Thursday, April 27, 2023

အမေရိကန်အောက်လွှတ်တော်က တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုကို အားဖြည့်ရန် အထူးကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်ခြင်း နိဒါန်း

 


တရုတ်နိုင်ငံ၏ လက်ရှိနိုင်ငံရေးသည် ကမ္ဘာတွင် သိသိသာသာ ပြောင်းလဲ လာသည်ကို တွေ့ရှိရပြီး အမေရိကန်၊ အိန္ဒိယနိုင်ငံတို့အပါအဝင် ၎င်းနှင့် အားပြိုင်နေသည့်နိုင်ငံကြီးများက သတိထားနေရသည့် အခြေအနေတွင် ရှိနေပါသည်။ အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် မဟာဗျူဟာမြောက် နည်းလမ်းများ အသုံးပြုလျက်ရှိပြီး ကြိုတင်ကာကွယ်မှုများလည်း လုပ်ဆောင်လျက် ရှိပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံသည် ၎င်းနှင့် တရုတ်ကွန်မြူနစ်ပါတီများ အကြား မဟာဗျူဟာမြောက်အားပြိုင်မှုများနှင့်ပတ်သက်သည့် အဖြေရှာဆောင်ရွက်မှုများ ပြုလုပ်ရန် စုံစမ်းစစ်ဆေးရေးကော်မတီ (Select Committee) တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အဆိုပါကော်မတီတွင် အမေရိကန်နိုင်ငံအတွင်းမှ ပါတီကြီး ၂ ခုစလုံး ပါဝင်လျက် ရပါသည်။ ဆောင်းပါးတွင် အဆိုပါကော်မတီနှင့်ပတ်သက်၍ သက်ရောက်လာနိုင်မှုများကို သုံးသပ်ရေးသားထားပါသည်။
ဖော်ပြချက်
အမေရိကန်နိုင်ငံ၏ ပါတီကြီး ၂ ခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီနှင့် ရီပတ်ပလစ်ကန်ပါတီတို့သည် တရုတ်-အမေရိကန် မဟာဗျူဟာမြောက် အားပြိုင်မှုကို သိသိသာသာအလေးထားလာခဲ့ပါသည်။ ၎င်းပါတီဝင်များသည် အဆိုပါ အားပြိုင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီ(Select Committee) တစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး၎င်းကော်မတီဖွဲ့စည်းနိုင်ရေး အဆိုတင်သွင်းချက်များတွင် ဒီမိုကရက်တစ်ပါတီမှ ၁၄၆ မဲအပါအဝင် ထောက်ခံမဲ ၃၆၅ မဲရရှိခဲ့ပါသည်။ ကော်မတီဥက္ကဋ္ဌ ရီပတ်ပလစ်ကန်ပါတီကိုယ်စားလှယ် Mike Gallagher နှင့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Raja Krishnamoorthi တို့သည် အဆိုပါ ကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ခြင်းများ၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံ၏ ပါတီနိုင်ငံရေး အားပြိုင်မှုများကို အမြတ်ထုတ်မည့် တရုတ်နိုင်ငံ၏ မဟာဗျူဟာကို ထင်ဟပ်စေသော ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗြူရိုအဖွဲ့ဝင် Wang Huning ရေးသားသည့် America Against America စာအုပ်ထွက်ပေါ်ပြီးနောက် ပါတီကြီး ၂ ခု အတွင်း ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအရေးနှင့်ပတ်သက်၍ ယခင် 9/11 တိုက်ခိုက် ခံရမှုနှင့် ၁၉၅၀ ခုနှစ် စစ်အေးကာလအတွင်း ဖြစ်စဉ်များထက် ပိုမို၍ အလေးထား နေသည်ကို တွေ့ရပြီး၊ ယခုအထူးကော်မတီ၏ မူဝါဒသည် ယခင် စစ်အေး ကာလအမေရိကန်နိုင်ငံခြားရေးမူဝါဒသဘောတရားများ လွန်ကဲနေသည်ကိုတွေ့ရပါသည်။ ကော်မတီဥက္ကဋ္ဌ Gallagher က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ယုံကြည်မှု ကင်းမဲ့နေပြီး ၎င်း၏ ပြင်းထန်သည့်မူဝါဒများကို ခိုင်မာသည့် မူဝါဒများဖြင့် အနိုင်ယူ သွားမည်ဟု ပြောကြားထားပြီး စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးပွဲတစ်ခုတွင် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းနှင့်ပတ်သက်သော ဗီဒီယို တစ်ပုဒ်ကို ပြသခဲပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဦးဆောင် လွှမ်းမိုးမှုကို ရေရှည်နည်းလမ်းဖြင့် ခြိမ်းခြောက်မည့် ပြိုင်ဘက်ရန်သူအဖြစ် အမေရိကန် နိုင်ငံဘက်မှ ယူဆလျက်ရှပါသည်။ သို့သော် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများလည်း ရေးသားထားပါသည်။
အမေရိကန်နိုင်ငံ၏ မူဝါဒရည်မှန်းချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီအတွင်း အားပြိုင်မှုများ ရှိနေပြီး ကော်မတီအစည်းအဝေးပွဲတွင် ဒီမိုကရက်တစ်များဘက်က တရုတ်ကွန်မြူနစ်ပါတီ(China Communist Party-CCP)နှင့် တရုတ်ပြည်သူများအကြား ကွာဟမှုများကို သတိထား လုပ်ဆောင်လိုသည့် သဘော တွေ့ရှိရသည်။ တရုတ် နိုင်ငံကိုတန်ပြန်မည့် အမေရိကန်နိုင်ငံ၏ နည်းလမ်းများသည် တရုတ်ပြည်သူနှင့် အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားများအတွက် လူမျိုးရေးနှင့် လူမျိုးစု လက်နက်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်ကြသည်။ ၎င်းတို့က တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အတွက် ပြည်တွင်းရေးကိုသာ အလေးထား၍ ချဉ်းကပ်လုပ်ဆောင်လိုကြပါသည်။ ၎င်းကော်မတီ ဖွဲ့စည်းမှုကပင် မိမိအာဏာရရှိရန်သာ အလေးထားသည့် နိုင်ငံရေးသမားများက တရုတ်နိုင်ငံအရေးအား လိုအပ်သည်ထက်ပို၍ ၎င်းတို့မဲရရှိရေးအတွက် အသုံးချလာမည်ကိုစိုးရိမ်ရကြောင်း ရေးသားထားပါသည်။
ရီပတ်ပလစ်ကန်အုပ်စုအနေဖြင့်မူ တရုတ်နိုင်ငံအား မလိုလားသည့် ရှုထောင့်မှသာ ရှုမြင်ကြကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီနှင့် ပြည်သူခွဲခြားရှုမြင်ကြခြင်းမရှိကြပါ။ သို့သော်လည်း တရုတ်နိုင်ငံအကြောင်းကို လေ့လာမည်ဆိုပါက ကွန်မြူနစ်ဝါဒ မကြီးစိုးခင် ကာလကတည်းက ရှည်လျားသောသမိုင်းကြောင်းကို လေ့လာရန်လိုပြီး ကာလတို အမြင်ကိုကြည့်၍ မဆုံးဖြတ်သင့်ပေ။ ကော်မတီဖွဲ့စည်းမှုကပင် တရုတ်နိုင်ငံကို လေ့လာသည့် ပညာရှင်များ၏ အခန်းကဏ္ဍပင် မှေးမှိန်သွားစေနိုင်ပြီး ၎င်းကော်မတီ အနေဖြင့် တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်လာမည့် ပြိုင်ဘက်အနေဖြင့်သာ ပုံဖော်ရန်ကြိုးပမ်းနေသည်ကို တွေ့ရပါသည်။ ထိုယုံကြည်ချက်ကပင် အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုပင်ပျောက်ဆုံးစေနိုင်ကြောင်း ရေးသားထားပါသည်။
သို့ဖြစ်ပါ၍ အမေရိကန်နိုင်ငံ၏ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီသည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ယုံကြည်မှုကို ပိုမိုပျက်ပြားစေပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် ပိုမိုခက်ခဲသွားနိုင်ဖွယ်ရှိပါသည်။ အမေရိကန်နိုင်ငံတွင်တရုတ်နိုင်ငံ အင်အားကောင်းလာမှုနှင့်ပတ်သက်၍ အကောင်းမြင်သည့် ရှုထောင့်မှ ချဉ်းကပ်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများလည်းရှိနေပါသည်။ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာစင်တာမှ သုတေသနပညာရှင် Sun Chenghao က ၎င်းကော်မတီသည် တရုတ်နိုင်ငံအပေါ် သက်ရောက်မှုနည်းမည်ဖြစ်ပြီး ကပ်ရောဂါအလွန်ကာလ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အာရုံစိုက်သင့်သည်ဟု ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေး ဝန်ကြီး Janet Yellen က အကယ်၍ တရုတ်နိုင်ငံ၏ တိုးတက်လာမှုသည် နိုင်ငံတကာ ဥပဒေများကိုသာ လိုက်နာမည်ဆိုပါက အမေရိကန်နိုင်ငံအတွက်ပင်မက ကမ္ဘာကြီး အတွက်လည်း အကျိုးရှိလာမည်ဟု ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ Department of State (DOS) ၏ စီမံခန့်ခွဲရေးအရာရှိဟောင်း Jessica Chen Weiss ကလည်း အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် လူသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုများကိုသာ အမှန်တကယ်အလေးထားသည်ဆိုပါက တရုတ်နိုင်ငံကို အနိုင်ပိုင်းတိုက်ခိုက်ရန်မလိုအပ်ဟု ပြောကြားခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားချက်များအရ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ထိန်းချုပ်ရန်နှင့် တန်ပြန်ရန်ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မတီသည် အားနည်းချက် များစွာရှိပြီး တရုတ်နိုင်ငံအပေါ် ထင်သလောက် သက်ရောက်နိုင်မည်မဟုတ်ကြောင်း၊ ပဋိပက္ခများကို ပိုမိုတွန်းအားပေးသကဲ့သို့ဖြစ်နေကြောင်းနှင့် အကယ်၍ အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာ့လူသားများကောင်းကျိုးအတွက် အမှန်တကယ်ဆန္ဒရှိမည်ဆိုပါက တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို နှောင့်ယှက်ရန်၊ ဟန့်တားရန် မလိုအပ် ကြောင်းကို ဆောင်းပါးရှင်က သွယ်ဝိုက်၍ သုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။ ကော်မတီဖွဲ့စည်းလိုက်ခြင်းသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား အားပြိုင်မှု ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း သတင်းစကားပါးခြင်းပင်ဖြစ်ပြီး အမေရိကန်နှင့် တရုတ် နိုင်ငံတို့အကြား ဆက်ဆံရေးသည်လည်း ယခုထိပိုမိုတင်းမာလာနိုင်ဖွယ်ရှိသည်ဟုယူဆ မိပါသည်။
တရုတ်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်များ တိုးချဲ့ခြင်း၊ စစ်ဘက် ဆိုင်ရာ ဥပဒေများ ပြင်ဆင်သတ်မှတ်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားအနီးရှိ မြို့များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားရှိခြင်းများနှင့် National Defense Mobilization ရုံးများ ဖွဲ့စည်းထားရှိခြင်းများ လုပ်ဆောင်ကာ စစ်ပွဲဖြစ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် အမေရိကန်နိုင်ငံ၏ ပါတီကြီးနှစ်ခုနှင့် နိုင်ငံရေးခေါင်းဆောင်များ အကြား တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အယူအဆ ကွဲလွဲလျက်ရှိခြင်းက တရုတ်နိုင်ငံအတွက် အခွင့်အရေးတစ်ရပ်ဖြစ်နေပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာကြီး၏ ပြဿနာရပ်များကို ဦးဆောင် ဖြေရှင်းရေးထက် တရုတ်နိုင်ငံက ၎င်းအား ကျော်တက်မသွားစေရန်နှင့် ဖိနှိပ်ထားရန်သာ အာရုံစိုက်နေခြင်းသည်လည်း လက်တွေ့နိုင်ငံရေးဖြစ်နေပြီး နိုင်ငံတကာဆက်ဆံရေး သဘောတရားတစ်ခုဖြစ်သည့် Thucydides Trap မှ ရှောင်ရှားနိုင်ရန်မှာ အလားအလာ နည်းပါးလာသည်ကိုတွေ့ရကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
7042723

