့် အဆင့်မြင့် လက်နက် နည်းပညာများတွင်လည်း အကန့်အသတ်များရှိနေပြီး မည်မျှပင်အဆင့်မြင့် ကုန်ကျ စရိတ်များသည့် နည်းပညာဖြစ်စေကာမူ အားနည်းချက်တချို့ရှိနေနိုင်ပါသည်။ တစ်ဖက် ရန်သူအနေဖြင့် အဆိုပါအချက်ကို နားလည်ထားသည့်အခါတွင် မိမိအားကုန်ကျစရိတ်အနည်းဆုံးဖြင့် တိုက်ခိုက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် အစ္စရေးနိုင်ငံ၏ စုံစမ်းထောက်လှမ်းရေး ပြုလုပ် နိုင်စွမ်း၊ သို့မဟုတ် တွေးခေါ်နိုင်စွမ်း ကျဆင်းသွားခဲ့ခြင်းကို မေးခွန်းထုတ်ဖွယ်ရာဖြစ်ပါသည်။ လက်ရှိအချိန်တွင် အစ္စရေးနိုင်ငံအတွက် အစိုးရိမ်ရဆုံးအချက်မှာ ဒုံးကျည်များကို တားမြစ် နိုင်ရေးမဟုတ်ဘဲ ဟားမက်စ်အဖွဲ့များ နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာ နိုင်သည့် လုံခြုံရေးကျိုးပေါက်မှု ဖြစ်နေခြင်း ဖြစ်ပါသည်။ ဟားမက်စ်အဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ အစ္စရေးနိုင်ငံအတွင်းကို လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်မှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်နိုင်ခဲ့ခြင်းက အစ္စရေးနိုင်ငံ၏ အကြမ်းဖက်တန်ပြန်တိုက်ခိုက်ရေး အခြေခံ ယူဆချက်အချို့ မှားယွင်းနေသည်ကို ပြသနေခဲ့ပါသည်။ အစ္စရေးကာကွယ်ရေးစနစ်များကရေကြောင်းနှင့် လေကြောင်းမှ(Gliding and Sailing) လက်နက်ကိုင်အများအပြား ဝင်ရောက်လာမှုကို စုံစမ်းထောက်လှမ်းနိုင်ခဲ့ပါက ယခုကဲ့သို့ ရုတ်တရက်တိုက်ခိုက်ခံရမှု မဖြစ်ပွားနိုင်မည်မဟုတ်ပါ။ သို့သော်လည်း ယခုအခါ အားနည်းချက်များရှိနေခြင်းကြောင့် တစ်ဖက်က မမျှော်လင့်ထားသည့် နည်းပညာနိမ့်တိုက်ခိုက်မှုပုံစံဖြင့် အောင်မြင်မှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုက စုံစမ်းထောက်လှမ်းရေး၏ ကြီးမားသည့် ချို့ယွင်းချက်ကြောင့်ဟု ဆိုနိုင်သော်လည်း ပို၍ အရေးကြီးသည့်အချက်မှာ တွေးခေါ်နိုင်စွမ်း ကျဆင်းခဲ့သည်ဆိုသည့်အချက်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
စစ်ဘက်ဆိုင်ရာ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သည့် Carl von Clausewitz က သီအိုရီနှင့် မူဝါဒများထက် လူသားများ၏ ရဲဝံ့စွန့်စားမှုနှင့် တွေးခေါ်နိုင်စွမ်း စွမ်းရည် များကို အသားပေးဖော်ပြလေ့ရှိပါသည်။ အစ္စရေး-ဟားမက်စ် ပဋိပက္ခတွင် ၎င်းယူဆချက်ကို လက်တွေ့မြင်ခဲ့ကြရပြီးဖြစ်ပြီး တောင်အာရှဒေသတွင်းနိုင်ငံများအတွက်လည်း နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြန်လည် သုံးသပ်ရမည့် သင်ခန်းစာတစ်ရပ်ဖြစ်ပါသည်။ တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသည့်ကိစ္စများ အပြင်းထန်ဆုံးဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီတွင် သောင်းကျန်းသူများကို ကြားခံအဖြစ် မွေးမြူထားသည်ဟုလည်း စွပ်စွဲမှုများ ရှိနေပါသည်။ ထို့ကြောင့် အဆိုပါဒေသတွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ တခြားတစ်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုများကို ကြိုတင်မသိမြင်နိုင်သကဲ့သို့ ရှောင်လွှဲ၍လည်းရမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် နယ်စပ်များတွင် အခြေချနေထိုင်မှုများနှင့်ပတ်သက်၍ မကြာသေးမီနှစ်များအတွင်းက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် တောင်အာရှဒေသရှိ ၎င်းတို့၏ အငြင်းပွားနယ်နိမိတ်များတွင် အခြေချနေထိုင်မှုနှင့် ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲခဲ့ကြပါသည်။ အများစုက အဆိုပါပြဿနာသည် ရေရှည် လုံခြုံရေးအတွက် ပြဿနာဖြစ်ပေါ်စေနိုင်သည်ဟု ယူဆခဲ့ကြပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဟားမက်စ်အဖွဲ့၏တိုက်ခိုက်မှုသည် ထိခိုက်လွယ်သည့် အရပ်သားများကို အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ခဲ့ပါသည်။ အစ္စရေးနိုင်ငံသည်လည်း မကြာသေးမီ နှစ်များအတွင်းက နယ်မြေကျုးကျော်မှုနှင့် လူမျိုးစုအခြေချနေထိုင်ရေးမဟာဗျူဟာကို လုပ်ဆောင်ခဲ့ပါသည် (အထူးသဖြင့် West Bank တွင် လုပ်ဆောင်ခဲ့)။ ယခုနှစ်အစောပိုင်းတွင် ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဆီးရီးယား၊ ဂိုလန်၌ အခြေချနေထိုင်မှုများ နှစ်ဆတိုးမြှင့်ရန် စီစဉ်နေပြီး ၎င်းနေရာတွင် အခြေချနေထိုင်သူ ၇၀၀,၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ အစ္စရေးနိုင်ငံဘက်က အဆိုပါအခြေချနေထိုင်မှုများသည် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲမှုအတွက်ဖြစ်ပြီး ၎င်းတို့သည် ကျူးကျော်မှုများကို ရှေ့တန်းမှကာကွယ်ပေးမည့်သူများဖြစ်သည်ဟု အကြောင်းပြလေ့ရှိကြောင်း‌ဖော်ပြထားပါသည်။
သို့သော် Al-Aqsa Strom တိုက်ခိုက်မှုက အဆိုပါအယူအဆကို အကြီးအကျယ် ထိခိုက်စေခဲ့ပါသည်။ အဆိုပါဒေသတွင်နေထိုင်သည့် အရပ်သားများက အားနည်းချက် တစ်ရပ် ဖြစ်လာခဲ့ပြီး အစ္စရေးနိုင်ငံတောင်ပိုင်းတွင် နေထိုင်သည့် ပြည်သူများနှင့် လာရောက်လည်ပတ်သူများသည် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း ထိတ်လန့်ဖွယ် ဖြစ်ရပ်အမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ရပါသည်။ တိုက်ခိုက်မှုများသည် ဂါဇာမှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း အရပ်သားထိခိုက်မှုသည် ပြောင်းလဲသွားခြင်းမရှိဘဲ မငြိမ်မသက်မှု ဖြစ်ပွားနေသည့် နေရာများတွင် အရပ်သားများ နေထိုင်မှုများလေ ထိခိုက်သေဆုံးမှု များလေဖြစ်ပါသည်။ အဆိုပါအချက်သည် တောင်အာရှဒေသတွင်းနိုင်ငံများကို အစ္စရေး နိုင်ငံကပေးသည့် အရေးပါသော သင်ခန်းစာဖြစ်ပြီး ငြိမ်းချမ်းနေသည့်အချိန်တွင် အငြင်းပွားနယ်မြေများတွင် လူဦးရေနေထိုင်မှု ထူထပ်စွာရှိနေခြင်းသည် လုံခြုံရေးအား အထောက်အပံ့ပေးနိုင်သည်ဆိုသော်လည်း စစ်ပွဲစတင်ဖြစ်ပွားလာသည်နှင့်တစ်ပြိုင်နက်ရလဒ်များပြောင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အနေဖြင့် ကြားခံစစ်ပွဲဆိုနှင့် ပတ်သက်ပြီး