Wednesday, April 26, 2023

အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ မူဝါဒအသစ်နှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 

အနှစ်ချုပ်

အိန္ဒိယနိုင်ငံ၏ လုံခြုံရေးဆိုင်ရာဝန်ကြီးများအဖွဲ့ကော်မတီမှ အတည်ပြုခဲ့သည့် အာကာသမူဝါဒ ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များကို အာကာသ ကဏ္ဍ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မူဝါဒချမှတ်ပေးထားပြီး အဆိုပါမူဝါဒကြောင့်အိန္ဒိယနိုင်ငံ၏ အာကာသကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သုံသပ်ရေးသားထားခြင်းဖြစ်ပါသည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာ အိန္ဒိယဝန်ကြီးများအဖွဲ့ ကော်မတီသည် အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာမူဝါဒအား အတည်ပြုသတ်မှတ်ခဲ့ပြီးအဆိုပါမူဝါဒတွင် အိန္ဒိယနိုင်ငံ အာကာသနှင့်သုတေသနအဖွဲ့အစည်း(Indian Space Research Organization- ISRO)အပါအဝင် New Space India Limited (NSIl) ၊ အိန္ဒိယအမျိုးသားအာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ပိုင်ခွင့်စင်တာ Indian National Space Promotion and Authorization Center (IN-SPACe) နှင့် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို တိကျသေချာစွာ ဖော်ပြထားရှိပါသည်။ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကိုလည်း အာကာသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်ရေးတို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ISRO ၏ အာကာသအတွင်း စူးစမ်းလေ့လာရေး၊ အာကာသနည်းပညာနှင့် အခြား စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီနိုင်ရန် တာဝန်ပေးအပ်ထားရှိပါသည်။ အိန္ဒိယနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ကမ္ဘာမြေသိပ္ပံပညာဆိုင်ရာဝန်ကြီး Jitendra Singh က အိန္ဒိယနိုင်ငံ၏ အာကာသမူဝါဒအသစ်သည် မတူညီသည့် ကဏ္ဍအသီးသီးအတွက် လုပ်ငန်းတာဝန်များနှင့် အခန်းကဏ္ဍများကို ရှင်းလင်းတိကျစွာဖော်ပြထားရှိပြီး ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးများအနေဖြင့် အာကာသလုပ်ငန်းများဖြစ်သည့် အချက်အလက် စုဆောင်းမှုလုပ်ငန်းများအပြင် ဒုံးပစ်စင်များ၊ အာကာသဒုံးကျည်နှင့် ဂြိုဟ်တုတည်ဆောက်မှု ကဏ္ဍတွင် ပါဝင်လာနိုင်မည်ဟု ပြောကြားထားကြောင်း ရေးသား ထားရှိပါသည်။
အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ မူဝါဒအသစ်ကို ကြည့်ခြင်းအားဖြင့် ISRO ၏ အာကာသဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ပညာရပ်အသိုက်အဝန်း၊ သုတေသန အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းငယ်နှင့် စက်မှုလုပ်ငန်းများ အစရှိသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များစွာပါဝင်ထောက်ကူလာနိုင်မည်ဖြစ်ကြောင်း၊ Jitendra Singh ၏ ပြောကြားချက်အရ အာကာသဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ဆောင်မှု များကို NSIL မှ စီစဉ်ညွှန်ကြားမည်ဖြစ်ပြီး အာကာသလုပ်ငန်းအစီအစဉ်များအတွက် Demand-driven ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် IN-SPACe တွင် ပြည်သူ့ရေးရာကဏ္ဍ(Public Sector)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ISRO ဥက္ကဋ္ဌ Dr.S.Somnath သည် ISRO နှင့် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီကြီးများအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယ နိုင်ငံ၏ အာကာသအခန်းကဏ္ဍများတွင် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးများ ပါဝင် လာနိုင်မှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းမူဝါဒအသစ်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်လာမှုကို အလေးထားရေးဆွဲထားခြင်းဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအနေဖြင့် ISRO ၏ အာကာသဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုလည်း သက်သာသည့်နှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အာကာသကဏ္ဍရပ်နှင့်ပတ်သက်၍ လက်တွေ့ထုတ်လုပ်ရေး လုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍကို ဦးဆောင်စေမည်ဖြစ်ပြီး ISRO အနေဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ စနစ်အသစ်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်မှုများကိုသာ အာရုံစိုက်၍လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့နောက် အိန္ဒိယနိုင်ငံအာကာသအဖွဲ့အစည်း(Indian Space Association)၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် AK Bhatt က မူဝါဒအသစ် ချမှတ်မှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသနေရာတစ်ခု ဖန်တီးနိုင်တော့မည်ဟု ပြောကြား ခဲ့ပါသည်။ ၎င်းမူဝါဒသည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို ထိန်းညှိပေးနိုင်မည် ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်ပြင်ဆင်ခဲ့ရခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စတွင် ကတိကဝတ် ထားရှိသော်လည်း ကမ္ဘာ့အပြင်ဘက် အာကာသကို ငြိမ်းချမ်းစွာအသုံးပြုနိုင်မည့်အစီအစဉ်ကို လက်မလျှော့ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် အာကာသမူဝါဒဆိုင်ရာ မူဝါဒအသစ်တွင် နောင် ၂၅ နှစ်အတွင်း ဆောင်ရွက်မည့် ရေတို/ရေရှည်စီမံကိန်းများ ပါဝင်ပြီး တိကျသောရည်မှန်းချက်နှင့် တာဝန်ဝတ္တရားခွဲဝေအပ်နှင်းမှုများပါဝင်သည့် ပြည့်စုံသောမူဝါဒဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် အာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့လွှမ်းမိုး နိုင်မည့် အာကာသနယ်မြေတစ်ခုတည်ဆောက်နိုင်ရန်ကြိုးပမ်းနေသည့် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းလုပ်ဆောင်နေမှုများနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ခွဲဝေပေးထားသည့် အာကာသဆိုင်ရာ မူဝါဒအသစ်အကြောင်း၊ ဂြိုဟ်တုထုတ်လုပ်ရေးကို အစိုးရအေဂျင်စီများနှင့် ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီများအကြား ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိပြီး ဂြိုဟ်တုလွှတ်တင်မှုများကိုမူ အိန္ဒိယနိုင်ငံ အာကာသနှင့် သုတေသနအဖွဲ့အစည်း(Indian Space Research Organization- ISRO)၏ အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်းကို ထုတ်ဖော်ရေးသားထားခြင်း ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံအတွင်းအဓိက အသုံးပြုလျက်ရှိသော ဂြိုဟ်တုလွှတ်တင်သည့်စင် ၂ ခုမှာ Polar Satellite Launch Vehicle (PSLV) and Geosynchronous Satellite Launch Vehicle (GSLV) တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းတွင် PSLV မှ ဂြိုဟ်တု ၅၅ လုံးနှင့် GSLV မှ ဂြိုဟ်တု ၅၂ လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဗြိတိန်နိုင်ငံအခြေစိုက် ဂြိုဟ်တုကုမ္ပဏီ One Web အတွက် ၎င်း၏ ဒုံးပျံယာဉ်နှင့်အတူ အင်တာနက်ဂြိုဟ်တု ၃၆ လုံးကို ဂြိုဟ်တုပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံသည် ဂြိုဟ်တု လွှတ်စင်ကို အသုံးပြု၍ နိုင်ငံပေါင်း ၃၄ နိုင်ငံမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးသွားမည့် စရိတ်သက်သာသော ဂြိုဟ်တုများအပါအဝင် ဂြိုဟ်တု ၃၈၁ လုံးကို လွှတ်တင်နိုင်ခဲ့ပြီး ၎င်းမှ အမေရိကန်ဒေါ်လာ ၂၇၉ သန်းအထိ ဝင်ငွေရရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ အာကာသစီးပွားရေး၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ၁၀ ရာခိုင်နှုန်းကျော်အထိ မြှင့်တင်နိုင်ရန် မျှော်လင့်ထားရှိကြောင်း တွေ့ရှိရပါသည်။
အိန္ဒိယနိုင်ငံသည် အာကာသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံကို အသုံးပြုနိုင်ရန်လျာထားကြောင်း Invest India Website တွင် ဖော်ပြ ထားရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံသည် လက်ရှိတွင် သေးငယ်သောဂြိုဟ်တု များကို လွှတ်တင်ရာတွင် အတွေ့အကြုံရှိပြီး ဂြိုဟ်တုလွှတ်တင်ရေး အထောက်အပံ့ ပစ္စည်းအဆောက်အအုံနေရာအဖြစ် ရပ်တည်လျက်ရှိကာ အဆိုပါစျေးကွက်ကို ဆက်လက် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ဧပြီလ ၆ ရက်က အတည်ပြုခဲ့သော အိန္ဒိယနိုင်ငံ၏ အာကာသမူဝါဒသည် အာကာသ ကဏ္ဍအတွင်း ပုဂ္ဂလိက ကဏ္ဍပါဝင်လာမှုကို အလေးထားသည့် မူဝါဒတစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ “Civil-Military Fusion Strategy”ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ယူဆရပြီး ၎င်းတို့၏ အာကာသ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
6042623

Monday, April 24, 2023

မြန်မာနိုင်ငံ၏ အထီးကျန်ဆန်လာမှုကြောင့် မဟာဗျူဟာမြောက် အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံ

 


နိဒါန်း

Brahma Chellaney သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မူဝါဒသုတေသနစင်တာမှ မဟာဗျူဟာလေ့လာမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်ပြီး အိန္ဒိယနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အကြံပေးဟောင်းလည်း ဖြစ်ပါသည်။ "Water: Asia's New Battleground" အပါအဝင် စာအုပ်ပေါင်း ၉ အုပ် ရေးသားထုတ်ဝေထားသူဖြစ်ပါသည်။ ၎င်းက မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းတွင် တရုတ်စစ်စခန်းများ တည်ဆောက်နေမှု၊ အဆိုပါတည်ဆောက်မှုသည် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ရသည့် အခြေအနေတစ်ခု ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံဦးဆောင်သည့် အရေးယူပိတ်ဆို့မှု များသည် တရုတ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း သုံးသပ်ရေးသားထားသည်။
ဖော်ပြချက်များ
တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal)နှင့် မြန်မာအခေါ် ကပ္ပလီပင်လယ်(Andaman Sea)အကြားရှိ မြန်မာနိုင်ငံပိုင်နက် ကိုကိုးကျွန်း (CoCo Island)တွင် စစ်ဘက်ဆိုင်ရာ ကင်းထောက်စခန်းတစ်ခု(Listening Post) တည်ဆောက်လျက်ရှိသည်ဟု ဆိုပါသည်။ အဆိုပါ ကိုကိုးကျွန်းသည်သည် အက်ဒမန်(ကပ္ပလီ) ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အကြားရှိ အက်ဒမန်နှင့် နီကိုဘားကျွန်းစုတို့၏ မြောက်ဘက်တွင် တည်ရှိနေပါသည်။ အဆိုပါကျွန်းစုများတွင် အိန္ဒိယနိုင်ငံပိုင် ရေတပ်နှင့် လေတပ်ဆိုင်ရာ ထောက်ပံ့ရေးအဆောက်အအုံများ တည်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံ၏ ဧရာတီဝတီမြစ်ဝ၏ အနောက်တောင်ဘက် ၂၁၀ ကီလိုမီတာအကွာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံ၏ အဆိုပါစခန်းသည် အိန္ဒိယနိုင်ငံအပေါ် ပင်လယ်ရေကြောင်းဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်းနှင့် အချက်အလက် စုံစမ်းစစ်ဆေးခြင်း ပြုလုပ် ရာတွင် အသုံးပြုလာနိုင်ဖွယ်ရှိပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုကြောင့်စစ်အုပ်ချုပ်ရေးဖြစ်နေသည့် မြန်မာနိုင်ငံအား တရုတ်နိုင်ငံ၏ မဟာဗျူဟာစက်ဝန်း အတွင်းသို့ ပိုမိုရောက်ရှိစေကြောင်းနှင့် ဒေသတွင်း မဟာဗျူဟာမြောက် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
မြန်မာနိုင်ငံပိုင်နက်အတွင်းရှိ ကိုကိုးကျွန်းသည် ဧရိယာအားဖြင့် ၈ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး ဒေသခံ ၁,၅၀၀ ဦးခန့်နေထိုင်လျက်ရှိသည်။ ၂၀ ကီလိုမီတာခန့် ကျယ်ဝန်းသော ကိုကိုးရေလက်ကြားသည် အိန္ဒိယနိုင်ငံ၏ အက်ဒမန်ကျွန်းနှင့် ကိုကိုးကျွန်းစု တို့ကို ပိုင်းခြားထားပါသည်။ တရုတ်နှင့် မြန်မာနိုင်ငံတို့ကမူ ကိုကိုးကျွန်းအတွင်း တပ်စခန်းများ တည်ဆောက်နေမှုများပတ်သက်၍ ငြင်းဆိုလျက်ရှိသော်လည်း ဂြိုဟ်တုမှ ရရှိသောဓာတ်ပုံများအရ အဆိုပါကျွန်းပေါ်၌ လေယာဉ်ကွင်းများ ချဲ့ထွင်ထားရှိမှု၊ လေယာဉ်ဂိုဒေါင်အသစ်များ၊ ကြီးမားသည့် ဆိပ်ခံတံတားများ၊ ကာကွယ်ရေးစနစ်များ တပ်ဆင်ထားသည့် ရေဒါစခန်းများ တည်ဆောက်ထားရှိမှုများသည် မူလအခြေခံ ကာကွယ်ရေးစနစ်ထက် ပိုမိုတိုးတက်လျက်ရှိသည်ကို ပြသနေခြင်းဖြစ်ပါသည်။ ၎င်းဂြိုဟ်တု ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက်များအရ ကိုကိုးကျွန်းပေါ်တွင် စစ်ဘက်-အရပ်ဘက်အသုံးပြုနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရန် ကူညီပေးနေသည့် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာနှင့် ဝန်ထမ်းများ တွေ့ရကြောင်းနှင့် ကိုကိုးကျွန်း၏ တောင်ဘက်ခြမ်းတွင်လည်း အနီးအနားရှိ ကျွန်းနှင့် ချိတ်ဆက်နိုင်ရန် တံတားများ တည်ဆောက်နေပြီး ထိုကျွန်းပေါ်တွင် အခြေခံအဆောက်အအုံများ တိုးချဲ့ တည်ဆောက်နိုင်ရန်အတွက် မြေနေရာများရှင်းလင်းထားသည်ကိုလည်း တွေ့ရသည်ဟု အိန္ဒိယနိုင်ငံက ပြောကြားထားပါသည်။
တရုတ်နိုင်ငံသည် ဂျီဘူတီ(Djibouti)တွင် လုပ်ဆောင်ခဲ့သည့်အတိုင်း မဟာ ဗျူဟာမြောက် နယ်မြေချဲ့ထွင်မှုလုပ်ငန်းများကို မသိမသာလုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းများအား စစ်ဘက်ဆိုင်ရာတွင် အသုံးပြုသွားမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း စစ်စခန်း အဖြစ် ပြောင်းလဲလိုက်သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံသည် အိမ်ရှင်နိုင်ငံများနှင့် လက်ဝါးချင်းရိုက်၍ အခြေအနေမှန်ကို ဖုံးကွယ်ကာ စစ်ဘက်-အရပ်ဘက် အသုံးပြုနိုင်သည့် အခြေခံအဆောက်အအုံနှင့် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ယုံကြည်ချက်ရှိကြပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင်လည်း အလားတူတည်ဆောက်ခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံအကြား သဘောတူညီတည်ဆောက်ခဲ့ကြသည့် သီရိလင်္ကာနိုင်ငံ၏ Hambantota နှင့် ပါကစ္စတန်နိုင်ငံ၏ Gwadar တို့ရှိ စီးပွားရေးဆိပ်ကမ်းများကိုလည်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးများက သိမ်းပိုက်ထားရှိကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။
တရုတ်နိုင်ငံ၏ ရွေ့လျားခြေရာခံနိုင်သည့် ကင်းထောက်သင်္ဘောများသည်လည်း အရေးကြီးသည့် ကဏ္ဍမှပါဝင်လျက်ရှိပြီး ၎င်းသင်္ဘောများအနက်မှ Yun Wang 5 သည် အိန္ဒိယနိုင်ငံမှ ကန့်ကွက်နေသည့်ကြားမှ သီရိလင်္ကာနိုင်ငံ Hambantota နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုတွင် ကမ်းကပ်ခဲ့ပါသည်။ Yan Wang 6 သည်လည်း အိန္ဒိယနိုင်ငံ၏ Agni 5 တိုက်ပစ်ပဲ့ထိန်းဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ချိန်တွင် အိန္ဒိယပင်လယ် အတွင်း ကင်းထောက်နေခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ပြည်ပမှထောက်ပံ့နေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ရင်ဆိုင်နေရခြင်းကြောင့် ၎င်းအနေဖြင့် ကိုကိုးကျွန်းပေါ်တွင် ယခုကဲ့သို့ ခေတ်မီသည့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများ သူ့ချည်းသက်သက် တည်ဆောက်ရန် ဆန္ဒနှင့် စွမ်းရည်မရှိဟု ဆိုပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် ပြည်တွင်းရေးကိုသာ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရပြီး ယခုအခါ မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့ရန် ငြင်းဆန်ခဲ့သည့် အိန္ဒိယနိုင်ငံအား ကင်းထောက်နိုင်ရန် ထောက်လှမ်းရေး အဆောက်အအုံများ တည်ဆောက်နေကြောင်း ရေးသားဖော်ပြထားရှိပါသည်။