တောင်အာရှဒေသသည် အတွေ့အကြုံများစွာရှိခဲ့ဖူးပြီဖြစ်ပါသည်။ အင်အားပြိုင်ဆိုင်သော အင်အားကြီးနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို လက်နက်တပ်ဆင်ပေးပြီး စစ်ပွဲတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိခဲ့ဘဲ အစ္စရေး-ဟားမက်စ် စစ်ရေးပဋိပက္ခတွင် အီရန်နိုင်ငံသည် ဟားမက်စ်ဘက်မှ တိုက်ရိုက်ပါဝင်ကူညီပေးခြင်းများ ပြုလုပ်ပေးနေသည်ဟု အစ္စရေး နိုင်ငံက အခိုင်အမာပြောကြားထားပါသည်။ အဆိုပါအချက်ကို အီရန်နိုင်ငံဘက်မှ ပြန်လည် ငြင်းဆိုထားသော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နှင့် Hezbollah တို့အကြားအပြန်အလှန်ပစ်ခတ်မှုများကြောင့် အစ္စရေးနိုင်ငံ၏ အီရန်နိုင်ငံအပေါ် ထားရှိသည့် သံသယများ ပိုမိုအားကောင်းလာခဲ့ပါသည်။ ထို့ပြင် ဟားမက်စ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့မှုကြောင့် တိုက်ခိုက်မှု များတွင် ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်ပေါ် လာခဲ့ပါသည်။ ဟားမက်စ်၏ တိုက်ခိုက်မှုသည် အစ္စရေး-ဆော်ဒီအာရေဗျ မိတ်ဖက် ဆက်ဆံရေး အပြုသဘောဆောင်တော့မည့်အချိန်နှင့် အချိန်ကိုက်ဖြစ်ပေါ်လာသည်ကို ထောက်ပြထားပါသည်။ အဆိုပါအင်အားကြီးနိုင်ငံအနေဖြင့် ပုံမှန်သံတမန်ဆက်ဆံရေး ဖော်ဆောင်မှုများကို အနည်းငယ်မျှပင် လုပ်ဆောင်နိုင်စေကာမူ ဒေသတွင်းအာဏာ သက်ရောက်မှုများတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်ပြီး အီရန်နိုင်ငံ၏ ဖြစ်တည်မှုများ မှေးမှိန်လာနိုင်ပါသည်။
နိုင်ငံရေးနှင့် စစ်ရေးဗျူဟာသည် ခွဲခြား၍မရနိုင်ဘဲ အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးဖော်ဆောင်နိုင်ခဲ့လျှင်တောင်မှ အီရန်နိုင်ငံ၏ ကြိုတင်ပြင်ဆင်ထားမှုများကို ခန့်မှန်းနိုင်မည်မဟုတ်ပါ။ တောင်အာရှနိုင်ငံများ အနေဖြင့် အစ္စရေးနိုင်ငံကဲ့သို့ အရည်အချင်းရှိသည့်သူများကို အများဆုံး အသုံးချလေ့ ရှိသည့်နိုင်ငံတွင်ပင် ယခုကဲ့သို့ သတိလက်လွတ်မှုများကို ကြုံတွေ့ခဲ့ရကြောင်းနှင့် ထိုကဲ့သို့ တိုက်ခိုက်ခံရမှုမျိုးသည် မည်သည့်နိုင်ငံတွင်မဆိုပေါ်ပေါက်လာနိုင်ကြောင်းကို အလေးထား သတိပြုသင့်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အချို့သော သင်ခန်းစာများသည် သိသာမြင်သာရှိသော်လည်း အချို့မှာမထင်ရှားကြပါ။ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှုအများဆုံးဖြစ်သည့် ဒေသများတွင် တောင်အာရှဒေသပါဝင်ပြီး နျူကလီးယားပါဝါ ပိုင်ဆိုင်ထားသည့် အင်အားကြီး ၃ နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှု ပဋိပက္ခများရှိနေသည့်အပြင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု၊ ကြားခံစစ်ပွဲများနှင့် လက်နက်ကိုင်သောင်းကျန်းမှုများရှိနေသည့် နိုင်ငံငယ်များ ရှိနေပါသည်။ ဒေသတွင်းအစိုးရများအနေဖြင့် အစ္စရေး-ဟားမက်စ်စစ်ပွဲတွင် ရဲရင့်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးသုံးတိုက်ခိုက်မှုကို အလေးထားသင်ခန်းစာယူသင့်ကြောင်း