တရုတ်နိုင်ငံအနေဖြင့် နည်းလမ်းအားဖြင့်လည်းကောင်း၊ ရည်ရွယ်ချက်အားဖြင့် လည်းကောင်း၊ မဟာဗျူဟာအထောက်အပံ့အားဖြင့်လည်းကောင်း အိန္ဒိယနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုမျာကို စောင့်ကြည့်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များကတည်းက ကိုကိုးကျွန်းပေါ်တွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှပြီး ယခုအခါအမေရိကန်နိုင်ငံ ဦးဆောင်သည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများသည် တရုတ်နိုင်ငံကို တစ်ပန်းသာစေခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း ဘားရတ်အိုဘားမား(Barack Obama) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်ကာလတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံ၏ မူဝါဒများ ပြောင်းလဲခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်၊ အာဏာထိန်းမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် မည်သို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအရ လွှမ်းမိုးနေခဲ့သည်ကို ထည့်သွင်းတွက်ချက်ခြင်း မရှိဘဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ကိုကိုးကျွန်းကို စစ်ရေးကိစ္စလွှမ်းမိုးစေခြင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်လာခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာသို့ မဟာဗျူဟာမြောက်ထွက်ပေါက်ဖြစ်သကဲ့သို့ သဘာဝသယံဇာတရရှိခွင့်နှင့် လက်နက်တင်ပို့ရောင်းချမှု၏ အဓိကဈေးကွက်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် သွင်းကုန်ပစ္စည်းများ တင်ပို့ရာတွင် မလေးရှားနှင့် အင်ဒိုနီးရှားကျွန်းဆွယ်အတွင်းရှိ မလက္ကာရေလက်ကြားကို ရှောင်လွှဲနိုင်ရန်အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါစင်္ကြံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းပါဝင်ပြီး ယူနန်ပြည်နယ်သို့ သွင်းကုန်များ တိုက်ရိုက်ပို့ဆောင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။ ယခင်က ကိုကိုးကျွန်းစုသည် အက်ဒမန်ကျွန်းစု၊ နီကိုဘားကျွန်းစုတို့နှင့် အုပ်ချုပ်ရေးအရ ဆက်စပ်လျက်ရှိခဲ့သော်လည်း ၁၈၇၇ ခုနှစ်တွင် ဗြိတိသျှအာဏာပိုင်များက မီးပြတိုက်အစောင့်များ အသတ်ခံရမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှ ခွဲထုတ်ကာ ရန်ကုန်မြို့ရှိ ၎င်းတို့၏ကင်းစခန်းများကို တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်ကျူးကျော်တပ်ဖွဲ့များထံမှ ကျွန်းစုများကို အိန္ဒိယတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်၍ ဗြိတိသျှအုပ်ချုပ်မှုအောက်သို ပြန်လည် ရောက်ရှိခဲ့ပါသည်။ သို့သော်လည်း ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အိန္ဒိယ အစိုးရသည် ကိုကိုးကျွန်းကို ပြန်လည်ထိန်းချုပ်ရန် မကြိုးစားခဲ့ခြင်းကြောင့် နောက်တစ်နှစ် နီးပါးအကြာတွင် လွတ်လပ်ရေးရလာသည့် မြန်မာနိုင်ငံပိုင်ဖြစ်သွားခဲ့ပါသည်။ ယခု အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသည့် ကီလိုမီတာ ၇၅၀ အကျယ်ရှိသည့် အက်ဒမန်ကျွန်းစုနှင့် နီကိုဘားကျွန်းစု များသည် အရှေ့အာရှအား ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့ကို ဆက်သွယ်ပေးသည့် အဓိက ရေကြောင်းလမ်းတစ်ခုဖြစ်ပြီး မလက္ကာကျွန်းစုနှင့်လည်း မဟာဗျူဟာမြောက် ဆက်သွယ်နေလျက်ရှိပါသည်။ ထို့ကြောင့် ထိုကျွန်းစုများပေါ်တွင် အိန္ဒိယနိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များရှိနေခြင်းက ၎င်းအတွက် မဟာဗျူဟာမြောက် မည်မျှအရေးပါသည်ကို ပြသ နေပြီး အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ကိုကိုးကျွန်းပေါ်တွင် မဟာဗျူဟာမြောက် ခြေကုပ်ယူမှုများကို အခိုင်အမာအတည်ပြုနိုင်ပါက အိန္ဒိယနိုင်ငံ၏ အားသာချက်အား လျော့နည်းစေရုံသာမက အိန္ဒိယနိုင်ငံအတွက် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုအသစ် ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် မြန်မာနိုင်ငံပိုက်နက်အတွင်းရှိ ကိုကိုးကျွန်းအပေါ် တရုတ် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ချဲ့ထွင်မှုများ လုပ်ဆောင်နေမှုများနှင့် အဆိုပါလုပ်ရပ်များသည်အိန္ဒိယနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ပိုမိုရောက်ရှိသွားကြောင်း သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။ ကိုကိုးကျွန်းသည် အိန္ဒိယနိုင်ငံ၏ ဗျူဟာမြောက်အရေးပါသည့် အက်ဒမန်ကျွန်းနှင့် နီကိုဘားကျွန်းစုတို့၏ အနီးဆုံးတွင် တည်ရှိနေခြင်းကြောင့် ကိုကိုးကျွန်းပေါ်တွင် တရုတ် ကင်းထောက်စခန်းများနှင့် စစ်စခန်းများရောက်ရှိလာပါက လုံခြုံရေးအရ ခြိမ်းခြောက် အခံရဆုံးနိုင်ငံသည် အိန္ဒိယနိုင်ငံဖြစ်လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ ယခုအချိန်၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံဦးဆောင်သည့် အရေးယူပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိသော်လည်း ထိုအရေးယူ ပိတ်ဆို့မှုများကြောင့်ပင် တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံယိမ်းယိုင်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်ဟု သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect
5042523

Sunday, April 23, 2023

အမေရိကန်နှင့်အနောက်အုပ်စုမှ ပိတ်ဆို့ထားသော်လည်း တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍ ဘာကြောင့်အင်အားကောင်းနေသေးသလဲ



 နိဒါန်း

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ အမေရိကန်နိုင်ငံသမ္မတ Joe Biden၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် Fumio Kishida နှင့် နယ်သာလန်နိုင်ငံဝန်ကြီးချုပ် Mark Rutte တို့ ၃ ဦး အမေရိကန်နိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံပွဲ၌ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် နယ်သာလန်နိုင်ငံဝန်ကြီးချုပ်တို့ ၂ ဦးက အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုနှင့်စပ်လျဉ်း၍ ပိတ်ဆို့မှုများပြုလုပ်နေခြင်းတွင် အမေရိကန်နှင့်အတူ ပူးပေါင်းပါဝင်မည်ဟုသဘောတူညီခဲ့ကြသည်။ ထိုကဲ့သို့ ပိတ်ဆို့ခြင်းများပြုလုပ်နေခြင်းက တရုတ်နိုင်ငံ၏ ကိုယ်ပိုင်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို ပိုမိုအားကောင်းလာစေနိုင်ကြောင်းကို အချက် ၂ ချက်ဖြင့် သုံးသပ်ရေးသားထားပါသည်။
ဖော်ပြချက်
ပထမအချက်၌ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းများ တင်ပို့ရေးနှင့် စပ်လျဉ်း၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခြင်းတွင် ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့ ပူးပေါင်းပါဝင်ခဲ့သော်လည်း အဆိုပါနိုင်ငံများမှ ထုတ်လုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အခြားသောဆက်စပ်ပစ္စည်းများကို အဓိကဝယ်ယူနေသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တရုတ် နိုင်ငံသို့ ပစ္စည်းများတင်ပို့နိုင်ရေးအတွက် အခြားသောနည်းလမ်းများ အသုံးပြုဆောင်ရွက်လာနိုင်ပါသည်။ လက်ရှိအချိန်၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် စပ်လျဉ်းသော ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုကွင်းဆက်(Global Supply Chain)ကို ဦးဆောင်နေသူမှာ အမေရိကန်နိုင်ငံဖြစ်သောကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်နေသည့်နိုင်ငံများအပေါ် အမေရိကန်နိုင်ငံအနေဖြင့် ဖိအားပေးမှုများ ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် နယ်သာလန်နိုင်ငံအခြေစိုက် ASML ကုမ္ပဏီသည် ကမ္ဘာပေါ်တွင်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်စက်များကို ဖြန့်ချိရောင်းချပေးနေသည့် အဓိကကုမ္ပဏီတစ်ခုဖြစ်သော်လည်း အဆိုပါကုမ္ပဏီအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းအများစုအား အမေရိကန် ကုမ္ပဏီများထံမှ ရယူနေရကြောင်း ဖော်ပြထားပါသည်။
ASML ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် ရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၂၂.၉ ဘီလီယံ ရှိပြီး အဆိုပါပမာဏ၏ ၁၃.၈ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ဝယ်ယူထားခြင်း ဖြစ်သောကြောင့် ASML ကုမ္ပဏီအနေဖြင့် ၎င်း၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် အခြားသော နည်းလမ်းများ ဖော်ဆောင်လာနိုင်သည်။ အလားတူပင်ဂျပန်ကုမ္ပဏီများဖြစ်သည့် Nikon ၊ Tokyo Electron နှင့် Canon ကုမ္ပဏီတို့၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြားသော ဆက်စပ် ပစ္စည်းအများစုကို တရုတ်နိုင်ငံမှ ဝယ်ယူလျက်ရှိပြီး တရုတ်နိုင်ငံသည် ၎င်းတို့၏ အဓိကဖောက်သည်တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့် ဂျပန်-တရုတ် စီးပွားရေးအဖွဲ့အစည်း၏ ဒါရိုက်တာ Manabu Takamisawa ကအမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံအပေါ် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုနှင့်စပ်လျဉ်း၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေသော်လည်း ဂျပန်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများ ပြုလုပ် နိုင်ရန် အခြားသောနည်းလမ်းများ ဖော်ဆောင်လာနိုင်ကြောင်း၊ ဥပမာအားဖြင့် တရုတ် ပြည်တွင်း၌ ဂျပန်ကုမ္ပဏီများ ထူထောင်၍ ရောင်းချမှုပြုလုပ်လာနိုင်သည့်အပြင် တရုတ်ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်ဟုခေါ်သည့် ဈေးကွက်နှစ်ခု ခွဲ၍လည်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယအချက်မှာ အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းနှင့် အခြားသောဆက်စပ်ပစ္စည်းများ တင်ပို့မှုအပေါ် တားမြစ်မှုများ ပြုလုပ်ခြင်းတွင် ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့ ပါဝင်ခဲ့ကြသော်လည်း ထိုကဲ့သို့ ပါဝင်မှုကြောင့် အဆိုပါနှစ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး၌ ပို့ကုန်တင်ပို့မှုနှင့် စပ်လျဉ်းသော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍ(Export)နှင့်စပ်လျဉ်းသော ကန့်သတ်မှုများ ပြုလုပ်ရာ၌ တာဝန်အရှိဆုံး ဝန်ကြီးဌာနနှစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန(Ministry of Economy, Trade and Industry)တို့ ဖြစ်ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တရုတ်နိုင်ငံအပေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များပြုလုပ်ခြင်းကို အလေးထားဆောင်ရွက်လို သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကမူ တရုတ်နိုင်ငံနှင့် သံခင်းတမန်ခင်းဆက်ဆံရေး ထိခိုက်မည်စိုး၍ အဆိုပါကန့်သတ်မှုကို မပြုလုပ်လိုကြောင်း တွေ့ရှိရပါသည်။
အလားတူပင် နယ်သာလန်နိုင်ငံတွင်လည်း ပို့ကုန်ကန့်သတ်မှုနှင့် စပ်လျဉ်း၍ အစိုးရတွင်းသာမက ကုန်ထုတ်လုပ်မှုလုပ်ငန်းများကပါ အဆိုပါကန့်သတ်မှုကို မထောက်ခံခဲ့ကြပါ။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး Liesje Schreinemacher က ASML ကုမ္ပဏီ၏ ထုတ်ကုန်များ တရုတ်နိုင်ငံသို့ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ၎င်းတို့နိုင်ငံကသာ ဆုံးဖြတ်မည်ဟုပြောကြားခဲ့သည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ASML ၏ CEO Peter Wennink က အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ပို့မှုနှင့်စပ်လျဉ်း၍ တားမြစ်ခြင်းအပေါ် မထောက်ခံကြောင်း ပြောကြားထားပါသည်။ထို့ပြင် ၎င်းက ထိုသို့တားမြစ်ခြင်းသည် တရုတ်ပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှု ကဏ္ဍကို ပိုမိုအားကောင်းလာစေနိုင်သည်ဟုလည်း ပြောကြားခဲ့ပါသည်။
သို့သော်လည်း နယ်သာလန်နိုင်ငံအနေဖြင့် နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၏ အလိုကို လိုက်၍ တရုတ်နိုင်ငံသို့ နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြား ဆက်စပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ခြင်းအစီအစဉ်တွင် ပါဝင်ခဲ့ရသည်။ နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် EUV စက် (Extreme Ultraviolet Lithography Machines)သည် နယ်သာလန်နိုင်ငံအခြေစိုက် ASML ကုမ္ပဏီမှ ထုတ်လုပ်သည့် စက်အမျိုးအစားတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ တင်ပို့မှုကန့်သတ်ချက်တွင် EUV စက်ထက် တစ်ဆင့်နိမ့်သည့် DUV စက် အမျိုးအစားပါဝင်ပြီး တရုတ်နိုင်ငံအနေဖြင့် DUV စက်ကိုသာမရရှိပါက ၇ နာနိုမီတာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ပြင် တရုတ်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Huawei Technologies မှ ၁၄ နာနိုမီတာ တစ်ပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း ၎င်း၏ပြိုင်ဘက် ထိုင်ဝမ်ကုမ္ပဏီ တစ်ခုကမူ ၂ နာနိုမီတာအထိ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မည်ဟု ကြေညာ ထားပါသည်။
Myanmar Aspect ၏ သုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ နည်းပညာမြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းများနှင့်အခြားဆက်စပ်ပစ္စည်းများတင်ပို့မှုကို တားမြစ်မည့် အစီအစဉ် ချမှတ်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍကို ပိုမိုအားကောင်းစေနိုင်ကြောင်း၊ အဆိုပါအစီအစဉ်တွင် ပါဝင်ခဲ့သည့် ဂျပန်နှင့် နယ်သာလန် နိုင်ငံတို့က ၎င်းတို့ထံမှအဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံသို့ အခြားသောနည်းလမ်းများ အသုံးပြု၍ တင်ပို့မှုများ ပြုလုပ်လာနိုင်ကြောင်းကို သုံးသပ်ရေးသားထားပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် စပ်လျဉ်းသည့် ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုကွင်းဆက်ကို ဦးဆောင်နေသောနိုင်ငံတစ်ခုဖြစ်သောကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် နိုင်ငံအများစုအပေါ်တွင် ဖိအားပေးမှုများ ပြုလုပ်နိုင်ပြီး အနာဂတ်တွင် တရုတ်နိုင်ငံအပေါ်ကန့်သတ်ပိတ်ပင်မှုများ ပိုမိုပြုလုပ် လာနိုင်ဖွယ်ရှိပြီး အနာဂတ်တွင် အမေရိကန်နှင့် တရုတ် နည်းပညာအားပြိုင်မှု ပိုမိုပြင်းထန်လာမည်ဟုသာ သုံးသပ်ရပါသည်။
ထို့ပြင် အမေရိကန် နိုင်ငံ၏ ပိတ်ဆို့မှုကို ရှောင်ရှားလိုသည့် နိုင်ငံများအနေဖြင့်တရုတ်နိုင်ငံ၏ ဝယ်လိုအား ဈေးကွက်ရရှိနိုင်ရန် အခြားနိုင်ငံများတွင်ရွှေ့ပြောင်းထုတ်လုပ်ခြင်းများ ဆောင်ရွက် လာနိုင်သည့်အတွက် လုပ်အားခနှင့်ထုတ်လုပ်စရိတ်သက်သာသည့် အရှေ့တောင်အာရှ နိုင်ငံများနှင့် အခြား Global South နိုင်ငံများသို့ရွှေ့ပြောင်းလာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။

Myanmar Aspect
4042423

Saturday, April 22, 2023

ဥာဏ်ရည်တု (Artificial Intelligence) နှင့်ပတ်သက်၍ အထာကျကျ ရှုမြင်ခြင်း

 