အကြံပြု ရေးသားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးရှင် Nilanthan Niruthan သည် သီရိလင်္ကာနိုင်ငံ၏ Center for Law and Warfare (CLAW) တွင် လက်ရှိ ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာနှင့် ဥပဒေရေးရာများကို ရေးသားလေ့ရှိသူတစ်ဦး ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ နည်းပြတစ်ဦးလည်း ဖြစ်ပါသည်။ ဆောင်းပါးတွင် ဟားမက်စ်အဖွဲ့၏ နည်းပညာနိမ့် လက်နက်များဖြင့် အစ္စရေးနိုင်ငံအတွင်း ထိုးစစ်ဆင်နိုင်ခဲ့မှုများကို ထောက်ပြထားပြီး အရည်အသွေးမြင့်လက်နက်များအပေါ် အလွန်အမင်းမှီခိုအားထားနေမှု မြှင့်တင်နေခြင်း များသည် လုံလောက်မှုမရှိဘဲ အသိပညာကြွယ်ဝသည့် လူသားအရင်းအမြစ်များကို ပိုမိုပျိုးထောင် အသုံးချနိုင်ခြင်းသည် စစ်ဆင်ရေးများတွင်လည်း စစ်ရေးအသုံးစရိတ် အနည်းဆုံးဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ကြောင်း သင်ခန်းစာဖော်ထုတ်ပြထားခြင်း ဖြစ်ပါသည်။
ထို့ပြင် အစ္စရေးနိုင်ငံ၏ စစ်ရေးဆိုင်ရာ တွေးခေါ်မှုများ သမားရိုးကျဆန်မှု၊ ယခင်က အောင်မြင်ခဲ့မှုများအပေါ် စိတ်ကြီးဝင်နေခဲ့ပြီး ပေါ့လျော့ခဲ့မှုတို့ကြောင့် ဟားမက်စ်အဖွဲ့၏ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် အားကောင်းသော ထောက်လှမ်းရေးစနစ်၊ အင်အားတောင့်တင်းသော စစ်တပ်နှင့် စွမ်းဆောင်ရည်မြင့် နည်းပညာများ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံအဖို့ ကမ္ဘာ့နိုင်ငံများ အလယ်တွင် အရှက်ရစေခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ နည်းပညာမြင့်လက်နက်များ၊ သာလွန်အင်အားများဖြင့် ဂါဇာဒေသအား အလုံးစုံစစ်ဆင်ရေး ဆင်နွှဲနေပြီး ပြည်သူများ ဂါဇာဒေသမြောက်ပိုင်းမှ ထွက်ခွာကြရန် ကြေညာထားသည်ကို တွေ့ရသည်။[2] အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များအရ မည်သည့်ဘက်မှ မှားသည်၊ မှန်သည်ကို တစ်ထစ်ချဆုံးဖြတ်ရန် ခက်ခဲသော်လည်း လက်နက်နှင့် နည်းပညာ တောင့်တင်းသည့် စစ်တပ်တစ်ခုကို နည်းပညာမြင့်လက်နက်များမရှိသော်လည်း သမားရိုးကျ မဟုတ်သည့် နည်းလမ်းများကို ဖော်ထုတ်အသုံးချနိုင်ပါက ငွေကုန်ကြေးကျ သက်သာစွာဖြင့်ထိရောက်အောင် တိုက်ခိုက်နိုင်သည်ဟူသည့် အချက်ကို သင်ခန်းစာဖော်ထုတ်နိုင်ခြင်းသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
131101823
[1]။ Nilanthan Niruthan.“ Al-Aqsa Storm: Lessons for South Asia”. The Diplomat, 11 October 2023, [/https://thediplomat.com/.../al-aqsa-storm-lessons-for.../]

[2]။ “Israel orders 1.1 million people in Gaza to move south: What to know”. Al Jazeera, 13 Oct 2023, [https:// www. aljazeera.com/news/2023/10/13/israel-orders-1-1-million-people-in-gaza-to-move-south-what-toknow#:~: text= Israel's% 20army%20has%20ordered%20the,offensive%20on%20the%20besieged%20enclave.]