  • ကျေနပ်မှုနှင့် ပျော်ရွှင်ခြင်းများအပါအဝင် ကျွန်ုပ်တို့၏ လူမှုကိစ္စအဝဝနှင့်ပတ်သက်ပြီး AI ပေါ်ကို အလုံးစုံမှီခိုသင့်ပါလား? အလွန်တော်၊ အလွန်ထက်သည့် လူသားမဟုတ်သော စိတ်ခံစားမှုများကို တီထွင်ပြီး ကျွန်ုပ်တို့ကို အစားထိုးခံသင့်ပါသလား? ကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့်လူမှုဘဝတိုးတက်ခြင်းကို အလဲအထပ်လုပ်သင့်ပါသလား? ထိုမေးခွန်းများကို ပြီးခဲ့သည့်လက Future of Life Institute ၏ အိပ်ဖွင့်ပေးစာတစ်စောင်တွင်မေးမြန်းထားပါသည်။ ထိုစာက အလွန်စွမ်းဆောင်ရည်မြင့်လာသည့် AI ဖွံ့ဖြိုးရေးကိစ္စကို ၆ လဆိုင်းငံ့ပေးရန်တောင်းဆိုပြီး Elon Musk အပါအဝင် နည်းပညာဆရာကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒီကိစ္စက AI ကဏ္ဍခပ်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အန္တရာယ်ရှိမှုအလားအလာကြောင့် စိုးရိမ်ထိတ်လန့်မှုများရှိနေသည်ကို ပြသနေခြင်းဖြစ်သည်။
  • အထူးသဖြင့် OpenAI မှ ဖန်တီးခဲ့သည့် ChatGPT ၏ မမျှော်လင့်ထားသည့် စွမ်းဆောင်ရည်ကို ဖန်တီးသူများကိုယ်တိုင် အံ့ဩဘနန်းဖြစ်ခဲ့ရသည်။ ChatGPT က ဥာဏ်စမ်းပဟေဋိများအဖြေရှာပေးခြင်း၊ ကွန်ပြူတာကုဒ်များရေးသားခြင်း၊ ရုပ်ရှင်ဇာတ်ကားများကို ခွဲခြားရွေးထုတ်ပေးခြင်း၊ ဇာတ်ညွှန်းအနှစ်ချုပ်များကို emoji ဖြင့်ရေးသားပေးခြင်းတွေအထိ လက်စွမ်းပြနိုင်ခဲ့သည်။
  • ဒီစွမ်းဆောင်ရည်တွေက လူသားများအချင်းချင်းပတ်သက်ဆက်နွယ်မှုကို ကွန်ပြူတာများ၊ အသိပညာများနှင့် အစားထိုးနေရုံမက စွမ်းဆောင်ရည်များကိုယ်၌ကလည်း သူတို့ကိုယ်သူတို့ တမုတ်ဟုတ်ခြင်းပြောင်းလဲပစ်နေသည်။ AI အနေဖြင့် ဆေးဝါးများထုတ်လုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်မယ့် ပစ္စည်းကိရိယာများနှင့် ကိုင်တွယ်လို့မရသည့် ပါဝါများပေါင်းစပ် ရှုပ်ထွေးနေမှုကို ဖြေရှင်းခြင်းများအထိ ဆောင်ရွက်နိုင်သည့် အလားအလာများရှိနေသည်ဟု ဆိုနေကြသည်။ အခြား ဖန်တီးသူပညာရှင်များကတော့ AI အနေဖြင့် သူတို့မမျှော်မှန်းနိုင်၊ မထိန်းချုပ်နိုင်သည့် သိပ္ပံပညာဆိုင်ရာ၊ စက်မှုဆိုင်ရာ အကျပ်အတည်းကြီးများအထိ ဖြစ်လာနိုင်သည်ဟု ဆိုနေကြပါသည်။
  • မည်သို့ဆိုစေကာမူ ထိုစိုးရိမ်ထိတ်လန့်မှုများက အခွင့်အလမ်းနှင့် စွန့်စားမှုများကို ဖုံးလွှမ်းနိုင်သည်ခြင်းမရှိပေး။ သို့သော်လည်း အခြားသော စက်မှုလုပ်ငန်းများနှင့် ပြီးခဲ့သည့် နည်းပညာဆိုင်ရာအပြောင်းအလဲများမှ သင်ခန်းစာများယူနိုင်နေသည်။ ထိုကဲ့သို့ AI ၏စွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ဘတွေပြောင်းလဲခဲ့သနည်း၊ စာဖတ်သူတို့ ဘယ်အတိုင်းအတာအထိ စိုးရိမ်ထိတ်လန့်သင့်ကြသနည်း၊ အစိုးရများ ဘာလုပ်သင့်သနည်း ဆိုသည့် မေးခွန်းများထွက်လာပါသည်။
  • အထူးသိပ္ပံကဏ္ဍတွင် AI နည်းပညာနှင့်ပတ်သက်သည့် အလုပ်လုပ်ပုံနှင့် အနာဂတ်ကို ရှာဖွေကြပါသည်။ လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုက ခေတ်မီ AI ပထမလှိုင်းစတင်ခဲ့သည်။ ထို AI က သေချာစွာ ရည်ညွှန်း သတ်မှတ်ထားသည့်အချက်အလက်ပေါ်တွင်သာမူတည်သည်။ ထို AI က ဓာတ်ပုံများ နှင့် အသံဖိုင်များကို မည်သို့ ဆန်းစစ်မည်ကို သင်ယူနိုင်စွမ်းရှိသည်။ ယနေ့ခတ် AI က ထိုကဲ့သို့ ကနဦး အချက်အလက်များသတ်မှတ်ပေးရန်မလိုတော့။ သူတို့က များပြားလှသော အွန်လိုင်းအရင်းအမြစ်များမှ အချက်အလက်များ ရယူနိုင်စွမ်းရှိပါသည်။ AI အလုပ်လုပ်သည့် “large language models” (LLMS) စနစ်သည် အင်တာနက်ပေါ်တွင်ပင် သူတို့ကိုယ်သူတို့ အဆင့်မြှင့်တင်နိုင်နေသည်။ ကောင်းခြင်းများရှိသလို ဆိုးခြင်းများလည်း ရှိနေသည်။
  • ထိုစွမ်းဆောင်ရည်များသည် နိုဝင်ဘာလ၌ ChatGPT စတင်ပြီးနောက် လူအများ သတိပြုမိလာသည်။ ChatGPT ကို နှစ်လအတွင်း လူဦးရေ ၁၀၀ မီလီလျံလောက် အသုံးပြုခဲ့ကြသည်။ ယခု ChatGPT က ကျောင်းစာစီစာကုန်းများရေးပေးနိုင်သလို မိန့်ခွန်းများကိုလည်း ရေးပေးနိုင်နေသည်။ ၎င်း၏ ကျော်ကြားလာမှုကြောင့် Microsoft က ၎င်း၏ ရှာဖွေရေးစာမျက်နှာ Bing နှင့် ChatGPT နှင့်ပူးပေါင်းလိုက်ပြီး အခြား အလားတူ chatbot များ တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည်။
  • သို့ပေမယ့် AI မှ ထူးဆန်းသည့် ခပ်ကြောင်ကြောင် ရလာဒ်များကလည်း ထွက်ပေါ်လာသည်။ Bing Chat က ဂျာနယ်လစ်တစ်ယောက်ကို သူ၏မိန်းမအား ထားခဲ့ရန်အကြံပြုနေသည်။ ChatGPT ကို ဥပဒေပါမောက္ခတစ်ဦးက သူ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် စွပ်စွဲထားသည်။ AI ၏ LLMS က အမှန်တရားများပြောသကဲ့သို့ အချက်အလက် အမှားများနှင့် အလိမ်အညာများကိုလည်း ထုတ်ပေးနေသည်။ သို့သော်လည်း Microsoft ၊ Google နှင့် အခြား နည်းပညာကုမ္ပဏီကြီးများက အသုံးပြုသူများကို အချက်အလက်များရေးသားခြင်းအပါအဝင် အခြားသော ကိစ္စရပ်များတွင် ကူညီပေးနိုင်ရန် LLMS နှင့် ပူးပေါင်းဆောင်ရွက်မှု စတင်နေသည်။
  • ထိုသို့ ထိရောက်မှုနှင့် လူသိများမှုတွင် တမဟုတ်ခြင်း တိုးတက်လာမှုက AI ၏ စွမ်းဆောင်ရည်နှင့် ချို့ယွင်းချက်များကိုလည်း သတိထားမိလာကြသည်။ ထို့ပြင် ၎င်းနည်းပညာကို ကောင်းစွာထိန်းချုပ်ခြင်း မပြုနိုင်မည်ကိုလည်း စိုးရိမ်မှုများ မြင့်တက်လာပါသည်။ ထို့ကြောင့်လည်း AI က အလုပ်အကိုင်များသာမက လူသားဖြစ်တည်မှု၊ အချက်အလက်တိကျမှုနှင့် ဂုဏ်သိက္ခာတို့ကိုပါ ခြိမ်းခြောက်လာပြီး ခေတ္တရပ်ဆိုင်းထားဖို့ အထိဖြစ်လာရခြင်း ဖြစ်ပါသည်။
ပျောက်ကွယ်သွားမည်လော၊ အနိုင်ရမည်လော?
  • စက်ပစ္စည်းများက လူသားတို့၏ အလုပ်အကိုင်များနေရာတွင် အစားထိုးနေမှုကို စိုးရိမ်ထိတ်လန့်မှုမှာ ရာစုနှစ်အတော်များများကြာပြီဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိတော့ နည်းပညာအသစ်များက ၎င်းတို့ကြောင့် ပျောက်ကွယ်သွားသည့်အလုပ်အကိုင်များနေရာတွင် အခြားသောအလုပ်အကိုင်အသစ်များကိုဖန်တီးပေးနေဆဲဖြစ်သည်။ စက်ပစ္စည်းများက အလုပ်တစ်ချို့ကိုလုပ်နိုင်ပြီး ၎င်းတို့မလုပ်နိုင်သည်နေရာများတွင် လူသားလုပ်အား လိုအပ်ချက်များရှိနေသေးသည်။ ယခု ထိုအခြေအနေကနေ ပြောင်းလဲတော့မည်လား? ရုတ်တရက် အလုပ်အကိုင်အခွင့်အလမ်းပျောက်ကွယ်မှုများက မထိန်းချုပ်နိုင်အောင်ဖြစ်လာနေသည်။ ယခင်နည်းပညာက လူသားများစွမ်းဆောင်နိုင်သည့် အဆင့်အတန်းမြင့်သည့် စွမ်းဆောင်ရည်အခြေပြုအလုပ်အကိုင်များကို အစားမထိုးနိုင်။ ယခု AI က ကော်လံဖြူအလုပ်များဖြစ်သည့် စာရင်းဇယားများကိုင်တွယ်ခြင်းနှင့် ပရိုဂရမ်ကုဒ်များ ရေးသားခြင်း အထိ ဆောင်ရွက်နိုင်လာချေပြီ။
  • ထို့ကြောင့်လည်း AI နှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်လာနေသည်။ ကျွမ်းကျင်ပညာရှင်များအချင်းချင်းလည်း ကွဲပြားနေကြသည်။ ၂၀၂၂ ခုနှစ်တွင် ကောက်ခံသည့် စစ်တမ်းများအရ ပညာရှင် ၄၈ ရာခိုင်နှုန်းက AI ၏ အဆိုးဘက်သို့ရောက်နိုင်ချေ အနည်းဆုံး ၁၀ ရာခိုင်နှုန်းရှိနေသည်ဟုဆိုသည်။ ပညာရှင် ၂၅ ရာခိုင်နှုန်းကသာ လုံးဝ ပြဿနာမရှိနိုင်ဟု ဆိုကြသည်။ ကြားနေများကတော့ ၅ ရာခိုင်နှုန်း စွန့်စားမှုရှိသည်ဟု ဆိုသည်။ စွမ်းဆောင်ရည်မြင့် AI များအနေဖြင့် အဖျက်စွမ်းအားလည်းကြီးလိမ့်မည်ဖြစ်သည်။ ဗိုင်းယာစ်ပိုးမွှားများ နှင့် အဆိပ်များ ထုတ်လုပ်ခြင်း၊ လူသားများအား အကြမ်းဖက်မှုများ ကျူးလွန်အောင် စွဲဆောင်စည်းရုံးခြင်းများ အထိလုပ်လာနိုင်သည်။ AI တွင် ထိုကဲ့သို့ မကောင်းသည့် အလားအလာများ မရှိသင့်သော်လည်း အနာဂတ် AI အနေဖြင့် ဖန်တီးသူလူသားများနှင့် ဆန့်ကျင်ဘက်ပုံစံဖြစ်လာမည်ကို သုတေသီများ စိုးရိမ်နေကြပါသည်။
  • ထိုစိုးရိမ်ချက်များကို ဖယ်ထုတ်၍မရစကောင်းချေ။ သို့သော်လည်း ယနေ့နည်းပညာခေတ်တိုးတက်မှုနှင့်ပတ်သက်ပြီး မှန်းဆဆောင်ရွက်နေမှုတွေ များလှသည်။ အများစုက AI အနေဖြင့် ယနေ့ခေတ်တွင် ကန့်သတ်ချက်များရှိနေသေးသည့် စွမ်းအင်၊ ငွေကြေး နှင့် တွက်ချက်နိုင်ခြင်း စွမ်းအားများကို အကန့်အသတ်မရှိ ရရှိနိုင်ပြီး မကောင်းသည့်ဘက်သို့ မရောက်အောင်လည်း တားဆီးနိုင်မည်ဟု အကောင်းဘက်မှ ခန့်မှန်းသည်များရှိသည်။ ထို့ပြင် ကျွမ်းကျင်သူများအနေဖြင့် AI ၏ ဆိုးကျိုးနှင့်ပတ်သက်၍ ပိုပိုသာသာ ဖော်ပြနေကြသည်များလည်းရှိနေသည်။ Mr Musk အနေဖြင့် သူ၏ကိုယ်ပိုင် AI ကိုတည်ဆောက်နိုင်ရန်နှင့် အခြား ပြိုင်ဘက်များကို အသာစီးရစေရန် ဆန္ဒကလည်း ရှိနေသည်။ လုပ်ထုံးလုပ်နည်းများဖြင့် ကန့်သတ်ခြင်း၊ ရပ်တန့်ထားခြင်းသည် ဖိအားပေးဆောင်ရွက်လို့ရသည့် ကိစ္စတစ်ခုတော့မဟုတ်ပေ။
  • လုပ်ထုံးလုပ်နည်းကန့်သတ်ချက်များသည် အမှန်တကယ်လိုအပ်သော်လည်း လူသားဖြစ်တည်မှုကို ကာကွယ်ရန်သာဖြစ်သင့်သည်။ ယခု AI စနစ်နှင့်ပတ်သက်၍ အမှန်တကယ်စိုးရိမ်နေကြသည်မှာ ဘက်လိုက်မှု၊ အချက်အလက်လုံခြုံရေးနှင့် ဉာဏမူပိုင်ခွင့် ကိစ္စရပ်များဖြစ်သည်။ နည်းပညာတိုးတက်လာလေလေ အခြားပြဿနာရပ်များ ကြုံတွေ့ရလေလေဖြစ်သည်။ အဓိကလိုအပ်ချက်က AI အနေဖြင့် ၎င်း၏ ဆိုးကျိုးကို ထိရောက်စွာ လေ့လာဆန်းစစ်ခြင်းနှင့် အတူ ဟန်ချက်ညီညီ ရှေ့ဆက်ရန်ဖြစ်ပါသည်။
အစိုးရများက ဘယ်လို တုံ့ပြန်နေကြသလဲ?
  • ယခုအချိန်အထိ အစိုးရများအနေဖြင့် AI ဖွံဖြိုးလာမှုကို နည်းလမ်း ၃ သွယ်ဖြင့် ချဉ်းကပ်နေသည်။ ပထမနည်းမှာ ဗြိတိန်၏ “light-touch” ပျော့ပြောင်းစွာ ကိုင်တွယ်သည့်နည်းလမ်းဖြစ်သည်။  အဖွဲ့အစည်းအသစ်များဖွဲ့စည်းခြင်းမရှိသော်လည်း ရှိပြီး လုပ်ထုံးလုပ်နည်းများကို AI သို့ သက်ရောက်ရန် ဆောင်ရွက်နေသည်။ ရည်ရွယ်ချက်က AI နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်နှင့် ဗြိတိန်ကို အနာဂတ် “AI superpower” အဖြစ် ပြောင်းလဲရန်ဖြစ်သည်။ အမေရိကန်သည်လည်း ထိုနည်းအတိုင်း ချဉ်းကပ်နေသည်။ ဘိုင်ဒန် အစိုးရက AI လုပ်ထုံးလုပ်နည်းအတွက် လူထုသဘောထားကို လေ့လာစမ်းစစ်နေသည်။
  • EU ကတော့ ပြင်းထန်သည့် နည်းဖြင့် ချဉ်းကပ်သည်။ သီချင်းတောင်းခံခြင်းနှင့် ကားမောင်းခြင်းမှသည် အမျိုးမျိုးသော AI အသုံးပြုမှုများကို ဆိုးကျိုးဖြစ်လာနိုင်ချေပေါ်မူတည်၍ ဥပဒေများပြင်ဆင်နေသည်။ လွန်ကဲစွာ လူသားများကိုစောင့်ကြည့်ခြင်းနှင့် အလိုလို စိတ်ကို စွဲဆောင်စည်းရုံးသည့်ကြော်ငြာများတွင် AI အသုံးပြုခြင်းကို ပိတ်ပင်လိုက်သည်။ ချိုးဖောက်သည့် ကုမ္ပဏီများ ဒဏ်တပ်ခံရမည်။ ထို့ကြောင့် အချို့က ပြင်းထန်သည့် ဥပဒေများအဖြစ် ဝေဖန်နေကြသည်။
  • သို့သော်လည်း အချို့က ပိုမိုပြင်းထန်သည့် ဥပဒေများကို တောင်းဆိုနေသည်။ အစိုးရအနေဖြင့် AI အား ဆေးဝါးများကို ကိုင်တွယ်သလို ကိုင်တွယ်ရန်လိုအပ်သည်ဟုဆိုသည်။ လူထုအသုံးမပြုခင် တိကျပြတ်သားသည့် လုပ်ထုံးလုပ်နည်းများ စမ်းသပ်ခြင်းများဆောင်ရွက်ရန် အကြံပြုသည်။ တရုတ်နိုင်ငံက ထိုနည်းလမ်းအတိုင်း လိုက်နေသည်ဟုဆိုနိုင်သည်။ တရုတ်တွင် AI ကုမ္ပဏီများ ထုတ်လုပ်မှု မှတ်ပုံတင်ရသည်။ လူထုအကြားမရောက်ခင် လုံခြုံရေးစစ်ဆေးခံရမည်ဖြစ်သည်။ သို့သော်လည်း တရုတ်၏နည်းလမ်းက လုံခြုံရေးအတွက် အမှန်တကယ်စိုးရိမ်ခြင်းထက် နိုင်ငံရေးဖြစ်သည့် ဆိုရှယ်လစ်အနှစ်သာရထိန်းခြင်းက ပိုများနေသည်။
ဒါဆိုဘာလုပ်သင့်သလဲ?
  • AI ၏ ကိစ္စရပ်တိုင်းတွင် အရေးပါလာမှုက ထိန်းချုပ်ရန်လိုအပ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်နည်းလမ်းကလည်း လိုအပ်သည်ထက် ပျော့ပြောင်းလွန်းနေသေည်။ EU ၏နည်းလမ်းက မှန်ကန်သည့်ဘက်သို့ရောက်သည်ဟု ဆိုနိုင်သော်လည်း လက်လီစိတ်အမျိုးအစားခွဲခြားနေခြင်းထက် စည်းမျဉ်းအခြေပြုချည်းကပ်ခြင်း (Principles-based approach) က ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိလိမ့်မည်။ AI ကိုဘယ်လို သင်ကြားစေသလဲ၊ ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို စောင့်ကြည့်သလဲ၊ ဘယ်လို စမ်းစစ်မှုတွေ လိုအပ်သလဲ ဆိုသည့်အချက်များကို ပွင့်လင်းမြင်သာစေသင့်ပြီး နည်းပညာကုမ္ပဏီတစ်ခုနှင့် တစ်ခု နှိုင်းယှဉ်စေသင့်သည်။
  • ထို့နောက်မှ လိုအပ်လျှင်လိုအပ်သလို လုပ်ထုံးလုပ်နည်းကို တင်းကျပ်နိုင်သည်။ ပျော့ပြောင်းလွန်းခြင်းကလည်း ကောင်းသည်ဟု မဆိုသာပါ။ နိုင်ငံအများကို ထိန်းချုပ်နေသည့် ညှင်သာသော နူကလီးယားလက်နက် ထိန်းချုပ်ရေးသဘောတူညီချက်များ၏ မထိရောက်မှုကို ဥပမာအဖြစ် ကြည့်နိုင်သည်။ AI ကို ကိုင်တွယ်ရာတွင် အစိုးရများအနေဖြင့်လည်း အန္တရာယ်ရှိမှုကို စောင့်ကြည့် ဖော်ထုတ်နိုင်ရန် AI လုံခြုံရေးနှင့် ကျင့်ဝတ်ကို လေ့လာသည့် သုတေသနစင်တာများ တည်ဆောက်ရမည်ဖြစ်သည်။ ထိုအပိုင်းများက အခြားနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်ကြသည့် အပိုင်းများဖြစ်သည်။
  • စွမ်းအားမြင့် နည်းပညာများက အန္တရာယ်အသစ်များကို ဖိတ်ခေါ်လာနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း သာမာန်မဟုတ်သည့် အခွင့်အလမ်းများလည်း တစ်ပါတည်းပါလာပါသည်။ ထိုအရာကို ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်မှာ ယနေ့ဆောင်ရွက်နေသည့် ချဉ်းကပ်နည်းများကို အခြေခံအုတ်မြစ် (Foundations) တည်ဆောက်သည့်ဘက်သို့ ပံ့ပိုးပေးကြရန်ဖြစ်ပါသည်။ အနာဂတ်တွင် ထိုအခြေခံအုတ်မြစ်ပေါ်တွင် ဥပဒေများ လိုအပ်ရင်လိုအပ်သလို ပြဋ္ဌာန်းနိုင်ကြပါသည်။ ယခု အချိန်ကတော့ AI ကို ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်အတွက် အခြေခံအုတ်မြစ် (Foundations)စတင်တည်ဆောက်ရန် အချိန်အခါကောင်း ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

    Myanmar Aspect
    3042223

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို Derek Chollet အား မေးမြန်းထားသည့် အင်တာဗျူး


    

The Diplomat သတင်းဌာန၏ အယ်ဒီတာချုပ် Shannon Tiezzi နှင့် အမေရိ ကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ Derek Chollet ၏ တွေ့ဆုံမေး မြန်းမှုတွင် NUG နှင့် စေ့စပ်ညှိနှိုင်းမှုများ၊ အာဆီယံအဖွဲ့၊ တရုတ်နိုင်ငံတို့နှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ် အတည်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြေကြားထားသည့် အင်တာဗျူးဆောင်းပါးအား The Diplomat သတင်းဌာနက ရေးသားဖော်ပြထားပါသည်။
ဆောင်ပါးတွင်ဖြေကြားချက်အကျဉ်းချုပ်
    မေးမြန်းမှုတွင် Chollet က အမေရိကန်နိုင်ငံအနေဖြင့် NUG အဖွဲ့ စတင်ပေါ်ပေါက်ခဲ့သည့် အချိန်ကစ၍ နှစ်နှစ်နီးပါးကြာမြင့်အောင် နှစ်ဘက်အကြား စေ့စပ်ညှိနှိုင်းမှုများကို သီးသန့် (privately) ပြုလုပ်ခြင်းအပြင် လူသိရှင်ကြား(publicly) ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် မိတ်ဖက်နိုင်ငံများကို NUG နှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်လည်း ထောက်ခံအားပေးခဲ့ကြောင်း၊ မတ်လ ၂၀ မှ ၂၄ ရက်အထိ သွားရောက်ခဲ့သည့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း Chollet က NUG ၊ NUCC အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ဆွေး နွေးမှုများပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် NUG နှင့် စေ့စပ်ညှိနှိုင်းမှုများပြု လုပ်ခြင်းအပြင် NUG ၏ လုပ်ဆောင်နိုင်စွမ်းများကိုမြှင့်တင်ပေးရန်အတွက် ၎င်း၏ မဟာမိတ်နိုင်ငံများနှင့် အတူပူးပေါင်း၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများကိုလည်း NUG နှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် တိုက်တွန်းကြောင်း ဖြေကြားခဲ့ပါသည်။
    အာဆီယံနှင့်ပတ်သက်သည့် မေးမြန်းချက်တွင် အမေရိကန်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့၏ ကြိုးပမ်းနေမှုများကို အပြည့်အဝထောက်ခံအားပေးလျက်ရှိကြောင်း၊ အရှေ့တောင်အာရှတွင် လက်ရှိရင်ဆိုင်နေရသည့် အပြင်းထန်ဆုံး လုံခြုံရေးအကျပ် အတည်းဖြစ်သည့် မြန်မာ့အရေးဖြေရှင်းဆောင်ရွက်နေမှုများတွင် အာဆီယံအဖွဲ့၏ အခရာကျမှု(centrality) အမေရိကန်နိုင်ငံအနေဖြင့် ယုံကြည်လျက်ရှိ ကြောင်း၊ အာဆီယံ၏ ညီလာခံများနှင့် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုတက်ရောက်ခွင့် ပိတ်ပင်ခဲ့သည့်အတွက် အာဆီယံ၏ လုပ်ဆောင် ချက်များသည် သိသာထင်ရှားနေသည်ကို လူအများသတိပြုမိလာကြောင်း၊ ထိုကဲ့သို့ သောလုပ်ရပ်သည် အာဆီယံအဖွဲ့အတွင်း ပထမဦးဆုံးဖြစ်ကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့ အရေးဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှ ရုံးအသစ် တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တပ်မတော်အပေါ် ဖိအားပေးမှုများပြုလုပ်ရန်၊ မြန်မာ့ ဒီမိုကရေစီအတိုက်အခံများကို ထောက်ခံအားပေးရန်၊ မြန်မာနိုင်ငံအတွင်းရှိ လူသား ချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသည့် ပြည်သူများကို ထောက်ပံ့ ပေးရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့ပါသည်။
    ဆက်လက်၍ NATO အဖွဲ့ဖြစ်စေ အာဆီယံအဖွဲ့တွင်ဖြစ်စေ အရွယ်အစား ၊ အင်အား ကွဲပြားခြားနားသည့် နိုင်ငံမျိုးစုံ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်သည့် အတွက် တစ်ခါတစ်ရံတွင် အရေးကိစ္စရပ်များဖြေရှင်းဆောင်ရွက်ရာ၌ အားလုံးလက်ခံနိုင်သည့် အခြေအနေတစ်ခုကို ရရှိနိုင်ရန် ခက်ခဲပါကြောင်း၊ သို့သော် ၎င်းအနေဖြင့် အာဆီယံ၏ ညီညွတ်မှုနှင့် ဉီးဆောင်မှုကို အသိအမှတ်ပြုပါကြောင်းနှင့် အာဆီယံ၏ မြန်မာ့နိုင်ငံအရေး ဖြေရှင်းမှုများ တွင် အမေရိကန်နိုင်ငံက မိတ်ဖက်အဖြစ်ပါဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အာဆီယံတူညီဆန္ဒ ၅ ရပ်ကို အပြည့်အဝသဘောတူညီပါ ကြောင်း၊ အမေရိကန်အနေဖြင့် အာဆီယံအဖွဲ့နှင့် ဆက်ဆံရေးခိုင်မာစေရေး အတွက် မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်များကို ချမှတ်ရန်လိုအပ်ကြောင်း၊ အမေရိကန်-အာဆီယံ မဟာဗျူဟာမြောက်အနာဂတ်ကို အရှေ့ တောင်အာရှဒေသ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများက သတ်မှတ်ပုံဖော်ပေးလိမ့်မည် ဖြစ်ကြောင်း၊ အာဆီယံသည် အမေရိကန်နိုင်ငံအတွက် အဓိကအရေးကြီးသည့် မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့်အတွက် မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်မှုများတွင် အဖွဲ့အစည်းနှင့်ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဖြေကြားခဲ့ပါသည်။
    တရုတ်နိုင်ငံအရေးနှင့် ပတ်သက်၍ မေးမြန်းမှုတွင် တရုတ်နိုင်ငံအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံ၏ အနာဂတ်ကိုပုံဖော်ခြင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ခြင်းနှင့် ပြန်လည်တည်ငြိမ်လာအောင်ဆောင်ရွက်ခြင်းကို ကူညီ ထောက်ပံ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို တရုတ်နိုင်ငံနှင့် ယေဘုယျသဘောအရ ပူးပေါင်းဖြေရှင်းဆောင်ရွက်နေကြောင်းနှင့် သီးခြားကိစ္စရပ်အနေဖြင့် ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ဖြေကြားထားပါသည်။
    လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မေးမြန်းမှုများတွင် လူ့အခွင့်အရေးသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အခရာဖြစ်ကြောင်း၊ သို့သော်လည်း အခြားအရေးကြီးကိစ္စရပ်များကိုလည်း အာရုံစိုက်ရန်လိုအပ်ပြီး အားလုံး ညီညွတ်မျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ အာရှဒေသတွင်ဖြစ်စေ၊ အရှေ့ အလယ်ပိုင်း သို့မဟုတ် ဥရောပဒေသတွင်ဖြစ်စေ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်ပတ်သက်သည့် အရေးပါသည့် ကိစ္စရပ်များကို အဆက်မပြတ်ဖော်ထုတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို မြှင့်တင်ခြင်းခြင်း၊ ခိုင်မာစေရန် ကူညီထောက်ပံ့ခြင်းသည် နိုင်ငံအားလုံးအတွက် အကျိုးစီးပွားဖြစ်ကြောင်း ယုံကြည်ပါသည်ဟု ဖြေကြားခဲ့ပါသည်။
MYANMAR ASPECT ၏ တွေ့ရှိသုံးသပ်ချက်
    ဆောင်းပါးတွင်ဖော်ပြထားသည့် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဌာန၏ အတိုင်ပင်ခံ Derek Chollet ၏ ဖြေကြားမှုများတွင် အာရှဒေသတွင်းသို့ အမေရိကန်နိုင်ငံ ပိုမိုဝင်ဆံ့နိုင်ရေးကြိုးပမ်းဆောင်ရွက်မှုများ ပိုမိုပေါ်လွင်နေ သည်ကို တွေ့ရှိရပါသည်။ ထို့အပြင်အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့အရေးကိုဖြေရှင်းရာတွင် အာဆီယံအဖွဲ့ကို ဗဟိုပြုမှုအား ရှေ့တန်းတင်ထားဆဲဖြစ်ပြီး၊ အာဆီယံအဖွဲ့အတွင်းမှ ၎င်း၏ မိတ်ဘက်နိုင်ငံများ၏ အားကိုရယူ၍ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုဖယ်ထုတ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ် သည်ဟုလည်း ယူဆနိုင်ပါသည်။
    အမေရိ ကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ Derek Chollet ၏ အင်တာဗျူးဖြေကြားချက်များအားလုံးကို ခြုံငုံသုံးသပ်ခြင်းအားဖြင့် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးအပေါ် အပြုသဘောမဆောင်သည့် အမြင်နှင့်လုပ်ဆောင်ချက်များရှိနေသော်လည်း ထိုအတိုင်းအတာသည် လွန်ကဲသည့်အနေအထားဟု ရောက်ရှိခြင်းမရှိသေးဟု သုံးသပ်ရပါသည်။ Chollet အနေဖြင့် မေးမြန်းချက်များအားလုံးကို သံတမန်ပီသစွာ သတိပြုဖြေကြားခဲ့ပြီး NUG နှင့် ဆက်ဆံရေးကိုလည်း Official ဟု မသုံးနှုန်းဘဲ Private/ Public ဟူ၍သာ သုံးနှုန်းသည်ကို တွေ့ရှိရပါသည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန် မေးမြန်းချက်များကိုလည်း ပါးနပ်စွာရှောင်တိမ်းဖြေကြားခဲ့ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များကို ယုံကြည်ကြောင်းနှင့် အာဆီယံ၏ အခရာကျမှုကိုသာ အလေးပေးဖြေကြားခဲ့သည်ကို တွေ့ရှိရပါသည်။
    လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် အမေရိကန်နိုင်ငံအနေဖြင့်လည်း ပြည်တွင်းစီးပွားရေးနှင့် ဘဏ္ဍာရေးကျပ်အတည်းများ၊ နိုင်ငံရေးမတည်ငြိမ်မှုများနှင့်ရင်ဆိုင်နေရပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် ထိပ်တိုက်တွေ့နေခြင်းကြောင့်လည်း မလူးသာမလွန့်သာအခြေအနေတွင်ရှိနေသည်ဟု ယူဆရပါသည်။ ထို့ကြောင့် မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ ၎င်းအနေဖြင့် NUG နှင့် မူအားဖြင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေများ တည်ငြိမ်မှုဘက်သို့ ရောက်ရှိလာမည်ဆိုပါက ၎င်း၏သဘောထား ပြောင်းလဲလာနိုင်သည့် အခြေအနေတွင်ရှိသည်ဟု သုံးသပ်ရပါသည်။